← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉)

ဗာစေးဆန်သော ကြွားဝါမှု

ချန်ဖိန်ဖိန်သည် တုန်းကျန်းမြို့ဟောင်းရှိ လူနေရပ်ကွက်ဟောင်းတစ်ခုတွင် နေထိုင်လေသည်။

ထိုရပ်ကွက်ကို စတင်တည်ဆောက်စဉ်ကာလက ကားပါကင်အတွက် ကြိုတင်စီမံထားခြင်း မရှိခဲ့ချေ။ ယခုအခါတွင်မူ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များနှင့် လျှပ်စစ်စက်ဘီးများမှာပင် တိုးပွားလာ ခဲ့ရာ ရပ်ကွက်အတွင်း၌ စနစ်တကျမရှိဘဲ ရောထွေး၍ ရပ်နားထားကြသဖြင့် ရွှီပေါ်အန်း၏ ကြီးမားလှ သော ပစ်ကပ်ကားကြီးမှာ အတွင်းသို့ ဝင်ရောက်ရန် မဖြစ်နိုင်တော့ပေ။

ရွှီပေါ်အန်းသည် မူလက လူကြီးလူကောင်းပီသစွာဖြင့် အငှားထိုးယာဉ်မောင်းကို စောင့်ခိုင်းထားပြီး ချန်ဖိန်ဖိန်အား အပေါ်ထပ်အထိ လိုက်လံပို့ဆောင်ပေးရန် ရည်ရွယ်ခဲ့သော်လည်း ချန်ဖိန်ဖိန်က အသည်း အသန် ငြင်းဆိုနေသဖြင့် သူလည်း ဆက်လက်၍ အတင်းအကျပ် မလုပ်တော့ချေ။

အမှန်စင်စစ် လူလတ်ပိုင်းအရွယ်ဆိုသည်မှာ မည်သည့်အချိန်တွင် ရှေ့တိုးရမည်၊ မည်သည့်အချိန်တွင် နောက်ဆုတ်ရမည်ကို အသိဆုံးအရွယ်ပင် ဖြစ်ပေရာ သူတစ်ပါး မလိုလားသော ကိစ္စရပ်များကို အတင်း အကျပ် လုပ်ဆောင်လေ့ မရှိကြချေ။

တစ်ဖက်လူတွင် သူမ၏ ကိုယ်ပိုင်စိုးရိမ်မှုများ ရှိနေနိုင်သကဲ့သို့ သူမ၏ အရှက်ရစရာများ သို့မဟုတ် သူမ၏ လျှို့ဝှက်ချက်များကို ရွှီပေါ်အန်းအား မမြင်စေလိုခြင်းလည်း ဖြစ်နိုင်ပေသည်။ ဤသည်မှာ ပြဿနာမဟုတ်ပေ၊ ရွှီပေါ်အန်းအနေဖြင့် ဤအရာအားလုံးကို နားလည်ပေးနိုင်လေသည်။

လူအချင်းချင်း ဆက်ဆံရာတွင် သင့်တင့်သော အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားခြင်းမှာ အကောင်း ဆုံးသော နည်းလမ်းပင် မဟုတ်ပါလား။

သို့သော်လည်း နားလည်ပေးနိုင်ခြင်းနှင့်အတူ စိတ်ထဲ၌ အနည်းငယ် ကသိကအောက် ဖြစ်ရခြင်းမှာမူ ရှောင်လွှဲ၍ မရနိုင်ချေ။ အကြောင်းမှာ လူလတ်ပိုင်းအရွယ်များမှာ စိတ်ထားပွင့်လင်းကြသကဲ့သို့ အတွေး အခေါ်လည်း များပြားတတ်ကြသောကြောင့် ဖြစ်၏။

*ဘာလို့ ငါ့ကို အိမ်ထဲအထိ အလိုက်မခံတာလဲ...။ မင်းက တိဗက်လူမျိုးမှ မဟုတ်တာ...။*

*မင်းက ငါ့ကို အရန်လူ တစ်ယောက်လိုပဲ သဘောထားနေသေးတာလား...။*

သူတို့မှာ လူကြီးများ ဖြစ်ကြသည့်အတိုင်း စိုးရိမ်စိတ်ရှိခြင်းကို နားလည်ပေးနိုင်သော်လည်း မိမိကိုယ်ကို တစ်စုံတစ်ဦး၏ အရန်လူအဖြစ် အသုံးချခံရခြင်းမျိုးကိုမူ မည်သူမျှ လိုလားကြမည် မဟုတ်ပေ။

ချန်ဖိန်ဖိန်က ထိုစာကို ပေးပို့လိုက်ခြင်းမှာလည်း ရွှီပေါ်အန်းကို အထင်အမြင် မလွဲစေလိုသောကြောင့် ဖြစ်၏။ မိတ်ကပ်မပါသော ပုံကို ပေးပို့ခြင်းမှာ သူမ အိမ်ပြန်ရောက်သည်နှင့် မိတ်ကပ်များကို ဖျက်လိုက် ပြီဖြစ်ကြောင်းနှင့် အခြားသော အစီအစဉ်များ မရှိတော့ကြောင်းကို ဆိုလိုခြင်း ဖြစ်ပေသည်။

ဒုတိယအချက်မှာ သေသပ်လှပသော ညဝတ်အင်္ကျီကို ဝတ်ဆင်ထားခြင်းမှာလည်း အိမ်တွင် သူမအား နှောင့်ယှက်မည့်သူ မရှိကြောင်း ပြသလိုခြင်း ဖြစ်၏၊ မဟုတ်ပါက အဝတ်အစားများသာမက ဆံပင်များ မှာလည်း ဖရိုဖရဲ ဖြစ်နေပေလိမ့်မည်။

ရွှီပေါ်အန်း ပြုံးလိုက်မိပြီး စိတ်ထဲ၌ အနည်းငယ် သက်သာရာရသွားခဲ့သည်။ ဉာဏ်ကောင်းသူများနှင့် ပေါင်းသင်းရခြင်းမှာ ဤကဲ့သို့သော အကျိုးကျေးဇူးများ ရှိပေသည်။ ချီရှောင်ရွှယ်မှာမူ ရွှီပေါ်အန်း၏ ခံစားချက်ကို တစ်ခါမျှ ထည့်သွင်းစဉ်းစားပေးခြင်း မရှိခဲ့ချေ။ သူမသည် သူ၏အပေါ်တွင် အမြဲတမ်း စေးနှဲသူ၊ သံသယကြီးသူဟုသာ အပြစ်တင်လေ့ရှိပြီး သူမကို အချိန်တိုင်း အခြေအနေမရွေး ယုံကြည် ပေးရန်သာ တောင်းဆိုခဲ့သူ ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးတွင်မူ သူမကပင် ရွှီပေါ်အန်းကို သစ္စာ ဖောက်ခဲ့သည် မဟုတ်ပါလား။

အချိန်မှာ အလွန်ပင် နောက်ကျနေပြီဖြစ်သဖြင့် သူ၏ မိဘများမှာလည်း အိပ်ပျော်နေလောက်ပြီဟု တွေးတောကာ ရွှီပေါ်အန်းမှာ စာကို ပြန်လည်အကြောင်းမပြန်တော့ချေ။ သူသည် ချန်ဖိန်ဖိန်ထံသို့ စာပြန်ရမည်လောဟု တွေးတောနေစဉ်မှာပင် ဖုန်းမြည်လာခဲ့ရာ ၎င်းမှာ ချန်ဖိန်ဖိန်ထံမှ ဖြစ်နေခဲ့သည်။

ရွှီပေါ်အန်းသည် သူတို့နှစ်ဦးကြားရှိ ထူးဆန်းသော တိုက်ဆိုင်မှုကို အံ့ဩရင်း ဖုန်းကို ဖြေလိုက်လေ၏။

“တောင်းပန်ပါတယ်...၊ ကျွန်တော် အခုတင် ရေချိုးပြီးတာလေ...။ စာပြန်ဖို့ ပြင်နေတုန်းပဲ ရှိသေး တယ်...။”

“ရှင် အဆင်ပြေပြေ ရောက်သွားတာ သိရလို့ ဝမ်းသာပါတယ်...။ ခုနကပဲ လမ်းပေါ်မှာ ကားတိုက်မှု ဖြစ် တဲ့ သတင်းကို တွေ့လိုက်ရလို့လေ...။ ရှင် အိမ်အပြန်လမ်းမှာ တစ်ခုခု ဖြစ်မှာ စိုးရိမ်လို့ပါ...။”

ရွှီပေါ်အန်း၏ ရင်ထဲ၌ နွေးထွေးသွားခဲ့ရ၏။ တစ်စုံတစ်ဦး၏ ဂရုစိုက်မှုကို ခံရခြင်းမှာ အမှန်တကယ်ပင် ကောင်းမွန်လှပေသည်။

“ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်...။ ကျွန်တော် အဆင်ပြေပါတယ်...။”

ချန်ဖိန်ဖိန်က ရယ်မောလိုက်ပြီး အနည်းငယ် အားနာသော လေသံဖြင့် ပြောလိုက်လေ၏။

“ကျွန်မကသာ ရှင့်ကို ကျေးဇူးတင်ရမှာပါ...၊ ရှင့်ရဲ့ အိမ်ဝယ်တဲ့ ကော်မရှင်ခကိုတောင် ရထားတာကို ကျွန်မကပဲ ထမင်းပြန်ကျွေးရမှာလေ...။ အခုတော့ ရှင့်ကိုပဲ ငွေကုန်အောင် လုပ်မိသလို ဖြစ်သွားပြီ...။”

ရွှီပေါ်အန်းက ပြုံး၍ “အားနာမနေပါနဲ့...” ဟု ပြောလိုက်ပြီး ခေတ္တမျှ စဉ်းစားကာ ဆက်လက်ပြောဆို လိုက်လေသည်။

“အကယ်၍ နင် တကယ်ပဲ အားနာနေတယ်ဆိုရင်တော့ ငါ့မှာ အကူအညီ တောင်းစရာ တစ်ခုရှိတယ်...။”

“ပြောလေ...။”

ချန်ဖိန်ဖိန်က ဝန်မလေးဘဲ ချက်ချင်းပင် ပြောလိုက်၏။

ရွှီပေါ်အန်းက ရှင်းပြလေသည်။

“မနက်ဖြန် နေ့လယ်မှာ ငါ့မိဘတွေ တုန်းကျန်းကို လာကြမှာလေ...၊ အဲ့ဒီဗီလာမှာ ပရိဘောဂတွေနဲ့ လျှပ်စစ်ပစ္စည်းတွေ အစုံအလင် ရှိနေပေမဲ့ တစ်ခုခု လိုအပ်နေသလိုပဲ ငါ ခံစားနေရတယ်...။”

ချန်ဖိန်ဖိန်က မယုံနိုင်သကဲ့သို့ ဆိုလိုက်၏။

“ရွှီသူဌေးကြီး...၊ ရှင့်အိမ်က ဇိမ်ခံတိုက်ခန်းတွေထဲမှာတောင် အကောင်းဆုံးလေ...။ ပရိဘောဂတွေတင် မကဘူး...၊ အိပ်ခန်းထဲမှာ အိပ်ရာခင်းတွေ၊ ခေါင်းအုံးတွေ၊ မီးဖိုချောင်မှာ အိုးခွက်ပန်းကန်တွေကအစ အကုန်ရှိတာပဲ...။ ဟိုတယ်တစ်ခုလို အကုန်ပြည့်စုံနေတာကို...၊ အိတ်တစ်လုံးရှိရုံနဲ့ တက်နေလို့ရတာပဲ ဟာ...၊ ဘာတွေများ လိုအပ်နေသေးလို့လဲ...။”

ရွှီပေါ်အန်း ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ဝေခွဲမရသော လေသံဖြင့် ပြောလိုက်လေသည်။

“အမှန်အတိုင်း ပြောရရင် ငါကိုယ်တိုင်လည်း ဘာလိုနေမှန်း သေချာမသိဘူး...၊ ဖြစ်နိုင်တာကတော့...၊ လူနေအိမ် တစ်ခုရဲ့ ခံစားချက်မျိုး လိုနေတာ ထင်တယ်...။ ငါထင်တာကတော့ အနည်းဆုံးတော့ အမြဲ တမ်းသုံးတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ၊ သင့်တော်တဲ့ အဝတ်အစားတွေနဲ့ ငါတို့နှစ်သက်တဲ့ အလှ စိုက်ပင်လေးတွေ ရှိသင့်တယ် ထင်တယ်...၊ အဲ့ဒါမှ အိမ်တစ်လုံးနဲ့ တူမှာပေါ့...။”

၎င်းမှာ တကယ့်ကို ဗာစေးဆန်သော ကြွားဝါမှုမျိုးပင် ဖြစ်ချေ၏။

ချန်ဖိန်ဖိန်မှာ ခေတ္တမျှ ဆွံ့အသွားခဲ့ရလေသည်။

*ရှင့်အိမ်က အကျယ်ကြီးဖြစ်ပြီး အခန်းတွေ အများကြီး ရှိနေလို့ အထီးကျန်နေတာ နေမှာပါ...။*

*ရှင် ဒီမှာနေတာ တစ်ရက်တောင် မပြည့်သေးဘဲနဲ့ ဘာလူနေအိမ် ခံစားချက်ကို လာရှာနေတာလဲ...။*

*တကယ်လို့ ရှင်သာ အဲ့ဒီခံစားချက်ကို တကယ် ရှာတွေ့ခဲ့ရင်တော့ အဲ့ဒီအိမ်က တစ်ယောက်ယောက် နေဖူးတဲ့ အိမ်ဟောင်း ဒါမှမဟုတ် သရဲခြောက်တဲ့အိမ်ပဲ ဖြစ်မှာပေါ့...။ အဲ့ဒီကျရင်လည်း ရှင် ပျော်နိုင်မှာ မဟုတ်ဘူး...။*

စိတ်ထဲမှ ညည်းတွားနေသော်လည်း ချန်ဖိန်ဖိန်မှာ ကူညီပေးရန်အတွက် ဝမ်းသာနေခဲ့မိလေသည်။ အကြောင်းမှာ လူနှစ်ဦး အတူတူရှိရန် အခွင့်အရေး ပိုများလေလေ ဆက်ဆံရေးမှာ ပိုမို နီးကပ်လာလေ လေ ဖြစ်သောကြောင့် ဖြစ်၏။ အိမ်ထောင်မပြုဖြစ်ခဲ့လျှင်တောင်မှ နက်နက်ရှိုင်းရှိုင်း မုန်းတီးစရာ မရှိပါ က ချမ်းသာသော သူငယ်ချင်း တစ်ယောက် ပိုရှိခြင်းကို မည်သူကများ ငြင်းပယ်ပါမည်နည်း။

ရွှီပေါ်အန်းနှင့် သူ၏ အဖော်တို့မှာ သာမန်ကိစ္စရပ်များကို ဆွေးနွေးနေကြစဉ်မှာပင် စူးထိုက်သည် သူ့အား အသည်းအသန် စုံစမ်းစစ်ဆေးနေသည်ကိုမူ သူတို့ လုံးဝ မသိရှိကြချေ။ စူးထိုက်၏ စာကြည့်ခန်းအတွင်း ၌ သူသည် ရွှီပေါ်အန်း၏ အချက်အလက်များကို ညနက်သန်းခေါင်တိုင်အောင် လေ့လာနေခဲ့ပြီး တစ်ခါ တစ်ရံတွင် မှတ်စုများ ရေးမှတ်ကာ တစ်ခါတစ်ရံတွင်မူ ပြုံး၍ ခေါင်းညိတ်နေခဲ့လေသည်။

ဘေးတွင်ရှိသော တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ အမည်စာရင်းမှာလည်း စူးထိုက်၏ရှေ့တွင် ပွင့် လျက်ရှိနေခဲ့ပြီး သူသည် အမည်အချို့ကို A4 စာရွက်ပေါ်တွင် ရေးမှတ်နေခဲ့လေ၏။

*ငါ့အနေနဲ့ တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု ကို ရာထူးပြောင်းလာတဲ့အခါ ယုံကြည်ရတဲ့သူ တစ် ယောက်မှ မရှိလို့ မဖြစ်ဘူး...။*

ရွှီပေါ်အန်း၏ ပေါ်ပေါက်လာမှုမှာ စူးထိုက် အိပ်ချင်နေစဉ် ခေါင်းအုံးလာပေးသကဲ့သို့ အချိန်ကိုက်ပင် ဖြစ်ချေ၏။ နောက်ဆုံးတွင် ရွှီပေါ်အန်း၏ အမည်မှာ တုန်းကျန်း အမှတ်(၂) ဆောက်လုပ်ရေးကုမ္ပဏီ၏ အင်ဂျင်နီယာချုပ် ရာထူးနှင့် ချိတ်ဆက်သွားခဲ့ပြီး ကွင်းစကွင်းပိတ်အတွင်း၌ ကျူချန်းလမ်း မြို့ဟောင်း ပြန်လည်တည်ဆောက်ရေး စီမံကိန်း၏ တာဝန်ခံအဖြစ်လည်း ဆောင်ရွက်ရမည်ဟု ရေးသားထားလေ သည်။

သို့သော်လည်း တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေးကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ရာထူးကိုမူ တုန်းကျန်း အမှတ် (၁) ဆောက်လုပ်ရေးကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ရာထူးနှင့် ချိတ်ဆက်ထားခဲ့ရာ ၎င်းမှာ သူ၏ အစီအစဉ်အရ ရာထူးနှစ်ခုကို အလဲအလှယ် လုပ်ဆောင်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပေ သည်။ ဤသည်မှာ ပုံမှန် ရာထူးအပြောင်းအလဲတစ်ခုသာ ဖြစ်ပုံရသော်လည်း အမှန်တကယ်တွင်မူ ထူးခြားလှပေ၏။

အဓိကအချက်မှာ တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုအတွင်းရှိ လူတိုင်းမှာ ကုမ္ပဏီ၏ အကြီးအကဲမှာ နောက်ထပ် လအနည်းငယ်အတွင်း အနားယူတော့မည်ကို သိရှိထားကြခြင်းပင် ဖြစ်သည်။ အကယ်၍ သူသာ အမှတ် (၂) ကုမ္ပဏီသို့ ပြောင်းရွှေ့ခံရပါက လူအများမှာ အနားယူတော့မည့် အထွေထွေမန်နေဂျာ ၏ စကားကို နားထောင်ကြမည်လော သို့မဟုတ် အင်အားကြီးမားသော နောက်ခံရှိပြီး ရာထူးပြန်လည် ရရှိလာသည့် အင်ဂျင်နီယာချုပ် ရွှီပေါ်အန်း၏ စကားကို နားထောင်ကြမည်လော။

ရွှီပေါ်အန်းမှာမူ ဤအရာအားလုံးကို ဘာမှ မသိရှိသေးပေ။ အကယ်၍ သိရှိခဲ့လျှင်တောင်မှ သူသည် အလွန်အမင်း ဂရုစိုက်တော့မည် မဟုတ်ချေ။ အရက်သည် လူကို သတ္တိရှိစေသကဲ့သို့ ငွေကြေးသည် လည်း အမျိုးသားတစ်ဦး၏ သတ္တိကို မြင့်တင်ပေးနိုင်သည် မဟုတ်ပါလား။ ယခုအခါ ရွှီပေါ်အန်းသည် ယွမ်သန်းပေါင်းများစွာ ပိုင်ဆိုင်နေပြီး ဇိမ်ခံကားနှင့် ဇိမ်ခံအိမ်ကြီးတွင် နေထိုင်နေရသဖြင့် သူ၏ စိတ်နေ စိတ်ထားမှာလည်း သဘာဝကျစွာပင် ပြောင်းလဲသွားခဲ့လေပြီ။

၎င်းမှာ သူ ယခင်က အလွန်နှစ်သက်ခဲ့သော အမဲသားခေါက်ဆွဲကို ယခုအခါ သွေးတိုးခြင်း၊ သွေးတွင်း အဆီဓာတ် မြင့်မားခြင်းနှင့် ဆီးချိုရောဂါတို့ကြောင့် မစားဝံ့တော့သကဲ့သို့ပင် ဖြစ်၏။ ရွှီပေါ်အန်းသည် အငယ်တန်းအထက်တန်းကျောင်း တက်စဉ်အခါက မြို့ပေါ်ရှိ ကျောင်းတွင် တက်ရောက်ခဲ့ရလေသည်။ ကျောင်းနှင့် အိမ်မှာ အလွန်ဝေးကွာသဖြင့် သူသည် အဆောင်နေကျောင်းသား တစ်ဦးအဖြစ်သာ နေထိုင် ခဲ့ရလေ၏။

ထိုစဉ်က သူသည် ကျောင်းရှေ့ရှိ ခေါက်ဆွဲဆိုင်မှ အမဲသားခေါက်ဆွဲကို အလွန်နှစ်သက်ခဲ့လေသည်။ ၎င်းမှာ ရှီချန်းမြို့မှ စစ်မှန်သော ဟွေကျိုး အမဲသားခေါက်ဆွဲ ဖြစ်ရမည် ဖြစ်၏။ သို့သော်လည်း တစ်နှစ် ပတ်လုံး အသားကိုပင် ခဲခဲယဉ်ယဉ် စားရသော ဆင်းရဲသည့် မိသားစုများအတွက် တစ်ပန်းကန်လျှင် (၂) ယွမ် ဆိုသော စျေးနှုန်းမှာ အမှန်တကယ်ပင် လက်ခံရန် ခက်ခဲလှပေသည်။

အကယ်၍ တို့ဟူးခြောက် သို့မဟုတ် အမဲသားတုံးများ ထပ်ထည့်လိုပါက နောက်ထပ် တစ်ယွမ် ထပ်ပေး ရဦးမည် ဖြစ်ချေ၏။ အကယ်၍ ပိုမို ခမ်းနားစွာ စားသောက်လိုသဖြင့် ပြား(၅၀) တန် ဝက်ပေါင်ခြောက် ပါသော ပိုင်ကျီ ပေါင်မုန့်ကို ဝယ်ယူလိုက်ပါက သွားရည်များပင် ကျလာရပေလိမ့်မည်။

ထိုစဉ်ကာလက ဝက်သား တစ်ပိဿာလျှင် (၄) ယွမ် သို့မဟုတ် (၅) ယွမ်ခန့်သာ ရှိပေသည်။ ၎င်းမှာ မိသားစုတစ်ခုလုံး အရေးကြီးသော ပွဲလမ်းသဘင်များတွင် စားသောက်ရန် လုံလောက်သော ပမာဏ ဖြစ်၏။ ကျောင်းကန်တင်းရှိ အစားအစာများမှာပင် ဟင်းတစ်ခွက်နှင့် ပေါင်မုန့်လုံး နှစ်လုံးလျှင် (၉၀) ပြားသာ ကျသင့်လေသည်။ ဟင်းသီးဟင်းရွက် တစ်ခွက်လျှင် (၅၀) ပြားနှင့် ပေါင်မုန့်လုံး တစ်လုံးလျှင် (၂၀) ပြားစီ ဖြစ်လေ၏။

ရွှီပေါ်အန်းသည် နံနက်စာ အသုံးစရိတ်ထဲမှ ငွေများကို မကြာခဏဆိုသလို စုဆောင်းလေ့ရှိပြီး အားလပ် ရက်များတွင်လည်း ကင်းမြီးကောက်များ ဖမ်းခြင်းနှင့် ပုစဉ်းခွံများ စုဆောင်းခြင်းတို့ကို လုပ်ကိုင်ကာ ကြားခံလူများထံ ရောင်းချ၍ မုန့်ဖိုး ရှာဖွေခဲ့လေသည်။

နောက်ဆုံးတွင် ငွေအနည်းငယ် စုမိသောအခါ စားသောက်ဆိုင်ငယ်လေးတစ်ခုတွင် စိတ်တိုင်းကျ စားသောက်ချင်ပါသော်လည်း အခြားသော နေရာများတွင် ငွေသုံးရမည့် ကိစ္စများမှာ အမြဲတမ်း ပေါ်ပေါက် လာတတ်ပေသည်။

အခြားသူများ ကိုင်ဆောင်သော ခေတ်မီ မှတ်စုစာအုပ်များ၊ “တရားမျှတမှု စစ်သည်တော်” ဖောင်တိန် အသစ်များ၊ သူငယ်ချင်းများ ဝယ်ယူလာကြသော “အလင်းစစ်သည်တော်” ခဲတံအိတ်အသစ်များနှင့် ကိုယ်လက်လှုပ်ရှားမှု အတန်းပြီးနောက် အဆောင်နေ သူငယ်ချင်းများက ဝယ်တိုက်လေ့ရှိသော ရေခဲ ထုပ်များ၊ ရေခဲမုန့်များ သို့မဟုတ် ဆိုဒါရေများ။

*မင်းကော ဝယ်ချင်သလား...။ စားချင်သလား...။ သူတို့ကိုကော ပြန်ကျွေးချင်သလား...။*

အားလုံးက ခေါင်မိုးတစ်ခုတည်းအောက်တွင် နေထိုင်ကြပြီး အတန်းတစ်ခုတည်းတွင် ပညာသင်ကြားနေ ကြသူများ ဖြစ်သည့်အလျောက် မည်သူကများ မက်မောခြင်း မရှိဘဲ နေနိုင်ပါမည်နည်း။ မည်သူကများ နေ့တိုင်း အခမဲ့ လိုက်စားရန် အရှက်မရှိဘဲ နေနိုင်ပါမည်နည်း။

ထိုပစ္စည်းများကို ဝယ်ယူပြီးနောက်တွင်မူ ရွှီပေါ်အန်း စုဆောင်းထားသမျှ ငွေများမှာ ကုန်ဆုံးလုနီးပါး ဖြစ်သွားရလေ့ ရှိပေသည်။ ထိုစဉ်ကာလက ရွှီပေါ်အန်း၏ အိပ်မက်မှာ ထိုခေါက်ဆွဲဆိုင်အတွင်းသို့ မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မရှိဘဲ ဝင်ရောက်သွားကာ “ခေါက်ဆွဲပြား တစ်ပန်းကန်ပေး... အမဲသား တုံးတွေ နှစ်ဆထည့်... တို့ဟူးခြောက်လည်း ထပ်ထည့်ဦး... ပြီးတော့ ပိုင်ကျီ ပေါင်မုန့် တစ်လုံးပါ ပေးစမ်း...” ဟု စိတ်တိုင်းကျ အော်ဟစ်မှာယူရန်ပင် ဖြစ်ချေတော့သတည်း။

အခန်း (၃၀)

လူသားငယ်လေးအချို့ ပျောက်ဆုံးနေခြင်း

ထိုစဉ်ကာလက သူသည် အသစ်စက်စက် ရရှိထားသော ယွမ်ထောင်ချီသည့် လစာငွေများကို စုပ်ကိုင် ထားပြီး ပါးစပ်တွင်လည်း ခေါက်ဆွဲတစ်ပန်းကန် စျေးနှုန်းထက်ပင် ပိုမိုစျေးကြီးသော စီးကရက် တစ်လိပ်ကို ခဲထားကာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေခဲ့ဖူးပေသည်။

ရင်းနှီးနေသော ခေါက်ဆွဲဆိုင်၏ အသွင်အပြင်ကို မြင်လိုက်ရသောအခါ ရွှီပေါ်အန်းသည် စိတ်လှုပ်ရှား စွာဖြင့် ဆိုင်အတွင်းသို့ ဝင်ရောက်သွားပြီး ရှီချန်းမြို့မှ စစ်မှန်သော ဟွေကျိုး အမဲသားခေါက်ဆွဲ၏ အဆင့်မြင့်ဗားရှင်းကို မဆိုင်းမတွပင် မှာယူလိုက်လေတော့သည်။

ဆိုင်အတွင်းရှိ ပြုတ်ထားသော ဥများမှာ အခမဲ့ မရတော့သည့်တိုင်၊ ခေါက်ဆွဲစျေးနှုန်းမှာ နှစ်ဆတက် သွားခဲ့သည့်တိုင် ရွှီပေါ်အန်း၏ စိတ်မှာ တုန်လှုပ်ခြင်း မရှိခဲ့ချေ။

*ရပါတယ်...၊ ငါ ပေးနိုင်တာပဲ...။*

အိုးကို အပူပေး၊ ခေါက်ဆွဲကို ထည့်၊ ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ပြီးနောက် စားပွဲပေါ်သို့ ရောက်ရှိလာခဲ့လေပြီဖြစ်၏။

ရွှီပေါ်အန်းသည် ပြုတ်ထားသော ဥနှစ်လုံး၊ အမဲသားတုံးနှင့် တို့ဟူးခြောက်များကို နှစ်ဆထည့်ထား သည့်အပြင် ဝက်ပေါင်ခြောက်၊ အသားလုံးများနှင့် အခြားသော အမယ်စုံ ပါဝင်သည့် ထိုခေါက်ဆွဲကို စတင်စားသုံးလိုက်လေသည်။

သို့သော်လည်း ယခင်က ခံစားခဲ့ရသော အရသာမျိုးကိုမူ သူ မခံစားရတော့ပေ။ ရွှီပေါ်အန်းသည် သူ၏ မှတ်ဉာဏ်ထဲရှိ အရသာအတိုင်း ငရုတ်ဆီအချို့ကို ထပ်မံထည့်လိုက်သော်လည်း ထိုခံစားချက်မျိုးမှာ ပေါ်မလာခဲ့ချေ။

ဤခေါက်ဆွဲ၏ အရသာက ပြောင်းလဲသွားခဲ့လေသလော။

မဟုတ်ပေ။ ဆိုင်မှာ နှစ်ပေါင်း (၂၀) တိုင်အောင် တည်ရှိနေဆဲဖြစ်သော ဆိုင်ဟောင်းလေးပင် ဖြစ်၏။ ဆိုင်ရှင်မှာလည်း ထိုသူပင်ဖြစ်ပြီး စားဖိုမှူးမှာလည်း ပြောင်းလဲခြင်း မရှိပေ။ လင်မယားနှစ်ဦးစလုံးမှာ ဆိုင်ကို ဦးစီးလုပ်ကိုင်နေကြပြီး သူတို့၏ လက်ရာနှင့် အလေ့အထများမှာလည်း ယခင်အတိုင်းပင် ဖြစ်လေသည်။ သို့သော်လည်း ရွှီပေါ်အန်းမှာမူ ထိုအရသာကို မခံစားနိုင်တော့ပေ။

အဘယ်ကြောင့် ထိုစဉ်က အရသာမျိုး မရတော့သနည်း။

အကြောင်းမှာ ထိုစဉ်က အငယ်တန်းအထက်တန်းကျောင်းသားလေးမှာ အရွယ်ရောက်သွားခဲ့ပြီ ဖြစ် သောကြောင့် ဖြစ်ပေသည်။ အအေးဒဏ်ကြားတွင် စပ်လှသော အမဲသားခေါက်ဆွဲရည်ကို ကြည့်ရင်း မျက်ရည်ကျခဲ့ဖူးသော ကောင်လေး၊ အစားအသောက်ဝယ်ရန်ပင် ငွေမရှိလောက်အောင် ဆင်းရဲ သော်လည်း သူ့တွင် ငွေအလုံအလောက်ရှိကြောင်း မိသားစုကို ခေါင်းမာစွာ ပြောဆိုခဲ့ဖူးသော ကောင် လေး၊ မတော်မလျော်သော အဝတ်ဟောင်းများကို ဝတ်ဆင်ထားရသဖြင့် အားကစားကွင်းထဲတွင် ယုံကြည်ချက်ရှိရှိ မလျှောက်လှမ်းဝံ့ခဲ့သော ကောင်လေး၊ ဆင်းရဲသော်လည်း ပညာသင်ကြားခြင်းဖြင့် မိမိကိုယ်ကို မြှင့်တင်နိုင်ခဲ့သော ထိုလူငယ်ဘဝ နေ့ရက်များ၊ အမဲသားခေါက်ဆွဲ တစ်ပန်းကန်တည်းနှင့် ပင် ပျော်ရွှင်မှုကို ရှာဖွေနိုင်ခဲ့သော ထိုဖြူစင်သည့် ကောင်လေး။ ဤအရာအားလုံးမှာ အချိန်နှင့်အမျှ ပျောက်ကွယ်သွားခဲ့လေပြီ၊ နောက်တစ်ကြိမ် ဘယ်တော့မှ မြင်တွေ့ရတော့မည် မဟုတ်ပေ။

အသိပညာဗိမာန်မှ ထွက်ခွာလာပြီးနောက် အလုပ်နှင့် ဘဝ၏ အမျိုးမျိုးသော အခက်အခဲများမှာ တစ်ခု ပြီးတစ်ခု ရောက်ရှိလာခဲ့၏။ စာတွေ့အပြင် လက်တွေ့နည်းပညာများ၊ အတွေ့အကြုံများနှင့် လူမှုဆက်ဆံ ရေး နယ်ပယ်များမှာလည်း လိုအပ်လာခဲ့သည်။

ထို့ပြင် အမြဲတစေ စိတ်ထဲ၌ ထည့်ထားရမည့် အရာများလည်း ရှိနေသေး၏၊ ၎င်းတို့မှာ အိမ်၊ ကား၊ အိမ်ထောင်ရေး၊ မိသားစု၊ ကျန်းမာရေး၊ လူကြီးမိဘများနှင့် မနက် (၆) နာရီတွင် အသည်းအသန် တိုးဝှေ့စီးရသော နံပါတ် (၂) ဘတ်စ်ကားတို့ပင် ဖြစ်ပေသည်။

ဤမျှ ကြီးမားလှသော ဖိအားများအောက်တွင် ရှင်သန်ရန် ကြိုးစားရုံမျှနှင့်ပင် သာမန်လူတစ်ယောက် အတွက် မောပန်းနွမ်းနယ်ရန် လုံလောက်လှပေသည်။ သို့သော် ဤအရာများကြောင့်ပင် ရွှီပေါ်အန်းသည် သူ စားချင်သည်ဖြစ်စေ၊ မစားချင်သည်ဖြစ်စေ အသားမျိုးစုံ၊ ဟင်းသီးဟင်းရွက်များနှင့် ထမင်း၊ ခေါက်ဆွဲများကို စတင်စားသုံးလာခဲ့ရလေသည်။

သူ သောက်ချင်သည်ဖြစ်စေ၊ မသောက်ချင်သည်ဖြစ်စေ အရက်၊ ဘီယာနှင့် နိုင်ငံခြားအရက်မျိုးစုံကို သောက်လာခဲ့ရသည်။ သူသည် ဘဝနှင့်လည်းကောင်း၊ မိမိကိုယ်တိုင်နှင့်လည်းကောင်း၊ မိမိ၏ အိပ်မက် များနှင့်လည်းကောင်း၊ သတိမထားမိဘဲ မိမိ၏ စွဲလမ်းမှုများနှင့်လည်းကောင်း လိုက်လျောညီထွေဖြစ် အောင် နေထိုင်တတ်လာခဲ့ရလေသည်။

ထိုနေ့က ရွှီပေါ်အန်းသည် ခေါက်ဆွဲဆိုင်တွင် ထိုင်ကာ ရှီချန်းမြို့မှ စစ်မှန်သော ဟွေကျိုး အမဲသား ခေါက်ဆွဲကို ဖြေးဖြေးချင်း စားနေခဲ့လေသည်။ သူသည် ဟင်းရည်ကို တစ်စက်မကျန် ကုန်အောင် သောက်လိုက်ပြီး ငရုတ်သီးခြောက်များကိုပင် အရသာကုန်သွားသည်အထိ ဝါးစားနေခဲ့၏။

စားသောက်ပြီးနောက် ရွှီပေါ်အန်းသည် စည်ကားနေဆဲဖြစ်သော ခေါက်ဆွဲဆိုင်ကို တစ်ချက်ကြည့်လိုက် ပြီး လမ်းတစ်ဖက်မှ ပြေးဝင်လာကြသော ပူပင်ကြောင့်ကြမဲ့သည့် အလယ်တန်းကျောင်းသားလေး များကို ကြည့်လိုက်မိလေသည်။

ထို့နောက် သူသည် သူ၏ ကော်လာကို ပြင်လိုက်ပြီး နောက်သို့ လှည့်မကြည့်ဘဲ ထွက်ခွာလာခဲ့လေတော့ သည်။

*ငါကတော့ အော်စမန်သပ်စ်ပန်းတွေကို ဝယ်ပြီး သူတို့နဲ့အတူ ဝိုင်မျှသောက်ချင်ပါသေးတယ်...။*

*ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒါက အရင်လို မဟုတ်တော့ပါဘူး...။*

ဤသည်မှာ လူငယ်ဘဝ၏ ခရီးစဉ်တစ်ခုသာ ဖြစ်ပေတော့သည်။

သူ၏ နောက်ဘက်တွင်မူ အသက် (၁၄) နှစ်အရွယ်ရှိသော လူငယ်ဘဝ၏ အရှိန်အဝါများ ရှိနေခဲ့၏။ သူ၏ ခြေဖဝါးအောက်တွင်မူ အသက် (၂၄) နှစ်အရွယ် အမျိုးသားတစ်ဦး၏ ကြမ်းတမ်းလှသော ခရီးလမ်း ရှိနေခဲ့ပြန်လေသည်။

ထိုနေ့က ရွှီပေါ်အန်းသည် အောင်မြင်စွာဖြင့် အောင်သွယ်ပွဲသို့ သွားရောက်ခဲ့ပြီး ချောမောလှပသော အမျိုးသမီး၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ကာ သူသည် ကမ္ဘာပေါ်တွင် အပျော်ဆုံး အမျိုးသား ဖြစ်လာ ပြီဟု ထင်မှတ်ခဲ့မိလေသည်။

...

ရွှီပေါ်အန်းသည် ချန်ဖိန်ဖိန်ထံသို့ သူမ၏ ဖုန်းပိတ်သွားသည်အထိ ဆက်တိုက် ဖုန်းခေါ်ဆိုနေခဲ့သဖြင့် နောက်ဆုံးတွင် ဖုန်းချလိုက်ရလေသည်။ ဖုန်းမပိတ်မီမှာပင် ရွှီပေါ်အန်းသည် သူ၏ ဖုန်းထဲ၌ မဖတ်ရ သေးသော စာတစ်စောင် ထပ်မံ ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။

ကံမကောင်းစွာဖြင့် ဖုန်းဘက်ထရီမှာ အလွန်ပင် အားနည်းနေခဲ့သဖြင့် ရွှီပေါ်အန်း ဖုန်းမဖြေမီမှာပင် ဖုန်းပိတ်သွားခဲ့ရလေသည်။

အိမ်သစ်သို့ အားသွင်းကြိုး သယ်ဆောင်လာခြင်း မရှိသဖြင့် ရွှီပေါ်အန်းမှာ ဖုန်းကို ဘေးသို့သာ ချထား လိုက်ရလေ၏။ သူသည် ရေတစ်ခွက်ကို ငှဲ့ယူကာ လည်ချောင်းကို ဆေးကြောပြီး အိပ်စက်ရန် ပြင်လိုက် စဉ်မှာပင် ရွှီပေါ်အန်းသည် တစ်ကိုယ်လုံး နေလို့ထိုင်လို့ ကောင်းသွားသည့် ခံစားချက်တစ်ခုကို ရရှိလိုက် လေသည်။

၎င်းမှာ နွေးထွေးသော စီးကြောင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း စီးဝင်သွားပြီး နေရာ အနှံ့ ပျံ့နှံ့သွားသကဲ့သို့ ခံစားရခြင်းပင် ဖြစ်၏။ သူသည် တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားကာ အလွန် ပင် သက်သောင့်သက်သာ ဖြစ်သွားရလေသည်။

*အမလေး ဘုရားရေ...။ ဒါက အမွှေးတိုင် ပူဇော်မှုနဲ့ ဆုတောင်းပတ္ထနာပြုမှု တွေ ရောက်လာတာပဲ...။ နောက်ထပ် အမွှေးတိုင် မီးခိုးတန်းလေး တစ်ခု ရောက်လာပြန်ပြီ...။*

ထိုစဉ်မှာပင် အိမ်အတွင်းရှိ နာရီကြီးမှာ သန်းခေါင်ယံအချိန်သို့ ရောက်ရှိကြောင်း အချက်ပေးသံ ထွက် ပေါ်လာခဲ့လေသည်။ ရွှီပေါ်အန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အမှန်တကယ်ပင် သန်းခေါင်ယံ အချိန် ဖြစ်နေခဲ့လေပြီ။ ရွှီပေါ်အန်း၏ စိတ်မှာ အနည်းငယ် လှုပ်ရှားသွားပြီး ဘွန်ဆိုင်းထဲရှိ တောင်စောင့် နတ်မင်း နတ်ကွန်းကို လှမ်း၍ ကြည့်လိုက်လေသည်။

နတ်ကွန်းအတွင်းရှိ ပလ္လင်ပေါ်မှ အမွှေးတိုင်အိုးထဲတွင် မီးခိုးငွေ့တန်းလေးများမှာ အထက်သို့ လွင့်ပျံနေ ဆဲဖြစ်ရာ ၎င်းမှာ ခေါင်ရှန်းရွာသားများ၏ ပူဇော်မှုပင် ဖြစ်ပေသည်။ ထို့ကြောင့် တစ်စုတစ်ဝေးတည်း သော လူများထံမှ ရရှိသော အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှုများမှာ တစ်ကြိမ်တည်းနှင့် ပြီး ဆုံးသွားခြင်းမျိုး မဟုတ်ဘဲ နေ့စဉ်နှင့်အမျှ ပြန်လည် ဆန်းသစ်နေခြင်း ဖြစ်ပေသည်။

*ဒါကတော့ ကောင်းတာပေါ့...။ မဟုတ်ရင်တော့ အမွှေးတိုင် ပူဇော်မှု စွမ်းအားတွေကို ရဖို့က တော် တော်လေး ခက်ခဲလိမ့်မယ်...။*

ရွှီပေါ်အန်းမှာ စိတ်ထဲ၌ ဝမ်းသာနေစဉ်မှာပင် ခေါင်ရှန်းရွာသားများ နေထိုင်ရာ နေရာကို မသိမသာ ကြည့် လိုက်မိရာမှ အံ့အားသင့်သွားခဲ့ရလေသည်။ ရွှီပေါ်အန်းအတွက်မူ ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ အပင်တစ်ပင် ၊ သစ်ပင်တစ်ပင်၊ ကျေးရွာတစ်ရွာနှင့် သက်ရှိများ၏ ပြောင်းလဲမှုတိုင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်သ ဖြင့် ထိုအခိုက်အတန့်မှာပင် ပြဿနာတစ်ခုကို သူ ရှာဖွေတွေ့ရှိလိုက်ခြင်း ဖြစ်ပေသည်။

ခေါက်ဆွဲခြောက်ဗူးအတွင်း၌ နေထိုင်ကြသော ရွာသားအရေအတွက်မှာ မမှန်မကန် ဖြစ်နေခဲ့ချေ၏။ သေသေချာချာ ရေတွက်ကြည့်လိုက်သောအခါ လူရှစ်ယောက် ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရလေ သည်။ လီချိန်းရှီမှာလည်း ၎င်းတို့အထဲတွင် ပါဝင်နေပြီး ရွှီပေါ်အန်း ပေးထားသော ပင်အပ်ရှစ်ခုမှာလည်း ပျောက်ကွယ်နေခဲ့လေပြီ။

*အဲ့ဒီကောင်တွေ သူတို့ရဲ့ လက်နက်တွေကို ယူပြီး ဘယ်တွေ သွားကုန်ကြတာလဲ...။ ငါကလည်း အပြင် မှာ တစ်နေကုန် အလုပ်များနေလို့ ဘွန်ဆိုင်းထဲက အပြောင်းအလဲတွေကို သတိမထားမိလိုက်ဘူး...။*

ထိုအခိုက်အတန့်တွင် ဘွန်ဆိုင်းကမ္ဘာမှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေပြီး ညမှာလည်း နက်နေခဲ့ပြီ ဖြစ် သည်။ တောက်ပသော လမင်းကြီးမှာ ကောင်းကင်ယံထက်တွင် မြင့်မားစွာ တည်ရှိနေပြီး အေးမြသော လရောင်များကို ကမ္ဘာမြေပေါ်သို့ ဖြာကျစေသဖြင့် ကမ္ဘာကြီးမှာ လုံးဝ မှောင်မည်းမနေချေ။

ရွာသားများမှာ ရွှီပေါ်အန်း ပြင်ဆင်ပေးထားသော ခေါက်ဆွဲခြောက်ဗူးနှစ်ဗူးအတွင်း၌ အိပ်စက်နေကြပြီ ဖြစ်သည်။ တိရစ္ဆာန်များကိုလည်း အနီးရှိ ယာယီတဲများအတွင်း၌ အနားယူရန် မောင်းသွင်းထားကြပြီး တစ်ခါတစ်ရံတွင်မူ ဟောက်သံများကိုပင် ကြားနေရလေရာ ၎င်းမှာ သေးငယ်သော ဘွန်ဆိုင်းဥယျာဉ် အတွင်း၌ အတော်ပင် ထင်ရှားနေခဲ့လေသည်။

*အင်း...၊ ခေါက်ဆွဲခြောက်ဗူးနဲ့ လုပ်ထားတဲ့ အိမ်ကတော့ အိပ်ဆောင်ကြီးတစ်ခုလို ဖြစ်နေတာပဲ...။ အအိပ်စက် တဲ့သူတွေအတွက်တော့ အဆင်မပြေလှဘူး...။*

*ငါ ပိုပြီး သင့်တော်တဲ့ နေစရာနေရာတစ်ခုကို အမြန်ဆုံး ရှာရမယ်...။ ဒါက အိမ်ထောင်သည်တွေအ တွက်လည်း တာဝန်ရှိတဲ့ ကိစ္စပဲလေ...။*

*မနက်ဖြန်ကျရင် ထျန်ရှောင်ဟူကို ထပ်ရှာပြီး ကွန်ကရစ်နဲ့ လုပ်ထားတဲ့ အိမ်ပုံစံငယ်လေးတွေ ထပ်ပြီး သွန်းခိုင်းရမယ်...။*

သူသည် ဘေးဘက်သို့ ကြည့်လိုက်ရာ ဟိုတယ်မှ ယူဆောင်လာခဲ့သော ဆေးလိပ်ပြာခွက်ကို မြင်လိုက် ရလေ၏။ ထိုပြာခွက်အတွက် ရွှီပေါ်အန်းသည် ဟိုတယ်မှ ထွက်ခွာစဉ်က ယွမ် (၅၀) ကို စပေါ်ငွေအဖြစ် ပေးချေခဲ့ရလေသည်။ ယခုအခါ ပြာခွက်အောက်ရှိ ဝံပုလွေများမှာ ယခင်ကထက် ပိုမို ပျော့ခွေပြီး ပျင်းရိ နေကြကာ ၎င်းတို့၏ အသက်ရှူသံမှာလည်း အလွန်ပင် အားနည်းနေသည်ကို ရွှီပေါ်အန်း ခံစားနေရ လေသည်။

*သူတို့ကို အပြင်ထုတ်ပြီး စားစရာ တစ်ခုခု ပေးရမလား...။*

ရွှီပေါ်အန်းသည် ထိုအတွေးကို ချက်ချင်းပင် လက်လျှော့လိုက်လေသည်။ အကယ်၍ ဝံပုလွေများကို တစ်ပြိုင်နက်တည်း လွှတ်ပေးလိုက်ပါက ၎င်းတို့မှာ အရပ်မျက်နှာအနှံ့ ပြေးလွှားသွားကြမည်ဖြစ်ရာ ၎င်းတို့ကို ထိန်းချုပ်ရန်အတွက် ထိရောက်သော နည်းလမ်းမှာ သူ၏ လက်ထဲတွင် မရှိသေးပေ။

ရွှီပေါ်အန်းအနေဖြင့် လက်ဝါးတစ်ချက် ရိုက်ရုံမျှဖြင့် ဝံပုလွေ အများအပြားကို သတ်ဖြတ်နိုင်သဖြင့် ၎င်း တို့က ပြဿနာရှာမည် သို့မဟုတ် ရွာသားများကို တိုက်ခိုက်မည်ကိုမူ မစိုးရိမ်ပေ။ သို့သော်လည်း

ရွာသားများက ထိုဝံပုလွေများကို အိမ်မွေးတိရစ္ဆာန်များအဖြစ် ယဉ်ပါးအောင် မွေးမြူလိုကြသဖြင့် ရွှီပေါ်အန်းအနေဖြင့် ၎င်းတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ရန်မှာမူ မသင့်တော်လှပေ။

လီချိန်းရှီနှင့် အခြားသော သန်မာသည့် ရွာသားများမှာ ပျောက်ဆုံးနေသဖြင့် အလုပ်လုပ်နိုင်သော လုပ်သားအင်အားမှာလည်း နည်းပါးနေခဲ့သည်။ ရွှီပေါ်အန်း ခေတ္တမျှ စဉ်းစားပြီးနောက် လီချိန်းရှီတို့အဖွဲ့ ပြန်လာသည်ကို စောင့်ဆိုင်းရန်နှင့် လူအားလုံးကို စုစည်းကာ စောင့်ကြပ်ခိုင်းပြီးမှ ဝံပုလွေပေါက်လေး များကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်လေသည်။

*လီချိန်းရှီ ဘယ်တွေ ရောက်နေတာလဲ...။ တစ်ခုခုတော့ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ...။*

စိုးရိမ်ပူပန်နေသော တောင်စောင့်နတ်မင်းကြီး ရွှီပေါ်အန်းမှာ တစ်ဦးတည်း ရေရွတ်နေစဉ်မှာပင် လီချိန်းရှီသည် ခေါင်ရှန်းရွာ၏ ရွာလူကြီး လီကန့်ရှန်း၏ အိမ်တွင် ရုတ်တရက် နှာချေလိုက်လေသည်။

“မင်းကတော့လေ...၊ အဝတ်အစားကလည်း ပါးပါးလေးနဲ့...။ အအေးမိတော့မှာပဲ...။”

လီကန့်ရှန်းက သူ၏မြေးကို စိုးရိမ်စိတ်ဖြင့် ဆူပူလိုက်လေသည်။

လီချိန်းရှီက နှာခေါင်းကို ရှုံ့လိုက်ကာ ပြန်ပြောလိုက်လေသည်။

“အဘိုး...၊ အဲ့လို မဟုတ်ပါဘူး...။ ကျွန်တော်က ကျန်းမာရေး အရမ်းကောင်းတာပဲဟာ...။ တစ်ယောက် ယောက်က ကျွန်တော့်အကြောင်းကို ကွယ်ရာမှာ အတင်းပြောနေလို့ ဖြစ်မှာပါ...။”

အပြင်ဘက် ခြံဝင်းအတွင်း၌မူ လူရိပ်နှစ်ခုမှာ တစ်ကိုယ်လုံးရှိ ခြင်ကိုက်ရာများကို ကုတ်ရင်း တစ်ခါ တစ်ရံတွင်လည်း မကျေမနပ် ညည်းတွားနေခဲ့ကြလေသည်။

“လောင်ကျောင်း...။ ငါတို့က ဆက်စောင့်နေရဦးမှာလား...။”

“စောင့်စမ်းပါ...၊ သူတို့ မိုးမလင်းခင် ခရီးမထွက်ဘူးဆိုတာ ငါ လုံးဝ မယုံဘူး...။”

All Chapters