အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း (၂၅)
ကောင်းမှုကုသိုလ်
ရိုင်ရယ် ဒိုင်နက်စတီ ဟိုတယ်။
၎င်းမှာ တုန်းကျန်းမြို့ရှိ အကောင်းဆုံး ဟိုတယ်များထဲမှ တစ်ခု ဖြစ်ပေသည်။ ထို့အတူ ဤနေရာ၏ ကုန်ကျစရိတ်မှာလည်း ထိပ်တန်း အဆင့်အတန်းတွင် ရှိနေခဲ့၏။ ရွှီပေါ်အန်းမှာ အိမ်သစ်တစ်လုံး ဝယ်ယူ ထားသဖြင့် စိတ်အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေခဲ့ရာ ဤကဲ့သို့သော အဆင့်မြင့်နေရာမျိုးကို ရွေးချယ်လိုက်ခြင်းပင် ဖြစ်လေသည်။
ဆောက်လုပ်ရေးကုမ္ပဏီ၏ အဆင့်မြင့်အရာရှိဟောင်း တစ်ဦးဖြစ်သည့်အပြင် ယခင်က ယွမ်သန်းပေါင်း များစွာ တန်ဖိုးရှိသော စီမံကိန်းများကို တာဝန်ယူခဲ့သူ ဖြစ်သည့်အတွက် ဤနေရာမှာ ရွှီပေါ်အန်းအတွက် မစိမ်းလှပေ။ သူတို့သည် သီးသန့်ခန်းတစ်ခုကို ရွေးချယ်လိုက်ကြပြီး ရွှီပေါ်အန်းက ကျွမ်းကျင်စွာပင် အစားအစာများကို မှာယူလိုက်ရာ နှစ်ဦးသား စိတ်တိုင်းကျ စားသောက်ကြလေတော့သည်။
ချန်ဖိန်ဖိန်အတွက် ဤဟိုတယ်သို့ လာရောက်စားသောက်ဖူးခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သော် လည်း ယခုကဲ့သို့ စိတ်တိုင်းကျ မှာယူစားသောက်ဖူးခြင်းမှာမူ ပထမဆုံးပင် ဖြစ်လေသည်။ စျေးနှုန်းကို ကြည့်စရာမလိုဘဲ မိမိနှစ်သက်သမျှကို မှာယူစားသောက်ရသော ခံစားချက်မှာ အမှန်တကယ်ပင် ထူးခြားလှပေ၏။
အမျိုးသမီးတစ်ဦးနှင့်အတူ သီးသန့်စားသောက်နေခြင်း ဖြစ်သဖြင့် ရွှီပေါ်အန်းက ဝိုင်နီတစ်ပုလင်းကို မှာယူလိုက်လေသည်။ နှစ်ဦးသား မကြာခဏဆိုသလို တစ်ဦးကိုတစ်ဦး ဝိုင်ခွက်ချင်း တိုက်ကြရင်း တဖြည်းဖြည်းနှင့် မူးယစ်ရီဝေသော အခြေအနေသို့ ရောက်ရှိလာခဲ့ကြသည်။ လူတို့သည် အရက်မူး လာသောအခါ ပိုမို တွေးတောမိတတ်ကြပေ၏။ ထိုအခိုက်အတန့်တွင် ချန်ဖိန်ဖိန်၏ စိတ်ထဲ၌ အတွေးစ တစ်ခု ဖြတ်ခနဲ ပေါ်လာခဲ့လေသည်။
*ငါသာ ဒီလိုဘဝမျိုးကို ထာဝရ ခံစားသွားနိုင်ရင် သိပ်ကောင်းမှာပဲ...။*
ထို့ကြောင့်ပင် “ဆင်းရဲရာမှ ချမ်းသာရန် လွယ်ကူသော်လည်း ချမ်းသာရာမှ ဆင်းရဲရန်မှာမူ ခက်ခဲလှ သည်” ဟု ဆိုကြခြင်း ဖြစ်ပေလိမ့်မည်။
မှိန်ပျပျ မီးရောင်အောက်တွင် ချန်ဖိန်ဖိန်မှာ ပိုမို ကြည့်ကောင်းနေသကဲ့သို့ ရွှီပေါ်အန်း ခံစားလိုက်ရသည်။ ရွှီပေါ်အန်းမှာ အင်ဂျင်နီယာ စီမံကိန်းများ လုပ်ကိုင်စဉ်ကတည်းက အရက်ဒဏ်ကို ခံနိုင်ရည်ရှိသူ ဖြစ်သ ဖြင့် ဤဝိုင်နီလေးမှာ သူ့အတွက် သကြားရည်သောက်ရသကဲ့သို့သာ ဖြစ်ပြီး လုံးဝ မူးယစ်ခြင်း မရှိချေ။
သို့သော်လည်း အရက်ရှိန်ကြောင့် နီမြန်းနေသော ချန်ဖိန်ဖိန်၏ မျက်နှာနှင့် ချွေးစလေးများ၊ သူမ၏ အပြုံးနှင့် အမူအရာတိုင်းမှ ထွက်ပေါ်လာသော ရင့်ကျက်သည့် ဆွဲဆောင်မှုတို့က ရွှီပေါ်အန်းကို ရေငတ် သကဲ့သို့ ခံစားလာစေခဲ့သည်။ သူတို့လက်ထပ်ပြီး သုံးလအကြာတွင် မိုးခေါင်မှုဒဏ် စတင်ခဲ့သဖြင့် ရွှီပေါ်အန်းမှာလည်း အငတ်ငတ်အပြတ်ပြတ် ဖြစ်နေခဲ့သည် မဟုတ်ပါလား…။
ဤကဲ့သို့ လှပသော နေ့ရက်တွင် နှစ်ဦးသား စိတ်ကြည်လင်နေကြသဖြင့် တစ်ဦးကိုတစ်ဦး စိုက်ကြည့် ရင်း ပိုမို နီးကပ်လာခဲ့ကြလေသည်။
{လမင်းကြီး ဝင်သွားချိန်မှာတော့ ကျီးကန်းတွေက အော်မြည်နေခဲ့တယ်...၊ နှစ်ပေါင်းတစ်ထောင် တိုင်အောင် နှင်းတွေနဲ့ လေတွေက ရှိနေဦးမှာပါ...။ လှိုင်းသံတွေကတော့ အရင်အတိုင်းပါပဲ...။}
ရုတ်တရက် ဖုန်းမြည်သံ ထွက်ပေါ်လာသဖြင့် နှစ်ဦးသား သတိပြန်ဝင်လာခဲ့ကြပြီး အနည်းငယ် ရှက်ကိုး ရှက်ကန်း ဖြစ်သွားကြလေသည်။ ချန်ဖိန်ဖိန်က သူမ၏ အိတ်ထဲမှ ဖုန်းကို ထုတ်ယူကာ ကြည့်လိုက်စဉ် မှာပင် တစ်စုံတစ်ခုကို အမှားလုပ်ထားသကဲ့သို့ ထိတ်လန့်သွားခဲ့ရ၏။ သူမ၏ မျက်နှာမှာ ပိုမို နီမြန်းသွား ကာ ခေါင်းငုံ့လျက် တိုးတိုးလေး ပြောလိုက်လေသည်။
“ခွင့်ပြုပါဦး...၊ ကျွန်မ အပြင်ထွက်ပြီး ဖုန်းပြောလိုက်ပါဦးမယ်...။”
ရွှီပေါ်အန်းက အရင် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။
“ဒီမှာပဲ ပြောပါ...၊ ကျွန်တော်လည်း အပြင်ထွက်ပြီး ဆေးလိပ်သောက်ရင်း လေညင်းခံလိုက်ဦးမယ်...။”
ချန်ဖိန်ဖိန်က ယဉ်ကျေးစွာ ငြင်းဆိုသော်လည်း ရွှီပေါ်အန်းက….၊
“စိတ်မပူပါနဲ့...။ အခန်းထဲမှာ ဆေးလိပ်နံ့တွေ ပြည့်သွားမှာစိုးလို့ပါ...၊ အမျိုးသမီးတစ်ယောက်ရဲ့ ရှေ့မှာ တော့ လူကြီးလူကောင်း ပီသချင်သေးတယ်လေ...။” ဟု ပြုံး၍ ပြောကာ အခန်းအပြင်သို့ ထွက်လာခဲ့ လေသည်။
ရိုင်ရယ် ဒိုင်နက်စတီ ဟိုတယ်၏ သီးသန့်ခန်းများမှာ စက်ဝိုင်းပုံစံ တည်ဆောက်ထားခြင်း ဖြစ်၏။ အခန်း လေးငါးခန်းလျှင် အပြင်ဘက်သို့ ထွက်နိုင်သော ဝရန်တာငယ်တစ်ခုနှင့် ဘေးတွင် သန့်စင်ခန်းတစ်ခု ရှိ လေသည်။ ၎င်းမှာ လေဝင်လေထွက်နှင့် အလင်းရောင် ရရှိစေရန်သာမက သီးသန့်ခန်းတိုင်းတွင် သန့်စင် ခန်း မပါဝင်သဖြင့် အဆင်ပြေစေရန် စီစဉ်ထားခြင်း ဖြစ်လေသည်။
ရွှီပေါ်အန်းသည် ဆေးလိပ်သောက်ရန်အတွက် ဝရန်တာဘေးရှိ သန့်စင်ခန်းဆီသို့ လျှောက်လှမ်းလာခဲ့ သည်။ သူ သန့်စင်ခန်းအတွင်း၌ အပေါ့သွားရန် ပြင်ဆင်နေစဉ်မှာပင် အလျင်စလို ပြေးဝင်လာသော ခြေသံများနှင့်အတူ အန်ထုတ်သံများကို ကြားလိုက်ရလေသည်။ ၎င်းနှင့်အတူ မချေဖျက်ရသေးသော အစားအစာများနှင့် အရက်နံ့တို့ကလည်း ရွှီပေါ်အန်းကို ပျို့တက်သွားစေခဲ့၏။
*အင်း... တစ်ယောက်ယောက်တော့ တော်တော်လေး မူးနေပြီထင်တယ်...။*
ဤနေရာတွင် ဆေးလိပ်သောက်ရန်မှာ မဖြစ်နိုင်တော့ပေ။ ထိုအနံ့ဆိုးများကို ဆေးလိပ်နံ့ဖြင့်ပင် ဖုံးအုပ် နိုင်လိမ့်မည် မဟုတ်ချေ။ ရွှီပေါ်အန်းသည် ခေါင်းခါယမ်းလိုက်ပြီး ရေကို ပိတ်ကာ အပြင်သို့ ထွက်ရန် ပြင်လိုက်စဉ်မှာပင် ထိုသူ၏ အန်ထုတ်သံမှာ ပိုမို ပြင်းထန်လာခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ထိုသူမှာ သူ၏ အသံကိုပင် ထိန်းနိုင်စွမ်း မရှိတော့သည်ကို ရွှီပေါ်အန်း သိလိုက်ရလေသည်။
ရွှီပေါ်အန်းက ဘေးဘက်သို့ ကြည့်လိုက်ရာ သူ့ထက် အသက်အနည်းငယ် ကြီးပုံရသော အမျိုးသား တစ်ဦးသည် လက်ဆေးကန်ကို အားပြုလျက် ခက်ခက်ခဲခဲနှင့် ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူ၏ ခြေထောက်များမှာ တုန်ယင်နေပြီး တစ်ရှူးဖြင့် ပါးစပ်ကို သုတ်နေရရှာသည်။
*ဘုရားရေ... သူ ဘယ်လောက်တောင် သောက်ထားလို့လဲ...။*
ဘဝဆိုသည်မှာ ခက်ခဲလှပေသည်၊ အထူးသဖြင့် ဤအရွယ်ရှိ အမျိုးသားများအတွက် ပိုမို ခက်ခဲလှ၏။ ရွှီပေါ်အန်းသည် သူ၏ အင်ဂျင်နီယာဘဝတွင် ကြိုးစားခဲ့ရသော နှစ်များစွာကို ပြန်လည် မြင်ယောင်မိ လိုက်သည်။ သူတစ်ပါးက မိမိ၏ အောင်မြင်မှုကိုသာ မြင်နိုင်သော်လည်း ၎င်း၏ နောက်ကွယ်ရှိ အရှက် ရစရာများနှင့် အကူအညီမဲ့မှုများကိုမူ မည်သူမျှ သိနိုင်ကြမည် မဟုတ်ပေ။ ထိုသို့တွေးတောမိသောအခါ ရွှီပေါ်အန်းမှာ ထိုသူအပေါ် သနားကြင်နာစိတ် ပေါ်လာခဲ့သည်။ သူသည် အပြင်ထွက်၍ စင်္ကြံလမ်းရှိ စက်ထဲမှ “လယ်သမားစမ်းရေ” တစ်ပုလင်းကို ဝယ်ယူကာ ထိုသူ့ထံသို့ ပြန်လာခဲ့လေသည်။
“အစ်ကို...၊ အဆင်ပြေရဲ့လား...။”
ရွှီပေါ်အန်းက တစ်ရှူးဘူးကို အနီးသို့ တိုးပေးရင်း မေးလိုက်လေ၏။
ထိုသူက ခေါင်းမဖော်နိုင်ဘဲ လက်ယမ်းပြကာ အဆင်ပြေကြောင်း ပြန်ပြောလေသည်။ ရွှီပေါ်အန်းက ရေသန့်ဘူးကို ကမ်းပေးရင်း ပြောလိုက်လေသည်။
“ဒီမှာ...၊ ရေသောက်လိုက်ဦး...၊ လည်ချောင်းထဲ သက်သာသွားအောင်လို့...။”
ထိုသူက ရေကို အငမ်းမရ သောက်ကာ ပါးစပ်ကို ဆေးကြောလိုက်ပြီးမှ ရွှီပေါ်အန်းကို ကြည့်ကာ ပြောလိုက်လေ၏။
“ကျေးဇူးပါ ညီလေးရာ...၊ ဒီလို ပုံစံကြီးနဲ့ တွေ့ရတာ အားနာစရာကြီးဗျာ...။”
ထိုသူ၏ မျက်နှာမှာ အရက်ရှိန်ကြောင့် နီမြန်းနေပြီး သူ စကားပြောလိုက်တိုင်း ပြင်းထန်သော အရက်နံ့ များ ထွက်ပေါ်နေခဲ့သည်။ အရက်ဒဏ်ကို ခံနိုင်ရည်ရှိသော ရွှီပေါ်အန်းပင် ထိုသူမှာ အလွန်အမင်း သောက်ထားသည်ကို သတိပြုမိလေသည်။
ရွှီပေါ်အန်းက ခေါင်းခါယမ်းလိုက်ပြီး အားပေးစကား ပြောလိုက်လေသည်။
“အစ်ကိုကလည်း...၊ ကျွန်တော်တို့က ယောက်ျားတွေပဲဟာ...၊ ဘယ်သူကများ ဒီလို မမူးဖူးလို့လဲ...။”
ထိုသူက ရယ်မောလိုက်ပြီး လက်ဆေးကန်ကို မှီလျက် မေးလိုက်လေ၏။
“ငါကလည်း အလျင်အမြန် ထွက်လာမိလို့ အခန်းထဲမှာ ဆေးလိပ်တွေ ကျန်ခဲ့တယ်...။ ညီလေး...၊ ငါ့ကို တစ်လိပ်လောက် တိုက်လို့ရမလား...။”
ရွှီပေါ်အန်းက ဆေးလိပ်တစ်လိပ်ကို ထုတ်ပေးလိုက်ပြီး ထိုသူ့အတွက် မီးညှိပေးလိုက်ကာ
“အစ်ကို...၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦးနော်...။ ကျွန်တော့်အတွေ့အကြုံအရဆိုရင် အစ်ကို့ခန္ဓာကိုယ်က အကန့်အသတ်ကို ရောက်နေပြီ...၊ သတိထားဦး...။” ဟု သတိပေးလိုက်လေသည်။
၎င်းမှာ တိုက်ဆိုင်၍ တွေ့ဆုံရခြင်း ဖြစ်သဖြင့် ရွှီပေါ်အန်းအနေဖြင့် ထိုသူကို ဆက်မသောက်ရန် မတား ဆီးနိုင်ပေ။ ဤမျှ သတိပေးလိုက်ခြင်းမှာပင် လုံလောက်လှပေပြီ။ တစ်ပါးသူ၏ ကိစ္စရပ်များတွင် အလွန် အမင်း ဝင်ရောက်မစွက်ဖက်သင့်ပေ၊ ထိုသူ၏ အရေးကြီးကိစ္စများကို နှောင့်နှေးသွားစေလျှင် မကောင်း နိုင်သည် မဟုတ်ပါလား။
“ဟူး... ကျေးဇူးတင်ပါတယ် ညီလေးရာ... ဒါပေမဲ့ ငါလည်း ရွေးချယ်စရာ မရှိလို့ပါ...”
ထိုသူကညည်းတွားလိုက်လေသည်။
ရွှီပေါ်အန်းကလည်း ကိုယ်ချင်းစာစိတ်ဖြင့်…၊
“ဟုတ်ပါတယ်...၊ ဘဝမှာ စိတ်ပျက်စရာတွေနဲ့ ပြည့်နေတာပဲ...။ အရာရာက ကိုယ်ဖြစ်ချင်သလိုမှ မဖြစ် နိုင်တာ...။” ဟု ပြန်ပြောလိုက်လေသည်။
ထိုသူသည် ဆေးလိပ်ကို နှစ်ချက်ခန့် ခပ်ပြင်းပြင်း ရှိုက်သောက်လိုက်ပြီးနောက် အားယူ၍ မတ်တတ်ရပ် လိုက်ရာ ရွှီပေါ်အန်းက ဘေးမှ ကူညီတွဲပေးလိုက်လေသည်။
“ကျေးဇူးပါ ညီလေး...၊ ငါ အထဲဝင်ပြီး နောက်တစ်ချီလောက် ထပ်တိုက်ဦးမှ ဖြစ်မယ်...။”
ထိုစဉ် စားပွဲထိုးတစ်ဦး ဖြတ်သွားသည်ကို မြင်သောအခါ ထိုသူက လှမ်းခေါ်လိုက်၏။
“စားပွဲထိုး...၊ ဒီကို ခဏလာဦး...။”
“ဟုတ်ကဲ့...၊ ဘာများ ကူညီပေးရမလဲ ခင်ဗျာ...။”
စားပွဲထိုးက ယဉ်ကျေးစွာ မေးလိုက်လေသည်။
ထိုသူက ရွှီပေါ်အန်း၏ ပခုံးကို ပုတ်ကာ သဘောထားကြီးစွာ ပြောလိုက်လေသည်။
“ဒီနေ့ ဒီညီလေးတို့ စားသောက်တဲ့ ကုန်ကျစရိတ်တွေကို ကျွန်တော့်စာရင်းထဲပဲ ထည့်လိုက်ပါ...။”
ရွှီပေါ်အန်းက အလျင်အမြန် ကန့်ကွက်လိုက်လေ၏။
“အစ်ကို...၊ ဒါက မလိုပါဘူး...။”
ရွှီပေါ်အန်း မှာယူထားသော ဝိုင်နီတစ်ပုလင်းတည်းပင် ယွမ်ထောင်ချီ တန်ဖိုးရှိနေသည် မဟုတ်ပါလား။ ယခုအခါ ဆေးလိပ်တစ်လိပ် ပေးလိုက်ရုံမျှဖြင့် သူတစ်ပါးကို ထမင်းကျွေးခိုင်းရန်မှာ ရွှီပေါ်အန်းအတွက် အားနာစရာ ဖြစ်နေခဲ့သည်။ ထို့ပြင် ထိုသူမှာလည်း မူးယစ်နေသဖြင့် စိတ်လိုက်မာန်ပါ ပြောဆိုမိခြင်း လည်း ဖြစ်နိုင်ပေသည်။
“ဒါက ငါတို့ ဆုံရတဲ့ ရေစက်ပဲလေ...၊ ငါ့ကိုယ်က မခံနိုင်တော့လို့...။ မဟုတ်ရင် ညီလေးတို့ အခန်းအထိ လာပြီး ဝိုင်ခွက်တိုက်ဦးမှာ...။”
ထိုသူက ရယ်မောကာ ပြောဆိုပြီး ထွက်ခွာသွားလေတော့သည်။
ရွှီပေါ်အန်းသည် ထိုသူ၏ ကျောပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုသူမှာ အမှန်တ ကယ်ပင် ခန္ဓာကိုယ်၏ အကန့်အသတ်ကို ရောက်ရှိနေပြီ ဖြစ်သဖြင့် ရွှီပေါ်အန်းက စိတ်မချနိုင်ဘဲ လိုက်လံတားဆီးလိုက်လေ၏။
“ခဏလေးပါ အစ်ကို...။”
ပြောပြောဆိုဆိုနှင့်ပင် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းထဲရှိ တောင်စောင့်နတ်မင်း နတ်ကွန်းထံသို့ သူ၏ စိတ်ဝိညာဉ်ဖြင့် လှမ်း၍ စစ်ဆေးကြည့်လိုက်လေတော့သည်။
အခန်း (၂၆)
ကရားအိုးလိုက် မော့သောက်ခြင်း
ရွှီပေါ်အန်း တစ်စုံတစ်ရာကို တွေးတောလိုက်တိုင်း ဘွန်ဆိုင်း၏ ထောင့်အသီးသီးကို သူ၏ စိတ်ထဲတွင် ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်ခြင်းမှာ ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေသည်။ ၎င်းမှာ ရွှီပေါ်အန်းအနေဖြင့် မိမိ၏ စိတ်ကူးအတိုင်း ထိန်းချုပ်နိုင်သော လေးဖက်မြင်ကွန်ပျူတာတစ်လုံးကို ပိုင်ဆိုင်ထားရသကဲ့သို့ပင် ဖြစ်နေပေ၏။
သူ့ရှေ့တွင် ရပ်နေသော အမျိုးသားသည် ရွှီပေါ်အန်းကို ကြည့်ကာ မပီမသ ပြုံးလိုက်ပြီး ရွှီပေါ်အန်းကို ညင်သာစွာ တွန်းဖယ်လိုက်လေသည်။
“ညီလေး...၊ အားနာစရာ မလိုပါဘူး...။ ငါလည်း အခန်းထဲ ပြန်ပြီး အလုပ်ကိစ္စတွေ ပြောဖို့ လောနေလို့ ပါ...။ နောက်မှပဲ စကားပြောကြတာပေါ့...။”
ထိုသူသည် နံရံကို အသာအယာ အားပြုလျက် အပြင်သို့ ထွက်ခွာရန် ပြင်ဆင်နေလေသည်။ ရွှီပေါ်အန်း က ခေါင်းခါယမ်းလိုက်ပြီး စားပွဲထိုးကို အရင်လွှတ်လိုက်လေ၏။
“မင်းသွားတော့...၊ လိုအပ်တာရှိရင် ငါ ပြန်ခေါ်လိုက်မယ်....။”
စားပွဲထိုး ထွက်သွားပြီးနောက် ရွှီပေါ်အန်းက ထိုသူ့အား တိုးတိုးလေး ပြောလိုက်လေသည်။
“အစ်ကို...၊ ဒီအတိုင်း ဆက်သောက်နေရင်တော့ ပြဿနာတက်လိမ့်မယ်...။ ကျွန်တော့်ဆီမှာ အမူးပြေ စေမယ့် ဆေးနည်း တစ်ခုရှိတယ်...။ အာနိသင် တော်တော်ကောင်းတယ်ဗျ...၊ အစ်ကို စိတ်မရှိရင် ဒါလေး တစ်ခုလောက် စားပြီးမှ ပြန်သွားပါလား...။”
ပြောပြောဆိုဆိုနှင့်ပင် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာထဲရှိ တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းမှ တောရိုင်းအသီးတစ်မျိုး ဖြစ်သည့် ရှန်းဟွမ်သီး(တောင်ဝါသီး) တစ်လုံးကို ထုတ်ယူလိုက်လေသည်။ မူလက ထိုသူ့ အား ရှန်းဟွမ်ဝိုင်၏ အချဉ်ရည်များ တိုက်ကျွေးရန် စဉ်းစားခဲ့သော်လည်း ထည့်စရာ အိုးခွက် မပါသဖြင့် ရှန်းဟွမ်သီး အစေ့လေးကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
ရှန်းဟွမ်သီးကို ဘွန်ဆိုင်းကမ္ဘာထဲမှ ထုတ်ယူလိုက်သည်နှင့် ရွှီပေါ်အန်း၏ စိတ်ထဲ၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ မူလက လူး၊ ဆတ် စေ့ထက်ပင် သေးငယ်သော ထိုအသီးလေးမှာ ချက်ချင်းပင် ပဲပိစပ်စေ့ခန့်အထိ ကြီးထွားလာခဲ့လေသည်။
၎င်းကို ရှန်းဟွမ်သီး (တောာင်ဝါသီး) ဟု ခေါ်သော်လည်း အသီးပေါ်တွင် တောက်ပသော အနီရောင် အစင်းကြောင်းလေးများ ပါရှိသဖြင့် အနီနှင့် အဝါ ရောယှက်လျက်ရှိနေခဲ့လေသည်။
ထိုသူသည် တောရိုင်းအသီးကို ကြောင်အအဖြင့် လှမ်းယူလိုက်ပြီး ရယ်မောကာ ပြောလိုက်လေ၏။
“ညီလေးကတော့ တကယ်ကို သောက်ဖော်သောက်ဖက်ပဲ...၊ အမူးပြေဆေးတွေကိုတောင် ကိုယ်နဲ့မကွာ ဆောင်ထားတယ်ပေါ့...။ ဒါပေမဲ့ ငါလည်း ဒါမျိုးတွေ အများကြီး စားဖူးပါတယ်...။ ဘာမှ ထူးမလာပါ ဘူး...။”
ထိုသူမှာ အမူးပြေဆေး အမျိုးမျိုးကို စားဖူးပုံရပြီး ရွှီပေါ်အန်း ပေးသော အသီးလေးကို အရေးမစိုက်ဟန် ပေါ်နေလေသည်။ ရွှီပေါ်အန်းကလည်း ၎င်းမှာ အမူးပြေဆေးဖြစ်ကြောင်းကိုသာ အတည်ပြုပေးလိုက် ပြီး ပြုံး၍ ပြောလိုက်လေ၏။
“မစားတာထက်စာရင်တော့ စားလိုက်တာ ပိုကောင်းတာပေါ့...၊ ပြီးတော့ ကျွန်တော် ကိုယ်တိုင်လည်း စမ်းကြည့်ဖူးတယ်...။ အာနိသင် တော်တော်ကောင်းတယ်ဗျ...။ အစ်ကို တစ်ချက်လောက် စမ်းကြည့်ပါ လား...။”
လူကြီးများ ဖြစ်ကြသည့်အတိုင်း မည်သူမျှ မရေရာသော အရာများကို လွယ်လွယ်နှင့် စားလေ့မရှိကြ ချေ။ သို့သော် ထိုသူမှာ အလွန်အမင်း မူးယစ်နေသဖြင့် သတိလက်လွတ် ဖြစ်နေကာ ရွှီပေါ်အန်းအပေါ် ထားရှိသော သံသယများလည်း လျော့နည်းနေခဲ့သည်။ ထို့ကြောင့် ရွှီပေါ်အန်း၏ စကားကို ကြားသော အခါ သူသည် ချက်ချင်းပင် ပြုံး၍ အသီးလေးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေတော့သည်။
“ကျေးဇူးပါ ညီလေး...၊ ငါ အရင်ဝင်နှင့်ဦးမယ်...။”
ရွှီပေါ်အန်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်လေ၏။
“ကောင်းပါပြီ အစ်ကို...၊ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်...။”
ထိုသူမှာ လှည့်မကြည့်ဘဲ လျှောက်လှမ်းသွားရင်း ပြန်ပြောလိုက်လေသည်။
“ညီလေးရဲ့ ဆုတောင်းစကားအတွက် ကျေးဇူးပါပဲ...။”
မကြာမီမှာပင် ထိုသူမှာ သူ၏ သီးသန့်ခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့၏။ ရွှီပေါ်အန်းက ခေါင်းခါယမ်းရင်း ပြုံးလိုက်မိလေသည်။
“ဟူး...၊ ငါလည်း စိတ်လိုက်မာန်ပါ လုပ်မိပြန်ပြီ...။”
အမှန်တော့ ထိုရှန်းဟွမ်သီးမှာ ဘွန်ဆိုင်းကမ္ဘာမှ အရာများ ဖြစ်သဖြင့် ဤသို့ လွယ်လွယ်ကူကူ မထုတ် ပေးသင့်ပေ။ အကယ်၍ တစ်စုံတစ်ဦးက ထိုအသီး၏ အမှန်တရားကို သိရှိသွားပြီး သဲလွန်စများ ထွက် ပေါ်လာပါက သူသည် အခက်တွေ့ရပေလိမ့်မည်။ ဤသည်မှာ မရင့်ကျက်သေးသော အပြုအမူတစ်ခု ဖြစ်သဖြင့် နောင်တွင် ပိုမို သတိထားရန် မိမိကိုယ်ကို သတိပေးလိုက်လေသည်။
ရွှီပေါ်အန်း သီးသန့်ခန်းသို့ ပြန်ရောက်သောအခါ ချန်ဖိန်ဖိန်မှာ ဖုန်းပြောပြီးသွားပြီ ဖြစ်သော်လည်း ကြောင်အအဖြင့် ထိုင်နေခဲ့ရာ ရွှီပေါ်အန်း ဝင်လာသည်ကိုပင် သတိမထားမိချေ။ ရွှီပေါ်အန်းက ထိုင်ခုံကို ဆွဲ၍ ထိုင်လိုက်ပြီး မေးလိုက်လေသည်။
“ဘာတွေ အသည်းအသန် တွေးနေတာလဲ...။”
ထိုအခါမှ ချန်ဖိန်ဖိန်မှာ သတိဝင်လာခဲ့ပြီး အနည်းငယ် အားနာစွာဖြင့် ပြောလိုက်လေ၏။
“တောင်းပန်ပါတယ်...၊ ကျွန်မ အတွေးလွန်သွားလို့ပါ...။ အမျိုးတစ်ယောက်က ဖုန်းဆက်ပြီး သန်ဘက် ခါ မင်္ဂလာဆောင်ကို မမေ့ဖို့ လာသတိပေးတာလေ...။ အဲ့ဒါ ဆိုင်ကို ဘယ်သူ့ကို ခေတ္တကြည့်ခိုင်းရမလဲ လို့ တွေးနေတာ...။”
ရွှီပေါ်အန်းက ခေါင်းခါယမ်းရင်း ရယ်မောကာ ပြောလိုက်လေသည်။
“ဒါကတော့ ကျွန်တော် နားမလည်တဲ့ ကိစ္စပဲ...။ ကျွန်တော့်အတွက် အဝတ်အစား ရွေးရတာတောင် ခက်နေတာ...၊ အဝတ်အစား ရောင်းဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ဘူး...။ မဟုတ်ရင်တော့ ကူညီပေး ချင်ပါတယ်...။”
ချန်ဖိန်ဖိန်က ကျီစယ်လိုက်၏။
“ရှင်ကလည်း နှိမ့်ချလွန်းနေပြီ...၊ ကျွန်မရဲ့ ဆိုင်လေးက ရှင်လို လူကြီးလူကောင်းမျိုးကို ခေါ်ထားနိုင်ပါ့ မလား...။ ရှင့်ရဲ့ အရေးကြီးတဲ့ အလုပ်တွေကို နှောင့်နှေးသွားစေပါဦးမယ်...။”
ရွှီပေါ်အန်းမှာ ထိုကိစ္စကို ဆက်လက်မဆွေးနွေးတော့ပေ။ ချန်ဖိန်ဖိန်က နှုတ်ခမ်းကို အသာအယာ သုတ်နေသည်ကို မြင်သောအခါ သူက ပြုံး၍ မေးလိုက်လေ၏။
“စားလို့ရော ကောင်းရဲ့လား...၊ အချိုပွဲ တစ်ခုခု ထပ်မှာဦးမလား...။”
ချန်ဖိန်ဖိန်က လက်ယမ်းပြကာ ပြောလိုက်လေသည်။
“မမှာတော့ပါဘူး...၊ ကျွန်မ တော်တော်လေး ဝနေပြီ...။ ဒီရက်ပိုင်း လုပ်ထားသမျှ ယောဂလေ့ကျင့်ခန်း တွေလည်း အလကား ဖြစ်ကုန်တော့မှာပဲ...။”
ရွှီပေါ်အန်း ပြုံးလိုက်ပြီး မတ်တတ်ရပ်လျက် ချန်ဖိန်ဖိန်အတွက် ထိုင်ခုံကို ဆွဲပေးလိုက်၏။
“နှမြောစရာပဲ...၊ ဒီနေရာက အချိုပွဲတွေက တော်တော်ကောင်းတာ...။ နောက်တစ်ခါမှပဲ စမ်းကြည့်ကြ တာပေါ့...။”
ရွှီပေါ်အန်းသည် အငှားယာဉ်မောင်း တစ်ဦးကို ခေါ်ယူလိုက်ပြီးနောက် နှစ်ဦးသား ရိုင်ရယ် ဒိုင်နက်စတီ ဟိုတယ်မှ ထွက်ခွာခဲ့ကြလေသည်။ မထွက်ခွာမီတွင် ရွှီပေါ်အန်းသည် ဟိုတယ်၏ ကောင်တာတွင် ငွေကို တိတ်တဆိတ် ပေးချေခဲ့လေသည်။
စောစောက စားပွဲထိုးက ကောင်တာကို အကြောင်းမကြားရသေး၍လော သို့မဟုတ် ကောင်တာဝန်ထမ်း က အရင်ပေးသူ၏ ငွေကိုသာ လက်ခံရမည်ဟူသော စည်းမျဉ်းကို လိုက်နာ၍လော မသိရသော်လည်း ရွှီပေါ်အန်းသည် ငွေပေးချေမှုကို ချောမွေ့စွာ ဆောင်ရွက်ခဲ့ပြီး ယွမ် (၈၀၀၀) ကျော် ကျသင့်ခဲ့လေသည်။
ချန်ဖိန်ဖိန်သည် ဤအရာအားလုံးကို မြင်တွေ့ခဲ့ရသဖြင့် သူမ၏ ရင်ထဲ၌ လှိုင်းထန်သွားခဲ့ရလေ၏။
*ထမင်းတစ်နပ်ကို ယွမ် ရှစ်ထောင်တောင်လား...၊ ဒါက ငါ့ရဲ့ တစ်လစာ ဝင်ငွေလောက် ရှိတာပဲ...။*
လူလတ်ပိုင်းအရွယ်များမှာ ရိုးရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို နှစ်သက်ကြ သော်လည်း ပိုမိုကောင်းမွန်သော ရွေးချယ်ခွင့်ကိုမူ မည်သူမျှ ငြင်းပယ်မည် မဟုတ်ချေ။ ရိုးရှင်းစွာ စားချင်၍ စားခြင်းနှင့် စားစရာမရှိ၍ စားခြင်းမှာ ရလဒ်ချင်း တူညီသော်လည်း ခံစားချက်မှာမူ လုံးဝ ကွဲပြားလှပေသည်။ ရှေ့ဖြစ်သူမှာ ဘဝကို အနှစ်သာရရှိရှိ ခံစားနေခြင်းဖြစ်သော်လည်း နောက်ဖြစ်သူမှာ မူ မတတ်သာ၍ လက်ခံနေရခြင်းသာ ဖြစ်ပေ၏။
ရွှီပေါ်အန်းမှာ ထမင်းစားပြီး ငွေပေးချေကာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သို့သော် အခြားသော သီးသန့် ခန်းတစ်ခုအတွင်း၌မူ ရွှီပေါ်အန်း ပေးခဲ့သော ရှန်းဟွမ်သီးကို စားသုံးလိုက်သည့် အမျိုးသားမှာ တစ်စုံ တစ်ခု ထူးခြားနေသည်ကို ခံစားလိုက်ရလေသည်။
သူ အခန်းထဲသို့ ပြန်ဝင်လာစဉ်က ထိုင်ခုံနောက်မှီနှင့် နံရံကို အားပြု၍ လျှောက်ခဲ့ရခြင်း ဖြစ်သော်လည်း ခေတ္တမျှ ထိုင်ပြီးနောက်တွင် သူ၏ စိတ်မှာ တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။ ထမင်းဝိုင်းတွင် ရှိနေ ကြသော သူများမှာလည်း ယခင်က ဝေဝါးနေခဲ့သော်လည်း ယခုအခါတွင်မူ ရှင်းလင်းပြတ်သားစွာ မြင် တွေ့နေရလေပြီ။ ပါးစပ်မှ ထွက်ပေါ်နေသော အရက်နံ့များသာ မရှိပါက သူသည် အရက် လုံးဝ မသောက်ထားသကဲ့သို့ပင် ခံစားနေရ၏။
*ဒါ ဘာတွေ ဖြစ်ကုန်တာလဲ...။*
*တကယ်ပဲ အဲ့ဒီ အမူးပြေဆေးက ဒီလောက်တောင် အာနိသင် ပြင်းတာလား...။*
သူသည် ရှေ့ရှိ ဝိုင်ခွက်ကို မသိမသာ ကြည့်လိုက်ပြီးနောက် ၎င်းကို ယူကာ တစ်ချက်တည်းနှင့် မော့ သောက်လိုက်လေသည်။ လည်ချောင်းထဲတွင် စပ်ရှိရှိနှင့် ပူနွေးသော ခံစားချက်က ၎င်းမှာ အရက်စစ်စစ် ဖြစ်ကြောင်း အတည်ပြုပေးနေခဲ့၏။ သို့သော် ထူးခြားချက်မှာ အရက်သောက်သော်လည်း မူးယစ်သော ခံစားချက် လုံးဝ မရှိခြင်းပင် ဖြစ်သည်။ ၎င်းမှာ အရသာရှိသော အားဖြည့်အဖျော်ယမကာ တစ်ခုကို သောက်နေရသကဲ့သို့ပင် ဖြစ်နေခဲ့၏။
*တကယ်ကို အံ့သြဖို့ကောင်းတာပဲ...၊ ဒီအမူးပြေဆေးက တကယ်ကို မယုံနိုင်စရာပဲ...။*
“ဟေး...၊ စူးထိုက်...၊ မင်း ဘာတွေ လုပ်နေတာလဲ...။ ဘာလို့ တစ်ယောက်တည်း သောက်နေရတာလဲ...။ မင်း ညွှန်ကြားရေးမှူးလျှိုကို ဝိုင်ခွက် တိုက်ဖို့ ကျန်သေးတယ်လေ...။”
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သူငယ်ချင်းဟောင်း လင်းရှန်းက သတိပေးလိုက်လေသည်။
အဓိက နေရာတွင် ထိုင်နေသူမှာ ကျန်းကျိုး စီးပွားရေးဘဏ်၊ တုန်းကျန်းဘဏ်ခွဲ၏ ခေတ္တမန်နေဂျာ လျှိုကျွင်းချိုင် ဖြစ်ပေသည်။ သူက ထိုစကားကို ကြားသောအခါ ပြုံး၍ လက်ယမ်းပြလိုက်၏။
“ရပါပြီ... မစ္စတာလင်း...၊ ဒီမှာတင် တော်ကြရအောင်...။ မင်းတို့ ဟိုတယ်က ဝိုင်တွေကို ရောင်းချင်တာ နဲ့ပဲ ဒီလောက်အထိ မတိုက်ကြပါနဲ့ဦး...။”
စူးထိုက်၏ သူငယ်ချင်းမှာ ရိုင်ရယ် ဒိုင်နက်စတီ ဟိုတယ်၏ ပိုင်ရှင် လင်းရှန်း ဖြစ်ပေသည်။ ၎င်းတို့နှစ်ဦး မှာ ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ကြပြီး ယနေ့တွင် လင်းရှန်းက ကြားခံအဖြစ် စီစဉ်ပေးကာ ဘဏ်မန်နေဂျာ လျှိုနှင့် တွေ့ဆုံပေးခြင်း ဖြစ်သည်။ ၎င်းမှာ စူးထိုက်အတွက် ချေးငွေ အမြောက်အမြား ရရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် စီစဉ်ခဲ့ခြင်းပင် ဖြစ်၏။
ညွှန်ကြားရေးမှူးလျှို၏ စကားကို ကြားသောအခါ လင်းရှန်းက
“ဒါက ကျွန်တော့်ရဲ့ အစီအစဉ်လေး တစ်ခုပါ...။ ညွှန်ကြားရေးမှူးလျှိုက ရိပ်မိသွားလိမ့်မယ်လို့ မထင် ထားဘူး...။ အစ်ကိုက တကယ်ကို အကဲခတ် တော်တာပဲဗျာ...။”
ဟု ရယ်မောကာ ဆိုလိုက်လေသည်။ သူ၏ စကားကြောင့် သုံးဦးသားမှာ ဝါးခနဲ ရယ်မောလိုက်ကြ၏။
စူးထိုက်က သင့်တော်သော အချိန်တွင် ကြားဖြတ်၍ ဆိုလိုက်လေသည်။
“မန်နေဂျာလျှိုနဲ့ ဝိုင်ခွက် တိုက်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ...။ ခုနက ကျွန်တော် သောက် လိုက်တာက ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ သောက်တာပါ...။ မန်နေဂျာလျှိုကို ကောင်း ကောင်း ဧည့်မခံနိုင်ခဲ့လို့လေ...။”
ဘဏ်မန်နေဂျာ လျှိုက ပြုံး၍ ပြောလိုက်လေသည်။
“မစ္စတာစူးကလည်း အားနာစရာတွေ ပြောနေပြန်ပြီ...။ ကျွန်တော်တို့က သူငယ်ချင်းတွေပဲဟာ... ၊ ပျော်ပျော်ရွှင်ရွှင် သောက်ကြတာပေါ့...။ ပြစ်ဒဏ်ပေးတာတွေ ဘာတွေ မပြောပါနဲ့...။”
စူးထိုက်က တဖြည်းဖြည်း မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။
“မန်နေဂျာလျှိုရဲ့ သဘောထားကြီးမှုက ကျွန်တော့်ကို ပိုပြီးတော့တောင် အရှက်ရစေပါတယ်...၊ ကိုယ့် ကိုယ်ကိုယ် သုံးခွက်လောက် ပြစ်ဒဏ်မပေးရင်တော့ စိတ်ထဲ နေလို့မကောင်းဘူး...။ ဒါကြောင့် ကျွန်တော် ခွက်ကြီးနဲ့ပဲ သောက်ပါရစေ...။”
ပြောပြောဆိုဆိုနှင့်ပင် စူးထိုက်သည် ဝိုင်ပုလင်းကို ယူကာ ရှေ့ရှိ ကရားအိုးထဲသို့ ဝိုင်များ အပြည့် လောင်းထည့်လိုက်ပြီးနောက် ခေါင်းကို မော့လျက် တစ်ချက်တည်းနှင့် ကရားအိုးလိုက် မော့သောက် လိုက်လေတော့သည်။
ဘေးမှ ကြည့်နေသော လင်းရှန်းမှာ စူးထိုက်၏ ပြတ်သားလှသော အပြုအမူကို ကြည့်ရင်း လုံးဝ ကြောင်အသွားခဲ့ရလေတော့သည်။