← Chapters

ကြောက်ခမန်းလိလိ ရှောင်မီမီ

Vol. 10 Ch. 109

ကြောက်ခမန်းလိလိ ရှောင်မီမီ

Vol. 10 Ch. 109

ထိုစဉ် ဂူအပြင်ဘက်မှ ရှောင်မီမီ၏ ဒေါသတကြီး အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာ၏။

“ကျန်းရှောင်ယွီ ကျန်းယွီလန်... ပြီးတော့ ချူ ဆိုတဲ့ ကောင်... နင်တို့ သုံးကောင် အခုချက်ချင်း ထွက်ခဲ့ကြစမ်း နင်တို့ကို ဒီတစ်ခါတော့ အသက်ချမ်းသာ ပေးကောင်း ပေးနိုင်လိမ့်မယ် မဟုတ်ရင် ငါကိုယ်တိုင် ရှာတွေ့တဲ့အချိန်ကျရင် နင်တို့ကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်”

အတော်လေး ရှင်းလင်းစွာ ကြားလိုက်ရသော အော်ဟစ်သံများကြောင့် ကျန်းယွီလန်၏ မျက်နှာမှာ ထပ်မံ ပြောင်းလဲသွားပြန်ပြီး တုန်ရီနေသော အသံဖြင့် မေးလိုက်၏။

“မင်း... မင်းတို့ အောက်ဆင်းလာတုန်းက ဟို အိမ်သာကျင်း အဖုံးကို ပြန်ပိတ်ခဲ့ရဲ့လား”

နောက်ဆုံးမှ ဝင်လာခဲ့သော ကျန်းရှောင်ယွီက မျက်လုံးအပြူးသားဖြင့် ပြန်ပြော၏။

“အာ... ငါ မေ့သွားတယ် ဒါပေမဲ့ ရှောင်မီမီက ဒီလို ညစ်ပတ်တဲ့ အိမ်သာကျင်းကို ရှာမှာ မဟုတ်ပါဘူး”

ကျန်းယွီလန်၏ မျက်နှာကြီးမှာ ပြာနှမ်းသွားပြီး အော်တော့သည်။

“မင်း သူ့အကြောင်း ဘာမှ နားမလည်ပါဘူး ဒီ မိန်းမ မိစ္ဆာမက အလွန် သတိကြီးပြီး စေ့စပ်သေချာတဲ့ သူ ငါတို့ကို ရှာတွေ့ဖို့အတွက် တစ်စံအိမ်လုံးကို မွှေနှောက် ရှာဖွေဖို့ ဝန်လေးမယ့်သူ မဟုတ်ဘူး”

ကျန်းရှောင်ယွီ၏ မျက်နှာထား ပြောင်းလဲသွားပြီး၊

“ငါ သွားပြီး အဲ့ဒီ ကျိန်စာသင့် အဖုံးကို သွားပိတ်လိုက်မယ်”

ချူကျန့်က သူ သွားပိတ်လိုက်မည်ဟု ပြောရန် ပြင်လိုက်စဉ်၊ ရှောင်မီမီ၏ အော်ဟစ်သံများက ပို၍ နီးကပ်လာသည်ကို ကြားလိုက်ရသည်။ ရုတ်တရက် ချူကျန့် တစ်စုံတစ်ရာကို သတိရသွားပြီး သူ၏ နဖူးကိုသာ ဖတ်ခနဲ ရိုက်ချလိုက်မိတော့၏။

မိမိ၏ တည်နေရာကို မသိစေရန်အတွက် ချူကျန့်သည် ကျန်းရှောင်ယွီကို သယ်ဆောင်ကာ ကျန်းယွီလန် နောက်သို့ အလွန် သတိထား၍ လိုက်ပါလာခဲ့သည်။ သို့သော် ကျန်းယွီလန်မှာ အလွန်အမင်း ပျာယာခတ်နေသဖြင့် သူ၏ ဖိနပ်များပေါ်တွင် သွေးစွန်းနေသည်ကို သတိမပြုမိခဲ့ချေ။

ချူကျန့်က ထိုမှိန်ပျပျ သွေးခြေရာများကို အသုံးပြု၍ အဆက်မပြတ် လမ်းကြောင်း ပြောင်းနေသော ကျန်းယွီလန်ကို အောင်မြင်စွာ နောက်ယောင်ခံ လိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ရှောင်မီမီကလည်း ခြေရာခံပညာကို တတ်မြောက်ထားပြီး သတိဝီရိယ ကြီးမားသူ ဖြစ်ပါက ပွင့်ဟနေသော အိမ်သာကျင်း အဖုံးနှင့်ပါ ပေါင်းစပ်လိုက်မည် ဆိုလျှင်...

“နင်တို့တွေက အိမ်သာကျင်းထဲမှာ သွားပုန်းနေကြတာကိုး ငါ ရှာရတာ လွယ်သွားအောင် လုပ်ပေးတာပဲ ကျန်းယွီလန်... နင်က တကယ့်ကို ဉာဏ်ကြီးရှင်ပဲ... နင့်ရဲ့ သူရဲကောင်း အဖေထက်တောင် အများကြီး ပိုပြီး စွမ်းဆောင်နိုင်သေးတယ် ပုန်းဖို့အတွက် အိမ်သာကျင်းထဲမှာ ဂူတူးဖို့တောင် စဉ်းစားမိသေးတယ်ပေါ့လေ ထွက်လာခဲ့ကြ... နင်တို့ အသက်တွေကို ချမ်းသာပေးကောင်း ပေးမယ်”

ချူကျန့် ဟူးခနဲ သက်ပြင်းချလိုက်၏။

သူ အဆိုးဆုံး တွေးထားသည့်အတိုင်း အမှန်တကယ်ပင် ဖြစ်လာခဲ့ချေပြီ။ ဤရှောင်မီမီမှာ တကယ့်ကို ရင်ဆိုင်ရ ခက်ခဲလှသော မိန်းမပေတကား။

အပေါ်ဘက်မှ ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသောအခါ ၎င်းတို့ ပုန်းအောင်းနေသည့် နေရာမှာ ပေါ်သွားပြီဖြစ်ကြောင်း ကျန်းရှောင်ယွီ သဘောပေါက်သွားတော့သည်။ သို့သော် သူက ရယ်မောကာ ပြန်အော်လိုက်၏။

“ဟားဟား... မိစ္ဆာမကြီး ရှောင်မီမီ... သတ္တိရှိရင် အောက်ဆင်းလာခဲ့လေ”

သူတို့ ပုန်းအောင်းနေသည့် ဂူပေါက်ဝမှာ အလွန် ကျဉ်းမြောင်းလှပြီး လူတစ်ယောက်သာ အနိုင်နိုင် ဝင်ထွက်နိုင်လောက်အောင် ရှိရာ လွတ်လပ်စွာ လှုပ်ရှားရန် မဖြစ်နိုင်ချေ။ အကယ်၍ ရှောင်မီမီသာ အောက်သို့ ဆင်းလာရဲပါက သူတို့ သုံးဦး ဝိုင်းဝန်း တိုက်ခိုက်လိုက်လျှင် သူမ သေချာပေါက် သေဆုံးသွားမည် ဖြစ်သည်။ ထိုနည်းတူပင် ချူကျန့်နှင့် ကျန်းရှောင်ယွီတို့ အပေါ်သို့ အတင်း ထွက်ရန် ကြိုးစားပါကလည်း မျက်နှာပေါ်လာသည်နှင့် တစ်ပြိုင်နက် အသတ်ခံရမည်မှာ အသေအချာပင်။

ရှောင်မီမီက လှောင်ပြောင်လိုက်၏။

“နင်တို့ တကယ်ပဲ အပေါ်ကို မတက်လာဘူးပေါ့လေ”

ကျန်းယွီလန်မှာ အကြောက်လွန်ကာ တုန်ရီနေသော်လည်း ကျန်းရှောင်ယွီကမူ ရယ်မောကာ ပြန်ပြော၏။

“ဒီအောက်မှာ အရက်ရော အစားအသောက်ရော အစုံရှိတယ်... တော်တော်လေးကို ဇိမ်ကျတယ်”

ရှောင်မီမီက အေးစက်စက် ခြိမ်းခြောက်လိုက်၏။

“ဒါဆိုလည်း တစ်သက်လုံး အဲ့ဒီအောက်မှာပဲ နေကြတော့”

ထိုစကားအဆုံးတွင်ပင် ဝုန်းခနဲ အသံနှင့်အတူ သဲများနှင့် ကျောက်စရစ်ခဲများက အိမ်သာကျင်းထဲသို့ တရကြမ်း ကျဆင်းလာပြီး ချက်ချင်းပင် အပေါက်ကို လုံးဝ ပိတ်ဆို့သွားတော့သည်။ အကယ်၍ ချူကျန့်သာ လျင်မြန်စွာ မတုံ့ပြန်နိုင်ဘဲ သူ၏ ကျောပြင်ဖြင့် ဂူပေါက်ဝငယ်ကို မပိတ်ဆို့ထားနိုင်ခဲ့ပါက ပုန်းအောင်းရာ ဂူတစ်ခုလုံး သဲများနှင့် ကျောက်ခဲများအောက်တွင် မြုပ်နှံခံရလောက်ပြီ ဖြစ်သည်။

ထွက်ပေါက် လုံးဝ ပိတ်ဆို့သွားချေပြီ။

သူတို့ သုံးဦးစလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ မျက်နှာများ ပျက်ယွင်းသွားကြတော့၏။

ဒီတစ်ခါတော့ ကျန်းရှောင်ယွီလည်း မရယ်နိုင်တော့ချေ။

သူက သက်ပြင်းချလိုက်ပြီး ...

“မိန်းမတွေရဲ့ နှလုံးသားက အဆိပ်ပြင်းဆုံးပဲ ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားက တကယ်မှန်တာပဲ ကြည့်ရတာ ငါတို့ ထပ်ပြီး မြေတူးရတော့မယ့် ပုံပဲ”

ကျန်းယွီလန်ကလည်း စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွား၏။

“ရှောင်မီမီက အပေါက်ကို ပိတ်ချင်မှတော့ သဲတွေ ကျောက်ခဲတွေလောက်နဲ့ ဘယ်ပိတ်ပါ့မလဲ သေချာပေါက် ကျောက်ပြားအထူကြီးတွေ ဒါမှမဟုတ် သံပြားကြီးတွေနဲ့ပါ ပိတ်သွားမှာပဲ ဒီအိမ်သာကျင်း ဆိုတာကလည်း စိုထိုင်းမှုမရှိအောင် ကျောက်အုတ်အထူကြီးတွေ ခင်းထားတာလေ... ဒါကို ဖောက်ထွက်ဖို့ဆိုတာ အိပ်မက်မက်နေသလိုပဲ”

“သွားပြီ... သွားပြီ... ဒီတစ်ခါတော့ တကယ် သေပြီ”

ကျန်းယွီလန်က ဖြူရော်လာသော မျက်နှာနှင့် ရှုံ့မဲ့နေသော အမူအရာဖြင့် တစ်ကိုယ်တည်း ညည်းတွားနေ၏။ ထို့နောက် ရုတ်တရက် ထောင့်တစ်နေရာမှ တိရစ္ဆာန် အရိုးကို သွေးထားသော ဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး သူနှင့် အနီးဆုံးတွင် ရှိနေသော ချူကျန့်၏ လည်မြိုဆီသို့ အားကုန် ထိုးစိုက်လိုက်တော့၏။

ဤတိုက်ခိုက်မှုမှာ လုံးဝ မထင်မှတ်ထားလောက်အောင် လျင်မြန်လွန်းလှသည်။ မျှော်လင့်ချက်မဲ့ပြီး ဝမ်းနည်းကြေကွဲနေသည့် ပုံစံဖမ်းနေသူက ရုတ်တရက်ကြီး "ရဲဘော်ရဲဘက်" အချင်းချင်း ပြန်လှည့်ကိုက်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

အခြားလူတစ်ယောက်သာ ဆိုလျှင် ဤတိုက်ခိုက်မှုအောက်တွင် သေချာပေါက် လဲကျသွားမည် ဖြစ်သော်လည်း ချူကျန့်ကဲ့သို့ လုပ်ကြံမှုပေါင်း မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ဖူးသော ကစားသက် ရင့်ကျက်သည့် သိုင်းသမား တစ်ယောက်အဖို့တော့ ဒါက ရယ်စရာပင်။ ချူကျန့်က မဲ့ပြုံး ပြုံးလိုက်ပြီး ကျန်းယွီလန်ကို ပေါ့ပေါ့ပါးပါးပင် ကန်ထုတ်လိုက်၏။

'ကြည့်စမ်း... ဒီကောင်လေးက ငါ့ကို ငတုံးမှတ်ပြီး အရင် ရှင်းဖို့ ကြံနေတာပဲ ကျန်းရှောင်ယွီဆီက အချခံထားရတော့ ငါ့ကို အနိုင်ကျင့်လို့ ရမယ် ထင်နေတာကိုး...'

ကျန်းယွီလန်က ဤငတုံးပုံပေါက်နေသော လူမှာ ရင်ဆိုင်ရ ခက်ခဲမည်ကို သိသော်ငြား ကျန်းရှောင်ယွီ၏ လက်ချက်ဖြင့် နာလန်မထူနိုင်အောင် ဖြစ်ခဲ့ဖူးသဖြင့် ချူကျန့်ကို အရင် လုပ်ကြံရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ချူကျန့်၏ သိုင်းပညာမှာ ကျန်းရှောင်ယွီထက်ပင် အဆပေါင်းများစွာ သာလွန်မြင့်မားနေမည်ဟု သူ အိပ်မက်ထဲတွင်ပင် ထင်မှတ်မထားခဲ့ချေ။ ပြန်လည် ခုခံရန်ပင် အချိန်မရလိုက်ဘဲ ရင်ဘတ်ကို ကန်ခံလိုက်ရသဖြင့် အဝေးသို့ လွင့်စင်သွားတော့၏။

“ခွပ်...”

ကျန်းယွီလန်၏ ကျောက အရက်အိုး တစ်အိုးကို ဝင်ဆောင့်မိကာ ဂူနံရံ ထောင့်တစ်နေရာသို့ လိမ့်ထွက်သွား၏။ သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ ချက်ချင်း စိမ့်ထွက်လာပြီး နာကျင်မှုကြောင့် ကိုယ်လုံးကို ကွေးထားကာ ချူကျန့်ကို ထိတ်လန့်တကြား စိုက်ကြည့်နေတော့သည်။

ချူကျန့်၏ မျက်နှာပေါ်ရှိ ငတုံးအပြုံးကြီးမှာ ပျောက်ကွယ်သွားပြီး အရိုးခိုက်မတတ် အေးစက်လှသော အငွေ့အသက်များက ချက်ချင်း ဖုံးလွှမ်းသွား၏။

ကျန်းရှောင်ယွီက သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းကာ ကျန်းယွီလန်အား ကြည့်၍ မေးလိုက်၏။

“ငါတို့ အကုန်လုံး ဒီမှာ သေဖို့ စောင့်နေရတာပဲ ငါတို့ကို သတ်တော့ရော ဘာထူးမှာမို့လို့လဲ”

ကျန်းယွီလန်မှာ မျှော်လင့်ချက်မဲ့မှုနှင့် ဒေါသများကြောင့် မျက်ကန်း တစ်ယောက်ပမာ ဖြစ်နေချေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် သေရတော့မည်ကို သိနေသဖြင့် သူက ဟန်ဆောင်မနေတော့ဘဲ၊ ချူကျန့်နှင့် ကျန်းရှောင်ယွီတို့ကို စူးရဲစွာ စိုက်ကြည့်ကာ နာကြည်းစွာဖြင့် အော်ဟစ်လိုက်တော့သည်။

“ဒီမှာရှိတဲ့ အစားအသောက်နဲ့ ရေတွေက ငါ တစ်ယောက်တည်း တစ်လလောက် စားဖို့ လုံလောက်တယ် မင်းတို့ နှစ်ကောင် ပါလာတော့ ဆယ်ရက်လောက်ပဲ ခံတော့မယ်။ ငါ မင်းတို့ကို သတ်လိုက်ရင်၊ ငါ အသက် နောက်ထပ် ရက်နှစ်ဆယ် ပိုရှည်မယ်”

ကျန်းရှောင်ယွီ တစ်ယောက် ကြောင်အသွားပြီးနောက် ချက်ချင်းပင် ဒေါသပေါက်ကွဲသွားကာ ပြန်ကန်လိုက်၏။

“ဒီ ရက်နှစ်ဆယ်လေး ပိုနေရဖို့အတွက် မင်းက ငါတို့ကို သတ်မယ်ပေါ့”

“ဟုတ်တယ်လေကွာ... ရက်နှစ်ဆယ် မပြောနဲ့ တစ်နာရီပဲ ပိုအသက်ရှင်ရမယ် ဆိုရင်တောင် မင်းတို့ အကုန်လုံးကို ငါ သတ်ပစ်မယ် ဒါတွေက ငါ့ အစားအသောက် ငါ့ ရေတွေ မင်းတို့ကို တစ်စက်ကလေးမှ အထိခံမှာ မဟုတ်ဘူး”

ကျန်းယွီလန်မှာ ကန်ခံလိုက်ရသဖြင့် မြေပြင်ပေါ်တွင် လိမ့်သွားသော်လည်း၊ အရိုးဓားမြှောင်ကို ကိုင်ကာ ဒဏ်ရာရ ဝံပုလွေ တစ်ကောင်လို ရိုင်းစိုင်းကြမ်းတမ်းသော မျက်နှာထားဖြင့် ပြန်လည် ခြိမ်းခြောက်နေသေးသည်။

ချူကျန့်က အေးစက်စက် ကြည့်နေပြီးနောက် ရုတ်တရက် အေးအေးဆေးဆေးပင် ဝင်ပြောလိုက်၏။

“ပါးစပ်လေး ဘာလေး အနားပေးပါဦး ဒီထဲက လေက တစ်နာရီလောက် ခံမယ်လို့ မင်း ထင်နေတာလား”

All Chapters