အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း (၇)
အမွှေးတိုင်နံ့သာနှင့် ဆုတောင်းခြင်း၊ အင်အားစု၏ အံ့ဖွယ်စွမ်းပကား
လျှိုယန် ပေါင်းဟင်းဆိုင်။
ရွှီပေါ်အန်းသည် ကျန်းမာရေးအတွက် အထူးရည်ရွယ်၍ ဆီနည်းသော ဟင်း နှစ်မျိုးကိုသာ မှာယူလိုက်လေ၏။
အသက်အရွယ် ရင့်ကျက်လာသော ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးပီပီ သွေးတိုး၊ ဆီးချိုနှင့် သွေးတွင်း အဆီဓာတ် မြင့်မားခြင်းကဲ့သို့သော လုပ်ငန်းခွင် ရောဂါဝေဒနာများမှာ သူ၏အတွက် ရှောင်လွှဲ၍ မရနိုင်သော အရာများ ဖြစ်နေချေပြီ။
စီမံကိန်းများအကြောင်း ဆွေးနွေးရန်အတွက် သော်လည်းကောင်း၊ သတ်မှတ်ချိန်မီ အလုပ်ပြီးစီးရန် သော်လည်း ကောင်း၊ လုပ်ငန်းအပ်နှံသူနှင့် အဆင်ပြေစေရန် သော်လည်းကောင်း၊ နောက်ဆုံးတွင် ကြီးကြပ်ရေးမှူးကို မျက်နှာ သာရစေရန်အတွက်ပါ သူသည် အရက်သောက်ခဲ့ရသည်မှာ မရေမတွက်နိုင်အောင်ပင် ရှိခဲ့လေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းမှသာ ရွှီပေါ်အန်းမှာ အရက်သောက်ရသည့် အကြိမ်အရေအတွက် နည်းပါးသွားခဲ့ခြင်း ဖြစ်၏။ သို့မဟုတ်ပါက ယခုကဲ့သို့ တစ်ယောက်တည်း အေးအေးဆေးဆေး စားသောက်ရန် အချိန်ရှိလိမ့်မည် မဟုတ်ပေ။
သို့သော် လုပ်ငန်းခွင်အတွင်းရှိ လူတစ်ယောက်အတွက်မူ ဤသည်မှာ သတင်းကောင်းတစ်ခုတော့ မဟုတ်လှချေ။ အရက်သောက်ရမည့် ပွဲများ မရှိတော့ခြင်းမှာ သူ၏ တန်ဖိုးမှာလည်း ကျဆင်းသွားပြီဟု ဆိုလိုခြင်းပင် ဖြစ်၏။
အမှန်စင်စစ် ရွှီပေါ်အန်းသည် အစွန်အဖျားသို့ ပို့ဆောင်ခြင်း ခံထားရသူ ဖြစ်ပေသည်။ သို့မဟုတ်ပါက အစောပိုင်း က သူသည် ဘွန်ဆိုင်းကို ကိုယ်တိုင် သွားရောက် လွှင့်ပစ်နေစရာ အကြောင်းမရှိပေ။ ယခင်က ယွမ်သန်းပေါင်း ရာနှင့်ချီသော စီမံကိန်းများကို တာဝန်ယူရသည့် စီမံကိန်းမန်နေဂျာ တစ်ဦး ဖြစ်ခဲ့စဉ်က သူ၏ လက်အောက်တွင် ဝန်ထမ်းပေါင်း ရာနှင့်ချီ၍ ရှိခဲ့ဖူးလေသည်။
ကန်ထရိုက်တာများနှင့် အလုပ်သမား ခေါင်းဆောင်များမှာ သူ့ကို မျက်နှာသာရရန် အလုအယက် ကြိုးပမ်းခဲ့ကြ လေ၏။ နှစ်စဉ်နှစ်တိုင်း စီမံကိန်း အောင်မြင်မှုအတွက် ရရှိသော ဆုကြေးငွေများမှာပင် သိန်းဂဏန်း၊ သန်းဂဏန်း အထိ ရှိခဲ့ဖူးလေသည်။
ယခုမူ သူသည် အခြေခံ စီမံကိန်းဌာနမှ ကုမ္ပဏီရုံးချုပ်သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရပြီး "ဒုတိယ အင်ဂျင်နီယာချုပ်" ဟူသော ဂုဏ်သတင်းကြီးလှသည့် ရာထူးကို ရရှိထားသော်လည်း လက်တွေ့ဘဝမှာမူ မည်သို့ရှိပါသနည်း။
စီမံကိန်းများတွင် သူသည် အကြီးဆုံး အာဏာပိုင်ဖြစ်ပြီး ကုမ္ပဏီ၏ ဒုတိယ အထွေထွေမန်နေဂျာနှင့် တူညီသော ဆက်ဆံမှုကို ရရှိခဲ့ကာ ကုမ္ပဏီ၏ ခေါင်းဆောင်ပိုင်းများကပင် သူ့ကို မျက်နှာသာ ပေးခဲ့ကြ၏။ သို့သော် ဒုတိယ အင်ဂျင်နီယာချုပ် ဖြစ်လာပြီးနောက်တွင်မူ အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာချုပ်နှင့် အခြားသော အမှုဆောင် ဒုတိယမန်နေဂျာများ၏ စီမံခန့်ခွဲမှုကို ခံရရုံသာမက သြဇာကြီးလှသော ဌာနခွဲကုမ္ပဏီများ၊ ဌာနမှူးများနှင့် စီမံကိန်း ခေါင်းဆောင်များကပင် သူ့ကို လျစ်လျူရှုထားကြလေသည်။ ဤဒုတိယ အင်ဂျင်နီယာချုပ် ရာထူးမှာ အမည်ခံအားဖြင့် ရာထူးတက်ခြင်း ဖြစ်သော်လည်း လက်တွေ့တွင်မူ ရာထူးချခြင်းသာ ဖြစ်ချေ၏။
ဤအရာအားလုံးမှာ ထိုမုန်းတီးဖွယ်ကောင်းသော ဇနီးဟောင်းကြောင့်သာ ဖြစ်ပေသည်။
ရွှီပေါ်အန်း ထိုအကြောင်းကို တွေးမိကာ သက်ပြင်းအရှည်ကြီး ချလိုက်မိလေ၏။ သို့သော် ကံဆိုးခြင်းထဲမှ ကံကောင်းခြင်းဟု ဆိုရပေလိမ့်မည်။ အကယ်၍ သူသာ ထိုဘွန်ဆိုင်းကို ကိုယ်တိုင် သွားရောက် လွှင့်ပစ်ရန် အတင်းအကျပ် ခိုင်းစေခြင်း မခံခဲ့ရပါက ယခုကဲ့သို့ အချိန်တိုအတွင်း သူဌေးကြီးတစ်ဦး ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။
ထိုသို့တွေးမိသောအခါ ရွှီပေါ်အန်း၏ စိတ်မှာ များစွာ ပြေလျော့သွားခဲ့ရလေသည်။ သူသည် စားသောက်ရန် အတွက် ထမင်းစားတူကို ကောက်ကိုင်လိုက်လေ၏။
ရုတ်တရက် ရွှီပေါ်အန်းသည် တစ်ကိုယ်လုံး နေရထိုင်ရ အလွန် သက်သောင့်သက်သာ ဖြစ်သွားသော ခံစားမှုကို ရရှိလိုက်ပြီးနောက် ထိုခံစားမှု၏ အကြောင်းရင်းကိုလည်း ရှင်းလင်းစွာ သိရှိသွားခဲ့လေသည်။
အမွှေးတိုင်နံ့သာနှင့် ဆုတောင်းခြင်း အင်အားစု…။
၎င်းမှာ အဘယ်သို့သောအရာ ဖြစ်ပါသနည်း။ အဘယ်သို့သောအကျိုးသက်ရောက်မှု ရှိပါသနည်း။
မည်သူမျှ ရွှီပေါ်အန်း၏ မေးခွန်းကို အဖြေမပေးသော်လည်း ဤအမွှေးတိုင်နံ့သာနှင့် ဆုတောင်းခြင်း အင်အားစု မှာ ဘွန်ဆိုင်းအတွင်းရှိ လီချိန်းရှီက တောင်စောင့်နတ်မင်း နတ်ကွန်းတွင် အမွှေးတိုင် ထွန်းညှိပူဇော်ခဲ့ခြင်းကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သူ သိရှိလိုက်လေ၏။
နောက်တစ်ခဏတွင် ရွှီပေါ်အန်း၏ အမြင်အာရုံမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။ သူ၏ ရှေ့မှောက်တွင် ရှေးဟောင်းပုံစံ အခန်းတစ်ခန်း ပေါ်လာ၏။ သူ ပထမဆုံး မြင်လိုက်ရသည်မှာ ဖုန်များ တက်နေသော ပူဇော် ကန်တော့ပွဲများ ဖြစ်ပြီး ထို့နောက်တွင် အမွှေးတိုင်အိုးနှင့် ဆုတောင်းသည့် ဖျာအချို့ကို တွေ့လိုက်ရလေသည်။
လီချိန်းရှီမှာ ဖျာတစ်ခုပေါ်တွင် ဒူးထောက်၍ ဆုတောင်းစကားများကို တိုးတိုးရွတ်ဆိုနေချေ၏။ ထို့နောက် သူ သည် မတ်တတ်ရပ်ကာ ပူဇော်ကန်တော့ပွဲများပေါ်ရှိ ဖုန်များကို ဂရုတစိုက် သုတ်သင်နေလေသည်။
*အို... မြတ်စွာဘုရား...။*
ဤသည်မှာ တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းရှိ တောင်စောင့်နတ်မင်း၏ ရှုထောင့်ပင် မဟုတ်ပါလား။ သူသည် လီချိန်းရှီနှင့် ရွာသားများ ခေါ်ဝေါ်နေကြသော တောင်စောင့်နတ်မင်းကြီး အမှန်တကယ်ပင် ဖြစ်သွားခဲ့ ရလေပြီလော။
ရွှီပေါ်အန်းသည် ပျော်ရွှင်စွာ ခံစားနေစဉ်မှာပင် သူ၏ ပခုံးကို တစ်စုံတစ်ယောက်က ပုတ်လိုက်သည်ကို ခံစား လိုက်ရ၏။ ရွှီပေါ်အန်း၏ အမြင်အာရုံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး လျှိုယန် ပေါင်းဟင်းဆိုင်အတွင်းသို့ ပြန်ရောက်လာခဲ့လေတော့သည်။ သို့သော် စားပွဲပေါ်ရှိ အစားအစာများအပြင် ရင်းနှီးသော မျက်နှာတစ်ခုကို လည်း သူ တွေ့လိုက်ရလေ၏။
“ရှူး...”
ရွှီပေါ်အန်းမှာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိလေသည်။
*ရှက်စရာကောင်းလိုက်တာ... တကယ့်ကို ရှက်စရာကောင်းလိုက်တာ…။*
သူ၏ရှေ့တွင် ထိုင်နေသူမှာ အခြားသူမဟုတ်ဘဲ လွန်ခဲ့သော ခေတ္တမျှကပင် နေ့လယ်စာ အတူတူ စားရန် ငြင်းဆို ခဲ့သည့် ချန်ဖိန်ဖိန်ပင် ဖြစ်နေချေ၏။
“တိုက်ဆိုင်လိုက်တာဗျာ...။”
ရွှီပေါ်အန်းက ရှက်ရှက်နှင့်ပင် နှုတ်ဆက်လိုက်လေသည်။
ချန်ဖိန်ဖိန်မှာမူ ရွှီပေါ်အန်းကို ပို၍ ရှက်သွားအောင် မလုပ်ဆောင်ဘဲ အစောပိုင်းက သူ ပေးခဲ့သော "အစည်းအ ဝေး ရှိသည်" ဟူသည့် အကြောင်းပြချက်ကိုလည်း ထည့်မပြောခဲ့ပေ။
“တကယ်ကို တိုက်ဆိုင်တာပဲနော်...။ ရှင်လည်း ဒီပေါင်းထားတဲ့ဟင်းတွေကို ကြိုက်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး...။”
ချန်ဖိန်ဖိန်၏ နားလည်ပေးမှုနှင့် ပါးနပ်မှုတို့ကြောင့် ရွှီပေါ်အန်းမှာ များစွာ အားနာမိသွားခဲ့ရလေသည်။
“အခြား ရွေးချယ်စရာ မရှိလို့ပါဗျာ...။ လူလတ်ပိုင်း အရွယ်ရောက်လာရင် ဆီပြန်တာတွေကို လျှော့စားရတာ ပေါ့...။ ခင်ဗျား ဘာစားမလဲ...၊ ဒီတစ်နပ်တော့ ကျွန်တော် ကျွေးပါရစေ...။”
ရွှီပေါ်အန်းက ပြန်လည် ကုစားသည့်အနေဖြင့် ကမ်းလှမ်းလိုက်လေ၏။
ချန်ဖိန်ဖိန်က နွေဦးလေပြေကဲ့သို့ ညင်သာစွာ ပြုံးပြလိုက်လေသည်။
“အို...၊ မဟုတ်တာ...၊ ရှင့်ကို မကျွေးခိုင်းပါရစေနဲ့...။ အစောပိုင်းက ရှင် ကျွန်မကို အများကြီး ကူညီပေးခဲ့တာကို တောင် ကျေးဇူးမတင်ရသေးဘူးလေ...။ ကျွန်မမှာ ဒီဆိုင်ရဲ့ အသင်းဝင်ကတ် ရှိတယ်ဆိုတော့ ကျွန်မကို မတား ပါနဲ့တော့...။”
ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်ပြီး...၊
“ခင်ဗျားက အသင်းဝင်ကတ်ပါ လုပ်ထားတယ်ဆိုတော့ ပေါင်းထားတဲ့ဟင်းတွေကို တကယ့်ကို ကြိုက်ပုံရတယ် နော်...။”
“တကယ်တော့ ကြိုက်လွန်းလို့တော့ မဟုတ်ပါဘူး...။ ဒီအရွယ်မှာ အရသာ သိပ်မဆိုးရင် ဗိုက်ဝဖို့က အဓိက ပဲလေ...။ အရေးကြီးဆုံးကတော့ ဒါက ဈေးလည်းသက်သာပြီး သင့်တော်လို့ပါ...။”
ချန်ဖိန်ဖိန်က သက်ပြင်းချရင်း ပြောလိုက်လေသည်။
“ဟုတ်ပါ့ဗျာ...၊ ကျွန်တော် လုံးဝ သဘောတူပါတယ်...။ ဒါပေမဲ့ ခင်ဗျားကတော့ ဒီလို မပြောသင့်ဘူး...။ ခင်ဗျားက ငယ်ပါသေးတယ်...။ လမ်းပေါ်ကလူတွေဆိုရင် ခင်ဗျားကို ကျောင်းသူလေးလို့တောင် ထင်ကြမှာပဲ...။”
ရွှီပေါ်အန်းက ရယ်မောရင်း ပြောလိုက်၏။
“ငယ်တယ်ဟုတ်လား...၊ ကျွန်မ ဘွဲ့ရတာတောင် နှစ်အတော်ကြာပြီလေ...။”
ချန်ဖိန်ဖိန်က ခေါင်းခါရင်း ဆက်ပြောလေသည်။
“ရှင်ကတော့ နှိမ့်ချလွန်းပါတယ်...။ ရှင်ပြောတဲ့ ပထမတစ်ဝက်ကတော့ ဟုတ်ပါပြီ... ဒါပေမဲ့ ဈေးသက်သာဖို့ ဆိုတာကတော့ ရှင့်အတွက် စဉ်းစားစရာ မဟုတ်လောက်ဘူး ထင်တယ်...။ ရှင့်ကို မိတ်ဆက်ပေးတုန်းက အင်ဂျင်နီယာ ကုမ္ပဏီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်လို့ ပြောကြတယ်လေ...။”
ရွှီပေါ်အန်းက ပြုံးလိုက်ပြီး...၊
“အဲဒါက သူတို့တွေက လှအောင်ပြောကြတာပါဗျာ...။ အောင်သွယ်ပေးတဲ့သူတွေဆိုတာ အဲဒီလိုပဲ ပြောတတ်ကြ တာ မဟုတ်လား...။ လူတစ်ယောက်က ရုပ်ချောရင်လည်း ချောမောခန့်ညားတယ်လို့ ပြောမယ်...၊ ရုပ်ဆိုးရင် လည်း စိတ်ထားကောင်းပြီး အားကိုးရတယ်လို့ ပြောမယ်...။ ချမ်းသာရင်လည်း လက်ထပ်ပြီးရင် ဘာမှလုပ်စရာမ လိုဘဲ စည်းစိမ်ခံရုံပဲလို့ ပြောမယ်...၊ ဆင်းရဲရင်လည်း ရည်မှန်းချက်ကြီးပြီး အနာဂတ်မှာ တောက်ပလာမယ့်သူလို့ ပြောကြတာပေါ့...။”
ချန်ဖိန်ဖိန်မှာ အားရပါးရ ရယ်မောလိုက်လေသည်။
“ရှင့်အမေသာ ရှင် သူ့အကြောင်းကို အခုလို ပြောနေတာ သိရင် ရှင့်ကို ဆူတော့မှာပဲနော်...။”
“အာ...”
ရွှီပေါ်အန်းမှာ စကားပင် ဆက်မရတော့ချေ။ သူ၏ မိခင်မှာ ထိုကဲ့သို့ အောင်သွယ်ပေးတတ်သူ တစ်ဦး ဖြစ်လိမ့် မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ သူက ပန်းခြံထဲတွင် ကနေသော အဖွားကြီးများကသာ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ပေးနေကြသည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်၏။ အရင်က ရွှီပေါ်အန်း တက်ခဲ့ဖူးသော တွေ့ဆုံပွဲ သုံးကြိမ် စလုံးမှာ သူ၏ မိခင်ကပင် ဤကဲ့သို့ စီစဉ်ပေးခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ထူးဆန်းသည်မှာ ရွှီပေါ်အန်းသည် အင်ဂျင်နီယာ လုပ်ငန်းခွင်တွင် အလုပ်လုပ်သည်ဟု ကြားလိုက် ရသည်နှင့် အောင်သွယ်ပေးသူများ ရှာဖွေပေးသော အမျိုးသမီးများ၏ အရည်အချင်းမှာ အလွန်ပင် ကောင်းမွန် လှပြီး ရုပ်ဆိုးသူ သို့မဟုတ် မနှစ်မြို့ဖွယ်ကောင်းသူ တစ်ဦးမျှ မပါဝင်ခဲ့ခြင်းပင် ဖြစ်၏။
ထိုစဉ်မှာပင် ချန်ဖိန်ဖိန် မှာယူထားသော အစားအစာများ ရောက်ရှိလာခဲ့လေသည်။ သူတို့နှစ်ဦးမှာ စားသောက် ရင်း စကားပြောဆိုကြရာ ပတ်ဝန်းကျင်မှာ များစွာ သာယာနေခဲ့တော့၏။
ရွှီပေါ်အန်းသည် ချန်ဖိန်ဖိန်နှင့်အတူ နေထိုင်ရခြင်းမှာ ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်နိုင်သည်ဟုပင် ခံစား လိုက်ရလေသည်။ သို့သော် သူ၏ လက်ရှိ ဆန်းကြယ်လှသော လျှို့ဝှက်ချက်ဖြစ်သည့် ဘွန်ဆိုင်း၏ တည်ရှိမှုကို တွေးမိသောအခါ ရွှီပေါ်အန်း၏ စိတ်မှာ ပြန်လည် တည်ငြိမ်သွားခဲ့ရလေသည်။
သူ၏ အဓိက ဦးစားပေးမှာ ဘွန်ဆိုင်း၏ လျှို့ဝှက်ချက်ကို စောင့်ရှောက်ရန် ဖြစ်သဖြင့် တစ်ယောက်တည်း နေထိုင်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။
“ယောကျ်ားလေးတွေက ကားတွေအကြောင်းကို ပိုသိကြတယ် မဟုတ်လား...။ အောက်ထပ် ရင်ပြင်မှာ ကားပြပွဲ တစ်ခု လုပ်နေတယ်လေ...၊ ကျွန်မ ကားတစ်စီး ဝယ်ချင်လို့...။ ရှင့်အနေနဲ့ ကျွန်မကို ရွေးပေးဖို့ ကူညီနိုင်မလား ဟင်...။”
ရွှီပေါ်အန်းမှာ ဤတောင်းဆိုမှုကို မငြင်းပယ်နိုင်သလို တိုက်ဆိုင်စွာပင် သူကိုယ်တိုင်လည်း ကားတစ်စီး ဝယ်ယူ ရန် အစီအစဉ် ရှိနေခဲ့ခြင်း ဖြစ်၏။
“ဒါပေါ့... ရတာပေါ့ဗျာ...။ ကျွန်တော်ကိုယ်တိုင်လည်း ကားတစ်စီး ဝယ်ချင်နေတာနဲ့ အတော်ပဲ...။ သွားကြတာ ပေါ့...။”
ရွှီပေါ်အန်း စကားပြောပြီးသည်နှင့် သူ၏နောက်ကွယ်မှ သရော်လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“ဟားဟား... ကားဝယ်မယ် ဟုတ်လား...။ မင်းလို လူဆင်းရဲကတော့ စက်ဘီးပဲ ဝယ်သင့်တာပါ...။ လူစွမ်းကောင်း ကြီးလို ဟန်ဆောင်မနေစမ်းပါနဲ့...။”
ချန်ဖိန်ဖိန်က ပထမဆုံး လှည့်ကြည့်လိုက်ရာ ဆေးမင်ကြောင်များဖြင့် လူမိုက်ပုံစံရှိသော အမျိုးသားတစ်ဦး သူတို့ ထံသို့ လျှောက်လာသည်ကို တွေ့လိုက်ရ၏။ ထိုသူမှာ အသက် (၃၀) ကျော်အရွယ် ရှိသော်လည်း သူ၏ ဆံပင်ပုံစံ မှာ လမ်းဘေးလူမိုက်ကလေးများကဲ့သို့ ခေတ်ဆန်အောင် ပြုလုပ်ထားလေသည်။ သူ၏ ဘေးတွင်မူ သူနှင့်အတူ ပါလာသော ငယ်ရွယ်သော မိန်းကလေးတစ်ဦးမှာ ပီကေကို ဝါးရင်း ရွှီပေါ်အန်းကို မထီမဲ့မြင် အကြည့်များဖြင့် ကြည့်နေချေ၏။
“ရှင်က ဘယ်သူလဲ...၊ ဘာတွေ လာပြောနေတာလဲ...။”
ချန်ဖိန်ဖိန်က ဒေါသတကြီး ပြန်လည် တုံ့ပြန်လိုက်လေသည်။
ဆေးမင်ကြောင်နှင့် အမျိုးသားက လှောင်ပြောင်ရင်း ပြောလိုက်လေ၏။
“ငါက ဘယ်သူလဲ ဟုတ်လား...။ ဟဲဟဲ...၊ နင့်ပုံစံကို ကြည့်ရတာ ဒီကောင်နဲ့ အတူနေဖို့ ကြံနေတာလား...။”
“အဲဒါ ရှင့်ကိစ္စ မဟုတ်ပါဘူး...။”
ချန်ဖိန်ဖိန်က ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
“ဟားဟား...၊ ငါက စေတနာနဲ့ ပြောပြတာပါ အစ်မကြီးရာ...။ အမှန်အတိုင်း ပြောရရင် ငါ့အစ်မက ဒီကောင့်ရဲ့ ဇနီးဟောင်းလေ...။ သူတို့ ကွာရှင်းတုန်းက ဒီကောင်က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာခဲ့ရတာ...။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာရတယ်ဆိုတာ ဘာကို ဆိုလိုတာလဲဆိုတာ အစ်မကြီး မသိဘဲ မနေပါ ဘူးနော်...။”
“အဲ့ဒါ ဘာဖြစ်လဲ...။”
ချန်ဖိန်ဖိန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေ၏။
“ဘာဖြစ်လဲ ဟုတ်လား...။ အစ်မကြီးလည်း ဒီလောက် အသက်ကြီးနေပြီပဲ...၊ ဒီလောက်အထိတော့ မအ ပါနဲ့ဦး...။ သူက ငွေမရှိဘဲနဲ့ အစ်မကြီးကို ကားဝယ်ပေးမယ်ဆိုပြီး လိမ်ညာနေတာလေ...။ သူ ဘာတွေးနေလဲဆိုတာ အစ်မကြီး သိသင့်တာပေါ့...။”
ထိုဆေးမင်ကြောင်နှင့် အမျိုးသားမှာ အားရပါးရ ရယ်မောရင်း ချန်ဖိန်ဖိန်ကို ကဲ့ရဲ့နေလေတော့သည်။
“ချီရှောင်ချန်...၊ တော်တော့...။”
ရွှီပေါ်အန်းက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်လေ၏။
“မင်းနဲ့ ငါနဲ့က ဘာမှ မပတ်သက်တော့ဘူး...။ ဒီမှာ လာပြီး ပြဿနာ မရှာနဲ့တော့...။”
ထိုဆေးမင်ကြောင်နှင့် အမျိုးသားမှာ ချီရှောင်ချန် ဖြစ်ပြီး ရွှီပေါ်အန်း၏ ယောက်ဖဟောင်း၊ တစ်နည်းအားဖြင့် သူ၏ ဇနီးဟောင်း၏ မောင်ငယ်ပင် ဖြစ်လေသည်။
“မင်းနဲ့ ပတ်သက်တယ် ဟုတ်လား...။ ရွှီပေါ်အန်း...၊ မင်း ကိုယ့်မျက်နှာကိုယ် မှန်ထဲမှာ ပြန်ကြည့်ပါဦး...။ ဘယ်သူ က မင်းနဲ့ ပတ်သက်ချင်နေလို့လဲ...။ ငါက ကောင်းကင်ကိုယ်စား အမှန်တရားကို ဖော်ထုတ်ပေးနေတာ... ။ ဒီအမျိုး သမီးကြီးကို မင်း လိမ်ညာနေတာ ငါက ကြည့်မနေနိုင်လို့ပါ...။”
ချန်ဖိန်ဖိန်က တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
“သူက ရူးနေတာပဲ...။ ရွှီအစ်ကို...၊ သွားကြရအောင်...၊ သူနဲ့ စကားပြောမနေပါနဲ့တော့...။”
ချန်ဖိန်ဖိန် ထွက်သွားရန် ပြင်လိုက်သည်ကို မြင်သောအခါ ချီရှောင်ချန်က လမ်းပိတ်လိုက်လေသည်။
“ဟေး... မသွားနဲ့ဦးလေ...။ အစ်မကြီးက တကယ့်ကို ထူးဆန်းတာပဲ...။ ငါက အစ်မကြီး ကောင်းကျိုးအတွက် ပြောနေတာလေ...။ သူက ဘာမှမရှိတဲ့ လူလိမ်တစ်ယောက်ပါဆိုမှ...၊ ဘာလို့ ဒီလောက်တောင် ကျေးဇူးကန်း နေရတာလဲ...။”
ထိုသို့ပြောရင်း ချီရှောင်ချန်သည် ချန်ဖိန်ဖိန်၏ လက်မောင်းကို ဆွဲကိုင်လိုက်လေသည်။ ချန်ဖိန်ဖိန်က ရုန်းကန် သော်လည်း မလွတ်မြောက်နိုင်ခဲ့ပေ။
ရွှီပေါ်အန်းက လက်ကို မြှောက်၍ ချီရှောင်ချန်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်လေသည်။
“လွှတ်လိုက်စမ်း...။ ငါ မင်းကို လက်ပါအောင် မလုပ်ခိုင်းနဲ့...။”
ချီရှောင်ချန်က ရွှီပေါ်အန်းကို တွန်းထုတ်လိုက်လေ၏။
“ဖယ်စမ်းပါ...။ မင်းက ဘယ်သူ့ကို လာခြောက်နေတာလဲ...။ ဒီအဖိုးကြီးက ငါ့ကို ပြန်ချချင်နေတာလား...။”
ရွှီပေါ်အန်းမှာ ချီရှောင်ချန်၏ တွန်းထုတ်ခြင်းကို ခံလိုက်ရပြီး သတိမထားမိဘဲ အနောက်သို့ အရှိန်ဖြင့် လွင့်စင် သွားကာ ခြေလှမ်းအတော်များများ နောက်ဆုတ်သွားခဲ့ရလေသည်။ သူ၏ အနောက်တွင် ဖန်နံရံသာ မရှိပါက သူသည် လဲကျသွားပေလိမ့်မည်။
ရွှီပေါ်အန်းမှာ များစွာ ဒေါသထွက်သွားခဲ့ရလေသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားများမှာ ခွေးတစ်ကောင် ထက်ပင် နိမ့်ကျနေရသည်မှာ မှန်ပေသည်။ သူ အလုပ်စတင်ဝင်ရောက်စဉ်က ပေါင် (၁၀၀) ခန့် လေးလံသော ဘိလပ်မြေအိတ် နှစ်အိတ်ကို တစ်ပြိုင်နက် သယ်ဆောင်နိုင်ခဲ့သည်ကို သူ သတိရနေမိ၏။ အကယ်၍ သူသာ ထိုစဉ်က အင်အားများကို ပြန်လည် ရရှိနိုင်လျှင်...။
ရွှီပေါ်အန်း၏ စိတ်ထဲတွင် ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ ပိုင်ဆိုင်ထားသော အမွှေးတိုင်နံ့သာနှင့် ဆုတောင်းခြင်း အင်အားစုမှာ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရလေသည်။ ထို့နောက် ထူးခြားသော ခံစားမှုတစ်ခုမှာ သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့၏။
သူ၏ ကိုင်းညွှတ်နေသော ခန္ဓာကိုယ်မှာ ချက်ချင်းပင် မတ်သွားခဲ့ပြီး သူ၏ အရေပြားနှင့် ကြွက်သားတိုင်းက... ငါ သန်မာနေပြီ... ဟူသော သတင်းစကားကို ပေးပို့နေခဲ့လေတော့သည်။
ဤသည်မှာ... အမွှေးတိုင်နံ့သာနှင့် ဆုတောင်းခြင်း အင်အားစု၏ အံ့ဖွယ် စွမ်းပကားလော...။
ရွှီပေါ်အန်းသည် အမွှေးတိုင်နံ့သာနှင့် ဆုတောင်းခြင်း အင်အားစု၏ အသုံးဝင်ပုံကို နားလည်သွားခဲ့ပြီ ဖြစ်ပုံရပေ သည်။ နောက်တစ်ခဏတွင် သူ၏ စိတ်ထဲ၌ ရှင်းလင်းသော သိမြင်မှုတစ်ခု ပေါ်လာပြီး ထိုအင်အားစုနှင့် ပတ်သက်သော သံသယများကို ရှင်းပြပေးလိုက်လေသည်။
ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ တောင်စောင့်နတ်မင်း နတ်ကွန်းတွင် သဒ္ဓါတရား ထက်သန်စွာဖြင့် အမွှေးတိုင် ထွန်းညှိ ပူဇော်သရွေ့ သူသည် အမွှေးတိုင်နံ့သာနှင့် ဆုတောင်းခြင်း အင်အားစုကို ရရှိနေမည် ဖြစ်၏။ မှန်ပေသည်၊ ဤ သည်မှာ တစ်ဖက်လူ၏ စိတ်ရင်းမှန်ဖြင့် ဆုတောင်းခြင်း သို့မဟုတ် ကျေးဇူးဆပ်ခြင်းကြောင့်သာ ဖြစ်ရပေမည်။
စိတ်ရင်းမပါဘဲ သော်လည်းကောင်း၊ ရွှီပေါ်အန်းကိုယ်တိုင် ခိုင်းစေ၍ သော်လည်းကောင်း ပူဇော်ခြင်းမှာ အကျုံး ဝင်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် ရွှီပေါ်အန်းသည် လက်တွေ့ကမ္ဘာတွင် အမွှေးတိုင်နံ့သာနှင့် ဆုတောင်းခြင်း အင်အားစုကို မရရှိနိုင် သော်လည်း ဘွန်ဆိုင်းကမ္ဘာမှ ရရှိလာသော ထိုအင်အားစုကို အသုံးပြု၍ သူ၏ စွမ်းဆောင်ရည် အမျိုးမျိုးကို မြှင့်တင်နိုင်လေသည်။
ရွှီပေါ်အန်းက မျက်ခုံးပင့်လိုက်ပြီး... တွေးလိုက်မိ၏။
“ဒါက တကယ့်ကို အထင်ကြီးစရာပဲ...။”
လက်တွေ့ကမ္ဘာတွင် သူသည် သာမန်လူတစ်ဦးသာ ဖြစ်သော်လည်း ဘွန်ဆိုင်းကမ္ဘာတွင်မူ သူသည် နတ်ဘုရား တစ်ပါးပင် ဖြစ်ပေသည်။ ဤအရာမှာ ဂိမ်းများတွင် အဆင့်တက်သောအခါ ဇာတ်ကောင်၏ စွမ်းရည်များကို မြှင့်တင်ရန်အတွက် ရရှိသော ကိုယ်ရည်ကိုယ်သွေး အမှတ်များနှင့် အလားသဏ္ဌာန် တူလှပေသည်။
ရွှီပေါ်အန်းမှာ များစွာ ဝမ်းမြောက်သွားခဲ့ရလေသည်။ ဤအမွှေးတိုင်နံ့သာနှင့် ဆုတောင်းခြင်း အင်အားစု ရှိနေသရွေ့ သူ၏ ကျန်းမာရေးအတွက် စိုးရိမ်နေစရာ လိုပါဦးမည်လော။ လုံးဝပင် မလိုတော့ချေ။ နောက်ထပ် အမွှေးတိုင်နံ့သာနှင့် ဆုတောင်းခြင်း အင်အားစုကို ရရှိသောအခါ သူ၏ ခါးနာဝေဒနာကို အရင်ဆုံး ကုသရပေ မည်…။
ရွှီပေါ်အန်းသည် ပြန်လည် လျှောက်သွားကာ ချီရှောင်ချန်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်လေသည်။
“မင်းကတော့ တောင်းပန်ရတော့မှာပဲ...။”
ပြောရင်းဆိုရင်းပင် ရွှီပေါ်အန်းက အားစိုက်လိုက်ရာ ချီရှောင်ချန်၏ လက်မောင်းမှာ ညှပ်ဖြင့် ညှပ်ခံထားရ သကဲ့ သို့ ဖြစ်သွားခဲ့လေ၏။ အရိုးထဲထိ နာကျင်သွားသော ဝေဒနာကြောင့် ချီရှောင်ချန်၏ တစ်ကိုယ်လုံးတွင် ချွေးများ စို့လာခဲ့လေတော့သည်။
“လွှတ်စမ်းပါ...။”
ချီရှောင်ချန်က အော်ဟစ်လိုက်လေ၏။
ရွှီပေါ်အန်းက ချီရှောင်ချန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လျက် အပေါ်သို့ အားဖြင့် မလိုက်ရာ ချီရှောင်ချန်မှာ နာကျင်မှုကို လျှော့ချနိုင်ရန်အတွက် သူ၏ ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ရပြီး တဖြည်းဖြည်းနှင့် ဒူးထောက် လုနီးပါး ဖြစ်သွားခဲ့ရလေသည်။
“ကျွန်တော် မှားပါတယ်...။ ကျွန်တော် တကယ် မှားပါတယ်...။ ကျေးဇူးပြုပြီး လွှတ်ပေးပါ...။”
ချီရှောင်ချန်မှာ နောက်ဆုံးတွင် ခေါင်းမာခြင်း မရှိတော့ဘဲ အကူအညီမဲ့စွာ တောင်းပန်တိုးလျှိုးလာခဲ့လေတော့ သည်။
“ထွက်သွားစမ်း...။”
ရွှီပေါ်အန်းက အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်ပြီး ချီရှောင်ချန်ကို အနောက်သို့ တွန်းလွှတ်လိုက် လေရာ သူသည် ခြေလှမ်းအတော်များများ လွင့်စင်သွားခဲ့ရ၏။ ရွှီပေါ်အန်း၏ အကြည့်မှာ အေးစက်လှသော အလင်းတန်းများကဲ့သို့ ချီရှောင်ချန်ကို စိုက်ကြည့်နေခဲ့လေသည်။
ချီရှောင်ချန်သည် သူ၏ရှေ့မှ လူမှာ ယခင်က ရွှီပေါ်အန်း မဟုတ်တော့ကြောင်း ချက်ချင်းပင် ခံစားလိုက်ရ၏။ ၎င်းမှာ သူ၏ရှေ့တွင် တောင်ကြီးများ ပြိုကျလာသကဲ့သို့ သော်လည်းကောင်း၊ ဆူနာမီလှိုင်းကြီးများ တက်လာ သကဲ့သို့ သော်လည်းကောင်း ခံစားလိုက်ရသဖြင့် ချီရှောင်ချန်မှာ ကြောက်လန့်လွန်း၍ စကားပင် မပြောနိုင်တော့ ချေ။
ရွှီပေါ်အန်းနှင့် ချန်ဖိန်ဖိန်တို့ ထွက်သွားပြီးနောက်မှသာ ချီရှောင်ချန်မှာ သတိပြန်ဝင်လာပြီး မတ်တတ်ရပ်နိုင်ခဲ့ လေသည်။
“တောက်...၊ ဒီကောင်စုတ်...။ ငါ ဒီကိစ္စကို မှတ်ထားမယ်...။”
ချီရှောင်ချန်က မကျေမနပ်ဖြင့် တီးတိုး ရေရွတ်လိုက်လေတော့သည်။
အခန်း (၈)
လုံလောက်သော ဆား
ချီရှောင်ချန်၏ ကြုံးဝါးသံများ အဆုံးသတ်သွားချိန်တွင် အတော်လေး ဝေးရာသို့ ရောက်ရှိနေပြီဖြစ်သော ရွှီပေါ်အန်း၏ နှုတ်ခမ်းထက်တွင် သာယာသော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။
အလွန်ပင် ကောင်းမွန်လှပေသည်...၊ သူ၏ နားအကြားအာရုံမှာလည်း များစွာ ပိုမိုစူးရှလာခဲ့ချေပြီဖြစ်၏။
ဓာတ်လှေကားအတွင်းသို့ လှမ်းဝင်လိုက်စဉ် အတွင်း၌ ကပ်ထားသော ကြော်ငြာစာရွက်များကို ကြည့်ရင်း ရွှီပေါ်အန်းသည် ခေတ္တမျှ ဝေဝါးသွားသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် သူ၏မျက်မှန်ကို ချွတ်၍ ကြည့်လိုက် သောအခါ သူ၏ အဝေးမှုန်ဝေဒနာမှာလည်း များစွာ သက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်း သတိပြုမိလိုက် လေသည်။
အံ့ဩစရာပင်...၊ သူ၏ ခန္ဓာကိုယ် စွမ်းဆောင်ရည်အားလုံးမှာ များစွာ ပိုမိုသန်မာလာပုံရပေသည်။
ရွှီပေါ်အန်းမှာ များစွာ ဝမ်းမြောက်သွားခဲ့ရပြီး ချီရှောင်ချန်၏ ခြိမ်းခြောက်မှုများကိုလည်း စိတ်ထဲ၌ ထည့်မထား တော့ချေ။ ချန်ဖိန်ဖိန်မှာမူ ထိုသို့ စိတ်ကြည်လင်နေခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမအတွက်မူ ဤ သည်မှာ မမျှော်လင့်ဘဲ ကြုံတွေ့ရသော ဘေးဒုက္ခတစ်ခု ဖြစ်နေသောကြောင့်ပင်။ သူမသည် အခြားသူ၏ အိမ်ထောင်ရေးတွင် ကြားဝင်နှောင့်ယှက်သူတစ်ဦးကဲ့သို့ ဖြစ်သွားခဲ့ရချေပြီ။
ထိုကဲ့သို့ စိတ်အခြေအနေကြောင့် ချန်ဖိန်ဖိန်သည် ကားကြည့်ရန် စိတ်ဝင်စားမှု လျော့နည်းသွားခဲ့ရလေသည်။ သူမသည် ကားပြပွဲအတွင်း ခေတ္တမျှ လှည့်ပတ်ကြည့်ရှုပြီးနောက် ဆိုင်တွင် အလုပ်ရှိသေးသည်ဟု အကြောင်း ပြကာ ခွင့်တောင်း၍ ထွက်ခွာသွားခဲ့လေတော့သည်။
ရွှီပေါ်အန်းကလည်း အားနာသော မျက်နှာထားဖြင့် တောင်းပန်စကား ဆိုခဲ့သော်လည်း ချန်ဖိန်ဖိန်ကမူ ၎င်းမှာ ကိစ္စ အသေးအမွှားသာဖြစ်ပြီး စိတ်ထဲမထားကြောင်း ယဉ်ကျေးစွာပင် ပြန်လည် ပြောကြားခဲ့၏။ ရွှီပေါ်အန်း သည် ခေါင်းကို ညင်သာစွာ ခါလိုက်မိလေသည်။ သူတို့နှစ်ဦးမှာ ရှေ့ဆက်ရန် မဖြစ်နိုင်တော့မှန်း သူ သိရှိလိုက် လေပြီ။
သို့သော် ၎င်းမှာ ကိစ္စမရှိလှပေ။ ရွှီပေါ်အန်း၏ လက်ရှိ ကြွယ်ဝမှုနှင့် တောက်ပသော အနာဂတ်ကို ကြည့်လျှင် အမြဲတမ်း လူငယ်တစ်ဦးကဲ့သို့ နေထိုင်သွားခြင်းမှာလည်း မဆိုးလှသော ရွေးချယ်မှုတစ်ခုပင် ဖြစ်ပေသည်။ အမျိုးသားဟူသည်မှာ သေဆုံးသည့်တိုင်အောင် လူငယ်စိတ် ရှိနေတတ်ကြသည် မဟုတ်ပါလား။
ချန်ဖိန်ဖိန်နှင့် ပတ်သက်၍မူ အကယ်၍ ဖြစ်နိုင်ပါက မိတ်ဆွေကောင်းတစ်ဦး သို့မဟုတ် ရင်ဖွင့်ဖော် ရင်ဖွင့်ဖက် တစ်ဦးအဖြစ် ရှိနေခြင်းကလည်း ကောင်းမွန်သော ရွေးချယ်မှုပင် ဖြစ်ပေလိမ့်မည်။
ထို့ပြင် ရွှီပေါ်အန်းသည် လူလတ်ပိုင်းအရွယ်သို့ ရောက်ရှိနေပြီဖြစ်ရာ အရာရာကို အကောင်းမြင်တတ်ရန် ကျင့်သားရနေခဲ့ပြီ ဖြစ်၏။ ဤကိစ္စမှာ မိုးဖွဲဖွဲလေး ရွာကျလာသကဲ့သို့သာ ဖြစ်ပေသည်။
မှန်ပေသည်၊ အကယ်၍ တစ်စုံတစ်ယောက်က မည်သူမဆိုအား ယွမ်သန်းနှစ်ဆယ် ပေးအပ်လိုက်လျှင် ထိုသူမှာ သေချာပေါက် အကောင်းမြင်တတ်သူ တစ်ဦး ဖြစ်လာပေလိမ့်မည်။
ဤသည်မှာ ရွှီပေါ်အန်း လူငယ်ဘဝက ခေတ်စားခဲ့သော စကားတစ်ခွန်းနှင့် အလားသဏ္ဌာန် တူလှပေသည်။ အကယ်၍ သင်သည် ချစ်သူနှင့် လမ်းခွဲလိုက်ရသော်လည်း လျှိုရိဖေးနှင့် ဖန့်ပင်းပင်းတို့က သင့်ကို စောင့်ကြို နေမည်ဆိုပါက လူအများစုမှာ ထိုလမ်းခွဲမှုအတွက် ဝမ်းနည်းနေကြတော့မည် မဟုတ်ချေ။
ချန်ဖိန်ဖိန် ထွက်သွားသည်ကို ကြည့်ရင်း ရွှီပေါ်အန်းမှာလည်း ရောက်တုန်းရောက်ခိုက် ကားပြပွဲအတွင်းရှိ ပြခန်း အမျိုးမျိုးသို့ လှည့်ပတ်ကြည့်ရှုနေခဲ့လေသည်။ နောက်ဆုံးတွင် ရွှီပေါ်အန်းသည် သူ အမှန်တကယ် သဘောကျ သော ကားတစ်စီးကို တွေ့ရှိသွားခလေ၏။ ၎င်းမှာ ရွှီပေါ်အန်း အမြဲတမ်း စိတ်ကူးယဉ်ခဲ့ဖူးသော ဖို့ဒ် ရက်ပ်တာ ပစ်ကပ်ကားကြီးပင် ဖြစ်ပေသည်။
ရွှီပေါ်အန်းသည် ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရပြီး တိုင်းတာရေး ဝန်ထမ်း ဘဝမှ အင်ဂျင်နီယာ ဌာနမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ဒုတိယ စီမံကိန်းမန်နေဂျာ၊ အင်ဂျင်နီယာ ချုပ်၊ ဒုတိယအဆင့် စီမံကိန်းမန်နေဂျာနှင့် ပထမအဆင့် စီမံကိန်းမန်နေဂျာ အဖြစ်သို့ အဆင့်ဆင့် တက်လှမ်းခဲ့သူ ဖြစ်၏။
ဤခရီးလမ်းတစ်လျှောက်တွင် ရွှီပေါ်အန်း အမောင်းများဆုံး ကားမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ပစ်ကပ် ကားများသာ ဖြစ်ပေသည်။ နောက်ပိုင်း စီမံကိန်း ခေါင်းဆောင်ပိုင်း ဖြစ်လာသောအခါ ကုမ္ပဏီမှ ပေးအပ်ထား သော ပရာဒို နှင့် လင့်ခရူဆာ ကားများကိုသာ အဓိက မောင်းနှင်ခဲ့ရသော်လည်း ရွှီပေါ်အန်းမှာ ပစ်ကပ်ကားများ ကိုသာ သံယောဇဉ် ကြီးမားနေခဲ့ခြင်း ဖြစ်၏။ ပစ်ကပ်ကားလောက၏ ဘုရင်များမှာ ဒေါ့ဂျ်ရမ် နှင့် ဖို့ဒ် ရက်ပ်တာ တို့ပင် ဖြစ်ပေသည်။
ရွှီပေါ်အန်း၏ နှစ်ပေါင်းများစွာအတွင်း ရရှိခဲ့သော ဝင်ငွေအရဆိုလျှင် သိန်းဂဏန်းတန်သော ကားတစ်စီးကို သူ အမှန်တကယ် ဝယ်ယူနိုင်စွမ်း ရှိလေသည်။ သို့သော် အရင်က သူ၏ ဇနီးဟောင်းက ငွေကြေးများကို စီမံခန့်ခွဲ ထားသဖြင့် ဤကဲ့သို့ ဈေးကြီးသော ကားကို ဝယ်ယူရန် မဆိုထားနှင့်၊ ဆယ်နှစ်တိုင်အောင် မောင်းနှင်ခဲ့သော ယွမ်တစ်သိန်းတန် ဂျက်တာ ကားလေးကိုပင် လဲလှယ်ခွင့် မရခဲ့ပေ။
ယခုအခါ သူသည် လွတ်လပ်မှုနှင့် ငွေကြေး ကြွယ်ဝမှုကို ရရှိထားပြီဖြစ်ရာ သူ ဝါသနာပါရာကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်လေတော့သည်။ တစ်ခုတည်းသော နောင်တရစရာမှာ ရွှီပေါ်အန်း ရွေးချယ်လိုက်သော အနီရောင် ကားမှာ ဆိုင်တွင် အဆင်သင့် မရှိဘဲ သုံးရက်ကြာမှသာ ပစ္စည်းရောက်မည် ဖြစ်သောကြောင့်ပင်။
ကောင်းသော အရာများအတွက် စောင့်ဆိုင်းရခြင်းမှာ ထိုက်တန်လှပေသည်...။ ရွှီပေါ်အန်းသည် ကားပြပွဲအတွင်း ရှိ ဓာတ်ပုံဆရာများကို ခေတ္တမျှ စိတ်ဝင်တစား ကြည့်ရှုနေပြီးနောက် တက္ကစီတစ်စီး ငှားကာ သူ၏ နေအိမ်သို့ ပြန်လာခဲ့လေတော့သည်။
အိမ်တံခါးကို ပိတ်လိုက်ပြီးနောက် ရွှီပေါ်အန်း ပထမဆုံး လုပ်ဆောင်သည့် အလုပ်မှာ ဘွန်ဆိုင်းကို ထုတ်ယူလိုက် ခြင်းပင် ဖြစ်၏။ ယခုအခါ ဘွန်ဆိုင်းအတွင်း၌ ရွာသားအချို့မှာ ကမ်းပါးယံသို့ တွယ်တက်နေကြချေပြီ။
လီချိန်းရှီသည် အနီးရှိ ခြောက်သွေ့နေသော နွယ်ပင်တစ်ပင်ကို ဆွဲကိုင်လျက် ရွာသားများကို တောင်တက် နည်းစနစ်များကို လက်တွေ့သင်ကြားပေးနေလေသည်။
“မင်းတို့ရဲ့ လက်တွေက ကျောက်ဆောင်ကို တင်းတင်းမဆုပ်ကိုင်နိုင်ဘူးဆိုရင် နွယ်ပင်ကို လက်ကောက်ဝတ်မှာ နှစ်ပတ်လောက် ပတ်ပြီးမှ ဆက်တက်ကြ...။”
“ခြေထောက်တွေကိုတော့ ကမ်းပါးယံပေါ်က ချိုင့်ခွက်တွေမှာ အားပြုပြီး နင်းလို့ ရတယ်...၊ ဒါမှမဟုတ် နွယ်ပင် ကိုပဲ တင်းတင်းပတ်ထားလိုက်ကြ...။”
ရွှီပေါ်အန်း ခေတ္တမျှ စဉ်းစားလိုက်ပြီး စတေပလာပင်အပ်ဗူးတစ်ခုကို ရှာဖွေကာ တစ်ခုချင်းစီ ခွဲထုတ်လိုက် လေသည်။ ထို့နောက် ဘွန်ဆိုင်းအတွင်းရှိ ရွာသားများကို သူက စကားပြောလိုက်၏။
“ကဲ... အားလုံး ခဏလောက် ဖယ်ပေးကြဦး...။ မင်းတို့ အတက်အဆင်း လုပ်ရတာ ပိုလွယ်ကူစေမယ့် နည်းလမ်း ကောင်းတစ်ခု ငါ့မှာ ရှိတယ်...။”
ရွှီပေါ်အန်း၏ စကားကို ကြားလိုက်ရသောအခါ ရွာသားများမှာ အလျင်အမြန်ပင် ဖယ်ရှားပေးလိုက်ကြ လေတော့သည်။
“တောင်စောင့်နတ်မင်းကြီး မိန့်မှာနေပြီ...၊ အားလုံး ကမ်းပါးယံကနေ ဖယ်ပေးကြပါ...။”
လီချိန်းရှီကလည်း လူတိုင်းကို အော်ဟစ် အသိပေးလိုက်၏။
ရွာသားအားလုံး ကမ်းပါးယံမှ ဖယ်ရှားသွားသည်ကို မြင်သောအခါ ရွှီပေါ်အန်းသည် ခွဲထုတ်ထားသော စတေပ လာပင်အပ်များကို ကမ်းပါးယံအတွင်းသို့ တစ်ခုချင်းစီ အင်အားသုံး၍ စိုက်ထည့်ပေးလိုက်လေသည်။
သုံးစင်တီမီတာခန့် အကွာအဝေးတိုင်းတွင် စတေပလာပင်အပ် တစ်ခုစီကို စိုက်ထည့်ပေးလိုက်သဖြင့် ကမ်းပါးယံ ပေါ်တွင် လှေကားထစ်များကဲ့သို့ ဖြစ်ပေါ်လာခဲ့လေ၏။ မုန့်ညင်းစေ့အရွယ်အစားသာ ရှိသော ရွာသားများ အတွက်မူ သုံးစင်တီမီတာခန့် အမြင့်မှာ သူတို့၏ ကိုယ်ခန္ဓာ တစ်ဝက်ခန့်သာ ရှိသဖြင့် တွယ်တက်ရန် အလွန်ပင် လွယ်ကူလှပေသည်။
မကြာမီမှာပင် စတေပလာပင်အပ် လှေကားမှာ ပြီးစီးသွားခဲ့လေပြီဖြစ်၏။
“ကဲ... လီချိန်းရှီ...၊ မင်း အရင်ဆုံး စမ်းပြီး တက်ကြည့်စမ်းပါဦး...၊ အဆင်ပြေရဲ့လားလို့...။”
ရွှီပေါ်အန်းသည် သူ၏ ဖန်တီးမှုကို ကြည့်ရင်း ပြုံး၍ ပြောလိုက်လေသည်။
“ဟုတ်ကဲ့ပါ တောင်စောင့်နတ်မင်းကြီး...၊ ကျွန်တော်မျိုး အခုပဲ သွားပါ့မယ်...။”
လီချိန်းရှီက ပြန်လည် လျှောက်တင်ပြီးနောက် စတေပလာပင်အပ်များကို လက်ဖြင့် ဆုပ်ကိုင်ကာ ခြေဖြင့် နင်း လျက် အပေါ်သို့ တစ်ဆင့်ချင်း တက်လှမ်းသွားရာ တောင်စောင့်နတ်မင်း နတ်ကွန်းရှိရာ တောင်ခါးပန်းသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့လေတော့သည်။
“တကယ့်ကို လွယ်ကူလှပါတယ်...၊ တောင်စောင့်နတ်မင်းကြီးရဲ့ စွမ်းပကားက နှိုင်းယှဉ်ဖွယ် မရှိပါဘူး...။”
“ကျွန်တော်မျိုးတို့လို သာမန်လူတွေအတွက် ဒီလောက် တောက်ပတဲ့ နတ်ဘုရားလက်နက်တွေကို အသုံးပြုရ တာကတော့ တကယ်ကို နှမြောစရာပါပဲ...။”
ရွှီပေါ်အန်းက ခန့်ညားထည်ဝါသော လေသံဖြင့် ပြောလိုက်လေ၏။
“ဘာမှ မဖြစ်ပါဘူး...၊ ဒါမျိုးတွေ ငါ့မှာ အများကြီး ရှိပါတယ်...။ အခု နေ့လယ်စာ စားချိန် ရောက်ပြီ မဟုတ်လား ...။ မင်းတို့ နေ့လယ်စာအတွက် ဘာစားချင်တာ ရှိလဲ...။”
လီချိန်းရှီက အလျင်အမြန် ပြန်လည် လျှောက်တင်လေသည်။
“တောင်စောင့်နတ်မင်းကြီးကို လျှောက်တင်ပါတယ်...၊ ကျွန်တော်မျိုးတို့က ပုံမှန်ဆိုရင် တစ်နေ့ကို နှစ်နပ်ပဲ စား ကြတာပါ...။ စောစောက အရှင်ပေးသနားတဲ့ နတ်ဘုရား မုန့်လုံးလေးတွေ စားထားတော့ အားလုံး ဗိုက်ဝနေကြ တုန်းပါပဲ...။ ညနေပိုင်းကျမှ အားလုံး တိုင်ပင်ပြီး အာလူးလေးတွေ ကင်စားကြမယ်...၊ ပြီးတော့ ဒီနေ့ နေထိုင်စရာ ရတဲ့ အထိမ်းအမှတ်အနေနဲ့ ကြက်တစ်ကောင်ကို သတ်ပြီး စွပ်ပြုတ်လုပ်သောက်ကြဖို့ ပြင်ထားပါတယ်...။”
ရွှီပေါ်အန်းက ခေါင်းခါလိုက်မိ၏။ ဤသည်မှာ မဖြစ်နိုင်လှပေ။ လက်ရှိတွင် ရွာသားများ၌ တိရစ္ဆာန် အနည်းငယ် သာ ရှိပြီး ဤကြီးမားလှသော တောင်တောအတွင်း၌ သူသည်လည်း ရွာသားများအတွက် အသားငါးများကို ရှာဖွေပေးရန် ခက်ခဲလှပေသည်။
အကယ်၍ ရွှီပေါ်အန်းသည် လက်တွေ့ကမ္ဘာမှ ကြက် သို့မဟုတ် ဘဲတစ်ကောင်ကို ထည့်ပေးလိုက်ပါက ထိုသတ္တ ဝါကြီးများက လူပုလေးများကို တစ်ကောင်ချင်းစီ လိုက်လံ ကိုက်သတ်နေပေလိမ့်မည်။
ရွှီပေါ်အန်း ခေတ္တမျှ စဉ်းစားလိုက်ပြီး သူ၏ နဖူးကို ရိုက်လိုက်မိလေသည်။ ထို့နောက် အစောပိုင်းက သူ ထိုးသတ် ထားခဲ့သော မြွေငယ်လေးကို လှမ်းယူလိုက်၏။
“ရော့...၊ ဒါက ငါ အစောပိုင်းက လီချိန်းရှီကို ကတိပေးထားတဲ့ စပါးကြီးမြွေပဲ...။ ဒါကို အရေခွံခွာပြီး စားကြ ပေါ့...။”
တီကောင်တစ်ကောင်ကဲ့သို့သော ထိုမြွေငယ်လေးမှာ ရွာသားများအမြင်တွင်မူ ဆယ်မီတာကျော် ရှည်လျားသော ကြီးမားလှသည့် သားရဲကြီး တစ်ကောင်ပင် ဖြစ်ပေသည်။ ကြောက်တတ်သော ရွာသားအချို့မှာ ထိုမြွေကြီးကို မြင်သည်နှင့် နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်သွားခဲ့ကြ၏။ လီချိန်းရှီနှင့် အခြားသော လူလတ်ပိုင်း အမျိုးသားများမှာမူ ဝမ်းသာအားရဖြင့် စုရုံးလာကြလေတော့သည်။
“တကယ်ကို ကောင်းလိုက်တာ...၊ ဒီတောတွင်း စပါးကြီးမြွေကြီးက ငါတို့အားလုံး တစ်လလောက် စားလို့ လောက်မှာပဲ...။”
“မင်းကလည်း အိပ်မက်မက်မနေနဲ့ဦး...။ ဒီလို ပူပြင်းတဲ့ ရာသီဥတုမှာ ငါးရက်၊ ခြောက်ရက်ထက် ပိုခံမှာ မဟုတ် ဘူး...၊ ပုပ်သွားလိမ့်မယ်...။”
“တောက်...၊ နှမြောစရာပဲ...၊ ငါတို့ဆီမှာ ဆားသာ အလုံအလောက် ရှိရင် ဒီအသားတွေကို အခြောက်လှမ်းထားလို့ ရမှာပဲ...။ ဒါဆိုရင် နှစ်ပေါင်းများစွာ စားလို့ရတာပေါ့...။”
“ကဲ... အားလုံး မြန်မြန်လုပ်ကြ...၊ မြွေသားတွေကို ခွဲလိုက်ကြစို့...။ အသားအချို့ကိုတော့ မြို့ပေါ်သွားပြီး ဆားနဲ့ လဲရမှာပေါ့...။ အပြန်ကျရင်လည်း ရွာလူကြီးနဲ့ တခြားလူတွေကို တစ်ခါတည်း သွားခေါ်ကြတာပေါ့...။”
ရွာသားများမှာ မြွေသားများကို မည်သို့ စီမံကြမည်ကို တတွတ်တွတ် ဆွေးနွေးနေကြသည်ကို နားထောင်ရင်း ရွှီပေါ်အန်းမှာ စပ်စုလိုစိတ် ပေါ်လာခဲ့လေသည်။
“မင်းတို့ပြောတဲ့ မြို့က ဒီကနေ ဘယ်လောက် ဝေးလဲ...၊ မြို့ကရော ကြီးလား...။”
လီချိန်းရှီက အလျင်အမြန် ပြန်လည် လျှောက်တင်လေသည်။
“တောင်စောင့်နတ်မင်းကြီးကို လျှောက်တင်ပါတယ်...၊ ရှိရှန်းမြို့က ဒီကနေ သိပ်မဝေးပါဘူး...၊ လမ်းလျှောက်ရင် နေ့တစ်ဝက်စာလောက်ပဲ ကြာပါတယ်...။ မြို့က ဘယ်လောက်ကြီးလဲဆိုတာတော့ ကျွန်တော်မျိုး အတိအကျ မသိပါဘူး...၊ ဒါပေမဲ့ လူဦးရေ နှစ်သောင်းလောက် ရှိတယ်လို့တော့ ကြားဖူးပါတယ်...။”
*လူဦးရေ နှစ်သောင်းတောင်လား…။*
ရွှီပေါ်အန်းသည် မျက်ခုံးပင့်လိုက်မိ၏။ အကယ်၍ ထိုလူများအားလုံးကသာ တောင်စောင့်နတ်မင်း နတ်ကွန်းတွင် အမွှေးတိုင် ထွန်းညှိပူဇော်ကြမည်ဆိုလျှင် သူသည် တကယ့်ကို အင်အားကြီးမားလာမည် မဟုတ်ပါလား။ မှန်ပေ သည်၊ ဤကိစ္စကို အလောတကြီး လုပ်ဆောင်၍ မရနိုင်ပေ။
ရွှီပေါ်အန်းက ပြောလိုက်လေ၏။
“မြို့က ဒီလောက်ဝေးနေရင် သွားမနေနဲ့တော့...။ ဆားနဲ့ ပတ်သက်ပြီးတော့လည်း ငါ မင်းတို့ကို ပေးနိုင်ပါတယ်...၊ ခဏလောက် စောင့်ဦး...။”
ရွှီပေါ်အန်းသည် မီးဖိုချောင်အတွင်းသို့ အပြေးအလွှား သွားကာ အိမ်သုံး ဟင်းခတ်မှုန့်ဗူးကို ယူဆောင်လာခဲ့ လေသည်။ ထို့နောက် ဇွန်းငယ်လေးဖြင့် ဆားတစ်ဝက်ခန့်ကို ခပ်ယူလိုက်ပြီး တစ်ရှူးစငယ်လေးပေါ်တွင် တင်ကာ ဘွန်ဆိုင်းအတွင်းသို့ ညင်သာစွာ ချပေးလိုက်လေတော့သည်။
ရွာသားများအမြင်တွင်မူ ကောင်းကင်ယံမှ ပျံသန်းနေသော ကော်ဇောကြီးတစ်ခု ရုတ်တရက် လွင့်ပါးကျ ဆင်းလာသကဲ့သို့ ခံစားလိုက်ရ၏။ ထိုစက္ကူစမှာ မြေပြင်ပေါ်သို့ ကျရောက်သွားသောအခါ ရွာသားများ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားခဲ့ရလေသည်။
သူတို့သည် အဖြူရောင် နူးညံ့လှသော အခင်းကြီးပေါ်တွင် ပဲစေ့အရွယ်အစားရှိပြီး ရေခဲတုံးလေးများကဲ့သို့ ကြည် လင်နေသော ဆားတုံးလေးများကို တွေ့လိုက်ရလေတော့သည်။ ရွှီပေါ်အန်းအတွက်မူ သေးငယ်လှသော ဆားမှုန့် လေးများ ဖြစ်သော်လည်း ဤလူပုလေးများအတွက်မူ ပဲစေ့အရွယ်အစားရှိသော ဆားတုံးကြီးများ ဖြစ်နေခဲ့ လေပြီ။
“ဆားလား...၊ ဒါက တကယ်ပဲ ဆားတွေပဲ...။”
“အဆင့်မြင့်ဆုံး ဆားတွေပဲဗျို့...၊ တကယ့်ကို တောက်ပနေတာပဲ...။ အစိုးရထုတ်ဆားတွေတောင် ဒီလောက်အထိ ကြည်လင်မှာ မဟုတ်ဘူး...။”
“ဒါက ငါတို့ သုံးနေကျ ဆားကြမ်းတွေထက် အဆပေါင်း ရာချီ ပိုကောင်းတာပဲ...။”
“ဒီလို ဆားမျိုးက တကယ့်ကို ဈေးကြီးမှာပဲနော်...။ အစိုးရထုတ်ဆားတွေက ငါတို့ ဆားကြမ်းတွေထက် ဆယ်ဆ လောက် ပိုဈေးကြီးတယ်လို့ ကြားဖူးတယ်...။”
“မင်းကလည်း အဓိပ္ပာယ် မရှိတာတွေ...၊ တောင်စောင့်နတ်မင်းကြီး ပေးသနားတဲ့ အရာတွေကို ငွေနဲ့ ဘယ်လို နှိုင်းယှဉ်လို့ ရမှာလဲ...။”
ရွာသားတစ်အုပ်လုံးမှာ အော်ဟစ်ဆူညံလျက် ရှေ့သို့ အပြေးအလွှား တိုးဝင်သွားကြလေသည်။ ရွာသားတစ်ဦးမှာ ပဲစေ့အရွယ်ရှိ ဆားတုံးလေးကို လက်ဖြင့် ကိုင်ကာ လျှာဖြင့် လျက်ကြည့်လိုက်ပြီးနောက် ကျေနပ်အားရသော မျက်နှာထားဖြင့်...၊
“အင်း...၊ ငါငယ်ငယ်တုန်းက တစ်ခါပဲ မြည်းဖူးတဲ့ အဆင့်မြင့် အစိုးရထုတ်ဆား အရသာမျိုးပဲ...၊ ဒီအရသာ အတိုင်းပဲ...။”
“အို... မြတ်စွာဘုရား...၊ ငါ့တစ်သက်မှာ ဒီလောက် စင်ကြယ်တဲ့ ဆားမျိုး တစ်ခါမှ မမြင်ဖူးဘူး...၊ တကယ်ကို ဝမ်းသာလိုက်တာ...။”
“ချိန်းရှီလေး...၊ ဒီလောက် ကောင်းတဲ့ ဆားတွေကို အသားတွေ အခြောက်လှမ်းဖို့ သုံးရမှာက နည်းနည်းတော့ နှမြောစရာ မကောင်းဘူးလား...။”
အဘွားအိုတစ်ဦး၏ မေးခွန်းကို ကြားသောအခါ လီချိန်းရှီမှာ မည်သို့ ပြန်လည် ဖြေကြားရမည်ကို ဝေခွဲမရ ဖြစ်နေစဉ် ရွှီပေါ်အန်း၏ အသံထွက်ပေါ်လာခဲ့လေသည်။
“ဘာမှ မဖြစ်ပါဘူး...၊ ဒီဆားတွေကို မင်းတို့ စိတ်ကြိုက် သုံးကြပါ...။ ဒါတွေ ငါ့မှာ အများကြီး ရှိပါတယ်...၊ ရေရော အစားအစာရော အကုန်ရှိတယ်...။”
အစားအစာအကြောင်းကို တွေးမိသောအခါ ရွှီပေါ်အန်းက ရွာသားများ၏ ကျေးဇူးတင်စကားများကို နားထောင်ရင်း ဆက်လက် မေးမြန်းလိုက်၏။
“မင်းတို့ ပုံမှန်ဆိုရင် ဘာတွေ စားလေ့ရှိကြလဲ...။”
အသက် (၅၀) ကျော် အမျိုးသားတစ်ဦးက အလျင်အမြန် ပြန်လည် ဖြေကြားလေသည်။
“အာလူးတွေနဲ့ ဂျုံဖွဲနုတွေကိုပဲ စားကြတာပါ...။ ချိန်းရှီလေး...၊ မြန်မြန်သွားပြီး တောင်စောင့်နတ်မင်းကြီးကို ပြဖို့ ယူလာခဲ့စမ်း...။”
လီချိန်းရှီသည် အသင့်စား ခေါက်ဆွဲဘူး နေအိမ်အတွင်းသို့ ပြေးဝင်သွားပြီးနောက် အာလူးတစ်လုံးနှင့် မီးခိုးရောင် အမှုန့်အနည်းငယ်ကို ယူဆောင်လာခဲ့လေသည်။
ရွှီပေါ်အန်းသည် အာလူးကို မြင်သည်နှင့် သိရှိလိုက်သော်လည်း ထိုမီးခိုးရောင် အမှုန့်များကိုမူ မသိရှိလှပေ။ ၎င်း မှာ ရွာသားများ ပြောဆိုသော ဂျုံဖွဲနုများသာ ဖြစ်ရပေမည်၊ ကြည့်ရသည်မှာ စားချင်စဖွယ် လုံးဝ မရှိလှပေ။
ရွှီပေါ်အန်းသည် သက်ပြင်းချလိုက်မိ၏။ ကံကောင်း၍ သူက မေးမြန်းမိခြင်း ဖြစ်ပေသည်၊ သို့မဟုတ်ပါက ဤ လူပုလေးများမှာ ဤကဲ့သို့သော အရာများကိုသာ စားသောက်နေကြရပေလိမ့်မည်။ သူတို့သည် သူ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေကြပြီဖြစ်ရာ သူသည် သူတို့အတွက် တာဝန်ယူရပေမည်။
မကြာမီမှာပင် ရွှီပေါ်အန်းသည် ဆန်နှင့် ဂျုံမှုန့်အချို့ကို ယူဆောင်လာခဲ့ပြီး စက္ကူခွက်များအတွင်းသို့ ထည့်လိုက် လေသည်။ ထို့နောက် ခေတ္တမျှ စဉ်းစားပြီး သွားကြားထိုးတံ တစ်ထုပ်ကိုလည်း ဘွန်ဆိုင်းအတွင်းရှိ ရွာသားများ အတွက် ထည့်ပေးလိုက်လေ၏။
လီချိန်းရှီနှင့် အခြားသူများမှာ ဆားများကို ဝမ်းသာအားရ သယ်ဆောင်နေစဉ်မှာပင် ကောင်းကင်ယံမှ ကြီးမား လှသော စည်ပိုင်းကြီးနှစ်လုံး ကျဆင်းလာကာ ကမ်းပါးယံ လှေကားဘေးတွင် ကျရောက်သွားသည်ကို တွေ့လိုက် ရလေသည်။ ထိုစည်ပိုင်းကြီးများနှင့်အတူ ပေါင်လောက်အထိ ထူထဲပြီး လူသုံးလေးဦးခန့် မြင့်မားသော သစ်တုံး အဝိုင်းလေးများမှာလည်း ပုံလျက်သား ကျရောက်လာခဲ့၏။
ထို့နောက် တောင်စောင့်နတ်မင်းကြီး၏ ခန့်ညားလှသော အသံမှာ ပဲ့တင်ထပ်လာခဲ့လေသည်။
“ဒီကျည်ပွေ့စည်ကြီး နှစ်လုံးထဲမှာ အဓိက အစားအစာ နှစ်မျိုး ရှိတယ်...၊ တစ်ခုက ဂျုံမှုန့်ဖြစ်ပြီး နောက်တစ်ခု ကတော့ ဆန်ပဲ...။ အဲဒီ သစ်တုံးတွေကိုတော့ မင်းတို့ ချက်ပြုတ်ဖို့အတွက် ထင်းအဖြစ် သုံးကြပေါ့...။”
မှန်ပေသည်၊ ရွှီပေါ်အန်း ပေးလိုက်သော သွားကြားထိုးတံများမှာ လူပုလေးများအတွက်မူ ထင်းအဖြစ် အသုံးပြု ရန် အလွန်ပင် သင့်တော်လှပေသည်။
လီချိန်းရှီသည် လှေကားပေါ်သို့ လျင်မြန်စွာ တက်သွားခဲ့ပြီး စက္ကူခွက်၏ အမြင့်သို့ ရောက်သောအခါ အတွင်းသို့ ငုံ့ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ အံ့ဩလွန်းသဖြင့် ပြူးကျယ်သွားခဲ့ရလေတော့သတည်း။