← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅)

မုန့်လုံးလေး တစ်လုံးနှင့် တစ်ရွာလုံး ဝပြောသွားခြင်း

ရွှီပေါ်အန်းသည် ဤဘွန်ဆိုင်းမှာ အလွန်တရာ ဆန်းကြယ်လှသည်ဟု မှတ်ထင်နေမိလေသည်။ ဘွန်ဆိုင်းကို အပြင်သို့ ထုတ်မထားသည့်တိုင်အောင် ၎င်းအတွင်းရှိ မြက်ပင်တိုင်းနှင့် သစ်ပင်တိုင်း၏ ပြောင်းလဲမှုများကို သူက အသေးစိတ် အာရုံခံနိုင်စွမ်း ရှိနေခဲ့၏။

သို့သော် အတွင်းရှိ လူသားများနှင့်မူ တိုက်ရိုက် ဆက်သွယ်နိုင်မည့် နည်းလမ်း မရှိသေးပုံရပေသည်။

ထိုစဉ် ဘွန်ဆိုင်းအတွင်း၌မူ နွမ်းပါးစုတ်ပြတ်သော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူပုလေး သုံးဆယ် ကျော်မှာ တောင်ခြေရှိ မြေကွက်လပ်တွင် စုဝေးနေကြချေ၏။ သူတို့နှင့်အတူ နွားတစ်ကောင်၊ ဝက်နှစ်ကောင်နှင့် ကြက်အကောင်တစ်ဆယ်ကျော်ခန့်လည်း ပါရှိနေခဲ့သည်။ ထိုသူတို့အနက် ထက်ဝက်ကျော်မှာ ပိန်လှီနေသော အဘိုးအိုများနှင့် အဘွားအိုများသာ ဖြစ်ကြလေသည်။

ရွှီပေါ်အန်း ပေးလိုက်သော ပင်အပ် နတ်ဘုရားလက်နက်များမှာ ထိုသူတို့၏ လက်ထဲတွင် လမ်းလျှောက်တုတ် အဖြစ်သာ အသုံးဝင်နေပုံရပေသည်။ လီချိန်းရှီသည် အကြိမ်အနည်းငယ် အော်ဟစ်ခေါ်ဆိုသော်လည်း ရွှီပေါ်အန်း ထံမှ တုံ့ပြန်မှု မရရှိသဖြင့် လူအုပ်ကြီးမှာ ချက်ချင်းပင် ဆူညံသွားခဲ့ရလေသည်။

“လီချိန်းရှီလေး...၊ မင်း ပြောတာက တကယ်ပဲ ဟုတ်ရဲ့လား...။ ငါတော့ တော်တော်လေး ပင်ပန်းနေပြီ...။”

ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အလားတူ ငြည်းတွားသံများ ထွက်ပေါ်လာတော့၏။

“ဟုတ်တယ်...၊ ငါတို့ ခက်ခက်ခဲခဲနဲ့ ဒီအထိ လာခဲ့ရတာ...၊ ဗိုက်တွေကလည်း ကပ်နေပြီ...။ တောင်စောင့်နတ်မင်း က ဘယ်မှာလဲ...။”

“ဒါပေါ့...၊ ဒီလမ်းခရီးမှာ အစားအစာ မပြောနဲ့၊ ရေတစ်ငုံတောင် မရခဲ့ဘူး...။ ကံကောင်းလို့ တောသီး နှစ်လုံး လောက် ခူးစားခဲ့ရတာ...။”

သဘောကောင်းပုံရသော အဘွားအိုတစ်ဦးက ကြားဝင်ဖြန်ဖြေပေးလိုက်လေသည်။

“ကဲ... ကဲ...၊ ချိန်းရှီလေးက ငါတို့ ရှေ့မှာတင် ကြီးလာတဲ့ ကလေးပဲ...။ သူက ငါတို့ကို ဒုက္ခပေးပါ့မလား...။”

“ဟုတ်တယ်...၊ ရွှမ်ကျုးရဲ့အမေ ပြောတာ မှန်တယ်...။ အားလုံး ဆူမနေကြနဲ့တော့...။ ချိန်းရှီလေး... စိတ်မပူနဲ့...၊ အရင်ဆုံး ပစ္စည်းတွေချပြီး ခဏလောက် အနားယူကြတာပေါ့...။”

စောစောက ငြည်းတွားခဲ့သော ရွာသားမှာလည်း ရှက်ကိုးရှက်ကန်း ရယ်မောလိုက်လေသည်။

“အို... ကျွန်တော်က တခြား ရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ပါဘူး...။ ချိန်းရှီလေးကို မယုံရင် ဒီအဝေးကြီးအထိ ဘယ်လိုက်လာပါ့မလဲ...။”

“ဒါနဲ့... ချိန်းရှီလေး...၊ မင်းရဲ့ အမူအရာက နည်းနည်း ရိုင်းနေလို့လား...။ အဲဒါက နတ်ဘုရားတစ်ပါးလေ...၊ အဲဒီလို အော်ဟစ်နေတာက မသင့်တော်ဘူး ထင်တယ်...။”

ဟု ရွာသားတစ်ဦးက မေးခွန်းထုတ်လိုက်လေ၏။

“ဟုတ်သားပဲ...။”

လီချိန်းရှီမှာ ရုတ်တရက် သတိဝင်လာခဲ့လေသည်။

“အရင်တုန်းက ကျွန်တော်က တောင်စောင့်နတ်မင်း နတ်ကွန်းထဲကို တစ်လှမ်းချင်း ဦးတိုက်ပြီး ဝင်ခဲ့လို့သာ တောင်စောင့်နတ်မင်းကြီးက ချိုမြိန်တဲ့ ရေတွေကို ပေးသနားခဲ့တာ...။ ဒါ ကျွန်တော့်အပြစ်ပါ...။ တောင်စောင့် နတ်မင်းကြီးက ကျွန်တော့်အပေါ် အရမ်းကောင်းလွန်းတော့ ကျွန်တော်က အခြေခံ ယဉ်ကျေးမှုကိုတောင် မေ့သွားခဲ့မိတယ်...။ ဒါ ကျွန်တော့်အမှားပါ...။”

လီချိန်းရှီသည် ပြောလေလေ ၎င်းမှာ အမှန်တရားဖြစ်သည်ဟု ခံစားရလေလေ ဖြစ်လာ၏။ သူသည် ချက်ချင်းပင် ဒူးထောက်၍ ဦးတိုက်လိုက်လေတော့သည်။

“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျွန်တော်မျိုး ရိုင်းစိုင်းမိပါတယ်...။ အရှင်က ကရုဏာကြီးမားလှတာမို့ ကျွန်တော်မျိုးကို အပြစ်မယူပါနဲ့ဘုရား...။ ကျွန်တော်မျိုး ဦးတိုက်တောင်းပန်ပါတယ်...။”

သူသည် ထိုသို့ပြောဆိုပြီးနောက် ဖုန်ထူနေသော မြေပြင်ပေါ်တွင် ဦးခေါင်းဖြင့် "ဘုန်း... ဘုန်း... ဘုန်း..." ဟူသော အသံထွက်အောင် သုံးကြိမ်တိုင်တိုင် ဦးတိုက်လိုက်လေသည်။ ၎င်းကို မြင်သောအခါ အခြားရွာသားများလည်း လိုက် ၍ ဒူးထောက်ကာ ဆုတောင်းကြလေတော့၏။

“ကျေးဇူးပြုပြီး တောင်စောင့်နတ်မင်းကြီး...၊ ကျွန်တော်မျိုးတို့ကို သနားကြင်နာပြီး အသက်ရှင်သန်ခွင့် ပေးသနား တော်မူပါ...။”

...

အမှန်စင်စစ် လီချိန်းရှီ အပါအဝင် ရွာသားများမှာ အလွန်အကျွံ တွေးတောနေကြခြင်းသာ ဖြစ်ပေသည်။ ယခု အချိန်တွင် ရွှီပေါ်အန်းမှာ ဟိုတယ်အခန်းအတွင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ဘေးကင်းလုံခြုံမှုနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းနိုင်ရန်အတွက် ရွှီပေါ်အန်းသည် ဝမ်တန်း ပလာဇာရှိ ဟိုတယ်တစ် ခုတွင် အခန်းတစ်ခန်း ငှားလိုက်ပြီး ပုန်းကွယ်နေသော ကင်မရာများ ရှိမရှိ သေချာစွာ စစ်ဆေးခဲ့လေသည်။ ထို့နောက်မှသာ သူ၏ စိတ်ဝိညာဉ်ဖြင့် ဘွန်ဆိုင်းကို ထုတ်လိုက်ခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စ ပေါက်ကြားသွားပါက အလွန်တရာ တုန်လှုပ်ဖွယ်ရာ ဖြစ်လာနိုင်သောကြောင့်ပင်။

ဘွန်ဆိုင်းအတွင်းရှိ ရွာသားများ ဦးတိုက်နေသည်ကို မြင်သောအခါ ရွှီပေါ်အန်းက ညင်သာစွာ နှစ်သိမ့်လိုက်လေသည်။

“ကောင်းပြီ...၊ အားလုံး ထကြတော့...။”

နောက်တစ်ခဏတွင် ဘွန်ဆိုင်းအတွင်းရှိ လူပုလေးများမှာ ကျောက်ရုပ်များကဲ့သို့ ငြိမ်သက်သွားကြလေ၏။ ထို့နောက် သူတို့သည် တစ်ဦးကိုတစ်ဦး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေသည်။

“တောင်စောင့်နတ်မင်းကြီး အမှန်တကယ် တန်ခိုးပြပြီ...။”

လူပုလေးတစ်ဦးက အံ့ဩတကြီး အော်ဟစ်လိုက်ပြီး ထပ်မံ ဦးတိုက်လိုက်လေသည်။

“တောင်စောင့်နတ်မင်းကြီး...၊ ကျွန်တော်မျိုးရဲ့ ဦးတိုက်မှုကို လက်ခံတော်မူပါ...။”

ထိုသူ၏ ဦးဆောင်မှုဖြင့် ရွာသားများမှာ တစ်ဖန် ပြန်လည် ဦးတိုက်ကြပြန်လေသည်။ ရွှီပေါ်အန်းသည် စိတ်အား ထက်သန်စွာ ဦးတိုက်နေသော လူပုလေးများကို ကြည့်ရင်း ပြုံးလိုက်မိ၏။ သူတို့၏ ယုံကြည်မှုကို ချက်ချင်း ပြောင်းလဲ၍ မရနိုင်ကြောင်း သူ နားလည်ထားပေသည်။

“လီချိန်းရှီ...၊ ခဏနေဦး...၊ ငါ မင်းကို မေးစရာ ရှိတယ်...။”

ထိုအခါမှ လီချိန်းရှီသည် ဦးတိုက်ခြင်းကို ရပ်လိုက်လေသည်။ သူ၏ နဖူးမှာ နီရဲနေသည်ကို မြင်သဖြင့် ရွှီပေါ်အန်း မှာ အနည်းငယ် သနားမိသွားခဲ့လေ၏။

“မိန့်မှာတော်မူပါ တောင်စောင့်နတ်မင်းကြီး...။”

ရွှီပေါ်အန်းက မေးလိုက်လေသည်။

“ဒီကို လာတဲ့လမ်းမှာ အန္တရာယ်တွေ ကြုံခဲ့ရသေးလား...။”

“ကျွန်တော်မျိုးတို့ရဲ့ ခရီးက အရမ်းကို ချောမွေ့ခဲ့ပါတယ်...။ ဒါက တောင်စောင့်နတ်မင်းကြီး ကာကွယ်ပေးလို့ပဲ ဖြစ်ရပါမယ်....။”

လီချိန်းရှီက ဝမ်းသာအားရ ပြန်လည် လျှောက်တင်လေသည်။

ရွှီပေါ်အန်းက မျက်မှောင်ကြုတ်လိုက်ပြီး... ၊

“ဪ... ဒါဆို ငါပေးလိုက်တဲ့ နတ်ဘုရားလက်နက်တွေက ဘာလို့ ထက်ဝက်လောက် ပျောက်နေရတာလဲ...။”

လီချိန်းရှီက အလျင်အမြန် ရှင်းပြလေသည်။

“တောင်စောင့်နတ်မင်းကြီးက အရာရာကို သိမြင်တော်မူပါပေတယ်...။ ဖြစ်ပုံက ဒီလိုပါ...၊ ကျွန်တော်တို့ရွာမှာ လူငါးဆယ်ကျော် ရှိတာပါ...၊ ဒါပေမဲ့ အဘိုးအိုတွေနဲ့ မကျန်းမာသူ နှစ်ဆယ်ကျော်က ဒီခရီးကြမ်းကို မလိုက်နိုင်ကြ ဘူး...။ ဒါကြောင့် ကျွန်တော်မျိုးရဲ့ အဘိုးက သူတို့ကို ရွာမှာ ခဏ စောင့်ရှောက်နေခဲ့တာပါ...၊ ဒီမှာ အခြေအနေ တည်ငြိမ်သွားပြီဆိုမှ သူတို့ကို သွားပြန်ခေါ်ပါ့မယ်...။”

ရွှီပေါ်အန်းမှာ ထိုစကားကို ကြားမှ နားလည်သွားပြီး စိတ်အေးသွားခဲ့ရလေသည်။ နွမ်းပါးသော ရွာသားများကို မြင်ပြီး ပင်အပ်များ လျော့နည်းနေသည်ကို တွေ့သောအခါ လမ်းတွင် ဘေးအန္တရာယ် တစ်ခုခု ကြုံခဲ့သည်ဟု သူ ထင်မှတ်ခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ သူ၏ အတွေးတစ်ချက်ကြောင့် အပြစ်မဲ့သော လူများ အသက်ဆုံးရှုံးခဲ့ရလျှင် ရွှီပေါ်အန်းမှာ သေချာ ပေါက် စိတ်မကောင်း ဖြစ်မိပေလိမ့်မည်။ ယခုမူ သူ၏ စိတ်ထဲမှ စိုးရိမ်မှုများ ပျောက်ကွယ်သွားခဲ့လေပြီ။

ရွာသားများ၏ ဆာလောင်မွတ်သိပ်မှုကို တွေးမိပြီး ရွှီပေါ်အန်းသည် အခန်းအတွင်းရှိ ဟိုတယ်မှ ပေးထားသော မုန့်သေတ္တာကို ဖွင့်လိုက်လေသည်။ ထို့နောက် ဝမ်ကျိုက် မုန့်လုံးလေး တစ်လုံးကို ယူ၍ ဘွန်ဆိုင်းထဲသို့ ညင်သာစွာ ချပေးလိုက်လေ၏။

ရုတ်တရက် ရွာသားများ၏ မြင်ကွင်းထဲတွင် ကောင်းကင်ယံမှ ကြီးမားသော အရိပ်မည်းကြီးတစ်ခု ကျဆင်း လာခဲ့လေသည်။ ရွာသားများမှာ ထိုအရာက ဘာမှန်း မသိမီမှာပင် လူတစ်ဝက်ခန့် မြင့်မားသော လုံးဝန်းသည့် အရာဝတ္ထုကြီး တစ်ခုသည် မြေကွက်လပ်ပေါ်သို့ ကျရောက်လာခဲ့၏။

တစ်ချိန်တည်းမှာပင် ချိုမြိန်ပြီး မွှေးပျံ့သော ရနံ့တစ်ခုမှာ ရွာသားများ၏ နှာခေါင်းထဲသို့ တိုးဝင်လာခဲ့လေသည်။

“အားလုံး ဗိုက်ဆာနေကြမှာပဲ...၊ ဒီမုန့်လေးကို အရင် စားကြဦး...။” ဟု ရွှီပေါ်အန်းက ရှင်းပြလိုက်လေသည်။

ဤအရာမှာ စားစရာဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် ရွာသားများ၏ မျက်လုံးများမှာ ဝင်းပသွားခဲ့လေပြီ။ ချက်ချင်းပင် ဆာလောင်နေသော ရွာသားတစ်ဦးမှာ ထိုမုန့်လုံးကြီးပေါ်သို့ ခုန်အုပ်လိုက်ပြီး အားရပါးရ ကိုက်စား လေတော့သည်။

အို...၊ အလွန်ပင် ချိုမြိန်ပြီး ကြွပ်ရွနူးညံ့လှပေသည်။ ပါးစပ်ထဲတွင်လည်း ချက်ချင်းပင် အရည်ပျော်သွားခဲ့၏။ ဤသည်မှာ နတ်ဘုရားများသာ ပြုလုပ်နိုင်သော အရာပင် ဖြစ်ရပေမည်။

တစ်ဦးက စတင်စားသုံးသည်ကို မြင်သောအခါ ကျန်ရွာသားများလည်း အပြေးအလွှား လာရောက် စားသုံးကြ လေတော့သည်။

“ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းကြီး...၊ အရမ်း မွှေးတာပဲ...။”

“ဟုတ်တယ်...၊ ငါ့အသက် ခြောက်ဆယ်ရှိပြီ...၊ ဒီလောက် အရသာရှိတာမျိုး တစ်ခါမှ မစားဖူးဘူး...။”

“ပါးစပ်ထဲမှာတင် ပျော်သွားတာပဲ...။ ကြည့်ရတာ မာပုံရပေမဲ့ စားလိုက်ရင်တော့ နူးညံ့သွားတာပဲ...။ ငါ့အဘိုးကြီး လာရင် သွားမရှိရင်တောင် စားလို့ရမှာပဲ...။”

“ဟုတ်တယ်...၊ ဒီမုန့်က အရမ်းမွှေးတာပဲ...၊ ဟင်းမလိုဘဲ ဗိုက်ဝတယ်...။”

“အဟွတ်... အဟွတ်...၊ အု... သီးကုန်ပြီ...။”

ရွာသားတစ်ဦးမှာ အလွန်အမင်း အလောတကြီး စားမိသဖြင့် မုန့်များမှာ လည်ချောင်းတွင် သီးသွားခဲ့လေသည်။ ၎င်းကို မြင်သောအခါ အနီးရှိ ရွာသားများက ငြူစူလိုက်ကြလေ၏။

“မင်းကတော့ တကယ့်ကို နှမြောစရာပဲ...။ ဖြည်းဖြည်းစားပါလား...၊ စားဖို့တွေ အများကြီး ရှိနေတာပဲကို...။”

ရွှီပေါ်အန်းမှာ သူ၏ နဖူးကို ရိုက်လိုက်မိလေသည်။ ဤသည်မှာ သူ၏ ပေါ့ဆမှုပင် ဖြစ်၏။

“မစိုးရိမ်ကြနဲ့...၊ ဒီမုန့်တွေ အများကြီး ရှိတယ်...။ ရော့... ရေလာပြီ...။”

ပြောရင်းဆိုရင်းပင် ရွှီပေါ်အန်းသည် အခန်းတွင်းရှိ မင်ရန် ရေသန့် တစ်ပုလင်းကို ဖွင့်ကာ ပုလင်းအဖုံးထဲသို့ ရေ အနည်းငယ် ထည့်၍ ရွာသားများအနီးရှိ မြေနိမ့်ပိုင်းသို့ ချပေးလိုက်လေသည်။ ပုလင်းအဖုံးမှာ ရွာသားများ၏ ခါးလောက်အထိ မြင့်မားနေသဖြင့် ရွာသားများမှာ အဖုံးအတွင်းရှိ ရေများကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။

ရွာသားများမှာ ကောင်းကင်မှ နောက်ထပ် ကြီးမားသော အရာဝတ္ထုတစ်ခု ကျဆင်းလာသည်ကို မြင်လိုက်ရပြီး နောက် ကြည်လင်သော ရေကန်ကြီး တစ်ခုကို တွေ့လိုက်ရလေတော့သည်။

“ရေ…”

ရေသည် အသက်၏ အရင်းအမြစ်ပင် ဖြစ်ပေသည်။ အထူးသဖြင့် မုန့်စားပြီးနောက် ရေငတ်နေသော ရွာသားများ အတွက်မူ ဤရေမှာ အလွန်ပင် တန်ဖိုးရှိလှ၏။ လူအုပ်ကြီးမှာ ရေသွားရောက် သောက်သုံးရန် အပြေးအလွှား သွားကြလေတော့သည်။ အချို့က ပန်းကန်လုံးဖြင့် ခပ်ယူသောက်ကြပြီး အချို့မှာမူ နွားများကဲ့သို့ ခေါင်းငုံ့၍ သောက်ကြနေလေတော့၏။

“အို... ဒီရေက တကယ်ပဲ ချိုတာပဲ...။ ချိန်းရှီလေး ပြောတာ တကယ်မှန်တာပဲ...။”

“ဒါတင်မကဘူး...၊ အရင်က ချိန်းရှီလေး သယ်လာတဲ့ ရေထက်တောင် ဒါက ပိုချိုသေးတယ်...။”

“နတ်ဘုရားတွေရဲ့ အစားအစာနဲ့ ရေပီပီ တကယ်ကို ချိုမြိန်လှတယ်...။ ဧကရာဇ်မင်းတောင် ဒီလောက်ကောင်းတာ စားရမှာ မဟုတ်ဘူး...။”

ရွှီပေါ်အန်းမှာ ထိုစကားများကို နားထောင်ရင်း အနည်းငယ် အားနာမိသွားခဲ့၏။ မည်သို့ပင် ခေတ်နောက်ကျသော ကမ္ဘာဖြစ်စေကာမူ ဧကရာဇ်မင်း၏ စည်းစိမ်မှာ သူ၏ စိတ်ကူးထက် သာလွန်ပေလိမ့်မည်။

ရွှီပေါ်အန်းသည် ဤလူပုလေးများ၏ ဘဝကို ကြည့်ရှုနေခြင်းမှာ ရုပ်ရှင်တစ်ကား ကြည့်နေရသကဲ့သို့ ခံစားနေ ခဲ့ရလေသည်။

ရုတ်တရက် ခြေသံအချို့ ဆူညံစွာ ထွက်ပေါ်လာခဲ့လေ၏။

ထို့နောက် ရွာသားများသည် သူတို့ မမြင်ရသော နေရာတစ်ခုဆီသို့ ထိတ်လန့်တကြား ကြည့်နေကြပြီး တစ်ဦးနှင့် တစ်ဦး စုဝေးကပ်လိုက်ကြသည်ကို ရွှီပေါ်အန်း တွေ့လိုက်ရလေတော့သည်။

အခန်း (၆)

ဖန်ပြာခွက်ထဲ၌ ပိတ်မိနေသော ဝံပုလွေများ

ရွှီပေါ်အန်းသည် ရွာသားများ ကြည့်နေသော ဘက်သို့ သေချာစွာ စိုက်ကြည့်လိုက်လေ၏။ မကြာမီ မီးခိုးရောင် ခွေးအုပ်တစ်အုပ်ကို သူ တွေ့လိုက်ရလေသည်။

*အို... မြတ်စွာဘုရား...၊ ဒါတွေက တောဝံပုလွေတွေပဲ...။*

သူ့ဘဝတွင် ခွေးအမျိုးမျိုးကို မြင်တွေ့ခဲ့ဖူးသော်လည်း ရွှီပေါ်အန်းသည် ဤသတ္တဝါများမှာ တောတွင်းဝံပုလွေ များ ဖြစ်ကြောင်းကိုပင် ခွဲခြားရန် ခေတ္တမျှ ကြန့်ကြာသွားခဲ့ရလေသည်။

လီချိန်းရှီသည် ရွာသားများ၏ ရှေ့ဆုံးမှ ရပ်ကာ ကာကွယ်ပေးထားပြီး သူ၏လက်ထဲမှ ပင်အပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေ၏။ ထိုပင်အပ်မှ ထွက်ပေါ်နေသော အန္တရာယ်အရှိန်အဝါကို ဝံပုလွေများက ခံစားမိပုံရသဖြင့် ချက်ချင်း ခုန်အုပ်ခြင်း မပြုဘဲ ရွာသားများထံသို့ ဖြေးဖြေးချင်း ချဉ်းကပ်လာကြလေသည်။

*သုံးကောင်...၊ ငါးကောင်...၊ ခုနစ်ကောင်...။*

မကြာမီမှာပင် ဝံပုလွေ ဆယ့်သုံးကောင်အထိ ရှိလာပြီး ဘွန်ဆိုင်း၏ အစွန်းပိုင်းမှ နောက်ထပ် ဝံပုလွေများ ထပ်မံ ထွက်ပေါ်မလာတော့ချေ။ ဤသည်မှာ ဝံပုလွေတစ်အုပ်လုံး ဖြစ်ပုံရပေသည်။ ရွှီပေါ်အန်း သေချာစွာ လေ့လာ ကြည့်ရာ ဦးဆောင်လာသော ဝံပုလွေကြီးမှာ နွားငယ်တစ်ကောင်ခန့်ပင် သန်မာထွားကြိုင်းလှ၏။

သို့သော် ဝံပုလွေခေါင်းဆောင်မှလွဲ၍ ကျန်ဝံပုလွေများမှာမူ အနည်းငယ် ပိန်လှီနေကြပြီး ဤမိုးခေါင်မှုဘေး ကြောင့် အစာရှာဖွေရန် ခက်ခဲနေကြပုံရပေသည်။

သို့သော်ငြားလည်း ဝံပုလွေအုပ်၏ ပေါ်လာမှုကြောင့် ရွာသားများမှာ အလွန်အမင်း ထိတ်လန့်သွားကြရလေ သည်။ သူတို့နှင့်အတူ ပါလာသော တိရစ္ဆာန်အနည်းငယ်မှာလည်း ရုတ်တရက် ဆူညံသွားပြီး ရုန်းထွက်ရန် ကြိုးပမ်းနေကြချေ၏။

“ဒါ... ဒါက ဘယ်လိုလုပ်ကြမလဲ ချိန်းရှီလေး...။”

အဒေါ်ကြီးတစ်ဦးက ကြောက်လန့်တကြား အော်ဟစ်လိုက်လေသည်။

အန္တရာယ်နှင့် ကြုံတွေ့ရသောအခါ လူတိုင်းသည် သန်မာဖျတ်လတ်သော လီချိန်းရှီကိုသာ အလိုအလျောက် အားကိုးရာ ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ကြပြီဖြစ်လေ၏။

“မကြောက်ကြနဲ့...၊ ငါတို့ အခုပဲ ဗိုက်ဝအောင် စားထားပြီးပြီဆိုတော့ အင်အားတွေ အပြည့်ရှိနေတာပဲ...။ ဒီ ဝံပုလွေတွေကို ကြောက်နေစရာ မလိုဘူး...။”

လီချိန်းရှီက ရွာသားများကို အားပေးသည့်အနေဖြင့် ပင်အပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ပြောလိုက်လေသည်။

“မစိုးရိမ်ကြပါနဲ့...၊ ကရုဏာရှင် တောင်စောင့်နတ်မင်းကြီးက ငါတို့ကို ဒီအတိုင်း ပစ်ထားမှာ မဟုတ်ပါဘူး...။”

ဦးလေးကြီးတစ်ဦးကလည်း ပင်အပ်ကို ကိုင်လျက် လီချိန်းရှီ၏ ဘေးတွင် ရပ်ကာ အားပေးလိုက်လေသည်။

တောင်စောင့်နတ်မင်းကြီးအကြောင်းကို ကြားလိုက်ရသောအခါ ရွာသားများမှာ အနည်းငယ် စိတ်အေးသွား ကြလေ၏။ ဝံပုလွေများ၏ ရုတ်တရက် ပေါ်လာမှုကြောင့် သူတို့သည် တောင်စောင့်နတ်မင်းကြီး၏ စောင့်ရှောက် မှုအောက်တွင် ရှိနေသည်ကိုပင် ခေတ္တမျှ မေ့သွားခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် လီချိန်းရှီ၏ စိတ်ထဲ၌မူ အနည်းငယ် စိုးရိမ်နေမိဆဲပင်။ အဘယ်ကြောင့်ဆိုသော် ဝံပုလွေများ ပေါ်လာ သည်မှာ အတန်ကြာပြီဖြစ်သော်လည်း တောင်စောင့်နတ်မင်းကြီးထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိသေးသော ကြောင့် ဖြစ်၏။

တောင်စောင့်နတ်မင်းကြီး၏ ပြတ်သားလှသော တန်ခိုးတော်ကို သူ မြင်တွေ့ခဲ့ဖူးလေသည်။ အစောပိုင်းက စပါးကြီးမြွေကြီး ပေါ်လာစဉ်က လီချိန်းရှီမှာ ဆာလောင်မွတ်သိပ်နေပြီး အင်အားမရှိသဖြင့် ထွက်ပြေးနေခဲ့ရ၏။ ထိုစဉ်က တောင်စောင့်နတ်မင်းကြီးသည် ကောင်းကင်ယံမှ နတ်ဘုရားစစ်သည်တော်များကို စေလွှတ်၍ စပါး ကြီးမြွေကို ချက်ချင်းပင် သုတ်သင်ပေးခဲ့လေသည်။

ယခု တောင်စောင့်နတ်မင်းကြီးမှာ မည်သည့်အတွက်ကြောင့် တုံ့ပြန်မှု မရှိသေးပါသနည်း။ တောင်စောင့် နတ်မင်းကြီးသည် အားလုံးအတွက် အစားအစာ ရှာဖွေနေသဖြင့် နတ်ကွန်းတွင် ခေတ္တမျှ မရှိနေခြင်းများ ဖြစ်လေမလား။

လီချိန်းရှီ၏ စိုးရိမ်မှုမှာ ကြာရှည်မခံလိုက်ပေ။ ရုတ်တရက် ကောင်းကင်ယံတွင် ပြင်းထန်သော လေမုန်တိုင်း တစ်ခု တိုက်ခတ်လာပြီး ဖြေးဖြေးချင်း ရွေ့လျားနေသော တိမ်တိုက်ဖြူများမှာလည်း ဘေးသို့ လွင့်စင်သွားခဲ့ ရလေသည်။

ထို့နောက် ကောင်းကင်ထက်မှ တောက်ပသော မြစ်တစ်စင်းကဲ့သို့ အရာဝတ္ထုကြီးတစ်ခု ဆင်းသက်လာခဲ့၏။ ၎င်းသည် ဝံပုလွေအုပ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားပြီး ဖုန်မှုန့်များမှာလည်း လွင့်ပျံသွားသဖြင့် ရွာသားများ ၏ မြင်ကွင်းမှာ ခေတ္တမျှ ဝေဝါးသွားခဲ့ရလေသည်။

ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါမှ ရွာသားများသည် ထူးဆန်းသော မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက် ရလေတော့သည်။

တောဝံပုလွေများမှာ သတ်မှတ်ထားသော နေရာတစ်ခုအတွင်း၌ အတင်းအဓမ္မ ခုန်ပေါက်လှုပ်ရှားနေကြပြီး အရပ်မျက်နှာ အနှံ့အပြားသို့ တိုက်ခိုက်နေကြ၏။ သို့သော် သူတို့သည် မမြင်ရသော နံရံတစ်ခုကို တိုက်မိနေ သကဲ့သို့ ဖြစ်နေပြီး ထိုလေးထောင့်ကွက်အတွင်းမှ မည်သို့မျှ ရုန်းထွက်နိုင်ခြင်း မရှိကြတော့ချေ။

“တောင်စောင့်နတ်မင်းကြီးပဲ...၊ တောင်စောင့်နတ်မင်းကြီးက ငါတို့ကို ကယ်လိုက်ပြီ...။”

“ဟုတ်တယ်...၊ ဒီလို ဆန်းကြယ်တဲ့ နတ်မန္တန်က တောင်စောင့်နတ်မင်းကြီးရဲ့ လက်ရာပဲ ဖြစ်ရမယ်...။”

ရွာသားများ၏ ခန့်မှန်းပြောဆိုသံများကို နားထောင်ရင်း ရွှီပေါ်အန်း၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့ လေ၏။ ဤကဲ့သို့သော အဆင့်အတန်း ကွာခြားလှသည့် တိုက်ခိုက်မှုမျိုးမှာ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

အကယ်၍ ဤသည်မှာ လက်တွေ့ကမ္ဘာတွင်သာ ဆိုလျှင် ဝံပုလွေအုပ်ကို မဆိုထားနှင့်၊ ထိုမျှ အရွယ်အစားရှိသော ခွေးတစ်ကောင်နှင့် တိုးလျှင်ပင် ရွှီပေါ်အန်းမှာ ရင်ဆိုင်ဝံ့မည် မဟုတ်ပေ။ သို့သော် ယခုအခါ၌မူ ခက်ထန်လှသော ဝံပုလွေအုပ်မှာ သူ၏ ဖန်ပြာခွက်အတွင်း၌ ပိတ်မိနေပြီး လုံးဝ အကူအညီမဲ့နေခဲ့လေပြီ။

ရွှီပေါ်အန်း ချက်ချင်း အရေးမယူနိုင်ခဲ့ခြင်းမှာ သူ၏လက်ထဲတွင် သင့်တော်သော လက်နက် မရှိသောကြောင့် ဖြစ် ၏။ အကယ်၍ သူသည် ပင်အပ်ဖြင့် တစ်ကောင်ချင်းစီ ထိုးစိုက်မည်ဆိုလျှင် ဝံပုလွေများကို မသတ်နိုင်မီမှာပင် ရွာသားများနှင့် ဝံပုလွေများ အနီးကပ် တိုက်ခိုက်မိသွားမည်ကို သူ စိုးရိမ်ခဲ့ခြင်း ဖြစ်ပေသည်။

ထို့ကြောင့် ရွှီပေါ်အန်းသည် အကောင်းဆုံး အစီအစဉ်တစ်ခုကို စဉ်းစားခဲ့ပြီး ဟိုတယ်ရှိ လေးလံသော ဖန်ပြာခွက် ကို အသုံးပြု၍ ဝံပုလွေအားလုံးကို တစ်ကြိမ်တည်းဖြင့် ဖမ်းဆီးလိုက်ခြင်းပင် ဖြစ်၏။

“ကောင်းပြီ...၊ ဒီဖန်သား စကြာဝဠာ အကာအကွယ်က အလွန်တရာ လေးလံလှပေတယ်...။ မင်းတို့ ဒီဝံပုလွေ တွေကို ကြောက်နေစရာ မလိုတော့ဘူး...၊ သူတို့ အပြင်ကို ထွက်လာနိုင်မှာ မဟုတ်တော့ဘူး...။”

ရွှီပေါ်အန်းက ရွာသားများကို နှစ်သိမ့်လိုက်လေသည်။

“တောင်စောင့်နတ်မင်းကြီး၏ တန်ခိုးတော်မှာ အတိုင်းအဆ မရှိကြီးမားလှပါပေတယ်...။”

“တောင်စောင့်နတ်မင်းကြီး၏ နတ်ဘုရားလက်နက်မှာ နှိုင်းယှဉ်ဖွယ် မရှိပါချေ...။”

“ကျွန်တော်မျိုးတို့ရဲ့ အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းကြီး...။”

အကြိမ်ကြိမ် ဦးတိုက်ပြီးနောက် သတ္တိရှိသော ရွာသားအချို့မှာ ဝံပုလွေများကို ဖုံးအုပ်ထားသည့် ဖန်ပြာခွက် အနီးသို့ သွားရောက်ကြည့်ရှုကြလေသည်။ သူတို့ လက်ဖြင့် ထိတွေ့လိုက်သောအခါ အေးမြသော ခံစားမှုကို ရရှိလိုက်၏။

ဝံပုလွေများသည် ရွာသားများ ချဉ်းကပ်လာသည်ကို မြင်သောအခါ အတင်းအဓမ္မ တိုက်ခိုက်ရန် ကြိုးစားသော် လည်း ဖန်ပြာခွက်နှင့် တိုက်မိသဖြင့် "ဘုန်း" ဟူသော အသံသာ ထွက်ပေါ်လာလေသည်။ ဖန်ပြာခွက်မှာ လုံးဝ လှုပ်ရှားခြင်း မရှိဘဲ ဝံပုလွေမှာသာ ခေါင်းမူးသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေတော့သည်။

ထူထဲပြီး ကြည်လင်နေသော နံရံကို ထိတွေ့လိုက်ရသောအခါ ရွာသားများ၏ စိတ်ထဲ၌ လုံခြုံမှုများ ကိန်းဝပ် လာခဲ့လေသည်။ ယခုတစ်ကြိမ်တွင် လီချိန်းရှီနောက်သို့ လိုက်လာခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ပင် ဖြစ်ပေသည်။

“ကဲ...၊ အားလုံးပဲ ဗိုက်ဝအောင် စားသောက်ပြီးပြီဆိုတော့ တောင်ပေါ်ကိုသွားပြီး သစ်ကိုင်းတွေ သွားခုတ်ကြစို့...။ ကမ်းပါးယံဘေးမှာ နေဖို့အတွက် ယာယီတဲလေးတွေ ဆောက်ကြတာပေါ့...။”

ထိုသို့ပြောပြီး လီချိန်းရှီသည် သူ၏ ပင်အပ်ကို ကမ်းပါးယံဘေးတွင် ထောင်လိုက်ပြီး မြေကြီးနှင့် ကမ်းပါးယံ ကြား၌ ခိုင်ခံ့သော တြိဂံပုံသဏ္ဌာန် ဖြစ်အောင် လုပ်ဆောင်လိုက်လေသည်။ အခြားရွာသားများလည်း လိုက်လံ လုပ်ဆောင်ကြပြီး ပင်အပ်များကို ကမ်းပါးယံတစ်လျှောက် အကွာအဝေး တစ်ခုစီခြား၍ စိုက်ထူလိုက်ကြ၏။

ထို့နောက် လီချိန်းရှီသည် သစ်ခွံဝတ်စုံများနှင့် တိရစ္ဆာန် သားရေဟောင်းများကို ယူ၍ ပင်အပ်များပေါ်တွင် ဖြန့်ခင်းကာ ချည်နှောင်လိုက်သဖြင့် ရိုးရှင်းသော တြိဂံပုံသဏ္ဌာန် တဲငယ်လေးများ ဖြစ်ပေါ်လာခဲ့လေသည်။

ရွာသားများ နေအိမ်ဆောက်လုပ်နေသည်ကို မြင်သောအခါ ရွှီပေါ်အန်းက ချက်ချင်းပင် တားမြစ်လိုက်လေသည်။

“ခဏနေဦး...၊ မင်းတို့ နေဖို့နေရာကို ငါ အရင်ရှာပေးမယ်...။ တောထဲကို လျှောက်မသွားကြနဲ့ဦး...၊ တောရိုင်း သားရဲ တွေနဲ့ ထပ်တိုးနေဦးမယ်...။”

ဤတောအုပ်အတွင်းရှိ သားရဲတိရစ္ဆာန်များမှာ မိုးခေါင်မှုကြောင့် အရေအတွက် လျော့နည်းသွားသော်လည်း ကျန်ရှိနေသော သတ္တဝါများမှာမူ အလွန်ပင် ရက်စက်ကြလေသည်။ ထို့ပြင် ထိုသားရဲများမှာလည်း ဆာလောင်နေ ကြသဖြင့် လူသားများကို မြင်သည်နှင့် အတင်းအဓမ္မ တိုက်ခိုက်ကြမည်မှာ သေချာလှပေသည်။

သို့မဟုတ်ပါက ဝံပုလွေ ဆယ်ဂဏန်းခန့်သာ ရှိသော အုပ်စုမှာ သူတို့ထက် လူဦးရေ နှစ်ဆခန့် ပိုများပြီး အန္တရာယ် ရှိသော လက်နက်များ ကိုင်ဆောင်ထားသည့် လူသားများကို တိုက်ခိုက်ဝံ့မည် မဟုတ်ပေ။ အနည်းဆုံးတော့ တိုက်ခိုက်ခြင်းဖြင့် မျှော်လင့်ချက် တစ်စုံတစ်ရာ ရှိနိုင်သော်လည်း မတိုက်ခိုက်ပါက သူတို့မှာ ငတ်မွတ်၍ သေဆုံး ကြရမည်ပင် မဟုတ်ပါလား။

ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ ရွာသားအားလုံးမှာ ကျေးဇူးတင်စွာဖြင့် ဒူးထောက်လိုက်ကြပြန်လေ သည်။ ရွှီပေါ်အန်းမှာလည်း ယခုအခါ ထိုသို့ ဦးတိုက်ခြင်းကို ကျင့်သားရနေခဲ့ပြီ ဖြစ်၏။

ဟိုတယ်အခန်းအတွင်း လှည့်ပတ်ကြည့်ရှုပြီးနောက် ရွှီပေါ်အန်း၏ အကြည့်မှာ အသင့်စား ခေါက်ဆွဲဘူး နှစ်ဘူး ပေါ်သို့ ကျရောက်သွားလေသည်။ သူသည် ထိုခေါက်ဆွဲဘူးများကို ဖွင့်လိုက်ပြီး အတွင်းရှိ ခေါက်ဆွဲခြောက်များ၊ အမွှေးအကြိုင်များနှင့် ပလတ်စတစ် ဇွန်း၊ ခက်ရင်းများကို ဖယ်ရှားလိုက်လေ၏။

ထို့နောက် ခေါက်ဆွဲဘူး၏ ဘေးဘက်မှ အပိုင်းအစ အနည်းငယ်ကို ဖြတ်ထုတ်လိုက်ပြီး ဝင်ပေါက်အဖြစ် ဖန်တီး ကာ ဘွန်ဆိုင်းအတွင်းရှိ ရွာသားများ၏ ရှေ့တွင် မှောက်ချပေးလိုက်လေသည်။ ထို့နောက် ကျန်ရှိနေခဲ့သော နောက်ထပ် ခေါက်ဆွဲဘူး တစ်ဘူးကိုလည်း အလားတူပင် သန့်ရှင်းရေးလုပ်ကာ ဘွန်ဆိုင်းအတွင်း၌ မှောက်ချ ပေးလိုက်ပြန်လေ၏။ ထို့နောက် အခန်းအတွင်းရှိ သွားကြားထိုးတံများကို ယူ၍ ခေါက်ဆွဲဘူးများ လေတိုက်၍ လွင့်မသွားစေရန် မြေကြီးထဲသို့ ခိုင်ခံ့စွာ စိုက်ထူ၍ ထိန်းထားပေးလိုက်လေသည်။

“ကဲ... အခုလောလောဆယ်တော့ ဒီယာယီနေအိမ် နှစ်လုံးမှာပဲ နေကြဦးပေါ့...။ နောက်မှ ငါ အားလပ်တဲ့အခါ ပိုပြီး ကောင်းတဲ့ နေအိမ်တွေကို ဆောက်ပေးပါ့မယ်...။”

ရွှီပေါ်အန်းသည် ရွာသားများ၏ အံ့အားသင့်နေသော မျက်နှာများကို ကြည့်ရင်း ကျေနပ်စွာ ပြောလိုက်လေ၏။

ရွာသားများအမြင်တွင်မူ ကောင်းကင်ယံမှ ကြီးမားလှသော အမိုးကြီးနှစ်ခု ရုတ်တရက် ကျဆင်းလာခဲ့ခြင်း ဖြစ်ပေသည်။ ထိုအရာများ ငြိမ်သက်သွားသောအခါမှ ၎င်းတို့မှာ လူဆယ်ဦးကျော်ခန့် မြင့်မားသော ကြီးမား လှသည့် နေအိမ်ကြီးများ ဖြစ်နေကြောင်း သူတို့ သိရှိလိုက်ရလေ၏။

တောင်စောင့်နတ်မင်းကြီး၏ အသံထွက်ပေါ်လာသောအခါ ရွာသားအားလုံးမှာ ထိုနေအိမ်ကြီးများအတွင်းသို့ ဝင်ရောက်ကြည့်ရှုကြလေတော့သည်။

“အို...၊ နတ်ဘုရားတို့၏ လက်ရာပီပီ အတွင်းဘက်က တကယ့်ကို ချောမွေ့နေတာပဲ...။”

“ဟုတ်တယ်...၊ ဝင်ပေါက်နားမှာဆိုရင်လည်း ငွေရောင်တွေ တဖျတ်ဖျတ် တောက်နေတာပဲ...။ ဒါတွေက ငွေတွေနဲ့ လုပ်ထားတာလား မသိဘူး...။”

စိုထိုင်းဆဒဏ်မှ ကာကွယ်ရန်အတွက် ရွှီပေါ်အန်းသည် ခေါက်ဆွဲဘူး၏ အပေါ်ဖုံးများကို လွှင့်မပစ်ဘဲ ဘူးများနှင့် အတူ မြေပြင်ပေါ်တွင် ခင်းပေးထားခြင်း ဖြစ်လေ၏။ ၎င်းမှာ မြေပြင်မှ ပိုးမွှားများ ရွာသားများကို မနှောင့်ယှက် နိုင်ရန်လည်း ဖြစ်ပေသည်။

“ကဲ... မင်းတို့ ကျား၊ မ ခွဲပြီး ဒီနေအိမ် နှစ်လုံးမှာ နေကြပေါ့...။ အောက်က အခင်းတွေက စိုထိုင်းဆနဲ့ ပိုးမွှားတွေ ရန်က ကာကွယ်ပေးလိမ့်မယ်...။ ငါ တံခါးတွေနဲ့ နံရံတွေမှာ အပေါက်တွေ ဖောက်ပေးထားတယ်...။ မင်းတို့ အထဲ ဝင်ပြီးရင် အဲဒီအပေါက်တွေကနေ ကြိုးတစ်ချောင်း သွင်းပြီး တံခါးကို ခိုင်အောင် ချည်ထားလိုက်ရုံပဲ...။”

ရွှီပေါ်အန်းက ညွှန်ကြားလိုက်လေသည်။

ရွာသားများမှာလည်း ထုံးစံအတိုင်း ကျေးဇူးတင်စွာဖြင့် ဒူးထောက် ဦးတိုက်ကြပြန်လေသည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ရွှီပေါ်အန်း၏ ဗိုက်မှာ ဆာလောင်လာခဲ့၏။ မနက်နိုးကတည်းက ဘာမှ မစားရသေးသဖြင့် ယခု နေ့လယ်ပိုင်းတွင် ဗိုက်ဆာလာခြင်းမှာ သဘာဝပင် ဖြစ်ပေသည်။

ရွာသားများသည် သူတို့၏ ပစ္စည်းများကို ခေါက်ဆွဲဘူး နေအိမ်များအတွင်းသို့ သယ်ဆောင်နေကြသည်ကို မြင်သောအခါ ရွှီပေါ်အန်းမှာ လုပ်စရာ မရှိတော့သဖြင့် ဘွန်ဆိုင်းကို သိမ်းဆည်းလိုက်ပြီး အခန်းကို အပ်နှံကာ အပြင်သို့ ထွက်လာခဲ့လေတော့သည်။

ရွှီပေါ်အန်း စားသောက်ဆိုင် ရှာနေစဉ်အတွင်းမှာပင် ရွာသားများသည်လည်း သူတို့၏ ပစ္စည်းများကို ခေါက်ဆွဲ ဘူးများအတွင်းသို့ ပြောင်းရွှေ့ပြီးစီးသွားကြပြီ ဖြစ်၏။

အသက် ခြောက်ဆယ်ခန့် ရှိသော အဘိုးအိုတစ်ဦးသည် သူ၏ အထုပ်အတွင်းမှ အမွှေးတိုင်အစည်းတစ်ခုကို ထုတ်ယူကာ လီချိန်းရှီထံ ကမ်းပေးလိုက်လေသည်။

“ချိန်းရှီလေး...၊ ငါ့မှာ အမွှေးတိုင် အနည်းငယ် ကျန်သေးတယ်...။ မင်း အပင်ပန်းခံပြီး တောင်စောင့်နတ်မင်း နတ်ကွန်းကို သွားပြီး အမွှေးတိုင် ထွန်းပေးပါဦး...။ ငါတို့ တောင်စောင့်နတ်မင်းကြီးကို နှုတ်နဲ့ပဲ ကျေးဇူးတင်နေလို့ မဖြစ်ဘူး မဟုတ်လား...။”

လီချိန်းရှီမှာလည်း ငြင်းပယ်ခြင်း မရှိပေ။ မကြာမီမှာပင် လီချိန်းရှီသည် အမွှေးတိုင်များကို သယ်ဆောင်ကာ တောင်စောင့်နတ်မင်း နတ်ကွန်းဆီသို့ တက်လှမ်းသွားခဲ့ပြီး အမွှေးတိုင်များကို ရိုသေစွာ ထွန်းညှိကာ နတ်ကွန်း အတွင်းရှိ အမွှေးတိုင်အိုးထဲသို့ ထိုးစိုက်လိုက်လေသည်။

ချက်ချင်းပင် အမွှေးတိုင်မှ မီးခိုးငွေ့လေးများ ထွက်ပေါ်လာခဲ့၏။

ရွှီပေါ်အန်းသည် စားသောက်ဆိုင်တွင် ထိုင်လိုက်ရုံရှိသေးသော်လည်း ရုတ်တရက် အမွှေးတိုင်နံ့သာနှင့် ဆုတောင်းခြင်း အင်အားစု တစ်ခုမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်ကို ခံစားလိုက်ရလေသည်။

၎င်းမှာ အလွန်တရာ ထူးခြားဆန်းကြယ်လှသော ခံစားမှုမျိုးပင် ဖြစ်ချေ၏။ ထိုအင်အားစုများ စီးဝင်လာသည်နှင့် ရွှီပေါ်အန်းမှာ တစ်ကိုယ်လုံး နေရထိုင်ရ အလွန် သက်သောင့်သက်သာ ဖြစ်သွားပြီး ကိုယ်ခန္ဓာရှိ အပေါက်တိုင်းမှာ ပွင့်သွားကာ အသက်ရှူနေသကဲ့သို့ပင် ခံစားလိုက်ရလေတော့သတည်း။

All Chapters