အခန်း (၂၃-၂၄)
Vol. 3 Ch. 23-24
အခန်း (၂၃)
အခွန်ကောက်ခံသူများ
မကြာမီမှာပင် ချန်ဖိန်ဖိန်၏ အကြံပေးမှုဖြင့် ရွှီပေါ်အန်းသည် အကျယ်အဝန်း စတုရန်းမီတာ (၄၀၀) ကျော်ရှိပြီး စုစုပေါင်းတန်ဖိုး ယွမ် (၁၆) သန်းရှိသော သီးသန့်ဗီလာတစ်လုံးကို ရွေးချယ်လိုက်လေသည်။
၎င်းဗီလာမှာ သုံးထပ်အဆောက်အဦဖြစ်ပြီး အိပ်ခန်း ရှစ်ခန်း၊ ဧည့်ခန်း သုံးခန်းနှင့် ရေချိုးခန်း လေးခန်း ပါဝင်ပေသည်။ ထို့ပြင် စတုရန်းမီတာ (၅၀) ရှိသော အမိုးအောက်ခန်းနှင့် စတုရန်းမီတာ (၃၀) ရှိသော ခြံဝင်းတစ်ခုလည်း ပါရှိသေး၏။ အိမ်အတွင်း၌ လိုအပ်သော ပရိဘောဂများနှင့် လျှပ်စစ်ပစ္စည်းများ အပြည့်အစုံ တပ်ဆင်ထားသဖြင့် အသင့်တက်နေရုံသာ ဖြစ်ပေရာ ဤသည်မှာ ချန်ဖိန်ဖိန်အတွက် အိပ်မက်ထဲမှ အိမ်ဂေဟာပင် ဖြစ်လေတော့သည်။
ရွှီပေါ်အန်းက စာချုပ်တွင် လက်မှတ်ရေးထိုးကာ ငွေပေးချေရန်အတွက် ကတ်ကို တစ်ချက်တည်းဖြင့် အဆင်ပြေချောမွေ့စွာ ပွတ်ဆွဲလိုက်သည်ကို ကြည့်ရင်း ချန်ဖိန်ဖိန်မှာ အိပ်မက်မက်နေသကဲ့သို့ ခံစား လိုက်ရလေ၏။
ချန်ဖိန်ဖိန်အနေဖြင့် သူမ၏ အံများကို တင်းတင်းကြိတ်၍ ကြိုးစားမည်ဆိုလျှင် ယွမ်တစ်သန်းတန် ကား သို့မဟုတ် အိမ်တစ်လုံးကို ဝယ်ယူနိုင်ပေလိမ့်မည်။ အကြောင်းမှာ သူမ၏ ဆိုင်မှာ ယွမ်သုံးသန်းခန့် တန်ဖိုးရှိသောကြောင့် ဖြစ်၏။
သို့သော် ယခုကဲ့သို့ ယွမ် (၁၆) သန်းတန် ဇိမ်ခံအိမ်ကြီးကို လက်ငင်းငွေချေ၍ ဝယ်ယူခြင်းမျိုးမှာမူ သူမကဲ့သို့ ချမ်းသာသူပင် မလုပ်ရဲသော ကိစ္စဖြစ်ပေရာ ပိုင်ဆိုင်မှု သန်း (၁၀၀) မပြည့်သောသူများ အတွက်မူ ဝေးလာဝေးပေလိမ့်မည်။
ဤအခိုက်အတန့်တွင် ချန်ဖိန်ဖိန်သည် သူမ၏ သူငယ်ချင်းဟောင်း ချီရှောင်ရွှယ်မှာ သူမ၏ ခင်ပွန်း ဟောင်းအကြောင်းကို အလွန်အမင်း သိရှိမှု နည်းပါးလှသည်ကို အသေအချာပင် နားလည်သွားခဲ့လေပြီ။
အလုပ်များပြားလှသော နံနက်ခင်း ကုန်ဆုံးသွားပြီးနောက် သူတို့နှစ်ဦး အလယ်ဗဟို ဗီလာနယ်မြေမှ ထွက်လာချိန်တွင် မိုးပင် ချုပ်လုနီးပြီ ဖြစ်၏။
ရွှီပေါ်အန်းက အားတက်သရောဖြင့် ဖိတ်ခေါ်လိုက်၏။
“မင်းကို ဒီလောက်တောင် အချိန်တွေ ပေးခိုင်းမိလို့ အားနာလိုက်တာ...။ ဆိုင်ကိုလည်း အနှောင့်အယှက် ဖြစ်သွားစေတယ်...။ ဒါကြောင့် တောင်းပန်တဲ့အနေနဲ့ ကျွန်တော့်ကို ထမင်းတစ်နပ်လောက် ကျွေးခွင့် ပေးပါဦး...။”
ချန်ဖိန်ဖိန်က နူးညံ့စွာ ပြုံးလိုက်ပြီး ပွင့်လင်းစွာပင် ဆိုလိုက်လေသည်။
“အမှန်တော့ ကျွန်မက ရှင့်ကို ပြန်ကျွေးရမှာပါ...။ အမှန်အတိုင်း ပြောရရင် ဒီအရောင်းအဝယ် ဖြစ်သွား လို့ ကျွန်မ ကော်မရှင်ခ အများကြီး ရဦးမှာလေ...။ ကော်မရှင်ခ ရလာရင် ရှင့်ကို ငွေသားနဲ့ ပြန်ပေးပါ့ မယ်...၊ အဲ့ဒါကြောင့် စိတ်မပူပါနဲ့...။”
ရွှီပေါ်အန်းက လက်ယမ်းပြလိုက်ကာ
“ကောင်းတဲ့အရာတွေကို သူစိမ်းတွေဆီ မပေးလိုက်ပါနဲ့...။ မင်းအရည်အချင်းနဲ့ မင်းရတဲ့ ငွေတွေပဲဟာ... မင်းပဲ ယူထားလိုက်ပါ...။”
*လေးစားဖို့ ကောင်းလိုက်တာ...၊ ငါ ချန်ဖိန်ဖိန် ရှင့်ကို ကြည့်တာ မမှားဘူးပဲ...။*
သို့သော်လည်း ချန်ဖိန်ဖိန်က ဆက်လက်၍
“အဲ့ဒါက ငွေပမာဏ တော်တော်များတာနော်...၊ အခွန်ဆောင်ပြီးရင်တောင်မှ ရှင်ရမှာက...။”
ရွှီပေါ်အန်းက ချန်ဖိန်ဖိန်၏ စကားကို ထပ်မံ၍ တားဆီးလိုက်ပြန်သည်။
“ကဲ...၊ အခွန်ဆောင်ရမယ်ဆိုမှတော့ နင်ရတဲ့ ငွေက ပိုပြီးတော့တောင် တရားဝင်ဖြစ်သွားတာပေါ့...။ ဒီ အကြောင်းကို ဆက်မပြောကြတော့ရအောင်...။”
ရွှီပေါ်အန်း မမျှော်လင့်ထားသော အရာမှာမူ သူ အခွန်ကောက်ခံခြင်းအကြောင်း ပြောဆိုနေသည့် တစ် ချိန်တည်းမှာပင် ခေါင်ရှန်းရွာ၌ အံ့ဩဖွယ် တိုက်ဆိုင်မှုတစ်ခု ဖြစ်ပေါ်နေခြင်းပင် ဖြစ်၏။ ခေါင်ရှန်းရွာ၏ မူလနေရာမှာ တောင်စောင့်နတ်မင်း နတ်ကွန်းအောက်ရှိ ယာယီအခြေချနေထိုင်ရာ နေရာမဟုတ်ပေ။
မြို့စောင့်ရဲမက် အဝတ်အစား ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးသည် ခေါင်ရှန်းရွာအတွင်းသို့ ဝင်ရောက်လာကြရာ ၎င်းတို့၏ မျက်နှာပေါ်တွင် စိတ်မရှည်သော အမူအရာများ အထင်အရှား ပေါ်လွင် နေခဲ့လေသည်။
“ဟူး...၊ လောင်ကျောင်း...။ ဒီလို ကာလမျိုးမှာ ငါတို့ကို အခွန်ကောက်ခိုင်းတာက ပြဿနာရှာခိုင်းတာပဲ မဟုတ်လား...။”
လူငယ်ရဲမက်က သက်ပြင်းချရင်း ဆိုလိုက်သည်။
“ဟွန်း... တစ်ယောက်ယောက်ကို စော်ကားမိလို့လား...။ လမ်းတစ်လျှောက်လုံး လူတစ်ယောက်တောင် မတွေ့သေးဘူး...။”
လောင်ကျောင်းဟု ခေါ်သော ရဲမက်က ပျင်းရိစွာ လျှောက်လှမ်းနေခဲ့၏။
သူသည် လမ်းဘေးရှိ ခြောက်သွေ့နေသော မြက်ပင်တစ်ပင်ကို ဆွဲနုတ်ကာ ဝါးရင်း တီးတိုး ရေရွတ်နေ ပြန်လေသည်။
“ဟူး...၊ ဘယ်သူက ငြင်းနိုင်မှာလဲ...။ ဒီရွာသားတွေကလည်း တစ်နေရာတည်း မနေဘဲ ဟိုပြေးဒီပြေးနဲ့...၊ ဒီတိုင်းပဲ ကိုယ့်ဘိုးဘွားပိုင် မြေနေရာကို စောင့်နေကြတာက ပိုမကောင်းဘူးလား...။”
လောင်ကျောင်းက မျက်လုံးပြူးကြည့်လိုက်ပြီး…၊
“အဲ့ဒါက သိသာနေတာပဲ မဟုတ်လား...။ ဒီနှစ်တွေမှာ မိုးဘယ်လောက် ခေါင်နေလဲဆိုတာ မင်းလည်း သိသားပဲ...။ ရွာသားတွေမှာ အစိုးရကပေးတဲ့ လစာလည်း မရှိဘူး...၊ ရှိရှန်းမြို့က သူဌေးကြီးတွေလို စုထားတဲ့ ငွေတွေလည်း မရှိဘူး...။ ဘယ်သူက ဒီမှာနေပြီး အသေခံချင်မှာလဲ...။”
“အင်း...၊ အဲ့ဒါလည်း ဟုတ်တာပဲ...။ ဘယ်သူ့အတွက်မှ မလွယ်ကူပါဘူး...။”
ရဲမက်လေးမှာ သက်ပြင်းချပြီး ရှေ့ဆက်ရန် ပြင်လိုက်စဉ်မှာပင် နေရာတစ်ခုသို့ အကြည့်ရောက်သွားရာ သူ၏ မျက်လုံးများမှာ တောက်ပသော အလင်းရောင်တစ်ခုကြောင့် ဝေဝါးသွားခဲ့ရလေသည်။
“လောင်ကျောင်း...၊ ဟိုမှာ ကြည့်ဦး...။ အဲ့ဒါ ဘာကြီးလဲ...။”
ပြောပြောဆိုဆိုနှင့်ပင် ရဲမက်လေးက ဘေးဘက်ရှိ ခြံဝင်းတစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်လေ၏။
လောင်ကျောင်းက သူငယ်ချင်းဖြစ်သူ ညွှန်ပြသော နေရာသို့ ကြည့်လိုက်ရာ အံ့အားသင့်သဖြင့် မျက်လုံး များ ပြူးကျယ်သွားခဲ့ရလေသည်။
၎င်းမှာ ကျောက်တုံးခြံဝင်းတစ်ခု ဖြစ်ပေသည်။ ကျောက်တုံးနံရံများမှာ နှစ်ရှည်လများ ပြုပြင်ထိန်းသိမ်း မှု မရှိသဖြင့် နေရာအတော်များများတွင် ပြိုကျနေခဲ့ရာ ခြံဝင်းအတွင်းကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင် ပေသည်။
ခြံဝင်းအတွင်းရှိ လိုဏ်ဂူအိမ်၏ မြေနံရံတွင် တောက်ပသော ငွေရောင်လှံရှည်တစ်စင်း မှီထားသည်ကို တွေ့လိုက်ရ၏။
“အမလေး...၊ ငါ့လေးဦးလေးရေ...။ လှံတစ်စင်းပါလား...၊ ဒါက တကယ်ကို ထိပ်တန်းအရည်အသွေးရှိ တဲ့ လှံပဲ...။ ကြည့်ရတာ ကင်းလှည့်စစ်ဆေးရေးအရာရှိ ယန်မိသားစုရဲ့ မျိုးရိုးစဉ်ဆက်လှံထက်တောင် ပိုကောင်းဦးမယ်...။ ခေါင်ရှန်းရွာမှာ ဒီလို ရတနာမျိုး ဘယ်လိုရှိနေတာလဲ...။”
“ဟားဟား...၊ လောင်ကျောင်း...။ သူတို့ လက်နက်တွေ သိုလှောင်ထားတာပဲ...။ ငါတို့တော့ အမှတ်ရ တော့မယ်...။”
ရဲမက်လေးက ဝမ်းသာအားရ ပြောလိုက်လေသည်။
လောင်ကျောင်းက ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပြီး…။
“ဂုဏ်ပြုမှတ်တမ်း ဟုတ်လား...။ ဟွန်း...၊ မင်းက ကလေးပဲ ရှိသေးတာပဲ...။ အမှတ်ရလို့ ဘာလုပ်မှာလဲ ... ၊အရာရှိဝမ်နဲ့ အရာရှိချုပ်ယန်တို့ကတော့ အမှတ်တွေနဲ့ ရာထူးတက်နိုင်တာပေါ့...။ ငါတို့လို လူတွေက တော့ ဝမ်းစာအတွက်ပဲ လုပ်နေရတာ...။ အထက်မှာလည်း ဘယ်သူမှ မရှိဘူး...။ အမှတ်ရလို့ ဘာထူးမှာ လဲ...။ ငါတို့ စာရေးအရာရှိ ဖြစ်လာနိုင်မယ် ထင်နေတာလား...။ အိပ်မက်မက်မနေနဲ့...။”
ရဲမက်လေးမှာ ရေအေးဖြင့် အပက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားကာ စိတ်ပျက်လက်ပျက်ဖြင့်
“လောင်ကျောင်း...၊ ဒါဆို ဘာလုပ်ရမလဲ...။ မမြင်ချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားလိုက်ရမှာ လား...။” ဟု တီးတိုးမေးလိုက်၏။
လောင်ကျောင်းက နှာခေါင်းရှုံ့လိုက်ကာ…၊
“လျစ်လျူရှုရမယ် ဟုတ်လား...။ ဟွန်း...၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။ ငါတို့ မဟာကျင့်မင်းဆက်ရဲ့ ဥပဒေအရ လက်နက်တွေကို တရားမဝင် ကိုင်ဆောင်ထားသူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ရမယ်...။ ငါတို့က အစိုးရဝန်ထမ်းတွေပဲ...၊ ဒီလို အပြုအမူမျိုးကို ဘယ်လိုလုပ် မျက်ကွယ်ပြုထား လို့ ရမှာလဲ...။”
“ဒါဆို ဘာလုပ်ကြမလဲ...။”
ရဲမက်လေးက ဇဝေဇဝါ ဖြစ်လျက် မေးလိုက်လေသည်။
လောင်ကျောင်းက လူငယ်လေးကို ပြုံး၍ ကြည့်လိုက်ပြီး အတွေ့အကြုံရှိသူပီပီ သင်ကြားပြသပေးသည့် လေသံဖြင့် ဆိုလိုက်၏။
“ဟဲဟဲ... ထောင်ထဲမှာ တစ်နှစ်ခွဲနေရတာက တော်တော် ခက်ခဲတဲ့ အချိန်ပဲလေ...။ မင်းစဉ်းစားကြည့်...၊ အဲ့ဒီကနေ လွတ်ဖို့အတွက် သူတို့ ငွေဘယ်လောက် ပေးရမလဲဆိုတာ...။”
ရဲမက်လေးမှာ ချက်ချင်းပင် သဘောပေါက်သွားပြီး …၊
“ဪ...၊ သိပြီ...၊ သူတို့ကို ငွေပေးခိုင်းရမယ်လို့ ပြောတာလား...။”
လောင်ကျောင်းက ကျေနပ်စွာ ပြုံးလိုက်ပြီး သူငယ်ချင်းဖြစ်သူ ဆက်မပြောနိုင်အောင် တားလိုက်လေ သည်။
“ဟူး...၊ ဝယ်ခိုင်းတာလို့ မပြောပါနဲ့...။ အဓိကကတော့ သူတို့ကို ပညာပေးဖို့ပါပဲ...၊ သူတို့ကလည်း နယ်မြေချင်း နီးစပ်တဲ့ ရွာသားတွေပဲဟာ...။ သူတို့က ငါတို့ကို ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်ပေး လာရင်တော့ ငါတို့ကလည်း ငြင်းဖို့ မကောင်းဘူးပေါ့...။”
ရဲမက်လေးက ဝမ်းသာအားရ လက်ခုပ်တီးလိုက်ကာ…၊
“ဟားဟား...၊ လောင်ကျောင်း...၊ မင်းက တကယ်ကို တော်တာပဲ...။ လစာအနည်းငယ်လေးနဲ့ ဒီအလုပ် ကို နှစ်ပေါင်း (၂၀) ကျော် ဘယ်လိုလုပ်နိုင်လဲဆိုတာ အခုမှ သိတော့တယ်...။ မင်းက တကယ် တတ်နိုင် တာပဲ...။ ဒါနဲ့... ဒီအတွက် ငါတို့ ဘယ်လောက် တောင်းရမလဲ...။”
လောင်ကျောင်းက သူ၏ လက်ညှိုးတစ်ချောင်းကို အေးဆေးစွာ ထောင်ပြလိုက်သည်။
“ဘယ်လောက်လဲ...၊ ကြေးပြား (၁၀၀) လား...။”
ရဲမက်လေးက မျှော်လင့်တကြီး မေးလိုက်လေ၏။
လောင်ကျောင်းက ခနဲ့လိုက်ကာ….၊
“မင်းက သူတောင်းစားကို ပေးသလို ပေးနေတာလား...၊ ထောင်ထဲကို အဝတ်အစား ပို့ပေးတာတောင် ဒီလောက် ကုန်တာပဲ...။ ငါပြောတာက တစ်ကွမ်...၊ အဲ့ဒါထက် နည်းရင်တော့ မရဘူး...။”
မဟာကျင့်မင်းဆက်တွင် ကြေးပြား တစ်ထောင်မှာ ငွေ တစ်ကျပ် (တစ်တုံး) နှင့် ညီမျှလေသည်။ ရဲမက် များ၏ လစာမှာ တစ်လလျှင် ကြေးပြား (၅၀၀) သာ ရှိပေသည်။
ရဲမက်လေးမှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး မယုံနိုင်သကဲ့သို့ ဆိုလိုက်၏။
“တစ်ကွမ် တောင်လား...၊ အမလေး... ငါတို့ တစ်ဝက်စီ ခွဲယူရင်တောင် တစ်ယောက်ကို ကြေးပြား (၅၀၀) ရမယ်...၊ ဒါက တစ်လစာ လစာကြီးလေ...။”
လောင်ကျောင်းမှာ ဤကဲ့သို့သော ကိစ္စများကို လုပ်နေကျဖြစ်ပုံရပြီး ခနဲ့တဲ့တဲ့ဖြင့်….၊
“မင်းကြည့်ရတာ တော်တော်ကို ဆင်းရဲလွန်းတယ်...။ ရည်မှန်းချက် လုံးဝ မရှိဘူး...။ ဘာလဲ...၊ တစ်လ ကြေးပြား (၅၀၀) နဲ့ မိသားစုကို လုပ်ကျွေးနိုင်မယ် ထင်နေတာလား...။”
ရဲမက်လေးက ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားပြီးမှ…၊
“ရပါတယ်...။ အပြင်မှာ စားသောက်ပြီးရင်တောင် တစ်လကို ကြေးပြား အနည်းငယ်တော့ စုနိုင်ပါသေး တယ်...။” ဟု ပြောလိုက်လေ၏။
လောင်ကျောင်းက နှာခေါင်းရှုံ့လိုက်ကာ…၊
“ဟွန်း...၊ အဲ့ဒါက မင်းတစ်ယောက်တည်းမို့လို့ပါ...။ စဉ်းစားကြည့်ဦး...၊ မင်း အိမ်ထောင်ကျသွားရင် အဲ့ဒီ ကြေးပြား အနည်းငယ်က မင်းမိန်းမ စားဖို့ သောက်ဖို့ လောက်ပါ့မလား...။ အဝတ်အစား၊ နှုတ်ခမ်းနီနဲ့ မုန့်တွေဝယ်ဖို့ကော...။ ကလေးရလာရင် ဘယ်လိုလုပ်မလဲ...။”
ရဲမက်လေးက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။
“အင်း...၊ မလောက်ပါဘူး...။ ဒါပေမဲ့ ဒီလို ဆင်းရဲတဲ့ မိသားစုက ကြေးပြား တစ်ကွမ်လောက် ထုတ်ပေး နိုင်ပါ့မလား...။”
လောင်ကျောင်းက သူ၏ ကော်လာကို ပြင်လိုက်ပြီး သဘောထားကြီးဟန်ဖြင့်….၊
“ဘာလို့ လောနေတာလဲ...၊ လူ့စွမ်းအားက အကန့်အသတ်မရှိဘူးလေ...။ အကယ်၍ သူတို့ ငွေမပေးနိုင် ရင်တောင် ဒီလှံကို ရောင်းလိုက်ရင် ကြေးပြား တစ်ကွမ်ထက်မက ရနိုင်တာပဲလေ...။”
စကားပြောနေရင်းဖြင့် လောင်ကျောင်းသည် ရဲမက်လေးကို ဦးဆောင်ကာ ခြံစည်းရိုးနိမ့်နိမ့်ကို ကျော် ဖြတ်ပြီး တောက်ပနေသော ငွေရောင်လှံရှည်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလေတော့သည်။
သူတို့နှစ်ဦး လှံကို မထိရသေးမီမှာပင် အလျင်စလို လျှောက်လာသော ခြေသံများကို ကြားလိုက်ရ၏။
လူမရောက်မီ အသံက အရင်ရောက်လာခဲ့သည်။
“အဘိုး...၊ ကျွန်တော် ပြန်လာပြီ... ကြည့်ပါဦး...၊ ကျွန်တော် ဘာတွေ ယူလာလဲဆိုတာ...။ မုန့်ချိုဆီနဲ့ ဝက်သားခြောက်တွေလေ...။ မြန်မြန်စားလိုက်ဦး...၊ ပြီးရင် ကျွန်တော်တို့ ခရီးဆက်ကြမယ်...။”
ခြံဝင်းအတွင်းရှိ လောင်ကျောင်းနှင့် သူ၏အဖော်မှာ ကြက်သေ သေသွားကြလေပြီ။
*မုန့်ချိုဆီ...၊ ဝက်သားခြောက် တဲ့လား...။*
*ဒီလို ကာလမျိုးမှာ ဘယ်သူက ဒီလောက် အဖိုးတန်တဲ့ အစားအစာတွေကို ဝယ်နိုင်မှာလဲ...။ အထူးသ ဖြင့် ခေါင်ရှန်းရွာလို ဆင်းရဲပြီး ဝေးလံခေါင်ဖျားတဲ့ နေရာမျိုးမှာပေါ့...။*
အခန်း (၂၄)
မဖြစ်နိုင်တာ... လုံးဝကို မဖြစ်နိုင်တာပဲ...
ခေါင်ရှန်းရွာသည် ဆင်းရဲပြီး ဝေးလံခေါင်ဖျားသော နေရာတစ်ခုဟု ဆိုလျှင် လုံးဝတော့ မမှန်ကန်လှချေ။ ၎င်းရွာသည် ကြမ်းတမ်းလှသော တောင်တက်လမ်းများပေါ်တွင် တည်ရှိပြီး ခရိုင်မြို့နှင့် ဈေးမြို့များမှ အလွန်ဝေးကွာသဖြင့် ဝေးလံခေါင်ဖျားသော နေရာတစ်ခုဟု ဆိုလျှင်မူ မှန်ကန်ပေလိမ့်မည်။ သို့သော် ဆင်းရဲသောရွာဟု ခေါ်ဝေါ်ခြင်းမှာမူ မတရားသလို ဖြစ်နေပေလိမ့်မည်။
လွန်ခဲ့သော နှစ်များစွာက ခေါင်ရှန်းရွာသည် တောင်တန်းများကို အမှီပြု၍ အသက်မွေးဝမ်းကျောင်း ပြုကြသော ချမ်းသာသည့် ရွာတစ်ရွာ ဖြစ်ခဲ့ဖူးလေသည်။ တောင်ပေါ်တွင် အမဲလိုက်ခြင်း၊ မှိုရှာခြင်း၊ သစ်သီးများ ခူးဆွတ်ခြင်းနှင့် ဆေးဖက်ဝင် အပင်များ တူးဖော်ခြင်းတို့ကြောင့် ခေါင်ရှန်းရွာသည် ချင်းမူ စီရင်စု တစ်ခုလုံးတွင် အတော်ပင် ကျော်ကြားခဲ့လေသည်။
ထိုစဉ်ကာလက အစိုးရအရာရှိများသည်ပင် ရုံးကိစ္စများဖြင့် ခေါင်ရှန်းရွာသို့ လာရောက်ရန် ဝန်မလေးခဲ့ ကြချေ။ အကြောင်းမှာ ဤနေရာတွင် စစ်မှန်သော တောလိုက်သားကောင်များကို စားသောက်နိုင်သည့် အပြင် ပြန်လျှင်လည်း လက်ဆောင်ပစ္စည်းများ သယ်ဆောင်သွားနိုင်သောကြောင့် ဖြစ်ချေ၏။
သို့ရာတွင် မကြာသေးမီ နှစ်များအတွင်း ပြင်းထန်သော မိုးခေါင်ရေရှားမှုဒဏ်ကြောင့် သီးနှံများ ပျက်စီး ကာ အပင်များ ညှိုးရော်ကုန်ပြီး တောင်ပေါ်ရှိ သားကောင်များမှာလည်း တဖြည်းဖြည်း ရှားပါးလာခဲ့ လေသည်။ ထိုအချိန်မှစ၍ ခေါင်ရှန်းရွာမှာ ပျက်စီးယိုယွင်းလာခဲ့ပြီး မိုးခေါင်မှုမှာ ပိုမိုဆိုးရွားလာသဖြင့် သောက်သုံးရေပင် အလုံအလောက် မထွက်ရှိတော့ချေ။ ဧည့်ဝတ်ကျေပွန်မှု အဆင့်အတန်းမှာလည်း သိသိသာသာ ကျဆင်းသွားခဲ့ရာ ၎င်းမှာ အစိုးရဝန်ထမ်းများ၏ မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့လေသည်။
ယခုအခါ စျေးကြီးလှသော မုန့်ချိုဆီနှင့် ဆားအမြောက်အမြား အသုံးပြုရသည့် ဝက်သားခြောက်တို့ အကြောင်းကို ကြားလိုက်ရသောအခါ ရဲမက်လောင်ကျောင်းနှင့် သူ၏အဖော်မှာ လုံးဝ မယုံကြည်နိုင် အောင် ဖြစ်နေကြရလေသည်။ ဤကဲ့သို့သော ငတ်မွတ်ခေါင်းပါးသည့် နှစ်တွင် စုဆောင်းငွေမရှိသော တောသားတစ်ယောက်အဖို့ မိမိကိုယ်ကိုယ် ငတ်ပြတ်မသွားအောင် ထိန်းသိမ်းရန်ပင် ခက်ခဲလှပေရာ အဘယ်သူကများ ချိုမြိန်သော မုန့်ချိုဆီနှင့် အရည်ရွှမ်းသော ဝက်သားခြောက်များကို စားသောက်ရန် အိပ်မက်မက်ဝံ့ပါမည်နည်း။
ခြံဝင်းအပြင်ဘက်မှ ခြေသံများ နီးကပ်လာသည်ကို ကြားသောအခါ လောင်ကျောင်းသည် သူ၏အဖော် ကို ဆွဲခေါ်၍ ခြံဝင်းအတွင်းရှိ ကောက်ရိုးပုံနှင့် ထင်းပုံများနောက်တွင် အမြန်ပုန်းကွယ်လိုက်ကြလေ သည်။ အော်ဟစ်နှုတ်ဆက်လိုက်သူမှာ လီချိန်းရှီပင် ဖြစ်၏။ သူသည် သူ၏အဘိုးကို လာရောက်ခေါ် ဆောင်ရန် ပြန်လာခြင်း ဖြစ်ပေသည်။
*ငါကတော့ တောင်စောင့်နတ်မင်းကြီးရဲ့ စောင့်ရှောက်မှုအောက်မှာ ပျော်ရွှင်စွာ နေထိုင်နေရပေမဲ့ ငါ့ရဲ့ အသက် (၈၀) အရွယ် အဘိုးကတော့ ရွာထဲမှာ ခက်ခဲစွာ ရုန်းကန်နေရတုန်းပဲ...။*
ရွာသားအများစုမှာလည်း လီချိန်းရှီကဲ့သို့ပင် စိုးရိမ်ပူပန်နေကြသဖြင့် သူတို့အားလုံး သဘောတူညီချက် တစ်ခု ရရှိခဲ့ကြသည်။ ထို့ကြောင့် ထွက်ခွာသွားပြီး နှစ်ရက်ပင်မပြည့်သေးမီမှာပင် လီချိန်းရှီသည် အဘိုး ဖြစ်သူနှင့် ကျန်ရှိနေသော ရွာသားများကို လာရောက်ခေါ်ဆောင်ရန်အတွက် ရွာသားအချို့နှင့်အတူ ခေါင်ရှန်းရွာသို့ အပြေးအလွှား ပြန်လာခဲ့ခြင်း ဖြစ်လေသည်။
ရွာတွင် ကျန်ရစ်ခဲ့သော သူများမှာ များသောအားဖြင့် သက်ကြီးရွယ်အိုများ၊ ဖျားနာသူများနှင့် မသန်စွမ်း သူများသာ ဖြစ်ကြပြီး မိမိကိုယ်ကိုယ် ကောင်းမွန်စွာ မစောင့်ရှောက်နိုင်ကြသဖြင့် ၎င်းတို့၏ မိသားစုဝင် များမှာ အလွန်ပင် စိုးရိမ်နေကြခြင်း ဖြစ်ပေသည်။
မူလက လူတိုင်းသည် တောင်စောင့်နတ်မင်းကြီးထံတွင် ခွင့်ပန်လိုကြသော်လည်း လီချိန်းရှီကမူ နတ်မင်း ကြီးအပေါ် အလွန်အမင်း အမှီပြုလွန်းလျှင် ရွာသားများမှာ ပျင်းရိသူများဟု ထင်မြင်ခံရမည်ကို စိုးရိမ် နေခဲ့လေသည်။ ထို့ကြောင့် သူသည် တောင်စောင့်နတ်မင်းကြီး ပေးသနားထားသော တောက်ပသည့် ငွေရောင်လှံရှည်ကို ကိုင်ဆောင်ကာ သတ္တိမွေး၍ လူကြီးများကို လာရောက်ခေါ်ဆောင်ရန် ဦးဆောင် လာခဲ့ခြင်း ဖြစ်ပေ၏။
ခရီးစဉ်မှာ အဆင်ပြေချောမွေ့လှသဖြင့် မိမိအိမ်တံခါးဝသို့ ရောက်သောအခါ လီချိန်းရှီမှာ နှစ်ရက်တိုင် တိုင် မတွေ့ရသော အဘိုးဖြစ်သူကို မအောင့်နိုင်ဘဲ လှမ်း၍ အော်ခေါ်လိုက်မိခြင်းပင် ဖြစ်ပေတော့သည်။ နှစ်ပေါင်းများစွာ တစ်ဦးကိုတစ်ဦး မှီခိုလာခဲ့ကြသော အဘိုးနှင့် မြေးနှစ်ဦးမှာ ဤမျှကြာအောင် ခွဲခွာဖူး ခြင်းမှာ ယခုက ပထမဆုံးအကြိမ် ဖြစ်ပေသည်။
လီချိန်းရှီ၏ အဘိုးသည် အော်သံကို ကြားသောအခါ လိုဏ်ဂူအိမ်အတွင်းမှ ထွက်လာခဲ့လေသည်။ အဘိုး အိုမှာ အသက်ကြီးရင့်နေပြီ ဖြစ်သော်လည်း လီချိန်းရှီ၏ ဂရုစိုက်မှုကြောင့် ကျန်းမာသန်စွမ်းသေးပုံရပေ သည်။
“ကျောက်ခဲလေး...၊ မင်း ခုနက ဘာတွေ အော်နေတာလဲ...၊ မုန့်ချိုလား...။ ငါ နားကြားတာ မှားနေတာ မဟုတ်ပါဘူးနော်...။”
မုန့်ချိုဆီမှာ အဆင့်မြင့်သကြား အမျိုးအစားဖြစ်ပြီး မုန့်ချိုဆီ အပိုင်းအစလေး တစ်ခုမှာ သာမန် သကြား ညို သို့မဟုတ် သကြားဝါတို့ထက် အဆပေါင်းများစွာ တန်ဖိုးရှိပေသည်။ ဤကဲ့သို့သော အရာများကို များသောအားဖြင့် ချမ်းသာသော သူဌေးကြီးများသာ ဝယ်ယူစားသောက်နိုင်ကြ၏။ သာမန်ရွာသားများ မှာမူ နှစ်သစ်ကူးကာလတွင်မှသာ ကလေးများ စားချင်စိတ် ပြေပျောက်စေရန် အနည်းငယ်သာ ဝယ်ပေး ဝံ့ကြလေသည်။
လီချိန်းရှီနှင့်အတူ လူလတ်ပိုင်း အမျိုးသားတစ်ဦးလည်း ပါလာခဲ့သည်။ လီချိန်းရှီ မဖြေမီမှာပင် ထိုသူက ပြုံးရွှင်စွာဖြင့်…၊
“ဦးလေးကန့်ရှန်း...၊ ဦးလေး ကြားတာ မှန်ပါတယ်...။ ထိပ်တန်းအရည်အသွေးရှိတဲ့ မုန့်ချိုဆီနဲ့ အခုတင် ချက်ထားတဲ့ ဝက်သားခြောက်တွေလေ...၊ မြန်မြန်စားလိုက်ပါဦး...။ ကိုယ်လက်တွေ နွေးသွားအောင် လို့...။” ဟု ပြောလိုက်လေ၏။
လီချိန်းရှီသည် သူ၏အဘိုး လီကန့်ရှန်းထံသို့ ရတနာတစ်ခုကို ပြသသကဲ့သို့ အလျင်အမြန် လျှောက်သွား ကာ သူယူလာသော ကျောက်သကြား အပိုင်းအစအချို့ကို ထုတ်ပြလျက်…၊
“ကြည့်ပါဦး အဘိုး...၊ ဒါတွေက အရမ်းချိုတာပဲ...။” ဟု ပြောလိုက်လေသည်။
လီကန့်ရှန်းသည် ကြည်လင်တောက်ပနေသော ကျောက်သကြားများကို ကြည့်ရင်း ခေတ္တမျှ ကြောင်အ သွားခဲ့ရလေ၏။
“အမလေး ဘုရားရေ...။ ဒီမုန့်ချိုဆီတွေက ဘယ်ကရတာလဲ...၊ ဒါက ကျဲ့ကျိုးစီရင်စုက ထွက်တဲ့ အထူး သန့်စင်ထားတဲ့ မုန့်ချိုဆီတွေအတိုင်းပဲ...။”
ကျဲ့ကျိုးစီရင်စုသည် မဟာကျင့်မင်းဆက်၏ ကျော်ကြားသော သကြားထွက်ရှိရာ ဒေသဖြစ်ပြီး “သကြား မြို့တော်” ဟုပင် ဘွဲ့အမည် ရရှိထားလေသည်။ မဟာကျင့်မင်းဆက်အတွင်းရှိ သကြားထွက်ကုန် (၇၀) ရာခိုင်နှုန်းမှာ ကျဲ့ကျိုးစီရင်စုမှ ထွက်ရှိခြင်း ဖြစ်ပေသည်။
အဘိုး လီကန့်ရှန်းသည် နှစ်ရှည်လများ ရွာလူကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သဖြင့် ပြင်ပလောကနှင့် အဆက်အသွယ် များပြားကာ သာမန်လူများထက် ဗဟုသုတ ပိုမို ကြွယ်ဝသူ ဖြစ်၏။
လီချိန်းရှီက ချိုသာစွာဖြင့် ပြောလိုက်လေသည်။
“အဘိုး... ဒါတွေ အားလုံးက တောင်စောင့်နတ်မင်းကြီး ပေးသနားတာတွေပါ...။ ဝက်သားခြောက်လုပ်ဖို့ သုံးတဲ့ ဆားဆိုရင်လည်း အရသာက အရမ်းစစ်ပြီး သန့်ရှင်းလွန်းနေတာ...။ အမှိုက် တစ်စတောင် မရှိဘူး အဘိုးရဲ့...။”
“တောင်စောင့်နတ်မင်းကြီး တန်ခိုးပြပြီလား...။”
လီကန့်ရှန်းက အံ့သြတကြီး ရေရွတ်လိုက်လေ၏။
“ငါ ငယ်ငယ်ကတည်းက ကြားဖူးတာကတော့ အဲ့ဒီတောအုပ်ထဲမှာ အရမ်းစွမ်းတဲ့ တောင်စောင့်နတ်မင်း နတ်ကွန်းတစ်ခု ရှိတယ်တဲ့...။ ဟိုးအရင်က တောင်ပေါ်မှာ လမ်းပျောက်တဲ့ မုဆိုးတွေဆိုရင် ဘယ်ကမှန်း မသိ ပေါ်လာတတ်တဲ့ အဲ့ဒီနတ်ကွန်းကို အမှီပြုပြီး လွတ်မြောက်လာကြတာ...။ နောက်တစ်ခါ ပြန်ရှာရင် တော့ ဘယ်တော့မှ ရှာမတွေ့တော့ဘူး...။ မင်းက အဲ့ဒီနတ်ကွန်းကို တကယ် ရှာတွေ့ခဲ့တာပဲ...။ ဒါက မင်း အတွက်ရော ငါတို့ ခေါင်ရှန်းရွာအတွက်ပါ ကံကောင်းခြင်းပဲ ငါ့မြေးရာ...။”
“ဟဲဟဲ အဘိုး...၊ ဒါတင်မကဘူးနော်...။ နတ်မင်းကြီးက ငါတို့ကို ရွာက စပါးကျီလောက်ကြီးတဲ့ အခန်း ထဲမှာ ဆန်တွေ ဂျုံတွေ အပြည့် ပေးထားတာ...။”
“ဟုတ်တယ် အဘိုး...၊ ဒါတွေက ဖွဲနုမှုန့်တွေ မဟုတ်ဘူးနော်...။ ထိပ်တန်းအရည်အသွေးရှိတဲ့ ဂျုံမှုန့်နဲ့ ဆန်တွေချည်းပဲ...။ အရသာက အရမ်းကောင်းတာ...၊ ဟင်းမရှိရင်တောင် နှစ်ပန်းကန်လောက် စားနိုင် တယ်...။”
“ဟုတ်တယ် အဘိုး...၊ ပြီးတော့ နတ်မင်းကြီး ပေးတဲ့ရေကလည်း အရမ်းချိုတာပဲ...။ ကျွန်တော် ယူလာ တယ်...၊ အဘိုး မြည်းကြည့်လိုက်ပါဦး...။”
ပြောပြောဆိုဆိုနှင့်ပင် လီချိန်းရှီသည် ရေအိတ်ကို ထုတ်ယူကာ အဘိုးဖြစ်သူထံသို့ ကမ်းပေးလိုက်လေ သည်။ ရေအိတ်ကို ရရှိပြီးနောက် လီကန့်ရှန်းသည် ချက်ချင်း မသောက်သေးဘဲ စိုးရိမ်စိတ်ဖြင့် မေး လိုက်လေ၏။
“တောင်ပေါ်မှာ ရေတွေ အများကြီး ရှိသေးရဲ့လား...။”
လီချိန်းရှီက ခေါင်းညိတ်ပြကာ…၊
“ရေကန်ကြီးက အကြီးကြီးပဲ အဘိုး...၊ နတ်မင်းကြီးက စားစရာနဲ့ သောက်စရာတွေ အများကြီး ရှိတယ် လို့လည်း မိန့်ကြားထားတယ်...။” ဟု ပြောလိုက်လေသည်။
ထိုအခါမှ လီကန့်ရှန်းသည် ရေအိတ်မှ သစ်သားဆို့ကို ဆွဲဖွင့်ကာ ရေနှစ်ငုံခန့်ကို လောလောလောလော သောက်လိုက်ပြီး ကျေနပ်စွာဖြင့် ပါးစပ်ကို သုတ်လိုက်လေတော့၏။
“ချိုတယ်...၊ တကယ်ကို ချိုတာပဲ...။ မြန်မြန် ရွာသားတွေကို စုရအောင်...။ ငါတို့ ခေါင်ရှန်းရွာတော့ အသက်ဆက်နိုင်ပြီဟေ့...။”
ကောက်ရိုးပုံနောက်တွင် ပုန်းနေသော လောင်ကျောင်းနှင့် သူ၏အဖော်မှာ လီချိန်းရှီတို့အဖွဲ့၏ စကားများ ကို အသေအချာ နားထောင်နေကြလေသည်။ တောင်စောင့်နတ်မင်းကြီး တန်ခိုးပြသည်ဟူသော စကား ကို ကြားသောအခါ သူတို့နှစ်ဦးမှာ လှောင်ပြုံးဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေ၏။
*မင်းတို့က မဟာကျင့်မင်းဆက်ရဲ့ ဧကရာဇ်မင်းကြီး တောထွက်လာတုန်း လမ်းမှာ ဆုံခဲ့တယ်လို့ ပြောရင် တောင် ဒါထက် ပိုယုံစရာ ကောင်းဦးမယ်...။*
*တောင်စောင့်နတ်မင်းကြီးက တန်ခိုးပြတယ် ဟုတ်လား...။*
*ဆန်တွေ ဂျုံတွေနဲ့ မုန့်ချိုဆီတွေကို ပေးတယ်တဲ့လား...။*
*အမလေး ဘုရားရေ...၊ ဒါက တောင်စောင့်နတ်မင်းကြီးရဲ့ ကောင်းချီး မဟုတ်ဘဲ ကောင်းကင်က မုန့်ကျ လာသလို ဖြစ်နေပြီ...။*
*မဖြစ်နိုင်တာ...၊ လုံးဝကို မဖြစ်နိုင်တာပဲ...။*
အချို့နေရာများမှ နတ်ဘုရားများမှာ အလွန်တန်ခိုးကြီးသည်ဟု ကြားဖူးသော်လည်း များသောအားဖြင့် ကလေးရရန်၊ စာမေးပွဲအောင်ရန်၊ သီးနှံဖြစ်ထွန်းရန် သို့မဟုတ် ချမ်းသာရန် ဆုတောင်းကြပြီး ဆုတောင်း ပြည့်မှသာ ကတိသစ္စာ ပြန်လည်တည်ကြရခြင်း ဖြစ်ပေသည်။ ထို့ပြင် မိမိကိုယ်တိုင် ကြိုးစားမှသာ ရလဒ်ကောင်းကို ရရှိနိုင်မည် မဟုတ်ပါလား။
ဆုတောင်းရုံမျှဖြင့် ချက်ချင်း ရရှိနိုင်သည့်သူကို မည်သည့်နေရာတွင် တွေ့နိုင်ပါမည်နည်း။ ၎င်းမှာ ချမ်း သာရန် ဆုတောင်းလိုက်သည်နှင့် ရွှေတုံးကြီး တစ်တုံးက ရှေ့သို့ ပြုတ်ကျလာသကဲ့သို့ပင် ဖြစ်ပေရာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင် ဖြစ်လေ၏။
လောင်ကျောင်းနှင့် သူ၏အဖော် စိတ်ထဲမှ လှောင်ပြောင်နေမှုများ မဆုံးသေးမီမှာပင် သူတို့နှစ်ဦးမှာ ကြက်သေ သေသွားကြရပြန်သည်။ အကြောင်းမှာ လီချိန်းရှီက ပြောလိုက်သောကြောင့် ဖြစ်၏။
“တောင်စောင့်နတ်မင်းကြီးက စားစရာနဲ့ သောက်စရာတွေ အများကြီး ရှိတယ်လို့ မိန့်ကြားထားတယ်...”
*ဘုရားရေ...? ဒါက တစ်ကြိမ်တည်း ပေးတာ မဟုတ်ဘဲ နောက်ပိုင်းအတွက်ပါ အာမခံထားတာပဲ...။*
*ဒါဆို သူတို့ပြောတဲ့ တောင်စောင့်နတ်မင်းကြီးက ထပ်ပြီး ပေါ်လာဦးမယ်လို့ ဆိုလိုတာလား...။*
*ဒါက နတ်ဘုရားတွေရဲ့ တန်ခိုးပြမှု မဟုတ်နိုင်ဘူး...? ဒါက ငါတို့ရဲ့ ဘိုးဘွားတွေက မြေးမြစ်တွေကို ပြန်ကြည့်နေတာပဲ ဖြစ်ရမယ်...။*
လောင်ကျောင်းနှင့် သူ၏အဖော်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရွာသားများနှင့်အတူ တောင်ပေါ် သို့ လိုက်သွားရန် ဆုံးဖြတ်လိုက်ကြလေသည်။ ဤကဲ့သို့ ပြင်းထန်သော မိုးခေါင်သည့်နှစ်တွင် အစား အစာများ အမြဲတမ်း ရရှိနိုင်မည်ဟူသော စကားကို မည်သူကများ မက်မောခြင်း မရှိဘဲ နေနိုင်ပါမည် နည်း။