အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း (၁၉) နန်းတွင်းပွဲတော် စတင်ခြင်း
တော်ဝင်နန်းတော်ဥယျာဉ်။
ချွေ့ဝမ်ရှင်းသည် ရည်ရွယ်ချက်မရှိဘဲ ဟိုဟိုဒီဒီ လျှောက်ကြည့်နေသော ပူပင်သောကကင်းမဲ့နေသည့် သူမ၏ သမီးငယ်လေးကို ကြည့်ကာ ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရလေသည်။
သူမက သမီးဖြစ်သူ၏ လက်ကောက်ဝတ်ကို အမြန်ဆွဲကိုင်ကာ ညွှန်ကြားလိုက်လေသည်။
“နန်းတော်ထဲမှာ စည်းကမ်းတွေ အများကြီးရှိတယ်... သမီးရဲ့ အစ်မနှစ်ယောက်ကို အနီးကပ်လိုက်ကြည့်ပြီး သူတို့ ဘယ်လိုလုပ်သလဲဆိုတာကို လေ့လာထား...”
သူမက ခေတ္တရပ်လိုက်ပြီးနောက် လေးနက်သော လေသံဖြင့် ဆက်ပြောလိုက်လေသည်။
“ပြီးတော့ သမီးရဲ့ စိတ်ထဲမှာ တခြားဘာအတွေးမှ မတွေးရဘူး... ကပြဖျော်ဖြေတာကို တိတ်တိတ်လေး ကြည့်ပြီး ကိုယ့်အစားကိုပဲ စားနေရမယ်... နားလည်လား...”
“အိုး...”
ယွင်ဟွားက လိမ္မာရေးခြားရှိစွာ တုံ့ပြန်လိုက်သော်လည်း သူမ၏ စိတ်ထဲတွင်မူ ဘာတွေဖြစ်နေသနည်းဟု တိတ်တဆိတ် တွေးတောနေမိလေသည်။
“တကယ်ပါပဲ... စကားမပြောရဘူးဆိုတာကို နားလည်ပေးလို့ရပေမယ့် ဘာကိုမှ မတွေးရဘူးဆိုတာကတော့... အဲ့တာက လွန်လွန်းအားကြီးတယ်... ငါ မလုပ်နိုင်ဘူး…”
ချွေ့ဝမ်ရှင်းသည် ခြေခေါက်ကျသွားလေသည်။ သူမ ညွှန်ကြားချက် ပေးပြီးသည်နှင့် တစ်ပြိုင်နက် ဤမိန်းကလေးက မိမိဘာသာ တတွတ်တွတ် စတင်ပြောဆိုနေပြန်လေပြီ။
သူမ၏ဘေးတွင် ရပ်နေသော ယွင်ယာက ယွင်ဟွား၏ ခါးမှ နူးညံ့သောအသားကို တိုက်ရိုက် လိမ်ဆွဲလိုက်လေသည်။
“အား...”
ယွင်ဟွားမှာ မမျှော်လင့်ဘဲ အော်ဟစ်လိုက်ပြီး အလိမ်ခံရသောနေရာကို ဆုပ်ကိုင်ကာ နောက်သို့ ခြေနှစ်လှမ်း ခုန်ဆုတ်သွားပြီးနောက် မျက်လုံးများကို ပြူးကျယ်ကာ အပြစ်တင်လိုက်လေသည်။
“ဒုတိယအစ်မ... ဘာလို့ ငါ့ကို လိမ်ဆွဲရတာလဲ...”
“ငါ...”
ဒုက္ခပါပဲ...။သူမက ညီမလေး၏ အတွင်းစိတ်အသံကို ကြားလိုက်ရသဖြင့် လက်မြန်ခြေမြန် လုပ်မိသွားခြင်း ဖြစ်လေသည်။
ယွင်ဝေသည် တစ်ခုခုကို လှမ်းယူရန် ပြင်လိုက်သော်လည်း ရပ်တန့်သွားလေသည်။ နင် သည်းခံသင့်တယ်လေ...
“နင်က စပ်စုနေလို့... နင့်ကိုလိမ္မာအောင် လုပ်ဖို့ ကြိုးစားနေတာပါ...”
ယွင်ယာက အထိတ်တလန့်ဖြင့် ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သော်လည်း ကံကောင်းထောက်မစွာဖြင့် မည်သူကမျှ သူတို့ကို အာရုံစိုက်မနေကြပေ။
ယွင်ဟွားမှာ အလွန်တရာ စိတ်ပျက်သွားလေသည်။ ကောင်းကင်နှင့် မြေကြီးကပင် သက်သေဖြစ်လေသည်။ သူမသည် အိမ်မှထွက်လာကတည်းက တစ်မနက်ခင်းလုံး မိခင်နှင့် အစ်မများ၏ ပွစိပွစိလုပ်ခြင်းနှင့် ဆူပူကြိမ်းမောင်းခြင်းတို့ကို ခံခဲ့ရလေသည်။
ယခုအခါ သူမသည် ကြီးမားသော လှုပ်ရှားမှု တစ်ခုခုကိုပင် မလုပ်ရဲတော့ပေ။
*သူမ လုံလောက်အောင် လိမ္မာမနေဘူးလား…*
သူမသည် ထိုင်ခုံတွင် ထိုင်လိုက်သည်အထိ အလွန်အမင်း သတိထားနေခဲ့လေသည်။
သို့သော် သူမ၏ ရှေ့တွင် ချထားသော အရသာရှိလှသည့် အစားအစာများကို မြင်လိုက်ရသောအခါ တံတွေးများကို အတင်းမြိုချလိုက်ရပြီး သွားရည်ကျလာလေသည်။
“အမေ... သမီး ဒါကို စားလို့ရမလား...”
ချွေ့ဝမ်ရှင်းက အစားအစာများက သူမ၏ ပါးစပ်ကို ပိတ်ထားနိုင်ပြီး ရှောင်ရှူးရှူးနှင့် စကားစမြည်ပြောနေမည့်အစား အစားအစာများအပေါ်တွင်သာ အာရုံစိုက်ထားနိုင်မည်ဟု တွေးကာ ခွင့်ပြုလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ဤအရွယ်သည် အစားအစာကို တပ်မက်လွယ်သော အရွယ်ဖြစ်သဖြင့် ကြီးကြီးမားမား ကိစ္စမဟုတ်ပေ။
သို့သော်လည်း...
သူမ အထင်ကြီးလွန်းသွားခဲ့လေသည်။
“ရှောင်ရှူးရှူး... နန်းတော်ထဲက ဒီဖန်သားကိတ်မုန့်လေးက အရမ်းလှတာပဲ... အလင်းပေါက်နေပြီး နူးညံ့အိစက်နေတာပဲ... ချိုပေမယ့် အီမနေဘူး... အရမ်း အရသာရှိတာပဲ…”
“ပြီးတော့ ဒီဖက်ထုပ်တွေကလည်း အခွံပါးပါးလေးနဲ့ အဆာတွေ အများကြီးပဲ... တစ်ကိုက်ကိုက်လိုက်တာနဲ့ အရည်ရွှမ်းပြီး အရသာရှိတဲ့ အရည်တွေ ပန်းထွက်လာတာပဲ... ဝိုး…”
“နှမြောစရာပဲ ရှောင်ရှူးရှူးရယ်... နင်တော့ စားရမှာ မဟုတ်ဘူး…”
ရှင်ခြင်းသေခြင်းစာအုပ်က အစားအစာများအပေါ် မည်သည့်စိတ်ဝင်စားမှုကိုမျှ မပြပေ။
“ဟွားဟွားလေး... အဲ့တာတွေက အစားအစာလေး နည်းနည်းပါ... နင်က ဆယ်နှစ်ကျော်လောက် ဘာမှမစားရသေးတဲ့လူလို ပြောနေတာပဲ... နည်းနည်း တည်တည်ငြိမ်ငြိမ်နေစမ်းပါ... မဟုတ်ရင် ပြဿနာရှာတတ်တဲ့ ငါတို့နှစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားလိမ့်မယ်…”
ချွေ့ဝမ်ရှင်း...။
*တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပါပဲ…*
ခင်ပွန်းဖြစ်သူက ဤကလေးမကို ညီလာခံသို့ ခေါ်သွားစဉ်က မည်သို့ ခံစားခဲ့ရမည်ကို ယခုမှ သူမ ကောင်းကောင်း နားလည်သွားလေတော့သည်။
ယွင်ဟွားက မိမိဘာသာ တတွတ်တွတ် ပြောနေစဉ် သူမ၏ အနောက်တွင် ရပ်နေသော နန်းတွင်းအစေခံမလေးမှာ နားရွက်များကို ဆက်တိုက် ကုတ်နေမိလေသည်။
*ဒီသခင်မလေးက ဘယ်သူ့ရဲ့ သမီးလဲ... သူမက အစာစားနေချိန်မှာတောင်ဒီလောက် ဆူညံနေရသလား…*
ယွင်ဟွား အစာစားပြီးသွားချိန်တွင် အဝေးမှ စူးရှသော အသံတစ်သံ ထွက်ပေါ်လာလေသည်။
“အရှင်မင်းကြီး ကြွလာပါပြီ... မယ်တော်ကြီး ကြွလာပါပြီ... မိဖုရားခေါင်ကြီး ကြွလာပါပြီ...”
တက်ရောက်လာသူ အားလုံးက ဦးညွှတ်ဒူးထောက်ကာ တစ်သံတည်း ဟစ်ကြွေးလိုက်ကြလေသည်။
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ...”
“ထကြပါ... ဒီနေ့က နန်းတွင်းပွဲတော်ဖြစ်လို့ စည်းကမ်းတွေ အများကြီးထားစရာ မလိုပါဘူး...”
ထိုသို့ပြောပြီးနောက် ဧကရာဇ်ဝမ်ရွှမ်းက ယွင်ဟွားရှိနေသည့် နေရာကို မရည်ရွယ်ဘဲ လှမ်းကြည့်လိုက်လေသည်။
လူတိုင်း နေရာယူပြီးနောက် ကချေသည်များက စင်မြင့်ပေါ်သို့ တက်ရောက်ဖျော်ဖြေကြရာ တော်ဝင်ဥယျာဉ်အတွင်း သာယာငြိမ့်ညောင်းသော သီချင်းသံနှင့် အကအခုန်များဖြင့် သဟဇာတဖြစ်သော မြင်ကွင်းတစ်ခု ဖန်တီးသွားလေသည်။
ယွင်ဟွားသည် အဝစားသောက်ပြီးသွားပြီဖြစ်၍ ယခုအခါ အားလပ်ချိန် အနည်းငယ် ရနေလေသည်။
“ရှောင်ရှူးရှူး... ကြည့်စမ်း... လှပတဲ့ မိန်းကလေးတွေ အများကြီး ကနေကြတယ်... သူတို့ကတာ အရမ်းလှတာပဲ…”
“ဖူး...”
“အဟွတ်... အဟွတ်... အဟွတ်...”
လူတိုင်း အကကို ခံစားကြည့်ရှုနေကြစဉ် ရုတ်တရက် ထွက်ပေါ်လာသော အမျိုးသမီးအသံက အထူးသဖြင့် အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့ပြီး နန်းတွင်းဆောင်မှ သခင်မများနှင့် အမျိုးသမီးငယ်များက အံ့အားသင့်စွာဖြင့် ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ကြလေသည်။
ကချေသည်များမှာလည်း အလွန်ထိတ်လန့်သွားကြသဖြင့် အကအလှမ်းများ မှားယွင်းလုနီးပါး ဖြစ်သွားကြလေသည်။
နန်းတွင်းအရာရှိများကမူ ထိုအသံ၏ ပိုင်ရှင်အစစ်မှာ မည်သူဖြစ်ကြောင်း သိထားကြသဖြင့် တည်ငြိမ်စွာပင် နေကြလေသည်။
“ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ... ဘယ်သူလဲ...”
တတိယမင်းသား နန်ကုန်းယွီသည် စားပွဲကို ရိုက်ကာ ရုတ်တရက် မတ်တတ်ရပ်လိုက်သော်လည်း အကင်းပါးသော အိမ်ရှေ့စံက သူ့ကို နောက်သို့ ပြန်ဆွဲချလိုက်ပြီး မုန့်တစ်ချပ်ကို ယူကာ သူ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး တိုးတိုးလေး သတိပေးလိုက်လေသည်။
“ပါးစပ်ပိတ်ထား... လိမ္မာအောင်နေ...”
“ဝူး...”
တတိယမင်းသားမှာ သီးပြီး သေလုနီးပါး ဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ဒုတိယမင်းသား နန်ကုန်းကျန့်က ရေနွေးကြမ်းတစ်ခွက်ကို အချိန်မီ ကမ်းပေးလိုက်သဖြင့် သေချာပေါက် သေမည့်အန္တရာယ်မှ လွတ်မြောက်သွားလေသည်။
ထို့နောက် လှည့်ကာ မေးလိုက်လေသည်။
“အစ်ကိုတော်... ဘာတွေဖြစ်နေတာလဲ...”
အိမ်ရှေ့စံက သူ၏ နားထင်များကို ပွတ်သပ်လိုက်လေသည်။ အစောပိုင်းက မယ်တော်ကြီး ကောင်းချီးမင်္ဂလာများ သွားရောက်ဆုတောင်းစဉ်က ဒုတိယမင်းသားနှင့် တတိယမင်းသားတို့သည် သူမနှင့်အတူ လိုက်ပါသွားခဲ့ကြသဖြင့် ဤဖရဲသီးစားတတ်သည့် တစ္ဆေလေး၏ ကိစ္စကို မသိရှိခဲ့ကြပေ။
ထို့ကြောင့် ဒုတိယညီတော်၏ အံ့အားသင့်မှုနှင့် တတိယညီတော်၏ တုန်လှုပ်မှုတို့ကို ဖြေဖျောက်ပေးရန် လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြောပြလိုက်လေသည်။
ချွင်းချက်အနေဖြင့်...
သူ ဖောက်ပြန်ခံရသည့် ကိစ္စကိုမူ ချန်လှပ်ထားခဲ့လေသည်။
“တကယ်ပဲ အဲဒီလောက်တောင် အံ့သြဖို့ကောင်းတာလား...”
တတိယမင်းသားမှာ စိတ်ဝင်စားသွားပြီး ယွင်ဟွားကို တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
သူ၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ အိမ်ရှေ့စံသည် သူ ဘာတွေးနေသည်ကို သိလိုက်ပြီး မတတ်နိုင်တော့သည့်အလား သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
တတိယညီတော်သည် အမြဲတမ်း အနည်းငယ် စပ်စုတတ်သူဖြစ်ပြီး အသစ်အဆန်း သို့မဟုတ် စိတ်ဝင်စားစရာကောင်းသည့် မည်သည့်ကိစ္စတွင်မဆို အမြဲတမ်း ပါဝင်ပတ်သက်ချင်နေတတ်လေသည်။
ယခုအခါ သူက အတင်းအဖျင်းပြောတတ်သူကို ဤသို့ စိုက်ကြည့်နေလေပြီ။
တွေးကြည့်လိုက်လျှင်...
ယနေ့ သူတို့ ပြုမူခဲ့မိသည်များကို သူတို့ သေချာပေါက် နောင်တရကြမည် ဖြစ်လေသည်။
ယွင်ဟွား၏ ဖော်ပြချက်ကို နားထောင်ရင်း ရှင်ခြင်းသေခြင်းစာအုပ်သည်လည်း စိတ်ဝင်စားလာလေသည်။ ၎င်းက စာအုပ်ထဲမှ တွယ်တက်လာကာ ဟွားဟွားလေး၏ ခေါင်းပေါ်တွင်ထိုင်၍ မြင်ကွင်းကို အတူတကွ ခံစားကြည့်ရှုနေလေသည်။
“ဟွားဟွားလေး… ဒါက တကယ်ကောင်းတယ်. ငါတို့ ငရဲပြည်မှာတုန်းက အချိန်တွေကို ပြန်စဉ်းစားကြည့်စမ်း... နွားခေါင်းနဲ့ မြင်းမျက်နှာ နတ်ဆိုးတွေ... ပြီးတော့ သနားစရာကောင်းအောင် သေဆုံးခဲ့ကြတဲ့ သရဲတစ္ဆေမျိုးစုံ ဝန်းရံတာကိုပဲ ငါတို့ အမြဲတမ်း ခံခဲ့ရတာလေ... အခုတော့ လှပတဲ့ အမျိုးသမီးတွေ ကပြနေကြပြီး လက်ထဲမှာလည်း အရက်ကောင်းတွေ ရှိနေတော့ ဒါကမှ တကယ့် လွတ်လပ်ခွင့် အစစ်ပဲ…”
“ခွပ်...”
“ဒေါက်...”
“ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ... လှပတဲ့ အမျိုးသမီးတစ်ယောက်ကြောင့် သူတို့ အဲ့လောက် အံ့သြတုန်လှုပ်နေစရာ မလိုပါဘူး... ကိုယ့်ပစ္စည်းကိုတောင် သေချာ မကိုင်နိုင်ကြဘူးလား…”
သင်၏ အတွေးများကို ကြားလိုက်ရသော သခင်မများနှင့် အရာရှိကြီးများ...။
*ငါတော့ လန့်သေတော့မှာပဲ…*
*နွားခေါင်းနဲ့ မြင်းမျက်နှာ... သရဲတစ္ဆေတွေ... သူမက တကယ်ကြီး ဘယ်သူလဲ…*
သူတို့၏ အတွင်းစိတ်အသံများကို မကြားရသူများမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားကြပြီး မေးလိုက်လေသည်။
“ခင်ဗျားတို့အားလုံး အဆင်ပြေကြရဲ့လား...”
“အဆင်ပြေပါတယ်... ဘာမှမဖြစ်ပါဘူး...”
“ကျွန်တော်... မတော်တဆ ဖြစ်သွားလို့ပါ...”
ထိုထူးဆန်းသော အတွင်းစိတ်အသံများကြောင့် သူတို့ တကယ်ကို လွှမ်းမိုးခံလိုက်ရခြင်း ဖြစ်လေသည်။
အထက်နေရာတွင် ထိုင်နေသော မယ်တော်ကြီးသည် ဤရုတ်တရက် ထွက်ပေါ်လာသော စကားပြောဆိုမှုများကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွားပြီး သူမ၏ မျက်နှာအမူအရာမှာ လုံးဝ ဇဝေဇဝါဖြစ်နေပုံပေါ်လေသည်။
ဧကရာဇ်ဝမ်ရွှမ်းက မယ်တော်ကြီး၏ မျက်နှာအမူအရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် အားရပါးရ ရယ်မောနေသော ယွင်ဟွားကို လှမ်းကြည့်ကာ ခေါ်လိုက်လေသည်။
“အမတ်ငယ်ယွင်...”
ယွင်ဟွားမှာ ကြည့်ရှုရသည်ကို လုံးဝ စွဲလမ်းနေလေသည်။
“အမတ်ငယ်ယွင်...”
ဧကရာဇ်ဝမ်ရွှမ်းမှာ အလိုအလျောက် အသံကျယ်သွားလေသည်။
ယွင်ယာက သူမကို နောက်တစ်ကြိမ် လိမ်ဆွဲချင်စိတ်ကို မတားဆီးနိုင်ဖြစ်သွားသော်လည်း ယွင်ဝေက ပိုမြန်စွာဖြင့် သူမကို ကန်ထုတ်လိုက်သဖြင့် သူမမှာ မြေပြင်ပေါ်သို့ ဒူးထောက်လျက် လဲကျသွားလေသည်။
“အား... ငါ့ရဲ့...”
အကြည့်အားလုံးက ယွင်ဟွားထံသို့ ကျရောက်လာလေသည်။
ဧကရာဇ်ဝမ်ရွှမ်းက ရယ်ချင်စိတ်ကို ဖိနှိပ်ထားလိုက်လေသည်။
“အမတ်ငယ်ယွင်ရဲ့ ဝင်ရောက်လာပုံက အတော်လေးကို ထူးခြားဆန်းသစ်တာပဲ...”
ယွင်ဟွားက ခေါင်းငုံ့ထားလိုက်ပြီး သူမ၏ နဖူးပေါ်တွင် ချွေးစေးလေးများ ပေါ်လာလေသည်။
သူမ၏ တတိယအစ်မက သူမကို ဒုက္ခပေးဖို့ ကြိုးစားနေတာပဲ...
ထို့ကြောင့် သူတို့က ရိုသေစွာ ဒူးထောက်လိုက်ပြီး ဟစ်ကြွေးလိုက်ကြလေသည်။
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ... မယ်တော်ကြီး သက်တော်ရာကျော် ရှည်ပါစေ... မိဖုရားခေါင်ကြီး သက်တော်ရာကျော် ရှည်ပါစေ...”
ထိုထူးဆန်းသော အသံမှာ သူမထံမှဖြစ်ကြောင်း လူတိုင်း အတည်ပြုလိုက်ကြလေသည်။
အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် မယ်တော်ကြီးက ဖြည်းညင်းစွာ စကားစလိုက်လေသည်။
“ခေါင်းမော့လိုက်စမ်း...”
သူမ၏ အသံမှာ အလျင်စလို မရှိသော်လည်း ငြင်းပယ်၍ မရနိုင်သော ဩဇာအာဏာတစ်ခု ပါဝင်နေလေသည်။
ယွင်ဟွားက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး လက်လျှော့လိုက်သည့်ဟန်ဖြင့် ခေါင်းမော့ကြည့်လိုက်လေသည်။
*နင် မမြင်ရသရွေ့တော့ ယုံကြည်မှာ မဟုတ်ဘူး... ပြီးတော့ နင် တွေ့လိုက်ရတဲ့အရာက နင့်ကို တုန်လှုပ်သွားစေလိမ့်မယ်…*
ချက်ချင်းဆိုသလိုပင် အလွန်တက်ကြွနေသော အတွေးတစ်ခုက သူမ၏ စိတ်ထဲသို့ လွှမ်းမိုးဝင်ရောက်လာလေသည်။
“ရှောင်ရှူးရှူး... ရှောင်ရှူးရှူး... ဒီမယ်တော်ကြီးက အရမ်းကိုကြင်နာတတ်ပြီး နူးညံ့ပုံရတာပဲ... စောစောက သူမရဲ့ အသံကို ကြားတော့ ငါ ဒုက္ခရောက်တော့မယ်လို့ ထင်နေခဲ့တာ…”
ရှင်ခြင်းသေခြင်းစာအုပ်သည်လည်း မယ်တော်ကြီးကို အသေအချာ စစ်ဆေးကြည့်ရှုနေပြီး အံ့သြတကြီး ရေရွတ်လိုက်လေသည်။
“ဟွားဟွားလေး... ဒီမယ်တော်ကြီးက ငရဲပြည်ကို စောင့်ကြပ်တဲ့ နတ်သမီးဟို့ထုနဲ့ တကယ့်ကို တစ်ထေရာတည်း တူနေတယ်လို့ နင် မထင်ဘူးလား..”
“နင်ပြောမှပဲ သတိထားမိတယ်... နတ်သမီးဟို့ထုကို ငါ တစ်ကြိမ်ပဲ မြင်ဖူးခဲ့ပေမယ့် သူမရဲ့ အသွင်အပြင်က ငါ့စိတ်ထဲမှာ စွဲထင်နေခဲ့တာ... ဒီမယ်တော်ကြီးက အရမ်းကို သက်တောင့်သက်သာရှိပုံရပြီး ငါ့ကို သူမနဲ့ နီးကပ်ချင်စိတ် ဖြစ်ပေါ်စေတာ မဆန်းပါဘူး…”
ဤမှတ်ချက်များကို ကြားသောအခါ မယ်တော်ကြီးမှာလည်း အံ့အားသင့်သွားလေသည်။
သူမ၏ မျက်လုံးများထဲတွင် တည်ရှိနေခဲ့သော စူးရှမှုများ ပျောက်ကွယ်သွားပြီး နူးညံ့သော ကြင်နာမှုတို့ဖြင့် အစားထိုးဝင်ရောက်လာကာ ယွင်ဟွားအပေါ် ထားရှိသော သူမ၏ အကြည့်များမှာ အလွန်တရာ နူးညံ့သွားလေသည်။
လူတိုင်း...။
ဤမြှောက်ပင့်စကားကို စကားလုံးတစ်လုံးတည်းဖြင့် အကျဉ်းချုံးနိုင်သည်။
*အရှုံးပေးလိုက်ပြီ…*
အခန်း (၂၀) သူသည် ချိုသာသောစကားများကို အကုန်အစင် တတ်ကျွမ်းနေလေ၏၊ နောက်ဆုံးတွင် ဇာတ်လိုက်မင်းသား ပေါ်လာပြီဖြစ်သည်
ထိုအရာကို မြင်သောအခါ ယွင်မိသားစုမှာ သက်ပြင်းချနိုင်သွားခဲ့လေသည်။
ဧကရာဇ်ဝမ်ရွှမ်းသည် မျက်ခုံးပင့်လိုက်လေသည်။ ဤကလေးမလေးသည် သူမ၏ အတွင်းစိတ်အသံများကို ဆက်တိုက် ထုတ်ဖော်နေခဲ့သော်လည်း မယ်တော်ကြီး၏ စိတ်တော်နှင့် တွေ့သွားပြီဖြစ်ကြောင်းကိုမူ သူမကိုယ်တိုင် မသိရှိခဲ့ပေ။
“မယ်တော်... သူက ဝန်ကြီးချုပ်ယွင်ရဲ့ အငယ်ဆုံးသမီးပါ... အခု နန်းတွင်းမှာ အရာရှိအဖြစ် ဝင်ရောက်ထမ်းဆောင်နေပြီး တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့သူပါ...”
ဧကရာဇ်ဝမ်ရွှမ်းသည် အများကြီးရှင်းပြမနေဘဲ အနည်းငယ်မျှသာ အရိပ်အမြွက် ပြောလိုက်သော်လည်း မယ်တော်ကြီးမှာ အကြောင်းစုံကို နားလည်သွားခဲ့လေသည်။
တကယ့်ကို စိတ်ဝင်စားစရာကောင်းလှပေသည်။
ယွင်မိသားစုက ဆယ်နှစ်ကျော်တိုင်တိုင် လျှို့ဝှက်ထားခဲ့သည်မှာလည်း အံ့သြစရာ မဟုတ်တော့ပေ။
“ကလေးမလေးရဲ့ နာမည်က ဘယ်လိုခေါ်လဲ...”
မယ်တော်ကြီးသည် သူမ၏ မျက်ဝန်းများကို အနည်းငယ် ကျဉ်းလိုက်လေသည်။
နန်းတော်နက်ကြီးထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသဖြင့် အထက်တန်းလွှာမိသားစုများမှ လိမ္မာယဉ်ကျေးသော သခင်မလေးများကိုသာ သူမ မြင်တွေ့နေကျ ဖြစ်လေသည်။ သူမရှေ့ရှိ တက်ကြွနေသော ဤကလေးမလေးမှာ အလွန်ထူးခြားနေပြီး ပျင်းစရာကောင်းသော နန်းတော်ကြီးထဲသို့ ပျော်ရွှင်မှုအရိပ်အယောင်များကို ဆောင်ကြဉ်းပေးလာခဲ့လေသည်။
“မယ်တော်ကြီး... ကျွန်မနာမည်က ယွင်ဟွားပါ...”
“ယွင်ဟွား...”
မိမိရှေ့ရှိ အနည်းငယ် ရို့ကျိုးနေသော ကလေးမလေးကို ကြည့်ကာ မယ်တော်ကြီးသည် ရုတ်တရက် ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
“နှစ်ကာလရဲ့ အလင်းရောင်က မိုးမခပင်တွေအပေါ် ကျရောက်နေပြီး ရေကန်ရဲ့ အရိပ်ထဲမှာတော့ တိမ်တိုက်တွေက ထင်ဟပ်နေတယ်... အဲ့ကဗျာစာသားတွေက သင့်လို လိမ္မာပါးနပ်ပြီး လှပတဲ့ မိန်းကလေးနဲ့ ကွက်တိကျလှတယ်...”
“အိုး... ရှောင်ရှူးရှူး... မယ်တော်ကြီးက ငါ့ကို တကယ် ချီးကျူးနေတာပဲ...”
“ဟမ်... ဒါဆို အဲဒီစာကြောင်းက ဘာအဓိပ္ပာယ်လဲဆိုတာ နင် နားလည်လို့လား...”
ယွင်ဟွားမှာ ဆို့နင့်သွားလေသည်။
“ငါ နားမလည်ဘူး... ဒါပေမယ့် သေချာပေါက် ကောင်းတဲ့စာကြောင်းပဲဖြစ်ရမယ်...”
ရှင်ခြင်းသေခြင်းစာအုပ်မှာမူ ဆွံ့အသွားလေသည်။
ဤတက်ကြွသော အတွင်းစိတ်အသံကို ကြားလိုက်ရချိန်တွင် မယ်တော်ကြီးမှာ ရယ်မောမိလုမတတ် ဖြစ်သွားခဲ့လေသည်။
“ဧကရာဇ်... ငါကိုယ်တော် ဒီကလေးကို သဘောကျတယ်...”
သူမ ပြောလိုက်စဉ် ဝတ်ဆင်ထားသော ကျောက်စိမ်းဖြူလက်ကောက်ကို ချွတ်ကာ ဘေးရှိ အထိန်းတော်ထံသို့ ကမ်းပေးလိုက်လေသည်။
“ဒါကို ယူသွားလိုက်... အဲ့ကလေးမလေးအတွက် ဆုချတာပဲ...”
“အား... ဒါက…”
အံ့သြစရာကောင်းမှုက အလွန်မြန်ဆန်လွန်းလှသဖြင့် ယွင်ဟွားသည် လုံးဝ ငြင်းဆန်မည် မဟုတ်ပေ။
“မယ်တော်ကြီးရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်...”
“မယ်တော်ကြီးက သားသမီး မြေးမြစ်တွေ ဝန်းရံပြီး အသက်ရှည်ကျန်းမာပါစေ... ထာဝရ နုပျိုလှပပါစေ…”
ယွင်ဟွား၏ အတွင်းစိတ်ချီးမွမ်းသံများမှာ အခမဲ့ရနေသကဲ့သို့ ဆက်တိုက် ထွက်ပေါ်နေခဲ့ရာ မယ်တော်ကြီးအား ပြုံးဖြီးသွားစေလေသည်။
“ဒီကလေးမလေးက ပိန်ပိန်ပါးပါးလေးနဲ့... ငါကိုယ်တော့်ဆီမှာ နွေးတဲ့ ကျောက်စိမ်းတစ်တုံး ရှိသေးတယ်... အဲဒါကိုပါ သင့်ကို ဆုချမယ်...”
လူတိုင်းမှာ ဆွံ့အသွားကြလေသည်။
ယခုအချိန်မှ သူတို့ သွားရောက်မြှောက်ပင့်မည်ဆိုလျှင် နောက်ကျသွားပြီလား။
တစ်ဖက်ရှိ ဧကရီသည်လည်း သူမ၏ အတွင်းစိတ်အသံများကို ကြားနေရလေသည်။ သူမသည် ငယ်ရွယ်စဉ်က သားတော်ကို မွေးဖွားပြီးနောက် ရောဂါရခဲ့သဖြင့် အိမ်ရှေ့စံမင်းသား တစ်ပါးတည်းသာ ရှိလေသည်။ လိမ္မာပါးနပ်ပြီး အဆော့မက်သော ဤကလေးမလေးကို ကြည့်ကာ သူမသည်လည်း မနေနိုင်ဘဲ သဘောကျသွားခဲ့လေသည်။
ယခုအခါ မယ်တော်ကြီးကပင် ဤမျှလောက် ဆုချီးမြှင့်နေပြီဖြစ်ရာ နိုင်ငံ၏ ဧကရီဖြစ်သော သူမအနေဖြင့်လည်း အနည်းဆုံးတော့ တစ်ခုခု ပြန်လည်ပေးအပ်သင့်လေသည်။
“ငါကိုယ်တော့်ဆီမှာလည်း သင့်နဲ့လိုက်ဖက်မယ့် လိပ်ပြာပုံစံ မဟူရာဆံထိုးတစ်စုံရှိတယ်... ဒါကြောင့် အဲဒါကိုပါ သင့်ကို ပေးမယ်...”
လူတိုင်းမှာ လုံးဝကို ငြိမ်သက်သွားကြလေသည်။
မသိနားမလည်သော သခင်မများနှင့် အရာရှိများ၏ သမီးများမှာမူ မနာလိုမှုများဖြင့် မျက်လုံးများ ပြူးကျယ်နေကြလေသည်။
*ဘာကြောင့် သူမက ရရတာလဲ…*
သူမသည် ဝန်ကြီးချုပ်ယွင်၏ သမီးဖြစ်နေရုံဖြင့် နန်းတွင်းသို့ အရာရှိအဖြစ် ဝင်ရောက်နိုင်ခဲ့ပြီး နန်းတွင်းပွဲတော်သို့ ပထမဆုံးအကြိမ် တက်ရောက်ချိန်တွင်ပင် မယ်တော်ကြီးနှင့် ဧကရီနှစ်ပါးလုံးထံမှ ဆုလာဘ်များကို ရရှိခဲ့လေသည်။
နောက်ထပ် ဆုလာဘ်တစ်ခု ရရှိခဲ့သဖြင့် အလွန်အမင်း ကျေးဇူးတင်ဝမ်းမြောက်သွားသော ယွင်ဟွားသည် ခေါင်းကိုမော့လိုက်ရာ သူမ၏ ဗာဒံစေ့ပုံစံ မျက်ဝန်းများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားလေသည်။
“ဒီနေ့ ငါ ထီပေါက်သွားတာများလား…”
“ရှောင်ရှူးရှူး... ငါ... ငါ... အရမ်းကို စိတ်လှုပ်ရှားနေပြီ... ဒီဧကရီက ရုပ်ရောစိတ်ပါ လှပပြီး ယဉ်ကျေးသိမ်မွေ့တဲ့အပြင် နတ်သမီးလေးတစ်ပါးလိုကို လှပလွန်းတယ်...”
“ဝါး... ငါ့နှလုံးသားလေးတော့ ဖမ်းစားခံလိုက်ရပြီ... ဧကရီရဲ့ အလှတရားမှာ ငါ လုံးဝကို မိန်းမောသွားပြီ... ငါ ဘယ်လိုလုပ်ရမလဲ... ကျွတ် ကျွတ် ကျွတ်... ဒီလောက်လှပတဲ့ မိန်းမလှလေးကို ပိုင်ဆိုင်ထားတဲ့ ဧကရာဇ်ကို ငါ အရမ်းအားကျတာပဲ...”
ဧကရာဇ်ဝမ်ရွှမ်း၏ နှုတ်ခမ်းများမှာ ပြင်းထန်စွာ တုန်ယင်သွားလေသည်။
ချီးမွမ်းစကားများကို ကြားလိုက်ရချိန်တွင် ဧကရီသည် ပါးစပ်ကိုအုပ်ကာ ဖြည်းညင်းစွာ ပြုံးလိုက်ပြီး ဆုလာဘ်မှာ မလုံလောက်သေးသကဲ့သို့ပင် ဖြစ်နေလေသည်။
“အစောင့်တွေ... နောက်ထပ် ဆုချလိုက်စမ်း...”
လူတိုင်းအပေါ်သို့ တိတ်ဆိတ်မှုတစ်ခဏ ကျရောက်သွားလေသည်။
ယွင်ဟွားသည် ယနေ့အတွက် အကြီးမားဆုံးသော အနိုင်ရရှိသူဖြစ်ပြီး ကြီးမားလှသော ဆုလာဘ်အပုံအပင်ကြီးနှင့်အတူ သူမ၏ နေရာသို့ ပြန်သွားခဲ့လေသည်။
မိမိသမီးငယ်၏ ပျော်ရွှင်နေသော အမူအရာကို မြင်လိုက်ရချိန်တွင် ချွေ့ဝမ်ရှင်းမှာ ခေါင်းကိုက်လာသည်ကို မထိန်းချုပ်နိုင်ခဲ့ပေ။ သူမသည် အာရုံစိုက်ခံရလွန်းနေလေသည်။
*အထက်တန်းလွှာမိသားစုများမှ အဒ့သခင်မလေးတွေရဲ့ မျက်လုံးများကို ကြည့်လိုက်ပါဦး... စူးစမ်းမှုတွေ၊ နာကြည်းမှုတွေနဲ့ မနာလိုမှုတွေ ပြည့်နှက်နေတာပဲ…*
“အမေ... စိတ်မပူပါနဲ့... အရူးတွေက တစ်ခါတလေ ကံကောင်းတတ်တယ်...”
ယွင်ယာက နားလည်လေသည်။ သူမ၏ ညီမငယ်သည် လူများကို ဒေါသထွက်စေရန်ရော ပျော်ရွှင်စေရန်ပါ စွမ်းဆောင်နိုင်သည့် အထုံပါရမီရှိပြီး သူမကို မည်သူမှ မလွန်ဆန်နိုင်ပေ။
သူမသည် ရည်ရွယ်ချက်မရှိဘဲ တုံလင်နိုင်ငံရှိ အင်အားအကြီးဆုံး လူသုံးဦးကို လုံးဝ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ရာ စိုးရိမ်စရာ ဘာရှိတော့မည်နည်း။
ချွေ့ဝမ်ရှင်းသည် သက်ပြင်းချလိုက်လေသည်။
မည်သူမှ မကြည့်နေချိန်တွင် ယွင်ဝေသည် သယ်လာရသည်မှာ ပင်ပန်းလွန်းလှသဖြင့် သူမ သယ်ဆောင်လာခဲ့သော အုတ်ခဲကို လွှင့်ပစ်လိုက်လေသည်။
ဤဘက်တွင်မူ...
ယွင်ဟွားနှင့် စကားပြောစဉ်အတွင်း အနည်းငယ် နူးညံ့သွားသော အမူအရာမှလွဲ၍ မယ်တော်ကြီးသည် ယခုအချိန်တွင် သူမ၏ ပုံမှန်တင်းမာသော အသွင်အပြင်ကို ပြန်လည်ရရှိသွားခဲ့လေသည်။
လူအုပ်ကြီးကို စကင်ဖတ်ကြည့်ပြီးနောက် သူမ၏ ခမ်းနားသော မျက်ဝန်းများမှာ အနည်းငယ် ကျုံ့သွားကာ လက်ချောင်းလေးများက လက်ဖက်ရည်ပန်းကန်လုံး၏ အနားသတ်ကို မသိမသာ ပွတ်သပ်နေပြီး သူမ၏ အေးစက်စက်အသံက ရုတ်တရက် ထွက်ပေါ်လာလေသည်။
“မင်းသားစုရဲ့ မိသားစုကော...”
ဤစကားတစ်ခွန်းသည် ငြိမ်သက်နေသော ရေကန်ထဲသို့ ကျဆင်းသွားသည့် ရေတစ်ပေါက်ကဲ့သို့ပင် တော်ဝင်ဥယျာဉ်အတွင်း၌ လှိုင်းဂယက်များကို ဖြစ်ပေါ်သွားစေလေသည်။
ထိုအခါ ဧကရာဇ်ဝမ်ရွှမ်းသည် တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွားပြီး လူအုပ်ထဲတွင် စတင်ရှာဖွေလေသည်။
တစ်ခဏမျှ လူတိုင်းသည် အလွန်အမင်း စိုးရိမ်ပူပန်သွားကြလေသည်။
တစ်ခုခုကို တွေးမိသွားသကဲ့သို့ မယ်တော်ကြီးသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေလေသည်။
“ဖြစ်နိုင်မလား... အဲ့ကလေးက ရောဂါပြန်ထပြန်ပြီဆိုတာ ဖြစ်နိုင်မလား...”
မယ်တော်ကြီးသည် သုံးလတိုင်တိုင် ဆုတောင်းကောင်းချီးများ ပေးခဲ့သည်မှာ သူ့အတွက်ချည်းသာ ဖြစ်လေသည်။
“မယ်တော်... စိတ်မပူပါနဲ့... ဘာတွေဖြစ်နေလဲဆိုတာကို သိရဖို့ မင်းသားစုအိမ်တော်ဆီကို လူလွှတ်လိုက်ပါ့မယ်...”
*မင်းသားစု ဟုတ်လား…*
ပတ်ဝန်းကျင် အခြေအနေမှာ ထူးဆန်းနေကြောင်း ယွင်ဟွား သတိပြုမိလိုက်လေသည်။ လူတိုင်းမှာ တိတ်ဆိတ်ငြိမ်သက်နေကြပြီး ဧကရာဇ်နှင့် မယ်တော်ကြီးတို့ပင်လျှင် စိုးရိမ်နေဟန် ရှိလေသည်။
“အမေ... မင်းသားစုက ဘယ်သူလဲဟင်...”
ယွင်ဟွားသည် ချွေ့ဝမ်ရှင်း၏ အင်္ကျီလက်ကို ဆွဲကာ တိုးတိုးလေး မေးလိုက်လေသည်။
ကလေးမလေးက စူးစမ်းလိုစိတ်ဖြင့် ဤကိစ္စအကြောင်းကို ရှောင်ရှူးရှူးနှင့် သတိလက်လွတ် ပြောဆိုမိမည်ကို ချွေ့ဝမ်ရှင်းက စိုးရိမ်နေလေသည်။ သူမအနေဖြင့် ဆုလာဘ်များ ရရှိထားသော်ငြားလည်း မယ်တော်ကြီးကို စော်ကားမိနိုင်သေးသည်။ ထို့ကြောင့် သူမက ရှင်းပြလိုက်လေသည်။
“မင်းသားစုဖြစ်တဲ့ နန်ကုန်းလင်းကျန်းက မယ်တော်ကြီးရဲ့ အငယ်ဆုံးသား၊ ဧကရာဇ်ရဲ့ ညီတော်ဖြစ်ပြီး တုံလင်ရဲ့ စစ်ဘုရားလည်း ဖြစ်တယ်...”
“အဲဒီတုန်းက ပေကျန်းနိုင်ငံနဲ့ တုံလင်နိုင်ငံတို့ စစ်ဖြစ်ကြတော့ မင်းသားစုနဲ့ သူရဲ့ဇနီးက ကိုယ်တိုင် ရန်သူကို တိုက်ခိုက်ပြီး ပေကျန်းကို ဆုတ်ခွာသွားစေခဲ့တာကြောင့် ပေကျန်းနဲ့ ငြိမ်းချမ်းရေး ရခဲ့တာပေါ့... ဒါပေမယ့် အဲဒီတိုက်ပွဲက မင်းသားစုရဲ့ မျိုးဆက်ကို ထိခိုက်သွားစေခဲ့တယ်... ကံကောင်းတာက အဲဒီအချိန်မှာ ကြင်ယာတော်က ကိုယ်ဝန်ရှိနေခဲ့ပေမယ့် သူမကလည်း လူယုတ်မာတွေရဲ့ အဆိပ်ခတ်တာကို ခံလိုက်ရတယ်...”
ဤနေရာအရောက်တွင် ချွေ့ဝမ်ရှင်းသည်လည်း နာကြည်းမှုများ ပြည့်နှက်သွားလေသည်။ အမျိုးသားများထက် မနိမ့်ကျသော စွမ်းဆောင်ရည်ရှိသည့် ထူးခြားသော အမျိုးသမီးတစ်ဦးဖြစ်သူ တော်ဝင်ကြင်ယာတော်စုသည် အာဏာရှိသော နေရာသို့ တက်လှမ်းလိုသည့် အကြောင်းပြချက်တစ်ခုတည်းဖြင့် သူမ၏ ကိုယ်ပိုင်အစေခံမလေး၏ လျှို့ဝှက်စွာ လုပ်ကြံခြင်းကို ခံလိုက်ရလေသည်။
“ဒါပေမယ့် သူမလို အဆင့်နိမ့် အစေခံမလေးတစ်ယောက်က အဲ့တာနဲ့ ထိုက်တန်တယ်လို့ရော သူမ ထည့်မစဉ်းစားခဲ့ဘူးလား...”
ယွင်ဟွားက အံ့သြတကြီးဖြင့် ရေရွတ်လိုက်လေသည်။
“ဝါး... အဲဒီနောက် ဘာဆက်ဖြစ်လဲဟင်...”
“နောက်တော့ အဲဒီအဆင့်နိမ့်အစေခံမလေးက မြင်းငါးကောင်နဲ့ ဆွဲဖြဲသတ်ခံလိုက်ရတယ်... တော်ဝင်သမားတော်က ကိုယ်ဝန်ကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် မင်းသားက ခုနစ်လနဲ့ စောမွေးလာခဲ့တယ်... သူ မွေးလာတော့ ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်နေပြီး မိခင်ရဲ့ သားအိမ်ထဲက အဆိပ်တွေအားလုံးကို သူ့ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်တယ်လို့ ဆိုလိုတာပေါ့...”
“ဘာပဲဖြစ်ဖြစ် သူက မင်းသားစုရဲ့ တစ်ဦးတည်းသောသားလေ... နန်းတွင်းနဲ့ အပြင်ဘက်က ရှားပါး ဆေးဘက်ဝင်အပင်တွေ အားလုံးကို အသုံးပြုမှသာ အဆိပ်ကို ဖိနှိပ်နိုင်ပြီး မင်းသားရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တာပေါ့...”
“ဒါပေမယ့်... အဲဒါက သူ့ရဲ့ ခြေသလုံးအောက်ပိုင်းကို မသန်မစွမ်း ဖြစ်သွားစေပြီး ဘီးတပ်ကုလားထိုင်ကိုပဲ သုံးနိုင်တော့တယ်...”
ချွေ့ဝမ်ရှင်းသည် သက်ပြင်းချလိုက်လေသည်။ အကယ်၍ အဆိပ်ကို မကုသနိုင်ပါက မင်းသားသည် အများဆုံး အသက်ဆယ့်ရှစ်နှစ်အထိသာ နေရမည်ဟု သူမ၏ ခင်ပွန်း ပြောခဲ့သည်ကို သူမ မှတ်မိနေလေသည်။
လက်ရှိတွင် သုံးနှစ်သာ ကျန်တော့လေသည်။
အိမ်ရှေ့စံမင်းသားသည် နေရာမှာတင် သေဆုံးသွားမည်ကို စိုးရိမ်နေကြသောကြောင့် မယ်တော်ကြီးနှင့် ဧကရာဇ်တို့ ဤမျှလောက် စိုးရိမ်ပူပန်နေကြခြင်းဖြစ်ကြောင်း ယွင်ဟွား နားလည်သွားလေသည်။
ဤအချိန်တွင် မည်သူကမျှ ထိုသြဇာကြီးမားသူနှစ်ဦးကို မနှောင့်ယှက်ရဲသည်မှာလည်း အံ့သြစရာ မဟုတ်တော့ပေ။
ဧကရာဇ်ဝမ်ရွှမ်းသည် အထိန်းတော်ချောင်ကို တော်ဝင်သမားတော်အား မင်းသားစုအိမ်တော်သို့ ခေါ်ဆောင်သွားရန် စီစဉ်နေစဉ်မှာပင် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာလေသည်။
“မယ်တော်ကြီး... မြေးတော် ဘာမှမဖြစ်ပါဘူး...”
မင်းသားနန်ကုန်းယွမ်သည် ဘီးတပ်ကုလားထိုင်ဖြင့် သူ၏ လက်အောက်ငယ်သားများ၏ တွန်းပို့မှုဖြင့် ဝင်ရောက်လာလေသည်။ သူ၏ အေးစက်ပြီး ကင်းကွာနေသော မျက်နှာတွင် ဖျားနာနေသည့် လက္ခဏာများကို ပြသနေသော်လည်း ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့်တိုင် သူ၏ ထူးခြားမှုကိုမူ ဖုံးကွယ်ထား၍ မရနိုင်ပေ။
သူ၏ မျက်ဝန်းများမှာ နက်ရှိုင်းသော ရေကန်များကဲ့သို့ နက်နဲပြီး တိတ်ဆိတ်ငြိမ်သက်နေကာ အနည်းငယ် အေးတိအေးစက်နိုင်လှသော အရိပ်အယောင်များကို ဖော်ပြနေလေသည်။
၎င်းသည် သူနှင့် အခြားသူများကြားတွင် အောက်ခြေမရှိသော ချောက်ကမ်းပါးတစ်ခု ရှိနေသကဲ့သို့ပင် ဖြစ်လေသည်။
၎င်းက လူများကို နယ်လွန်ရန် မဝံ့မရဲ ဖြစ်သွားစေလေသည်။
“လိမ္မာတဲ့ကလေးလေး... မြန်မြန်... မြေးတော်ကို အဖွား သေချာကြည့်ပါရစေဦး...”