အခန်း (၁၁-၁၂)
Vol. 2 Ch. 11-12
အခန်း (၁၁) စီးပွားရေး အလုခံရပြန်သော နောက်ထပ်နေ့တစ်နေ့
ထိုစကားများက ဟယ်ရှင်းအား လွန်စွာ အထိတ်တလန့်ဖြစ်စေခဲ့သဖြင့် သူ၏ မျက်နှာမှာ ပြာနှမ်းသွားလေသည်။ သူသည် အကြောက်တရားကို ဖိနှိပ်ကာ အမြန်ရှေ့သို့ တက်သွားပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ အော်ဟစ်လိုက်လေသည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ အပြစ်မရှိပါ...”
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာမှာ ချက်ချင်းပင် အလွန် မှုန်ကုပ်သွားလေသည်။ သူသည် အောက်ဘက်ရှိ ဟယ်ရှင်းအား လှမ်းကြည့်လိုက်ပြီး ထိုအေးစက်သော အကြည့်ကြောင့် ဟယ်ရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံး တင်းမာသွားကာ သူ၏ ကျောပြင်မှာလည်း ချက်ချင်းပင် ချွေးအေးများဖြင့် ရွှဲနစ်သွားလေသည်။
“အား..”
“ရှောင်ရှူးရှူး(စာအုပ်လေး)... ဘာဖြစ်လို့ အဲ့ခွေးအိုကြီးချန် ဖြစ်နေရပြန်တာလဲ..”
ယွင်ဟွားမှာ ရူးသွပ်တော့မတတ် ဖြစ်နေလေသည်။ သူမသည် ခြေတစ်လှမ်း နောက်ကျသွားရုံမျှဖြင့် မည်ကဲ့သို့ ထပ်မံ အလုခံလိုက်ရသနည်း။
ယွင်ဟွား၏ ရည်ညွှန်းခြင်းကို ခံလိုက်ရသော ချန်ကျဲဟန်မှာ တုန်လှုပ်သွားပြီး ယွင်ရှောင်ထျန်းအား စူးစိုက်ကြည့်လိုက်လေသည်။
ဤအခြေအနေအထိ ရောက်လာပြီးဖြစ်ရာ သူသည် အံကြိတ်ကာ အရိုအသေပေးလျက် လျှောက်တင်လိုက်ရလေသည်။
“အရှင်မင်းကြီး... အမတ်ဟယ်သည် မသင်္ကာဖွယ်ဖြစ်ကြောင်း ကျွန်တော်မျိုး လွန်ခဲ့တဲ့ အချိန်ကြာမြင့်စွာကတည်းက သတိပြုမိခဲ့ပါတယ်... လွန်ခဲ့တဲ့ ခြောက်လအတွင်း ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးပြီးနောက် အမတ်ဟယ်က ရှီဆိုင်နိုင်ငံမှ စစ်သူကြီး ဝူလင်ပါ့ထဲ့ရဲ့ သားဖြစ်သူ ဝူလင်တာ့ရှင်းဖြစ်ကြောင်းကို နောက်ဆုံးတွင် ကျွန်တော်မျိုး အတည်ပြုနိုင်ခဲ့ပါတယ်..”
ချန်ကျဲဟန် ပြောလိုက်သော စကားလုံးတိုင်းနှင့်အတူ ဟယ်ရှင်းသည် သေမင်းနှင့် တစ်လှမ်းချင်း ပို၍ နီးကပ်လာသကဲ့သို့ ခံစားလိုက်ရလေသည်။
ချန်ကျဲဟန်က လျှို့ဝှက်ရတနာများရှိရာ နေရာကို ဖွင့်ဟလိုက်တိုင်း ယွင်ဟွားသည် သူမ၏ ကမ္ဘာကြီး ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
သူမ၏ အဖိုးတန်ရတနာများ... သူမ၏ အသည်းနှလုံးလေးများ…။
“ရှောင်ရှူးရှူး... သူက အရာအားလုံးကို ဘယ်လိုလုပ် ဒီလောက် ရှင်းရှင်းလင်းလင်း သိနေရတာလဲ..”
သူမ၏ အစီအစဉ်သည် အကောင်အထည် မဖော်နိုင်မီမှာပင် ပျက်စီးသွားခဲ့လေပြီ။
ရှင်ခြင်းသေခြင်းစာအုပ်သည်လည်း ၎င်းကို ထူးဆန်းသည်ဟု ခံစားလိုက်ရပြီး စာအုပ်ထဲသို့ ပြန်လည်မပျောက်ကွယ်သွားမီ စကားတစ်ခွန်း ချန်ရစ်ခဲ့လေသည်။
“ငါ့ကို စောင့်နေ..”
ယွင်ဟွား၏ နာကြည်းနေသော အမုန်းတရားအကြည့်က ချန်ကျဲဟန်၏ ကျောပြင်ကို ဖောက်ထွင်းသွားတော့မည့်အလား ဖြစ်နေသဖြင့် သူ၏ စိတ်ထဲတွင် လွန်စွာ အဆင်မပြေ ဖြစ်သွားလေသည်။ သူသည် နဖူးမှ ချွေးအေးများကို သုတ်ကာ နောက်ထပ် အချက်အလက်များကို ဆက်လက် ဖွင့်ဟနေလေသည်။
ဧကရာဇ်ဝမ်ရွှမ်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ အသံမှာ သွားကြားထဲမှ ညှစ်ထုတ်လိုက်သည့်အလား ထွက်ပေါ်လာလေသည်။
“ဟယ်ရှင်း... မင်းမှာ ပြောစရာတစ်ခုခု ရှိသေးလား...”
ဧကရာဇ်၏ မျက်ခုံးများ စုကြုံ့သွားလေသည်။ အကယ်၍ ဟယ်ရှင်းသာ ရှီဆိုင်နိုင်ငံမှ မဟုတ်ခဲ့လျှင် သူ၏ စီးပွားရေးဆိုင်ရာ ပါရမီသည် နိုင်ငံတော်ဘဏ္ဍာတိုက်အတွက် ကြီးမားသော အကျိုးကျေးဇူးတစ်ခု ဖြစ်လာနိုင်ပေသည်။
*အင်း... နှမြောစရာကောင်းလှပေစွ*
“အရှင်မင်းကြီး...ဒါက လုပ်ကြံစွပ်စွဲတာပါ… ဒါက လုပ်ကြံစွပ်စွဲတာပါ...”
ဟယ်ရှင်းသည် ကြမ်းပြင်ပေါ်သို့ သူ၏ နဖူးဖြင့် တဒုန်းဒုန်း မြည်အောင် ဆောင့်ကာ ထပ်ခါတလဲလဲ ဦးညွှတ်လိုက်လေသည်။
“လုပ်ကြံစွပ်စွဲတာ..အဟက်.”
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။
“အစောင့်တို့... အမတ်ချန် အခုလေးတင် ပြောသွားတဲ့ နေရာကို သွားရောက် ရှာဖွေကြ... လုပ်ကြံစွပ်စွဲခြင်း ဟုတ်မဟုတ် ငါတို့ သိရလိမ့်မယ်...”
“အမိန့်တော်အတိုင်းပါ...”
ဤစကားကို ကြားသောအခါ ဟယ်ရှင်းက လုံးဝ ပြိုလဲသွားကာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး မိမိဘာသာ ရေရွတ်နေလေသည်။
“ပြီးဆုံးသွားပြီ... အရာအားလုံး ပြီးဆုံးသွားပြီ...”
ယနေ့အချိန်အထိ ယွင်ဟွားကို စိုက်ကြည့်မိခြင်းသည် သူ၏ ကိုယ်ပိုင်အမှတ်အသားကို အချိန်မတိုင်မီ ပေါ်လွင်သွားစေမည့် အကြောင်းရင်း ဖြစ်လာလိမ့်မည်ဟု သူ နားမလည်နိုင်သေးချေ။
ဤသည်ကို မြင်သောအခါ ဧကရာဇ်ဝမ်ရွှမ်းသည် ဟယ်ရှင်းအား ရွံရှာစွာဖြင့် လှမ်းကြည့်လိုက်ပြီး သူ့ကို ဆွဲထုတ်သွားရန် လက်ဝှေ့ယမ်း ပြလိုက်လေသည်။
ဟယ်ရှင်းသည် ချန်ကျဲဟန်အား သေလောက်အောင် မုန်းတီးသွားလေသည်။ သူ့ကို ဆွဲထုတ်သွားချိန်တွင် သူသည် ချန်ကျဲဟန်အား ရှုံ့မဲ့နေသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ပိုင်ကံကြမ္မာကို စကားလုံးတစ်လုံးတည်းဖြင့် အကျဉ်းချုပ်နိုင်သောကြောင့်ပင်။
သေခြင်း...။
ဧကရာဇ်သည် ဟယ်ရှင်း၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် လူများကို စေလွှတ်လိုက်ပြီဖြစ်ကြောင်း မြင်သောအခါ ယွင်ဟွားမှာ လုံးဝ စိတ်ပျက်အားငယ်သွားလေသည်။
“စာအုပ်လေး... ဒီအမတ်ချန် ဘာဖြစ်နေတာလဲဆိုတာကို နင် ရှာတွေ့ပြီလား…”
ယွင်ဟွားသည် သူနှင့် သူမ မသင့်မြတ်ဟု ခံစားလိုက်ရလေသည်။ သူသည် သူမအား နှစ်ကြိမ်တိုင်တိုင် တားဆီးနှောင့်ယှက်ခဲ့ပြီးဖြစ်ရာ ယခုအခါတွင် မည်သို့ပင်ဖြစ်စေ သူမ သူ့ကို သည်းမခံနိုင်တော့ချေ။
ချန်ကျဲဟန်သည် ထိုမိန်းကလေးက သူ့အကြောင်း ထပ်မံပြောဆိုလာသည်ကို ကြားလိုက်ရသောအခါ သူ၏ မျက်လုံးများကို လှန်လိုက်ပြီး အလားတူ လှည့်ကွက်ကို ထပ်မံအသုံးပြုရန် ဆုံးဖြတ်လိုက်လေသည်။
“မင်းတို့ဘာလုပ်နေကြတာလဲ... မင်းတို့ နှစ်ယောက် ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ...”
ချန်ကျဲဟန်မှာ ဒေါသထွက်နေလေသည်။ ယွင်ရှောင်ထျန်းနှင့် အိမ်ရှေ့စံမင်းသားတို့သည် သူ သတိလစ်မသွားစေရန် တစ်ဖက်တစ်ချက်မှ တက်ကြွစွာ ထိန်းကိုင်ပေးထားကြလေသည်။
ယွင်ရှောင်ထျန်းက အကျင့်ယုတ်စွာ ပြုံးဖြီးဖြီးလုပ်ကာ မေးလိုက်လေသည်။
“အမတ်ချန်... ကျောက်ကပ်အားနည်းတဲ့ရောဂါ ထပ်ခံစားနေရပြန်ပြီလား...”
“အမတ်ချန်က တုံလင်နိုင်ငံရဲ့ မဏ္ဍိုင်တစ်ခု ဖြစ်တာကြောင့် ငါတို့အနေနဲ့ သူ့ကို ဂရုစိုက်မှု ပြသရမှာက သဘာဝပဲ...”
အိမ်ရှေ့စံမင်းသား၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားသော်လည်း သူ၏ မျက်ဝန်းများထဲတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်တစ်ခု လင်းလက်သွားလေသည်။ သူ၏ လေသံမှာ စိုးရိမ်ပူပန်နေပုံပေါက်သော်လည်း တကယ်တမ်းတွင်မူ ကျီစယ်မှုများ ရောနှောနေလေသည်။
ချန်ကျဲဟန်သည် ရှက်ရွံ့မှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှု နှစ်မျိုးစလုံးကို ခံစားလိုက်ရသဖြင့် မျက်နှာ နီမြန်းသွားလေသည်။ သူ တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်ချိန်မှာပင် ယွင်ဟွား၏ အတွေးများက ထပ်မံ ထွက်ပေါ်လာပြန်လေသည်။
“နေပါဦး... သူ ထပ်ပြီး သတိလစ်တော့မလို့လား... ရောဂါ ထပ်ဖောက်လာပြန်ပြီလား..”
ယွင်ဟွားသည် အဝေးသို့ ရောက်ရှိသွားသော သူမ၏ အချစ်တော်လေးကို တွေးမိလိုက်ပြီး သူမ၏ သေးသိမ်သော မနာလိုမှုက လွှမ်းမိုးသွားလေသည်။
“ဟွန့်... နင်က ငါ့ရဲ့ အခွင့်အရေးကို လုယူသွားတယ်... နင့် တစ်ဘဝလုံး ကျောက်ကပ်အားနည်းရောဂါ ခံစားရပါစေလို့ ငါ ဆုတောင်းတယ်... အဲ့ရောဂါကလည်း ကုလို့မရတဲ့ အမျိုးအစားဖြစ်ပါစေ…”
ဤစကားကို ကြားသောအခါ ချန်ကျဲဟန်သည် သူ၏ စိတ်ထဲတွင် ညည်းတွားလိုက်မိသည်။
သူ၌ ကျောက်ကပ်အားနည်းရောဂါ မရှိပါ…။
သူ၌ ကျောက်ကပ်အားနည်းရောဂါ မရှိပါ...။
ထိုသို့ဆိုလျှင် ဤအကြောင်းအရာကို ကျော်ဖြတ်ရန် အဘယ်ကြောင့် ဤမျှ ခက်ခဲနေရသနည်း။
ယွင်ဟွားက ထိုစကားများကို ရေရွတ်ပြီးသည်နှင့် တစ်ပြိုင်နက် ရှင်ခြင်းသေခြင်းစာအုပ် ပြန်ရောက်လာကာ ငိုယိုလိုက်လေသည်။
“ပန်းကလေး... ငါတော့ ဒုက္ခရောက်ပြီ ထင်တယ်... အဲ့ခွေးအိုကြီး ဖွင့်ဟလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ငါ့ရဲ့ စာအုပ်ထဲမှာ ဘာမှတ်တမ်းမှမရှိဘူး... ပြီးတော့ ဟယ်ရှင်းက နောက်ထပ် နှစ်နှစ်ကြာမှ သူရဲ့ ကိုယ်ပိုင်အမှားတွေကို ဖွင့်ဟမှာ... အဲ့အခါမှသာ ဧကရာဇ်က သူရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး သူ့ကို ခေါင်းဖြတ်ကွပ်မျက်မှာ..”
ထိုကဲ့သို့သော ရလဒ်နှစ်ခု ထွက်ပေါ်လာပြီးနောက် ရှင်ခြင်းသေခြင်းစာအုပ်မှာ ထိတ်လန့်သွားလေသည်။
ဤသည်ကို ကြားသောအခါ ယွင်ဟွားသည်လည်း စိုးရိမ်ပူပန်နေပုံ ပေါ်လေသည်။
“ရှောင်ရှူးရှူး... နင် နေမကောင်းလို့လား...”
ရှင်ခြင်းသေခြင်းစာအုပ်သည် ၎င်း၏ အကြောင်းအရာများကို စစ်ဆေးကြည့်ပြီးနောက် ခေါင်းယမ်းကာ ပြန်လည်ဖြေကြားလိုက်လေသည်။
“မဟုတ်ပါဘူး... ပုံမှန်အတိုင်းပါပဲ..”
ယွင်ဟွားမှာ အံ့အားသင့်သွားလေသည်။
ဤအရာက ထူးဆန်းနေတယ် မဟုတ်လား...။
ယွင်ဟွားနှင့် စာအုပ်လေးတို့သည် အချိန်အတန်ကြာ စဉ်းစားခဲ့သော်လည်း အဖြေရှာ၍ မရနိုင်သေးချေ။
သို့သော်လည်း သူတို့သည် ပူပင်သောကကင်းသူများ ဖြစ်ကြပြီး အရာရာတိုင်းသည် အချိန်တန်လျှင် သူ့အလိုလို ပြေလည်သွားလိမ့်မည်ဟု ယုံကြည်ထားသဖြင့် ဆက်လက်၍ ဂရုမစိုက်တော့ချေ။
ချန်ကျဲဟန်သည် ကိစ္စပြီးဆုံးသွားပြီဟု ထင်မှတ်ကာ သက်ပြင်းတစ်ချက်ချရန် ပြင်လိုက်သော်လည်း ယွင်ဟွားက သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက် လုံးဝမရှိကြောင်း သူ မသိခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူသည် သူမ၏ အစီအစဉ်များကို နှစ်ကြိမ်တိုင်တိုင် ဖျက်ဆီးခဲ့သောကြောင့်ပင်။
“ရှောင်ရှူးရှူး...ဒါဆိုရင်လည်း အဲ့အထဲမှာ ငါ့ကို ရယ်မောစေတဲ့ သူ့ရဲ့ အတင်းအဖျင်းတွေ ရှိမရှိ ရှာကြည့်လိုက်စမ်း... ငါ့ဒေါသတွေကို ဖြေဖျောက်ရန် လိုအပ်တယ်…”
ချန်ကျဲဟန်ခမျာ ထပ်မံ၍ မူးဝေသွားသလို ခံစားလိုက်ရလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်သည် သူ့ကို လှမ်းကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားလေသည်။
“ဟင်... ဒီနေ့မနက် ညီလာခံက မနေ့ကထက် ပိုကြာတာတောင် သူ မူးမသွားဘူးပဲ... သူရဲ့ ကျောက်ကပ်လုပ်ဆောင်ချက်တွေက တိုးတက်လာတာလား..”
ချန်ကျဲဟန်...။
သူသည် သူ၏ တစ်ဘဝလုံး “ကျောက်ကပ်အားနည်းခြင်း” ဆိုသည့် စကားလုံးဖြင့် နှိပ်စက်ခံရလိမ့်မည်ဟု ခန့်မှန်းလိုက်မိလေသည်။
မူလက မနက်ခင်းညီလာခံသည် ဟယ်ရှင်း၏ အချိန်ဆွဲမှုအပြီးတွင် ပြီးဆုံးသွားသင့်သော်လည်း အမတ်များသည် အတင်းအဖျင်း နားထောင်လိုကြသဖြင့် အသေးအဖွဲ ကိစ္စအမျိုးမျိုးကို ဆွေးနွေးရန် တင်ပြလာကြလေသည်။ အကယ်၍ ဤသို့သော အဖြစ်အပျက်မျိုးသာ ယခင်က ဖြစ်ခဲ့ပါက ဧကရာဇ်သည် သေချာပေါက် ဒေါသထွက်နေမည် ဖြစ်သည်။
သို့သော်လည်း အချိန်ကာလများ ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး ယခုအခါ ဧကရာဇ်ကိုယ်တိုင်ပင် ဇာတ်လမ်းများ ဖြစ်ပေါ်လာသည်ကို စောင့်ကြည့်လိုနေလေသည်။
သို့သော် ဒုက္ခရောက်သူများမှာ သူတို့၏ အတွင်းစိတ်အသံများကို မကြားနိုင်သော အမတ်များသာ ဖြစ်လေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် ယခင်က ညီလာခံတက်ရန် မုန်းတီးခဲ့သော်လည်း ယခုအခါတွင်မူ ဤအမတ်ယွင်လေးသည် သူ၏ ပျော်ရွှင်မှု အရင်းအမြစ်ဖြစ်ကြောင်း ခံစားနေရလေသည်။
ချန်ကျဲဟန်သည် ဧကရာဇ်ထံသို့ အကူအညီတောင်းခံသည့် အချက်ပြမှုများ ရေတွက်မရအောင် ပေးပို့ခဲ့သော်လည်း ဧကရာဇ်ဝမ်ရွှမ်းက ၎င်းတို့အားလုံးကို လျစ်လျူရှုထားလေသည်။
ချန်ကျဲဟန်သည် သူ၏ ကံကြမ္မာကို လက်ခံလိုက်ရလေပြီ။
ယွင်ဟွား၏ စိတ်ထဲတွင် ရှင်ခြင်းသေခြင်းစာအုပ်က ကွက်ကွက်ကွင်းကွင်း ပြန်လည်ပြောပြနေလေသည်။
“ပန်းလေး... အဲ့အမတ်ချန်က အပြင်ပန်းမှာတော့ အရမ်းကို လေးနက်ပြီး အသေးစိတ်ကျတဲ့သူ တစ်ယောက်လို ထင်ရပေမယ့် အိမ်မှာတော့ မိန်းမကြောက်တဲ့သူ ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး…”
“မနေ့က သူ အရမ်းအလုပ်များနေလို့ ခြေထောက်မဆေးမိတဲ့အတွက် သူ့မိန်းမက သူ့ကို ကုတင်ပေါ်မှာ အိပ်ခွင့်မပေးဘဲ ကန်ချလိုက်တယ်... သူကတော့ တစ်ညလုံး ကြမ်းပြင်ပေါ်မှာ သနားစရာကောင်းလောက်အောင် အိပ်ခဲ့ရတယ်…”
ချန်ကျဲဟန်၏ မျက်နှာမှာ ရဲရဲနီသွားပြီး ယွင်ရှောင်ထျန်းမှာမူ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်အထိ ရယ်မောနေလေသည်။ ချန်ကျဲဟန်သည် ရှေ့သို့တက်သွားပြီး ထိုလူလည်အိုကြီး၏ ပါးစပ်ကို ပိတ်ပစ်လိုက်ချင်စိတ် ပေါက်သွားလေသည်။
လူတိုင်းက ချန်ကျဲဟန်အား တိတ်တဆိတ် အကဲခတ်လိုက်ကြလေသည်။
ကျွတ် ကျွတ် ကျွတ်...။
တရားရေးဝန်ကြီးဌာနကို တာဝန်ယူထားရသော အမတ်ချန်သည် တကယ်တမ်းတွင် မိန်းမကြောက်သူ ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ယွင်ဟွားမှာ အနည်းငယ် အံ့အားသင့်သွားလေသည်။
“ရှောင်ရှူးရှူး... သူက ငါ့အဖေနဲ့ ကွက်တိပဲ... သူတို့နှစ်ယောက်စလုံးက မိန်းမကို ဒေါသထွက်အောင်လုပ်ပြီး ကုတင်ပေါ်ကနေ ကန်ချခံရပြီး ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရတာချည်းပဲ..”
ယွင်ရှောင်ထျန်း၏ အပြုံးများက အေးခဲသွားလေသည်။
ဤတစ်ကြိမ်တွင်မူ ချန်ကျဲဟန်၏ အလှည့်ဖြစ်ပြီး သူက ယွင်ရှောင်ထျန်းအား ကျီစယ်လိုသော အမူအရာဖြင့် ကြည့်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
“ထပ်တူထပ်မျှပါပဲ... ထပ်တူထပ်မျှပါပဲ...”
ယွင်ရှောင်ထျန်း၏ မျက်နှာမှာ ရဲရဲနီသွားပြီးနောက် ပြာနှမ်းသွားကာ သူ၏ စိတ်ထဲတွင်မူ ယွင်ဟွားအား ခေါင်းအစ ခြေအဆုံး ကျိန်ဆဲနေလေသည်။
*သမီးက ချန်ကျဲဟန်ရဲ့ အရှုပ်တော်ပုံတွေကို ဖော်ထုတ်လို့ရပေမယ့် ဖအေဖြစ်သူရဲ့ နာမည်ကို ဘာဖြစ်လို့ ဆွဲထည့်နေရတာလဲ…*
အမတ်များအားလုံးမှာ ရယ်ချင်စိတ်ကို အတင်းအောင့်ထားရပြီး အမတ်ယွင်သည်လည်း ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ကြချေ။
ချန်ကျဲဟန်သည် ယွင်ရှောင်ထျန်းအား လှောင်ပြောင်နေဆဲဖြစ်စဉ် မထင်မှတ်ဘဲ ရှင်ခြင်းသေခြင်းစာအုပ်ထံမှ အထိတ်တလန့် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။
“ဒုက္ခပါပဲ... ပန်းကလေး... သူရဲ့ မိန်းမ လမစေ့ဘဲ မီးဖွားတော့မယ်...”
ဤစကားများ ထွက်ပေါ်လာလေသည်။
ချန်ကျဲဟန်၏ မျက်နှာမှာ ချက်ချင်းပင် သွေးဆုတ်သွားသကဲ့သို့ ဖြူလျော့သွားပြီး ယခင်က ရှိနေခဲ့သော လှောင်ပြောင်လိုသည့် အမူအရာမှာလည်း လုံးဝ ပျောက်ကွယ်သွားလေသည်။
သူ၏ ဇနီးသည် နောက်လမှသာ မီးဖွားရမည် ဖြစ်သောကြောင့် မည်သို့... မည်သို့ ဤသို့ ဖြစ်နိုင်မည်နည်း။
ချန်ကျဲဟန်သည် မည်သို့ ဖြစ်ပျက်နေသည်ကို စဉ်းစား၍ မရမီမှာပင် ယွင်ဟွားက မေးလိုက်လေပြီ။
“ဘာဖြစ်လို့လဲ..”
“ဘာဖြစ်ရမှာလဲ... သူ လုပ်ကြံခံလိုက်ရတာ... အရာအားလုံးက မမွေးဖွားလာသေးတဲ့ သူရဲ့ သမီးလေးကို လဲလှယ်ပစ်ဖို့ပဲ…”
ချန်ကျဲဟန်မှာ အံ့အားသင့်သွားလေသည်။
*သမီးလေး…*
*သူ အချိန်ကြာမြင့်စွာ စောင့်မျှော်ခဲ့ရသော သမီးလေး ရောက်လာခဲ့ပြီ*
*သေစမ်း…*
တစ်စုံတစ်ဦးက သူ၏ အငယ်ဆုံးသမီးလေးကို လဲလှယ်လိုနေသဖြင့် ချန်ကျဲဟန်သည် နန်းတွင်းစည်းမျဉ်းများကိုပင် ဂရုမစိုက်နိုင်တော့ချေ။ သူသည် ရှေ့သို့ အပြေးအလွှားသွားကာ အော်ဟစ်လိုက်လေသည်။
“အရှင်မင်းကြီး… ကျွန်တော်မျိုး ရုတ်တရက် အလွန်အမင်း စိုးရိမ်ထိတ်လန့်မှုကို ခံစားနေရပါတယ်... ကျွန်တော်မျိုးကို အိမ်တော်သို့ ချက်ချင်း ပြန်ခွင့်ပြုတော်မူပါ...”
အခန်း (၁၂) ရထားလုံးတိုက်မိခြင်းနှင့် ယွင်ဟွားမှ သမီးအရင်းကို ကယ်တင်ခြင်း
ဧကရာဇ်ဝမ်ရွှမ်းသည် အခြေအနေ၏ အရေးတကြီးဖြစ်မှုကို သတိပြုမိသဖြင့် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
ချန်ကျဲဟန်သည် အလျင်စလို ဒူးထောက်ကာ ကျေးဇူးတင်စကား လျှောက်တင်ပြီးနောက် လှည့်ကာ ညီလာခံခန်းမထဲမှ ပြေးထွက်သွားလေသည်။
“မဟုတ်ဘူး... သူက သူ့သမီးနဲ့ သွေးသားဆက်စပ်နေလို့ သမီးဖြစ်သူ တစ်ခုခုဖြစ်တော့မယ်ဆိုတာကို သိနေတာပဲ…”
ချန်ကျဲဟန်၏ စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာကို ကြည့်ကာ ယွင်ဟွားမှာ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
ထိုစဉ် သူမသည် တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားပြီး စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်လေသည်။
“ဒုက္ခပါပဲ... ဧကရာဇ်က ဘာဖြစ်လို့ ညီလာခံကို မသိမ်းသေးတာလဲ... ငါက သူရဲ့ ခြံစည်းရိုးကို ကျော်ပြီး သွားကြည့်ချင်သေးတယ်... ခုထက် ပိုနောက်ကျသွားရင် အချိန်မီမှာ မဟုတ်တော့ဘူး...”
ချန်ကျဲဟန်သည် ညီလာခံခန်းမထဲမှ ထွက်ခွာရန် ခြေလှမ်းပြင်လိုက်ချိန်မှာပင် ခြေခေါက်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားလေသည်။
ယွင်ရှောင်ထျန်းသည် သူ၏ ပြဿနာရှာတတ်သော သမီးဖြစ်သူအား ရိုက်ပုတ်ချင်စိတ် ပေါက်သွားသော်လည်း သူမပြောသော စကားများမှာ ယုတ္တိရှိသည်ဟု ခံစားလိုက်ရလေသည်။ သူသည် ရှေ့သို့တက်ကာ လက်နှစ်ဖက်ကို ယှက်၍ လျှောက်တင်လိုက်လေသည်။
“အရှင်မင်းကြီး... အမတ်ချန် ဒီလောက်အလျင်လိုနေတာကို ကြည့်ရရင် အိမ်တော်မှာ ပြဿနာတစ်ခုခုရှိနေမှာ သေချာလှတယ်... ကျွန်တော်မျိုး သူ့နောက်ကို လိုက်သွားသင့်တယ်လို့ ထင်ပါတယ်...”
သူသည် ဇာတ်လမ်းသွားကြည့်ချင်သည့် သူ၏ ဆန္ဒကို လုံးဝ ငြင်းဆိုထားလေသည်။
အမတ်များသည်လည်း ပါဝင်ပတ်သက်လိုစိတ်များဖြင့် ယားယံနေကြလေသည်။
“အဖေ... အဖေက တကယ့်ကို အံ့မခန်းပဲ..”
ယွင်ဟွားမှာ လွန်စွာ ဝမ်းသာအားရဖြစ်သွားပြီး သူမ၏ ဖခင်သည် ယခင်ကထက် ပို၍ အားကိုးရသည်ဟု ခံစားလိုက်ရလေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် ညီလာခံအောက်ဘက်ရှိ သူ၏ အမတ်များထံမှ မျှော်လင့်တကြီး ကြည့်နေသော အကြည့်များကို သည်းမခံနိုင်တော့သဖြင့် လက်ဝှေ့ယမ်းကာ မိန့်ကြားလိုက်လေသည်။
“ညီလာခံသိမ်းပြီ...”
မိန့်ကြားပြီးသည်နှင့် တစ်ပြိုင်နက် လူတိုင်းက ဧကရာဇ်၏ ကျေးဇူးတော်ကို ချီးမွမ်းရန် ဒူးထောက်လိုက်ကြပြီး ယွင်ဟွားသည် ညီလာခံခန်းမထဲမှ တန်းတန်းမတ်မတ် ပြေးထွက်သွားလေသည်။
ထိုတိုတောင်းလှသော ခြေတံလေးများသည် ပြေးလွှားနေစဉ် ဝေဝါးသွားသည်အထိ မြန်ဆန်လှလေသည်။
မျက်နှာပျက်မည်ကို စိုးရိမ်သဖြင့် အမတ်များသည် အမတ်ငယ်ယွင်ကဲ့သို့ ရူးသွပ်စွာ မပြေးနိုင်ကြသော်လည်း သူတို့သည် ပုံမှန်ထက် များစွာ ပို၍ မြန်ဆန်စွာ လမ်းလျှောက်သွားကြလေသည်။
ညီလာခံခန်းမမှ ထွက်ခွာလာပြီးနောက် ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ ပုံမှန် တည်ငြိမ်သော ဟန်ပန်ကို စွန့်လွှတ်လိုက်ပြီး သူ၏ဘေးရှိ အထိန်းတော်ချောင်အား အလျင်စလို အမိန့်ပေးလိုက်လေသည်။
“မြန်မြန်... ငါ့အတွက် သာမန်ဝတ်စုံကို အမြန်ဆုံး ပြင်ဆင်စမ်း...”
အကယ်၍ ဇာတ်လမ်းကို စောင့်ကြည့်ရန် စိတ်အားထက်သန်မှု မရှိပါက ပျော်ရွှင်မှု၏ ထက်ဝက်ကို လက်လွတ်ဆုံးရှုံးရမည်သာ ဖြစ်လေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် ပြင်ဆင်မှု ပြီးစီးပြီးနောက် နန်းတော်မှ ထွက်ခွာလာချိန်မှာပင် အိမ်ရှေ့စံသည် အရှေ့နန်းဆောင်မှ ခိုးကြောင်ခိုးဝှက် ထွက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။
သူတို့နှစ်ယောက်သား...။
အခြားတစ်ဖက်တွင်မူ...။
ယွင်ဟွားသည် သူမ၏ ရထားလုံးပေါ်သို့ ခုန်တက်လိုက်သည်နှင့် တစ်ပြိုင်နက် ရထားထိန်းအား အလျင်စလို အော်ဟစ်လိုက်လေသည်။
“မြန်မြန်... အမတ်ချန်ကျဲဟန်ရဲ့ အိမ်တော်ကို အမြန်သွား...”
ထို့နောက် သူမသည် ယွင်ရှောင်ထျန်းက သူမနောက်သို့ လိုက်လာသည်ကို လုံးဝ မေ့လျော့သွားပုံရလေသည်။
သူ၏ရှေ့တွင် ကျန်ရစ်ခဲ့သည်မှာ ရထားလုံးတစ်စီး၏ အထီးကျန်ဆန်လှသော မြင်ကွင်းလေးသာ ဖြစ်လေသည်။
*အို့…*
သူမက တကယ့်ကို သူ၏ သမီးလိမ္မာလေးပင် ဖြစ်လေသည်။
စတုတ္ထသခင်မလေးတွင် အရေးတကြီး လုပ်စရာရှိသည်ဟု ထင်မှတ်ကာ ရထားထိန်းသည် ဖြတ်လမ်းမှ မောင်းနှင်ပြီး ချန်အိမ်တော်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။
ရထားလုံးမှာ မြန်ဆန်သော်လည်း ရထားထိန်းသည် လွန်စွာကျွမ်းကျင်လှသဖြင့် ယွင်ဟွားသည် အလွန် သက်တောင့်သက်သာ လိုက်ပါသွားရလေသည်။
ကျယ်လောင်သော ဝုန်းခနဲ အသံကြီးနှင့်အတူ...။
ရထားလုံးနှစ်စီး တိုက်မိသွားပြီး ယွင်ဟွားမှာ ရထားလုံးထဲတွင် လိမ့်ကျသွားလေသည်။
“သခင်မလေး... အဆင်ပြေရဲ့လား...”
ယွင်ဟွားက အဆင်ပြေကြောင်း ပြသသည့်အနေဖြင့် ခေါင်းယမ်းပြလိုက်လေသည်။
ယွင်ဟွားအား တွဲထူပေးပြီးနောက် ထောင်ကျီက ရထားလုံး၏ လိုက်ကာကို မတင်လိုက်လေသည်။
မျက်နှာထား ကြမ်းတမ်းသော အဘွားအိုတစ်ဦးက တစ်ဖက်ရထားလုံးထဲမှ ဆင်းလာပြီး ထောင်ကျီနှင့် ရထားထိန်းအား ဒေါသတကြီး စိုက်ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
“နင်တို့ ဘယ်လိုမောင်းနေတာလဲ... နင်တို့မှာ မျက်လုံးမပါဘူးလား...”
ထောင်ကျီသည် ရထားထိန်း၏ အခြေအနေကို အရင်ကြည့်လိုက်ရာ သူ အဆင်ပြေသည်ကို မြင်သောအခါ မျက်နှာချင်းဆိုင်ရှိ အဘွားအိုထံသို့ အာရုံစိုက်လိုက်လေသည်။
စူးရှပြီး ရက်စက်မည့်ပုံပေါက်သော မျက်နှာထားဖြင့် ထိုအဘွားအိုမှာ လုံးဝ လူကောင်းတစ်ယောက်နှင့် မတူချေ။
ထို့အပြင် သူမမှာ မျက်ကန်းမဟုတ်သဖြင့် ပြဿနာကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်လေသည်။
ထောင်ကျီသည် ခါးထောက်ကာ နောက်မဆုတ်ဘဲ ပြန်လည် ချေပလိုက်လေသည်။
“ရှင်တို့ရဲ့ ရထားလုံးက ရမ်းကားစွာ မောင်းလာတာ ရှင်းနေတာကို ရှင်က ငါတို့ကို အပြစ်တင်ရဲသေးတယ်ပေါ့...”
ထောင်ကျီတွင် အင်အားပါသော ဟန်ပန်ရှိသည်ကိုမြင်ပြီး တစ်ဖက်လူ၏ ရထားလုံးနှင့် ဝတ်စားဆင်ယင်မှုကို အကဲခတ်ပြီးနောက် ဤသူများကို မိမိအနေဖြင့် ပြဿနာမရှာသင့်ကြောင်း အဘွားအိုက ခန့်မှန်းမိလိုက်လေသည်။ သူမတွင် မပြီးပြတ်သေးသောကိစ္စများ ရှိနေသေးသည်ကို ထည့်တွက်ကာ သူမသည် ပြဿနာမကြီးကျယ်စေရန် ဆုံးဖြတ်လိုက်လေသည်။
သူမသည် အနည်းငယ် အရိုအသေပေးလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်လေသည်။
“သခင်မလေး… ဒါက နားလည်မှုလွဲတာ ဖြစ်နိုင်ပါတယ်... ကျွန်မတို့အားလုံး အလျင်လိုနေကြတာမလို့ ဒီကိစ္စကို ဒီလောက်ပဲ ထားလိုက်ကြပါစို့... ကျွန်မတို့မှာ အရေးတကြီး လုပ်စရာတွေရှိနေလို့ ဒီအငြင်းပွားမှုကို ဆက်လုပ်ဖို့ တကယ့်ကို အဆင်မပြေလို့ပါ...”
ဤမျှနှင့်သာ ထားလိုက်ကြပါစို့ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။
ထောင်ကျီ၏ မျက်ခုံးများ ဒေါသကြောင့် စုကြုံ့သွားလေသည်။ ၎င်းမှာ ရှင်းလင်းစွာပင် သူတို့၏ အမှားဖြစ်နေပြီး တစ်ဖက်လူသည် ကိစ္စကို ပြေလည်အောင် မဖြေရှင်းမီ တောင်းပန်စကား တစ်ခွန်းမျှပင် မဆိုခဲ့ချေ။
ထိုသို့လွယ်လွယ် ပြီးသွားမည်ဟု တွေးတောင် မတွေးနှင့်လေ။
လိုက်ကာ၏ ကွက်လပ်ကြားမှတစ်ဆင့် ထိုအဘွားအို၏ အပြုအမူနှင့် ဟန်ပန်မှာ ထူးဆန်းနေသည်ကို ယွင်ဟွား သတိပြုမိလိုက်ပြီး သူမသည် ထိတ်လန့်တကြားဖြစ်ကာ အမြန်ထွက်ခွာလိုနေပုံ ပေါ်လေသည်။
ထောင်ကျီ နောက်တစ်ကြိမ် စကားမပြောနိုင်မီမှာပင် သူမနှင့် သူမ၏ အစေခံတို့သည် အခြားရထားလုံးထဲမှ ကလေးငိုသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။
ယွင်ဟွားမှာ အံ့အားသင့်သွားပြီး ထိုအရာကို သူမ မစဉ်းစားနိုင်မီမှာပင် ရှင်ခြင်းသေခြင်းစာအုပ်၏ အသံက အလျင်စလို ထွက်ပေါ်လာလေသည်။
“ပန်းကလေး... အဲ့ရထားလုံးထဲက ကလေးမလေးက အမတ်ချန်ရဲ့ မွေးကင်းစ သမီးလေးပဲ..”
“ဘုရားရေ…”
သူမ တစ်ခုခုနှင့် တိုးသွားသည်လား။
ယွင်ဟွားမှာ အသက်ရှူမှားသွားပြီး ပြောလိုက်လေသည်။
“အမတ်ချန် နောက်ကျသွားခဲ့ပြီ... သူရဲ့ သမီးလေးက လဲလှယ်ခံလိုက်ရတုန်းပဲ…”
ရှင်ခြင်းသေခြင်းစာအုပ်က အပြည့်အဝ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ သို့သော် ယခု သူတို့သည် ဤအခြေအနေနှင့် ကြုံတွေ့နေရပြီဖြစ်ရာ သူတို့၏ မူလကံကြမ္မာများအတိုင်း လိုက်နာသင့်သလား။ သို့မဟုတ်...
ဤသည်ကို တွေးမိသောအခါ ၎င်းက မမေးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
“ပန်းကလေး... နင် ကူညီပေးမှာလား...”
“ဘာဖြစ်လို့ မကူညီရမှာလဲ…”
ယွင်ဟွားက တုံ့ဆိုင်းမှုမရှိဘဲ ပြန်ဖြေလိုက်လေသည်။ သူမ အမုန်းဆုံးအရာမှာ ကလေးများကို လဲလှယ်ပစ်ခြင်းပင် ဖြစ်လေသည်။ ငရဲပြည်တွင် သူမ တာဝန်ထမ်းဆောင်နေစဉ်က အစစ်အမှန်နှင့် အတုအယောင် အမွေဆက်ခံသူများ၏ စိတ်လှုပ်ရှားဖွယ်ကောင်းသော ဇာတ်လမ်းများကို သူမ အများအပြား မြင်တွေ့ခဲ့ရဖူးလေသည်။
သူမသည် ထောင်ကျီနှင့် ရထားထိန်းအား အခြားရထားထိန်းနှင့် ဝေးရာသို့ တိတ်တဆိတ် ခေါ်သွားပြီး သူမ လုပ်ဆောင်ရန် လိုအပ်သည်များကို တိုးတိုးလေး ပြောပြလိုက်လေသည်။
ထောင်ကျီနှင့် ရထားထိန်းတို့သည် သဘာဝကျစွာပင် ယွင်ဟွား၏ အတွေးများကို ကြားသိခဲ့ရပြီး ယခုအခါတွင် သူတို့ လှုပ်ရှားရန် အခွင့်အရေးကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြလေသည်။
ကလေးထိန်းသည် ကလေးကို ပြန်သိပ်ပြီးနောက် တစ်ဖက်သခင်မလေး ယွင်ဟွားက ထပ်မံ ပြဿနာမရှာတော့သည်ကို မြင်သောအခါ သူမသည် အနည်းငယ် အရိုအသေပေးလိုက်ပြီး သူမဘေးရှိ လူများအား အမြန်ထွက်ခွာရန် ပြောလိုက်လေသည်။
သူတို့၏ ရထားလုံးများမှာ ယွင်ဟွား၏ ရထားလုံးထက် ညံ့ဖျင်းလေရာ ၎င်းတို့မှာ ပျက်စီးနေခဲ့ပြီ ဖြစ်လေသည်။
ယခုအခါ သူတို့သည် ဤပြဿနာများလှသော နေရာမှ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားလိုကြလေသည်။
သူတို့သည် ယွင်ဟွားနှင့် အခြားသူများ၏ ရထားလုံးအနီးသို့ ချဉ်းကပ်လာချိန်တွင် ထောင်ကျီက သူမ၏ ရင်ခွင်ထဲမှ ကလေးကို လျင်မြန်စွာ လုယူကာ ဘေးသို့ ဖယ်ထွက်သွားလေသည်။
ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ်ရတနာများ ရှိနေသော ယွင်ဟွားသည် လုံးဝ ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။ သူမသည် စောစောက ဖွက်ထားသော ကျောက်ခဲကို ထုတ်ယူကာ ထိုအဘွားအို အံ့အားသင့်နေချိန်တွင် သူမ၏ ခေါင်းပေါ်သို့ ထုချလိုက်လေသည်။
ဒုန်း...။
အဘွားအိုမှာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားပြီး ပြန်မထနိုင်တော့ချေ။
တစ်ချိန်တည်းမှာပင် ရထားထိန်းက အခြားရထားထိန်းအား လျင်မြန်စွာ ဖြေရှင်းလိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ယွင်မိသားစု၏ အစေခံများဖြစ်ကြပြီး သူတို့အားလုံးမှာ ကိုယ်ခံပညာရပ်များကို လေ့ကျင့်ထားခဲ့ကြသူများ ဖြစ်လေသည်။
ယွင်ဟွားသည် ထောင်ကျီ၏ လက်ထဲမှ ကလေးငယ်ကို လွှဲယူလိုက်လေသည်။ ကလေးငယ်၏ မျက်နှာမှာ ပန်းရောင်သန်းနေပြီး အရေပြားများမှာ တွန့်လိပ်နေသဖြင့် အဘွားအိုလေးတစ်ဦးနှင့် တူနေလေသည်။
“အရမ်းအရုပ်ဆိုးတာပဲ...”
သူမက ရွံရှာစွာဖြင့် လက်ညှိုးတစ်ချောင်းကို ထုတ်ကာ ကလေး၏ ပါးပြင်ကို ထိုးဆွလိုက်လေသည်။
“သခင်မလေး... မွေးကင်းစကလေးတိုင်းက အဲ့လိုပါပဲ... အချိန်အတန်ကြာရင် ပိုကောင်းလာပါလိမ့်မယ်...”
ထောင်ကျီက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်ပြီး ကလေးကို တစ်ချက်ကြည့်ကာ ဤကဲ့သို့သော ကျေးဇူးရှင်ဖြစ်သည့် သူမ၏ သခင်မလေးနှင့် တွေ့ဆုံခွင့်ရသည်မှာ ကလေးအတွက် တကယ့်ကို ကံကောင်းလှသည်ဟု သက်ပြင်းချလိုက်လေသည်။
ယွင်ဟွားက သဘောမကျသည့်ဟန်ဖြင့် နှုတ်ခမ်းကို တွန့်လိုက်လေသည်။ သူမ မွေးကင်းစကလေးများကို ယခင်က မမြင်ဖူးသည်တော့ မဟုတ်ချေ။ သူမ၏ မောင်လေး ယွင်ချင်းဟန်မှာ ထိုစဉ်က ဝဖြိုးပြီး အသားဖြူဖွေးနေခဲ့လေသည်။
သို့သော်လည်း ဤကလေးငယ်မှာ လမစေ့ဘဲ တစ်လစော၍ မွေးဖွားလာခြင်းဖြစ်သည်ကို သူမ လုံးဝ မသိခဲ့ချေ။
အချိန်နီးကပ်လာပြီဖြစ်ကြောင်းကို မြင်သောအခါ ယွင်ဟွားက ညွှန်ကြားလိုက်လေသည်။
“ဒီနှစ်ယောက်ကို ကြိုးတုပ်ပြီး ချန်အိမ်တော်ကို ဆွဲသွားလိုက်... ကလေးကို ငါ အရင် ခေါ်သွားနှင့်မယ်...”
“ဘာတွေဖြစ်နေလဲဆိုတာကိုလည်း သွားကြည့်ရအောင်…”
ချန်အိမ်တော်။
ချန်ကျဲဟန်သည် အိမ်တော်သို့ အပြေးအလွှား ပြန်ရောက်လာချိန်တွင် သားဖွားဆရာမမှာ အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် ကလေးကို သူ၏ထံသို့ ကမ်းပေးလိုက်လေသည်။
“ဂုဏ်ယူပါတယ် သခင်ကြီး... ဂုဏ်ယူပါတယ် သခင်ကြီး... သခင်မက သမီးလေး တစ်ယောက် မွေးဖွားပါတယ်...”
ချန်ကျဲဟန်သည် အသံမထွက်ဘဲ သားဖွားဆရာမ၏ မျက်နှာအမူအရာကို အကဲခတ်ကြည့်လိုက်လေသည်။
“သခင်မ အခြေအနေ ဘယ်လိုရှိလဲ...”
“သခင်မက လမစေ့ဘဲ မီးဖွားခဲ့တာပါ... ဒါပေမယ့် သူမ အခု အဆင်ပြေနေပြီး အိပ်ပျော်သွားပါပြီ...”
ဤစကားကို ကြားသောအခါ ချန်ကျဲဟန်သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်သွားလေသည်။
ထို့နောက် သူသည် သူ၏ ရင်ခွင်ထဲရှိ ကလေးငယ်ကို ငုံ့ကြည့်လိုက်သော်လည်း သူနှင့်ဖြစ်စေ၊ သူ၏ ဇနီးနှင့်ဖြစ်စေ ဆင်တူသည့် အရာတစ်ခုမျှ ရှာမတွေ့ခဲ့ချေ။
သူ့နှလုံးသားမှာ လည်ချောင်းဝအထိ ခုန်တက်လာလေသည်။
ရုတ်တရက် သူ၏ အကြည့်များသည် သားဖွားဆရာမထံသို့ ထပ်မံ ကျရောက်သွားလေသည်။
အခန်း (၁၃) ချန်ကျဲဟန် ဒေါသထွက်ခြင်းနှင့် ယွင်ဟွားက သူ၏ သမီးကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်း
သားဖွားဆရာမသည် စူးစမ်းနေသော အကြည့်ကြောင့် လန့်ဖြန့်သွားကာ အေးခဲသွားလေသည်။
“သခင်ကြီး... ဒါဆို... ကျွန်မ လုပ်စရာဘာမှမရှိတော့ပါဘူး... ကျွန်မ ပြန်ခွင့်ပြုပါဦး...”
သားဖွားဆရာမသည် ခေါင်းငုံ့ကာ တံခါးဆီသို့ တုန်တုန်ယင်ယင် ဆုတ်ခွာသွားလေသည်။
ချန်ကျဲဟန်သည် သားဖွားဆရာမထံတွင် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသဖြင့် သူမ၏ လက်မောင်းကို ဖမ်းဆွဲကာ အားပြင်းပြင်း ဆွဲလိုက်ရာ သားဖွားဆရာမမှာ ယိုင်လဲသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။
“ရပ်စမ်း... မင်းက ဘာကို အထိတ်တလန့် ဖြစ်နေတာလဲ...”
“သခင်ကြီး... ကျွန်မ အထိတ်တလန့် မဖြစ်ပါဘူး... ကျွန်မ အနည်းငယ် ပင်ပန်းနေလို့ ပြန်ပြီးအနားယူချင်လို့ပါ...”
ချန်ကျဲဟန်က သူမ၏ အဓိပ္ပာယ်မရှိသော စကားများကို လုံးဝ မယုံကြည်ချေ။
“ဟွန့်... ပင်ပန်းနေတယ်ဟုတ်လား... မင်း တစ်ခုခုကို ဖုံးကွယ်ထားတယ်လို့ ငါ ထင်တယ်...”
တရားရေးဝန်ကြီးတစ်ဦးအနေဖြင့် သူသည် အမှုအခင်းပေါင်း မြောက်မြားစွာကို ကိုင်တွယ်ဖြေရှင်းခဲ့ဖူးပြီး ပြစ်မှုကျူးလွန်သူ အမျိုးအစားစုံလင်စွာကို မြင်တွေ့ခဲ့ဖူးလေသည်။ သဘာဝကျစွာပင် သူ၏ရှေ့ရှိ သားဖွားဆရာမ၏ ထူးဆန်းသော အပြုအမူများသည် သူ၏ အမြင်အာရုံမှ လွတ်ကင်းနိုင်မည် မဟုတ်ချေ။
ထို့အပြင် သားဖွားဆရာမ တစ်ယောက်တည်းက ဤမျှများပြားသော လူများရှေ့တွင် ကလေးများကို မည်သို့ လဲလှယ်နိုင်မည်နည်း။
သို့ဆိုလျှင် အိမ်တော်ထဲတွင် သူတို့နှင့် ပူးပေါင်းမည့်သူ တစ်ယောက်ယောက် သေချာပေါက် ရှိနေရမည် ဖြစ်လေသည်။
ချန်ကျဲဟန်သည် သူ၏ ဇနီးအား အလုပ်အကျွေးပြုသော အဘွားအိုယန်ထံသို့ သူ၏ အကြည့်များကို တစ်ဖန် လှည့်လိုက်လေသည်။ သူမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ရီသွားပြီး နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ထွက်ပေါ်လာကာ သူမ၏ လက်များသည် အဝတ်အစား၏ အနားသတ်ကို မသိမသာ ဆုပ်ကိုင်ထားမိသည်ကို သူ သတိပြုမိလိုက်လေသည်။
*မကောင်းတော့ဘူး*
ချန်ကျဲဟန်သည် သူ ဘာပြောနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။ သူသည် အခန်းထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားကာ တင်းမာသော အသံဖြင့် အမိန့်ပေးလိုက်လေသည်။
“လူတွေလာကြစမ်း... ချန်အိမ်တော် တစ်ခုလုံးကို ပိတ်ဆို့ထားလိုက်... ဘယ်သူမှ အဝင်အထွက် မလုပ်ရဘူး... တံခါးဝမှာ မသင်္ကာစရာလူတွေ ရှိမရှိ သွားစစ်ဆေးကြစမ်း...”
ဤစကားကို ကြားသောအခါ သားဖွားဆရာမနှင့် အဘွားအိုယန်တို့၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး သူတို့သည် တစ်ယောက်ကိုတစ်ယောက် အကဲခတ် ကြည့်လိုက်ကြကာ ထိန်းမနိုင်သိမ်းမရ တုန်ယင်နေကြလေသည်။
ချန်ကျဲဟန်သည် သူ၏ ရင်ခွင်ထဲရှိ ကလေးကို ဘေးနားရှိ အစေခံထံသို့ လှမ်းပေးလိုက်လေသည်။
သူသည် သူ၏သွေးသားမဟုတ်သော ကလေးတစ်ယောက်ကို ချီထားမည် မဟုတ်ချေ။
သူ၏ အငယ်ဆုံးသမီးလေးကို ဤရက်စက်ယုတ်မာသော မိန်းမက လဲလှယ်သွားခဲ့သည်ဟု တွေးမိသောအခါ ချန်ကျဲဟန်သည် မားမားယန်၏ ရင်ဘတ်ကို မကန်ဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
“ပြောစမ်း... ငါ့သမီးလေး အခုဘယ်မှာလဲ... မင်းတို့ သခင်မက ဘာဖြစ်လို့ လမစေ့ဘဲ မီးဖွားရတာလဲ...”
မားမားယန်မှာ အကန်ခံလိုက်ရသဖြင့် နာကျင်သော မျက်နှာအမူအရာဖြင့် ညည်းတွားလိုက်လေသည်။
ဘေးတွင် ရပ်နေသော သားဖွားဆရာမမှာမူ အလွန်ထိတ်လန့်သွားပြီး လုံးဝ တွေဝေမိုက်မဲသွားကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကျသွားလေသည်။
“ကျွန်မ ပြောပါ့မယ်... ကျွန်မ ပြောပါ့မယ်... အဘွားကြီးယန်လုပ်တာပါ... သူမ... သူမက ကျွန်မကို ငွေတုံးနှစ်ရာ ပေးခဲ့ပါတယ်... ပြီးတော့ သခင်မရဲ့ ကလေးကို မွေးပြီးတဲ့နောက် သူမကို စီစဉ်ဖို့ ပေးရမယ်လို့ ပြောခဲ့ပါတယ်... အဲ့နောက်မှာတော့ သူမက ဖွက်ထားတဲ့ ကလေးမလေးကို ယူလာပြီး သခင်မရဲ့ ကလေးဆိုပြီး ပြောခိုင်းခဲ့တာပါ...”
“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... မင်းတို့က တကယ့်ကို တော်ကြတာပဲ...”
ထိုအချိန်တွင် ချန်ကျဲဟန်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ၏ အံကြိတ်ကာ ကောင်းတယ်ဟူသော စကားလုံးကို သုံးကြိမ်တိုင်တိုင် ပြောလိုက်လေသည်။
သူသည် မီးတောက်များ မှုတ်ထုတ်တော့မည့်အလား သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် အဘွားကြီးယန်အား ကြမ်းပြင်ပေါ်မှ ဆွဲထူလိုက်လေသည်။
“ပြောစမ်း... မင်း ကလေးကို ဘယ်ကို ခေါ်သွားတာလဲ...”
အဘွားကြီးယန်မှာ ချန်ကျဲဟန်၏ ဒေါသတကြီး ဟန်ပန်ကြောင့် လွန်စွာထိတ်လန့်သွားပြီး မျက်နှာမှာ ဖြူလျော့သွားကာ ခြေထောက်များ အားပျော့သွားသဖြင့် မတ်တပ်ပင် ကောင်းကောင်း မရပ်နိုင်တော့ချေ။
“နောက်ဖေးပေါက်... နောက်ဖေးပေါက်မှာ... ကျွန်မတို့ကို စောင့်နေတဲ့သူ ရှိပါတယ်...”
ဤစကားကို ကြားသောအခါ ချန်ကျဲဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မားမားယန်အား ဘေးသို့ ကြမ်းတမ်းစွာ ပစ်ချလိုက်ကာ အော်ဟစ်လိုက်လေသည်။
“အစောင့်တို့... ဒီခွေးကျွန်နှစ်ကောင်ကို ဆွဲထုတ်သွားကြစမ်း...”
ချန်ကျဲဟန်၏ ယခုလက်ရှိ အရေးအကြီးဆုံးကိစ္စမှာ သူ၏ အငယ်ဆုံးသမီးလေးကို ရှာဖွေရန် ဖြစ်သောကြောင့် သူသည် သူ၏ အစေခံများကို ဦးဆောင်ကာ နောက်ဖေးပေါက်ဆီသို့ ပြေးသွားလေသည်။
နောက်မကျသေးဖို့သာ မျှော်လင့်ရတော့သည်။
သားဖွားဆရာမနှင့် အဘွားကြီးယန်တို့သည် အစေခံများ၏ ထင်းတဲသို့ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရပြီး အသံကုန်ဟစ်ကာ ငိုကြွေးနေကြလေသည်။
ချန်ကျဲဟန်သည် ခြံဝင်းထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဖိတ်ကြားမထားဘဲ ရောက်လာကြသော ယွင်ရှောင်ထျန်းနှင့် သူ၏ အုပ်စုကို မြင်လိုက်ရသဖြင့် သူ၏ ပါးစပ်မှာ ရွဲ့စောင်းသွားမတတ် ဖြစ်သွားလေသည်။
သို့သော်လည်း သူ ယခုအချိန်တွင် ဤအရာအတွက် စိတ်မပူနိုင်သေးချေ။
အငယ်ဆုံးသမီးလေးကို ရှာဖွေရန်က ပထမဦးစားပေးပင် ဖြစ်လေသည်။
သို့သော် နောက်ဖေးပေါက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ချန်ကျဲဟန်သည် သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
ထိုနေရာတွင် မည်သူမျှ မရှိသည့်အပြင် သရဲတစ်ကောင်ကိုပင် မမြင်ရချေ။
ယွင်ရှောင်ထျန်းသည် သူ၏ မျက်နှာအမူအရာကို မြင်သောအခါ ကလေး လဲလှယ်ခံလိုက်ရပြီဖြစ်ကြောင်းကို သိရှိလိုက်လေသည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး စောစောက ပွဲလာကြည့်သော သူ၏ သမီးငယ်လေး ဘယ်ရောက်သွားသနည်းဟု တွေးတောနေမိလေသည်။
ချန်ကျဲဟန်၏ ပထမဆုံးအတွေးမှာ ယွင်ဟွားပင် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အတွေးများမှတစ်ဆင့် သူ၏ အငယ်ဆုံးသမီးလေး ဘယ်မှာရှိနေသည်ကို သူ ရှာဖွေနိုင်သောကြောင့် ဖြစ်လေသည်။
သို့သော် လူအုပ်ကြားထဲတွင် လိုက်ရှာပြီးနောက် သူ မုန်းလည်း မုန်း၊ ချစ်လည်း ချစ်ရသော ထိုသူကို သူ ရှာမတွေ့ခဲ့ချေ။
“ငါ့သမီးလေး ဘယ်မှာလဲ...”
“မင်း သမီးလေး ဘယ်ရောက်သွားတာလဲ...”
သူတို့နှစ်ဦးသည် တစ်ချိန်တည်းမှာပင် ပြိုင်တူ ပြောလိုက်ကြပြီး တစ်ယောက်၏ မျက်ဝန်းထဲတွင် အခြားတစ်ယောက်က သံသယအရိပ်အယောင်များကို မြင်တွေ့လိုက်ကြလေသည်။
ချန်ကျဲဟန်သည် အလွန်စိုးရိမ်ပူပန်စွာဖြင့် သူ၏ ပေါင်ကို ရိုက်ချလိုက်လေသည်။ ယွင်ဟွားကို ရှာမတွေ့နိုင်သဖြင့် သူသည် ထိုခွေးကျွန်များကို နောက်တစ်ကြိမ် စစ်ဆေးမေးမြန်းရုံသာ ရှိတော့သည်။
ကလေးမလေးကို ချီလာသော ယွင်ဟွားသည် မူလက ပင်မတံခါးကြီးမှ ဝင်ရန် ရည်ရွယ်ထားသော်လည်း ယခုအခါ ချန်အိမ်တော်မှာ လူတိုင်းအတွက် ပိတ်ထားလေပြီ။ ရှင်ခြင်းသေခြင်းစာအုပ်၏ လမ်းညွှန်မှုဖြင့် သူမသည် ခွေးဝင်ပေါက်မှတစ်ဆင့် တွားသွား၍ ဝင်လာခဲ့လေသည်။
“ရှောင်ရှူးရှူး... နောက်တစ်ခါ ဒီထက် ပိုသင့်တော်တဲ့ နေရာကို ရွေးပေးလို့ မရဘူးလား…”
ရှင်ခြင်းသေခြင်းစာအုပ်မှာ အနည်းငယ် ဆွံ့အသွားပြီး ပြန်ပြောလိုက်လေသည်။
“နင့်ဘာသာနင် ကလေးချီပြီး ခြံစည်းရိုးကျော်ဖို့ ခက်တယ်ဆိုလို့လေ..”
ယွင်ဟွားမှာ စကားပြန်မပြောနိုင်တော့ဘဲ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။
သူမသည် ကံကြမ္မာကို လက်ခံလိုက်ပြီး ကလေးကို ပွေ့ချီကာ ချန်အိမ်တော်ထဲတွင် ဟိုဟိုဒီဒီ ပြေးလွှားနေလေသည်။
“နေပါဦး... အမတ်ချန်ရဲ့ ခြံဝင်းက ဘယ်မှာလဲ…”
ယွင်ဟွားက စိတ်ထဲတွင် ညည်းတွားလိုက်ရာ သူမ၏ အသံကို လူများကို စစ်ဆေးမေးမြန်းရန် အလျင်လိုနေသော ချန်ကျဲဟန်က ကြားသွားလေသည်။
သူသည် ခြေလှမ်းတန့်သွားပြီးနောက် လားရာကို ပြောင်းလဲလိုက်လေသည်။
*ငါ့ရဲ့ အချစ်တော်လေး…*
အမတ်ငယ်ယွင်၏ ကျောပြင်ကို မြင်သောအခါ ချန်ကျဲဟန်သည် သူမ မည်မျှ သဘောကောင်းကြောင်း ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရလေသည်။
“အမတ်ငယ်ယွင်... ဒီနေရာမှာ ဘာလုပ်နေတာလဲ...”
ချန်ကျဲဟန်သည် ယွင်ဟွားက ကူညီသူဖြစ်ကြောင်း သိသော်လည်း သူမကို သူ၏ သမီးလေး ဘယ်မှာလဲဟု တိုက်ရိုက် မမေးနိုင်ချေ။ သူသည် ယွင်ဟွားထံမှ သတင်းအချက်အလက်အချို့ကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ရယူရန် စဉ်းစားလိုက်လေသည်။
“အိုး... အိမ်တော်မှာ ပြဿနာတစ်ခုခု ဖြစ်နေလို့ပါ... ငါရဲ့ ဇနီးက လမစေ့ဘဲ မီးဖွားခဲ့ပြီး ငါ့တို့ရဲ့ သမီးလေးက အဲ့ရက်စက်တဲ့ ကလေးထိန်းကြောင့် လဲလှယ်ခံလိုက်ရပါတယ်... ငါ့လူတွေကို စစ်ဆေးမေးမြန်းဖို့ အလျင်လိုနေလို့... အားလုံးကို သေချာဂရုမစိုက်နိုင်တာ ခွင့်လွှတ်ပါ...”
ချန်ကျဲဟန်၏ အသံမှာ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။
သူသည် မျက်လုံးများကို ပွတ်ကာ လှည့်လာသော ယွင်ဟွား ချီထားသည့် ကလေးကို ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
*သူမက ဘယ်သူ့ကလေးကို ချီထားတာလဲ*
*ဖြစ်နိုင်ပါ့မလား…*
*ဒီကလေးက မွေးကတည်းက လဲလှယ်ခံလိုက်ရတဲ့ သူရဲ့သမီးလေးပဲ ဖြစ်ရမယ်*
သူ၏ အံ့အားသင့်နေသော မျက်နှာအမူအရာကို မြင်သောအခါ ယွင်ဟွားမှာ မျက်လုံးများ လှန်မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားပြီး သူမ၏ ရင်ခွင်ထဲရှိ ကလေးမလေးကို ကမ်းပေးလိုက်လေသည်။
“ရော့... အဲ့ရက်စက်တဲ့ ကလေးထိန်းက လဲလှယ်သွားခဲ့တဲ့ ရှင်ရဲ့ သမီးလေးကို ဒီအမတ်က ရှင့်အတွက် ပြန်ယူလာပေးခဲ့ပြီ...”
ချန်ကျဲဟန်သည် တုန်ယင်နေသော လက်များဖြင့် သူ၏ သမီးလေးကို လှမ်းယူလိုက်ပြီး သူ၏ မျက်လုံးများမှာ ချက်ချင်းပင် နီရဲသွားလေသည်။
ယွင်ရှောင်ထျန်းနှင့် အခြားသူများ ရောက်ရှိလာချိန်တွင် ယွင်ဟွား၏ စကားများကို တိုက်ဆိုင်စွာ ကြားလိုက်ရလေသည်။
“ဖအေတူသမီးပဲ... ဒီသခင်မလေးယွင်က ကြီးမြတ်ဖို့ ဖန်တီးခံထားရတာပဲ...”
“ဝန်ကြီးချုပ်ယွင်...ဒါက တကယ့်ကို ကောင်းချီးပေးခံရတာပါပဲ...”
ယွင်ရှောင်ထျန်းမှာ ချက်ချင်းပင် ဝင့်ကြွားသွားလေသည်။
ကြည့်စမ်း... ဤသည်မှာ တကယ့်ကို သူ၏ သမီးလိမ္မာလေးပင် ဖြစ်လေသည်။ သူမက ဖခင်ဖြစ်သူအား အလွန်ဂုဏ်ယူစေလေသည်။
ထိုအချိန်တွင် ယွင်ဟွားမှာ အမတ်များ ပင်လယ်ပြင်ကြီးလို ပြည့်နှက်နေသည်ကို ကြည့်ကာ အံ့သြမှင်တက်သွားလေသည်။
“ဟင်... သူတို့အားလုံးက ဒီနေရာကို ဘာလို့ ရောက်နေကြတာလဲ”
ချန်ကျဲဟန်သည် ယခုအခါ သူ၏ သမီးလေးနှင့်အတူ အပြည့်အဝ ကျေနပ်ရောင့်ရဲနေပြီး သူမကို ချီကာ “အိုး... အိုး... အိုး...” ဟု ချော့မြှူနေလေသည်။
သနားစရာ ယွင်ဟွားမှာ ခေါင်းမော့ကာ အထက်သို့ ကြည့်ရင်း သူမ၏ ဖခင်နှင့် ချန်ကျဲဟန်ကို တစ်လှည့်စီ ကြည့်နေမိလေသည်။
“နေပါဦး…”
အမတ်ချန်က ဘယ်လိုလုပ် ဤမျှ မျက်ကန်းဖြစ်ရတာလဲ။
ယွင်ဟွားမှာ ဒေါသထွက်သွားပြီး ပြောလိုက်လေသည်။
“ရှောင်ရှူးရှူး... ဒီလူဘာဖြစ်နေတာလဲ... သူက ငါ့ကို ဆုလာဘ် တစ်ခုလေးတောင် မပေးဘူး... ငါက သူ့သမီးကို ပြန်ရအောင် ဒုက္ခခံပြီး လုပ်ပေးခဲ့ရတာ... ပြီးတော့ အဲ့သူခိုး နှစ်ယောက်ကိုတောင် ဖမ်းပေးခဲ့သေးတာကို...”
“ငါသာ မရှိခဲ့ရင် သူရဲ့ သမီးလေး ဘယ်ရောက်နေမယ်မှန်းတောင် သိမှာမဟုတ်ဘူး…”
“ဘယ်သူကများ ငြင်းနိုင်မှာလဲ…”
ရှင်ခြင်းသေခြင်းစာအုပ်သည်လည်း နာကြည်းနေပုံ ပေါ်လေသည်။
သူ၏ သမီးငယ်လေးက ဆုလာဘ်ကို လိုချင်နေသောကြောင့် ယွင်ရှောင်ထျန်းသည် ဖခင်တစ်ဦးအနေဖြင့် သူ၏ တာဝန်ကို လုပ်ဆောင်ရမည်ဟု ခံစားလိုက်ရလေသည်။
ယွင်ရှောင်ထျန်းက ချန်ကျဲဟန်ကို တွတ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
“အမတ်ချန်... ကျုပ်ရဲ့ သမီးက ခင်ဗျားရဲ့ သမီးလေးအတွက် အများကြီး ဒုက္ခခံခဲ့ရတာ... ခင်ဗျား ကျေးဇူးတင်ကြောင်း ပြသသင့်တယ် မဟုတ်ဘူးလား...”
ယွင်ဟွား၏ မျက်လုံးများမှာ ချက်ချင်းပင် လင်းလက်သွားလေသည်။
“အဖေ... အဖေက ငါ့ဗိုက်ထဲက သန်ကောင်လား။ စိတ်ဖတ်တတ်တဲ့သူ တစ်ယောက်လိုပဲ... ငါ ဘာတွေးနေလဲဆိုတာ အဖေ ဘယ်လိုသိတာလဲ...”
ယွင်ရှောင်ထျန်း...။
*ငါ့ရဲ့သမီးလေး... မသင့်တော်တဲ့ အသုံးအနှုန်းတွေကို ကျေးဇူးပြုပြီး မသုံးပါနဲ့လား…*
*ဒါက သမီးကို... ယဉ်ကျေးမှုမရှိဘူးလို့ ထင်ရစေတယ်…*
ချန်ကျဲဟန်က ပေးရုံကလွဲလို့ ဘာပြောနိုင်တော့မည်နည်း။ ထို့အပြင် သူသည် အနည်းငယ်သာ ပေး၍ မရနိုင်ချေ။ သို့မဟုတ်ပါက သူမက သူ့ကို ခေါင်းကိုက်လာသည်အထိ ပွစိပွစိ ပြောနေမည်သာ ဖြစ်လေသည်။
ထိုအချိန်တွင် ချန်မိသားစု၏ အိမ်တော်ထိန်းသည် အပြင်ဘက်မှ စိုးရိမ်ပူပန်နေသော အမူအရာဖြင့် အပြေးအလွှား ဝင်လာလေသည်။
“သခင်ကြီး... သခင်မကျောက်က သခင်မ လမစေ့ဘဲ မီးဖွားတယ်ဆိုတာ ကြားလို့ လာရောက်မေးမြန်းတာပါ... သူမကို ဝင်ခွင့်ပြုလိုက်ရမလား...”
အခန်း (၁၄) သခင်မကျောက်၏ မနာလိုဝန်တိုမှု
“သခင်မကျောက်...”
ချန်ကျဲဟန် မျက်မှောင်ကြုတ်လိုက်လေသည်။
ထိုမိန်းမသည် အပြင်ပန်းတွင် လိမ္မာရေးခြားရှိပြီး စည်းကမ်းသေဝပ်ပုံရသော်လည်း တကယ်တမ်းတွင်မူ သူမ၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များစွာ ရှိနေလေသည်။ သူ၏ ဇနီးက သူမ၏ ဒုတိယအိမ်ထောင်ရေးကို သနားညှာတာပြီး တစ်ဖက်လူက သူမအား စောင့်ရှောက်ပေးခဲ့သည်မဟုတ်ပါက သူမကို အိမ်တော်မှ မောင်းထုတ်ခဲ့သည်မှာ ကြာပြီဖြစ်လေသည်။
“သူမကို ငါ မတွေ့ဘူး... အိမ်ပြန်သွားလို့ သွားပြောလိုက်...”
ချန်ကျဲဟန်၏ မျက်ဝန်းများထဲတွင် ဖုံးကွယ်မထားနိုင်သော ရွံရှာမှုများ ပြည့်နှက်နေလေသည်။ အိမ်တော်ထိန်းသည် အမိန့်ကို လက်ခံရရှိပြီးနောက် အကြောင်းပြန်ရန် ထွက်သွားတော့မည့်အချိန်မှာပင် ရှင်ခြင်းသေခြင်းစာအုပ်၏ အသံက ယွင်ဟွား၏ စိတ်ထဲတွင် ထွက်ပေါ်လာလေသည်။
“ပန်းကလေး... အဲ့သခင်မကျောက်က ရက်စက်ကြမ်းကြုတ်တဲ့သူပဲ... သူမက သခင်မချန်ဆီမှာ အလုပ်လုပ်တဲ့ အဘွားကြီးယန်ကို လာဘ်ထိုးခဲ့ပြီး အရာအားလုံးက သူမရဲ့ အစီအစဉ်အတိုင်း စီစဉ်ထားခဲ့တာ..”
“သခင်မကျောက်... သူမက ဘယ်သူလဲ... ပြီးတော့ ချန်မိသားစုနဲ့ ဘယ်လို ပတ်သက်နေတာလဲ…”
ယွင်ဟွားမှာ နားမလည်နိုင်သော အမူအရာ ဖြစ်သွားလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်က ပြန်ပြောလေသည်။
“သခင်မချန်ရဲ့ ဖအေတူမအေကွဲ ညီမလေးလေ... သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့ဖူးပေမယ့် ကလေးမရခဲ့ဘူး... ကွာရှင်းပြီးနောက်မှာ ကုန်သည်ငယ် တစ်ယောက်နဲ့ ဒုတိယအကြိမ် အိမ်ထောင်ပြုပြီး မိထွေးဖြစ်လာခဲ့တယ်... သခင်မချန်က သူမထက် ပိုပြီး အဆင်ပြေနေတာကို သူမက မနာလိုဖြစ်နေတာ…”
သူမမှာ မူလက အစီအစဉ်နှစ်ခု ရှိခဲ့တယ်... တစ်ခုက လမစေ့ဘဲ မီးဖွားစေပြီး မိခင်ရော ကလေးပါ သေဆုံးစေဖို့... နောက်တစ်ခုက အကယ်၍ သခင်မချန် ကံကောင်းစွာနဲ့ အသက်ရှင်ခဲ့ရင် ကလေးကို လဲလှယ်ပစ်ပြီး သခင်မချန်ကို တစ်ဘဝလုံး ဆင်းရဲဒုက္ခရောက်စေဖို့ပဲ…”
ယွင်ဟွားသည် ထိုစကားကို ကြားသည်နှင့် တစ်ပြိုင်နက် ဘာတွေဖြစ်နေသည်ကို သဘောပေါက်သွားလေသည်။
*သူမက စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်နေတာပဲ။ သူများတွေက သူမထက် ပိုအဆင်ပြေနေတာကို သူမ မကြည့်ရက်ဘူး…*
“နေပါဦး... သူမကို ဧည့်ခန်းဆောင်မှာ စောင့်နေဖို့ သွားပြောလိုက်...”
ချန်ကျဲဟန်သည် တင်းမာသော မျက်နှာထားဖြင့် အိမ်တော်ထိန်းကို တားလိုက်လေသည်။ သူသည် ထိုမိန်းမကို ကိုယ်တိုင် ဖြေရှင်းရန် ရည်ရွယ်ထားလေသည်။
“စာအုပ်လေး... အမတ်ချန်ရဲ့ မျက်နှာကို ကြည့်စမ်း... သူ ဝမ်းချုပ်နေတဲ့ ပုံစံပေါက်နေတယ်...ဒါတွေရဲ့ နောက်ကွယ်က သခင်မကျောက်ဆိုတာကို သူ သိနေတာများလား…”
“ဖြစ်နိုင်တယ်…”
ရှင်ခြင်းသေခြင်းစာအုပ်သည် ယခုအခါ ချန်ကျဲဟန်အား စစ်ဆေးရန် ပျင်းရိနေလေပြီ။ ဤသူသည် ၎င်း၏ အသိဉာဏ်အပြင်ဘက်သို့ ရောက်ရှိနေလေသည်။ ထားလိုက်ပါတော့လေ။
အဓိကစောင့်ကြည့်သူအဖြစ် သူမ၏ နေရာကို သေချာစေရန်အတွက် ယွင်ဟွားသည် သူ၏နောက်သို့ ကပ်လျက် လိုက်သွားပြီး လမ်းလျှောက်ရင်း ရှင်ခြင်းသေခြင်းစာအုပ်နှင့် စကားပြောနေလေသည်။
“ရှောင်ရှူးရှူး... ငါသာ ကလေးကို ပြန်မယူလာပေးခဲ့ရင် အဲ့ကလေးလေး ဘာဖြစ်သွားမယ်လို့ နင် ထင်လဲ…”
ကလေးမလေး၏ မူလကံကြမ္မာကို တွေးတောရင်း ရှင်ခြင်းသေခြင်းစာအုပ်က ပြန်ပြောလေသည်။
“အဲ့ရက်စက်တဲ့ မိန်းမက မူလက သူမကို ပြည့်တန်ဆာအိမ်မှာ စွန့်ပစ်ဖို့ ရည်ရွယ်ထားခဲ့တာ... ဒါပေမယ့် တစ်ခုခု မှားယွင်းသွားပြီး သူမက သီလရှင်ကျောင်းကို ရောက်သွားခဲ့တယ်... ကြီးပြင်းလာတဲ့အခါ ဓားပြတွေရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး အသက် တစ်ဆယ့်ရှစ်နှစ်မှာ တောင်ပေါ်မှာ သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ရတယ်…”
ချန်ကျဲဟန်၏ လက်များ တုန်ရီသွားပြီး သူ၏ အငယ်ဆုံးသမီးလေးကို မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။
သူ၏ သမီးလေး၏ အနာဂတ်ကို တွေးမိသည်နှင့် သခင်မကျောက်အပေါ် မုန်းတီးမှုများဖြင့် ပြည့်နှက်သွားလေသည်။
“သူမက တကယ့်ကို သနားစရာပဲ…”
ယွင်ဟွားမှာ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
“အဲ့အမွေခံအတုလေးရော ဘယ်လိုလဲ... သူမရဲ့ အနာဂတ်ကရော ဘယ်လိုဖြစ်လာမှာလဲ…”
ထိုအချိန်တွင် လူတိုင်းက အာရုံစိုက်ကာ နားထောင်နေကြပြီး ယွင်ဟွား၏ နောက်မှ တိတ်တဆိတ် လိုက်ပါလာကြလေသည်။
“သူမက ကျေးဇူးကန်းတဲ့သူပဲ…”
ရှင်ခြင်းသေခြင်းစာအုပ်က လှောင်ပြောင်လိုက်ပြီး ဆက်ပြောလေသည်။
“သူမက ချန်မိသားစုရဲ့ သမီးမဟုတ်ဘူးဆိုတာကို ငယ်ငယ်လေးကတည်းက သိခဲ့တယ်... သူမက အဲ့ရက်စက်တဲ့ မိန်းမရဲ့ လက်ရှိခင်ပွန်းဖြစ်သူဘက်က ဆွေမျိုးတွေရဲ့ ကလေးပဲ... ပြီးတော့ နောက်ပိုင်းမှာ ယောက်ျားတစ်ယောက်အတွက်နဲ့ ချန်မိသားစုကို ပုန်ကန်မှုနဲ့ လုပ်ကြံစွပ်စွဲခဲ့တယ်…”
“နောက်ဆုံးမှာ သူ့ကြောင့် ချန်မိသားစု တစ်ခုလုံးကို ကွပ်မျက်ခံရစေခဲ့တယ်... သူမကတော့ သတင်းပေးခဲ့တာရယ်... ချန်မိသားစုရဲ့ ကလေး မဟုတ်တာရယ်ကြောင့် ချမ်းသာခွင့် ရခဲ့တယ်... ဒါပေမယ့် နောက်ပိုင်းမှာ သူမကို အဲ့ယောက်ျားကပဲ ပြန်သတ်ပစ်ခဲ့တယ်... ဘာပဲဖြစ်ဖြစ် သူတို့က သူမအပေါ် သက်သေအထောက်အထား ဘာမှ ချန်ထားခဲ့လို့ မရဘူးလေ…”
လူတိုင်း...။
ချန်ကျဲဟန်...။
ခြံစည်းရိုးပေါ်မှ ဆင်းလာကာ ဇာတ်လမ်းစောင့်ကြည့်နေသည့် လူအုပ်ကြားထဲတွင် ရောနှောနေသော ဧကရာဇ်ဝမ်ရွှမ်းမှာမူ...။
*နေပါဦး... သူ ဘာကြားလိုက်ရတာလဲ*
ချန်မိသားစုသည် အနာဂတ်တွင် သူ၏ ခေါင်းဖြတ်ကွပ်မျက်ခြင်းကို ခံရမည် ဟုတ်လား။ သူသည် မိုက်မဲသော ဧကရာဇ်တစ်ပါး မဟုတ်ချေ။ ဧကရာဇ်အမိန့်တော်ကို မထုတ်ပြန်မီ စုံစမ်းစစ်ဆေးရန် လူတစ်ယောက်ကို မစစ်ဆေးဘဲ မည်သို့ နေနိုင်မည်နည်း။
ဤအရာအတွက် သူ အပြစ်တင်ခံမည် မဟုတ်ချေ။
ချန်ကျဲဟန်သည်လည်း ကြောက်ရွံ့မှုလှိုင်းလုံးတစ်ခုကို ခံစားလိုက်ရလေသည်။
ကံကောင်းစွာဖြင့် ထိုကျေးဇူးကန်းသူသည် အတုအယောင်ဖြစ်ကြောင်းကို စောစီးစွာ ရှာဖွေတွေ့ရှိခဲ့လေသည်။
သူသည် သူမကို လည်ပင်းညှစ်သတ်သင့်သလားဟု တွေးတောနေမိလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်၏ ပြောစကားများကို ကြားသောအခါ ယွင်ဟွားသည်လည်း သူမ ဝင်ရောက်စွက်ဖက်ခဲ့မိသည်ကို ဝမ်းသာသွားလေသည်။
“ရှောင်ရှူးရှူး... အမတ်ချန်က တကယ့်ကို ကံဆိုးတာပဲ... သူရဲ့ မိသားစုတစ်ခုလုံးက အတုအယောင်လေး တစ်ယောက်ကြောင့် မျိုးဖြုတ်ခံလိုက်ရတာ…”
မည်သူကများ ငြင်းနိုင်မည်နည်း။
ချန်ကျဲဟန်သည် ပျောက်ဆုံးသွားပြီးမှ ပြန်လည်ရှာတွေ့ခဲ့သော သူ၏ သမီးငယ်လေးကို ပို၍ တင်းကျပ်စွာ ပွေ့ဖက်လိုက်လေသည်။
အခြားတစ်ဖက်တွင်မူ သခင်မကျောက်သည် ချန်အိမ်တော်ထဲသို့ ဝင်ရောက်လာကတည်းက သူမ၏ မျက်ဝန်းများမှာ မှိုင်းညို့နေလေသည်။
သူမ၏ အစ်မကြီးသည် တကယ့်ကို ကံကောင်းလှပေသည်။ မီးဖွားခြင်းမှ အသက်ရှင်ကျန်ရစ်ခဲ့ရုံသာမက ထိုကလေးမလေးသည်လည်း အသက်ရှင်ကျန်ရစ်ခဲ့လေသည်။
*ဟွန့်…*
သို့သော်လည်း ထိုကလေးကို သူမ ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်လေသည်။ ကလေးမလေး ကြီးပြင်းလာပြီး လူထောင်သောင်းမက ဖိနှိပ်စော်ကားခံရသည့် ပြည့်တန်ဆာတစ်ဦး ဖြစ်လာချိန်တွင် သူမ ရယ်နိုင်သေးသလားဆိုတာကို ငါ ကြည့်ရသေးတာပေါ့။
*ဟား ဟား ဟား ဟား…*
သခင်မကျောက်၏ ကြောက်မက်ဖွယ်ကောင်းသော ရယ်မောသံများသည် သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေလေသည်။ ချန်ကျဲဟန် ဧည့်ခန်းဆောင်ထဲသို့ မဝင်ရောက်မီမှာပင် သူ၏ နောက်ဘက်မှ စိုးရိမ်ပူပန်နေသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
“ခဲအို... ကျွန်မရဲ့အစ်မက လမစေ့ဘဲ မီးဖွားခဲ့တယ်ဆို... သူမ အဆင်ပြေရဲ့လား... ပြီးတော့ ကျွန်မရဲ့တူမလေးရော...”
သူမက “အဆင်ပြေရဲ့လား” ဟူသော စကားကိုပင် အဆုံးသတ်အောင် မပြောနိုင်မီမှာပင် သူမ၏ရှေ့တွင် အရာရှိဝတ်စုံများ ဝတ်ဆင်ထားသော အရာရှိအုပ်စုကြီးကို မြင်လိုက်ရသဖြင့် သခင်မကျောက်မှာ လန့်ဖြန့်သွားလေသည်။
“အမ်… ခဲအို.. ကျွန်မ အချိန်မှားပြီး ရောက်လာတာလား...”
သခင်မကျောက်သည် နေရာမှာပင် အေးခဲသွားပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်ရလေသည်။ သူမသည် ပုံမှန်အားဖြင့် တည်ငြိမ်သော ဟန်ပန်ရှိသော်လည်း ရုတ်တရက် အထိတ်တလန့်ဖြစ်မှုကို ခံစားလိုက်ရလေသည်။
“မဟုတ်ပါဘူး... အချိန်ကိုက်ပါပဲ...”
ချန်ကျဲဟန်သည် ထူးဆန်းစွာ ပြုံးလိုက်ပြီး သူ၏ သမီးကို ယွင်ဟွားထံသို့ ကမ်းပေးလိုက်လေသည်။
ထို့နောက် သူသည် ရုတ်တရက် ရှေ့သို့ ပြေးသွားကာ သခင်မကျောက်၏ အင်္ကျီကော်လာကို ဖမ်းဆွဲပြီး သူမ၏ ပါးကို နှစ်ချက်ရိုက်ချလိုက်လေသည်။ မိန်းမများကို မရိုက်ရဟူသော အယူအဆ သူ၌ လုံးဝ မရှိချေ။
“ဝိုး…စိတ်လှုပ်ရှားစရာပဲ…”
ယွင်ဟွားသည် သခင်မကျောက်ကိုယ်စား ရှက်ရွံ့သွားမိလေသည်။
“သခင်မ...”
သခင်မကျောက်၏ အစေခံမလေးမှာ အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး တားဆီးရန် ရှေ့သို့ ပြေးသွားသော်လည်း ချန်အိမ်တော်၏ အစေခံများက သူမကို တားဆီးထားလိုက်လေသည်။
သခင်မကျောက်မှာ အရိုက်ခံရသဖြင့် မူးဝေသွားကာ သူမ၏ ပါးပြင်များမှာ လျင်မြန်စွာ ရောင်ကိုင်းလာပြီး နှုတ်ခမ်းထောင့်မှ သွေးတစ်စီး စီးကျလာလေသည်။ သူမသည် ဒေါသထွက်နေသော ချန်ကျဲဟန်အား ကြောက်ရွံ့သော မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။
“ခဲအို... ရှင် ဘာလုပ်နေတာလဲ... ကျွန်မ... ကျွန်မ ဘာအမှားမှ မလုပ်ခဲ့ပါဘူး...”
“မင်း ဘာအမှားမှ မလုပ်ခဲ့သေးဘူး ဟုတ်လား...”
ချန်ကျဲဟန်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး သူမအား ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
“ရက်စက်တဲ့မိန်းမ... မင်းရဲ့ နှလုံးသားက ကျောက်တုံးနဲ့ လုပ်ထားတာလား... မင်း အရမ်းလွန်လွန်းနေပြီ... ငါ့ဇနီးက မင်းအပေါ် သဘောမကောင်းခဲ့လို့လား... သူမကို လမစေ့ဘဲ မီးဖွားအောင် လုပ်ရဲရုံသာမက ငါ့သမီးကို မင်းရဲ့ ကလေးနဲ့ လဲလှယ်ဖို့တောင် ကြိုးစားရဲသေးတယ်ပေါလေ...”
သခင်မကျောက်မှာ ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွားပြီး သူမ၏ မျက်ဆန်များ ကျဉ်းမြောင်းသွားလေသည်။ သူမသည် ရောင်ကိုင်းနေသော ပါးပြင်ကို ဖုံးအုပ်ရန် တုန်ယင်နေသော လက်ကို မြှောက်လိုက်လေသည်။ သူမ၏ အထိတ်တလန့်ဖြစ်မှုကြားမှ ရက်စက်မှုအရိပ်အယောင်တစ်ခုက မျက်ဝန်းများထဲတွင် လင်းလက်သွားသော်လည်း သူမသည် သနားစရာကောင်းသော အမူအရာကို အမြန်ဖန်တီးလိုက်လေသည်။
“ခဲအို... ရှင် ကျွန်မကို လုပ်ကြံစွပ်စွဲနေတာပဲ...”
သူမ၏ အသံမှာ မျက်ရည်များဖြင့် တုန်ယင်နေပြီး မသက်မသာဖြစ်မှုနှင့် အပြစ်ရှိစိတ်ကို ဖုံးကွယ်ရန် ကြိုးစားနေစဉ် သူမ၏ ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ယင်နေလေသည်။
*နေပါဦး... ဘာဖြစ်လို့ အရာအားလုံးက သူမ စိတ်ကူးထားသလို ဖြစ်မလာရတာလဲ*
*ဘယ်သူက... ဘယ်သူကများ သူမကို သစ္စာဖောက်လိုက်တာလဲ*
ဤသည်ကို တွေးမိသောအခါ သခင်မကျောက်ထံမှ အငြိုးအတေးကြီးသော အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
“အဘွားကြီးယန်နဲ့ သားဖွားဆရာမတို့က ဝန်ခံပြီးပြီ... မင်းက လုပ်ကြံစွပ်စွဲတာပါလို့ ပြောရဲသေးတယ်ပေါ့...”
ထိုအချိန်တွင် ချန်ကျဲဟန်ထံမှ သူမအား အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်နေသည့်အလား ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေလေသည်။
သခင်မကျောက်၏ မျက်နှာမှာ ဖြူလျော့သွားလေသည်။
သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကာ နှလုံးသားမှတစ်ဆင့် ခြေလက်များဆီသို့ ပျံ့နှံ့သွားပြီး တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရလေသည်။
“အဓိပ္ပာယ်မရှိတာ... အဘွားကြီးယန်က လမ်းဆုံးနေပြီဖြစ်လို့ ကျွန်မကို အပြစ်ပုံချဖို့ ကြိုးစားနေတာ... ကျွန်မနဲ့ အစ်မက ညီအစ်မအရင်းတွေလိုပဲ... ကျွန်မက သူမကို ဘယ်လိုလုပ် အန္တရာယ်ပြုနိုင်မှာလဲ...”
ချန်ကျဲဟန်မှာ တုန်လှုပ်ခြင်းမရှိဘဲ တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်စဉ် ကလေးကို ချီထားသော ယွင်ဟွားက ထွက်လာပြီး ပြောလိုက်လေသည်...
“ငါ့မှာ သက်သေရှိတယ်... ငါ့မှာ သက်သေရှိတယ်...”
“လက်ပူးလက်ကြပ် မိထားတယ်... ငါ ကလေးမလေးကို ကယ်တင်ခဲ့တုန်းက အဘွားကြီးတစ်ယောက်နဲ့ ရထားထိန်း တစ်ယောက်ကိုလည်း ဖမ်းမိခဲ့တယ်... သူတို့က ကျောက်မိသားစုရဲ့ အိမ်တော်ထိန်းရဲ့ ဇနီးနဲ့ သားပဲ... အမတ်ချန်... ရှင် စုံစမ်းကြည့်လိုက်ရင် အမှန်တရား ပေါ်လာလိမ့်မယ်...”
ဤသည်မှာ ရှောင်ရှူးရှူးက သူမကို ယခုလေးတင် ပြောပြခဲ့သော ထိုသူနှစ်ဦး၏ အစစ်အမှန် ကိုယ်ပိုင်အမှတ်အသားများပင် ဖြစ်လေသည်။
*သူတို့က... လက်ပူးလက်ကြပ် အဖမ်းခံလိုက်ရတာလား*
သခင်မကျောက်သည် ပြာနှမ်းနေသော မျက်နှာဖြင့် အသက်မပါသော မျက်လုံးများဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်ကျသွားလေသည်။
*ဘုရားသခင်... ဘာဖြစ်လို့ ကျွန်မကိုမှ ခုလို လုပ်ရတာလဲ*
သခင်မကျောက်သည် ချန်ကျဲဟန်၏ လူသတ်ချင်နေသော အကြည့်များနှင့် ဆုံတွေ့လိုက်ရချိန်တွင် သူမ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်သွားပြီး အစောပိုင်းက အသက်မပါတော့သော မျက်ဝန်းများထဲတွင် နာကြည်းမှုနှင့် မကျေနပ်မှုများ ချက်ချင်းပင် ပြည့်လျှံလာလေသည်။