← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅) တတိယမင်းသား၏ မဆင်မခြင် အပြုအမူ

ဤကိစ္စအတွက် အမတ်ငယ်ယွင်ကို ထပ်မံ အကူအညီမတောင်းရန် သွယ်ဝိုက်၍ ဆိုလိုခြင်းပင် ဖြစ်လေသည်။

ချက်ချင်းဆိုသလိုပင် ဆူညံပွက်လောရိုက်နေသော တော်ဝင်ဥယျာဉ်ကြီးမှာ ငုံးတစ်ကောင်ကဲ့သို့ တိတ်ဆိတ်သွားလေသည်။

ဧကရာဇ်ဝမ်ရွှမ်းသည် ဆက်၍ ကြည့်မနေနိုင်တော့ချေ။ အမတ်ငယ်ယွင်က ဤတစ်ကြိမ်တွင် ပုံမှန်မဟုတ်ဘဲ ထူးဆန်းစွာ ပြုမူနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

အထိန်းတော်ချောင်က အလျင်အမြန် ရှေ့သို့ ထွက်လာပြီး သမားတော်ဝူ၏ လက်ကို အတင်းဆွဲဖြဲလိုက်လေသည်။

သို့သော်လည်း အားလုံးကို အံ့အားသင့်စေသည်မှာ တစ်ဖက်လူက မည်သို့ပင်ဖြစ်စေ လွှတ်မပေးဘဲ ဧကရာဇ်က သဘောမတူပါက အဆုံးတိုင်အောင် ဆန္ဒပြမည့်ပုံ ပေါ်နေလေသည်။

ထိုသူနှစ်ဦး အခြေအနေတင်းမာနေစဉ် အထိန်းတော်ချောင်က ရုတ်တရက် အသံကိုနှိမ့်ကာ သတိပေးလိုက်လေသည်။

“သမားတော်ဝူ... အမတ်ငယ်ယွင် တုံ့ပြန်မှု မလုပ်နိုင်ခင် မြန်မြန်ကျေးဇူးတင်စကားဆိုပြီး ထွက်ပြေးလိုက်တော့... မဟုတ်ရင် ခဏနေ ကြာကန်ထဲ နောက်တစ်ခေါက် ထပ်ခုန်ချရလိမ့်မယ်...”

မှန်ပေသည်။

သမားတော်ဝူ၏ မျက်ဝန်းများမှာ လင်းလက်သွားပြီး သူ၏ အဆုပ်အကိုင်ကို လျှော့ချကာ အရိုအသေပေးလျက် အော်ဟစ်လိုက်လေသည်။

“အရှင်မင်းကြီး... ကျွန်တော်မျိုး အဝတ်အစား သွားလဲပြီး ပြန်လာခွင့် ပြုတော်မူပါ...”

သူ ပြန်လာမည် မဟုတ်တော့ချေ။

ယနေ့တွင် သေချင်သေပါစေ သူ ပြန်လာမည် မဟုတ်တော့ဘဲ နေမကောင်းဟု အကြောင်းပြကာ ညီလာခံကို သုံးရက်တိတိ ပျက်ကွက်ပစ်မည် ဖြစ်လေသည်။

ထိုသို့ပြောပြီးနောက် ဧကရာဇ်ဝမ်ရွှမ်း တုံ့ပြန်ရန် အချိန်ပင် မရလိုက်ခင် သူက ယုန်တစ်ကောင်ထက်ပင် ပိုမိုမြန်ဆန်စွာ ထွက်ပြေးသွားလေရာ အားလုံးမှာ အလွန် အံ့အားသင့်သွားကြလေသည်။

အတွင်းစိတ်အသံများကို မကြားနိုင်သူများမှာမူ နားမလည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြလေသည်။

သူတို့သည် ဇာတ်လမ်းထဲမှ အရေးကြီးသော အရာတစ်ခုကို လွတ်သွားခဲ့ပြီ ဖြစ်လေသည်။

လုံးဝကို နားမလည်နိုင်တော့ချေ။

“ရှောင်ရှူး... ရှူး... သူ... သူ ထွက်ပြေးသွားပြီ…”

ယွင်ဟွား၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူမ၏ အသံက ကောင်းကင်ယံကို ဖောက်ထွင်းမတတ် ထွက်ပေါ်လာလေသည်။

ရှင်ခြင်းသေခြင်းစာအုပ်သည်လည်း မှင်သက်သွားလေသည်။

၎င်းက ၎င်း၏ တောင်ပံများကို နာကြည်းစွာ စိုက်ကြည့်လိုက်ပြီးနောက် ယွင်ဟွားထံမှ မျက်ရည်လည်ရွှဲဖြင့် နှစ်သိမ့်မှု တောင်းခံလျက် ပြောလိုက်လေသည်။

“ပန်းကလေး... ငါ တကယ် တောင်းပန်ပါတယ်... ဒီအသုံးမကျတဲ့ တောင်ပံတွေကြောင့်ပါ... အရမ်းနှေးလွန်းတော့ သူ ဘာမှမဖြစ်ဘဲ လွတ်သွားပြီ..”

ယွင်ဟွားက ၎င်းကို တစ်ချက် ကြည့်လိုက်လေသည်။

“နင်က ဝလွန်းလို့ မပျံနိုင်တာ မဟုတ်ဘူးဆိုတာ သေချာလို့လား…”

ရှင်ခြင်းသေခြင်းစာအုပ်မှာ ဆွံ့အသွားပြီး အသံကို နှိမ့်ကာ ပြောလိုက်လေသည်။

“ငါတို့သိပေမယ့် ထုတ်မပြောဘူးဆိုရင် သူငယ်ချင်း ဆက်ဖြစ်လို့ ရသေးတယ်နော်”

ထို့နောက် ၎င်းက ယွင်ဟွား၏ ပခုံးပေါ်သို့ ပျံသန်းသွားကာ ထိုင်ချလိုက်လေသည်။

“အဲ့သမားတော်ဝူက ရေထဲခုန်ချပြီး ရေနစ်သေမတတ် ဖြစ်သွားတာကို အတိုးအနေနဲ့ သတ်မှတ်လိုက်မယ်... မနက်ဖြန် ညီလာခံကျရင် သူ့ဆီကို အနံ့ဆိုးဆေးလုံး သေချာပေါက် ပစ်ပေါက်လိုက်မယ်…”

“တစ်ညတည်းပါပဲ... သူ ထွက်ပြေးလို့ မလွတ်နိုင်ပါဘူး…”

အားလုံးက…..။

လမ်းတစ်လျှောက် အသည်းအသန် ပြေးလွှားနေသော သမားတော်ဝူ၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားလေသည်။

ဤတစ်ကြိမ်တွင် မည်သူက သူ့ကို ပစ်မှတ်ထားလိုက်ပြန်ပြီနည်း။

ဤဟာသပြဇာတ်မှာ လျင်မြန်စွာ ပြီးဆုံးသွားပြီး အားလုံးက ပုံမှန်အတိုင်း ဆက်လက် စားသောက်နေကြကာ စောစောစီးစီး ပြန်မသွားလိုကြချေ။

တစ်စုံတစ်ယောက်၏ မျက်ဝန်းများက လင်းလက်သွားပြီး တိုးတိုးလေး မေးလိုက်လေသည်။

“ဧကရာဇ်နဲ့ မယ်တော်ကြီးက ပုံမှန်ဆိုရင် အရမ်းစောစော ပြန်လေ့ရှိပေမယ့် ဒီတစ်ကြိမ်မှာတော့ ဘာသံမှ ထွက်မလာပါလား... ဒါက မထူးဆန်းဘူးလား...”

ထိုစကားကို ကြားသောအခါ ဘေးမှလူက သရော်သည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ အကယ်၍ သူမ စောစောပြန်ချင်ပါက တိုက်ရိုက်ပြောလိုက်သင့်သည်။ အဘယ်ကြောင့် မိမိကို ဆွဲသွင်းနေရသနည်း။

*အိုး...ယွင်မိသားစုက စတုတ္ထသခင်မလေးရဲ့ အတွေးများကို မကြားနိုင်တာက မင်းနဲ့တန်တယ်*

ဤမျှစိတ်ဝင်စားစရာကောင်းသော နန်းတွင်းပွဲတော်မှ ပြန်သွားရန် သူမ ရူးနေသည်မှ မဟုတ်ဘဲ။

သူမက တိတ်ဆိတ်နေပြီး မထီမဲ့မြင်ပြုသော အမူအရာရှိနေဆဲဖြစ်သည်ကို မြင်သောအခါ ထိုသူ၏ မျက်နှာမှာ မှုန်ကုပ်သွားပြီး ချက်ချင်းပင် မျက်နှာလွှဲသွားလေသည်။

ယွင်ဟွားမှာ တကယ်ပင် ပျင်းရိနေသဖြင့် မျက်လုံးများ အရောင်အဝါမဲ့နေလျက် သူမ၏ နေရာတွင် ထိုင်နေလေသည်။

သူမက တိတ်ဆိတ်နေပြီး မည်သည့် ပြဿနာမျှမရှာသည်ကို မြင်သောအခါ ချွေ့ဝမ်ရှင်းမှာ အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။

သို့သော်လည်း ကောင်မလေးကို မနာလိုဖြစ်ပြီး သူမ ကောင်းစားနေသည်ကို ကြည့်မရသူ အချို့လည်း ရှိနေလေသည်။

ထိုစဉ် ခမ်းနားလှပသော ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမငယ်လေးတစ်ဦးက ရှေ့သို့ ထွက်လာပြီး စနစ်ကျသော အရိုအသေပေးမှုမျိုးဖြင့် ဂါရဝပြုလိုက်လေသည်။

“အရှင်မင်းကြီး... ဒီပွဲတော်ကို ပိုပြီး ပျော်ရွှင်စရာကောင်းအောင် ကျွန်တော်မျိုးမတို့ မိန်းမငယ်လေးတွေ ကိုယ်စီ အရည်အချင်းတွေကို ပြိုင်ဆိုင်ပြသဖို့ အကြံပြုပါရစေ...”

သူမက အရည်အချင်းဆိုသည့် စကားလုံးကို တမင်တကာ ဖိပြောလိုက်သော်လည်း သူမ၏ မျက်လုံးများက ယွင်ဟွားထံသို့ မျက်ထောင့်ဖြင့် အဆက်မပြတ် ကြည့်နေလေသည်။

“ပန်းကလေး... ဟိုလူက မင်းကို ကြည့်နေတယ်..”

ရှင်ခြင်းသေခြင်းစာအုပ်က သတိပေးလိုက်ရာ ယွင်ဟွားသည် ချက်ချင်း မော့ကြည့်လိုက်ပြီး သူမ၏ မျက်ခုံးများမှာ အနည်းငယ် တွန့်ကွေးသွားလေသည်။

ဤလူက...ဤမျှ ပြင်းထန်သော နာကြည်းမှုမျိုးပါလား။

သူမက ထိုသူကို သွားရောက်ရန်စခဲ့ခြင်း မရှိလောက်ပေ။

ဤအကြံပြုချက်ကို ကြားသောအခါ အထက်တန်းလွှာ မိသားစုများမှ သခင်မများနှင့် မိန်းမငယ်လေးများ၏ မျက်နှာများမှာ ချက်ချင်း လင်းလက်သွားကြလေသည်။ အရည်အချင်းကို ပြသရမည်လား။ ဤအရာက အလွန်ကောင်းမွန်လှပေသည်။

ဒုတိယမင်းသားနှင့် တတိယမင်းသားတို့၏ ပင်မကြင်ယာတော်များကို မရွေးချယ်ရသေးကြောင်း သူတို့ မသိကြဘူးလော။

ထိုကဲ့သို့ပင် တောက်ပရန် အခွင့်အရေး ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

“ခွင့်ပြုတယ်...”

ဧကရာဇ်ဝမ်ရွှမ်းက အလွန်စိတ်ဝင်တစားဖြင့် လက်ကို ဝှေ့ယမ်းလိုက်လေသည်။

“မိသားစုအသီးသီးက မိန်းမငယ်လေးတွေရဲ့ တင့်တယ်လှပမှုတွေကို ကိုယ်တော်လည်း ကြည့်ချင်သေးတယ်...”

ဧကရီက အပြုံးတစ်ခုဖြင့် ဖြည့်စွက်ပြောလိုက်လေသည်။

“ပြိုင်ပွဲဖြစ်တဲ့အတွက် ဆုလာဘ်တော့ ရှိသင့်တာပေါ့...”

သူမက သူမ၏ လက်ကောက်ဝတ်မှ ကျောက်စိမ်းလက်ကောက်တစ်ကွင်းကို ချွတ်လိုက်လေသည်။

“ဒီလက်ကောက်က ငါ့ဆီမှာ ရှိနေတာ နှစ်ပေါင်းများစွာကြာပြီ… ဒီနေ့ အကောင်းဆုံး တင်ဆက်နိုင်တဲ့သူကို ဒီလက်ကောက် ပေးမယ်...”

ခဏတာမျှ အားလုံး၏ မျက်ဝန်းများတွင် ပြင်းပြသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားလေသည်။

ဧကရီ၏ လက်ကောက်ကို အနိုင်ရရန်အတွက် သူတို့၏ အရည်အချင်းများကို ပြသရန် သူတို့ သန္နိဋ္ဌာန်ချလိုက်ကြလေသည်။

သူမ၏ လက်ချောင်းလေးများက ကြိုးများကို ခတ်လိုက်သည်နှင့် ယွင်ယာက ပျံသန်းခြင်း သီချင်းကို တီးခတ်လိုက်ရာ တေးသွားများက ကြည်လင်သော စမ်းရေပေါက်ကဲ့သို့ စီးဆင်းလာပြီး အားလုံးကို အခြားကမ္ဘာတစ်ခုသို့ ခေါ်ဆောင်သွားသကဲ့သို့ လုံးဝ ဖမ်းစားထားလေသည်။

ယွင်ဟွားသည် သူမ၏ ဒုတိယအစ်မကို အားပေးရသည်မှာ အလွန် ဂုဏ်ယူစရာကောင်းသည်ဟု ခံစားလိုက်ရလေသည်။

တုံလင်နိုင်ငံတစ်ခုလုံးတွင် သူမ၏ ဒုတိယအစ်မသည် မည်သူနှင့်မျှ မယှဉ်သာအောင် ထူးချွန်ကြောင်းနှင့် သူမကို ပထမနေရာအတွက် မည်သူမျှ စိန်မခေါ်ရဲကြောင်း သူမ ရဲရဲဝံ့ဝံ့ ပြောဆိုရဲလေသည်။

တတိယမင်းသား နန်ကုန်းယွီသည် အစကတည်းက ယွင်ဟွားထံသို့ အာရုံစိုက်ထားခဲ့လေသည်။ သူမက တင်ဆက်မှုကို အလွန်စိတ်ဝင်တစား ကြည့်နေသည်ကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး ဝိုင်ခွက်ကို ကိုင်ကာ ယွင်ဟွားရှိရာသို့ လျှောက်သွားလေသည်။

အိမ်ရှေ့စံက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်ခွံများမှာ အရိုင်းအစိုင်း ခုန်လှုပ်သွားလေသည်။

သူတို့ကို တားဆီးရန် နည်းလမ်းမရှိတော့ချေ။

“စတုတ္ထသခင်မလေးယွင်..”

တတိယမင်းသားက သူမ၏ ဘေးတွင် ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်ပြီး လက်တစ်ဖက်ကို စားပွဲပေါ်တင်ကာ ယွင်ဟွားကို မြူဆွယ်သည့် အကြည့်ဖြင့် မျက်စိပစ်ပြလိုက်လေသည်။

သူ့မျက်ဝန်းများထဲမှ ပေါ့ပျက်ပျက် အကြည့်များကြောင့် ယွင်ဟွား၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားလေသည်။

“ရှောင်ရှူးရှူး... ဒီကြွားလုံးထုတ်နေတဲ့ကောင်က ဘယ်ကရောက်လာတာလဲ... ဘာလို့ နေရာတကာလိုက်ပြီး မြူဆွယ်နေရတာလဲ…”

“ဖူး...”

“အဟွတ်... အဟွတ်...”

တတိယမင်းသား၏လက်မှာ တုန်ယင်သွားပြီး ဝိုင်ခွက်ကို ပြုတ်ကျမတတ် ဖြစ်သွားလေသည်။

သူက ယွင်ဟွားကို စူးစူးရဲရဲ ကြည့်လိုက်လေသည်။

မြူဆွယ်နေသည်ဆိုသည်မှာ ဘာအဓိပ္ပာယ်နည်း။ သူက သူ၏ ဆွဲဆောင်မှုကို အသုံးပြုနေခြင်းမျှသာ ဖြစ်လေသည်။

ယွင်ဟွား၏ ခေါင်းပေါ်တွင် ထိုင်နေသော ရှင်ခြင်းသေခြင်းစာအုပ်က ကိုယ်နေဟန်ထား ပြောင်းလိုက်ပြီး သူမကို အပေါ်အောက် အကဲခတ်ကြည့်ကာ ကောက်ချက်ချလိုက်လေသည်။

“ပန်းကလေး... ဒီကောင်က မင်းကို မျက်စိကျနေတဲ့ပုံပဲ…”

“ဘာ…”

ယွင်ဟွားက အလွန်လန့်ဖြန့်သွားသဖြင့် အလျင်အမြန် နောက်သို့ ဆုတ်လိုက်လေသည်။

သူမက သူ၏ လွှမ်းမိုးခံရမည်ကို အလွန် ကြောက်လန့်နေပုံရသည်ကို မြင်သောအခါ တတိယမင်းသားက မျက်ခုံးတစ်ဖက် ပင့်လိုက်လေသည်။

သူမကို စနောက်လိုသော အတွေးတစ်ခု သူ၏ စိတ်ထဲတွင် ပေါ်လာလေသည်။

“ယွင်သခင်မလေး... ငါက ဘီလူးသရဲ တစ်ကောင်ကောင်များ ဖြစ်နေလို့လား... ဘာဖြစ်လို့ ငါ့ကို အဲ့လောက်တောင် မနှစ်မြို့ရတာလဲ... ဟင်...”

သူက တမင်တကာပင် အလွန်နီးကပ်စွာ တိုးကပ်လာရာ သူ၏ နွေးထွေးသော ထွက်သက်များက သူမ၏ နားရွက်ကို မသိမသာ ထိတွေ့သွားလေသည်။

“ဟုတ်တယ်...”

မျက်တောင်တစ်ခတ်အတွင်းမှာပင် ယွင်ဟွားသည် ဘာကိုမျှ မစဉ်းစားတော့ဘဲ ထိုအရာကို ခေါင်းဖြင့် စောင့်ကြိတ်လိုက်လေသည်။ သူမတွင် အကာအကွယ်ရတနာရှိနေသဖြင့် လုံးဝ ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။

“ဘန်း...”

တတိယမင်းသားသည် မြေပြင်ပေါ်တွင် လိမ့်ကျသွားကာ မျက်စိထဲတွင် ကြယ်လေးများ မြင်သွားပြီး သူ၏ နဖူးပေါ်တွင် ဖူးယောင်မှုကြီးတစ်ခု လျင်မြန်စွာ ပေါ်လာလေသည်။ သူသည် တုန်ယင်စွာဖြင့် ယွင်ဟွားကို လက်ညှိုးထိုးကာ မေးလိုက်လေသည်။

“မင်း... မင်းက တကယ့်လူရော ဟုတ်ရဲ့လား...”

*ကျစ်... ဒီကလေးမက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ခေါင်းမာကျောရတာလဲ*

*အရမ်းနာတာပဲ…*

ယွင်ဟွားသည် ဆက်၍ သည်းမခံနိုင်တော့ဘဲ ခုန်ထလိုက်လေသည်။

“နင်မှ လူမဟုတ်တာ… နင်တို့ မိသားစုတစ်ခုလုံးကမှ လူမဟုတ်တာ.”

တော်ဝင်မိသားစုဝင်များ……။

“ဒီလူယုတ်မာ... သူ ဘယ်လိုပုံပေါက်နေလဲဆိုတာကိုတောင် သူ့ကိုယ်သူ မသိဘူးလား... ငါ့လို ကလေးအရွယ်ကိုတောင် တပ်မက်ရဲတယ်ပေါ့... ပြီးတော့ ငါက အသက် ဆယ့်နှစ်နှစ်ပဲရှိသေးတယ်... ကလေးပဲ ရှိသေးတယ်လေ... သူ့မှာ အရှက်မရှိဘူးလား…”

အားလုံးက….။

*အရှက်ရစရာကောင်းမှန်း မင်း သိတယ်ပေါ့လေ... ဒါဆိုရင် မင်းသားစုအိမ်တော်ရဲ့ အမွေဆက်ခံသူကို မျက်စိကျတုန်းက မင်းအသက်ဆယ့်နှစ်နှစ်ပဲ ရှိသေးတယ်လို့ ဘာလို့ မပြောခဲ့တာလဲ…*

ယွင်ဟွားသည် သူမ၏ နဖူးကို ကိုင်လိုက်ပြီး သနားစရာကောင်းနေသော တတိယမင်းသားကို ကြည့်ကာ မရယ်ဘဲ မနေနိုင်ခဲ့ချေ။

“ရှောင်ရှူးရှူး... ကံကောင်းလို့ ငါ့ဆီမှာ ဒီအကာအကွယ်ရတနာ ရှိနေတာ... အကယ်၍ သူ ငါ့ကို နောက်တစ်ခါ လာစမ်းသပ်ရဲရင် သူ့ကို သေတဲ့အထိ ခေါင်းနဲ့ စောင့်ပစ်မယ်…”

တစ်ချိန်က သူမနောက်ကို လိုက်နေသည်ဟု အထင်လွဲခံခဲ့ရဖူးသော အိမ်ရှေ့စံမှာ တိတ်တဆိတ် သက်ပြင်းချလိုက်မိလေသည်။

တတိယမင်းသား၏ သူငယ်အိမ်များမှာ အဆမတန် ကျယ်လာလေသည်။ သူ ယခုလေးတင် ဘာကြားလိုက်ရတာလဲ။

“မင်း... မင်း...”

*ဒါက တကယ့်ကို မတရားဘူး…*

*ဖြတ်လမ်းနည်းတွေတောင် သုံးထားသေးတယ်ပေါ့*

အခန်း (၂၆) တတိယမင်းသားသည် သူ၏ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးသော လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေပြီး အချို့သောသူများက ယွင်ဟွားကို မနာလိုဖြစ်နေကြသည်

အား... သူ အလွန် ဒုက္ခရောက်နေလေသည်။ သူမကို အနည်းငယ်မျှ စနောက်ချင်ရုံသာ ဖြစ်သော်လည်း နောက်ဆုံးတွင် သူသာ ထိခိုက်နစ်နာသွားခဲ့ရလေသည်။

သို့သော်လည်း တတိယမင်းသားကမူ ထိုအရာကို ယုံကြည်ရန် ငြင်းဆန်ခဲ့လေသည်။ သူသည် သူ၏ ဝတ်ရုံကို ခါလိုက်ပြီး ပျင်းရိပျင်းတွဲ ဟန်ပန်အနည်းငယ်ဖြင့် ထပ်မံ ချဉ်းကပ်လာပြန်လေသည်။

“စတုတ္ထသခင်မလေးယွင်...”

သူက အသံတိုးတိုးဖြင့် ပြုံးလိုက်ပြီး သူ၏ ဆွဲဆောင်မှုအရှိဆုံး အသွင်အပြင်ကို ပြသနေသည်ဟု ထင်မှတ်နေလေသည်။

“ငါလို မင်းသားတစ်ပါးက ရုပ်ချောပြီး တက်ကြွရုံသာမက လူတိုင်းရဲ့ အချစ်တော်ဖြစ်နေတယ်လို့ မင်း မထင်ဘူးလား...”

ယွင်ဟွားသည် သူ၏ ရုတ်တရက် အပြောင်းအလဲကြောင့် အလွန်ရွံရှာသွားပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးများ ထသွားခဲ့လေသည်။ ဤကဲ့သို့ မျက်နှာပြောင်တိုက်လွန်းသော အမျိုးသားကို သူမဆက်၍ သည်းမခံနိုင်တော့သဖြင့် သူ၏ နားအနီးသို့ ကပ်ကာ ကြမ်းတမ်းစွာ ခြိမ်းခြောက်လိုက်လေသည်။

“ငါ့ရဲ့ သံမဏိခေါင်းသိုင်းကို ထပ်စမ်းကြည့်ချင်သေးလို့လား...”

တတိယမင်းသားသည် လွန်ခဲ့သော အခိုက်အတန့်က ခေါင်းမူးမိုက်သွားသော ခံစားချက်ကို ပြန်လည်သတိရသွားပြီး နောက်သို့ခြေတစ်လှမ်းခန့် ဆုတ်သွားလေသည်။ ထို့နောက် သူ၏ ထင်ရှားသော မေးရိုးကို ထိကာ ဆက်လက်၍ ပြောလိုက်လေသည်။

“ငါ့လို ရုပ်ချောတဲ့သူကိုတောင် မင်းက သဘောမကျဘူးဆိုတော့... ဖြစ်နိုင်တာက...”

သူသည် အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး သူ၏ အသံမှာ တိုးညင်းကာ ဆွဲဆောင်မှု ရှိနေလေသည်။

“တကယ်တော့ မင်းက ယောက်ျားလေးတွေကို သဘောမကျတာ မဟုတ်လား...”

ဤမိန်းကလေးသည် သူ၏ ဝမ်းကွဲညီအစ်ကိုကို မျက်စိကျနေပြီး ပျော်ရွှင်သော မုဆိုးမလေးတစ်ဦးအဖြစ်သာ နေချင်ကြောင်းကို သူ သတိရလိုက်လေသည်။ ဤသည်မှာ သူမက ယောက်ျားလေးများကို သဘောမကျကြောင်း ဆိုလိုခြင်းပင် ဖြစ်သည်။ ဤမိန်းကလေး၏ စစ်မှန်သော သဘာဝကို သူ မြင်ယောင်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ အားနည်းချက်တစ်ခုကို ရှာတွေ့သွားခဲ့လေသည်။

ယွင်ဟွား၏ နဖူးမှာ တွန့်ကွေးသွားလေသည်။ သူမသည် ခေါင်းကို လှည့်ကာ သူ့ကို စူးစိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် အပြုံးတစ်ခုက သူမ၏ မျက်နှာပေါ်တွင် ပျံ့နှံ့သွားလေသည်။ ယွင်ဟွား၏ နှုတ်ခမ်းပေါ်ရှိ ကြက်သီးထဖွယ်ကောင်းသော အပြုံးကို မြင်လိုက်ရချိန်တွင် တတိယမင်းသားသည် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

“ မိန်းကလေးတွေကို သဘောကျတာက... ကောင်းပါတယ်... ငါ... ငါလည်း မိန်းကလေးတွေကို သဘောကျတယ်... မဟုတ်ဘူး... ငါ ဆိုလိုချင်တာက အဲ့တာမဟုတ်ဘူး... ငါ ဆိုလိုတာက... မင်းကို ဘယ်တော့မှ အထင်မသေးဘူးလို့ ငါ ကျိန်ဆိုပါတယ်...”

ယွင်ဟွားသည် ဒေါသထွက်လွန်းသဖြင့် အံကြိတ်ကာ ဟောက်လိုက်လေသည်။

“ရှောင်ရှူးရှူး... သူ့ကို မှတ်လောက်သားလောက်အောင် လုပ်ပေးလိုက်... သေလောက်တဲ့အထိ လုပ်လိုက်စမ်း...”

“လက်ခံရရှိပါတယ်... “

ရှင်ခြင်းသေခြင်းစာအုပ်သည် ဤကျိန်စာသင့်နေသော မင်းသားက ၎င်း၏ ပန်းကလေးကို အမြဲတမ်း နောက်ပြောင်နေသည်ကို မြင်သောအခါ ဒေါသထွက်သွားသဖြင့် စာအုပ်ထဲသို့ ချက်ချင်း ပြန်ဝင်သွားကာ သူ မွေးဖွားချိန်မှ လက်ရှိအချိန်အထိ အရာအားလုံးကို ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်လေသည်။

အခြေအနေ၏ ပြင်းထန်မှုကို မသိရှိသော တတိယမင်းသားသည် ယွင်ဟွားကို ဆက်လက်၍ စနောက်ရန် ရည်ရွယ်ထားလေသည်။ ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ နဖူးကို မပွတ်သပ်ဘဲ မနေနိုင်တော့ဘဲ သူ၏ စိတ်ထဲတွင် တွေးလိုက်မိလေသည်။

“တကယ့်ကို မိုက်မဲလှတဲ့ ငါ့ရဲ့သားတော်ပဲ...”

ယွင်ရှောင်ထျန်းသည် တည်ငြိမ်အေးဆေးစွာ ရှိနေလေသည်။ မည်သို့ပင်ဆိုစေကာမူ အိမ်ရှေ့စံမှာလည်း ဖော်ထုတ်ခံခဲ့ရပြီး သူ၏ သမီးငယ်လေးမှာမူ အန္တရာယ်ကင်းနေဆဲပင် ဖြစ်သည်။ ယွင်ယာသည် သီချင်းဆိုပြီးနောက် သူမ၏ နေရာသို့ ပြန်သွားခဲ့လေသည်။

အရင်က စွမ်းရည်ပြိုင်ပွဲကို အဆိုပြုခဲ့သော မိန်းကလေး လင်းဝမ်ယွဲ့သည် တတိယမင်းသားက ယွင်ဟွား၏ အနီးတဝိုက်တွင် လှည့်ပတ်နေသည်ကို ကြည့်ကာ သူမ၏ ပန်းထိုးပဝါလေးမှာလည်း လိမ်ကောက်နေသော ပုံစံဖြစ်သွားသည်အထိ လိမ်ချိုးထားမိလေသည်။ သူမသည် မျက်ဝန်းများထဲရှိ မနာလိုမှုများကို ဖိနှိပ်ထားလိုက်ပြီး ရုတ်တရက် တောက်ပစွာ ပြုံးလိုက်လေသည်။

“စတုတ္ထသခင်မလေးယွင်...”

သူမက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး အလွန်နီးကပ်စွာ ရပ်နေကြသော ထိုလူနှစ်ဦးကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ အမှောင်ထုများဖြင့် ပြည့်နှက်နေလေသည်။ သူမသည် အရွယ်ပင် မရောက်သေးသော မိန်းကလေးငယ်တစ်ဦးသာဖြစ်ပြီး တတိယမင်းသားအတွက် သူမနှင့် ယှဉ်ပြိုင်ရန် မည်သည့် အခွင့်အရေးရှိသနည်း။

“စတုတ္ထသခင်မလေးယွင်က နန်းတွင်းကို အရာရှိတစ်ယောက်အနေနဲ့ ဝင်ရောက်နိုင်ခဲ့တယ်လို့ ကျွန်မ ကြားဖူးပါတယ်... သူမက ကဗျာတွေ သီချင်းတွေနဲ့ စာပေတွေမှာ ကျွမ်းကျင်ရပါလိမ့်မယ်... ဒီနေရာမှာရှိတဲ့ လူတိုင်းကို ဗဟုသုတ တိုးပွားလာအောင် ဘာလို့မလုပ်ပေးရတာလဲ...”

ယွင်မိသားစုဝင်များ၏ အကြည့်များမှာ ချက်ချင်းပင် မှောင်မိုက်သွားလေသည်။ တက်ရောက်လာသူတိုင်းမှာ မိုက်မဲသူများ မဟုတ်ကြပေ။ ထိုစကားများ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို သူတို့ အလွယ်တကူ နားလည်နိုင်ကြလေသည်။ မနာလိုလွန်းသဖြင့် ဒေါသကြောင့် လိမ်ကောက်လုမတတ် ဖြစ်နေသော လင်းဝမ်ယွဲ့ကို ယွင်ဟွားက ဗလာကျင်းနေသော အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။ သူမက မိမိကိုယ်ကို လက်ညှိုးထိုးလိုက်လေသည်။

“ငါ့ကိုဆိုလိုတာလား...”

လင်းဝမ်ယွဲ့၏ နီရဲသော နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားပြီး အေးစက်သော အပြုံးဖြင့် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

“နန်းတွင်းကိုအရာရှိအဖြစ် ထမ်းဆောင်ဖို့ ဝင်ရောက်လာတဲ့ တခြားသော မှူးမတ်မျိုးနွယ်ဝင် သခင်မလေးတွေ ရှိနေသေးလို့လား...”

“ကဗျာတွေ သီချင်းတွေနဲ့ စာပေတွေမှာ ကျွမ်းကျင်တယ်ဆိုတာ... နင်က ငါ့ကို ပြောနေတာ သေချာရဲ့လား...”

ယွင်ဟွားက ထပ်မံ၍ မေးလိုက်လေသည်။ လင်းဝမ်ယွဲ့သည် အမြဲတမ်းလိုလို အပြုံးဖြင့်သာ တုံ့ပြန်လိုက်လေသည်။ ယွင်ဟွားသည် လက်ဖက်ရည်ခွက်၏ အစွန်းကို သူမ၏ လက်ချောင်းထိပ်များဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူမ၏ အကြည့်များက လင်းဝမ်ယွဲ့ထံတွင် စူးစိုက်နေလေသည်။

“ကျွတ် ကျွတ်...ဒီလောက်သေးသိမ်တဲ့ လှည့်ကွက်တွေက တကယ့်ကို လုံလောက်မှု မရှိသေးဘူး”

ငရဲပြည်တွင် သူမ ဖတ်ခဲ့ရသော ဝတ္ထုများကို ယွင်ဟွား တွေးမိလိုက်ပြီး ၎င်းတို့ကို စမ်းသပ်ကြည့်ရန် အနည်းငယ် စိတ်အားထက်သန်နေခဲ့လေသည်။

“ငါ့ရဲ့ မျက်နှာဖြတ်ရိုက်မယ့်စနစ်ကို ဖွင့်ပြီးတော့ အံ့မခန်း ပွဲဦးထွက်ပြီး လူတိုင်းကို မျက်စိကျိန်းသွားအောင်လုပ်ဖို့ လိုနေပြီထင်တယ်…”

တတိယမင်းသား၏ ဘဝနှင့် လုပ်ရပ်များအကြောင်း ရှင်ခြင်းသေခြင်းစာအုပ်၏ မှတ်တမ်းကို ယခုမှ ရှာတွေ့ခဲ့ပြီး ယွင်ဟွား၏ စကားများကို ကြားလိုက်ရသောအခါ ၎င်းက ချက်ချင်းပင် တုံ့ပြန်လိုက်လေသည်။

“ပန်းကလေး... သေသေချာချာ စဉ်းစားဖို့ ငါ အကြံပေးချင်တယ်... နင့်မှာရှိတဲ့ အကန့်အသတ်ရှိတဲ့ အသိပညာတွေနဲ့ ပတ်သက်ပြီး လက်တွေ့ကျကျ တွေးဖို့ လိုတယ်…”

လူတိုင်း…။

ယွင်ဟွားသည် ရှင်ခြင်းသေခြင်းစာအုပ်ကို စူးရဲစွာ ကြည့်လိုက်လေသည်။ သူမက ငြင်းခုံနိုင်စွမ်း မရှိခဲ့ပေ။ ပြန်တွေးကြည့်မည်ဆိုလျှင် သူမသည် အတင်းအဖျင်း နားထောင်ရာတွင်သာတော်ပြီး အခြားမည်သည့်အရာကိုမျှ မလုပ်တတ်ပေ။

“သခင်မလေးယွင်...”

လင်းဝမ်ယွဲ့က ဒေါသတကြီးဖြင့် အော်လိုက်လေသည်။

“ဒါမှမဟုတ် သခင်မလေးယွင်က အရာရှိရာထူး ရပြီးနောက်မှာ ကျွန်မတို့ကို အထင်သေးသွားတာလား…အဲ့လိုများလား...”

သူမ၏ မျက်လုံးများမှာ နီရဲလာပြီး ကြီးမားသော မတရားမှုတစ်ခုကို ခံစားလိုက်ရသကဲ့သို့ ဖြစ်နေလေသည်။

“ ဝိုး... ရှောင်ရှူးရှူး ကြည့်လိုက်စမ်း... ဘယ်လောက်တောင် ကြီးမားပြီး အဆင့်မြင့်တဲ့ ကြာပန်းဖြူမကြီးလဲ... သူမကို ငါအနှောင့်အယှက်ပေးဖူးလို့လား၊ ငါ မမှတ်မိဘူး..”

ယွင်ဟွားက နှုတ်ခမ်းဆူလိုက်လေသည်။ ဤသရုပ်ဆောင်မှုက အလွန် ဆိုးရွားလွန်းလှသည်။ ရှင်ခြင်းသေခြင်းစာအုပ်သည် ပန်းကလေး၏ ဘေးတွင် ရပ်နေသောသူကို လှမ်းကြည့်လိုက်လေသည်။

“ဒါက နင့်ဘေးမှာရှိနေတဲ့ ထင်ပေါ်လွန်းပြီး ပုပ်ဟောင်နေတဲ့ အချစ်ရေးကိစ္စကြောင့်ပဲ…”

ယွင်ဟွားသည် တတိယမင်းသားကို ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူမ၏ အံကြိတ်ထားလိုက်လေသည်။ သူမက ဤအရာကို မှတ်သားထားလိုက်လေသည်။ ထို့နောက် ကြီးစိုးသော ဟန်ပန်ဖြင့် ခွေးခြေခုံတစ်ခုကို ယူဆောင်လာကာ ၎င်းပေါ်တွင် ခြေနှစ်ဖက်ဖြင့် မတ်တပ်ရပ်လိုက်ပြီး သူမရှေ့ရှိ လင်းဝမ်ယွဲ့နှင့် မျက်လုံးအမြင့်ချင်း တူညီသွားစေရန် ပြုလုပ်လိုက်လေသည်။ အဓိက အယူအဆမှာ အရပ်မရှည်ပါက ၎င်းကို ဖြည့်ဆည်းရန် ခွေးခြေခုံကို အသုံးပြုနိုင်သည် ဟူ၍ပင် ဖြစ်သည်။ ငရဲပြည်၏ ကပ်ဘေးဒုက္ခနှစ်ပါးထဲမှ တစ်ပါးဖြစ်သောကြောင့် သူမသည် လူများကို ဆုံးရှုံးရလျှင်ပင် မျက်နှာအပျက်ခံမည် မဟုတ်ပေ။

“နင်... နင်က တကယ့်ကို ကြာပန်းဖြူမပဲ...”

လင်းဝမ်ယွဲ့မှာ အံ့အားသင့်သွားလေသည်။ ကြာပန်းဖြူမဆိုသည်မှာ သူမကို ချီးကျူးနေခြင်းလော။ သူမက လှောင်ပြောင်လိုက်လေသည်။ သို့တိုင်အောင် သူမသည် ယနေ့တွင် ယွင်ဟွားကို လွှတ်ပေးမည် မဟုတ်ပေ။ ယွင်မိသားစုဝင်များသည် တည်ငြိမ်စွာ ထိုင်နေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် ပွဲတစ်ပွဲကို ကြည့်ရှုရတော့မည့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေသည်။ ယွင်ဟွားသည် ထူးခြားစွာ တောက်ပစွာ ပြုံးလိုက်လေသည်။

“ကြာပန်းဖြူမ... နင်က အပြင်ပန်းမှာ အပြစ်ကင်းပြီး ရိုးသားပုံပေါ်ပေမယ့် တကယ်တမ်းကျတော့ အတွင်းစိတ်က မှောင်မိုက်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူပဲ... နင်က အစကတည်းက ငါ့အတွက် ထောင်ချောက်ဆင်ပြီး ငါ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာ မဟုတ်လား...”

ယွင်ဟွားက တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။

“သူမရဲ့ မျက်နှာဖုံးကို ဆွဲခွာလိုက်ပြီး သူမက ဘယ်လိုလူမျိုးလဲဆိုတာကို လူတိုင်း မြင်အောင် လုပ်လိုက်ကြစို့...”

ကြာဖြူမ၏ အဓိပ္ပာယ်ကို လူတိုင်းက ရုတ်တရက် နားလည်သွားကြလေသည်။ လင်းဝမ်ယွဲ့၏ နှလုံးခုန်သံမှာ ရပ်တန့်သွားသကဲ့သို့ဖြစ်သွားပြီး သူမ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားလေသည်။

“နင်… နင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ...”

သူမ စကားမဆုံးမီတွင်ပင် ယွင်ဟွားက လက်များကို ဖြန့်ကာ ပြင်းထန်စွာ ဝေဖန်ပြောဆိုလိုက်လေသည်။

“ဒါက အားလုံးကို ဗဟုသုတကို တိုးပွားစေမှာ မဟုတ်ဘူးလို့ ငါ ထင်ပါတယ်... ငါက ဘာမှမသိပါဘူး... ငါ ဘာလို့ နန်းတွင်းကို အရာရှိတစ်ယောက်အနေနဲ့ ဝင်ရောက်နိုင်ခဲ့တာလဲဆိုတာနဲ့ ပတ်သက်ပြီး ငါလည်း သိချင်ပါတယ်... ဘာလို့ နင်က ငါ့အတွက် အရှင်မင်းကြီးကို သွားမမေးပေးတာလဲ...ဒါက သူ့ရဲ့ ဧကရာဇ်အမိန့်တော်ပဲလေ...”

ယွင်ဟွားက လှောင်ပြောင်လိုက်ပြီး သူမနှင့် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လေသည်။ သူမက လင်းဝမ်ယွဲ့အား ခက်ခဲသော အခြေအနေသို့ တွန်းပို့လိုက်ခြင်းပင်ဖြစ်သည်။

“နင့်မှာ အဲ့လောက်အရည်အချင်းရှိနေရင် အရှင်မင်းကြီးကို သွားမေးလိုက်လေ”

လင်းဝမ်ယွဲ့သည် နေရာတွင်ပင် အေးခဲသွားပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေလေသည်။

“ငါ… ငါ...”

သူမ၏ မျက်နှာမှာ ဖြူရော်သွားပြီးနောက် နီရဲလာကာ ယွင်ဟွားက ဤကဲ့သို့ လက်တုံ့ပြန်မည်ကို ရှင်းလင်းစွာပင် မျှော်လင့်မထားခဲ့ပေ။ သူမက မေးရန် ရဲဝံ့မည်လော။ သူမ အသက်ရှင်ရသည်ကို ငြီးငွေ့နေခြင်း မဟုတ်ပါက သွားမေးမည် မဟုတ်ပေ။

“အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ သမီးက မိုက်မဲလှပါတယ်... သူမက အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုလုပ်ပြီး မေးခွန်းထုတ်ရဲမှာလဲ...”

ဤအချိန်တွင် အမတ်လင်းက ရှေ့သို့ ထွက်လာကာ မြေကြီးပေါ်တွင် ဝပ်တွားလိုက်ပြီး ပြဿနာရှာတတ်သော သူ၏ သမီးကိုလည်း သူနှင့်အတူ ဒူးထောက်စေရန် ဆွဲချလိုက်လေသည်။ ဤကိစ္စနှင့် ပတ်သက်၍ ယွင်ဟွားအား စွပ်စွဲပြစ်တင်ခဲ့ပြီး နောက်ဆုံးတွင် ခေါင်းနှစ်ခြမ်းကွဲကာ သေဆုံးသွားခဲ့ရသည့်အရာရှိမှာ ကျိုးချောင်ယုံဖြစ်ကြောင်းကို သူ မေ့မထားခဲ့ပေ။ ဧကရာဇ်က အမတ်ငယ်ယွင်ကို အဘယ်ကြောင့် ဤမျှမြတ်နိုးနေရကြောင်းကို သူ မသိသော်လည်း အခြေအနေကို သူ အကဲဖြတ်နိုင်ပြီး သူသည် ငယ်ရွယ်သေးကာ အသက်ရှင်ရသည်မှာ မလုံလောက်သေးကြောင်းကို သူ သိရှိထားလေသည်။

အရင်က လင်းဝမ်ယွဲ့ မည်မျှပင် ဝင့်ကြွားနေခဲ့စေကာမူ ယခုအချိန်တွင် သူမ ပို၍ ထိတ်လန့်လာပြီး ယွင်ဟွားအပေါ် သူမ၏ မုန်းတီးမှုမှာလည်း ပို၍ နက်ရှိုင်းလာခဲ့လေသည်။

“အရှင်မင်းကြီး... ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးပါ... ကျွန်တော်မျိုးမ မှားသွားမှန်း သိပါပြီ... ကျွန်တော်မျိုးမ...”

ဧကရာဇ်ဝမ်ရွှမ်းသည် သူ့ရှေ့တွင် ဒူးထောက်နေသော လင်းဝမ်ယွဲ့ကို တည်ငြိမ်စွာ ကြည့်လိုက်လေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူသည် မျက်ကွယ်ပြုထားမည် ဖြစ်သော်လည်း ဤအရာကမူ ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်သည်။ ကံကောင်းစေသော ကြယ်ပွင့်လေးကို အမှားပြုလုပ်၍ မရနိုင်ပေ။

“လင်းဝမ်ယွဲ့ဟာ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ကျရှုံးမှုကို ကျူးလွန်ခဲ့တဲ့အတွက် အခုကစပြီး သုံးလတိတိ အကျယ်ချုပ် ချမှတ်လိုက်ပြီး အမျိုးသမီးများအတွက် လိုက်နာရန် စည်းကမ်းများကို အကြိမ်နှစ်ဆယ် ကူးရေးဖို့ အပြစ်ပေးလိုက်တယ်...”

သူမက ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ချို့တဲ့နေခြင်းလော။ လင်းဝမ်ယွဲ့၏ မျက်ဝန်းများမှာ ချက်ချင်းပင် ပြာနှမ်းသွားလေသည်။ သူမ လုပ်ခဲ့သမျှမှာ ယွင်ဟွားအား စွမ်းရည်တစ်ခုပြသရန် တောင်းဆိုခဲ့ခြင်းသာဖြစ်ပြီး ယခုအခါတွင်မူ သူမသည် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ချို့တဲ့သူအဖြစ် တံဆိပ်ကပ်ခံလိုက်ရလေသည်။ ပြီးဆုံးသွားခဲ့ပြီ။ သူမသည် သူမ၏ တစ်သက်တာလုံး တော်ဝင်မိသားစုထံသို့ မည်သည့်အခါမျှ လက်ထပ်ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။

သူမက ယွင်ဟွားကို လျှို့ဝှက်စွာ စူးရဲစွာ ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် မုန်းတီးမှုများက အရိုင်းစိုင်းဆုံး ကြီးထွားလာခဲ့လေသည်။ ရှင်ခြင်းသေခြင်းစာအုပ်သည် ဤအရာအားလုံးကို စောင့်ကြည့်နေပြီး သူမ၏ ကံကြမ္မာကို တိတ်ဆိတ်စွာ လှန်လှောကြည့်လိုက်လေသည်။ ရှင်ခြင်းသေခြင်းစာအုပ်၏ ဤကဲ့သို့ လှန်လှောကြည့်မှုက ၎င်းကို အလွန် လန့်သွားစေပြီး ယွင်ဟွား၏ ခေါင်းပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားစေခဲ့လေသည်။

တတိယမင်းသားသည် ကြီးကျယ်ခမ်းနားသော ပြဇာတ်တစ်ပုဒ်ကို ကြည့်ရှုနေလေသည်။ ဤအချိန်တွင် သူသည် သူမ၏ အနီးသို့ ထပ်မံ၍ မျက်နှာပြောင်တိုက်စွာ ရောက်ရှိလာပြန်လေသည်။

“သခင်မလေးယွင်... မင်းရဲ့ ဒုတိယအစ်မက အရမ်းအရည်အချင်းရှိပြီး တတိယအစ်မကလည်း ပန်းထိုးပညာမှာ ပြိုင်ဘက်ကင်းတယ်နော်... မင်းကရော ဘယ်လိုလဲ... မင်းက ဘာတွေတော်လဲ...”

တတိယမင်းသားက သူ၏ မက်မွန်ပွင့် မျက်ဝန်းများထဲတွင် တစ်ဝက်တစ်ပျက် အပြုံးဖြင့် ယွင်ဟွားကို ကြည့်ကာ မေးလိုက်လေသည်။

“ငါတို့က အခုအရမ်းရင်းနှီးနေပြီဆိုတော့ ငါ့ကို လျှို့ဝှက်ချက်အနေနဲ့ ပြောပြလို့ရပါတယ်... စိတ်မပူပါနဲ့... ငါ မင်းကို မရယ်ပါဘူး...”

All Chapters