← Chapters

အခန်း (၂၈၉-၂၉၀)

Vol. 29 Ch. 289-290

အခန်း (၂၈၉-၂၉၀)

Vol. 29 Ch. 289-290

🫧 Chapter 289

ဖူကျဲ သတိရလာချိန်တွင် တစ်ကိုယ်လုံး ပျော့ခွေနေသည်ဟု ခံစားလိုက်ရ၏။

ခေါင်းကလည်း အနည်းငယ် မူးဝေနေပြီး အလွန် လေးလံနေသည်။

၎င်းမှာရှည်လျားလှသော အိပ်မက်ဆိုးကြီး တစ်ခုကို မက်ခဲ့ရသကဲ့သို့ပင်။

သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး စောင်ကို ဖယ်ကာ ထိုင်လိုက်၏။

သို့သော် လက်ကို ရွှေ့လိုက်သည်နှင့် ပုလင်းချိတ်ထားသော ပိုက်ကို သွားငြိမိတော့သည်။

ဖူကျဲ "ငါ နေမကောင်းလို့လား"

ဤနေရာမှာ သူ့အိမ် မဟုတ်မှန်း သေချာလှပေသည်။

ခုတင်ခေါင်းရင်းတွင်လည်း သူ့လူနာနံပါတ်နှင့် နာမည်ကို ချိတ်ဆွဲထား၏။

'သူ မှတ်မိသလောက်တော့ သူက ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန်မှာ ကျောင်းကနေ ခိုးထွက်ဖို့ ပြင်နေတာလေ'

' ဘယ်လိုလုပ်ပြီး ဆေးရုံ ရောက်လာရတာလဲ'

သူ ကျောင်းရိုးကို ကျော်ခွနေတုန်း တစ်ခုခုများ ဖြစ်သွားခဲ့တာလား

ထိုအချိန်မှာပင် လူနာခန်း တံခါးပွင့်လာကာ ရုံးဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဝင်လာသည်။

သူမက ဆံပင်ရှည်များကို စည်းနှောင်ထားပြီး မျက်မှန် တပ်ထား၏။

စကတ်မှာ ဒူးခေါင်းအထက် လက်သီးဆုပ် တစ်ဆုပ်စာခန့် အကွာတွင် ရှိပြီး ခြေထောက်တွင် အနက်ရောင် ဒေါက်ထူ ဖိနပ်ကို စီးထားသည်။

ကြည့်ရသည်မှာ အလုပ်တွင် ကျွမ်းကျင်လိမ္မာသော ပုံစံမျိုး ပေါက်နေပေ၏။

ထိုအမျိုးသမီး "နိုးပြီလား"

ဤလူကို ဖူကျဲ သိသည်။

' သူ့အဖေ ကုမ္ပဏီက လက်ထောက်လား ဘာလားတော့ မသိ၊ ဘာပဲဖြစ်ဖြစ် သူ့အိမ်ကိုအလုပ်အကျွေးပြုနေတဲ့ သူတစ်ယောက်ပါပဲ'

ဖူကျဲ "ခင်ဗျားက ဒီကို ဘာလာလုပ်တာလဲ ကျွန်တော့်အဖေရော"

ဖူကျဲ လေသံမှာ သိပ်မကောင်းလှပါချေ။

ခန္ဓာကိုယ်မှ မသက်မသာဖြစ်နေမှုများက သူ့ကို အလွန် ဒေါသထွက်စေသည်။

အမျိုးသမီး လက်ထောက်က မျက်မှန်ကို ပင့်တင်လိုက်ပြီး ပြောလိုက်သည်။

"မင်း သတိလစ်နေတာ ဆယ်ရက်လောက် ရှိပြီ ဒါပေမယ့် ဆေးရုံက ဘာရောဂါမှန်း ရှာမတွေ့ဘူး သူဌေးက ငါ့ကို နေ့တိုင်း လာကြည့်ခိုင်းထားလို့ပါ"

ထိုအခါဖူကျဲ ရင်ထဲမှ ဒေါသ မီးတောက်များက ဟုန်းကနဲ တောက်လောင်လာတော့သည်။

ထို့နောက်သူသည် လက်ကို မြှောက်ကာ ခုတင်ဘေး စားပွဲပေါ်ရှိ ဘာမှန်းမသိသော ပစ္စည်းတစ်ခုကို ကောက်ယူပြီး ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။

ဖူကျဲ "ခင်ဗျားက ဘယ်သူမို့လို့လဲ ဘယ်သူက ခင်ဗျားကို လာကြည့်ခိုင်းလို့လဲ ကျွန်တော့်အဖေ ဘယ်မှာလဲ"

အမျိုးသမီး လက်ထောက်သည် ခြေရင်းသို့ကျလာသော ပလတ်စတစ် ခွက်ကိုကြည့်လိုက်၏။

သူ့ထံမှ ဤကဲ့သို့ တုံ့ပြန်မှုမျိုး လာမည်ကို သူမ ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်ပုံရသည်။

အမျိုးသမီး "သူဌေးက အရင်ရက်တွေတုန်းက နှစ်ခေါက် လာကြည့်သွားသေးတယ် သူဌေးကတော်လည်း လာတယ်"

သူမ စကားမဆုံးသေးခင်မှာပင် လူငယ်လေး၏ စူးရဲသော အကြည့်နှင့် ဆုံလိုက်ရသဖြင့် ပါးစပ်မှ စကားများ ရုတ်တ ရက် ရပ်တန့်သွားတော့၏။

"ငါ့အိမ်ရဲ့ အိမ်ထောင်စုစာရင်းထဲမှာ ငါရယ်၊ ငါ့အဖေရယ် နှစ်ယောက်ပဲ ရှိတယ်" ဟု ဖူကျဲ အေးစက်စွာပြောလိုက်သည်။

အမျိုးသမီး လက်ထောက်က တံတွေး တစ်ချက် မြိုချလိုက်ပြီး "ငါ သိပါပြီ" ဟုပြန်ဖြေလိုက်သည်။

ဖူကျဲ "ဆရာဝန်ကို လာစစ်ခိုင်းဖို့ မသွားသေးဘူးလား"

အမျိုးသမီး "အခု သွားလိုက်ပါ့မယ်"

ထို့နောက် သူမသည် ဒေါက် ဖိနပ်သံများက တဒေါက်ဒေါက်ဖြင့် အပြေးအလွှား ထွက်သွားတော့သည်။

ဖူကျဲ ခုတင်ပေါ်တွင် ထိုင်လျက် ခုတင်ဘေး စားပွဲပေါ်ရှိ ဖုန်းကို ကြည့်ကာ ဤနေရာမှ ချက်ချင်း ထွက်သွားချင်စိတ်များ ပေါက်လာသည်။

သို့သော်လည်း ဒီအတိုင်း ထွက်သွားလိုက်ရင် အသက်ရှင်ချင်စိတ် အရမ်းနည်းလွန်းနေမလားလို့ စိတ်ထဲမှာ တိုးတိုးလေး တွေးမိနေပြန်၏။

……

အမျိုးမျိုး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်၊ ဖူကျဲသည် ဆေးရုံတွင် ဆက်လက် အကဲခတ်ရန် ငြင်းဆန်ကာ ဆေးရုံမှ ဆင်းလာခဲ့သည်။

အမျိုးသမီး လက်ထောက်သည်လည်း သူဌေးထံအစီရင်ခံစာ ပို့ရင်း တစ်ဖက်မှလည်း ကမန်းကတန်း လိုက်ပါလာ၏။

အမျိုးသမီး "မင်းကို အိမ်ပြန်ပို့ပေးရမလား"

ဖူကျဲ သူမ ဖုန်းကို တစ်ချက် ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ရုတ်တရက် သူ့ဦးနှောက်ထဲတွင် ချို့ယွင်းသွားသကဲ့သို့ စာကို အပူတပြင်း သင်ယူချင်စိတ်များ ပေါ်ပေါက်လာတော့၏။

ဖူကျဲ "ငါ ကျောင်းသွားမယ်"

"ဟင်"

အမျိုးသမီးလက်ထောက်သည် ကားမောင်းသူ နေရာမှ နောက်သို့ လှည့်ကြည့်လိုက်၏။

သူမ နားများမှားကြားမိသလားဟုပင် သံသယဝင်သွားသည်။

သို့သော် နောက်ခန်းမှ လူငယ်လေးမှာမူ သူမကို ရှင်းပြခြင်း မရှိဘဲ မျက်လုံးများကို အေးစက်စွာ မှိတ်ထားလိုက်၏။

ထို့နောက်ဆေးရုံနှင့် ကျောင်းမှာ သိပ်မဝေးလှသဖြင့် ဆယ်မိနစ် ကျော်ကျော်လောက်ဖြင့် ရောက်ရှိသွားတော့သည်။

အမျိုးသမီး လက်ထောက်သည် မျက်မှန်ကို ပင့်တင်လိုက်ပြီး ကားပြတင်းပေါက်မှ ခေါင်းပြူကာ ပြောလိုက်၏။

"ကျောင်းဆင်းရင် ငါ လာကြိုမယ်နော်"

"......"

သို့သော် ဖူကျဲ ပြန်မဖြေပဲ ကျောင်းထဲသို့သာ ဝင်လာပြီး သူ့စာသင်ခန်းဆီသို့ လျှောက်လာခဲ့သည်။

ထို အပူတပြင်း စာသင်ယူချင်သော စိတ်ဆန္ဒမှာ သူ အတန်းထဲ ဝင်ပြီး သူ့ ခုံတွင် ထိုင်လိုက်သည်အထိ ဆက်လက် တည်ရှိနေဆဲ ဖြစ်၏။

သို့သော် စားပွဲပေါ်တွင် တောင်လို ပုံနေသော ပြဋ္ဌာန်းစာအုပ်များကို မြင်လိုက်ရချိန်တွင်မူ စာမလုပ်ချင်သော စိတ်များက ဒီရေအလား တိုးဝင်လာပြီး အခြားသော အတွေးများ အားလုံးကို ဖုံးလွှမ်းသွားတော့သည်။

'လခွမ်း'

'စာလုပ်ချင်တယ်ဆိုတာ တကယ်ပဲ ဦးနှောက် ထိခိုက်သွားလို့ ဖြစ်လာတဲ့ ထင်ယောင်ထင်မှား ဖြစ်မှုပဲ'

ဖူကျဲ မတ်တတ်ရပ်ကာ ထွက်သွားရန် ပြင်လိုက်စဉ် တံခါးဝမှ အင်္ဂလိပ်စာ ဆရာ ဝင်လာသည်ကို တွေ့လိုက်ရ၏။

သို့သော်ဖူကျဲကို မြင်သောအခါ ဆရာ့၏မျက်လုံးများက အရောင်လက်သွားကာ "ဖူကျဲ ပြန်လာပြီလား၊ စာကို သေချာ ကြိုးစားလုပ်နော်၊ နားမလည်တာ ရှိရင် အချိန်မရွေး ဆရာ့ဆီ လာမေးလို့ ရတယ်" ဟုပြောလိုက်တော့သည်။

ဖူကျဲ "...."

'ဘယ်သူက စာလုပ်ချင်လို့လဲ ဘယ်သူက ခင်ဗျားဆီ လာမေးမှာလဲ'

'ဒီအဘိုးကြီးက ဘာလို့ ရုတ်တရက်ကြီး သဘောတွေ ကောင်းနေရတာလဲ'

'အရင်တုန်းကဆိုရင် ဒီလူကြီးက သူ့ကို ရုံးခန်းထဲ ခေါ်ပြီး ဆူတာ အများဆုံးပဲလေ'

'ဒီအဘိုးကြီးကလွဲရင် အရင်က သူ့ကို အများဆုံး ဆူတာ ဝမ်ကြီးပဲ'

'ဟမ် ဝမ်ကြီး'

ဖူကျဲ သူ့နေရာတွင် ပြန်ထိုင်ကာတွေးလိုက်မိ၏။

'အဲဒီလူက အလုပ်လာတဲ့ လမ်းမှာ ဆုံးသွားတယ်လို့ကြားတယ်'

'အဲဒါကြောင့်မို့လို့ ဆရာရေ၊ ပိုက်ဆံက တကယ်ကို အသုံးဝင်တယ်ဆိုတာ ဆရာ မြင်တယ် မဟုတ်လား'

'ပိုက်ဆံသာ ရှိရင် ဘယ်သူက အချိန်ပိုတွေ ဆင်းပြီး သေမတတ် အလုပ်လုပ်နေမှာလဲ'

'ပိုက်ဆံက အရာအားလုံးကို မဖြေရှင်းနိုင်ဘူး ဆိုတဲ့ စကားကို ပြောတဲ့သူတွေက ပိုက်ဆံရှိတဲ့ သူတွေရဲ့ ဘဝကို လုံးဝ စိတ်ကူးမယဉ်နိုင်လို့ နေမှာပေါ့'

"ကဲ စာမျက်နှာ ၃၅ ကို လှန်လိုက်ကြ၊ ဒီနေရာကို ကြည့်"

စင်မြင့်ထက်တွင် အင်္ဂလိပ်စာ ဆရာက စာစသင်နေပြီ ဖြစ်၏။

ရင်းနှီးနေသော စာသင်ခန်း၊ ရင်းနှီးနေသော အတန်းချိန်များကို ကြည့်ရင်း ဖူကျဲ စိတ်အာရုံများမှာ အနည်းငယ် ဝေဝါးသွားပြီး ပြတင်းပေါက် အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ဒီနေ့ ရာသီဥတုက တော်တော် သာယာတာပဲ။

"ဒေါင် ဒေါင် ဒေါင် ဒေါင်"

'ဘုန်း'

အတန်းဆင်း ခေါင်းလောင်းသံ မြည်လာသည့် အခိုက်အတန့်တွင် ဖူကျဲ ဦးနှောက်ထဲရှိ သတိပေး ခေါင်းလောင်းသံများလည်း အပြင်းအထန် မြည်ဟည်းလာပြီး သူသည် မတ်တတ် ရုတ်တရက် ထရပ်လိုက်တော့သည်။

ဤအခိုက်အတန့်တွင် စင်မြင့်ထက်မှ အသိပညာများကို ရှင်းပြနေသော အင်္ဂလိပ်စာဆရာက လှမ်းကြည့်လာ၏။

ပတ်ဝန်းကျင်ရှိ စာသင်နေသူ၊ ငေးမောနေသူ ကျောင်းသားများ အားလုံးကလည်း တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြသည်။

ဤမြင်ကွင်းကို မြင်သောအခါ ဖူကျဲ၏ သူငယ်အိမ်များ ကျုံ့သွားပြီး ဤနေရာမှ ထွက်ပြေးရန် အလိုအလျောက် တုံ့ပြန်မှုများ ဖြစ်ပေါ်လာတော့သည်။

"ကဲ ဒီနေ့တော့ ဒီလောက်ပါပဲ"

ထိုအခါ နောက်ထပ် အနည်းငယ် ထပ်ရှင်းပြချင်နေသေးသော အင်္ဂလိပ်စာဆရာသည် မြေဖြူကိုချကာ သူ၏ စာအုပ်ကို ယူပြီး အတန်းထဲမှ ထွက်သွားတော့၏။

မထွက်သွားမီ ဖူကျဲကို နားမလည်သည်များ ရှိပါက အချိန်မရွေး လာရောက် မေးမြန်းရန် ထပ်မံ မှာကြားသွားသေးသည်။

ဖူကျဲ "......"

'စာသင်ယူတယ် ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ၊ ဒီတစ်သက် စာသင်ယူစရာ မလိုတော့ပါဘူး'

'သူ့အိမ်မှာ ပိုက်ဆံရှိတယ်လေ'

'အဲဒီ အဆင့် ၁ ရတဲ့ သူတွေ စာသင်ပြီးသွားရင် သူတို့ဆီမှာ အလုပ်လုပ်ဖို့ တိုက်ရိုက် ငှားလိုက်ရုံပဲ'

……

စာသင်ခန်းထဲမှ ထွက်လာပြီးနောက် ဖူကျဲ၏ စိတ်ထင်၍လားတော့မသိပေ။

ပတ်ဝန်းကျင်က လူများက သူ့ကို ကြည့်နေသည့်အကြည့်များက နည်းနည်း ထူးဆန်းနေသလိုပင်၊ သိချင်နေသလိုလိုမျောက်ကို ကြည့်နေသလိုလိုနှင့် ခံစားလိုက်ရသည်။

"ဘာကြည့်တာလဲ"

ဖူကျဲ ထိုလူများကို မျက်စောင်းထိုးလိုက်ပြီး "ရူးနေကြလား"ဟုမေးလိုက်သည်။

'ကျောင်းမလာတာ ဆယ်ရက်လောက်ပဲ ရှိသေးတာကို၊ ဘာများ အဆန်းလုပ်နေစရာ ရှိလို့လဲ'

သူသည် ထိုလူများကို သည်းမခံနိုင်တော့သဖြင့် အိမ်သာဘက်သို့ တိုက်ရိုက် လျှောက်သွားလိုက်၏။

ထို့နောက် 'ဘယ်အချိန်လောက် ကျောင်းခြံစည်းရိုးကျော်ပြီး ထွက်ပြေးရမလဲ'ဟုသာ စိတ်ထဲက တွေးနေမိသည်။

'မလုပ်သေးပါဘူး၊ သူ အခုမှ ဆေးရုံက ဆင်းလာတာ၊ ခွင့်စာတိုင်ပြီး တိုက်ရိုက် ပြန်သွားလို့ ရနိုင်တယ်'

'ဝမ်ကြီး ရှိနေရင်တောင် ငြင်းစရာ အကြောင်းပြချက် မရှိပါဘူး'

'ဘာလို့လဲဆိုတော့ သူက တကယ်ပဲ ဆေးရုံ ဆယ်ရက်ကျော် တက်ခဲ့ရတာကိုး'

အိမ်သာ အခန်းလေး၏ တံခါးဝတွင် ရပ်လိုက်ပြီး ခွင့်စာတိုင်ရန် ပြန်လှည့်ထွက်တော့မည့် အချိန်တွင် ဖူကျဲခြေလှမ်းများ ရပ်တန့်သွားသည်။

"မင်းက မိန်းကလေး ဝတ်စုံဝတ်ရတာကို ကြိုက်တာကိုး၊ ငါ အခုမှ သိတော့တယ်"

"ဒီကောင် အရင်က ငါ့ဘက်ကို ခဏခဏလှမ်းကြည့်နေတာ၊ ငါ့ကိုများ ကြိုက်နေတာလား မသိဘူး"

"အီး ရွံစရာကြီး"

အိမ်သာ အတွင်းပိုင်းမှထွက်လာသော အသံများကို ကြား လိုက်ရသဖြင့် ဖူကျဲ မျက်ခုံးပင့်လိုက်သည်။

'အထဲမှာ ဇာတ်လမ်းကောင်းလေးများ ရှိနေမလား'

----

ချီယန် သတိရလာချိန်တွင် သူ့လက်ဘေးရှိ အားသွင်းထားသော ဖုန်းမှာ 'ဝီ ဝီ' မြည်ကာ တုန်ခါနေပြီး မိခင်ဖြစ်သူက သူ့ခုတင်ခေါင်းရင်းတွင် စောင့်နေ၏။

မိခင် "ယန်ယန် သတိရလာပြီလား မလှုပ်နဲ့ မလှုပ်နဲ့၊ အမေ ဆရာဝန် သွားခေါ်လိုက်ဦးမယ်"

မိခင်ဖြစ်သူ ထွက်သွားသော ကျောပြင်ကို ကြည့်ရင်း ချီယန် သည် ခဏမျှ ငေးမောနေပြီးနောက် 'ဝီ ဝီ' မြည်ကာ တုန်ခါနေသော ဖုန်းကို ကောက်ယူလိုက်သည်။

ဖုန်းမကိုင်ထားသည်မှာ ၆၆ ကြိမ်၊ မဖတ်ရသေးသော မက်ဆေ့ချ်က ၉၉+ ရှိနေ၏။

အများစုမှာ မသိသော နံပါတ်များဆီမှ ဖြစ်သည်။

'ဘာတွေများ ဖြစ်သွားခဲ့လို့လဲ'

ချီယန် သည် ပထမဆုံး မက်ဆေ့ချ်ကို ဖွင့်ကြည့်လိုက်၏။

【မင်းက ဘာလို့ ဒီလောက် ရွံစရာကောင်းရတာလဲ】

【ကျောင်းကို မလာခဲ့နဲ့တော့၊ ****】

【အားတင်းထားပါ! တခြားသူတွေ ဘာပြောပြော ဂရုမစိုက်နဲ့၊ ကိုယ် ဖြစ်ချင်တဲ့အတိုင်းသာ နေပါ】

"......"

ချီယန် ဤမက်ဆေ့ချ်များကို တိတ်ဆိတ်စွာ ကြည့်နေ၏။

သူ့ကို ဆဲဆိုထားသည်များ ရှိသလို၊ နှစ်သိမ့်ပေးထားသည်များလည်း ရှိသည်။

ထိုအခါသူသည် မျက်လွှာချကာ တစ်ခုပြီးတစ်ခု ဖျက်ပစ် လိုက်တော့သည်။

"ဆရာဝန် မြန်မြန် လာကြည့်ပါဦး၊ ကျွန်မသားလေး သတိရလာပြီ"

တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသော အသံများကိုကြား လိုက်ရသဖြင့် ချီယန် သည် ဖုန်းကို ပိတ်ကာ မူလနေရာတွင် ပြန်ထားလိုက်၏။

ထို့နောက်မျက်နှာအမူအရာကိုလည်း ယခုလေးတင် သတိရလာသည့် ပုံစံမျိုးပြန်ပြောင်းထားလိုက်တော့သည်။

🫧 Chapter 290

သတိရလာပြီးကတည်းက ချီယန့်စိတ်ထဲတွင် သူ့ကို အလျင်လိုစေသော၊ တိုက်တွန်းနေသော အသံတစ်သံ ရှိနေသည်ဟု ခံစားနေရ၏။

'မြန်မြန် စာလုပ်၊ မြန်မြန် စာသွားလုပ်'

'ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်တော့ဘူး၊ သေချာပေါက် စာကို ကြိုးစားလုပ်ရမယ်'

ထိုအသံက အလွန် အရေးတကြီး နိုင်လွန်းသကဲ့သို့ အလွန်လည်း ပြင်းပြနေပေသည်။

ဆေးရုံမှ ထွက်လာပြီးနောက် ချီယန်သည် မိခင်ဖြစ်သူကို ပြောလိုက်၏။

ချီယန် "အမေ၊ သား ကျောင်းသွားတော့မယ်"

ချီယန့်မိခင်မှာ ခြေလှမ်းများ ရပ်တန့်သွားပြီး သူ့ကို လှည့်ကြည့်လာရာ မျက်လုံးထဲတွင် ရုတ်တရက် မျက်ရည်များ ဝဲတက်လာတော့သည်။

သူမက သားဖြစ်သူကို ဖက်ထားလိုက်ပြီး အသံတုန်ရီစွာဖြင့် ပြောလိုက်၏။

မိခင် "တောင်းပန်ပါတယ် ယန်ယန်ရယ် အမေ သတိမထားမိခဲ့ဘူး"

မိခင် "တောင်းပန်ပါတယ်၊ အမေ တစ်ချိန်လုံး သတိမထားမိခဲ့ဘူး သား တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးတာနဲ့ မိသားစုလိုက် တခြားမြို့ကို ပြောင်းကြတာပေါ့"

မိခင် "နောက်ဆို ကျောင်းအသွားအပြန်ကို အမေ ကိုယ်တိုင် လာကြိုမယ် အာ မဟုတ်ဘူး၊ ငါတို့ အိမ်မှာပဲ စာသင်လို့လည်း ရတာပဲလေ"

ထိုအခါချီယန်မှာ ကြောင်အမ်းသွား၏။

အတန်ကြာမှ သူသည် လက်ကို မြှောက်ကာ မိခင်ဖြစ်သူ၏ ကျောကို ပုတ်ပေးလိုက်သည်။

ချီယန် "ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး"

ချီယန် "ယန်ယန်က အဲဒီလောက်ကြီးလည်း မပျော့ညံ့ပါဘူး"

ပြီးတော့ 'ကျေးဇူးတင်ပါတယ် အမေ'

'ဒီကိစ္စတွေကို အမေ ဘယ်ကနေ သိလာခဲ့သလဲ ဆိုတာ သား မသိပေမယ့်၊ သားကို မရွံရှာဘဲ၊ မမုန်းတီးဘဲ နေပေးလို့ ကျေးဇူးတင်ပါတယ်'

'အမေ့ရဲ့ ခွင့်လွှတ် နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်'

'ဒီလောက်ဆိုရင်ပဲ လုံလောက်နေပါပြီ၊ တကယ်ပါ'

……

……

"မင်းက ဂေး များလား"

ကျောင်းသို့ ရောက်ရောက်ချင်း ဤကဲ့သို့သော မေးခွန်းမျိုး အမေးခံရလိမ့်မည်ဟု ချီယန် မထင်ထားခဲ့ပါချေ။

မဟုတ်သေးပါချေ၊ သူ့ မသိစိတ်ထဲတွင်တော့ ဤအရာကို ကြိုတင် မျှော်လင့်ထားပြီးသား ဖြစ်ပေလိမ့်မည်။

နေရာတကာတွင် နေရာဝင်ယူချင်ပြီး တစ်ခုခုကို ဝင်ပြောချင်နေတတ်သည့် လူအချို့တော့ အမြဲတမ်းရှိနေတတ်သည်လေ။

အိမ်သာ၏ အနက်ရှိုင်းဆုံး နေရာတွင် ချီယန် သူ့ အရှေ့ရှိ လူသုံးယောက်ကို ကြည့်လိုက်သည်။

ချီယန် "မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး"

"အိုး ဆယ်ရက်လောက် မတွေ့ရတာတောင် စကားပြန်ပြောတတ်နေပြီပဲ"

ထိုသုံးယောက် အနီးသို့ တိုးကပ်လာပြီး တစ်ခုခု လုပ်ရန် ပြင်လိုက်စဉ် ဘေးနားမှ ဖရဲစေ့ ခွာစားနေသော အသံကိုရုတ်တ ရက် ကြားလိုက်ရတော့သည်။

ဖူကျဲ "မင်းတို့ ဆက်လုပ်ကြလေ"

ထိုအခါလည်ပင်းတွင် အနက်ရောင် အတောင်ပံဆွဲကြိုးကို ဆွဲထားသော ကျောင်းသားက မကျေမနပ်ဖြင့် ပြောလိုက်၏။

ကျောင်းသား ၁ "မင်းက ဘယ်သူမို့လို့လဲ မြန်မြန် ထွက်သွားစမ်း"

ဘေးနားရှိ သူငယ်ချင်းဖြစ်သူက သူ့ကို လှမ်းဆွဲလိုက်သည်။

ကျောင်းသား ၂ "ရှူး တိုးတိုးလုပ်၊ အဲဒါ ဖူကျဲ ကွ"

"ဟို ဖူကျဲ လား"

ထိုအခါအနက်ရောင် ဆွဲကြိုးနှင့် ကျောင်းသားမှာ ချက်ချင်း ငြိမ်ကျသွားတော့သည်။

'ဖူကျဲက ဘယ်သူလဲ'

'ကောလာဟလတွေအရ ကျောင်းထဲက စာသင်ဆောင် တစ်ဆောင်လုံးကို သူ့မိသားစုက လှူဒါန်းထားတာလို့ သူကြားဖူးတယ်‌လေ'

'ပြီးတော့ သူ ရန်ဖြစ်ရင် လူရာနဲ့ချီပြီး ခေါ်လာနိုင်တယ်လို့လည်း ကြားဖူးတယ်'

' ကျောင်းအပြင်က လူတွေတောင် သူ့ကို မြင်ရင် 'အစ်ကို' လို့ ခေါ်ရတယ်တဲ့လေ'

ဖူကျဲ "ငါ ကျောင်းမလာတာ ဆယ်ရက်လောက်ပဲ ရှိသေးတယ်၊ ကျောင်းလူမိုက်နေရာက အရွှေ့ခံလိုက်ရပြီလား"

ဖူကျဲ သည် ဖရဲစေ့ခွံများကို လွှင့်ပစ်လိုက်ပြီး လက်ပေါ်ရှိ ဖုန်များကို ခါထုတ်ကာ မတ်တတ်ရပ်လိုက်၏။

ထို့နောက်သူက မေးစေ့ကို အနည်းငယ် ပင့်ကာနေးလိုက်သည်

ဖူကျဲ "မင်းတို့က ကျောင်းလူမိုက် အသစ်တွေလား"

ထိုအခါသုံးယောက်သားမှာ ပြိုင်တူ ခေါင်းခါယမ်းလိုက်ကြတော့၏။

ကျောင်းသား ၁ "မဟုတ်ရပါဘူး၊ မဟုတ်ရပါဘူး အစ်ကိုဖူ၊ လုံးဝ မဟုတ်ရပါဘူး"

ကျောင်းသား ၂ "အစ်ကိုက ကျွန်တော်တို့ရဲ့ အစ်ကိုကြီးပါပဲ"

ကျောင်းသား ၃ "ဟုတ်ပါတယ်၊ ဟုတ်ပါတယ်"

ထိုသုံးယောက်သည်အခြေအနေကို နားလည်လိုက်ကြပြီး ချက်ချင်းပင် အရှုံးပေးလိုက်ကြသည်။

ဖူကျဲ ကဲ့သို့သော အစ်ကိုကြီးများနှင့် ယှဉ်လျှင် သူတို့က ပုစွန်ဆိတ်လေးများသာ ဖြစ်၏။

ကျောင်းပြင်ပက လူများဆိုသည်က ကျောင်းတွင်းမှကျောင်း သားများ၏ စိတ်ထဲ၌ အမြဲတမ်း ရှင်းပြလို့မရသည့် ကြောက်ရွံ့လေးစားမှုမျိုး ရှိနေတတ်သည်လေ။

ထိုအခါ ဖူကျဲ သည် စောစောက သူတို့ ဝိုင်းထားသော သူကို လှမ်းကြည့်လိုက်သည်။

ဖူကျဲ "ဒီလူက ဘယ်သူလဲ"

ထိုအခါသုံးယောက်အနက် အနက်ရောင် ဆွဲကြိုးနှင့် ကျောင်းဘသားက ချက်ချင်း ဖြေလိုက်၏။

ကျောင်းသား ၁ "ချီယန် လေ အစ်ကိုကြီး၊ ဒီကောင်က မိန်းကလေးဝတ်စုံ ဝတ်ရတာကို ကြိုက်တယ်တဲ့"

ဤသတင်းများကို သူတို့လည်း အခြားသူများဆီမှ ယခုလေးတင် ကြားသိခဲ့ရခြင်း ဖြစ်သည်။

'အရင်က ကျောင်းက စီစဉ်ပေးခဲ့တဲ့ live အခန်းကြည့်ပြီး စာသင်ဖို့ ကိစ္စလား သူတို့က လိမ္မာရေးခြားရှိပြီး စာသင်မယ့်သူတွေနဲ့ တူနေလို့လား'

ကျောင်းသား ၁ "အရင်တုန်းက ဒီကောင် ငါ့ဘေးနားမှာ ထိုင်ခဲ့တာကို တွေးမိရင် ငါလေ"

ဖူကျဲ "မင်းက ဘာဖြစ်လဲ"

ဖူကျဲ ရုတ်တရက် လှမ်းကြည့်လိုက်ပြီး သူ့ စကားကို ဖြတ်ပြောလိုက်၏။

သူ့ အကြည့်များက စူးရှနေကာဆက်‌ ပြောလိုက်သည်။

"မိန်းကလေး ဝတ်စုံ ဝတ်ရတာ ကြိုက်တော့ရော ဘာဖြစ်လဲ မင်းအိမ်က ဆန်ကို သွားစားနေလို့လား"

ဖူကျဲ "တခြားသူတွေကိုတော့ ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် မင်းတို့ သေချာ နားထောင်ထား"

ဖူကျဲ "ချီယန် မိန်းကလေး ဝတ်စုံဝတ်တာ၊ အဲဒါ ကငါ့ညီ အစ်ကိုပဲ"

ထိုအခါအနက်ရောင် ဆွဲကြိုးနှင့် ကျောင်းသားမှာ ကြောင်အမ်းသွားကာ သူငယ်ချင်း နှစ်ယောက်မှာလည်း ကြောင်အမ်းသွားကြသည်။

'ဟင် ဟင် ဟင်'

'အရင်က ချီယန်မှာ ဒီလို ညီအစ်ကိုမျိုး ရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး'

ထိုအခါဖူကျဲကလည်း မျက်ခုံးပင့်လိုက်သည်။

"ကြားလားလို့"

သုံးယောက်သား " ကြား၊ ကြားပါတယ်"

သူတို့ နည်းနည်းတော့ တွေဝေသွားကြသည်က အမှန်ပင်။

ထိုအချိန်မှာပင် အိမ်သာ တံခါးဝမှ တစ်စုံတစ်ယောက်က လှမ်းအော်လိုက်၏။

"ဆရာ လာနေပြီဟေ့"

ထိုအခါကြောင်အမ်းနေသော သုံးယောက်သားမှာ အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ဤနေရာမှ ကမန်းကတန်း ထွက်ပြေးသွားကြတော့သည်။

သို့သော်အိမ်သာ တံခါးဝသို့ အရောက်တွင် ရုတ်တရက် တစ်စုံတစ်ခုနှင့် ခလုတ်တိုက်မိပြီး မှောက်လျက်သား လဲကျသွားကြ၏။

'လခွမ်း၊ နံလိုက်တာ'

ထိုစဉ်မလှမ်းမကမ်းတွင် ယောကျာ်းလေး နှစ်ယောက်နှင့် မိန်းကလေး နှစ်ယောက်ပြိုင်တူ လက်သီးဆုပ်လိုက်ကြသည်။

'လဲတာ ကောင်းတယ်'

Streamer ကြီးကသာ ချီယန်တို့ရဲ့ ဘဝကို သွားမနှောင့်ယှက်ဖို့မပြောထားဘူး ဆိုရင်တော့လေ။

'ဟင်း ဟင်း'

……

အိမ်သာထဲတွင်

ချီယန်နှင့် ဖူကျဲ တို့ နှစ်ယောက်သာ ကျန်ရစ်ခဲ့ပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြ၏။

ချီယန် "......"

'သူတို့က ဘယ်တုန်းက ညီအစ်ကိုတွေ ဖြစ်သွားကြတာလဲ'

ဖူကျဲ "......"

'သူက ဦးနှောက် ချို့ယွင်းသွားလို့ ပါးစပ်ကနေ လွှတ်ခနဲ ထွက်သွားတာပါလို့ ပြောရင် ရမလား'

ဖူကျဲ ခေါင်းကို ကုတ်လိုက်သည်။

'ဒီနေ့ သူ့ကိုယ်သူ ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ' ဟုသာ တွေးမိနေ၏။

'ရုတ်တရက်ကြီး ကျောင်းလာတက်တယ်၊ ပြီးတော့ ရုတ်တ ရက်ကြီး သူ့ကိုယ်သူ ညီအစ်ကို တစ်ယောက် သွားရွေးလိုက်ပြန်တယ်'

'သူ့ဦးနှောက်က တကယ်ပဲ ပြုတ်ကျပြီး ပျက်စီးသွားတာများလား'

'ထားလိုက်ပါတော့၊ မတွေးတော့ဘူး'

ဖူကျဲ "သွားမယ်၊ နံစော်နေတာပဲ"

ဖူကျဲ သည် ရှေ့သို့ ခြေနှစ်လှမ်းခန့် လျှောက်သွားပြီးနောက် ထိုနေရာတွင် ရပ်နေဆဲ ဖြစ်သော လူကို လှည့်ကြည့်လိုက်၏။

ဖူကျဲ "မသွားသေးဘူးလား"

ချီယန် သည် နောက်မှ လိုက်သွားလိုက်ပြီး ခဏစဉ်းစားကာ ပြောလိုက်သည်။

ချီယန် "ကျေးဇူးပဲ"

ဖူကျဲ သူ့ကို တစ်ချက် ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။

ဖူကျဲ "ဒီကောင် မိန်းကလေး ဝတ်စုံဝတ်ရင်လည်း သိပ်တော့ ရုပ်ဆိုးမှာ မဟုတ်ပါဘူး"

လက်တွေ့ဘဝတွင် ချီယန်သည် ဆံပင်တိုတို၊ သန့်ရှင်းသပ် ရပ်သော မျက်နှာသွင်ပြင်နှင့် သွယ်လျသော ခန္ဓာကိုယ် ရှိပေသည်။

တကယ်ကို အရုပ်မဆိုးပါချေ။

ထို့အပြင် မိန်းမလျာ တစ်ယောက်၏အမူအကျင့်မျိုး လုံးဝ မရှိပေ။

သူတို့ နှစ်ယောက် အိမ်သာထဲမှ ထွက်လာသည်နှင့် ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

ဟန်စစ်စစ် "နင်တို့က အိမ်သာထဲမှာ ဘယ်လောက်ကြာကြာ နေဖို့ စီစဉ်ထားကြတာလဲ"

ဟန်စစ်စစ် သစ်ပင်တစ်ပင်အောက်တွင် လက်ပိုက်ကာ ရပ်နေသည်။

ထို့ပြင် သူမသည် တစ်မီတာ ငါးဆယ်ကျော်သာရှိသော အရပ်အမောင်းဖြင့် တစ်မီတာ ရှစ်ဆယ်လောက် ရှိသော အရှိန်အဝါမျိုးကို ဖမ်းထားသည်လေ။

ဖူကျဲ ၊ ချီယန် : "......"

'ဒီလူကရော ဘယ်သူလဲ'

'ဒီနေ့ တွေ့ရတဲ့ လူတွေ အားလုံးက ဦးနှောက် ချို့ယွင်းနေကြသလိုပဲလို့ ဘာလို့ ခံစားနေရတာလဲ'

'သူတို့ပဲ ပုံမှန် မဟုတ်တာလား၊ ဒါမှမဟုတ် ဒီနေ့ တွေ့ရတဲ့ လူတွေပဲ ပုံမှန် မဟုတ်တာလား'

သူတို့ နှစ်ယောက်၏ မျက်နှာအမူအရာကိုကြည့်လိုက်သည် နှင့် ဟန်စစ်စစ်တစ်ယောက် သဘောမပေါက်စရာ အကြောင်း မရှိတော့ပါချေ။

သူမသည် အနီးသို့ လျှောက်လာပြီး ဖုန်းကို ထုတ်ကာ live အခန်းကို ဖွင့်ပြလိုက်၏။

ဟန်စစ်စစ် "နင်တို့ ဒါကို ကြည့်၊ ဒီလူကို မှတ်မိလား"

live အခန်းထဲတွင်

ထိုသူသည် အရပ်ရှည်ရှည်၊ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် 'တစ်ကြိမ်တွေ့ရုံမျှဖြင့် ဓနဥစ္စာတိုးပွားမည်' ဟု ရေးထားသော ဦးထုပ်ရှည်ကြီးကို ဆောင်းထားသည်။

လက်ထဲတွင် ဝိညာဉ်ခေါ်တံပိုးကို ကိုင်ဆောင်ထားပေသည်။

ဟန်စစ်စစ် "ဒီလူလေ၊ စွမ်းအားရှင်ကြီး ကျန်းလင်လေ၊ မှတ်မိလား"

ဟန်စစ်စစ် "Iron man ဖူကျဲ၊ မိန်းကလေးဝတ်စုံ ချီယန်၊ ပြီးတော့ ငါ ဟန်စစ်စစ် လေ"

ဟန်စစ်စစ် သည် သူတို့ကို live အခန်း ပြရင်း တစ်ဖက်မှလည်း မှတ်မိလာစေရန် ကူညီပေးနေ၏။

ဟန်စစ်စစ် "စာမလုပ်ရင် သေရမယ် ဆိုတာလေ၊ မှတ်မိလား"

ဤနှစ်ယောက်နှင့် မတူသည်မှာ ဟန်စစ်စစ်သည် သတိရလာသည်နှင့် သူမ၏ အစ်မဖြစ်သူထံမှ ကိစ္စရပ်များ အားလုံးကို သိရှိခဲ့ရခြင်း ဖြစ်သည်။

အစ်မဖြစ်သူ၏ ပြောပြချက်နှင့်အတူ အိပ်မက်ထဲမှ မြင်ကွင်းများကလည်း တဖြည်းဖြည်း ရှင်းလင်းလာခဲ့၏။

သို့သော် ဟန်စစ်စစ် ပါးစပ်တွေ ခြောက်လာသည်အထိ ပြောပြီးနောက် ခေါင်းမော့ကြည့်လိုက်ရာ သူမ အရှေ့ရှိ လူနှစ်ယောက်က အရူးတစ်ယောက်ကို ကြည့်နေသည့် အမူအရာမျိုးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။

ထိုအခါ ဟန်စစ်စစ် သည် နဖူးကို ဖိကိုင်လိုက်ကာတွေးလိုက်သည်။

"......"

'ကောင်းပြီလေ၊ အရမ်း ကောင်းပါတယ်။ သူမ တစ်ယောက်တည်းပဲ မှတ်မိနေတာပေါ့'

'ဒီအရူး သူငယ်ချင်း နှစ်ယောက်ကို သူမ ဆက်ပေါင်းရဦးမလား'

……

……

အရူး သူငယ်ချင်းများဖြစ်သော်လည်း ဆက်ပေါင်းရမည်သာ ဖြစ်၏။

ဖူကျဲ ထိုမှတ်ဉာဏ်များကို ပြန်လည် သတိရလာချိန်မှာ သင်္ချာ အတန်းချိန် တစ်ခုတွင် ဖြစ်သည်။

သူသည် ပျင်းရိငြီးငွေ့စွာဖြင့် ကျောက်သင်ပုန်းပေါ်တွင် ဆရာ သင်နေသည်များကို တစ်ချက် လှမ်းကြည့်လိုက်၏။

သို့သော် သူထိုသို့ ကြည့်လိုက်ရာ သူ အမှန်တကယ် တွက်တတ်နေကြောင်း တွေ့ရှိသွားတော့သည်။

ပုစ္ဆာဖြေရှင်းနည်း၊ ပြီးတော့ အသိပညာ အချက်အလက်များက ပူဖောင်းလေးများလို တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။

'ဘာအခြေအနေကြီးလဲ သူက စာညံ့သူလေ'

'ဒါမှမဟုတ် သူ အိပ်မက်ထဲမှာ တိတ်တဆိတ် စာကြိုးစားခဲ့ပြီး လူတိုင်းကို အံ့သြသွားအောင် လုပ်ဖို့လား'

ထိုအချိန်မှာပင် မြင်ကွင်း တစ်ခုပြီးတစ်ခု သူ၏ ဦးနှောက်ထဲမှ အုံလိုက်ကျင်းလိုက် ထွက်ပေါ်လာတော့၏။

'စာသင်ရတာက ငါ့ကို ပျော်ရွှင်စေတယ်၊ ငါ စာသင်ရတာကို အကြိုက်ဆုံးပဲ'

'အပြင်ရောက်လို့မှ စာသေချာ မလုပ်ရင် ထပ်ပြီး ဖမ်းခေါ်ခံရနိုင်တယ်နော်'

'တော်ပါပြီ၊ တော်ပါပြီ၊ နောက်ဆို စာညံ့သူ ဘယ်တော့မှ မလုပ်တော့ဘူး'

'ဂျိ'

ဖူကျဲ သူ့ နေရာမှ ရုတ်တရက် မတ်တတ် ထရပ်လိုက်ရာ ကုလားထိုင်က ကြမ်းပြင်ပေါ်တွင် အသည်းယားစရာ အသံကြီးက ထွက်ပေါ်သွားတော့သည်။

ဖူကျဲ "သောက်ကျိုးနည်း"

ဖူကျဲ သည် အရှေ့ရှိ စာသင်ခန်းကို ကြည့်လိုက်၊ စင်မြင့်ထက်မှ ဆရာကို ကြည့်လိုက် လုပ်နေမိသည်။

'ငါ ငါ ငါ'

'မင်းတို့ ဒီ ဒါက'

'ဒါကြောင့် သူ သတိရလာတာနဲ့ ကျောင်းကို လာချင်နေခဲ့တာကိုး'

'ဒါကြောင့် ဒီလူတွေက သူ့ကို တမင်သက်သက်ပဲ ဖြစ်ဖြစ်၊ မသိမသာပဲ ဖြစ်ဖြစ် သိချင်စိတ်တွေနဲ့ ကြည့်နေခဲ့ကြတာကိုး'

'စွမ်းအားရှင်ကြီး ကျန်းလင်က တကယ်ပဲ လူ့လောကမှာ live အခန်းဖွင့်ထားတာလား'

ဖူကျဲ တွေးရင်းပင် ပါးစပ်ဟောင်းလောင်းဖြင့် ကျောင်းသား အားလုံးနှင့် ဆရာဖြစ်သူ၏လှမ်းကြည့်လာသော အကြည့်များကို ရင်ဆိုင်ရင်း အတန်ကြာသည်အထိ စကားတစ်ခွန်းမျှ မပြောနိုင်တော့ပါချေ။

All Chapters