← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅) သတိလစ်ချင်ယောင်ဆောင်ခြင်းလော၊ မည်သူကမျှ မိမိတို့၏ လျှို့ဝှက်ချက်များကို အဖော်ထုတ်မခံလိုကြပေ

အကြောင်းရင်းကို ရှာဖွေနေသော ရှင်ခြင်းသေခြင်းစာအုပ်သည်လည်း ကြောင်တောင်တောင် ဖြစ်သွားကာ ပြန်ဖြေလိုက်လေသည်။

“ထူးဆန်းတယ်... သူ တိုင်ကြားခဲ့တာလို့ စာအုပ်ထဲမှာ မရှိဘူး..”

“ပိုပြီး ထူးဆန်းတာက ကျိုးချောင်ယုံက မူလက အသက်ကိုးဆယ့်ကိုးနှစ်အထိ နေရမယ်လို့ မှတ်တမ်းတင်ထားပေမယ့် အခုလေးတင် စာမျက်နှာပေါ်က သူ့ရဲ့ ကံကြမ္မာမှတ်တမ်းက တိကျတဲ့ အကြောင်းပြချက်မရှိဘဲ အသက်လေးဆယ်တွင် သေဆုံးမယ်လို့ ရုတ်တရက် ပြောင်းလဲသွားတယ်...”

ယွင်ဟွားသည် မျက်တောင်တဖြတ်ဖြတ် ခတ်လိုက်ပြီး သူ၏ မူလသက်တမ်းအပေါ် မကျေနပ်မှုကို ဖော်ပြရန် နှုတ်ခမ်းကို ဆူထားလိုက်လေသည်။

“တကယ်ပဲ လူယုတ်မာတွေက အနှစ်တစ်ထောင် အသက်ရှင်ကြတယ်... သူ့ကို အသက်ကိုးဆယ့်ကိုးနှစ်အထိ အသက်ရှင်ခွင့်ပေးတာက ကောင်းကင်ဘုံရဲ့ အလိုတော်နဲ့ ဆန့်ကျင်နေတာပဲ...”

ဤစကားကို ကြားသောအခါ လူတိုင်းက သဘောတူညီစွာဖြင့် စိတ်ထဲတွင် ခေါင်းညိတ်လိုက်ကြလေသည်။

“ဒါဆိုရင်... သူ့ကံကြမ္မာ ရုတ်တရက် ပြောင်းလဲသွားတာက နင်နှင့် ငါ အတူတကွ ပြန်လည်ဝင်စားလာခြင်းကြောင့် တစ်ခုခု မှားယွင်းသွာတာများဖြစ်နိုင်မလား...”

ရှင်ခြင်းသေခြင်းစာအုပ်က မျက်လုံးလှန်လိုက်လေသည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...”

သြော်... ဤအရာကား... ယွင်ဟွားသည် ရှုပ်ထွေးနေသော စာအုပ်လေးကို ကြည့်ကာ မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိတော့ချေ။ ရှင်ခြင်းသေခြင်းစာအုပ်သည် လူသားတို့၏ ကံကြမ္မာလမ်းကြောင်းကို ထိန်းချုပ်ထားလေသည်။ မွေးဖွားလာသည်နှင့် တစ်ပြိုင်နက် ပြောင်းလဲ၍ မရနိုင်ပေ။ ယခုကဲ့သို့ ပုံမှန်မဟုတ်သော အခြေအနေတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခြင်းမှာ အမှန်တကယ်ပင် ရှင်းပြရခက်ခဲလှလေသည်။

“စာအုပ်လေး... ကျိုးချောင်ယုံရဲ့ကိစ္စကို ငါတို့ နားမလည်နိုင်မှတော့ လောလောဆယ် အဲ့အတိုင်းသာ ထားလိုက်ကြစို့…ဘယ်လိုပဲဖြစ်ဖြစ် သူက အကျဉ်းချခံရပြီးပြီဆိုတော့... အခုက အမတ်ချန်အကြောင်းသာ အမြန်လှန်လိုက်စမ်းပါ... သူက ငါ့အောင်မြင်မှုကို ခိုးယူသွားတာဖြစ်လို့ သူ့ရဲ့ အတင်းအဖျင်းကို နားထောင်ပြီး သူ့ကို လျှို့ဝှက်ပြီး ရယ်မောလှောင်ပြောင်ချင်သေးတယ်...”

ရှင်ခြင်းသေခြင်းစာအုပ်က မော့ကြည့်လိုက်ပြီး ထိုကိစ္စကို ဆက်လက် မတွေးတောတော့ဘဲ ပြောလိုက်လေသည်။

“ကောင်းပြီ... နင့်ကို ပျော်ရွှင်စေဖို့ သူ့ရဲ့ အရှုပ်တော်ပုံတွေကို ငါ ဆက်ပြီး တူးဖော်ပြမယ်...”

“အင်း...”

ယွင်ဟွားက လေးနက်စွာ ခေါင်းညိတ်၍ တုံ့ပြန်လိုက်လေသည်။

“ နောက်ကျရင် ငါက သူ့အရှုပ်တော်ပုံကို စာလုံးကြီးကြီးရေးပြီး စာရွက်တွေနဲ့လိုက်ကပ်မယ်… လမ်းမတွေနဲ့ လမ်းကြားတွေတလျှောက် ပျံ့နှံ့သွားအောင်လို့ ကလေးတေးသီချင်းတွေပါ ရေးစပ်ပြမယ်...”

ချန်ကျဲဟန်နှင့် လူတိုင်းမှာ အပြောရခက်သွားကြလေသည်။ ချန်ကျဲဟန်သည် မတရားခံရသည်ဟု ခံစားလိုက်ရလေသည်။ ဤအချိန်၌ သူသည် မီးပေါ်တွင် ကင်ခံနေရသကဲ့သို့ ခံစားရကာ အောက်သို့လည်း ဆင်းမရဖြစ်နေလေသည်။ သူက ယွင်ရှောင်ထျန်းကို မကျေမချမ်း စိုက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲရှိ နာကြည်းမှုများမှာ အပြင်သို့ပင် ထွက်ကျလာတော့မည့်အလား ထင်မှတ်ရလေသည်။

အလွန်ကောင်းသည်။ ကလေးတစ်ယောက်ကို မဆုံးမလျှင် ၎င်းသည် ဖခင်၏ အပြစ်သာ ဖြစ်သည်။ အားလုံးမှာ ယွင်ရှောင်ထျန်း၏ အပြစ်များသာ ဖြစ်လေသည်။ သမီးဖြစ်သူ၏ ရန်ငြိုးကို ထမ်းပိုးထားရသော ယွင်ရှောင်ထျန်းမှာမူ မည်သည့်အရာကိုမျှ လုံးဝ သတိမထားမိပေ။

ယခုအချိန်တွင် သူသည် အလွန် ပျော်ရွှင်နေလေသည်။ အခြားသူများ၏ အတင်းအဖျင်းများကို နားထောင်ရသည်မှာ အမှန်တကယ်ပင် စိတ်ဝင်စားစရာ ကောင်းလေသည်။ အထူးသဖြင့် ဤတောင့်တင်းပြီး သနားကြင်နာတတ်ခြင်းမရှိသော အမတ်ချန်ပင် ဖြစ်သည်။ သူ၏ အတင်းအဖျင်းများက အလွန် အရသာရှိမည်မှာ သေချာလှလေသည်။

“ရှောင်ဟွားဟွား... လာပြီ လာပြီ... သူ့ရဲ့ အတင်းအဖျင်းကို ငါ ယူလာပြီ...”

ယွင်ဟွားမှာ စိတ်လှုပ်ရှားနေပုံရပြီး လူတိုင်းက ပို၍ ရှင်းလင်းစွာ ကြားနိုင်ရန် သူတို့၏ နေရာများကို ပြောင်းရွှေ့လိုက်ကြလေသည်။ “ဘိုင်း” ခနဲ အသံနှင့်အတူ ချန်ကျဲဟန်၏ မျက်လုံးများ ပြူးလန်သွားပြီး သတိလစ်သွားလေသည်။ ထိုအသံကြောင့် ယွင်ဟွားလည်း လန့်သွားကာ လှမ်းကြည့်ရန် လည်ပင်းကို အမြန်ဆန့်ထုတ်လိုက်လေသည်။

“စာအုပ်လေး... သူ... သူ ဘာလို့... သတိလစ်သွားရတာလဲ.. ဒီမနက်ခင်း ညီလာခံမှာ သူ မတ်တပ်ရပ်နေတာတောင် သိပ်မကြာသေးဘူးကို...”

ယွင်ဟွားက လျှာကို နှစ်ချက်ခေါက်လိုက်ပြီး ဆက်လက်၍ ညည်းတွားလိုက်လေသည်။

“အဲ့အမတ်ချန်က အတော်လေး တောင့်တင်းသန်မာပုံရပေမယ့်လည်း ဒီလောက်အားနည်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... သူက ငါ့လို ကလေးလေးထက်တောင် ပိုပြီးဆိုးရွားနေတယ်...”

ရှင်ခြင်းသေခြင်းစာအုပ်ကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

“သူ ကျောက်ကပ်မကောင်းတာ ဖြစ်နိုင်တယ်...”

သတိလစ်ချင်ယောင်ဆောင်နေသော အမတ်ချန်သည် ချက်ချင်း ခုန်ထကာ သူတို့၏ မျက်နှာကို တံတွေးဖြင့် ထွေးပစ်လိုက်ချင်စိတ် ပေါက်သွားလေသည်။ သူက ဘာများ လိုအပ်နေသနည်း။ သူသည် သားသုံးယောက်ရှိသော ယောက်ျားတစ်ယောက် ဖြစ်လေသည်။

ဤအရာအားလုံးမှာ သူမ၏ အတင်းအဖျင်းပြောတတ်သော ပါးစပ်ကြောင့်သာ ဖြစ်လေသည်။ သူမက ရှက်ဖွယ်ကောင်းသော အရာအချို့ကို တူးဖော်မည်ကို သူ စိုးရိမ်မနေခဲ့လျှင် သတိလစ်ချင်ယောင် ဆောင်နေမည် မဟုတ်ပေ။ ယွင်ဟွားက သူ့ကို သနားကြင်နာသော အကြည့်ဖြင့် ကြည့်ကာ ညည်းတွားလိုက်လေသည်။

“စာအုပ်လေး... သူ့ရဲ့ခန္ဓာကိုယ်က သူ့ဇနီးကို ကျေနပ်နိုင်ပါ့မလား နင်ထင်လား...”

ချန်ကျဲဟန်မှာမူ စိတ်ထဲမှ ဆဲရေးတိုင်းထွာနေလေသည်။ ယွင်ရှောင်ထျန်း၏ မျက်နှာမှာ ချက်ချင်းပင် မှုန်ကုပ်သွားပြီး သူက ခေါင်းလှည့်ကာ စူးရှစွာ စိုက်ကြည့်လိုက်လေသည်။ ထိုအကြည့်ကြောင့် ယွင်ဟွားလည်း လန့်သွားပြီး သူမ ပြဿနာတစ်ခုခု ထပ်ရှာမိပြန်ပြီဟု တွေးလိုက်မိလေသည်။

ထိုအချိန်တွင် အခြားသော အရာရှိများမှာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေကြပြီး ရယ်ချင်စိတ်ကို အောင့်ထားရသဖြင့် လေဖြတ်မတတ် ဖြစ်နေကြလေသည်။ သူတို့သည် ယွင်ရှောင်ထျန်း၏ မျက်နှာအမူအရာကို ဝိုင်းဝန်းခိုးကြည့်ကြကာ မနာလိုစိတ်နှင့် သက်သာရာရစိတ် နှစ်မျိုးလုံးကို ခံစားနေကြရလေသည်။ ထူးကဲသော ဇာစ်မြစ်ရှိသည့် သမီးတစ်ယောက် ပိုင်ဆိုင်ထားခြင်းကို မနာလိုဖြစ်ကြပြီး ၎င်းမှာ မိမိတို့၏ ပြဿနာရှာတတ်သောကလေး မဟုတ်သည့်အတွက် သက်သာရာရနေကြခြင်း ဖြစ်လေသည်။

ဧကရာဇ်ဝမ်ရွှမ်းမှာလည်း မနည်း ထိန်းချုပ်နေရလေသည်။ ချန်ကျဲဟန် သတိလစ်ချင်ယောင် ဆောင်နေသည်ကို သူ သိနိုင်လေသည်။ မည်သို့ပင်ဖြစ်စေ မည်သူကမျှ မိမိ၏ အရှက်လွှမ်းခြုံထားသည့် အရွက်ကို အများရှေ့တွင် ဆုတ်ဖြဲခံရခြင်းကို နှစ်သက်မည် မဟုတ်ပေ။ ထားလိုက်ပါတော့... သူ၏အကျိုးအတွက် အလုပ်လုပ်ပေးနေသည်ကို ထောက်ထား၍ သူက အမတ်ချန်ကို လွတ်မြောက်ရာလမ်းတစ်ခု ဝန်လေးစွာဖြင့် ပေးလိုက်လေသည်။

“တစ်ယောက်ယောက် အမတ်ချန်ကို အနားယူရန် အောက်ကို ခေါ်သွားလိုက်ပါ...”

သတိလစ်ချင်ယောင်ဆောင်နေသော ချန်ကျဲဟန်ကို သယ်ဆောင်သွားပြီးနောက် ယွင်ဟွားသည် စိတ်ဝင်စားမှု ပျောက်ဆုံးသွားလေသည်။ ကာယကံရှင် မရှိတော့သဖြင့် သူမ၏ တူးဖော်မှုမှာ ငြီးငွေ့စရာ ဖြစ်လာကာ သူမက ထပ်မံ သမ်းဝေလိုက်ပြီး ထောင့်တစ်နေရာသို့ ကျုံ့ဝင်သွားလေသည်။ အမတ်များက ယွင်ဟွား၏ အတွင်းစိတ်အသံကို မကြားရတော့သည့်နောက် အနည်းငယ် နှမြောတသ ဖြစ်မိကြသော်လည်း ညီလာခံရှိ ရုံးလုပ်ငန်းကိစ္စများကို ဆွေးနွေးရန်သာ အာရုံစိုက်လိုက်ကြလေသည်။

ယွင်ဟွားအတွက်မူ သူတို့၏ ဆွေးနွေးမှုများကို နားထောင်ရသည်မှာ နတ်ကွန်းများမှ ကျမ်းစာများကို နားထောင်ရသကဲ့သို့ ခက်ခဲလှလေသည်။ သေချာသည်မှာ သူမ၏ အထက်နှင့် အောက် မျက်ခွံများက တစ်ဖန် စတင် တိုက်ပွဲဖြစ်လာကြလေသည်။ ရှင်ခြင်းသေခြင်းစာအုပ်သည် သူမ ငိုက်မျဉ်းတော့မည်ကို မြင်သောအခါ သူမကို နိုးရန် အသံထွက်ပြောရလေသည်။

“ရှောင်ဟွားဟွား... မအိပ်နဲ့... ဒီနေရာက ညီလာခံနော်... နင့်ကို နောက်မှ တွေ့သွားရင် နင် အပြစ်ပေးခံရလိမ့်မယ်...”

ဤစကားကို ကြားသောအခါ ယွင်ဟွားသည် သူမ၏ မျက်ခွံများကို လက်ဖြင့် အတင်းအဓမ္မ ထောက်ဖွင့်လိုက်လေသည်။

“ဒါပေမယ့် စာအုပ်လေး... ငါ တကယ် အိပ်ချင်ပြီး ငြီးငွေ့နေပြီ...”

ရှင်ခြင်းသေခြင်းစာအုပ်က ညီလာခံတစ်ခုလုံးကို အကဲခတ်လိုက်ပြီးနောက် တက်ကြွစွာ ပြောလိုက်လေသည်။

“ရှောင်ဟွားဟွား... မငိုက်နဲ့.. ဧကရာဇ်က နင့်ကို ဒီလောက်စောစော ညီလာခံ တက်ခိုင်းတာ မလား... နင့်အတွက် သူ့ရဲ့ အတင်းအဖျင်းတွေကို ငါ တူးဖော်ပေးရင်ရော ဘယ်လိုလဲ...”

အမတ်များမှာလည်းကောင်း၊ ဧကရာဇ်ဝမ်ရွှမ်းမှာလည်းကောင်း မှင်သက်သွားကြလေသည်။ ဧကရာဇ်၏ အတင်းအဖျင်းပင်။ ဤအရာကို သူမ မည်သို့များ မတွေးမိခဲ့ရသနည်း။

ယွင်ဟွား၏ အိပ်ချင်စိတ်များ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သူမက အလွန်အမင်း စိတ်လှုပ်ရှားလာလေသည်။

“မြန်မြန်... ငါ့ကို မြန်မြန် ပြောပြပါ...”

ယွင်ရှောင်ထျန်းက မျက်လုံးလှန်လိုက်ပြီး အမတ်ချန်ကဲ့သို့ သတိလစ်ချင်ယောင်ဆောင်ကာ ဤပြဿနာများရှိရာ နေရာမှ ထွက်ပြေးချင်သွားလေသည်။ သို့သော် ကံမကောင်းစွာဖြင့် မျက်စိရှင်သော အိမ်ရှေ့စံမင်းသားက သူ့ကို အမြန် ထိန်းကိုင်လိုက်ပြီး နှုတ်ခမ်းတွင် ထူးဆန်းသော အပြုံးတစ်ခုကို ဆင်မြန်းကာ ပြောလိုက်လေသည်။

“အမတ်ကြီးယွင်... ခင်ဗျား ကျောက်ကပ်များ အားနည်းနေတာလား...”

ယွင်ရှောင်ထျန်းမှာ ဆွံ့အသွားလေသည်။ သူသည်လည်း ဧကရာဇ်၏ အတင်းအဖျင်းကို နားထောင်ချင်သော်ငြား သမီးဖြစ်သူအား ဤကိစ္စကို သီးသန့် တိတ်တိတ်လေး ပြောကြရန်သာ စိတ်ထဲမှ တောင်းဆိုချင်နေမိလေသည်။

ဤကဲ့သို့သော တော်ဝင်လျှို့ဝှက်ချက်များကို မည်သို့လုပ်၍ ဗြုန်းစားကြီး ထုတ်ပြောနိုင်ရသနည်း။ သူမ မသေနိုင်သော်လည်း သူမ၏ ဖခင်နှင့် ယွင်မိသားစုမှ လူများမှာမူ အသက်ရှင်နိုင်မည် မဟုတ်ပေ။

ဧကရာဇ်ဝမ်ရွှမ်းက အတင်းအဖျင်းများသည် နောက်ဆုံးတွင် သူ၏အပေါ်သို့ ကျရောက်လာလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။ ထို ‘စာအုပ်လေး’ စကားမပြောနိုင်မီ သူက ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ ကြေညာလိုက်လေသည်။

“ညီလာခံသိမ်းမယ်..”

ထို့နောက် သူသည် အထိတ်တလန့်ဖြင့် ထွက်ပြေးသွားလေတော့သည်။ တစ်ချိန်တည်းမှာပင် သူက အထိန်းတော်ချောင်ကို အကြည့်တစ်ချက် ပေးလိုက်ရာ အထိန်းတော်ချောင်က ဧကရာဇ်ဝမ်ရွှမ်း၏ အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားလေသည်။

၎င်းမှာ... ညီလာခံသိမ်းလိုက်ခြင်းက အနည်းငယ် ရှင်းပြရခက်ခဲလှလေသည်။ ယွင်ဟွားက နန်းတော်ထဲမှ ထွက်လာပြီး မြင်းလှည်းပေါ်သို့ တက်သွားပြီးနောက် သူမသည် မှင်သက်နေဆဲဖြစ်ကာ သူမ၏အဖေအိုကြီးက မြင်းလှည်းထဲတွင် သူ့ကို စောင့်ရန် ပြောခဲ့သည်ကိုပင် မမှတ်မိတော့ပေ။

သူမ နေရာယူလိုက်သည်နှင့် တစ်ပြိုင်နက် အိပ်ချင်စိတ်က လွှမ်းမိုးလာပြီး ချက်ချင်းပင် အိပ်ပျော်သွားလေတော့သည်။ အစေခံမလေး ထောင်ကျီ၏ အာရုံစိုက်မှုမှာ သူမ၏ သခင်မလေးအပေါ်တွင်သာ လုံးလုံးလျားလျား ရှိနေသဖြင့် သူမက ရထားထိန်းအား အိမ်တော်သို့ မောင်းပြန်ရန် ခိုင်းလိုက်လေသည်။

ဧကရာဇ်၏ စာကြည့်ဆောင်အတွင်း၌။

အမတ်များက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဧကရာဇ်ဝမ်ရွှမ်း သူတို့ကို ဤနေရာသို့ ဘာကြောင့် ခေါ်ယူခဲ့သည်ကို အားလုံးက နားလည်နေကြလေသည်။ ဧကရာဇ်က စကားမပြောရသေးသော်လည်း သူ၏ အေးစက်သော အကြည့်တစ်ချက် ဝေ့ဝဲလိုက်ပြီးနောက် တော်ဝင်အငွေ့အသက်က အမတ်များကို မွန်းကျပ်လုမတတ် ခံစားသွားရစေလေသည်။

ဧကရာဇ်ဝမ်ရွှမ်း၏ ရည်ရွယ်ချက်မှာ အမတ်များ၏ တုံ့ပြန်မှုများကို အကဲခတ်ရန်သာ ဖြစ်လေသည်။ အိမ်ရှေ့စံမင်းသားက ပထမဆုံး စကားစပြောလေသည်။

“ခမည်းတော်... အမတ်ငယ်ယွင်ရဲ့ လုံခြုံရေးကို ကာကွယ်ရန် ကျွမ်းကျင်သူများကို သားတော်တို့ စေလွှတ်သင့်သား… ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ အတွင်းစိတ်အသံက ဖော်ထုတ်လိုက်တဲ့ ကိစ္စရပ်တွေက အများအားဖြင့် မှန်ကန်နေတယ်... မကောင်းသော ရည်ရွယ်ချက်ရှိသူများက ရန်ငြိုးဖွဲ့လာမှာကို သားတော်တို့ စိုးရိမ်ရ်... အဲ့တာက အင်ပါယာရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတာဖြစ်လို့ ပေါ့ပေါ့ဆဆ သဘောထားလို့ မရနိုင်ဘူး...”

အိမ်ရှေ့စံမင်းသား၏ စကားများက တိတ်ဆိတ်ငြိမ်သက်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်ထသွားစေလေသည်။ အမတ်များအားလုံးက အိမ်ရှေ့စံမင်းသား၏ စကားများမှာ အကျိုးကြောင်းဆီလျော်မှုရှိကြောင်း ဖော်ပြခဲ့ကြလေသည်။

ဤအချိန်၌ ယခင်က သတိလစ်ချင်ယောင်ဆောင်ခဲ့သော အမတ်ချန်က ယွင်ရှောင်ထျန်းကို တံတောင်ဖြင့် တွတ်ကာ မေးလိုက်လေသည်။

“အဲ့လူက မင်းသမီးပဲ… မင်း ဘယ်လိုထင်လဲ...”

ချန်ကျဲဟန်သည် ယခုအခါ ယွင်ရှောင်ထျန်းအပေါ် အတော်လေး အမြင်မကြည် ဖြစ်နေလေသည်။ ယနေ့တွင် သူသည် မျက်နှာပျက်ခဲ့ရပြီး ယွင်ရှောင်ထျန်း၏ တည်ငြိမ်နေသော အမူအရာကို မြင်ရခြင်းက သူ့ကို အလွန် မကျေမနပ် ဖြစ်စေလေသည်။ အမတ်များ၏ အကြည့်များအားလုံးက ယွင်ရှောင်ထျန်းထံသို့ လှည့်လာကြလေသည်။

သူက လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး ရှေ့သို့ ထွက်ကာ ပြောလိုက်လေသည်။

“အရှင်မင်းကြီးအား အကြောင်းကြားပါရစေ... ကျွန်တော်မျိုးရဲ့ အမြင်အရ သူမကို ကာကွယ်ရန် ကျွမ်းကျင်သူများကို အမှန်တကယ် စေလွှတ်သင့်ပါတယ်... သို့သော်လည်း...”

သူက စကားကို ခေတ္တရပ်လိုက်ပြီး သမီးဖြစ်သူထံမှ အကာအကွယ်ရတနာကို တွေးမိကာ မျက်နှာပေါ်တွင် မနာလိုသော အမူအရာတစ်ခု ပေါ်လာပြီး ဆက်ပြောလိုက်လေသည်။

“သို့သော်လည်း သူမကို ကာကွယ်ရန် မဟုတ်ပါ... ကာကွယ်ရမည့်သူများမှာ ကျွန်တော်မျိုးနဲ့ ကျွန်တော်မျိုးရဲ့ မိသားစုသာ ဖြစ်ပါတယ်...”

လူတိုင်းမှာ ဆွံ့အသွားကြလေသည်။ ဤအဘိုးကြီးက အရှက်မရှိသည် မဟုတ်ပါလား။

အခန်း (၆) မနာလိုဝန်တိုခြင်းနှင့် မီးခိုးထွက်နေသော ယွင်မိသားစု၏ ဘိုးဘေးသင်္ချိုင်း

“အမတ်ကြီးယွင်... မင်း.. ဘယ်သူ့ကို ကာကွယ်ချင်တယ်လို့ ပြောလိုက်တာလဲ...”

ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ နားကိုပင် မယုံနိုင်ဖြစ်သွားကာ မသေချာသဖြင့် ထပ်မံ မေးလိုက်လေသည်။

“ကျွန်တော်မျိုးနဲ့ ကျွန်တော်မျိုးရဲ့ မိသားစုကိုပါ...”

လူတိုင်းက ယွင်ရှောင်ထျန်းကို အလွန် ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြလေသည်။ ဤသည်ကား အလွန်ကို အရှက်မရှိလှပေ။

မည်သည့် အကာအကွယ်ကို လိုအပ်နေသနည်း။

သူသည် လက်ရှိဧကရာဇ်၏ အယုံကြည်ရဆုံး အမတ်ကြီး ဖြစ်လေသည်။ သူ၏ ယောက္ခမမှာ နင်းအန်းနယ်စားဖြစ်ပြီး သူ၏ ယောက်ဖမှာ ဘဏ္ဍာရေးဝန်ကြီး ဖြစ်လေသည်။

တုံလင်နိုင်ငံတွင် သူ့ကို ရန်စရဲသူ မရှိဟုပင် ဆိုနိုင်လေသည်။

ယွင်ရှောင်ထျန်းသည် သူ့အပေါ် ကျရောက်လာသော သူတို့၏ အကြည့်များကို သဘာဝကျစွာပင် သတိထားမိလိုက်လေသည်။

သို့တိုင်အောင် သူ၏ စကားများတွင် မှားယွင်းမှု တစ်စုံတစ်ရာရှိသည်ဟု သူ မထင်ပေ။ သူ၏သမီးငယ်လေးတွင် သူမကို ကာကွယ်ပေးသော ရတနာ ရှိလေသည်။ အကယ်၍ ထိုလူများက သူမကို အန္တရာယ်မပေးနိုင်ဘဲ သူတို့ မိသားစုကို လှည့်၍ ဒုက္ခပေးလာလျှင် မည်သို့ လုပ်မည်နည်း။ ၎င်းမှာ ကံဆိုးခြင်း မဟုတ်ပါလား။

ထို့ကြောင့် သမီးငယ်လေးမှလွဲ၍ တစ်အိမ်လုံးရှိ ယွင်မိသားစုဝင်အားလုံးကို ကာကွယ်ပေးသင့်ပေသည်။

သူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းကို မော့ကာ ပြန်ဖြေလိုက်လေသည်။

“အရှင်မင်းကြီး... အရှင်မင်းကြီး မသိသေးလို့ပါ... ကျွန်တော်မျိုးရဲ့ သမီးငယ်လေးမှာ..ဖောက်ထွင်းလို့မရတဲ့ အကာအကွယ်ရတနာရှိပါတယ်.”

ယွင်ရှောင်ထျန်းသည် သူ၏ သမီးငယ်လေးနှင့် ပတ်သက်သော ထူးခြားမှုကို တစ်နေ့နေ့တွင် အခြားသူများ သိရှိသွားမည်ကို သိထားသဖြင့် အရာအားလုံးကို ရိုးရှင်းစွာ ဖွင့်ပြောပြလိုက်လေသည်။

၎င်းတွင် သူမ၏ အတွင်းစိတ်အသံကို ကြားနိုင်သူများ အချင်းချင်း ဆွေးနွေးနိုင်သော်လည်း သူမ၏ အတွင်းစိတ်အသံကို မကြားနိုင်သူများထံသို့ စကားတစ်ခွန်းမျှ မပေါက်ကြားစေရသည့်အပြင် သူမ၏ ရှေ့တွင်လည်း ထိုကိစ္စကို ထုတ်ဖော်မပြောရဟူသည့် အချက်များ ပါဝင်လေသည်။

ဤအရာကို ကြားသောအခါ လူတိုင်းက အဆက်မပြတ် သက်ပြင်းချလိုက်ကြပြီး ယွင်ဟွားထံရှိ အကာအကွယ်ရတနာကိုမူ မနာလိုစွာဖြင့် သွားရည်ကျမတတ် ဖြစ်သွားကြလေသည်။

အထူးသဖြင့် ဧကရာဇ်ဝမ်ရွှမ်းပင် ဖြစ်သည်။ ၎င်းမှာ အမှန်တကယ်ပင် မနာလိုမှု၊ ဝန်တိုမှုနှင့် မုန်းတီးမှုတို့ ဖြစ်လေသည်။

အကယ်၍ သူသာ ဤဖောက်ထွင်းမရနိုင်သော ရတနာကို ပိုင်ဆိုင်ထားပါက နောင်တွင် လုပ်ကြံခံရမည်ကို မည်သို့များ ကြောက်ရွံ့နေရန် လိုတော့မည်နည်း။

အတန်ကြာပြီးနောက် ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ ရင်ထဲမှ မကျေနပ်မှုများကို သက်ပြင်းနှင့်အတူ ထုတ်ပစ်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်လေသည်။

“ဒါဆိုရင် အချို့သူတွေက ဘာကြောင့် မကြားနိုင်ရတာလဲ...”

ယွင်ရှောင်ထျန်းက ခေတ္တမျှ စဉ်းစားလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ အရိုအသေပေးရင်း ပြောလိုက်လေသည်။

“အရှင်မင်းကြီးအား အကြောင်းကြားပါရစေ... ကျွန်တော်မျိုးရဲ့ သမီးငယ်လေးအပေါ် မကျေနပ်တာ ဒါမှမဟုတ် မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတိုင်းဟာ သူမရဲ့ အတွင်းစိတ်အသံကို မကြားနိုင်ပါ...”

ဤသည်မှာ သူတို့မိသားစုက နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာစုံစမ်းပြီးနောက် ရရှိလာခဲ့သော ကောက်ချက်တစ်ခုလည်း ဖြစ်လေသည်။

“ဘုရားရေ…”

ဤစကားကို ကြားသောအခါ လူတိုင်းမှာ အံ့အားသင့်သွားကြလေသည်။

သို့သော်လည်း ဧကရာဇ်ဝမ်ရွှမ်းက နောက်ဆုံးတွင် များများစားစား မပြောတော့ဘဲ အမတ်များအား အသိဉာဏ်ရှိကြရန်သာ ပြောလိုက်လေသည်။ အကယ်၍ နောင်တွင် ထိုကလေးမလေးက တစ်စုံတစ်ရာကို ထပ်မံ ဖော်ထုတ်လာပါက သူတို့သည် ဉာဏ်ရည်သွက်လက်စွာဖြင့် ကြားဝင်ဟန့်တားပေးရမည် ဖြစ်လေသည်။

ယွင်ရှောင်ထျန်းကို ကာကွယ်ပေးရန် ကိစ္စနှင့် ပတ်သက်၍မူ သူ ထပ်မံ စဉ်းစားရပေဦးမည်။

“ကျွန်တော်မျိုးတို့ ဧကရာဇ်ရဲ့ အမိန့်တော်ကို နာခံပါမယ်...”

ယွင်ရှောင်ထျန်းက သဘောတူလိုက်လေသည်။ သူ၏ သမီးငယ်လေးကြောင့် သူ အောက်သို့ ဆွဲချမခံလိုပေ။

ထိုအမတ်များအတွက်မူ အတော်လေး ခက်ခဲလှလေသည်။ ကြားဝင်ဟန့်တားရမည်လော။ အမတ်ကြီးယွင်က သူတို့ကို မညှာမတာ ဆဲရေးတိုင်းထွာပေလိမ့်မည်။

ယွင်ရှောင်ထျန်းသည် နန်းတော်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် မှင်သက်သွားလေသည်။

သူ၏ မြင်းလှည်းက ဘယ်ရောက်သွားသနည်း။

သူ၏ သမီးငယ်လေးက သူ့ကို ထားရစ်ခဲ့လေပြီ...။

“အမတ်ကြီးယွင်... မင်းက...”

အမတ်ချန်သည် အမှန်တကယ်ပင် ရယ်ချင်နေလေသည်။ တစ်မနက်လုံး စိတ်ပျက်အားငယ်နေခဲ့ရသော်လည်း ယခုမူ နောက်ဆုံးတွင် သက်သာရာရသွားကာ သူ၏ မြင်းလှည်းပေါ်မှ ဆင်းလာပြီး နှစ်သိမ့်လိုက်လေသည်။

“ငါပဲ အမတ်ကြီးယွင်ကို လိုက်ပို့ပေးရမလား...”

ဤအမတ်ငယ်ယွင်က တကယ့်ကို ပါရမီရှင်ပင် ဖြစ်သည်။ သူမ၏ ပါးစပ်က အနည်းငယ် အဆိပ်ပြင်းသော်လည်း သူမ၏ ဖခင်ကို လှည့်စားနိုင်သည့် စွမ်းရည်က သူ့ကို ပျော်ရွှင်စေလေသည်။

ယွင်ရှောင်ထျန်းက သူ၏ ဝမ်းသာအားရ ဖြစ်နေသော အမူအရာကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်လေသည်။

“ငါ့ရဲ့ အိမ်တော်နဲ့ အမတ်ချန်ရဲ့ အိမ်တော်က မျက်နှာချင်းဆိုင်မှာ ရှိနေလို့ မလိုအပ်ပါဘူး... ဒါပေမယ့် ကျီးရှစ်ထန်က မင်းနဲ့ လမ်းကြောင်းတူတယ်လို့ ငါ မှတ်မိတယ်... အမတ်ချန်... ကျောက်ကပ်အားနည်းတာကို ကုသဖို့ ဆေးစာအချို့ သွားမယူချင်ဘူးလား... ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေနဲ့... အထူးသဖြင့် အိမ်က မင်းဇနီးသည်ကိုပေါ့… မင်း သဘောတူလား...”

“သဘောတူတယ်ဟလား...”

*မင်းဖျင်ကြီးကို သဘောတူရမှာလား…*

အမတ်ချန်မှာ ကျိန်ဆဲစကားကို မနည်း မျိုချလိုက်ရလေသည်။

ဤအဘိုးကြီးက ဘာတွေဖြစ်နေသည်ကို ကောင်းကောင်းသိလျက်နှင့် သူ့ကို လှောင်ပြောင်ရဲသေးသည်ပေါ့။

သူ့ကို ပညာမပေးနိုင်လျှင် မိမိ၏ မျိုးရိုးအမည်က ချန် မဟုတ်တော့ပေ။

ယွင်ရှောင်ထျန်းက သူ၏ ဟန်ပန်ကို မြင်သောအခါ မိမိနှင့် ထပ်မံ ငြင်းခုန်လိုကြောင်း သိလိုက်လေသည်။ သူက အမတ်ချန်ကို မြင်းလှည်းထဲသို့ အမြန် တွန်းထည့်လိုက်ပြီး သူ၏ ယောက်ဖဖြစ်သူ၏ မြင်းလှည်းဆီသို့ ပြေးသွားလေတော့သည်။

အတင်းအဓမ္မ တွန်းထည့်ခံလိုက်ရသော အမတ်ချန်မှာမူ လုံးဝကို ကြောင်တောင်တောင် ဖြစ်သွားလေသည်။

ကတိပေးထားသော တိုက်ပွဲကကော ဘယ်ရောက်သွားသနည်း။

အိမ်တော်သို့ ပြန်ရောက်သောအခါ ယွင်ရှောင်ထျန်းသည် မူလက သူ၏ ပြဿနာရှာတတ်သော သမီးငယ်လေးကို သေချာဆုံးမရန် ရည်ရွယ်ထားသော်လည်း သူမက ပြန်အိပ်ပျော်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ဒေါသကြောင့် သူ၏ ရင်ထဲတွင် နာကျင်သွားလေသည်။

ချွေ့ဝမ်ရှင်းသည် သူမ၏ သမီးငယ်လေးက ထူးကဲသော ဇာစ်မြစ်ရှိကြောင်း သိထားပြီးဖြစ်သော်လည်း သူမ၏ မျက်နှာအမူအရာမှာ လုံးဝကို အံ့အားသင့်နေလေသည်။

ထို့နောက် သူမက ယွင်ရှောင်ထျန်းကို ရုတ်တရက် တွန်းဖယ်လိုက်ပြီး ဘိုးဘေးခန်းမဆီသို့ အပြေးအလွှား သွားကာ အဆက်မပြတ် ရေရွတ်နေလေသည်။

“အမွှေးတိုင်ထွန်းရမယ်... အမြန်အမွှေးတိုင် သွားထွန်းရမယ်... ယွင်မိသားစုရဲ့ ဘိုးဘေးသင်္ချိုင်းကနေ မီးခိုးစိမ်းတွေ ထွက်နေပြီ...”

“ဟား... ဟား... ဟား…”

ချွေ့ဝမ်ရှင်းက အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။ သူမ၏ ဝမ်းဗိုက်က တကယ့်ကို အထင်ကြီးလောက်စရာပင်။ နှစ်တစ်ရာကြာပြီးနောက် သူမ၏ ဘိုးဘေးကမ္ပည်းပြားကို ရှေ့သို့ အနည်းငယ် ရွှေ့ပေးရမည်မှာ သေချာလှလေသည်။

ယွင်ရှောင်ထျန်းမှာ ဆွံ့အသွားလေသည်။ သူ၏ ဆန့်ထုတ်ထားသော လက်က ပြန်မရုတ်ရသေးပေ။ သူသည် ဝေးကွာသွားသော ဇနီးဖြစ်သူကို အံ့သြတုန်လှုပ်သော အကြည့်ဖြင့်သာ ကြည့်နေနိုင်လေသည်။

ယွင်ဟွားသည် ဝေ့အချိန်အထိ အိပ်ပျော်သွားလေသည်။ အကယ်၍ သူမ၏ ဗိုက်က ဆာလောင်မှုကြောင့် အသံမြည်မနေလျှင် သူမ ထချင်မည်ပင် မဟုတ်ပေ။

သူမ ဗိုက်ပြည့်စေရန် အစားအစာများကို အငမ်းမရ စားသောက်နေစဉ် အနီးနားတွင် ချိတ်ဆွဲထားသော အရွယ်အစားမကိုက်ညီသည့် အရာရှိဝတ်စုံမှာ ပြောင်းလဲသွားသကဲ့သို့ ရှိနေသည်ကို သူမ၏ မျက်လုံးများက ဖျတ်ခနဲ မြင်လိုက်ရလေသည်။

ထောင်ကျီသည် ကလေးဘဝကတည်းက ယွင်ဟွားနှင့်အတူ ရှိနေခဲ့သဖြင့် သခင်မလေး၏ အကြည့် သို့မဟုတ် လုပ်ရှားမှုတိုင်းကို သူမက တိကျစွာ အကဲခတ်နိုင်လေသည်။

“သခင်မလေး... ဒီနေ့မနက် သခင်မလေး အိမ်တော်ကို ပြန်ရောက်တဲ့အထိ အိပ်ပျော်လာခဲ့တယ်... တတိယသခင်မလေးက လူလွှတ်ပြီး သခင်မလေးကို ခြံဝင်းထဲ ပြန်သယ်ခိုင်းခဲ့ကာ သခင်မလေးရဲ့ အရာရှိဝတ်စုံကို သူကိုယ်တိုင် ချွတ်ပေးခဲ့တယ်... ပြီးတော့ အဲဒါကို ပြင်ဆင်ချုပ်လုပ်ပြီးနောက် ပြန်ပို့ပေးဖို့ လူလွှတ်လိုက်တာပါ...”

သခင်မလေးအား တတိယသခင်မလေးက မုန့်စိမ်းနယ်သကဲ့သို့ အဝတ်အစားများ ချွတ်ပစ်လိုက်သည်ကို တွေးမိသောအခါ ထောင်ကျီမှာ မတုန်ယင်ဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။ တတိယသခင်မလေးကို ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ၎င်းမှာ သူမ၏ ပုံမှန် အမူအကျင့်နှင့် လုံးဝ ကွဲပြားခြားနားနေလေသည်။

ယွင်ဟွားက ခေါင်းညိတ်ကာ ပါးစပ်ကို သုတ်လိုက်ပြီး သေချာစွာ စစ်ဆေးကြည့်ရန် ရှေ့သို့ ပြေးသွားလေသည်။

“တတိယအစ်မရဲ့ လက်ရာက မျှော်လင့်ထားတဲ့အတိုင်းပါပဲ... မြို့တော်တစ်ခုလုံးမှာ ဘယ်သူမှ ဒီလိုမျိုး စွမ်းရည် မပိုင်ဆိုင်ထားဘူး...”

သူမ၏ တတိယအစ်မ ယွင်ဝေသည် မယားငယ်မှ မွေးဖွားသူ ဖြစ်သော်လည်း တရားဝင်ဇနီးမှ မွေးဖွားသော သမီးတစ်ယောက်၏ စံနှုန်းများအတိုင်း ပြုစုပျိုးထောင်ခံခဲ့ရလေသည်။

ကိုယ်လုပ်တော်လီ၏ မူလအမည်မှာ လီအယ်ဖြစ်ပြီး သူမ၏ မိခင် ချွေ့ဝမ်ရှင်း၏ ကိုယ်ရေးကိုယ်တာ အစေခံမလေး ဖြစ်လေသည်။ သူမ၏ မိခင်သည် ဒုတိယအစ်မ ယွင်ယာကို ကိုယ်ဝန်ဆောင်ထားချိန်တွင် အစ်ကိုကြီးကို ကိုယ်ဝန်ဆောင်စဉ်ကကဲ့သို့ သူမ၏ ဖခင် ဒုက္ခခံစားရသည်ကို မကြည့်ရက်နိုင်ခဲ့ပေ။ ပြတ်သားသော စိတ်ထားဖြင့် သူမက လီအယ်ကို ကိုယ်လုပ်တော်အဖြစ် မြှင့်တင်ပေးခဲ့လေသည်။

မျက်နှာသာပေးခံရသော ကိုယ်လုပ်တော်လီသည်လည်း ကျေးဇူးသိတတ်သူတစ်ဦး ဖြစ်လေသည်။ သူမက အစေခံနောက်ခံမှ လာသော်လည်း ဉာဏ်ရည်ထက်မြက်ပြီး မိမိ၏ အဆင့်အတန်းကို ရှင်းလင်းစွာ နားလည်ထားလေသည်။

ထို့ကြောင့် တတိယအစ်မ ယွင်ဝေကို မွေးဖွားပြီးနောက် သူမက ယွင်ဟွား၏ မိဘများရှေ့တွင် ဒူးထောက်ကာ မြုံစေသော ဆေးတစ်ခွက်ကို ကိုယ်တိုင်တောင်းဆိုခဲ့ပြီး မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ တစ်ကျိုက်တည်း သောက်ချလိုက်လေသည်။

သူမ၏ မိခင်သည် ကိုယ်လုပ်တော်လီ ဤမျှ ပြတ်သားလိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ သူမက တားဆီးချင်ခဲ့သော်လည်း ကိုယ်လုပ်တော်လီက ပြန်လည် ဖျောင်းဖျခဲ့လေသည်။

သူမက ပြောခဲ့လေသည်။

“လူတွေရဲ့ နှလုံးသားက စမ်းသပ်မှုတွေကို ခံနိုင်ရည်မရှိပါဘူး... နောင်တစ်ချိန်မှာ ကျွန်မသာ သားတစ်ယောက် မွေးလာခဲ့ရင် ဒီ့ထက်ပိုပြီး လိုချင်လာလိမ့်မယ်... ပြီးတော့ နောင်တစ်ချိန်က ကျွန်မကိုယ်တိုင် အမှားလုပ်မိမှာကိုလည်း ကြောက်တယ်... အခုတော့ သမီးတစ်ယောက်ရတာ လုံလောက်ပါပြီ... သခင်ကြီးနဲ့ သခင်မက နောင်မှာ ကျွန်မကို မုန်းတီးမသွားသရွေ့ ကျွန်မ ကျေနပ်ပါပြီ...”

နောက်ဆုံးတွင် သူမ၏ မိခင်က ကိုယ်လုပ်တော်လီကို အဆင့်မြင့် ကိုယ်လုပ်တော်တစ်ဦးအဖြစ် မြှင့်တင်ပေးရန် ကိုယ်တိုင်ဆုံးဖြတ်ချက်ချခဲ့ပြီး အစိုးရရုံးတွင် သူမ၏ အိမ်ထောင်စုစာရင်းကို တရားဝင် ပြောင်းလဲပေးခဲ့လေသည်။

ယွင်ရှောင်ထျန်းအတွက်မူ ဇနီးတစ်ယောက်နှင့် ကိုယ်လုပ်တော်တစ်ယောက်သာ ရှိပြီးနောက်တွင် အခြားမည်သည့် ကိုယ်လုပ်တော်ကိုမျှ ထပ်မယူတော့ပေ။ ယွင်ဟွားဟူသော ဤပြဿနာရှာတတ်သည့် သမီးငယ်လေးမှလွဲ၍ အိမ်တော်၏ နောက်ဘက်ခြံဝင်းမှာ ငြိမ်းချမ်းနေခဲ့လေသည်။

All Chapters