အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း (၂၇)
တစ်ထောင်သောက်သော်လည်း မမူးသူ
“ကရားအိုးလိုက် မော့သောက်ခြင်း” ဆိုသည်မှာ ကရားအိုးကို ကိုင်ကာ ပါးစပ်အတွင်းသို့ တိုက်ရိုက် လောင်းထည့်၍ သောက်ခြင်းကို ဆိုလိုခြင်း ဖြစ်ပေသည်။
လင်းရှန်းနှင့် စူးထိုက်တို့မှာ ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ကြရုံသာမက ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာခဲ့ကြသော ကစားဖော်ကစားဖက်များလည်း ဖြစ်ကြသဖြင့် စူးထိုက် မည်မျှ အရက်သောက်နိုင်သည်ကို သူ ကောင်းစွာ သိရှိပေသည်။
စူးထိုက်၏ အခြေအနေကို ကောင်းစွာ သိရှိထားသော လင်းရှန်းသည် စူးထိုက်က အရက် နှစ်ကျင်း (၂ ပိဿာခန့်) အား အကုန်သောက်ပြီးနောက် ယခုအခါ နောက်ထပ် နှစ်လျံခန့်ကိုပါ ထပ်မံ၍ မော့သောက် လိုက်သည်ကို မြင်သောအခါ အဘယ်ကြောင့် အံ့အားမသင့်ဘဲ နေနိုင်ပါမည်နည်း။
ထိုမျှဖြင့် မပြီးသေးချေ။ စူးထိုက်သည် သူ၏ ဝိုင်ခွက်အတွင်းသို့ ဝိုင်များကို အလျင်အမြန် ထပ်မံ ဖြည့် တင်းနေသည်ကို မြင်သောအခါ လင်းရှန်းမှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် မတ်တတ်ရပ်၍ တားဆီးရန်ပင် ပြင်လိုက်မိလေသည်။ သို့သော်လည်း လူကြီးများ၏ အရက်ဝိုင်းများတွင်မူ မတတ်သာ သော အားနာမှုများနှင့် ပြည့်နှက်နေတတ်ပေသည်။
အကယ်၍ သူသာ မတ်တတ်ရပ်၍ စူးထိုက်ကို ဆက်မသောက်ရန် တားဆီးလိုက်ပါက ညွှန်ကြားရေးမှူး လျှို၏ မျက်နှာမှာ မည်သို့ ရှိတော့မည်နည်း။
*ဘာလဲ... မင်းသူငယ်ချင်းက ငါ့ကို ဝိုင်ခွက်တိုက်ဖို့ တောင်းပန်နေတာလေ... သူက တောင်းပန်တဲ့အနေနဲ့ ပြစ်ဒဏ်ဝိုင် သောက်ပါ့မယ်ဆိုတာကို မင်းက ငါ့ကို အရာမသွင်းတာလား... * ဟု မန်နေဂျာလျှိုက တွေးတောသွားနိုင်သည် မဟုတ်ပါလား။
မန်နေဂျာလျှိုက ထိုကဲ့သို့ တွေးသည်ဖြစ်စေ၊ မတွေးသည်ဖြစ်စေ ထိုသူ၏ရှေ့တွင် စူးထိုက်ကို ဆက်မ သောက်ရန် တားဆီးခြင်းမှာ မန်နေဂျာလျှို၏ မျက်နှာကို ပျက်ယွင်းစေသည့် အပြုအမူပင် ဖြစ်၏။
မန်နေဂျာလျှို၏ အဆင့်အတန်းမှာ လင်းရှန်းရော စူးထိုက်ပါ ယခုအချိန်တွင် မစော်ကားဝံ့သော အခြေ အနေ ဖြစ်ပေသည်။ မိမိက တစ်ပါးသူထံမှ အကူအညီ တောင်းခံနေရသူ ဖြစ်ပါက အကူအညီ တောင်းခံ နေရသူပီပီ ပြုမူနေထိုင်ရမည် ဖြစ်၏။ ထို့ကြောင့် လင်းရှန်းမှာ သူငယ်ချင်းဖြစ်သူ စူးထိုက်က တစ်ခွက် ပြီးတစ်ခွက် မော့သောက်နေသည်ကို ကြည့်ကာ စိုးရိမ်စိတ်ဖြင့်သာ ငေးကြည့်နေခဲ့ရလေသည်။
ကရားအိုး သုံးလုံးစာ ပမာဏမှာ အရက် ခြောက်လျံခန့် ရှိပေသည်။ သူသည် တစ်ကိုက်မျှပင် မမြည်းဘဲ ထိုအရက်အားလုံးကို တစ်ချက်တည်းဖြင့် မော့သောက်လိုက်ခြင်း ဖြစ်၏။
“မန်နေဂျာလျှို...၊ ခုနက ကျွန်တော် သောက်လိုက်တာက ကိုယ့်ကိုယ်ကိုယ် ပြစ်ဒဏ်ပေးတာပါ...။ အခု ဝိုင်ခွက်တိုက်တာကတော့ မန်နေဂျာလျှိုက အလုပ်တွေ များနေတဲ့ကြားက ကျွန်တော်တို့နဲ့ တွေ့ဆုံပေး တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ တိုက်တာပါ...။”
ပြောပြောဆိုဆိုနှင့်ပင် စူးထိုက်သည် သူ၏ ဝိုင်ကို ထပ်မံ၍ တစ်ချက်တည်းနှင့် မော့သောက်လိုက် ပြန်သည်။ စူးထိုက်က ကရားအိုးကဲ့သို့ ကြီးမားသော ခွက်များဖြင့် သုံးခွက်ဆက်တိုက် မော့သောက် လိုက်သည်ကို မြင်သောအခါ ညွှန်ကြားရေးမှူးလျှိုမှာ လုံးဝ ကြောင်အသွားခဲ့ရလေတော့၏။
သူသည် အရက်ဝိုင်းများတွင် ကျင်လည်နေသူ ဖြစ်သည့်အလျောက် သာမန်လူတစ်ယောက်၏ အရက် ဒဏ်ခံနိုင်ရည်ကို ကောင်းစွာ သိရှိသူ ဖြစ်ပေသည်။ စူးထိုက်၏ ယခုကဲ့သို့ ပြုမူခြင်းမှာ သူ့အား အလွန် အမင်း မျက်နှာပေးခြင်း ဖြစ်သည်မှာ သေချာလှပေသည်။
မန်နေဂျာလျှိုသည် မတ်တတ်ရပ်လိုက်ပြီး သူ၏ရှေ့ရှိ ဝိုင်ခွက်ကို တစ်ချက်တည်းနှင့် မော့သောက် လိုက်ကာ အရက်ရှိန်ဖြင့် သက်ပြင်းချလျက် ပြောလိုက်လေ၏။
“စူးကြီး...၊ ဘာမှ ဆက်မပြောနဲ့တော့...။ လူတစ်ယောက်ရဲ့ စရိုက်ကို အရက်သောက်တဲ့နေရာမှာ သိနိုင် တာပဲ...။ အဲ့ဒီ ချေးငွေကို ငါထုတ်ပေးပါ့မယ်...။”
စူးထိုက်သည် ဝမ်းသာအားရဖြင့် သူ၏ ဝိုင်ခွက်ကို မြှောက်လိုက်ကာ ပြောလိုက်လေ တော့သည်။
“မန်နေဂျာလျှို...၊ ကျွန်တော့်ရဲ့ စကားတွေ အားလုံးက ဒီဝိုင်ခွက်ထဲမှာပဲ ရှိပါတယ်...။ ကျွန်တော် ထပ်ပြီး တိုက်ပါရစေဦး...။”
မန်နေဂျာလျှိုက အနည်းငယ် ထိတ်လန့်သွားကာ အလျင်အမြန်ပင် တားဆီးလိုက်လေ၏။
“မဟုတ်တာ... မဟုတ်တာ...။ ကျွန်တော်တို့ ညီအစ်ကိုတွေက ရှေ့လျှောက် အကြာကြီး ဆုံကြဦးမှာ ပဲလေ...။ တစ်ခွက်နှစ်ခွက်နဲ့ အလောတကြီး လုပ်စရာ မလိုပါဘူး...။”
သူသည် စိုးရိမ်စိတ်ဖြင့် တားဆီးလိုက်ခြင်း ဖြစ်ပေသည်။ စူးထိုက်မှာ မျက်တောင်တစ်ခတ်အတွင်း မှာပင် အရက် တစ်ကျင်းခန့်ကို သောက်လိုက်ခြင်း ဖြစ်ရာ ၎င်းမှာ သူ မလိုက်နိုင်သော ပမာဏ ဖြစ်ပေ သည်။ အကယ်၍ မသောက်ဘဲ နေပြန်လျှင်လည်း ယဉ်ကျေးမှု မရှိသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
လင်းရှန်းကလည်း အခြေအနေကို ကြည့်ကာ ပါးနပ်စွာဖြင့် စူးထိုက်၏ ဝိုင်ခွက်ကို လှမ်းယူလိုက်ပြီး
“ကဲ... တော်လောက်ပြီ...။ မန်နေဂျာလျှို ပြောတာ မှန်တယ်...၊ ငါတို့ နောက်တစ်ခါမှပဲ ထပ်ပြီး ဆုံကြ တာပေါ့...။” ဟု ကြားဝင်ပြောဆိုလိုက်လေသည်။
စူးထိုက်မှာ အလွန်ပင် ဝမ်းသာသွားခဲ့၏၊ အကြောင်းမှာ သူ လိုလားနေသော ဆက်ဆံရေးမှာ နောက်ဆုံး တွင် ခိုင်မာသွားခဲ့ပြီ ဖြစ်သောကြောင့်ပင် ဖြစ်ချေသည်။
“နောက်တစ်ခါ ထပ်ဆုံကြဦးမည်” ဟူသော စကားမှာ နောက်ထပ် အခွင့်အရေးများ ရှိနေသေးသည်ကို ဆိုလိုခြင်း ဖြစ်ပေသည်။ ဤထမင်းဝိုင်းမှာ ဧည့်သည်ရော အိမ်ရှင်ပါ ကျေနပ်အားရစွာဖြင့် ပြီးဆုံးသွား ခဲ့လေတော့သည်။
မန်နေဂျာလျှိုကို ကားပေါ်အထိ လိုက်လံပို့ဆောင်ပေးပြီးနောက် စူးထိုက်နှင့် သူ၏ သူငယ်ချင်းဟောင်း လင်းရှန်းတို့သည် ဟိုတယ်၏ ဧည့်ခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြပြီး ဆိုဖာပေါ်တွင် ထိုင်ကာ ဆေးလိပ်သောက်ရင်း စကားပြောဆိုနေခဲ့ကြလေသည်။
“စူးကြီး...၊ မင်း ဒီနေ့ ရူးသွားတာလား...။ အရမ်းတွေ သောက်နေတာပဲ...၊ မင်းသာ တစ်ခုခု ဖြစ်သွားရင် ကြားခံဖြစ်တဲ့ ငါလည်း လွတ်မှာ မဟုတ်ဘူးနော်...။”
လင်းရှန်းက မကျေမနပ်ဖြင့် ညည်းတွားလိုက်၏။ ၎င်းမှာ သူတို့နှစ်ဦးကြားရှိ ရင်းနှီးမှုကြောင့် ထွက်ပေါ် လာသော စစ်မှန်သည့် စိုးရိမ်စိတ်ပင် ဖြစ်လေသည်။ လူလတ်ပိုင်းအရွယ်တွင် ငယ်သူငယ်ချင်းနှင့် ယခု တိုင် ရင်းနှီးစွာ ပေါင်းသင်းနေထိုင်ရခြင်းမှာ အလွန်ပင် ရှားပါးလှသော ကိစ္စပင် ဖြစ်လေ၏။
စူးထိုက်က ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်ပြီး မတတ်သာသည့် လေသံဖြင့် ဆိုလိုက်သည်။
“ငါလည်း ရွေးချယ်စရာ မရှိလို့ပါ...။ ဒီချေးငွေသာ မရရင် ငါက ရာထူးအသစ် ရလာတဲ့သူဆိုတော့ ဘာ အလုပ်မှ ရှေ့ဆက်နိုင်မှာ မဟုတ်ဘူးလေ...။”
လင်းရှန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည်။
“မင်းကလည်း နောက်နေပြန်ပြီ...။ မင်းရဲ့ တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုက ပြည်နယ်တစ်ခုလုံးမှာ စီမံကိန်းတွေ အများကြီး ရှိတဲ့ ကုမ္ပဏီကြီးဆိုတာ လူတိုင်း သိတာပဲ..။. တုန်းကျန်း အမှတ် (၁) နဲ့ အမှတ် (၂) ဆောက်လုပ်ရေး ဆိုတဲ့ ကုမ္ပဏီခွဲ နှစ်ခုတည်းနဲ့တင် ဒီမြို့က စီမံကိန်းတွေရဲ့ (၇၀) ရာခိုင်နှုန်းကို ရထား တာလေ...။ အဲ့ဒါကိုမှ ဆင်းရဲတယ်လို့ ပြောရဲသေးတယ်...။”
စူးထိုက်က ပခုံးတွန့်ပြကာ…၊
“ဟူး...၊ မင်းကတော့ အိမ်ထောင်ဦးစီး မဟုတ်တော့ အသုံးစရိတ်ကို ဘယ်သိပါ့မလဲ...။ ငါလည်း အရင်က အဲ့လိုပဲ ထင်ခဲ့တာ...။ ဒါပေမဲ့ မနေ့က ရာထူးအမိန့်ရပြီး တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု အကြောင်း စုံစမ်းကြည့်လိုက်တော့မှ ငါ တော်တော်လေး အံ့ဩသွားတာပဲ...။”
သူတို့၏ ပိုင်ရှင်ဖြစ်သူနှင့် သူငယ်ချင်းဖြစ်သူတို့ ဧည့်ခန်းတွင် အနားယူနေသည်ကို မြင်သောအခါ ပါးနပ် သော စားပွဲထိုးလေးမှာ အလျင်အမြန်ပင် လက်ဖက်ရည်များ ယူလာပေးခဲ့လေသည်။
စူးထိုက်က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး ဆက်ပြောပြလေသည်။
“တုန်းကျန်း ဆောက်လုပ်ရေးက ဘယ်လောက်အထိ ကြီးမားသွားလဲဆိုတာ မင်း သိမှာ မဟုတ်ဘူး...။ ကုမ္ပဏီရဲ့ စာရင်းထဲမှာ ရှိတဲ့ ရန်ပုံငွေတွေက ကုမ္ပဏီရဲ့ ပုံမှန် လည်ပတ်မှုအတွက်တောင် မလောက်မင ဖြစ်နေပြီလေ...။ အကယ်၍ ငါက အခု ရင်းနှီးမြှုပ်နှံမှုတွေကို ထိန်းညှိဖို့အတွက် ငွေတွေ ထပ်မချေးနိုင် ရင် တစ်နေ့နေ့မှာ ကုမ္ပဏီက ပြိုလဲသွားမှာပဲ...။ ငါက အထက်လူကြီးတွေဆီကနေ မီးသတ်သမား လုပ်ဖို့ စေလွှတ်ခံရတာပါကွာ...။”
လင်းရှန်းက စူးထိုက်ကို မျက်စောင်းထိုးလိုက်ကာ ပြောလိုက်လေသည်။
“မင်းကတော့ ငတ်ပြတ်နေတဲ့သူရဲ့ ဒုက္ခကို မသိတဲ့ သူဌေးကြီးပါပဲ...။ မင်းလိုမျိုး မီးသတ်သမား လုပ်ရဖို့ ဆိုတာ လူတိုင်း ကံကောင်းနိုင်မယ် ထင်နေလား...၊ ကံကောင်းနေတာကိုမှ မသိဘဲနဲ့ လာပြီး ကြွားနေ သေးတယ်...။”
စူးထိုက်က ဆေးလိပ်မီးကို သတ်လိုက်ပြီး ချောင်းနှစ်ချက် ဟန့်ကာ အလေးအနက် ပြောလိုက်လေ၏။
“မန်နေဂျာလင်း...၊ စကားပြောတာ သတိထားဦးနော်...။ ငါတို့က အတူတူ ကြီးပြင်းလာခဲ့ကြပေမဲ့ အလုပ်ကတော့ အလုပ်ပဲနော်...။ အလုပ်ရှုထောင့်က ကြည့်ရင် ငါက မင်းရဲ့ အဓိက ဖောက်သည်ကြီးပဲ လေ...၊ မင်းက ငါ့ကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေမယ်ဆိုရင်တော့ ငါ မနက်ဖြန် ရာထူးတက်တဲ့ နေ့မှာ ကုမ္ပဏီရဲ့ ဧည့်ခံပွဲတွေကို တခြားဟိုတယ်ကို ပြောင်းခိုင်းလိုက်မှာနော်...။”
လင်းရှန်းက ချက်ချင်းပင် အလိုလိုက်သော အပြုံးဖြင့် ပြောလိုက်လေသည်။
“မန်နေဂျာစူး...၊ ကျွန်တော် မှားပါတယ်...၊ ကျွန်တော် မှားပါတယ်...၊ ဟုတ်ပြီလား...။ ကျွန်တော့်မှာ လုပ်ကျွေးရမယ့် အသက် (၈၀) အရွယ် အမေအိုကြီးနဲ့ (၃) နှစ်အရွယ် ကလေးလေးလည်း ရှိသေးတယ် လေ...။ ကျွန်တော်တို့က ဒီဟိုတယ်လေးကိုပဲ အမှီပြုပြီး အသက်ရှင်နေရတာပါ...။ ကျွန်တော်တို့ကို ထမင်းကျွေးပါဦး...။”
စူးထိုက်က ရယ်မောကာ ခေါင်းခါယမ်းလိုက်ပြီး
“မင်းကလည်း နောက်နေပြန်ပြီ...။ မင်းမှာ (၃) နှစ်အရွယ် ကလေးရှိတယ် ဟုတ်လား...။ မင်းမှာ အဲ့ဒီ လောက် အစွမ်းအစရော ရှိလို့လား အဘိုးကြီးရဲ့...။”
လင်းရှန်းက ခနဲ့တဲ့တဲ့ဖြင့်
“ငါက အကောင်းပြောနေတာကို မင်းက လာပြီး ပေါကြောင်ကြောင် လုပ်နေတာလား...။ မင်းက တခြား မြို့က လာတဲ့လူဖြစ်ပြီးတော့ ဒီမြို့က လူမိုက်ကြီးဖြစ်တဲ့ ငါ့ကို လာပြီး စိန်ခေါ်ရဲတယ်ပေါ့...။ ငါ မင်းရဲ့ အစားအသောက်တွေထဲမှာ အဆိပ်ခတ်လိုက်ရမလား...။”
အတန်ကြာ စကားပြောဆိုပြီးနောက် စူးထိုက်သည် သူ၏ ခြေထောက်ကို ပုတ်ကာ မတ်တတ်ရပ်လိုက် လေသည်။
“ကဲ...၊ တော်လောက်ပြီ...။ နောက်ကျနေပြီဆိုတော့ သွားနားကြစို့...။ မနက်ဖြန် အစည်းအဝေး ရှိသေး တယ်လေ...။”
“မသွားပါနဲ့ဦး...၊ ဒီမှာပဲ အိပ်လိုက်ပါလား...။”
လင်းရှန်းက မခွဲနိုင်မခွာရက် ပြောလိုက်လေ၏။
စူးထိုက်က လက်ယမ်းပြကာ
“မဖြစ်ဘူးလေ... မင်းရဲ့ မမ မရီးက သဘောတူမှာ မဟုတ်ဘူး...။ ငါ သန့်စင်ခန်းထဲ ရောက်နေတုန်းက တောင် သူ ဖုန်းတွေ အများကြီး ဆက်ထားသေးတာလေ...။”
လင်းရှန်းက ခေါင်းညိတ်ပြလိုက်ကာ
“ဒါဆိုရင်လည်း မတားတော့ပါဘူး...။ မမမရီးက ပြည်နယ်မြို့တော်ကနေ မင်းနောက်ကို လိုက်လာတာ ဆိုတော့ သူလည်း တစ်ယောက်တည်း ပျင်းနေမှာပေါ့...။ ဒါနဲ့...၊ ကောင်တာမှာ အမူးပြေဆေးတွေ ရှိတယ်...။ တစ်လုံးလောက် သောက်သွားဦးလေ...။”
အမူးပြေဆေးအကြောင်း ပြောသောအခါ စူးထိုက်သည် တစ်စုံတစ်ခုကို သတိရသွားသဖြင့် ခေတ္တမျှ ရပ်တန့်သွားခဲ့လေသည်။ သူသည် လှည့်ကြည့်ကာ ပြောလိုက်လေ၏။
“ဒါနဲ့...၊ ဒီနေ့ ငါတို့ အထပ်မှာ သီးသန့်ခန်း တစ်ခန်း ရှိတယ်လေ...။ အဲ့ဒီအခန်းရဲ့ အသုံးစရိတ်တွေကို ငါ့စာရင်းထဲမှာပဲ ထည့်လိုက်ပါလို့ စားပွဲထိုးကို ပြောပေးပါဦး...။”
လင်းရှန်းက “ဪ... အသိနဲ့ ဆုံခဲ့လို့လား...” ဟု မေးလိုက်လေသည်။
စူးထိုက်က ခေါင်းခါယမ်းလိုက်ပြီး…၊
“ငါ ဘာလို့ အရက်တွေကို ဒီလောက်အထိ မော့သောက်ရဲလဲဆိုတာ မင်း မသိသေးဘူး မဟုတ်လား...။”
“အေးလေ…၊ ဘာလို့လဲ...။ မင်းရဲ့ အပြုအမူက ငါ့ကို တော်တော်လေး လန့်သွားစေတာပဲ...။ မင်းက ငွေအတွက်နဲ့ အသက်ကို ရင်းနေတာပဲ မဟုတ်လား...။”
လင်းရှန်းက မကျေမနပ်ဖြင့် ညည်းတွားလိုက်ပြန်သည်။
စူးထိုက်က တိုးတိုးလေး ပြောလိုက်၏။
“ငါ သန့်စင်ခန်းကို သွားတုန်းက သူငယ်ချင်း တစ်ယောက်နဲ့ ဆုံခဲ့တယ်...။ သူက ငါ့ကို အမူးပြေဆေး တစ်လုံး ပေးခဲ့တာလေ...။ အခု ငါ့ကို ကြည့်ဦး...၊ ငါ အရက် သုံးကျင်းနီးပါး သောက်ထားတာတောင် အခုထိ လုံးဝ နေလို့ကောင်းနေတုန်းပဲ...။ ငါ ကျင်းတစ်ထောင် သောက်ရင်တောင် မမူးဘူးလို့ ရဲရဲကြီး ပြောရဲတယ်...။”
ပြောပြောဆိုဆိုနှင့်ပင် စူးထိုက်သည် နေရာတွင်ပင် တစ်ပတ် ချာခနဲ လှည့်ပြလိုက်လေသည်။ သူ၏ ခြေလှမ်းများမှာ အလွန်ပင် တည်ငြိမ်နေပြီး ယိုင်လဲခြင်း လုံးဝ မရှိချေ။ အကယ်၍ လင်းရှန်းသာ သူ အရက် သုံးကျင်းသောက်သည်ကို ကိုယ်တိုင် မျက်မြင် မတွေ့ခဲ့ပါက မည်သို့မျှ ယုံကြည်နိုင်မည် မဟုတ် ပေ။
“အာနိသင်က တကယ်ပဲ အဲ့လောက် ကောင်းတာလား...။”
လင်းရှန်းက မယုံနိုင်သကဲ့သို့ မေးလိုက်မိသည်။
စူးထိုက်က ခေါင်းညိတ်ပြကာ ၊
“ဒါက သိသာနေတာပဲ မဟုတ်လား...။” ဟု ပြန်ပြောလိုက်လေသည်။
လင်းရှန်းမှာ မိမိကိုယ်ကို ပြန်လည် ရယ်မောလိုက်မိတော့သည်။ ဟုတ်ပေသည်၊ စူးထိုက်ကိုယ်တိုင်က အကောင်းဆုံး သက်သေပင်ဖြစ်သည် မဟုတ်ပါလား။
အခန်း (၂၈)
မည်သူက မည်သူ့ကျေးဇူးရှင်နည်း
ဤအရာသည် အစွမ်းထက်ရုံသာမကဘဲ အံ့ဖွယ်ဆေးစွမ်းတစ်လက်ပင် ဖြစ်ချေ၏။
မူလက အရက်နှစ်ကျင်းခန့်သာ သောက်နိုင်သော စူးထိုက်သည် ယခုအခါ အရက်သုံးကျင်းကို သောက် ထားသော်ငြားလည်း လုံးဝ အဆင်ပြေနေရုံသာမက သူ၏ စိတ်မှာလည်း အလွန်ပင် ကြည်လင်နေခဲ့ လေသည်။ အကယ်၍သာ ဤဆေးကို ရရှိနိုင်မည်ဆိုပါက သူ၏ ဟိုတယ်လုပ်ငန်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာပေလိမ့်မည်။ ထိုသို့တွေးတောမိသောအခါ လင်းရှန်း၏ အသက်ရှူသံများမှာ မြန်ဆန်လာခဲ့ ရလေတော့သည်။
သူ၏ နောက်ဘက်ရှိ တာဝန်ကျနေရာကို ကြည့်ရင်း လင်းရှန်းသည် ဧည့်ကြိုမန်နေဂျာအား လက်ယမ်း၍ အလျင်အမြန် ခေါ်လိုက်၏။
“သွားစမ်း...၊ ရှစ်ထပ်က သီးသန့်ခန်းမှာရှိတဲ့ စားပွဲထိုးကို သွားမေးချေ...။ ခုနက စူးကြီးနဲ့ စကားပြော သွားတဲ့သူက ဘယ်သူလဲ...။ ပြီးတော့ သူ့အတွက် ငွေရှင်းပေးသွားတဲ့ ဧည့်သည်က ဘယ်သူလဲဆိုတာ ကိုပါ သေချာစုံစမ်းခဲ့စမ်း...။”
ဧည့်ကြိုမန်နေဂျာက ခေါင်းညိတ်၍ ဝေါ်ကီတော်ကီမှတစ်ဆင့် မေးခွန်းများကို အစီအရီ မေးမြန်းလိုက် လေသည်။ မကြာမီမှာပင် ဧည့်ကြိုမန်နေဂျာသည် ပြုံးရွှင်သော မျက်နှာဖြင့် ပြန်လည်ရောက်ရှိလာခဲ့၏။
“သူဌေး...၊ တစ်ဖက်လူက ငွေပေးချေပြီးသွားပါပြီ...၊ ဒါပေမဲ့...။”
“တောက်...၊ မင်း ငါ့ကို ကလိမ်ကကျစ် လုပ်လိုက်တာပဲ...။ ငါ့ကို လူပေါကြီး ဖြစ်အောင် လုပ်လိုက်တာပဲ မဟုတ်လား...။”
ထိုစကားကို ကြားသောအခါ စူးထိုက်မှာ ဒေါသထွက်သွားလေတော့သည်။
“ဒီကုန်ကျစရိတ်တွေကို ငါ့စာရင်းထဲ ထည့်ပါလို့ ပြောထားရက်နဲ့ မင်းတို့က နားမထောင်ကြဘူး...။”
စူးထိုက်သည် သူ၏ လက်အောက်ငယ်သားများမှာ အားကိုးမရဟု ယူဆကာ လင်းရှန်းကို မကျေမနပ် စိုက်ကြည့်လိုက်လေတော့သည်။
လင်းရှန်းက အားနာစိတ်ဖြင့် အလျင်အမြန်ပင် ချော့မော့လိုက်ရ၏။
“စူးကြီးရာ...၊ စိတ်မတိုပါနဲ့ဦး...။ နောက်ထပ် ပြောစရာတွေ ကျန်သေးတယ်လေ...။”
လင်းရှန်းအနေဖြင့် အားနာနေရခြင်းမှာ ဤငွေကောက်ခံသည့် စနစ်ကို သူကိုယ်တိုင် ချမှတ်ထားခဲ့ သောကြောင့် ဖြစ်ပေသည်။ ဟိုတယ်များတွင် အသိအကျွမ်းနှင့် ဆုံတွေ့သောအခါ တစ်ဦးက တစ်ဦး အတွက် ငွေပေးချေရန် ကြိုးပမ်းခြင်း သို့မဟုတ် မိမိစာရင်းထဲသို့ ထည့်ခိုင်းခြင်းမျိုးမှာ ဖြစ်လေ့ဖြစ်ထ ရှိသော ကိစ္စရပ်ပင် ဖြစ်၏။ တစ်ခါတစ်ရံတွင် လူတိုင်းက တစ်ဖက်လူ ပေးချေလိုက်ပြီဟု ထင်မှတ်နေ ကြသော်လည်း အမှန်တကယ်တွင်မူ မည်သူကမျှ မပေးချေရသေးသည့် အခြေအနေမျိုးလည်း ရှိတတ် ပေသည်။
ဤသို့သော အခြေအနေမျိုးတွင် ငွေပြန်လည်တောင်းခံပါက ဖောက်သည်များကို စော်ကားသကဲ့သို့ ဖြစ်သွားနိုင်ပြီး မတောင်းခံဘဲ နေပြန်လျှင်လည်း ဟိုတယ်အနေဖြင့် ယွမ်သောင်းချီ၍ ဆုံးရှုံးနိုင်ပေရာ ၎င်းမှာ ခံနိုင်ရည်ရှိသော ပမာဏ မဟုတ်ချေ။
ထို့ကြောင့် လင်းရှန်းသည် မည်သူက အရင်ပေးချေသည်ဖြစ်စေ လက်ခံလိုက်ရန်နှင့် နောက်မှသာ တောင်းပန်စကားဆိုကာ လျှော့စျေးကတ် သို့မဟုတ် လက်ဆောင်ကတ်များ ပေးအပ်ရန် သူ၏ လက်အောက်ငယ်သားများကို ညွှန်ကြားထားခြင်း ဖြစ်သည်။ ထို့ကြောင့် ယနေ့ဖြစ်ရပ်အတွက် လင်းရှန်းတွင် တာဝန်အချို့ ရှိနေခဲ့လေသည်။
၎င်းမှာ သူငယ်ချင်းဖြစ်သူ၏ ဆိုင်ဖြစ်သဖြင့် စူးထိုက်အနေဖြင့် များများစားစား မပြောလိုတော့ချေ။ သူက စိတ်မရှည်သော လေသံဖြင့် ပြောလိုက်လေ၏။
“ဒါဆိုရင်လည်း...၊ ‘ဒါပေမဲ့’ ဆိုတာက ဘာလဲ...၊ မြန်မြန်ပြောစမ်းပါ...။”
လင်းရှန်းက ဧည့်ကြိုမန်နေဂျာအား မျက်ရိပ်ပြလိုက်ကာ …။
“မြန်မြန်ပြောစမ်းပါ...။ စူးကြီးကို အကြာကြီး မစောင့်ခိုင်းနဲ့...၊ မင်းသာ အချိန်ဆွဲနေရင် ဒီပြေစာကို မင်း ဘာသာမင်း ရှင်းပြီး အလုပ်က ထွက်လိုက်တော့...။” ဟု ပြင်းထန်စွာ အော်ဟစ်လိုက်လေတော့သည်။
ယုံကြည်ရသော လက်အောက်ငယ်သားများမှာ အရေးကြီးသော အချိန်များတွင် အခြားသူများကို ကြိမ်းမောင်းရန်အတွက် အလွန်ပင် အသုံးဝင်လှပေသည်။ လင်းရှန်း၏ စကားကြောင့် စူးထိုက်မှာ အနည်းငယ် အားနာသွားခဲ့ရလေ၏။
“မဟုတ်တာ...။ အဲ့ဒီလောက်အထိတော့ မဟုတ်ပါဘူး...၊ ငါတို့က ညီအစ်ကိုတွေပဲဟာ...။ အဲ့ဒီလိုတွေ မလုပ်ပါနဲ့...၊ ငါက နည်းနည်း စိတ်လောသွားလို့ပါ...။”
ထိုအခါမှ ဧည့်ကြိုမန်နေဂျာက ဆက်လက်ပြောပြလေသည်။
“ဒါပေမဲ့ အဲ့ဒီသီးသန့်ခန်းက လူကြီးကလည်း ကျွန်တော်တို့ရဲ့ ဖောက်သည်ဟောင်း တစ်ယောက်ပါ...။ သူ့မှာ ကျွန်တော်တို့ ဆိုင်ရဲ့ အဖွဲ့ဝင်ကတ်လည်း ရှိတယ်...။ ကျွန်တော် စစ်ကြည့်လိုက်တော့ အဲ့ဒီလူကြီးရဲ့ နာမည်က ရွှီပေါ်အန်း တဲ့...။”
“သူက တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုက ခေါင်းဆောင်တစ်ယောက် ဖြစ်ပုံရတယ်...။ အရင်က သူ ပြေစာထုတ်သွားတုန်းက ရှိဟယ်ခရိုင် မြို့ဟောင်းပြုပြင်မွမ်းမံရေး စီမံကိန်းဌာန ရဲ့ နာမည်နဲ့ ထုတ်သွား တာကို စနစ်ထဲမှာ မှတ်တမ်းတင်ထားပါတယ်...။”
ထိုစကားကို ကြားသောအခါ လင်းရှန်းနှင့် စူးထိုက်တို့မှာ တစ်ဦးကိုတစ်ဦး မယုံနိုင်သကဲ့သို့ စိုက်ကြည့် လိုက်မိကြလေသည်။
“တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု ဟုတ်လား...။ စူးကြီး...၊ ဒါ မင်းရဲ့ လူတွေပဲ မဟုတ်လား...။”
လင်းရှန်းက အံ့သြတကြီး အော်ဟစ်လိုက်မိလေသည်။
စူးထိုက်က ခေါင်းညိတ်ပြကာ ပြောလိုက်၏။
“ငါ မကြာသေးခင် နှစ်တွေက အချက်အလက်တွေကို ကြည့်ပြီးပြီ...။ ရှိဟယ်ခရိုင် မြို့ဟောင်းပြုပြင် မွမ်းမံရေး စီမံကိန်းကို ကုမ္ပဏီရဲ့ ဒုတိယလက်အောက်ခံကုမ္ပဏီက တာဝန်ယူထားတာလေ...။ အဲ့ဒီ နာမည်ကို ငါ မရေမရာ မှတ်မိနေတယ်...၊ အဲ့ဒါ အဲ့ဒီတုန်းက စီမံကိန်းမန်နေဂျာ ဖြစ်လိမ့်မယ် ထင်တယ် ...။”
လင်းရှန်းက သူ၏ နဖူးကို လက်ဖြင့် ရိုက်လိုက်ကာ…၊
“မင်းပြောမှ ငါ သတိရတော့တယ်...၊ ဟုတ်တယ်...။ အဲ့ဒီ မစ္စတာရွှီက အဲ့ဒီတုန်းက တကယ်ပဲ စီမံကိန်း မန်နေဂျာ ဖြစ်ခဲ့တာ...။ ငါ သူ့ကို တော်တော်လေး ဧည့်ခံဖူးတယ်...၊ သူက တကယ်ကို ငွေကို ရေသလို သုံးနိုင်တာ...။”
“တကယ့် သူဌေးကြီးပဲ...၊ ဒါပေမဲ့ သူက တကယ်ကို တော်တဲ့သူဗျ...။ တုန်းကျန်းမြို့က လူကြီးလူ ကောင်းတွေကို သူက လက်ဖဝါးပေါ် တင်ထားသလိုကို သိတာ...။ ငါ ကိုယ်တိုင် မြင်ဖူးတာကတော့ ဌာနဆိုင်ရာ အကြီးအကဲ အများကြီးက သူ့ရဲ့ အထူးဧည့်သည်တွေ ဖြစ်ခဲ့ကြတာပဲ...။ အခုနောက်ပိုင်းမှ သူ့ကို သိပ်မတွေ့ရတော့တာ...။”
“ဪ...၊ ဘာလို့လဲ...။”
စူးထိုက်က အလျင်အမြန် မေးလိုက်လေသည်။
လင်းရှန်းက ခေါင်းခါယမ်းလိုက်ကာ…၊
“ငါက ဘယ်လိုလုပ် သိမှာလဲ...။ ငါက မင်းရဲ့ စုံထောက်မှ မဟုတ်တာ...၊ ငါက ဘာလို့ မင်းကို အကုန် ပြောပြနေရမှာလဲ...။”
ရိုင်ရယ် ဒိုင်နက်စတီ ဟိုတယ်၏ ပိုင်ရှင်အနေဖြင့် လင်းရှန်းသည် ဖောက်သည်ဟောင်း အများအပြားနှင့် ရင်းနှီးသော်လည်း ရင်းနှီးမှု အတိမ်အနက်မှာမူ အလွန်ပင် မကြီးမားလှချေ၊ အကြောင်းမှာ လူအများစုမှာ မိမိတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် ဝန်လေးတတ်ကြသော ကြောင့် ဖြစ်လေ၏။
အများဆုံးအားဖြင့် သူတို့ လာရောက်ချိန်တွင် သီးသန့်ခန်း စီစဉ်ပေးခြင်း၊ ဝိုင်ခွက်တိုက်ခြင်းနှင့် လျှော့ စျေးပေးခြင်းတို့ကိုသာ ဆောင်ရွက်ပေးလေ့ရှိပြီး အချင်းချင်း၏ ကိစ္စရပ်များကိုမူ မစွက်ဖက်ကြချေ။
ဘေးတွင် ရပ်နေသော ဧည့်ကြိုမန်နေဂျာက သက်ပြင်းချကာ ဆိုလိုက်၏။
“ကျွန်တော် ကြားဖူးတာကတော့ မစ္စတာရွှီက အလုပ်မှာ ရာထူးကနေ ဖယ်ရှားခံထားရပြီး အာဏာလည်း မရှိတော့ဘူးလို့ ဒီမှာ လာစားတဲ့သူတွေ ပြောနေကြတာပဲ...။”
လင်းရှန်းက ရယ်မောလိုက်ပြီး စူးထိုက်၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။
“သူငယ်ချင်းကြီး...၊ မင်းတော့ ကံကောင်းပြီ...။ ဒါက အိပ်ချင်နေတုန်း ခေါင်းအုံးလာပေးသလို ဖြစ်မနေ ဘူးလား...။”
စူးထိုက်က ပြုံး၍ ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်၏။ သူသည် ဘာမှ ပြန်မပြောဘဲ ဆေးလိပ်သောက် ရင်း အပြင်သို့ ထွက်ခွာသွားခဲ့ရာ သူ၏ စိတ်အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေဟန် တူပေသည်။
“ကဲ...၊ တော်ပြီ...။ ငါ မင်းနဲ့ ငြင်းမနေတော့ဘူး...၊ သွားပြီဟေ့...။”
ဧည့်ကြိုမန်နေဂျာသည် လင်းရှန်းအား ကားပေါ်အထိ လိုက်လံပို့ဆောင်ပေးရင်း မသိမသာ မေးလိုက် လေသည်။
“သူဌေး...၊ အဲ့ဒီလူက ဘယ်သူလဲဟင်...။”
လင်းရှန်းက သူနှင့်အတူ နှစ်ပေါင်းများစွာ ရှိနေခဲ့သော ဧည့်ကြိုမန်နေဂျာကို ကြည့်ကာ အဓိပ္ပာယ်ပါပါ မေးလိုက်၏။
“မင်းနဲ့ အဲ့ဒီ ရွှီပေါ်အန်းနဲ့က တော်တော်လေး ရင်းနှီးကြတာလား...။”
ဧည့်ကြိုမန်နေဂျာက အလျင်အမြန်ပင် ရှင်းပြလိုက်လေသည်။
“မစ္စတာရွှီက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကျွန်တော်တို့ရဲ့ အဓိက ဖောက်သည်ကြီး ဖြစ်ခဲ့ တာလေ...။ အဲ့ဒါကြောင့် တဖြည်းဖြည်းနဲ့ ရင်းနှီးသွားတာပါ...။”
သူ့နောက်တွင် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သော ညီအစ်ကိုတစ်ဦးကို ကြည့်ရင်း လင်းရှန်းက မအောင့်နိုင်ဘဲ ဖွင့်ပြောလိုက်တော့သည်။
“အဲ့ဒါက ငါနဲ့အတူ ဖင်ပြောင်အရွယ်ကတည်းက ကြီးပြင်းလာခဲ့တဲ့ ငါ့ရဲ့ သူငယ်ချင်းအရင်းကြီးလေ...၊ အရင်က ဒီဟိုတယ်ကို ဖွင့်ဖို့အတွက် ငါ့မှာ ငွေမလောက်တုန်းက သူ့ဆီကပဲ အများကြီး ချေးခဲ့ရတာ...။”
ဧည့်ကြိုမန်နေဂျာက ချက်ချင်းပင် မြှောက်ပင့်လိုက်၏။
“တော်တဲ့သူတွေကတော့ မတူဘူးပဲ...၊ သူဌေးရဲ့ သူငယ်ချင်းတွေကလည်း တကယ့်ကို အစွမ်းထက်တဲ့ သူတွေချည်းပဲဗျာ...။”
လင်းရှန်းက ဧည့်ကြိုမန်နေဂျာကို ကြည့်ကာ ပြောလိုက်လေသည်။
“ကဲ...၊ တော်လောက်ပြီ...။ မြှောက်ပင့်မနေနဲ့တော့...။ ငါ့သူငယ်ချင်းက တုန်းကျန်း ဆောက်လုပ်ရေး အုပ်စု ရဲ့ အကြီးအကဲသစ်ပဲ...။ သူ မနက်ဖြန် ရာထူးကို တရားဝင် စတင်ယူတော့မှာ...။ ငါ မင်းကို မျက်နှာသာ ပေးလိုက်ပြီနော်...၊ ဒါကို မင်းဘာသာမင်း စဉ်းစားလိုက်တော့...။”
ဧည့်ကြိုမန်နေဂျာ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားခဲ့ရလေ၏။
*အမလေး...၊ ဒီလူကြီးကတော့ တကယ့်ကို အဆက်အသွယ် အကြီးကြီးပဲ...။ အစ်ကိုရွှီတော့ ကံဇာတာ တက်တော့မှာပဲ...။*
“အစ်ကိုရွှီတော့ ကျေးဇူးရှင်နဲ့ တွေ့ပြီပေါ့...။”
ဧည့်ကြိုမန်နေဂျာမှာ မသိမသာ ရေရွတ်လိုက်မိပြီးမှ မိမိကိုယ်ကို သတိပြန်ဝင်လာခဲ့လေသည်။
ဧည့်ကြိုမန်နေဂျာက အနည်းငယ် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး
“သူဌေး...၊ အမှန်အတိုင်း ပြောရရင် ကျွန်တော်ကလည်း မစ္စတာရွှီကို ကျေးဇူးကြွေး တစ်ခု တင်နေ တာလေ...။ အရင်က ကျွန်တော့်ရဲ့ အမျိုးတစ်ယောက် ရွှေ့ပြောင်းအလုပ်သမားအဖြစ် လုပ်တုန်းက မရသေးတဲ့ လုပ်အားခတွေကို သူက ကူညီပြီး တောင်းပေးခဲ့ဖူးတာ...။” ဟု ရှင်းပြလိုက်လေသည်။
လင်းရှန်းက ခေတ္တမျှ စဉ်းစားပြီးနောက်..၊
“အခြေအနေတွေကို ဆက်စောင့်ကြည့်ကြတာပေါ့...။ ဒါပေမဲ့ နောက်ဆုံးအချိန်အထိ ဘာဖြစ်လာမလဲဆို တာ ဘယ်သူမှ မသိနိုင်ဘူး...၊ မင်းဘာသာမင်းပဲ ဆုံးဖြတ်လိုက်တော့...။” ဟု ညွှန်ကြားလိုက်လေသည်။
ဧည့်ကြိုမန်နေဂျာသည် ပြုံးရွှင်သော မျက်နှာဖြင့် အလုပ်သို့ ပြန်လည်ဝင်ရောက်သွားခဲ့၏။ သို့သော် လင်းရှန်းမှာမူ မျက်မှောင်ကြုတ်ကာ အလေးအနက် တွေးတောနေမိလေတော့သည်။
အမှန်စင်စစ် မည်သူက မည်သူ့ကျေးဇူးရှင် ဖြစ်နေပါသနည်း။
စူးကြီးသည် ရွှီပေါ်အန်း၏ အထက်လူကြီး ဖြစ်သည်မှာ မှန်သော်လည်း ထိုမျှသာ ဖြစ်ပေသည်။ အကြီး အကဲ ဆိုသည်မှာ ယာယီမန်နေဂျာများသာ ဖြစ်ကြပြီး မည်သူကမျှ အခြားသူတစ်ဦး၏ အနာဂတ်နှင့် ကံကြမ္မာကို ထာဝရ မထိန်းချုပ်နိုင်ကြချေ။
ရွှီပေါ်အန်းတွင် ဤကဲ့သို့ အံ့ဩဖွယ်ကောင်းလှသော အမူးပြေဆေး ရှိနေခြင်းမှာ အလွန်တရာ တန်ဖိုး ကြီးလှသော ရတနာသိုက်ကြီးကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်ချေ၏။ အဆုံးစွန်သော အာဏာဆိုသည်မှာ ပုံစံတစ်မျိုးတည်းနှင့်သာ ထွက်ပေါ်လာတတ်ပေသည်၊ ၎င်းမှာ ငွေကြေးပင် ဖြစ်၏။ မည်မျှပင် ကြွားဝါ နေပါစေ ငွေကြေးကမူ လိမ်လည်ခြင်း မရှိချေ။ ငွေအမြောက်အမြားကို ထိန်းချုပ်နိုင်သူမှာသာ စစ်မှန် သော ကျေးဇူးရှင်ပင် ဖြစ်ပေသည်။
လင်းရှန်းမှာ သက်ပြင်းချလိုက်မိ၏။ ရာထူးအဆင့်အရ ဆိုလျှင် စူးကြီးသည် ယခုအခါ ညွှန်ကြားရေးမှူး လျှိုနှင့် တန်းတူ ဖြစ်နေခဲ့ပြီ။ သို့သော်လည်း ဘာဖြစ်သနည်း။ ခုနကတင် မန်နေဂျာလျှို၏ ရှေ့တွင် မြေးအဖိုးများကဲ့သို့ အပြုခံနေရသည် မဟုတ်ပါလား။
အဘယ်ကြောင့်နည်း။
အကြောင်းမှာ သူတို့သည် တစ်ပါးသူထံမှ အကူအညီ တောင်းခံနေရသူများ ဖြစ်ကြပြီး ထိုသူများက ငွေကြေးကို ထိန်းချုပ်ထားသောကြောင့် ဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် ရွှီပေါ်အန်းမှာမူ သူ မတော်တဆ ကူညီလိုက်သော သူသည် သူ၏ ကုမ္ပဏီမှ အကြီး အကဲသစ် ဖြစ်သည်ကို လုံးဝ မသိရှိသေးပေ။ သူသည် လမ်းတစ်လျှောက်လုံး ကားပေါ်တွင် ချန်ဖိန်ဖိန် နှင့် စကားပြောဆိုလာခဲ့ပြီးနောက် အငှားယာဉ်မောင်းအား ချန်ဖိန်ဖိန်ကို အိမ်သို့ အရင်ပို့ဆောင်ခိုင်းကာ သူ၏ ဗီလာအသစ်ဆီသို့ ပြန်လာခဲ့လေသည်။
ရေနွေးဖြင့် ရေချိုးပြီးနောက် သူ၏ ဖုန်းအတွင်း၌ မဖတ်ရသေးသော စာနှစ်စောင်နှင့် လွဲချော်သွားသော ဖုန်းခေါ်ဆိုမှု နှစ်ခုကို တွေ့လိုက်ရ၏။ လွဲချော်သွားသော ဖုန်းခေါ်ဆိုမှုမှာ သူ၏ မိခင်ထံမှ ဖြစ်ပြီး သူ ဖုန်းမကိုင်နိုင်သဖြင့် သူမက စာတစ်စောင် ပေးပို့ထားခြင်း ဖြစ်သည်။
၎င်းမှာ ထွေထွေထူးထူး ကိစ္စမဟုတ်ဘဲ မနက်ဖြန် နေ့လယ်ပိုင်းတွင် အမြန်ရထားဖြင့် ရောက်ရှိလာမည် ဖြစ်သဖြင့် စိုးရိမ်မနေရန် ရွှီပေါ်အန်းကို အကြောင်းကြားထားခြင်း ဖြစ်၏။ ရွှီပေါ်အန်းသည် မနက်ဖြန် ဘူတာရုံသို့ သွားရောက်ကြိုဆိုရန်အတွက် အချိန်ကို သူ၏ မှတ်စုထဲ၌ အလျင်အမြန်ပင် ရေးမှတ်ထား လိုက်လေတော့သည်။
နောက်ထပ် လွဲချော်သွားသော ဖုန်းခေါ်ဆိုမှုတစ်ခုမှာ ရိုင်ရယ် ဒိုင်နက်စတီ ဟိုတယ်မှ ဧည့်ကြိုမန်နေဂျာ ထံမှ ဖြစ်ပေသည်။ ရွှီပေါ်အန်း စီမံကိန်းမန်နေဂျာ လုပ်စဉ်အခါက ထိုဟိုတယ်တွင် မကြာခဏ စားသောက်လေ့ရှိသဖြင့် သူတို့နှစ်ဦးမှာ ရင်းနှီးနေခဲ့ကြခြင်း ဖြစ်၏။
တိုက်ဆိုင်စွာပင် သူသည် ထိုမန်နေဂျာ၏ အမျိုးတစ်ဦးအတွက် မရသေးသော လုပ်အားခများကို ကူညီ ၍တောင်းပေးခဲ့ဖူးလေသည်။ ထိုစဉ်ကတည်းက မန်နေဂျာသည်လည်း ရွှီပေါ်အန်းအတွက် သီးသန့်ခန်း ကြိုတင်မှာယူခြင်းနှင့် လျှော့စျေးပေးခြင်းတို့တွင် သူ၏ လုပ်ပိုင်ခွင့် အတွင်းမှ အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့သဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိခဲ့ကြလေသည်။
ယနေ့တွင် ရွှီပေါ်အန်း ဟိုတယ်သို့ သွားရောက်စဉ်က သူ့ကို ဆက်သွယ်ခြင်း မရှိခဲ့သဖြင့် တစ်ဖက်လူက သိရှိသွားကာ နှုတ်ဆက်လို၍ ဖုန်းဆက်ခြင်း ဖြစ်ပေလိမ့်မည်။ အချိန်မှာ အလွန်ပင် နောက်ကျနေပြီ ဖြစ်သဖြင့် ရွှီပေါ်အန်းမှာလည်း ပြန်လည် ဖုန်းမဆက်တော့ချေ။
အခြားသော မဖတ်ရသေးသည့် စာမှာ ချန်ဖိန်ဖိန်ထံမှ ဖြစ်ပေသည်။
{အစ်ကိုရွှီ...၊ ဒီနေ့ ကောင်းကောင်း ဧည့်ခံကျွေးမွေးတဲ့အတွက် ကျေးဇူးပါနော်...။ ကျွန်မ အိမ်ကို အဆင်ပြေပြေ ရောက်ပါပြီ...၊ စိတ်မပူပါနဲ့ဦး...။}
ထိုစာနှင့်အတူ သူမ၏ ဆယ်ဖီပုံတစ်ပုံလည်း ပါဝင်လာခဲ့၏။ သူမသည် မျက်နှာတွင် မိတ်ကပ်မရှိဘဲ ညဝတ်အင်္ကျီကို သေသပ်စွာ ဝတ်ဆင်ထားကာ အိမ်တွင် တစ်ယောက်တည်း ရှိနေကြောင်းကို ရှင်းလင်း စွာ ပြသနေခဲ့ပေသည်။
ရွှီပေါ်အန်းမှာ ခေါင်းခါယမ်းရင်း ပြုံးလိုက်မိ၏။ ချန်ဖိန်ဖိန်မှာ အမှန်တကယ်ကို ပါးနပ်လှပေသည်။ ဤအပြုအမူမှာ သူမသည် စိတ်ရင်းမှန်ဖြင့် ပေါင်းသင်းနေကြောင်း သူ့ကို သက်သေပြလိုက်ခြင်းပင် ဖြစ်လေတော့သတည်း။