အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း (၁၇) ဇာတ်လမ်းကို စောင့်ကြည့်နေစဉ် အိမ်ရှေ့စံက သူ့ကျေးဇူးရှင်ကို လူမှားသွားခြင်း
မနေ့က ဖြစ်ရပ်များကြောင့် ယွင်ရှောင်ထျန်းသည် ယွင်ဟွား၏ လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်ရန် လူလွှတ်ထားခဲ့လေသည်။
သူ၏နှလုံးသားမှာ ထိုဒဏ်ကို မခံနိုင်တော့ပေ။
သူမသည် အမတ်ရွှီ၏ဘေးတွင် သေချာစွာ ရပ်နေမှသာ သက်ပြင်းချနိုင်တော့လေသည်။
တော်ဝင်ညီလာခံခန်းမအတွင်း ပြင်းထန်သော ဆွေးနွေးမှုများ ပြုလုပ်နေကြပြီး လူတိုင်းက သူမကို မကြာခဏ လှမ်းကြည့်တတ်ကာ သူတို့၏ နှုတ်ခမ်းများမှာ အလိုအလျောက် တွန့်လိမ်သွားတတ်ကြလေသည်။
ဤမိန်းကလေးမှာ တကယ့်ကို ထူးခြားလှပေသည်။ မတ်တတ်ရပ်လျက်ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေနိုင်ပေသည်။
အရေးအကြီးဆုံးမှာ ဟောက်သံမှာ အလွန်ကျယ်လောင်လွန်းလှသဖြင့် သတိမထားမိဘဲ နေ၍မရနိုင်ခြင်းပင် ဖြစ်လေသည်။
ချန်ကျဲဟန်က မျက်ခုံးပင့်လိုက်လေသည်။ သူမ ဤသို့တိတ်ဆိတ်စွာအိပ်ပျော်နေ၍ မဖြစ်ချေ။ သူသည် ယနေ့အခြားသူများ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် မျှော်လင့်နေဆဲ ဖြစ်လေသည်။
“အရှင်မင်းကြီး... သန်ဘက်ခါ ကျင်းပမယ့် နန်းတွင်းပွဲတော်နှင့် ပတ်သက်ပြီး ဒီအမှုထမ်းက ယုံကြည်ပါတယ်...”
သူ၏အသံမှာ ကျယ်လောင်လွန်းလှသဖြင့် ယွင်ဟွားကို လန့်နိုးသွားစေခဲ့လေသည်။
“နန်းတွင်းပွဲတော် ဟုတ်လား... ဘယ်လို နန်းတွင်းပွဲတော်မျိုးလဲ…”
ယွင်ဟွားမှာ လုံးဝ မှင်တက်သွားလေသည်။ သူမ ခေါင်းမော့ကြည့်လိုက်ချိန်တွင် လူတိုင်း၏ အကြည့်များက သူမထံသို့ ကျရောက်နေသည်ကို မြင်လိုက်ရသဖြင့် အလွန်ထိတ်လန့်သွားကာ မလှုပ်ရဲတော့ပေ။
“ရှောင်ရှူးရှူး... ဘာတွေဖြစ်နေတာလဲ... သူတို့တွေ ငါ့ကို ဘာလို့ ခုလိုကြည့်နေကြတာလဲ... ငါ ပြဿနာတစ်ခုခု ထပ်ရှာမိပြန်ပြီလား…”
ရှင်ခြင်းသေခြင်းစာအုပ်မှာ ဆွံ့အသွားပြီး ပြောလိုက်လေသည်။
“ဘယ်သူက နင့်ကို အိပ်ပျော်ပြီး ဟောက်နေဖို့ ပြောလို့လဲ... ငါ နင့်ကို အကြိမ်ပေါင်းများစွာ ခေါ်ခဲ့ပေမယ့် နင် မနိုးခဲ့ဘူး... အခုတော့ နင် လက်ပူးလက်ကြပ် မိသွားပြီ..”
ဤစကားကို ကြားသောအခါ ယွင်ဟွားသည် တုန်လှုပ်သွားပြီး အထက်နေရာတွင် ထိုင်နေသောသူကို သတိထား၍ လှမ်းကြည့်လိုက်လေသည်။ ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းဖြစ်နေသည်ကို မြင်လိုက်ရမှသာ သူမ သက်သာရာရသွားပြီး မိမိကိုယ်မိမိ ပြန်လည်နှစ်သိမ့်နေလေသည်။
“ငါ မအိပ်ပါဘူး... ငါ မအိပ်ပါဘူး…အဲ့တာက အမတ်ရွှီ လေလည်သံပါ... ငါနဲ့ ဘာမှမဆိုင်ပါဘူး…”
ထို့နောက် သူမ၏ အထက်အရာရှိဖြစ်သော အမတ်ရွှီဘက်သို့ လှည့်ကာ သတိပေးလိုက်လေသည်။
“အမတ်ရွှီ... ကန်စွန်းဥတွေ အများကြီးစားရင် ဗိုက်ပွပြီး အသံကျယ်ကျယ် လေလည်တတ်တယ်... ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး... နောက်တစ်ခါဆို ဂရုစိုက်ပါ...”
သူမ မည်မျှနားလည်ပေးတတ်သည်ကို ကြည့်ပါဦး။
ညီလာခံသို့ သူမ ပထမဆုံးအကြိမ် တက်ရောက်ခဲ့စဉ်က အမတ်ရွှီ တောက်လျှောက် လေလည်နေခဲ့သဖြင့် သူမ တော်တော်လေး ဒုက္ခရောက်ခဲ့ရသည်ကို သူမ မှတ်မိနေသေးသည်။
အမတ်ရွှီ... ။
သူက မျက်လုံးများကို ပြူးကျယ်သွားလေသည်။
*မဟုတ်ဘူး... ဒီကိစ္စက သူ့အပေါ် ဘယ်လိုလုပ်ပြီး အပြစ်ပုံကျလာတာလဲ…*
လူတိုင်း..။
ဤအရာက အပြစ်လွှဲချရာတွင် အတော်လေး ထူးခြားဆန်းသစ်သော နည်းလမ်းတစ်ခုပင် ဖြစ်လေသည်။
ယွင်ဟွား၏ စကားကို ကြားသောအခါ ဧကရာဇ်ဝမ်ရွှမ်းသည် အသံထွက်၍ ရယ်မောမိခြင်းမှ ရှောင်ရှားနိုင်ရန် သူ၏ ပေါင်ကို အားကုန်ညှစ်ထားလိုက်လေသည်။
ဤမိန်းကလေးမှာ တကယ့်ကို ထူးခြားသူပင်။ သူမ ရှိနေခြင်းကြောင့် မနက်ခင်း ညီလာခံမှာ ပိုပို၍ ပျော်စရာကောင်းလာပေသည်။
“ဖူး..ဟီးဟီး.”
အမတ်ကြီးများသည်လည်း အလွန်တရာ အောင့်အည်း သည်းခံနေကြရလေသည်။ အကြောင်းမှာ သူတို့၏ အစစ်အမှန် စိတ်နေသဘောထားကို ထုတ်ဖော်ပြသမိပါက အမတ်ငယ်ယွင်၏ စောင့်ကြည့်ခြင်းကို ခံရမည်ဖြစ်ပြီး သူမက သူတို့၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပစ်မည်ကို သိထားကြသောကြောင့် ဖြစ်လေသည်။
သို့သော်လည်း လူတစ်ဦးမှာ ရယ်မောသံ ထွက်ပေါ်သွားလေသည်။ သို့ရာတွင် သူသည် အခြေအနေ၏ ကြီးလေးမှုကို ချက်ချင်း သဘောပေါက်သွားပြီး အမြန်ပြန်လည် ထိန်းချုပ်လိုက်လေသည်။
ယွင်ဟွားသည် သူမကိုယ်သူမ နှိမ့်ချထားပြီးဖြစ်သော်လည်း ထိုရယ်မောသံကို ရုတ်တရက် ကြားလိုက်ရချိန်တွင် ထိုသူက သူမကို လှောင်ပြောင်နေသကဲ့သို့ ခံစားလိုက်ရလေသည်။ သူမ မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေသည်။ ထိုအသံမှာ အလွန် ရင်းနှီးနေသယောင် ရှိလေသည်။
“ရှောင်ရှူးရှူး... စောစောက ရယ်လိုက်တာ အိမ်ရှေ့စံများလား…”
အိမ်ရှေ့စံ နန်ကုန်းယန်၏ စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံများကို ချက်ချင်း ကြားလိုက်ရလေသည်။
“သံသယဝင်မနေနဲ့... သူပဲ…”
အမတ်ကြီးအားလုံး၏ အာရုံများမှာလည်း တစ်ပြိုင်နက်တည်း ပြောင်းလဲသွားလေသည်။
ယွင်ရှောင်ထျန်း... ။
*ပြီးပါပြီ... အားလုံး ပြီးဆုံးသွားပါပြီ…*
မနေ့က ဤမိန်းကလေး ပြောခဲ့သည့် အိမ်ရှေ့စံက သူ၏ ကိုယ်လုပ်တော် ဖောက်ပြန်နေသည်ကို မိသွားသော မြင်ကွင်းကို တွေးကြည့်ရုံဖြင့် သူ အလွန် နေရခက်လာလေသည်။
*အမိတ္တဘ... အမိတ္တဘ... ကောင်းကင်ဘုံ... အား... ယာမမင်းကြီး... ကျေးဇူးပြု၍ မျက်စိဖွင့်ကြည့်ပြီး ဒီကလေးမကို အောက်အရပ်သို့ တစ်ရက်လောက် အရင်ဆွဲခေါ်သွားပေးပါ…*
မျှော်လင့်ထားသည့်အတိုင်းပင် ယွင်ရှောင်ထျန်း ဆုတောင်းနေစဉ် ယွင်ဟွားက ရှင်ခြင်းသေခြင်းစာအုပ်ထံသို့ ညည်းတွားနေလေသည်။
“စာအုပ်လေး... အဲ့အိမ်ရှေ့စံက မနေ့ကမှ သူ့ကိုယ်လုပ်တော်ရဲ့ ဖောက်ပြန်တာကို ခံထားရတာလေ... အခု ငါ့ကို လှောင်ရယ်ရဲသေးတယ်ပေါ့... ငါသာဆိုရင် မျက်နှာပြဖို့တောင် အရှက်ကွဲနေလောက်ပြီ…”
နန်ကုန်းယန်၏ မျက်နှာမှာ တင်းမာသွားလေသည်။ လူတိုင်းထံမှ ထူးဆန်းသော အကြည့်များက သူ၏အပေါ်သို့ ကျရောက်နေသည်ကို သတိထားမိလိုက်ချိန်တွင် ထိုသို့ အသံထွက်ရယ်မောမိအောင် ပြုမူခဲ့သော မိမိကိုယ်မိမိ ပြန်လည်ရိုက်နှက်ပစ်ချင်စိတ် ပေါက်သွားလေသည်။
*ဟီးဟီး…*
မနေ့က သူ အရမ်းပျော်သွားခဲ့သည်။ ဤအတင်းအဖျင်းပြောတတ်သူက သူ့ကို သေချာပေါက် အလွတ်ပေးမည် မဟုတ်ပေ။
ဧကရာဇ်ဝမ်ရွှမ်းသည်လည်း အံ့အားသင့်သွားပြီး သူ မျှော်လင့်နေခဲ့သော စိတ်ဝင်စားဖွယ် အတင်းအဖျင်းမှာ သူ၏ ကိုယ်ပိုင်သားတော်အပေါ် ကျရောက်လာလိမ့်မည်ဟု တစ်ခါမျှ မတွေးထားခဲ့ပေ။
ရှင်ခြင်းသေခြင်းစာအုပ်က ရယ်မောကာ ပြောလိုက်လေသည်။
“အိုး... ဘယ်လိုပဲဖြစ်ဖြစ် အဲ့ကိစ္စကို နင်တစ်ယောက်တည်းသာ သိတာလေ... သူက ဖောက်ပြန်တဲ့ ကိုယ်လုပ်တော်နဲ့ သူမရဲ့ ချစ်သူကို ရှင်းလင်းပြီးသွားပြီ... အမှန်တရားကိုသိတဲ့ အစေခံတွေကိုလည်း သတိပေးပြီးသွားပြီ... ဒါက သူ ဒီလောက် မမှုသလို နေနိုင်ရတဲ့ အကြောင်းရင်းပဲ..”
ယွင်ဟွားက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“ရှောင်ရှူးရှူး... သူ ငါ့ကို ကျေးဇူးဆပ်သင့်တယ်... ငါသာ သူ့ကို အမြန်ပြန်သွားပြီး လက်ပူးလက်ကြပ် ဖမ်းဖို့ သတိမပေးခဲ့ရင် ကလေးမွေးလာတဲ့အခါ သူ တကယ်ကို အရှက်ကွဲရတော့မှာ..”
“ဟွားဟွားလေး...အဲ့တာ အမှန်ပဲ... ဒါပေမယ့် နင်က အိမ်ရှေ့စံကို မျက်နှာပြောင်တိုက်ပြီး ကျေးဇူးဆပ်ခိုင်းရဲလို့လား... နင် အဲဒီလို လုပ်ခဲ့ရင်တောင် ဒါက သူ ဖောက်ပြန်ခံရတာကို နင် သိနေတယ်ဆိုတာ ဗြောင်ကျကျ ပြောလိုက်သလို ဖြစ်မနေဘူးလား... သူ နင့်ကို အသက်ရှင်ခွင့် ပေးမယ်လို့ ထင်နေတာလား..”
ယွင်ဟွားသည် အိမ်ရှေ့စံက ဓားရှည်တစ်လက်ကိုကိုင်ကာ သူမကို ကြမ်းတမ်းစွာ စိုက်ကြည့်နေပြီး ထိုဓားဖြင့် သူမ၏ နှလုံးသားထဲသို့ ထိုးစိုက်လိုက်သည့် မြင်ကွင်းကို စိတ်ကူးကြည့်လိုက်လေသည်။
ထိုအခါ ဓားမှာ ကျိုးပဲ့သွားလေသည်။
အိမ်ရှေ့စံမှာ အလွန်တုန်လှုပ်သွားပြီး နောက်လှည့်ပြေးကာ အော်ဟစ်လေသည်။
*အမတ်ငယ်ယွင်က နတ်ဆိုးမကြီးပဲ…*
ဤသို့ဖြင့် အမြဲတမ်း ဆာလောင်မွတ်သိပ်ပြီး ချမ်းအေးနေရသည့် သူမ၏ ထွက်ပြေးပုန်းရှောင်ရသော ဘဝ စတင်လာတော့လေသည်။
ယွင်ဟွားသည် သူမ၏ မှင်တက်နေမှုမှ ချက်ချင်း သတိဝင်လာပြီး အော်ပြောလိုက်လေသည်။
“ထားလိုက်ပါတော့... ထားလိုက်ပါတော့... အိမ်ရှေ့စံ ဖောက်ပြန်ခံရတဲ့ကိစ္စကို ကျော်လိုက်ကြစို့... သူ ငါ့အပေါ် ရန်ငြိုးဖွဲ့မှာကို ငါ မလိုချင်ဘူး... ရိုးရိုးသားသား ပြောရရင် အိမ်ရှေ့စံက တော်တော်လေး ဉာဏ်ကောင်းပုံရပေမယ့် သူ့ရဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းက အဲ့လောက်တောင် ညံ့ဖျင်းမယ်လို့ ငါ မထင်ထားခဲ့ဘူး..”
ရှင်ခြင်းသေခြင်းစာအုပ်က...
“တကယ်ပဲ… အဲ့လိုသာမဟုတ်ရင် သူက သူ့ရဲ့ ကျေးဇူးရှင်ကို ဘယ်လိုလုပ် လူမှားနိုင်မှာလဲ... ဒီစာအုပ်ရဲ့ အကဲဖြတ်ချက်အရတော့ သူက သိပ်ပြီး ထက်မြက်လှတာ မဟုတ်ဘူး…”
နန်ကုန်းယန်သည် ဤနှစ်ယောက်က သူ့အကြောင်း ဝေဖန်နေကြသည်ကို ကြားလိုက်ရသောအခါ သူ နီးပါးလောက် ခုန်ထသွားမိလေသည်။ ယွင်ရှောင်ထျန်းနှင့် ချန်ကျဲဟန်တို့သည် အခြေအနေ မကောင်းတော့သည်ကို မြင်လိုက်ရသဖြင့် သူ့ကို အမြန်ပြန်လည် ဖိချထားလိုက်ကြလေသည်။
“အိမ်ရှေ့စံမင်းသား... ဒီအမတ်ရဲ့ သမီးက မစဉ်းစားဘဲ ပြောလိုက်မိတာပါ... သူမကို ခွင့်လွှတ်ပေးတော်မူပါ...”
“မှန်ပါတယ် အိမ်ရှေ့စံမင်းသား... အရှင် ဘာလို့ ဒေါသထွက်နေရတာလဲ... ဒေါသထွက်တာက ကျန်းမာရေးအတွက် မကောင်းပါဘူး... အမတ်ငယ်ယွင်က တုံလင်နိုင်ငံရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပါ... ဒါကြောင့် ကျေးဇူးပြုပြီး သတိမလွတ်သွားပါစေနဲ့...”
ချန်ကျဲဟန်သည် သူ၏ ရယ်မောချင်စိတ်ကို ဖိနှိပ်ရန် အစွမ်းကုန် ကြိုးစားနေလေသည်။ မနေ့က အိမ်ရှေ့စံ သူ့ကို မည်သို့ နှစ်သိမ့်ပေးခဲ့သည်ကို သူ မမေ့သေးပေ။
မျှော်လင့်ထားသည့်အတိုင်းပင် ဇာတ်လမ်းကို စောင့်ကြည့်နေရသူက မိမိကိုယ်တိုင် မဟုတ်သောအခါ တကယ့်ကို ကျေနပ်စရာ ကောင်းလှပေသည်။
“မင်း... မင်းတို့အားလုံး...”
နန်ကုန်းယန်သည်လည်း သတိလစ်သွားချင်သော်လည်း မရနိုင်ခဲ့ပေ။ ဤသို့မဟုတ်ပါက ဤဖရဲသီးစားတတ်သူက သူ့ကို ကျောက်ကပ်အားနည်းသည်ဟု စွပ်စွဲလာပါက သူမည်သူ့ကိုမျှ ရင်ဆိုင်ဝံ့တော့မည် မဟုတ်ပေ။
တင်းမာနေသော ပဋိပက္ခများကို မသိရှိဘဲ ယွင်ဟွားသည် ရှင်ခြင်းသေခြင်းစာအုပ်မှ စာကြောင်းတစ်ကြောင်းကို အာရုံစိုက်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။
“ရှောင်ရှူးရှူး... ‘ကျေးဇူးရှင်ကို လူမှားတယ်’ ဆိုတာက ဘာကိုဆိုလိုတာလဲ…”
ဤစကားကို ကြားသောအခါ အမတ်ကြီးများသည် သူတို့၏ အာရုံများကို ယွင်ဟွားထံသို့ နောက်တစ်ကြိမ် ထပ်မံပြောင်းလဲလိုက်ကြလေသည်။
လွန်ခဲ့သော စက္ကန့်ပိုင်းကမှ ဒေါသထွက်နေခဲ့သော အိမ်ရှေ့စံပင်လျှင် ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်ပြီး ယခုအခါ လိမ္မာရေးခြားရှိစွာ ရပ်နေလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်က ပြုံးကာ ပြန်ဖြေလိုက်လေသည်။
“လွန်ခဲ့တဲ့ နှစ်လက အိမ်ရှေ့စံက ဓားပြတွေကို နှိမ်နင်းဖို့ အမိန့်ပေးခံခဲ့ရတယ်... အပြန်ခရီးမှာ သူက အရင်က ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ တတိယခေါင်းဆောင်ရဲ့ ချုံခိုတိုက်ခိုက်တာကိုခံရပြီး တောင်ခြေကို ပြုတ်ကျသွားခဲ့တယ်... အဲဒီနောက် သူ့ကို တောင်သူမိန်းကလေးတစ်ယောက်က ကယ်ဆယ်ခဲ့တယ်... ဒါပေမယ့် အဲ့တောင်သူမိသားစုက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို မခွဲဝေရသေးဘဲ အကြီးဆုံးသားနဲ့ ဒုတိယသားတို့ရဲ့ ဇနီးတွေမှာ သမီးတစ်ယောက်စီ ရှိကြတယ်... အိမ်ရှေ့စံကို ကယ်ဆယ်ခဲ့တဲ့သူက ဒုတိယသားရဲ့ သမီးဖြစ်တဲ့ လျူမြောင်မြောင်ပဲ..”
ယွင်ဟွားသည် ရုတ်တရက် သဘောပေါက်သွားပြီး ပြောလိုက်လေသည်။
“အိမ်ရှေ့စံ ပြန်ခေါ်သွားပြီး ဖောက်ပြန်ခံရတာက အကြီးဆုံးသားရဲ့ သမီး ဟုတ်တယ်မလား..”
နန်ကုန်းယန်... ။
*ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ဖောက်ပြန်ခံရတဲ့အကြောင်းကို သူ့ကို သတိပေးနေတာ ရပ်လို့မရဘူးလား…*
“မှန်တာပေါ့…”
ရှင်ခြင်းသေခြင်းစာအုပ်က ပြန်ဖြေလေသည်။
“အကြီးဆုံးသားက အင်ပါယာာမေးပွဲကို အောင်မြင်ပြီး ပညာရှိဖြစ်လာတယ်... ဒုတိယသားရဲ့ မိသားစုကတော့ လယ်ကွင်းတွေထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတယ်... အဘိုးကြီးက အကြီးဆုံးသားရဲ့ မိသားစုကို နည်းနည်းပိုပြီး မျက်နှာသာပေးတာ သေချာတယ်... ဒါ့အပြင် လျူမိန်မိန်က တော်တော်လေးလှပပြီး ရွာရော မြို့ကပါ ကမ်းလှမ်းတဲ့သူတွေ အများကြီးရှိတယ်... ဒုတိယသားရဲ့ မိသားစုက လျူမြောင်မြောင်ကျတော့ သူမက နေ့တိုင်း အလုပ်လုပ်ရလို့ အသားမည်းပြီး ပိန်ပိန်ပါးပါးလေး ဖြစ်နေတာလေ…”
ယွင်ဟွားသည် လုံးဝနားလည်သွားပုံ ရလေသည်။
“အိမ်ရှေ့စံက ရမ္မက်ကြီးတာ ရှင်းနေတာပဲ... လျူမိန်မိန်က သူ့ရဲ့ ကျေးဇူးရှင်ဆိုတာကို ယုံကြည်ဖို့ အခြေခံအကျဆုံး စုံစမ်းစစ်ဆေးမှုကိုတောင် သူ မလုပ်ခဲ့ဘူးလား... ဖူး... တကယ့်အမှိုက်ပဲ…”
လူတိုင်း... ။
သူတို့အားလုံး အိမ်ရှေ့စံ၏ မျက်နှာအမူအရာကို အသေအချာ စစ်ဆေးကြည့်ရှုနေကြလေသည်။
တကယ်ပင်... သူ၏ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းမှာ သိပ်မကောင်းလှပေ။
နန်ကုန်းယန်သည် ခုန်ထွက်ပြီး ချက်ချင်း ငြင်းဆိုပစ်ချင်စိတ်များ ပြင်းပြနေလေသည်။
*မဟုတ်ဘူး... သူ့မှာ ဘယ်လိုရမ္မက်ဆန္ဒမှ မရှိခဲ့ပါဘူး... မရှိခဲ့ဘူး…*
အခန်း (၁၈) ရစ်ငှက်များက အစားအစာကောင်းများကို မစားတတ်ပေ၊ ယွင်မိသားစု၏ စိုးရိမ်ပူပန်မှု
“ဟင့်အင်း... ဟွားဟွားလေး... နင် အိမ်ရှေ့စံမင်းသားကို အထင်လွဲသွားပြီ…”
ရှင်ခြင်းသေခြင်းစာအုပ်က အိမ်ရှေ့စံမင်းသားဘက်မှ အချိန်ကိုက် ကာကွယ်ပြောဆိုလိုက်လေသည်။
“အာ…”
ယွင်ဟွားမှာ အနည်းငယ် ရှက်ရွံ့သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် သူမက မိမိကိုယ်ကိုယ်သာ တိုးတိုးလေး ရေရွတ်မိခြင်း ဖြစ်လေသည်။
အိမ်ရှေ့စံသည် သူ၏ နာကျင်နေသော နှလုံးသားကို ဖက်တွယ်ထားပြီး အလွန်တရာ ဝမ်းနည်းပူဆွေးနေလေသည်။
ဆိုလိုသည်မှာ မည်သည့်အကြောင်းကြောင့် သူသည် အထက်တန်းလွှာ မိသားစုများမှ သခင်မလေးများကို ငြင်းပယ်ပြီး တောင်သူမိန်းကလေးတစ်ဦးကို မြင်မြင်ချင်း ချစ်ကြိုက်သွားရမည်နည်း။
သူက မျက်ကန်း မဟုတ်ပေ။
“ရှောင်ရှူးရှူး... အဲဒီနောက် ဘာဆက်ဖြစ်လဲ…”
ယွင်ဟွားက မနေနိုင်ဘဲ မေးလိုက်လေသည်။
ဧကရာဇ်ဝမ်ရွှမ်းနှင့် သူ၏ အမတ်ကြီးများသည် ဇာတ်လမ်း ဆက်လက်ဖြစ်ပေါ်လာမှုကို စောင့်ကြည့်ရန် ချက်ချင်းပင် နားစွင့်လိုက်ကြသော်လည်း အိမ်ရှေ့စံ နန်ကုန်းယန်တစ်ဦးတည်းသာ ဝမ်းချုပ်နေသည့် မျက်နှာပေးမျိုး ဖြစ်နေလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်က ဆက်ပြောလေသည်။
“ဟွားဟွားလေး... အဲဒါက ပညာရှင်ဖြစ်တဲ့ လျူမိန်မိန်ရဲ့ အစ်ကိုအကြီးဆုံးပဲ... အိမ်ရှေ့စံရဲ့ ထူးခြားတဲ့ အသွင်အပြင်နဲ့ သူ ဝတ်ဆင်ထားတဲ့ ထူးခြားတဲ့ ကျောက်စိမ်းဆွဲကြိုးကိုမြင်တော့ သူက မိသားစုနဲ့ တိုင်ပင်ပြီး လျူမြောင်မြောင် ကယ်ဆယ်ခဲ့တဲ့ နေရာမှာ လျူမိန်မိန်ကို အစားထိုး ဝင်ရောက်ခိုင်းခဲ့တယ်... ဒုတိယသားရဲ့ မိသားစုက လူတွေအားလုံးက အားနည်းသူတွေဖြစ်လို့ အဲ့တာကို လက်ခံဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိခဲ့ဘူး…”
“အဲဒီနောက် သူက လျူမိန်မိန်ကို အိမ်ရှေ့စံအပေါ် အခွင့်အရေးယူဖို့ သွေးထိုးပေးခဲ့တယ်... အတင်းအကျပ် လုပ်လို့မရဘူးလို့ ဆင်ခြေပေးပြီး လျူမိန်မိန် ရေချိုးနေချိန်မှာ အိမ်ရှေ့စံက မတော်တဆ ဝင်သွားမိအောင် အကြံအစည်တစ်ခု ဖန်တီးခဲ့တယ်... အဲဒီအချိန်မှာ လျူမိသားစုက မြင်သွားအောင် လုပ်ခဲ့တာပေါ့…”
“အခုတော့ အိမ်ရှေ့စံမှာ ရှင်းပြစရာ နည်းလမ်းမရှိတော့ဘူး... အထူးသဖြင့် အဲ့မိသားစုက သူ့အသက်ကို ကယ်တင်ခဲ့တာဆိုတော့ ပိုဆိုးတာပေါ့... သူတို့က ကိုယ်လုပ်တော်အဆင့်ပဲ ရှိတာဆိုတော့ သူက အလွယ်တကူပဲ ခေါ်ထားလိုက်လို့ ရတာပေါ့…”
ယွင်ဟွားက နှုတ်ခမ်းဆူကာ ပြောလိုက်လေသည်။
“ဒီအိမ်ရှေ့စံက အရမ်းကို ပေါ့ဆလွန်းတယ်... အထူးသဖြင့် သူက တိုင်းပြည်ရဲ့ အနာဂတ် အုပ်ချုပ်သူဖြစ်လာမယ့်သူဆိုတာကို ထည့်သွင်းစဉ်းစားရင်ပေါ့…”
ဧကရာဇ်ဝမ်ရွှမ်းမှာ ဆွံ့အသွားလေသည်။
တရားမျှတစွာဆိုရလျှင် အိမ်ရှေ့စံသည် တိုင်းပြည်ကို အုပ်ချုပ်ရာတွင် အမှန်တကယ်ပင် ထူးချွန်ပြောင်မြောက်ပြီး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း သူ၏ လူငယ်ဘဝကဲ့သို့ပင် ပြတ်သားမှုရှိလေသည်။
သို့သော်လည်း အမျိုးသမီးများနှင့် ပတ်သက်လာလျှင်မူ သူသည် အနည်းငယ် လိုအပ်ချက် ရှိနေလေသည်။
မည်သို့ပင်ဖြစ်စေ...
ဧကရာဇ်တစ်ပါး၏ လမ်းစဉ်ဆိုသည်မှာ ညီလာခံကို ထိန်းကျောင်းရန်သာမက နန်းတွင်းဆောင်နှင့် ညီလာခံအကြားရှိ သိမ်မွေ့သော ဆက်ဆံရေးကို မည်သို့ ချိန်ခွင်လျှာညှိရမည်ကိုလည်း နားလည်ထားရန် လိုအပ်လေသည်။
သက်ပြင်းချလိုက်ရင်း သူ့အနေဖြင့် အိမ်ရှေ့စံနှင့် သေချာစွာ စကားပြောရန် အချိန်တစ်ခု ရှာရမည့်ပုံပင်။
အခြားတစ်ဖက်တွင်မူ ယွင်ဟွားသည် လျူမိန်မိန်ကို စိတ်ဝင်စားလာပြီး ဤလူ၏ ဦးနှောက်ထဲတွင် တစ်ခုခု မှားယွင်းနေသည်ဟု တွေးလိုက်မိလေသည်။
“ရှောင်ရှူးရှူး... လျူမိန်မိန်ရဲ့ မျက်လုံးတွေကို မစင်တွေ ကွယ်နေတာလား... သူမရဲ့ အစ်ကိုက နောက်ဆုံးတော့ ပြာပုံထဲကနေ ထပျံမယ့် ဖီးနစ်ငှက်လို ကောင်းမွန်တဲ့ နေရာတစ်ခုကို ရှာပေးခဲ့တာကို... သူမက ဘာလို့ ကောင်းကင်ပေါ်က လမင်းကြီးကို ငြင်းပယ်ပြီး နံစော်နေတဲ့ မစင်မြောင်းထဲက ကျောက်ခဲကိုမှ အတင်းရွေးချယ်ချင်ရတာလဲ…”
လူတိုင်း... ။
ဤအရာကို မည်သူက ငြင်းခုံနိုင်မည်နည်း။
သူတို့၏ အိမ်ရှေ့စံမှာ သေသပ်ကျော့ရှင်းပြီး ယဉ်ကျေးသိမ်မွေ့ကာ အထက်တန်းလွှာ မိသားစုများမှ သခင်မလေးများသည် အရှေ့နန်းဆောင်သို့ ဝင်ရောက်နိုင်ရန် အပြိုင်အဆိုင် ကြိုးစားနေကြသော်လည်း အချို့လူများကမူ ဤအရာကို လေးလေးနက်နက် သဘောမထားကြပေ။
မျှော်လင့်ထားသည့်အတိုင်းပင် ရစ်ငှက်များသည် အစားအစာကောင်းများကို မစားတတ်ကြဘဲ အဆင့်မြင့် အစားအစာများနှင့် မသင့်တော်ပေ။
ရှင်ခြင်းသေခြင်းစာအုပ်က ဟွားဟွားလေး၏ စကားကို သဘောတူကာ ဆက်ပြောလေသည်။
“အိမ်ရှေ့စံက လှပတဲ့ အမျိုးသမီးတွေကို အများကြီး မြင်ဖူးထားတော့... အဲ့သာမန်မိသားစုက မိန်းကလေးက သူ့ရဲ့ အာရုံစိုက်မှုကို မရနိုင်တာ အမှန်ပဲ... လျူမိန်မိန် အရှေ့နန်းဆောင်ကို ရောက်လာပြီးတဲ့နောက်မှာ အိမ်ရှေ့စံက သူမကို လျစ်လျူရှုထားလိုက်တယ်…”
“အဲ့အမျိုးသမီးက ကာမကိစ္စတွေကို တစ်ခါမှ မကြုံဖူးခဲ့ဘူးဆိုရင်တော့ ကိစ္စမရှိပါဘူး... ဒါပေမယ့် လျူမိန်မိန်က သူမရဲ့ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ပြီးပြီလေ... ပြီးတော့ အိမ်ရှေ့စံကလည်း သူမကို တစ်ခါမှ မထိတွေ့ခဲ့ဘူး…”
“သူမက အလွန်တရာ အထီးကျန်နေခဲ့တာလေ... နင် သိတယ်မလား…”
ယွင်ရှောင်ထျန်း...။
*သူ ဘာမှမသိပါဘူး..*.
“နောက်ပိုင်းမှာ သူမက အရင်က သူမနဲ့ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတစ်ယောက်နဲ့ မမျှော်လင့်ဘဲ ပြန်ဆုံခဲ့တယ်... ဒါကြောင့် သူမက သူ့ကို အစေခံတစ်ယောက်လို ရုပ်ဖျက်ပြီး အိမ်တော်ထဲကို ခိုးဝင်လာဖို့ အကြံအစည်တစ်ခု ဖန်တီးခဲ့တယ်... အဲဒီနောက်မှာတော့ မီးပွားတွေ လွင့်စင်လာပြီး သူတို့နှစ်ယောက် ဖောက်ပြန်တဲ့အထိ ဖြစ်သွားခဲ့တယ်... နောက်ဆုံးတော့ အိမ်ရှေ့စံက သူတို့ကို လက်ပူးလက်ကြပ် မိသွားပြီး သူ့ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်…”
“ဟူး”
ယွင်ဟွားက အသက်ရှူမှားသွားပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။
“အိမ်ရှေ့စံက တကယ်ပဲ... မတရား ခံလိုက်ရတာပဲ…”
ထို့နောက် သူမက ရယ်မောလိုက်ပြီး ပြောလေသည်။
“ဟားဟားဟား... ငါတော့ ရယ်ရလွန်းလို့ သေတော့မယ်... သူက ဘာအကျိုးအမြတ်မှ မရလိုက်ဘဲ အလကားနေရင်း ဖောက်ပြန်ခံလိုက်ရတာပဲ... ကံကောင်းလို့ အဲ့အမှန်တရားကို ငါတစ်ယောက်တည်း သိတာ... မဟုတ်ရင် သူ လုံးဝ မျက်နှာပြရဲတော့မှာ မဟုတ်ဘူး…”
နန်ကုန်းယန်...။
*အရမ်းကို ကျေးဇူးတင်ပါတယ်... *
*ညီလာခံမှာရှိတဲ့ အမတ်တွေရဲ့ ထက်ဝက်လောက်က သူ လုံးဝ အရူးလုပ်ခံလိုက်ရတယ်ဆိုတာကို သိနေကြပြီလေ…*
ဤအချိန်တွင် အမတ်ကြီးများမှာ သူတို့၏ ရယ်မောချင်စိတ်ကို အောင့်ထားရလွန်းသဖြင့် တုန်ယင်နေကြလေပြီ။ တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ထောက်ထား၍သာမဟုတ်ပါက သူတို့သည် အစောကြီးကတည်းက အသံထွက်၍ ရယ်မောမိကြမည် ဖြစ်လေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် ထိုသူမှာ မိမိ၏ ကိုယ်ပိုင်သားတော်ဖြစ်ကြောင်း တွေးမိသောအခါ ရယ်ချင်သွားသော်လည်း ထိန်းထားလိုက်လေသည်။ သူ၏ အိမ်ရှေ့စံသည် ဤသင်ခန်းစာမှနေ၍ တစ်စုံတစ်ရာ သင်ယူနိုင်ပြီး အမျိုးသမီးများနှင့် ပတ်သက်လာလျှင် အနည်းငယ် ပို၍ သတိထားတတ်လာစေရန် မျှော်လင့်လျက် သူ့ပေါင်ကို ဆက်တိုက် ညှစ်ထားလိုက်လေသည်။
ယွင်ဟွားက ရယ်မောအပြီးတွင် သူမက ရုတ်တရက် တစ်ခုခုကို သတိရသွားပုံရပြီး သူမ၏ မျက်နှာမှာ တင်းမာသွားလေသည်။
“နေပါဦး ရှောင်ရှူးရှူး... အိမ်ရှေ့စံကိုယ်တိုင်တောင် လျူမိန်မိန်ကို သဘောမကျဘူးဆိုရင် မနေ့က ဘာလို့ အဲ့ဆံထိုးလေးကို သဘောကျလားဆိုပြီး ငါ့ကို လာမေးရတာလဲ…”
ယွင်ဟွားနှင့် ရှင်ခြင်းသေခြင်းစာအုပ်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြလေသည်။
နန်ကုန်းယန်သည် ချွေးစေးများ ပြန်လာလေသည်။
*ကျွန်တော့်ရဲ့ အချစ်တော် အဒေါ်လေးရယ်... ကျေးဇူးပြုပြီး ဇဝေဇဝါ ဖြစ်မနေပါနဲ့တော့... ဆက်မမေးပါနဲ့တော့... သူက ဖုံးကွယ်ဖို့အတွက် ဆင်ခြေတစ်ခု ဖန်တီးလိုက်ရုံသက်သက်ပါ…*
*ငါတို့ဆက်ပြီး တူးဆွနေမယ်ဆိုရင် နောက်ထပ် သူ့အဖေရဲ့ အတိတ်ကိုပါ တူးဆွမိသွားမလား…*
ယွင်ဟွားသည် သူမ၏ မျက်နှာလေးကို ရုတ်တရက် တွန့်လိမ်လိုက်ပြီး သူမ၏ နူးညံ့သော မျက်ခုံးလေးများ စုကျုံးသွားကာ အံကြိတ်လိုက်လေသည်။
“ဟွန့်... ငါ သိသားပဲ... သူက ငါ့ကို လိုက်နေတုန်းပဲ... ဒီသခင်မလေးက သူ့လိုသက်ကျားအို အဘိုးကြီးကို စိတ်မဝင်စားဘူး…”
ထိုဒေါသတကြီး ဟစ်အော်သံကြောင့် လူတိုင်း တုန်လှုပ်သွားကြလေသည်။
ယွင်ရှောင်ထျန်း...။ *အိမ်ရှေ့စံက ငါ့ရဲ့ အငယ်ဆုံးသမီးလေးကို မျက်စိကျနေတာလား…*
*ဒါက... အိမ်ရှေ့စံမင်းသား... သူက... ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားနေတာများလား…*
ဧကရာဇ်ဝမ်ရွှမ်း...။ *မဟုတ်ဘူး... အခု ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ…*
နန်ကုန်းယန်...။
*သက်ကျားအို အဘိုးကြီး…*
*မင်းက ဆံပင်တောင် အပြည့်မပေါက်သေးတဲ့ ကလေးမလေးတစ်ယောက်ဆိုပြီး ငါက ညည်းညူတာတောင် မလုပ်ရသေးဘူးလေ…*
*ဖူး... မင်းလို အတင်းအဖျင်းပြောတတ်တဲ့သူကို ငါ ဘယ်တော့မှ သဘောကျမှာ မဟုတ်ဘူး…*
ယနေ့နံနက် ညီလာခံတွင် ဧကရာဇ်ဝမ်ရွှမ်းသည် ညီလာခံအတွင်းမှ အကျင့်ပျက်အရာရှိများကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့သော်လည်း သူ၏ သားအကြီးဆုံးက တော်ဝင်မိသားစုကို အရှက်ခွဲခဲ့လေသည်။ ဧကရာဇ်ဝမ်ရွှမ်းသည် ညီလာခံကို ဆက်လက်တက်ရောက်ရန် ဆန္ဒမရှိတော့သဖြင့် လက်ယမ်းပြကာ ညီလာခံ ရပ်နားကြောင်း ကြေညာလိုက်လေသည်။
မနက်ဖြန်တွင် မယ်တော်ကြီးသည် ကောင်းချီးမင်္ဂလာများ ဆုတောင်းပြီးနောက် နန်းတော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သဖြင့် သူမအနေဖြင့် တစ်ရက်အနားရမည် ဖြစ်လေသည်။ သန်ဘက်ခါတွင် နန်းတွင်းပွဲတော်တစ်ခုကို ကျင်းပမည်ဖြစ်ပြီး အရာရှိများအားလုံးနှင့် သူတို့၏ မိသားစုများ မဖြစ်မနေ တက်ရောက်ရမည် ဖြစ်လေသည်။
ဤအရာကို ကြားသောအခါ ယွင်ရှောင်ထျန်းမှာ ငိုချင်စိတ်ပေါက်သွားလေသည်။
အပြန်ခရီးတွင် ယွင်ရှောင်ထျန်းသည် ပူပင်သောကကင်းမဲ့နေသော ယွင်ဟွားကို ကြည့်ကာ ခေါင်းကိုက်လာခြင်းကို မတားဆီးနိုင်ခဲ့ပေ။ သူသည် တစ်ခုခုကို ပြောချင်နေသည့်အလား နှုတ်ခမ်းကို လှုပ်ရှားလိုက်သော်လည်း သူ့ကိုယ်သူ ပြန်လည်တားဆီးလိုက်လေသည်။
ယွင်ဟွားက သူမ၏ ဖခင်ကို လှမ်းကြည့်လိုက်ပြီး အလွန်တရာ နေရခက်သွားလေသည်။
“အဖေ... အဖေ ပြောစရာရှိတာကိုသာ ပြောလိုက်ပါ... အဖေက ပွစိပွစိလုပ်တတ်တဲ့ အဘွားကြီးတစ်ယောက်လို ပြုမူနေတယ်...”
ဖခင်ဖြစ်သူ ထိုနေရာတွင်ပင် ပေါက်ကွဲသွားမည်ကို စိုးရိမ်သဖြင့် သူမက ကိုယ်နေဟန်ထားကို ပြောင်းလိုက်လေသည်။
ယွင်ရှောင်ထျန်းက သူမကို စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
ယွင်ဟွားထံတွင် အမျိုးသမီးတစ်ဦးနှင့်တူသော အမူအကျင့်များ လုံးဝမရှိသည်ကို မြင်သောအခါ သူက မနေနိုင်ဘဲ သူမကို သတိပေးလိုက်လေသည်။
“သန်ဘက်ခါ နန်းတွင်းပွဲတော်မှာ သမီးကို ကျော့ရှင်းနေဖို့ အဖေ မမျှော်လင့်ထားပါဘူး... ဒါပေမယ့် သမီးက ကိုယ့်နေရာမှာ ငြိမ်ငြိမ်လေးထိုင်နေပြီး ဂဏာမငြိမ် မဖြစ်ရဘူးနော်...”
*အဓိကကတော့ လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတာကို ရှောင်ရှားဖို့ပဲ…*
မယ်တော်ကြီးသည် မည်သို့သော လူစားမျိုးဖြစ်ကြောင်း သူ ကောင်းကောင်းသိလေသည်။ သူမသည် အမူအကျင့်နှင့် ယဉ်ကျေးမှု မရှိသော အမျိုးသမီးများကို သဘောမကျပေ။
ယွင်ဟွားသည် ပါးစပ်ထဲသို့ ထည့်လုဆဲဆဲ မုန့်ကို ကိုင်ထားသည့် သူမ၏ လက်ကို ရပ်တန့်လိုက်ပြီး ယွင်ရှောင်ထျန်းကို အပြစ်တင်သည့်အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်လေသည်။
“အဖေ... အဖေ့ရဲ့ လိပ်ပြာကိုလုံရဲ့လား... သမီးက လူကောင်းတစ်ယောက် မဟုတ်လို့လား...”
ယွင်ရှောင်ထျန်း...။
*ကောင်းပြီလေ... ငါ အိမ်ပြန်ပြီး ငါ့ဇနီးနဲ့ တိုင်ပင်ရတော့မယ်... ငါတို့အနေနဲ့ အခုကစပြီး သူမကို အနီးကပ် စောင့်ကြည့်နေဖို့ လိုတယ်... ပြီးတော့ သူမက မယ်တော်ကြီးကို စိတ်အနှောင့်အယှက် မဖြစ်စေဖို့ သေချာအောင် လုပ်ရမယ်…*
နောက်တစ်နေ့တွင်...
ညီလာခံသို့ တက်ရောက်ရန် မလိုသော ယွင်ဟွားသည် မွန်းတည့်ချိန်အထိ အိပ်ရာမထခဲ့ပေ။
ထို့နောက် ထုံးစံအတိုင်း အပြင်ဘက်ရှိ ဖရဲသီးများအကြောင်းကို အိမ်တော်ရှိ အစေခံများနှင့် သူမ သွားရောက်စကားပြောလေသည်။
*ဘယ်သူ့ရဲ့ ဇနီးက ဖောက်ပြန်သွားတာလဲ... ဘယ်သူ့ရဲ့ ကလေးက ပြဿနာရှာနေတာလဲ... ဘယ်သူ့ရဲ့ ချွေးမက အစားအစာ နည်းနည်းလေးအတွက် ယောက္ခမနဲ့ ရန်ဖြစ်နေတာလဲ…*
*မဟုတ်သေးပေ…*
ယွင်ရှောင်ထျန်းသည် သူ၏ သမီးငယ်လေး အစေခံများကြားတွင် ထပ်မံညပ်နေသည်ကို မြင်လိုက်ရသောအခါ သူ၏ နဖူးပေါ်ရှိ သွေးကြောများမှာ တဒိတ်ဒိတ် ခုန်လာလေတော့သည်။
“ယွင်ဟွား...”
“ရောက်ပါပြီ...”
ဟိန်းဟောက်သံနှင့်အတူ ယွင်ဟွားမှာ အလိုအလျောက် တောင့်တင်းသွားလေသည်။ လွန်ခဲ့သော စက္ကန့်ပိုင်းကမှ အတူတကွ ဆူညံစွာ စကားပြောနေခဲ့ကြသော အစေခံများသည် လူစုကွဲကာ ထွက်ပြေးသွားကြပြီး ယွင်ဟွား တစ်ဦးတည်းသာ ဖခင်၏ ဒေါသကို ရင်ဆိုင်ရန် ကျန်ရစ်ခဲ့လေသည်။
“ဟေး... အဖေ... ဘယ်လေနှင်လို့ ဒီကို ရောက်လာတာလဲ...”
ယွင်ဟွားသည် တောင့်တင်းနေသော မျက်နှာဖြင့် ယွင်ရှောင်ထျန်းကို လက်လှမ်းပြလိုက်လေသည်။ ဖခင်၏ မျက်နှာအမူအရာ မမှန်သည်ကို မြင်သောအခါ သူမက စကားစကို ချက်ချင်း ပြောင်းလိုက်လေသည်။
“အဖေ... ရေဆာနေပြီလား... သမီး လက်ဖက်ရည် ဖျော်ပေးမယ်လေ...”
ထိုသို့ပြောပြီးနောက် ယုန်လေးတစ်ကောင်လို ပြေးထွက်သွားကာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
ယွင်ရှောင်ထျန်းမှာ ဒေါသထွက်လွန်း၍ ရယ်မောလိုက်မိလေသည်။
“အဖေ... အမေ... ညီမလေး... သူမက နန်းတွင်းပွဲတော်ကို တက်ရောက်ဖို့ မသင့်တော်လောက်ဘူး ထင်တယ်...”
ယွင်ချင်းမော့သည် ယွင်မိသားစု ဇနီးမောင်နှံကို စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် ကြည့်ကာ ဆက်ပြောလေသည်။
“ညီမလေးက တော်ဝင်ညီလာခံမှာ အတင်းအဖျင်းတွေ နားထောင်နေတာလေ... သူမက ဧကရာဇ်ရဲ့ သူလျှိုဖြစ်ပြီး ညီလာခံထဲက အကျင့်ပျက်အရာရှိတွေကို ရှင်းထုတ်နိုင်တယ်...”
“ဒါပေမယ့် အဲ့နန်းတွင်းဆောင်မှာ အမျိုးသမီးတွေကြားထဲက ညစ်ပတ်တဲ့ လှည့်ကွက်တွေက ရေတွက်လို့တောင် မရနိုင်ဘူး... သူမက စောင့်ကြည့်သူ တစ်ယောက်အနေနဲ့ တော်ဝင်မိသားစု ဒါမှမဟုတ် ကိုယ်လုပ်တော်တွေနဲ့ ပတ်သက်နေတဲ့ ကိစ္စတစ်ခုခုကို မတော်တဆ ဝင်ပါမိသွားရင် ဘယ်လိုလုပ်မလဲ...”
သားအကြီးဆုံး ထိုသို့ပြောသည်ကို ကြားသောအခါ ချွေ့ဝမ်ရှင်း၏ နှလုံးသားမှာ ကျုံ့ဝင်သွားလေသည်။ နန်းတွင်းပွဲတော်တွင် လူများပြားပြီး စောင့်ကြည့်နေသည့် မျက်လုံးများလည်း အများအပြား ရှိလေသည်။ သူမ၏ စိတ်လိုက်မာပါ လုပ်တတ်သော ကိုယ်ရည်ကိုယ်သွေးကြောင့် သူမသည် တစ်စုံတစ်ယောက်ကို စော်ကားမိသွားနိုင်ပေသည်။
“သူမ အအေးမိနေလို့ သွားလို့မရဘူးဆိုတဲ့ အကြောင်းပြချက်တစ်ခုလောက် ငါတို့ ဘာလို့ မရှာရမှာလဲ...”
“မဟုတ်ဘူး… ဒါက မသင့်တော်ဘူး... ဧကရာဇ်က မပျက်မကွက် တက်ရောက်ရမယ်လို့ အမိန့်ထုတ်ထားတာလေ...”
ယွင်ရှောင်ထျန်း၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေလေသည်။ ဇနီးဖြစ်သူ၏ စိုးရိမ်တကြီးဖြစ်နေသော အမူအရာကို မြင်သောအခါ သူက သူမကို နှစ်သိမ့်လိုက်လေသည်။
“မနက်ဖြန်ကျရင် သူမ လျှောက်မသွားအောင် သေချာဂရုစိုက်ပေးလိုက်ပါ... သူမ ဆောင်ထားတဲ့ ရှားပါးရတနာကိုလည်း မမေ့နဲ့ဦး...”
ထို့ပြင် ဧကရာဇ်ကလည်း ယွင်မိသားစုဘက်မှ ရပ်တည်ပေးဦးမည် ဖြစ်လေသည်။
အမျိုးသမီးများမှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြခြင်းပင် ဖြစ်လေသည်။
ယွင်ယာက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“စိတ်မပူပါနဲ့ အမေ... မနက်ဖြန်ကျရင် တတိယညီမလေးနဲ့ သမီးက ညီမလေးကို အနီးကပ် စောင့်ကြည့်ပေးထားပါ့မယ်...”
ဤအချိန်တွင် ယွင်ဝေကလည်း ဝင်ရောက်ပြောဆိုလိုက်လေသည်။
“အဆိုးဆုံးအခြေအနေမှာ မနက်ဖြန်ကျရင် သမီး အုတ်ခဲတစ်လုံး ဖွက်ထားလိုက်မယ်... ညီမလေးက ဖရဲသီးစားချင်တဲ့စိတ်ကို မတားဆီးနိုင်တော့ဘူးဆိုရင် သမီး... သမီး... သမီး သူ့ကို အုတ်ခဲနဲ့ ခေါက်သိပ်လိုက်မယ်...”
လူတိုင်း…။