အခန်း (၂၈၃-၂၈၄)
Vol. 29 Ch. 283-284
🫧 Chapter 283
ကင်မရာ ဆယ်ခု၊ စာမေးပွဲခန်း ဆယ်ခန်း၊ စာမေးပွဲဖြေဆိုသူ ဆယ်ယောက်။
ကြည့်ရှုသူများသည် မတူညီသော မြင်ကွင်းများကို မြင်တွေ့နေရ၏။
ဝိညာဉ်တမန်တော်များ၏ သက်သောင့်သက်သာ ရှိမှုနှင့် ကျောင်းသား ခြောက်ယောက်၏ ပြာယာခတ်နေမှုတို့က သိသာထင်ရှားသော ကွာခြားချက် ဖြစ်နေပေသည်။
စာမေးပွဲခန်းများကလည်း တစ်ခုထက်တစ်ခု ပို၍ ထူးဆန်းကာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းလှ၏။
မျက်စိပွင့်သွားသည့် တစ်ချိန်တည်းမှာပင် ကြည့်ရှုသူများမှာ လက်မောင်းပေါ်ရှိ ကြက်သီးမွေးညင်းများကို မနေနိုင်ဘဲ ပွတ်သပ်လိုက်မိကြသည်။
ဤနေရာက အလွန် ထူးဆန်းကြောက်မက်ဖွယ် ကောင်းလွန်းနေ၏။
မည်သည့်အရာက အကြောက်မက်ဖွယ် အကောင်းဆုံးနည်း။
ဤအချက်ကို နားမလည်နိုင်ခြင်းကသာ အကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်ပေသည်။
သူတို့ အရင်က သရဲတစ္ဆေများကို ကြောက်ရွံ့ခဲ့ခြင်းမှာလည်း ထိုသတ္တဝါများနှင့် ပတ်သက်၍ များစွာ နားလည်ထားခြင်း မရှိသောကြောင့် မဟုတ်ပါလော။
လူသားများ၏ အကြောက်တရား ဆိုသည်မှာ မသိနားမလည်မှုမှ မြစ်ဖျားခံလာခြင်းပင် ဖြစ်၏။
……
ကျန်းလင်သည် စာမေးပွဲကို ပထမဆုံး အဆုံးသတ်နိုင်ခဲ့သူ ဖြစ်သည်။
ဘာသာရပ်အားလုံး အမှတ်ပြည့် ရရှိသွားပြီးနောက် သူသည် အပြင်သို့ ကန်ထုတ်ခံလိုက်ရ၏။
လူ့လောကရှိ အဝေးပြေးလမ်းမကြီး၏ ကောင်းကင်ယံထက်၊ တစ္ဆေနယ်မြေ၏ ဝင်ပေါက်နေရာတွင်ပေါ်လာခဲ့ခြင်းဖြစ် သည်။
ကျန်းလင် "ထွက်လာပြီလား"
ကျန်းလင် ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်၏။
အောက်ဘက်တွင် သွားလာနေသော လမ်းသွားလမ်းလာများနှင့် မော်တော်ယာဉ်များ ရှိနေသည်။
အချို့သော ကားများသည် ဖြတ်သွားချိန်တွင် တမင်တကာ အရှိန်လျှော့သွားတတ်ကြ၏။
လမ်းထောင့်တွင်လည်း တစ်စုံတစ်ယောက်က ဤဘက်သို့ ခိုးကြည့်နေပြီး ဖုန်းတစ်လုံးကို ကိုင်ကာ တစ်ခုခုကို ပြောဆိုနေသေးသည်။
'ဒေါင် ဒေါင်' 'ဒေါင် ဒေါင်'
ခေါင်းလောင်းသံကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် ကျန်းလင် သည် သူ အပြင်သို့ ရောက်မလာသေးဘဲ အခြား 'အတန်း' တစ်ခုထဲသို့ ရောက်သွားသည်ဟုပင် ထင်မှတ်သွားခဲ့၏။
ထို့ကြောင့်သူသည် မလှမ်းမကမ်းရှိ ကျောင်းဝင်းလေးကို လှမ်းကြည့်လိုက်သည်။
ထိုအခါ သူမြင်လိုက်ရသည်မှာ အတန်းဆင်း ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် ကျောင်းတစ်ကျောင်းလုံး ဆူညံပွက်လောရိုက်သွားသောမြင်ကွင်းပင်။
တကျီကျီ တကျာကျာ စကားပြောဆိုသံများနှင့် ဘတ်စကက်ဘော ကွင်းထဲမှ ဘောလုံးပုတ်သံများလည်း ထွက်ပေါ်လာသည်။
ရုတ်တရက် ပြေးလာပြီး မေးခွန်းထုတ်မည့်သူ မရှိပါချေ။
ကျန်းလင် "ကြည့်ရတာ တကယ်ပဲ ထွက်လာနိုင်ခဲ့ပြီ ထင်တယ်"
ကျန်းလင် သည် သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်၏။
ဤကဲ့သို့သော အထူးအဆင့် တာဝန်ကို ပထမဆုံးအကြိမ် ပါဝင်လုပ်ဆောင်ဖူးခြင်း ဖြစ်သဖြင့် မှတ်မှတ်ရရ ဖြစ်သွားခဲ့ပေသည်။
ထို့အပြင် သူသည် သူ့ လက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ ကျောင်းဝင်းကို ထပ်မံကြည့်လိုက်ရာ မျက်လုံးထဲတွင် စဉ်းစားတွေးတောနေသည့် အရိပ်အယောင်များပေါ်လာ၏။
နှစ်ပေါင်းများစွာ ကြာပြီးနောက် စာမေးပွဲ ဖြေဆိုခြင်းနှင့် အတန်းတက်ခြင်းကို နောက်တစ်ကြိမ် ထပ်လုပ်ခဲ့ရပြန်ပြီလေ။
ကျန်းလင် "ဆရာတဲ့လား"
စောစောက ဘာသာရပ် အားလုံး အမှတ်ပြည့် ရရှိပြီး တစ္ဆေနယ်မြေမှ ကန်ထုတ်ခံလိုက်ရချိန်တွင် သူသည် မြင်ကွင်းအချို့ကို ခိုးကြည့်ခွင့်ရရှိခဲ့၏။
ဤတစ္ဆေနယ်မြေ အဘယ်ကြောင့် တည်ရှိနေရသနည်း၊ မည်သို့ ဖြိုခွင်းရမည်နည်း ဆိုသည်ကိုလည်း သူ သိရှိသွားခဲ့ပြီ ဖြစ်သည်။
သူ မြင်တွေ့ခဲ့ရသည်မှာ'စွဲလမ်းမှု' ပင် ဖြစ်၏။
…………
ကျောင်းနောက်ဖေး တံခါးဝတွင်
အနက်ရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် လူငယ်လေး တစ်ယောက်၏ နားရွက်ကို ဆွဲလိမ်ထား၏။
ထိုလူငယ်မှာ မျက်မှန်တပ်ထားပြီး ရုပ်ရည် သန့်ပြန့်ကာ အရပ်ရှည်ရှည်နှင့် ဖြစ်သည်။
၎င်းမှာအသက် သုံးဆယ်ခန့် အရွယ်ရှိပြီး တည်ငြိမ်ကာ အားကိုးရမည့် ပုံစံမျိုးပေါက်နေပေသည်။
သူသည် ကျန်းလင် ရရှိထားသော အချက်အလက်များထဲမှ တစ္ဆေနယ်မြေ ဖန်တီးရှင် ဝမ်မုပင်။
မိမိ၏အခြေအနေကို ဖုံးကွယ်ထားခဲ့သဖြင့် ဤတစ္ဆေနယ် မြေကို ဖြစ်ပေါ်လာစေခဲ့သူ ဖြစ်သည်။
နားရွက် ဆွဲလိမ်ခံထားရသော လူငယ်လေးမှာမူ ဖူကျဲပင် ဖြစ်တော့၏။
ဖူကျဲ "အာ့ အာ့ အာ့ ဝမ်ကြီး ခင်ဗျား ဘာလုပ်တာလဲ"
ဖူကျဲသည် ခြေဖျားထောက်ကာ ဆဲဆိုလိုက်သည်။
ဖူကျဲ "ခင်ဗျား တရားမလွန်လွန်းဘူးလား၊ လူတွေ ဒီလောက် အများကြီးကို ဘာလို့ ကျွန်တော့် တစ်ယောက်တည်းကိုပဲ ဖမ်းရတာလဲ"
ဝမ်မု သည် ထိုစကားကြောင့် ဒေါသထွက်လွန်း၍ ရယ်ပင် ရယ်ချင်သွားတော့၏။
ဝမ်မု "ဘာလို့ မင်းကို ဖမ်းရတာလဲ ဟုတ်လား မင်းက ဦးဆောင်ပြီး အတန်းလစ်တာ မဟုတ်ရင် သူတို့ အားလုံး အတန်းလစ်ကြပါ့မလား"
ဝမ်မု "မင်းက သူတို့ကို ခေါ်ထုတ်သွားခဲ့မှတော့ သူတို့ထက် ပိုပြီး တာဝန်ယူရမှာပေါ့"
ဖူကျဲ "တောက်၊ ခင်ဗျားက ကျွန်တော့်ကို ကြည့်မရလို့ တမင်သက်သက် အာ့ အာ့ အာ့"
ဝမ်မု သည် နားရွက်ကို ဆွဲလိမ်ထားသော လက်ကို ပိုအားထည့်လိုက်၏။
ဝမ်မု "ပြန်သွားရင် ဝန်ခံစာ ဆယ်စောင် ရေးခဲ့"
ဖူကျဲ "ဆယ်စောင် ဟုတ်လား သူတို့ အပိုင်းကိုပါ ဘာလို့ ကျွန်တော့် ခေါင်းပေါ် လာပုံချရတာလဲ"
ဝမ်မု "ဘာလို့လဲ ဟုတ်လား"
ဝမ်မု မျက်နှာတည်သွားပြီး လက်ကို လွှတ်ကာ အနောက်သို့ ပိုက်ထားလိုက်၏
သူ့ မျက်လုံးများက တင်းမာနေသည်။
ဝမ်မု "ဖူကျဲ၊ မင်းက အတန်းချိန်ကြားမှာ လူတစ်အုပ်ကို ခေါ်ပြီး ကျောင်းခြံစည်းရိုးကိုကျော်ခွထွက်တယ်၊ အင်တာနက်ဆိုင် သွားတယ်၊ ပြီးတော့ တခြားသူတွေနဲ့ရန်ဖြစ်သေးတယ်"
ဝမ်မု "ဒီတစ်ခါ ဘာမှမဖြစ်လို့ တော်သေးတယ်၊ တစ်ခုခုသာ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
ဝမ်မု "သူတို့ထဲက တစ်ယောက်ယောက်သာ ခြေကျိုးလက်ကျိုး ဖြစ်သွားရင် တစ်သက်လုံး ဒုက္ခရောက်ရတော့မှာ၊ မင်း ဘယ်လို တာဝန်ယူမလဲ မင်းရဲ့ကျောင်းလူမိုက် ဆိုတဲ့ နာမည်နဲ့ တာဝန်ယူမှာလား"
ဖူကျဲ ခဏမျှ ငြိမ်ကျသွားသော်လည်း မျက်နှာအမူအရာကတော့ မကျေနပ်သေးဘဲ ခေါင်းမာစွာ ပြန်ပြောလိုက်၏။
ဖူကျဲ "အခု ဘာမှ မဖြစ်ဘူး မဟုတ်လား သိပ်ပြီးတော့လည်း မရိုက်လိုက်ရပါဘူး၊ ပြီးတော့ ကျွန်တော့် အိမ်မှာ ပိုက်ဆံရှိတယ်"
ဝမ်မု သူ့ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။
ဝမ်မု "အရာအားလုံးကို ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတာ မဟုတ်ဘူး"
ပြောပြီးနောက် သူသည် ကျောင်းဝင်းထဲသို့ လှည့်ထွက်သွား၏။
ဝမ်မု "မနက်ဖြန် ဝန်ခံစာလာပေး"
အချို့သော ကိစ္စများကို ယခုအချိန်တွင် ဤကလေးများအား သဘောပေါက်အောင် မလုပ်နိုင်ခဲ့ပါက လူ့အဖွဲ့အစည်းထဲ ရောက်သွားချိန် သို့မဟုတ် ပြဿနာ တစ်ခုခု ဖြစ်လာချိန်တွင် လက်တွေ့ဘဝက သူတို့ကို သေချာပေါက် သင်ခန်းစာ ပေးလိမ့်မည် ဖြစ်၏။
သို့သော် ထိုအချိန်ရောက်မှဆိုလျှင်တော့ အလွန် နောက်ကျသွားပေလိမ့်မည်။
……
ဖူကျဲ ပါဝင်သော မြင်ကွင်း ပျောက်ကွယ်သွားပြီးနောက် ချက်ချင်းပင် မြင်ကွင်းသစ် တစ်ခု ပေါ်ထွက်လာပြန်၏။
"ဟားဟားဟား၊ မင်းက မိန်းကလေးလုပ်ရတာ ကြိုက်တယ် မဟုတ်လား၊ အစ်ကိုလို့ တစ်ခွန်းလောက် ခေါ်ပြစမ်းပါဦး"
"ဟုတ်တယ် ဟုတ်တယ်၊ နောက်တစ်ခါဆို စကတ်တိုတိုလေး ဝတ်လာခဲ့၊ မဟုတ်ရင် အိမ်ပြန်ခွင့် မပေးဘူး"
"အစ်ကို၊ သူက ဘရာစီယာရော ဝတ်ထားမလား မသိဘူးနော်၊ အခုခေတ်မှာ ဆီလီကွန် ရင်သားတွေ ဘာတွေတောင် ရှိနေပြီလို့ ကြားတယ် ဟီးဟီးဟီး"
"လာ လာ လာ၊ အစ်ကိုတို့ကို ပြစမ်းပါဦး"
လမ်းသွယ်လေးတစ်ခုထဲတွင် လူငယ် လေးငါးယောက်က ဝိုင်းဖွဲ့ကာ ရယ်မော နောက်ပြောင်နေကြ၏။
သူတို့ အလယ်တွင် ဝိုင်းရံခံထားရသူမှာ ဆံပင်ရှည်ရှည်နှင့် ယောကျာ်းလေး တစ်ယောက် ဖြစ်သည်။
ထိုယောကျာ်းလေးမှာ ရုပ်ရည် သန့်ပြန့်ပြီး နှာတံစင်းစင်းနှင့် ဖြစ်ကာ ရှည်လျားသော ဆံပင်များကြောင့် လိင်နှစ်မျိုးစလုံးနှင့် ဆင်တူသော အလှတရားမျိုး ရှိနေပေသည်။
"မရှက်ပါနဲ့ ဟားဟားဟား လာ ဒီကိုလာခဲ့စမ်း"
"မင်းတို့တွေ ဘာလုပ်နေကြတာလဲ"
ထိုလူငယ် အစုအဝေးက ချီယန် ကို ဆွဲယမ်းနေချိန်တွင် ဝမ်မု သည် လမ်းသွယ်လေးထိပ်၌ ရုတ်တရက် ပေါ်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
သူ၏ ဆံပင်များမှာ အနည်းငယ် ရှုပ်ပွနေပြီး အထဲသို့ ဝင်လာရင်း အင်္ကျီလက်စွန်းများကို ခေါက်တင်လိုက်သည်။
အမောတကော ဖြစ်နေပုံထောက်လျှင် တစ်နေရာရာမှ အပြေးအလွှား ရောက်လာခဲ့သည့် ပုံစံမျိုးပင်။
သူ့မျက်လုံးများကလည်း စူးရှပြတ်သားနေ၏။
ထို့နောက်ဝမ်မု ကပြောလိုက်သည်။
"စာသေချာ မလုပ်ဘဲနဲ့ ဒီမှာ ဘာတွေ လာလုပ်နေကြတာလဲ ငါနဲ့ ရဲစခန်းကို လိုက်ခဲ့ကြ"
ထိုအခါချီယန်ဘဘေးတွင် ဝိုင်းနေသော လူငယ်များသည် ချက်ချင်းလက်လွှတ်လိုက်ကြပြီး မျက်နှာပေါ်တွင် ထိတ်လန့်နေသော အရိပ်အယောင်များ ပေါ်လာတော့သည်။
"သွားမယ်၊ မြန်မြန် ပြေး"
……
မြင်ကွင်း တစ်ချက် ပြောင်းသွားပြန်၏။
ကျောင်းဆင်းပြီးနောက် မိန်းကလေးတစ်ယောက် ရုံးခန်းထဲသို့ ရောက်လာသည်။
မိန်းကလေး "ဆရာဝမ်၊ ကျွန်မကို ခေါ်လိုက်တာလားဟင်"
ဝမ်မု ထိုင်ခုံပေါ်တွင် ထိုင်နေရင်း နောက်သို့ လှည့်ကြည့်လိုက်၏။
ဝမ်မု "မင်းက ချီယန်ရဲ့ကိစ္စ တချို့ကို သိနေတာလား"
မိန်းကလေးသည် ပတ်ဝန်းကျင်ကို အလျင်အမြန် ကြည့်လိုက်ပြီး အခြား မည်သူမှမရှိကြောင်း သေချာမှသာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
မိန်းကလေး "ကျွန်မ၊ ကျွန်မလည်း သိပ်တော့ မသေချာပါဘူး သူက မိန်းကလေးဝတ်စုံ ဝတ်ရတာကို ကြိုက်တယ်လို့တော့ ကြားဖူးတယ်"
ဤနေရာသို့ ရောက်သောအခါ မိန်းကလေးသည် ရုတ်တရက် လက်သီးကို ဆုပ်လိုက်၏။
မိန်းကလေး "ဟိုလေ၊ ဆရာဝမ် ချီယန်ကို"
မိန်းကလေး "ဟိုတစ်ခေါက်က အိမ်သာဘက်မှာ ဒီကိစ္စကြောင့် လူတချို့က သူ့ကို ရိုက်အနိုင်ကျင့်နေကြတာကို ကျွန်မ ကြားခဲ့ရတယ်"
ဝမ်မု တိတ်ဆိတ်စွာ နားထောင်နေပြီးမှ မေးလိုက်၏။
ဝမ်မု "ဒါဆို မင်းရော ချီယန် အပေါ် ဘယ်လို မြင်လဲ"
မိန်းကလေး "ကျွန်မလား"
မိန်းကလေး ကြောင်အမ်းသွားပြီး မျက်နှာပေါ်တွင် တွေဝေနေသည့် အရိပ်အယောင်များ ပေါ်လာသည်။
မိန်းကလေး "တခြားသူတွေကတော့ ဒီလိုလုပ်တာ မကောင်းဘူးလို့ ပြောကြတာပဲ၊ ယောကျာ်းလေးက ယောကျာ်းလေး ပီသရမယ်လေ"
မိန်းကလေး "ယောကျာ်းလေးဆိုတာ ဖြစ်သင့်တာက"
သူမ ခေါင်းမော့လိုက်ချိန်တွင် ရေကန်တစ်ခုလို တည်ငြိမ်အေးချမ်းနေသော ဆရာ့မျက်လုံးများနှင့် ဆုံမိသွားရာ ရုတ်တရက် သွားကို ကြိတ်လိုက်မိတော့၏။
မိန်းကလေး "ဆရာ၊ ကျွန်မကတော့ သူ တော်တော်လေး အဆင်ပြေပါတယ်လို့ ထင်တယ်"
မိန်းကလေး "ရှေးခေတ်က လူတွေလည်း ဆံပင်ရှည်ထားကြတာပဲ မဟုတ်လား ဒေါက်မြင့်ဖိနပ်ကို စတင်တီထွင်တုန်းကလည်း ယောကျာ်းလေးတွေ ဝတ်ဖို့ ဖန်တီးခဲ့တာလို့ ကြားဖူးတယ်"
မိန်းကလေး "ပြီးတော့ ပြီးတော့ စကားတော့ သိပ်မပြောဖူးပေမယ့် သူက လူကောင်းတစ်ယောက်လို့ ကျွန်မ ခံစားမိတယ်"
'ပြီးတော့ ကြည့်လို့လည်း တော်တော်ကောင်းတယ်လေ'
ဝမ်မုသည် အရှေ့ရှိ မိန်းကလေးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ဝမ်မု "ငါ သိပါပြီ"
မိန်းကလေး "ဒါဆို ဆရာ၊ ကျွန်မ သွားတော့မယ်နော်"
ဝမ်မု "နေဦး"
မိန်းကလေး တံခါးဝမှ လှည့်ကြည့်လိုက်ချိန်တွင် ဆရာဝမ် ပြောလိုက်သော စကားကို ကြားလိုက်ရ၏။
ဝမ်မု "ကျေးဇူးပဲနော်"
'ချီယန် ကိုယ်စား ငါ မင်းကို ကျေးဇူးတင်ပါတယ်'
……
အခန်းထဲတွင်
လမ်းသွယ်လေးထဲမှ ထွက်လာပြီးနောက် ဝမ်မုသည် ချီယန် ကို သူ့ အိပ်ခန်းထဲသို့ ခေါ်လာခဲ့သည်။
ဒဏ်ရာများကို ဆေးထည့်ပေးနေစဉ် လူငယ်လေးသည် ဘာမှ မပြောဘဲ တိတ်ဆိတ်စွာကြည့်နေ၏။
သူသည်နာကျင်နေသော်လည်း သွားကိုသာ ကြိတ်ခံထားသည်။
ဆေးထည့်ပေးပြီးနောက် ဝမ်မု က စကားစလိုက်၏။
ဝမ်မု "နောက်ဆို ကျောင်းဆင်းရင် အလောတကြီးမပြန်နဲ့၊ ငါနဲ့ အတူတူ ပြန်ရအောင်"
ဝမ်မု "ကျောင်းထဲမှာ ပြဿနာ တစ်ခုခုရှိရင်လည်း ပထမဆုံး ဆရာ့ဆီကို လာရှာစေချင်တယ်"
သူသည် ချီယန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
ဝမ်မု "ဆရာ့တပည့် တစ်ကိုယ်လုံးဒဏ်ရာတွေနဲ့ အတန်းလာတက်တာကို ငါ မမြင်ချင်ဘူး"
ဝမ်မု "ပြီးတော့ မင်း ဒီကိစ္စတွေကြောင့် အာရုံနောက်ပြီး စာမလုပ်နိုင်ဘဲ ကိုယ့်အနာဂတ် ကိုယ်ဖျက်ဆီးမိမှာကိုလည်းမလို လားဘူး"
ဝမ်မုသည် သူ့အတွေးများကို ချီယန် ထံ အတတ်နိုင်ဆုံး လက်ဆင့်ကမ်းပေးနေ၏။
'ငါက မင်းရဲ့ ဆရာပဲ'
'ငါ မင်းကို ကူညီချင်တယ်'
'ငါ တတ်နိုင်သမျှ ကြိုးစားပြီး ကူညီပေးမယ်'
ချီယန့်တည်ငြိမ်နေသော မျက်လုံးများတွင် လှိုင်းဂယက်လေးများထသွားပြီး သူ့ ဆရာကို မော့ကြည့်လိုက်၏။
သူပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမျှ ထွက်မလာခဲ့ပါချေ။
'သူ မိန်းကလေး ဝတ်စုံ ဝတ်ရတာကို ကြိုက်တယ်'
"သူကိုယ်တိုင်လည်း ဒါ အမှန်လား အမှားလား ဆိုတာကို မသိဘူး'
'သူက သက်သက် ကြိုက်ရုံလေးပါ'
'ဒါပေမယ့် ဘာလို့များ မိန်းကလေးတွေက ယောကျာ်းလေး ဝတ်စုံ ဝတ်လို့ ရပြီး၊ ယောကျာ်းလေးတွေကကျတော့ မိန်းကလေး ဝတ်စုံ ဝတ်လို့ မရရတာလဲ'
'ယောကျာ်းလေးက မိန်းကလေး ဝတ်စုံ ဝတ်မိတာနဲ့ ဘာလို့ ဒီလို အဖြစ်မျိုး ကြုံရတာလဲ'
'သူ နားမလည်ပါဘူး'
လူငယ်လေး၏လက်ချောင်းများ ကွေးသွားပြီး တစ်စုံတစ်ရာကို ဖမ်းဆုပ်ချင်သည့်ဟန်ရှိသော်လည်း ခွန်အားမဲ့စွာဖြင့် ပြန်လည် ချထားလိုက်ရ၏။
ရုတ်တရက် သူ့ ပခုံးပေါ်သို့ လက်တစ်ဖက် ရောက်ရှိလာသည်။
ထို့နောက်ဝမ်မု သည် ချီယန့်ပခုံးကို ပုတ်ပေးလိုက်၏။
ဝမ်မု "စာကို သေချာ ကြိုးစားလုပ်ပါ၊ နောက်ဆို ဆရာ အမြဲ ရှိနေပေးပါ့မယ်"
'မင်းတို့တွေ နည်းနည်းပိုကြီးလာလို့ ကိုယ်ပိုင် အသိအမြင်တွေ ခိုင်မာလာတဲ့အခါ'
'တခြားသူတွေရဲ့ စကားတွေကြောင့် ကိုယ့်ရဲ့ တွေးခေါ်မှုတွေ လွယ်လွယ်နဲ့ ယိမ်းယိုင်သွားတော့မှာ မဟုတ်ဘူး'
'အမှားနဲ့ အမှန် ဆိုတာ တစ်ခါတလေကျရင် အဲဒီလောက်ကြီး အဖြူနဲ့အမည်း သဲသဲကွဲကွဲ မရှိတတ်ပါဘူး'
'ဥပဒေကို မချိုးဖောက်သရွေ့တော့ ကိစ္စတော်တော်များများက ကိုယ် ကြိုက်တဲ့ ပုံစံအတိုင်းသာ လုပ်သွားလိုက်ရင် ရပါတယ်'
ဝမ်မု "အနည်းဆုံးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတိုင်ခင်အထိ ငါ မင်းတို့ကို အချိန်အတိုင်းအတာ တစ်ခုထိ စောင့် ရှောက်ပေးနိုင်ပါသေးတယ်”
🫧 Chapter 284
မြင်ကွင်းများက ကျန်းလင် ၏ မျက်စိရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက် ဖြစ်နေ၏။
စည်းမျဉ်းစည်းကမ်း မရှိသကဲ့သို့ အချိန်အစီအစဉ်လည်း မရှိပါချေ။
နောက်ဆုံး မြင်ကွင်းမှာ ဝမ်မု သည် အိမ်ထဲမှနေ၍ တောင်ဘက်နန်းဆောင်မှ ပုံမှန်လာရောက် စစ်ဆေးသော ဝိညာဉ်တမန်တော်ကို မျက်စိတစ်ဆုံး လိုက်ပို့နေခြင်း ဖြစ်သည်။
ဝမ်မု "ဘာမှ မဖြစ်ပါဘူး၊ စိတ်ချပါ"
သူသည် ခန္ဓာကိုယ် အတွင်းမှ တန်ပြန်သက်ရောက်မှု ဒဏ်ကို အတင်းအကျပ် ဖိနှိပ်ထားပြီး သူ၏ အခြေအနေ အမှန်ကို ဖုံးကွယ်ထားခဲ့၏။
ထိုဝိညာဉ်တမန်တော် ထွက်သွားသည်နှင့် သူ့ ကျောပြင်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်သွားတော့သည်။
ဝမ်မု "မဖြစ်သေးဘူး၊ နည်းနည်းလောက် ထပ်စောင့်ဦးမယ်၊ နည်းနည်းလောက် ထပ်စောင့်ဦးမယ်" သူက တီးတိုး ရေရွတ်လိုက်၏။
'နီးနေပြီ'
'နီးနေပြီလေ'
မကြာခင်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီး ရောက်လာတော့မည်။
'သူ အခုချိန်မှာ လမ်းခုလတ်မှာတင် ပြုတ်ကျသွားလို့ မဖြစ်သေးဘူး'
'သူ အဲဒီကလေးတွေကို စာမေးပွဲခန်းထဲ ပို့ပေးရဦးမယ်၊ သူတို့ တက္ကသိုလ်ထဲ ဝင်သွားတာကို လိုက်ပို့ပေးရဦးမယ်'
'အနည်းဆုံးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတိုင်ခင်အထိ'
ဝမ်မုသည် ခြေလှမ်းများကို တရွတ်တိုက်ဆွဲကာ ခုံပေါ်တွင် ထိုင်ချလိုက်၏။
ဝမ်မု "ငါ့ကို အချိန်နည်းနည်းလောက် ထပ်ပေးပါ... အဲဒီအချိန်ကျရင် ငါ့ရဲ့ အခြေအနေကို ကိုယ်တိုင် သတင်းပို့ပါ့မယ်"
……
ထို့နောက်မြင်ကွင်းများမှာတဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ကျန်းလင်သည်လည်း တစ္ဆေနယ်မြေ အတွင်းမှ ထွက်လာခဲ့ပြီဖြစ်သည်။
ထိုမြင်ကွင်းများကို အများကြီးကြည့်ခဲ့ရသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် တစ်ခဏလေးသာ ကြာမြင့်ခဲ့ခြင်း ဖြစ်၏။
ကျန်းလင် ကျောင်းဝင်းလေးကို လှမ်းကြည့်လိုက်သည်။
ထိုမြင်ကွင်းများထဲတွင် သူ ဟန်စစ်စစ်ကိုလည်း တွေ့ခဲ့ရ၏။
တစ္ဆေနယ်မြေထဲတွင် ခြေလှမ်းတိုင်း ပိုက်ဆံတွေ ထွက်လာခဲ့သည့် ထိုမိန်းကလေး။
လက်တွေ့ဘဝတွင် မိသားစု၏ဝန်ထုပ်ဝန်ပိုး တစ်ခုလုံးကို ကြိုးစားပမ်းစား ထမ်းပိုးထားပြီး ကျောင်းထွက်ကာ အလုပ်ထွက်လုပ်ချင်နေသော အသက် ဆယ့်ရှစ်နှစ်ပင် မပြည့်သေးသည့် ဟန်စစ်စစ်။
"......"
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူ အများအပြားမှာလည်း အလွန် ရှားရှားပါးပါးပင် တိတ်ဆိတ်သွားကြပြီး ဖန်သားပြင်ကိုသာ ငြိမ်သက်စွာ ကြည့်နေကြတော့၏။
ကြည့်ရင်း ကြည့်ရင်းဖြင့် မျက်လုံးအစုံမှာ လည်းမျက်ရည်များဖြင့် ဝေဝါးလာတော့သည်။
[ဆရာတဲ့လား]
[ဘယ်လို သရဲမျိုးကများ ဒီလောက် ထူးဆန်းတဲ့တစ္ဆေနယ် မြေကြီးကို ဖန်တီးခဲ့တာလဲလို့ သူတို့ အမြဲ တွေးနေခဲ့ကြတာ]
[အထဲမှာ စာမေးပွဲမဖြေရင် အတန်းတက်ရတယ်]
[ဆွဲသွင်းခံရတဲ့ သူတွေကလည်း စာညံ့သူတွေချည်းပဲ၊ ပြန်ထွက်လာရင် ထူးချွန်ကျောင်းသားတွေ ဖြစ်သွားမှပဲ ရမယ်]
[ ဒီစည်းမျဉ်းတွေက အရမ်းကိုယုတ်မာလွန်းတယ်၊ ဒါ မကောင်းဆိုးဝါးများလားလို့တောင် ထင်ခဲ့မိတာ]
[ဒီလိုမျိုး ဖြစ်နေခဲ့တာကိုး]
'အတိအကျ ဘာတွေဖြစ်ခဲ့တယ် ဆိုတာကို မသိရပေမယ့် ဒီတစ္ဆေနယ်မြေ ပေါ်လာရတဲ့ အကြောင်းရင်းကိုတော့ သူတို့ အကြမ်းဖျင်း သိသွားကြပြီလေ'
'နေ့စဉ်ကြိုးစား သင်ယူရင် တိုးတက်မယ်'
သို့သော် လက်တွေ့တွင်တော့ ကလေးများ အားလုံးသည် စိတ်အေးချမ်းသာစွာဖြင့် စာသင်ယူနိုင်ကြသည် မဟုတ်ပါချေ။
ဆယ်ကျော်သက် အရွယ်များ၏ စိတ်ထဲတွင် အခြားသော အရာများက အမြဲတမ်း နေရာယူထားတတ်သည်။
လွယ်ကူစွာ ခံစားလွယ်သော စိတ်ထားများ၊ မိသားစု အခြေ အနေ ပြောင်းလဲမှုများ၊ ပုန်ကန်ချင်သော အပြုအမူများ စသည့်ပြဿနာများပေါ်ပေါက်လာချိန်တွင် လူတိုင်းကံကောင်း စွာဖြင့် မိုးကာပေးမည့် ထီးတစ်လက်ကို ရရှိနိုင်ကြသည် မဟုတ်ပါချေ။
ထိုမကောင်းသော အရာများကို သူတို့အတွက် ကာကွယ်ပေးမည့် သူ ရှိချင်မှ ရှိမည်။
'ဘယ်သူများ ငါ့ကို ကူညီပေးနိုင်မလဲ'
တစ်ခါတစ်ရံ သူတို့သည် အသံတိတ် အော်ဟစ်နေတတ်ကြ၏။
မည်သူမျှ မကြားသောကြောင့် အသံတိတ် အော်ဟစ်မှုများ အဖြစ် ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်သည်။
'ဘယ်သူများ ငါတို့ကို ကယ်တင်ပေးနိုင်မလဲ'
သူတို့၏ အတောင်ပံလေးများက အလွန်နုနယ်သေးသည်လေ။
မုန်တိုင်းကို တစ်ကိုယ်တည်း ရင်ဆိုင်နိုင်လောက်အောင် သူတို့ မသန်မာသေးပါချေ။
ဖန်သားပြင်ရှေ့တွင်
တစ်စုံတစ်ယောက်က မျက်မှန်ကို ချွတ်ကာ မျက်လုံးများကို ပွတ်သပ်လိုက်၏။
အချို့က စားပွဲပေါ်တွင် မှောက်ချလိုက်ပြီး အချို့ကမူ ဒူးခေါင်းပေါ် ခေါင်းတင်ကာ ငုတ်တုတ် ထိုင်ချလိုက်ကြသည်။
သူတို့၏ ပခုံးများမှာမူ အဆက်မပြတ် တုန်ယင်နေ၏။
ဤလူများထဲတွင် အသက် ဆယ့်ရှစ်နှစ်ပင် မပြည့်သေးသည့် နုနယ်သော လူငယ်လေးများ ပါဝင်သကဲ့သို့ လုပ်ငန်းခွင်သို့ ဝင်ရောက်ကာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေကြပြီ ဖြစ်သော လူကြီးများလည်း ပါဝင်ပေသည်။
သို့သော် ယခုအချိန်ပဲဖြစ်ဖြစ်၊ အတိတ်မှာပဲဖြစ်ဖြစ် အချို့သော အတွေ့အကြုံများ၊ အချို့သော မှတ်ဉာဏ်များကို ဘယ်တော့မှ ဖျောက်ဖျက်ပစ်၍ မရနိုင်ပါချေ။
သူတို့၏ဦးနှောက်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီ ဖြစ်၏။
[ကျွန်တော် ကျွန်တော့်အဖေက အမြဲတမ်း အိမ်တွင်းအကြမ်းဖက်တတ်တယ်၊ ဒါကြောင့် ကျွန်တော့်မှာ အမြဲတမ်း ဒဏ်ရာတွေနဲ့ပဲ ကျောင်းထဲမှာ လူတော်တော်များများက ကျွန်တော့်အကြောင်း ကောလာဟလတွေ လျှောက်ပြောနေကြတယ်]
[ကျွန်မလည်း သူငယ်ချင်းတွေ ထားချင်တာပေါ့၊ နေ့တိုင်း ကျောင်းကို ပျော်ပျော်ရွှင်ရွှင် သွားချင်တာပေါ့၊ ကျွန်မလည်း ဒီလိုမျိုး မဖြစ်ချင်ပါဘူး]
ကွန်မန့်နေရာတွင် တဖြည်းဖြည်းချင်း ကြည့်ရှုသူအချို့က မိမိတို့၏အခြေအနေများကို စတင် ဖွင့်ဟလာကြတော့၏။
'ရင်ဖွင့်ချင်တာလား၊ အကူအညီ တောင်းချင်တာလား'သူတို့ကိုယ်တိုင်လည်း မသိကြပါချေ။
[ချင်းယန်မြို့၊ ဖေးရွှေကျောင်း၊ အလယ်တန်း ပထမနှစ်၊ အခန်း * မှာ အကြမ်းဖက်မှုတွေ ရှိနေတယ်၊ ဘယ်သူများ သွားပြီး သူ့ကို ကူညီပေးနိုင်မလဲ၊ ကျွန်တော်က အရမ်း အားနည်းလွန်းလို့ ဘာမှမလုပ်ပေးနိုင်ဘူး]
[ကျွန်တော်လည်း အရင်က အမှားတွေ လုပ်ခဲ့ဖူးတယ်၊ အဲဒီအချိန်ရောက်မှပဲ အရာတော်တော်များများကို ပြန်လည်ကု စားလို့ မရနိုင်တော့ဘူး ဆိုတာ သိခဲ့ရတယ်]
[အိမ်မှာ ပိုက်ဆံမရှိတော့ဘူး၊ အမေက ကင်ဆာဖြစ်နေတယ်၊ အဖေက နေ့တိုင်း မိုးမလင်းခင်ကတည်းက ဆေးဖိုးရှာဖို့ အလုပ်ထွက်လုပ်နေရတယ်၊ ကျွန်မ၊ ကျွန်မ]
[ကျွန်မလည်း အရမ်းကို ကူညီပေးချင်ပါတယ်၊ ဒါပေမယ့် ကျွန်မက အရမ်း ငယ်လွန်းသေးတယ်။ ဒီမိသားစုအတွက်၊ အမေ့အတွက် ကျွန်မ ဘာတွေ လုပ်ပေးနိုင်မလဲ Streamer ရယ်၊ ကျွန်မ အသက်ကို ပေးရမယ် ဆိုရင်တောင်မှ ရပါတယ်၊ နည်းလမ်းလေးများ ရှိမလားဟင်]
……
ဤတိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင်
သောင်းနှင့်ချီသော လူများ၊ နယ်ပယ်အသီးသီးမှ အာဏာနှင့် ငွေကြေးအင်အား ရှိသူများ ကြည့်ရှုနေသော ဤတိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင်...
ယခု အခိုက်အတန့်လေး၌ လက်တွေ့ဘဝတွင် တည်ရှိနေသော၊ ထုတ်မပြောရဲသော၊ ရင်ဖွင့်စရာ နေရာမရှိသော ပြဿနာအများအပြားကို ကြည့်ရှုသူများက တစ်ခုပြီးတစ်ခု ဖွင့်ဟလာကြတော့၏။
ထို့အပြင် လူအများအပြားကို သူတို့ ပုံမှန် မမြင်တွေ့နိုင်သော ပြဿနာ အမျိုးမျိုးကိုလည်း မြင်တွေ့ခွင့်ရရှိစေခဲ့သည်။
……
"သူ့ရဲ့ မူလ ရည်ရွယ်ချက်က ကောင်းခဲ့ပေမယ့် အခုလို အခြေအနေမျိုး ရောက်သွားရင်တော့ အဆိုးဘက်ကိုပြောင်း လဲသွားနိုင်တယ်"
ကျန်းလင် သည် တစ္ဆေနယ်မြေ ဝင်ပေါက်တွင် ရပ်ကာ တီးတိုးပြောလိုက်၏။
ဝမ်မုသည် အစပိုင်းက ထိုကျောင်းသားများကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်လောက်ပါချေ။
သို့သော် တစ္ဆေနယ်မြေဖြစ်သွားပြီးနောက် အရာအားလုံးသည် ထိန်းချုပ်၍ မရနိုင်သော အနေအထားသို့ ရောက်ရှိသွားမည် ဖြစ်၏။
သို့သော် ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ ကွန်မန့်နေရာကို တစ်ချက် ကြည့်လိုက်သည်။
သို့သော် ဝမ်မု ဆက်လက် လုပ်ဆောင်ချင်ခဲ့သော်လည်း အချိန်မမီလိုက်တော့သည့် ထိုကိစ္စရပ်များကိုတော့ တစ်စုံ တစ်ယောက်က လွှဲပြောင်းယူကာ ဆက်လက်လုပ်ဆောင်ပေးသွားလောက်ပေသည်။
တစ်ခါတစ်ရံ ကျန်းလင်လည်း တွေးမိတတ်၏။
'တိုက်ရိုက်ထုတ်လွှင့်မှု စနစ်တည်ရှိနေတာက ငရဲပြည်ရဲ့ ယဉ်ကျေးမှုတွေကို ဖြန့်ဝေပေးဖို့တင် မကဘဲ လူ့လောကက အရာတချို့ကိုပါ ပြောင်းလဲပစ်ဖို့ ရည်ရွယ်ထားတာများလား'
သို့သော် ဤကိစ္စရပ်များကို သူ စိတ်ထဲမှ တွေးကြည့်ရုံသာ ရှိသည်။
စနစ်ကလည်း သူ့ကို အဖြေပေးမည် မဟုတ်ပါချေ။
ကျန်းလင် "စွဲလမ်းမှုကို သိရပြီဆိုတော့ ဖြိုခွင်းဖို့က ပိုလွယ်သွားပြီ"
ကျန်းလင် အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး တစ္ဆေနယ်မြေ အတွင်းသို့ ပြန်ဝင်သွားတော့၏။
တစ္ဆေနယ်မြေကို အမြန် မအဆုံးသတ်ပါက ၎င်းသည်ဆက် လက် ကြီးထွားလာပြီး နောက်ထပ် ကျောင်းသားများကို ထပ်မံ ဆွဲသွင်းနေဦးမည် ဖြစ်သည်။
……
"ဒုက္ခပဲ၊ မြန်မြန် ပြေး"
"မလာနဲ့လို့ ငါ ကြောက်ပါတယ်ဆိုမှ"
ကျန်းလင် တစ္ဆေနယ်မြေ အတွင်းသို့ ထပ်မံ ဝင်ရောက်လာပြီး ရှင်းယာ တို့ကို ရှာတွေ့သွားချိန်တွင် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့လိုက်ရခြင်း ဖြစ်၏。
ရှင်းယာ နှင့် စာပေပညာရှင် ဝိညာဉ်တမန်တော်တို့က အမိုးအောက်တွင် တည်ငြိမ်စွာရပ်နေကြသော်လည်း လူသန်ကြီးနှင့် ကျောင်းသား ခြောက်ယောက်မှာမူ အရပ်မျက်နှာ အနှံ့သို့ ရူးသွပ်စွာ ပြေးလွှားနေကြသည်။
သူတို့ကိုလေ့ကျင့်ခန်း စာရွက်များနှင့် စာမေးပွဲ စက္ကူများက သူတို့နောက်မှ ကောင်းကင်ယံ အနှံ့ လိုက်လံ ဖမ်းဆီးနေကြ၏။
ကျန်းလင် ရောက်လာချိန်တွင် ကျောင်းသား တစ်ယောက်မှာ သူ၏ ခြေထောက်နှင့် သူ ပြန်လည်ကာ ခလုတ်တိုက် လဲကျသွားသည်ကို အတိအကျ မြင်တွေ့လိုက်ရသည်။
ထိုအခါ လေ့ကျင့်ခန်း စာရွက် တစ်ရွက်က ချက်ချင်း ပျံသန်းလာပြီး သူ့ကျောပေါ်သို့ ကပ်သွားတော့၏။
"အား "
ထိုကျောင်းသားက လန့်ဖျပ်အော်ဟစ်လိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
နောက်တစ်စက္ကန့်တွင်
ထိုလေ့ကျင့်ခန်း စာရွက်သည် ၅ နှစ်စာ တက္ကသိုလ်ဝင်တန်း မေးခွန်းဟောင်းများနှင့် ၃ နှစ်စာ လေ့ကျင့်ခန်း စာအုပ်ကြီး တစ်အုပ်အဖြစ် ပြောင်းလဲသွားတော့၏။
ထို့နောက် ထိုကျောင်းသားမှာ ငိုယိုရင်း အလျင်အမြန် ကုန်းထကာ မေးခွန်းဖြေဆိုသည့် မုဒ်သို့ ဝင်ရောက်သွားသည်ကို ကျန်းလင် မြင်တွေ့လိုက်ရသည်။
တစ်ဖက်မှ မေးခွန်းဖြေရင်း၊ တစ်ဖက်မှလည်း ငိုယိုနေ၏။
ငိုယိုနေရင်း တစ်ဖက်မှလည်း သလိပ်တက်သံများ ထွက်ပေါ်နေသည်။
"ငါ မလုပ်တတ်ဘူးလို့ ဟင့် ဘာလို့ မေးခွန်းတွေက ဒီလောက်တောင် များနေရတာလဲ ဟီး ဟီး ဟီး ဟင့်"
"......"
ကျန်းလင်သည် ထို ၅ နှစ်စာ မေးခွန်းဟောင်း စာအုပ်ကြီး၏ အထူကိုတစ်ချက် ကြည့်လိုက်ပြီး ခဏလေးနှင့်တော့ ပြီးနိုင်မည် မဟုတ်ကြောင်း ခန့်မှန်းလိုက်မိ၏။
ဘေးနားတွင် တစ်ယောက် ခံရသွားပြီ ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ကျန်ရှိသော ကျောင်းသား ၅ ယောက်မှာ ပိုလို့ပင် မြန်ဆန်စွာ ပြေးလွှားကြတော့သည်။
"မြင်းများက လေကဲ့သို့မြန်ဆန်စွာ ပြေးလွှားနေသည်၊ လေး ပစ်သံများက မိုးကြိုးကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်းနေသည်၊ ရှင်းချီကျိ "
"အရှိန်မြှင့်ခြင်း "
သူတို့သည်ပညာရပ်၏ စွမ်းအားကို ဤအခိုက်အတန့်တွင် သူတို့က အစွမ်းကုန် အသုံးချနေကြ၏။
အနောက်တွင်မူ ကောင်းကင်ယံ အနှံ့ ပျံသန်းကာ လိုက်လံ ဖမ်းဆီးနေသော လေ့ကျင့်ခန်းများနှင့် စာမေးပွဲ စက္ကူများ ရှိနေသည်။
အမီခံလိုက်ရသူတိုင်း မေးခွန်းဖြေဆိုသည့် မုဒ်သို့အတင်း အကျပ် ဝင်ရောက်ရမည် ဖြစ်၏။
ထိုအခါ ကျန်းလင် သည် ရှင်းယာတို့ အနီးသို့ လျှောက်သွားလိုက်ပြီး ဝင်ရောက် မကူညီသေးဘဲ မေးလိုက်သည်။
ကျန်းလင် "ဒါကရော ဘာစည်းမျဉ်းလဲ”