အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း (၁၉)
ချန်ဖိန်ဖိန်၏ အပြောင်းအလဲ
*ဟိုတယ်လား...၊ တည်းခိုခန်းလား...။*
*ဘာတွေများ အရှက်မရှိ ကိလေသာဆန်တဲ့ စကားတွေ ပြောနေတာလဲ...။*
*ငါ ဆိုလိုတာက အရောင်းရုံးကို သွားပြီး ခဏထိုင်ကြမယ်လို့ ပြောတာလေ... ရှင်က ဗီလာတွေ သွား ကြည့်ချင်တယ်ဆို...။*
*ဘာလို့ ရုတ်တရက်ကြီး ဟိုတယ်အကြောင်း ပြောလာရတာလဲ...၊ ငါတို့က ဟိုတယ်မှာ သွားထိုင်ကြမ လို့လား...။*
ချန်ဖိန်ဖိန်သည် သူမ၏ လည်ချောင်းထဲတွင် ပူလောင်သော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက် ရပြီး ရွှီပေါ်အန်းအပေါ် သူမ၏ ခံစားချက်များမှာ ဒေါသထွက်ခြင်းနှင့် တွန့်ဆုတ်ခြင်းတို့အကြား လူးလာ ခေါက်တုံ့ ဖြစ်နေခဲ့လေ၏။
ရွှီပေါ်အန်းသည် သူမကို မလေးစားဟု ခံစားရသဖြင့် ဒေါသထွက်မိခြင်း ဖြစ်လေသည်။
သူမသည် သူ့ကို စွန့်လွှတ်ရန် တွန့်ဆုတ်နေသော်လည်း ရွှီပေါ်အန်းကို အထင်လွဲမိမည်ကိုလည်း ကြောက်ရွံ့နေခဲ့ပေသည်။
*အကယ်၍ ရွှီပေါ်အန်းက သူ၏ ဇနီးဟောင်း ချီရှောင်ရွှယ်ကို ဒေါသထွက် စေရန် တမင်တကာ လုပ်ဆောင်နေခြင်းဆိုလျှင်ကော... ။*
*သူက ငါ့ကို အကာအကွယ်တစ်ခုအနေနဲ့ သုံးနေတာပဲ...၊ ဒီလောက် ကြီးမားတဲ့ စည်းစိမ်ဥစ္စာတွေနဲ့ သူက ဒီလိုလုပ်ဖို့ မလိုပါဘူး...။*
*ထီဆုကြီးက ယွမ် သန်းသုံးရာလေ...။*
ဤကဲ့သို့သော ပမာဏသည် လူအများစု၊ အနည်းဆုံးတော့ ချန်ဖိန်ဖိန် ကိုယ်တိုင်အတွက် ဘဝတစ်သက် တာတွင် ဘယ်သောအခါမျှ မရှာဖွေနိုင်သည့် ကြီးမားသော ဓနဥစ္စာပင် ဖြစ်လေ၏။
ဤကဲ့သို့သော လူမျိုးနှင့် မိတ်ဆွေဖွဲ့ရခြင်းမှာ လူအများစု ဘဝတစ်သက်တာလုံးတွင် တစ်ခါမှ မရရှိနိုင် သည့် ကံကောင်းခြင်းတစ်ခုပင် ဖြစ်ပေသည်။
ချန်ဖိန်ဖိန်သည် အတွင်းစိတ်ထဲတွင် ရုန်းကန်နေရပြီး ခေတ္တမျှ တွေးဝေသွားခဲ့လေ၏။
သို့သော် ကားအရောင်းပြခန်းမှ အရောင်းကိုယ်စားလှယ်မလေးမှာမူ အတော်လေး ရှင်းလင်းပြတ်သား သော စိတ်ထား ရှိလေသည်။
သူမသည် အဖြစ်အပျက်တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီး ယခုအခါ ရွှီပေါ်အန်းသည် ယွမ် သန်းသုံးရာ ထီပေါက်ထားသော သူဌေးတစ်ဦးဖြစ်ကြောင်း အမှန်တကယ် ယုံကြည်သွားခဲ့လေပြီ။
ယမန်နေ့က ကားမှာယူစဉ်က ရွှီပေါ်အန်း၏ ပြတ်သားမှုနှင့် ရက်ရောမှု၊ ယနေ့ ယွမ်သန်းချီ၍ ဖြုန်းတီး ပစ်မှုတို့ကို တွေးတောကြည့်လိုက်သောအခါ...
4S ကားအရောင်းပြခန်းမှ အရောင်းကိုယ်စားလှယ်မလေးသည် တံတွေးကို ခပ်ပြင်းပြင်း မျိုချလိုက်ပြီး သူမ၏ လက်သီးကို တိတ်ဆိတ်စွာ ဆုပ်ထားလိုက်လေ၏။
"လူကြီးမင်း... ပတ်ဝန်းကျင် တစ်ဝိုက်မှာ မော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေချည်းပဲ အပြည့် ပါ...။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေ မရှိပါဘူး...။"
ထိုသို့ပြောရင်း အရောင်းကိုယ်စားလှယ်မလေးသည် ရွှီပေါ်အန်းအနီးသို့ တိုးကပ်သွားကာ တီးတိုး ပြောလိုက်လေ၏။
"ဒါပေမဲ့ ကျွန်မရဲ့ အဆောင်က တစ်ယောက်ခန်းလေးပါ...။ လူကြီးမင်း သီးသန့်နေရာလေး လိုချင်တယ် ဆိုရင် ခဏ ငှားပေးလို့ ရပါတယ်ရှင့်...။"
ဤအချိန်တွင် ရွှီပေါ်အန်းမှာ နေရာရွေးချယ်နေရန် အချိန်မရှိတော့သဖြင့် ချက်ချင်းပင် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"လမ်းပြ...၊ မြန်မြန်လုပ်...။"
အရောင်းကိုယ်စားလှယ်မလေးသည် အတွင်းစိတ်ထဲ၌ အော်ဟစ်လိုက်ပြီး အလျင်အမြန် လှည့်ကာ ပြောလေ၏။
"လူကြီးမင်း...၊ ဒီဘက်ကို ကြွပါရှင့်...။"
အရောင်းကိုယ်စားလှယ်မလေးနှင့်အတူ ထွက်သွားသော ရွှီပေါ်အန်းကို မြင်သောအခါ ချန်ဖိန်ဖိန်မှာ ဆွံ့အသွားခဲ့လေသည်။
*ဘာတွေ ဖြစ်နေတာလဲ...။*
*ရွှီပေါ်အန်းက အရာအားလုံးကို စားဖို့ ဆန္ဒရှိလောက်အောင် အဲဒီလောက်တောင် စိတ်အားထက်သန် နေတာလား...။*
*သူက ဘယ်သူနဲ့မဆို ဖြစ်နိုင်တာလား...၊ သူများ သိုင်းဝတ္ထုတွေထဲကလို ကုသမရတဲ့ မူးယစ်ဆေး တစ်ခုခုနဲ့ အဆိပ်ခတ်ခံထားရလို့လား...။
*ဒါပေမဲ့ ငါက သူ့ကို ငြင်းမယ်လို့ မပြောခဲ့ပါဘူး...။*
*ချန်ဖိန်ဖိန်... မင်း အခု အသက်လည်း မငယ်တော့ဘူး...။ မင်းက လှနေသေးတယ်ဆိုပေမဲ့ အလှအပက စားပွဲပေါ် ဟင်းလျာတွေ ရောက်လာအောင် လုပ်ပေးနိုင်တာမှ မဟုတ်တာ...။ တစ်ယောက်တည်း ရှာဖွေစားသောက် နေရတာက တကယ်ကို ပင်ပန်းလွန်းပါတယ်...။*
*အရင်က နောက်ထပ် အိမ်ထောင်မပြုတော့ဘူးလို့ စဉ်းစားထားတာက တစ်ကဏ္ဍထား...၊ အခု မှန်ကန် တဲ့လူကို တွေ့ပြီး စိတ်ဝင်စားနေပြီဆိုမှ ဘာလို့ အခွင့်အရေးကို အရမယူရမှာလဲ...။*
*လူလတ်ပိုင်းအရွယ် ရောက်လာမှ ဘယ်သူက မင်းရဲ့ ဟန်ဆောင်မှုတွေနဲ့ ခက်ခဲချင်ယောင် ဆောင်နေ တာတွေကို ဖြေရှင်းဖို့ ခွန်အားရှိမှာလဲ...။*
*အချိန်ဖြုန်းတာက လူသတ်တာနဲ့ အတူတူပဲ...။*
*4S ကားအရောင်းပြခန်းက အဲဒီ အရောင်းကိုယ်စားလှယ်မလေးကို ကြည့်စမ်း... သူမက မင်းလောက် အရာရာတိုင်းမှာ မကောင်းပေမဲ့ သူမက ငယ်ရွယ်တယ်လေ...။*
*မင်း ဒီတိုင်း ဆက်လုပ်နေရင် ကြီးမားတဲ့ စည်းစိမ်ဥစ္စာတွေကို လက်လွှတ်လိုက်ရလိမ့်မယ်...။*
ချန်ဖိန်ဖိန်သည် သူမကိုယ်သူမ တိတ်တဆိတ် အပြစ်တင်မိပြီး အမှားများမှ သင်ခန်းစာယူကာ ယွမ် သန်းသုံးရာကို လုံးဝ အလဟဿ အဖြစ်မခံတော့ဟု ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေမိလေ၏။
ဤအချိန်တွင် ချန်ဖိန်ဖိန်၏ စိတ်နေသဘောထားမှာ လုံးဝကို ပြောင်းလဲသွားခဲ့လေပြီ။ သေချာသည်မှာ ယွမ် သန်းသုံးရာကဲ့သို့သော ကြီးမားသည့် စည်းစိမ်ဥစ္စာ၏ရှေ့တွင် လူအနည်းငယ်သာ တည်ငြိမ်စွာ နေနိုင်မည် ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်အတော်ကြာက အင်တာနက်ပေါ်တွင် အလွန် ရေပန်းစားသော ပို့စ်တစ်ခု ရှိခဲ့ဖူးလေ၏။
[အကယ်၍ ငါက မင်းကို ယွမ် ငါးသန်းပေးပြီး မစင်တစ်တုံး စားခိုင်းရင် မင်း စားမလား...။]
အထောက်ခံအများဆုံး အဖြေမှာ အံ့သြစရာကောင်းလောက်အောင်ပင်...၊
[တစ်ကိုက် စားလိုက်မယ်...။ ပြီးရင် ထပ်စားမယ်...။ ဒီပိုက်ဆံကို ယူရတာ စိတ်အေးလက်အေး မရှိမှာ စိုးလို့ပါ...။] ဟူ၍ပင် ဖြစ်လေသည်။
အကယ်၍ ယွမ် ငါးသန်းက ဤမျှလောက် အစွမ်းထက်နေလျှင် ယွမ် သန်းသုံးရာဆိုလျှင် မည်သို့သော မှော်အစွမ်းမျိုး ပိုင်ဆိုင်ထားမည်နည်း။
ချန်ဖိန်ဖိန်သည် ယခင်က ရွှီပေါ်အန်းကို မျက်စိပသာဒဖြစ်ဖွယ် ကောင်းသည်ဟု ထင်မြင်ခဲ့ပြီး သူတို့နှစ်ဦး အဆင်ပြေခဲ့ကြသော်လည်း လက်တွေ့ကျသော စီးပွားရေး ပြဿနာများကို ထည့်သွင်းစဉ်းစားပြီးနောက် သူမသည် ဝမ်းနည်းစွာဖြင့် သူတို့အကြားတွင် မျဉ်းတစ်ကြောင်း တားခဲ့ရလေ၏။
သို့သော် ယခုအခါ ယွမ် သန်းသုံးရာ လောင်းကြေးထပ်ထားချိန်တွင် မည်သည့် လက်တွေ့ ပြဿနာကိုမျှ မဖြေရှင်းနိုင်စရာ ရှိပါမည်နည်း။
ထို့အပြင် ရွှီပေါ်အန်းသည် ဘာမျှမလုပ်ဘဲ ထိုင်နေမည့် လူစားမျိုး မဟုတ်ဘဲ သင့်တော်သော အလုပ် အကိုင်တစ်ခု ရှိနေသေးသည် မဟုတ်ပါလား။
ဤကဲ့သို့သော အရည်အသွေးများရှိသည့် လူမျိုးကို သူမ၏ လက်ရှိ မိတ်ဆွေအသိုင်းအဝိုင်းတွင် လုံးဝ ရှာမတွေ့နိုင်ပေ။
ချန်ဖိန်ဖိန် အတွေးလွန်နေစဉ် ဘေးတွင် ရပ်နေသော ချီရှောင်ရွှယ်နှင့် ချန်တက်ဝေတို့မှာ လုံးဝကို အူကြောင်ကြောင် ဖြစ်နေခဲ့ကြလေ၏။
ရွှီပေါ်အန်း ဘာမှမရှိဘဲ ကွာရှင်းနိုင်ခဲ့ခြင်းမှာ သူတို့နှစ်ဦး ပူးပေါင်း၍ ထောင်ချောက်ဆင်ခဲ့သောကြောင့် ပင် ဖြစ်လေသည်။
ယခုအခါ ရွှီပေါ်အန်းသည် ပိုက်ဆံတစ်ပြားမှ မရှိသော သူဖုန်းစားဘဝမှ ပိုင်ဆိုင်မှု ယွမ် သန်းတစ်ရာ ကျော်ရှိသော သူဌေးကြီးအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့လေပြီ။
*တစ်ခုခုတော့ မှားနေပြီ...။*
*ထီဆု ယွမ် သန်းသုံးရာ ပေါက်တယ်ဆိုတာ ဟားဟား... ။ ဘယ်လိုလုပ်ပြီး အဲဒီလောက် မယုံနိုင်စရာ ကောင်းရမှာလဲ...။*
*အကယ်၍များ အမှန်တကယ် ဖြစ်ခဲ့မယ်ဆိုရင် ပိုက်ဆံတွေကို ပြန်ယူနိုင်ခြေ ရှိမလား...။*
"ဖိန်ဖိန်... ငါတို့ရဲ့ ကျောင်းနေဖက် သူငယ်ချင်း ဆက်ဆံရေးကို ထောက်ထားပြီး ငါ့ကို အမှန်တိုင်း ပြော ပါ...။ ရွှီပေါ်အန်းက တကယ်ပဲ ယွမ် သန်းသုံးရာ ထီပေါက်ခဲ့တာလား...။"
ချီရှောင်ရွှယ်သည် ချန်ဖိန်ဖိန်အား မျှော်လင့်ချက်အပြည့်ဖြင့် မျက်တောင်များ ပုတ်ခတ်ကာ မေးလိုက် လေ၏။
ချန်ဖိန်ဖိန်သည် သူမ၏ စိုးရိမ်ပူပန်နေသော ရင်ခုန်သံများကို ငြိမ်သက်အောင် ထိန်းချုပ်လိုက်ပြီး သူမ၏ လေသံကို ပုံမှန်အတိုင်း ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်လေသည်။
"စီနီယာ...ဒီကိစ္စက...၊ ဟူး...။ စီနီယာနဲ့ အစ်ကိုရွှီ နှစ်ယောက်စလုံး စိတ်အေးအေးထားသင့်တယ်...။ ငါတို့ ဒါကို နောက်မှ ပြောကြတာပေါ့...။"
ချန်ဖိန်ဖိန်သည် ရွှီပေါ်အန်း ထီပေါက်သည်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ရသော်လည်း သူ ထီပေါက်ခဲ့သည်ကိုမူ အမှန်တကယ် ယုံကြည်ထားလေ၏။
မဟုတ်လျှင် ဤဇိမ်ခံကားကြီး၏ ဇာတ်လမ်းကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။
သို့သော် ရွှီပေါ်အန်းနှင့် နှစ်ကြိမ်သာ ဆုံတွေ့ဖူးသူ တစ်ယောက်အနေဖြင့် ချန်ဖိန်ဖိန်သည် ရွှီပေါ်အန်း ကိုယ်စား ချီရှောင်ရွှယ်အား ရှင်းပြရန် သို့မဟုတ် အဖြေပေးရန် မရဲဝံ့ခဲ့ချေ။
နောက်ပိုင်းတွင် ရွှီပေါ်အန်း သိသွားပြီး သူမ၏ လုပ်ရပ်များကို မကျေမနပ်ဖြစ်ကာ သူမကိုယ်တိုင် ချောက်ချသကဲ့သို့ ဖြစ်သွားမည်ကို ရှောင်ရှားရန်အတွက်ပင် ဖြစ်လေ၏။
သူမ လိုချင်သော အဖြေကို မရရှိသည်ကို မြင်သောအခါ ချီရှောင်ရွှယ်က အဓိပ္ပာယ်ပါပါဖြင့် မေးလိုက် လေသည်။
"ဖိန်ဖိန်...၊ ဒီကားကို ရွှီပေါ်အန်းက မင်းအတွက် ဝယ်ပေးတာလား...။"
ချန်ဖိန်ဖိန် လန့်ဖျပ်သွားပြီး အလျင်အမြန် ငြင်းဆိုလိုက်လေ၏။
"စီနီယာ...၊ စီနီယာ တကယ် အထင်လွဲနေပြီ...။ ဒီကားကို အစ်ကိုရွှီ ကိုယ်တိုင် ဝယ်တာပါ...၊ ကျွန်မက သူ့ကို ပစ္စည်းတချို့ ကူသယ်ပေးရုံပါပဲ...။"
"တကယ်လား...။"
ချီရှောင်ရွှယ်၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော မယုံကြည်မှုများ ပေါ်လွင်နေခဲ့လေ၏။
ချန်ဖိန်ဖိန်က အတင်းပြုံး၍ ပြောလေသည်။
"စီနီယာ မယုံရင် သွားပြီး သူ့ကို ကိုယ်တိုင် သွားမေးကြည့်လိုက်ပါ...။ ကျွန်မ တကယ် ရှင်းမပြတတ် တော့ဘူး...။"
ချီရှောင်ရွှယ်က စိတ်တိုစွာဖြင့် ပြောလေ၏။
"သူ့ကို မေးရမယ် ဟုတ်လား...။ သူက အခု အရွယ်ရောက်နေပြီ...၊ သူ့အမြီးက အရမ်း ရှည်နေပြီ...။ အဲဒီတုန်းက သူ စီမံကိန်းမှာ စိတ်အေးချမ်းသာစွာ အလုပ်လုပ်နိုင်အောင် အိမ်ကိစ္စတွေကို ဘယ်သူက ဂရုစိုက်ပေးခဲ့လဲဆိုတာ သူ မမှတ်မိတော့ဘူးလား...။"
"အခု သူ အောင်မြင်သွားပြီး ရုံးချုပ်ကို ပြောင်းလာရတဲ့အခါကျတော့ ငါနဲ့ ကွာရှင်းရတာထက်စာရင် ဘာမှမပါဘဲ ထွက်သွားတာကိုပဲ သူက ပိုသဘောကျတယ်...။ ပြီးတော့ ငါ သူ့ကို ဖောက်ပြန်တယ်လို့ တောင် မဟုတ်မမှန် စွပ်စွဲခဲ့သေးတယ်...။ ဘယ်လောက်တောင် ကျေးဇူးကန်းတဲ့ လူယုတ်မာလဲ...။"
ချန်ဖိန်ဖိန်သည် အနည်းငယ် အနေရခက်စွာဖြင့် အတင်းပြုံးပြလိုက်လေ၏။ ချီရှောင်ရွှယ်၏ စကားနှင့် ရွှီပေါ်အန်း၏ စကားတို့မှာ လုံးဝ ကွဲလွဲနေပုံ ရလေသည်။
ဘယ်သူ့ကို ယုံရမည်နည်းဆိုသည်ကို သူမ မသိခဲ့ချေ။
သို့သော် ထိုအရာများက အရေးမကြီးပေ။ အရေးကြီးသည်မှာ ထိုယွမ် သန်းသုံးရာ ဘယ်မှာရှိသည်ကို သူမ သိချင်နေခြင်းပင် ဖြစ်လေ၏။
ချန်ဖိန်ဖိန်က ခြောက်ကပ်ကပ် ရယ်မောနေသည်ကိုသာ မြင်သောအခါ ချီရှောင်ရွှယ်က သံသယဖြင့် မေးလိုက်လေသည်။
"ဖိန်ဖိန်...၊ မင်း သူနဲ့ ဘယ်လို သိတာလဲ...။ မင်း သူ့ကို သတိထားဖို့ လိုတယ်နော်...။ သူ ဘယ်လို ဖြစ်သွားပြီလဲဆိုတာ ကြည့်လိုက်ဦး...။ နေ့ခင်းကြောင်တောင်ကြီးကိုတောင် သူ့ရဲ့ ကိုယ်ပိုင်ဘဝက ဒီလောက် ယိုယွင်းနေတာ...။ မင်း သူ့ရဲ့ ထောင်ချောက်ထဲကို လုံးဝ မကျသွားစေနဲ့... ၊သူက အဲဒီလောက် ကံကောင်းမယ်လို့ ငါ မထင်သေးဘူး...။"
ဤဖြစ်ရပ်ပြီးနောက် ချီရှောင်ရွှယ်သည် ထိုနေရာတွင် ကားဝယ်ရန် စိတ်ဝင်စားမှု လုံးဝ ပျောက်ဆုံးသွား ခဲ့လေ၏။
အခြားသူတစ်ဦး၏ ယွမ်သန်းချီတန်သော ဇိမ်ခံကားကြီးရှေ့တွင် သူမက အမှတ်တံဆိပ်တူသော စျေး ပေါသည့် ကားတစ်စီးကို ဝယ်မည်ဆိုလျှင် ချီရှောင်ရွှယ်အနေဖြင့် မလွှဲမသွေ မကျေမနပ် ဖြစ်ရပေ လိမ့်မည်။
ထို့ကြောင့် သူတို့သည် အလျင်အမြန် ထွက်ခွာသွားခဲ့ကြလေ၏။
တစ်ချိန်တည်းမှာပင် ရွှီပေါ်အန်းသည် အရောင်းကိုယ်စားလှယ်မလေး နောက်သို့လိုက်ကာ 4S ကားအ ရောင်းပြခန်း နောက်ဘက်ရှိ သုံးထပ်တိုက် အဆောက်အအုံ တစ်ခုသို့ ရောက်ရှိသွားခဲ့လေသည်။
အိမ်များမှာ ကိုယ်တိုင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး တစ်ယောက်နေ အဆောင်များမှာ စံနှုန်းမီ အခန်း များ ဖြစ်သော်လည်း သိပ်မကြီးမားလှချေ။ အခန်းများမှာ မတူညီသော စံနှုန်းများ ရှိပြီး အခန်းအကျယ် အဝန်းများလည်း ကွဲပြားနိုင်ပေသည်။
ရွှီပေါ်အန်းသည် အရောင်းကိုယ်စားလှယ်မလေး နောက်မှ အခန်းထဲသို့ ဝင်သွားပြီးနောက် သူမအား ပြောလိုက်လေ၏။
"တောင်းပန်ပါတယ်...၊ ငါ တက်ရမယ့် အရမ်း အရေးကြီးတဲ့ ဗီဒီယို ကွန်ဖရင့် အစည်းအဝေး တစ်ခု ရှိလို့ပါ...။ အဲဒါက စီးပွားရေး လျှို့ဝှက်ချက်တွေ ပါဝင်နေလို့ ခဏလောက် အပြင်ထွက်ပေးပြီး ငါ့ကို သီးသန့် နေရာလေး ပေးလို့ရမလား...။"
အကယ်၍ သင့်လုပ်ဖော်ကိုင်ဖက်က ထိုသို့ပြောမည်ဆိုလျှင် သေချာပေါက် အဆင်ပြေမည် မဟုတ်ချေ။
သို့သော် 4S အရောင်းပြခန်းမှ မန်နေဂျာတစ်ဦးသာ ဖြစ်ခဲ့မည်ဆိုလျှင် ထိုသို့ ဖြစ်ချင်မှ ဖြစ်မည်။ မည်သို့ ပင်ဆိုစေကာမူ ရာထူးပိုကြီးသော အရာရှိတစ်ဦးသည် ဩဇာလွှမ်းမိုးမှု အများအပြား ရှိနိုင်ပေသည်။
အကယ်၍ ကျွန်မရှေ့မှ လူပျိုဖြစ်ပုံရသော ဤချမ်းသာသည့် ဖောက်သည်သာ ဆိုလျှင်မူ အရာရာက ပိုမို လွယ်ကူသွားမည် ဖြစ်လေ၏။ မည်သို့ပင်ဆိုစေ ငွေက စကားပြောသည် မဟုတ်ပါလား။
ဤကားတစ်စီးတည်း ရောင်းချရမှုက သူမအတွက် ရောင်းရငွေ ယွမ် သောင်းချီနှင့် ကားအပိုပစ္စည်းများ မှ ကော်မရှင်များကို ရရှိစေခဲ့လေသည်။
ဤသူသည် ဒဏ္ဍာရီထဲက ပိုက်ဆံများသော သကြားဖေဖေကြီး မဟုတ်ပါဘူးလား...။
သဘာဝကျကျပင် လူတစ်ယောက်သည် မိမိ၏ သကြားဖေဖေကြီး၏ တောင်းဆိုချက်များကို ချွင်းချက် မရှိ နာခံရမည် ဖြစ်လေ၏။
အရောင်းကိုယ်စားလှယ်မလေးက ချက်ချင်းပင် ပြုံး၍ ပြောလိုက်လေသည်။
"ပြဿနာမရှိပါဘူး...၊ ဘယ်သူမှ လာမနှောင့်ယှက်အောင် ကျွန်မ အပြင်ဘက်ကနေ စောင့်ပေးထား ပါ့မယ်...။ တစ်ခုခု လိုအပ်ရင် အချိန်မရွေး ခေါ်လိုက်ပါရှင့်...။"
ရွှီပေါ်အန်း ပြုံးကာ ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။
အရောင်းကိုယ်စားလှယ်မလေး ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရွှီပေါ်အန်းသည် တံခါးကို ကမန်းက တမ်း ပိတ်ကာ သော့ကို သေချာစွာ ခတ်လိုက်လေသည်။
စစ်ဆေးကြည့်ပြီးနောက် ပြဿနာ မရှိကြောင်း တွေ့ရှိရသောအခါ သူသည် ဘွန်ဆိုင်းကို ထုတ်ယူလိုက် ပြီး သူ့ကို အလွန် စိုးရိမ်ပူပန်စေခဲ့သော အတွင်းပိုင်းရှိ မြင်ကွင်းကို ကြည့်လိုက်လေ၏။
ရွာသားအချို့ မြေကြီးပေါ်တွင် ပြန့်ကျဲစွာ လဲကျနေပြီး မျောက်အချို့လည်း မြေကြီးပေါ်တွင် လဲကျနေကြ လေသည်။
လီချိန်းရှီသည် မျက်နှာတစ်ခုလုံး နီရဲကာ ချွေးများ ရွှဲရွှဲစိုနေပြီး မြေကြီးပေါ်တွင် ဒူးထောက်နေခဲ့လေ၏။
သူသည် အရှေ့ဘက်သို့ ဦးချလိုက်၊ အနောက်ဘက်သို့ ဦးချလိုက်ဖြင့် တစ်စုံတစ်ရာကို မပီမသ ရေရွတ် နေခဲ့လေသည်။
"တစ်ယောက်ယောက်က ဒီမှာ ဘာတွေဖြစ်နေတာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား...။" ဟု ရွှီပေါ်အန်း က တင်းမာသော အမူအရာဖြင့် မေးလိုက်လေ၏။
အခန်း (၂၀)
အံ့ဖွယ် အမူးပြေဆေး
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ အရှင်နတ်မင်းကြီး ပေးသနားတဲ့ နတ်သေရည်နဲ့ မျောက်သေရည် ကို နည်းနည်းလောက် သောက်လိုက်တာနဲ့ သူတို့ ခုလိုတွေ ဖြစ်ကုန်တာပါပဲ...။"
"သူတို့က ပုံမှန်ဆိုရင် အရက်တော်တော် သောက်နိုင်ကြတာပါ...။ ဒီနေ့က အများကြီးတောင် မသောက် ရသေးဘူးလေ...၊ ဘယ်လိုလုပ် ခုလိုတွေ ဖြစ်ကုန်တာလဲမသိဘူး...။"
"ဟုတ်တယ်... ပြဿနာတစ်ခုခုများ ရှိနေမလား...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးတို့ကို ကူညီပါဦး...။"
ရွာသားများ၏ ရှင်းပြချက်ကို နားထောင်ရင်း ရွှီပေါ်အန်းသည် ဘွန်ဆိုင်းထဲရှိ အခြေအနေကို ကမန်း ကတမ်းနှင့် သေချာစွာ အာရုံခံ ကြည့်ရှုလိုက်လေ၏။
မေ့လဲသွားသော ရွာသားများသည် အိပ်ပျော်သွားခြင်းသာ ဖြစ်ကြောင်း သိလိုက်ရပြီးနောက် ရွှီပေါ်အန်း သက်ပြင်းချနိုင်သွားခဲ့လေသည်။
*ဪ...၊ အရက်အများကြီး သောက်မိလို့ပဲ...။ တော်သေးတာပေါ့...။*
ရွှီပေါ်အန်းက နှစ်သိမ့်လိုက်လေ၏။
"ဘာမှမဖြစ်ပါဘူး...။ ငါ သေချာ စစ်ဆေးပြီးပါပြီ...၊ ရိုးရိုး အရက်မူးတာပါပဲ...။ လီချိန်းရှီက အရက် တော်တော် သောက်နိုင်တဲ့ပုံပဲ...။ ဒီထက်ပိုသောက်ရင်တော့ သူလည်း မေ့လဲသွားလောက်တယ်...။"
မျောက်သေရည်တွင် အရက်ပါဝင်မှု အလွန် နည်းပါးလှပေသည်။ ရွှီပေါ်အန်း၏ နှိုင်းယှဉ်ချက်အရ ဘွန်ဆိုင်းထဲရှိ မဟာကျင့်မင်းဆက်မှ ဖော်စပ်သော အရက်များတွင်လည်း အရက်ပါဝင်မှု များပြားမည် မဟုတ်ကြောင်း သဘာဝကျကျပင် ကြိုတင်ခန့်မှန်းနိုင်လေ၏။
သူတို့သည် ပုံမှန်အားဖြင့် အရက်ပါဝင်မှု နည်းသော အရည်များကိုသာ သောက်လေ့ရှိကြသောကြောင့် အရက်သောက်နိုင်ကြခြင်း ဖြစ်လေသည်။
အကယ်၍ သင်သည် အရက်ပါဝင်မှု နည်းသော အရည်များကိုသာ သောက်လေ့ရှိပြီး (၄၀) သို့မဟုတ် (၅၀) ရာခိုင်နှုန်းခန့် အရက်ပါဝင်သော အရည်များသို့ ရုတ်တရက် ပြောင်းသောက်လိုက်ပါက သင်၏ ပုံမှန် အလေ့အထနှင့် ပမာဏအတိုင်း သောက်မည်ဆိုလျှင် သေချာပေါက် မူးယစ်သွားမည်သာ ဖြစ်လေ ၏။
*လီချိန်းရှီက ဒီလောက် စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေး ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ မိဘူး... ။*
*တခြားလူတွေ မူးရင် အိပ်ကြတယ်၊ ဒါမှမဟုတ် ရူးကြောင်ကြောင် လုပ်ကြတယ်...။ သူကတော့ မူးရင် ဦးတိုက်ရတာ သဘောကျတယ်တဲ့လား...။*
*ဘယ်လိုအကျင့်ကြီးလဲ...။*
ကြီးကြီးမားမား ပြဿနာ မဟုတ်သော်လည်း လူတိုင်း၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ မတူညီကြဘဲ အချို့ သော သူများအတွက် အရက်မူးခြင်းသည် ဒုက္ခရောက်စေနိုင်ပေသည်။ ဤအခြေအနေကို ဆက်ဖြစ်ခွင့် ပေးပြီး လျစ်လျူရှုထားရန် ရွှီပေါ်အန်း အမှန်တကယ်ပင် မဖြစ်နိုင်ချေ။
မည်သို့ပင်ဆိုစေ ယခင်က ရုပ်မြင်သံကြား သတင်းများတွင် အရက်သောက်ခြင်းကြောင့် အသက်ဆုံးရှုံး ရသည့် ဖြစ်ရပ်များကို ရွှီပေါ်အန်း မြင်တွေ့ခဲ့ဖူးလေ၏။
*ဆေးဆိုင်သွားပြီး သူတို့အတွက် အမူးပြေဆေး တချို့ သွားဝယ်ရမယ် ထင်တယ်...။*
ဟု ရွှီပေါ်အန်း တိတ်တဆိတ် ဆုံးဖြတ်လိုက်လေသည်။
ထိုအတွေး သူ့စိတ်ထဲ ပေါ်လာရုံရှိသေးသည်၊ အဝေးမှနေ၍ မျောက်တစ်အုပ် အော်ဟစ်ဆူညံကာ ချဉ်းကပ်လာခဲ့ကြလေ၏။
"သစ်သီး...၊ သစ်သီး...။ စားမယ်... စားမယ်... စားမယ်...။ စားပြီးရင် မအိပ်နဲ့...။"
သေချာစွာ ကြည့်လိုက်သောအခါ မျောက်အချို့သည် နွယ်ပင်တစ်မျိုးနှင့်တူသော နွယ်ပင်များကို ဆွဲလာကြသည်ကို ရွှီပေါ်အန်း သတိပြုမိလိုက်လေသည်။
ထိုနွယ်ပင်များပေါ်တွင် နှံစားပြောင်းစေ့များထက် အများကြီး သေးငယ်သော အဝါရောင် သစ်သီးလေး များ ပြန့်ကျဲလျက်ရှိနေလေ၏။
*ဒါက မျောက်တွေ ပြောနေတဲ့ သစ်သီး ဖြစ်ရမယ်...။*
အချိုးအစားအတိုင်း ကြီးမားလာမည်ဆိုလျှင် ဤသစ်သီးသည် ပဲပိစပ်စေ့ခန့် အရွယ်အစားရှိပြီး ဆီးဖြူ သီးလေးများနှင့် အနည်းငယ် တူပေသည်။
ရွှီပေါ်အန်းသည် မျောက်၏ စကားများကို ခွဲခြမ်းစိတ်ဖြာရန် သူ၏ ဦးနှောက်ကို အစွမ်းကုန် အသုံးချ လိုက်လေ၏။
*သစ်သီးစားရင် အိပ်မပျော်ဘူးလား...။*
*တက်ကြွစေတဲ့ ဆေးလား...။*
သူတို့ စဉ်းစားနေစဉ်မှာပင် မျောက်များသည် အဝါရောင် သစ်သီးငယ်လေးများကို ခူးယူကာ အိပ်ပျော် နေသော မျောက်များ၏ ပါးစပ်ထဲသို့ ထိုးထည့်ပေးနေကြသည်ကို မြင်လိုက်ရလေသည်။
မကြာမီ မိနစ်အနည်းငယ်အတွင်းမှာပင် အဝါရောင် သစ်သီးငယ်လေးများကို စားထားသော မျောက်များ သည် ယိုင်နဲ့ယိုင်နဲ့ဖြင့် မတ်တတ်ရပ်လာကြလေ၏။
"အရသာရှိတယ်...၊ အရသာရှိတယ်...။ ငါ ထပ်လိုချင်သေးတယ်...။ ထပ်သောက်မယ်...၊ ထပ်သောက် မယ်...။"
ရွှီပေါ်အန်း မျက်လုံးကို အပေါ်လှန်လိုက်မိလေသည်။
*ဒီမျောက်ကလည်း အရက်သမားပဲ...။*
"မင်းကို သောက်ခိုင်းရမှာလား...၊ မင်း လုံးဝ မူးနေပြီလေ...။"
ရွှီပေါ်အန်း သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်ပြီးနောက် ဘွန်ဆိုင်းဥယျာဉ်ထဲရှိ ရွာသားများသည် မျောက်များထံမှ နွယ်ပင်များကို ယူကာ ၎င်းတို့ပေါ်မှ အဝါရောင် သစ်သီးငယ်များကို ခူးယူ၍ လီချိန်းရှီ နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော ရွာသားအချို့အား ကျွေးမွေးနေသည်ကို စောင့်ကြည့်နေခဲ့ လေ၏။
မျှော်လင့်ထားသည့်အတိုင်း မိနစ်အနည်းငယ် အကြာတွင် မြေကြီးပေါ်၌ အိပ်မောကျနေသူများ နိုးလာ ခဲ့ကြလေသည်။
လီချိန်းရှီသည် သူ၏ နောက်စေ့ကို အနေရခက်စွာ ကုတ်လိုက်ပြီး ဘေးရှိ အဒေါ်ကြီးတစ်ဦးအား မေးလိုက်လေ၏။
"အဒေါ်...၊ ခုနက ကျွန်တော် တကယ်ပဲ အရှက်ကွဲစရာတွေ လုပ်ခဲ့မိလို့လား...။"
အဒေါ်ကြီးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ပြောလေသည်။
"ဘာမှမဖြစ်ပါဘူး...။ မင်းက တောင်စောင့်နတ်မင်းကြီးကို ဇနီးတစ်ယောက် ပေးသနားဖို့ တောင်းပန် ရင်း ခဏခဏ ဦးတိုက်နေခဲ့တာပါ...။"
"ဟားဟား...။ ကျောက်ခဲလေးလည်း ကြီးလာပြီဆိုတော့ မိန်းမလိုချင်နေပြီပေါ့...။"
ရွာသားများက ကျယ်လောင်စွာ ရယ်မောလိုက်ကြသော်လည်း လီချိန်းရှီမှာမူ သူ၏ ခေါင်းကို ဝှက်ကာ နားနှစ်ဖက်ကို ပိတ်ထားပြီး မြေကြီးအက်ကွဲကြောင်းထဲသို့ ဝင်ပုန်းချင်လောက်အောင် ရှက်ရွံ့နေခဲ့ လေ၏။
ရွှီပေါ်အန်းသည် နွယ်ပင်ပေါ်ရှိ သစ်သီးငယ်များကို အလွန် စိတ်ဝင်စားသွားခဲ့လေသည်။
*ဒီသစ်သီးက ဒီလောက် အစွမ်းထက်တာပဲ...။ အရင်က ငါ အင်ဂျင်နီယာ စီမံကိန်းမန်နေဂျာ လုပ် တုန်းက ဒီလိုကယ်ဆယ်ရေး သစ်သီးသာ ရှိခဲ့ရင် အခြေအနေတွေက အများကြီး ပိုကောင်းနေမှာပဲ...။*
ထိုသို့တွေးမိပြီးနောက် ရွှီပေါ်အန်းက မေးလိုက်လေ၏။
"ဒီအဝါရောင် သစ်သီးငယ်လေးရဲ့ နာမည်က ဘာလဲ...။"
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ဒီသစ်သီးကို 'တောင်အဝါသီး' လို့ ခေါ်ပါတယ်...။ အချဉ်ရည် လုပ် တဲ့နေရာမှာ သုံးတာပါ...။ အမူးပြေစေဖို့နဲ့ စိတ်ကြည်လင်စေဖို့ အတော်လေး အစွမ်းထက်ပါတယ်...။"
လီလောင်ဆန်းက တက်ကြွစွာ ပြန်လည်ဖြေဆိုလိုက်လေ၏။
ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။
"အချဉ်ရည် ဟုတ်လား...၊ အဲဒါက ဘာလဲ...။"
လီလောင်ဆန်းသည် ရွာသားများကို ရွှံ့အိုးတစ်အိုး ယူလာခိုင်းကာ ဖွင့်လိုက်ပြီး ရှေ့သို့ မြှောက်ပြရင်း ပြောလေ၏။
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ဒါက ဟင်းချက်တဲ့နေရာမှာ သုံးတဲ့ ဟင်းခတ်အမွှေးအကြိုင် တစ်မျိုးပါ...။ အချဉ်အရသာ ရှိပါတယ်...။"
ရွှီပေါ်အန်း သေချာကြည့်လိုက်ရာ ရုတ်တရက် နားလည်သွားခဲ့လေ၏။
"ဘုရားရေ...၊ ဒါ ဟင်းချက်တဲ့နေရာမှာ သုံးတဲ့ ရှာလကာရည်ပဲ...။"
သို့သော် ဤသစ်သီးအခြေခံမှာ ရှာလကာရည်မှာ သစ်သီးရှာလကာရည် အချိုရည်နှင့် အနည်းငယ် တူသော်လည်း ပိုမို ပျစ်ချွဲပြီး ပိုချဉ်ကာ ပို၍ မွှေးကြိုင်သော အရသာရှိလေသည်။
လီလောင်ဆန်း၏ ပြောစကားအရ မဟာကျင့်မင်းဆက်တွင် ဤအရာများ လုံးဝ မရှားပါးချေ။ မဟုတ် လျှင် သူတို့က ၎င်းကို ရှာလကာရည် ပြုလုပ်ရန် အသုံးပြုမည် မဟုတ်ပေ။
*ဒါ ကောင်းတာပေါ့...၊ ပစ္စည်းတွေ အများကြီး ရှိနေရင် ငါက အမြောက်အမြား ယူလာရင်တောင် လူတွေရဲ့ အာရုံစိုက်တာကို ခံရမှာ မဟုတ်ဘူး...။*
*အရေးအကြီးဆုံးက သစ်သီးရဲ့ ကုသရေး အာနိသင်တွေအရ အကယ်၍ ငါသာ ဈေးကွက်ထဲကို တင်ပို့ နိုင်ရင် ကြီးမားတဲ့ စီးပွားရေး တန်ဖိုးတွေကို သေချာပေါက် ဖန်တီးပေးနိုင်မှာပဲ...။*
ထိုသို့တွေးမိသောအခါ ရွှီပေါ်အန်း၏ နှလုံးသားမှာ ခုန်ပေါက်လာခဲ့လေ၏။
*ပိုက်ဆံရှာဖို့ဆိုတာ သိပ်ပြီးတော့လဲ မခက်ခဲပါဘူးလေ...။*
ရွှီပေါ်အန်းက ပြောလိုက်လေသည်။
"မင်းတို့ဆီမှာ အချဉ်ရည်တွေ အများကြီး ရှိနေတာကို ဘာလို့ မူးနေတဲ့ ရွာသားတွေကို အမူးပြေအောင် တိုက်မလိုက်တာလဲ...။"
လီလောင်ဆန်းက ရယ်မောကာ ပြောလေ၏။
"ဟူး...၊ ကျွန်တော်မျိုးတို့လို သာမန် ပြည်သူတွေက ပုံမှန်ရက်တွေမှာ အရက်ကို ဘယ်လိုလုပ် ဝယ် သောက်နိုင်မှာလဲ...။ နည်းနည်းပါးပါး သောက်ဖို့ အခွင့်အရေး ရရင်တောင် စိတ်ကြိုက် သောက်ဖို့ဆိုတာ မလုံလောက်ပါဘူး...။"
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ နတ်သေရည်ကို မြည်းစမ်းခွင့်ရတာ ကျွန်တော်မျိုး တကယ်ကို ကံကောင်းလွန်းလို့ပါ... အရှင်နတ်မင်းကြီးလည်း အတော်လေး အားနာနေမှာပဲ...။ ဒီအချဉ်ရည်က နွေရာသီမှာ လယ်ထဲ ဆင်းလုပ်တဲ့အခါ အပူရှပ်တာကို ကာကွယ်ဖို့ ပုံမှန် သုံးလေ့ရှိတာပါ...။"
ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်လေ၏။ ဟုတ်ပေသည်။ ခေါင်ရှန်းရွာမှ ရွာသားများ၏ နေထိုင်မှု အဆင့်အတန်းအရ သူတို့သည် ဝမ်းရေးအတွက်ပင် ရုန်းကန်နေရပြီဖြစ်ရာ အရက်ဝယ်သောက်ရန် ပိုလျှံငွေ ရှိမည်မှာ မဖြစ်နိုင်ချေ။
ဤမျောက်များကမူ ကွဲပြားလေသည်။ သူတို့သည် ကိုယ်ပိုင် မျောက်သေရည်ကို ဖော်စပ်ကြပြီး ယခင် ကလည်း အရက်မူးခြင်းကို သဘာဝကျကျပင် ကြုံဖူးကြပေမည်။ မည်သို့ပင်ဆိုစေ အရက်ပါဝင်မှု နည်းလျှင်တောင်မှ အများကြီး သောက်မိပါက မခံနိုင်မည်မှာ သေချာလှပေသည်။
ထို့ကြောင့် ဤသစ်သီးငယ်လေးသည် အမူးပြေစေရန် အံ့သြဖွယ် အာနိသင်ရှိကြောင်း သူတို့ သိနေကြ ခြင်းမှာ ပုံမှန်ပင် ဖြစ်လေ၏။
ရွှီပေါ်အန်း ခေါင်းညိတ်လိုက်ပြီး မေးလိုက်လေသည်။
"ငါတို့ ဒေသမှာ ဤအဝါရောင် သစ်သီးငယ်လေးတွေ ဘယ်လောက်တောင် ရှိလဲ...။"
"ဒီအပင်တွေက မိုးခေါင်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်...။ အရင်ကတော့ အတော်လေး များပါတယ်...၊ ဒါပေမဲ့ ဒီနှစ်နှစ်အတွင်း မိုးခေါင်တာက အရမ်း ဆိုးရွားလွန်းတော့ ပတ်ဝန်းကျင် တစ်ဝိုက်မှာ အတော် လေး ရှားပါးသွားပြီ...။"
"ဒီမျောက်တွေ ဘယ်ကနေ ရလာလဲဆိုတာတော့ ကျွန်တော်မျိုးလည်း သေချာမသိပါဘူး...၊ ဒါပေမဲ့ ရွာမှာက တော့လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဤအချဉ်ရည် အတော်များများ လုပ်ထားတာ ရှိပါတယ်…။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး စိတ်ဝင်စားရင် လိုသလောက် ယူသွားလို့ ရပါတယ်...။"
မည်သို့ပင်ဆိုစေ လီလောင်ဆန်းမှာ အသက်ပိုကြီးသူဖြစ်ပြီး လူများ၏ စိတ်ကို နားလည်နိုင်စွမ်းမှာ လီချိန်းရှီထက် အများကြီး သာလွန်လေ၏။ ရွှီပေါ်အန်းက မေးခွန်းများ ဆက်တိုက် မေးနေသည်ကို မြင်သောအခါ ရွှီပေါ်အန်းသည် ဤသစ်သီးငယ်လေးကို စိတ်ဝင်စားနေကြောင်း သူ သဘာဝကျကျပင် သိရှိသွားခဲ့လေသည်။
တောင်စောင့်နတ်မင်းဘိုးဘိုးကြီးသည် တောင်အဝါသီး အကြောင်းကို ဘာကြောင့် မသိရသနည်း ဆို သည်ကိုမူ လီလောင်ဆန်း မေးခွန်းမထုတ်ခဲ့ချေ။ ဤတောင်စောင့်နတ်မင်းဘိုးဘိုးကြီးသည် အခြားနေရာ တစ်ခုမှ ဤနေရာသို့ တောင်စောင့်နတ်မင်းအဖြစ် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့လာခြင်း ဖြစ် ကောင်းဖြစ်နိုင်သည် မဟုတ်ပါလား။
မဟာကျင့်မင်းဆက်သည် ကျယ်ဝန်းသော နယ်မြေရှိပြီး ၎င်း၏ ဓလေ့ထုံးတမ်းများနှင့် ထုတ်ကုန်များမှာ အနည်းငယ် ကွဲပြားခြားနားလေ့ရှိခြင်းက အလွန် ပုံမှန်ပင် ဖြစ်လေ၏။
လီလောင်ဆန်း၏ အစပျိုးလုပ်ဆောင်မှုကြောင့် ရွှီပေါ်အန်းမှာ သက်တောင့်သက်သာ ရှိသွားသလို ခံစားလိုက်ရလေသည်။
"ထက်မြက်တဲ့ လူတွေနဲ့ စကားပြောရတာ သိပ်ကို သက်တောင့်သက်သာ ရှိတာပဲ...။"
"ဒီလိုလုပ်ကြတာပေါ့...၊ မင်းတို့ရဲ့ အချဉ်ရည်အိုးနဲ့ အဲဒီ တောင်အဝါသီးတွေကို ငါ ခဏလောက် ယူသုံး လိုက်မယ်...။ ငါ နောက်မှ မင်းတို့အတွက် အစားအစာတွေ ထပ်ရှာပေးပါ့မယ်...။ ပြီးတော့ ဒီသစ်သီး တွေကို ရှာတွေ့ခဲ့တာက မျောက်တွေဆိုတော့ မင်းတို့ သူတို့နဲ့ မျှဝေလိုက်ကြပါ...။"
လီလောင်ဆန်းက အလွယ်တကူ သဘောတူလိုက်ပြီး ပြောလေ၏။
"တောင်စောင့်နတ်မင်းကြီးအတွက် အလုပ်လုပ်ပေးရတာက ကျွန်တော်မျိုးတို့လို သာမန် ပြည်သူတွေ အတွက် ကောင်းချီးတစ်ခုပါပဲ...။ တောင်စောင့်နတ်မင်းကြီးဆီကနေ နောက်ထပ် ဘာကိုများ ထပ်ယူရဲ ပါ့မလဲ...။ အရှင်နတ်မင်းကြီးက ကျွန်တော်မျိုးတို့ကို လုံလောက်အောင် ကူညီပေးထားပြီးပါပြီ...။"
ရွှီပေါ်အန်းသည် ဤကိစ္စကို ဆက်လက် မပြောဆိုတော့ချေ။ ရိုးရှင်းသော နှုတ်ဆက်စကား အနည်းငယ် ပြောဆိုပြီးနောက် သူသည် တောင်အဝါသီးများကို ယူကာ တောင်စောင့်နတ်မင်း နတ်ကွန်းထဲတွင် ထား ရှိလိုက်ပြီး ဘွန်ဆိုင်းကို သိမ်းဆည်းကာ ထွက်ခွာသွားလေတော့၏။
ရွှီပေါ်အန်း အပြင်သို့ ထွက်လာသောအခါ တံခါးအပြင်ဘက်တွင် စောင့်နေသော အရောင်းကိုယ်စား လှယ်မလေးက အလွန် စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်လိုက်လေသည်။
သူမ နှုတ်ဆက်စကားပင် မပြောရသေးမီ ရွှီပေါ်အန်း၏ ဖုန်းကမြည်လာခဲ့လေ၏။
ထျန်ရှောင်ဟူက ဖုန်းခေါ်နေခြင်းဖြစ်ကြောင်း မြင်လိုက်ရသောအခါ ရွှီပေါ်အန်းမှာ ချက်ချင်းပင် မကောင်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
မျှော်လင့်ထားသည့်အတိုင်း နောက်တစ်ခဏတွင် ဖုန်းချိတ်ဆက်သွားပြီး သတင်းဆိုးတစ်ခု ထွက်ပေါ် လာခဲ့လေ၏။
"အင်ဂျင်နီယာချုပ်ရွှီ... ၊ဒုက္ခတော့များပြီ...။ ကုမ္ပဏီ ရုံးခန်းက ကုမ္ပဏီအိမ်ရာတွေကို ခွင့်ပြုချက်မရှိဘဲ သိမ်းပိုက်ထားတဲ့ ကိစ္စတွေကို ရှင်းလင်းမယ်ဆိုပြီး ကြေညာချက် ထုတ်လိုက်တယ်...။ သူတို့က ခင်ဗျား ကို ပစ်မှတ်ထားနေတာလို့ ကျွန်တော် ထင်တယ်...။"