← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃)

ဟွားကော်တောင်၏ တောင်စောင့်နတ်မင်း

ရွှီပေါ်အန်း၏ ရုံးခန်းမှာ ဤနေရာမှ သိပ်မဝေးလှချေ။

မကြာမီ ရွှီပေါ်အန်းသည် သူ၏ ရုံးခန်းသို့ ပြန်ရောက်လာပြီး တံခါးကို သော့ခတ်လိုက်လေ၏။

အနည်းဆုံးတော့ အလုပ်ထွက်မည်ဟု တရားဝင် အကြောင်းမကြားရသေးသရွေ့ ဤရုံးခန်းသည် သူ့ အပိုင် ဖြစ်နေဆဲပင် ဖြစ်လေသည်။ သူ အချိန်မရွေး တံခါးကို လေ့ချနိုင်သည်မှာ လုံးဝကို ကျိုးကြောင်း ဆီလျော်လှပေသည်။

ပြတင်းပေါက်ခန်းဆီးများကို ဆွဲပိတ်ပြီးနောက် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို ထုတ်ယူလိုက်လေ၏။

လက်ရှိအချိန်တွင် ဘွန်ဆိုင်းဧရိယာသည် စကားပြောသံများဖြင့် လုံးဝကို ကမောက်ကမဖြစ်ကာ ရှုပ်ထွေးနေခဲ့လေတော့သည်။

ထိုဆူညံနေသော အဖွဲ့တွင် ခေါင်ရှန်းရွာမှ ပြောင်းရွှေ့လာကြသော လီချိန်းရှီနှင့် အခြားရွာသားများ ပါဝင်နေပြီး ၎င်းမှာ ရွှီပေါ်အန်း ကြိုတင်မျှော်လင့်ထားသည့် ကိစ္စရပ်တစ်ခုပင် ဖြစ်လေ၏။

သို့သော် ရွာသားများ၏ ပြိုင်ဘက်များမှာ ရွှီပေါ်အန်း လုံးဝ မထင်မှတ်ထားသော အရာများ ဖြစ်နေခဲ့ပေ သည်။

ထိုသတ္တဝါများသည် လူများ လုံးဝမဟုတ်ဘဲ မျောက်တစ်အုပ် ဖြစ်နေခဲ့လေ၏။

ထို့ကြောင့်ပင် ရွှီပေါ်အန်း ဤမျှ မြန်မြန် ပြေးလာခဲ့ခြင်း ဖြစ်သည်။ ဤအရာအားလုံးမှာ အလွန်တရာ ဆန်းကြယ်လှပေသည်။

လူများနှင့် မျောက်များအကြား ငြင်းခုံနေခြင်းက ဘာအဓိပ္ပာယ် ရှိမည်နည်း။ သူတို့က တစ်ယောက်နှင့် တစ်ယောက် စကားပြောဆို နားလည်နိုင်ကြလို့ပါလား။

သူတို့ နှစ်ဖွဲ့စလုံးသည် တစ်ဖက်နှင့်တစ်ဖက် နားမလည်နိုင်သော ဘာသာစကားများကို အသီးသီး ပြောဆိုနေကြပြီး သီးခြားအုပ်စု နှစ်ခုအဖြစ် ရပ်ကာ စကားများနေကြခြင်းမှာ ဘာအဓိပ္ပာယ် ရှိမည် ပါနည်း။

ထိုမျှမက သူတို့သည် လက်သီးလက်ဝှေ့ပင် မသုံးကြချေ။

ရွှီပေါ်အန်းက ပွဲကြည့်ရသည်ကို သဘောကျနေခြင်း မဟုတ်ဘဲ ကိစ္စရပ်မှာ အတော်လေး ယုံကြည်နိုင် စရာ မရှိဖြစ်နေသောကြောင့်ပင်။

"လီချိန်းရှီ...၊ ဘာတွေဖြစ်နေတာလဲ...။"

ထိုသို့ပြောရင်း ရွှီပေါ်အန်းသည် လယ်သမားစမ်းရေ တစ်ဘူးကို ယူကာ အဖုံးဖွင့်လိုက်ပြီး ရွာသားများ သောက်သုံး၍ ကုန်သွားပြီဖြစ်သော ရေဘူးဖုံး ရေကန်လေးထဲသို့ ရေဖြည့်ပေးလိုက်လေ၏။

ရွှီပေါ်အန်း၏ အသံကို ကြားသောအခါ မြင်ကွင်းမှာ အတော်လေး တိတ်ဆိတ်သွားခဲ့လေသည်။

မျောက်များသည် လန့်ဖျပ်သွားကြပြီး အသံလာရာကို ရှာဖွေရင်း ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်ရှုနေကြလေ၏။

ရွာသားများမှာမူ ပျော်ရွှင်စွာဖြင့် တီးတိုးရေရွတ်လာကြလေသည်။

"သိပ်ကောင်းတာပဲ...၊ တောင်စောင့်နတ်မင်းကြီး ကိုယ်ထင်ပြလာပြီ...။"

"တောင်စောင့်နတ်မင်းကြီးကို တရားစီရင်ခိုင်းကြရအောင်...၊ ဒီစက်ဆုပ်ရွံရှာဖွယ် မျောက်တွေ...။"

"ကဲပါ...၊ ကဲပါ...၊ ပါးစပ်ပိတ်ထားကြစမ်း...။ ကျောက်ခဲလေးကို အဖြစ်အပျက် အားလုံးကို တောင်စောင့် နတ်မင်းဘိုးဘိုးကြီးဆီ အရင် တင်ပြခိုင်းလိုက်...။"

လီချိန်းရှီသည် စကားမပြောမီ မျောက်များကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး...၊

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ဒီမျောက်တွေက အရှင်နတ်မင်းကြီး စောစောက ပေးသနားထားတဲ့ သကြားချိုချိုတွေကို ခိုးဖို့ ကြိုးစားကြလို့ ကျွန်တော်တို့က ဖမ်းမိထားတာပါ...။ ဒါကြောင့်မို့ အခုလိုတွေ ဖြစ်ကုန်တာပါ...။"

ရွှီပေါ်အန်းက ခေါင်းညိတ်ကာ ပြောလိုက်လေ၏။

"ဪ... ဒီလိုကိုး...၊ ဒါက ပြဿနာကြီးတော့ မဟုတ်ပါဘူး...။ ကံကောင်းလို့ မင်းတို့က အသိဉာဏ်ရှိပြီး သူတို့ကို လက်မပါခဲ့ကြတာ...။ ဒီလို အစာခေါင်းပါးတဲ့ နှစ်တွေမှာ အသက်ရှင်သန်ဖို့ဆိုတာ ဘယ်သူ့ အတွက်မှ မလွယ်ကူပါဘူး...။ မင်းတို့ရဲ့ သကြားတချို့ကို သူတို့နဲ့ မျှဝေလိုက်ကြပါ...၊ နောက်မှ ငါ မင်းတို့ ကို ထပ်ပေးပါ့မယ်...။"

ရွှီပေါ်အန်းသည် သူတို့ကို ချက်ချင်း မှတ်မိသွားခဲ့လေ၏။ ဤမျောက်များကို သူ မြင်တွေ့ရခြင်းမှာ ပထမ ဆုံးအကြိမ် မဟုတ်ပေ။ သူတို့အထဲမှ အများစုနှင့် ယခင်က တစ်ကြိမ် ဆုံတွေ့ဖူးခဲ့လေသည်။

ရွှီပေါ်အန်း ယခင်က တွေ့ရှိခဲ့သော ကမ်းပါးယံ သစ်မြစ်မှာ ဤမျောက်များ၏ ဆူညံသံကြောင့် အာရုံစိုက်မိပြီးမှ တွေ့ရှိခဲ့ခြင်း ဖြစ်လေ၏။

ဤအရာကပင် ရွှီပေါ်အန်းအား ဤမျှ မြန်မြန်ဆန်ဆန် သန်းကြွယ်သူဌေး တစ်ယောက် ဖြစ်လာစေရန် အခွင့်အရေး ပေးခဲ့ခြင်းပင် ဖြစ်လေသည်။

ထို့ကြောင့် ဤမျောက်များသည် ရွှီပေါ်အန်းနှင့် ရေစက်ပါသည်ဟု ဆိုနိုင်ပေသည်။

လီချိန်းရှီက သဘောတူလိုက်လေ၏။

"တောင်စောင့်နတ်မင်းကြီးက အခုလို မိန့်ဆိုလာမှတော့ ကျွန်တော်တို့ သေချာပေါက် နားထောင်ရမှာ ပေါ့...။ ဒါပေမဲ့ တောင်စောင့်နတ်မင်းကြီး...၊ အရှင်နတ်မင်းကြီးကို ကျွန်တော်တို့ ဘာတစ်ခုမှ ဖုံးကွယ် မထားရဲပါဘူး...။ ကျွန်တော်တို့က အသိဉာဏ်ရှိလို့ မဟုတ်ပါဘူး...၊ တတိယအဘိုးကြီးက ဒီမျောက် တွေဟာ အရှင်နတ်မင်းကြီးနဲ့ ရေစက်တစ်ခုခု ရှိနိုင်တယ်ဆိုပြီး ကျွန်တော်တို့ကို ထိန်းထိန်းသိမ်းသိမ်း နေဖို့ ပြောခဲ့လို့ပါ...။"

ရွှီပေါ်အန်းမှာ အံ့အားသင့်သွားခဲ့လေသည်။

*ငါက ဒီမျောက်တွေနဲ့ ရေစက်ပါနေတယ်ပေါ့...။*

ရွာသားများအနေဖြင့် ကမ်းပါးယံ သစ်မြစ်အကြောင်းကို သိရှိရန် အကြောင်းမရှိပေ။

*ဒါဆိုရင် ခေါင်ရှန်းရွာက တတိယအဘိုးကြီးဆိုတဲ့သူဟာ အရည်အချင်းမြင့်မားတဲ့ ဗေဒင်ဆရာ တစ် ယောက် ဖြစ်ရမယ်...။ ငါ သူ့အကြောင်း ပိုပြီး လေ့လာသင့်တယ်...။*

"သူ ဘာပြောခဲ့တာလဲ...၊ ပြောပြစမ်းပါဦး...။" ဟု ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေ၏။

လီချိန်းရှီ မဖြေဆိုနိုင်မီမှာပင် အသက် ငါးဆယ်အရွယ် အမျိုးသားတစ်ဦးက သူ၏ဘေးတွင် ကမန်း ကတမ်း ဒူးထောက်လာခဲ့လေသည်။

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး... အရှင်နတ်မင်းကြီးက ဒီအဖိုးအိုကို မြှောက်စားလွန်းနေပါပြီ...။ ကျွန်တော်မျိုးကို ခေါ်မယ်ဆိုရင် လီလောင်ဆန်း လို့ပဲ ခေါ်ပါ...။ ကျွန်တော်မျိုး အဲဒီလောက် မရဲဝံ့ပါ ဘူး...။"

ရွှီပေါ်အန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေ၏။

"ကိစ္စမရှိပါဘူး...၊ မြန်မြန် ပြောပြစမ်းပါ...။ ဒီမျောက်တွေနဲ့ ငါ့မှာ ရေစက်ပါနေတယ်ဆိုတာကို မင်း ဘယ်လိုများ သိခဲ့တာလဲ...။"

ထိုသို့ပြောရင်း ရွှီပေါ်အန်းသည် သူ၏ ရေခွက်ကို ကောက်ကိုင်ကာ ရေနှစ်ငုံခန့် သောက်လိုက်လေသည်။

မနက်ကတည်းက စကားတွေ အဆက်မပြတ် ပြောနေခဲ့ရပြီး ရေတစ်ပေါက်မှ မသောက်ရသေးသဖြင့် သူ၏ လည်ချောင်းမှာ ပူလောင်နေခဲ့ပြီ ဖြစ်လေ၏။

လီလောင်ဆန်းက ဖြည်းညင်းစွာ ပြောလေ၏။

"ဟွားကော်တောင်ရဲ့ တောင်စောင့်နတ်မင်းကြီးရဲ့ မူလကိုယ်ပွားဟာ မျောက်တစ်ကောင်လို့ ကျွန်တော် မျိုး ကြားဖူးပါတယ်...။ အရှင်နတ်မင်းကြီးတို့ အားလုံးက စနစ်တစ်ခုတည်းမှာ အလုပ်လုပ်နေကြတာ ဆိုတော့ တစ်ပါးနဲ့တစ်ပါး သိတောင် သိနေနိုင်တယ်လို့ ကျွန်တော်မျိုး တွေးမိလို့ပါ...။ ဒါကြောင့် လူတိုင်း ကို နည်းနည်း ပိုပြီး ရိုသေလေးစားကြဖို့ ပြောခဲ့တာပါ...။"

သူ စကားမဆုံးမီမှာပင် ရွှီပေါ်အန်းသည် ခုနလေးတင် သောက်ထားသော ရေကို ပြန်ထွေးထုတ်မိလု နီးပါး ဖြစ်သွားခဲ့လေ၏။

အကယ်၍သာ ရွှီပေါ်အန်း အချိန်မီ မထိန်းချုပ်နိုင်ဘဲ ထိုရေများကို ထွေးထုတ်လိုက်မိပါက ဘွန်ဆိုင်းထဲရှိ ရွာသားများနှင့် မျောက်များမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကို ခံလိုက်ရမည်မှာ သေချာလှပေသည်။

ရွှီပေါ်အန်း အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက် မေးလိုက်လေ၏။

"မင်း ခုနက ပြောလိုက်တာ...၊ ဟွားကော်တောင် လို့လား...။"

ရွှီပေါ်အန်းသည် ထိုစကားလုံး သုံးလုံးကို ဖြည်းညင်းစွာနှင့် ရည်ရွယ်ချက်ရှိရှိ ရေရွတ်လိုက်ခြင်း ဖြစ်လေ သည်။

ဤသတင်းမှာ သူ့အတွက် အမှန်တကယ်ပင် တုန်လှုပ်စရာ ကောင်းလှပေသည်။

"ဟွားကော်တောင်" ဟူသော နေရာအမည်က ဤဒေသတွင် ပေါ်လာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ် ထားခဲ့ပေ။

*ဒီဘွန်ဆိုင်းထဲရှိ ကမ္ဘာငယ်လေးက အနောက်သို့ ခရီးသွားခြင်း မှတ်တမ်းထဲက ထန်မင်းဆက် များ ဖြစ်နေမလား...။*

သို့သော် ဆွန်ဝူခုန်းက ဘယ်လိုလုပ်ပြီး တောင်စောင့်နတ်မင်း ဖြစ်လာရတာလဲ...။ ဒီအရာက အဓိပ္ပာယ် မရှိလှချေ။

လီလောင်ဆန်းက အလျင်အမြန် ခေါင်းညိတ်ကာ ပြန်ဖြေလေသည်။

"ဟုတ်ပါတယ်...၊ ဟုတ်ပါတယ်...၊ ဟွားကော်တောင်ပါပဲ...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ဟွားကော်တောင်ရဲ့ တောင်စောင့်နတ်မင်းကြီးကို တကယ် သိနေတာပဲ...။"

ထိုသို့ပြောရင်း လီလောင်ဆန်းသည် ဖြည်းညင်းစွာ ခေါင်းမော့လာပြီး သူ၏ အကြည့်များက ရွာသား များအပေါ်သို့ ဝေ့ဝဲသွားကာ မျက်လုံးများထဲတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေခဲ့လေ၏။

၎င်းအကြည့်မှာ...၊

"တွေ့လား...။ ငါ အရင်က ပြောခဲ့တာတွေ အားလုံးက အမှန်တွေချည်းပဲ...။ လူတိုင်းကို ငါ သတိပေးခဲ့လို့ တော်သေးတာပေါ့...။" ဟု ဆိုလိုနေသည့်အလားပင် ဖြစ်လေသည်။

ရွာသားအချို့သည် လီလောင်ဆန်းအား လေးစားအားကျစွာဖြင့် ကြည့်လာကြပြီး အဖိုးအို၏ ဉာဏ် ပညာကို ချီးကျူးနေသည့်အလားပင်။

ရွှီပေါ်အန်းက ဆက်လက် မေးမြန်းလိုက်လေ၏။

"ဒါဆိုရင် ဒီဟွားကော်တောင်မှာ ရေတံခွန်ဂူ ရှိလား...။"

ထိုစကားကို ကြားသောအခါ လီလောင်ဆန်းသည် လုံးဝကို ရှုပ်ထွေးသွားပုံရလေသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ခေါင်းခါလိုက်လေ၏။

"မြို့ထဲက ပုံပြင်ပြောသူတွေက ဒီဂူအကြောင်း ပြောတာကို ကျွန်တော်မျိုး တစ်ခါမှ မကြားဖူးပါဘူး...။ ဒါပေမဲ့ မျောက်တွေ အားလုံးက ဂူထဲမှာ နေကြတာဆိုတော့ ဟွားကော်တောင်မှာ ဂူတစ်ခု ရှိနေတာက ပုံမှန်ပါပဲ...။"

ရွှီပေါ်အန်းမှာ စိတ်အိုက်သွားခဲ့လေသည်။ ဤအရာက သာမန်ဂူတစ်ခု၏ ပြဿနာ မဟုတ်ပေ။

"ဪ...၊ မင်းက ဒီပုံပြင်ကို ပုံပြင်ပြောသူတွေဆီကနေ ကြားခဲ့တာကိုး...။"

"ငါဆိုရင် ဒီလိုပုံပြင်မျိုးတွေကို မရေမတွက်နိုင်အောင် ကြားဖူးပြီးနေပြီ...။"

"ဟွားကော်တောင်က မျောက်က နောက်ပိုင်းမှာ ရာထူးမြင့်မြင့်တက်ပြီး ကောင်းကင်ဘုံမြင်းမွေးမြူရေး ခြံရဲ့ အကြီးအကဲ ဖြစ်လာတယ်ဆိုတာကိုတောင် ငါ ကြားဖူးသေးတယ်...။"

"ဒါပေမဲ့ ဒီကောင်လေးက ဘာကကောင်းလဲဆိုတာကို မသိရှာဘူးလေ...။"

ထိုအဖွဲ့အစည်းသည် ရန်ပုံငွေ အလုံအလောက်ရှိပြီး စီမံခန့်ခွဲမှု ရိုးရှင်းကာ စီမံအုပ်ချုပ်ခံရသူများထံမှ အပျက်သဘောဆောင်သော သုံးသပ်ချက်များ လုံးဝမရှိသည့် ထိပ်တန်း အဖွဲ့အစည်းတစ်ခု ဖြစ်လေ သည်။

သူက ဤမျှကောင်းမွန်သော အလုပ်ကို တန်ဖိုးမထားခဲ့ချေ။ သူသည် ကြီးမားသော လုယက်မှုကြီးကို ကျူးလွန်ခဲ့ပြီး အမှန်တကယ်ပင် အောင်မြင်သွားခဲ့လေ၏။

အမှန်တကယ်ပင် သူသည် အမြင့်ဆုံးအဆင့်ရှိ နောက်ထပ် ရာထူးတစ်ခုကို သူ့အတွက် ရယူနိုင်ခဲ့လေ သည်။

"အဟမ်း...၊ ငါတို့ စကားလမ်းကြောင်း လွဲသွားပြီပဲ...။"

ရွှီပေါ်အန်းသည် အနေရခက်စွာဖြင့် ရယ်မောလိုက်ပြီးနောက် သူ၏ အကြည့်များကို မျောက်အုပ်ဆီသို့ ပြန်လည်ပို့ဆောင်လိုက်ကာ စိတ်ထဲမှ တွေးမိလေ၏။

*အကယ်၍ ငါသာ မျောက်တွေရဲ့ စကားကို နားလည်နိုင်ရင် သိပ်ကောင်းမှာပဲ... ။*

*သူတို့ကို မျောက်ဘုရင်ကြီးကို သိလားလို့ မေးကြည့်လိုက်တာနဲ့ အမှန် ဟုတ်မဟုတ် သိနိုင်ပြီ...။*

အကယ်၍ ဤနေရာသည် အနောက်အရပ်သို့ ခရီးသွားခြင်း မှတ်တမ်း၏ ကမ္ဘာကြီးသာ အမှန်တကယ် ဖြစ်နေခဲ့မည်ဆိုပါက သူသည် ပုရောဟိတ် တစ်ယောက်ကဲ့သို့ ကြိုတင်သိမြင်နိုင်စွမ်းများပင် ရှိနေ နိုင်လေသည်။

ရွှီပေါ်အန်း၏ စိတ်ထဲတွင် ထိုအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ကိုယ်တွင်းရှိ အမွှေးတိုင်နှင့် ဆုတောင်းသစ္စာစွမ်းအင်များ လင်းလက်သွားပြီး ပျောက်ကွယ်သွားခဲ့လေ၏။

ထို့နောက် ရွှီပေါ်အန်းသည် ရင်းနှီးနေသလိုလို၊ စိမ်းသက်နေသလိုလို ရှိသော ပုံရိပ်များစွာ သူ၏ စိတ်ထဲ၌ ဖြတ်ပြေးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။

ငယ်စဉ်ကတည်းက သူသည် ရွာထဲရှိ ကြောင်များ၊ ခွေးများ၊ ယုန်များနှင့် နွားငယ်များအားလုံးကို အလွန် နှစ်သက်မြတ်နိုးခဲ့လေ၏။

နေ့ခင်းဘက်တွင် သူသည် ရွာထဲနှင့် လယ်ကွင်းများအနှံ့ ပြေးလွှားကာ တိရစ္ဆာန်များနှင့် ကစားလေ့ ရှိခဲ့သည်။

ညဘက်တွင် သူသည် နွားတင်းကုပ်နှင့် ခွေးလှောင်အိမ်ဘေး၌ ပုန်းအောင်းကာ သူတို့နှင့်အတူ ကြယ်များ ကို ငေးကြည့်လေ့ရှိခဲ့၏။

တဖြည်းဖြည်းနှင့် သူသည် တိရစ္ဆာန်များ၏ အခြေခံ လှုပ်ရှားမှုအချို့နှင့် သူတို့၏ အော်သံများနောက် ကွယ်ရှိ အဓိပ္ပာယ်ကို နားလည်နိုင်ကြောင်း တွေ့ရှိလာခဲ့လေသည်။

တိရစ္ဆာန်များကလည်း သူ၏ ခေါ်ဆိုမှုများနှင့် အမိန့်များကို တဖြည်းဖြည်း ပူးပေါင်းဆောင်ရွက်လာ ကြလေ၏။

သူသည် သူ၏ တွေ့ရှိမှုအပေါ် အလွန် ပျော်ရွှင်ခဲ့ပြီး နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်အမူအရာဖြင့်ဖြစ်စေ ဆက်သွယ်မှုဆိုင်ရာ လေ့ကျင့်မှုများကို သတိပြု၍ ပိုမို အားဖြည့်လုပ်ဆောင်ခဲ့လေသည်။

တဖြည်းဖြည်းနှင့် သူသည် တိရစ္ဆာန် ဘာသာစကားများနှင့် ဆက်သွယ်ရေး နည်းလမ်းများကို ပို၍ပို၍ ကျွမ်းကျင်လာခဲ့ပြီး တိရစ္ဆာန်များ၏ မျက်လုံးများနှင့် မျက်နှာအမူအရာ ပြောင်းလဲမှုများမှတစ်ဆင့် သူတို့၏ စိတ်ခံစားမှုများကိုပင် နားလည်လာနိုင်ခဲ့လေ၏။

တိရစ္ဆာန်များသည်လည်း ရွှီပေါ်အန်းနှင့် ရိုးရှင်းသော နည်းလမ်းဖြင့် ဆက်သွယ်နိုင်လာကြပြီး နှစ်ဖက် စလုံးက တစ်ဖက်နှင့်တစ်ဖက် ယုံကြည်စိတ်ချရသော သူငယ်ချင်းများအဖြစ် မှတ်ယူလာကြလေသည်။

ရွှီပေါ်အန်း ခေါင်းကို ခါယမ်းလိုက်ပြီး ထိုဆန်းကြယ်သော ခံစားချက်ကို ထပ်မံ ခံစားလိုက်ရလေ၏။

ပြီးခဲ့သော အကြိမ်က အမွှေးတိုင်စွမ်းအင် တစ်မျှင်ကို စုပ်ယူ အသုံးပြုလိုက်ချိန်တွင်လည်း ရွှီပေါ်အန်း ဤခံစားချက်မျိုး ရရှိခဲ့ဖူးလေသည်။

သို့သော် သူ၏ စိတ်ထဲသို့ အတင်းအကျပ် ထည့်သွင်းခံလိုက်ရပုံရသော ဤမှတ်ဉာဏ် မြင်ကွင်းမျိုးတော့ ယခင်က မရှိခဲ့ပေ။

ဤကဲ့သို့သော အတွေ့အကြုံမျိုး သူ တစ်ခါမှ မကြုံဖူးကြောင်းကို သူ ကောင်းစွာ သိရှိထားသော်လည်း တစ်နေ့နှင့် တစ်ညတိတိ သူကိုယ်တိုင် ကိုယ်တွေ့ ကြုံခဲ့ရသကဲ့သို့ အလွန်တရာ အစစ်အမှန်ဆန်လွန်း နေခဲ့လေသည်။ သူသည် စကားတစ်ခွန်းချင်းစီနှင့် လုပ်ဆောင်ချက်တိုင်းကို ရှင်းလင်းစွာ မှတ်မိနေခဲ့၏။

*ငါ အသုံးပြုလိုက်တဲ့ အမွှေးတိုင်စွမ်းအင်က တိရစ္ဆာန်တွေနဲ့ ဆက်သွယ်နိုင်ဖို့ ငါ့ရဲ့ ဆုတောင်းကို ဖြည့်ဆည်းပေးလိုက်တာများလား...။*

ယမန်နေ့ကလည်း သူသည် သူ့ကိုယ်သူ ပိုမို ကြံ့ခိုင်သန်စွမ်းလာစေရန် အမွှေးတိုင်နှင့် ဆုတောင်း သစ္စာ စွမ်းအင်များကို အသုံးပြုခဲ့ပြီး ၎င်းမှာလည်း သူ၏ စိတ်နှလုံးထဲတွင် ရှိနေသော အရာပင် ဖြစ်ကြောင်းကို ရွှီပေါ်အန်း ပြန်လည် အမှတ်ရသွားခဲ့လေ၏။

*ဒီအမွှေးတိုင်နဲ့ ဆုတောင်းသစ္စာစွမ်းအင်က သေချာပေါက် ဆုတောင်းပုလင်း တစ်ခုပဲ ဖြစ်ရမယ်...။ အလွန် အစွမ်းထက်တဲ့ အမျိုးအစားပဲ...။*

*တကယ်ပဲ ဒီလိုသာဆိုရင်တော့ နောက်တစ်ခါ ဆုမတောင်းခင် ငါ သေချာ စဉ်းစားရတော့မယ်...။*

အခန်း (၁၄)

မျောက်သေရည်

ရွှီပေါ်အန်း၏ ခွဲခြမ်းစိတ်ဖြာမှုမှာ အမှန်တကယ်ပင် မှန်ကန်နေခဲ့လေ၏။

သူ ခေါင်းငုံ့၍ သေချာစွာ နားထောင်လိုက်ရာ ဤတစ်ကြိမ်တွင် အတွင်းမှ ထွက်ပေါ်လာသည်က ရွာသား များ၏ စကားပြောသံများသာ မဟုတ်တော့ကြောင်း သူ ကြားလိုက်ရလေသည်။

မျောက်အုပ်ထံမှ ထူးဆန်းသော အော်သံများကိုလည်း ကြားနေရလေ၏။

"ကွိ... ကွိကွိ... စားမယ်... ငါ စားချင်တယ်..."

"စားမယ်...၊ စားမယ်... စားမယ်... ငါလည်း စားချင်တယ်...။ မှောင်သွားတဲ့အထိ စောင့်ပြီးမှ ငါတို့ ပြန်လာကြမယ်...။ အဲဒီအချိန်ဆိုရင် သူတို့ အိပ်ပျော်နေကြလောက်ပြီ...။"

"ဟုတ်တယ်...၊ ဟုတ်တယ်...။ ညဘက်ကျမှ လာစားမယ်...။"

ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်းမှာ ဝမ်းသာပီတိ ဖြစ်သွားခဲ့လေ၏။ စကားပြောဆိုရာတွင် အနည်းငယ် မပီသသော်လည်း ဘာကို ဆိုလိုကြောင်းကိုမူ သူ နားလည်နိုင်နေပြီ ဖြစ်လေသည်။

ထိုအမွှေးတိုင်နှင့် ဆုတောင်းသစ္စာစွမ်းအင်များကို အသုံးပြုခဲ့ရခြင်းက အလဟဿ မဖြစ်ခဲ့ချေ။

ရွှီပေါ်အန်းသည် မျောက်များကို စမ်းသပ်သည့်အနေဖြင့် နှုတ်ဆက်ကြည့်လိုက်လေ၏။

"မင်းတို့က အချိုစားချင်လို့ ဒီဘက်ကို ပြေးလာကြတာ မဟုတ်လား...။"

"စားမယ်...၊ စားမယ်...၊ စားမယ်...။ မင်းက ဘာကောင်လဲ...။"

ရွှီပေါ်အန်းက အလွန် သေချာစွာ စောင့်ကြည့်နေခဲ့ရာ သူ့ကို ပြန်လည်ဖြေဆိုလာသူမှာ ညဘက်တွင် သကြားလာခိုးရန် ဆုံးဖြတ်ခဲ့သော မျောက်ပင် ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။

ထိုအကောင်သည် ဤမျောက်အုပ်၏ မျောက်ဘုရင် ဖြစ်ပုံရပေသည်။

"သူတို့က ငါ့ကို တောင်စောင့်နတ်မင်းလို့ ခေါ်ကြတယ်...။ တောင်စောင့်နတ်မင်းဆိုတာ ဘာလဲ မင်း သိလား...။"

"တောင်စောင့်နတ်မင်း...၊ ဘာတောင်စောင့်နတ်မင်းလဲ...။ အဲဒါက စားလို့ရလား...၊ စားမယ်... စားမယ်... စားမယ်...။"

ရွှီပေါ်အန်းမှာ စိတ်ပျက်သွားခဲ့လေ၏။

"မင်းက စားဖို့ပဲ သိတယ်...။ မင်းက ရုတ်တရက်ကြီး ငါ့ရဲ့ တုတ်ချက်ကို စားလိုက်စမ်း လို့ ပြောလာမှာကို တောင် ငါက ကြောက်နေခဲ့သေးတာ...။"

"ဟွားကော်တောင်ကို သိလား...။" ဟု ရွှီပေါ်အန်းက ဇွဲမလျှော့ဘဲ မေးလိုက်လေသည်။

"သစ်သီးတွေ စားလို့ရတယ်...၊ တောင်ပေါ်မှာ သစ်သီးတွေ မရှိတော့ဘူး...။ တောင်ပေါ်မှာ ပန်းတွေ လည်း မရှိတော့ဘူး...။ ဘာမှကို မရှိတော့တာ...၊ ငါ စားချင်တယ်...၊ စားမယ်... စားမယ်... စားမယ်...။"

ရွှီပေါ်အန်းသည် သူ၏ နဖူးကို ရိုက်ကာ မျက်လုံးများကို အပေါ်သို့ လှန်လိုက်မိလေ၏။

ကောင်းလေစွ...၊ သူကသာ အပိုတွေ တွေးနေမိခြင်း ဖြစ်လေသည်။ သူတို့သည် ဟွားကော်တောင်နှင့် ရေတံခွန်ဂူအကြောင်းကို လုံးဝ သိပုံမရချေ။

ကိုယ့်ဘာသာကိုယ်ပဲ နားလည်အောင် ကြိုးစားရတော့မည်။

"မလောပါနဲ့...၊ မင်းတို့ကို အစားအသောက်တွေ ပေးဖို့ သူတို့ကို ငါ ပြောလိုက်ပါ့မယ်...။"

"စားမယ်... စားမယ်... စားမယ်...။"

ရွှီပေါ်အန်း၏ မျက်နှာပေါ်တွင် နာကျင်နေသော အမူအရာများ ပေါ်လာခဲ့လေ၏။

သူ နားလည်နိုင်နေပြီ ဖြစ်သော်လည်း သူတို့နှင့် ဆက်သွယ်ပြောဆိုရခြင်းမှာ အလွန် ပင်ပန်းလှရာ တိရစ္ဆာန်ထိန်းကျောင်းသူများ မည်မျှ ခက်ခဲမည်ကို သူ အမှန်တကယ်ပင် နားလည်သွားခဲ့လေသည်။

ဤအကြောင်းကြောင့်ပင် ရွှီပေါ်အန်းသည် များစွာ မနာကျင်ရစေရန် လီချိန်းရှီတို့နှင့်သာ တတ်နိုင်သမျှ ဆက်သွယ်ပြောဆိုချင်နေခဲ့လေ၏။

"လီချိန်းရှီ...၊ သူတို့ကို သကြားအပြင် အစားအသောက်နဲ့ ရေနည်းနည်းပါ ပေးလိုက်ပါဦး...။ ဒီမျောက် တွေလည်း အတော်လေး ဗိုက်ဆာနေကြပြီ...။"

"ဟုတ်ကဲ့ပါ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ ခုနလေးတင် ဂျုံပြားမုန့် နည်းနည်း ဖုတ်ထားတာ ရှိပါ တယ်...၊ အဲဒါဆိုရင် ဗိုက်ဝသွားမှာပါ...။"

လီချိန်းရှီသည် သကြားအနည်းငယ်ကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်လေသည်။ ရွှီပေါ်အန်း၏ ညွှန်ကြား ချက်ကို ကြားသောအခါ သူသည် အနောက်သို့ ပြန်သွား၍ အဒေါ်ကြီး နှစ်ဦးထံမှ ဂျုံပြားမုန့် အနည်း ငယ်ကို ယူဆောင်လာခဲ့လေ၏။

ထို့နောက် သူက ရွာသားတစ်ဦးကို ခေါ်ကာ လူနှစ်ယောက်သား မုန့်များနှင့် ရေပုံးကို သယ်ဆောင်၍ မျောက်အုပ်နှင့် ခြေငါးလှမ်း၊ ခြောက်လှမ်းခန့် အကွာသို့ လျှောက်သွားလိုက်ကြသည်။ ထို့နောက် ရပ်တန့်ကာ အစားအစာနှင့် သကြားများကို မြေကြီးပေါ်တွင် ချထား၍ လက်ဖြင့် အမူအရာပြပြီးမှ အနောက်သို့ ပြန်ဆုတ်လာခဲ့ကြလေ၏။

တောမျောက်အုပ်များသည် အမှန်တကယ်ပင် ကြမ်းတမ်းကြလေသည်။ ၎င်းတို့သည် ဝံပုလွေများ၊ ကျားများ၊ ကျားသစ်များကဲ့သို့ အန္တရာယ် မကြီးမားသော်လည်း လူများကို ခြစ်မိ၊ ကိုက်မိအောင် ပြုလုပ်နိုင်စွမ်း ရှိပေသည်။

ထို့အပြင် မျောက်များသည် အတော်လေး ခွန်အားကြီးမားကြရာ ခန္ဓာကိုယ် အရွယ်အစား တူညီသော လူတစ်ယောက်သည် မျောက်တစ်ကောင်နှင့် လက်ဗလာဖြင့် တစ်ယောက်ချင်း ချမည်ဆိုလျှင်ပင် အသာစီး ရနိုင်မည်မှာ မသေချာလှပေ။

မျောက်အုပ်သည် အတော်လေး စိတ်ဝင်စားပုံရသော်လည်း ရှေ့သို့ တိုးလာရန် တွန့်ဆုတ်နေကြသည်ကို ရွှီပေါ်အန်း သတိပြုမိလိုက်လေ၏။

သူက မနေနိုင်တော့ဘဲ တိုက်တွန်းလိုက်လေသည်။

"အဲဒါ မင်းတို့အတွက် အစားအစာတွေပဲ...။ အားလုံးက စားလို့ရတယ်...၊ စားကြလေ...။"

"စားမယ်... စားမယ်... စားမယ်...။ ငါ့ကို အစားအစာတွေ ပေး...။"

"ဟုတ်တယ်...။ အဲဒါ မင်းတို့အတွက် ပေးတာ...။ ဂျုံပြားမုန့်ကို သကြားနဲ့ တို့စားရင် အရသာ အရမ်း ကောင်းတယ်...။" ဟု ရွှီပေါ်အန်းက မျောက်များကို စိတ်ရှည်လက်ရှည် လမ်းညွှန်ပြသလိုက်လေ၏။

"အရသာရှိတယ်...။ စားမယ်... စားမယ်... စားမယ်...။"

မျောက်၏ အဖြေကို ကြားသောအခါ ရွှီပေါ်အန်းမှာ ခေါင်းကိုက်လာသလို ခံစားလိုက်ရလေသည်။ ဤ ကဲ့သို့သော ဆက်သွယ်ပြောဆိုမှုမျိုးကို သူ အမှန်တကယ်ပင် သည်းမခံနိုင်တော့ချေ။

ကံကောင်းစွာဖြင့် မျောက်အုပ်သည် သူတို့အချင်းချင်း ခေတ္တမျှ ဆွေးနွေးပြီးနောက် အစားအစာများ သည် ရွာသားများက သူတို့ကို ပေးသော လက်ဆောင်ဖြစ်ကြောင်း သိရှိသွားကြလေသည်။ ချက်ချင်းပင် သူတို့သည် ဝိုင်းအုံလာကြပြီး နှစ်မိနစ်၊ သုံးမိနစ်အတွင်းမှာပင် ဂျုံပြားမုန့်များနှင့် သကြားခဲများကို လုယက်ယူငင်သွားကြလေတော့၏။

အငမ်းမရ စားသောက်ပြီးနောက် မျောက်အုပ်သည် ရေသောက်ရန် သတိရသွားကြပြီး ရေပုံးနားသို့ ဝိုင်းအုံကာ ရေများကို တဂွတ်ဂွတ် မြည်အောင် သောက်သုံးကြလေတော့သည်။

ထို့နောက် စားသောက်ပြီးသွားသောအခါ သူတို့၏ ပါးစပ်များကို သုတ်ကာ ထွက်ပြေးသွားကြလေ တော့၏။ ရေပုံးကိုပင် မျောက်တစ်ကောင်က အလွယ်တကူ ဆွဲယူသွားခဲ့လေသည်။

ရွှီပေါ်အန်းမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားခဲ့လေသည်။ ဤဆိုးသွမ်းသော မျောက်များသည် စား သောက်ပြီးသွားသည်က တစ်ကဏ္ဍထား၊ အခြားသူများ၏ ရေပုံးကို ဘာကြောင့်များ ခိုးယူသွားရ ပါသနည်း။

လီချိန်းရှီက ဒေါသတကြီးဖြင့် ပြောလေ၏။

"ဟွန်း...၊ တကယ် ရိုင်းစိုင်းတာပဲ...။ ဒါကြောင့် လူတွေက ဇာတ်သမားတွေမှာ မေတ္တာမရှိသလို မျောက် တွေမှာလည်း သံယောဇဉ်မရှိဘူး လို့ ပြောကြတာကိုး...။ ဒီမျောက်တွေက တကယ် အကျင့်စာရိတ္တ မကောင်းဘူး...။ ကျေးဇူးတင်ပါတယ်လို့တောင် တစ်ခွန်းမှ မပြောဘူး...။"

ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်းမှာ အတော်လေး အံ့အားသင့်သွားခဲ့လေသည်။ ဤစကားပုံက ဘယ်ကနေများ ရောက်လာပါသနည်း။ မဟာကျင့်မင်းဆက်၏ ဗဟုသုတများသည် သူ၏ အသိအမြင် များနှင့် အနည်းငယ် ကွဲလွဲနေပုံရပေသည်။ အနည်းဆုံးတော့ 'မျောက်တွေမှာ သံယောဇဉ်မရှိဘူး' ဆိုသော စကားကို ရွှီပေါ်အန်း တစ်ခါမှ မကြားဖူးခဲ့ချေ။

လီလောင်ဆန်းက လီချိန်းရှီအား ရယ်မောကာ ဆူပူလိုက်လေသည်။

"မင်းက ဘာတွေ လျှောက်အော်နေတာလဲ...၊ အဲဒီ မျောက်တွေက လူစကားမှ မပြောတတ်တာ...၊ မင်းကို ကျေးဇူးတင်ပါတယ်လို့ ပြောရင်တောင် မင်း နားလည်မှာ မဟုတ်ပါဘူး...။"

လီချိန်းရှီက ပြန်လည် ချေပလေ၏။

"ဟွန်း...၊ သူ နားမလည်ရင်တောင် အမူအရာနဲ့ ပြလို့ ရတာပဲကို...။ ကျွန်တော်ကတော့ ကိစ္စမရှိပါဘူး...၊ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ စေတနာကို အလဟဿ ဖြုန်းတီးပစ်လိုက်သလို ဖြစ်သွားလို့ပါ...။"

လီလောင်ဆန်းက အလျင်အမြန် လက်ကာပြလိုက်ပြီး ပြောလေသည်။

"ကျောက်ခဲလေး...၊ မင်း အဲဒီလို ပေါက်ကရတွေ မပြောရဘူးနော်...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး အတွက်တော့ ဒီတောင်ရိုင်းတောထဲက သက်ရှိသတ္တဝါ အားလုံးဟာ အရှင်နတ်မင်းကြီးရဲ့ သားသမီးတွေလို့ ပြောလို့ရတယ်လေ...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ငါတို့ကိုပဲ ဂရုစိုက်ပြီး တခြားသတ္တဝါတွေကို လျစ်လျူရှုထားမှာ မဟုတ်ဘူးလေ...။"

လီချိန်းရှီက နားလည်သလိုလို၊ နားမလည်သလိုလိုဖြင့် ခေါင်းညိတ်လိုက်လေ၏။

"တတိယအဘိုး...၊ အဘိုး ပြောလိုက်မှပဲ ကျွန်တော် နည်းနည်း နားလည်သွားသလိုပဲ...။ ခုနက ကျွန်တော် အထင်လွဲသွားတာပါ...။"

ရွှီပေါ်အန်းသည် သူတို့၏ စကားများကို ခိုးနားထောင်နေသည့်အလား တိတ်ဆိတ်စွာ နားထောင်နေခဲ့ပြီး စကားတစ်ခွန်းမကျန် စိတ်ဝင်တစား မှတ်သားနေခဲ့လေ၏။

ဤသို့ဆိုလျှင် သူသည် ဤရွာသားများအပေါ် အနည်းငယ် ဂရုစိုက်လွန်းနေသကဲ့သို့ ဖြစ်နေပေသည်။ သဘာဝအတိုင်း မျိုးနွယ်တူများကို သံယောဇဉ်ရှိသည့် ခံစားချက်ကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင် လေ၏။

ထိုသို့တွေးမိပြီးနောက် ရွှီပေါ်အန်းသည် ဘွန်ဆိုင်း၏ ဘေးတစ်ဖက်ရှိ ပြာခွက်အောက်တွင် ပိတ်မိနေ သော ဝံပုလွေအုပ်ကို ကြည့်လိုက်လေသည်။ သူတို့အားလုံးမှာ မြေကြီးပေါ်တွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေကြပြီး ယမန်နေ့ကကဲ့သို့ ခုန်ပေါက်ကာ အတားအဆီးကို ဖြိုခွဲရန် ကြိုးပမ်းနေသည့် ခွန်အားများ လုံးဝ မရှိတော့ချေ။

နေ့တစ်ပိုင်း ညတစ်ပိုင်း ရေတစ်ပေါက်မှ မသောက်ရဘဲ ဆာလောင်နေခဲ့ကြပြီး နေပူဒဏ်နှင့် ညလေ အေးဒဏ်များကိုလည်း ခံစားခဲ့ရသဖြင့် သူတို့အဖို့ အလွန်တရာ ဆိုးရွားနေခဲ့ပြီ ဖြစ်ပေသည်။

"ထားလိုက်ပါတော့လေ...။"

လီလောင်ဆန်း ပြောသည်က အလွန် အဓိပ္ပာယ်ရှိလှပေသည်။ ဤတစ်ကြိမ်တော့ ဤဝံပုလွေများကို လွှတ်ပေးလိုက်တော့ပေမည်။

ဤသို့တွေးမိပြီးနောက် ရွှီပေါ်အန်းက လီချိန်းရှီအား ညွှန်ကြားလိုက်လေ၏။

"ချိန်းရှီ...၊ ရွာသားတွေကို ခဏလောက် ပုန်းနေဖို့ သွားပြောလိုက်ပါ...။ ငါ အဲဒီဝံပုလွေတွေကို ခဏ လောက် လွှတ်ပေးမလို့...။"

"ဗျာ...၊ လွှတ်ပေးမယ်...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ အဲဒါက သိပ်မသင့်တော်ဘူး ထင်ပါတယ် ...။ ကျွန်တော်တို့ကို ကိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ...။"

လီချိန်းရှီက စိုးရိမ်တကြီးဖြင့် ပြောရှာလေ၏။

ရွှီပေါ်အန်းက ရှင်းပြလိုက်လေသည်။

"မကြောက်ပါနဲ့...၊ ဒီဝံပုလွေတွေက မနေ့ကတည်းက ရေတစ်ပေါက်မှ မသောက်ရသေးဘူး...။ အရင် ကလည်း ဗိုက်ဆာထားတာဆိုတော့ အခု သူတို့မှာ အားသိပ်မရှိတော့ပါဘူး...။"

"ဟုတ်တယ်...၊ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး ပြောတာ မှန်တယ်...။"

လီချိန်းရှီ၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ဆက်ပြောလေ၏။

"ဒါဆိုရင် ကျွန်တော် လူနည်းနည်း သွားခေါ်လိုက်မယ်...။ ဒီဝံပုလွေတွေကို ယဉ်ကျေးအောင် ယဉ်ပါး အောင် သင်ကြားပြီး ကျွန်တော်တို့ရဲ့ အိမ်တွေကို စောင့်ရှောက်ခိုင်းလို့ ရမလားဆိုတာကို စောင့်ကြည့်ရ အောင်...။"

ရွှီပေါ်အန်း၏ မျက်လုံးများ လင်းလက်သွားခဲ့လေသည်။ သူ ဘာကြောင့် ဤအချက်ကို မတွေးမိခဲ့ ပါသနည်း။ လီချိန်းရှီ၏ ဉာဏ်ရည်မှာ အတော်လေး ထက်မြက်လှပေသည်။

အကယ်၍ ဝံပုလွေများကို ခွေးများကဲ့သို့ ယဉ်ပါးအောင် သင်ကြားနိုင်မည်ဆိုပါက ရွာ၏ လုံခြုံရေး အဆင့်မှာ သိသိသာသာ တိုးတက်လာမည် ဖြစ်လေသည်။

နောက်တစ်ကြိမ် ကွန်ကရစ် မြို့ရိုး ရောက်ရှိလာပြီး အကျိုးသက်ရောက်မှု ကောင်းမွန်ပါက ရွှီပေါ်အန်း သည် ကွန်ကရစ် ခြံဝင်းများကို အမြောက်အမြား တည်ဆောက်ပြီး တောင်ခြေတွင် လူတိုင်းအတွက် တောင်ပေါ်မြို့ငယ်လေး တစ်ခု ဖန်တီးပေးမည် ဖြစ်လေ၏။

ရွှီပေါ်အန်းသည် အနာဂတ်အတွက် စိတ်ကူးယဉ်နေစဉ် ရုတ်တရက် အခြားတစ်ဖက်မှ ဆူညံသော အော်သံများ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံများသည် သူ နားလည်နိုင်သော စကားသံများ ဖြစ် ကြောင်း ရွှီပေါ်အန်း သိရှိလိုက်လေ၏။

"သေရည်...၊ သေရည်...၊ သေရည်...၊ မင်းအတွက်...။"

ရွှီပေါ်အန်း ခေါင်းငုံ့၍ ကြည့်လိုက်ရာ စောစောက ထွက်သွားပြီး မည်သည့်အချိန်က ပြန်ရောက်နေမှန်း မသိရသော မျောက်နှစ်ကောင်သည် သစ်သားပုံးတစ်ပုံးကို သယ်ဆောင်ကာ ခေါင်ရှန်းရွာသားများရှိရာ နေရာသို့ ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရလေသည်။

ဤသည်မှာ ကျေးဇူးဆပ်ခြင်း၏ အစပျိုးမှုပင် ဖြစ်လေသည်။

ရွာသားများမှာ မျောက်များ၏ ထူးဆန်းသော အပြုအမူကြောင့် လုံးဝကို အူကြောင်ကြောင် ဖြစ်သွားခဲ့ ကြလေ၏။ သို့သော် ထိုသစ်သားပုံးမှာ စောစောက မျောက်များ ယူဆောင်သွားသော သူတို့၏ သစ်သား ပုံးပင် ဖြစ်ကြောင်းကိုမူ သူတို့ ရှင်းလင်းစွာ မှတ်မိနေကြလေသည်။

လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အို ရွာသားအချို့သည် အနီးသို့ ချဉ်းကပ်သွားကာ လက်ဖြင့် ယပ်ခပ်၍ အနံ့ခံကြည့်လိုက်ပြီးနောက် အံ့သြတကြီး ရေရွတ်လိုက်ကြလေသည်။

"ဘုရားရေ...၊ မျောက်သေရည်ပဲ...။ ထိပ်တန်းအရည်အသွေးရှိတဲ့ မျောက်သေရည်ပဲ...၊ ငါတို့တော့ ချမ်းသာပြီဟေ့...။"

"မျောက်သေရည်...။"

ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်း စိတ်ဝင်စားသွားခဲ့လေ၏။

ထိုအရာသည် အမှန်တကယ်ပင် ကောင်းမွန်သော အရာတစ်ခု ဖြစ်ပေသည်။

All Chapters