ကြောက်ခမန်းလိလိ ရှောင်မီမီ
Vol. 10 Ch. 108
အချိန်အနည်းငယ် အကြာတွင် ကောက်ကျစ်သော မျက်နှာထားနှင့် လူငယ်လေးက ခြေဖျားထောက်ကာ တိတ်တဆိတ် ထွက်လာ၏။ သူက ဘယ်ညာ ဟိုဟိုဒီဒီ အကဲခတ်လိုက်ပြီး တိုးညှင်းစွာ ခေါ်လိုက်၏။
“ကျန်းရှောင်ယွီ... သခင်လေးကျန်း... မြန်မြန် ထွက်လာခဲ့ပါ ခင်ဗျား ဒီမှာ ရှိနေတာ ကျွန်တော် သိတယ်နော်”
ခဏအကြာတွင် မည်သည့် တုံ့ပြန်မှုမျှ မရရှိသဖြင့် သူက ထပ်မံ၍ ခေါ်၏။
“မြန်မြန် ထွက်လာခဲ့ပါ... ဒီ ငရဲခန်းကြီးထဲကနေ ခင်ဗျားကို ကျွန်တော် ခေါ်ထုတ်သွားပေးပါ့မယ်”
ကျန်းရှောင်ယွီ၏ မျက်လုံးထဲတွင် စိတ်ဝင်စားသွားသည့် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားကာ ချူကျန့်အား လိုက်မသွားရန် ခေါင်းယမ်းပြလိုက်၏။
တကယ်ပင် မည်သူမျှ မရှိကြောင်း သေချာသွားသောအခါ ထိုလူငယ်လေးသည် ချက်ချင်းပင် လှည့်ပြေးတော့၏။ သူ၏ လှုပ်ရှားမှုများမှာ ပျံလွှားငှက်တစ်ကောင်ထက်ပင် ပေါ့ပါးသွက်လက်ပြီး မြေခွေးတစ်ကောင်ထက်ပင် လျင်မြန်ပါးနပ်လှရာ မျက်စိတစ်မှိတ်အတွင်းမှာပင် တံခါးပေါက်ငယ်လေး တစ်ခုထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။
ကျန်းရှောင်ယွီက ချူကျန့်ကို လက်ဟန်ပြကာ နောက်မှ လိုက်ရန် ပြင်လိုက်သော်လည်း ချူကျန့်က ခေါင်းယမ်းပြလိုက်ပြီး ရုတ်တရက် ကျန်းရှောင်ယွီ၏ ခါးပတ်ကို လှမ်းဆွဲကာ မီးခိုးငွေ့ တစ်တန်းပမာ အသံတိတ် လိုက်ပါသွားတော့သည်။
ကျန်းရှောင်ယွီက ချူကျန့်၏ အံ့မခန်း ကိုယ်ဖော့ပညာကို မြင်ပြီး လန့်ဖြတ်သွားကာ လျှာသပ်လိုက်မိ၏။ သို့သော် သူက သူတို့ နှစ်ဦးတည်းသာ ကြားနိုင်သော လေသံဖြင့် ချက်ချင်းပင် ကပ်ပြောလိုက်၏။
“အစ်ကိုချူ... ခင်ဗျားက တကယ် အစွမ်းထက်တာပဲ ခင်ဗျား သာမန်လူ မဟုတ်ဘူး ဆိုတာ ကျွန်တော် ကြိုသိနေတာပေါ့”
ချူကျန့်က စကားမပြန်ချေ။ အကယ်၍ ကျန်းရှောင်ယွီ တစ်ယောက်တည်း လိုက်သွားပါက ရှေ့မှ ကောင်လေး ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့်သာ သူ၏ အစွမ်းအစများကို ထုတ်သုံးလိုက်ရခြင်း မဟုတ်လော။
ထိုလူငယ်လေးသည် ဝင်္ကပါပမာ ရှုပ်ထွေးလှသော စင်္ကြံလမ်းများကြားတွင် ကွေ့ပတ် ပြေးလွှားနေပြီး နောက်မှ တစ်စုံတစ်ယောက် လိုက်ပါလာခြင်း ရှိမရှိကိုလည်း ရံဖန်ရံခါ လှည့်ကြည့်တတ်သေးရာ သူ၏ အမူအရာမှာ အလွန် သတိကြီးပြီး ပါးနပ်လှ၏။
သို့သော် နောက်ယောင်ခံ လိုက်ရာတွင် ကျွမ်းကျင်လှသော ချူကျန့်အတွက်မူ သူ၏ လှည့်ကွက်များမှာ ကလေးကစားစရာမျှသာ ဖြစ်၏။
ချူကျန့်နှင့် ကျန်းရှောင်ယွီတို့သည် ထိုလူငယ်လေး နောက်သို့ တိတ်တဆိတ် လိုက်ပါလာခဲ့ရာ သူသည် အိမ်သာတစ်ခုအတွင်းသို့ ဝင်ရောက်သွားပြီး အိမ်သာကျင်း အဖုံးကို မကာ အတွင်းသို့ ဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ရတော့၏။
ထိုအချိန်တွင် သူတို့မှာ ပေနှစ်ဆယ်ခန့် ကွာဝေးနေဆဲ ဖြစ်သည်။ အချိန်မီ မီအောင် မလိုက်နိုင်တော့သဖြင့် လွတ်သွားမည်ကို စိုးရိမ်သော ချူကျန့်သည် ကျန်းရှောင်ယွီကို ထိုလူငယ်လေးဆီသို့ အားကုန် ပစ်လွှတ်လိုက်တော့သည်။
ကျန်းရှောင်ယွီမှာ အမြောက်ဆန် တစ်ခုပမာ ပြေးထွက်သွားပြီး နောက်ဆုံး စက္ကန့်လေးမှာပင် အိမ်သာကျင်းထဲ ဝင်လုဆဲဆဲ လူငယ်လေး၏ ခြေထောက်ကို ဆွဲဖမ်းကာ ပြန်ဆွဲထုတ်လိုက်တော့၏။ ထို့နောက် ရယ်မောကာ ပြောလိုက်သည်။
“ကျန်းယွီလန်... မင်း တစ်ယောက်တည်း လစ်ဖို့ ကြံနေတာလား”
ကျန်းယွီလန် ဟုခေါ်သော ကောက်ကျစ်သည့် မျက်နှာထားနှင့် လူငယ်လေးမှာ ချက်ချင်းပင် မျက်နှာ သွေးဆုတ်ဖြူရော်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေ၏။
“ငါ... ငါ အပေါ့အပါး သွားချင်လို့ပါ”
ကျန်းရှောင်ယွီက မဲ့ပြုံး ပြုံးလိုက်၏။
“မင်း လူတွေ အများကြီးကို အဆိပ်ခတ် သတ်လိုက်တာ... ရှောင်မီမီ ကို မျှားခေါ်ပြီး မင်းက ဒီမှာ ပုန်းနေမလို့ မဟုတ်လား။ ပြီးတော့ ရှောင်မီမီ မင်းကို ရှာမတွေ့လို့ ပြန်ထွက်သွားတဲ့ အချိန်ကျမှ မင်းက ဒိုင်လျှိုလေး ထွက်ပြေးဖို့ အကြံအစည် မဟုတ်လား”
“မင်း... မင်း...”
ကျန်းယွီလန်၏ မျက်နှာထားမှာ နောက်တစ်ကြိမ် ထပ်မံ ပြောင်းလဲသွားရပြန်သည်။
သူ၏ အတွေးများနှင့် အကြံအစည်များ အားလုံးကို ကျန်းရှောင်ယွီက တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက် မြင်သွားလိမ့်မည်ဟု သူ အိပ်မက်ထဲတွင်ပင် ထင်မှတ်မထားခဲ့ချေ။
“မင်းသာ ငါတို့နဲ့ လိမ္မာပါးနပ်စွာ ပူးပေါင်းမယ်ဆိုရင် ငါတို့ အတူတူ ထွက်ပြေးလွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်မှာပေါ့”
ကျန်းရှောင်ယွီက သူ၏ နောက်ကွယ်ရှိ ချူကျန့်ကို လက်ညှိုးထိုးပြလိုက်၏။
ကျန်းယွီလန်က သရဲတစ္ဆေ တစ်ကောင်ကို မြင်လိုက်ရသည့်အလား ချူကျန့်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ကာ အော်လိုက်သည်။
“ခင်ဗျား... ခင်ဗျား မသေသေးဘူးလား”
ချူကျန့်က ငတုံးတစ်ယောက်လို သွားဖြဲကာ ရယ်ပြလိုက်၏။
“ကျွန်တော်က ဘာလို့ သေရမှာလဲ”
ကျန်းယွီလန်က သူ့ကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် ဖွင့်ဟဝန်ခံလိုက်တော့၏။
“ကောင်းပြီလေ... မင်းတို့ နိုင်သွားပြီ”
ထို့နောက် သူ၏ အစီအစဉ် အားလုံးကို ဖွင့်ဟ ပြောပြတော့သည်။
ဤနေရာမှာ အစိမ်းရောင် ဂါဝန်နှင့် မိန်းမပျိုလေး 'ရှောင်မီမီ' ၏ မြေအောက် စံအိမ်ကြီး ဖြစ်၏။ သူမသည် ဤနေရာတွင် အကြွင်းမဲ့ အာဏာရှင် တစ်ဦးဖြစ်ပြီး ဖမ်းဆီးခေါ်ဆောင်လာသော ယောက်ျားများကို စော်ကားနှိမ့်ချကာ ရိုက်နှက်လေ့ရှိပြီး သူမ၏ ကာမဆန္ဒများကို ဖြည့်ဆည်းရန် ကိရိယာများအဖြစ်သာ သတ်မှတ်ထား၏။ လွန်ခဲ့သော တစ်နှစ်အတွင်း သူမ၏ လက်ချက်ဖြင့် ယောက်ျားပေါင်း (၈၀) မှ (၁၀၀) ခန့် သေဆုံးခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ကျန်းယွီလန်သည် ဖမ်းဆီးခံရပြီးနောက် ထွက်ပြေးရန် အစီအစဉ် ဆွဲခဲ့ခြင်း ဖြစ်သည်။ ဤအိမ်သာကျင်း၏ ဘေးဘက် နံရံတွင် ပုန်းအောင်းရန် ဂူငယ်တစ်ခုကို တစ်နှစ်နီးပါး အချိန်ယူ၍ တိတ်တဆိတ် တူးဖော်ခဲ့ပြီး ယနေ့တွင် သွေးထွက်သံယိုမှုများကို ဖန်တီးကာ ရှောင်မီမီကို မျှားခေါ်ပြီး သူက ထိုဂူထဲတွင် ပုန်းအောင်းနေရန် ဖြစ်သည်။ သူမက သူ့ကို ရှာမတွေ့တော့ဘဲ အပြင်ထွက်သွားချိန်တွင် သူက တိတ်တဆိတ် ထွက်ပြေးရန် အကြံအစည်ပင် ဖြစ်တော့သည်။
ကျန်းယွီလန်သည် ရှင်းပြနေရင်းနှင့်ပင် ချူကျန့်နှင့် ကျန်းရှောင်ယွီတို့ကို အိမ်သာကျင်းအောက်ရှိ ပုန်းအောင်းရာ ဂူဆီသို့ လိမ္မာပါးနပ်စွာ ခေါ်ဆောင်သွား၏။ သို့သော် သူ လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းရှောင်ယွီအား လဲကျသွားစေရန် ရည်ရွယ်၍ အလွန် ပြင်းထန်ပြီး ရက်စက်သော ခြေကန်ချက်များကို ဆက်တိုက် ထုတ်သုံးလိုက်တော့၏။
သို့သော် ကျန်းရှောင်ယွီက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်၏။ သူက ကျန်းယွီလန်၏ ခါးနှင့် ခြေထောက်ရှိ အကြောများကို ချက်ချင်း ပိတ်ပစ်လိုက်ပြီးနောက် သနားညှာတာမှု ကင်းမဲ့စွာဖြင့် အသေအလဲ ထိုးကြိတ်တော့သည်။
ငယ်စဉ်ကတည်းက ရက်စက်မှု ကောက်ကျစ်မှုနှင့် ဉာဏ်များမှုတို့တွင် မည်သူ့ကိုမျှ အရှုံးမပေးခဲ့ဖူးသော ကျန်းယွီလန်သည် ယနေ့တွင် သူ၏ ဆရာများကို တွေ့ဆုံရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။ တစ်ယောက်က အသေမြန်စေသော အဆိပ်ကို စားသုံးထားပြီးသော်လည်း ငတုံးတစ်ယောက်လို ရယ်မောနေနိုင်သည့် အတိမ်အနက် မှန်းဆမရသော လူတစ်ယောက် ဖြစ်ပြီး နောက်တစ်ယောက်ကမူ သူ၏ စိတ်ကူးများကို ဖတ်နိုင်စွမ်း ရှိသော လူငယ်လေး တစ်ဦး ဖြစ်နေ၏။
ကျန်းရှောင်ယွီ၏ အသေအလဲ ထိုးကြိတ်မှုကို ခံရပြီးနောက် နောက်ဆုံးတွင် သူက အရှုံးပေးလိုက်ပြီး ချူကျန့်နှင့် ကျန်းရှောင်ယွီတို့ကို ပုန်းအောင်းရာ နေရာသို့ ခေါ်ဆောင်သွား၏။ ထိုနေရာမှာ လူတစ်ယောက် မတ်တပ်ရပ်နိုင်လောက်အောင် ကျယ်ဝန်းပြီး အကျယ် ပေငါးပေခန့်ရှိသော ဂူငယ်တစ်ခု ဖြစ်သည်။ ထိုဂူထဲတွင် အစားအသောက်၊ အရက်အိုး၊ သောက်ရေ အမြောက်အမြားနှင့် စာအုပ် တစ်ဒါဇင်ကျော်ခန့်ကို စုဆောင်း သိမ်းဆည်းထားသည်ကို တွေ့လိုက်ရ၏။
ချူကျန့်မှာ မနေနိုင်တော့ဘဲ အံ့ဩချီးကျူးသွားမိတော့သည်။ အစီအစဉ်အတွက် ဤကောင်လေးသည် လူအဝင်အထွက်များသော အိမ်သာကျင်းအောက်တွင် ဤမျှ ကြီးမားသော ဂူကို တိတ်တဆိတ် တူးဖော်ရန် မည်မျှလောက် ဆင်းရဲဒုက္ခခံကာ အငတ်ခံခဲ့ရမည်ကို သူ ကောင်းကောင်း မှန်းဆမိ၏။
ထို့အပြင် ဤကောင်လေးမှာ အသက် (၁၅)၊ (၁၆) နှစ်ခန့်သာ ရှိသေးသည် မဟုတ်ပါလော။ 'နောက်လူက ရှေ့လူကို ကျော်တယ်... ရှေ့လူကတော့ နောက်လူကို အမြန်ဆုံး ရှင်းပစ်ရမယ်' ဆိုတဲ့ စကားက တကယ့်ကို မှန်၏။
ချူကျန့်က ကျန်းယွီလန်ကို နောက်ပိုင်းတွင် မည်သို့ ရှင်းလင်းရမည်နည်းဟု တွေးတောနေစဉ်မှာပင် ကျန်းရှောင်ယွီက သူ့အား စကားစလာ၏။
သူတို့၏ စကားပြောဆိုမှုမှတစ်ဆင့် ရှောင်မီမီမှာ သိုင်းလောကရှိ "အယုတ်မာဆုံး ဆယ်ယောက်" စာရင်းဝင် တစ်ဦးဖြစ်ပြီး၊ "အသက်ကို အခမဲ့ နှုတ်ယူသူ" ဟု နာမည်ဆိုးဖြင့် ကျော်ကြားကြောင်း သိလိုက်ရသည်။
သူမတွင် ချစ်သူပေါင်း ရှစ်ရာကျော်ခန့် ရှိခဲ့ပြီး အများစုမှာ ထိပ်တန်း သိုင်းဂိုဏ်းကြီးများမှ သခင်လေးများ ဖြစ်ကြသည်။ ဤသည်ကပင် ရှောင်မီမီအား သိုင်းပညာ ကောက်ကျစ်မှုနှင့် အဆိပ်ပညာတို့တွင် အလွန် ကျွမ်းကျင်သူ တစ်ဦး ဖြစ်လာစေခဲ့ခြင်းပင်။
လွန်ခဲ့သော တစ်နှစ်အတွင်း သူမသည် နာမည်ကျော် သူရဲကောင်း လူငယ်များနှင့် ယောက်ျားများကို ဖမ်းဆီးကာ ကစားစရာအဖြစ် အသုံးပြုခဲ့ပြီး ငြီးငွေ့သွားချိန်တွင် သတ်ပစ်လေ့ရှိရာ မည်သူတစ်ဦးတစ်ယောက်မျှ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ခြင်း မရှိချေ။
ကျန်းယွီလန်၏ သွေးဆုတ်ဖြူရော်နေသော မျက်နှာကို ကြည့်ရင်း ရှောင်မီမီအား သူ အထင်သေးမိခဲ့ကြောင်း ချူကျန့် သဘောပေါက်သွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူ အလျင်စလို မလှုပ်ရှားခဲ့ပေ မဟုတ်ပါက ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရမည်မှာ အသေအချာပင်။