← Chapters

အခန်း (၂၉၃-၂၉၄)

Vol. 30 Ch. 293-294

အခန်း (၂၉၃-၂၉၄)

Vol. 30 Ch. 293-294

🫧 Chapter 293

ချင်ကျိုးကျိုး ထွက်သွားပြီးနောက် ကျန်းလင်သည် တစ္ဆေနယ်မြေ ဝင်ပေါက်တွင် နေရာတစ်ခု ရှာလိုက်၏။

ပတ်ပတ်လည်တွင် တစ္ဆေချီ အတားအဆီး တစ်ခု တည် ဆောက်လိုက်ပြီး တောင်ဘက်နန်းဆောင် ငရဲပြည်မှ လဲလှယ်လာခဲ့သော အခြေခံကျင့်စဉ်စာအုပ် သုံးအုပ်ကို ထုတ်ကာ စတင် လေ့လာနေတော့သည်။

အထူးသဖြင့် တတိယစာအုပ်ကို ဖြစ်၏။

ထိုစဉ်က သူသည် အကြမ်းဖျင်း တစ်ခေါက်သာ ဖတ်ရသေးချိန် အထူးအဆင့် တာဝန်ကိုလက်ခံရရှိခဲ့သည်။

ထို့ကြောင့် ယခု အချိန်ရခိုက် သေချာလေးဖတ်ရှုရမည် ဖြစ်၏။

အထူးအဆင့်တာဝန် လုံးဝမပြီးဆုံးသေးခင်အချိန်ထိ ဤနေရာမှ သူ ယာယီထွက်ခွာသွားမည် မဟုတ်ပါချေ။

ချင်ကျိုးကျိုး ပြောပုံအရ ချိတ်ပိတ်ရေးအဖွဲ့ဘက်မှ တာဝန်လည်း မကြာမီပြီးဆုံးတော့မည် ဖြစ်၏။

ဆိုလိုသည်မှာ သူတို့လည်း နောက်ထပ် နယ်မြေတစ်ခုသို့ ဆက်လက် ထွက်ခွာရတော့မည်ဖြစ်သည်။

အကယ်၍ ဤအထူးအဆင့် တာဝန်ကို အောင်မြင်စွာ ပြီး မြောက်ခဲ့ပါက ငရဲပြည်အကျိုးဆောင်မှတ် အမြောက်အမြားကို ရရှိမည်ဖြစ်၏။

တကယ်လို့ တာဝန် ကျရှုံးသွားခဲ့လျှင်တောင်မှ ဒီတစ်ရက်၊ နှစ်ရက် အချိန်လေးအတွင်း တခြား တာဝန်တွေ သွားလုပ်လည်း အကျိုးဆောင်မှတ် သိပ်များများစားစား ရနိုင်မည် မဟုတ်ပါချေ။

ထို့ကြောင့် လဲလှယ်လာခဲ့သော ဤအခြေခံ ကျင့်စဉ်စာအုပ်များကိုသာ သေချာ လေ့လာနေလိုက်ခြင်းက ပိုကောင်းပေသည်။

နားမလည်သည်များ ရှိပါက တောင်ဘက်နန်းဆောင်သို့ ပြန်ရောက်ချိန်တွင် မုန့်ရှန်းတို့ကို မေးမြန်းလို့ ရသည်လေ။

ပညာရပ်တိုင်းတွင် ကျွမ်းကျင်သူ အသီးသီးရှိစမြဲပင်။

အခြေခံ ကျင့်စဉ်များနှင့် ပတ်သက်လာလျှင် တောင်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များက သူ့ထက် ပိုသိနား လည်မည်မှာ သေချာလှပေသည်။

……

သို့သော် ကျန်းလင် မသိခဲ့သောအရာမှာ သူ ဤနေရာတွင် စောင့်ကြပ်နေခြင်းကြောင့် ဤဒေသတစ်ဝိုက်တွင် အချိန်အတော်ကြာသည်အထိ မည်သည့်တစ္ဆေမှ ပြဿနာမရှာရဲတော့သကဲ့သို့ မည်သည့်တစ္ဆေမှလည်း အနီးသို့ မကပ်ရဲတော့ခြင်းပင် ဖြစ်၏။

လူသားများတွင် အင်တာနက် ကွန်ရက် ရှိသကဲ့သို့ တစ္ဆေများတွင်လည်း သူတို့ သီးသန့် 'ကွန်ရက်' ရှိကြပေသည်။

ညယံသို့ ရောက်ရှိလာ၏

အဝေးပြေးလမ်းမကြီး တစ်ဖက်တစ်ချက်စီရှိ လမ်းမီးများ လင်းထိန်လာသည်။

အရှေ့သို့လှမ်းကြည့်လိုက်လျှင် ကျောင်းဝင်းအတွင်း၌လည်း မီးရောင်လေးများကို မြင်တွေ့ရပေသည်။

ထိုပြတင်းပေါက်များမှတစ်ဆင့် မီးရောင်အောက်တွင် စာသင်ယူနေကြသော ကျောင်းသားများ၏အရိပ်များကို ဝိုးတဝါး မြင်တွေ့ရ၏။

သေချာပေါက် ထိုအထဲတွင် စာမလုပ်ချင်သူများ၊ အိပ်ငိုက်နေသော ကျောင်းသားများလည်း ပါဝင်ပေလိမ့်မည်။

စားပွဲပေါ်တွင် စာအုပ်များကို တောင်လိုပုံထားပြီး စာအုပ်များ၏အနောက်တွင် ပုန်းကာ အခြားအရာများ လုပ်နေကြသူများ၊ ခိုးအိပ်နေကြသူများလည်း ရှိကြ၏။

"စားမယ် စားမယ် ညစာစားရမယ့် အချိန် ရောက်လာပြန်ပြီ"

ကျောင်းနောက်ဘက်ရှိ ပန်းခြံလေးထဲတွင် သစ်ပင်တစ်ပင်၏ အရိပ်က ရုတ်တရက် လှုပ်ရှားလာတော့သည်။

၎င်းသည် ဘယ်ဘက်ကို အနံ့ခံလိုက်၊ ညာဘက်ကို အနံ့ခံလိုက် လုပ်နေ၏။

'ကျောင်းထဲက ကျောင်းသားတွေက လူငယ်လေးတွေ ဆိုတော့ ပုံမှန်ဆို ယန်ချီ အပြည့်ဝဆုံး အချိန်ပဲ'

'ဒါပေမယ့် အဲဒီအရွယ်က မှန်ကန်တဲ့ အသိအမြင်တွေ မရှိသေးသလို စွမ်းရည်လည်း အပြည့်အဝမရှိသေးဘူးလေ'

'ဒါကြောင့်မို့လို့ အဆိုးမြင် စိတ်ခံစားချက်တွေ ပိုပြီး ဖြစ်ပေါ်လွယ်တယ်'

'မနာလိုမှုပဲဖြစ်ဖြစ်၊ မုန်းတီးမှုပဲဖြစ်ဖြစ်၊ ဒေါသထွက်မှုပဲဖြစ်ဖြစ် အချို့သော သတ္တဝါတွေအတွက်တော့ အကောင်းဆုံး အစားအစာတွေချည်းပဲ'

"ဟင် ပုံမှန်ဆိုရင် အထက်တန်း ကျောင်းဆောင်ဘက်က အမွှေးဆုံးပဲလေ"

သစ်ပင်အရိပ်ထဲရှိ အရာသည် အနည်းငယ် တွေဝေသွား၏။

'အလယ်တန်းကျောင်းဆောင်ဘက်တွင် ဘာမှ မပြောင်းလဲသော်လည်း အထက်တန်း ကျောင်းဆောင်ဘက်က ဘာလို့ ရုတ်တရက် အနံ့မမွှေးတော့တာလဲ'

မည်သို့ပင်ဆိုစေ ၎င်းကို အနီးသို့ မကပ်ချင်တော့လောက်အောင် ဖြစ်စေသော အငွေ့အသက် တစ်ခု ရှိနေပေသည်။

"ထားလိုက်ပါတော့၊ ထမင်းစားဖို့က အရေးကြီးဆုံးပဲ"

ထိုအရာသည် သစ်ပင်အရိပ်ထဲမှ လျှပ်တစ်ပြက်ပြေးထွက်လာပြီး အလယ်တန်း ကျောင်းဆောင်ဘက်သို့ ပျံသန်းသွားတော့၏။

တစ်ဝက်ခန့် အရောက်တွင် ၎င်းခန္ဓာကိုယ်က လေထဲတွင် ရုတ်တရက် အပြင်းအထန် ကွေ့ရှောင်လိုက်သည်။

'ဖန်း'

ထို့နောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။

မှိန်ပျပျ လရောင်အောက်တွင်

၎င်း၏တစ်ကိုယ်လုံးမှာ အမည်းရောင် ဖြစ်နေပြီး မျက်လုံး နေရာတွင်သာ အဖြူရောင် အနည်းငယ် ပေါ်လွင်နေသည်ကို မြင်တွေ့ရ၏။

ခန္ဓာကိုယ် အထက်ပိုင်းမှာ လူပုံစံနှင့် ဆင်တူသော်လည်း အောက်ပိုင်းမှာမူ အမြီးလေး တစ်ချောင်းသာ ရှိပြီး အမည်မသိ တစ္ဆေပေါက်စလေး တစ်ကောင်နှင့် တူပေသည်။

ယခုအခါ အနက်ရောင် တစ္ဆေအရိပ်လေးမှာ မြေပြင်ပေါ်တွင် မှောက်လျက်သားဖြစ်နေပြီး သနားစရာကောင်းသော အသွင်အပြင် ရှိနေ၏။

သူ ရုတ်တရက်ပြေးထွက်ချင်၏။

သို့သော် လေထုထဲမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်နှင့် ရင်းနှီးနေသလိုလို၊ စိမ်းသက်နေသလိုလို ရှိသော ဖိအားကို ခံစားလိုက်ရပြီးနောက်၎င်းမှာ တုန်လှုပ်သွားပြီး ကွေ့ရှောင်လိုက်ရာတွင် ဘရိတ်မမိဘဲ ပြုတ်ကျလာခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော အချိန် အတော်ကြာကတည်းက ၎င်း တစ္ဆေဘဝသို့ စတင် ရောက်ရှိချိန်တွင် တစ္ဆေ သူငယ်ချင်း တစ်ကောင်က ၎င်းကို အရာတစ်ခု ပြသခဲ့ဖူးသည်ကို ဝိုးတဝါး မှတ်မိနေ၏။

ထိုအရာပေါ်ရှိ အငွေ့အသက်မှာ ယခု ၎င်း ခံစားလိုက်ရသော အငွေ့အသက်နှင့် အနည်းငယ် ဆင်တူပေသည်။

ပိုအားနည်းရုံမျှသာ။

ထိုတစ္ဆေ သူငယ်ချင်းက ပြောခဲ့ဖူးသည်။

'ငတုံးကောင်၊ ဒီလို အငွေ့အသက်မျိုးကို သေချာ မှတ်ထား နောက်ဆို တွေ့တာနဲ့ တန်းပြေး၊ ဒါမှမဟုတ်ရင် ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်'

'ဘာလို့လဲဆိုတော့ ဒါက ငရဲပြည်က ဝိညာဉ်တမန်တော်တွေဆီမှာပဲ ရှိတဲ့ အငွေ့အသက်မို့လို့ပဲအဲဒါက ငါတို့ ယှဉ်နိုင်တဲ့ အရာမဟုတ်ဘူး'

ထိုစဉ်က ၎င်းက မေးခဲ့၏။

"အဲဒီအရာက အရမ်းစွမ်းလို့လား"

တစ္ဆေ သူငယ်ချင်းက ၎င်းကို တစ်ချက် ကြည့်ပြီး ပြန်ဖြေသည်။

'သေချာပေါက် အရမ်းစွမ်းတာပေါ့ မင်းလို တစ္ဆေပေါက်စလေးမျိုး ဆိုရင် သူတို့က တစ်ခါတည်း ဆယ်ကောင်လောက်ကို ဖမ်းပြီး အကုန် ပြန်ခေါ်သွားလို့ ရတယ်ပြီးရင် အကုန်လုံးကို လှောင်ပိတ်ထားလိုက်မှာ'

'ငရဲ ဆိုတာကို ကြားဖူးတယ် မဟုတ်လား အဖမ်းခံရရင် မင်းကို ဆီပူအိုးထဲ ထည့်ပြီး ဟိုဘက်ဒီဘက် လှန်ကြော်ပစ်မှာ၊ ပြီးရင် မီးတောင်ထဲ ထပ်ပစ်ထည့်လိုက်ဦးမှာ'

"ကြောက်စရာကြီး၊ အရမ်း ကြောက်စရာကောင်းတာပဲ"

အနက်ရောင် တစ္ဆေအရိပ်လေးသည် ထိုတစ္ဆေ သူငယ် ချင်း၏စကားများကို ပြန်လည် အမှတ်ရလာကာ ခန္ဓာကိုယ်မှာ ပိုပျော့ခွေသွားတော့၏။

ထို့နောက်၎င်းသည် တဆတ်ဆတ်တုန်ယင်ကာ တရွတ်တိုက် သွားရင်း ဘေးရှိ အရိပ်ထဲသို့ တိတ်တဆိတ် ဝင်ရောက် ပုန်းအောင်းနေတော့သည်။

၎င်းသည် အရင်ဆုံး ပုန်းအောင်းနေပြီး ထိုကြောက်မက်ဖွယ် အငွေ့အသက် အနည်းငယ်ဝေးကွာသွားမှသာ ပြန်ထွက်လာရန်တွေးထားခဲ့၏။

သို့သော် ၎င်းစောင့်ရင်းစောင့်ရင်းဖြင့် ညဉ့်နက်သည် အထိ၊ မိုးလင်းသည်အထိ၊ ညပြန်ရောက်သည်အထိစောင့်ခဲ့သော်လည်း ထိုကြောက်မက်ဖွယ် ဖိအားကြီးက ရှိနေဆဲပင်။

"ဒီနေရာမှာ ကြီးမားတဲ့ ပြဿနာကြီး တစ်ခုခုများ ဖြစ်တော့မလို့လား"

တစ္ဆေအရိပ်လေးရင်ထဲတွင် တဆတ်ဆတ်တုန်ယင်နေပြီး ညတွင်းချင်း ၎င်း၏အထုပ်အပိုးများကို သယ်ကာ အရိပ်ထဲမှနေ၍ တိတ်တဆိတ် ထွက်ပြေးသွားတော့၏။

ကျောင်းထဲမှ မထွက်ခွာမီ အခြား ဖြတ်သွားဖြတ်လာ တစ္ဆေများ သတိထားမိစေရန် အနီးအနားတွင် သတင်းစကား တစ်ခုကိုပင် ချန်ရစ်ခဲ့သေးသည်။

'ရှေ့မှာ အန္တရာယ်ကြီးတယ်! ဝင်မလာနဲ့'

……

တစ္ဆေနယ်မြေနှင့် မလှမ်းမကမ်းတွင် ရှေးဟောင်းအဆောက် အအုံများဖြင့် တည်ဆောက်ထားသော လမ်းမတစ်ခု ရှိ၏။

ညအချိန်၌အနီရောင် မီးပုံးလေးများက တစ်လုံးပြီးတစ်လုံး လင်းထိန်လာကြသည်။

ကလေးများကို ခေါ်ကာ လမ်းလျှောက် ထွက်လာကြသော လူကြီး အများအပြား ရှိသကဲ့သို့ ချစ်ကြည်နူးနေကြသော ချစ်သူစုံတွဲများလည်း အများအပြား ရှိပေသည်။

"ဒီမှာ မလုပ်နဲ့လေ၊ ဟိုဘက် သွားရအောင်"

ဆွဲဆောင်မှုရှိသော အမျိုးသမီးက ပါးစပ်ကို အုပ်ကာ တိုးတိုးလေးရယ်မောလိုက်ပြီး မျက်နှာအမူအရာမှာလည်း ညှို့ဓာတ်များ အပြည့် ရှိနေ၏။

ထိုဆွဲဆောင်မှုရှိသော အမူအရာကြောင့် ဘေးရှိ အမျိုးသားမှာ ရင်ခုန်စိတ်လှုပ်ရှားကာ သွေးဆူသွားတော့သည်။

"ကောင်းပါပြီ ကောင်းပါပြီ၊ ဟိုဘက်ပဲ သွားကြတာပေါ့"

သူတို့ နှစ်ဦးညွှန်ပြလိုက်သော နေရာတွင် အတော်အသင့် ကြီးမားသော ကြာကန် တစ်ကန် ရှိ၏။

နေ့ခင်းဘက်တွင် ဤနေရာ၌ လူများသော်လည်း ညဘက်ရောက်ချိန်တွင်မူ အလွန် မှောင်မိုက်သွားတတ်သည်။

လူအုပ်နှင့် မီးရောင်များက ဤဘက်တွင် မရှိပါချေ။

တသွင်သွင် စီးဆင်းနေသော ရေသံလေးများသာ ရှိပေသည်။

"......"

နှစ်ဦးသား ကိစ္စပြီးမြောက်တော့မည့် အချိန်တွင် ဖက်ထားခံရသော အမျိုးသမီးမှာ ရုတ်တရက်တောင့်တင်းသွားတော့ ၏။

သူမသည် ညာဘက် ကောင်းကင်ယံသို့ ကြည့်လိုက်ရာ မျက်နှာမှာ ဖြူရော်သွားပြီး ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်၍ မရနိုင်အောင် တုန်ယင်လာသည်။

သူမ၏ အာရုံခံစားမှုထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပါဝင်သည့် မျက်လုံးတစ်စုံက သူမကို စိုက်ကြည့်နေပြီ ဖြစ်၏။

သေမင်း၏ခြိမ်းခြောက်မှု ခံစားချက်က အရပ်မျက်နှာ အနှံ့အပြားမှ ဝင်ရောက်လာတော့သည်။

အမျိုးသမီး "ကျွန်မ မှားသွားပါပြီ၊ အရှင်မင်းကြီး ကျွန်မ မှားသွားပါပြီ၊ ကျွန်မ အခုပဲ ထွက်သွားပါ့မယ်"

သူမသည် အမျိုးသား၏တုံ့ပြန်မှုကို ဂရုမစိုက်နိုင်တော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကာ ခေါင်းကို သုံးကြိမ် ဆက်တိုက် ဦးညွှတ်လိုက်၏။

ထို့နောက် လှည့်ကာ ဘေးရှိ ကြာကန်ထဲသို့ တိုက်ရိုက် ခုန်ချသွားတော့သည်။

'ဝုန်း'

ရေပက်စင်မှုများက အမျိုးသား၏မျက်နှာပေါ်သို့ ကျရောက်သွား၏။

အမျိုးသား "ဟေ ဟေ ဟေ ဟေ"

'လူကယ်ရမှာလား ထွက်ပြေးရမှာလား'

အမျိုးသမီးတစ္ဆေ၏ အလျင်အမြန် လှုပ်ရှားမှုကြောင့် အမျိုးသားမှာ ဘာဖြစ်သွားမှန်း ချက်ချင်း သဘောမပေါက်နိုင်တော့ပါချေ။

သူသည် မျက်နှာပေါ်ရှိ ရေများကို သုတ်လိုက်၏။

'သွေးဆူနေတာတွေရော၊ မိန်းမလှလေးကို ဖက်ထားရတာတွေရော' အားလုံးပျောက်ကွယ်သွားပြီ ဖြစ်သည်။

ကျန်ရှိနေသည်ကတော့ ကြောင်အမ်းနေတဲ့ မျက်နှာကြီးပဲ ဖြစ်၏။

ထိုကြာကန်ကို ပြန်ကြည့်လိုက်ရာ မည်သည့် လူရိပ်မျှ မရှိတော့ပါချေ။

အမျိုးသား "ငါ ငါ ငါ သရဲ သရဲ ခြောက်ခံရတာလား"

……

ကျန်းလင် အခြေခံကျင့်စဉ်စာအုပ်များကို လေ့လာနေချိန်တွင် အားနေသဖြင့် အနီးအနားတွင် လျှောက်သွားနေသော တိုက်ရိုက်ထုတ်လွှင့်မှု ဘောလုံးလေးက ဤမြင်ကွင်းကို ကင်မရာထဲသို့ ကွက်တိ ဖမ်းယူထားလိုက်မိ၏။

ထို့အပြင် ဘေးရှိ တောင်ကုန်းပေါ် ဆောက်လုပ်ရေး လုပ်ငန်း ခွင်မှ နှောင့်ယှက်နေသော အကောင်များ၊ အနီးအနားသို့ ရောက်လာသော အရက်သမားများစသည်တို့ကိုပါ အားလုံး ဖမ်းယူထားလိုက်သေးသည်။

ဒီဘောလုံးလေးက ရေဒါ တစ်ခုလိုပင်၊အားနေရုံတင်မကဘဲ အမြဲတမ်း ပြဇာတ်ကောင်းတွေကို အမီ ကြည့်နိုင်စွမ်း ရှိပေသည်။

ဤအရာများက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ပွဲကြည့်ပရိသတ်များကို အသေအချာ ကျေနပ်စေခဲ့ပြီ ဖြစ်၏။

အတင်းအဖျင်း ပြောလိုစိတ်ဆိုသည်မှာ လူတိုင်းတွင် ရှိစမြဲပင်။

သို့သော် ကြည့်ရှုသူများကတော့ ဒါကို Streamer က တမင် စီစဉ်ထားသည်ဟု ထင်မှတ်နေကြခြင်း ဖြစ်၏။

'တိုက်ရိုက်ထုတ်လွှင့်မှု ဘောလုံးလေး တစ်လုံးက ဒီလောက်တောင် အတင်းအဖျင်း ခုံမင်တတ်လိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ'

[ဟားဟားဟား အမျိုးသားကြီးက ပြောနေပြီ 'ငါ့ရဲ့ အဲဒီလောက် ကြီးမားတဲ့ အာ မှားလို့၊ ငါ့ရဲ့ အဲဒီလောက် ဖြူဖွေးတဲ့ မိန်းမလှလေး ဘယ်ရောက်သွားပြီလဲ' တဲ့]

[သတိပေးချက် - မကြာသေးခင်က ဒီဘက်မှာ မကောင်းတာတွေ လာမလုပ်နဲ့နော်၊ live အခန်းထဲ ပါသွားလိမ့်မယ် (😎)]

[မယားငယ် ဖမ်းမယ်၊ သူခိုး ဖမ်းမယ်၊ စာမလုပ်တဲ့ စာညံ့သူ ဖမ်းမယ်ဟေ့ အနီးအနားက ဒေသခံတွေ အားလုံး သတိထားကြပါနော် ƪ⁠(⁠˘⁠⌣⁠˘⁠)⁠ʃ]

အချိန်အတော်ကြာပြီးနောက်

ကျန်းလင်တောင်ဘက်နန်းဆောင်မှ ထွက်ခွာပြီး အခြား ငရဲပြည်များသို့ သွားရောက် လေ့လာနေချိန်တွင်ပင် ဤဒေသတစ်ဝိုက်၌ မည်သည့်တစ္ဆေမှ အနီးသို့ မကပ်ရဲကြတော့ပါချေ။

ဝိညာဉ်ကား မောင်းနှင်သူ အချို့ပင် အနီးအနားသို့ ရောက် လာချိန်တွင် ကောင်းကင်သို့ ထိုးတက်နေသော 'အန္တရာယ်' သတိပေးချက်များကို အဝေးမှနေ၍ မြင်တွေ့လိုက်ရ၏။

ထို့နောက်သူတို့သည် ဘရိတ် အုပ်လိုက်သည်၊ ကွေ့လိုက်သည်၊ ပြီးနောက် ကားပေါ် တက်တော့မည့် ခရီးသည်ကိုပင် ထားရစ်ခဲ့တော့သည်။

ထို့နောက် နောက်သို့ လှည့်ကာ အမြန်မောင်းပြေးတော့၏။

"မင်း ကြားပြီးပြီလား ရှေးဟောင်းလမ်းမဘက်မှာ ဝိညာဉ်တမန်တော်တွေ နေနေကြတယ်တဲ့၊ အဲဒီဘက်ကို မသွားနဲ့တော့"

"ဝိညာဉ်တမန်တော်တွေက ဘာလို့ အဲဒီဘက်မှာ သွားနေရတာလဲ"

"တကယ် တကယ်ပြောတာ၊ အဲဒီဘက်မှာ အခုထိ ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေ လွှမ်းခြုံနေတုန်းပဲတဲ့၊ ဘယ်တစ္ဆေမှ အနား မကပ်ရဲကြဘူး"

"ဘယ်အရှင်သခင်ကများ အဲဒီဘက်ကို သူ့ရဲ့ နယ်မြေအဖြစ် သတ်မှတ်လိုက်တာများလား"

"ဖြစ်နိုင်တယ် ဖြစ်နိုင်တယ် အသက်ရှင်ဖို့က အရေးကြီးတယ်"

……

တိုက်ရိုက်ထုတ်လွှင့်မှု ဘောလုံးလေး၏ အတင်းအဖျင်း ခုံမင်တတ်သော စိတ်ကြောင့် ထိုဒေသတစ်ဝိုက်၌ အချိန်အတော်ကြာသည်အထိ ကြည့်ရှုသူများ၏နောက်ပြောင် ခေါ်ဝေါ်သော 'သုံး-မရှိ' နယ်မြေ အဖြစ် သတ်မှတ်ခံခဲ့ရပေသည်။

'ခိုးစားသူ မရှိ၊ သူခိုး မရှိ၊ ပြဿနာရှာသူ မရှိ’

🫧 Chapter 294

ကျန်းလင်သည် တစ္ဆေနယ်မြေ ဝင်ပေါက်တွင် သုံးရက်တိတိ စောင့်ကြပ်နေပြီးနောက် တစ္ဆေနယ်မြေ အတွင်းမှထွက်ပေါ်လာသော လှိုင်းဂယက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။

သူသည် အလျင်အမြန် လှမ်းကြည့်လိုက်ရာ တစ္ဆေနယ်မြေက တဖြည်းဖြည်း ပျောက်ကွယ်သွားနေကြောင်း တွေ့လိုက်ရသည်။

ထိုအချိန်တွင် အသံတစ်သံကို ဝိုးတဝါး ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

'ကျေးဇူးတင်ပါတယ် ကျွန်တော့်ရဲ့ ခရီးစဉ်ကတော့ ဒီမှာတင် အဆုံးသတ်ပါပြီ'

လူသားတစ်ယောက်အနေဖြင့် သူ့ သက်တမ်းတာဝန် ကုန်ဆုံးသွားခဲ့ပြီ။

နတ်ဘုရားတစ်ပါးအနေဖြင့် သူ့ တာဝန်ဝတ္တရားများလည်း နိဂုံးချုပ်သင့်ပြီ ဖြစ်၏။

ဤအခိုက်အတန့်တွင် ကျန်းလင် ဦးနှောက်ထဲ၌ ရှုပ်ထွေးနေသော မှတ်ဉာဏ်အပိုင်းအစ မြင်ကွင်းများ ရုတ်တရက် ဖြတ်ပြေးသွားတော့သည်။

လူသားမှ နတ်ဘုရားဖြစ်လာပြီး ကောင်းကင်ဘုံမှကောင်း မြတ်သော နိမိတ်လက္ခဏာများ ကျဆင်းလာသည့် မြင်ကွင်း။

နတ်ဘုရားများ၏ ဥပဒေသသုံးထောင်နှင့် တားမြစ်ချက် သုံးထောင်ကို အလွတ်ကျက်မှတ်နေသည့် မြင်ကွင်း။

'ကောင်းကင်ဘုံကို လာခဲ့ပါ'

ဟု တစ်စုံတစ်ယောက်က သူ့ကို ဖိတ်ခေါ်နေသည့် မြင်ကွင်း။

နောက်ပိုင်းတွင် လူ့လောကသို့ ပြောင်းရွှေ့ကာ အနားယူကုသခဲ့ရသည့် မြင်ကွင်း။

ညနက်သန်းခေါင်ယံတွင် အနက်ရောင် မြူခိုးများ ရစ်ပတ်ခံရပြီး စိတ်ထဲတွင် ရုန်းကန်နေရသည့် မြင်ကွင်း။

'ငါက ဘာလို့ သူတို့အတွက် ဒီလောက်အထိ လုပ်ပေးနေရမှာလဲ မလုပ်ဘူး၊ ငါ မလုပ်ချင်ဘူး'

'ဒီကမ္ဘာကြီးက ငါ မရှိလည်း ဆက်ပြီး လည်ပတ်နေမှာပဲ'

ဤသည်မှာ ဝမ်မု၏ မှတ်ဉာဏ်များဖြစ်ကြောင်း ကျန်းလင် သိလိုက်၏။

နတ်ဘုရားဆိုသည်မှာလည်း အမှန်တကယ် စိတ်ခံစားချက် ကင်းမဲ့နေသူမျိုး မဟုတ်ပါချေ။

အရာအားလုံးကို စွန့်လွှတ်ချင်လာသည့် အချိန်မျိုး ရှိတတ်ပေသည်။

ကျန်းလင် သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဤအရာအားလုံးကို တိတ်ဆိတ်စွာ ကြည့်နေ၏။

ဤမြင်ကွင်းများသည် စွမ်းအားများ ဖောက်ပြန်ပြီး အထိန်း အကွပ်မဲ့ သွားခြင်းကြောင့်ပဲ ဖြစ်ဖြစ်၊ တစ်ခုခုကိုချန်ရစ်ထားခဲ့ချင်လို့ပဲ ဖြစ်ဖြစ် သူ ဤနေရာမှနေ၍ သက်သေအဖြစ် ရပ်တည်ပေးနေမည် ဖြစ်၏။

……

တစ္ဆေနယ်မြေတွင် လှုပ်ရှားမှုများ မပေါ်ပေါက်မီ တစ်နာရီအလိုတွင်။

ဖူကျဲ ၊ ချီယန် ၊ ဟန်စစ်စစ် တို့သည် ကျောင်းအုပ်ကြီး ကျိုး ထံမှ ဝမ်မု၏ မြေပုံနေရာ လိပ်စာကို တောင်းယူလာခဲ့ကြ၏။

အနက်ရောင် အုတ်ဂူကျောက်တိုင်ပေါ်တွင် မျက်မှန်တပ်ထားသော ဝမ်မု၏ ဓာတ်ပုံ တစ်ပုံ ရှိပေသည်။

၎င်းသည်ကျောင်းပြီးစအချိန်က ရိုက်ထားသည့်ပုံဖြစ်လောက်၏။

ရုပ်ရည်က နုနယ်ပြီး တက်ကြွလန်းဆန်းနေသည့် အရိပ်အ ယောင်များ ရှိနေသေးသည်။

အုတ်ဂူရှေ့တွင် အဖြူရောင် ပန်းစည်းလေး တစ်စည်းက လေပြေအောက်တွင် ညင်သာစွာ ယိမ်းနွဲ့နေ၏။

ထိုစဉ်ဖူကျဲသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပြောလိုက်သည်။

ဖူကျဲ "ဝမ်ကြီး၊ ခင်ဗျားက တော်တော်စွမ်းတာပဲနော်၊ တစ္ဆေနယ်မြေကြီးကိုတောင် ဖန်တီးနိုင်တယ်"

ဖူကျဲ "တစ္ဆေနယ်မြေ ဖန်တီးတာကို ထားလိုက်ပါတော့၊ ခင်ဗျားက ကျွန်တော်တို့ကိုပဲ ရွေးပြီး ဆွဲသွင်းသွားတာဆိုတော့၊ အငြိုးထားနေတာ မဟုတ်လား"

ဖူကျဲ "အငြိုးထားတာကိုလည်း ထားလိုက်ပါတော့၊ ဘာလို့ ငရဲပြည် စာမေးပွဲဖြေဆိုတဲ့ မုဒ်ကြီးကိုမှ သုံးရတာလဲ အခုတော့ ဟုတ်နေပြီ၊ နေ့တိုင်း စာသင်နေရပြီ"

'တက္ကသိုလ်ဝင်တန်း စာမေးပွဲ မတိုင်ခင် ကျွန်တော်တို့ သေချာပေါက် အောင်မှတ်ရအောင် ဖိအားပေး ခံရတော့မှာ'

'စာညံ့သူတွေ ဘဝပြောင်းသွားပြီဆိုတော့ ခင်ဗျား ပျော်နေပြီလား ဒါပေမယ့် ခင်ဗျားကိုယ်တိုင် သင်ပေးလိုက်တာမှ မဟုတ်တာ၊ ဘာများ ပျော်စရာရှိလို့လဲ'

'ခင်ဗျားက နေ့တိုင်း ကျွန်တော့်ကို ဆူဖို့ပဲ သိတာ၊ အခု ကျွန်တော့်ကို ဘယ်လို ဆူမလဲ ကြည့်ကြသေးတာပေါ့'

'ဖြန်း'

ချီယန် နှင့် ဟန်စစ်စစ် တို့က ဘယ်ညာ တစ်ဖက်စီမှနေ၍ ဖူကျဲ ပခုံးကို ရိုက်ချလိုက်၏။

ချီယန်၊ ဟန်စစ်စစ် "မင်း အိမ်ကထွက်လာတုန်းက ပါးစပ်မှာ အဆိပ်တွေ သုတ်လာတာလား"

ထိုအခါဖူကျဲက တီးတိုး ရေရွတ်လိုက်သည်။

"ဒါဆို ပျားရည် သုတ်လာရမှာလား"

ဟန်စစ်စစ် က ရုတ်တရက် ပြောလိုက်၏။

"ဆရာ၊ သမီးဆီမှာ ပိုက်ဆံ ရှိနေပြီ"

အထက်တန်း ပထမနှစ်တုန်းက သူမ အမှတ်များကတော် တော်လေး ကောင်းခဲ့ပေသည်။

ဒုတိယနှစ်သို့ရောက်သောအခါ မိသားစုတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး ငွေကြေး အလွန်အရေးတကြီး လိုအပ်လာခဲ့၏။

သူမ ကျောင်းထွက်ပြီး အလုပ်ထွက်လုပ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ဝမ်မုက သူမကို အမြဲပြန်ဆွဲခေါ်ခဲ့သည်။

'မင်းမှာ ဘွဲ့လက်မှတ်လည်း မရှိ၊ ခွန်အားလည်း မရှိဘဲနဲ့ ဘာပိုက်ဆံ သွားရှာနိုင်မှာလဲပညာသင်ရမယ့် အချိန်ကောင်းကို အလဟဿ ဖြုန်းတီးပစ်လိုက်တာပဲ ဖြစ်လိမ့်မယ် အကောင်းဆုံး ပိုက်ဆံရှာတဲ့ နည်းလမ်းဆိုတာ အခုလက်ရှိ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံပြီး တန်ဖိုးရှိတဲ့သူ ဖြစ်လာအောင် လုပ်တာပဲ'

'ဆရာ့စကားကို နားထောင်ပါဒီတစ်နှစ်၊ နှစ်နှစ်လောက်ကို သည်းခံပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်အောင် ဖြေလိုက် ဆရာ မင်းအတွက် ထောက်ပံ့ကြေးလျှောက်ပေးမယ်'

တစ်နှစ်၊ နှစ်နှစ် အချိန်အတွင်း အလုပ်သွားလုပ်လျှင်တောင်မှ ပိုက်ဆံ အများကြီး ရှာနိုင်မည် မဟုတ်သကဲ့သို့ ဘာကိုမှလည်း ပြောင်းလဲနိုင်မည် မဟုတ်ပါချေ။

သို့သော် ပညာရပ်ဆိုင်ရာ အသိပညာများကို သင်ယူတတ် မြောက်ထားပါက အရာများစွာကို ပြောင်းလဲပစ်နိုင်ပေသည်။

ဟန်စစ်စစ်သည် ကောင်းကင်ကို မော့ကြည့်လိုက်၏။

"ကျောင်းက ပြောတယ်၊ ဒီတစ်ခေါက် ကျွန်မတို့က ကျောင်းအတွက် ကြော်ငြာပေးလိုက်သလို ဖြစ်သွားလို့ ဆုကြေးငွေ တစ်ချီ ပေးမယ်တဲ့"

ဟန်စစ်စစ် "တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်အောင် ဖြေနိုင်ရင် ထောက်ပံ့ကြေး နောက်တစ်ချီထပ်ပေးဦးမယ်တဲ့"

'ဒါကြောင့်မို့လို့ ဆရာဝမ်သမီး ခိုးပြီး အလုပ်သွားလုပ်မှာကို စိတ်ပူစရာ မလိုတော့ပါဘူး'

'အချိန်ပိုင်းအလုပ်လုပ်တဲ့ ဆိုင်အထိ ညသန်းခေါင် လိုက်ရှာစရာလည်း မလိုတော့ပါဘူး'

လေပြေလေး တစ်ချက်တိုက်ခတ်သွားရာ ပန်းစည်းထဲမှ ပန်းပွင့်ဖတ် အချို့ လွင့်ကျလာတော့၏။

'ကျေးဇူးတင်ပါတယ် ဆရာ'

'ဆရာ ကျွန်တော်တို့အတွက် လုပ်ပေးခဲ့တာတွေက လုံလောက်နေပါပြီ'

……

……

ထိုနေရာ၌စွဲလမ်းမှုများ လွင့်စင်သွားရာ တစ္ဆေနယ်မြေကြီးလည်း ပျောက်ကွယ်သွားတော့သည်။

ထိုအခါကျန်းလင်သည် အစိမ်းရောင် ကြွေပုလင်းငယ် တစ်လုံးကို ထုတ်ယူလိုက်ပြီး တစ္ဆေနယ်မြေ အတွင်းမှ စိမ့်ထွက်လာသော စွမ်းအားများ အားလုံးကို ထိုပုလင်းထဲသို့ ထည့်သွင်းလိုက်သည်။

ဤသည်မှာ အထူးအဆင့် တာဝန်၏ လိုအပ်ချက်များထဲမှ တစ်ခု ဖြစ်ပြီး ထိုကြွေပုလင်းငယ်ကိုလည်း တာဝန်ပေးစင်တာမှ ထုတ်ပေးလိုက်ခြင်း ဖြစ်၏။

ပြန်ယူသွားပြီး ဘာလုပ်မည်ကိုတော့ ကျန်းလင်လည်း သေချာမသိပါချေ။

တစ္ဆေနယ်မြေ၏ မည်သည့် သဲလွန်စမျှ ကျန်ရစ်ခြင်း မရှိတော့ကြောင်း သေချာအောင် စစ်ဆေးပြီးနောက်၊ ကျန်းလင် သည် မလှမ်းမကမ်းရှိ တိတ်ဆိတ်နေသော ကျောင်းဝင်းလေးကို တစ်ချက် လှမ်းကြည့်ကာ ဤနေရာမှ ထွက်ခွာလာခဲ့တော့၏။

ငရဲပြည်သို့ ပြန်ရောက်သောအခါ

သူ့ကို မြင်လိုက်ရသဖြင့် တာဝန်ပေးစင်တာမှ ဝန်ထမ်းများပင် အနည်းငယ် အံ့အားသင့်သွားကြသည်။

ရက်အတော်ကြာသွားပြီ ဖြစ်သဖြင့် သူတို့က တတိယ နည်းလမ်း ဖြစ်သောအင်အားသုံး ဖြိုခွင်းသည့် နည်းလမ်းကို အသုံးပြုရတော့မည်ဟုပင် ထင်မှတ်နေခဲ့ကြခြင်း ဖြစ်၏။

ဝန်ထမ်း "တာဝန်ကို တော်တော်လေး ကောင်းကောင်း ပြီးမြောက်ခဲ့တာပဲ"

ဝန်ထမ်းသည် ကြွေပုလင်းငယ်ကို လှမ်းယူကာ စစ်ဆေးကြည့်ပြီးနောက် ကျန်းလင် ကို ပြောလိုက်၏။

ကျန်းလင် သည် ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။

"ဒီစွမ်းအားတွေကို စုဆောင်းပြီးရင် ဘာအတွက် သုံးမှာလဲ"

သူ၏ အသိအမြင်အရဆိုလျှင် ဤစွမ်းအားများကို ဒီအတိုင်း ထားလိုက်ပါကလည်း နောက်ဆုံးတွင် သဘာဝတရားကြီးထဲသို့ အလိုအလျောက် ပြန်လည် ပေါင်းစပ်သွားမည်သာ ဖြစ်၏။

ဝန်ထမ်း "အသုံးဝင်တဲ့ နေရာတွေ အများကြီး ရှိတာပေါ့"

ဝန်ထမ်းက ပြုံးလိုက်ပြီး မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အမူအရာ ရှိနေသော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်း သော စကားတစ်ခွန်းကို ပြောလိုက်၏။

ဝန်ထမ်း "ဥပမာ ပြောရရင် ငရဲပြည်ရဲ့ စာမေးပွဲ အကဲဖြတ်မှု အမျိုးမျိုးမှာ အသုံးပြုဖို့အတွက် ဒီလိုဆင်တူတဲ့ တစ္ဆေနယ် မြေမျိုးကို ဖန်တီး သုတေသန လုပ်တာမျိုးပေါ့"

ထို့အပြင် အထူးအဆင့် တာဝန်များမှ အသွင်ပြောင်းလာသော စွမ်းအားတိုင်းသည် သဘာဝတရားကြီးထဲသို့ ချောမွေ့စွာ ပြန်လည် ပေါင်းစပ်သွားနိုင်သည်တော့ မဟုတ်ပါချေ။

ဤစကားကိုမူ ဝန်ထမ်းက ထုတ်မပြောခဲ့ပါ။

အထူးအဆင့် တာဝန် ဆိုသည်မှာ မူလကတည်းက ထူးခြား သော အချက်များစွာ ပါဝင်နေပြီးသား ဖြစ်ပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများ အားလုံး အံ့အားသင့်သွားကြပြီး ကွန်မန့်များ တဖွဲဖွဲတက်လာတော့၏။

[ဒါက မကောင်းဆိုးဝါးပဲ မဟုတ်လား မကောင်းဆိုးဝါးပဲ မဟုတ်လား]

[ဟားဟားဟားဟား ရယ်ရလွန်းလို့ သေတော့မယ်၊ တောင်ဘက်နန်းဆောင် ပီသပါပေတယ်]

[တောင်ဘက်နန်းဆောင်က ဝိညာဉ်တွေ အခုချိန် ဘယ်လို ခံစားနေရမလဲ ဆိုတာကို ငါ တော်တော် သိချင်နေပြီ သောက်ကျိုးနည်း ဘယ်သူက ငါ့ကို လာရိုက်သွားတာလဲ]

[အပေါ်က တစ်ယောက်၊ မင်း အဆင်ပြေရဲ့လား ဘိုးဘေးတွေများ ဖြစ်နေမလား၊ အရင်ဆုံး ဒူးထောက်ပြီး ကန်တော့လိုက်ဦးလေ (🤣)]

……

တစ်ချိန်တည်းမှာပင်၊ ဤတစ္ဆေနယ်မြေ ကိစ္စရပ်ကိုဖြတ် သန်းပြီးနောက် လူ့လောကတွင်လည်း ဂယက်ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်လာခဲ့၏။

ဖူကျဲ တို့ တက်ရောက်နေသော ကျောင်းမှ ကျောင်းအုပ်ကြီး ကျိုးမှာ မူလက ကျောင်းသား ခြောက်ယောက်လုံး သတိလစ် မေ့မြောနေသော်လည်း အကြောင်းရင်း ရှာမတွေ့သဖြင့် ဖိအား အတော်လေး ကြီးမားနေခဲ့ပေသည်။

ဤဆယ်ရက်ကျော် ကာလအတွင်း ဆံပင်တွေပင် တော်တော်များများ ကျွတ်သွားခဲ့၏။

မိဘအချို့က အခွင့်ကောင်းယူကာ အင်တာနက်ပေါ်တွင် ကောလာဟလများ ဖန်တီးပြီး 'ဟိုလိုလုပ်ပေးပါ၊ ဒီလိုလုပ်ပေးပါ' နှင့် တောင်းဆိုနေကြသေးသည်။

'ခဏနေ ကျောင်းသားများ၏ ကိုယ်စိတ် ကျန်းမာရေးကို ပြောလိုက်၊ ခဏနေ ဆရာများက ဘယ်လို ဖြစ်သည်ဟု ပြောလိုက်ဖြင့်'ဖူကျဲ တို့ အခြေအနေ မကောင်းရုံတင်မက၊ ကျောင်းအုပ်ကြီးကျိုး၏ ထိုအချိန်ကာလက အခြေအနေမှာလည်း အလွန် ဆိုးရွားနေခဲ့ပေသည်။

ယခုတော့ ကျောင်းသားများ မေ့မြောရသည့် အကြောင်းရင်းကို ရှာတွေ့သွားခဲ့ပြီ ဖြစ်၏။

နိုးလာပြီးနောက် မည်သည့်အနာတရမှ မရှိသည့်အပြင် ကိုယ် တိုင် သတိထား၍ပင် စာစတင်လုပ်နေကြပြီ ဖြစ်သည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ မတိုင်မီ အားသွန်ခွန်စိုက် ကြိုးစားခွင့်လည်း ရနေသေး၏။

ဤတွင် ကျောင်းအုပ်ကြီး ကျိုး၏ ခါးလည်း နောက်ဆုံးတော့ မတ်မတ် ပြန်ထားနိုင်သွားပြီ ဖြစ်ပြီး ဆံပင်များလည်း ဆက်မကျွတ်တော့ပါချေ။

ပြဿနာရှာနေသော မိဘများလည်း ချက်ချင်းပါးစပ်ပိတ်သွားကြတော့သည်။

ကျောင်းအုပ်ကြီးကျိုးသည် ထိုပြဿနာရှာသူများကို ဂရုမစိုက်တော့ဘဲ ကျောင်း၏ စည်းကမ်းပိုင်းကို တိုက်ရိုက် စတင် ပြုပြင်ပြောင်းလဲတော့၏။

ထို့အပြင် ဆင်းရဲနွမ်းပါးသော ကျောင်းသားများကို ထောက် ပံ့ပေးမှု အတိုင်းအတာကိုလည်း တိုးမြှင့်လိုက်သည်။

ဤနေရာတွင် ပြောရလျှင် ယခင်က ကျောင်းလူမိုက် ဖြစ်ခဲ့သော ဖူကျဲ က ဦးဆောင်ပြီး စာလုပ်လာခြင်းက အခြား ကျောင်းသား အချို့ကိုလည်း အမှန်တကယ် စာလုပ်လာစေရန် လှုံ့ဆော်ပေးနိုင်ခဲ့ပေသည်။

သို့သော် ကျောင်းအုပ်ကြီးကျိုး၏ ရည်ရွယ်ချက်က ဤမျှနှင့် မပြီးသေးပါချေ။

လုပ်မယ်ဆိုရင်လည်း အကြီးကြီးတစ်ပွဲလောက် လုပ်လိုက်ဦးမည်။

ဤတစ်ခေါက် မရဏလောက live အခန်းရဲ့ အရှိန်အဝါကို အခွင့်ကောင်းယူပြီး တချို့သော ပြဿနာတွေကို တစ်ခါ တည်း အမြစ်ပြတ် ရှင်းထုတ်ပစ်လိုက်မည်။

ကျောင်းအုပ်ကြီးကျိုးက အလွန် ရှင်းလင်းစွာ မြင်ထားပေသည်။

'မင်းတို့မိသားစုက ပိုက်ဆံရှိလို့ပဲ ဖြစ်ဖြစ်၊ အာဏာရှိလို့ပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ အထက်ကို တိုက်ရိုက် တိုင်စာပို့ပစ်မယ်'

'live အခန်းထဲမှာ အာဏာရှိတဲ့သူ၊ အရှိန်အဝါရှိတဲ့သူတွေ နည်းနေလို့လား အထက်က လူတွေ ဝင်ပါလာရင် မင်းတို့ ဘယ်လို ပါးစပ်ဟရဲသေးလဲ ကြည့်ကြသေးတာပေါ့'

မရဏလောက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက သူတို့အတွက် 'အရှိန်အဝါ' အားလုံးကို ဖန်တီးပေးပြီးသွားပြီ ဖြစ်ရာ၊ ယခု လိုအပ်နေသည်က အခွင့်အခါကောင်း (အရှေ့လေ) တစ်ခုသာ ဖြစ်တော့၏။

'ကျောင်းဆိုတာ စာသင်တဲ့နေရာ ဘယ်သူမဆိုဝင်ပြီး ပြဿနာရှာ၊ နှောင့်ယှက်လို့ရတဲ့ နေရာမျိုး မဟုတ်ဘူး’

All Chapters