အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း (၉) မည်သို့ဖြစ်ပျက်နေသနည်း၊ ဝူလင်တားရှင်းဆိုသည်လား
ယွင်ဟွားသည် အကြောင်းပြချက်မရှိဘဲ စိုက်ကြည့်ခံလိုက်ရသဖြင့် သူမ၏ စိတ်အခြေအနေမှာ အနည်းငယ် ညှိုးနွမ်းသွားခဲ့လေသည်။
ရှေ့တွင်ရပ်နေသော အရာရှိသည် တိတ်တဆိတ် ရယ်မောသံများကို မကြားရသဖြင့် သူ၏ နှုတ်ခမ်းများမှာ မောက်မာစွာ ကွေးတက်နေလေသည်။
မိန်းမသားများသည် နေရာတကာတွင် ပေါ်ထွက်နေရန် မသင့်တော်ပေ။
မိန်းမသားဆိုသည်မှာ အိမ်တွင်း၌သာ နေထိုင်ကာ ခင်ပွန်းကို ပြုစုစောင့်ရှောက်ပြီး သားသမီးများကို ပြုစုပျိုးထောင်ရမည်ဟု သူ အမြဲတမ်း ယုံကြည်ထားလေသည်။ ဤကဲ့သို့ မျက်နှာပြောင်တိုက်ကာ ထွက်ပေါ်နေခြင်းမှာ မည်သို့သော အကျင့်စာရိတ္တမျိုးနည်း။
မနေ့က မနက်ခင်း ညီလာခံတွင် ဧကရာဇ်ဝမ်ရွှမ်းကသာ ယွင်မိသားစုကို အပြင်းအထန် ကာကွယ်မပေးခဲ့လျှင် သူသည်လည်း သူတို့ကို အပြစ်တင်စွပ်စွဲမည်သာ ဖြစ်လေသည်။
အမတ်ရွှီသည် ဘေးဘက်မှ အမတ်ငယ်ယွင်၏ မျက်နှာအမူအရာကို အကဲခတ်ရင်း သူမ၏ ဒေါသများ သူ၏အပေါ်သို့ ကျရောက်လာမည်ကို စိုးရိမ်သဖြင့် ခေါင်းကိုပုကာ သူ၏ တည်ရှိနေမှုကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားလေသည်။
မည်သို့ပင်ဆိုစေကာမူ အမတ်ငယ်ယွင်ကို အမတ်ဟယ် စိုက်ကြည့်သွားခြင်းမှာ သူ၏ အမှားကြောင့်သာ ဖြစ်လေသည်။
သို့သော်လည်း အမတ်ငယ်ယွင်၏ အာရုံစူးစိုက်မှုမှာ အမတ်ဟယ်ထံတွင်သာ ရှိနေသည်ကို မြင်သောအခါ သူသည် အမတ်ဟယ်အတွက် မနေနိုင်ဘဲ စိုးရိမ်ပူပန်သွားမိလေသည်။
ကာကွယ်လိုစိတ် ပြင်းထန်သော ရှင်ခြင်းသေခြင်းစာအုပ်သည် ယွင်ဟွား စကားမပြောနိုင်မီပင် ထွက်ပေါ်လာကာ ပြောလိုက်လေသည်။
“ဟွားဟွားလေး... သူနဲ့ဝေးဝေးနေနော်... ငါ ခုလေးတင် စစ်ဆေးကြည့်လိုက်တာ အဲ့လူက အရမ်းနံစော်ပြီး သူ့အကြိုက်ကလည်း အရမ်းထူးဆန်းတယ်.. သူက အိမ်သာအနံ့ကို ကြိုက်ပြီး အိမ်သာထဲဝင်ရင် အချိန်အကြာကြီး နေပြီးမှ ထွက်လာတတ်တယ်... သူ့ဇနီးနဲ့ ကိုယ်လုပ်တော်တွေကိုတောင် အိမ်သာတက်ပြီးရင် သန့်ရှင်းရေးမလုပ်ဖို့ တောင်းဆိုထားပြီး ညဘက်ကျမှ သူ ရှူရှိုက်ဖို့ ချန်ထားခိုင်းတတ်တယ်...”
“ဘာ...”
ဤစကားကို ကြားသောအခါ ယွင်ဟွားမှာ မအန်မိအောင် မနည်းထိန်းထားလိုက်ရပြီး သူမ၏ ခြေထောက်များမှာ အလိုအလျောက် နောက်သို့ ဆုတ်သွားလေသည်။
သူမ တစ်ယောက်တည်းသာမက အတွင်းစိတ်အသံကို ကြားနိုင်သော အခြားအရာရှိများအားလုံးလည်း အလင်းပွင့်သွားသကဲ့သို့ ဖြစ်သွားကြလေသည်။ အမတ်ဟယ်၏ ကိုယ်ပေါ်တွင် အမြဲတမ်း ထူးဆန်းသော နံ့သာပေါင်းအနံ့ ရနေခြင်းမှာ ထိုအနံ့ဆိုးကို ဖုံးကွယ်ရန်အတွက် ဖြစ်ပုံရလေသည်။
အရာရှိများသည် ကူးစက်ခံရမည်ကို စိုးရိမ်သဖြင့် သူနှင့် တိတ်တဆိတ် ခပ်ခွာခွာ နေလိုက်ကြလေသည်။
အမတ်ဟယ်သည် ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲသွားသည်ကို သတိမထားမိဘဲ ခေါင်းကို မော့ကာ ရင်ကို ကော့ထားဆဲဖြစ်ပြီး မိမိကိုယ်မိမိ အရေးပါသူတစ်ဦးအဖြစ် ထင်မှတ်နေလေသည်။ သို့သော်လည်း ဧကရာဇ်ဝမ်ရွှမ်း၏ မျက်ဝန်းထဲမှ ရွံရှာမှုအရိပ်အယောင်တစ်ခုကို သူ မတော်တဆ မြင်တွေ့လိုက်ရလေသည်။
ထိုအရာမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသော်လည်း သူ သတိပြုမိလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တင်းမာသွားပြီး နှလုံးသားထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားကာ အနည်းငယ် အပြစ်ရှိနေသကဲ့သို့ ဖြစ်နေသော သူ၏ မျက်နှာအမူအရာကို ဖုံးကွယ်ရန် ခေါင်းကို အမြန်ငုံ့ထားလိုက်လေသည်။
ယွင်ဟွားသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး စာအုပ်လေးထံသို့ စတင်ညည်းတွားလိုက်လေသည်။
“စာအုပ်လေး... ဒီလူရဲ့ အရင်ဘဝတုန်းက မစင်အနံ့ကို နှစ်သက်တဲ့ ခွေးတစ်ကောင် ဖြစ်ခဲ့တာလား...”
သို့မဟုတ်လျှင် သူသည် မည်သို့လုပ်၍ ဤမျှ ထူးခြားသော အကြိုက်မျိုး ရှိနေနိုင်မည်နည်း။
ရှင်ခြင်းသေခြင်းစာအုပ်သည် ယွင်ဟွား၏ စိတ်ထဲတွင် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ တုံ့ပြန်လိုက်လေသည်။
“ဟွားဟွားလေး... နင် နောက်ဆုံးတော့ အမှန်ကို သိသွားပြီ... သူ့ရဲ့အရင်ဘဝကို ငါ စစ်ဆေးကြည့်လိုက်ရာ သူက အိမ်သာနားမှာ ကြီးပြင်းလာတဲ့ လမ်းဘေးခွေးတစ်ကောင် ဖြစ်ခဲ့တာပဲ... သူက လူအဖြစ် ဝင်စားလာသည့်တိုင် အဲ့အကျင့်ကို မဖျောက်နိုင်သေးဘူး...”
လူတိုင်း... ။
အလင်းပွင့်သွားသကဲ့သို့ ဖြစ်သွားကြပြီးနောက် အားလုံးက ရွံရှာမှုကို ဖော်ပြလိုက်ကြလေသည်။
“ဟွားဟွားလေး... နင့်ကို ငါ ပြောပြမယ်သိလား... အဲ့လူက အရင်ဘဝတုန်းက ခွေးတစ်ကောင် ဖြစ်ခဲ့ပြီး အခုဘဝမှာ သူလုပ်ခဲ့တဲ့ အရာတွေကလည်း တကယ့်ကို ခွေးဆန်လှတယ်...”
ရှင်ခြင်းသေခြင်းစာအုပ်သည် အရေးကြီးသော ကိစ္စကြီးတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ဤအချိန်တွင် အလွန်စိတ်လှုပ်ရှားစွာ ပြောဆိုနေလေသည်။
ရှင်ခြင်းသေခြင်းစာအုပ် ပြောသည်ကို ကြားသောအခါ ယွင်ဟွား၏ အတင်းအဖျင်းနားထောင်ချင်သော စိတ်များ ချက်ချင်းပင် ထကြွလာပြီး သူမက ပြောလိုက်လေသည်။
“မြန်မြန်... ငါ့ကို အဲ့အကြောင်း ပြောပြပါ...”
သူမသည် ပျင်းလွန်း၍ သေတော့မတတ် ဖြစ်နေခဲ့လေသည်။ အတင်းအဖျင်းတစ်ခုကို နားထောင်ခွင့်ရရန် ရှားပါးလှသဖြင့် မည်သို့များ လက်လွှတ်ခံနိုင်မည်နည်း။
တိုင်းရေးပြည်ရာများကို ဆွေးနွေးနေခဲ့ကြသော အရာရှိများအားလုံးသည် တိတ်ဆိတ်သွားကြပြီး နားစွင့်နေကြလေသည်။ ဧကရာဇ်ဝမ်ရွှမ်းပင်လျှင် သူ၏ အာရုံစူးစိုက်မှုကို ယွင်ဟွားထံသို့ လှည့်လာခဲ့ပြီး သူ၏ မျက်နှာအမူအရာမှာ သစ်ပင်အောက်တွင် အတင်းပြောနေသော အဘွားအိုတစ်ဦးနှင့် အလွန်တူနေလေသည်။
အတွင်းစိတ်အသံကို မကြားနိုင်သော အရာရှိများမှာမူ လုံးဝကို တွေဝေသွားကြပြီး ဤထူးဆန်းသော လေထုကို ဝင်ရောက်နှောင့်ယှက်ရန် စကားပြောသင့် မပြောသင့် မသိဖြစ်နေကြလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်သည် လည်ချောင်းဟန့်လိုက်ပြီး ဗုံးတစ်လုံး ဖောက်ချလိုက်လေသည်။
“ဟွားဟွားလေး... ဒီလူက သစ္စာဖောက်ပဲ...”
“သစ္စာဖောက်...”
“စာအုပ်လေး... အဲ့တာက အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းနေပြီ...”
ယွင်ဟွားမှာ လုံးဝကို အံ့သြတုန်လှုပ်သွားခဲ့လေသည်။ သူမ တစ်ယောက်တည်းသာမက ရှင်ခြင်းသေခြင်းစာအုပ်၏ စကားများက ကြည်လင်နေသော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး လူတိုင်း၏ ခေါင်းများကို ထူပူသွားစေလေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ သွေးများ ဆူပွက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ ရင်ဘတ်ထဲမှ ဒေါသများမှာ ပို၍ပင် ပြင်းထန်စွာ လောင်ကျွမ်းလာလေသည်။ သူ ပေါက်ကွဲတော့မည့်အချိန်တွင် အိမ်ရှေ့စံမင်းသား နန်ကုန်းယွမ်က အထိန်းတော်ချောင်ကို အလျင်အမြန် မျက်ရိပ်ပြလိုက်လေသည်။
အထိန်းတော်ချောင်က ချက်ချင်းပင် နားလည်သွားပြီး ရှေ့သို့ တက်လာကာ ပြောလိုက်လေသည်။
“အရှင်မင်းကြီး... ကျေးဇူးပြု၍ ဒေါသကို ငြိမ်းအေးတော်မူပါ... ဆုံးဖြတ်ချက်တစ်ခုခု မချမီ အမတ်ငယ်ယွင်နဲ့ စာအုပ်လေးတို့ရဲ့ စကားပြောဆိုမှုကို ဦးစွာ နားထောင်သင့်ပါတယ်... အကယ်၍ အမတ်ငယ်ယွင်ကို အနှောင့်အယှက်ပေးလိုက်မယ်ဆိုရင် သူမက ဒီကိစ္စကို မေ့သွားမှာကို ကျွန်တော်မျိုး စိုးရိမ်မိပါတယ်...”
ဤစကားကို ကြားသောအခါ ဧကရာဇ်ဝမ်ရွှမ်း၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး သူသည် လူသတ်ချင်စိတ်ကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ကာ သူ၏ မျက်ဝန်းများကို အမတ်ဟယ်ထံသို့ စူးစိုက်ကြည့်နေလေသည်။ အကယ်၍ အကြည့်များသာ ဓားသွားများအဖြစ် ပြောင်းလဲနိုင်မည်ဆိုလျှင် အမတ်ဟယ်သည် အပေါက်အပြဲများဖြင့် ပြည့်နှက်နေမည်မှာ သေချာလှလေသည်။
ဟယ်ရှင်းသည် ရုတ်တရက် သူ၏ နှလုံးသားမှ ခြေလက်အင်္ဂါများဆီသို့ အေးစက်မှုတစ်ခု ပြန့်နှံ့သွားသည်ကို ခံစားလိုက်ရပြီး သူ၏ ကျောရိုးများမှာလည်း စိမ့်တက်သွားလေသည်။ မရေမတွက်နိုင်သော ခွေးအ၊ ဝံပုလွေနှင့် ကျားသစ်များ၏ စောင့်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ နှလုံးသားထဲရှိ ထိတ်လန့်မှုများမှာလည်း ပို၍ ပြင်းထန်လာလေသည်။
သူသည် အလိုအလျောက် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုစိတ် ဖြစ်ပေါ်လာသော်လည်း မျက်စိရှင်သော ယွင်ရှောင်ထျန်း၏ အကဲခတ်ခံလိုက်ရပြီးနောက် သူက ချက်ချင်းပင် စကားပြောလိုက်လေသည်။
“အရှင်မင်းကြီးအား တင်ပြအပ်ပါတယ်... ယခုနှစ် ကျန်းနန်တွင် ရာသီဥတု ကောင်းမွန်သဖြင့် အခွန်ဘဏ္ဍာငွေများက...”
အကယ်၍ ယွင်ရှောင်ထျန်းကသာ အရာရှိများ၏ အာရုံစိုက်မှုကို အမတ်ဟယ်ထံမှ လွှဲပြောင်းရန် ဤမျှ လျင်မြန်စွာ မတုံ့ပြန်ခဲ့လျှင် ဟယ်ရှင်းက သံသယဝင်သွားနိုင်လေသည်။
ယွင်ဟွားသည် တုံလင်နိုင်ငံ၏ ထမင်းကို စားပြီး တုံလင်နိုင်ငံကို ပြန်လည်ရောင်းစားသော ထိုကဲ့သို့သော သစ္စာဖောက်များကို အလွန်မုန်းတီးသဖြင့် သူမက သွားကြိတ်ကာ မေးလိုက်လေသည်။
“စာအုပ်လေး... အဲ့ခွေးမသားက ဘယ်လိုမကောင်းမှုတွေ လုပ်ခဲ့သလဲဆိုတာ မြန်မြန် ကြည့်လိုက်စမ်း... သူ့ရဲ့ အမွေးတစ်ပင်မှ မကျန်တော့တဲ့အထိ သူ့ကို တစ်စစီ အဝတ်အစားများ ချွတ်ပစ်မယ်...”
အရာရှိများအားလုံးက သဘောတူညီကြောင်း ခေါင်းညိတ်လိုက်ကြလေသည်။
“ဟုတ်တယ်... သူ့ကို အမွေးမရှိတဲ့ ခွေးတစ်ကောင်ဖြစ်သွားအောင် ချွတ်ပစ်ကြမယ်...”
ရှင်ခြင်းသေခြင်းစာအုပ်သည် ဟယ်ရှင်း၏ ကိစ္စရပ်များကို စီစဉ်ပြီးနောက် စိတ်အားထက်သန်စွာဖြင့် ဆက်ပြောလိုက်လေသည်။
“အင်း… ဘယ်ကစပြောရမလဲဆိုတော့... ဟယ်ရှင်းဆိုတဲ့ နာမည်အပြင် အဲ့လူမှာ ဝူလင်တားရှင်းဆိုတဲ့ အခြားနာမည်တစ်ခုလည်း ရှိသေးတယ်...”
“ဝူလင်မျိုးရိုး...အဲ့ဒါက ရှီဆိုင်နိုင်ငံမှာသာရှိတဲ့ သီးသန့်မျိုးရိုး မဟုတ်ဘူးလား...”
ယွင်ဟွား ရောက်ရှိနေသော မင်းဆက်မှာ တုံလင်နိုင်ငံ ဖြစ်လေသည်။ ဤသည်မှလွဲ၍ တုံလင်နိုင်ငံနှင့် တန်းတူအင်အားကြီးမားသော ပေကျန်းနိုင်ငံလည်း ရှိသေးလေသည်။ သူတို့နှစ်နိုင်ငံစလုံး၏ စစ်ရေးအင်အားနှင့် သယံဇာတများမှာ တူညီကြပြီး အပေါ်ယံတွင်မူ သူတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြလေသည်။
ရှီဆိုင်နိုင်ငံနှင့် ပတ်သက်၍မူ ၎င်းသည် ဇာတ်လမ်းရှည်တစ်ခု ဖြစ်လေသည်။ ၎င်း၏ ဧရိယာမှာ သေးငယ်ရုံသာမက ပထဝီဝင်အနေအထား ပြဿနာများကြောင့် ၎င်း၏ သယံဇာတများနှင့် စစ်ရေးအင်အားမှာ အလွန်ကန့်သတ်ချက်များ ရှိနေလေသည်။ ၎င်းသည် တုံလင်နှင့် ပေကျန်း၏ နယ်စပ်များကို မကြာခဏ ကျူးကျော်လေ့ရှိပြီး စားနပ်ရိက္ခာများကို လုယူရန်အတွက်သာ ဖြစ်လေသည်။
ဆောင်းရာသီရောက်တိုင်း သူတို့သည် အဓိကအားဖြင့် ပစ္စည်းများကို လုယူရန် ပြဿနာဖန်တီးလေ့ရှိကြလေသည်။ အကယ်၍ ရိက္ခာများရရှိပါက သူတို့သည် ထွက်ပြေးကြပြီး မရရှိပါက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော ကြွက်များကဲ့သို့ တိတ်တဆိတ် ပုန်းအောင်းနေတတ်ကြလေသည်။
ဟယ်ရှင်းတွင် အခြားနာမည်တစ်ခု ရှိနေကြောင်း ကြားသောအခါ ယွင်ဟွားမှာ အနည်းငယ် အံ့အားသင့်သွားပြီး အာမေဍိတ်သံဖြင့် ပြောလိုက်လေသည်။
“ဟယ်ရှင်း... အဲ့ခွေးမသားက သူ့ရဲ့ ဘိုးဘေးတွေကိုတောင် စွန့်ပစ်လိုက်တာလား...”
“ဒါဆိုရင် သူ့ရဲ့ဘိုးဘေးတွေက ဘယ်သူလဲဆိုတာ နင်ကြည့်ရမယ်...”
ရှင်ခြင်းသေခြင်းစာအုပ်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
“ဟွားဟွားလေး... သူ့ကို သစ္စာဖောက်တစ်ဦးအဖြစ် နင် သတ်မှတ်နိုင်သလို သူလျှိုတစ်ဦးအဖြစ်လည်း နင် သတ်မှတ်နိုင်တယ်...”
ယွင်ဟွားမှာ ရှုပ်ထွေးသွားလေသည်။ သူမ၏ ဦးနှောက်ဉာဏ်ရည်မှာ နဂိုကတည်းက သေးငယ်နေပြီး ရှင်းလင်းစွာ မပြောပြလျှင် ဤဆက်စပ်မှုကို သူမ တကယ်ပင် နားလည်နိုင်မည် မဟုတ်သောကြောင့် သူမက အတင်းအကျပ် မေးလိုက်လေသည်။
“လျှို့ဝှက်ချက် လုပ်မနေနဲ့... အဲ့အကြောင်းကိုသာ အသေးစိတ် ရှင်းပြစမ်းပါ...”
ရှင်ခြင်းသေခြင်းစာအုပ်က ကောက်ကျစ်စွာ ပြုံးလိုက်လေသည်။
“အင်း... အဲ့တာက အိမ်တော်အနောက်ဘက်မှာရှိတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ မပြောမဖြစ်တဲ့ ကိစ္စရပ်တွေပဲ... ဟယ်ရှင်းက မူလက ရှီဆိုင်နိုင်ငံက စစ်သူကြီး ဝူလင်ပါ့ထဲ့ရဲ့ တရားမဝင် သားအကြီးဆုံး ဖြစ်တယ်... အဲ့နှစ်က ဟယ်ရှင်းရဲ့ မိခင်က မယားကြီးထက် သုံးရက်စောပြီး သူ့ကို မွေးဖွားခဲ့လို့ မယားကြီးက မကျေမနပ် ဖြစ်သွားခဲ့တယ်.. အဲ့တာကြောင့် သူမက လူများကို စေလွှတ်ကာ သူ့ကို တိတ်တဆိတ် ခေါ်ထုတ်သွားပြီး နယ်စပ်မှာ စွန့်ပစ်ခိုင်းခဲ့တယ်... သူ့ရဲ့ နောက်ပိုင်း မွေးစားမိဘတွေက သူ့ကို ရှာတွေ့ပြီး တုံလင်သို့ ပြန်လည်ခေါ်ဆောင်လာမယ်လို့ ဘယ်သူကထင်မှာလဲ...”
“တစ်ခါတုန်းက ဝူလင်ပါ့ထဲ့က စားနပ်ရိက္ခာများကို ခိုးယူရန် တပ်များကို ဦးဆောင်လာစဉ် ဟယ်ရှင်းက သူ့ကိုယ်လုပ်တော်နဲ့ ရှစ်ဆယ်ရာခိုင်နှုန်းခန့် တူညီနေကြောင်း မတော်တဆ ရှာဖွေတွေ့ရှိခဲ့တယ်... စုံစမ်းစစ်ဆေးမှုများစွာ ပြုလုပ်ပြီးနောက် ဟယ်ရှင်းက အဲ့နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ သူ့ရဲ့ တရားမဝင် သားအကြီးဆုံးဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့တယ်... ဒါ့ကြောင့် သူက သူ့သားကို အသိအမှတ်ပြုဖို့ စိတ်အားထက်သန်စွာ သွားရောက်ခဲ့တာပဲ...”
ဤစကားကို ကြားသောအခါ ယွင်ဟွားမှာ ဆွံ့အသွားပြီး မေးလိုက်လေသည်။
“ဟယ်ရှင်းကလည်း ဝူလင်ပါ့ထဲ့ရဲ့ စကားတွေကို ယုံကြည်ခဲ့တာလား...”
ရှင်ခြင်းသေခြင်းစာအုပ်က မျက်လုံးလှန်ကာ ပြောလိုက်လေသည်။
“ယုံကြည်တယ်... သူက ဘာလို့ မယုံရမှာလဲ.. ဟယ်ရှင်းရဲ့ မွေးစားမိဘတွေက နောက်ပိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်သွေးသားရင်း သားတစ်ယောက် ရရှိလာပြီးနောက် သူ့ကို အရမ်းဆိုးဆိုးရွားရွား ဆက်ဆံခဲ့ကြတယ်…ဘယ်လိုပဲဖြစ်ဖြစ် သူက သူတို့ရဲ့ သွေးသားအရင်း မဟုတ်ဘူးလေ...”
“ဟယ်ရှင်းက သူ့ဆရာဖြစ်သူရဲ့ ငွေကြေးထောက်ပံ့မှုကြောင့် ရှို့ဆိုင် စာမေးပွဲကို အောင်မြင်နိုင်ခဲ့တယ်... နောက်ပိုင်းမှာ ဟယ်ဖခင်နဲ့ မိခင်တို့က သူ အလားအလာကောင်းကြောင်း မြင်တော့ ဟယ်ရှင်းက နန်းတွင်းစာမေးပွဲ အောင်မြင်ပြီးနောက် သူတို့ရဲ့ ကိုယ်ပိုင်သားနဲ့ အစားထိုးရန် စီစဉ်ပြီး သူ့ကို စတင် အကောက်ကြံကြတော့တယ်...”
“သူ့ မွေးစားမိဘတွေရဲ့ အစီအစဉ်ကို သူ သိရှိသွားတော့ သူက လက်ဦးမှုရယူပြီး အဲ့မိသားစုဝင် သုံးဦးစလုံးကို သေတွင်းကို ပို့ဆောင်ပေးလိုက်တယ်။ သူတို့က အရမ်း ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ကြတာပဲ…”
အခန်း (၁၀) ထိုလူအိုကြီး ယွင်ရှောင်ထျန်းက အလွန်အန္တရာယ်များလှပေသည်
“ကျွတ်... ကျွတ်... ကျွတ်... တူရာတူရာ ပေါင်းကြတာပဲ... သူတို့အကုန်လုံးက ရက်စက်တဲ့သူတွေချည်းပဲ...”
ယွင်ဟွားက အာမေဍိတ်သံဖြင့် ပြောလိုက်လေသည်။
ရှင်ခြင်းသေခြင်းစာအုပ်က ခေါင်းညိတ်လိုက်ပြီး ဟယ်ရှင်း၏ နောက်ဆက်တွဲ ရွေးချယ်မှုအပေါ် ပို၍ ဒေါသထွက်လာကာ ပြောလိုက်လေသည်။
“ဟယ်ရှင်းက ဖခင်မေတ္တာကို တစ်ခါမှ မခံစားဖူးဘူးလေ... ဝူလင်ပါ့ထဲ့က သူ့အပေါ် နည်းနည်းလေး ကောင်းပြလိုက်တာနဲ့ သူက အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး တုံလင်နိုင်ငံမှာ သူလျှိုအဖြစ် နေချင်တယ်လို့တောင် ပြောခဲ့တာ...”
ယွင်ဟွားက ရယ်မောလိုက်ပြီး ဟယ်ရှင်းကို ရူးနေသည်ဟု တွေးလိုက်မိလေသည်။
“သူက အရူးတစ်ယောက်ပဲ မဟုတ်လား... စစ်သူကြီးအိမ်တော်ရဲ့ သခင်လေး ဖြစ်နိုင်ရက်နဲ့ ဒီနေရာမှာပဲ နေဖို့ ရွေးချယ်ခဲ့တယ်... သူများတွေအတွက် နွားတစ်ကောင် မြင်းတစ်ကောင်လို အလုပ်လုပ်ပေးပြီး အလုပ်ပိုလုပ်ရပေမယ့် ဝင်ငွေနည်းနည်းပဲ ရတယ်... ပြီးတော့ သူ့ခေါင်း ပြုတ်ကျသွားမလားဆိုတာကို အမြဲတမ်း စိုးရိမ်ပူပန်နေရတယ်...”
နေ့စဉ်နေ့တိုင်း နွားတစ်ကောင် မြင်းတစ်ကောင်လို အလုပ်လုပ်ရန် စောစောထနေရသဖြင့် သူမသည်သာလျှင် ဘဝကြမ်းတမ်းသူ ဖြစ်ပေလေသည်။
ယွင်ဟွား၏ စကားများကို ကြားသောအခါ အမတ်များအားလုံးသည် သူမ၏စကားများက အလွန်ယုတ္တိရှိသည်ဟု ထင်မှတ်ကာ သူတို့၏ ခေါင်းများကို အလိုအလျောက် စမ်းသပ်ကြည့်လိုက်မိကြလေသည်။
“ဘယ်သူက မဟုတ်ဘူးလို့ ပြောနေလို့လဲ...”
ရှင်ခြင်းသေခြင်းစာအုပ်သည်လည်း ရွံရှာသွားသည့် အမူအရာ ပေါ်လာလေသည်။ ယခင်အချိန်က ၎င်းသည်လည်း အလုပ်မလုပ်ချင်သောကြောင့် ရှောင်ဟွားဟွားနှင့် ပူးပေါင်းကာ ငရဲပြည်၏ ကပ်ဘေးဒုက္ခနှစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။
ချက်ချင်းဆိုသလိုပင် ၎င်းက ဆက်ပြောလေသည်။
“ဒါပေမယ့် သူ့ရဲ့ ရာထူးက မမြင့်မားလှဘူး... ဝန်ထမ်းရေးရာဝန်ကြီးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူးဆိုတော့ ဆဋ္ဌမအဆင့်အရာရှိပဲ ဖြစ်တယ်...”
“ဝန်ထမ်းရေးရာဝန်ကြီးဌာန ဟုတ်လား...”
အများအားဖြင့် ‘လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန’ ဟု လူသိများပြီး ၎င်းသည် အရာရှိများအား စီမံခန့်ခွဲခြင်း၊ အကဲဖြတ်ခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းတို့အတွက် တာဝန်ရှိပေသည်။
ယွင်ဟွားက အာမေဍိတ်သံဖြင့် ပြောလိုက်လေသည်။
“ဘုရားရေ... အကယ်၍ သူက သူ့ရာထူးကို အသုံးပြုပြီး အကဲဖြတ်မှုတွေနဲ့ ရာထူးတိုးမြှင့်မှုတွေကို ခြယ်လှယ်ပြီး ရှီဆိုင်နိုင်ငံရဲ့ သတင်းပေးတွေကို ထည့်သွင်းလိုက်မယ်ဆိုရင်တော့ အဲ့ကိစ္စက အရမ်းစိတ်ဝင်စားစရာကောင်းသွားမှာပဲ...”
ညီလာခံခန်းမအတွင်းရှိ လူတိုင်းက ခေါင်းညိတ်လိုက်ကြလေသည်။ ယွင်ဟွား တွေးနိုင်သည့်အရာကို သူတို့လည်း တွေးနိုင်ပေသည်။ ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာသည်လည်း ထိုအချိန်၌ ပြာနှမ်းသွားလေသည်။ အကယ်၍ ယခုအချိန်သည် ဒေါသပေါက်ကွဲရန် မသင့်တော်သော အခြေအနေမျိုး မဟုတ်ခဲ့ပါက သူသည် ဟယ်ရှင်းအား ခေါင်းဖြတ်သတ်ရန် အမိန့်ပေးပြီး ဖြစ်ပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် စစ်သူကြီးများစွာသည်လည်း ဟယ်ရှင်းထံသို့ ချဉ်းကပ်သွားကြပြီး သူ့ကို ဖမ်းဆီးရန်အတွက် ဧကရာဇ်ထံမှ အမိန့်တစ်ခွန်းကိုသာ စောင့်ဆိုင်းနေကြလေသည်။
“သူလား...”
ရှင်ခြင်းသေခြင်းစာအုပ်က လှောင်ပြောင်လိုက်လေသည်။ ၎င်းက ဟယ်ရှင်းကို အထင်သေးနေခြင်းမဟုတ်ဘဲ အဓိကအားဖြင့် သူသည် တကယ့်ကို အသုံးမကျလွန်းသောကြောင့် ဖြစ်လေသည်။
“ဘာကိုဆိုလိုတာလဲ...”
ယွင်ဟွားက ပြန်မေးလိုက်လေသည်။
“ဝန်ထမ်းရေးရာဝန်ကြီး တုံဝမ်ကျဲက အလွန်ပါးနပ်တဲ့သူပဲ... သူက ဒီလူဟာ အောင်မြင်မှုကို အမြန်ရချင်လွန်းနေပြီး အရေးကြီးတဲ့ တာဝန်တွေကို ပေးအပ်ဖို့ မထိုက်တန်ဘူးလို့ ခံစားခဲ့ရတယ်... ဒါကြောင့် သူက သူ့ကို အလှပြသက်သက်သာ ထားရှိပြီး အဓိကလုပ်ငန်းစဉ်တွေမှာ ဝင်ရောက်စွက်ဖက်ခွင့် လုံးဝ မပေးခဲ့ဘူး... ဆိုလိုတာကတော့ သူ့မှာ ဝင်ရောက်စွက်ဖက်ဖို့ အခွင့်အရေး မရှိခဲ့ဘူးပေါ့...”
“အာ... “
သို့ဆိုလျှင် ဟယ်ရှင်းသည် အလကားသက်သက် အလုပ်ရှုပ်ခံနေခြင်း မဟုတ်ပါလား။
သူ၏အမည်ကို ဖော်ပြခြင်းခံရသည်ကို ကြားလိုက်ရသော အမတ်တုံသည်လည်း ထိုအချိန်၌ ရင်ကော့လိုက်ကာ လူတိုင်း၏ အကြည့်များကို ရင်ဆိုင်လိုက်လေသည်။ သူ၏ မျက်နှာပေါ်တွင် ပုံမှန်တည်ငြိမ်မှုကို ထိန်းသိမ်းထားသော်လည်း သူ၏ အတွင်းစိတ်ထဲ၌မူ ဝမ်းမြောက်မှုများဖြင့် ပေါက်ကွဲထွက်မတတ် ဖြစ်နေလေသည်။
ဝံပုလွေကဲ့သို့ ရည်မှန်းချက်ကြီးမားသော သူလျှိုတစ်ဦးကို တားဆီးနိုင်ခဲ့သူမှာ သူပင် ဖြစ်သည်၊ သူသာလျှင် ဖြစ်ပေသည်။
“ဟားဟားဟား... ကြီးမားလှတဲ့ အောင်မြင်မှုကြီးပဲ...”
ယွင်ဟွားမှာ ရယ်ချင်သွားသော်လည်း ညီလာခံခန်းမအတွင်း၌ ရှိနေခြင်းကြောင့် မိမိကိုယ်မိမိ ထိန်းချုပ်ကာ သူမ၏ စိတ်ဝိညာဉ်အာရုံထဲတွင် ဒေါသတကြီး ညည်းတွားလိုက်လေသည်။
“စာအုပ်လေး... ဒီလူက တကယ့်ကို နံစော်ပြီး မိုက်မဲလွန်းတယ်... သေချာပေါက် သူလျှိုတစ်ယောက်အဖြစ်တောင် ကောင်းကောင်း မလုပ်နိုင်ဘူး...”
“ရှောင်ဟွားဟွား... သူ့ကို အထင်မသေးနဲ့... သူက သူလျှိုကောင်းတစ်ယောက် မဟုတ်ပေမယ့် ပိုက်ဆံရှာတဲ့နေရာမှာတော့ အရမ်းတော်တယ်... မြို့တော်မှာ အကျော်ကြားဆုံး ပျော်တော်ဆက်ရိပ်သာ နှစ်ခုဖြစ်တဲ့ မန်ချွန်းဝင်းနဲ့ ယန်ချွန်းမျှော်စင်တို့က သူ့ပိုင်ဆိုင်မှုတွေပဲ... ပြီးတော့ မြောက်ပိုင်းစျေးက လောင်းကစားရုံလမ်းတစ်လမ်းလုံးကလည်း သူ့အပိုင်တွေချည်းပဲ...”
“ငါ ကြည့်လိုက်ဦးမယ်... နှစ်တွေတစ်လျှောက်လုံး သူက စီးပွားရေးလုပ်ငန်း တော်တော်များများမှာ ပါဝင်ပတ်သက်နေခဲ့တယ်... သူက နိုင်ငံတော်ဘဏ္ဍာတိုက်ထက်တောင် ပိုက်ဆံပိုရခဲ့သေးတယ်... အဲ့ငွေတွေကို အသုံးပြုပြီး အိမ်ခြံမြေ အများအပြားကို ဝယ်ယူခဲ့ကာ နှစ်စဉ် ရိတ်သိမ်းရတဲ့ စပါးတွေကို ရှီဆိုင်နိုင်ငံဆီ တိတ်တဆိတ် ပို့ဆောင်ပေးခဲ့တယ်... ဒါ့အပြင် သူ့ရဲ့ နှစ်စဉ်ဝင်ငွေ သုံးပုံတစ်ပုံကို သူ့ရဲ့ အရင်းအခေါက် ဖခင်ဆီ ပေးပို့ခဲ့ပြီး နိုင်ငံရေးအရ အထောက်အကူ မပြုနိုင်မှုကို ငွေကြေးအင်အားနဲ့ အဓိက အစားထိုးခဲ့တယ်...”
“ဘုရားရေ...”
ယွင်ဟွားက အံ့သြတုန်လှုပ်စွာဖြင့် အာမေဍိတ်သံ ပြုလိုက်လေသည်။
ဤစကားကို ကြားသောအခါ အမတ်များအားလုံး အံ့သြမှင်တက်သွားကြလေသည်။
ထိုအချိန်၌ ဧကရာဇ်ဝမ်ရွှမ်း၏ သွားများမှာ ကြိတ်မိလွန်း၍ မှုန့်မှုန့်ညက်ညက် ကြေမတတ်ဖြစ်နေပြီး သူ၏ လက်များက နဂါးပလ္လင်၏ လက်တန်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။
*ဒေါသမထွက်နဲ့... ဒေါသမထွက်နဲ့... နောက်ကျရင် အရာအားလုံးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းလိုက်ပြီး သူ့အတွက် အမွှေးတစ်ပင်တောင် ချန်ထားပေးမှာ မဟုတ်ဘူး…*
သူ၌ ငွေများစွာရှိကြောင်း ကြားလိုက်ရချိန်တွင် ယွင်ဟွား၏ မျက်လုံးများ လင်းလက်သွားပြီး သူမ၏ သွားရည်များပင် ကျလာမတတ် ဖြစ်သွားလေသည်။ သူမက သွားရည်ကို မျိုချလိုက်ပြီးနောက် လျင်မြန်စွာ မေးလိုက်လေသည်။
“စာအုပ်လေး... သူက သူ့ပိုက်ဆံတွေကို ဘယ်မှာဖွက်ထားတာလဲ...”
ခွေးမွှေးအချို့ကို နုတ်ယူရန် သူမ ဆုံးဖြတ်လိုက်လေသည်။
ရှင်ခြင်းသေခြင်းစာအုပ်က သူမ ဘာလုပ်မည်ကို သိရှိထားပြီး အရာအားလုံးကို အသင့် ဖွင့်ဟပြောပြလိုက်လေသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်း၏ ရှောင်ဟွားဟွားသည် ငွေကြေးအလွန် ပြတ်လပ်နေသည် မဟုတ်ပါလား။
“သူ့အိပ်ခန်းထဲက ကုတင်အောက်မှာ လျှို့ဝှက်အခန်းငယ်တစ်ခု ရှိတယ်... အဲ့ထဲမှာက ရွှေ၊ ငွေနဲ့ ကျောက်မျက်ရတနာ သေတ္တာအလုံးတစ်ရာကျော် ပြည့်နှက်နေတဲ့ လျှို့ဝှက်ခန်းဆီကို ဦးတည်သွားတဲ့ စက်ယန္တရားတစ်ခုပဲ... ပြီးတော့ သူ့ရဲ့ စာကြည့်ခန်းထဲမှာ နံရံတွေနဲ့ ကြမ်းပြင်တွေကို ရွှေနဲ့ လုပ်ထားပေမယ့် သူက ပါးနပ်ပြီး အဲ့တာတွေကို ဘယ်လို ဖုံးကွယ်ရမလဲဆိုတာ သိတယ်...”
ယွင်ဟွားသည် သူမ၏ လက်သေးသေးလေးများကို မပွတ်သပ်ဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။ သူမ၏ လောဘတကြီး ဖြစ်နေသော အသွင်အပြင်မှာ ယွင်ရှောင်ထျန်း၏ မျက်စိထဲသို့ အပြည့်အဝ ဝင်ရောက်သွားလေသည်။
သူသည် နဖူးကို မပွတ်သပ်ဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။ ယွင်မိသားစုက သူမ၏ စားနပ်ရိက္ခာများကို ဖြတ်တောက်ထားခြင်း မရှိပါဘဲလျက် သူမက အဘယ်ကြောင့် ဤမျှ လောဘကြီးနေရသနည်း။
“ရှောင်ဟွားဟွား... စိတ်မလှုပ်ရှားနဲ့... လုံးဝ စိတ်မလှုပ်ရှားနဲ့ဦး... အဲ့တာက အစပဲ ရှိသေးတယ်... မြို့တော်အပြင်ဘက်က သူ့ရဲ့ ရေပူစမ်းစံအိမ်ကမှ တကယ့်ကို ချမ်းသာတာ... မြေအောက်ခန်း တော်တော်များများကို ပေါင်းစပ်ထားပြီး ရတနာသေတ္တာ ရာပေါင်းများစွာကို သိမ်းဆည်းထားတယ်... ပြီးတော့ ရှားပါးတဲ့ သက်တမ်းရင့် ဆေးဖက်ဝင်အပင်တွေနဲ့ ပြည့်နေတဲ့ အခန်းတစ်ခန်းလည်း ရှိသေးတယ်...”
“ရှူး..ရှူး.”
ယွင်ဟွားက လေကို အပြင်းအထန် ရှူသွင်းလိုက်လေသည်။
သူမက အတွင်းစိတ်ထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားကာ ရူးသွပ်စွာ အော်ဟစ်လိုက်လေသည်။
“စာအုပ်လေး... ငါတို့တော့ ချမ်းသာပြီ...”
အမတ်များအားလုံး…..။
ဧကရာဇ်ဝမ်ရွှမ်း…..။
*နေပါဦး...အဲ့တာတွေက ဘယ်လိုလုပ် သူမအပိုင် ဖြစ်သွားရတာလဲ…*
ယွင်ရှောင်ထျန်းက သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်လေသည်။ ယနေ့သည်လည်း သူ မူးမေ့လဲချင်စိတ် ပေါက်သွားရသော နောက်ထပ် နေ့တစ်နေ့ပင် ဖြစ်လေသည်။
သို့သော်လည်း ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူ၏ စိတ်နှလုံးထဲတွင်မူ ကမောက်ကမဖြစ်မှုများဖြင့် ပွက်လောညံနေပြီ ဖြစ်လေသည်။ အလွန်အမင်း စိတ်လှုပ်ရှားနေသော ယွင်ဟွား၏ မျက်နှာအမူအရာကို ကြည့်ကာ သူသည် ငိုရခက်၊ ရယ်ရခက် ဖြစ်နေလေသည်။
ဤမိန်းကလေးသည် တုံလင်နိုင်ငံအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် အင်အားဖြည့်တင်းပေးသော သူ၏ ကံကောင်းစေသည့် ကြယ်ပွင့်လေးပင် ဖြစ်လေသည်။
*အင်း... သူ မှတ်သားထားလိုက်ပြီ…*
သူမအား ထင်ပေါ်လွန်းခြင်းမရှိစေဘဲ ဤမိန်းကလေးကို ပျော်ရွှင်စေမည့် မည်သည့်အရာဖြင့် ဆုချီးမြှင့်ရမည်ကို သူ သေချာစွာ စဉ်းစားရပေမည်။
သို့မဟုတ်ပါက တစ်နေ့နေ့ သူ၏ အတင်းအဖျင်းများကို တူးဖော်ရန်သာ သူမ ဆက်လက် တွေးတောနေပေလိမ့်မည်။
ယွင်ဟွားသည် သူမကို လက်ယပ်ခေါ်နေသော ရတနာများကို တွေးတောကာ လက်ခုပ်တီးလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်လေသည်။
“စာအုပ်လေး... ဒီညမှာ ငါတို့သွားခိုးကြမယ်... အာ မဟုတ်ဘူး... ငါတို့က ဆင်းရဲသားတွေကို ကူညီဖို့ ချမ်းသာတဲ့သူတွေဆီက ဓားပြတိုက်မယ့် ဓားပြကြီးတွေ လုပ်ကြမယ်...”
“ချမ်းသာတဲ့သူတွေကို ဓားပြတိုက်မယ် ဟုတ်လား... ရှောင်ဟွားဟွား... နင်က အခု သာမန်လူတစ်ယောက်ပဲဆိုတာ မမေ့နဲ့ဦး... အဲ့နေရာမှာ အစောင့်အရှောက်တွေ အရမ်းထူထပ်တယ်... နင်က ဘယ်လို ခိုးဝင်မှာလဲ...”
ရှင်ခြင်းသေခြင်းစာအုပ်က မျက်လုံးလှန်လိုက်လေသည်။ ၎င်းက ရှောင်ဟွားဟွားကို စိတ်ဓာတ်ကျအောင် လုပ်နေခြင်း မဟုတ်သော်လည်း ဟယ်ရှင်းတွင် မည်သို့များ ကာကွယ်မှုမရှိဘဲ နေမည်နည်း။
“ဒါဆိုရင် နင်က...”
“ငါ့ကို အားမကိုးနဲ့...”
ရှင်ခြင်းသေခြင်းစာအုပ်က ရုတ်တရက် ဖြတ်ပြောလိုက်လေသည်။
“ငါက နင့်ထက်တောင် အသုံးမကျသေးတယ်... စာမျက်နှာလှန်တာကလွဲပြီး ငါ ဘာမှ မလုပ်တတ်ဘူး...”
ယွင်ဟွားမှာ ရှင်ခြင်းသေခြင်းစာအုပ်၏ စကားကြောင့် ဆို့နင့်သွားကာ ခေတ္တမျှ စကားမဲ့သွားလေသည်။ သို့သော်လည်း ရည်မှန်းချက် မပြည့်ဝမချင်း လက်လျှော့မည် မဟုတ်သော သူမ၏ ပြတ်သားသည့် စိတ်ဓာတ်မှာ လောင်ကျွမ်းလာခဲ့လေသည်။ သူမ၏ မျက်လုံးများက ဟိုဟိုဒီဒီ ရွေ့လျားသွားပြီး သူမ၏ စိတ်ထဲတွင် လျင်မြန်စွာ တွက်ချက်လိုက်လေသည်။
“ဟွန့်... ငါ သူ့ကို တိုင်ကြားမယ်... ပြီးတော့ ဧကရာဇ်ကို ငါ့ကို အဖွဲ့ခေါင်းဆောင်ခွင့်ပြုဖို့ တောင်းဆိုမယ်… ဘယ်လိုပဲဖြစ်ဖြစ် ဟယ်ရှင်း ရတနာတွေ ဖွက်ထားတဲ့နေရာကို ငါပဲ သိတာလေ... ပြီးတော့... ဟီးဟီးဟီးဟီး...”
ထိုအချိန်ရောက်လျှင် မည်သူမျှ မသိစေဘဲ ရတနာအချို့ကို တိတ်တဆိတ် ယူဆောင်ကာ သူမ၏ အဝတ်အစားများထဲတွင် ဖွက်ထားမည် ဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်က သိမည် မဟုတ်ပေ။
ယွင်ဟွား၏ ကောက်ကျစ်သော အပြုံးက သူမ၏ ရည်ရွယ်ချက်များကို တစ်ချက်ကြည့်ရုံဖြင့် သိသာထင်ရှားစေလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်သည်လည်း ဤအစီအစဉ်မှာ ဖြစ်နိုင်ခြေရှိသည်ဟု ထင်မြင်သောကြောင့် ပန်းကလေးနှင့် စာအုပ်လေးတို့သည် နောက်ပိုင်းတွင် ရတနာများကို မည်သို့သိုဝှက်ရမည်ကို ရဲတင်းစွာ ဆွေးနွေးလိုက်ကြလေသည်။
ယွင်ဟွားက အလွန်စိတ်အားထက်သန်စွာ ဆွေးနွေးနေချိန်တွင် ယွင်ရှောင်ထျန်းမှာမူ ယွင်မိသားစုဝင်များ သေဆုံးနိုင်သည့် နည်းလမ်းအမျိုးမျိုးကို စဉ်းစားတွေးတောနေပြီ ဖြစ်လေသည်။
ယွင်ရှောင်ထျန်း၏ဘေးတွင် ရပ်နေသော ချန်ကျဲဟန်မှာမူ ရယ်မောလွန်း၍ ခါးပင် ကွေးသွားမတတ် ဖြစ်နေလေသည်။
ယွင်ရှောင်ထျန်းက သူ့ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ချန်ကျဲဟန်ကို ရှေ့သို့ တွန်းပို့ကာ ပြောလိုက်လေသည်။
“အရှင်မင်းကြီးအား တင်ပြအပ်ပါတယ်... အမတ်ချန်မှာ တင်ပြစရာတစ်ခုခု ရှိနေပါတယ်...”
ယွင်ရှောင်ထျန်းက နှုတ်ခမ်းများကို ကျေနပ်အားရစွာ ကွေးညွတ်လိုက်လေသည်။
*ငါ မင်းကို ရယ်ခွင့်ပေးလိုက်မယ်... ခဏနေရင် မင်း ငိုရတော့မှာပဲ…*
ယွင်ဟွားသည် ဤဘက်ရှိ အခြေအနေကြောင့် အာရုံစိုက်မိသွားပြီး သူမ၏ စိတ်နှလုံးထဲတွင် ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ချန်ကျဲဟန်သည် အတန်းထဲမှ ထွက်လာကာ ပတ်ဝန်းကျင်ရှိသူများ၏ အကြည့်များကို ခံစားရပြီး အထူးသဖြင့် ယွင်ဟွား၏ အကြည့်များက သူ၏အပေါ်သို့ ကျရောက်နေသဖြင့် တွေဝေသွားလေသည်။
ချက်ချင်းဆိုသလိုပင် သူ၏ စိတ်ထဲတွင် သတိပေးခေါင်းလောင်းများ မြည်ဟည်းသွားလေသည်။
ထိုလူအိုကြီး ယွင်ရှောင်ထျန်းက သူ့ကို ဒုက္ခပေးရန် ကြိုးစားနေခြင်းပင် ဖြစ်လေသည်။
သူသည် လွှဲချရန်နှင့် အပြစ်ပုံချခံရမည့်သူကို ရှာဖွေရန် ဆင်ခြေတစ်ခု ရှာတော့မည် ဖြစ်လေသည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် မည်သူ သိမည်နည်း...။
ထိုအရှက်မရှိသော လူအိုကြီး ယွင်ရှောင်ထျန်းက သူ၏ ဆုတ်ခွာရာလမ်းကို တိုက်ရိုက် ဖြတ်တောက်ကာ ပြောလိုက်လေသည်။
“အရှင်မင်းကြီးအား တင်ပြအပ်ပါသည်... အမတ်ချန်က အမတ်ဟယ်ရှင်းဟာ ရှီဆိုင်နိုင်ငံရဲ့ သူလျှိုတစ်ယောက် ဖြစ်တယ်ဆိုပြီး တိုင်ကြားချင်တယ်လို့ ကျွန်တော်မျိုးကို ခုလေးတင် ပြောခဲ့ပါတယ်…”