အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း (၃)
သိန်းတစ်ရာတန်သော ရတနာ
ဤရှုခင်းလှ ဘွန်ဆိုင်းတွင် တောင်ထွတ် သုံးခု ရှိလေသည်။
တောင်စောင့်နတ်မင်း နတ်ကွန်းမှာ အလယ်ဗဟိုတွင် ရှိပြီး ရှေ့နှင့်နောက်တွင် ခန့်ညားထည်ဝါသော အခြားသော တောင်ထွတ် တစ်ခုနှင့် ဆက်သွယ်ထားရာ တောင်တန်းများ ထပ်နေသည့်အလား ခံစားရစေ၏။ ထို့ပြင် အခြား တစ်ဖက်တွင်လည်း သီးခြားတောင်ထွတ် တစ်ခုရှိနေပြီး ၎င်းကို အလယ်ရှိ ကုန်းမြင့်နိမ့်လေးများဖြင့် ဆက်သွယ် ထားလေသည်။
ဆူညံသံများမှာ ထိုသီးခြား တောင်ထွတ်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ရွှီပေါ်အန်းသည် အသံလာရာသို့ အာရုံ စိုက်ကြည့်လိုက်ရာ ထိုနေရာ၌ ဖြစ်ပျက်နေသမျှကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။
ဤသည်မှာ (၃၆၀) ဒီဂရီ နတ်ဘုရားမျက်စိဖြင့် ကြည့်နေရသကဲ့သို့ ဖြစ်ပြီး အနီးကပ် ချဲ့ကြည့်နိုင်သော မှန်ဘီလူး ဖြင့် ကြည့်ရသည်ထက်ပင် သာ၍ ပြည့်စုံလှပေသည်။
ထိုတောင်ထွတ်၏ နောက်ဘက်ရှိ ကမ်းပါးယံတွင် မျောက်အုပ်တစ်အုပ်မှာ ဆော့ကစားနေကြလေ၏။ မိုးခေါင်မှု ကြောင့် ကမ်းပါးယံတွင် စိမ်းလန်းမှုများ မရှိတော့သော်လည်း မျောက်များမှာမူ ဖျတ်လတ်နေဆဲဖြစ်ပြီး မြေပြင် ပေါ်တွင် ပြေးလွှားနေသကဲ့သို့ပင် ကမ်းပါးယံပေါ်ရှိ ခြောက်သွေ့နေသော သစ်ကိုင်းများနှင့် ကျောက်ဆောင်ကွက် လပ်များကို အသုံးပြု၍ တစ်ကောင်နှင့်တစ်ကောင် လိုက်တမ်းပြေးတမ်း ကစားနေကြချေ၏။
ရွှီပေါ်အန်း၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားခဲ့ရလေသည်။
မျောက်များကို မြင်လိုက်ရ၍ မဟုတ်ဘဲ ကမ်းပါးယံပေါ်ရှိ ခြောက်သွေ့နေသော သစ်ကိုင်း အများအပြားမှာ အမှန် စင်စစ် "ကမ်းပါးယံ သစ်မွှေး" များ ဖြစ်နေသောကြောင့်ပင်။ ယခုခေတ်တွင် ကမ်းပါးယံ သစ်မွှေးဖြင့် ပြုလုပ်ထား သော ပုတီးများနှင့် သစ်မြစ်အလှဆင်ပစ္စည်းများမှာ အလွန်ပင် ရေပန်းစားနေကြောင်း လူတိုင်း သိရှိကြပေသည်။ ထို့ပြင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ကမ်းပါးယံ သစ်မြစ်အလှများသည် မိုးထိ မြင့်မားသော ဈေးနှုန်းများကို ရရှိနိုင်လေသည်။
မကြာသေးမီကပင် သူ၏ကုမ္ပဏီလက်အောက်ရှိ အဝေးပြေးလမ်း စီမံကိန်းဌာနမှ ကွန်ကရစ်စခန်း မန်နေဂျာ တစ်ဦးသည် လုပ်ငန်းခွင်အတွင်း နဂါးပုံသဏ္ဌာန်ရှိသော ကမ်းပါးယံ သစ်မြစ်တစ်ခုကို မတော်တဆ တွေ့ရှိခဲ့ပြီး ယွမ်ငါးသန်းခန့်ဖြင့် ရောင်းချခဲ့ရဖူးလေသည်။
ဤဖြစ်ရပ်ကြောင့် ကုမ္ပဏီတစ်ခုလုံးတွင် ကမ်းပါးယံ သစ်မွှေးအရူးအမူးဖြစ်မှုများ ပေါ်ပေါက်ခဲ့ပြီး အမျိုးသား တိုင်းနီးပါး၏ လက်ထဲတွင် ကမ်းပါးယံ သစ်မွှေးပုတီး တစ်ကုံးစီ ရှိနေခဲ့ကြ၏။
ရွှီပေါ်အန်းသည် ကမ်းပါးယံပေါ်ရှိ ထိုသစ်မြစ်များကို လောဘတကြီး ကြည့်ရှုနေမိသည်။ မကြာမီမှာပင် ထူးခြား သော ပုံသဏ္ဌာန်ရှိသော ကမ်းပါးယံ သစ်မြစ်တစ်ခုက ရွှီပေါ်အန်း၏ အာရုံကို ဖမ်းစားလိုက်လေ၏။ ထိုသစ်မြစ်၏ သစ်ကိုင်းအများစုမှာ ကျိုးပဲ့နေပြီး အနည်းငယ်သာ ကျန်တော့သော်လည်း သစ်မြစ်များစွာမှာ ကျောက်ဆောင် ကွက်လပ်များအတွင်းမှ တိုးထွက်နေခဲ့သည်။ ၎င်းတို့အနက် ထူးခြားသော သစ်မြစ်နှစ်ခုမှာ တစ်ခုနှင့်တစ်ခု လိမ်ယှက်နေပြီး ရင်ပေါင်တန်း ပျံသန်းနေသော ငှက်နှစ်ကောင်နှင့် အလွန်ပင် တူညီနေချေ၏။
ရွှီပေါ်အန်း၏ မျက်နှာမှာ ဝင်းပသွားပြီး ကမ်းပါးယံဆီသို့ လက်လှမ်းလိုက်လေသည်။ သူ၏ လက်သည်းဖြင့် ညင်သာစွာ ကော်လိုက်ရုံမျှဖြင့် ထိုထူးခြားသော သစ်မြစ်အလှမှာ အလွယ်တကူပင် ပြုတ်ထွက်လာခဲ့၏။ ၎င်းကို သူ၏လက်ဖဝါးထဲတွင် ကိုင်ထားမိသည့်တိုင်အောင် ရွှီပေါ်အန်းမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေမိဆဲပင်။
သူသည် ကြီးမားသော ပြဿနာတစ်ခုကို မေ့နေခဲ့မိသည်။
ဤအရာမှာ ဘွန်ဆိုင်းအတွင်းမှ ပစ္စည်းတစ်ခုသာ ဖြစ်သဖြင့် မီလီမီတာ အနည်းငယ်မျှသာ အရွယ်အစား ရှိလေ သည်။ ပုတီးစေ့တစ်စေ့စာပင် ထွင်းထု၍ မရနိုင်သော ဤအရာမှာ အဘယ်မျှအကျိုးရှိပါအံ့နည်း။
ရွှီပေါ်အန်း ထိုသို့ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏လက်ဖဝါးထဲရှိ မီလီမီတာ အနည်းငယ်သာ ရှိသော ကမ်းပါးယံ သစ်မြစ်မှာ မျက်မြင်ကိုယ်တွေ့ပင် လျင်မြန်စွာ ကြီးထွားလာလေတော့သည်။ ရွှီပေါ်အန်း ထိတ်လန့် သွားပြီး ထိုအရာကို မြေပြင်ပေါ်သို့ အမြန်ချလိုက်ရလေ၏။
မိနစ်အနည်းငယ်အတွင်းမှာပင် ရွှီပေါ်အန်းသည် ထိုကမ်းပါးယံ သစ်မြစ် သေးငယ်ရာမှ ကြီးမားလာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရလေသည်။ မူလက မီလီမီတာ အနည်းငယ်သာ ရှိသော သစ်မြစ်မှာ ယခုအခါ ပုံမှန်အရွယ်အစားသို့ ရောက်ရှိသွားပြီး အလျား တစ်မီတာကျော်နှင့် အနံ တစ်ဝက်ခန့် ရှိသွားလေပြီဖြစ်၏။
လိမ်ယှက်နေသော သစ်မြစ်များဖြင့် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ထိုအလှမှာ အရွယ်အစား ကြီးမားလာ သောအခါ အသေးစိတ်အချက်အလက်များမှာ သာ၍ ထင်ရှားလာပြီး သက်ရှိထင်ရှား ငှက်နှစ်ကောင်နှင့်ပင် တူလှ ပေသည်။
ရတနာပင် ဖြစ်ချေ၏။ အဆင့်မြင့်ဆုံး ကမ်းပါးယံ သစ်မြစ်အလှတစ်ခုပင် ဖြစ်ပေသည်။
ရွှီပေါ်အန်းသည် သူ၏ဖုန်းကို ထုတ်ယူကာ ရှေ့ရှိ သစ်မြစ်ကို ဓာတ်ပုံအချို့ အမြန်ရိုက်လိုက်၏။ ထို့နောက် သူ၏ မိတ်ဆွေတစ်ဦးထံသို့ ပေးပို့လိုက်လေသည်။ ထိုသူမှာ တုန်းကျန်း လေလံအိမ်တော်၏ အစုရှယ်ယာရှင် တစ်ဦး ဖြစ်ပြီး အပေါင်ဆိုင်နှစ်ဆိုင်ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။ သူသည် အရင်က ရွှီပေါ်အန်း၏ စီမံကိန်း တွင် မြေတူးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်၏။
အကြောင်းပြန်ချက်မှာ အလွန်ပင် လျင်မြန်လှပေသည်။
“မစ္စတာရွှီ...၊ ခင်ဗျားကတော့ ကံကောင်းခြင်းတွေ လက်ဆောင်ရထားတာပဲ...။ ဒါက တကယ့်ကို ထိပ်တန်းပစ္စည်း ပဲဗျ...။”
အသက်အရွယ် ရင့်ကျက်လာပြီး ကြမ်းတမ်းလှသော ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် နှစ်ပေါင်းများစွာ လုပ် ကိုင်ခဲ့သဖြင့် ရွှီပေါ်အန်းသည် တည်ငြိမ်သော စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူ၏ အပြုံးကို မထိန်းထားနိုင်တော့ချေ။
“ခန့်မှန်းခြေ တစ်ခုလောက် ပေးပါဦး...။”
အကြောင်းပြန်ချက်မှာ ယခင်အတိုင်းပင် လျင်မြန်လှ၏။
“အနည်းဆုံး ယွမ်ဆယ်သန်းတော့ ရပါလိမ့်မယ်...၊ အခြေအနေကောင်းရင် သန်းနှစ်ဆယ်အထိတောင် ရနိုင် တယ်...။ အကယ်၍ ခင်ဗျား ကျွန်တော့်ဆီမှာ လေလံတင်ချင်တယ်ဆိုရင် ကော်မရှင်ခကို လုံးဝ ကင်းလွတ်ခွင့် ပေးပါ့မယ်...”
“ကောင်းပြီ...၊ လေလံပွဲက ဘယ်တော့ စမှာလဲ...။”
ရွှီပေါ်အန်း အမြန်ပင် မေးလိုက်လေသည်။
“ခင်ဗျားကတော့ ကျွန်တော့်ရဲ့ အစ်ကိုကြီးပါပဲ...၊ ဒီနေ့ည လစဉ်လေလံပွဲက အတော်ပဲပေါ့...။ နောက်ဆုံးပိတ် ရတနာကို တင်မယ့်သူက အခုလေးတင်ပဲ ဖျက်သိမ်းသွားလို့ ခင်ဗျားရဲ့ ရတနာက ကျွန်တော့်ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးဖို့ အချိန်ကိုက်ပါပဲ...။”
ရွှီပေါ်အန်း၏ နှုတ်ခမ်းထက်ရှိ အပြုံးမှာ သာ၍ပင် ကျယ်ပြန့်လာခဲ့သည်။ သူ တစ်သက်လုံး မျှော်လင့်ခဲ့ရသော ငွေကြေးဆိုင်ရာ လွတ်လပ်မှုသည် နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီမဟုတ်ပါလော။
သို့သော် ဤအရာကို မည်သို့ ယူဆောင်သွားရမည်နည်း။ ကြီးမားလှသော ကမ်းပါးယံ သစ်မြစ်ကြီးကို ကြည့်ရင်း ရွှီပေါ်အန်း အခက်တွေ့နေမိ၏။ မိမိ၏ ကြွယ်ဝမှုကို လူမသိအောင် နေထိုင်ခြင်းမှာ ဤမြေ၌ ရှေးယခင်က တည်းက ကျင့်သုံးခဲ့သော သီလတစ်ခုပင် မဟုတ်ပါလား။ အကယ်၍ သူသည် ဤကဲ့သို့ ကြီးမားသော သစ်မြစ် ကြီးကို ဗြောင်ကျကျ သယ်ဆောင်သွားပါက နာရီဝက်အတွင်း ကုမ္ပဏီတစ်ခုလုံး သိသွားပေလိမ့်မည်။
အကယ်၍ ၎င်းကို ပြန်လည် သေးငယ်သွားအောင် လုပ်နိုင်လျှင် ကောင်းပေလိမ့်မည်။
ရွှီပေါ်အန်း ထိုသို့ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် ကမ်းပါးယံ သစ်မြစ်မှာ တဖြည်းဖြည်း ပြန်လည် သေးငယ် သွားပြီး မူလအတိုင်း မီလီမီတာ အနည်းငယ်မျှသာ ရှိတော့လေသည်။ ဤသည်မှာ နတ်ဘုရားတို့၏ တန်ခိုး တော်နှင့် မခြားနားလှတော့ပေ။
ရွှီပေါ်အန်းသည် နောက်ထပ် နှစ်ကြိမ်၊ သုံးကြိမ်ခန့် စမ်းသပ်ကြည့်ပြီးနောက် ဘွန်ဆိုင်းအတွင်းရှိ ပစ္စည်းများ၏ နိယာမကို သိရှိသွားခဲ့လေသည်။ ၎င်းတို့သည် အကြီးဆုံးအနေဖြင့် ခေတ်သစ်ကမ္ဘာရှိ ပုံမှန်အရွယ်အစားအထိ ကြီးထွားနိုင်ပြီး အသေးဆုံးအနေဖြင့် ဘွန်ဆိုင်းအတွင်းရှိ မူလပုံစံအထိ သေးငယ်နိုင်လေသည်။
ထို့ပြင် ရွှီပေါ်အန်းသည် မျောက်နှင့် မြွေငယ်လေးကို ကိုင်ကြည့်ရာ သက်ရှိသတ္တဝါများကို အပြင်သို့ ယူဆောင်၍ မရနိုင်သော်လည်း သေဆုံးသွားသော မြွေငယ်လေးကိုမူ ယူဆောင်နိုင်ကြောင်း တွေ့ရှိခဲ့ရ၏။ သို့သော် ရွှီပေါ်အန်း သည် ထိုမြွေကို ကြီးအောင် မလုပ်ဝံ့ပေ။ အကယ်၍ ၎င်းမှာ ကြီးမားသွားပါက လူကို ထိတ်လန့်စေမည့် စပါးကြီး မြွေကြီး ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။
ရွှီပေါ်အန်းသည် မျက်မှန်သုတ်သည့် အဝတ်ကို သေချာစွာ ရှာဖွေ၍ သေးငယ်သွားသော ကမ်းပါးယံ သစ်မြစ်ကို ထုပ်လိုက်လေသည်။ ထို့နောက် စိတ်ဝိညာဉ်ဖြင့် ဘွန်ဆိုင်းကို သိမ်းဆည်းလိုက်ပြီး ကုမ္ပဏီမှ ထွက်ခွာခဲ့လေ တော့သည်။
ရွှီပေါ်အန်းသည် လေလံအိမ်တော်သို့ တိုက်ရိုက် မသွားဘဲ ကားငှားသည့် ကုမ္ပဏီတစ်ခုသို့ အရင်သွားကာ ကားတစ်စီး ငှားလိုက်လေသည်။ မူလက ရွှီပေါ်အန်းတွင် ကားတစ်စီး ရှိသော်လည်း ကွာရှင်းစဉ်က အဝတ် တစ်ထည် ကိုယ်တစ်ခုဖြင့် ထွက်လာခဲ့ရသဖြင့် အရာအားလုံး ဆုံးရှုံးခဲ့ရခြင်း ဖြစ်လေ၏။
ကားငှားပြီးနောက် ရွှီပေါ်အန်းသည် ကမ်းပါးယံ သစ်မြစ်ကို ထုတ်ယူ၍ ကားနောက်ခန်းတွင် ထည့်လိုက်ပြီး လေလံအိမ်တော်သို့ မောင်းနှင်သွားခဲ့လေတော့သည်။
ရွှီပေါ်အန်း ရောက်ရှိသွားသောအခါ လေလံအိမ်တော် အဝင်ဝတွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက စောင့်ကြိုနေခဲ့လေသည်။ ထိုသူမှာ ရွှီပေါ်အန်း ဆက်သွယ်ခဲ့သော အစုရှယ်ယာရှင် ကျောက်ယွန်းထောင်ပင် ဖြစ်ပေ၏။
နှုတ်ဆက်စကား အနည်းငယ် ပြောကြားပြီးနောက် ရွှီပေါ်အန်းကို အထူးဧည့်ခန်းအတွင်းသို့ ခေါ်ဆောင်သွား ခဲ့လေသည်။ ကမ်းပါးယံ သစ်မြစ်ကိုလည်း ကျောက်ယွန်းထောင်ထံသို့ စနစ်တကျ လွှဲပြောင်းပေးလိုက်၏။ လွှဲပြောင်းမှု လုပ်ငန်းစဉ်များမှာ အဆင်ပြေချောမွေ့ခဲ့လေသည်။
အတိုချုပ်ရသော် လေလံပွဲပြီးဆုံးချိန်တွင် ရွှီပေါ်အန်းသည် ယွမ် (၂၁) သန်း ပိုင်ဆိုင်သော သူဌေးကြီးတစ်ဦး ဖြစ်လာခဲ့လေပြီ။ ယွမ် (၂၁) သန်းမှာ ကမ်းပါးယံ သစ်မြစ်အလှ၏ လေလံဈေးပင် ဖြစ်ချေ၏။
မှန်ပေသည်၊ ရွှီပေါ်အန်းမှာ တစ်ပြားတစ်ချပ်မျှ မရှိတော့သည့် အခြေအနေမှ ယခုကဲ့သို့ ဖြစ်လာခြင်း ဖြစ်၏။ သူ၏ အိမ်နှင့် ကားအပါအဝင် ပိုင်ဆိုင်မှုအားလုံးကို သူ၏ ဇနီးဟောင်းက ကွာရှင်းစဉ်အတွင်း လျှို့ဝှက်စွာ လွှဲပြောင်းယူသွားခဲ့ခြင်း ဖြစ်လေသည်။
မိမိ၏ ကြွယ်ဝမှုကို မကြွားဝါခြင်းဟူသော သီလကို နားလည်သဖြင့် ရွှီပေါ်အန်းသည် ဤဝမ်းမြောက်မှုကို အခြား သူများအား မပြောပြခဲ့ပေ။ သူ၏ နေအိမ်သို့ ပြန်လာပြီးနောက် တုန်းကျန်း နှစ်(၃၀) အနှစ်သာရ ဝိုင်တစ်ပုလင်းကို သောက်သုံးရင်း လမင်းကို တစ်ယောက်တည်း အဖော်ပြု၍ အောင်ပွဲခံခဲ့လိုက်လေသည်။
ညတာမှာ အေးချမ်းစွာ ကုန်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့ မနက်နှောင်းပိုင်းတွင် ဖုန်းမြည်သံကြောင့် ရွှီပေါ်အန်း နိုးလာခဲ့၏။ ဖုန်းခေါ်ဆိုမှုမှာ ရိုးရှင်းလှပေသည်၊ သူ၏ မိခင်က ရွှီပေါ်အန်းအတွက် အောင်သွယ်ပေးသည့် တွေ့ဆုံ ပွဲတစ်ခု စီစဉ်ထားခြင်းပင် ဖြစ်၏။ နှစ်ဖက်စလုံးက ဝမ်တန်း ပလာဇာတွင် တွေ့ဆုံရန် သဘောတူခဲ့ကြလေသည်။
“ဟုတ်ကဲ့ အမေ...၊ ကျွန်တော် ပြင်ဆင်ပြီး သွားလိုက်ပါ့မယ်...။”
ကုမ္ပဏီ၏ အကြီးအကဲ တစ်ဦးဖြစ်သဖြင့် အရေးကြီးသော ကိစ္စမရှိလျှင် ရွှီပေါ်အန်းသည် ရုံးသို့ အချိန်မှန် သွားရန် မလိုချေ။
သူ ဝမ်တန်း ပလာဇာသို့ ရောက်ရှိသောအခါ ရင်ပြင်တွင် စည်ကားလှသော ကားပြပွဲတစ်ခု ကျင်းပနေခဲ့လေသည် ။ လှပသော မော်ဒယ်လ် အမျိုးသမီးများနှင့်အတူ အမှတ်တံဆိပ်အမျိုးမျိုးမှ ကားအသစ်များမှာ လူအများ၏ အာရုံကို ဖမ်းစားထားခဲ့လေ၏။
ရွှီပေါ်အန်းမှာ တွေ့ဆုံပွဲသို့ သွားရန် အလုပ်ရှုပ်နေသဖြင့် ရှည်လျားပြီး ဖြူဖွေးလှပသော... ကားကြီးများကို တစ်ချက်မျှ ကြည့်ရုံသာ ကြည့်ပြီး ထွက်ခွာခဲ့လေသည်။
တွေ့ဆုံရမည့် နေရာမှာ အဝတ်အထည် ဆိုင်တစ်ဆိုင် ဖြစ်လေသည်။ နေရာက အနည်းငယ် ထူးဆန်းနေသော် လည်း အဓိပ္ပာယ်ရှိလှပေသည်၊ အဘယ်ကြောင့်ဆိုသော် ရွှီပေါ်အန်းနှင့် တွေ့ဆုံမည့် အမျိုးသမီးမှာ ဤဆိုင်၏ ပိုင်ရှင်ဖြစ်သောကြောင့်ပင်။
လူလတ်ပိုင်းများ၏ တွေ့ဆုံပွဲမှာ လူငယ်များကဲ့သို့ လုပ်ထုံးလုပ်နည်းများ များပြားခြင်း မရှိလှပေ။ ပထမဦးစွာ အချင်းချင်း လူမှုကွန်ရက်တွင် အပ်နှံကြပြီး စိတ်ဝင်စားမှုများ၊ ရည်မှန်းချက်များ၊ အတိတ်က အချစ်ရေးများ၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင်များကို တစ်ဦးနှင့်တစ်ဦး ဆွေးနွေးကြကာ အမြင်ချင်း တူမတူ စစ်ဆေး ကြလေသည်။
ထို့နောက်မှ ကော်ဖီဆိုင်ကဲ့သို့သော နေရာမျိုးတွင် တွေ့ဆုံကာ တစ်ဦးကိုတစ်ဦး သဘောကျမကျ ကြည့်ရှုကြပြီး အဓိကအားဖြင့် ငွေကြေးအခြေအနေနှင့် မိသားစု နောက်ခံများကို ဆွေးနွေးကြ၏။ ဤလုပ်ငန်းစဉ် တစ်ခုလုံးမှာ အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် ကြာမြင့်နိုင်လေသည်။
သာမန် လူလတ်ပိုင်းများအတွက်မူ တွေ့ဆုံပွဲများမှာ ထိုမျှအထိ အလုပ်မရှုပ်လှပေ။ အများစုမှာ ကျန်းမာရေး ကောင်းမွန်ရန်နှင့် တည်ငြိမ်သော အလုပ်ရှိရန်ကိုသာ ဦးစားပေးကြ၏။ အဓိက အချက်မှာ ငွေကြေးအရ လွတ်လပ်မှု ရှိရန်ပင် ဖြစ်လေသည်။ အကယ်၍ အဆင်ပြေပါက အကြိမ်အနည်းငယ် တွေ့ဆုံပြီး ဆယ်ရက် သို့မဟုတ် လဝက်အတွင်း အခြေချ နေထိုင်ကြလေတော့သည်။ အကယ်၍ အဆင်မပြေပါကလည်း အချိန်မဖြုန်း ဘဲ နောက်တစ်ဦးသို့ လျင်မြန်စွာ ကူးပြောင်းလိုက်ကြလေ၏။
လူလတ်ပိုင်းများအတွက်မူ သူတို့၏ ကျန်းမာသန်စွမ်းသော ဘဝသက်တမ်းမှာ ထက်ဝက်ခန့် ကုန်ဆုံးနေပြီ ဖြစ် သဖြင့် တစ်နှစ်ပတ်လုံး အချိန်ဖြုန်းကာ အချင်းချင်း စမ်းသပ်နေရန် အချိန်မရှိကြတော့ချေ။
အခန်း (၄)
အောင်သွယ်ပေးသည့် တွေ့ဆုံပွဲ
“မင်္ဂလာပါ ရှင့်...။ ဒါတွေက ကျွန်မတို့ဆိုင်ကို အခုလေးတင် ရောက်ထားတဲ့ အထည်အသစ်လေးတွေပါ...။ စိတ်ကြိုက်တွေ့ရင် ဝတ်ကြည့်လို့ ရပါတယ်ရှင့်...။”
ရွှီပေါ်အန်း ဆိုင်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် အမျိုးသမီးတစ်ဦးက နွေးထွေးပျူငှာစွာ ကြိုဆိုလျက် ကုန်ပစ္စည်းများကို မိတ်ဆက်ပေးနေခဲ့လေသည်။
ထိုအမျိုးသမီးသည် ဆိုင်ရှိ အရုပ်မတွင် ဝတ်ဆင်ပေးထားသော အစင်းကြား ဝတ်စုံရှည်ကိုပင် ဝတ်ဆင်ထားလေ ၏။ သူမသည် အသက် (၂၇) နှစ် သို့မဟုတ် (၂၈) နှစ်ခန့် ရှိပုံရပြီး ခုနစ်စင်တီမီတာ၊ ရှစ်စင်တီမီတာခန့် မြင့်သော ဒေါက်ဖိနပ်ကို စီးထားသဖြင့် ရွှီပေါ်အန်းနှင့် အရပ်အမောင်း မတိမ်းမယိမ်းပင် ရှိလေသည်။
သူမ၏ လှပသေသပ်သော မိတ်ကပ်လိမ်းခြယ်မှုမှာ ရင့်ကျက်သော အမျိုးသမီးငယ်တစ်ဦး၏ ထူးခြားသော ဆွဲဆောင်မှုကို ဖော်ဆောင်နေချေ၏။ အဝတ်အထည် ရောင်းချသူပီပီ သူမသည် မိမိကိုယ်ကို မည်သို့ ပြင်ဆင် ရမည်ကို ကောင်းစွာ သိရှိနားလည်ပုံရပေသည်။
ခမ်းနားထည်ဝါသော လူနေမှုဘဝတွင် ကျင်လည်ခဲ့ဖူးသဖြင့် ရွှီပေါ်အန်းသည် အမျိုးသမီး အမျိုးမျိုးကို မြင်တွေ့ ခဲ့ဖူးသော်လည်း ရှေ့မှ အမျိုးသမီးမှာမူ သူ၏ နှလုံးသားကို တစ်ချက်မျှ ခုန်လှုပ်သွားစေခဲ့သည်။ ပြည့်စုံသော ရုပ်ရည်နှင့် ကြင်နာတတ်သော အမူအရာရှိသည့် ဤအမျိုးသမီးမှာ ပထမဦးဆုံး အကြည့်တွင်ပင် နာမည်ကျော် မင်းသမီး လျှိုထောင်းနှင့် အလွန်ပင် ဆင်တူလှပြီး ကြည့်ရသည်မှာ မျက်စိပသာဒ ဖြစ်လှပေသည်။
ခေတ်ကာလ စကားအရဆိုလျှင် သူမသည် ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ဖော်ဆောင်နေသည့် ဘုန်းကျက် သရေရှိသော မျက်နှာကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်ပေ၏။
အမှန်အတိုင်းဆိုရလျှင် ရွှီပေါ်အန်းသာ သိန်းပေါင်းများစွာသော ကြွယ်ဝမှုများကို မပိုင်ဆိုင်ထားခဲ့ပါက သူမ၏ ရှေ့တွင် အနည်းငယ်မျှ စိတ်အားငယ်မိပေလိမ့်မည်။ အနည်းဆုံးတော့ သူ၏ ဇနီးဟောင်းမှာ ဤမျှ အရည်အချင်း မရှိခဲ့ပေ။ လှပလှသော ဤအမျိုးသမီးမှာ သူ၏ အောင်သွယ်ပေးသည့် တွေ့ဆုံပွဲမှ အမျိုးသမီး အမှန်တကယ်ပင် ဖြစ်နေမည်လော။
“မင်္ဂလာပါ...၊ ကျွန်တော် ချန်ဖိန်ဖိန်ကို ရှာနေတာပါ...။”
ရွှီပေါ်အန်းက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်လေသည်။ အမျိုးသားဟူသည်မှာ သေဆုံးသည့်တိုင်အောင် လူငယ်စိတ် ရှိနေတတ်ကြသည် မဟုတ်ပါလား။
“ကျွန်မပါပဲ...။ ရှင်က... ရွှီပေါ်အန်းလား...။”
ရွှီပေါ်အန်း၏ မျက်လုံးများမှာ ဝင်းပသွားပြီး နွေးထွေးစွာ ပြုံးပြလိုက်၏။
“ဟုတ်ပါတယ်... ကျွန်တော်ပါ...။”
ဤအခိုက်အတန့်တွင် သူသည် ချောင်အာမန်၏ စိတ်အကြိုက်များကို ရုတ်တရက် နားလည်သွားခဲ့လေသည်။
“ဪ... လာပါ...၊ ဒီမှာ ထိုင်ပါဦး...။”
ချန်ဖိန်ဖိန်က ရွှီပေါ်အန်းကို အနီးရှိ စားပွဲဝိုင်းလေးတွင် ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး ရေနွေးငှဲ့ပေးရင်း တတွတ်တွတ် ပြောဆိုလေတော့သည်။
“အားနာပါတယ်...၊ အမှန်တော့ ကျွန်မက ဒီလိုပွဲမျိုးကို လာဖို့ အစီအစဉ် မရှိပါဘူး...။ မိဘတွေက အတင်းအကျပ် ခိုင်းလွန်းလို့သာ စိတ်မပါဘဲ သဘောတူလိုက်ရတာပါ...။”
“ပထမအချက်က ကျွန်မက တစ်ယောက်တည်း နေလာတာ ကြာပြီဆိုတော့ အသားကျနေပြီ...။ ဒုတိယအချက်က အရင်က အချစ်ရေးကြောင့် အိမ်ထောင်ပြုဖို့ နည်းနည်း ကြောက်နေမိတယ်...။ တတိယနဲ့ အရေးကြီးဆုံး အချက် ကတော့ ကျွန်မက ကလေးမယူချင်တဲ့သူ တစ်ယောက် ဖြစ်နေလို့ပါ...၊ ဒါကို လူအများစုက လက်မခံနိုင်ကြဘူး လေ...။”
ရွှီပေါ်အန်းက ပြုံးလိုက်ပြီး သူ ဂရုမစိုက်ကြောင်း ပြသလိုက်လေသည်။
“ကျွန်တော့်စိတ်ကလည်း အတူတူပါပဲ...၊ ဒါပေမဲ့ အမေ့ရဲ့ ဆန္ဒကို မလွန်ဆန်နိုင်လို့ လာခဲ့ရတာပါ...။ ခင်ဗျားဆီက ဒီလိုစကားမျိုး ကြားရတော့ ကျွန်တော်လည်း အများကြီး စိတ်ပေါ့ပါးသွားရပါတယ်...။”
“ဒီလိုဆိုရင်တော့ ခင်ဗျားရဲ့ လုပ်ငန်းကို ကျွန်တော် မနှောင့်ယှက်တော့ပါဘူး...။ ကျွန်တော်တို့ တွေ့ပြီးပြီဆိုတော့ လူကြီးတွေကိုလည်း ရှင်းပြလို့ ရသွားတာပေါ့...။”
ထိုသို့ပြောပြီး ရွှီပေါ်အန်းသည် ယဉ်ကျေးစွာပင် မတ်တတ်ရပ်၍ ထွက်ခွာရန် ပြင်လိုက်လေသည်။ သူတို့ နှစ်ဦး စလုံးမှာ လူကြီးများ ဖြစ်ကြလေရာ အမှန်နှင့် အမှားမှာ ထိုမျှအထိ အရေးမကြီးလှပေ။ တစ်ဖက်လူမှာ အမှန်တ ကယ်ပင် အိမ်ထောင်မပြုလိုခြင်းလော သို့မဟုတ် သူ့ကို စိတ်မဝင်စားသဖြင့် ယဉ်ကျေးစွာ ငြင်းဆိုခြင်းလော ဟူသည်မှာ အရေးမပါတော့ချေ။
အဓိကမှာ ရလဒ်ချင်း တူညီနေခြင်းပင် ဖြစ်၏။ ယခုခေတ်တွင် တစ်ဖက်လူ၏ မျက်နှာကို ထိုးနှက်ခြင်း မပြုဘဲ ကွယ်ရာတွင်လည်း မကောင်းမပြောခြင်းမှာပင် လုံလောက်လှပြီ ဖြစ်လေသည်။
ချန်ဖိန်ဖိန်သည် ရွှီပေါ်အန်းကို အားနာစွာ ပြုံးပြရင်း လိုက်လံပို့ဆောင်ပေးကာ လှပသော စက္ကူအိတ်ငယ်လေး တစ်ခုကို ကမ်းပေးလိုက်လေ၏။
“ရှင့်ကို ဒီအထိ အပင်ပန်းခံ လာခိုင်းမိလို့ တကယ် အားနာပါတယ်...။ ဒီခါးပတ်က ရှင့်နဲ့ အရမ်း လိုက်ဖက်မှာပါ...၊ ဒါလေးကို ကျွန်မရဲ့ အမှတ်တရ လက်ဆောင်လေးအဖြစ် လက်ခံပေးပါဦး...။”
ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်း၏ စိတ်မှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။ တစ်ဖက်လူသည် ကြိုတင်ပြင်ဆင်ထားခြင်းကို ကြည့်ခြင်းဖြင့် သူမသည် အမှန်တကယ်ပင် အိမ်ထောင်ပြန်ပြုရန် အစီအစဉ် မရှိကြောင်းနှင့် သူ၏ ရုပ်ရည်ကြောင့် စိတ်ပြောင်းသွားခြင်း မဟုတ်ကြောင်း သိသာလှပေသည်။
“ကျွန်တော်က အဝတ်အစား ရွေးရတာ သိပ်မတော်ဘူး...။ ဒီလိုဆိုရင်လည်း ကျွန်တော် အားနာမနေတော့ပါ ဘူး...။ ခင်ဗျား အဆင်ပြေမယ်ဆိုရင် ကျွန်တော့်အတွက် ပေါ့ပေါ့ပါးပါး ဝတ်စုံလေးတစ်စုံလောက် ရွေးပေးပါ ဦး...။”
ဤသည်မှာလည်း သူမ၏ လုပ်ငန်းကို အားပေးသည့်အနေဖြင့် ကျေးဇူးဆပ်ခြင်းပင် ဖြစ်၏။ စည်းစနစ် နားလည် သော လူနှစ်ဦးမှာ အမှန်တကယ်ပင် ဆက်ဆံရ လွယ်ကူလှပေသည်။ မကြာမီမှာပင် ချန်ဖိန်ဖိန်က ရွှီပေါ်အန်း အတွက် ဝတ်စုံတစ်စုံ ရွေးချယ်ပေးလိုက်လေသည်။
ရွှီပေါ်အန်း အဝတ်လဲခန်းအတွင်းသို့ ဝင်သွားသည်နှင့် အမျိုးသား အချို့သည် ဆိုင်အတွင်းသို့ အလျင်အမြန် ဝင်ရောက်လာကြ၏။ မုတ်ဆိတ်ဗလာဖြင့် အမျိုးသားတစ်ဦးက ဦးဆောင်လာသည်ကို မြင်သောအခါ ချန်ဖိန်ဖိန် ၏ မျက်နှာမှာ ချက်ချင်းပင် ညိုမှောင်သွားခဲ့ရလေသည်။
“နင် ဘာလာလုပ်တာလဲ...။”
ထိုအမျိုးသား မပြောမီ သူ၏ နောက်ကွယ်မှ ခက်ထန်သော ပုံစံရှိသည့် အမျိုးသားတစ်ဦးက မာန်မဲလိုက် လေသည်။
“နင့်ယောက်ျားက ငါတို့ဆီမှာ ငွေတစ်သိန်း ကြွေးတင်နေတယ်...။ အခု ချက်ချင်း ပြန်ဆပ်လိုက်တော့...။”
ချန်ဖိန်ဖိန်သည် ထိုစကားကို ကြားသောအခါ ဒေါသကြောင့် တုန်ယင်လာပြီး အံကို တင်းတင်းကြိတ်ကာ ပြောလိုက်လေ၏။
“ငါတို့က ပြတ်သွားကြပြီ...။ သူနဲ့ ငါနဲ့ ဘာမှ မပတ်သက်တော့ဘူး...။”
သူမ၏ ခင်ပွန်းဟောင်းမှာ အော်ဟစ်လိုက်လေသည်။
“နင်က တကယ် ရက်စက်တဲ့ မိန်းမပဲ...။ ဒီဆိုင်ကို ငါတို့ တူတူဖွင့်ခဲ့တာလေ...။ ဒီဆိုင်ရဲ့ တစ်ဝက်က ငါ့အပိုင် ဖြစ်သင့်တာ မဟုတ်ဘူးလား...။”
ချန်ဖိန်ဖိန်က အေးစက်စွာ ပြောလိုက်၏။
“အဲဒီတုန်းက သဘောတူညီချက်အရ နင့်ရဲ့ ရှယ်ယာတွေကို ငါ ပြန်ဝယ်တုန်းက ယွမ်ငါးသိန်း ပေးခဲ့ပြီးပြီလေ...။ အခု ဒီဆိုင်က အပြည့်အဝကို ငါ့အပိုင် ဖြစ်နေပြီ...။”
ခင်ပွန်းဟောင်းမှာ လက်ကို ဝှေ့ယမ်းလျက် ရှက်ရွံ့ခြင်းမရှိဘဲ ပြောလိုက်လေသည်။
“အဓိပ္ပာယ် မရှိတာတွေ...။ အခု ဒီဆိုင်ရဲ့ တန်ဖိုးက သိန်းသုံးဆယ်လောက် ရှိနေပြီဆိုတာ ငါမသိဘူး ထင်နေ လား...။ နင်ပေးခဲ့တဲ့ အဲဒီငွေနည်းနည်းလေးက သူတောင်းစားကို ပေးတာလား...။”
ချန်ဖိန်ဖိန်က ပြန်လည် ချေပပြောဆိုလိုက်ပြန်လေသည်။
“ဒီမှာ လာပြီး ပြဿနာ မရှာနဲ့...။ အဲဒီတုန်းက ဒီဆိုင်က ဆယ်သိန်းတောင် မတန်ဘူး...။ နင့်ကို ငါးသိန်း ပေးခဲ့ တာက နင့်အတွက် အများကြီး ပိုပေးခဲ့တာပဲ...။”
“စကားများမနေနဲ့...။ ဒီနေ့ ငါ့ကို နောက်ထပ် တစ်သိန်းပေးမလား...၊ ဒါမှမဟုတ် နင် ဒီဆိုင်မှာ ဆက်ပြီး အရောင်းအဝယ် မလုပ်ချင်တော့ဘူးလား...။”
ပြောရင်းဆိုရင်းပင် ခင်ပွန်းဟောင်းမှာ ဆိုင်၏ ကြမ်းပြင်ပေါ်တွင် ဗြောင်ကျကျ ထိုင်ချလိုက်လေသည်။ အပြင် ဘက်မှ ဝင်လာမည့် ဧည့်သည်အချို့မှာလည်း ဤမြင်ကွင်းကို မြင်သောအခါ ပြဿနာ မတက်ချင်သဖြင့် ချက်ချင်းပင် ပြန်လှည့်သွားကြလေတော့သည်။
ရွှီပေါ်အန်းသည် အဝတ်လဲပြီး ထွက်လာသောအခါ ဤအခြေအနေကို မြင်တွေ့ရသဖြင့် မျက်မှောင်ကြုတ်လိုက် မိသော်လည်း တုန်လှုပ်ခြင်း မရှိပေ။ သူသည် ခက်ထန်သော ပုံစံရှိသည့် ထိုအမျိုးသားထံသို့ လျှောက်သွားကာ တည်ငြိမ်စွာ မေးလိုက်လေ၏။
“မင်းရဲ့ လေယူလေသိမ်းအရ ဆိုရင် မင်းက ရှိပေ့ခရိုင်က မဟုတ်လား...။ မောင်အစ်ကိုကြီးရဲ့ နာမည်က မင်းတို့ ဆီမှာ အရှိန်အဝါ ရှိနေတုန်းပဲလား...။”
“ဘာ...၊ ခင်ဗျားက မောင်အစ်ကိုကြီးကို သိတာလား...။”
ထိုအမျိုးသားမှာ အံ့အားသင့်သွားခဲ့ရလေသည်။
တစ်ဖက်လူ၏ လေသံကို ကြားရသည်နှင့် ရွှီပေါ်အန်းသည် သူ မှန်ကန်သော လူကို ရှာတွေ့ပြီဖြစ်ကြောင်း သိလိုက်လေသည်။ သူသည် ချက်ချင်းပင် ဖုန်းကို ထုတ်ယူကာ နံပါတ်တစ်ခုသို့ ခေါ်ဆိုလိုက်၏။
“ဪ... ကိစ္စအသေးအမွှားလေးပါ...။ ခင်ဗျားရဲ့ ညီအစ်ကိုတွေနဲ့ အထင်လွဲနေတာလေး ရှိလို့ပါ...။”
ရွှီပေါ်အန်းသည် အများကြီး ရှင်းပြမနေဘဲ ထိုစကားတစ်ခွန်းကိုသာ ပြောပြီးနောက် ဖုန်းကို ကမ်းပေးလိုက် လေသည်။
“ရော့...၊ လောင်မောင်နဲ့ ဖုန်းပြောလိုက်ဦး...။”
ထိုအမျိုးသားသည် ဖုန်းကို ရိုသေစွာ ကိုင်လိုက်ပြီးနောက်...၊
“ဟုတ်ကဲ့... မောင်အစ်ကိုကြီး...။”
ဟု စတင် ပြောဆိုလေတော့သည်။
ထို့နောက်တွင်မူ “ဟုတ်ကဲ့... ဟုတ်ကဲ့... ဟုတ်ကဲ့... ပါခင်ဗျာ...။” ဟူသော စကားများသာ ထွက်ပေါ်လာတော့၏။
“နှုတ်ဆက်ပါတယ် မစ္စတာရွှီ...။”
“ဒါက တကယ့်ကို အကြီးအကျယ် အထင်လွဲသွားတာပါ...။”
ထိုသူ၏ ခက်ထန်သော အမူအရာမှာ ပျောက်ကွယ်သွားပြီး အလွန်အမင်း ယဉ်ကျေးပျူငှာသွားခဲ့လေတော့သည်။
ရွှီပေါ်အန်းမှာ ချန်ဖိန်ဖိန်၏ ရှေ့တွင် ဂုဏ်ဖော်လိုသော စိတ်မရှိသဖြင့် တစ်ဖက်လူကို ချက်ချင်းပင် ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်လေ၏။ လူကြီးများ၏ လောကတွင် တစ်ဖက်လူအတွက် လမ်းတစ်လမ်း ချန်ထားပေးခြင်း မှာ နောင်တွင် ပြန်လည်ဆုံတွေ့နိုင်ရန် ဖြစ်ပေသည်။ အကယ်၍ တစ်ဖက်လူကို အမှန်တကယ် ဒေါသထွက်အောင် လုပ်မိပါက ၎င်းမှာ မထိုက်တန်လှပေ။
ချန်ဖိန်ဖိန်၏ စပ်စုလိုသော အကြည့်ကို မြင်သောအခါ ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်လေ၏။
“ကျွန်တော် ရှိပေ့ခရိုင်မှာ စီမံကိန်း လုပ်တုန်းက ဒီလောင်မောင်ဆိုတဲ့ လူက ကျွန်တော့်ကို သဲနဲ့ ကျောက်တွေ ပို့ပေးခဲ့တာလေ...။”
ချန်ဖိန်ဖိန်မှာ နားလည်သွားသည့်အလား...၊
“ဒါကြောင့်ကိုး...၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ မြေတူးတာနဲ့ သဲကျောက်ပို့တဲ့ လုပ်ငန်းတွေက သာမန်လူတွေ လုပ်နိုင်တဲ့ အလုပ်တွေ မဟုတ်ဘူးလို့ ကျွန်မ ကြားဖူးပါတယ်...။”
ရွှီပေါ်အန်းက ပြုံးရုံသာ ပြုံးနေခဲ့လေသည်။
“စောစောက ကူညီပေးတာ ကျေးဇူးတင်ပါတယ်...။ ကျွန်မရဲ့ အဆိုးဆုံး အခြေအနေကို ရှင် မြင်သွားခဲ့ရပြီပဲ...။ အခု နေ့လယ်စာ စားချိန်နီးပြီဆိုတော့ အဆင်ပြေရင် အတူတူ စားကြမလား...။”
ချန်ဖိန်ဖိန်က ဖိတ်ခေါ်လိုက်လေသည်။
ရွှီပေါ်အန်း ခေါင်းညိတ်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ သိစိတ်ပင်လယ်အတွင်းရှိ ဘွန်ဆိုင်းထံမှ လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရလေ၏။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျွန်တော်မျိုး ရွာသားတွေကို ခေါ်လာပါပြီ...။”
အရေးကြီးသော ကိစ္စ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ရွှီပေါ်အန်းသည် ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်လေ သည်။
“အားနာပါတယ်ခင်ဗျာ...၊ ကုမ္ပဏီမှာ အစည်းအဝေး ရှိတာကို ရုတ်တရက် သတိရသွားလို့ပါ...။ ကျွန်တော့်ကို သွားခွင့်ပြုပါဦး...။”
ရွှီပေါ်အန်း ထွက်သွားသည်ကို ကြည့်ရင်း ချန်ဖိန်ဖိန်သည် ရုတ်တရက် စိတ်မကောင်း ဖြစ်သွားရလေသည်။ သူ မက အနည်းဆုံးတော့ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး သဘောကျကြသည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုမှာမူ သိသာလှသော ငြင်းဆိုခြင်းကို ခံလိုက်ရပြီ ဖြစ်၏။
ခေတ္တမျှ စိတ်ဓာတ်ကျသွားပြီးနောက် ချန်ဖိန်ဖိန်သည် သူမ၏ ဖုန်းကို ထုတ်ယူကာ မက်ဆေ့ခ်ျတစ်ခု ပေးပို့လိုက် လေသည်။
“အစ်မ...၊ အစ်မရဲ့ အမျိုးသားက တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်လုပ်တယ်လို့ ကြားတယ် ...။ ကျွန်မကို လူတစ်ယောက်အကြောင်းလောက် စုံစမ်းပေးလို့ ရမလားဟင်...။”
မကြာမီမှာပင် "BMW စတီယာရင်ပေါ်တွင် ခြေတံရှည်များ တင်ထားသော" ပုံကို ပရိုဖိုင်ပေးထားသည့် ချတ်ဝင်း ဒိုးမှ မက်ဆေ့ခ်ျတစ်ခု ရောက်လာခဲ့လေသည်။
“ဪ... ငါတို့ရဲ့ ကျောင်းသူကွင်းလေးပါလား...၊ မတွေ့ရတာ ကြာပြီနော်...။ တစ်နေ့တော့ တွေ့ကြတာပေါ့...။ ဒါပေမဲ့ နင်အကူအညီတောင်းတာကိုတော့ ငါမလုပ်ပေးနိုင်ဘူး...။ ငါ ကွာရှင်းလိုက်တာ သုံးလတောင် ရှိသွားပြီ လေ...။”