← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇) သေလမ်းကို ဆက်လက်လျှောက်လှမ်းနေခြင်းနှင့် ငွေတစ်ရာတန်သော ဧကရာဇ်မင်း

“ရင်းနှီးတာလား သွားမေးကြည့်လိုက်လေ…”

ယွင်ဟွားသည် သူ့ကို မျက်စောင်းထိုးလိုက်ပြီး ခုံကို မူလနေရာသို့ ပြန်ရွှေ့လိုက်လေသည်။

ယွင်ဟွားက သူ့အား စကားမပြောလိုသည်ကို မြင်သောအခါ တတိယမင်းသားသည် မျက်နှာပြောင်တိုက်ကာ ယွင်ဟွား၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမအတွက် အရက်တစ်ခွက် အပြည့်ငဲ့ပေးလိုက်လေသည်။

“တစိမ်းကနေ ရင်းနှီးသွားတာမျိုးပေါ့... အခုဆိုရင် ဒီအရက်ကို အတူတူသောက်ပြီး သွေးသောက်ညီအစ်ကိုတွေလို ဖြစ်သွားပြီလေ...”

တတိယမင်းသားသည် သူ၏ရင်ဘတ်ကို ပုတ်ကာ ရဲဝံ့စွာ ကြေညာလိုက်လေသည်။

“အခုအချိန်မှစပြီး ငါက ခေါင်းဆောင်လုပ်မယ်... မင်းက ငါ့ရဲ့ညီလေးပေါ့... ငါ့ရဲ့ အကာအကွယ်နဲ့ဆိုရင် တုံလင်နိုင်ငံတစ်ခုလုံးမှာ မင်း စိတ်ကြိုက် သွားလာနိုင်ပြီပေါ့...”

“ဒါ့ကြောင့် ရှက်စရာမလိုပါဘူး... ခေါင်းဆောင်က သူ့ညီကို ဘယ်တော့မှ ရယ်မှာ မဟုတ်ဘူး...”

ယွင်ဟွား၏ နဖူးမှ သွေးကြောများ ထောင်တက်သွားလေသည်။

အိမ်ရှေ့စံမင်းသားသည် သူ၏ညီတော် တတိယမင်းသားက သေလမ်းကို ဆက်လက် လျှောက်လှမ်းနေသည်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်များ ပြင်းထန်စွာ တုန်ယင်သွားလေသည်။

သူမ၏ခေါင်းဆောင် ဖြစ်ချင်နေသေးသည်မှာ အိပ်မက်မက်နေခြင်းပင် ဖြစ်လေသည်။ သူ ထင်ထားသည်မှာ မမှားလျှင် စာအုပ်လေးပြန်ရောက်နေလောက်ပြီ ဖြစ်လေသည်။ ထားလိုက်ပါတော့... နံရံနှင့် ဝင်မတိုက်မိမချင်း သူက နောက်ဆုတ်မည် မဟုတ်ပေ။ အရင်က သူလည်း ဤအတိုင်း ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလား။

ယွင်ဟွားသည် ပြုံးလိုက်ပြီး တတိယမင်းသားအား လက်ယပ်ခေါ်ကာ ပြောလိုက်လေသည်။

“ငါ့ရဲ့ အကြီးမားဆုံး အရည်အချင်းက အတင်းအဖျင်းပြောတာပဲ...”

တတိယမင်းသားသည် မျက်တောင်ခတ်လိုက်လေသည်။

“ဟင်...”

“ဖရဲသီးကို အခွံနွှာသလိုမျိုး တစ်ဖက်လူမှာ အတွင်းခံတောင် မကျန်တဲ့အထိ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်တယ်နော်...”

တတိယမင်းသား၏ ရင်ထဲတွင် တင်းကျပ်သွားလေသည်။

“ရှောင်ရှူးရှူး…”

ယွင်ဟွားသည် စိတ်ထဲမှ အော်ဟစ်လိုက်လေသည်။ လူတိုင်းမှာ အလွန် စိတ်လှုပ်ရှားနေကြလေသည်။

ရောက်လာပြီ... ရောက်လာပြီ... ရင်းနှီးနေသော ဇာတ်လမ်းက စတင်တော့မည် ဖြစ်လေသည်။

ရှင်ခြင်းသေခြင်းစာအုပ်သည် ဤလူမိုက်ကို စိတ်ပျက်နေသည်မှာ ကြာပြီဖြစ်ရာ ယွင်ဟွား၏ ပခုံးပေါ်တွင် နားခိုကာ သူမ၏ နားထဲသို့ တီးတိုးပြောဆိုနေလေတော့သည်။

လူတိုင်းမှာ ဆွံ့အသွားကြလေသည်။

“ဟင်...”

“ရှောင်ရှူးရှူးရဲ့ အသံက ဘယ်ရောက်သွားတာလဲ... ဒီဂုဏ်သရေရှိ လူကြီးမင်းများ မကြားနိုင်တဲ့ အရာတွေများ ရှိနေလို့လား...”

ရှင်ခြင်းသေခြင်းစာအုပ်က ပြောလေလေ သူတို့မှာ ပို၍ စိတ်အားထက်သန်လာလေလေ ဖြစ်သည်။ တတိယမင်းသားအပေါ် ထားရှိသော ယွင်ဟွား၏ အကြည့်များမှာ တဖြည်းဖြည်း ထူးဆန်းလာလေသည်။

လူတိုင်းမှာ အလွန်စိုးရိမ်နေကြသဖြင့် ခေါင်းကိုပင် ကုတ်နေမိကြလေသည်။ တတိယမင်းသားမှာလည်း စိုးရိမ်ထိတ်လန့်နေလေသည်။ သူသည် အရက်ခွက်ကိုကိုင်ကာ ထွက်သွားချင်သော်လည်း ယွင်ဟွားက သူ၏ လက်မောင်းကို ဆွဲကိုင်ထားလေသည်။ သူက အတင်းရုန်းထွက်ရန် ကြိုးစားလိုက်လေသည်။ ယွင်ဟွား၏ တောက်ပနေသော မျက်ဝန်းများက သူ၏ ကျောရိုးတစ်လျှောက် စိမ့်ချမ်းသွားစေလေသည်။

“ငါ တွက်ကြည့်ပြီးပြီ… နင် အသက်ရှစ်နှစ်တုန်းက ပုရစ်တိုက်ရင်း အိမ်သာကျင်းထဲ ကျခဲ့တယ်... ကိုးနှစ်တုန်းက မယ်တော်ကြီး သဘောကျတဲ့ ငါးကြင်းကို သတ်ပစ်ခဲ့တယ်... ဆယ်နှစ်တုန်းက အရမ်းဝလွန်းလို့ အစာမစားရဘူးဆိုပြီး ပိတ်ပင်ခံရတယ်... ညဘက် နန်းတွင်းမီးဖိုချောင်ကနေ အစားအသောက်တွေ သွားခိုးစားလို့ နန်းတော်ထဲမှာ သရဲခြောက်တယ်ဆိုပြီး လပေါင်းများစွာ ထင်ယောင်ထင်မှား ဖြစ်စေခဲ့တယ်...”

“ဆယ့်တစ်နှစ်အရွယ်မှာ အိမ်ရှေ့စံအဖြစ် ခန့်အပ်ခံရတဲ့နေ့က နင်က... အွန်း... လွှတ်... လွှတ်ပါ... အွန်း...”

ယွင်ဟွား ပြောလိုက်သော စကားလုံးတိုင်းအတွက် တတိယမင်းသားမှာ အရှက်ရမှုနှင့် ဒေါသတို့ ပိုမို တိုးပွားလာလေသည်။ သူသည် ရုတ်တရက် ခုန်ထလိုက်ပြီး ရှေ့သို့တိုးကာ ယွင်ဟွား၏ ပါးစပ်ကို ပိတ်လိုက်လေသည်။

“တော်တော့... ဆက်မပြောနဲ့တော့...”

ဘုရားရေ... သူမက သူ့ကို ကြောက်လန့်သေအောင် လုပ်နေတာလားဟု သူ တွေးလိုက်မိလေသည်။ ယွင်ဟွား၏ အသံမှာ အတော်လေး ကျယ်လောင်ပြီး တတိယမင်းသား၏ အတင်းအဖျင်းများကို သိချင်နေကြသော လူတိုင်းမှာ ခေါင်းလေးစောင်းကာ ခိုးနားထောင်နေကြလေသည်။ ယခုတော့ သူတို့အားလုံး ကြားသွားကြပြီ ဖြစ်လေသည်။

အိမ်ရှေ့စံမင်းသားက မျက်မှောင်ကြုတ်လိုက်လေသည်။ သူ အိမ်ရှေ့စံအဖြစ် ခန့်အပ်ခံရသောနေ့က ဟုတ်လား... ထိုလူရှုပ်လေး တတိယညီတော်သည် သူ မသိလိုက်ဘဲ တစ်ခုခုများ လုပ်ခဲ့ခြင်းလားဟု တွေးလိုက်မိလေသည်။

ယွင်ဟွားသည် အသက်ရှူကျပ်လာသဖြင့် တတိယမင်းသား၏ လက်ကို ပုတ်ချလိုက်လေသည်။

“အဲ့နေ့ည နန်းတွင်းပွဲတော်မှာ နင် သေးအရမ်းပေါက်ချင်နေလို့ စည်ပိုင်းအကြီးကြီးတစ်ခုကို ရှာတွေ့ပြီး... အွတ်...”

“တိုးတိုး... အသံတိုးတိုးလုပ်ပါ ငါ့ရဲ့ အဒေါ်လေးရာ...”

တတိယမင်းသားသည် ယွင်ဟွား၏ ပါးစပ်ကို အလျင်စလို ပြန်ပိတ်လိုက်လေသည်။ ပတ်ဝန်းကျင်ရှိ လူများ၏ ခိုးနားထောင်နေသော မျက်နှာအမူအရာများကို ကြည့်ရင်း သူ၏ ရင်ထဲတွင် တုန်လှုပ်သွားလေသည်။ အတွင်းခံပင် မကျန်အောင် အခွံနွှာခံရသည်ဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားလေသည်။ သူ၏ ကိုယ်ရေးကိုယ်တာဟူ၍ ဘာမျှ မကျန်တော့ပေ။

ယွင်ဟွားသည် မျက်ခုံးပင့်ကာ သူ့ကို စိုက်ကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။

“ငါ့ရဲ့ အရည်အချင်းက အံ့သြစရာ မကောင်းဘူးလား...”

“အံ့သြစရာ ကောင်းတယ်... အရမ်းကို အံ့သြစရာ ကောင်းပါတယ်...”

တတိယမင်းသားသည် ခါးသီးသော အမူအရာဖြင့် ပြောလိုက်လေသည်။

“မင်းရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းပါပဲ...”

ဤတစ်ကြိမ်တွင်မူ ယွင်ဟွားသည် တတိယမင်းသားအား အထင်အမြင်သေးခြင်း မရှိတော့ဘဲ သူ့အနားသို့ ချက်ချင်း ကပ်ကာ ဖိအားပေးလိုက်လေသည်။

“ဒါဆို အခုအချိန်ကစပြီး ဘယ်သူက ခေါင်းဆောင်ဖြစ်ပြီး ဘယ်သူက ညီလေးလဲဆိုတာ...”

ထိုသို့ပြောပြီးနောက် သူမသည် သူ၏ ပခုံးကို အားပါပါ ပုတ်လိုက်ပြီး သတိပေးသည့်ဟန်ဖြင့် ပြောလိုက်လေသည်။

“မပြောခင် သေချာစဉ်းစားနော်...”

ခြိမ်းခြောက်ခြင်း... ဗြောင်ကျကျ ခြိမ်းခြောက်ခြင်းပင် ဖြစ်လေသည်။ ယွင်ဟွား၏ ကောက်ကျစ်သော အမူအရာကို မြင်သောအခါ တတိယမင်းသား၏ နှုတ်ခမ်းများမှာ ထိန်းမရအောင် တုန်ယင်သွားလေသည်။ အကယ်၍ သူက ‘ဟင့်အင်း’ ဟု တစ်ခွန်းလေး ပြောရဲပါက သူ အတိတ်က လုပ်ခဲ့သော ဆိုးသွမ်းမှုများအားလုံး တစ်နန်းတော်လုံး သိသွားမည်မှာ သေချာလေသည်။ အို... တုံလင်တစ်နိုင်ငံလုံးဟု ဆိုလိုခြင်း ဖြစ်လေသည်။

သူသည် အကူအညီမဲ့စွာဖြင့် လက်သီးစုပ်ကာ အရှုံးပေးလိုက်လေသည်။

“မင်းက ခေါင်းဆောင်... ငါက ညီလေး... ရပြီလား...”

သူ ကျိန်ဆိုလိုက်လေသည်။ ယခုအချိန်မှစ၍ ထိုကလေးမလေးကို ဘယ်တော့မှ ထပ်မစတော့ဟု ဆုံးဖြတ်လိုက်လေသည်။ သူ အရှုံးပေးသည်ကို ကြားသောအခါ ယွင်ဟွားသည် အောင်ပွဲခံသည့်အနေဖြင့် မေးစေ့ကို မော့လိုက်ပြီး စားပွဲပေါ်သို့ လက်ချောင်းလေးများဖြင့် နှစ်ချက်ခန့် ညင်သာစွာ ပုတ်လိုက်လေသည်။

“လက်ဖက်ရည်ငဲ့ပေးလေ...”

အိမ်ရှေ့စံမင်းသားသည် အရက်အကြောင်း တစ်စုံတစ်ရာကို ရေရေရာရာ ကြားလိုက်ရသော်လည်း တတိယမင်းသားက သူ၏ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သဖြင့် ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။ ယခုမူ တတိယညီတော်ပါ အထိနာသွားသည်ကို မြင်လိုက်ရသဖြင့် သူသည် နောက်ဆုံးတွင် အားရပါးရ ရယ်မောလိုက်လေတော့သည်။

ကြည့်စမ်း... ယခုတော့ သူသည် အတင်းအဖျင်း နားထောင်တတ်သူ၏ ဘေးတွင် လိမ္မာရေးခြားရှိစွာထိုင်ပြီး လက်ဖက်ရည်နှင့် ရေများကိုပင် ခပ်တိုက်နေရသည် မဟုတ်ပါလား။

အမွေဆက်ခံသူမင်းသား နန်ကုန်းယွမ်သည် ဤအရာအားလုံးကို ကြည့်နေရင်း သူ၏ အေးစက်စက် အမူအရာပေါ်တွင် မနာလိုမှု အငွေ့အသက်လေးတစ်ခု ပေါ်လာလေသည်။ သူသည် သူ၏ အသုံးမဝင်တော့သော ခြေထောက်များကို ငုံ့ကြည့်လိုက်ပြီး ခဏအကြာတွင် စိတ်သက်သာရာ ရသွားလေသည်။ သူမသည် ကောင်းကင်ယံမှ လမင်းကြီးကဲ့သို့ တောက်ပနေသူဖြစ်ရာ လွတ်လပ်ပေါ့ပါးစွာ ရှင်သန်သင့်ပြီး သူလိုလူမျိုးနှင့် မည်သည့် ပတ်သက်မှုမှ မရှိသင့်ပေ။

နန်းတွင်းပွဲတော်မှာ ပြီးလုနီးပါး ဖြစ်နေပြီ ဖြစ်လေသည်။ ထိုစဉ် ရှင်ခြင်းသေခြင်းစာအုပ်၏ အရေးတကြီး အသံက လူတိုင်း၏ နားထဲသို့ ဝင်ရောက်လာလေသည်။

“ပန်းကလေး... ဟိုမှာ လမ်းလျှောက်နေတဲ့ နန်းတွင်းအစေခံမလေးတွေ အားလုံးက လုပ်ကြံမယ့်သူတွေနဲ့ အစားထိုးခံထားရတယ်... သူတို့က ဧကရာဇ်ကို သတ်ကြတော့မှာ…”

“ဖူး...”

ယွင်ဟွားသည် သောက်နေသော လက်ဖက်ရည်များအားလုံးကို ထွေးထုတ်လိုက်လေသည်။

ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာမှာ တည်ငြိမ်နေပြီး သူ၏ မျက်ဝန်းများမှာ မှောင်မိုက်နေလေသည်။ တုံလင်နိုင်ငံ၏ စစ်နတ်ဘုရားဖြစ်သော မင်းသားစုသည် ဧည့်သည်များကြားတွင် သွားလာလှုပ်ရှားကာ ဝိုင်အိုးများနှင့် သစ်သီးပန်းကန်များကို သယ်ဆောင်လာသော နန်းတွင်းအစေခံမလေးများကို ချက်ချင်း စတင်စောင့်ကြည့်လိုက်လေသည်။

သူတို့သည် အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါးဖြစ်ကာ အေးစက်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။ အမျိုးသမီးများ မဟုတ်ပေ။ ယင်းအစား အမျိုးသမီးဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားများ ဖြစ်နေလေသည်။ မင်းသားစုနှင့် ဧကရာဇ်ဝမ်ရွှမ်းတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ တစ်ဖက်လူက မလှုပ်ရှားရသေးမီ သူတို့ကို ကာကွယ်ရန် ကျွမ်းကျင်သော သက်တော်စောင့် မြောက်မြားစွာကို ချထားပြီး ဖြစ်လေသည်။ သူတို့သည် အမိန့်ကိုသာ စောင့်ဆိုင်းနေကြလေသည်။

ဤစကားများကို ကြားလိုက်ရသော အမတ်များနှင့် သူတို့၏ မိသားစုဝင်များအားလုံးမှာ ကြောက်လန့်ပြီး စိုးရိမ်ပူပန်နေကြလေသည်။ သို့သော် ဧကရာဇ်ဝမ်ရွှမ်းက နှုတ်ဆိတ်နေသဖြင့် သူတို့လည်း အလျင်စလို မလှုပ်ရှားရဲကြပေ။ လူတိုင်းကို မည်သို့ သတိပေးရမည်ကို ယွင်ဟွား စဉ်းစားနေဆဲ ဖြစ်လေသည်။ သူမ ချက်ချင်းပင် လုပ်ကြံမည့်သူတွေ လာနေပြီဟု အော်ဟစ်လိုက်သင့်သလားဟု တွေးတောနေလေသည်။

ထိုစဉ် ယွင်ရှောင်ထျန်းသည် သူ၏သားကို ဆွဲခေါ်လာပြီး ယွင်ဟွား၏ ဘေးတွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်လေသည်။ အမျိုးသားများနှင့် အမျိုးသမီးများ သီးခြားစားပွဲများတွင် ထိုင်ရမည်ဆိုသည်ကို သူ ဂရုမစိုက်ပေ။ ယခုမူ သူ၏ သမီးငယ်လေးဘေးတွင်နေခြင်းက အလုံခြုံဆုံး နေရာပင် ဖြစ်လေသည်။

သို့သော်လည်း ဤတတိယမင်းသားက အဘယ်ကြောင့် မျက်စိစူးစရာ ဖြစ်နေရသနည်းဟု သူ တွေးလိုက်မိလေသည်။ ယွင်ဟွားသည် သူမ၏ ဖခင်နှင့် အစ်ကိုဖြစ်သူအား ခဏမျှ ကြောင်တောင်တောင် ကြည့်နေပြီးနောက် သူမ၏ အာရုံကို ရှေ့ရှိလုပ်ကြံမည့်သူထံသို့ ပြန်လှည့်လိုက်လေသည်။

“ရှောင်ရှူးရှူး... အဲ့လုပ်ကြံမည့်သူတွေက တကယ်တော့ ဘယ်သူတွေလဲ…”

နန်းတွင်းအစေခံမလေးများ၏ ခါးပတ်များထဲတွင် ပုန်းကွယ်နေသော ငွေရောင်အလင်းတန်းလေးကို ယွင်ဟွား သတိပြုမိလိုက်လေသည်။

ဘုရားရေ... ၎င်းမှာ ဓားပျော့တစ်လက် ဖြစ်နေလေသည်။

“ပန်းကလေး... ရှီဆိုင်နိုင်ငံက သစ္စာဖောက် အမတ်ဟယ်ကို မှတ်မိသေးလား…”

“သူနဲ့ ပတ်သက်နေတာများလား…”

ယွင်ဟွားမှာ နားမလည်နိုင် ဖြစ်သွားလေသည်။ ဤလူက သေသွားပြီဖြစ်ရာ သူ၌ အစီအစဉ်ဟောင်းများ ကျန်နေသေးသည်လားဟု တွေးလိုက်မိလေသည်။ ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာမှာ ထပ်မံ မှောင်မိုက်သွားလေသည်။

“အဲ့လိုပဲ... သူ့အဖေက နယ်စပ်မှာ ထုံးစံအတိုင်း ရိက္ခာနဲ့ ငွေကြေးတွေ လက်ခံရယူဖို့ စောင့်နေခဲ့ပေမယ့် ဘာမှမရခဲ့ဘူးလေ... နောက်ပိုင်းကျမှ ဟယ်ရှင်းက မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ခံရပြီး ဧကရာဇ်က သူ့ကို ကွပ်မျက်လိုက်ပြီဆိုတာ သူ သိသွားခဲ့တာပေါ့…”

“သူက ဒီသားကို သိပ်မချစ်ပေမယ့် အနည်းဆုံးတော့ အသုံးဝင်သေးတယ်လေ... ဧကရာဇ်က သူ့လွတ်မြောက်ရာလမ်းကို ဖြတ်တောက်ပစ်လိုက်တော့ သူ စိတ်တိုသွားပြီး တစ်ခုခု လုပ်ချင်လာတာနဲ့ ဧကရာဇ်ကို သတ်ဖို့ လူငှားလိုက်တာပေါ့…”

ယွင်ဟွား၏ အမူအရာမှာ ထူးဆန်းနေလေသည်။

“ဒီအလုပ်ကို တကယ် လက်ခံမယ့်သူ ရှိတာပဲလား…”

ဧကရာဇ်၏ ဘေးနားတွင် လျှို့ဝှက်အစောင့်အရှောက်များနှင့် သက်တော်စောင့် အမြောက်အမြား ရှိနေသည်ကို သူတို့ မသိကြဘူးလားဟု တွေးလိုက်မိလေသည်။ ဤလူတို့၏ ဦးနှောက်က တစ်ခုခု မှားနေတာများလားဟု တွေးလိုက်မိလေသည်။ ဧကရာဇ်ကို လုပ်ကြံရန် အလုပ်လက်ခံရဲသည်မှာ ဤလူ တကယ် ရူးနေပြီဟု လူတိုင်းက တွေးလိုက်ကြလေသည်။

နန်းတွင်းအစေခံမအဖြစ် ရုပ်ဖျက်ထားသော လုပ်ကြံသူကို ယွင်ဟွားကြည့်လိုက်စဉ် သူမ၏ စိတ်ထဲတွင် ရုတ်တရက် မေးခွန်းတစ်ခု ပေါ်လာလေသည်။

“ရှောင်ရှူးရှူး... ဧကရာဇ်က ဘယ်လောက် တန်ဖိုးရှိလဲ…”

ယွင်ဟွားမှာ မမေးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။ တုံလင်နိုင်ငံ၏ အကြီးအကဲဖြစ်သူသည် အလွန်တန်ဖိုးကြီးမားရမည် ဖြစ်လေသည်။ ရှင်ခြင်းသေခြင်းစာအုပ်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားလေသည်။

“တစ်ရာတည်းပါ…”

ယွင်ဟွား၏ မျက်လုံးများ တောက်ပသွားလေသည်။

“ရွှေတစ်သန်းတိတိ... ဝါး... ဟယ်ရှင်းရဲ့ အဖေက တကယ့်ကို အစွမ်းကုန် ကြိုးစားခဲ့တာပဲ…”

ရှင်ခြင်းသေခြင်းစာအုပ်သည် ယွင်ဟွားအား နက်ရှိုင်းစွာ ကြည့်လိုက်လေသည်။

“မဟုတ်ဘူး…”

“ငွေတစ်သန်းလား”

ယွင်ဟွားသည် ခေါင်းကို ကုတ်လိုက်လေသည်။ မဆိုးပါဘူး... တန်ကြေးနဲ့ ကိုက်ညီပါတယ်ဟု တွေးလိုက်လေသည်။

“ပန်းကလေး... ရှီဆိုင်နိုင်ငံက တော်တော်လေး ဆင်းရဲတယ်လေ... ဟယ်ရှင်းရဲ့ အဖေကလည်း အကုန်အကျမခံနိုင်ဘူး... သူက အစတုန်းက စမ်းကြည့်ရုံ သက်သက်ပဲ ရည်ရွယ်ထားတာ... တကယ်လို့ စျေးအရမ်းကြီးရင် သူ လက်လျှော့လိုက်မှာပေါ့…”

ယွင်ဟွားမှာ မကောင်းသော ခံစားချက်တစ်ခု ဝင်လာလေသည်။

“မဖြစ်နိုင်ဘူး... ငွေတစ်ရာတည်းလား…”

“ဂုဏ်ယူပါတယ် ပန်းကလေး… နင် ခန့်မှန်းတာ မှန်တယ်... ဒါပေမယ့် ဆုတော့ မရှိဘူးနော်…”

ယွင်ဟွား...။

ငွေတစ်ရာတန်ဖိုးသာရှိသော ဧကရာဇ်ဝမ်ရွှမ်းမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး ပြာနှမ်းသွားလေတော့သည်။

*သူ...သူက ငွေတစ်ရာပဲ တန်တာလား…*

*ဘယ်ခွေးကောင်က ဒီစျေးနှုန်းကို သတ်မှတ်ခဲ့တာလဲ…*

အခန်း (၂၈) သေလမ်းကို ဆက်လက်လျှောက်လှမ်းနေပြန်သော တတိယမင်းသားနှင့် ယွင်ဟွားအား အကာအကွယ်အဖြစ် အသုံးချခြင်း

ယွင်ဟွားက ရယ်ချင်နေလေသည်။ လူတိုင်းလည်း ရယ်ချင်နေကြလေသည်။ သို့သော် ဧကရာဇ်ဝမ်ရွှမ်းထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို ခံစားလိုက်ရချိန်တွင် သူတို့၏ စကားများကို အတင်းအကျပ် မျိုချလိုက်ကြရလေသည်။

ယွင်ဟွားသည် ဧကရာဇ်ဝမ်ရွှမ်းကို တိတ်တဆိတ် ခိုးကြည့်လိုက်လေသည်။

“မဟုတ်သေးဘူး... ဒီစျေးနှုန်းက အရမ်းနည်းလွန်းနေတာ မဟုတ်ဘူးလား... ဧကရာဇ်က သူ ငွေတစ်ရာပဲ တန်တယ်ဆိုတာ သိသွားရင်... သေချာပေါက် ဒေါသထွက်တော့မှာပဲ... မဟုတ်သေးဘူး... ဖူး... ငါတော့ ရယ်ရလွန်းလို့ သေတော့မယ်…”

ဧကရာဇ်ဝမ်ရွှမ်းသည် သူ၏ ရင်ထဲမှ ခါးသီးမှုကို ငြိမ်သက်သွားစေရန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်လေသည်။ ဒေါသမထွက်ရန်နှင့် သူမသည် တုံလင်နိုင်ငံ၏ ကံကောင်းစေသော ကြယ်ပွင့်လေးဖြစ်သည်ဟု စိတ်ကို လျှော့ချလိုက်လေသည်။ ရှင်ခြင်းသေခြင်းစာအုပ်၏ မျက်နှာလေးပင် ရှုံ့မဲ့နေလေသည်။

“အဲ့လုပ်ကြံသူတွေက ယခင်မင်းဆက်က ကျန်ရစ်သူတွေပါ... သူတို့က ဧကရာဇ်အပေါ် အငြိုးရှိထားပြီးသားဆိုတော့ ဒီအလုပ်ကို အဆင်ပြေတဲ့ ဆင်ခြေတစ်ခုအနေနဲ့ လက်ခံလိုက်ကြတာပေါ့…”

“အိုး... ဒါက…”

ယွင်ဟွားမှာ သက်ပြင်းမချဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။ အမတ်ဟယ်၏ ဖခင်အရင်းသည် တကယ့်ကို ထူးခြားသူတစ်ဦးပင် ဖြစ်လေသည်။ ဤမျှ ရှားပါးသော အဖြစ်အပျက်မျိုးကို သူ ကြုံတွေ့နိုင်ခဲ့သည် မဟုတ်ပါလား။

“ငါ သိသားပဲ... ဧကရာဇ်လုပ်ရတာက အန္တရာယ်များတဲ့ အလုပ်ပဲ... အမြဲတမ်း သတိထားနေရပြီး ခြေတစ်လှမ်းမှားတာနဲ့ သေဖို့ပဲရှိတော့တယ်…”

ဧကရာဇ်ဝမ်ရွှမ်းက မှန်လိုက်လေသည်ဟု စိတ်ထဲမှ တွေးလိုက်လေသည်။

ယွင်ဟွားသည် မေးစေ့ကို ပွတ်သပ်ကာ လုပ်ကြံသူများ လှုပ်ရှားတော့မည်ဟု ခန့်မှန်းလိုက်ပြီး သူမ၏အဖေ ယွင်ရှောင်ထျန်း၏ လက်မောင်းကို ဆွဲလိုက်လေသည်။

“အဖေ... ဒီနန်းတွင်းအစေခံမလေးတွေကို သတိထားမိရဲ့လား...”

ယွင်ဟွား၏ သတိပေးစကား မဆုံးမီ ရှေ့ဆုံးမှ ဝိုင်ငဲ့ပေးနေသော နန်းတွင်းအစေခံမလေးသည် ရုတ်တရက် ဝိုင်အိုးကို ရိုက်ခွဲလိုက်လေသည်။ ထို့နောက် သူသည် ခါးမှ ဓားပျော့တစ်လက်ကို ဆွဲထုတ်ကာ ဧကရာဇ်ထံသို့ တိုက်ရိုက် ပြေးဝင်သွားလေတော့သည်။

“ဧကရာဇ်ကို ကာကွယ်ကြ...”

မင်းသားစုသည် အော်ဟစ်လိုက်ပြီး ခြေဖျားဖြင့် မြေကြီးကို ညင်သာစွာ ထောက်ကာ အိမ်ရှေ့စံမင်းသားနှင့် သူ၏ အခြွေအရံများနှင့်အတူ ဓားကို ဆွဲထုတ်လျက် သူတို့ကို ရင်ဆိုင်ရန် ထွက်သွားလေသည်။ နန်းတွင်းအစေခံမများအဖြစ် ရုပ်ဖျက်ထားသော ကျန်ရှိနေသည့် လုပ်ကြံသူ အယောက်နှစ်ဆယ်ခန့်သည်လည်း သူတို့၏ စကတ်များကို ဆွဲဖြဲလိုက်ရာ အမည်းရောင်ဝတ်စုံများ ပေါ်ထွက်လာပြီး သူတို့၏ လက်နက်များကို ဝှေ့ယမ်းလိုက်ကြလေသည်။

ချက်ချင်းဆိုသလိုပင် တော်ဝင်ဥယျာဉ်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားလေတော့သည်။ ထိုနေရာရှိ လူတိုင်းသည် အော်ဟစ်ကာ ထိတ်လန့်တကြား ထွက်ပြေးကြလေသည်။ စစ်ဘက်အရာရှိများသည် နိုးနိုးကြားကြားရှိကာ နန်းတွင်းအရာရှိများနှင့် အထက်တန်းစား မိသားစုများမှ အမျိုးသမီးများကို ကာကွယ်ပေးနေကြလေသည်။

“အဖေ... အမေ... အစ်ကိုကြီး... ဒုတိယအစ်မ... တတိယအစ်မ... သမီးနောက်ကို လာကြပ..”

ယွင်ဟွားသည် အခုတ်ခံရမည်ကို မကြောက်သဖြင့် သူမ၏ အကာအကွယ်ရတနာကို အားကိုးကာ သူတို့ကို သူမ၏အနောက်တွင် ကာကွယ်ပေးထားလေသည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် တတိယမင်းသားသည် ခုံတစ်လုံးကို ရင်ဘတ်တွင် ပိုက်ထားကာ ယွင်ဟွား၏ ဘေးသို့ ကပ်လာလေသည်။ ယွင်ဟွားက သူ့ကို စိုက်ကြည့်လိုက်လေသည်။

“နင် သိုင်းပညာတတ်တယ် မဟုတ်ဘူးလား... သွားချလေ...”

ယွင်ဟွားမှာ ဒေါသထွက်သွားလေသည်။ ဤလူက သူမ၏ မိဘများနေရာကို ယူရဲသည်လား။ သူမသည် လူကောင်သေးသေးလေးသာဖြစ်ပြီး လူအများကြီးကို မကာကွယ်ပေးနိုင်ပေ။ တတိယမင်းသားသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ယွင်ဟွား၏ ဘေးတွင် တင်းကျပ်စွာ တွယ်ကပ်နေလေသည်။

“ငါတတ်တာက သိုင်းပညာ မဟုတ်ဘူး... အပျော်တမ်းအဆင့်လောက်ပဲ ရှိတာ... ငါ့ရဲ့ အပျော်တမ်းစွမ်းရည်နဲ့ လုပ်ကြံသူကို ယှဉ်ခိုင်းနေတာလား... ငါ အသက်ကြီးနေပြီလို့ ထင်နေတာလား...”

“ပြီးတော့ နင့်ရဲ့ ကိုယ်ပိုင်သက်တော်စောင့်တွေက ဘယ်မှာလဲ...”

ယွင်ဟွားက မယုံကြည်ပေ။ မင်းသားတစ်ပါး၏ ဘေးတွင် သက်တော်စောင့်များ မည်သို့လျှင်မရှိဘဲ နေမည်နည်း။ တတိယမင်းသားက သူ ထိုင်ခဲ့သော နေရာကို လက်ညှိုးထိုးပြလိုက်လေသည်။

“သူ ဟိုဘက်မှာရှိတယ်... ဒါပေမယ့် ပိတ်မိနေတယ်...”

ယွင်ဟွားသည် သူ လက်ညှိုးထိုးပြရာသို့ ကြည့်လိုက်လေသည်။ ယခင်မင်းဆက်မှ ကျန်ရစ်သူ ဤလူများသည် သိုင်းပညာအလွန် ထူးချွန်ကြပြီး သူတို့အားလုံးသည် အမုန်းတရားများ၊ ကလဲ့စားချေလိုစိတ်များဖြင့် ပြည့်နှက်နေသဖြင့် စစ်သူကြီးများနှင့် သက်တော်စောင့်များကို အတော်လေး အလုပ်ရှုပ်စေလေသည်။

“ငါ့နေရာက အရမ်းသေးတယ်... နင့်ရဲ့ သက်တော်စောင့်ဆီကိုပဲ သွားသင့်တယ်... သူက နင့်ကို ကာကွယ်ပေးလိမ့်မယ်...”

ယွင်ဟွားသည် သူ့အား ရိုင်းပျစွာ နှင်ထုတ်လိုက်လေသည်။ လူကြီးတစ်ယောက်သည် သူမလို ကောင်မလေးတစ်ယောက်၏ အကာအကွယ်ကို မလိုအပ်သင့်ပေ။ ဤသည်မှာ မျက်နှာပြောင်တိုက်ခြင်းပင် ဖြစ်လေသည်။ တတိယမင်းသားသည် ဆန့်တန်းထားသော သူမ၏ လက်မောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း မျက်လုံးများ ပြူးကျယ်သွားလေသည်။

“မင်း လူစကား ပြောနေတာလား... အခု ဒီနေရာကနေ သွားရင် ငါ့အသက်ကို သွားစွန့်သလို ဖြစ်မှာပေါ့...”

“မမေ့နဲ့နော်... မင်းက ငါ့ရဲ့ ခေါင်းဆောင်လေ... ငါ့ကိုကာကွယ်ဖို့က မင်းရဲ့တာဝန်ပဲ...”

သူက သူမကို ခေါင်းဆောင်ဟု အလကားသက်သက် ခေါ်ခဲ့ခြင်း မဟုတ်ပေ။ ယွင်ဟွားသည် သူ၏ မျက်နှာကို တံတွေးဖြင့် ထွေးချင်စိတ် ပေါက်သွားလေသည်။ ဘယ်သူက သူ့ကို ကာကွယ်ပေးမှာလဲ။ သူမသည် လက်မောင်းကို ပြန်ရုပ်ရန် ကြိုးစားလိုက်သော်လည်း တတိယမင်းသားက တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လွှတ်မပေးပေ။

“ငါ့ကို လွှတ်စမ်းပါ... ငါ့ရဲ့ ခန္ဓာကိုယ်သေးသေးလေးက နင့်ကို မကာကွယ်ပေးနိုင်ဘူး...”

“ဟင့်အင်း... သေရင်တောင် မလွှတ်ဘူး...”

ယွင်ဟွားမှာ အလွန်ဒေါသထွက်သဖြင့် ခုန်ဆွခုန်ဆွပင် ဖြစ်ချင်သွားလေသည်။ ဤတတိယမင်းသားသည် အမှန်တကယ်ပင် ဤမျှမျက်နှာပြောင်တိုက်လွန်းသည်လား။

တော်ဝင်ဥယျာဉ်တစ်ခွင်လုံးတွင် ဧကရာဇ်ဝမ်ရွှမ်း၏ဘက်၌ ဓားခုတ်သံများ ထွက်ပေါ်နေလေသည်။ အခြားတစ်ဖက်တွင်မူ ယွင်ဟွားနှင့် တတိယမင်းသားတို့သည် အချင်းချင်း လည်ပင်းကိုဆွဲကာ အတင်း ဆွဲငင်နေကြလေသည်။

“ရှောင်ရှူးရှူး... ကယ်ပါဦး... သူ ငါ့ကို ခုလို ဆက်နှောင့်ယှက်နေရင် ငါ့မိဘတွေကိုတောင် ဂရုမစိုက်နိုင်တော့ဘူး…”

ရှင်ခြင်းသေခြင်းစာအုပ်က အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်လေသည်။

“ရပါတယ် ပန်းကလေးရာ... အဲ့လုပ်ကြံသူတွေက နင့်ကို လျစ်လျူရှုထားတာ မသတိထားမိဘူးလား…”

ယွင်ဟွား၏ ရုန်းကန်နေသော ခန္ဓာကိုယ်မှာ ရပ်တန့်သွားလေသည်။ ထိုအခါမှ သူမ၏ နေရာဘက်သို့ မည်သည့် လုပ်ကြံသူမှ လာခြင်းမရှိကြောင်း သူမ သတိပြုမိလိုက်လေသည်။

“ဘာ... ဘာဖြစ်လို့လဲ…”

သူမသည် အမှန်တကယ်ပင် သတိမပြုမိလောက်အောင် ဖြစ်နေသည်လား။ ဤသည်မှာ အလွန် ရိုင်းစိုင်းလွန်းလှလေသည်။

“နင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ အကာအကွယ်ရတနာက နင့်ရဲ့ ရှိတည်မှုကို လျှော့ချပေးတယ်လေ... ဒါကြောင့် အဲ့လုပ်ကြံသူတွေက မသိစိတ်ကနေ နင့်ကို လျစ်လျူရှုသွားတာပေါ့…”

ရှင်ခြင်းသေခြင်းစာအုပ်က ချက်ချင်း ရှင်းပြလိုက်လေသည်။

လူတိုင်းမှာ အံ့အားသင့်သွားကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် မနာလိုမှုများ လျှံကျနေလေတော့သည်။ တတိယမင်းသား၏ မျက်လုံးများ တောက်ပသွားလေသည်။ တကယ်ကို သူ၏ ရွေးချယ်မှုက မှန်ကန်ခဲ့လေသည်။

“တကယ့်ကို အံ့သြစရာကောင်းတဲ့အရာပဲ…”

ယွင်ဟွားမှာ အလွန်အံ့သြသွားသဖြင့် တတိယမင်းသားအား ဆက်လက်၍ အငြင်းပွားခြင်း မပြုတော့ပေ။

ထားလိုက်ပါတော့... လုပ်ကြံသူများက သူတို့ကို လျစ်လျူရှုထားမှတော့ မင်းသားတစ်ပါး ပိုလာခြင်းကို သူမ ဂရုမစိုက်တော့ပေ။

ထိုအချိန်တွင် သူမနှင့် မနီးမဝေးရှိ ထိုလူများသည် ခိုလှုံခွင့် တောင်းခံရန်အတွက် သူမထံသို့ တိတ်တဆိတ် ချဉ်းကပ်လာနေကြောင်းကို သူမ လုံးဝ သတိမထားမိခဲ့ပေ။ ထို့ကြောင့် ယွင်ဟွား ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူမ၏ ဘေးပတ်လည်၌ လူများဖြင့် ဝိုင်းရံခံနေရလေတော့သည်။

ယွင်ဟွားမှာ ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

“ဘာ... ဘာတွေ ဖြစ်နေတာလဲ... ဒီလူတွေ ဘယ်ကနေ ရောက်လာကြတာလဲ…”

အခြားတစ်ဖက်မှ ဧကရာဇ်ဝမ်ရွှမ်းသည် သူမကို မနာလိုစွာ ကြည့်လိုက်လေသည်။ သူလည်း ထိုနေရာသို့ သွား၍ အကာအကွယ် ယူချင်သော်လည်း ကံမကောင်းစွာဖြင့် လုပ်ကြံသူ အများစုမှာ ဤနေရာတွင် စုရုံးနေကြလေသည်။ ယွင်ဟွား၏ ဘေးရှိ တတိယမင်းသားမှာ ညှပ်ခံနေရသဖြင့် သက်တောင့်သက်သာ မဖြစ်သလို ခံစားနေရလေသည်။ သူသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ယွင်ဟွား၏ လက်မောင်းကို သူ့ထံမှ လုယူရန် ကြိုးစားနေသော ထင်ရှားသည့် မိသားစုမှ အမျိုးသမီးငယ်အား စူးရဲစွာ ကြည့်လိုက်လေသည်။

“ဘာတွေလုနေကြတာလဲ… ဒါက ငါ့ရဲ့ခေါင်းဆောင်ဟ...”

သူက အလွန်မုန်းတီးသွားလေသည်။ ဤစကားများလွန်းသော စာအုပ်လေး၏ အပြစ်သာ ဖြစ်လေသည်။ သို့မဟုတ်ပါက ဤလူများ ဤနေရာအထိ ရောက်လာမည် မဟုတ်ပေ။ အကြည့်ခံလိုက်ရသော အထက်တန်းစား မိသားစုမှ အမျိုးသမီးငယ်မှာ နောက်တွန့်သွားခြင်းမရှိပေ။ သူမသည် မွေးရာပါ ပုန်ကန်တတ်သော သဘာဝရှိပြီး လုယူရသည်ကို အမှန်တကယ်ပင် စွဲလမ်းနေလေသည်။

လုပ်ကြံသူများသည် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားကြလေသည်။ သူတို့၏ ပစ်မှတ်များက ဘယ်ရောက်သွားတာလဲ။

လှည့်ကြည့်လိုက်သောအခါ ကြိတ်ကြိတ်တိုး စုရုံးနေကြသော လူအုပ်ကြီးကို မြင်လိုက်ရလေသည်။ ဤသည်က အသက်ရှင်ရန်အတွက် အတူတကွ စုရုံးနေကြခြင်းများလား။ လုပ်ကြံသူများ၏ ရယ်မောသံမှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှလေသည်။ သူတို့အားလုံး စုရုံးနေကြသည်မှာ ကောင်းလေသည်။ တစ်ချက်ခုတ်လျှင် တစ်ယောက်၊ လွဲချော်သွားမည်ကိုဖြစ်စေ၊ မသေမည်ကိုဖြစ်စေ စိုးရိမ်စရာ မလိုတော့ပေ။

“ပန်းကလေး... လုပ်ကြံသူတစ်ယောက် ပျံသန်းလာနေပြီ…”

ရှင်ခြင်းသေခြင်းစာအုပ်သည် ယွင်ဟွား၏ ပခုံးပေါ်တွင် စိုးရိမ်တကြီး ခုန်ပေါက်နေလေသည်။ ယွင်ဟွားမှာ တုန်လှုပ်သွားလေသည်။

“ရှောင်ရှူးရှူး လိမ်တယ်... သူတို့က ငါ့ကို လျစ်လျူရှုထားမယ်လို့ ပြောထားတာ မဟုတ်ဘူးလား…”

ရှင်ခြင်းသေခြင်းစာအုပ်က ချက်ချင်း မျက်စောင်းထိုးလိုက်ပြီး ပြန်လည် ချေပလိုက်လေသည်။

“လူတိုင်း ဒီနေရာမှာ စုရုံးနေကြတာလေ... သူတို့က ကန်းနေတာမှ မဟုတ်တာ... သေချာပေါက် ငါတို့ဆီ လာမှာပေါ့..”

ရှင်ခြင်းသေခြင်းစာအုပ်ကို မပြောမိလျှင် ပိုကောင်းမည် ဖြစ်လေသည်။ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ယွင်ဟွားနှင့် တတိယမင်းသားတို့မှာ လုံးဝကို စိတ်ပျက်သွားကြလေတော့သည်။ ဤလူတွေက တကယ်ကို ပြဿနာ ရှာနေကြတာပဲ။

လုပ်ကြံသူများက သူတို့ထံသို့ ဓားများ ဝှေ့ယမ်းလာသည်ကို မြင်သောအခါ အကာအကွယ်မဲ့နေသူများသည် ချက်ချင်း ထိတ်လန့်သွားကြပြီး ယွင်ဟွား၏ ဘေးရှိ အကောင်းဆုံးနေရာများကို လုယက်ယူငင်ကြလေတော့သည်။ တတိယမင်းသားမှာ ခဏတာ အင်အားနည်းသွားပြီး ရုတ်တရက် အဝေးသို့ တွန်းထုတ်ခံလိုက်ရကာ ယွင်ဟွားကိုပါ ဆွဲခေါ်သွားလေသည်။ လုပ်ကြံသူများထဲမှ တစ်ယောက်၏ ဓားသည် သူ၏ နဖူးဆီသို့ တိုက်ရိုက်ဦးတည်လာလေသည်။ သူ၏ နှလုံးခုန်သံမှာ တစ်ချက် ရပ်တန့်သွားလေသည်။

သူသည် ယွင်ဟွားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်ကို ကြည့်လိုက်ရာ တစ်ခုခုကို တွေးမိသွားသကဲ့သို့ ဖြစ်သွားလေသည်။ သူမတွင် အကာအကွယ်ရတနာ ရှိနေသည်လေ။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက သံမဏိနှင့် ပြုလုပ်ထားသလိုပင်။

စကားတစ်ခွန်းမျှ မပြောဘဲ သူမကို အပြင်သို့ ပစ်ထုတ်လိုက်ပြီး သူနှင့် နေရာချင်း လဲလိုက်လေသည်။

သူမက သတ်လို့မသေတဲ့သူလေ...။

ယွင်ဟွားနှင့် ဤလူမိုက်တို့သည် လေထဲတွင် အကြည့်ချင်း ဆုံသွားကြပြီး ယွင်ဟွား၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားလေတော့သည်။

“ထွီ… ဒီခွေးကောင်က ငါ့ကို တကယ် သစ္စာဖောက်ရဲတယ်ပေါ့…”

သူမက ဓားတွေကို မကြောက်တာ မှန်သော်လည်း ဤအခုလေးတင် ရလာသည့် ညီလေးက တကယ်ကို တစ်မျိုးပင် ဖြစ်လေသည်။

“ဒေါင်...”

လုပ်ကြံသူ၏ ဓားရှည်သည် ယွင်ဟွား၏ အကာအကွယ်ရတနာကို ထိမှန်သွားပြီး နှစ်ပိုင်း ကျိုးသွားလေတော့သည်။ လုပ်ကြံသူက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ သူ၏ မျက်လုံးပြူးကြီးများနှင့် ယွင်ဟွား၏ ဗာဒံစေ့ပုံစံ မျက်ဝန်းလေးများ ဆုံတွေ့သွားလေသည်။ သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားလေသည်။ ချက်ချင်းပင် သူသည် လက်ထဲမှ သေသပ်လှပစွာ ပြုလုပ်ထားသော ဓားမြှောင်တစ်လက်ကို ဆွဲထုတ်ကာ ယွင်ဟွားထံသို့ ထပ်မံ ထိုးစိုက်လိုက်လေသည်။

“ဂျလောက်...”

လုပ်ကြံသူ၏ သူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားလေသည်။ သူသည် ယခုအခါ လက်ကိုင်ရိုးသာ ကျန်တော့သော သူ၏ လက်ထဲရှိ ဓားမြှောင်ကို ကြည့်လိုက်ပြီးနောက် သူ၏ ရင်ဘတ်အထိသာမီသော သူ့ရှေ့ရှိ ကောင်မလေးကို ကြည့်လိုက်လေသည်။ လန့်ဖြန့်သွားကာ သူသည် နောက်သို့ တစ်မီတာခန့် အလျင်အမြန် ဆုတ်လိုက်လေသည်။

“မင်း... မင်းက... မိစ္ဆာ...”

“မိစ္ဆာ” ဟူသော စကားလုံးကို သူ မပြောနိုင်မီ အလျင်အမြန် ရောက်ရှိလာသော လျှို့ဝှက်လက်နက်တစ်ခုက သူ၏ လည်ချောင်းကို ဖောက်ဝင်သွားသဖြင့် သူ သေဆုံးသွားလေတော့သည်။

ယွင်ဟွားသည် သူမ၏ ဒဏ်ရာရသွားသော နှလုံးသားလေးကို ပွတ်သပ်လိုက်လေသည်။ ခေါင်းမော့ကြည့်လိုက်သောအခါ အေးစက်စက်နှင့် သက်တမ်းတိုမည့် မင်းသားသည် လျှို့ဝှက်လက်နက်ကို ပစ်လွှတ်လိုက်စဉ်က အနေအထားအတိုင်းပင် ရှိနေသေးလေသည်။ သူသည် အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော်လည်း ထင်းရှူးပင်တစ်ပင်ကဲ့သို့ မာနထောင်လွှားနေလေသည်။

ယွင်ဟွား၏ မျက်လုံးများ တောက်ပသွားပြီး သူမသည် အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

“ဝါး... ရှောင်ရှူးရှူး... ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်းက ငါ့ကို တကယ် ကယ်တင်လိုက်တယ်…”

နန်ကုန်းယွမ်၏ နားရွက်များ အနည်းငယ် နီရဲသွားလေသည်။ သူမ အဆင်ပြေကြောင်း မြင်ပြီးနောက် သူသည် သူ၏ အကြည့်ကို အခြားတစ်နေရာသို့ အလျင်အမြန် လွှဲဖယ်လိုက်လေသည်။

တုံလင်တော်ဝင်မိသားစု၏ သက်တော်စောင့် ဖြစ်လာခြင်းသည် သာမန်ကိစ္စ မဟုတ်ပေ။ ယွင်ဟွား ကြောင်တောင်တောင် ဖြစ်နေဆဲအချိန်မှာပင် လုပ်ကြံသူ အယောက်နှစ်ဆယ်ကျော်စလုံး တစ်ယောက်မျှ အသက်မရှင်ဘဲ သတ်ဖြတ်ခံလိုက်ရလေသည်။ ဧကရာဇ်ဝမ်ရွှမ်းက လက်ဝှေ့ယမ်းလိုက်ပြီး သူတို့အားလုံးသည် ယခင်မင်းဆက်မှ ကျန်ရစ်သူများဖြစ်သောကြောင့် အသက်မရှင်လည်း ကိစ္စမရှိကြောင်း ပြောလိုက်လေသည်။

လုပ်ကြံသူ သေဆုံးသွားသည်ကို မြင်သောအခါမှ တတိယမင်းသားသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားလေတော့သည်။ ယွင်ဟွားသည် သူ၏ ဝမ်းကွဲအစ်ကိုကို ကြောင်တောင်တောင် စိုက်ကြည့်နေသည်ကို မြင်သောအခါ သူက မနာလိုသောလေသံဖြင့် ပြောလိုက်လေသည်။

“ဆက်မကြည့်နဲ့တော့... သူ့မှာ ဘာတွေများ စိတ်ဝင်စားစရာ ကောင်းနေလို့လဲ... ငါက သူ့ထက် အများကြီး ပိုချောတာ သိသာနေတာပဲကို...”

All Chapters