အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း (၂၁)
ကျွန်တော် လုံးဝ ထီ မပေါက်ခဲ့ပါဘူး
ကုမ္ပဏီ၏ ဒုတိယအင်ဂျင်နီယာချုပ် ဖြစ်သည့်အလျောက် ရွှီပေါ်အန်းသည် ကုမ္ပဏီစည်းမျဉ်းစည်းကမ်း များအရ ကိုယ်ပိုင်ရုံးခန်းနှင့် ကုမ္ပဏီပိုင် တိုက်ခန်းတစ်ခုကို ယာယီအနားယူရန်အတွက် ရပိုင်ခွင့်ရှိပေ သည်။ ရွှီပေါ်အန်းသာမက ကုမ္ပဏီဌာနချုပ်တွင် အလုပ်လုပ်ကိုင်နေကြသော စီမံကိန်းမန်နေဂျာများ မှ သည် သာမန်အလုပ်သင်များအထိ အားလုံးမှာ နေထိုင်စရာ နေရာကိုယ်စီ ရှိကြလေသည်။
ကွာခြားချက်မှာ အခန်းအကျယ်အဝန်းနှင့် အသုံးအဆောင် ပစ္စည်းများသာ ဖြစ်၏။ အချို့မှာ ဇိမ်ခံအခန်း များတွင် နေထိုင်ကြပြီး အချို့မှာမူ နှစ်ယောက် သို့မဟုတ် သုံးယောက်တစ်ခန်း မျှဝေနေထိုင်ကြရသည်။ ဤသည်မှာ နားလည်ပေးနိုင်သော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်၊ အကြောင်းမှာ မည်သည့်နယ်ပယ်တွင် မဆို ဤသို့ပင် ဖြစ်ပျက်နေကျပင် မဟုတ်ပါလား။
သို့ရာတွင် ယခုအခါ အခြေအနေများ ပြောင်းလဲသွားခဲ့လေပြီ။ ရွှီပေါ်အန်း၏ ရာထူးမှာ ပြောင်းလဲသွား ခဲ့သဖြင့် ကုမ္ပဏီ၏ စည်းမျဉ်းများအရ သူသည် ကုမ္ပဏီမှ ပေးထားသော ရုံးခန်းနှင့် တိုက်ခန်းကို ဆက်လက်အသုံးပြုရန် အခွင့်အရေး မရှိတော့ပေ။ သို့သော်လည်း စည်းမျဉ်းများ၏ အထက်တွင် လူမှုရေးအရ စာနာထောက်ထားမှုများ ရှိနေသေး၏။
ကုမ္ပဏီအရာရှိ အများစုမှာ ရာထူးမှ ရွှေ့ပြောင်းခံရပြီးနောက် ရုံးခန်းများကို ဖယ်ရှားပေးရန် ဆယ်ရက်၊ ရက်သတ္တပတ် နှစ်ပတ် သို့မဟုတ် တစ်လ၊ နှစ်လခန့်ပင် အချိန်ယူလေ့ရှိကြသည်။ တိုက်ခန်းများနှင့် ပက် သက်၍မူ ရွှီပေါ်အန်း သိထားသလောက် ခေါင်းဆောင်ဟောင်း တစ်ဒါဇင်ကျော်မှာ ယခုတိုင် အခန်းများ ကို ဖယ်မပေးသေးဘဲ မည်သူကမျှလည်း လာရောက်တိုက်တွန်းခြင်း မရှိကြချေ။
ကွာရှင်းပြီးနောက် ရွှီပေါ်အန်းမှာ နေစရာမရှိသဖြင့် ကုမ္ပဏီမှ ပေးထားသော တိုက်ခန်းတွင် ခေတ္တနေ ထိုင်နေခြင်းဖြစ်လေသည်။ ယုတ္တိဗေဒအရ ပြောရလျှင် သူသည် ဤနေရာတွင် အလုပ်မလုပ်တော့သော် ငြားလည်း နေစရာအသစ် ရှာဖွေရန်နှင့် ပြောင်းရွှေ့ရန်အတွက် အချိန်အတန်ကြာ ဆက်လက်နေထိုင် ခြင်းမှာ ပြဿနာ မရှိသင့်ပေ။
သို့သော် ယခုလက်ခံရရှိသော အကြောင်းကြားစာမှာ ရွှီပေါ်အန်းအတွက် ဒဏ်ရာပေါ် နကျယ်အိမ် တက် ဆောက်သကဲ့သို့ ခံစားလိုက်ရလေသည်။ ဤအကြောင်းကြားစာသည် သူ့ကို တိုက်ရိုက် ရည်ရွယ်၍ ပေးပို့ခြင်းဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
ရွှီပေါ်အန်းသည် ခက်ထန်သော မျက်နှာပေးဖြင့် “နားလည်ပါပြီ...” ဟု ပြန်လည်ဖြေကြားကာ ဖုန်းကို ချလိုက်လေသည်။ ရွှီပေါ်အန်း၏ မသာယာသော မျက်နှာအမူအရာကို မြင်သောအခါ အရောင်းဝန်ထမ်း အမျိုးသမီးမှာ သူ့အနီးသို့ ထပ်မံ၍ မချဉ်းကပ်ရဲတော့ပေ။
ချန်ဖိန်ဖိန် နှုတ်ဆက်ရန် ရောက်ရှိလာချိန်တွင် ရွှီပေါ်အန်း၏ လေသံမှာ ရန်လိုသော အသွင်ဆောင်နေ ခဲ့လေသည်။
“အကိုရွှီ... ကျွန်မ အရောင်းရုံးကို ဆက်သွယ်ပြီးပြီလေ...၊ အခု သွားကြည့်ကြမလား...။”
ချန်ဖိန်ဖိန်မှာ ကော်မရှင်ခ အမြောက်အမြား ရရှိတော့မည်ဟူသော စိတ်လှုပ်ရှားမှုတွင် နှစ်မြှုပ်နေဆဲဖြစ် သဖြင့် ရွှီပေါ်အန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို လုံးဝ သတိမထားမိခဲ့ချေ။ ထို့ကြောင့်ပင် ငွေကြေး၏ စွမ်းအားမှာ ကြီးမားလှသည်ဟု ဆိုရပေမည်။ ၎င်းသည် လူတစ်ယောက်၏ တည်ငြိမ်မှုနှင့် ဆင်ခြင်တုံတရားကို ပျောက်ဆုံးသွားစေနိုင်၏။
ယခင်က ချန်ဖိန်ဖိန်သည် စာဖတ်ခြင်းနှင့် လက်ဖက်ရည်သောက်ခြင်းတို့ဖြင့် အချိန်ကုန်လွန်စေကာ သူမ ၏ ပညာတတ်ဆန်မှုနှင့် ယဉ်ကျေးသိမ်မွေ့မှုကို အသားပေးလေ့ရှိသူ ဖြစ်သည်။ သို့သော် ဤကဲ့သို့ ရုတ် တရက် ရရှိလာမည့် စည်းစိမ်ဥစ္စာများရှေ့တွင်မူ မည်သူမဆို မက်မောမှုကို တားဆီးရန် ခက်ခဲလှပေ မည်။
ရွှီပေါ်အန်းသည် ချန်ဖိန်ဖိန်ထံမှ ကားသော့ကို လှမ်းယူလိုက်ပြီး အေးစက်သော လေသံဖြင့်
“ကျွန်တော် ကုမ္ပဏီကို အရင်ပြန်ရမယ်...၊ နောက်မှ ပြန်ဆက်သွယ်လိုက်မယ်...။”
ဟု ပြောလိုက်လေသည်။
ထိုသို့ပြောပြီးနောက် သူသည် ချန်ဖိန်ဖိန်ကို တစ်ချက်မျှ လှည့်မကြည့်ဘဲ ထွက်ခွာသွားခဲ့သဖြင့် သူမမှာ အံ့အားသင့်လျက် ကျန်ရစ်ခဲ့ရလေသည်။ ချန်ဖိန်ဖိန်သည် အနီရောင် ဖော့ဒ်ရပ်ပ်တာ ကားကြီး အဝေးသို့ မောင်းနှင်သွားသည်ကို ငေးကြည့်ရင်း ဖော်ပြမတတ်သော ခံစားချက်မျိုးစုံ ရောပြွမ်းနေခဲ့သည်။
*ဘာတွေ ဖြစ်ကုန်တာလဲ...။*
သူမတွင် စိတ်ကူးတစ်ခု ပေါ်လာတိုင်း ရွှီပေါ်အန်းက အမြဲတစေ ရေအေးဖြင့် အပက်ခံရသကဲ့သို့ ဖြစ်နေ ရသည်။ ဤသည်မှာ လူတစ်ယောက်အား ဆွဲဆောင်ရန်အတွက် လျစ်လျူရှုဟန် ဆောင်နေခြင်းလော။
ချန်ဖိန်ဖိန်သည် အံများကို တင်းတင်းကြိတ်လိုက်ပြီး မကျေနပ်မှုများ မြင့်တက်လာခဲ့သည်။
*ဟွန်း...၊ ရွှီပေါ်အန်း...။ ကျွန်မ ချန်ဖိန်ဖိန်က ရှင့်စိတ်ကြိုက် ခေါ်ချင်တိုင်းခေါ် လွှတ်ချင်တိုင်း လွှတ်လို့ရ တဲ့သူ မဟုတ်ဘူးနော်...။ ရှင်က ကျွန်မကို လာပြီး ကစားနေတာလား...။ အေးလေ...၊ ရှင့်ဘာသာရှင် ကစားနေလိုက်...။ ငွေဆိုတာ ကျွန်မ ဂရုမစိုက်တော့ဘူး...။*
ထိုအတွေးမှာ စိတ်ထဲတွင် ပေါ်လာရုံရှိသေးသော်လည်း အနီရောင် ဖော့ဒ်ရပ်ပ်တာ ကားကြီးမှာ အရှိန် ဖြင့် ပြန်လည်မောင်းနှင်လာခဲ့လေသည်။
ရွှီပေါ်အန်းသည် ကားမှန်ကို ချလိုက်ပြီး ချန်ဖိန်ဖိန်အား တည်ငြိမ်စွာ ခေါ်လိုက်၏။
“ကားပေါ်တက်...၊ ဗီလာဝယ်ဖို့ထက် အရေးကြီးတာ ဘာမှမရှိဘူးဆိုတာ ကျွန်တော် ရုတ်တရက် သဘောပေါက်သွားလို့...။ ကျွန်တော်တို့ ဒီနေ့ ဗီလာတစ်လုံးကို မဖြစ်မနေ ဝယ်ရမယ်...။”
ချန်ဖိန်ဖိန်၏ မျက်နှာမှာ ခေတ္တမျှ ကြောင်အသွားသော်လည်း မကြာမီမှာပင် ပွင့်လန်းနေသော ပန်းတစ် ပွင့်ကဲ့သို့ တောက်ပသော အပြုံးများ ပေါ်လာခဲ့လေသည်။
“ဟုတ်ပြီလေ...။ ရှင်ပြောတာ မှန်တယ်... အစ်ကိုရွှီ...။ ရှင်က တကယ်ကို အံ့သြဖို့ကောင်းတာပဲ...။”
ရွှီပေါ်အန်း ပြုံးလိုက်မိလေသည်။ ချန်ဖိန်ဖိန်က သူ့ကို အဘယ်ကြောင့် ချီးကျူးနေသည်ကို သူ မသိသော် လည်း ဤအိမ်ကို ဝယ်ယူရန် ဆုံးဖြတ်ချက်ကမူ ခိုင်မာနေခဲ့ပြီ ဖြစ်သည်။
အရာရာတိုင်း၏ နောက်ကွယ်တွင် အကြောင်းပြချက် တစ်ခုစီ ရှိနေတတ်ပေသည်။
အစောပိုင်းက ရွှီပေါ်အန်းသည် သူ၏ မိဘများထံမှ ဖုန်းလက်ခံရရှိခဲ့လေသည်။ လူကြီးနှစ်ဦးစလုံးမှာ မနက်ဖြန်တွင် တုန်းကျန်းသို့ လာရောက်ကြမည်ဖြစ်ပြီး သန်ဘက်ခါတွင် ကျင်းပမည့် ဝေးကွာသော ဆွေမျိုးတစ်ဦး၏ မင်္ဂလာဆောင်ကို တက်ရောက်ရန် နှစ်ရက်ခန့် ကြာမြင့်မည် ဖြစ်သည်။
ရွှီပေါ်အန်း ကွာရှင်းစဉ်အခါက မိဘများ စိတ်မပူစေရန်အတွက် ငြိမ်းချမ်းစွာ လမ်းခွဲခဲ့ကြခြင်းဖြစ် ကြောင်းသာ ပြောဆိုခဲ့ပြီး သူ၏ ပိုင်ဆိုင်မှုအားလုံးကို လိမ်လည်သိမ်းပိုက်ခြင်း ခံခဲ့ရသည်ကိုမူ လုံးဝ ထုတ်ဖော်မပြောခဲ့ချေ။
အကယ်၍ သူသည် သင့်တင့်လျောက်ပတ်သော နေစရာတစ်ခုကို အမြန်ဆုံး မရှာဖွေနိုင်ပါက မိဘများ သိသွားလျှင် မကောင်းနိုင်ပေ။ မိဘများမှာ အသက်ကြီးရင့်နေပြီ ဖြစ်သည့်အပြင် ကျန်းမာရေးမှာလည်း သိပ်မကောင်းလှသဖြင့် ရွှီပေါ်အန်းအနေဖြင့် ၎င်းတို့ကို စိတ်မကောင်းဖြစ်အောင် ထပ်မံ၍ မလုပ်ချင် တော့ချေ။
ထို့ကြောင့် ရွှီပေါ်အန်းမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချကာ ဗီလာတစ်လုံးကို အရင်ဝယ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်သည်။
ထိုအခါမှသာ မိဘများကို စိတ်အေးစေရန်အတွက် စိတ်မကောင်းစရာ အမှတ်တရများရှိသော အိမ်ကို ရောင်းချလိုက်ပြီး ဗီလာအသစ် တစ်လုံးကို ဝယ်ယူလိုက်ပြီဟု အမှန်အတိုင်း ပြောပြနိုင်မည် ဖြစ်သည်။ မိဘများအနေဖြင့်လည်း သူတို့၏သားမှာ ပိုမိုတိုးတက် အောင်မြင်နေသည်ကို မြင်ရလျှင် စိတ်မကောင်း ဖြစ်စရာ အကြောင်း ရှိတော့မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင်၊ ဤနေရာမှာ ရွှီပေါ်အန်းအတွက် ဝမ်းနည်းစရာ နေရာတစ်ခု ဖြစ်နေခဲ့သည်။
ဆယ်စုနှစ်တစ်ခုကျော် နေထိုင်ခဲ့သော အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းနှစ်ခန်းပါဝင်သည့် တိုက်ခန်းအတွင်း၌ ချီရှောင်ရွှယ်နှင့် သူမ၏ မိသားစုဝင်များမှာ ဆူညံစွာ စကားပြောဆိုနေကြလေသည်။
“မမ...၊ ကျွန်တော် ကြားတာ မှန်ရဲ့လား...။ အသုံးမကျတဲ့ ရွှီပေါ်အန်းက သိန်းပေါင်းသောင်းချီတန်တဲ့ ကားကြီးကို ဝယ်နိုင်တယ် ဟုတ်လား...။”
ချီရှောင်ချန်မှာ အလွန်အမင်း အံ့အားသင့်သွားသဖြင့် ပါးစပ်မှာ အံ့သြတကြီး ဟောင်းလောင်းဖြစ်နေခဲ့ လေသည်။
ချီရှောင်ရွှယ်က ရှုပ်ထွေးသော မျက်နှာပေးဖြင့် ခေါင်းညိတ်ပြလိုက်၏။
“ငါ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာ...။ ကားရဲ့ စာရွက်စာတမ်းတွေလည်း အကုန်ပြီးသွားပြီ...။”
“နောက်နေတာလား...။ ဒါက မဖြစ်နိုင်တာ...၊ သူက ဒီလောက် များတဲ့ ငွေတွေ ဘယ်က ရမှာလဲ...။ အရစ်ကျနဲ့ ဝယ်တာ နေမှာပါ...။”
ချီရှောင်ရွှယ်၏ မိခင်ဖြစ်သူ ကျောက်ဟုန်ရှသည် မီးဖိုချောင်ထဲမှ သစ်သီးပန်းကန်ကို ကိုင်ဆောင်ကာ ထွက်လာရင်း မယုံကြည်နိုင်သော လေသံဖြင့် ဝင်ပြောလိုက်လေသည်။
ချီရှောင်ရွှယ်သည် အံများကို တင်းတင်းစိလိုက်ပြီး နောက်ဆုံးတွင် အမှန်တရားကို ဖွင့်ပြောလိုက်တော့ သည်။
“သူပြောတာကတော့ သူ ထီပေါက်တာတဲ့...၊ ဆုငွေက သန်း (၃၀၀) တောင်ဆိုပဲ...။”
“သန်း (၃၀၀) ဟုတ်လား...။ အမလေး ဘုရားရေ...။”
ချီရှောင်ချန် တစ်ယောက် အော်ဟစ်လိုက်မိလေသည်။
ကျောက်ဟုန်ရှ ပါးစပ်ထဲမှ ဝါးလက်စ သစ်သီးများမှာလည်း အရသာ ပျောက်ဆုံးသွားကာ အနီးရှိ အမှိုက်ပုံးထဲသို့ ထွေးထုတ်လိုက်ပြီး ချီရှောင်ရွှယ်ကို ကြည့်ကာ ပြောလိုက်လေ၏။
“တကယ်လား...၊ သူက ဒီလောက်တောင် ကံကောင်းနိုင်ပါ့မလား...။”
ချီရှောင်ချန်က ဆိုဖာကို လက်ဖြင့် ဗုန်းဗုန်းရိုက်ကာ မကျေမကျေဖြင့် ပြောလေသည်။
“မကြာခင်ကပဲ အိမ်နီးချင်းပြည်နယ်မှာ ထီ သန်း (၃၀၀) ပေါက်တဲ့ သတင်းတွေ တက်နေတာပဲ...၊ အဲ့ဒါ အဲ့ဒီကောင် ဖြစ်လိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးမိဘူး...။ မမ... မမကတော့ ကံမကောင်းလိုက် တာ...။ ကွာရှင်းပြီးခါမှ သူက ထီပေါက်ရတယ်လို့...။”
ချီရှောင်ရွှယ်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး တစ်စုံတစ်ခုကို ပြောရန် ပြင်လိုက်စဉ်မှာပင် ကျောက် ဟုန်ရှက ချီရှောင်ချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“ဘာတွေ လျှောက်ပြောနေတာလဲ...။ နင့်မမကို ဒီလို စကားမျိုး ပြောရသလား...။ ဒါပေမဲ့လည်း အေး လေ... ကွာရှင်းဖို့ကို နည်းနည်းလောက် စောင့်လိုက်ရင် အဲ့ဒီ သန်း (၃၀၀) က ငါတို့ဟာ ဖြစ်နေမှာ...။”
ချီရှောင်ရွှယ်၏ မျက်နှာမှာ ခေတ္တမျှ မှောင်မှောင်မည်းမည်း ဖြစ်သွားပြီးနောက် ရုတ်တရက် အေးစက်စွာ ပြောလိုက်လေသည်။
“အမေ... ဒီငွေတွေကို ပြန်ယူလို့ရမယ့် နည်းလမ်း ရှိမလား...။ သန်း (၃၀၀) စလုံး မရရင်တောင်မှ တစ်ဝက် ဒါမှမဟုတ် သုံးပုံတစ်ပုံလောက် ရရင်ကို ငါတို့တစ်သက်လုံး သက်သောင့်သက်သာ နေနိုင် ပြီ...။”
ကျောက်ဟုန်ရှ၏ မျက်လုံးများ တောက်ပလာပြီး…၊
“အို... ငါလည်း အဲ့ဒါကို မတွေးမိလိုက်ဘူး...။ တက်ဝေမှာ အသိအကျွမ်းတွေ အများကြီးရှိတာပဲ... ။ ရှေ့နေတွေလည်း ပါမှာပေါ့...၊ သူ့ကို အကူအညီ တောင်းကြည့်ရမယ်...။ အမလေး...၊ ဒီလောက်များတဲ့ ငွေတွေကို ဘယ်လို သုံးရမလဲဆိုတာတောင် ငါ စိတ်ကူးမရဘူး...။”
ချီရှောင်ချန်သည် သူ၏ ဖုန်းကို ခေတ္တမျှ ပွတ်ကြည့်နေပြီးနောက် နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။
“ကဲ... အားလုံး တော်ကြတော့...။ ကျွန်တော် အခုပဲ အွန်လိုင်းမှာ ရှာကြည့်ပြီးပြီ...။ အိမ်နီးချင်းပြည်နယ် မှာ သန်း (၃၀၀) ပေါက်တဲ့သူက ရွှီပေါ်အန်း မဖြစ်နိုင်ဘူး...။ ဆုငွေသွားထုတ်တုန်းက နှာခေါင်းစည်း တပ်ထားပေမယ့် အဲ့ဒါ အမျိုးသမီး တစ်ယောက်ဆိုတာ သိသာတယ်...။ မမကို ရွှီပေါ်အန်းဆိုတဲ့ ကောင် က လိမ်လိုက်တာ...။”
“ဘာ...။ အမျိုးသမီး ဟုတ်လား...၊ သူက နင့်မမကို ဘာလို့ လိမ်ရတာလဲ...။”
ကျောက်ဟုန်ရှမှာ ဇဝေဇဝါ ဖြစ်သွားလေသည်။
ချီရှောင်ရွှယ်သည် လက်ထဲမှ ခေါင်းအုံးကို ဒေါသတကြီး ပစ်ပေါက်လိုက်၏။
“ဟွန်း... အဲ့ဒီလူယုတ်မာ...။ ဒီငွေတွေက သူ ခိုးဝှက်ထားတဲ့ ငွေတွေ ဖြစ်ရမယ်...။ မဟုတ်ရင် သူ ဘာလို့ ငါ့ကို လိမ်မှာလဲ...။ သူက ဗီလာတောင် ဝယ်ဦးမလို့တဲ့...။ မဖြစ်နိုင်တာ...၊ ဒီကိစ္စကို သေချာ စုံစမ်းရ မယ်...။ ငါ့ငွေတွေနဲ့ သူက ဇိမ်ခံနေမယ် ဟုတ်လား...၊ ဘယ်တော့မှ မဖြစ်စေရဘူး...။”
ထိုစကားကို ကြားသောအခါ ချီရှောင်ချန်မှာ ချက်ချင်း စိတ်လှုပ်ရှားသွားလေတော့သည်။
“ဟုတ်တယ် မမ...၊ ဒီငွေတွေ ဘယ်ကရလဲဆိုတာ သူ တစ်ခုခု ဖုံးကွယ်ထားတာ သေချာတယ်... ။ ဒါတွေ က လက်ထပ်ထားစဉ်ကတည်းက သူ ဝှက်ထားတဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်ရမယ်...။ မဟုတ်ရင် သူ လိမ်စရာ အကြောင်းမရှိဘူး...။”
ကျောက်ဟုန်ရှသည် သစ်သီးကို ဒေါသတကြီး တစ်ချက် ကိုက်လိုက်ရင်း
“ငါတို့ နည်းလမ်းတစ်ခုခု ရှာရမယ်...။ ရှောင်ရွှယ်မှာ အဖိုးတန်တဲ့ အရည်အချင်းတွေ အများကြီး ရှိတာ ကို...။ သူကတော့ ရှောင်ရွှယ်ရဲ့ အချိန်တွေကို ဖြုန်းတီးပစ်ခဲ့တယ်...၊ ကလေးတစ်ယောက်တောင် မကျန် ခဲ့ဘူး...။ ငါတို့ ဒီအတိုင်းတော့ အဆုံးရှုံးမခံနိုင်ဘူး...။”
ထိုအခါမှ ချီရှောင်ရွှယ်သည် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသဖြင့်…၊
“အမေ... ဒါတွေကို စိတ်မပူနဲ့...။ သမီးမှာ နည်းလမ်းရှိတယ်... သမီးဆီက သတင်းကောင်းကိုသာ စောင့် နေလိုက်...။” ဟု ပြောလိုက်လေသည်။
ထိုသို့ပြောပြီးနောက် ချီရှောင်ရွှယ်သည် အခန်းထဲသို့ ပြန်ဝင်သွားကာ ချန်ဖိန်ဖိန်ထံသို့ စာတစ်စောင် ပေးပို့လိုက်တော့သည်။
“ဖိန်ဖိန်...၊ နင် အရင်က တုန်းကျန်း ဒုတိယဆောက်လုပ်ရေး ကုမ္ပဏီအကြောင်း မေးတာက ရွှီပေါ်အန်း အကြောင်း စုံစမ်းဖို့ မဟုတ်လား...။ သူငယ်ချင်းဟောင်းတစ်ယောက်အနေနဲ့ ငါ နင့်ကို အကြံပေးပါ ရစေ...။ သူ့အလိမ်အညာတွေထဲ မပါသွားစေနဲ့နော်...၊ သူ့ရဲ့ အကျင့်စာရိတ္တ မကောင်းမှုတွေကြောင့် ငါ သူ့ကို ကုမ္ပဏီကနေ ဘာမှမပေးဘဲ မောင်းထုတ်လိုက်တာ...။”
“အခုလည်း သူ အလုပ်လက်မဲ့ ဖြစ်နေတာ...။ ပြီးတော့ ငါ စုံစမ်းကြည့်ပြီးပြီ... ၊သူ ထီ သန်း (၃၀၀) လုံးဝ မပေါက်ဘူး...။ နင် မယုံရင် အွန်လိုင်းမှာ ရှာကြည့်လိုက်...၊ အဲ့ဒီကားလည်း ဘယ်သူ့ဆီက ဘယ်လို လိမ် လာမှန်း မသိဘူး...၊ နင်က ချမ်းသာတဲ့သူဆိုတော့ သတိထားဦးနော်...။”
စာကို ပေးပို့ပြီးနောက် ချီရှောင်ရွှယ်မှာ အေးစက်စွာ ပြုံးလိုက်မိလေသည်။
ချန်ဖိန်ဖိန်သည် ထိုစာကို ရရှိသည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲ သွားပြီး ကားမောင်းနေသော ရွှီပေါ်အန်းကို မသိမသာ ခိုးကြည့်လိုက်မိလေသည်။
ခဏချင်းမှာပင် ရွှီပေါ်အန်း၏ ဆွဲဆောင်မှုများမှာ သူမ၏ မျက်စိထဲ၌ ကွယ်ပျောက်သွားခဲ့လေပြီ။
*သန်း ၃၀၀ တဲ့လား...၊ အဲ့ဒါ အတုကြီးလား...။*
*ငါ ဘယ်သူ့ကို ယုံရမလဲ...။*
အခန်း (၂၂)
ဗီလာကို အမှန်တကယ် ဝယ်ယူလိုခြင်း
ကားပြတင်းပေါက် အပြင်ဘက်တွင် ကားများမှာ ပုံမှန်အတိုင်း သွားလာနေကြပြီး စည်ကားဆူညံလှ ပေသည်။
၎င်းမှာ ကားအတွင်းရှိ ချန်ဖိန်ဖိန်၏ စိတ်လှုပ်ရှားပြီး တုန်လှုပ်ချောက်ချားနေသော အခြေအနေနှင့် ထပ်တူကျနေခဲ့၏။ ချီရှောင်ရွှယ် ပေးပို့လိုက်သော စကားများက ချန်ဖိန်ဖိန်အား စကားမပြောနိုင်အောင် ဆွံ့အသွားစေခဲ့သည်ပင်။
မူလက ရွှီပေါ်အန်းနှင့် စိတ်ပါလက်ပါ စကားစမြည် ပြောဆိုနေခဲ့သော်လည်း ယခုအခါတွင်မူ သာမန်ကာ လျှံကာ စကားပြောဆိုခြင်းသို့ ပြောင်းလဲသွားခဲ့ရလေသည်။ အကြောင်းမှာ ပိုင်ဆိုင်မှု သန်း (၃၀၀) ရှိ သော တည်ငြိမ်ရင့်ကျက်သည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် ဘာမှမရှိဘဲ လိမ်လည်နေသော ပညာ တတ်တစ်ယောက်ကြားတွင် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသောကြောင့် ဖြစ်၏။
ရှေ့ဖြစ်သူမှာ ဘဝကို ပုံအပ်နိုင်သူဖြစ်သော်လည်း နောက်ဖြစ်သူမှာမူ အဝေးမှ ရှောင်ရှားသင့်သူသာ ဖြစ်ပေသည်။
ရွှီပေါ်အန်းမှာမူ ဘာမှမသိသေးဘဲ ချန်ဖိန်ဖိန်မှာ ရုတ်တရက် စိတ်လွင့်နေသည်ကို မြင်သောအခါ စိုးရိမ် စိတ်ဖြင့် မေးလိုက်လေသည်။
“နေလို့မကောင်းဘူးလား...။ မင်းကိုကြည့်ရတာ စိတ်မကြည်မလင် ဖြစ်နေသလိုပဲ...၊ နေမကောင်းလို့ လား...။”
အမျိုးသမီးများတွင် တစ်လလျှင် တစ်ကြိမ် ခံစားရလေ့ရှိသော အခြေအနေမျိုး ဖြစ်မည်ဟု ရွှီပေါ်အန်း က ထင်မှတ်ကာ အလေးအနက် မတွေးတောမိပေ။
ချန်ဖိန်ဖိန်က ခေါင်းခါယမ်းလိုက်ပြီး….၊
“မဟုတ်ပါဘူး...၊ ကားမှန်ကို အဖွင့်များသွားလို့ လေတိုးသွားတာ ထင်တယ်...။ အစ်ကိုရွှီ...၊ ရှင်က တကယ်ပဲ ဗီလာဝယ်မှာလား...။”
ထိုသို့မေးပြီးနောက် ချန်ဖိန်ဖိန်သည် ရွှီပေါ်အန်း၏ မျက်နှာအမူအရာကို အကဲခတ်ရန်အတွက် မသိမသာ စိုက်ကြည့်နေခဲ့သည်။
“ဒါပေါ့...။”
ရွှီပေါ်အန်းက ပြတ်သားစွာ ပြောလိုက်လေသည်။
“ဝယ်ရုံတင်မကဘူး...၊ ဒီနေ့ကို အပြီးဝယ်မှာ...။”
ထို့နောက် သူက ဆက်လက်မေးမြန်းလိုက်လေ၏။
“ဘာလို့ ရုတ်တရက်ကြီး ဒါကို မေးတာလဲ...၊ အရောင်းရုံးမှာ တစ်ခုခု အဆင်မပြေတာ ရှိလို့လား...။”
ချန်ဖိန်ဖိန်က အလျင်အမြန်ပင် ငြင်းဆိုလိုက်ပြီး အကြောင်းပြချက် တစ်ခုကို လုပ်ကြံပြောဆိုလိုက်လေ သည်။
“မဟုတ်ပါဘူး... ခုနက ဗီဒီယိုအတိုတစ်ခု ကြည့်လိုက်မိလို့ပါ...၊ အခု အိမ်ခြံမြေစျေးနှုန်းတွေက မြင့် တက်နေပြီး အချိန်မရွေး ပြန်ကျနိုင်တယ်လို့ ပြောနေကြလို့...။ အခုဝယ်လိုက်ရင် ရှုံးသွားမှာ စိုးရိမ်လို့ ပါ...။”
ရွှီပေါ်အန်းမှာ စိတ်မကောင်းသလို ခံစားလိုက်ရ၏။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က သူ အိမ်ဝယ် စဉ်ကလည်း ဤသို့သော အတွေးမျိုး ရှိခဲ့ဖူးပြီး အခြားသူများစွာကလည်း ဤသို့ပင် တွေးတောခဲ့ကြ လေသည်။ ဤမျှ နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် ဤသို့သော အတွေးမျိုး ရှိနေကြသေးသည်ကို သူ မမျှော်လင့်ထားခဲ့ပေ။
ထိုသို့သော သူများသည် အိမ်ခြံမြေစျေးနှုန်းများမှာ သာမန်လူများ လက်လှမ်းမမီနိုင်သော အဆင့်သို့ ရောက်ရှိသွားသည်ကို ငေးကြည့်နေရုံသာ တတ်နိုင်ကြပေလိမ့်မည်။ အမှန်တကယ်တော့ ထိုသူများ၏ အတွေးအခေါ်မှာ မမှားသော်လည်း ၎င်းတို့မှာ ငွေကြေး အလုံအလောက် မရှိကြသဖြင့် မရေရာသော အနာဂတ်တွင် လောင်းကြေးထပ်နေကြခြင်းသာ ဖြစ်၏။
အကယ်၍ တစ်စုံတစ်ဦးက ကျောင်းရှေ့တွင် အသားကင်ရောင်းနေသော သူ၏ဖခင်မှာ ပိုင်ဆိုင်မှု သန်း (၁၀၀) ကျော် ရှိသည်ကို ရုတ်တရက် သိရှိသွားပါက သူသည် အိပ်ခန်းသုံးခန်းပါ တိုက်ခန်းလေးတစ်ခန်း အတွက် စိုးရိမ်ပူပန်နေတော့မည် မဟုတ်ပေ။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် လူမှုပတ်ဝန်းကျင်တွင် ရှင်သန်နေသရွေ့ လူတိုင်းမှာ စီးပွားရေးသမားများ သာ ဖြစ်ကြသည်။ မည်သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို လုပ်ကိုင်သည်ဖြစ်စေ ငွေကြေးသုံးစွဲ မှုနှင့် မကင်းနိုင်ကြချေ။ အိမ်ဝယ်ခြင်း၊ ကားဝယ်ခြင်းမှသည် စားသောက်ခြင်းနှင့် ဈေးဝယ်ထွက်ခြင်း အထိ အားလုံးမှာ ကိုယ်ပိုင် စီးပွားရေးတစ်ခုကို လည်ပတ်နေကြခြင်းပင် ဖြစ်၏။
လူတစ်ယောက်၏ ပိုင်ဆိုင်မှုမှာ လုံလောက်စွာ ကြီးမားလာသောအခါတွင်မူ သူသည် လက်ရှိ စီးပွားရေး အရောင်းအဝယ်ကို လျစ်လျူရှုနိုင်ပြီး အခြားသော အတွေးများကို ထည့်သွင်းစဉ်းစားနေတော့မည် မဟုတ်ပေ။ သို့သော် မိမိ၏ စုဆောင်းငွေအားလုံးကို သုံးစွဲရမည့် အိမ်ဝယ်ခြင်းကဲ့သို့ ကိစ္စရပ်တွင်မူ မည်သူမျှ တည်ငြိမ်စွာ မနေနိုင်ကြချေ။
ရွှီပေါ်အန်းက ခေတ္တမျှ စဉ်းစားပြီးနောက် ပြုံး၍ ချန်ဖိန်ဖိန်ကို ကြည့်ကာ အားပေးသည့် လေသံဖြင့် ပြော လိုက်လေ၏။
“ကိစ္စမရှိပါဘူး...။ ကျွန်တော်က အိမ်ကို နေဖို့ဝယ်တာလေ...၊ စျေးကစားဖို့ ဝယ်တာမှ မဟုတ်တာ...။ ကျွန်တော့်အတွက် နေရတာ အဆင်ပြေရင် ရပြီပဲ...၊ ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ...။”
ချန်ဖိန်ဖိန်သည် ရွှီပေါ်အန်း၏ မျက်နှာအမူအရာနှင့် အပြုအမူများကို သေချာစွာ စောင့်ကြည့်နေခဲ့သည်။ အရာရာမှာ ပုံမှန်အတိုင်း ဖြစ်နေပြီး သူသည် လိမ်လည်နေဟန် လုံးဝ မပေါ်ပေါက်ပေ။ ထိုအခါမှသာ ချန်ဖိန်ဖိန်မှာ အနည်းငယ် စိတ်အေးသွားခဲ့ရလေသည်။
*ဟုတ်သားပဲ...။ သူ သန်း (၃၀၀) ပေါက်ပေါက် မပေါက်ပေါက် ငါနဲ့ ဘာဆိုင်လို့လဲ...။*
အနည်းဆုံးတော့ သိန်းပေါင်းသောင်းချီတန်သော ဇိမ်ခံကားကြီးကို သူ လက်ငင်းငွေချေပြီး ဝယ်ယူခဲ့ သည် မဟုတ်ပါလား။ ဗီလာဝယ်သည့် လုပ်ငန်းစဉ်ကိုသာ ဆက်လက်စောင့်ကြည့်ရပေမည်။ အကယ်၍ သူသာ ဗီလာဝယ်ရန် ငွေအမှန်တကယ် ပေးချေနိုင်ပါက အရာရာမှာ ရှင်းလင်းသွားပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် ယခုတိုင် ဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိသေးပေ။ အကယ်၍ ရွှီပေါ်အန်းက ဗီလာကို မဝယ်ဖြစ်ခဲ့လျှင်တောင်မှ သူမအတွက် အချိန်အနည်းငယ် ပေးလိုက်ရရုံသာ ရှိပေမည်။ သို့သော် သူသာ အမှန်တကယ် ဝယ်ယူလိုက်ပါက သူမသည် ကော်မရှင်ခ အမြောက်အမြား ရရှိမည် ဖြစ်ပေသည်။
သူမအနေဖြင့် ဤအိမ်၏ အိမ်သခင်မ ဖြစ်လာနိုင်မလား ဆိုသည်မှာမူ ယခု လတ်တလောတွင် ထည့်သွင်းစဉ်းစားရမည့် ကိစ္စ မဟုတ်သေးချေ။ ထိုသို့တွေးတောလိုက်ပြီးနောက် ချန်ဖိန်ဖိန်သည် သူမ၏ စိုးရိမ်မှုများကို ထိန်းချုပ်ကာ ရွှီပေါ်အန်းနှင့် အေးအေးဆေးဆေး စကားပြောဆိုရင်း ဝမ်တန်း ပလာဇာသို့ ရောက်ရှိလာခဲ့ကြလေသည်။
ရွှီပေါ်အန်းသည် ချန်ဖိန်ဖိန်အား ကားပေါ်မှ ဆင်းရန် ယဉ်ကျေးစွာ ကူညီပေးခဲ့ပြီးနောက် နှစ်ဦးသား အရောင်းရုံးဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့ကြလေသည်။
“ပျမ်းမျှစျေးနှုန်း (၃၀၀၀၀) မှ စတင်မည်။ အသင့်နေထိုင်နိုင်ပြီး နွေးထွေးသော အိမ်ဂေဟာ။”
ကြီးမားလှသော ကြော်ငြာဆိုင်းဘုတ်ကြီးကို ကြည့်ရင်း ရွှီပေါ်အန်း၏ ခြေလှမ်းများမှာ တည်ငြိမ်နေ သော်လည်း ချန်ဖိန်ဖိန်မှာမူ ရင်ထဲတွင် ပိုမို စိတ်လှုပ်ရှားနေခဲ့သည်။ ရွှီပေါ်အန်းက ပိုမို ယုံကြည်ချက်ရှိ လေလေ ချန်ဖိန်ဖိန်အတွက် ကော်မရှင်ခ ရရှိရန် အခွင့်အလမ်း ပိုများလေလေ ဖြစ်၏။
ဝမ်တန်း အလယ်ဗဟို ဗီလာနယ်မြေ။
ဝမ်တန်း ကုန်တိုက်ကြီး ပေါ်ပေါက်လာပြီးနောက် တုန်းကျန်းမြို့တွင် အဆင့်မြင့် ဗီလာလူနေရပ်ကွက် တစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းဗီလာနယ်မြေသည် အချက်အချာကျသော နေရာတွင် တည်ရှိလေ၏။
ရှေ့ဘက်တွင် စည်ကားလှသော စီးပွားရေးဇုန်ရှိပြီး နောက်ဘက်တွင် တုန်းကျန်းမြို့၏ ကျော်ကြားသော အော်ပင် သဘာဝဥယျာဉ် ရှိလေသည်။ ထို့ထက် ပိုမိုဝေးကွာသော နေရာတွင်မူ ကျန်းကျိုးပြည်နယ် တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေသော မိခင်မြစ်ကြီးဖြစ်သည့် ဝမ်ဘင်မြစ်၏ မြစ်ခွဲတစ်ခု ရှိနေလေ သည်။
ဗီလာနယ်မြေ၏ ဘေးတွင်လည်း မြင့်မားသော လူနေတိုက်ခန်းတွဲများစွာ ရှိပြီး စျေးနှုန်းများမှာလည်း တစ်စတုရန်းမီတာလျှင် (၁၀၀၀၀) ကျော် ရှိလေသည်။
၎င်းတိုက်ခန်းတွဲများမှာ ဗီလာနယ်မြေနှင့် ရောနှောနေသဖြင့် ဗီလာနယ်မြေ၏ အဆင့်အတန်းကို လျော့ကျစေသည်ဟု ထင်ရသော်လည်း တုန်းကျန်းမြို့ကဲ့သို့ တတိယတန်းစား မြို့တစ်မြို့အတွက်မူ ဤသည်မှာ အကောင်းဆုံးသော ပေါင်းစပ်မှု ပင် ဖြစ်ပေသည်။ ယခုအချိန်တွင် ဤလူနေရပ်ကွက်မှာ တုန်းကျန်းမြို့၏ “အဆောက်အဦ ဘုရင်” ဟု လူသိများနေခဲ့ပြီ ဖြစ်သည်။
“ကြိုဆိုပါတယ် ရှင့်...၊ ဘယ်သူနဲ့ တွေ့ချင်လို့လဲ...။”
အရောင်းဝန်ထမ်း အမျိုးသမီး စကားမဆုံးမီမှာပင် ချန်ဖိန်ဖိန်က လက်ယမ်းပြလိုက်ကာ
“မန်နေဂျာ ထျန်ကို ခေါ်ပေးပါ...၊ ကျွန်မသူငယ်ချင်းက ဗီလာဝယ်မလို့...။” ဟု ပြောလိုက်လေသည်။
မန်နေဂျာ ထျန်မှာ ဝမ်တန်း အိမ်ခြံမြေ အရောင်းမြှင့်တင်ရေးတွင် ဆိုင်ခန်းအများအပြားကို ပါဝင်ပက် သက်စေခဲ့သူ ဖြစ်သလို ယာယီဝန်ထမ်းများကိုလည်း အိမ်တစ်လုံး ရောင်းရတိုင်း ကော်မရှင်ခ ပေးမည် ဟု ကတိပေးထားသူလည်း ဖြစ်ပေသည်။
ဝန်ထမ်းအမျိုးသမီးက ယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီး ရွှီပေါ်အန်းနှင့် ချန်ဖိန်ဖိန်တို့ကို ဧည့်ခန်းအတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။ မကြာမီမှာပင် ဆံပင်တိုတိုနှင့် အမျိုးသမီးတစ်ဦး ဝင်လာခဲ့လေ၏။ သူမသည် သူမကိုယ်တိုင် ဒီဇိုင်းထုတ်ထားသော အမှတ်တံဆိပ်ကို ဝတ်ဆင်ထားသည့် ထျန်ရှောင်ရို့ ပင်ဖြစ်သည်။
သူမသည် အသက် (၂၀) ခန့်သာ ရှိပုံရသော်လည်း ဖျတ်လတ်တက်ကြွသော အမူအရာ ရှိလေသည်။
“စောင့်ခိုင်းမိလို့ တောင်းပန်ပါတယ် အစ်မချန်...။”
ထျန်ရှောင်ရို့မှာ ချန်ဖိန်ဖိန်နှင့် ရင်းနှီးပုံရပြီး ရောက်ရှိလာသည်နှင့် ချန်ဖိန်ဖိန်အား ဖက်လဲတကင်း နှုတ်ဆက်ကာ ရွှီပေါ်အန်းကို ပြုံး၍ ကြည့်လိုက်လေသည်။
ချန်ဖိန်ဖိန်က…၊
“ဒါက ကျွန်မသူငယ်ချင်း အစ်ကိုရွှီပါ...။ သူက ဒီမှာ ဗီလာဝယ်ချင်လို့တဲ့...၊ နည်းနည်းလောက် ရှင်းပြပေး ပါဦး...။” ဟု မိတ်ဆက်ပေးလိုက်လေသည်။
“ရပါတယ်...၊ အရင်ဆုံး 3D မျက်မှန်လေး တပ်ပေးပါနော်...၊ တိုက်ရိုက် ကြည့်ရှုနိုင်အောင် စီစဉ်ပေးပါ့ မယ်...။”
ပြောရင်းဆိုရင်းဖြင့် ထျန်ရှောင်ရို့သည် စားပွဲပေါ်ရှိ ပရိုဂျက်တာကို ဖွင့်လိုက်လေသည်။ မကြာမီမှာပင် ဗီလာနယ်မြေ တစ်ခုလုံး၏ 3D ပုံရိပ်များ ပေါ်လာခဲ့၏။
“ဝမ်တန်း အလယ်ဗဟိုခြံဝင်းမှ ကြိုဆိုပါတယ်...။ ဒီနေရာမှာ အောင်မြင်မှုနှင့် ကျန်းမာခြင်းများက သင့်ထံသို့ ရောက်ရှိလာပါလိမ့်မယ်...။ ဘယ်ခြေလှမ်းလှမ်းလျှင် ဘဝကို ရရှိစေပြီး ညာခြေလှမ်းလှမ်း လျှင် ကျန်းမာခြင်းကို ရရှိစေပါမယ်...။”
3D ဗီဒီယိုကို ကြည့်ရှုပြီးနောက် ရွှီပေါ်အန်းသည် သူ၏ နားထင်ကို ပွတ်သပ်လိုက်လေသည်။ သူ၏ ကျန်းမာရေးနှင့် အမြင်အာရုံမှာ တိုးတက်လာခဲ့သော်လည်း လူလတ်ပိုင်းအရွယ်များ၏ အလေ့အကျင့် အချို့ကိုမူ မပြောင်းလဲနိုင်သေးချေ။ ၎င်းဗီဒီယိုတွင် ရွှီပေါ်အန်းသည် ရောင်းရန်ကျန်ရှိနေသော ဗီလာ ၃၀ စလုံးကို အသေးစိတ် ကြည့်ရှုခဲ့လေသည်။ ဤသည်မှာ သာမန် ပုံစံတူငယ်ကို ကြည့်ရသည်ထက် ပိုမို ရှင်းလင်းလှပေသည်။
“အစ်ကိုရွှီ...၊ စိတ်ကြိုက်တွေ့တဲ့ အိမ်ရှိပြီလား...။ အခု သွားကြည့်လို့ ရပါတယ်...။”
ထျန်ရှောင်ရို့က ပြုံးလျက် ဖိတ်ခေါ်လိုက်လေသည်။
ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်ပြီး အိမ်နံပါတ် သုံးခုကို ပြောလိုက်ရာ ထျန်ရှောင်ရို့၏ အပြုံးမှာ ပိုမို တောက်ပသွားခဲ့လေသည်။ ၎င်းဗီလာ သုံးလုံးစလုံးမှာ စျေးနှုန်း သန်း (၁၅) ကျော်ခန့် ရှိပြီး ဤဗီလာ နယ်မြေတွင် အလယ်အလတ်မှ အဆင့်မြင့် အပိုင်းတွင် ပါဝင်လေသည်။
ဤအိမ်ကို ရောင်းချရလျှင် သူမအတွက် ကော်မရှင်ခ အမြောက်အမြား ရရှိမည် ဖြစ်ပေသည်။ ထျန်ရှောင်ရို့သည် ထိုငွေများ ရရှိလျှင် သူမညီမ၏ အလုပ်ရှင်ကို ထမင်းကောင်းကောင်း ကျွေးမွေးရန် စိတ်ကူးနေခဲ့၏။ သူမ၏ ညီမလေးမှာ တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီတွင် အလုပ်ဝင်ခါစ ဖြစ်ပြီး အလုပ်ရှင်ဖြစ်သူက သူမအား အလုပ်ကြမ်းများ ခိုင်းစေနေသည်ဟု ညည်းညူနေခဲ့လေသည်။
ယခင်က သူမသည် ထိုသူကို ထမင်းဖိတ်ကျွေးရန် ကြိုးစားခဲ့ဖူးသော်လည်း ဟိုတယ်အဆင့်အတန်းကို ကြားသောအခါ ထိုသူက ရိုင်ရယ် ဒိုင်နက်စတီ ဟိုတယ်တွင် ချိန်းဆိုမှု ရှိသည်ဟု ဆိုကာ ယဉ်ကျေးစွာ ငြင်းဆိုခဲ့ဖူးသည်။ ယခု ကော်မရှင်ခများ ရရှိလျှင်မူ အကြွေးများကို ဆပ်ပြီးနောက် ရိုင်ရယ် ဒိုင်နက်စတီ ဟိုတယ်တွင် ထမင်းဖိတ်ကျွေးနိုင်မည် ဖြစ်သည်။
ထိုသို့တွေးတောရင်း ထျန်ရှောင်ရို့သည် ဤအရောင်းအဝယ်ကို အောင်မြင်အောင် လုပ်ဆောင်ရန် မိမိကိုယ်ကို အားပေးနေမိလေတော့သည်။