← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁)

သတင်းဆိုး

ဘွန်ဆိုင်းကမ္ဘာထဲရှိ လူပုလေးများအား သူ တမင်တကာ ရည်ရွယ်၍ စကားမပြောသရွေ့ သူ၏ အသံကို သူတို့ ကြားနိုင်မည် မဟုတ်ကြောင်းကို ရွှီပေါ်အန်း အစောကြီးကတည်းက တွေ့ရှိထားခဲ့ပြီးဖြစ်လေ၏။

ထို့ကြောင့် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းအနီးတွင် ဖုန်းပြောရန် ဝန်လေးမနေခဲ့ချေ။

ဖုန်းခေါ်ဆိုလာသူမှာ ထျန်ရှောင်ဟူ ဖြစ်လေသည်။

သူသည် ရွှီပေါ်အန်းက မြေတောင်မြှောက်ပေးခဲ့သောကြောင့် စီမံကိန်းဌာန၏ အင်ဂျင်နီယာချုပ် ဖြစ်လာ ခဲ့သူ တစ်ဦး ဖြစ်ပေသည်။

ကံမကောင်းစွာဖြင့် ရွှီပေါ်အန်း ဖယ်ကြဉ်ခံရပြီးနောက် ထျန်အင်ဂျင်နီယာချုပ်၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားသွားခဲ့ပြီး ကုမ္ပဏီ၏ ဗဟိုဓာတ်ခွဲခန်းသို့ ဒုတိယညွှန်ကြားရေးမှူး (ညွှန်ကြားရေးမှူး ခံစားခွင့်များ ရရှိသော်လည်း) အဖြစ် ပြောင်းရွှေ့ခံခဲ့ရလေ၏။

ဤဌာန၊ ဤရာထူးမှာမူ ဘာမျှ ပြောစရာပင် မလိုအောင် ဆိုးရွားလှပေသည်။

"ဘာဖြစ်လို့လဲ...။"

ရွှီပေါ်အန်း မျက်မှောင်ကြုတ်လိုက်လေ၏။ သူ၏ အခြေအနေမှာ အတော်လေး ဆိုးရွားနေပြီဖြစ်ရာ ဤထက် ပိုဆိုးစရာ ရှိနိုင်ဦးမည်လားဟု တွေးမိလိုက်သည်။

"အင်ဂျင်နီယာချုပ်ရွှီ... မနေ့ညက ကျွန်တော် ကုမ္ပဏီမှာ တာဝန်ကျလို့ ဒီမနက် နိုးနိုးချင်း ကြော်ငြာသင် ပုန်းမှာ ကြေညာချက်အသစ်တစ်ခု ကပ်ထားတာ တွေ့လိုက်ရတယ်...၊ ဟတ်ချိုး...။"

"ဟေ့ကောင်...၊ မင်း အင်္ကျီမပါဘဲ မနက်ခင်း ပြေးထွက်သွားပြန်ပြီလား...။ အအေးမိနေပြီလေ...၊ မင်း အသက်လည်း မငယ်တော့ဘူး...၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရကောင်းမှန်း မသိသေးဘူးလား...။"

"အို...၊ အင်ဂျင်နီယာချုပ်ရွှီရာ...၊ အခုချိန်က အသေးအဖွဲ အအေးမိတာကို ဂရုစိုက်နေရမယ့် အချိန် မဟုတ်ဘူးဗျ...။ အဲဒီ ကြေညာချက်က ပေကျင်း-ဖုန်းထျန် အမြန်လမ်းမကြီး တုန်းကျန်းအပိုင်း ဝမ်ရှန်း ခရိုင် စီမံကိန်းအတွက် စီမံခန့်ခွဲရေး ဝန်ထမ်းစာရင်းပါပဲ...။ အဲဒီမှာ ခင်ဗျား နာမည် ပါနေတယ်...။"

ရွှီပေါ်အန်းသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ချက်ချင်း အာရုံခံမိလိုက်ပြီး မဆဲဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။

"မင်း ရူးနေလား...၊ ငါ့နာမည်က ဘယ်နေရာမှာ ပါနေတာလဲ...။ မြန်မြန်ပြောစမ်းပါ...၊ အပိုတွေ လုပ်မ နေနဲ့...။"

ထျန်ရှောင်ဟူက ဒေါသတကြီးဖြင့် ပြန်ဖြေလေသည်။

"အဲဒီခွေးကောင်တွေက ခင်ဗျားကို အဲဒီ အောက်တန်းစား စီမံကိန်းဆီ စီမံကိန်းအဖွဲ့ရဲ့ အကြီးတန်း အတိုင်ပင်ခံအဖြစ် ပို့လိုက်ကြတယ်ဗျာ...၊ အဲဒါ ခင်ဗျားရဲ့ အရည်အချင်းတွေကို အလဟဿ ဖြုန်းတီး ပစ်တာ မဟုတ်ဘူးလား...။"

"တောက်...။"

ရွှီပေါ်အန်းမှာ အသံထွက်၍ပင် ကွိန်ဆဲမိလုနီးပါး ဖြစ်သွားခဲ့လေ၏။

သို့သော် သူ၏ လက်မောင်းကို မရည်ရွယ်ဘဲ ရမ်းမိသွားသဖြင့် သူ ကိုင်ထားသော သကြားအနည်းငယ် မှာ ဖိတ်စင်ကျသွားခဲ့လေသည်။

*ကျက်သရေမရှိလိုက်တာ...၊ တကယ်ကို တစ်ခုထက်တစ်ခု ပိုဆိုးတဲ့ ကိစ္စတွေချည်း ဖြစ်နေပါတော့လား ...။* ဟု ရွှီပေါ်အန်း တွေးမိလေ၏။

*ပင်မတံခါးကြီးကို ပိတ်ဆို့ပစ်ရုံတင်မကဘဲ တံခါးတွေနဲ့ ပြတင်းပေါက်တွေကိုပါ လိုက်ပိတ်ဆို့ပစ်ဖို့ လိုလို့လား…။*

ရာထူး မပြောင်းလဲဘူးဟု ထင်ရသော်လည်း ကုမ္ပဏီတစ်ခုလုံးသာမက စပ်တူ ကုမ္ပဏီများ၏ စီမံကိန်း အသီးသီးတွင်ပါ ဤကဲ့သို့ လုပ်ဆောင်လေ့ ရှိပါသလား။

ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် အချို့သော ရာထူးများမှာ အငြိမ်းစားယူမည့် အလုပ်များဖြစ် ကြောင်း လူတိုင်း သိထားကြပေသည်။ အထူးသဖြင့် ရာထူးကြီးများကို ပူးတွဲတာဝန် ယူထားရချိန်မျိုး တွင် ဖြစ်လေ၏။ အနည်းဆုံးတော့ သူတို့အားလုံး စီမံကိန်းမန်နေဂျာအဖြစ် ပူးတွဲတာဝန် ထမ်းဆောင်ရ သည် မဟုတ်ပါလား။

*မင်းတို့က လူစိတ်ကို မရှိကြတာပဲ...၊ ငါလုပ်ခဲ့တာက အဲဒီခွေးကောင်ကို ထိုးကြိတ်ပစ်ခဲ့ရုံလေးပဲလေ...။ သူက ငါ့ကို လိမ်လည်လှည့်စားပြီး ငါ့မှာ ပိုက်ဆံတစ်ပြားမှ မကျန်တော့အောင် ထောင်ချောက်ဆင်ရဲခဲ့ တာ...။ ငါ သူ့ကို မထိုးသင့်ဘူးလား...။* ဟု သူ စိတ်ထဲမှ ကွိန်ဆဲနေမိလေ၏။

*အခုတော့ မင်းတို့က ညစ်ပတ်တဲ့ လှည့်ကွက်တွေ သုံးနေတယ်ပေါ့လေ...။ ကောင်းပြီလေ...၊ ကြည့်ကြ သေးတာပေါ့...။*

ရိုးရိုးသားသား ပြောရလျှင် ရွှီပေါ်အန်းသည် အစပိုင်းတွင် သူ၏ အိမ်ထောင်ရေး ဆက်ဆံရေးအပေါ် အပြစ်ရှိသကဲ့သို့ ခံစားခဲ့ရပြီး ကွာရှင်းပြတ်စဲရန်ပင် ဝေဝေဝါးဝါး မျှော်လင့်ထားခဲ့မိလေ၏။

မြို့ပြအင်ဂျင်နီယာ လောကသို့ သူ ခြေချခဲ့သည့် ပထမဆုံးနေ့၊ အန္တရာယ်ကင်း ဦးထုပ်ကို စတင် ဆောင်း ခဲ့ချိန်မှာပင် ဝါရင့်လုပ်သားကြီး တစ်ဦးက သူ့အား ခါးသီးသော အမှန်တရား တစ်ခုကို ပြောပြခဲ့ဖူးလေ သည်။

သူတို့၏ အလုပ်အကိုင်တွင် ကွာရှင်းမှုနှုန်းမှာ အလွန် မြင့်မားလှပေသည်။

လူအများအပြားက ဤစကားကို ပြောခဲ့ကြပြီး အချက်အလက်များ ကွဲပြားသော်လည်း ချွင်းချက်မရှိ အားလုံးမှာ ကြောက်ခမန်းလိလိ မြင့်မားနေခဲ့ကြလေ၏။

ချဲ့ကားပြောဆိုမှု အချို့ ပါဝင်နေမည်မှာ သေချာသော်လည်း ရွှီပေါ်အန်းသည် နှစ်များစွာကြာ ဆောက် လုပ်ရေး လုပ်ငန်းခွင်များတွင် အောက်ခြေမှစ၍ ကြိုးစားရုန်းကန်လာခဲ့ရာ သူ၏ လုပ်ဖော်ကိုင်ဖက် အများအပြား ကွာရှင်းပြတ်စဲနေကြသည်ကို တွေ့ရှိခဲ့ရလေ၏။

သူတို့သည် နှစ်ပေါင်းများစွာ အိမ်နှင့်ဝေးကွာနေခဲ့ရပြီး ဇနီးမောင်နှံများမှာ သီးခြားစီ နေထိုင်ခဲ့ကြရ သည်။ အရေးအကြီးဆုံးမှာ အစောပိုင်းနှစ်များတွင် သူတို့၏ လုပ်အားခများမှာ မကြာခဏဆိုသလို ကြန့်ကြာနေတတ်ခြင်းပင် ဖြစ်လေ၏။

ဤအခြေအနေက လူသားများအကြားရှိ ဆက်ဆံရေးကို အမှန်တကယ်ပင် စမ်းသပ်နေခဲ့ပေသည်။

နှစ်များတစ်လျှောက် ရွှီပေါ်အန်းသည် လူငယ်များစွာ အသည်းကွဲ၍ ဒေါသတကြီး အလုပ်ထွက်သွားကြ သည်ကို မြင်တွေ့ခဲ့ရသလို ကွာရှင်းပြီးနောက် လူလတ်ပိုင်းများ အရက်ဖြင့် သောကကို ဖြေဖျောက်နေ ကြသည်ကိုလည်း မြင်တွေ့ခဲ့ရလေ၏။ ထို့အပြင် အစားအသောက်၊ အသောက်အစား၊ ပျော်ပါးခြင်းနှင့် ယာယီစုံတွဲများအဖြစ် တွဲဖက်နေထိုင်ခြင်းစသည့် ဒုစရိုက်မျိုးစုံတွင် နစ်မွန်းနေသူများကိုပင် သူ မြင်တွေ့ ခဲ့ရပေသည်။

ဘဝတွင် မတူညီသော အသွင်အပြင်များစွာ ရှိပြီး ကံကြမ္မာတွင်လည်း မျက်နှာစာများစွာ ရှိလေသည်။ ရွှီပေါ်အန်း၏ ကံကြမ္မာမှာ အနည်းငယ် မှုန်မှိုင်းနေခဲ့ရာ ထို့ကြောင့်ပင် သူ ကွာရှင်းခဲ့ရခြင်း ဖြစ်လေ၏။

"အင်ဂျင်နီယာချုပ်ရွှီ...၊ အင်ဂျင်နီယာချုပ်ရွှီ...၊ အဆင်ပြေရဲ့လား..."

ဖုန်းထဲတွင် ရွှီပေါ်အန်း စကားတစ်ဝက်မျှသာ ပြောပြီးနောက် တိတ်ဆိတ်သွားသည်ကို ကြားသောအခါ ထျန်ရှောင်ဟူက စိုးရိမ်တကြီး မေးလိုက်လေသည်။

ရွှီပေါ်အန်းက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်လေ၏။

"အဆင်ပြေပါတယ်...၊ ငါ ဘာမှမဖြစ်ပါဘူး...။"

ထျန်ရှောင်ဟူက ပြန်မဖြေခဲ့ချေ။ ရွှီပေါ်အန်းသည် စောစောကပင် ကွိန်ဆဲလုနီးပါး ဖြစ်နေခဲ့ပြီး ယခုကျမှ အားလုံး အဆင်ပြေသည်ဟု ပြောနေခြင်းကို မည်သူက ယုံကြည်မည်နည်း။

သို့သော် ဤကဲ့သို့သော ကိစ္စမျိုးအတွက် မည်သူက စိတ်ကောင်းနေနိုင်မည်နည်း။ သူ့အပေါ် ကိုယ်ချင်း စာတတ်သော ညီအစ်ကိုဖြစ်သည့် ထျန်ရှောင်ဟူသည် ဤအခြေအနေကို အခြားမည်သူထက်မဆို ပို၍ နားလည်နိုင်ပေသည်။

ရွှီပေါ်အန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေ၏။

"ရှောင်ဟူ...၊ ငါ မင်းကို အကူအညီတစ်ခု တောင်းမလို့...။"

"အင်ဂျင်နီယာချုပ်ရွှီ...၊ ပြောပါဗျာ...။"

ထျန်ရှောင်ဟူက ပြတ်ပြတ်သားသား ပြန်ဖြေလေသည်။

ရွှီပေါ်အန်းသည် ယမန်နေ့က တံခါးဝတွင် ချထားခဲ့သော သံမဏိ မဟာတံတိုင်း မော်ဒယ်များကို ကြည့် ကာ ပြောလိုက်လေ၏။

"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး...၊ ငါ မဟာတံတိုင်းပုံစံ မော်ဒယ်ငယ်လေးတွေ လုပ်ထားတယ်...။ မင်းရဲ့ လူတွေကို ဘိလပ်မြေနဲ့ သဲကြမ်းနည်းနည်း ပြင်ဆင်ပြီး ကွန်ကရစ်ဖျော်ဖို့၊ လောင်းထည့်ဖို့၊ ခြောက်သွေ့အောင်ထားပြီး ငါ့ဆီ ပြန်ပေးဖို့ ခိုင်းပေးလို့ရမလား...။ အဆင်ပြေရဲ့လား...၊ တိကျတဲ့ အသေးစိတ်ကိုတော့ နောက်မှ တွေ့တဲ့အခါ ဆွေးနွေးကြတာပေါ့...။"

ထျန်ရှောင်ဟူက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလေသည်။

"သေချာပေါက် အဆင်ပြေတာပေါ့ဗျ...၊ လုံးဝ ပြဿနာမရှိပါဘူး...။ ကျွန်တော် ဒီတာဝန်ကို အပြစ်အနာ အဆာမရှိ ပြီးမြောက်အောင် သေချာပေါက် လုပ်ပေးပါ့မယ်...။ ဘယ်သူမဆို ပေါ့ပေါ့ဆဆ လုပ်ပြီး ပြီးခဲ့တဲ့တစ်ခေါက်ကလို ရှုပ်ပွသွားအောင် လုပ်ရဲရင် သူတို့ကို ကျွန်တော် ရှင်းပစ်မယ်...။"

ပြီးခဲ့သော စစ်ဆေးမှုကာလအတွင်း၌ ရွှီပေါ်အန်းသည် စစ်ဆေးရေးဝန်ထမ်းများကို လက်ခံတွေ့ဆုံရန် ဦးဆောင်တာဝန်ယူခဲ့ရလေသည်။ သို့သော် ရလဒ်အနေဖြင့် ကွန်ကရစ် စမ်းသပ်တုံးများကို စစ်ဆေးရာ တွင် နမူနာယူထားသော ငါးတုံးအနက် သုံးတုံးမှာ ပျားလပို့ကဲ့သို့ အပေါက်ငယ်များ အလွန်အမင်း ပါဝင် နေကြောင်း သူ တွေ့ရှိခဲ့ရလေ၏။

ဤကိစ္စအတွက် အပတ်စဉ် အစည်းအဝေးတွင် ရွှီပေါ်အန်းအား သီးသန့်ရွေးချယ်ကာ ဝေဖန်ခံခဲ့ရသဖြင့် ၎င်းမှာ သူ၏အဖို့ အလွန်တရာ ရှက်ရွံ့စရာ ဖြစ်ခဲ့လေသည်။

ရွှီပေါ်အန်းက အကြံပြုလိုက်လေ၏။

"အဲဒီလောက်အထိ လုပ်စရာ မလိုပါဘူး...၊ အဆင်ပြေရုံလောက် လုပ်ပေးရင် ရပါပြီ...။ သိပ်ပြီး အလေး အနက်ထားစရာ မလိုပါဘူး...၊ အခုခေတ်မှာ အောက်ခြေကလူတွေကို စီမံအုပ်ချုပ်ဖို့ မလွယ်ဘူးလေ...။ ဒါကြောင့် ဘယ်သူ့ကိုမှ မထိခိုက်မိအောင် ကြိုးစားပါ...။"

ထျန်ရှောင်ဟူက ဒေါသတကြီးဖြင့် ပြောလေသည်။

"ဟွန်း...၊ အင်ဂျင်နီယာချုပ်ရွှီ...၊ ကျွန်တော်က ဒီလောက်အထိ ရောက်နေပြီပဲ၊ အလေးအနက်ထားဖို့ကို ဘာလို့ ကြောက်နေရမှာလဲ...။ ကျွန်တော့်အထက်က ကောင်တွေပဲ ရာထူးချတတ်တာ မဟုတ်ဘူးဗျ...။ ကျွန်တော်လည်း ချတတ်တာပဲ...၊ တစ်ဆင့်ကို တစ်ဆင့် ဖိနှိပ်ပြမယ်...။"

ရွှီပေါ်အန်းက ရယ်မောကာ ဆူပူလိုက်လေ၏။

"တော်စမ်းပါကွာ...၊ အဲဒီ အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို အတုခိုးဖို့ မကြိုးစားပါနဲ့...။ မင်းက ရာထူးကြီးလို့ ရာထူးချခံရတာလေ...၊ တခြားလူတွေက သာမန် အလုပ်သမားတွေ ဖြစ်နေပြီကို ဘာထပ်လိုချင်သေး လို့လဲ...။ သူတို့ကို အလုပ်သမား အကူတွေအဖြစ် ရာထူးချပစ်မလို့လား...။"

မိနစ်အနည်းငယ်မျှ စကားပြောပြီးနောက် ရွှီပေါ်အန်း ဖုန်းချလိုက်လေသည်။

သူသည် ဆိုဖာပေါ်တွင် အချိန်အတော်ကြာအောင် ငေးမောကာ မလှုပ်မယှက် ထိုင်နေပြီးနောက် ဘွန်ဆိုင်းဥယျာဉ်ထဲရှိ ရွာသားများ၏ စကားပြောသံများကြောင့်သာ သတိပြန်ဝင်လာခဲ့လေ၏။

"တောင်စောင့်နတ်မင်းကြီးက ငါတို့ကို သကြားပေးဖို့ မေ့သွားပြီလို့ ထင်လား...။"

"ဒီမိန်းမ...၊ ဘာလို့ မင်းက အမြဲတမ်း စကားများနေရတာလဲ...။ မင်းမှာ ကျေးဇူးတရား သိတတ်တဲ့စိတ် မရှိဘူးလား...။"

"ငါက လူတိုင်းအတွက် စိတ်ပူလို့ပါ...။"

ဒေါသထွက်၍ ရမ်းမိရာမှ ဖိတ်စင်ကျသွားသော သကြားမှုန့်များကို ကြည့်ကာ ရွှီပေါ်အန်း တစ်ယောက် အားနာစိတ် ဖြစ်သွားခဲ့လေ၏။

ရွှီပေါ်အန်းသည် မီးဖိုချောင်သို့ ကမန်းကတမ်း သွား၍ သကြားမှုန့် အနည်းငယ် ယူလာခဲ့ပြီး ခေတ္တမျှ စဉ်းစားကာ ကျောက်သကြား အနည်းငယ်ကို လောင်းထုတ်၍ ထောင်းချေပြီးနောက် ဘွန်ဆိုင်းထဲသို့ ထည့်ပေးလိုက်လေသည်။

ကျောက်သကြားမှာ ရွှီပေါ်အန်းအတွက် လက်သည်းခွံအရွယ်ခန့်သာ ရှိပြီး စားရလွယ်ကူသော်လည်း လူပုလေးများအဖို့မူ လူသုံးယောက်မှ ငါးယောက်ခန့် အရွယ်အစားနှင့် ညီမျှနေပေသည်။ ထို့ကြောင့် လူပုလေးများ စားရလွယ်ကူစေရန် သူက ၎င်းတို့ကို မထည့်မီ အပိုင်းအစငယ်လေးများ ဖြစ်အောင် ချိုးဖဲ့ပေးခဲ့ခြင်း ဖြစ်လေ၏။

သကြား နှစ်မျိုးစလုံးကို ဘွန်ဆိုင်းထဲတွင် သီးခြားစီ ထည့်ပေးထားလိုက်လေသည်။

ခေါင်ရှန်းရွာမှ ရွာသားများ၏ ကျေးဇူးတင်စကားများ အလယ်တွင် ရွှီပေါ်အန်းသည် မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး ကုမ္ပဏီဆီသို့ ဖြေးဖြေးမှန်မှန် လျှောက်သွားခဲ့လေ၏။

မည်သို့ပင်ဖြစ်စေ အလုပ်နှင့်ပတ်သက်သော ရှုပ်ထွေးမှုများကို အမြဲတမ်း ရင်ဆိုင်ရမည်သာ ဖြစ်လေ သည်။

ဖြစ်လာမည့်အရာက ဖြစ်လာမည်သာ ဖြစ်ပြီး ရှောင်လွှဲ၍ ရနိုင်မည် မဟုတ်ချေ။

ရွှီပေါ်အန်း ကုမ္ပဏီသို့ ရောက်ရှိသွားသောအခါ သူ၏ လုပ်ဖော်ကိုင်ဖက်များက သူ့ကို ထူးဆန်းစွာ ကြည့် နေကြသည်မှာ သေချာနေခဲ့ပေသည်။

ဤလူများအားလုံး သူတို့၏ ရာထူးချခံရခြင်း သို့မဟုတ် တာဝန်အသစ် ပြောင်းရွှေ့ခံရခြင်းအကြောင်းကို သိနေကြသည်မှာ ရှင်းလင်းနေခဲ့၏။

ရွှီပေါ်အန်းသည် ဂရုမစိုက်သည့် အမူအရာဖြင့် ဓာတ်ခွဲခန်းသို့ သွားကာ သူ လိုအပ်သော ကွန်ကရစ် မော်ဒယ်ကို မည်သို့လောင်းရမည်ကို ထျန်ရှောင်ဟူအား ရှင်းပြလိုက်လေသည်။

ယခင်က သူသည် သံမဏိတည်ဆောက်မှု လုပ်ငန်းစဉ်စင်တာတစ်ခု၌ အလျား ဆယ်စင်တီမီတာ၊ အတွင်းအချင်း နှစ်စင်တီမီတာနှင့် အမြင့် ငါးစင်တီမီတာခန့်စီရှိသော သံမဏိ မြို့ရိုးမော်ဒယ် ငါးဆယ် ကျော်ကို ပြုလုပ်ခဲ့ဖူးလေသည်။

ထိုမြို့ရိုးတွင် အပြင်သို့ ထွက်နေသော သူရဲခိုများကိုလည်း ဂဟေဆော်ထားသဖြင့် အလွန်တူညီနေစေ ခဲ့၏။

ရိုးရှင်းသော ကင်းမျှော်စင် မော်ဒယ် ဆယ်ခုကျော်လည်း ရှိပြီး ၎င်းတို့မှာ အနည်းငယ် ကြမ်းတမ်းသော် လည်း ယာယီ အရေးပေါ်အခြေအနေအတွက်မူ အဆင်ပြေလှပေသည်။

အချိန်ပိုရလာသောအခါ ပိုမို သေသပ်ကောင်းမွန်သော အရာများကို ဖန်တီးရန် ကျွမ်းကျင်သူ တစ်ဦးကို ရှာဖွေရပေမည်။

ရွှီပေါ်အန်း ယူဆောင်လာသော ပစ္စည်းများကို မြင်သောအခါ ထျန်ရှောင်ဟူမှာ ဆွံ့အသွားခဲ့လေ၏။

"အင်ဂျင်နီယာချုပ်ရွှီ...၊ ခင်ဗျား ဘာလုပ်မလို့လဲ...။"

ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။

"ငါ့သူငယ်ချင်းရဲ့ ကလေးက ဗီလာခြံဝင်းထဲမှာ ရဲတိုက်ပုံစံငယ်တစ်ခု တည်ဆောက်ပေးဖို့ ပူဆာနေလို့ လေ...။ သူ့ဦးလေးအနေနဲ့ ငါလည်း မငြင်းနိုင်ခဲ့ဘူး...။"

ထျန်ရှောင်ဟူက ခေါင်းညိတ်ကာ ရယ်မောလိုက်လေ၏။

"အခုခေတ် ကလေးတွေက တကယ် ဖန်တီးနိုင်စွမ်း ရှိကြတာပဲ...၊ ခင်ဗျားသာ မပြောရင် စက်ရုံဟောင်း လမ်း ပြန်လည်တည်ဆောက်ရေး စီမံကိန်းရဲ့ မော်ဒယ်ကို လုပ်နေတယ်လို့တောင် ကျွန်တော် ထင်မိ မှာ...။"

စက်ရုံဟောင်းလမ်း...။

ရွှီပေါ်အန်း သက်ပြင်းချလိုက်လေ၏။

"ဟူး..."

ထိုနေရာမှာ သူ၏ လုပ်ငန်းကို စတင်ခဲ့သော နေရာပင် ဖြစ်လေတော့သည်။

အခန်း (၁၂)

ဘွန်ဆိုင်းကမ္ဘာထဲရှိ အရှုပ်အထွေး

လွန်ခဲ့သောနှစ်များစွာက စက်ရုံဟောင်းလမ်း တည်ရှိရာ နေရာသည် နှစ်ပေါင်းများစွာ ဒေဝါလီခံထား ရသော စက်ပြင်စက်ရုံတစ်ခု ဖြစ်ခဲ့လေ၏။

ရွှီပေါ်အန်းသည် မြို့ပြအင်ဂျင်နီယာလောကသို့ စတင်ဝင်ရောက်ကာ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ဆောက် လုပ်ရေး အလုပ်သမားတစ်ဦး ဖြစ်လာချိန်တွင် စက်ပြင်စက်ရုံကို ဖြိုချကာ စက်ရုံဟောင်းလမ်းကို တည် ဆောက်မည့် စီမံကိန်းနှင့် ကြုံကြိုက်ခဲ့လေသည်။

သူတို့သည် ထိုလမ်းနှင့်တကွ ပတ်ဝန်းကျင်ရှိ ဟင်းသီးဟင်းရွက်စျေးနှင့် ပန်းခြံစသည့် အထောက်အ ကူပြု အဆောက်အအုံများအားလုံးကို သုံးနှစ်တိတိ အချိန်ယူ တည်ဆောက်ခဲ့ရကြောင်းကို ရွှီပေါ်အန်း ရှင်းလင်းစွာ မှတ်မိနေသေး၏။ ထိုအဆောက်အအုံများ၏ ပုံစံကြမ်းများကို သူ ညပေါင်းများစွာ အိပ်ရေး ပျက်ခံ၍ ရေးဆွဲခဲ့ရခြင်း ဖြစ်လေသည်။

ဆယ်နှစ်ကျော် ကြာမြင့်ပြီးနောက် သူ၏ ပြန်လည်မွမ်းမံ တိုးချဲ့တည်ဆောက်ရေး စီမံကိန်းတွင် သူ ထပ်မံ ပါဝင်ခွင့်ရမည်ဆိုလျှင် အစနှင့်အဆုံး ပြီးပြည့်စုံသော ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်လာမည် မဟုတ်ပါလား။

သို့သော်လည်း ဤအရာမှာ နေ့ခင်းအိပ်မက်မက်နေသကဲ့သို့ ဖြစ်နေကြောင်းကိုလည်း ရွှီပေါ်အန်း ကောင်းစွာ သိရှိထားခဲ့ပေသည်။

ဤကဲ့သို့သော စီမံကိန်းကောင်းမျိုးသည် ဘေးဖယ်ခံထားရသော သူ၏လက်ထဲသို့ ကျရောက်လာရန် အကြောင်းမရှိလှချေ။

မကြာမီ ရွှီပေါ်အန်းနှင့် ထျန်ရှောင်ဟူတို့သည် အဓိကအကြောင်းအရာသို့ ပြန်ရောက်သွားကြပြီး ကွန်ကရစ် မြို့ရိုးလောင်းမည့် ကိစ္စကို စတင်ဆွေးနွေးကြလေတော့သည်။

တကယ်တော့ ရွှီပေါ်အန်းသည် ရွာသားများအတွက် မဟာတံတိုင်းနှင့်တူသော ကာကွယ်ရေးတံတိုင်း တစ်ခုကို သံမဏိဖြင့် တည်ဆောက်ပေးရန်လည်း စဉ်းစားခဲ့ဖူးလေသည်။

သို့သော် သံမဏိမြို့ရိုးများသည် ဆောင်းရာသီတွင် အလွန်အေးခဲပြီး နွေရာသီတွင် အလွန်ပူပြင်းလှပေ သည်။ ပူပြင်းလှသော နွေရာသီ နေရောင်အောက်တွင် အနည်းငယ် ထိမိရုံဖြင့် အရေပြားပင် ကွာကျသွား နိုင်လေ၏။ ဆောင်းရာသီတွင် ရေခဲများ ဖုံးလွှမ်းသွားပါကလည်း မတ်တတ်ရပ်ရန်ပင် ခက်ခဲလောက် အောင် ချော်ပြီး အေးစိမ့်နေမည် ဖြစ်လေသည်။

ကွန်ကရစ်မှာမူ ဤအားနည်းချက်များကို ပြီးပြည့်စုံစွာ ရှောင်လွှဲနိုင်ပြီး ပြင်ပမှ တိုက်ခိုက်မှု အများစုကို ခံနိုင်ရည်ရှိလောက်အောင်လည်း ခိုင်ခံ့လှပေသည်။

ထို့ကြောင့် ရွှီပေါ်အန်းသည် အကြိမ်ကြိမ် စဉ်းစားပြီးနောက် ရိုးရှင်းသော မော်ဒယ်တစ်ခုကို ဦးစွာပြုလုပ် ပြီး ဘိလပ်မြေသဲကြမ်းဖြင့်သာ တိုက်ရိုက် လောင်းထည့်ရန် ဆုံးဖြတ်လိုက်လေ၏။

ကွန်ကရစ်မြို့ရိုးကို ဘွန်ဆိုင်းထဲတွင် ထည့်ထားလိုက်ပါက ရွာသားများအား ပြင်ပရန်သူ အများစုထံမှ ကာကွယ်ပေးရန် လုံလောက်ပြီ ဖြစ်လေသည်။

ထို့အပြင် ထိုသံမဏိမြို့ရိုးများကိုလည်း လွှင့်ပစ်၍ မရသေးပေ။ နောင်တွင် အရေးပေါ် အခြေအနေမျိုး၌ အသုံးဝင်လာနိုင်စရာ ရှိသေးသည် မဟုတ်ပါလား။

ရွှီပေါ်အန်းနှင့် ထျန်ရှောင်ဟူတို့ ကိစ္စရပ်များကို ပြောဆိုနေကြပြီးနောက် ဗဟိုဓာတ်ခွဲခန်း၏ ညွှန်ကြား ရေး မှူး ယွီဝေ့လည်း အလုပ်ဆင်းလာခဲ့လေသည်။

ထိုသူသည် ရွှီပေါ်အန်း ရှိနေသည်ကို မြင်သောအခါ နှုတ်ဆက်သည့်အနေဖြင့် ခေါင်းအနည်းငယ် ညိတ်ပြ ရုံသာ ပြုလုပ်ပြီး ထျန်ရှောင်ဟူအား တိုက်ရိုက် အမိန့်ပေးလေတော့၏။

“စက်ရုံဟောင်းလမ်း စီမံကိန်းရဲ့ ဖြိုချရေးလုပ်ငန်းတွေ အတော်လေး ပြီးစီးနေပြီ...။ မင်း ဒီနေ့ မြေယာ ညွှန်ကြားရေးမှူးဆီ သွားပြီး ငါတို့ရဲ့ အစီအစဉ်အရဆိုရင် လုပ်ငန်းခွင် ဓာတ်ခွဲခန်းကို ဘယ်နေရာမှာ ထားရင် သင့်တော်မလဲဆိုတာ သွားမေးကြည့်လိုက်...။"

"အစီအစဉ်ကို အမြန်ဆုံး ရေးဆွဲရမယ်...၊ တခြားစီမံကိန်းတွေနဲ့ ညှိနှိုင်းပြီး ဒီဘက်က လုပ်ငန်းခွင် ဓာတ်ခွဲ ခန်း စစ်ဆေးမှုကို ချောချောမွေ့မွေ့ အောင်မြင်အောင် ကိရိယာအစုံအလင် ရအောင် စုဆောင်းထားရ မယ်...။”

ထျန်ရှောင်ဟူမှာ အံ့အားသင့်သွားခဲ့လေသည်။

“ညွှန်ကြားရေးမှူး...၊ ဒါက မသင့်တော်ဘူး မဟုတ်လား...။ ကျွန်တော်တို့ဆီမှာ အခု စမ်းသပ်ကိရိယာတွေ အကြီးအကျယ် လိုအပ်နေတာပါ...။ ဘယ်လိုပဲ စုဆောင်းစုဆောင်း အစုံအလင် ရဖို့ဆိုတာ မဖြစ်နိုင်ပါ ဘူး...။ အရမ်းကို လိုအပ်နေတာပါ...၊ တိုက်ရိုက် ဝယ်ယူဖို့ လျှောက်ထားလိုက်တာ ပိုမကောင်းဘူး လား...။”

ယွီဝေ့က ပြင်းထန်သော လေသံဖြင့် ပြောလေ၏။

“ဘာကို ဝယ်ရမှာလဲ...၊ စီမံကိန်းအသစ်အတွက် ရန်ပုံငွေက ဘယ်လိုလုပ် အဲဒီလောက် မြန်မြန် ကျလာ နိုင်မှာလဲ...။ စီမံကိန်းမန်နေဂျာက အချိန်အတိုင်းအတာ တစ်ခုအထိ ငွေကြိုစိုက်ထုတ်ရမှာ မဟုတ်ဘူး လား...။ ဘယ်သူက သိန်းရာချီ၊ သန်းချီ တန်တဲ့ ကိရိယာတွေ ဝယ်ဖို့ ပိုလျှံငွေ ရှိနေမှာလဲ...။”

“ဒါပေမဲ့...။”

ထျန်ရှောင်ဟူ စကားမဆုံးမီမှာပင် ယွီဝေ့က သူ့ကို ဖြတ်ပြောလိုက်လေသည်။

“အပိုတွေ ပြောမနေနဲ့...၊ သောကြာနေ့ မတိုင်ခင် အစီအစဉ်ကို တင်ပြရမယ်...။ မဟုတ်ရင် ဒီရက်သတ္တ ပတ်အကုန်မှာ မင်း အချိန်ပို ဆင်းရလိမ့်မယ်...။”

ထိုသို့ပြောပြီးနောက် သူ ထွက်ခွာသွားလေတော့၏။

ဤသည်မှာ ရွှီပေါ်အန်း ရှိနေခြင်းကို လုံးဝနီးပါး လျစ်လျူရှုလိုက်ခြင်းပင် ဖြစ်လေသည်။

ယမန်နေ့ မနက်က စားသောက်ဆိုင်တွင် ယွီဝေ့သည် မကြာမီ စတင်တော့မည့် စက်ရုံဟောင်းလမ်း စီမံကိန်းမှာ အကျိုးအမြတ်များမည်ဖြစ်ကြောင်း ရွှီပေါ်အန်းထံ၌ အလွန် နှိမ့်ချသော အမူအရာဖြင့် မေးမြန်းခဲ့သေးသည်ကို သိထားသင့်ပေသည်။

ဤစီမံကိန်းသည် မြို့တွင်း၌ ရှိပြီး အိမ်နှင့်လည်း နီးကာ ဝင်ငွေ ပြန်လည်ရရှိမှုလည်း ကောင်းမွန်လေ သည်။ အရေးအကြီးဆုံးမှာ ကြိုတင်ခန့်မှန်းနိုင်သော ဆုကြေးငွေများမှာ အလွန် များပြားလှပေသည်။

ကုမ္ပဏီ ခေါင်းဆောင်ပိုင်းက စက်ရုံဟောင်းလမ်း စီမံကိန်းမန်နေဂျာကို ရွေးချယ်ရန် အစည်းအဝေးလုပ် ချိန်တွင် ဒုတိယအင်ဂျင်နီယာချုပ်ရွှီအနေဖြင့် သူ၏ ညီငယ်အတွက် တန်ဖိုးရှိသော မဲတစ်မဲကို ပေးလိမ့် မည်ဟု မျှော်လင့်ကြောင်း သူက ဆိုခဲ့သေးလေ၏။

ယခုမူ ရွှီပေါ်အန်း၌ မဲပေးပိုင်ခွင့် မရှိတော့သည်ကို မြင်သောအခါ သူက အပေါ်ယံမျှပင် စကားလာ မပြောချင်တော့ချေ။

လူ့သဘာဝသည် အမှန်တကယ်ပင် အေးစက်စက်နိုင်လှပြီး သူတို့ လိုအပ်ချိန်တွင် အလွန် ထက်သန်ကာ မလိုအပ်တော့ချိန်တွင်မူ အလွန် အေးတိအေးစက် နိုင်လှပေသည်။

သို့သော်လည်း ရွှီပေါ်အန်းမှာမူ သိပ်ပြီး စိတ်အိုက်မနေခဲ့ပေ။

နေရာချင်း လဲလှယ်၍ စဉ်းစားကြည့်မည်ဆိုလျှင် သူကိုယ်တိုင်လည်း ထိုသူ့ထက် ပို၍ ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

ဤအခြေအနေမျိုးတွင် ထျန်ရှောင်ဟူ၏ သူ့အပေါ်ထားရှိသော မေတ္တာတရားမှာ ပို၍ပင် တန်ဖိုးရှိလှ ကြောင်း ထင်ရှားလာပေသည်။

ရွှီပေါ်အန်းသည် ထျန်ရှောင်ဟူ၏ ပခုံးကို ပုတ်ကာ အားပေးစကား ပြောလိုက်လေ၏။

“ညီလေး...၊ စိတ်ဓာတ်မကျပါနဲ့...၊ ငါ့စကားကို နားထောင်ပါ...၊ ခဏလောက် ထပ်သည်းခံလိုက်ပါ...၊ အကုန်လုံး ပြီးသွားပါလိမ့်မယ်...။”

သူ့တွင် နတ်ဘုရားတို့၏ မှော်လက်နက်ကဲ့သို့သော ဘွန်ဆိုင်းရှိနေပြီဖြစ်ရာ နောင်လာမည့် နေ့ရက်များ မှာ သိပ်ပြီး ခက်ခဲတော့မည် မဟုတ်ကြောင်း ရွှီပေါ်အန်း ယုံကြည်ထားလေသည်။

အနည်းဆုံးတော့ ထိုယွမ်သန်းနှစ်ဆယ်က ကောင်းမွန်သော သက်သေအထောက်အထား တစ်ခုပင် ဖြစ်ပေသည်။

အသက်သုံးဆယ်ကျော် အရွယ်သာ ရှိသေးသော ထျန်ရှောင်ဟူသည် ဤစကားကို ကြားသောအခါ နှာမှုတ်လိုက်ပြီး အတင်းပြုံးကာ ပြောလိုက်လေ၏။

“အစ်ကိုရွှီ...၊ ခဏနေရင် အသားကျသွားမှာပါလို့ ခင်ဗျား ပြောလိမ့်မယ်လို့ ကျွန်တော် ထင်နေတာ...။”

ဤတစ်ကြိမ်တွင် ထျန်ရှောင်ဟူက သူ့ကို အင်ဂျင်နီယာချုပ်ရွှီဟု မခေါ်တော့ချေ။

ရွှီပေါ်အန်းသည် ထျန်ရှောင်ဟူ၏ ပခုံးကို နောက်တစ်ကြိမ် ခပ်ပြင်းပြင်း ပုတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။

“မင်း ပြောတဲ့စကားက နည်းနည်းမှ ရယ်စရာမကောင်းဘူး...၊ တကယ်ပြောတာ...။”

ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်။

*ကောင်လေး...၊ ငါ မင်းကို နောက်နေတာ မဟုတ်ဘူး...။ မင်းကို အားပေးနေရုံသက်သက်လို့ မထင်နဲ့...၊ ငါ့မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်...။* ဟူ၍ပင် ဖြစ်လေ၏။

“အစ်ကို...၊ ခင်ဗျားကို ကျွန်တော် ယုံတယ်...။”

ထျန်ရှောင်ဟူက ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်လေသည်။

ရွှီပေါ်အန်းက ပြုံး၍ ပြောလိုက်လေ၏။

“မော်ဒယ်ကိစ္စကို မင်းဆီ အပ်ထားခဲ့မယ်နော်...၊ ငါတော့ ထပ်ပြီး စိတ်ပူမနေတော့ဘူး...။”

ထျန်ရှောင်ဟူက သွားဖြဲကာ ပြုံးလိုက်လေသည်။

“စိတ်ချလိုက်ပါဗျာ...၊ လုံးဝ ပြဿနာမရှိပါဘူး...။ ကျွန်တော် ကြွားနေတာ မဟုတ်ပါဘူး...။ ဘတ်ဂျက် သာ အဆင်ပြေရင် မဟာတံတိုင်းကြီးကိုတောင် ကျွန်တော် တည်ဆောက်ပေးနိုင်တယ်...။”

ထျန်ရှောင်ဟူ၏ အခြေအနေ အတော်လေး ကောင်းမွန်လာသည်ကို မြင်သောအခါမှ ရွှီပေါ်အန်း စိတ်အေးလက်အေးဖြင့် ထွက်ခွာသွားလေတော့၏။

ထျန်ရှောင်ဟူသည် ရွှီပေါ်အန်း ခပ်ပြင်းပြင်း ပုတ်လိုက်သဖြင့် နာကျင်သွားသော သူ၏ လက်မောင်းကို အားကုန်လွှဲယမ်းလိုက်ပြီး ရွှီပေါ်အန်း၏ ကျောပြင်ကို မျှော်လင့်ချက်အပြည့်ဖြင့် မျက်နှာရှုံ့မဲ့ကာ ကြည့် နေခဲ့လေသည်။

သူ ထျန်ရှောင်ဟူ နောက်လိုက်နေသော အစ်ကိုကြီးမှာ အမှန်တကယ်ပင် သာမန်မဟုတ်ပေ။

ဘာမှမရှိဘဲ အောက်ခြေမှစ၍ ဆောက်လုပ်ရေး အလုပ်သမားဘဝမှ စီမံကိန်းကြီးတစ်ခု၏ တာဝန်ခံ အဖြစ်အထိ ရောက်လာအောင် ကြိုးစားခဲ့သူ တစ်ယောက်အနေဖြင့် အလွယ်တကူ လက်လျှော့ အရှုံး ပေးတတ်သူ တစ်ယောက် မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ထျန်ရှောင်ဟူ၏ အမြင်တွင် သူ ဤမျှလောက် ကြီးကျယ်ခမ်းနားနေမည်ဟု ရွှီပေါ်အန်း လုံးဝ မသိခဲ့ချေ။

ဓာတ်ခွဲခန်းမှ ထွက်လာပြီးနောက် ရွှီပေါ်အန်းသည် သူ၏ ရုံးခန်းသို့ အလျင်စလို မပြန်ဘဲ နောက်ထပ် တစ်ထပ်သို့ တက်ကာ သူ၏ တိုက်ရိုက် အထက်လူကြီး ဖြစ်သော ကုမ္ပဏီ အင်ဂျင်နီယာချုပ်၏ ရုံးခန်း သို့ သွားရောက်ခဲ့လေသည်။

ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်းများအရ အဆင့်ကျော်၍ တင်ပြခွင့် မရှိပေ။

ကုမ္ပဏီ၏ အဓိက ခေါင်းဆောင်ငါးဦးအနက် တစ်ဦးဖြစ်သော အင်ဂျင်နီယာချုပ် လျှိုတုန်းဝမ်သည် တစ်စုံတစ်ယောက် သူ့ထံသို့ လာမည်ကို ကြိုသိနေသည့်အလား ဤမျှစောစောစီးစီးတွင် သူ၏ ရုံးခန်း ထဲ၌ မတ်မတ် ထိုင်နေခဲ့လေ၏။

“ဟဲဟဲ...၊ ပေါ်အန်း ရောက်လာပြီပဲ...၊ ထိုင်ပါဦး...။”

“အင်ဂျင်နီယာချုပ်လျှို...၊ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်...။ ကျွန်တော့်ကို တာဝန်ပြောင်းရွှေ့ တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လာမေးတာပါ...။ လုပ်ထုံးလုပ်နည်းအရဆိုရင် ကြိုတင်သိရှိခွင့် ရှိသင့်တယ် မဟုတ်ဘူးလား...။”

ရွှီပေါ်အန်းက ယဉ်ကျေးမှု မရှိဘဲ တည့်တိုးပင် မေးလိုက်လေသည်။

လျှိုတုန်းဝမ်က ရယ်မောကာ မတ်တတ်ရပ်လိုက်ပြီး စက္ကူခွက်တစ်ခွက်ကို ယူ၍ လက်ဖက်ရည်ဖျော် ကာ ဖြည်းညင်းစွာ ပြောလေ၏။

“မလောပါနဲ့ကွာ...၊ ဟဲဟဲ...။”

“ဒါက လောတာ မလောတာနဲ့ မဆိုင်ပါဘူး...၊ ကုမ္ပဏီအနေနဲ့ အနည်းဆုံးတော့ ကျွန်တော့် သဘောထား ကို အရင်တောင်းခံသင့်တယ်လေ...။ ကျွန်တော် သဘောမတူရင်တောင် အစည်းအဝေးမှာ ဆုံးဖြတ်ဖို့ အချိန်မနှောင်းသေးပါဘူး...။”

လျှိုတုန်းဝမ်သည် ရယ်မောကာ ရွှီပေါ်အန်း၏ ရှေ့သို့ စက္ကူခွက်ကို ချပေးလိုက်လေသည်။

“လက်ဖက်ရည်သောက်ပြီး ဒေါသဖြေလိုက်ပါဦးကွာ...၊ ဒီကိစ္စကို ငါ သိပါတယ်...။ မင်း အဲဒီနေ့က အရက်အများကြီး သောက်ထားလို့ မေ့သွားတာ ဖြစ်ရမယ်...၊ မင်းကိုယ်တိုင်ပဲ သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးပြီး သဘောတူခဲ့တာပဲလေ...။”

ရွှီပေါ်အန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့လေ၏။

“ဘာ... သဘောတူစာချုပ်...၊ ဘယ်တုန်းက ကိစ္စလဲ...။”

လျှိုတုန်းဝမ်က စားပွဲပေါ်တွင် ကြိုတင် ပြင်ဆင်ထားပုံရသော ဖိုင်တွဲတစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ယူ လိုက်လေသည်။

“ကြည့်လေ...၊ မနေ့ကမှ ဖြစ်သွားတဲ့ ကိစ္စပဲ...၊ ရုံးခန်းက ဒုတိယညွှန်ကြားရေးမှူး လျှိုဝေက မင်း ကိုယ်တိုင် လက်မှတ်ထိုးထားတာလို့ ပြောတယ်...။”

ယမန်နေ့က လျှိုဝေသည် ပုံမှန်မဟုတ်ဘဲ စာရွက်စာတမ်း အများအပြားကို ယူလာကာ သူ့အား လက်မှတ်ထိုးခိုင်းခဲ့ကြောင်း ရွှီပေါ်အန်း ရုတ်တရက် သတိရသွားခဲ့လေ၏။ ယခင်က ဤကဲ့သို့သော ကိစ္စမျိုး မကြာခဏ ဖြစ်လေ့မရှိချေ။

ထိုစဉ်က သူသည် ဘွန်ဆိုင်း၏ ထူးခြားမှုကို ဖုံးကွယ်ရန် အလျင်လိုနေသဖြင့် လျှိုဝေ၏ တမင်တကာ ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ခါးညွှတ်ကာ အသားပေါ်အောင် ပြသနေသည့် နှောင့်ယှက်မှုကိုပင် သတိ မထားမိဘဲ သတိလက်လွတ် လက်မှတ်ရေးထိုးမိခဲ့ခြင်း ဖြစ်လေသည်။

"ဪ...၊ ဒီလိုကိုး...။ "

ဤသည်မှာ ထောင်ချောက်တစ်ခုပင် ဖြစ်နေခဲ့ပေသည်။

သူသည် အမှန်တကယ်ပင် ဆွံ့အသူက ခါးသီးသော အရာကို စားမိသကဲ့သို့ ဖြစ်နေပြီး သူ၏ ခါးသီးမှုကို ထုတ်ဖော်မပြောနိုင်အောင် ဖြစ်နေခဲ့ရလေ၏။

*လက်ခံလိုက်ရုံပဲ ရှိတော့တာပေါ့လေ...။*

ရွှီပေါ်အန်း ပြုံးလိုက်လေသည်။ ဒေါသထွက်သည်... အမှန်တကယ်ပင် ဒေါသထွက်မိလေ၏။

သို့သော်လည်း ယွမ်သန်းနှစ်ဆယ် တန်ကြေးရှိလာပြီးနောက်ပိုင်း နောင်တွင် ကျောက်ခဲကို ရွှေဖြစ် အောင် ပြောင်းလဲနိုင်သကဲ့သို့ ဝင်ငွေများစွာ ရရှိလာနိုင်မည့် အခွင့်အရေးများ ရှိနေပြီဖြစ်ရာ...၊ ဤ ကဲ့သို့သော ကိစ္စမျိုးက သူ့ကို သိပ်ပြီး ဒေါသထွက်စေတော့မည် မဟုတ်ချေ။

ရွှီပေါ်အန်းက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်လေ၏။

“ကောင်းပြီလေ...၊ ကုမ္ပဏီရဲ့ အစီအစဉ်အတိုင်း လိုက်နာပါ့မယ်...။”

ထိုသို့ပြောပြီးနောက် ရွှီပေါ်အန်းသည် အင်ဂျင်နီယာချုပ်ရုံးခန်းမှ နှုတ်မဆက်ဘဲ ထွက်ခွာသွားလေ တော့သည်။

သူ အလျင်အမြန် မလုပ်၍ မဖြစ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဘွန်ဆိုင်းကမ္ဘာ လေးထဲ၌ လုံးဝကို ကမောက်ကမ ဖြစ်ကာ ရှုပ်ထွေးနေပြီ ဖြစ်သောကြောင့်ပင်။

All Chapters