အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း (၂၁) ရှင်ခြင်းသေခြင်းစာအုပ်ကို ပေါ့ပေါ့ဆဆ သဘောထားသော မင်းသားနန်ကုန်းယွမ်
မယ်တော်ကြီးသည် မြေးတော်မြောက်မြားစွာရှိသည့်အနက် မင်းသားစု၏ သားတော် နန်ကုန်းယွမ်ကို အချစ်ဆုံးနှင့် အနှစ်သက်ဆုံး ဖြစ်လေသည်။
သူသည် ငယ်စဉ်ကတည်းက ထူးကဲစွာ ဉာဏ်ရည်ထက်မြက်ခဲ့ပြီး အသက်သုံးနှစ်အရွယ်တွင် စာဖတ်တတ်ကာ အသက်ငါးနှစ်အရွယ်၌ အတွင်းအားကျင့်စဉ်များကို စတင်သင်ယူနိုင်ခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင်သာ အဆိပ်မရှိခဲ့ပါလျှင် သူသည် ခမည်းတော်ကဲ့သို့ပင် တုံလင်နိုင်ငံ၏ မျိုးဆက်သစ် စစ်နတ်ဘုရားတစ်ပါး ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်လေသည်။
ဤအကြောင်းကို တွေးမိသည်နှင့် မယ်တော်ကြီးသည် ထိုနှစ်က စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အစေခံမိန်းကလေးကို အံကြိတ်ကာ မုန်းတီးမိလေသည်။
ထို့နောက် မင်းသားနန်ကုန်းယွမ်၏ လက်ကို ကိုင်ထားရင်း သူ၏ ဖြူလျော့နေဆဲဖြစ်သော မျက်နှာကို ကြည့်ကာ သူမ၏ ရင်ထဲတွင် နာကျင်ဝမ်းနည်းမှုတစ်ရပ်ကို ခံစားလိုက်ရလေသည်။
ထိုအခါ သူမသည် မင်းသားစုကို မကျေမနပ်ဖြင့် စိုက်ကြည့်ကာ အပြစ်တင်လိုက်လေသည်။
“မင်း လုပ်ထားတဲ့ကိစ္စတွေကို ကြည့်စမ်း... ငါ့မြေးလေးယွမ်အာ တစ်ခုခုထပ်ဖြစ်ပြန်ပြီလို့ ငါ ထင်လိုက်ရတာ...”
စကားလုံးများ ဆုံးခန်းတိုင်သွားသည်နှင့်တစ်ပြိုင်နက် လေးလံသော သက်ပြင်းချသံတစ်ခုက ထပ်ကြပ်မကွာ ထွက်ပေါ်လာလေသည်။
ဤကလေးလေးသည် ဆိုးရွားစွာ ဆင်းရဲဒုက္ခရောက်ခဲ့ရလေသည်။
“မယ်တော်... သားတော်မှာ အပြစ်မရှိပါဘူး...”
မင်းသားစုက ကန့်ကွက်လိုက်သော်လည်း မယ်တော်ကြီး၏ စူးရှသော အကြည့်ကြောင့် သူ ငြိမ်ကျသွားလေသည်။
မတရားခံရသည့် အမူအရာဖြင့် ကြင်ယာတော်စု၏ ဘေးတွင် ရပ်နေစဉ် သူ၏ သားတော်နှင့် ပတ်သက်လာလျှင် မယ်တော်ကြီးက သူ့ကို အမြဲတမ်း အပြစ်တင်လေ့ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ပြဿနာများကို ဖြစ်ပေါ်စေခဲ့သည်မှာ သူ၏ ဆိုးရွားလှသော အချစ်ရေးရှုပ်ထွေးမှုများကြောင့်ပင် ဖြစ်လေသည်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် ဤသည်မှာ ဒေါသကို လွှဲချခြင်းပင် ဖြစ်လေသည်။
မယ်တော်ကြီးသည် မင်းသားစုကို လျစ်လျူရှုကာ နန်ကုန်းယွမ်ထံသို့သာ အာရုံစိုက်လိုက်လေသည်။
“ငါ့မြေးလေး အခုတလော ဆေးကို အချိန်မှန် သောက်ရဲ့လား... နေလို့ထိုင်လို့များ မကောင်းတာရှိလား...”
နန်ကုန်းယွမ်သည် မယ်တော်ကြီး၏ စိုးရိမ်ပူပန်မှုများကို တိတ်ဆိတ်စွာ နားထောင်နေပြီး သူ၏ လမင်းကဲ့သို့ ဖြူစင်သောဝတ်ရုံက သူ၏ မျက်နှာကို အနည်းငယ် အေးစက်နေပုံပေါက်စေလေသည်။
မယ်တော်ကြီး ကိုင်ထားသော လက်၏ နွေးထွေးမှုကသာလျှင် သူ့ကို အနည်းငယ် လှုပ်ရှားသွားစေခဲ့လေသည်။
“အဘွားတော်... မြေးတော် နန်းတွင်းသမားတော် ညွှန်ကြားထားတဲ့ ဆေးတွေကို သေချာသောက်နေပါတယ်... မစိုးရိမ်ပါနဲ့... မြေးတော် အခု အများကြီး ကောင်းနေပါပြီ...”
ကြင်ယာတော်စုသည် သားတော်က မယ်တော်ကြီးအား နှစ်သိမ့်ပေးနေသည့် စကားများကို နားထောင်ရင်း သူမ၏ လက်ကိုင်ပဝါကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိကာ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်လွင်နေလေသည်။ ဤနံနက်ခင်းတွင် နန်းတွင်းသမားတော်က ယွမ်အာ၏ အဆိပ်မှာ သုံးနှစ်မပြည့်မီ အသက်ဝင်လာနိုင်ခြေရှိကြောင်း သူတို့ကို တိတ်တဆိတ် သတိပေးခဲ့လေသည်။
သူမ၏ လက်ကို ဘေးဘက်တွင် အသားမာများရှိနေသော လက်ကြီးတစ်ဖက်က တင်းကျပ်စွာ ဆုပ်ကိုင်လာလေသည်။
ကြင်ယာတော်စုက မော့ကြည့်လိုက်ရာ မင်းသားစုက ခေါင်းကို မသိမသာ ခါယမ်းပြလိုက်သည်ကို မြင်လိုက်ရလေသည်။ သူ၏ မျက်ခုံးရိုးပေါ်မှ အမာရွတ်ဟောင်းမှာ နက်ရှိုင်းနေပုံပေါ်လေသည်။ သူက တိုးတိုးလေး ပြောလိုက်လေသည်။
“အဘွားတော်ရှိနေသမျှ ကာလပတ်လုံး ယွမ်အာကို ဘာမှအဖြစ်မခံပါဘူး...”
ကြင်ယာတော်စုမှာ ဆို့နင့်သွားပြီး မျက်ရည်များပင် ကျလာလုမတတ် ဖြစ်သွားလေသည်။
သို့သော်လည်း သူမသည် ချက်ချင်းပင် စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်လေသည်။ မယ်တော်ကြီးမှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်ရာ ဤကိစ္စများဖြင့် သူမကို စိတ်မနှောင့်ယှက်စေသင့်ပေ။
ကြင်ယာတော်စု၏ အကြံအစည်မှာ ကောင်းမွန်သော်လည်း အတင်းနားထောင်ကာ ဇာတ်လမ်းများကို စောင့်ကြည့်ရသည်ကို နှစ်သက်သူတစ်ဦးအား သူမ မတားဆီးနိုင်ခဲ့ပေ။
ယွင်ဟွားသည် သူမ၏ မေးစေ့ကို ပွတ်သပ်လိုက်လေသည်။ မိခင်ဖြစ်သူက ရှင်းလင်းစွာ ရှင်းပြပြီးနောက် သူမသည် လှည့်ကာ ရှင်ခြင်းသေခြင်းစာအုပ်နှင့် အတင်းစတင်ပြောလေတော့သည်။
“ရှောင်ရှူးရှူး... ယောက်ျားတစ်ယောက်မှာ ဇနီးသုံးယောက်နဲ့ ကိုယ်လုပ်တော်လေးယောက် မရှိသင့်ဘူးလို့ ငါ ထင်တယ်... မိန်းမတွေ များလွန်းရင် ပြဿနာတွေလည်း များတတ်တယ်... အဲ့အပေါ်မှာ အဆင့်အတန်းမြင့်ချင်တဲ့ အစေခံမလေးတွေပါ ထပ်ပေါင်းထည့်လိုက်ရင် အိမ်တော်တွင်းက ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး... အခု ကြည့်ပါလား... မင်းသားစုရဲ့ ဇနီးသည်က အစေခံမလေးတစ်ယောက်ကြောင့် ဒုက္ခရောက်ခဲ့ရပြီး နောက်ဆုံးတော့ အဲ့အသက်တိုမယ့် မင်းသားလေးပဲ အဆိုးရွားဆုံး ခံစားရတာပဲ...”
ဤစကားကို ကြားသောအခါ လူတိုင်း၏ အကြည့်များက ယွင်ဟွားထံသို့ ကျရောက်သွားလေသည်။
ယွင်မိသားစုမှာ ကြောက်လန့်တကြား ဖြစ်သွားလေသည်။
ယွင်ယာသည် သူမ၏ ပါးစပ်ကို ဖုံးအုပ်ရန် ကြိုးစားလိုက်သော်လည်း သူမ၏ ကန့်သတ်ချက်မရှိသော စိတ်ကူးယဉ်မှုများကို မတားဆီးနိုင်ခဲ့ပေ။
ယွင်ဝေမှာမူ...
“ငါ အမှားလုပ်မိပြီ... ငါ အုတ်ခဲကို စောလွန်းစွာ ပစ်ပေါက်မိသွားတာပဲ...”
မင်းသားနန်ကုန်းယွမ်သည် မယ်တော်ကြီး၏ အသည်းနှလုံးလေးဖြစ်ပြီး မည်သူကမျှ သူ အသက်တိုမည်ဟု မပြောရဲကြပေ။
မယ်တော်ကြီးသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ဒေါသတကြီး ပေါက်ကွဲမလာခဲ့ပေ။ ဤလူများသည် သူတို့ရှေ့တွင် ဤကိစ္စအကြောင်းကို မပြောရဲကြသော်လည်း ကွယ်ရာတွင် မည်သူကများ စကားအနည်းငယ် မပြောဘဲ နေခဲ့ဖူးပါသနည်းဆိုသည်ကို သူမ သိထားလေသည်။
သို့သော်လည်း ထိုမိန်းကလေး၏ စစ်မှန်သော ခံစားချက်များကိုမူ သူမ မထိန်းချုပ်နိုင်ခဲ့ပေ။
လူတိုင်းက သူမအတွက် အသက်ရှူမှားလုမတတ် ဖြစ်နေကြသော်လည်း ယွင်ဟွားမှာမူ အလွန်တရာ တည်ငြိမ်နေလေသည်။
“စာအုပ်လေး... ဒီမင်းသားက တကယ်ပဲ အသက်ရှင်ဖို့ သုံးနှစ်ပဲ ကျန်တော့တာလား...”
မိခင်ဖြစ်သူက သူ၏ သက်တမ်းအကြောင်း ပြောခဲ့သည်ကို ယွင်ဟွားက ရေးတေးတေး မှတ်မိနေလေသည်။ ဤသခင်လေးသည် အသက်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးပြီး ဓားကဲ့သို့သော မျက်ခုံးများနှင့် တောက်ပသော မျက်ဝန်းများကို ပိုင်ဆိုင်ထားလေသည်။ တက်ကြွလှုပ်ရှားနေသော အသက်ရှင်သန်မှုတစ်ခု၌ နှစ်အနည်းငယ်သာ ကျန်တော့မည်ဆိုသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှလေသည်။
“ငါ ကြည့်လိုက်ပါဦးမယ်...”
ဤသို့ပြောပြီးနောက် သူသည် ရှာဖွေရန်အတွက် ရှင်ခြင်းသေခြင်းစာအုပ်ထဲသို့ ပြန်လည်ဝင်ရောက်သွားလေသည်။
ယွင်ဟွားက အလောတကြီး မဖြစ်ဘဲ လက်ဖက်ရည်ကို အေးအေးလူလူ သောက်နေလေသည်။
သို့သော်လည်း...
မယ်တော်ကြီးနှင့် သူမ၏ အခြွေအရံများမှာ ချက်ချင်းပင် ဂနာမငြိမ် ဖြစ်လာကြပြီး အထူးသဖြင့် ကြင်ယာတော်စုပင် ဖြစ်လေသည်။ မင်းသားစုကသာ သူမကို မတားဆီးထားခဲ့လျှင် သူမသည် အဖြေရှာရန် ယွင်ဟွားထံသို့ ပြေးသွားမည်မှာ အသေအချာပင် ဖြစ်လေသည်။
ကာယကံရှင်ဖြစ်သော နန်ကုန်းယွမ်မှာမူ သူ၏ လက်အိတ်ထဲတွင် ဖုံးကွယ်ထားသော လက်ချောင်းများက အနည်းငယ် ကွေးညွတ်သွားလေသည်။ သူသည် လွတ်လပ်ပေါ့ပါးပြီး အေးဆေးတည်ငြိမ်သော မိန်းကလေးငယ်ကို မော့ကြည့်ကာ အနည်းငယ် အားကျသွားမိလေသည်။
သူမသည် ကြီးထွားဆဲဖြစ်သော ခန္ဓာကိုယ်လေးကို ဖုံးကွယ်ထားသည့် ပန်းရောင်နှင့် အဖြူရောင်စပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူမ၏ မျက်နှာလေးမှာ နူးညံ့ပြီး ဝိုင်းစက်နေကာ သူမ၏ ပါးလျသော မျက်တောင်လေးများက ကြွေသားကဲ့သို့ ဖြူဝင်းသော ပါးပြင်ပေါ်တွင် တိမ်ကောသော အကွေးအဝိုက်နှစ်ခုကို ဖန်တီးပေးထားလေသည်။ သူမ၏ မျက်ဝန်းများမှာ တောက်ပပြီး စူးရှနေလေသည်။
သူမ ပြုံးလိုက်သောအခါ ချစ်စရာကောင်းသော ပါးချိုင့်လေးနှစ်ခု ပေါ်လာပြီး သူမကို အလွန်တောက်ပကာ ရွှင်လန်းတက်ကြွသည့် အသွင်အပြင်ကို ပေးစွမ်းနေလေသည်။
၁၅ မိနစ်ပင် မကြာမီ ရှင်ခြင်းသေခြင်းစာအုပ်က ပေါ်လာပြီး ပြောလေသည်။
“ပန်းကလေး... အဲ့မင်းသားလေးရဲ့ ကံကြမ္မာအကြောင်း ရေးထားတဲ့ စာမျက်နှာမှာ စာကြောင်းရေ အနည်းငယ်ပဲ ရှိတယ်...”
“စာကြောင်းရေ ဘယ်လောက်လဲ...”
ယွင်ဟွား၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားလေသည်။ ရှင်ခြင်းသေခြင်းစာအုပ်ထဲရှိ ကလေးတစ်ဦး၏ မှတ်တမ်းတွင်ပင် စာမျက်နှာ အနည်းငယ် ပါရှိမည်ဖြစ်သည်။ ဤသခင်လေးသည် အသက်ဆယ်နှစ်ကျော်တိုင်အောင် အသက်ရှင်နေပြီ ဖြစ်သော်လည်း သူ၏ ဘဝမှတ်တမ်းမှာ စာကြောင်းရေ အနည်းငယ်မျှသာ ရှိနေလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်က ခေါင်းညိတ်ပြကာ တုံ့ပြန်လိုက်လေသည်။
“တုံလင်ရဲ့ အမေဆက်ခံသူ နန်ကုန်းယွမ်ကို ရွှမ်ကျင်းခေတ်ရဲ့ တတိယနှစ်မှာ မွေးဖွားခဲ့တယ်... သူက ထူးကဲစွာ ဉာဏ်ရည်ထက်မြက်ပေမယ့် ကောင်းကင်ဘုံက သူ့ရဲ့ ပါရမီကို မနာလိုဖြစ်ခဲ့တယ်... ရွှမ်ကျင်းခေတ် နှစ်ဆယ်ပြည့်မြောက်တဲ့ ဆောင်းရာသီရဲ့ နှစ်ဆယ့်ငါးရက်နေ့မှာ အဆိပ်မိပြီး သေဆုံးခဲ့တယ်... သူ့ သေဆုံးဖို့အတွက် အများဆုံး နှစ်နှစ်ခွဲလောက်ပဲ အချိန်ကျန်တော့တယ်...”
မယ်တော်ကြီးသည် မျက်လုံးများ ပြာဝေသွားပြီး သတိလစ်လုမတတ် ဖြစ်သွားလေသည်။
“အလိုလေး... ငါ မယုံဘူး...”
မယ်တော်ကြီးသည် ဧကရာဇ်ဝမ်ရွှမ်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ တည်ငြိမ်နေသော အမူအရာတွင် အားနည်းချက်တစ်ခုကို ရှာဖွေနေသကဲ့သို့ပင် ဖြစ်သည်။ သူမသည် စာအုပ်လေးဆိုသူနှင့် ပတ်သက်၍ သံသယများ ရှိနေလေသည်။
သို့သော်လည်း ဧကရာဇ်ဝမ်ရွှမ်းကမူ ရှင်ခြင်းသေခြင်းစာအုပ် ပြောဆိုခဲ့သည်မှာ အမှန်တရားဖြစ်ကြောင်းကို သိနေလေသည်။
ဤအချိန်တွင် သူသည်လည်း အလွန်တရာ စိတ်သောကရောက်နေပြီး မယ်တော်ကြီးကို ဆက်တိုက် နှစ်သိမ့်ပေးနေလေသည်။
ကြင်ယာတော်စု၏ အမြင်အာရုံများ ဝေဝါးသွားပြီး သူမ မတ်တပ်ပင် မရပ်နိုင်တော့ပေ။ မင်းသားစုကသာ သူမကို အချိန်မီ မဖမ်းထားခဲ့လျှင် သူမ ပြိုလဲကျသွားမည်မှာ သေချာလှသည်။ ပြတ်ကျသွားသော ပုတီးစေ့များကဲ့သို့ သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေလေသည်။
မင်းသားနန်ကုန်းယွမ်မှာမူ တည်ငြိမ်နေဆဲပင် ဖြစ်လေသည်။ သူသည် ရှင်ခြင်းနှင့် သေခြင်းကို လျစ်လျူရှုနိုင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဤရလဒ်မှာ သူ၏ မျှော်လင့်ထားမှုများအတွင်း၌သာ ရှိနေလေသည်။
အထူးသဖြင့် ပြီးခဲ့သော တစ်နှစ်အတွင်း သူ၏ အတွင်းအားမှာ ထူးဆန်းသော အဆိပ်ကို နှိမ်နင်းရန် လုံးဝနီးပါး မစွမ်းဆောင်နိုင်တော့ပေ။
ရှင်ခြင်းသေခြင်းစာအုပ်ထံမှ ဤအကြောင်းကို ကြားသောအခါ ယွင်ဟွား၏ နှလုံးသားမှာ တုန်လှုပ်သွားလေသည်။
“အာ... လှပတင့်တဲ့သူတွေက များသောအားဖြင့် ကြမ္မာဆိုးနဲ့ ရင်ဆိုင်ရတတ်တယ်...”
ရှင်ခြင်းသေခြင်းစာအုပ်က မျက်လုံးကို အပေါ်လှန်ကာ မနေနိုင်ဘဲ ပြောလိုက်လေသည်။
“ပန်းကလေး... နင် စာပိုဖတ်သင့်တယ်လို့ ငါ ထင်တယ်...”
ယွင်ဟွားမှာမူ...
“နင် ငါ့ကို အထင်သေးနေတာပဲ...”
ယွင်ဟွားသည် သူမ၏ လက်နှစ်ဖက်ကို ပိုက်ထားလိုက်ပြီး “နင် တောင်းပန်စကား မဆိုမချင်း နင့်ကို သူငယ်ချင်းလုပ်မှာ မဟုတ်ဘူး...” ဟူသော အမူအရာမျိုးကို ပြသနေလေသည်။
တစ်ဖက်မှ လူစုမှာ တိတ်တဆိတ် စိတ်နှလုံး ကြေကွဲနေကြချိန်တွင် ဤဘက်ရှိ ပန်းတစ်ပွင့်နှင့် စာအုပ်တစ်အုပ်မှာမူ သူတို့အချင်းချင်း ငြင်းခုံနေကြဆဲပင် ဖြစ်လေသည်။
ရှင်ခြင်းသေခြင်းစာအုပ်မှာ စကားပင် မဆိုနိုင်တော့ပေ။ ၎င်းက နက်နဲသော အမှန်တရားတစ်ခုကိုသာ ပြောဆိုခဲ့ခြင်း ဖြစ်လေသည်။
သူ၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်လိုက်ပြီးနောက် ယွင်ဟွား၏ ဘေးသို့ ပျံသန်းလာကာ မျက်နှာပေါ်တွင် မြှောက်ပင့်လိုသော အမူအရာများဖြင့် အပြည့်ရှိနေလေသည်။
“ပန်းကလေး... ထပ်ပြီး စိတ်မဆိုးပါနဲ့တော့... နင့်ကို ယဉ်ကျေးမှု မရှိဘူးလို့ ငါ ထပ်မပြောတော့ပါဘူး... ဟုတ်ပြီလား...”
ယွင်ဟွား...
“အို... နင် အမြန်ချမ်းသာလာစေမယ့် နည်းလမ်းတစ်ခုကို ငါ စဉ်းစားပေးရမလား...”
ယွင်ဟွားက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်လေသည်။
ရှင်ခြင်းသေခြင်းစာအုပ်သည် သူမကို အခိုင်အမာ ဆုပ်ကိုင်ထားနိုင်ခဲ့ပြီ ဖြစ်လေသည်။
“ပန်းကလေး... ဒီအသက်တိုမယ့် မင်းသားကို ကြည့်လိုက်စမ်း... သူက ရုပ်ရည်သန့်ပြန့်တယ် မဟုတ်လား... ပြီးတော့ သူ့ရဲ့ နောက်ခံကလည်း မဆိုးပါဘူး... တော်ဝင်မိသားစုနဲ့တောင် ဆွေမျိုးစပ်နေသေးတာ...”
လူတိုင်း...။
ကြင်ယာတော်စု၏ မျက်ရည်များမှာ လေထဲတွင်ပင် ရပ်တန့်သွားလေသည်။
မယ်တော်ကြီးသည်လည်း မျက်လုံးမပြာတော့ပေ။
ဧကရာဇ်ဝမ်ရွှမ်းမှာ ဆိုးရွားသော ခံစားချက်တစ်ခုကို ရရှိသွားလေသည်။
ယွင်ဟွားသည် ရှောင်ရှူးရှူး၏ ရည်ရွယ်ချက်ကို ကြိုတင်ခန့်မှန်းမိပြီးသားဖြစ်သည့်အလား သူမ၏ မေးစေ့ကို လက်ပေါ်တွင် တင်ထားလိုက်လေသည်။
ရှင်ခြင်းသေခြင်းစာအုပ်က ဤအကြံအစည်မှာ အတော်လေး ကောင်းမွန်သည်ဟု တွေးကာ ဆက်ပြောလေသည်။
“ပန်းကလေး... သူ့ကို ကြည့်လိုက်ပါဦး... သူက ချမ်းသာတယ်... ချောမောတယ်... ပြီးတော့ အသက်လည်း တိုသေးတယ်... နင် သူ့ကို ဘာလို့ လက်မခံလိုက်တာလဲ...”
“ဒါဆိုရင် နင့်မိဘတွေက နင် အိမ်ထောင်မကျမှာကို ဘယ်တော့မှ ထပ်ပြီး စိုးရိမ်နေစရာ မလိုတော့ဘူးပေါ့...”
ယွင်ဟွားသည် သူမ၏ လက်ချောင်းများဖြင့် တိတ်တဆိတ် ရေတွက်လိုက်ပြီးနောက် ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။
“ရှောင်ရှူးရှူး... ငါက အသက်ဆယ့်နှစ်နှစ်ပဲ ရှိသေးတယ်နော်...”
ရှင်ခြင်းသေခြင်းစာအုပ်...
“ငါ ပေါ့ဆသွားတာပဲ...”
၎င်းသည် ပန်းကလေး၏ အမှန်တကယ် အသက်ကို မေ့လျော့သွားခဲ့ခြင်း ဖြစ်လေသည်။
အခန်း (၂၂) ယွင်ဟွားသည် မုဆိုးမလေး ဖြစ်ချင်နေသည်၊ သူမ၏ မိသားစုတွင် အခြားလူတစ်ဦး ရှိနေလေသည်
ယွင်ဟွားသည် သူမ၏ အသက်အရွယ်ကို အလေးအနက် ပြောကြားခဲ့သော်လည်း စိတ်ထဲတွင်မူ အကြံအစည်များကို စတင် စဉ်းစားနေပြီ ဖြစ်လေသည်။
သူမသည် နန်ကုန်းယွမ်၏ ချောမောသော မျက်နှာကို စိုက်ကြည့်ရင်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်လေသည်။
သူမသည် နုနယ်သောမြက်ကို စားချင်နေသည့် နွားအိုကြီးတစ်ကောင်နှင့် တူနေသော်လည်း ထိုမြက်ကို မစားနိုင်ဖြစ်နေလေသည်။
“တကယ့်ကို နှမြောစရာပဲ…”
“ရှောင်ရှူးရှူး... ငါက သူနဲ့ အရင် စေ့စပ်လိုက်ရင် ဘယ်လိုနေမလဲ...”
လူတိုင်း...။ *မဟုတ်သေးဘူး… ဒီသခင်မလေးယွင်က စိတ်မှန်သေးရဲ့လား... ဒီသခင်လေးက သိပ်ကြာကြာ အသက်မရှင်နိုင်တော့မှာ မဟုတ်တာကို သိသာနေပါလျက်နဲ့ သူမကိုယ်သူမ အလောတကြီး ပေးအပ်ချင်နေသေးတာလား*
ရှင်ခြင်းသေခြင်းစာအုပ်က ယွင်ဟွား၏ နားထဲတွင် ပြုံးစစဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။
“အဲ့အကြံကောင်းတယ်... ဘာပဲဖြစ်ဖြစ် မင်းသားစုအိမ်တော်ရဲ့ အမွေဆက်ခံသူ ဘယ်တော့သေမလဲဆိုတာ ငါတို့ သိထားတယ်... မင်္ဂလာဆောင်ပြီး နောက်တစ်နေ့ဆိုရင်ပဲ နင်က ပျော်ရွှင်တဲ့ မုဆိုးမလေး ဖြစ်နေပြီ...”
ယွင်ဟွားသည် သူမ၏ လက်များကို ပွတ်သပ်လိုက်ပြီးနောက် ခေါင်းကို ပြတ်သားစွာ ညိတ်လိုက်လေသည်။
“ဟုတ်တယ်... ငါ့မှာ အဆင့်အတန်းလည်း ရှိမယ်... သုံးစွဲစရာ ငွေလည်းရှိမယ်... ပြီးတော့ ငါ့မိဘတွေလည်း ငါ့အိမ်ထောင်ရေးအတွက် စိုးရိမ်စရာ မလိုတော့ဘူး...”
အရေးအကြီးဆုံးမှာ ဤမင်းသားတွင် သူ့ကို အနှောင့်အယှက်ပေးမည့် ရှုပ်ထွေးသော မိန်းမများ ရှိမနေခြင်းပင် ဖြစ်လေသည်။
“ဘယ်သူက ငြင်းဆန်နိုင်မှာလဲ... အမွေဆက်ခံသူရဲ့ လက်ရှိအခြေအနေအရ ဘယ်သူမှ သူ့ကို လက်ထပ်ပြီး မုဆိုးမ မဖြစ်ချင်ကြဘူး... အကယ်၍ နင်သာ သူနဲ့ စေ့စပ်လိုက်မယ်ဆိုရင် မင်းသားစုနဲ့ ကြင်ယာတော်စုတို့ သေချာပေါက် ဝမ်းသာလုံးဆို့သွားမှာပဲ...”
ရှင်ခြင်းသေခြင်းစာအုပ်က စူးစိုက်ကြည့်နေလေသည်။ ဤခေတ်ကြီးသည် မိန်းမများအတွက် အလွန်မတရားလှပေ။ သူမ၏ ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းသော ပန်းကလေးသည် မည်သို့လုပ်ပြီး အခြားသူတစ်ယောက်နှင့် ခင်ပွန်းတစ်ယောက်ကို မျှဝေခံစားရန် ဆန္ဒရှိနိုင်မည်နည်း။
ပန်းကလေးသည် အိမ်ထောင်ပြုရန် ဘယ်သောအခါမှ ရည်ရွယ်ထားခြင်း မရှိကြောင်း ၎င်းသိသော်လည်း မိဘများ၏ ဖိအားပေးလာနိုင်ခြေကိုမူ သူမ ငြင်းဆန်နိုင်မည် မဟုတ်ပေ။
ယွင်ရှောင်ထျန်းနှင့် သူ၏ ဇနီးသည်တို့မှာ…။
ထိုသို့လုပ်ရန် တကယ်တမ်း မလိုအပ်ပေ။ သူတို့သည် ပြဿနာရှာတတ်သော သူတို့၏ သမီးငယ်လေး ဘယ်တော့မှ အိမ်ထောင်မကျဘဲ နေသွားရန်အတွက် အချိန်ကြာမြင့်စွာကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် ကောင်းမွန်သော မိသားစုများသည် ဤမိန်းကလေးကို သေချာပေါက် လက်ထပ်မည်မဟုတ်ဘဲ သာမန်မိသားစုများကိုလည်း သူတို့က အဖက်လုပ်မည် မဟုတ်သောကြောင့် ဖြစ်လေသည်။
ယခုကြည့်ပါဦး။ မိမိတို့၏ လက်ထဲတွင်ပင် ကပ်ငြိနေခဲ့ပြီ ဖြစ်လေသည်။
ဤဘက်တွင်မူ ပန်းတစ်ပွင့်နှင့် စာအုပ်တစ်အုပ်မှာ အလွန်တရာ ကောက်ကျစ်စဉ်းလဲသော ပုံစံဖြင့် ရယ်မောနေကြလေသည်။
ဤစကားပြောဆိုမှုများကို ကြားလိုက်ရသော ကြင်ယာတော်စုမှာ မျက်နှာကို တင်းထားလိုက်ပြီး သူမ၏ အမူအရာမှာ မည်းမှောင်ကာ မှုန်ကုပ်နေလေသည်။
ယွမ်အာသည် နောက်ဆုံးတွင် သေဆုံးရန် ကံကြမ္မာဖန်တီးခံထားရလျှင်တောင်မှ အခြားသူများက သူ့ကို ဤကဲ့သို့ ကြံစည်ခွင့်ကို ခွင့်မပြုနိုင်ပေ။
တော်ဝင်ဥယျာဉ်အတွင်းရှိ လေထုမှာ တစ်ခဏတာမျှ တင်းမာသွားပြီး အချို့လူများမှာ အသံကျယ်ကျယ်ပင် အသက်မရှူရဲကြပေ။
ယွင်ဟွားသည် ထူးဆန်းသော လေထုကို လုံးဝ သတိမထားမိခဲ့ပေ။ ယွင်ယာက သူမ၏ လက်မောင်းစကို ဆွဲလိုက်သော်လည်း သူမက နောက်သို့ ဆုတ်ကာ ပြောလိုက်လေသည်။
“ဒုတိယအစ်မ... ငါ့ကို လာမနှောင့်ယှက်ပါနဲ့...”
ယွင်ယာ...။
ထို့နောက် ရှင်ခြင်းသေခြင်းစာအုပ်ဘက်သို့ လှည့်ကာ သူမ၏ ညည်းတွားမှုများကို ဆက်လုပ်လေသည်။
“စာအုပ်လေး... ငါတို့လုပ်ရပ်က သိပ်ပြီး ကိုယ်ကျင့်တရားမဲ့မနေဘူးလား... ဒီမင်းသားလေးက လုံလောက်အောင် ကံဆိုးနေပြီကို အခု ငါက သူ့ကိုတောင် ကြံစည်နေသေးတယ်...”
လူတိုင်းက စိတ်ထဲမှ ရေရွတ်လိုက်ကြလေသည်။
*နင်က အဲ့တာကို သိသေးတယ်ပေါ့...”
ရုတ်တရက် ယွင်ဟွားသည် လိပ်ပြာမလုံဖြစ်သွားလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်ကမူ များစွာ ဂရုစိုက်ပုံမပေါ်ပေ။
“ဒါက ကိုယ်ကျင့်တရားမဲ့စရာဘာရှိလို့လဲ... မင်းသားက အမြတ်ကြီးစားရတယ်လို့တောင် ငါ ထင်တယ်...”
မယ်တော်ကြီးသည် သူမ၏ ရင်ဘတ်ကို ဖိထားလိုက်လေသည်။
ကြင်ယာတော်စုသည် သူမ၏ အင်္ကျီလက်များကို ခေါက်တင်ကာ ရှေ့သို့ ပြေးထွက်ရန် အသင့်ဖြစ်နေလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်၏ အသံက ထပ်မံ ထွက်ပေါ်လာလေသည်။
“ပန်းကလေး... နင့်ရဲ့ အဆင့်အတန်းကို မမေ့ပါနဲ့... နင်က ဟိုအောက်မှာ နာမည်ရှိတဲ့သူ တစ်ယောက်လေ... အခုမင်းသားက နင့်ခင်ပွန်းဖြစ်လာပြီဆိုတော့ သူက နင့်နာမည်ကို အသုံးပြုလိမ့်မယ်... ငရဲပြည်ကို ရောက်တဲ့အခါ ယာမမင်းနဲ့ တရားသူကြီးတွေက သူ့ကို သေချာပေါက် မျက်နှာသာပေးပြီး စောင့်ရှောက်ကြမှာပဲ... သူ မိသားစုကောင်းမှာ ပြန်လည်ဝင်စားပြီး ငြိမ်းချမ်းသာယာပြီး ကျန်းမာတဲ့ ဘဝကို ဖြတ်သန်းနိုင်အောင် သေချာပေါက် လုပ်ပေးကြမှာပဲ...”
ယွင်ဟွားသည် ဤစကားမှာ အဓိပ္ပာယ်ရှိသည်ဟု တွေးကာ နှုတ်ခမ်းကို စူထားလိုက်လေသည်။
“နင်ပြောတာ မှန်တယ်... အဲ့အချိန်ကျရင် ငါ သူ့ဆီ အိပ်မက်တစ်ခုပေးပို့ပြီး သူ့ကို စောင့်ရှောက်ပေးဖို့ မုန့်ပိုကိုပါ အကူအညီ တောင်းလိုက်မယ်...”
ကြင်ယာတော်စု၏ မျက်လုံးများမှာ တောက်ပသွားပြီး ယွင်ဟွားကို ပိုမို ပြင်းပြသော စိတ်အားထက်သန်မှုများဖြင့် ကြည့်လိုက်လေသည်။
*အနာဂတ်ချွေးမလေးမှာ အဆက်အသွယ်တွေ ရှိနေတာပဲ…*
သူမသည် ယွမ်အာကို သူမနှင့် ယခုချက်ချင်း ပိုမို နီးကပ်စေချင်နေမိသည်။ သို့မှသာ သူတို့အချင်းချင်း သံယောဇဉ်ဖြစ်သွားကြပြီး သူမ၏ ချွေးမလေးက သူမ၏သားကို အသက်တိုစေချင်မည် မဟုတ်ဘဲ အောက်သို့ဆင်းကာ နှုတ်ဆက်ပေးနိုင်မည် ဖြစ်လေသည်။
ထိုယာမမင်း သို့မဟုတ် တရားသူကြီးကို သူမသား၏ သက်တမ်းမှတ်တမ်းတွင် စာကြောင်းအနည်းငယ် ထပ်ထည့်ခိုင်းနိုင်မည် ဖြစ်လေသည်။
ဤအချက်တွင် မယ်တော်ကြီးနှင့် ကြင်ယာတော်စုတို့ သဘောတူညီမှု ရရှိသွားကြလေသည်။
ယခုတော့ သူမ ပို၍ နေလို့ထိုင်လို့ ကောင်းသွားလေပြီ။
ထို့နောက် သူမက ခေါင်းကို လှည့်ကာ ဧကရာဇ်ဝမ်ရွှမ်းကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ရုတ်တရက် ကြည့်လိုက်လေသည်။
“သူတို့ရဲ့မင်္ဂလာပွဲကို အခုပဲ စီစဉ်ပေးလိုက်ရင် မကောင်းဘူးလား...”
ဧကရာဇ်ဝမ်ရွှမ်းသည်လည်း သခင်မငယ်လေးယွင်သည် အရှေ့အရပ်မှ ကံကောင်းစေသော ကြယ်တစ်ပွင့်ဖြစ်ရာ သူမကို တော်ဝင်မိသားစုအတွင်းသို့ လက်ထပ်ဝင်ရောက်ခွင့်ပြုခြင်းက အကောင်းဆုံးဖြစ်မည်ဟု တွေးနေလေသည်။
သူသည် လည်ချောင်းကို ရှင်းလိုက်ပြီး စကားပြောရန် ပြင်ဆင်လိုက်လေသည်။
သူ၏ မိခင်နှင့် မယ်တော်ကြီးကို ကြည့်ရင်း နန်ကုန်းယွမ်သည် သူတို့ ဘာတွေးနေသည်ကို ခန့်မှန်းမိလေသည်။
သူသည် ဤနည်းလမ်းဖြင့် ကာကွယ်မခံချင်ပေ။ လူတိုင်းတွင် ကိုယ်ပိုင်ကံကြမ္မာများရှိကြပြီး သူသည် မည်သည့်အရာကိုမျှ အတင်းအကျပ် မလုပ်ဖူးပေ။
ထို့အပြင် ယွင်ဟွားသည် ယခုမှသာ ဤအကြောင်းကို တွေးနေခြင်းဖြစ်ပြီး ဤတက်ကြွရွှင်လန်းသော မိန်းကလေးငယ်ကို နောင်အနာဂတ်တွင် နောင်တမရစေချင်ပေ။
ထို့ကြောင့် နန်ကုန်းယွမ်က ဧကရာဇ်ဝမ်ရွှမ်း မပြောမီ ဝင်ပြောလိုက်လေသည်။
“ဦးရီးတော်... ယွမ်အာ ဆန္ဒမရှိပါဘူး...”
“ယွမ်အာ...”
“ငါ့မြေးလေး...”
ကြင်ယာတော်စုက အံကြိတ်ကာ အော်လိုက်လေသည်။
မယ်တော်ကြီးသည်လည်း အလွန် နာကျင်သွားလေသည်။
နန်ကုန်းယွမ်က ခေါင်းခါလိုက်ပြီး သူ၏ သဘောထားမှာ အလွန် ပြတ်သားနေလေသည်။
“ဒီကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့...”
ဧကရာဇ်ဝမ်ရွှမ်းသည် စားပွဲကို လက်သီးဖြင့် ထုလိုက်ပြီး ဤဖြစ်စဉ်ကို ရပ်တန့်ရန် အမိန့်ပေးလိုက်လေသည်။ တစ်ဖက်တွင် မယ်တော်ကြီးနှင့် သူမ၏ ဆွေမျိုးများက ယွမ်အာအတွက် ဝမ်းနည်းနေကြပြီး အခြားတစ်ဖက်တွင်လည်း အားနည်းနေသော တူတော်မောင်၏ ကန့်ကွက်မှု ရှိနေလေသည်။
အလယ်တွင် ညပ်နေရခြင်းမှာ တကယ့်ကို ခေါင်းကိုက်စရာပင် ဖြစ်လေသည်။
ယွင်ရှောင်ထျန်းကိုမူ ပြောစရာပင် မလိုတော့ပေ။
စောစောက သူ၏ ထူးဆန်းသော အမူအရာမှာ သူက မင်္ဂလာပွဲ စီစဉ်ပေးရန် ဧကရာဇ်အမိန့်တော်ကို တကယ် ထုတ်ပြန်လိုက်မည်ဆိုလျှင် ဤကောင်စုတ်လေးက ချက်ချင်းပင် ပုန်ကန်တော့မည့် ပုံပေါ်နေလေသည်။
*ထားလိုက်ပါတော့... ကိုယ်က သူ့ကို မလွန်ဆန်နိုင်ဘူးဆိုလျှင်တောင် အနည်းဆုံး ရှောင်လွှဲလို့တော့ ရနိုင်ပါသေးတယ်*
သူသည် ဧကရာဇ်တစ်ပါး ဖြစ်နေရသည်မှာ တကယ့်ကို မတရားခံရခြင်းပင် ဖြစ်လေသည်။
“အဲ့မိုက်ရူးရဲဆန်တဲ့ ကောင်မလေးက စေ့စပ်ပြီး မုဆိုးမ ဖြစ်ချင်နေတယ် မဟုတ်လား... သူမဖာသာ သူမ နည်းလမ်းရှာပါစေလေ...”
“ဟတ်ချိုး... ဟတ်ချိုး...”
ယွင်ဟွားက နှစ်ကြိမ်တိတိ နှာချေလိုက်ပြီး နှာခေါင်းကို ပွတ်သပ်ကာ တွေးလိုက်လေသည်။
“တစ်ခါချေရင် လွမ်းတာ... နှစ်ခါချေရင် ကျိန်ဆဲတာ... သုံးခါချေရင် အတင်းပြောတာဆိုတော့... ဘယ်ကောင်စုတ်ကများ ငါ့ကို ကျိန်ဆဲနေတာလဲ မသိဘူး...”
ဧကရာဇ်ဝမ်ရွှမ်း...။
သို့သော်လည်း ယဉ်ကျေးသိမ်မွေ့ပြီး တင့်တယ်လှပသော သခင်လေးကို တွေးမိသောအခါ ယွင်ဟွားက နောက်ထပ်မေးခွန်းတစ်ခုကို မအောင့်နိုင်ဘဲ မေးလိုက်လေသည်။
“ရှောင်ရှူးရှူး... ဒီလောကမှာ သူ့အဆိပ်ကို ဖြေနိုင်တဲ့ ဖြေဆေး တကယ်ပဲ မရှိတော့ဘူးလား...”
ရှင်ခြင်းသေခြင်းစာအုပ်က သက်ပြင်းချလိုက်လေသည်။
“အကယ်၍ ဖြေရှင်းနိုင်မယ်ဆိုရင် သူ့ရဲ့ ကံကြမ္မာက စကားလုံး အနည်းငယ်နဲ့ပဲ ဖော်ပြခံရမှာ မဟုတ်ဘူးလေ...”
ကြင်ယာတော်စုမှာ ဝိညာဉ်လွင့်သွားသူတစ်ဦးကဲ့သို့ စိတ်ဓာတ်ကျကာ မှိုင်တွေသွားလေသည်။
ယွင်ဟွားက ထပ်မံ၍ မေးခွန်းမမေးတော့သော်လည်း ရှင်ခြင်းသေခြင်းစာအုပ်က ခပ်တိုတို ထပ်ပြောလိုက်လေသည်။
“ငါ ဒဏ္ဍာရီတစ်ခုကို ကြားဖူးတယ်... အမှန်လား အမှားလားတော့ ငါ မသိဘူး... သို့သော်လည်း အကယ်၍သာ အမှန်ဆိုရင် သူ့အသက်ကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မယ်...”
လူတိုင်းက ချက်ချင်းပင် တင်းမာသွားကြလေသည်။
နန်ကုန်းယွမ်အတွက် အစိုးရိမ်ဆုံးဖြစ်သော မယ်တော်ကြီးနှင့် ကြင်ယာတော်စုတို့သည် သူတို့၏ စကတ်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ အားပြင်းလွန်းသဖြင့် လက်ဆစ်များပင် ဖြူလာကာ အရေးကြီးသော အချက်အလက် တစ်ခုတစ်လေမျှ လွတ်သွားမည်ကို ကြောက်ရွံ့နေကြသကဲ့သို့ပင် ဖြစ်လေသည်။
“ဘာဒဏ္ဍာရီလဲ...”
ယွင်ဟွားက ရပ်တန့်လိုက်ရာ လက်ဖက်ရည်ပန်းကန်ထဲတွင် အနည်းငယ် လှိုင်းထသွားလေသည်။
“ပန်းကလေး... နင် တကယ် သိချင်လို့လား... နင် မုဆိုးမ မဖြစ်ချင်တော့ဘူးလား...”
ရှင်ခြင်းသေခြင်းစာအုပ်မှာ အံ့အားသင့်သွားလေသည်။
ယွင်ဟွားက ပခုံးတွန့်ကာ ပြောလိုက်လေသည်။
“စဉ်းစားကြည့်လေ... အသက်တစ်ချောင်းကို ကယ်တင်တာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား... ငါ အဲ့အရာကို သုံးပြီး တခြားအကျိုးအမြတ်တွေ ရနိုင်ကောင်း ရနိုင်တာပေါ့... အရင်က ငါတို့ပြောခဲ့သလိုမျိုး မင်းသမီး ဒါမှမဟုတ် ကောင်တီမင်းသမီး ဖြစ်လာနိုင်တာပဲလေ...အဲ့လိုဆိုလည်း ချမ်းသာပြီး အာဏာရှိတာပဲ မဟုတ်ဘူးလား... ပြီးတော့ ငါ့အဖေရဲ့ မျက်နှာထားကိုလည်း သည်းခံနေစရာ မလိုတော့ဘူးပေါ့...”
“ငါ့ကို ကြီးကျယ်ခမ်းနားတဲ့ ဆုလာဘ်တွေ ပေးပါ...”
မယ်တော်ကြီးမှာ အလွန်စိုးရိမ်ပူပန်နေသဖြင့် ထခုန်လုမတတ် ဖြစ်နေကာ ဧကရာဇ်ဝမ်ရွှမ်း၏ လက်ကို ဆွဲကိုင်၍ အော်ဟစ်ရန် ကြိုးစားလိုက်လေသည်။
“အရှင်မင်းကြီး... အကယ်၍ ဒီမိန်းကလေးဆီမှာ ယွမ်အာကို ကုသပေးနိုင်တဲ့ နည်းလမ်းတကယ်ရှိခဲ့ရင် သူမနဲ့ ငါ သွေးသောက်ညီအစ်မ ဖွဲ့လိုက်မယ်... အဲ့အခါကျရင် မင်းက သူမကို မင်းရဲ့ ကိုယ်ပိုင်မိခင်လိုမျိုး ဆက်ဆံပေးလိုက်တော့...”
ဧကရာဇ်ဝမ်ရွှမ်း….။
*အဲ့လိုလုပ်ရန် လုံးဝ မလိုအပ်ပါဘူး မယ်တော်…*
ကြင်ယာတော်စုသည်လည်း အလွန် စိတ်လှုပ်ရှားနေလေသည်။
“ခင်ပွန်း... ကျွန်မ သူမနဲ့ သွေးသောက်ညီအစ်မ ဖွဲ့လိုက်ရင် ဘယ်လိုနေမလဲ... အဲ့အခါကျရင် ယွမ်အာက သူမကို မွေးစားမိခင်လိုမျိုး ဆက်ဆံလို့ ရပြီပေါ့...”
မင်းသားစု...။
အမွေဆက်ဆံသူမင်းသား နန်ကုန်းယွမ်…။
*မဟုတ်သေးဘူးလေ...သူမတို့ပဲ အရင်က သူ့ကို ဟိုကလေးမရဲ့ခင်ပွန်း ဖြစ်စေချင်နေတာ မဟုတ်ဘူးလား…*
သူ၏မိခင်နှင့် အဘွားမှာ စိတ်ပြောင်းသွားသည်မှာ မြန်ဆန်လွန်းလှလေသည်။
ရှင်ခြင်းသေခြင်းစာအုပ်၏ အကြောင်းကို ပြန်လည်တွေးတောကြည့်သောအခါ ၎င်းမှာ အဓိပ္ပာယ်ရှိသည်ကို သဘောပေါက်သွားလေသည်။
“ဒါပေမယ့် ပန်းကလေး... အဲ့တာက ဒဏ္ဍာရီတစ်ခုသက်သက်ပဲလေ... မယ်တော်ကြီးနဲ့ တခြားသူတွေက အဲဒါကို ယုံကြည်ပါ့မလားလို့ နင် ထင်လား...”
*ငါတို့ ယုံပါတယ်... ငါတို့ ဘယ်လိုလုပ် မယုံဘဲ နေနိုင်မှာလဲ…*