← Chapters

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

အခန်း (၂၉၉-၃၀၀)

Vol. 30 Ch. 299-300

🫧 Chapter 299

[ငါတို့ VIP ဖောက်သည်တွေ ကြည့်လို့မရတဲ့ အရာများ ရှိနေလို့လား]

[ငါ သိချင်တာက အခုလေးတင် ထွက်ခွာတော့မယ်ဆို၊ ဘာလို့ ရုတ်တရက်ကြီး {ဆင်ဆာဖြတ်} တဲ့ မြင်ကွင်းတွေ ပေါ်လာရတာလဲ]

[live အခန်းက ချို့ယွင်းသွားတာလား သင်္ဘောကြမ်းပြင်ကြီးက ဘာများ ကြည့်ကောင်းလို့လဲ၊ ဒါမှမဟုတ် ငါကပဲ Streamer ရဲ့ ခန့်ညားတဲ့ မျက်နှာကို ကြည့်ခွင့်မရှိတာလား]

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်း ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် ကြည့်ရှုသူများမှာ ချက်ချင်း သဘောမပေါက်လိုက်ကြပါချေ။

သဘောပေါက်သွားချိန်တွင်တော့ ပိုကြောင်အမ်းသွားကြတော့၏။

[ခုနက ဘာ {ဆင်ဆာဖြတ်} ရမယ့် အကြောင်းအရာမှ မပေါ်လာခဲ့ပါဘူးနော်]

[ဘာအခြေအနေလဲ Streamer အဆင်ပြေရဲ့လား]

ဝိညာဉ်လက်နက် သင်္ဘောပေါ်တွင်

ကျန်းလင်သည် သင်္ဘောအတွင်းသို့ ရုတ်တရက် တိုးဝင်လာသော တိုက်ရိုက်ထုတ်လွှင့်မှု ဘောလုံးလေးကိုကြည့်ကာ စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားမိ၏။

'ဒီအကောင်ပေါက်လေးက ပုံမှန်ဆို ဘာဖြစ်ဖြစ် ဝင်ကြည့်ချင်တဲ့၊ အတင်းအဖျင်းအရမ်း ခုံမင်တဲ့ ကောင်လေးလေ'

'ဘာလို့ ရုတ်တရက်ကြီး ဒီလောက်လိမ္မာသွားရတာလဲ'

ကျန်းလင်သည် အမူအရာ မပျက်စေဘဲ ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်သော်လည်း ထူးခြားသည့် အခြေအနေသစ် တစ်ခုမျှ မတွေ့ရပါချေ။

ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်အလား သူသည် အထက်သို့ မော့ကြည့်လိုက်၏။

ထိုအချိန်မှာပင် အနီရောင်ဝတ်စုံနှင့် ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော ပုံရိပ်တစ်ခု ဤဘက်သို့ ပျံသန်းလာသည်ကို အတိအကျ မြင်တွေ့လိုက်ရသည်။

တန်းရန် "သခင်ကြီးကျုံးခွေ "

လီစုန့် နှင့် တန်းရန်တို့က ဝမ်းသာအားရဖြင့် အနားသို့ တိုးသွားကြ၏။

ကျုံးခွေကြီးက သူတို့ကို လာနှုတ်ဆက်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပါချေ။

စိတ်ထဲတွင် အလွန် ပျော်ရွှင်သွားကြသည်။

'တရားသူကြီးလား'

ကျုံးခွေ၏ ခါးရှိ အလုပ်အသိအမှတ်ပြု တံဆိပ်ပြားမှ ထွက်ပေါ်နေသော အငွေ့အသက်ကို ခံစားမိလိုက်သည်နှင့် သင်္ဘောပေါ်ရှိ ဝိညာဉ်တမန်တော်များ အားလုံးလှမ်းကြည့်လာကြ၏။

ငရဲပြည် တံခါးဝတွင် ဝင်ထွက်နေသော ဝိညာဉ်တမန်တော်များပင် အရှိန်လျှော့ကာ ဤဘက်သို့ လှမ်းကြည့်လာကြသည်။

'နားစွင့်ကြည့်ရမလား' ဟု တွေးနေကြပုံရ၏။

ကျုံးခွေ နှင့် လီစုန့်၊ တန်းရန် တို့ စကားပြောနေစဉ် ရွှီယိုကျိ က အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များကို ခေါ်ကာ အနားသို့ ချဉ်းကပ်လာခဲ့သည်။

လီစုန့် နှင့် တန်းရန် တို့ကို ဂရုမစိုက်လျှင် ရသော်လည်း တောင်ဘက်နန်းဆောင်မှ တရားသူကြီး ရောက်လာပြီ ဖြစ်ရာ သူတို့ သွားရောက် နှုတ်ဆက်သင့်ပေသည်။

ရွှီယိုကျိ "သခင်ကြီးကျုံးခွေ "

ကျုံးခွေ "အရှေ့ဘက်နန်းဆောင်က မိတ်ဆွေတို့ ဒီမှာ နေရတာ အဆင်ပြေရဲ့လား"

ကျုံးခွေသည် တန်းရန်၏ ခေါင်းလုံးလုံးလေးကို ပုတ်ကာ ပြုံးရွှင်စွာ လှမ်းကြည့်လိုက်၏။

ရွှီယိုကျိလည်း ပြုံးလျက် ပြန်ဖြေလိုက်သည်။

"အဆင်ပြေပါတယ်"

"တောင်ဘက်နန်းဆောင်က အရှေ့ဘက်နန်းဆောင်နဲ့ မတူဘူးဆိုတော့ သင်ယူစရာတွေ အများကြီး ရလိုက်ပါတယ် တော်တော်လေးလည်း စိတ်ဝင်စားဖို့ ကောင်းတယ်"

ကျုံးခွေ "ဒါဆိုရင် နောက်ပိုင်း အချိန်ရရင် အလည်လာခဲ့ကြလေ"

ကျုံးခွေ ပြောရင်းနှင့် ချက်ချင်းပင် တောင်ဘက်နန်းဆောင် ဖြတ်သန်းခွင့် ကတ်ပြားအချို့ကို ထုတ်ကာ အရှေ့ဘက်နန်းဆောင် ဝိညာဉ်တမန်တော်များထံသို့ ကမ်းပေးလိုက်၏။

ဒီတုံ့ပြန်မှုကြောင့် ရွှီယိုကျိ မှာ အနည်းငယ် ကြောင်အမ်းသွားတော့သည်။

'သခင်ကြီး ကျုံးခွေ ရဲ့ ပုံစံက ဒီစကားကို ပြောဖို့ စောင့်နေတာ ကြာပြီ၊ ပြီးတော့ ဖြတ်သန်းခွင့် ကတ်ပြားတွေကို ကမန်းကတန်း ထုတ်ပေးဖို့ ကြံစည်ထားသလိုပဲ'

'သူ့ရဲ့ စိတ်ထင်လို့များလား'

ရွှီယိုကျိ "အချိန်ရရင် သေချာပေါက် လာခဲ့ပါ့မယ်"

ဒီလောက်နဲ့ပဲ ပြီးသွားပြီဟု သူ ထင်ခဲ့မိ၏။

ဧည့်ဝတ်ကျေပွန်တဲ့ စကားတွေဆိုတာ ဒီလောက်ပြောရင် ပြီးပြီပဲလေ။

သို့သော် မထင်မှတ်ဘဲ ကျုံးခွေက ဆက်ပြောလာပြန်၏။

သူ ပြောလိုက်သော စကားများကြောင့် အရှေ့ဘက်နန်းဆောင် ဝိညာဉ်တမန်တော်များမှာ နားထောင်ရင်း ကြောင်အမ်းသွားကြတော့သည်။

ထိုစကားများ၏ အကြမ်းဖျင်း အဓိပ္ပာယ်မှာ ချိတ်ပိတ်ရေး အဖွဲ့ဝင်များ ပြောပြချက်အရ ရွှီယိုကျိတို့၏ ချိတ်ပိတ်မှုက အလွန်ကောင်းမွန်ပြီး ကျွမ်းကျင်မှု ရှိကြောင်း၊ သူတို့ထံမှ သင်ယူစရာများစွာ ရရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် နန်းဆောင်နှစ်ခု အနေဖြင့် မကြာခဏ အဆက်အသွယ်လုပ်ပြီး ဖလှယ်မှုများ ပြုလုပ်နိုင်ကြောင်း၊ ထို့အပြင် ချင်ကျိုးကျိုး ၏ဟင်းချက်လက်ရာက အလွန် ကောင်းမွန်ပြီး အဝေးကြီးကနေတောင် အနံ့ရကာ သွားရည်ကျစေကြောင်း၊ တစ္ဆေဈေးတန်းမှ စားဖိုမှူးကြီးများကပင် သူမထံမှ ပညာသင်ယူချင်နေကြောင်း၊ အနက်ရောင်ဝိညာဉ်တမန်တော် လျိုပုဝေ ကိုယ်တိုင် အချုပ်ခန်းထဲ ဝင်ကာ တိုက်ခိုက်ရေး ဝင်လုပ်ခဲ့သည့် ကိစ္စကိုလည်း ထည့်ပြောကာ သူက တောင်ဘက်နန်းဆောင်၏စတိုင်လ်နှင့် အလွန်ကိုက်ညီကြောင်း၊ ကျန်းလင် က တောင်ဘက်နန်းဆောင်၏ စွမ်းရည်များကို အလွန်မြန် ဆန်စွာ သင်ယူနိုင်ပြီး သဘောတရားများကို နက်နက်ရှိုင်းရှိုင်း နားလည်ကြောင်း၊ အနာဂတ်အတွက် မျှော်လင့်ချက် ကြီးကြီးမားမား ရှိကြောင်း ပြီးလျှင် ဝိညာဉ်လက်နက်အလုပ်ရုံမှ အားစစ် အကြောင်းကိုပါအရှေ့ဘက်နန်းဆောင်က ဝိညာဉ်တမန်တော် အကုန်လုံးအကြောင်းကို သူက တစ်ယောက်မကျန် ထည့်ပြောသွားခဲ့သည်။

ကျန်းလင်တို့ တောင်ဘက်နန်းဆောင်တွင် ရှိနေစဉ်အတွင်း ကျုံးခွေတစ်ခါမှ မျက်နှာမပြခဲ့ပါချေ။

သို့သော် ဤစကားများကို ထောက်ရှုကြည့်ပါက သူက အရာအားလုံးကို သိရှိနေသည့်ပုံ ပေါက်နေပေသည်။

"......"

အစပိုင်းတွင် ရွှီယိုကျိလည်း ပြုံးရွှင်စွာဖြင့် 'ခင်ဗျားက ကျွန်တော်တို့ကို ချီးကျူး၊ ကျွန်တော်တို့က ခင်ဗျားတို့ကို ပြန်ချီးကျူးမယ်' ဆိုသည့် ပုံစံဖြင့် တုံ့ပြန်နေခဲ့သေး၏။

သို့သော် နားထောင်လေလေ ရွှီယိုကျိ စိတ်ထဲတွင် သံသယ ဝင်လေလေ ဖြစ်လာတော့သည်။

'သခင်ကြီးကျုံးခွေက ဘာလို့ ဒီစကားတွေ လာပြောနေရတာလဲ'

'ပြီးတော့ ဘာလို့ ထူးဆန်းတဲ့ ခံစားချက်ကြီး ရနေရတာလဲ'

'ဒီ ကျုံးခွေက သူတို့ကိုများ သူ့ဘက်ပါအောင် သိမ်းသွင်းနေတာလား'

ထိုသို့ တွေးနေစဉ်မှာပင် ကျုံးခွေက ဟားဟားဟား ရယ်မောကာ ပြောလိုက်၏။

ကျုံးခွေ "မင်းတို့တွေ တောင်ဘက်နန်းဆောင်မှာ လာနေကြမလား၊ ငါ ကြည့်ရသလောက်တော့ မင်းတို့က ငါတို့ တောင်ဘက်နန်းဆောင်ရဲ့ စတိုင်လ်နဲ့ တော်တော်လေးကိုက်ညီနေသလိုပဲ"

"....."

ထိုအခါ ရွှီယိုကျိ၏ ရင်ထဲတွင် 'ဒိတ်' ကနဲ ဖြစ်သွားပြီး ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်မိ၏။

'သူ မှားသွားပြီ၊ ဘာထင်ယောင်ထင်မှားမှ မဟုတ်ဘူး'

'ဒီသခင်ကြီးကျုံးခွေက အရှေ့ဘက်နန်းဆောင်ရဲ့ လူတွေကို ဗြောင်ကျကျကြီး လုယူနေတာပဲ'

'ဒါ ဒါကြီးက'

ရွှီယိုကျိမှာ ချက်ချင်းအသံထွက်မလာတော့ဘဲ လက်ဝါးများပင် ချွေးပြန်လာတော့၏။

'ကျုံးခွေ ခင်ဗျား ဒီလိုလုပ်နေတာကို တောင်ဘက်နန်းဆောင်က ယမမင်းကြီး သိရဲ့လား'

'အရှေ့ဘက်နန်းဆောင်က ယမမင်းကြီးရော သိရဲ့လား'

'ဒီလို ဗြောင်ကျကျ လူလုနေတာ တကယ်ပဲ ကောင်းရဲ့လား'

……

တိတ်ဆိတ်မှုကြားတွင်

ကျုံးခွေ ကိုယ်တိုင်ပင် ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

"ဟားဟားဟား... ငါက ဒီအတိုင်း လျှောက်ပြောကြည့်တာပါ"

သူ့အကြည့်များက အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော် အဖွဲ့ဝင်များအပေါ် ဖြတ်ပြေးသွားသည်။

"တောင်ဘက်နန်းဆောင်ကတော့ မင်းတို့ အချိန်မရွေး လာရောက် ဖလှယ်လေ့လာဖို့ ကြိုဆိုနေပါတယ်"

ရွှီယိုကျိ "......"

'သူ မယုံဘူး'

ဒီတစ်ခါတော့ ရွှီယိုကျိအနေဖြင့် 'အရှေ့ဘက်နန်းဆောင်ကလည်း ခင်ဗျားတို့ လာတာကို အချိန်မရွေး ကြိုဆိုပါတယ်' ဆိုသည့် ဧည့်ဝတ်ကျေပွန်သော စကားမျိုး လုံးဝမပြောရဲတော့ပါချေ။

'တကယ်လို့ ကျုံးခွေက အရှေ့ဘက်နန်းဆောင်ကို တိုက်ရိုက် လာပြီး လူလုရင် ဘယ်လိုလုပ်မလဲ'

သူက ဟုတ်ကဲ့ ဟုတ်ကဲ့ ဟု မပွင့်တပွင့် တုံ့ပြန်လိုက်ပြီး ကျုံးခွေကို နှုတ်ဆက် ပို့ဆောင်လိုက်၏။

သို့သော် သူ့စိတ်ထဲတွင်တော့ စိုးရိမ်နေဆဲဖြစ်သည်။

ရွှီယိုကျိ "ထွက်ခွာဖို့ ပြင်ကြ"

ရွှီယိုကျိသည် နောက်သို့ လှည့်လိုက်ပြီး တစ်စက္ကန့်မျှပင် ထပ်မစောင့်တော့ဘဲ ဝိညာဉ်လက်နက် သင်္ဘောကြီးကို ချက်ချင်း လေပေါ်သို့ ပျံတက်စေလိုက်သည်။

လီစုန့်၊ တန်းရန် "ဟုတ်ကဲ့ပါ"

လီစုန့် နှင့် တန်းရန်တို့သည် အသစ်ရထားသော ဝိညာဉ်လက်နက် ဖြစ်သည့် လက်ဝါးအရွယ်အစားခန့် ရှိသော ဘူးသီးခြောက်နှစ်လုံးကို ကမန်းကတန်း ထုတ်ယူလိုက်ကြ၏။

ထို့နောက်သူတို့၏လက်ထဲမှ တစ္ဆေချီများ ထွက်ပေါ်လာပြီး ဘူးသီးခြောက် အတွင်းသို့ ဖြောင့်တန်းစွာ ဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ကြရသည်။

ခဏအကြာတွင် ထိုဝိညာဉ်လက်နက်မှာ တစ်မီတာခန့် ရှည်လျားသော ဘူးသီးခြောက်ကြီး အဖြစ်သို့ ပြောင်းလဲသွားတော့၏။

ကလေး နှစ်ယောက်သည် ဖွဖွလေးခုန်တက်ကာ ဘူးသီးခြောက်ပေါ်တွင် တစ်ယောက်က ထိုင်လျက်၊ တစ်ယောက်က မတ်တတ်ရပ်လျက် နေရာယူလိုက်ကြသည်။

ရွှီယိုကျိ "ထွက်မယ်"

ရွှီယိုကျိ၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက်၊ ဝိညာဉ်လက်နက် သင်္ဘောကြီး တစ်ခုလုံးက လေပေါ်သို့ 'ဝှစ်' ကနဲ ပျံတက်သွားတော့၏။

ထို့နောက် မရဏလောက လမ်းကြောင်းကို ဖြတ်ကျော်ကာ လူ့လောကသို့ ရောက်ရှိပြီး တိမ်တိုက်များ အတွင်းသို့ တိုက်ရိုက် ထိုးတက်သွားသည်။

အနောက်မှ ဘူးသီးခြောက်ကြီး နှစ်လုံး လိုက်ပါလာချိန်တွင်၊ ဝိညာဉ်လက်နက် သင်္ဘောကြီးမှာ အနောက်ဘက် နယ်မြေ ဦးတည်ရာသို့ ခရီးအတော်အတန် ရောက်ရှိနေပြီ ဖြစ်သည်။

တန်းရန် "အစ်ကို၊ ဟိုအဘိုးကြီးက ဘာလို့ ရုတ်တရက် မျက်နှာ ပြောင်းသွားရတာလဲ၊ အသက်လု ထွက်ပြေးနေရသလိုပဲ"

တန်းရန်သည် ဘူးသီးခြောက်ပေါ်တွင် ထိုင်လျက် ထူးဆန်းစွာ မေးလိုက်၏။

'ခုနက ကျုံးခွေ သခင်ကြီးတို့ရဲ့ စကားပြောတာကို သူလည်း ကြားလိုက်တာပဲလေ'

'သူတို့ကို တောင်ဘက်နန်းဆောင်မှာ လာနေမလားလို့ မေးတာ မဟုတ်ဘူးလား၊ သူငယ်ချင်းအချင်းချင်းဆိုရင်လည်း ဒီလိုမျိုး မကြာခဏ ပြောလေ့ရှိတာပဲ မဟုတ်လား'

'ဘာမှလည်း ထူးဆန်းတာ မပါပါဘူး'

လီစုန့် သည် ဘူးသီးခြောက်ပေါ်တွင် မတ်တတ်ရပ်ကာ ခဏစဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။

လီစုန့် "တန်းရန်၊ ငါတို့က ကလေးတွေလေ လူကြီးတွေ ပြောတဲ့ စကားတွေကို နားထောင်ရုံပဲ နားထောင်လိုက် သူတို့ရဲ့ တွေးခေါ်ပုံက ငါတို့နဲ့ မတူဘူး"

တန်းရန်သည် ခေါင်းလေးကို စောင်းကာ ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။

တန်းရန် "အစ်ကို ပြောတာ အဓိပ္ပာယ် ရှိတယ်"

'သူတို့က ကလေးတွေလေ၊ အဲဒီလောက် အများကြီး ဂရုစိုက်နေစရာ မလိုပါဘူး'

'ပျော်ဖို့က အဓိကပဲ'

ဝိညာဉ်လက်နက် သင်္ဘောကြီးသည် အမြန်ဆုံး အရှိန်ဖြင့် တစ်နာရီခန့် မောင်းနှင်ပြီးနောက်မှသာ အရှိန်ကို အနည်းငယ် လျှော့ချလိုက်တော့၏။

"ဟူး"

ရွှီယိုကျိသည် တောင်ဘက်နန်းဆောင် ရှိရာဘက်သို့ ကြည့်ကာ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ကာ နဖူးပေါ်မှ ချွေးအေးများကို သုတ်လိုက်၏။

'ခုနက အခိုက်အတန့်လေးမှာ တောင်ဘက်နန်းဆောင်က သူတို့ကို ပေးမပြန်တော့ဘူးလို့တောင် သူ တကယ် ထင်လိုက်မိတာ'

'အဲဒီ ကျုံးခွေ သခင်ကြီးက တကယ်ကို ဘာမဆိုပြောရဲတာပဲ'

သူသည် နောက်သို့ လှည့်ကာ အနောက်ရှိ အဖွဲ့ဝင်များကို တစ်ချက် ကြည့်လိုက်၏။

'တော်သေးတာပေါ့၊ တစ်ယောက်မှ မလျော့ဘူး'

ဒီခရီးစဉ် မစတင်ခင်ကတည်းက ယမမင်းကြီးက သူ့ကို သေချာမှာကြားထားခဲ့သည်။

အဖွဲ့ဝင်တွေ အကုန်လုံးကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့ရမယ် တဲ့လေ။

'တကယ်လို့ ခေါင်းမာပြီးမပြန်ချင်ဘူး ဆိုရင် ခြေထောက်ကို ရိုက်ချိုးပြီးတော့ဖြစ်ဖြစ် ပြန်ခေါ်လာခဲ့ရမယ် တဲ့'

'အထူးသဖြင့် ဟိုအဖြူရောင်ဝိညာဉ်တမန်တော်ကျန်းလင် ပေါ့၊ တခြား နန်းဆောင်တွေမှာ လုံးဝကျန်ရစ်ခဲ့လို့ မဖြစ်ဘူး တဲ့လေ'

"......"

ရွှီယိုကျိ သည် ကျောပေးထားရင်း သူ့ တောင့်တင်းနေသော မျက်နှာကို တိတ်တဆိတ် ပွတ်သပ်လိုက်၏။

'ယမမင်းကြီးရေ တကယ်လို့ တခြားသူတွေရဲ့ ပေါက်ပြား (တူးရွင်း) က အရမ်း ထက်မြက်နေရင် ဘယ်လိုလုပ်ရမလဲ'

(မှတ်ချက် ပေါက်ပြားထက်မြက်သည် ဆိုသည်မှာ သူများလူကို မိမိဘက်ပါအောင် လုယူသွေးဆောင်ရာတွင် အလွန် တော်သည် ဟု တင်စားပြောဆိုခြင်း ဖြစ်ပါသည်။)

……

တောင်ဘက်နန်းဆောင် ငရဲပြည်

ကျုံးခွေသည် စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို အမှန်ခြစ်လိုက်၊ ကြက်ခြေခတ်လိုက် လုပ်နေ၏။

ထို့နောက် အသုံးစရိတ် မျိုးစုံကို ကြည့်ရင်း သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်မိသည်။

'နောက်ထပ် အချိန်အတိုင်းအတာ တစ်ခုအထိတော့ ချွေတာသုံးစွဲရဦးမယ်'

'ပိုက်ဆံရမယ့် နည်းလမ်းလေးများ တစ်ခုခုစဉ်းစားသင့်နေပြီလား'

🫧 Chapter 300

"ပြီးခဲ့တဲ့အဆက်ကို ပြန်ပြောရရင် တောင်ဘက်နန်းဆောင်ရဲ့ ကျင့်စဉ်တွေနဲ့ စွမ်းရည်တွေက အရမ်းကို ထူးချွန်ပြောင်မြောက်တယ် ဆိုတာ အားလုံးအသိပဲ၊ ကောင်းကင်မှာ ပျံသန်းနိုင်တဲ့ အတောင်ပံတွေ၊ အရောင်ပြောင်းသွားတဲ့ အသားအရေတွေ၊ မီးတောက်တွေ ပါနေတဲ့ အဝတ်အစားတွေ အဲဒါကိုပဲ ပုံစံအမျိုးမျိုး၊ အပြောင်းအလဲ အဖုံဖုံလို့ ခေါ်တာပေါ့"

'ဒေါက်'

ပုံပြောဆရာ၏ လက်ထဲမှ သစ်သားတုံးလေးက စားပွဲပေါ်သို့ ရိုက်ချလိုက်ရာ၊ လက်ဖက်ရည်ဆိုင် အတွင်းရှိ တစ္ဆေများ အားလုံး၏ စိတ်အာရုံများမှာ တစ်ပြိုင်နက်တည်း လန်းဆန်းတက်ကြွသွားတော့၏။

ပါးစပ်နား ရောက်နေသော လက်ဖက်ရည်ကိုပင် မသောက်ကြတော့ချေ။

ပုံပြောဆရာ "ဒီတစ်ခေါက်တော့ ဝိညာဉ်တမန်တော်ကျန်း တစ္ဆေဈေးတန်းကို ရောက်သွားပြီးတဲ့နောက် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ပြောပြမယ်"

ပုံပြောဆရာ "အဲဒီ တောင်ဘက်နန်းဆောင်ရဲ့ တစ္ဆေဈေးတန်းမှာ ပြိုင်ဝင်းတစ်ခုရှိတယ် အဲဒီအပေါ်ကို တက်သွားတဲ့သူတိုင်းက တခြား တစ္ဆေတွေ အားလုံးရဲ့ စိန်ခေါ်မှုကို လက်ခံရတယ်"

ပုံပြောဆရာ "ဒီပြိုင်ဝင်းက သာမန် မဟုတ်ဘူး၊ အပေါ်ရောက်သွားတဲ့ တစ္ဆေတိုင်းရဲ့ ခန္ဓာကိုယ်ထဲက တစ္ဆေချီတွေ အားလုံး ဖိနှိပ်ခံလိုက်ရတယ် နဂါးဖြစ်နေရင်တောင် ခွေခွေလေး နေရတာပဲ"

လက်ဖက်ရည်ဆိုင်ထဲမှ တစ္ဆေတစ်ကောင်က သိချင်စိတ်ဖြင့် မေးလိုက်၏။

"ဒါဆို သူတို့က ဘယ်လိုလုပ် ယှဉ်ပြိုင်ကြတော့မှာလဲ"

ပုံပြောဆရာ "ဒီဧည့်သည် မေးတာ တော်တော် ကောင်းတယ်"

ပုံပြောဆရာက သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်ပြီး ဆက်ပြောသည်။

"တောင်ဘက်နန်းဆောင်က အကျွမ်းကျင်ဆုံး အရာက ဘာလဲလို့ မေးရင် ကျင့်စဉ်နဲ့ စွမ်းရည်တွေလေ"

ပုံပြောဆရာ "သူတို့ စင်ပေါ်တက်ပြီး ယှဉ်ပြိုင်ကြတာက အဲဒါတွေပဲ ဘယ်သူက ပညာပိုသာလဲ ဆိုတာကို ကြည့်ကြတာ နောက်ဆုံး ကျန်ရစ်တဲ့သူက တစ္ဆေဈေးတန်းက အသိအမှတ် ပြုတဲ့ အရှင်သခင်ပဲ"

လက်ဖက်ရည်ဆိုင်ထဲရှိ တစ္ဆေများ အားလုံးက စိတ်ပါလက်ပါ နားထောင်နေကြ၏။

ပခုံးပေါ်တွင် ကြောင်လေး တစ်ကောင် တင်ထားသော မိန်းကလေး တစ်ဦးလည်း ထိုအထဲတွင် ထိုင်နေပြီး လက်နှစ်ဖက်ဖြင့် မေးစေ့ကို ထောက်ထားသည်။

'စီနီယာတွေ ထွက်သွားကတည်းကဆိုရင် အခုဆို တစ်လလောက် ရှိတော့မယ်ထင်တယ်'

'အပြင်ကမ္ဘာကြီးက နားထောင်ရတာ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပုံပဲ'

'တောင်ဘက်နန်းဆောင်'

'စီနီယာတို့ ဒီတစ်ခေါက် ခရီးစဉ်မှာ သေချာပေါက် အများကြီး သင်ယူနိုင်ခဲ့မှာပဲ'

ပုံပြောဆရာ၏ စိတ်ဝင်စားဖွယ် စွမ်းရည်များ အကြောင်းကို နားထောင်ပြီးနောက်၊ ချီယောင်ယောင် သည် လက်မြှောက်ကာ မေးလိုက်၏။

ချီယောင်ယောင် "ဆရာကြီး၊ ဝိညာဉ်တမန်တော်ကျန်းရော စင်ပေါ် တက်သွားသေးလား"

ထိုစကား ထွက်ပေါ်လာသည်နှင့် ဘေးနားရှိ အခြား တစ္ဆေများကလည်း ဝိုင်းမေးကြတော့သည်။

"ဟုတ်တယ် ဟုတ်တယ်၊ ဝိညာဉ်တမန်တော်ကျန်းရော ဝင်ပြိုင်သေးလား"

"ဒီလောက် စိတ်လှုပ်ရှားစရာကောင်းတဲ့ ပြိုင်ပွဲမှာ ဝိညာဉ်တမန်တော်ကျန်းမပါဘဲ ဘယ်ဖြစ်မလဲ"

……

လက်ဖက်ရည်ဆိုင် တံခါးဝတွင် ရွှီကုစစ်သည် အဖေဖြစ်သူ ရွှီရှို့စစ်ကို ဆွဲကာ အထဲသို့ ဝင်လာ၏။

ဝင်ဝင်ချင်း လူတိုင်းက ဦးလေးကျန်းအကြောင်းကို ပြောနေကြသည်ကို ကြားလိုက်ရသဖြင့်၊ ရွှီကုဇစ်သည် အဖေဖြစ်သူကိုဆွဲကာ နေရာလွတ် တစ်ခုကို အမြန်ရှာထိုင်လိုက်သည်။

ရွှီကုစစ် "အဖေ မြန်မြန်နားထောင်၊ သူတို့ ဦးလေးကျန်း အကြောင်း ပြောနေကြတယ်"

ရွှီရှို့စစ် သက်ပြင်းချကာ ပြောလိုက်၏

"မင်းက ငါ့ကို အပြင်ထွက် လမ်းလျှောက်ဖို့ အဖော်လုပ်ခိုင်းတာ၊ အဲဒီကောင် အကြောင်း လာနားထောင်ဖို့လား"

'ဒီကောင်လေးတော့လေ'

'သူ အနိုင်နိုင် အနားယူရတဲ့ တစ်ရက်လေးမှာတောင် ကျန်းလင် အပြင်မှာ ဘယ်လောက်စွမ်းတယ် ဆိုတဲ့အကြောင်းကို လာနားထောင်ခိုင်းနေတယ်'

'တကယ်ပါပဲ'

သက်ပြင်းချလျက်ရွှီရှို့စစ်က "စားပွဲထိုး၊ ဖရဲစေ့ တစ်ပွဲ ပေး" ဟု ပြောလိုက်၏။

'ဒေါက်'

ရုတ်တရက် ပုံပြောဆရာ၏ လက်ထဲမှ သစ်သားတုံး ရိုက်ချသံကြောင့် ရွှီရှို့စစ်လက်များ တုန်သွားပြီး ဖရဲစေ့များ အောက်သို့ ပြုတ်ကျသွားတော့သည်။

"ချီးပဲ"

ပုံပြောဆရာ "အဲဒီ ပြိုင်ပွဲဝင် အရှင်သခင်က တက်လာသမျှ စိန်ခေါ်သူတွေ အကုန်လုံးကို ရိုက်နှက် အနိုင်ယူပြီးသွားတော့၊ သူ့ရဲ့ အကြည့်တွေက ဝိညာဉ်တမန်တော်ကျန်း ဆီကို ရောက်သွားတယ် လက်ညှိုးလေးကွေးပြပြီး ငါတို့ အရှေ့ဘက်နန်းဆောင်ရဲ့ ဝိညာဉ်တမန်တော်ကို စိန်ခေါ်လိုက်တယ်"

ပုံပြောဆရာသည် သစ်သားတုံးကို ချလိုက်ပြီး အားမာန်အပြည့်ဖြင့်ပြောလိုက်၏။

"ဒါပေမယ့် ဝိညာဉ်တမန်တော်ကျန်းက တောင်ဘက်နန်းဆောင်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာ၊ ပြိုင်ဝင်းပေါ်မှာလည်း တစ်ခါမှ မယှဉ်ပြိုင်ဖူးဘူး တောင်ဘက်နန်းဆောင်က ကျင့်စဉ် စွမ်းရည်တွေကိုလည်း တစ်ခါမှ မသင်ဖူးဘူးလေ"

"ဒါဆို သူ ဘယ်လိုလုပ်ပြီး အနိုင်ယူမလဲ"

ဤအချိန်တွင် ရွှီရှို့စစ်သည် လက်ထဲတွင် ဖရဲစေ့ တစ်ဆုပ်ကို ကိုင်ထားသော်လည်း မစားနိုင်တော့ချေ။

ကျန်းလင်အတွက် စိုးရိမ်နေမိစဉ်မှာပင် အရှေ့မှ အသံ တိတ်သွားကြောင်း သတိထားမိလိုက်၏။

မော့ကြည့်လိုက်ရာ ပုံပြောဆရာမှာ စကားမပြောတော့ဘဲ ပြုံးရွှင်စွာဖြင့် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုအခါသူ မနေနိုင်တော့ဘဲ ထမေးလိုက်၏။

"နောက်ပိုင်းရော၊ နောက်ပိုင်း ဘယ်လို ဆက်ဖြစ်လဲ"

'ဘာလို့ ဆက်မပြောတော့တာလဲ'

'ဒါ တမင်သက်သက် တစ္ဆေတွေကို သေမတတ် စိတ်လော အောင် လုပ်နေတာ မဟုတ်လား'

"နောက်ပိုင်းကို ဆက်နားထောင်ချင်ရင် ပိုက်ဆံပေးရမယ်"

အရှေ့မှ တစ္ဆေတစ်ကောင်က ပြောလိုက်ပြီး ပုံပြောဆရာ၏ ဘေးရှိ ပန်းကန်လုံးထဲသို့ ပိုက်ဆံ အရင်ဆုံး ပစ်ထည့်လိုက်၏။

ဤအလုပ်ကလည်း ထမင်းစားဖို့ လိုအပ်သည်လေ။

ဘေးနားရှိ တစ္ဆေများကလည်း ကြည့်ရင်းဖြင့် ပိုက်ဆံအချို့ ထည့်ပေးကြသည်။

ဤသည်ကို မြင်သောအခါ ရွှီရှို့စစ်က သားဖြစ်သူကို တံတောင်ဖြင့် တွတ်ကာ တိုးတိုးလေး ပြောလိုက်၏။

"ငါက စကားနှစ်ခွန်းတောင် သေချာ မနားထောင်ရသေးဘူး၊ ဘာလို့ ပိုက်ဆံပေးရမှာလဲ၊ ငါတောင် သူ့ကို တစ္ဆေတွေကို စိတ်လောအောင် လုပ်တဲ့အမှုနဲ့ စီရင်ချင်နေတာ"

ရွှီကုစစ်ကမူ စိတ်ထဲတွင် ရယ်မောနေမိ၏။

'အဖေတော့ တကယ်စိတ်ဝင်စားနေပြီ မဟုတ်လား'

"အဖေ၊ သား ဖရဲစေ့ ခွာပေးမယ်"

သူ လက်လှမ်းလိုက်သည်နှင့် ရွှီရှို့စစ်က လက်ကို လှမ်းရိုက်လိုက်၏။

"ဘာဖရဲစေ့ စားရမှာလဲ၊ မင်းရဲ့ဦးလေးကျန်း အဲဒီလို ဖြစ်နေတာကို မင်းက ဖရဲစေ့ ခွာစားချင်နေသေးတယ်"

"......"

ရွှီကုစစ် သည် အဖေဖြစ်သူကို ကြည့်ကာ စိတ်ထဲတွင် ရယ်ချင်နေသည်ကို အောင့်ထားလိုက်၏။

'အဖေ၊ တကယ်တော့ ဦးလေးကျန်း ဘာမှမဖြစ်ပါဘူး'

'ဒီတစ်ပိုင်းကို သား နားထောင်ပြီးသားပါ'

'အဖေ့ကို လာနားထောင်ခိုင်းချင်လို့ တမင် ခေါ်လာတာ'

'အဖေ အနိုင်နိုင်ခွင့်ရတဲ့ရက်မှာ ဦးလေးကျန်း နဲ့ အရက်သောက် စကားပြောလို့မှ မရတာဦးလေးကျန်း ဘာတွေ အလုပ်ရှုပ်နေလဲ ဆိုတာကို လာနားထောင်တာက ပိုကောင်းပါတယ်လေ'

ပုံပြောဆရာ "ဝိညာဉ်တမန်တော်ကျန်းက ပြိုင်ပွဲဝင် အရှင် သခင်ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်ပြီး ဖွဖွလေး ခုန်တက်ကာ မြင့်မားတဲ့ ပြိုင်ဝင်းပေါ်ကို ရောက်သွားခဲ့တယ်"

ပုံပြောဆရာ "ဝိညာဉ်တမန်တော်ကျန်း နဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ရတဲ့ အခါမှာ၊ အဲဒီ ပြိုင်ပွဲဝင် အရှင်သခင်က သူရဲ့ အရှိန်အဝါကြောင့် လန့်သွားပြီး နောက်ကို ခြေသုံးလှမ်းတောင် ဆုတ်လိုက်ရတယ်"

လက်ဖက်ရည်ဆိုင်အတွင်း ပိုက်ဆံပေးပြီးနောက် ပုံပြောဆရာက ပြန်လည် စတင် ပြောပြနေပြီ ဖြစ်၏။

တစ်ဖက်မှ ပြောရင်း တစ်ဖက်မှ နောက်သို့ ဆုတ်ပြကာ အလွန် ပီပြင်စွာ သရုပ်ဆောင်ပြနေသည်။

ပုံပြောဆရာ "အဲဒီအချိန်မှာပဲ ပြိုင်ဝင်းပေါ်မှာ အနီရောင် အလင်းတန်းတွေ လက်လာပြီး ဝိုင်းကြည့်နေတဲ့ တစ္ဆေတွေ အားလုံး မျက်နှာမှာအကြောက်တရားတွေ ပေါ်လာကြတယ်"

ပုံပြောဆရာ "တကယ်တော့ ဘာတွေ ဖြစ်သွားခဲ့တာလဲ၊ နောက်ဆုံး ကျန်ရစ်ခဲ့တဲ့ အရှင်သခင်ကရော ဘယ်သူလဲ၊ ကျွန်တော် ဆက်ပြီး ပြောပြပါ့မယ်"

လက်ဖက်ရည်ဆိုင် အပြင်ဘက်မှ ဖြတ်သွားဖြတ်လာ တစ္ဆေများသည် အတွင်းမှ အားပေးအော်ဟစ်သံများကိုမကြာခဏ ကြားနေရ၏။

အချို့သော တစ္ဆေများက ခြေလှမ်းရပ်တန့်ကာ လက်ဖက် ရည်ဆိုင် တံခါးဝတွင် နေရာတစ်ခု ရှာ၍ နားစွင့်နေကြသည်။

စိတ်လှုပ်ရှားဖွယ် အပိုင်းသို့ ရောက်သောအခါ သူတို့လည်း လိုက်ပြီး အော်ဟစ်ကြ၏။

"ကောင်းတယ်"

ဤသည်က သူတို့ အရှေ့ဘက်နန်းဆောင်မှ ထွက်ခွာသွားသော ဝိညာဉ်တမန်တော်လေ။

သူတို့လည်း အတူတကွ ဂုဏ်ယူဝင့်ကြွားမိကြသည်မဟုတ်လော။

……

……

လူ့လောကတွင်

တိတ်ဆိတ်သော သီးသန့် စားသောက်ခန်း တစ်ခု အတွင်း၌ ဟုန်ယာသည် အမျိုးသားတစ်ဦး၏ အနောက်တွင် လွင့်မျောထိုင်နေပြီး ခေါင်းကို ရှေ့သို့ ငိုက်ကာ ထိုအမျိုးသား၏ဖုန်းပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ကြည့်နေ၏။

ဟုန်ယာ "အာ ခေါင်းဆောင်တို့က အနောက်ဘက်နန်းဆောင်ကို သွားကြတော့မှာလား"

'အနောက်ဘက်နန်းဆောင်က ဘယ်လိုပုံစံမျိုး ဖြစ်မလဲ မသိဘူး'

ကျန်းလင်အပြင်သို့ အလုပ်ကိစ္စဖြင့် သွားနေသဖြင့် (၁၈) သင်းမှ အဖွဲ့သားများ အားလုံးကို အခြားအဖွဲ့များသို့ ယာယီ ခွဲဝေချထားခြင်း ခံရသည်။

'တောင်ဘက်နန်းဆောင်၊ အနောက်ဘက်နန်းဆောင်၊ အဲဒါပြီးရင် မြောက်ဘက်နန်းဆောင် ဖြစ်မှာပေါ့'

သူမက အခြား နန်းဆောင်များမှ ဒေသထွက် ကုန်ပစ္စည်းများကို အလွန်မျှော်လင့်နေမိ၏။

ခေါင်းဆောင် သွားခါနီးတွင် သူတို့အတွက် လက်ဆောင်များ ဝယ်လာခဲ့မည်ဟု ပြောသွားခဲ့သည်လေ။

နောက်ထပ် အတန်ကြာကြည့်ပြီးနောက် ဟုန်ယာသည် ဖုန်းပေါ်ရှိ အချိန်ကို လှမ်းကြည့်ကာတွေးလိုက်သည်။

"အလုပ်လုပ်မှ ထမင်းစားရမယ်၊ အလုပ်သွားလုပ်မှပဲ"

ထို့နောက်ဟုန်ယာသည် မတ်တတ်ရပ်လိုက်ပြီး နံရံကို တိုက်ရိုက် ဖောက်ထွက်ကာ ဤသီးသန့်ခန်းလေးထဲမှ ပေါ့ပါးစွာ ထွက်ခွာသွားတော့သည်။

အခန်းအတွင်း၌မူ အလွန်တိတ်ဆိတ်နေကာ သုံးမိနစ်ခန့် ကုန်လွန်သွားသော်လည်း ထိုအမျိုးသားမှာ ဖုန်းကိုင်ထားသော ပုံစံအတိုင်း ငြိမ်သက်နေဆဲ ဖြစ်သည်။

ထိုအမျိုးသား "ဟိုလေ၊ အဲဒီအရာကြီး ထွက်သွားပြီလား မသိဘူး"

မျက်နှာချင်းဆိုင်မှ ကျန်းရှန်က ပခုံးတွန့်လိုက်ပြီး ပြန်ဖြေ သည်။

"ဖြစ်နိုင်ပါတယ်။ ငါလည်း မြင်ရတာမှ မဟုတ်တာ"

ထိုအမျိုးသား၊ ဆိုလိုသည်မှာ ထန်ထျန်ကျဲသည် သူ့ လက်မောင်းများကို စမ်းသပ် လှုပ်ရှားကြည့်လိုက်ပြီး မတ်တတ်ရပ်ကာ အကြောဆန့်လိုက်၏။

ထန်ထျန်းကျဲ "ထွက်သွားပြီ ထင်တယ်၊ အေးစက်စက် ခံစားချက်မျိုး မရှိတော့ဘူး"

တစ္ဆေများနှင့် မကြာခဏထိတွေ့ဖူးပြီးနောက် သူလည်း တစ်ခုခုကို အနည်းနှင့်အများ အာရုံခံစားနိုင်လာပြီဖြစ် သည်။

သို့သော် ထန်ထျန်ကျဲ မသိခဲ့သောအရာမှာ ယခုလေးတင် ရောက်လာသည်က သာမန်တစ္ဆေ မဟုတ်ခြင်းပင်။

ထို့အပြင် သူ ကြည့်ရှုနေသော Streamer ၏ အဖွဲ့ထဲမှ ဝိညာဉ်တမန်တော် ဖြစ်နေခြင်းပင်။

ထိုအချိန်မှာပင် အခန်းတံခါး ခေါက်သံထွက်ပေါ်လာ၏။

ထိုအခါ ထန်ထျန်ကျဲ နှင့် ကျန်းရှန်တို့သည် ဖုန်းများကို ချက်ချင်း သိမ်းဆည်းလိုက်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လိုက်ကြသည်။

သူတို့ နှစ်ယောက်စလုံး ရှပ်အင်္ကျီနှင့် စတိုင်ပင်ဘောင်းဘီကို ဝတ်ဆင်ထားကြ၏။

ဤတစ်ကြိမ် သူတို့ ထွက်လာခြင်းမှာ သောက်စားပျော်ပါးရန် မဟုတ်ကြောင်း ထင်ရှားလှပေသည်။

တံခါးပွင့်လာပြီးနောက် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဝင်ရောက်လာ၏။

ဤလူငယ် နှစ်ဦးကို မြင်သော်လည်း ထိုအမျိုးသား၏မျက် နှာအမူအရာမှာ ပြောင်းလဲသွားခြင်း မရှိပါချေ။

ဤနှစ်ဦးတွင် တစ်ဦးက စီးပွားရေး လောက၌ အသစ်ထွက်ပေါ်လာသော သူဌေးသားဖြစ်ပြီး၊ နောက်တစ်ဦးက နာမည် ကြီးနေသော 'ဖုန်းရွှေ ဆရာ' ဖြစ်၏။

'ဘယ်သူကများ အထင်သေးရဲမှာလဲ'

သို့သော် စွမ်းရည်တကယ် ဘယ်လောက်ရှိလဲ ဆိုသည်ကိုတော့ စကားပြောကြည့်ပြီးမှသာ သိနိုင်မည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ နားဖြင့်ကြားရသည်ထက် မျက်မြင်ကိုယ် တွေ့ကသာ ပိုသေချာသည်လေ။

"စောင့်နေရတာ ကြာသွားပြီလား"

……

[ပုံပြောဆရာ၏ စိတ်တွင်းအတွေး နောက်နေ့ အိပ်မက်ပေးတဲ့အခါ အိမ်က မျိုးဆက်တွေကို live အခန်းအကြောင်း ပိုပြီး ပြောပြခိုင်းမှ ဖြစ်တော့မယ်။ ဒီလောက်လေးနဲ့ဆို သူ ပြောပြဖို့တောင် မလုံလောက်ဘူး။ သူလည်း နောက်ပိုင်း ဘာဆက်ဖြစ်မလဲ ဆိုတာကို အရမ်းသိချင်နေပြီလေ။]

All Chapters