အခန်း (၁-၂)
Vol. 1 Ch. 1-2
အခန်း (၁)
အံ့ဖွယ် ဘွန်ဆိုင်း
တုန်းကျန်းမြို့။
တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၊ အင်ဂျင်နီယာချုပ်ရုံးခန်း။
သူ့ရှေ့ရှိ ကျောက်တောင်အလှပင်ကို ကြည့်ရင်း ရွှီပေါ်အန်းသည် မျက်မှန်ကို ချွတ်ကာ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး သူ၏မျက်စိများပင် လည်နေပြီလားဟု ထင်မှတ်သွားခဲ့ရလေ၏။
သူ အလှဆင်ရန် ဝယ်ထားသော ဘွန်ဆိုင်းအလှပင်ထဲတွင် ဖရဲစေ့ခန့်အရွယ်အစားရှိ လူတစ်ယောက် အမှန်တကယ် ရှိနေခဲ့ခြင်းဖြစ်လေသည်။
ရွှီပေါ်အန်းက မျက်မှန်ကို ပြန်တပ်၍ သေချာစွာ ထပ်ကြည့်လိုက်ပြန်လေသည်။
တစ်စင်တီမီတာခန့်သာ အရပ်ရှိသော လူပုလေးတစ်ယောက်သည် ဘွန်ဆိုင်း၏ ကျောက်ဆောင် ကမ်းပါးယံသို့ တွယ်တက်နေခဲ့၏။
ရွှီပေါ်အန်းမှာ လုံးဝကို အံ့အားသင့်ပြီး ဝေခွဲမရ ဖြစ်သွားလေသည်။
အမျိုးသားတစ်ဦးနှင့် တူသော ထိုလူပုလေးသည် မည်သည့်ခေတ်မှန်း မသိရသော အကြမ်းထည် လျှော်တေအဝတ်ကို ဝတ်ဆင်ထားပြီး ခြောက်သွေ့နေသော နွယ်ပင်ကဲ့သို့ သစ်ကိုင်းကို ဆုပ်ကိုင်ကာ ကျောက်ဆောင်ကမ်းပါးယံဆီသို့ ဖြေးဖြေးမှန်မှန် တက်လှမ်းနေချေ၏။
သူ၏ အသက်ဝင်လှသော မျက်နှာအမူအရာကြောင့် လက်ရှိနည်းပညာသည် မည်မျှအထိ တိုးတက် နေပြီလဲဟု ရွှီပေါ်အန်းကို အံ့ဩချီးကျူးသွားစေသည်။
တစ်ခုတည်းသော အားနည်းချက်မှာ ဤဘွန်ဆိုင်း ကျောက်တောင်အလှပင်၏ သက်တမ်းမှာ တိုတောင်း လွန်းလှခြင်းပင် ဖြစ်၏။
လွန်ခဲ့သော သုံးလက သူ ကွာရှင်းပြီးခါစ ပြည်သူ့ရေးရာဗျူရိုမှ အပြန်လမ်းတွင် ရွှီပေါ်အန်းသည် ဤ ဘွန်ဆိုင်းကို ဝယ်ယူခဲ့ခြင်း ဖြစ်ပေသည်။
ထိုအချိန်က ဘွန်ဆိုင်းထဲရှိ ကျောက်တောင်အလှပင်သည် စိမ်းလန်းစိုပြည်နေပြီး ယခု လူပုလေး တွယ်တက်နေသော ကျောက်ဆောင်တွင် ရေတံခွန်တစ်ခုပင် ရှိနေသေး၏။
စျေးသည်က ဤကျောက်တောင်အလှပင်သည် သဘာဝရေစုပ်ကျောက်ဟု ပြောခဲ့လေသည်။
ယခု ရက်တစ်ရာပင် မပြည့်သေးချိန်တွင် ရေတံခွန် ပျောက်ကွယ်သွားရုံသာမက စိမ်းလန်းနေသော တောင်ထွတ်သည်ပင် ညိုရော်ရော် အရောင်သို့ ပြောင်းလဲသွားခဲ့လေပြီ။ အချို့နေရာများတွင် ဗလာ ကျင်းနေသော ကျောက်သားများကိုပင် မြင်နေရလေ၏။
ယနေ့တွင် ရွှီပေါ်အန်း အားလပ်ချိန် ရနေသဖြင့် ညစာစားပြီးနောက် အစာကြေစေရန် လေ့ကျင့်ခန်း လုပ်သည့်အနေဖြင့် ဤအရာကို လွှင့်ပစ်လိုက်ရန် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
ဤမျှ သေသပ်လှပသော လူပုလေးမော်ဒယ်ကို မတော်တဆ တွေ့ရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
ရွှီပေါ်အန်းမှာ ချက်ချင်းပင် စိတ်ဝင်စားသွားပြီး သူ နောက်ထပ် ဘာဆက်လုပ်မည်ကို စောင့်ကြည့်ချင် သေးသဖြင့် ဘွန်ဆိုင်းထဲရှိ လူပုလေးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိခဲ့သည်။
ထိုစဉ် ဖုန်းမြည်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ရွှီပေါ်အန်းသည် သွားကြားထိုးတံအဖြစ် အသုံးပြုရန် ပင်အပ်တစ်ခုကို ကောက်ကိုင်လိုက်ပြီး သွားကြား ထိုးရင်း ဖုန်းကို ဖြေလိုက်လေ၏။
“ဟဲလို...၊ အမေ... အောင်သွယ်ပေးတဲ့ပွဲ...၊ အို...။”
ရွှီပေါ်အန်း ကွာရှင်းပြီးနောက် သူ၏ မိခင်အိုကြီးမှာ အလွန်အမင်း စိတ်ပူနေခဲ့သည်။
မိခင်ဖြစ်သူ စိတ်မကောင်းဖြစ်မည်ကို ရှောင်လွှဲနိုင်ရန် ရွှီပေါ်အန်းကလည်း ပြတ်ပြတ်သားသား မငြင်းဆန်နိုင်ဘဲ စကားသိပ်မပြောဘဲ သဘောတူလိုက်လေ၏။
ဖုန်းချပြီးနောက် မနက်ဖြန် တွေ့ရမည့် တွေ့ဆုံပွဲကို မည်သို့ ဖြေရှင်းရမည်နည်းဟု ရွှီပေါ်အန်း တွေးတော နေမိလေသည်။
ရုတ်တရက် ဘွန်ဆိုင်းဆီမှ ခြင်တစ်ကောင် အော်မြည်သကဲ့သို့ တဝီဝီမြည်သံကို သူ ကြားလိုက်ရလေ ၏။
ရွှီပေါ်အန်း ခါးကိုကိုင်း၍ သေချာကြည့်လိုက်ရာ လူပုလေးသည် တောင်တစ်ဝက်သို့ ရောက်အောင် တက်လှမ်းနေခဲ့ပြီ ဖြစ်သည်။ သူသည် တောင်ခါးပန်း မြေကွက်လပ်ပေါ်ရှိ နတ်ကွန်းငယ်လေးတစ်ခု ဆီသို့ ဒူးထောက်ကာ ရှိခိုးဦးတိုက်နေလေသည်။
သူသည် တီးတိုးဖြင့် တစ်စုံတစ်ရာကိုလည်း ရွတ်ဆိုနေ၏။
ရွှီပေါ်အန်း၏ ခေါင်းထဲတွင် ဝေခွဲမရသော အတွေးများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရှင်းလင်းပြတ် သားသော အသံတစ်သံက သူ၏ စိတ်ထဲ၌ ထွက်ပေါ်လာသည်။
*တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျွန်တော်မျိုးက တောင်ခြေမှာရှိတဲ့ ခေါင်ရှန်းရွာကပါ...။ တစ်ရွာလုံးမှာ ရေမရှိတော့ပါဘူး...၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးတို့ကို ကယ်တင်တော်မူပါ...။*
ထိုလူပုလေးသည် သဒ္ဓါတရား ကြည်ညိုလှသော ရသေ့တစ်ပါးကဲ့သို့ ခြေတစ်လှမ်းလှမ်းလိုက်၊ ဦးတိုက် လိုက်ဖြင့် နတ်ကွန်းဆီသို့ ရှိခိုးနေလေ၏။
အကြိမ်ကြိမ် ဦးတိုက်ကာ အသနားခံ တောင်းဆိုပြီးနောက်တွင် လူပုလေးသည် ဦးတိုက်ရှိခိုးလျက်ဖြင့် နတ်ကွန်း တံခါးအပြင်ဘက်သို့ ရောက်ရှိသွားလေတော့သည်။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျွန်တော်မျိုးရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပေးတော်မူပါ..။ အကယ်၍ လူတိုင်း ရေမရရင် မကြာခင် သေကုန်ကြပါလိမ့်မယ်...။”
ပြောရင်းဆိုရင်းပင် လူပုလေးသည် ခြံတံခါးကို တွန်းဖွင့်ကာ နတ်ကွန်းခြံဝင်းအတွင်းသို့ ဝင်ရောက်သွား လေ၏။ထို့နောက် သူက အံ့သြတကြီး ရေရွတ်လိုက်လေသည်။
“တကယ်ပဲ ရေတွေ ရှိနေတာပဲ...၊ တောင်စောင့်နတ်မင်းကြီး တန်ခိုးပြပြီ...။ တောင်စောင့်နတ်မင်းကြီး တန်ခိုးပြပြီ...။”
နတ်ကွန်းခြံဝင်းအတွင်းရှိ မြေနိမ့်ပိုင်းတစ်နေရာမှ ရေများက လူပုလေးကို အံ့အားသင့်သွားစေခဲ့သည်။
ထို့နောက် လူပုလေးသည် အပြေးအလွှား သွားကာ ရေထဲသို့ ခေါင်းနှစ်၍ ရူးသွပ်စွာ သောက်သုံးလေ တော့၏။ အဝသောက်ပြီးနောက် သူ၏ ကိုယ်ပေါ်မှ ရေဘူးနှစ်ဘူးကို ဖြုတ်ယူလိုက်ပြီး ရေဖြည့်ရင်း ရေရွတ်နေပြန်လေသည်။
“တောင်စောင့်နတ်မင်းကြီးရဲ့ ရေက အရမ်းချိုတာပဲ...။”
ရွှီပေါ်အန်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူ ကိုယ်တိုင် ထိုရေကို လောင်းထည့်ထားခဲ့ခြင်း ဖြစ်လေသည်။
ဤဘွန်ဆိုင်း၏ ဒီဇိုင်းအရ နတ်ကွန်းခြံဝင်းသည် ကျောက်တောင်ရေတံခွန်၏ အထက်ပိုင်းရှိ ရေလှောင်ကန်ဧရိယာ ဖြစ်လေသည်။
လွန်ခဲ့သော အချိန်အတန်ကြာက ထိုကျောက်တောင်အလှပင်ပေါ်ရှိ ရေတံခွန် ခန်းခြောက်သွားချိန်တွင် ရွှီပေါ်အန်းသည် ရေတံခွန်ရှုခင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းသည့်အနေဖြင့် လယ်သမားစမ်း ရေ အနည်းငယ်ကို နတ်ကွန်းခြံဝင်းထဲသို့ ပေါ့ပေါ့ပါးပါးပင် လောင်းထည့်ခဲ့ဖူးလေသည်။
ကံမကောင်းစွာဖြင့် ၎င်းမှာ မိနစ်အနည်းငယ်သာ ခံပြီး အလိုအလျောက် ရေပြန်မပြည့်လာသဖြင့် ရွှီပေါ်အန်းလည်း ဂရုစိုက်ရန် ပျင်းရိသွားခဲ့လေသည်။
ယခု ရေအိုင်ထဲရှိ ရေများမှာ အရင်က ကျန်ရစ်ခဲ့သော အကြွင်းအကျန်များသာ ဖြစ်လေ၏။
ရွှီပေါ်အန်းအတွက် လက်သည်းခွံအရွယ်ခန့်သာ ရှိသော ရေအနည်းငယ်မှာ လူပုလေး၏ရှေ့တွင်မူ နှစ်မီတာခန့် ကျယ်ဝန်းသော ရေကန်တစ်ခု ဖြစ်နေလေသည်။
ရေဘူးနှစ်ဘူး ပြည့်သွားပြီးနောက် ထိုလူပုလေးသည် နွယ်ပင်တစ်လျှောက် ကျောက်ဆောင်ပေါ်မှ လျှောဆင်းသွားခဲ့၏။
ထို့နောက် လမ်းလျှောက်ရင်း ဘွန်ဆိုင်း၏ နယ်နိမိတ်သို့ ရောက်ရှိသွားလေသည်။ ထို့နောက် သူ အမှန်တကယ် ပျောက်ကွယ်သွားလေ၏။
ရွှီပေါ်အန်းမှာ အလွန်တရာ အံ့အားသင့်သွားခဲ့လေသည်။
ဤအရာမှာ သိပ္ပံနည်းတော့မကျလှချေ။
ဤဘွန်ဆိုင်းအောက်ရှိ ဗန်းသည် သာမန်ဗန်းတစ်ခုသာ ဖြစ်ပြီး မည်သည့် လျှို့ဝှက်ယန္တရား သို့မဟုတ် လျှို့ဝှက်လမ်းကြောင်းမှ မရှိနေခဲ့ပေ။
ရောင်းသူက ဘွန်ဆိုင်းထဲရှိ ကျောက်တောင်အလှပင်သည် သဘာဝရေစုပ်ကျောက်ဖြစ်ပြီး ကျောက်တုံး အတွင်း၌ ကွက်လပ်များ ရှိနိုင်သည်ဟု အစကတည်းက ကြော်ငြာထားခဲ့သော်ငြားလည်း။
သို့သော် လူပုလေးသည် ကျောက်လိုဏ်ဂူထဲတွင် ပုန်းအောင်းနေခြင်းမျိုးလဲ မဟုတ်ချေ။
ရွှီပေါ်အန်းသည် ကျောက်တောင်အလှပင်ကို တစ်ပတ်လှည့်ကာ ခေတ္တမျှ လေ့လာကြည့်သော်လည်း လုံးဝ နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။
ထိုစဉ် လူပုလေး ပြန်ပေါ်လာခဲ့လေသည်။
သို့သော် ဤတစ်ကြိမ်တွင် သူသည် ရူးသွပ်စွာ ပြေးလွှားနေပြီး ပြေးရင်း နောက်ကို လှည့်ကြည့်နေကာ တစ်စုံတစ်ရာ၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသည့်အလားပင်။
မကြာမီ လူပုလေး၏ အနောက်တွင် ပေါ်လာသည်က...၊ ပေါ်လာသည်က...၊
ဤအရာက လောကကြီးတွင် ဘာကြီးဖြစ်နေပါသနည်း။
ရွှီပေါ်အန်း ခေါင်းကို အနည်းငယ် ငုံ့၍ သေချာကြည့်လိုက်ရာ ဤတီကောင်ကဲ့သို့ သေးငယ်သော အရာ သည် အမှန်တကယ်တော့ အလွန်သေးငယ်သော မြွေငယ်လေး တစ်ကောင် ဖြစ်နေသည်ကို တွေ့လိုက် ရလေသည်။
တိုက်ဆိုင်စွာပင် ထိုအချိန်၌ ထွက်ပြေးနေသော လူပုလေးသည် ခလုတ်တိုက်မိကာ လဲကျသွားလေ၏။
မြွေငယ်လေး တွားသွားကာ နီးကပ်လာသည်ကို မြင်သောအခါ လူပုလေးက အကူအညီမဲ့စွာ အော်ဟစ် လိုက်လေသည်။
“ကယ်ကြပါဦး...။”
ရွှီပေါ်အန်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ပါးစပ်တွင် ကိုက်ထားသော ပင်အပ်ကို ပေါ့ပေါ့ပါးပါး ကိုင်လိုက်ကာ မြွေငယ်လေးကို ထိုးစိုက်လိုက်လေတော့၏။
မြွေငယ်လေးသည် မြေကြီးပေါ်သို့ တိုက်ရိုက် စိုက်ဝင်သွားပြီး ခေတ္တမျှ တွန့်လိမ်နေကာ ငြိမ်သက်သွား ခဲ့လေတော့သည်။
မြွေငယ်လေးထံမှ အနက်ရောင်သန်းနေသော အနီရောင် အရည်များ စီးကျလာပြီး မြေကြီးထဲသို့ ချက်ချင်း စိမ့်ဝင်သွားလေ၏။
ချက်ချင်းပင် အထိတ်တလန့် ဖြစ်နေသော လူပုလေးသည် ပြားပြားဝပ် ရှိခိုးလေတော့သည်။
“တောင်စောင့်နတ်မင်းကြီး တန်ခိုးပြပြီ...။”
“ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းကြီး...။”
ရွှီပေါ်အန်း၏ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့လေသည်။ ဤအရာသည် အလွန်တရာ ဉာဏ်ရည်မြင့်မား နေ၏။ ဤသည်မှာ အမှန်တကယ် လူပုလေးကမ္ဘာများ ဖြစ်နေမည်လား။
သူသည် ပင်အပ်ဖြင့် ကူညီရန် စိတ်ကူးပေါက်၍သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဤလူပု လေးသည် ကစားစရာ တစ်ခုသာဆိုလျှင် ဤမျှ သဘာဝကျကျ တုံ့ပြန်နိုင်လိမ့်မည် မဟုတ်သည်မှာ သေချာလှသည် မဟုတ်ပါလား။
ရွှီပေါ်အန်း အံ့အားသင့်နေစဉ်မှာပင် သေတ္တာထဲရှိ လူပုလေးက ထပ်မံ စကားဆိုလာခဲ့လေသည်။
“တောင်စောင့်နတ်မင်းကြီး...၊ ဤတောင်စောင့်စပါးကြီးမြွေကို အလိုမရှိဘူးဆိုလျှင် ကျွန်တော်မျိုးကို ပေးသနားဖို့ တောင်းဆိုပါရစေ...။ ခေါင်ရှန်းရွာက ကျွန်တော်တို့ လူဒါဇင်ပေါင်းများစွာဟာ အစားအစာ ပြတ်လပ်လုနီးပါး ဖြစ်နေလို့ပါ...။”
ရွှီပေါ်အန်းသည် မသိမသာ ခေါင်းညိတ်လိုက်ပြီး သဘောတူသည့်အနေဖြင့် အင်း... ဟု ညည်းသံပြု လိုက်လေ၏။
လူပုလေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခေတ္တမျှ ကြက်သေ သေသွားကာ ထပ်မံ၍ ပြားပြားဝပ် ရှိခိုးပြန်လေသည်။
“တောင်စောင့်နတ်မင်းကြီး အမှန်တကယ် တန်ခိုးပြပြီ...။”
“တောင်စောင့်နတ်မင်းကြီးရဲ့ သနားကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...။”
ဆယ်ကြိမ်ခန့် ဦးတိုက်ပြီးနောက် လူပုလေးသည် သွက်လက်စွာ ထရပ်လိုက်ပြီး မြွေငယ်လေးဆီသို့ ပြေးသွားလေ၏။ ထို့နောက် သူသည် ပင်အပ်ကို ခက်ခဲစွာ ဆုပ်ကိုင်ကာ ဆွဲနုတ်ရန် ကြိုးပမ်းလေတော့ သည်။
ထို့နောက်...
လူပုလေးသည် ထပ်မံ၍ ဒူးထောက်လိုက်ပြန်သည်။
“ကျွန်တော်မျိုး ရိုင်းစိုင်းမိပါတယ်...။ တောင်စောင့်နတ်မင်းကြီး...၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးတော် မူပါ...။”
“တောင်စောင့်နတ်မင်းကြီးက ကရုဏာကြီးမားလှပါတယ်...၊ ကျေးဇူးပြုပြီး ဤနတ်လက်နက်ကို ဖယ်ရှားပေးဖို့ တောင်စောင့်နတ်မင်းကြီးကို အနှောင့်အယှက် ပေးပါရစေ...။ ကျွန်တော်မျိုးက အရည်အချင်းမရှိလို့ ဤနတ်လက်နက်ကို ရွှေ့လျားအောင် မစွမ်းဆောင်နိုင်ပါဘူး…။”
ပင်အပ်၏ တစ်ဝက်ကျော်သည် မြေကြီးထဲတွင် စိုက်ဝင်နေပြီး မြွေငယ်လေးကို တင်းကျပ်စွာ ဖိကပ် ထားသဖြင့် လူပုလေးမှာ လုံးဝ ဆွဲမနုတ်နိုင်ခဲ့ပေ။
ရွှီပေါ်အန်းသည် သတိထား၍ လက်လှမ်းကာ ပင်အပ်ကို ညှပ်ကိုင်လိုက်ပြီး အလွယ်တကူ ဆွဲနုတ် လိုက်လေ၏။
လူပုလေးသည် အကြိမ်အနည်းငယ် ထပ်မံ ဦးတိုက်ပြီးမှ မတ်တတ်ရပ်ကာ စပါးကြီးမြွေ၏ အမြီးကို ကိုင်၍ ပခုံးပေါ်သို့ တင်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေတော့သည်။
အို...၊ ဘယ်သူက ထင်ထားမှာလဲ...။ ထိုလူပုလေးသည် တော်တော်လေး ခွန်အားကြီးမားလှလေသည်။
ဤမြွေငယ်လေးသည် လူပုလေးထက် လေးငါးဆခန့် ကြီးမားပုံရသော်လည်း သူက အလွယ်တကူ ဆွဲခေါ် သွားနိုင်ခဲ့လေ၏။
ရွှီပေါ်အန်းသည် လူပုလေး၏ ကျောပြင်ကို သေချာစွာ စောင့်ကြည့်နေခဲ့သည်။ သေချာသည်မှာ လူပု လေးသည် ဘွန်ဆိုင်း၏ နယ်နိမိတ်သို့ ရောက်သောအခါ ထပ်မံ ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။
ရွှီပေါ်အန်းသည် အလျင်အမြန် လက်လှမ်းကာ ပျောက်ကွယ်မသွားသေးသော မြွေကိုယ်လုံး၏ တစ်ဝက် ကို ပင်အပ်ဖြင့် ထိုးစိုက်လိုက်၏။ ညင်သာစွာ ဆွဲယူလိုက်သောအခါ လူရော မြွေပါ အနောက်သို့ ပါလာ လေတော့သည်။
“နေဦး... မင်းကို မေးစရာရှိတယ်...။”
ရွှီပေါ်အန်း စကားပြောဆိုအပြီးတွင် လူပုလေးသည် ထပ်မံ ဒူးထောက်ကာ ဦးတိုက်နေသည်ကို မြင်လိုက် ရလေသည်။
“တောင်စောင့်နတ်မင်းကြီး...၊ ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးတော်မူပါ...။ ကျွန်တော်မျိုး အရှင်မင်း ကြီးရဲ့ နတ်သြဝါဒကို ရိုသေစွာ လိုက်နာပြီး ချွင်းချက်မရှိ ပြောဆိုပါ့မယ်…။”
ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေ၏။
“မင်းနာမည်က ဘယ်လိုခေါ်လဲ...။ ပြီးတော့ ဒီနေရာက ဘယ်လိုနေရာလဲ...။”
အခန်း (၂)
ကျွန်ုပ်က တောင်စောင့်နတ်မင်း ဖြစ်တယ်
မဟာကျင့်မင်းဆက်။
ချင်းယွန်းလမ်း၊ ချင်းမူစီရင်စု။
ယွီတောင်ခြေရှိ ခေါင်ရှန်းရွာ။
တစ်ထောင်စုနှစ်အတွင်း တစ်ကြိမ်သာ ကြုံဖူးသည့် ပြင်းထန်သော မိုးခေါင်ရေရှားဘေးဒဏ်ကြောင့် သီးနှံများမှာ သုံးနှစ်ဆက်တိုက် ပျက်စီးခဲ့ပြီး နောက်ဆုံးနှစ်နှစ်တွင်မူ လုံးဝပင် မထွက်ရှိတော့ချေ။
အသက်ရှင်သန်နိုင်ရန်အတွက် ရွာသားများသည် မိသားစုများကို ခေါ်ဆောင်ကာ ရေကြည်ရာမြက်နုရာ ရှာဖွေရန် ထွက်ခွာသွားကြလေသည်။ အချို့က အနောက်ဘက်သို့ သွားကြပြီး အချို့မှာ မြောက်ဘက်သို့ စွန့်စားသွားခဲ့ ကြ လေ၏။ အချို့မှာမူ ငတ်မွတ်၍ သေဆုံးသွားခဲ့ကြလေပြီ။
ခေါင်ရှန်းရွာရှိ လူဆယ်ဦးတွင် ခုနစ်ဦး၊ ရှစ်ဦးခန့်မှာ ပျောက်ကွယ်သွားခဲ့ရချေပြီ။ ကျန်ရှိနေသော ရွာသားအနည်း ငယ်မှာလည်း အများအားဖြင့် အိုမင်းမစွမ်းသူများနှင့် ဖျားနာနေသူများသာ ဖြစ်ကြလေသည်။
လီချိန်းရှီသည် သူ၏ အသက်ရှစ်ဆယ်အရွယ် အဘိုးအိုကို အမှီပြုနေရသဖြင့် ကျန်ရစ်ခဲ့ခြင်း ဖြစ်၏။ သူ၏ အဘိုးအိုမှာ အိုမင်းမစွမ်းဖြစ်နေသဖြင့် ရှည်လျားလှသော ခရီးကြမ်းကို မခံနိုင်မှန်း သူ ကောင်းစွာ သိရှိနေခဲ့သည်။
လွန်ခဲ့သော သုံးရက်ခန့်က ရွာရှိ နောက်ဆုံး ရေတွင်းသည် ခန်းခြောက်သွားခဲ့လေပြီ။ ရွာသားများသည် ရေအ နည်းငယ် ရလိုရငြား ရေတွင်းအောက်ခြေရှိ ရွှံ့နွံများကိုပင် တူးဆွခဲ့ကြသော်လည်း မနေ့ကမူ ရေတစ်စက်မျှပင် မကျန်တော့ချေ။
လီချိန်းရှီသည် အခြားရွေးချယ်စရာ မရှိတော့သဖြင့် ရေရှာရန် တောင်ထဲသို့ ဝင်ခဲ့လေသည်။ ယွီတောင်ပေါ်ရှိ တောင်စောင့်နတ်မင်း နတ်ကွန်းသည် အလွန်တန်ခိုးကြီးကြောင်း အဘိုးဖြစ်သူက ပြောပြဖူးသဖြင့် လီချိန်းရှီသည် ရေရရှိရန် တောင်းဆုပြုဖို့ နတ်ကွန်းဆီသို့ သွားခဲ့ခြင်း ဖြစ်လေသည်။
နတ်ကွန်းအတွင်း၌ ကြည်လင်သော စမ်းရေတွင်းတစ်ခု အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့် မထားခဲ့ပေ။ ဤဒေသတွင် နှစ်နှစ်တိုင်အောင် ပြင်းထန်စွာ မိုးခေါင်နေခဲ့ပြီး လွန်ခဲ့သော ခြောက်လအတွင်း မိုးတစ် စက်မျှပင် မရွာသွန်းခဲ့ချေ။ အနီးနားရှိ ချောင်းများနှင့် မြစ်များမှာ ခန်းခြောက်ကုန်ပြီး ရေတွင်းများမှာလည်း ကုန်ခန်းနေခဲ့ပြီ ဖြစ်၏။
သို့သော် ဤတောင်စောင့်နတ်မင်း နတ်ကွန်းအတွင်း၌မူ အလွန်ချိုမြိန်လှသော ရေများ ရှိနေခဲ့လေသည်။ ဤသည် မှာ တောင်စောင့်နတ်မင်း၏ ကောင်းချီးပေးမှု မဟုတ်လျှင် အခြား အဘယ်အရာ ဖြစ်နိုင်ပါဦးမည်နည်း။
ဤသည်မှာ အမှန်တကယ်ပင် နတ်ဘုရား၏ တန်ခိုးစွမ်းအားပင် ဖြစ်ချေ၏။
လီချိန်းရှီသည် ရေများကို သယ်ဆောင်လာစဉ် အပြန်လမ်း၌ တောင်စောင့်စပါးကြီးမြွေကြီးတစ်ကောင်နှင့် တိုးခဲ့ လေ သည်။ ဆာလောင်မွတ်သိပ်နေသော စပါးကြီးမြွေသည် လီချိန်းရှီကို မြင်သည်နှင့် တပြိုင်နက် လိုက်လံဖမ်း ဆီးလေတော့သည်။ လီချိန်းရှီသည် ထွက်ပြေးစဉ် သစ်မြစ်တစ်ခုနှင့် ခလုတ်တိုက်ကာ လဲကျသွားခဲ့ပြီး စပါးကြီး မြွေ၏ ဝါးမျိုခြင်းကို ခံရတော့မည့်အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ရလေ၏။
ရုတ်တရက် ကောင်းကင်ယံမှ ပြင်းထန်သော အရှိန်အဝါတစ်ခု ဆင်းသက်လာခဲ့လေသည်။ မုဆိုးမျိုးရိုးမှ ဆင်း သက်လာသူ ဖြစ်သဖြင့် ဤသည်မှာ မြားတစ်စင်း သို့မဟုတ် လက်နက်တစ်ခုခု အရှိန်အဟုန်ဖြင့် ပျံသန်းလာသော အခါ ဖြစ်ပေါ်လာသည့် လေထုလှုပ်ရှားမှုမျိုး ဖြစ်ကြောင်း လီချိန်းရှီ ကောင်းစွာ သိရှိလိုက်လေသည်။
သူသည် အလိုအလျောက် အထက်သို့ မော့ကြည့်လိုက်ရာ ငွေရောင်လှံရှည်တစ်စင်းသည် ကောင်းကင်ထက်မှ လျင်မြန်စွာ ကျဆင်းလာသည်ကို မြင်လိုက်ရ၏။ ပူပြင်းလှသော နေရောင်အောက်တွင် ထိုလှံသည် ငွေရောင်တ ဖျတ်ဖျတ် တောက်ပနေခဲ့လေသည်။ ၎င်းသည် ဦးခေါင်းကို ထောင်ထားသော စပါးကြီးမြွေ၏ ခုနစ်လက်မ အမှတ် အသားရှိရာ နေရာသို့ တိကျစွာ စိုက်ဝင်သွားခဲ့လေ၏။
နောက်တစ်ခဏတွင် စပါးကြီးမြွေသည် နာကျင်စွာ တွန့်လိမ်ရင်း အသံပြုပြီးနောက် ငြိမ်သက်သွားခဲ့လေ တော့သည်။
“တောင်စောင့်နတ်မင်းကြီး...၊ တောင်စောင့်နတ်မင်းကြီးက ကျွန်တော်မျိုးကို ကယ်တင်လိုက်ပြီ...။”
လီချိန်းရှီသည် သူ၏ရှေ့မှ မြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေရင်း စိတ်ထဲ၌ နိဂုံးချုပ်လိုက်မိသည်။ ထို့နောက် သူသည် ထပ်မံ ဒူးထောက်၍ ကျေးဇူးတင်သောအားဖြင့် ဦးတိုက်လေတော့သည်။
ဦးတိုက်နေစဉ်မှာပင် လီချိန်းရှီသည် သူ၏ တောင်းဆိုမှုကို တုန်ရီနေသော အသံဖြင့် ပြောကြားလိုက်လေ၏။ ရွာထဲ တွင် စားစရာ များများစားစား မကျန်တော့သဖြင့် လူအများစုမှာ အသားမစားရသည်မှာ ခြောက်လကျော် ရှိနေပြီ ဖြစ်၏။ အကယ်၍ ဤစပါးကြီးမြွေကြီးကို ရွာသို့ ပြန်သယ်သွားနိုင်လျှင် တစ်ရွာလုံးအတွက် ရက်အနည်း ငယ်စာ အစာ ရရှိနိုင်မည် မဟုတ်ပါလား။
တောင်စောင့်နတ်မင်း၏ "အင်း..." ဟူသော အသံကို ကြားလိုက်ရသောအခါ လီချိန်းရှီသည် သာ၍ပင် စိတ်လှုပ် ရှားသွားခဲ့လေသည်။ တောင်စောင့်နတ်မင်းကြီးသည် အမှန်တကယ်ပင် တန်ခိုးပြခဲ့လေပြီ။
ထို့နောက် လီချိန်းရှီသည် သူ အားကုန်သုံးသော်လည်း လုံးဝ မရွှေ့နိုင်ခဲ့သော နတ်ဘုရားလက်နက်မှာ မြေကြီး ပေါ်မှ ရုတ်တရက် ကြွတက်သွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်ကို တွေ့လိုက်ရပြန်သည်။ ဤသည်မှာ ဧကန်မုချ အံ့ဖွယ်တန်ခိုးပင် ဖြစ်ချေ၏။
ရွှီပေါ်အန်းက စတင် မေးမြန်းသောအခါ လီချိန်းရှီသည် ထိုစကားများကို နတ်ဘုရား၏ အလိုတော်အဖြစ် အကြွင်း မဲ့ ယုံကြည်လက်ခံထားပြီး ဖြစ်လေသည်။ သူသည် ချက်ချင်းပင် သူသိသမျှ အကြောင်းအရာအားလုံးကို တသွင် သွင် ပြောပြလေတော့သည်။
...
မဟာကျင့်မင်းဆက်။
တောင်စောင့်နတ်မင်း။
ရွှီပေါ်အန်းသည် နားထောင်လေလေ သာ၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာခဲ့၏။ သံသယဖြစ်စရာမလိုဘဲ ဤလူပု လေးမှာ အမှန်တကယ် တည်ရှိနေသော သက်ရှိထင်ရှား သတ္တဝါတစ်ဦးပင် ဖြစ်ချေသည်။ ဤအမှန်တရားကို သိမြင်ခံစားနိုင်ရန် သူ၏ သိစိတ်က လက်ခံနိုင်ပါ့မလားဟု ဆိုလျှင်...၊
အို... သူသည် ဝဘ်ဝတ္ထုများကို ဖတ်ရှုသူတစ်ဦး ဖြစ်လေရာ မည်သည့်အရာကို လက်မခံနိုင်ဘဲ ရှိပါအံ့နည်း။
ရွှီပေါ်အန်းသည် တက္ကသိုလ်မှ ဘွဲ့ရပြီးစ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် စတင်အလုပ်လုပ်စဉ်က မြေအောက်လိုဏ်ဂူအတွင်း တောက်ပသော အဝိုင်းလုံးလေးတစ်ခုကို တွေ့ရှိခဲ့ဖူးပြီး ၎င်းကို တောင်စောင့် ဝိညာဉ်၏ အတွင်းအားအလုံး ဟုပင် ထင်မှတ်ခဲ့ဖူးလေသည်။
ထိုစဉ်က သူသည် ထိုအတွင်းအားအလုံးကို ဝါးမျိုပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို လက်ဗလာဖြင့် တွန်းလှန်ကာ အချိန်မီပြီးစီးအောင် လုပ်ဆောင်၍ ဆုကြေးငွေများ ရယူရန်ပင် စိတ်ကူးယဉ်ခဲ့ဖူး၏။ နောက်မှသာ ၎င်းမှာ ဆောက်လုပ်ရေး အလုပ်သမားတစ်ဦး ကျန်ရစ်ခဲ့သော စတီးဘောစေ့ကြီး တစ်ခုမှန်း တစ်စုံတစ် ယောက်က ပြောပြခဲ့လေသည်။
ထိုအဖြစ်အပျက်ကို ပြန်လည်အမှတ်ရမိပြီး ရွှီပေါ်အန်းသည် သူ၏ပေါင်ကို ရိုက်လိုက်မိလေ၏။
*နာလိုက်တာ...*
ဤအရာသည် အမှန်တကယ် ဖြစ်ပျက်နေခြင်းပင်။ သူ အိပ်မက်မက်နေခြင်း မဟုတ်ပေ။
*နေဦး...၊ ဘာကြောင့် ဒီလောက်တောင် နာနေရတာလဲ...။*
ရွှီပေါ်အန်း ငုံ့ကြည့်လိုက်ရာ ချက်ချင်းပင် အံ့အားသင့်သွားရလေသည်။ သူ ကိုင်ထားသော ပင်အပ်ကို သူ မေ့သွား ခဲ့မိခြင်းဖြစ်၏။ ထိုသို့ ပေါင်ကို ရိုက်လိုက်သောအခါ ပင်အပ်မှာ သူ၏ခြေထောက်ထဲသို့ စိုက်ဝင်သွားခဲ့လေပြီ။
ပျော်ရွှင်မှုသည် ဝမ်းနည်းမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရချေ၏။ ရွှီပေါ်အန်းသည် နာကျင်မှုကို အောင့်အီးကာ ပင်အပ်ကို ဆွဲနုတ်လိုက်လေသည်။ ပင်အပ်ထိပ်ဖျား သူ၏ကိုယ်ပေါ်မှ ထွက်ခွာသွားသည်နှင့် သွေးတစ်စက် ပါလာခဲ့၏။ နောက်တစ်ခဏတွင် ထိုသွေးတစ်စက်သည် ဘွန်ဆိုင်းထဲရှိ နတ်ကွန်းပေါ်သို့ တိကျစွာ ကျဆင်းသွား ခဲ့လေတော့သည်။
ထိုခဏ၌ ရွှီပေါ်အန်းသည် မိန်းမောသွားသကဲ့သို့ ခံစားလိုက်ရလေ၏။ ဝေဝါးသော မြူခိုးများမှာ သူ၏ စိတ်ထဲ၌ လှုပ်ရှားလာပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့လေတော့သည်။
ထို့နောက် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ သူသည် ဤဘွန်ဆိုင်းအကြောင်းကို အလွန်တရာ ကောင်းမွန်စွာ သိရှိနားလည်သွားကြောင်း ရုတ်တရက် သတိပြုမိ လိုက်လေ၏။
အတိအကျဆိုရလျှင် ဘွန်ဆိုင်းအတွင်းရှိ မြက်ပင်တိုင်း၊ သစ်ပင်တိုင်းနှင့် အသေးစိတ် အချက်အလက်တိုင်းကို သူ သိရှိနေခဲ့လေသည်။ သူသည် လူပုလေး လီချိန်းရှီ၏ မျက်နှာပေါ်ရှိ နုနယ်သော အမွှေးအမျှင်လေးများကိုပင် မြင် တွေ့နိုင်လေသည်။ သူနှင့် ဤဘွန်ဆိုင်းအတွင်းရှိ ကမ္ဘာမှာ တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင်။
ဤသည်မှာ...သွေးဖြင့် သခင်အဖြစ် အသိအမှတ်ပြုခြင်းလော...။
ဤသည်မှာ လွန်လွန်းလှ၏။ လောကတွင် ဝဘ်ဝတ္ထုပေါင်း ထောင်ချီရှိသည့်အနက် ထက်ဝက်ခန့်မှာ သွေးဖြင့် သခင်အဖြစ် အသိအမှတ်ပြုခြင်းများ ပါဝင်နေတတ်လေသည်။
*အခြားသူများ၏ သွေးဖြင့် အသိအမှတ်ပြုခြင်းမှာ တုနှိုင်းမဲ့ နတ်ဘုရားရတနာများ သို့မဟုတ် စွမ်းအားကြီးလှ သော ဆရာသခင်အိုကြီးများ ဖြစ်လေ့ရှိသော်လည်း...။ ငါ ရွှီပေါ်အန်းကျမှ လက်ဆေးကန်အရွယ်အစားရှိသော ကျိုးပဲ့နေသည့် တောင်ပျက်လေးတစ်ခု ဖြစ်နေရသလော...။*
ရွှီပေါ်အန်းသည် တွေးတောနေစဉ်မှာပင် အခန်းပြင်မှ တံခါးခေါက်သံနှင့် မေးသံကို ကြားလိုက်ရလေသည်။
“ဒေါက် ဒေါက် ဒေါက်...၊ မစ္စတာရွှီ ရှိပါသလား...။”
ရွှီပေါ်အန်း၏ နှလုံးသားမှာ တုန်လှုပ်သွားခဲ့၏။
*သေစမ်း...၊ ဒီဘွန်ဆိုင်းပင်ကို တစ်စုံတစ်ယောက်က တွေ့သွားရင် မကောင်းဘူး…။*
ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် လက်ဖက်ရည်စားပွဲဘေးရှိ ဘွန်ဆိုင်းမှာ ရုတ်တရက် ပျောက်ကွယ်သွား လေတော့သည်။
ရွှီပေါ်အန်း အံ့ဩသွားသော်လည်း ထိုအရာသည် သူ၏ သိစိတ်ဝိညာဉ်လောကထဲတွင် ရှိနေမှန်း သူ ခံစားလိုက်ရ လေသည်။ သိစိတ်ဝိညာဉ်လောကဟူသည်မှာ အလွန် ဆန်းကြယ်လှသော ခံစားမှုမျိုးပင် ဖြစ်ချေ၏။
“ဝင်ခဲ့ပါ...။”
ရွှီပေါ်အန်းသည် တည်ငြိမ်စွာပင် ထိုင်နေလိုက်လေသည်။ တံခါးပွင့်လာပြီးနောက် စတိုင်ကျလှပသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ကိုယ်လုံးကိုယ်ပေါက် လှပသော အမျိုးသမီးငယ်တစ်ဦးသည် အပြာရောင် ဖိုင်တွဲအချို့ကို ကိုင်ဆောင်ကာ ဝင်လာခဲ့လေသည်။ သူမက တောက်ပစွာ ပြုံးပြရင်း ပြောလိုက်၏။
“မစ္စတာရွှီ...၊ အထက်လူကြီးတွေဆီက ပေးပို့လာတဲ့ လေ့လာသင်ယူစရာ စာရွက်စာတမ်းတွေနဲ့ ပညာပေး ပစ္စည်းအချို့ကို စစ်ဆေးပေးဖို့ လိုအပ်လို့ပါ...။”
လျှိုဝေသည် ကုမ္ပဏီရုံးခန်း၏ အသစ်ခန့်အပ်ထားသော ဒုတိယညွှန်ကြားရေးမှူးဖြစ်ပြီး လတ်တလောတွင် နေ့စဉ် ရုံးလုပ်ငန်းများကို တာဝန်ယူထားသူ ဖြစ်လေသည်။
“ဪ...၊ လျှိုညွှန်ကြားရေးမှူး...၊ ဒီစာရွက်စာတမ်းတွေကို ဘာလို့ ကိုယ်တိုင်လာပို့ရတာလဲ...၊ ကျွန်တော် တကယ့် ကို အားနာမိပါတယ်...။”
အရင်ကမူ ဤကဲ့သို့ စာရွက်စာတမ်း လှည့်လည်ပေးပို့သည့် အလုပ်များကို သာမန်ရုံးဝန်ထမ်းများကသာ လုပ်ဆောင်လေ့ရှိခြင်း ဖြစ်လေသည်။ လျှိုဝေသည် ဖိုင်တွဲများကို ရွှီပေါ်အန်းထံ ကမ်းပေးလိုက်ပြီး လက်မှတ် ထိုးရန် ဘောပင်ကို ညင်သာစွာ ကမ်းပေးလိုက်လေ၏။
“ခြံထဲမှာ စာရွက်စာတမ်းတွေ သယ်လာတဲ့ ရှောင်ဝမ်နဲ့ တိုးလို့ပါ...၊ သူ့ကို ကျွန်မရဲ့ ပါဆယ်သွားယူခိုင်း လိုက်လို့ ကျွန်မကိုယ်တိုင်ပဲ လာပို့လိုက်တာပါ...။”
ရွှီပေါ်အန်းသည် သင်းပျံ့သော ရနံ့တစ်ခုကို ခံစားလိုက်ရပြီး ထိုအမျိုးသမီး၏ ဆံနွယ်များက သူ၏နားအနီးသို့ မတော်တဆ ထိတွေ့သွားကာ ယားကျိကျိ ဖြစ်သွားစေခဲ့သည်။ ရွှီပေါ်အန်းမှာ စာရွက်စာတမ်းများကို ကြည့်ရန် စိတ်မပါတော့ဘဲ အလျင်အမြန်ပင် လက်မှတ်ထိုးရမည့် နေရာကို ရှာဖွေ၍ လက်မှတ်ရေးထိုးလိုက်လေတော့ သည်။
ရွှီပေါ်အန်း လက်မှတ်တစ်ခု ထိုးပြီးတိုင်း လျှိုဝေက နောက်ထပ် ဖိုင်တွဲတစ်ခုဖြင့် အလိုက်သင့် လဲလှယ်ပေးခဲ့ လေ၏။
စုစုပေါင်း လက်မှတ် ခုနစ်ခု၊ ရှစ်ခုခန့် ထိုးပြီးနောက်တွင် လျှိုဝေသည် ဘောပင်ကို ပြန်သိမ်းကာ မတ်တတ်ရပ် လိုက်လေသည်။ လှပသော အမျိုးသမီးတစ်ဦး၏ စေတနာကို ငြင်းပယ်ရန် ခက်ခဲလှသော်လည်း ဤလျှိုဝေ၏ နောက်ကွယ်တွင် ကြီးမားသော အရှိန်အဝါရှိကြောင်း ရွှီပေါ်အန်း ကြားသိထားဖူးလေ၏။
သို့မဟုတ်ပါက ဘွဲ့ရပြီး ဒုတိယနှစ်မှာပင် ဤကဲ့သို့ အရေးကြီးသော ရာထူးကို ရရှိရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမကဲ့သို့သော သူမျိုးနှင့် အလှမ်းကွာကွာ နေခြင်းက အကောင်းဆုံးပင် ဖြစ်လေသည်။
လျှိုဝေ ထွက်သွားပြီးနောက် ရွှီပေါ်အန်းသည် စိတ်အားထက်သန်စွာဖြင့် ဘွန်ဆိုင်းကို ပြန်လည် ခေါ်ယူလိုက် လေသည်။ အမှန်တကယ်ပင် ဘွန်ဆိုင်းသည် ရွှီပေါ်အန်း၏ ရှေ့မှောက်တွင် ပြန်လည် ပေါ်ပေါက်လာခဲ့လေပြီ။ ရွှီပေါ်အန်းမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့လေ၏။
ဤသည်မှာ ထိုအရာကို အံ့အားသင့်ဖွယ် လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်သည် မဟုတ်ပါလား။ ဤဘွန်ဆိုင်း မှာ ပေါင်နှစ်ဆယ်ခန့် အလေးချိန်ရှိပြီး တစ်စုံတစ်ယောက်၏ ခေါင်းကို မတော်တဆ ရိုက်လိုက်လျှင် ဦးနှောက်ပွင့် သွားမည်မှာ ဧကန်မုချပင် ဖြစ်ချေ၏။
“တောင်စောင့်နတ်မင်းကြီး...၊ တောင်စောင့်နတ်မင်းကြီး...၊ ရှိနေသေးရဲ့လားခင်ဗျာ...။”
“တခြား ခိုင်းစရာ မရှိရင် ကျွန်တော်မျိုး ပြန်သွားပါရစေ...။ ရွာသားတွေက ရေကို စောင့်နေကြလို့ပါ...။”
ဘွန်ဆိုင်းအတွင်းမှ လီချိန်းရှီ၏ ခေါ်သံကို ကြားလိုက်ရသဖြင့် ရွှီပေါ်အန်း သတိပြန်ဝင်လာခဲ့လေသည်။
“ကောင်းပြီ...၊ မင်းသွားနိုင်ပြီ...။ ဒါပေမဲ့ မင်းကို ခိုင်းစရာ တစ်ခုရှိတယ်...။”
“မိန့်မှာတော်မူပါ တောင်စောင့်နတ်မင်းကြီး...။”
လီချိန်းရှီက ရိုသေစွာ ပြန်လည် လျှောက်တင်လေ၏။
“မင်းပြန်ရောက်ရင် ရွာသားတွေနဲ့ တိုင်ပင်လိုက်ပါ...။ အကယ်၍ မင်းတို့မှာ တခြား ရွေးချယ်စရာ လမ်း မရှိ တော့ရင် ဒီနေရာမှာပဲ လာပြီး အခြေချ နေထိုင်ကြပေါ့...။ ငါ တခြားအရာတွေတော့ ကတိမပေးနိုင်ပေမဲ့ ရေကတော့ အလျှံပယ် ရှိစေရမယ်...။”
ပြောရင်းဆိုရင်းပင် ရွှီပေါ်အန်းသည် လက်ဖက်ရည်စက်ဘေးရှိ ရေသန့်ဘူးကြီးကို လှမ်းကြည့်လိုက်လေသည်။ သူတို့၏ သုံးစွဲမှုအရဆိုလျှင် ဤရေသန့်ဘူး တစ်ဘူးမှာ ကြည်လင်သော ရေကန်ကြီး တစ်ခုကို ဖန်တီးပေးနိုင်မည် ဖြစ်ချေသည်။
လီချိန်းရှီ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့လေ၏။
“ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းကြီး...၊ ကျေးဇူးတင်ပါတယ်...။ အားလုံးက သေချာပေါက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြမှာပါ...။”
ရွှီပေါ်အန်းသည် ပင်အပ် တစ်ဆယ်ကျော်ကို ကျကျနန ကောက်ယူလိုက်ပြီး ပြောလိုက်လေသည်။
“လမ်းမှာ အန္တရာယ် မဖြစ်အောင်လို့ ဒီမြွေကို ခဏထားခဲ့လိုက်ဦး...။ ဒီနတ်ဘုရားလက်နက်တွေကို အရင်ယူသွားလိုက်...။”
ထို့နောက် ရွှီပေါ်အန်းသည် လက်ကို မြှောက်ကာ ပင်အပ်များကို မြေကြီးထဲသို့ ညင်သာစွာ စိုက်ပေးလိုက်လေ၏။ အစောပိုင်းက မြွေငယ်လေးကို ထိုးစိုက်စဉ်ကကဲ့သို့ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွားပြီး လီချိန်းရှီ ဆွဲမထုတ်နိုင် မည်ကို စိုးရိမ်သဖြင့် ရွှီပေါ်အန်းမှာ အင်အားအများကြီး မသုံးဝံ့ပေ။
လီချိန်းရှီ၏ မျက်လုံးထဲတွင်မူ ကောင်းကင်ယံ၌ စူးရှသော ငွေရောင်အလင်းတန်းများ ရုတ်တရက် ပေါ်လာခဲ့လေ သည်။ ထို့နောက် နတ်ဘုရားလက်နက် တစ်ဆယ်ကျော်မှာ ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့၏။
အို...၊ အမှန်တကယ်ပင် နတ်ဘုရားတို့၏ လက်ရာပင် ဖြစ်ချေ၏။ ဤကဲ့သို့သော နတ်ဘုရားလက်နက်များကို အလွယ်တကူ ပေးသနားတော်မူလေသည်။ လီချိန်းရှီသည် အတိုင်းမသိ ကျေးဇူးတင်ရှိကြောင်း ဖော်ပြရင်း နတ်ဘုရားလှံရှည် တစ်ဆယ်ကျော်ကို သယ်ဆောင်ကာ ထွက်ခွာသွားလေတော့သည်။
ရွှီပေါ်အန်း ခဏမျှ အနားယူရန် ပြင်ဆင်နေစဉ်မှာပင် ရုတ်တရက် အခြားတောင်ထိပ်တစ်ခုဆီမှ ဆူညံသံများ ထွက်ပေါ်လာခဲ့လေတော့သည်။