← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇)

ဇနီးဟောင်းနှင့် မထင်မှတ်ဘဲ ဆုံတွေ့ခြင်း

ထိုအသံကို ရွှီပေါ်အန်း အလွန်တရာ ရင်းနှီးနေခဲ့ပေသည်။

ဆယ်နှစ်ကျော်တိုင် နေ့ရောညပါ အတူတကွ နေထိုင်အလုပ်လုပ်ခဲ့ပြီးနောက် ဤအသံကို သူ ဘယ် တော့မှ မေ့နိုင်မည် မဟုတ်ချေ။

ဤအသံမှာ သူ၏ ဇနီးဟောင်း ချီရှောင်ရွှယ်၏ အသံပင် ဖြစ်လေသည်။

ရွှီပေါ်အန်းနှင့် ချီရှောင်ရွှယ်တို့သည်လည်း အောင်သွယ်ပေးမှုမှတစ်ဆင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်လေ၏။ ထိုအချိန်က ရွှီပေါ်အန်းသည် မဟာဘွဲ့ဖြင့် ကျောင်းပြီးခါစဖြစ်ပြီး အင်ဂျင်နီယာလောကသို့ ဝင်ရောက် လာကာ တစ်လလျှင် နေထိုင်စရိတ် ယွမ် နှစ်ရာ၊ သုံးရာသာရှိသော ဆင်းရဲသား လူငယ်ဘဝမှ လစဉ် ဝင်ငွေ ဆယ်ဆကျော် တိုးလာရုံသာမက နှစ်ကုန်ဆုကြေး၊ တိုးတက်မှုဆုကြေး၊ အိမ်ရာထောက်ပံ့ကြေး နှင့် အခြားသော ဝင်ငွေများပါ ရရှိလာသည့် သူဌေးပေါက်စလေး တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့ လေသည်။

ထိုခေတ်က ရွှီပေါ်အန်း၏ ခရိုင်တွင် အိမ်ရာတစ်စတုရန်းမီတာလျှင် ယွမ် (၈၀၀) မှ (၁,၀၀၀) ခန့်သာ ရှိခဲ့ကြောင်း နားလည်ထားရန် အရေးကြီးပေသည်။ ရွှီမိသားစု၏ လယ်ယာလုပ်ငန်းမှ တစ်နှစ်ဝင်ငွေမှာ ယွမ် (၁၀,၀၀၀) မျှသာ ရှိလေ၏။

ဤကဲ့သို့သော ဝင်ငွေက ရွှီပေါ်အန်းအား ပတ်ဝန်းကျင် ရွာများတွင် ချက်ချင်းပင် နာမည်ကြီးသူ တစ်ဦး ဖြစ်လာစေခဲ့သည်။ ရွှီပေါ်အန်း အိမ်ပြန်ရောက်သောအခါ ရွှီမိသားစုမှာ အိမ်ထောင်ဖက် လာရောက် ကမ်းလှမ်းသော အောင်သွယ်များနှင့် ပြည့်နှက်နေခဲ့လေ၏။

ချီရှောင်ရွှယ်၏ မိသားစုသည် မြို့ပေါ်တွင် နေထိုင်ကြလေသည်။ သူမတွင် သက်မွေးဝမ်းကျောင်း ကျောင်းဆင်းလက်မှတ်သာ ရှိသော်လည်း ငယ်ရွယ်ပြီး ချောမောလှပလေ၏။ ထို့အပြင် သူမ၏ မိဘနှစ်ပါးစလုံးမှာ မြို့နယ် မြေဩဇာစက်ရုံမှ အလုပ်သမားများ ဖြစ်ကြသည်။ ထိုအချိန်က ဤကဲ့သို့ သော ဝင်ငွေနှစ်ရပ်ရ မိသားစုမျိုးကို ချမ်းသာသော မိသားစုဟု သတ်မှတ်ကြလေသည်။

ထို့အပြင် ချီရှောင်ရွှယ်သည် အမှန်တကယ်ပင် ရုပ်ရည်ချောမောပြီး ကိုယ်လုံးကိုယ်ပေါက်လည်း လှပ ပေသည်။ သူမသည် မြို့နယ် ကျန်းမာရေးဌာနတွင် ယာယီသူနာပြုအဖြစ်လည်း လုပ်ကိုင်နေသေးလေ၏ ။ ထို့ကြောင့် ထိုအချိန်က သူမသည် ရွှီပေါ်အန်းနှင့် ရွှီမိသားစုတစ်ခုလုံးအတွက် အကောင်းဆုံး ရွေးချယ် မှုပင် ဖြစ်ခဲ့ပေသည်။

ထို့ကြောင့် ကျေးလက်မှ ကောင်လေးဖြစ်သော ရွှီပေါ်အန်းသည် မြို့ပေါ်မှ မိန်းကလေးတစ်ဦးနှင့် အိမ်ထောင်ကျခဲ့သဖြင့် ထိုအချိန်က ရွာရှိ လူပျိုကြီးများ၏ အားကျမှုကို အတော်လေး ခံခဲ့ရလေ၏။

သူတို့ အိမ်ထောင်ကျပြီးမှသာ ချီရှောင်ရွှယ်တွင် ကလေးမရနိုင်ကြောင်း ရွှီပေါ်အန်း သိရှိခဲ့ရလေသည်။

သို့သော် ဤသည်မှာ သုံးနှစ်ကြာပြီးမှ သိခဲ့ရခြင်း ဖြစ်လေ၏။

ထိုအချိန်က ရွှီပေါ်အန်းသည် အလုပ်စဝင်ခါစ လူသစ်တစ်ယောက် ဖြစ်လေသည်။ သူသည် ဆောက်လုပ် ရေး လုပ်ငန်းခွင်တွင် တစ်ခါသွားလျှင် လပေါင်းများစွာ နေရပြီး တစ်နှစ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာ အိမ်ပြန်လာနိုင်ရာ စုစုပေါင်းမှ တစ်လပင် မပြည့်ချေ။

ရွှီပေါ်အန်း၏ မိဘများသည် အစပိုင်းတွင် မြေးလေးတစ်ယောက် အမြန်ဆုံး ရရန် မျှော်လင့်ခဲ့ကြ သော်လည်း သုံးနှစ်ဆက်တိုက် ကလေးမရနိုင်ခဲ့ပေ။

အစပိုင်းတွင် ရွှီပေါ်အန်းသည် သူတို့နှစ်ဦး မကြာခဏ ခွဲနေရသောကြောင့်ဟု ထင်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ့ထက်နောက်ကျမှ အိမ်ထောင်ကျသော ရွယ်တူသူငယ်ချင်းများတွင် ကလေးများ ရှိနေကြပြီဖြစ်ကြောင်း မြင်သောအခါ ရွှီပေါ်အန်းလည်း စိုးရိမ်လာခဲ့လေ၏။

ဆေးရုံတွင် စစ်ဆေးကြည့်သောအခါ ချီရှောင်ရွှယ်တွင် ကျန်းမာရေး ပြဿနာ ရှိနေကြောင်း တွေ့ရှိခဲ့ ရလေသည်။

ချီရှောင်ရွှယ်ကို ကာကွယ်ရန်အတွက် ရွှီပေါ်အန်းသည် သူ၏ ကိုယ်ပိုင် ကျန်းမာရေး အခြေအနေကြောင့် သာ ဖြစ်သည်ဟု အမြဲတမ်း ပြောဆိုခဲ့ပြီး သူ၏ မိဘများကိုပင် အမှန်တရားကို လုံးဝ မပြောပြခဲ့ချေ။

*ငါ့အနေနဲ့ ဒီမိသားစုကို ထိန်းသိမ်းဖို့ ကြိုးစားအားထုတ်ခဲ့သမျှတွေက နောက်ဆုံးမှာတော့ အိမ်ပေါ်က နှင်ချခံရတာနဲ့ပဲ အဆုံးသတ်သွားမယ်လို့ လုံးဝ မထင်မှတ်ထားခဲ့ဘူး...။*

*ပိုပြီး ဒေါသထွက်စရာကောင်းတာက ဒါဟာ သူမရဲ့ အပြစ်ဖြစ်နေရက်နဲ့ ငါ့မှာ ဘာတစ်ခုမှ မကျန်တော့ဘဲ ထွက်သွားရအောင် အပြင်လူတွေနဲ့ ပူးပေါင်းပြီး ကြံစည်ခဲ့တာပဲ...။*

*သူမက ငါ့အလုပ်တောင် ပြုတ်လုနီးပါး ဖြစ်အောင် လုပ်ခဲ့သေးတယ်...၊ မဟုတ်ရင် ငါက တက်သစ်စ အကြီးတန်း စီမံကိန်းမန်နေဂျာနဲ့ ကုမ္ပဏီက အလားအလာရှိတဲ့ လူငယ်လေး တစ်ယောက်အဖြစ်ကနေ အခုလို အခွင့်အာဏာ မရှိတဲ့ အသုံးမကျတဲ့ နေရာမျိုးကို ရောက်လာမှာ မဟုတ်ဘူးလေ...။*

ထိုသို့တွေးမိပြီးနောက် ရွှီပေါ်အန်းသည် အံကို တင်းတင်းကြိတ်လိုက်လေ၏။

*နောက်ကြောင်းပြန်လှည့်ဖို့ဆိုတာ မရှိတော့ပါဘူး...။*

*မင်း ရွေးချယ်တဲ့လမ်းကို မင်း ဂုဏ်သိက္ခာကို မျိုသိပ်ပြီး အကျိုးဆက်တွေကို ခံစားရမှာပဲ...။*

ရွှီပေါ်အန်း ဘာတွေ တွေးနေမှန်း ချန်ဖိန်ဖိန် လုံးဝ မသိခဲ့ချေ။

သူမ၏ ကျောင်းနေဖက် သူငယ်ချင်းဟောင်းက နာမည်ခေါ်လိုက်သံကို ကြားသောအခါ ချန်ဖိန်ဖိန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး နှုတ်ဆက်ရန် ရွှီပေါ်အန်းကို ကျော်ဖြတ်ကာ အလျင်အမြန် လျှောက်သွား လိုက်လေ၏။

"အို... မဟုတ်ပါဘူး...၊ စီနီယာကမှ ပိုပိုပြီး ကျော့ရှင်းလာတာပါ...။"

ချီရှောင်ရွှယ်သည် ပြုံးလိုက်ရာ သူမ၏ မျက်လုံးလေးများမှာ လခြမ်းလေးများကဲ့သို့ ကွေးညွတ်သွား ခဲ့လေ၏။

"တူတူပါပဲ..."

ထိုသို့ပြောရင်း သူမသည် သူမ၏ အမျိုးသား အဖော်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

"ဘယ်လိုလဲ တက်ဝေ...၊ သူက ကျွန်မတို့ကျောင်းက အရင်တုန်းက အလှမယ် ချန်ဖိန်ဖိန်လေ...။ အရမ်း လှတယ် မဟုတ်လား...။"

ချီရှောင်ရွှယ်၏ အမျိုးသား အဖော်မှာ ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး ဖြစ်ပြီး ရှေ့သို့ ထွက်နေသော သူ၏ ဗိုက်ခေါက်ကြီးကြားမှ ရွှေရောင် ခါးပတ်ခေါင်းကို မြင်နေရ လေသည်။

ထိုအမျိုးသားသည် ချန်ဖိန်ဖိန်ကို မြင်သောအခါ သူ၏ မျက်လုံးငယ်လေးများမှာ အံ့အားသင့်စွာ ပြူး ကျယ်သွားခဲ့လေ၏။ ချီရှောင်ရွှယ်၏ မိတ်ဆက်စကားကို ကြားပြီးနောက်တွင် သူ၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။

"ဝိုး...၊ တကယ် မယုံနိုင်စရာပဲ...။ သူမက နာမည်ကြီး သရုပ်ဆောင် လျှိုထောင်းနဲ့ နည်းနည်း တူတယ် နော်...။ မင်းက သူမကို မင်းရဲ့ ကျောင်းနေဖက် သူငယ်ချင်းလို့ မပြောရင် သူမကို ကျောင်းမပြီးသေးတဲ့ တက္ကသိုလ် ကျောင်းသူလေးလို့ ငါ ထင်မိမှာ...။"

ချီရှောင်ရွှယ်သည် သိသိသာသာပင် အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့လေ၏။ မည်သို့ပင်ဆိုစေ သူမ ၏ အမျိုးသား အဖော်က ချန်ဖိန်ဖိန်ကို ဤမျှလောက် မြှောက်ပင့်ပြောဆိုနေခြင်းမှာ အခြေခံအားဖြင့် သူမကို အိုနေပြီဟု ပြောလိုက်ခြင်းပင် ဖြစ်လေသည်။

သူ စကားမှားသွားကြောင်း သိရှိသွားပုံရသော ထိုအမျိုးသားက အလျင်အမြန်ပင် အခြေအနေကို ပြန်လည် ထိန်းချုပ်ရန် ကြိုးစားကာ...၊

"အို... ငါတို့က ကျောင်းတစ်ကျောင်းတည်း မတက်ခဲ့ရတာ သိပ်နှမြောစရာ ကောင်းတာပဲ...။ ငါက မင်း တို့ နှစ်ယောက်ကိုပဲ သိတာ၊ မင်းတို့ နှစ်ယောက်လုံးက အရမ်းလှကြတာပဲ...။ မင်းတို့ ကျောင်းမှာ ချော ချောလှလှ ကောင်မလေးတွေ အများကြီး ရှိခဲ့မှာ သေချာတယ်...။" ပြောလိုက်လေ၏။

ချန်ဖိန်ဖိန်က မျက်မှောင်အနည်းငယ် ကြုတ်ကာ ချီရှောင်ရွှယ်ကို ကြည့်ရင်း မေးလိုက်လေသည်။

"စီနီယာ...၊ ဒါက ဘယ်သူလဲဟင်...။"

ချီရှောင်ရွှယ်က အမျိုးသားအား မျက်စောင်းထိုးကာ မိတ်ဆက်ပေးလေ၏။

"ဪ... သူက ငါ့ရဲ့ ရည်းစား ချန်တက်ဝေ လေ...၊ သူ့မိသားစုက ကျောက်မျက်ရတနာ လုပ်ငန်း လုပ် တာ...။ နောက်ရက်အနည်းငယ်နေရင် ငါ့မွေးနေ့ ရောက်တော့မှာမို့ တက်ဝေက ငါ့ကို ကားတစ်စီး ဝယ် ပေးမယ်လို့ အတင်းပြောနေလို့လေ...။"

"ဟူး... ငါလည်း သူ့ကို မတားနိုင်ပါဘူး...။ တကယ်တော့ ငါက ကားတစ်စီးဆိုရင် လုံလောက်ပြီလို့ ထင် တာ...။ ဒါပေမဲ့ တက်ဝေက ယွမ် လေး၊ ငါးသိန်းလောက် တန်တဲ့ ကားသစ်တစ်စီး ဝယ်ပေးမယ်ဆိုပြီး အတင်း လုပ်နေတာပဲ...။ တကယ်ကို ဖြုန်းတီးတာပဲ... လုံးဝ မလိုအပ်ပါဘူးလေ...။"

စကားပြောနေစဉ် ချီရှောင်ရွှယ်သည် ချန်တက်ဝေ၏ အနားသို့ မှီတွယ်လိုက်ပြီး အလွန် ပျော်ရွှင်နေပုံ ပေါ်လေ၏။

သူတို့နှစ်ဦးသည် ကျောင်းတက်စဉ်က 'သင့်တင့်သော ဆက်ဆံရေး' ရှိသည့် ကျောင်းနေဖက်များ ဖြစ်ခဲ့ ကြသော်လည်း ပညာရေးနှင့် ရုပ်ရည်အသွင်အပြင် အပါအဝင် အရာအားလုံးတွင် ချန်ဖိန်ဖိန်က ချီရှောင်ရွှယ်ထက် သာလွန်နေခဲ့သဖြင့် ၎င်းမှာ ချီရှောင်ရွှယ်အား အလွန် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ လေသည်။

နှိုင်းယှဉ်ခြင်းဆိုသည်မှာ လူ့သဘာဝပင် ဖြစ်လေ၏။

အထူးသဖြင့် အမျိုးသမီးများအကြားတွင် 'ငါ့သူငယ်ချင်း ဒုက္ခရောက်မှာကို ငါ ကြောက်ပေမဲ့ ငါ့သူ ငယ်ချင်း Land Rover ကားကြီး မောင်းနေမှာကိုလည်း ငါ ကြောက်တယ်' ဟူသော စကားပုံတစ်ခု ရှိလေသည်။

ထို့နောက် ချန်တက်ဝေသည် ချီရှောင်ရွှယ်၏ ပခုံးကို ဖက်လိုက်ပြီး ပိုက်ဆံ အလုံအလောက် ရှိပုံရကာ ပြောလေ၏။

"ဟေး...၊ မင်းက အဲဒီ စုတ်ပြတ်နေတဲ့ ကားလေးကို မောင်းနေတာ နှစ်အတော်ကြာနေပြီပဲ...၊ အခု ကားသစ်တစ်စီး လဲဖို့ အချိန်တန်ပြီလေ..။. ငါနဲ့အတူ ရှိနေတဲ့အချိန်မှာ မင်းကို ဒုက္ခမခံစေနိုင်ပါဘူး...။ ဒီလောက်ကတော့ ဘာမှ မဟုတ်ပါဘူး...၊ ငါတို့ တတ်နိုင်ပါတယ်...။"

ချီရှောင်ရွှယ်၏ စကားကို ကြားသောအခါ ချန်ဖိန်ဖိန်၏ အပြိုင်အဆိုင် စိတ်ဓာတ်မှာ ချက်ချင်းပင် လောင်ကျွမ်းလာခဲ့လေ၏။

ကွာရှင်းထားသည်မှာ နှစ်အတော်ကြာပြီဖြစ်ရာ အထင်သေးခံရခြင်း၏ ခံစားချက်ကို ချန်ဖိန်ဖိန်က အကောင်းဆုံး သိထားပေသည်။

"ဂုဏ်ယူပါတယ် စီနီယာ...၊ ဒီခေတ်ကြီးမှာ ဒီလောက် ဂရုစိုက်တတ်တဲ့ ယောက်ျားမျိုးက ရှားပါတယ်...၊ စီနီယာ သူ့ကို တန်ဖိုးထားရမယ်နော်...။"

ထိုသို့ပြောရင်း ချန်ဖိန်ဖိန်သည် အသံမထွက်ဘဲ သူမဘေးရှိ အနီရောင် Ford Raptor ကား၏ အင်ဂျင်ဖုံး ပေါ်သို့ မှီလိုက်လေ၏။

ချန်ဖိန်ဖိန်သည် အရပ်ရှည်ပြီး နူးညံ့သိမ်မွေ့သော ရုပ်ရည်ရှိသူ ဖြစ်သည်။ ယနေ့တွင် သူမသည် အပြင်မ ထွက်မီ တမင်တကာ မိတ်ကပ်လိမ်းခြယ်လာခဲ့လေ၏။ သူမသည် တစ်သောင်းတွင် တစ်ယောက်သာ ရှိတတ်သော အလှမျိုး မဟုတ်သော်လည်း လူငယ်များတွင် မရှိသော ရင့်ကျက်သည့် ဆွဲဆောင်မှုမျိုး ရှိနေကာ လူအများအား ဆွဲဆောင်နိုင်စွမ်းရှိသော ညို့ငင်အားပြည့်ဝသည့် မိန်းမပျိုလေး တစ်ဦး၏ ခံစား ချက်ကို ပေးစွမ်းနိုင်ပေသည်။

ချန်တက်ဝေသည် အစကတည်းက ချောင်အာမန်နှင့် စိတ်ဝင်စားမှု တူညီသူ ဖြစ်လေ၏။ ဇိမ်ခံကားကြီး ၏ ကြီးမားလှသော အင်ဂျင်ဖုံးပေါ်သို့ မှီလျက် ဇိမ်ခံပြီး လှပသည့် ခံစားချက်မျိုးကို ထုတ်ဖော်ပြသ နေ သော ချန်ဖိန်ဖိန်ကို မြင်သောအခါ သူမှာ ချက်ချင်းပင် ညို့ငင်ခံလိုက်ရပြီး သူမအပေါ်မှ အကြည့်မလွှဲ နိုင်အောင် ဖြစ်သွားခဲ့လေတော့သည်။

ချီရှောင်ရွှယ်သည် ဤမြင်ကွင်းကို မြင်သောအခါ ခြေဆောင့်ချချင်လောက်အောင် ဒေါသထွက်သွား သော်လည်း သူမက အရမ်းသိသာအောင်တော့ မပြချင်ခဲ့ချေ။

သူမက အလျင်အမြန် စကားလွှဲလိုက်ပြီး...၊

"မင်းလည်း ကားလာဝယ်တာလား...၊ ရွေးရတာ ဘယ်လိုနေလဲ...။ ငါ့အကြံဉာဏ်တွေ လိုသေးလား...။" ဟု မေးလိုက်လေသည်။

ချန်ဖိန်ဖိန်က အနည်းငယ် ပြုံး၍ ပြောလေ၏။

"ဪ... ဟုတ်တယ်...။ သေချာကြည့်ပေးပါဦး... ကျွန်မ အခုပဲ ပိုက်ဆံရှင်းတော့မလို့...။"

ချီရှောင်ရွှယ်က ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။

*ဟဲဟဲ... အခုတော့ ငါက အသာစီး ရသွားပြီ မဟုတ်လား...။*

ဤအရောင်းပြခန်းသည် BMW ၊ Mercedes-Benz ၊ သို့မဟုတ် Audi တို့ကဲ့သို့ ဇိမ်ခံကား အရောင်းပြခန်း မျိုး မဟုတ်ပေ။ ဤနေရာတွင် ယွမ် လေး၊ ငါးသိန်းထက် ပိုတန်သော ကားများ အများအပြား ရှိမည် မထင်ချေ။

"အို... မင်းက ဘယ်လိုကားမျိုး ဝယ်တာလဲ...။ ငါ့ရဲ့ တက်ဝေက ကားတွေအကြောင်း အများကြီး သိ တယ်...။ သူ အသက် ဆယ်နှစ်ကျော်လောက်ကတည်းက ငါနဲ့အတူ မြို့ထဲမှာ Mercedes ၊ BMW နဲ့ Audi မျိုးစုံကို မောင်းနေခဲ့တာ...။ ငါတို့ကို ပြောပြလေ... ငါတို့ မင်းကို ကူကြည့်ပေးမယ်...။"

ချန်ဖိန်ဖိန်က ပြုံး၍ ပြောလေ၏။

"ဒါက သိပ်ပြီး ကြည့်စရာမရှိတဲ့ သေးငယ်ပြီး စုတ်ပြတ်နေတဲ့ ကားလေး တစ်စီးပါပဲ...။ အဓိကကတော့ အခုခေတ်မှာ ကားမရှိရင် အရမ်း အဆင်မပြေလို့...၊ သွားရေးလာရေးအတွက်ပဲ ဝယ်လိုက်တာပါ...။"

ထိုသို့ပြောရင်း ချန်ဖိန်ဖိန်သည် အနည်းငယ် ခါးကိုင်းကာ အချိန်အတော်ကြာအောင် မတ်တတ်ရပ်နေရ သဖြင့် ညောင်းညာနေသည့်အလား သူမ၏ ခြေကျင်းဝတ်ကို ပွတ်သပ်လိုက်လေ၏။

ထိုလုပ်ဆောင်ချက်နှင့်အတူ ချန်ဖိန်ဖိန်သည် ကားဝယ်ယူမှု စာရွက်စာတမ်း တစ်အုပ်နှင့် တောက်ပနေ သော ကားသော့တစ်ချောင်းကို ကားအင်ဂျင်ဖုံးပေါ်သို့ အလိုက်သင့် ချထားလိုက်လေသည်။

ကားဝယ်ယူမှု စာရွက်စာတမ်းများနှင့် ကားသော့တို့သည် ချီရှောင်ရွှယ်နှင့် ချန်တက်ဝေတို့ မြင်သာ အောင် အထင်းသား ပြသထားသကဲ့သို့ ဖြစ်နေခဲ့လေ၏။

လှပသော အမျိုးသမီးက ခါးကိုင်းလိုက်သည်ကို မြင်သောအခါ ချန်တက်ဝေ၏ မျက်လုံးများမှာ ပြူး ထွက်လာလုနီးပါး ဖြစ်သွားခဲ့လေသည်။

နောက်တစ်ခဏတွင် ကားအင်ဂျင်ဖုံးပေါ်ရှိ ကားသော့များမှာ မတော်တဆ ဖြစ်သွားသည့်အလား ချန်ဖိန်ဖိန် မတ်တတ်ရပ်လိုက်ချိန်တွင် သူမနှင့် တိုက်မိပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့လေ၏။

ချန်တက်ဝေသည် ကားသော့ကို ကူညီကောက်ပေးရန် လူကြီးလူကောင်းဆန်စွာ အလျင်အမြန် သွား ရောက်ခဲ့သော်လည်း ကားသော့ပေါ်ရှိ ခလုတ်တစ်ခုကို မတော်တဆ နှိပ်မိသွားသဖြင့် Raptor ပစ်ကပ် ကားကြီးမှာ 'တီတီ' ဟု နှစ်ချက် မြည်သွားခဲ့လေသည်။

ထိုအသံမှာ လူသူကင်းမဲ့နေသော ခန်းမထဲတွင် အထူးသဖြင့် သိသာထင်ရှားနေခဲ့ပေသည်။

အခန်း (၁၈)

ငါ ထီပေါက်တာဆိုတော့ အဓိပ္ပာယ်ရှိတယ် မဟုတ်လား

မှန်ပေသည်။ ချန်ဖိန်ဖိန် ကိုင်ထားသော ကားသော့နှင့် စာရွက်စာတမ်းများမှာ သူမ ဝယ်ယူရန် စီစဉ်ထား သော ကား၏ စာရွက်စာတမ်းများနှင့် သော့များ မဟုတ်ချေ။

သူမ၏ကားမှာ သူမ၏ အမည်ပေါက်အဖြစ် အမည်ပြောင်းလဲခြင်း မပြုရသေးသဖြင့် သူမ၌ သော့မရှိ သေးပေ။ သူမ ကိုင်ထားသော သော့မှာ သူမ၏ အနောက်ရှိ Ford Raptor ကား၏ သော့ပင် ဖြစ်လေ သည်။

စောစောက ရွှီပေါ်အန်း ငွေရှင်းနေစဉ်တွင် သူသည် ပစ္စည်းတစ်ခုကို ကိုင်ထားရသဖြင့် ကားစာရွက်စာ တမ်းများနှင့် သော့များကို သယ်ဆောင်ရန် အဆင်မပြေဖြစ်နေခဲ့ရာ သူမက ကိုယ်တိုင်ကမ်းလှမ်း၍ ကူညီသယ်ဆောင်ပေးခဲ့ခြင်း ဖြစ်လေ၏။

ချီရှောင်ရွှယ်သည် Ford Raptor ကားကို မသိသော်လည်း ချန်တက်ဝေမှာမူ ကျွမ်းကျင်သူ တစ်ဦးဖြစ်ရာ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်များ ချက်ချင်းပင် ပေါ်လာခဲ့လေသည်။

သူက ချက်ချင်း ဝင်ပြောလိုက်လေ၏။

"အလှမယ်ချန်က သိပ်ကို နှိမ့်ချလွန်းပါတယ်...၊ ဒါဆို မင်းနောက်က Ford Raptor ကားက မင်းကား ပေါ့...၊ ဟုတ်လား...။ ငါ ငယ်ငယ်တုန်းက တစ်စီး မောင်းဖူးတယ်... အနိမ့်ဆုံး မော်ဒယ်တောင်မှ ပြုပြင် ထိန်းသိမ်းမှုတွေ လုပ်ပြီးရင် အနည်းဆုံး ယွမ် ခုနစ်သိန်း၊ ရှစ်သိန်းလောက် ကျတယ်...။ မင်းကားဆိုရင် ယွမ် တစ်သန်းကျော် တန်မှာပဲ...၊ အဲဒါကိုတောင် စုတ်ပြတ်နေတဲ့ ကားလေးလို့ ခေါ်သေးတယ်လား...။"

ချန်ဖိန်ဖိန်က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"မစ္စတာချန်...၊ ရှင်က တကယ် ကျွမ်းကျင်သူပဲ...။ ကားတွေအကြောင်း အကုန်သိနေတော့တာပဲ...။ ကျွန်မကတော့ သိပ်နားမလည်ပါဘူး...၊ ဒါပေမဲ့ ဒီအရောင်လေးက တော်တော် လှတယ်နော်...။"

ချီရှောင်ရွှယ်နှင့် ချန်တက်ဝေတို့၏ စိတ်ထဲတွင် တောက်ပသော အနီရောင် Ford Raptor ကားနှင့် ချောမောလှပသော မိန်းမပျိုလေး ချန်ဖိန်ဖိန်တို့မှာ အလွန် လိုက်ဖက်ညီလှပြီး ရိုင်းစိုင်းကြမ်းတမ်းသော အလှနှင့် ဘီလူးတစ်ကောင်ကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနေလေ၏။

ချီရှောင်ရွှယ်သည် ချန်တက်ဝေကို မယုံကြည်နိုင်စွာဖြင့် ကြည့်ကာ တီးတိုးမေးလိုက်လေသည်။

"ဒီကားက တကယ်ပဲ ယွမ် တစ်သန်းကျော် တန်လို့လား...။"

ချန်တက်ဝေက အနည်းငယ် ခေါင်းညိတ်လိုက်လေ၏။

"ဒါက ကားတန်ဖိုး သက်သက်ပဲ ရှိသေးတာလေ...၊ နောက်ပိုင်း ဆီဖိုးတွေ၊ ပြုပြင်ထိန်းသိမ်းစရိတ်တွေနဲ့ တခြား ကုန်ကျစရိတ်တွေက အမှတ်တံဆိပ်တူ တခြားကားတွေ အားလုံးထက် ပိုများတယ်...။ ငါ ကား လောကထဲ စဝင်ကာစတုန်းက ဒီကားကို လီဗာတစ်ချက် နင်းလိုက်ရင် ပေါက်စီတစ်တောင်းစာလောက် ကုန်တယ်လို့ လူတွေက ပြောကြတယ်...။ မင်းရဲ့ ကျောင်းနေဖက် သူငယ်ချင်းက တကယ့်ကို အင်အား ကြီးတဲ့ လူတစ်ယောက်ပဲ...။"

ချီရှောင်ရွှယ်၏ စိတ်ထဲတွင် မနာလိုမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူမက ခနဲ့တဲ့တဲ့ လေသံဖြင့် ပြောလိုက်လေ၏။

"ဖိန်ဖိန်... မင်းက တကယ် မတရားတာပဲ...။ အရင်တုန်းက မင်းရဲ့ အဝတ်အထည် လုပ်ငန်း ဘယ်လိုနေ လဲလို့ သူငယ်ချင်းတွေကို ကူညီပေးစေချင်လို့ ငါမေးတုန်းကတော့...။ မင်းက ဖြစ်သလို ရုန်းကန်နေ ရတယ်လို့ ပြောခဲ့တယ်...။ ခုတော့ ယွမ်သန်းချီတန်တဲ့ ဇိမ်ခံကားကြီးကို ဝယ်နိုင်နေတာကို...၊ မင်း လူဘယ်နှစ်ယောက်ကိုများ ကျွေးမွေးနေတာလဲ...။"

ချီရှောင်ရွှယ်၏ အမူအရာကို မြင်သောအခါ ချန်ဖိန်ဖိန်၏ ရင်ထဲတွင် အကြောင်းပြချက် မရှိဘဲ အောင် နိုင်သူ၏ ဂုဏ်ယူဝင့်ကြွားမှု တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

"အို...၊ စီနီယာ အထင်လွဲနေပြီ...။ ဒီကားက ကျွန်မကား မဟုတ်ပါဘူး...၊ ကျွန်မက သူငယ်ချင်း တစ်ယောက်နဲ့ ကားလာဝယ်တာပါ...။"

"ဟေး...၊ အစ်ကိုရွှီ...။ အဲဒီမှာ ဘာလုပ်နေတာလဲ...။ လာလေ ကျွန်မရဲ့ စီနီယာနဲ့ မိတ်ဆက်ပေးမယ်...။"

ထိုသို့ပြောရင်း ချန်ဖိန်ဖိန်သည် ရွှီပေါ်အန်း၏ အနားသို့ လှုပ်လီလှုပ်လဲ့ဖြင့် လျှောက်သွားကာ တမင်တ ကာဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ရွှီပေါ်အန်း၏ လက်မောင်းကို လှမ်းကိုင်လိုက်ပြီး သူမ၏ ခေါင်းကို သူ့ဘက်သို့ အနည်းငယ် မှီလိုက်လေရာ အလွန် ရင်းနှီးကျွမ်းဝင်ပုံ ရလေ၏။ ပြင်ပလူများ အမြင်တွင် သူတို့၏ ဆက်ဆံရေးမှာ အတော်လေး ထူးခြားပုံရပေသည်။

ချီရှောင်ရွှယ်မှာ အလွန်တရာ ဒေါသထွက်သွားခဲ့လေသည်။ သူမသည် ယွမ် လေး၊ ငါးသိန်းတန် ကား တစ်စီးကိုသာ ဝယ်နိုင်ခဲ့ပြီး ချန်ဖိန်ဖိန်၏ ကားမှာ ထိုထက် နှစ်ဆကျော်ပင် ပိုများနေသည် မဟုတ်ပါ လား။

ချန်ဖိန်ဖိန်က ကားသည် သူငယ်ချင်း တစ်ယောက်ပိုင်သည်ဟု ပြောခဲ့သော်လည်း ချန်ဖိန်ဖိန်တွင် ကားသော့ရှိနေခြင်းနှင့် အနီရောင်ကား ဖြစ်နေခြင်းတို့ကြောင့် ၎င်းမှာ ထိုသူက သူမကို ပေးသော လက်ဆောင်ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်ဟု ချီရှောင်ရွှယ်က သူမ၏ ကိုယ်ပိုင်အမြင်ဖြင့် ယုံကြည် ထားလိုက်လေ၏။

ဤအချက်က သူမ ကိုယ်တိုင် ကားဝယ်နိုင်သည်ထက်ပင် ပို၍ မနာလိုဝန်တို ဖြစ်သွားစေခဲ့ပေသည်။

*သူမက ဘာလို့ အမြဲတမ်း ငါ့ထက် ပိုကံကောင်းနေရတာလဲ...။*

ချီရှောင်ရွှယ်သည် ချန်ဖိန်ဖိန်ကို စူးရဲစွာ စိုက်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် မနာလိုမှု အရိပ်အယောင်များ လင်းလက်သွားခဲ့လေ၏။

ချန်ဖိန်ဖိန်၏ သူငယ်ချင်း၏ ကျောပြင်ကို ရုတ်တရက် မြင်လိုက်ရသောအခါ ချီရှောင်ရွှယ်သည် မသိ စိတ်ကပင် ထိတ်လန့်သွားခဲ့လေသည်။

*အဲဒီကျောပြင်က ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ... *

*မဖြစ်နိုင်ဘူး...။*

*လူလတ်ပိုင်း အမျိုးသားတွေ အားလုံးက ဆင်တူယိုးမှား ဝတ်ဆင်တတ်ကြတယ်... ။ ဒါမှမဟုတ် ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ လမ်းလျှောက်ပုံတွေတောင် ဆင်တူနေနိုင်တယ်...။ ငါက အပိုတွေ တွေး နေမိတာ ဖြစ်ရမယ်...။*

*ဘယ်လိုလုပ် ဒီလောက် တိုက်ဆိုင်နိုင်မှာလဲ...။*

*ဒါပေမဲ့ ချန်ဖိန်ဖိန်က အဲဒီလူကို 'အစ်ကိုရွှီ' လို့ ခေါ်လိုက်သလိုပဲ...။*

ထိုစဉ် ရွှီပေါ်အန်းသည် လှည့်ကြည့်လာခဲ့ပြီး သူ၏ မျက်လုံးများမှာ တည်ငြိမ်နေကာ ခြေလှမ်းများမှာ လည်း မှန်မှန်ဖြင့် ချန်ဖိန်ဖိန်က သူ၏ လက်မောင်းကို ကိုင်ထားခွင့်ပြုလျက် ဖြည်းညင်းစွာ လျှောက်လာ ခဲ့လေ၏။

*တကယ်ပဲ ရွှီပေါ်အန်းလား...။*

ချီရှောင်ရွှယ်၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားခဲ့လေသည်။

*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။*

*ဘယ်လိုလုပ် ရွှီပေါ်အန်း ဖြစ်နိုင်မှာလဲ...။*

ချီရှောင်ရွှယ်၏ ရင်ထဲတွင် ဒေါသတရားများ ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရလေ၏။

ချီရှောင်ရွှယ်၏ ဒေါသမှာ အကြောင်းပြချက် မရှိသည်တော့ မဟုတ်ပေ။

*ဘာမှမရှိဘဲ ထွက်သွားခဲ့ရတဲ့ အဲဒီခွေးကောင် ရွှီပေါ်အန်းက ဒီလောက် စျေးကြီးတဲ့ ကားတစ်စီး ဝယ်ဖို့ ဘယ်လိုလုပ်ပြီး များပြားတဲ့ ငွေကြေးတွေ ရှိနေနိုင်မှာလဲ...၊ သူ ဘယ်ကနေ ပိုက်ဆံရလာတာလဲ...။*

ချန်ဖိန်ဖိန်သည် ပြုံးလျက် ရွှီပေါ်အန်းအား ချီရှောင်ရွှယ်နှင့် ချန်တက်ဝေတို့ထံသို့ လျှောက်သွားရန် ကူညီ ပေးလိုက်လေ၏။

"စီနီယာ...၊ ဒါက ကျွန်မရဲ့...။"

သူမ စကားမဆုံးမီမှာပင် ချီရှောင်ရွှယ်သည် အံကို တင်းတင်းကြိတ်ကာ စကားလုံး အနည်းငယ်ကို အော်ဟစ်လိုက်လေသည်။

"ရွှီ... ပေါ်... အန်း...။"

ချီရှောင်ရွှယ်သည် ဖြည်းညင်းစွာနှင့် ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သဖြင့် ကြားရသူ မည်သူမဆို သူတို့ နှစ်ဦး၏ ဆက်ဆံရေးမှာ အတော်လေး တင်းမာနေကြောင်း သိသာထင်ရှားလှပေသည်။

"ရှင်တို့ နှစ်ယောက်က သိကြတာလား...။"

ချန်ဖိန်ဖိန်က အံ့အားသင့်စွာဖြင့် မေးလိုက်လေ၏။

ရွှီပေါ်အန်းက ခပ်ဖွဖွ ခေါင်းညိတ်လိုက်ပြီး သူ၏ လေသံမှာလည်း အတူတူပင် တည်ငြိမ်နေခဲ့လေသည်။

"ငါတို့ လွန်ခဲ့တဲ့ သုံးလကမှ ကွာရှင်းထားတာ...။ သူက ငါ့ရဲ့ ဇနီးဟောင်းလေ...။"

ချန်ဖိန်ဖိန်သည် အနည်းငယ် ကြိုတင် ပြင်ဆင်ထားခဲ့သော်လည်း ရလဒ်ကြောင့် အတော်လေး အံ့အား သင့်သွားခဲ့လေ၏။

*အောင်သွယ်ပေးတဲ့သူက ငါ့သူငယ်ချင်းရဲ့ ခင်ပွန်းဟောင်း ဖြစ်နေတာလား...။*

*ပိုဆိုးတာက မကြာသေးခင်ကမှ ငါက ချီရှောင်ရွှယ်ကို ရွှီပေါ်အန်းအကြောင်း မေးကြည့်ဖို့ စဉ်းစားနေ ခဲ့တာလေ...။*

ချီရှောင်ရွှယ်၏ ခင်ပွန်းသည်လည်း တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီတွင် အလုပ်လုပ် ကြောင်း ချန်ဖိန်ဖိန် ကြားဖူးခဲ့လေ၏။

*တစ်ချိန်လုံး ရွှီပေါ်အန်း ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်မှတ်ထားခဲ့ဘူး... ။*

"ရွှီပေါ်အန်း... ရှင် ရှင်းပြဖို့ လိုတယ်နော်...။"

ချီရှောင်ရွှယ်က မှုန်ကုပ်နေသော မျက်နှာဖြင့် တောင်းဆိုလိုက်လေသည်။

ချန်တက်ဝေကလည်း ရွှီပေါ်အန်းကို မောက်မာသော အမူအရာဖြင့် ကြည့်နေခဲ့လေ၏။

ရွှီပေါ်အန်းသည် အမြဲတမ်းလိုလို တည်ငြိမ်အေးဆေးစွာပင် ရှိနေခဲ့ပြီး သူ၏ရှေ့မှ လူနှစ်ယောက်က သူ့ကို ဒေါသထွက်အောင် မလုပ်နိုင်တော့သည့်အလားပင်။

"ဘာရှင်းပြရမှာလဲ...၊ ငါက ဘာလို့ မင်းကို ရှင်းပြရမှာလဲ...။"

"ရှင် လူယုတ်မာ...။"

ချီရှောင်ရွှယ်က အော်ဟစ်လိုက်ပြီး ဘေးရှိ Ford Raptor ကားကို လက်ညှိုးထိုးကာ...

"ဒီကားကို ရှင် ဝယ်တာလား...။"

ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်လေ၏။

"ဒီကားကို ငါ ဝယ်တာ မှန်တယ်...။ ဒါပေမဲ့ ငါက လူယုတ်မာတော့ မဟုတ်ဘူး...။ မင်း ဒီလို ဆက်ပြီး ပြဿနာရှာနေမယ်ဆိုရင် ငါတို့ ပြောစရာ ဘာမှမရှိတော့ဘူး...။ ငါ တခြား လုပ်စရာတွေ ရှိသေးတယ်၊ သွားလိုက်ပါဦးမယ်...။"

ရွှီပေါ်အန်း လှုပ်ရှားလိုက်သည်ကို မြင်သောအခါ ချီရှောင်ရွှယ်သည် ချက်ချင်းပင် ချန်တက်ဝေကို ခါချ လိုက်ပြီး ရွှီပေါ်အန်း၏ လမ်းကြောင်းကို ပိတ်ဆို့ရန် ရှေ့သို့ တိုးလာခဲ့လေသည်။

"အပြစ်ရှိနေလို့လား...၊ ထွက်ပြေးဖို့ ကြိုးစားနေတာလား...။ မလွယ်ဘူးနော်... ဒီနေ့ ရှင် သေချာ မရှင်းပြ ရင် ထွက်သွားဖို့ မစဉ်းစားနဲ့...။"

ရွှီပေါ်အန်း၏ မျက်လုံးများတွင် ခနဲ့တဲ့တဲ့ အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့လေ၏။

"ရှင်းပြရမယ် ဟုတ်လား...။ ဘာပြောရမှာလဲ...၊ မင်း ငါ့ကို ဘယ်လို ဖောက်ပြန်ခဲ့တယ်ဆိုတာ ပြောပြရ မှာလား...။ ဒါမှမဟုတ် မင်းတို့နှစ်ယောက် ပူးပေါင်းပြီး ငါ့ကို ဘယ်လို ကြံစည်ခဲ့ကြတယ်ဆိုတာ ပြောပြ ရမှာလား...။ မင်းတို့က မရှက်ပေမဲ့ ငါကတော့ ရှက်တယ်...၊ မင်း ငါ့ကို ဘာပြောစေချင်တာလဲ...။"

ချီရှောင်ရွှယ်၏ အမူအရာ ပြောင်းလဲသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"ပေါက်ကရတွေ လျှောက်ပြောမနေနဲ့...၊ အဲဒါကို ပြောခိုင်းနေတာ မဟုတ်ဘူး...။ ဒီလောက် စျေးကြီးတဲ့ ကားဝယ်ဖို့ ရှင် ဘယ်ကနေ ပိုက်ဆံရလာတာလဲဆိုတာကို ပြောခိုင်းနေတာ...။"

ချန်တက်ဝေက ရွှီပေါ်အန်းကို ဒေါသတကြီး လက်ညှိုးထိုးကာ ပြောလေ၏။

"မင်း နောက်တစ်ခါ ပေါက်ကရတွေ ထပ်ပြောရဲရင် မင်းကို နောက်တစ်ခါ ထပ်ပြီး ပညာပေးလိုက် မယ်...။"

ရွှီပေါ်အန်းသည် အရင်က လူမျိုး မဟုတ်တော့ချေ။

လွန်ခဲ့သော သုံးလက ရွှီပေါ်အန်း ဖောက်ပြန်သူ နှစ်ဦးကို အိပ်ရာပေါ်တွင် မိခဲ့စဉ်က သူတို့ကို ထိုးကြိတ် ရန် အခွင့်အရေး မရခဲ့ရုံသာမက သူတို့၏ ရိုက်နှက်မှုကိုပါ ခံခဲ့ရသဖြင့် ဓာတ်ပုံရိုက်ရန် သက်သေအ ထောက်အထားပင် မကျန်ခဲ့ချေ။ နောက်ပိုင်းတွင် အင်ဂျင်နီယာချုပ်ရွှီက လူလွှတ်ကာ သူတို့ကို ပညာ ပေးခဲ့သော်လည်း သူ၏ ဒေါသကိုမူ မပြေပျောက်စေခဲ့ပေ။

ချန်တက်ဝေ၏ မလေးမစား ပြုမူမှုကို မြင်သောအခါ ရွှီပေါ်အန်းသည် ချက်ချင်းပင် လက်လှမ်းကာ ချန်တက်ဝေ၏ လက်ချောင်းကို ဖမ်းဆုပ်၍ အနည်းငယ် လိမ်ချိုးလိုက်ရာ ချန်တက်ဝေမှာ အလန့် တကြား အော်ဟစ်လိုက်ရလေ၏။

"မင်း သေချင်...။"

ချန်တက်ဝေ သူ၏ ကြမ်းတမ်းသော စကားများကို မပြောဆိုနိုင်မီမှာပင် ရွှီပေါ်အန်း၏ ခွန်အားမှာ သိသိ သာသာ တိုးလာသည်ကို ခံစားလိုက်ရလေသည်။ သူ၏ မျက်နှာအမူအရာမှာ မသိစိတ်ကပင် ပြောင်းလဲ သွားပြီး နောက်ထပ် ဘာမှ မပြောရဲတော့ချေ။

လက်တွေ့ကျကျ တွေးခေါ်တတ်ခြင်းမှလွဲ၍ လူကြီးတစ်ယောက် ဖြစ်ရခြင်းတွင် ကောင်းသောအရာ ဘာမှမရှိပေ။

ဤအရွယ်ရောက်လာချိန်တွင် လူတိုင်းသည် အခြေအနေအရ ကွေးညွတ်နိုင်၊ ဆန့်ထုတ်နိုင်စွမ်းရှိသော မွေးရာပါ အရည်အချင်းကို နားလည်သဘောပေါက်လာကြပြီ ဖြစ်လေ၏။

ချီရှောင်ရွှယ်သည် လက်လှမ်းကာ ရွှီပေါ်အန်း၏ လက်ကို ဖယ်ရှားရန် ကြိုးစားရင်း အော်ဟစ်လိုက် လေသည်။

"သူ့ကို လွှတ်လိုက်...၊ ရွှီပေါ်အန်း...။ လွှတ်လိုက်လို့...၊ ရှင် မလွှတ်ရင် ရဲတိုင်လိုက်မှာနော်...။"

ရွှီပေါ်အန်းသည် ချန်တက်ဝေကို နှစ်မီတာခန့် အကွာသို့ တွန်းထုတ်ပစ်လိုက်လေ၏။ ချီရှောင်ရွှယ်မှာ အငိုက်မိသွားပြီး အရှိန်ကြောင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရလေသည်။

ဒေါက်မြင့်ဖိနပ် စီးထားသဖြင့် သူမမှာ မူလကတည်းက ခြေမခိုင်ဘဲ လဲကျလုနီးပါး ဖြစ်သွားကာ အလွန် အခြေအနေ ဆိုးရွားသွားခဲ့လေ၏။

ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါး လက်ခုပ်တီးကာ ပြောလိုက်လေသည်။

"အို...၊ ဟုတ်သားပဲ...။ ကားဝယ်ဖို့ ဒီလောက် ပိုက်ဆံ အများကြီး ဘယ်ကရလဲလို့ မင်း မေးခဲ့တယ် မဟုတ်လား...။ ငါ ထီပေါက်တာလေ...၊ ယွမ် သန်းသုံးရာလေ...။ ဟုတ်တယ်...၊ ပြီးခဲ့တဲ့လက ဘေးမြို့က ထီပေါက်တဲ့သူဟာ ငါပဲ...။ ငါက ယွမ် တစ်သန်းတန် ကားဝယ်တာ အဓိပ္ပာယ် မရှိဘူးလား...၊ လုံးဝကို အဓိပ္ပာယ်ရှိပါတယ်...။"

လူအများ၏ အံ့အားသင့်နေသော အကြည့်များကြားတွင် ရွှီပေါ်အန်းသည် ချန်ဖိန်ဖိန်ကို ယုယကြင်နာစွာ ကြည့်ကာ အပြုံးလေးဖြင့် ပြောလိုက်လေ၏။

"ဒါနဲ့ ဖိန်ဖိန်...၊ မနေ့က မင်းဆိုင်ကို သွားတုန်းက ဘေးနားမှာ ဗီလာ တစ်ခုခုရဲ့ အရောင်းရုံးလိုလို တွေ့ခဲ့ တယ်...။ အဲဒီက လူတွေကို မင်း သိလား...၊ ငါ ဗီလာတစ်လုံး ဝယ်ချင်လို့...။ သူတို့နဲ့ ဆက်သွယ်ဖို့ ကူညီ ပေးနိုင်မလား...။"

ဤစကားကို ကြားသောအခါ ချန်ဖိန်ဖိန်၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားခဲ့လေသည်။

*ဒီမယုံနိုင်စရာကောင်းတဲ့ ကြီးမားတဲ့ စည်းစိမ်က နောက်ဆုံးတော့ ငါ့ဆီကို ရောက်လာပြီလား...။*

လွန်ခဲ့သော ရက်အနည်းငယ်က ထိုအရောင်းရုံးမှ လူများသည် နေရာအနှံ့ ကြော်ငြာစာရွက်များ ဝေနေ ကြပြီး ဖောက်သည်များ ခေါ်လာပေးနိုင်သူ မည်သူမဆို ယာယီ အရောင်းကိုယ်စားလှယ်များ၏ ကော်မရှင်ကို ရရှိနိုင်ကြောင်း ပြောနေခဲ့ကြလေသည်။

ထိုနေရာရှိ အပေါဆုံး ဗီလာမှာ ယွမ် ဆယ်သန်းကျော် တန်ဖိုးရှိပေသည်။

အကယ်၍ ရွှီပေါ်အန်းသာ ကားတစ်စီးကို သူကိုယ်တိုင် အမှန်တကယ် ဝယ်ယူခဲ့မည်ဆိုပါက ၎င်းမှာ ကားတစ်စီး အလကား ရလိုက်သကဲ့သို့ပင် ဖြစ်နေလိမ့်မည်။

ဤအချိန်တွင် ချန်ဖိန်ဖိန်သည် ချီရှောင်ရွှယ်၏ ခံစားချက် သို့မဟုတ် ထင်မြင်ချက်များကို ဂရုမစိုက်နိုင် တော့ဘဲ ချက်ချင်းပင် ညင်သာစွာ ခေါင်းညိတ်ပြလိုက်လေ၏။ မည်သို့ပင်ဆိုစေကာမူ ငွေကို မည်သူက ငြင်းပယ်မည်နည်း။

"ပြဿနာမရှိပါဘူး...၊ အဆင်ပြေရင် အဲဒီကို သွားပြီး ခဏထိုင်ကြတာပေါ့...။"

ရွှီပေါ်အန်း တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ဘွန်ဆိုင်းထဲမှ ဆူညံသော အော်ဟစ်သံများ ထွက်ပေါ်လာခဲ့လေသည်။

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကယ်ပါဦး...။ ကျောက်ခဲလေး ရူးသွားပြီ...။"

ရွှီပေါ်အန်း ချက်ချင်းပင် ထိတ်လန့်သွားခဲ့လေ၏။ လီချိန်းရှီသည် ယခုအခါ သူ၏ ညာလက်ရုံး ဖြစ်နေပြီ ဖြစ်ရာ သူ့ကို ဘာမှ အဖြစ်ခံ၍ မရနိုင်ချေ။

သို့သော် ဘွန်ဆိုင်းများကို လုံခြုံပြီး သီးသန့်ဖြစ်သော နေရာတွင် ကြည့်ရှုရန် လိုအပ်ပေသည်။ ရွှီပေါ်အန်း အလွန်တရာ စိုးရိမ်ပူပန်သွားပြီး သူ၏ စကားများမှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့လေ၏။

သူက ဘေးရှိ အရောင်းကိုယ်စားလှယ်အား ချက်ချင်း မေးလိုက်လေသည်။

"ဒီအနီးအနားမှာ ဟိုတယ် ဒါမှမဟုတ် တည်းခိုခန်းများ ရှိသလား...။"

All Chapters