← Chapters

အခန်း (၃၀၁-၃၀၂)

Vol. 31 Ch. 301-302

အခန်း (၃၀၁-၃၀၂)

Vol. 31 Ch. 301-302

အခန်း (၃၀၁) - တာဟဲငိုရှိုက်သံနှင့် လန်ချန်းမြစ်တွင် ရွက်လွှင့်ခြင်း

“တစ်မှတ် တက်လာပြီဟေ့”

သာမန်ကြည့်လျှင် ဤသည်မှာ သိပ်မထူးခြားသလို ထင်ရသော်လည်း လော့ချန်အတွက်မူ မတူပေ။ သူသည် ပြီးခဲ့သည့် နှစ်များကတည်းက ဤကျင့်စဉ်တွင် ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိနေသူဖြစ်ပြီး ကျွမ်းကျင်မှုအမှတ်သည်လည်း ၃၅၀ ဝန်းကျင်တွင်ပင် ကြာရှည် ရပ်တန့်နေခဲ့သည်။ ယခုကဲ့သို့ ထပ်မံတိုးတက်လာခြင်းက အံ့အားသင့်စရာပင်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းပြီး သုံးနှစ်ကြာ တံခါးပိတ်ကျင့်ကြံခဲ့သော်လည်း ကျွမ်းကျင်မှုမှာ တစ်ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး လိပ်သွားသကဲ့သို့ နှေးကွေးလွန်းလှသည်။ အကြိမ်ပေါင်းများစွာ လေ့ကျင့်မှသာ တစ်မှတ်တိုးလေ့ရှိသော်လည်း ယခု မိစ္ဆာချီကို အသုံးပြု၍ ကျင့်ကြံရာတွင်မူ သိသိသာသာ မြန်ဆန်လာခဲ့သည်။

“ဒီအတိုင်းသာ ဆက်သွားရင် ငါ့လက်ထဲက ကျောက်တုံးဆယ်တုံးနဲ့ မြေအောက်မီးမိစ္ဆာချီ အမျှင်တစ်ရာလောက် ရနိုင်မယ်.... ဒါဆို ပါရမီရှင်အဆင့်ကိုတောင် ရောက်သွားနိုင်တယ်”

လော့ချန် တိုးတိုးရေရွတ်လိုက်သည်။

“တကယ်လို့ မလောက်ရင်လည်း အစ်ကိုဝမ်ဆီက ခဏချေးလို့ ရတာပဲ”

ဝမ်ယွမ် သူ့အား မချေးဘဲ နေမည်ကို သူ လုံးဝ မစိုးရိမ်ပေ။ သူတို့နှစ်ဦးသည် သွေးသောက်ညီအစ်ကိုများ မဟုတ်ပါလော။

ပါရမီရှင်အဆင့်သို့ ရောက်ရှိသွားပါက နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ်သည် သူ၏ ဝိညာဉ်စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်တော့မည် ဖြစ်သည်။

လော့ချန်တစ်ယောက် အတွေးနယ်ချဲ့ရင်း ဆေးဖော်ခန်းမ တံခါးဘက်သို့ လှမ်းကြည့်လိုက်ရာ အပြင်ဘက်မှ လှုပ်ရှားသွားလာနေသည့် အသံများကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။

“ဟေ့.... အမြန်လုပ်.... ဆေးသစ်ဥသစ်ဖုတွေကို အထဲသွင်းလိုက်ကြ.... ဟိုဘက်မှာ.... အေး.... ဟုတ်ပြီ.... စင်ပေါ်မှာပဲ တင်ထားလိုက်...."

အပြင်ဘက်မှ ဆူညံသံများကြောင့် လော့ချန်၏ အတွေးစများ ပြတ်တောက်သွားသည်။ နံနက်ခင်း၏ အလုပ်များသော အချိန်ကား စတင်နေပြီ ဖြစ်သည်။ ချွီလင်ကျွင်း၏ ငယ်ရွယ်သော်လည်း တည်ငြိမ်လှသော အသံမှာ အခြားသူများ၏ အသံများကြား ကြည်လင်ပြတ်သားစွာ ထွက်ပေါ်နေသည်။

မကြာမီ ဆေးဖော်ခန်းမ၏ တံခါးကြီးများ ပွင့်သွားသည်။

ချွီလင်ကျွင်းသည် အခန်းထဲသို့ ဝင်လာစဉ် လော့ချန်ကို တွေ့လိုက်ရသဖြင့် မှင်သက်သွားသည်။ ဆရာဖြစ်သူသည် နာရီပေါင်းများစွာကတည်းက ဤနေရာတွင် ရှိနေခဲ့သကဲ့သို့ပင်။

“ဟင် ဆရာ.... နိုးနေပြီလား....”

လော့ချန်က ခပ်တည်တည် မျက်နှာပေးဖြင့် “လင်ကျွင်း.... တစ်နေ့တာရဲ့ အောင်မြင်မှုက မနက်ခင်းမှာ အစပြုတာပဲ၊ မင်း ပေါ့လျော့နေတုန်းပဲလား” ဟု အထာကျကျ ဖိန့်လုံးထုတ်ပြီးနောက် ဆေးဖော်ရန်အတွက် ထွက်ခွာသွားတော့သည်။

ချွီလင်ကျွင်းမှာ ဇဝေဇဝါဖြစ်ကာ ကြောင်စီစီဖြစ်ကျန်ခဲ့သည်။ သူသည် တံခါးဝသို့ ထွက်လာပြီး မြူများဆိုင်းနေသည့် ကောင်းကင်ကြီးကို လှမ်းကြည့်လိုက်မိသည်။

“ဟင်.... အစောကြီး ရှိပါသေးတယ်.... ငါများ.... စောစော မထခဲ့လို့လား”

“ဩော်.... ဟုတ်သားပဲ၊ ဒေါ်လေးကူနဲ့ ဒေါ်လေးရှတို့ ပြောဖူးတယ်.... ဆရာဟာ ကျင့်ကြံဖို့နဲ့ ဆေးပင်တွေကို ပြုပြင်ဖို့အတွက် ကျားနာရီ (အာရုဏ်တက်ချိန်) ကတည်းက ထလေ့ရှိတယ်ဆိုတာ”

“ငါ တကယ်ကို ဝီရိယ ပိုစိုက်ဖို့ လိုသေးတာပဲ”

သူ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူ၏ မျက်လုံးများတွင် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် တောက်ပလာသည်။

“ဆရာ.... ကျွန်တော် ဆရာ့ကို စိတ်မပျက်စေရပါဘူး၊ ဒီနေ့ကစပြီး ကျွန်တော် အစွမ်းကုန် ကြိုးစားပါတော့မယ်”

....

မထွက်ခွာမီ ရက်ပိုင်းအလိုတွင် အားလုံးမှာ အလွန်အမင်း အလုပ်ရှုပ်နေကြသည်။

လော့ချန်ကိုယ်တိုင်ပင်လျှင် အသက်ရှူချိန် မရှိလောက်အောင် အလုပ်ရှုပ်နေသည်။ သူ၏ အချိန်များကို ဆေးဖော်စပ်ခြင်းဖြင့်သာ အဓိက ကုန်ဆုံးနေရသည်။ သုံးလအတွင်း သူသည် ကျောက်စိမ်းအမြုတေဆေးလုံးများကို တတ်နိုင်သမျှ အများဆုံး ထုတ်လုပ်ထားမှသာ နေရာသစ်တွင် အခြေချရန် လုံလောက်သည့် ရန်ပုံငွေ ရရှိမည် ဖြစ်သည်။

ဆေးဖော်ခြင်းအပြင် သူသည် တစ္ဆေမြို့ပြင်သို့ ခဏခဏသွားကာ ပိုင်မေလင်း၏ ကျင့်ကြံမှုအတွက် ဝိညာဉ်များကို ဖမ်းဆီးပေးခဲ့သည်။

နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းကျင့်စဉ်ကို ကျင့်ကြံခြင်းမှာလည်း ရပ်တန့်မသွားခဲ့ပေ။ သိုင်းဆရာကြီးတစ်ဦးထံမှ ဆင်းသက်လာသည့် ဤကျင့်စဉ်မှာ တကယ်ပင် ထူးခြားလှသည်။ ၎င်းသည် ကျင့်ကြံမှု၏ ကဏ္ဍတိုင်းကို သိမ်သိမ်မွေ့မွေ့ မြှင့်တင်ပေးနိုင်စွမ်းရှိရာ ယခုအခါ လော့ချန်အတွက် စစ်မှန်သော စိတ်ဝိညာဉ်ကျင့်စဉ်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဝမ်ယွမ်သည်လည်း အားလုံးနည်းတူ အလုပ်ရှုပ်နေခဲ့သည်။ သူသည် လော့ချန်၏ ခွင့်ပြုချက်ဖြင့် ညတိုင်း မြေအောက်ထဲဆင်းကာ မြေအောက်မီးမိစ္ဆာချီများကို စုဆောင်းခဲ့သည်။ ဆယ်ရက်ခန့်အကြာတွင် အားလုံးကို ထုတ်ယူနိုင်ခဲ့သည်။ လော့ချန်က သူ့အတွက် လိုအပ်သည့် ပမာဏကို ယူပြီး ကျန်ရှိသည့် အဖိုးတန် အရင်းအမြစ်များကို ဝမ်ယွမ်အား ပေးလိုက်သည်။ ထိုအရင်းအမြစ်များကိုသာ ရောင်းချလိုက်မည်ဆိုပါက ဝမ်ယွမ်အတွက် ကြီးမားသော ချမ်းသာကြွယ်ဝမှု၏ အုတ်မြစ် ဖြစ်လာပေလိမ့်မည်။

တစ်ခုတည်းသော အားနည်းချက်မှာ ရှောင်ဟွမ်းတောင်၏ မြေအောက်မီးမှာ သိသိသာသာ လျော့နည်းသွားခြင်းပင်။ အားကောင်းသော မြေအောက်မီး မရှိတော့သဖြင့် ပတ်ဝန်းကျင်မှာ စတင် ခြောက်သွေ့လာသည်။ နောက်ဆုံးတွင် ချွီလင်ကျွင်း အသုံးပြုနေသော မြေအောက်မီး ထုတ်ယူသည့် အစီအရင်များပင် အလုပ်မလုပ်တော့သဖြင့် သူ ထိတ်လန့်သွားခဲ့သည်။ လော့ချန်က သူ့ကို စိတ်အေးအေးထားရန် ပြောပြီး ဆေးလုံးများ ဖော်စပ်ရန်အတွက် ထင်းမီးကိုသာ ပြန်လည် အသုံးပြုခဲ့တော့သည်။

ဤသို့ဖြင့် အချိန်များမှာ လက်ထဲမှ သွန်ချလိုက်သော ရေကဲ့သို့ပင် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

တစ်လကြာပြီးနောက်....။

ရှောင်ဟွမ်းတောင်၏ တောင်စောင်းထက်၌ ကျင့်ကြံသူ သုံးရာကျော်မှာ တိတ်ဆိတ်စွာ ရပ်နေကြသည်။ သူတို့အားလုံး၏ အကြည့်မှာ ကောင်းကင်တွင် ဝဲပျံနေသည့် ဧရာမ လှေပျံကြီးဆီတွင် ရှိနေသည်။ အလျား ပေ ၃၀၀ နှင့် အနံ ပေ ၁၅၀ ခန့်ရှိသော ထိုလှေကြီးမှာ လွင့်မျောနေသော တောင်ကြီးတစ်လုံးအလား တောင်ကြားတစ်ခုလုံးကို အရိပ်မိုးထားကာ နေရောင်ခြည်ကိုပင် ကွယ်ထားသကဲ့သို့ ရှိနေသည်။

ဤလှေပေါ်သို့ တက်လိုက်သည်နှင့် သူတို့သည် တာဟဲဈေးမြို့တော် ဟူသော အမိမြေကို အပြီးအပိုင် စွန့်ခွာရတော့မည် ဖြစ်သည်။

ပြင်ပလောကကြီးသည် အဘယ် ပုံစံရှိမည်နည်း။

မည်သို့သော ကံကြမ္မာသစ်များက သူတို့ကို စောင့်ကြိုနေမည်နည်း။

နှစ်ပေါင်းများစွာ ကြာသည့်အခါ သူတို့ ပြန်လာနိုင်ပါဦးမည်လော။

မည်သူမျှ မသိနိုင်ပေ။ သူတို့ သိထားသည်မှာ မကြာမီ တာဟဲဈေးမြို့တော်တွင် တစ္ဆေဘုရင်တစ်ပါး ပေါ်ထွက်လာတော့မည်ဖြစ်ပြီး ဤမြေပြင်သည် ငရဲဘုံတစ်ခု ဖြစ်လာတော့မည် ဖြစ်ကြောင်းပင်။ ဤနေရာသည် လူသားများ ကျင့်ကြံရန် မသင့်တော်တော့ပေ။ ထို့ကြောင့် သူတို့ ထွက်ခွာကြရမည်။ တွန့်ဆုတ်နေမှု၊ ဝေခွဲမရဖြစ်မှုနှင့် နှမြောတသဖြစ်မှုများကို ဘေးဖယ်ထားရမည်။

လှေပျံကြီး ငြိမ်သက်စွာ ဝဲပျံနေစဉ် လူရိပ်တစ်ခုက အပြင်သို့ ထွက်လာပြီး အောက်မှလူများကို လက်ဝှေ့ယမ်းပြလိုက်သည်။

ထိုသူမှာ တွမ်ဖုန်း ဖြစ်သည်။

လော့ထျန်းအဖွဲ့တစ်ဖွဲ့လုံးတွင် လော့ချန်နှင့် တွမ်ဖုန်း နှစ်ဦးတည်းသာ ဤဧရာမလှေပျံကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိကြသည်။ တွမ်ဖုန်းက ကျွမ်းကျင်မှုဖြင့် ထိန်းချုပ်ခြင်း ဖြစ်ပြီး လော့ချန်ကမူ သူ၏ မြင့်မားသော ကျင့်ကြံမှုဖြင့် ထိန်းချုပ်ခြင်း ဖြစ်သည်။

လော့ချန်က အောက်တွင် ရပ်နေရင်း ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ဟားဟား.... တွမ်မျိုးနွယ်စုရဲ့ အမွေအနှစ်တွေထဲမှာ ချီသန့်စင် အထွတ်အထိပ်အဆင့်နဲ့ ညီတဲ့ မှော်ရုပ်သေးအပြင် ဒီ ကောင်းကင်သိန်းငှက် လှေပျံကြီးက အဖိုးတန်ဆုံးပဲ”

သူ့ဘေးတွင် ရပ်နေသော မုရုံချင်းလျန်က ပြုံးလျက် “အမှန်ပဲ.... ဒီလှေက အဆင့်မြင့် အမျိုးအစားဖြစ်ပြီး ကျင့်ကြံသူ အယောက်တစ်ထောင်လောက်ကို သယ်ဆောင်နိုင်တယ်.... အဆင့်မြင့် မှော်လက်နက်တွေထဲမှာတောင် အကောင်းဆုံးစာရင်းဝင်တာ....” ဟု ဆိုသည်။

တွမ်မျိုးနွယ်စုသည် လှေပျံ သုံးစင်းကို ချန်ထားခဲ့သည်။ နှစ်စင်းမှာ အဆင့်မြင့် အမျိုးအစားဖြစ်ပြီး တစ်စင်းမှာ အဆင့်လတ် ဖြစ်သည်။

လော့ချန်သည် တိမ်ပြိုဂိုဏ်းမှ ရှုကျီဆီသို့ သွားစဉ်က အခြား အဆင့်မြင့် လှေပျံတစ်စင်းကို အသုံးပြုခဲ့သည်။ အဆင့်လတ် လှေပျံကိုမူ သူ စီမာဟွေ့နန်အား ပေးခဲ့သည်။ သူမသည် လော့ထျန်းအဖွဲ့၏ စီမံခန့်ခွဲရေးမှူး ဖြစ်လေရာ သူမ၏ အဆင့်အတန်းနှင့် လျော်ညီသော အရှိန်အဝါ ရှိရန် လိုအပ်သောကြောင့် ဖြစ်သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မ ဟိုဘက်သွားပြီး ကျင့်ကြံသူတွေကို လှေပေါ်တင်ဖို့ စီစဉ်လိုက်ပါဦးမယ်"

“ကောင်းပါပြီဗျာ"

လော့ချန်က ခေါင်းညိတ်ပြပြီး ကျန်ရစ်ခဲ့သည်။ ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး လှေပေါ် တက်နေသည်ကို ကြည့်ရင်း သူ ချင်လျန်ချန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဗျို့.... ဦးလေးချင်.... ဒေါ်လေးရဲ့ ကျင့်ကြံမှုက ဦးလေးထက် ကျော်သွားပြီ မဟုတ်လား”

ချင်လျန်ချန်းက တည်ငြိမ်စွာ ခေါင်းညိတ်သည်။ လော့ချန် သတိထားမိသွားသည်ကို သူ မအံ့သြပေ။

လော့ချန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး “ဒါနဲ့ နန်ကုန်းမျိုးနွယ်စုက ဦးလေးကို သတ္တဒွါရ ပဒုမ္မာကြာစွယ်တစ်ခု ပေးခဲ့တာ မဟုတ်ဘူးလား.... အဲ့ဒါက အကူအညီ မဖြစ်ဘူးလားဗျ” ဟု မေးလိုက်သည်။

“အဟက်.... အဲဒါက တော်တော်လေးစွမ်းပါတယ်.... ”

ချင်လျန်ချန်းက ခါးသက်သော အပြုံးဖြင့် သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ အရင်လိုတော့ ပြန်မဖြစ်နိုင်တော့ဘူး"

တတိယအဆင့်ရှိသော ရတနာတစ်ခုကပင် အစွမ်းအပြည့် ပြန်မရစေနိုင်ဘူး ဆိုပါလား။ လော့ချန်သည် ချင်လျန်ချန်း၏ ဖြူစပြုနေသော နားထင်ဆံစများကို ကြည့်ရင်း စိုးရိမ်စိတ်များ တိုးလာမိသည်။ သူ ချင်လျန်ချန်းနှင့် စတင်တွေ့ဆုံစဉ်က ထိုလူမှာ အသက် ၄၉ နှစ်သာ ရှိသေးပြီး အားအင် ပြည့်ဖြိုးနေချိန် ဖြစ်သည်။

လော့ချန် ကောင်းစွာ မှတ်မိနေသေးသည်။ သူသည် ဝိညာဉ်အမြစ် အရည်အချင်းအပေါ် မူတည်၍ ကျင့်ကြံခြင်း အရှိန်ကို တိုင်းတာသည့် ကိစ္စများနှင့် ပတ်သက်၍ ချင်လျန်ချန်းကို အကြိမ်ကြိမ် တိုင်ပင်ခဲ့ဖူးသည်။ သူ တွက်ချက်ကြည့်ရသလောက်ဆိုလျှင် ချင်လျန်ချန်းမှာ ယခုအခါ အသက် ၅၇ နှစ် ရှိနေပြီ ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် အကောင်းဆုံး အသက်အရွယ်ဖြစ်သော အသက် ၆၀ ပြည့်ရန် သုံးနှစ်သာ လိုတော့သည်။ သို့သော် သူသည် ချီသန့်စင် အထွတ်အထိပ်သို့ ရောက်ရန် ဝေးနေသေးသည်။ သူ့ဇနီး မုရုံချင်းလျန်မှာမူ သူ့ကို ကျော်တက်ကာ အထွတ်အထိပ်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ဤအတိုင်းဆိုလျှင် ချင်လျန်ချန်းသည် အဆင့်တက်ရန် အကောင်းဆုံး အခွင့်အရေးကို လက်လွှတ်ရပေတော့မည်။

လော့ချန် လေးလေးနက်နက် တွေးနေစဉ် ချင်လျန်ချန်း၏ တိုးလျသောအသံ ထွက်ပေါ်လာသည်။

“မင်း ငါ့အတွက် မစိုးရိမ်ပါနဲ့တော့ကွာ”

“ငါ အသက်ကြီးပါပြီ၊ ဒီအခြေအနေကိုလည်း လက်ခံထားပါတယ်၊ အခုဆိုရင် ငါ ကျန်းကျန်းမာမာ ရှိနေပြီပဲ၊ အရင်ကထက်စာရင် အများကြီး ပိုကောင်းပါတယ်၊ အခု ငါ့ရဲ့တစ်ခုတည်းသော ဆန္ဒကတော့ ရှောင်ဟူလေးကို ပြန်တွေ့ဖို့ပါပဲ.... တိမ်ပြိုဂိုဏ်းနဲ့ ကျောက်စိမ်းအိုးဓားဂိုဏ်း စစ်ဖြစ်နေကြတယ်.... ဒီကြားထဲမှာ သူ ဘယ်လိုများ နေနေရလဲ တွေးပြီး ရင်ပူနေရတယ်.... သူဘာတွေများလုပ်နေလဲ မသိတော့ပါဘူး”

ချင်လျန်ချန်းက လော့ချန်ကို ပေါ့ပါးစွာ ပြုံးပြလိုက်ပြီးနောက် လေခွင်းအတတ်ကို သုံးကာ ကောင်းကင်သိန်းငှက်လှေပျံပေါ်သို့ ပျံတက်သွားတော့သည်။

သူ၏ အရိပ် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း လော့ချန်၏ ရင်ထဲတွင် လေးလံသွားရသည်။

“ဟင်.... သူ တကယ်ပဲ အဆင့်တက်ဖို့ကို လက်လွှတ်လိုက်ပြီလား”

သေချာသည်ကား လုံးဝ လက်လွှတ်နိုင်ဦးမည် မဟုတ်ပေ။ မည်သည့် ကျင့်ကြံသူမဆို အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရန် တစ်လှမ်းအလိုတွင် ရပ်တန့်လိုက်ရပါက အသည်းတယားယား နှမြောတသမှုကို ခံစားရမည်သာ ဖြစ်သည်။

လော့ချန် သက်ပြင်းချလိုက်သည်။ သူ ဘာမှ မတတ်နိုင်ပေ။ သူသည် ချင်လျန်ချန်းအတွက် တတ်နိုင်သမျှ အကုန်လုပ်ပေးခဲ့ပြီး ဖြစ်သည်။ အလွန်တန်ဖိုးကြီးလှသော အခြေတည်ဆေးလုံးကိုပင် ပေးခဲ့သည်။ မည်သည့် အရင်းအမြစ်ကိုမျှလည်း သူ နှမြောခြင်း မရှိခဲ့ပေ။ မုရုံချင်းလျန်၏ လျင်မြန်သော တိုးတက်မှုက သက်သေပင်။

သို့သော် ကျင့်ကြံခြင်း ဆိုသည်မှာ မည်သူကမျှ မိမိကိုယ်စား လုပ်ပေး၍ မရနိုင်သော အရာ ဖြစ်သည်။

“ဟူး.... ဘယ်တတ်နိုင်မလဲ.... လူတိုင်းမှာ ကံကြမ္မာ ကိုယ်စီ ရှိကြတာပဲလေ”

သူ တွေးတောနေစဉ်မှာပင် လှေပျံပေါ်သို့ လော့ထျန်းအဖွဲ့ဝင်များ အားလုံး တက်ပြီးသွားပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စီမာဟွေ့နန်၏ တင်းကြပ်သော စံနှုန်းများကြောင့် လော့ထျန်းအဖွဲ့သည် အရည်အချင်းရှိပြီး နောက်ကြောင်းရှင်းလင်းသော ကျင့်ကြံသူများကိုသာ စုဆောင်းခဲ့သည်။ ထို့ကြောင့် အဖွဲ့ဝင်အရေအတွက်မှာ ကန့်သတ်ချက် ရှိနေခဲ့ခြင်း ဖြစ်သည်။ အဖွဲ့ဝင် သုံးရာကျော်မှာ လူတစ်ထောင် သယ်ဆောင်နိုင်သော လှေပျံကြီးအတွက်မူ ချောင်ချိနေသည်။

“ဆရာရေ.... တက်ခဲ့တော့လေဗျာ....”

လှေပျံကြီး၏ ကုန်းပတ်ပေါ်မှနေ၍ ချွီလင်ကျွင်းသည် တက်ကြွစွာ လက်ပြရင်း ပျော်ရွှင်စွာ အော်ဟစ်နေသည်။

လော့ချန် မတတ်သာဘဲ ပြုံးလိုက်မိသည်။

“ဩော်.... လူငယ်ဘဝ.... လင်ကျွင်းတို့များ တက်ကြွနေလိုက်တာ”

အခြားသူများမှာ မိမိတို့၏ ဇာတိမြေကို စွန့်ခွာရသဖြင့် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေကြသည်။ ချွီလင်ကျွင်းကဲ့သို့ လူငယ်တစ်ဦးသာလျှင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်လျှံနေခြင်း ဖြစ်သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... လာတော့ဗျို့....”

“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါပြီ.... မြန်မြန်လေးတက်ခဲ့ပါဗျိုး.... ”

ချွီလင်ကျွင်း၏ တက်ကြွမှုများ ကူးစက်သွားသော ဆေးဖော်ဆောင်မှ အခြားကျင့်ကြံသူ အချို့ကလည်း စတင် အော်ဟစ် လှမ်းခေါ်ကြတော့သည်။

မကြာမီမှာပင် လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူ အများအပြားသည် လှေပျံကြီး၏ လက်ရန်းများတွင် ရပ်ကာ သူ့အား မော့ကြည့်နေကြသည်။

“ဟားဟား.... ကောင်းပြီလေ”

“ငါ လာပြီဟေ့....”

လော့ချန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ ခြေထောက်အောက်တွင် ဖြူလွှလွှ မြူခိုးများ ထွက်ပေါ်လာပြီး သူ့အား ကောင်းကင်သိန်းငှက်လှေပျံကြီးပေါ်သို့ ပင့်တင်သွားတော့သည်။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူများက သူ့အား လေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။

လှေပျံကြီး၏ တတိယထပ် ကုန်းပတ်ပေါ်တွင် ရပ်ရင်း လော့ချန်သည် စိမ်းလန်းစိုပြည်ပြီး တိတ်ဆိတ်လှသော ရှောင်ဟွမ်းတောင်ကြီး၏ ရှုခင်းကို ငေးကြည့်လိုက်သည်။

“နှုတ်ဆက်ခဲ့ပါတယ်.... ရှောင်ဟွမ်းတောင်ကြီးရယ်”

ထို့နောက် သူ၏ အကြည့်များမှာ လခြမ်းတောင်ကြားဘက်သို့ လွင့်မျောသွားသည်။

“နှုတ်ဆက်ခဲ့ပါတယ်.... လခြမ်းတောင်ကြားရယ်”

နောက်ဆုံးတွင် သူ၏ အကြည့်များမှာ ငရဲတံခါးသဖွယ် မှောင်မိုက်လှသော တာဟဲဈေးမြို့တော်ကြီး၏ တစ္ဆေမြို့ပျက်ထံသို့ ရောက်ရှိသွားသည်။

“နှုတ်ဆက်ခဲ့ပါတယ်.... တာဟဲမြို့ကြီးရေ.... ငါ့ကိုဒီအခြေအနေထိ ရောက်လာအောင် မင်းရဲ့မြေပေါ်မှာ ရှင်သန်ခွင့်ပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်ကွာ.... ”

....

“အားလုံး သတိထားကြဟေ့....”

“ဟေး.... ကိုယ့်လူတို့၊ လှေစထွက်ချိန်မှာ ငြိမ်ငြိမ်လေးနေကြနော်.... ဘာမှော်အတတ်မှ မသုံးကြနဲ့.... ”

“ကဲ.... စပျံမယ်ဟေ့”

တွမ်ဖုန်း၏ တည်ငြိမ်သော အသံနှင့်အတူ လှေပျံကြီးမှာ စတင် တုန်ခါလာသည်။ အပြာနုရောင် အလင်းတန်းတစ်ခု တဖြည်းဖြည်း ဖြာထွက်လာပြီး လှေတစ်စင်းလုံးကို ဖုံးလွှမ်းသွားသည်။

ဝုန်း....

ရှူး....

ဧရာမ လှေပျံကြီးမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တာဟဲမြို့ပျက်ကြီးနှင့် ဝေးရာသို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

....

လန်ချန်း ဆိပ်ကမ်းတွင် ဖြစ်သည်။

တာဟဲဈေးမြို့တော်ကြီး တစ်ခုလုံးတွင် ရေကြောင်း သယ်ယူပို့ဆောင်ရေးအတွက် အကြီးမားဆုံး ဗဟိုချက် ဆိုပါက လူတိုင်းသည် လန်ချန်းဆိပ်ကမ်းကိုသာ လက်ညှိုးထိုးပြလိမ့်မည်။ ၎င်းကို တာကျန်းဂိုဏ်းက ကြာရှည်စွာ ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သဖြင့် ထိုနေရာတွင် ချင်းကျန်းလမ်းမကြီးဟု ခေါ်သော စည်ကားလှသော ကုန်သွယ်ရေး လမ်းမကြီးတစ်ခုပင် ပေါ်ပေါက်ခဲ့သည်။

ကံမကောင်းစွာဖြင့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဝမ်ယွမ်၏ တိုက်ပွဲကြောင့် ထိုနေရာမှာ ပျက်စီးခဲ့ရသည်။ ပြန်လည် တည်ဆောက်ခဲ့သော်လည်း ယခင်ကကဲ့သို့ ပြန်လည် စည်ကားခြင်း မရှိတော့ပေ။

သို့သော် ယနေ့တွင်မူ မြင်ကွင်းမှာ လုံးဝ ကွဲပြားခြားနားနေသည်။

ကူချိုင်ယီ၊ ဖုန်းရှနှင့် ယွမ်ရှောင်ယွဲ့တို့သည် လှေ၏ လက်ရန်းကို မှီကာ အောက်ဘက်သို့ ငုံ့ကြည့်နေကြသည်။

အောက်ဘက်တွင်မူ လူအုပ်ကြီးမှာ ပင်လယ်ပြင်သဖွယ် လှိုင်းထနေပြီး အသံဗလံများမှာလည်း ဟိန်းထွက်နေကာ လူစီးကြောင်းမှာ မြစ်တစ်စင်းအလားပင်။ ဆူညံသံများမှာ ကောင်းကင်ယံအထိ ပျံ့လွင့်နေသည်။ လှေပျံ၏ အစီအရင်အတွင်း၌ ရှိနေသော်လည်း လူအုပ်ကြီး၏ အော်ဟစ်သံများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

“အမလေး.... မမချိုင်ယီရေ ကြည့်စမ်းပါဦးတော်.... အောက်မှာ လူတွေ အများကြီးပဲ....”

ယွမ်ရှောင်ယွဲ့က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

ဖုန်းရှကလည်း အံ့သြစွာဖြင့် “အေးဟယ်.... တာဟဲဈေးမြို့တော်ရဲ့ အစည်ကားဆုံး အချိန်မှာတောင် ဒီလို မြင်ကွင်းမျိုး ငါ မတွေ့ဖူးဘူး" ဟု ထောက်ခံသည်။

လော့ထျန်းအဖွဲ့တွင် ရာထူးကြီးသူတစ်ဦးဖြစ်သော ကူချိုင်ယီမှာမူ အခြားသူများထက် ပိုမို သိရှိထားသည်။ အောက်ရှိ စည်ကားလှသော မြင်ကွင်းကို ကြည့်ရင်း သူမ သက်ပြင်းချလိုက်သည်။

“အိုကွယ်.... လူတွေ စည်ကားနေတာကတော့ သဘာဝပါပဲ၊ အင်အားစုကြီး လေးခု ထွက်ခွာမယ်ဆိုတဲ့ သတင်းက ဖုံးကွယ်ထားလို့မှမရတာ.... ဒီနေ့ ထွက်ခွာမယ်ဆိုတဲ့ သတင်းပျံ့သွားတဲ့အခါ တစ်ကိုယ်တော် ကျင့်ကြံသူတွေ အားလုံး သိသွားကြတာပေါ့"

“အဲ့မှာကြည့်.... သူတို့က တို့တွေနဲ့အတူ လိုက်ချင်နေကြတာ"

ယွမ်ရှောင်ယွဲ့က စပ်စုလိုစိတ်ဖြင့် ခေါင်းစောင်းကြည့်လိုက်သည်။

“ဟင်.... သူတို့ဘာသာသူတို့ ထွက်သွားလို့ မရဘူးလား မမရဲ့”

“မရဘူးလေ.... အဲ့ဒါက ထင်သလောက်မှ မလွယ်တာကွယ်...."

ကူချိုင်ယီက ခေါင်းခါလိုက်ရင်း စကားဆက်သည်။

“တာဟဲမြို့ကြီးက စည်ကားပေမဲ့ နယ်စွန်နယ်ဖျားရောက်နေတာ.... အနီးဆုံးဖြစ်တဲ့ နှင်းကြာပန်းဈေးမြို့တော်နဲ့တောင် မိုင်ပေါင်း ထောင်ချီပြီး ဝေးတယ်.... အခု မမတို့ သွားမယ့် ထိုက်ရှန်းဈေးမြို့တော်ဆိုရင် ပိုတောင် ဝေးသေးတယ်ကွဲ့.... အဲ့ဒီတစ်ကိုယ်တော် ကျင့်ကြံသူတွေ သူတို့ဘာသူတို့ သွားမယ်ဆိုရင် အချိန်အများကြီး ယူရလိမ့်မယ်.... ပြီးတော့ လမ်းခရီးမှာလည်း မရေမတွက်နိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်လေ"

ယွမ်ရှောင်ယွဲ့မှာ နားမလည်နိုင်သေးဘဲ ဇဝေဇဝါ ဖြစ်နေဆဲပင်။ သူမသည် တာဟဲမြို့တော်ကြီးတွင် ဇာတိချက်ကြွေ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပြီး ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူနှင့် အဘိုးဖြစ်သူတို့၏ စောင့်ရှောက်မှုအောက်တွင် နေထိုင်ခဲ့ရသူ ဖြစ်သည်။ ဖခင်ဖြစ်သူ သေဆုံးပြီးနောက်တွင်လည်း လော့ချန်က သူမကို စောင့်ရှောက်ခဲ့သည်။ ထို့ကြောင့် ဝေးလံသော ခရီးတစ်ခုကို သွားလာရာတွင် ရှိနိုင်သော အန္တရာယ်များကို သူမ အမှန်တကယ် နားမလည်သေးပေ။

စိတ်ရှည်လှသော ဖုန်းရှကပင် သူမကို ရှင်းပြပေးလိုက်သည်။

“ဒီလိုရှိတယ်.... ညီမလေးရှောင်ယွဲ့ရဲ့.... ထိုက်ရှန်းကို သွားဖို့ လမ်းကြောင်းနည်းနည်းပဲ ရှိတယ်၊ ပထမတစ်ခုက ကုန်းကြောင်းပဲ.... အဲ့ဒါကလည်း မိစ္ဆာသားရဲတွေ ပြည့်နှက်နေတဲ့ တောင်တန်းကြီးတွေကို ဖြတ်ရမှာ.... အဲဒါကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ဒါမှမဟုတ် ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေပဲ အဲ့ဒီကုန်းလမ်းကို ဘေးကင်းကင်း သွားနိုင်ကြတာ.... နောက် ရေကြောင်း.... အဲဒါကတော့ တာဟဲက တစ်ကိုယ်တော် ကျင့်ကြံသူတော်တော်များများ သွားတဲ့ လမ်းကြောင်းပဲ.... ရေကြောင်းက ထင်သလောက်မနှေးပါဘူး.... မြစ်ရေစီးကြောင်းအတိုင်း သွားမယ်ဆိုရင် မြန်လည်းမြန်သလို ချီစွမ်းအင်ကိုလည်း ချွေတာနိုင်တယ်.... ဒါပေမဲ့ ခက်တာက လန်ချန်းမြစ်ထဲကနေ ရံဖန်ရံခါ ပေါ်လာတတ်တဲ့ မိစ္ဆာသားရဲတွေရဲ့ ရန်ပဲ.... တာကျန်းဂိုဏ်းက အဲ့ဒီ ရေမိစ္ဆာတွေကို ဘယ်လိုနှိမ်နင်းရမလဲဆိုတာ ကောင်းကောင်း သိထားတယ်.... ဒါကြောင့်လဲ ရေကြောင်းနဲ့ပဲ သွားကြတာများတာပေါ့.... အခုတော့ ရေကြောင်းလမ်းကလည်း ခရီးစရိတ်များတော့ သိပ်မသွားနိုင်လောက်ဘူး.... ဝိညာဉ်ကျောက်တုံး ၅၀ ဆိုတော့....”

“အမလေး.... ဝိညာဉ်ကျောက်တုံး ၅၀ တောင်လား၊ ဈေးကြီးလိုက်တာ”

ယွမ်ရှောင်ယွဲ့၏ ပါးစပ်လေးမှာ အံ့သြလွန်းသဖြင့် အဟောင်းသား ဖြစ်သွားတော့သည်။

‘သင်္ဘောတစ်ခါ စီးဖို့အတွက် အဲ့သလောက်တောင် ကုန်တာလား....’

ကူချိုင်ယီက ခပ်ဖွဖွ ရယ်မောလိုက်သည်။

“ခစ်ခစ်.... ပုံမှန်ဆိုရင်တော့ အဲ့လောက် မများပါဘူး၊ ဒါပေမဲ့ တာကျန်းဂိုဏ်းက အခု အခြေအနေကို အခွင့်ကောင်းယူပြီး စီးပွားရှာနေတာလေ"

“ဟာ.... ဒါ သက်သက်ယုတ်မာတာပဲ”

ယွမ်ရှောင်ယွဲ့က နှုတ်ခမ်းလေးကို ဆူလိုက်သည်။

“ဝိသမလောဘသမားတွေကတော့ ဒီအကွက်ကိုပဲ ချောင်းနေကြတာလေ.... ဒါပေမဲ့ ဟိုမှာကြည့်.... ကျိတ်ကျိတ်တိုး တန်းစီနေကြတာ.... အဲတာ လက်မှတ်ဝယ်ဖို့ အလုအယက် တန်းစီနေကြတာလေ.... နောက်ကျသွားရင် လက်မှတ်တောင် ရမှာ မဟုတ်ဘူး"

ကူချိုင်ယီသည် ဆိပ်ကမ်းတွင် ကမ်းကပ်ထားသော သင်္ဘောများဆီသို့ တိုးဝှေ့နေကြသော လူအုပ်ကြီးကို ကြည့်ရင်း စိတ်မကောင်းဖြစ်သွားသည်။

“ခေါင်းဆောင်ကြောင့်သာမဟုတ်ရင် ငါတို့လဲ သာသာယာယာအလကားစီးပီး သွားနိုင်မှာမဟုတ်ဘူး သိလား.... ”

ကူချိုင်ယီ တစ်ယောက် ဆိပ်ကမ်းရှိ ကျင့်ကြံသူများကို ကြည့်ကာ သက်ပြင်းချနေစဉ်မှာပင် တာကျန်းဂိုဏ်း၏ အစုအဝေးထဲမှ လူရိပ်တစ်ခု ပျံထွက်လာသည်။

တန်ဖိုးကြီး ဝတ်ရုံများကို ဆင်မြန်းထားသော ထိုသူမှာ တည်ငြိမ်ပြီး အရှိန်အဝါရှိလှကာ လှုပ်ရှားမှုတိုင်းမှာလည်း ကျွမ်းကျင်မှုအပြည့် ရှိနေသည်။ သူသည် ကောင်းကင်သိန်းငှက်လှေ၏ အပြင်ဘက်တွင် ဝဲပျံရင်း လက်နှစ်ဖက်ကို စုကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါဗျာ.... ကျွန်တော်က တာကျန်းဂိုဏ်းချုပ်ဝမ်ဟိုင်ချောင်ရဲ့ လက်အောက်က မင်လုံယွီပါ.... လော့ထျန်းအဖွဲ့ရဲ့ ဂုဏ်သရေရှိ လူကြီးမင်းတွေကို လာရောက် ကြိုဆိုတာပါဗျာ”

“ကျေးဇူးတင်ပါတယ် မိတ်ဆွေမင်" ဟု စီမာဟွေ့နန်က ရှေ့သို့ လှမ်းထွက်ကာ ပြန်လည် နှုတ်ဆက်လိုက်သည်။

သူတို့နှစ်ဦးမှာ တိတ်တဆိတ် စကားပြောဆိုကြပြီးနောက် ခရီးစဉ်၏ အသေးစိတ် အချက်အလက်များကို လျင်မြန်စွာ ဆွေးနွေး အဆုံးသတ်လိုက်ကြသည်။

တွမ်ဖုန်း၏ ကျွမ်းကျင်သော ထိန်းချုပ်မှုအောက်တွင် ကောင်းကင်သိန်းငှက်လှေကြီးသည် စည်ကားလှသော ဆိပ်ကမ်းကို ဖြတ်ကျော်ကာ အောက်တွင် စောင့်ဆိုင်းနေသော ဧရာမ မဏိမေခလာ သင်္ဘောကြီး တစ်စင်းပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။

မင်လုံယွီနှင့် ခွဲခွာပြီးနောက် စီမာဟွေ့နန်သည် လှေပျံပေါ်သို့ ပြန်လာကာ မိမိတို့အဖွဲ့မှ လူများကို နေရာ ပြောင်းချရန် စတင် စီစဉ်တော့သည်။ သူမသည် ကင်းလှည့်အဖွဲ့များကို ခန့်အပ်ခြင်း၊ အခန်းများကို သန့်ရှင်းစေခြင်းနှင့် ရိက္ခာသေတ္တာကြီးများကို နေရာချခြင်းများကို ကြီးကြပ်နေသည်။ လော့ထျန်းအဖွဲ့၏ ကုန်ပစ္စည်းများကိုလည်း သေသေသပ်သပ်ဖြင့် သင်္ဘောဝမ်းဗိုက်အတွင်းသို့ ပြောင်းရွှေ့ခဲ့သည်။ အသေးအဖွဲမှအစ အရာရာတိုင်းမှာ သူမ၏ အမိန့်အောက်တွင် စနစ်တကျ ရှိနေခဲ့သည်။

ထိုလုပ်ငန်းစဉ် တစ်ခုလုံးတွင် လော့ချန်ကိုမူ အရိပ်မျှပင် မတွေ့ရပေ။

လော့ထျန်းအဖွဲ့ဝင်များ အကုန်တက်ပြီးသောအခါ အခြားအဖွဲ့တစ်ဖွဲ့မှာလည်း စတင် လှုပ်ရှားလာသည်။ အနီးအနားတွင် စောင့်ဆိုင်းနေသော လီမျိုးနွယ်စုမှ ကျင့်ကြံသူများ ဖြစ်သည်။ သူတို့မှာ လူအုပ်လိုက်ကြီး ကောင်းကင်ယံသို့ ပျံတက်လာကြပြီး မြေပြင်တွင်လည်း သာမာန်ကျင့်ကြံသူစစ်သည်များက နဂါး၊ မြင်း အစရှိသည်တို့ကို စီးနင်းကာ လျင်မြန်စွာ ချီတက်လာကြသည်။ ဤသည်မှာ မျိုးနွယ်စုတစ်စုလုံး အလုံးအရင်းဖြင့် ပြောင်းရွှေ့နေကြခြင်း ဖြစ်သည်။

သူတို့နောက်တွင် နန်ကုန်းမျိုးနွယ်စု လိုက်ပါလာသည်။ သို့သော် လူအရေအတွက်မှာ လီမျိုးနွယ်စုနှင့် ယှဉ်လျှင် အလွန်ပင် နည်းပါးသည်။ တစ်ချိန်တည်းမှာပင် တစ်ကိုယ်တော် ကျင့်ကြံသူများသည် ဆိပ်ကမ်းသို့ တိုးဝှေ့ဝင်ရောက်လာကြပြီး လက်မှတ်ဝယ်ရန် အဆုံးမရှိ တန်းစီနေကြသည်။ တာကျန်းဂိုဏ်းသည် ဤခရီးစဉ်အတွက် အဆင့်မြင့် သင်္ဘောကြီး ငါးစင်း၊ အဆင့်လတ် သင်္ဘော ငါးစင်းနှင့် သာမန် အစီအရင်များ ခင်းကျင်းထားသော သင်္ဘောများစွာကိုလည်း ပြင်ဆင်ထားသည်။

သင်္ဘောကြီး ၅ စင်းအနက် ၃ စင်းကို လော့ထျန်းအဖွဲ့၊ လီမျိုးနွယ်စုနှင့် နန်ကုန်းမျိုးနွယ်စုတို့အတွက် ခွဲတမ်းချပေးထားသည်။ ကျန်တစ်စင်းကို တာကျန်းဂိုဏ်း ကိုယ်တိုင်သုံးရန် ချန်ထားပြီး နောက်ဆုံးတစ်စင်းမှာမူ ကုန်စည်များ သယ်ဆောင်ရန် ဖြစ်သည်။ အဆင့်လတ် သင်္ဘော ၅ စင်းမှာမူ ခရီးသည်များ သယ်ဆောင်ရန်သက်သက် ဖြစ်ပြီး၊ တစ်စင်းလျှင် လူ ရာနှင့်ချီ၍ သို့မဟုတ် အတင်းဖိသိပ်ထည့်လျှင် တစ်ထောင်အထိ သယ်ဆောင်နိုင်သည်။

သင်္ဘောပေါ်တက်သည့် တစ်ကိုယ်တော် ကျင့်ကြံသူတိုင်းသည် လက်မှတ်တစ်စောင်အတွက် ဝိညာဉ်ကျောက်တုံး ၅၀ ပေးခဲ့ရသည်။ တာကျန်းဂိုဏ်းသည် ယခုတစ်ကြိမ်တွင် ရွှေပုံပေါ် ထိုင်နေရသည်ဟု ပြောလျှင်ပင် မမှားပေ။ တစ်ကြိမ်တည်းဖြင့် သူတို့သည် ဝိညာဉ်ကျောက်တုံး သိန်းနှင့်ချီ၍ ရရှိရန် ရည်ရွယ်နေခြင်း ဖြစ်သည်။ လုံးဝ စီးပွားရေးဆန်ဆန် လုပ်ရပ်ပင် ဖြစ်နေတော့သည်။

သို့သော်လည်း ဘေးကင်းမှုကို လိုလားသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများမှာ နှမြောမနေနိုင်တော့ဘဲ ထိုဈေးနှုန်းကို ပေးချေနေကြရသည်။ သို့သော်လည်း ဆင်းရဲသောသူများမှာမူ ဝိညာဉ်ကျောက်တုံး တစ်တုံးကိုပင် ခက်ခဲစွာ စုဆောင်းနေရှာသူများ ဖြစ်လေရာ ထို အဖိုးအခကိုမပေးနိုင်ပေ။

သို့သော် သူတို့တွင်လည်း ကိုယ်ပိုင်နည်းလမ်းများ ရှိကြသည်။ အချို့က သစ်ဖောင်များ ပြုလုပ်ကြပြီး အချို့ကမူ သင်္ဘောများအနီးမှ ပျံသန်း၍ လိုက်ပါရန် စီစဉ်ကြသည်။

မည်သို့ပင်ဖြစ်စေ သူတို့အားလုံး အတူတူ ထွက်ခွာကြမည်သာ ဖြစ်သည်။ နောက်ဆုံးအုပ်စုကိုလည်း တာကျန်းဂိုဏ်းသားများက ဝင်ရောက်နှောင့်ယှက်ခြင်း မပြုကြပေ။

လန်ချန်းမြစ်အတွင်းသို့ ရောက်ရှိပြီး တကယ့်မိစ္ဆာကောင်များ၏ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါတွင်မှ အချို့သော ဖြစ်ကတတ်ဆန်း ဖြေရှင်းနည်းများသည် အသက်နှင့် လဲလှယ်ရကြောင်း သူတို့ သိသွားကြပေလိမ့်မည်။

အချိန်များမှာ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။

နေဝင်ရိုးရီ အချိန်တွင် ရွှေရောင်အလင်းတန်းများမှာ မြစ်ပြင်ထက်သို့ ဖြာကျလာတော့သည်။ ထိုအချိန်မှသာ သင်္ဘောအားလုံး အဆင်သင့် ဖြစ်သွားခဲ့သည်။

ထိုအချိန် ပြင်းထန်လှသော ဝိညာဉ်စွမ်းအားပါရှိသည့် နက်ရှိုင်းသော အသံကြီးတစ်သံမှာ လန်ချန်းဆိပ်ကမ်းတစ်ခုလုံးကို မိုးကြိုးသံအလား လွှမ်းမိုးသွားသည်။

“ရွက်လွှင့်ကြဟေ့....”

ထိုစကားတစ်ခွန်းနှင့်အတူ မရေမတွက်နိုင်သော အသံများက တညီတညွတ်တည်း ပြန်လည် ပဲ့တင်ထပ်လာသည်။

“ဂိုဏ်းချုပ်ရဲ့ အမိန့်အတိုင်း.... ရွက်လွှင့်ကြဟေ့”

“ဂိုဏ်းချုပ်ရဲ့ အမိန့်အတိုင်း.... ချီတက်ကြဟေ့”

“ဂိုဏ်းချုပ်ရဲ့ အမိန့်အတိုင်း.... ခရီးစဥ်စ လို့ရပြီဟေ့”

ဝှူး.... ဝှူး.... ဝှူး

သင်္ဘောတိုင်း၏ ရွက်တိုင်များမှာ တစ်ပြိုင်နက်တည်း ပွင့်ဟလာသည်။ ပဲ့ကိုင်ရှင်များ၏ တည်ငြိမ်သော လက်များအောက်တွင် ဆယ်စင်းကျော်သော သင်္ဘောကြီးများမှာ ဖြည်းဖြည်းချင်း စတင်ရွေ့လျားလာတော့သည်။

သူတို့၏ နောက်တွင်မူ လူသူကင်းမဲ့သွားသော တာဟဲမြို့ပျက်ကြီးသည် တောတောင်များကြားတွင် အထီးကျန်စွာ ကျန်ရစ်ခဲ့ပြီး သူတို့ ထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာ ရှိုက်ငိုကြည့်နေခဲ့သည်။

သို့ရာတွင် ထွက်ခွာသွားသောသူများထံမှ နှုတ်ဆက်စကားများ ထွက်မလာပေ။ တစ်ချိန်ပြန်လာမည့် ကတိစကားများလည်း ထွက်မလာခဲ့ပေ။

လူသူကင်းမဲ့သွားသော တာဟဲဈေးမြို့တော်ကြီးမှာ ဝေးကွာသွားသော ရွက်သင်္ဘောများနှင့် လန်ချန်းမြစ်၏ အရှိန်အဟုန်ကိုသာ ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၀၂) - ငွေရောင်ငါးမိစ္ဆာများနှင့် သွေးရောင်လွှမ်းသော မြစ်ပြင်ကျယ်

ခန္ဓာကိုယ်အား ဝရဇိန်လက်နက်ပမာ ကျစ်လျစ်ခိုင်မာအောင် ကျကျနန လေ့ကျင့်နိုင်မှသာလျှင် ခန္ဓာကိုယ်ကျင့်ကြံခြင်း ပထမအဆင့် ပြည့်စုံသည်ဟု ဆိုနိုင်ပေသည်။ ဒုတိယအဆင့်သို့ တက်လှမ်းရန်အတွက်မူ ထိုဝရဇိန်ခန္ဓာမှ ကျောက်စိမ်းဖြူခန္ဓာအဖြစ်သို့ ပြောင်းလဲရန် လိုအပ်သည်။

ဝမ်ယွမ်၏ အဆိုအရမူ ဤသည်မှာ ကြွက်သားနှင့် အရိုးများကို ရွှေရောင်ကြွက်သားနှင့် ကျောက်စိမ်းအရိုးများအဖြစ် လုံးဝဥဿုံ ပြောင်းလဲပစ်ရခြင်းပင် ဖြစ်သည်။ ထိုအဆင့်တွင် ခန္ဓာကိုယ်သည် အညစ်အကြေးကင်းစင်ကာ အသားစိုင်မှ အနှစ်သာရအထိ တစ်ဖန် ပြန်လည် မွေးဖွားလာသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ထိုအခါမှသာ ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်သို့ ရောက်ပြီဟု အမှန်တကယ် ကြွေးကြော်နိုင်ပေမည်။

တာဟဲဈေးမြို့တော်မှ သင်္ဘောအုပ်စုကြီး ထွက်ခွာလာပြီး သုံးရက်အကြာတွင် ဖြစ်သည်။

လော့ချန်သည် သူ၏ ကျင့်ကြံရာအခန်းအတွင်း တိတ်ဆိတ်စွာ ထိုင်နေသည်။ ထုံးစံအတိုင်း နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်းကို နှစ်ကျော့ပြန် ကျင့်ကြံပြီးနောက် အခြားအရာများဘက်သို့ အာရုံလှည့်လိုက်သည်။

သူသည် အပြင်မှလူများ ထင်ထားသကဲ့သို့ အားလပ်နေသည်မဟုတ်ဘဲ ယခင်ကထက်ပင် ပို၍ အလုပ်ရှုပ်နေခဲ့သည်။ ဆေးဘုရင်ကျမ်းကို နေ့စဉ်ကျင့်ကြံရုံသာမက မိစ္ဆာချီကို အသုံးပြုကာ သူ၏ ဝိညာဉ်စွမ်းအားကို မြှင့်တင်ခြင်းနှင့် ကျင့်ကြံမှုအခြေခံကို ခိုင်မာစေခြင်းတို့ကိုလည်း မပျက်မကွက် လုပ်ဆောင်နေသည်။ ထို့အပြင် တွမ်ချန်ခွန်း၏ သိုလှောင်အိတ်ပေါ်မှ ဝိညာဉ်တံဆိပ်ခတ်နှိပ်မှုကိုလည်း သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် တဖြည်းဖြည်းချင်း တိုက်စားကာ ဖွင့်နိုင်ရန် ကြိုးစားနေရသေးသည်။

လမ်းခရီး ခဏတဖြုတ် နားသည့်အခါမှသာ စာဖတ်ရင်း စိတ်အပန်းဖြေလေသည်။ လက်ရှိတွင် သူသည် ဝမ်ယွမ်ပေးထားသော ဝမ်မျိုးနွယ်စုလက်စွဲကျမ်းကို ဖတ်ရှုနေခြင်း ဖြစ်သည်။ ကျမ်းအမည်မှာ သာမန်ကာလျှံကာ ဖြစ်သော်လည်း ပါဝင်သော အကြောင်းအရာများမှာ သူ့အတွက်မူ ကျင့်ကြံခြင်းလမ်းစဉ်၏ ပြင်ပရှိ လောကသစ်တစ်ခုကို ဖွင့်လှစ်ပေးလိုက်သကဲ့သို့ပင်။ ထိုကျမ်း ဖတ်လိုက်မှ ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဥ်တွင်လည်း နက်နဲသိမ်မွေ့သော အချက်များ ရှိနေကြောင်း သိလိုက်ရသည်။

“ဩော်.... သေချာ ကြည့်လိုက်မှ ခန္ဓာကိုယ်ကျင့်ကြံခြင်း ပထမအဆင့်ကို ချိုးဖျက်ဖို့ဆိုတာ သိပ်မခက်ဖူးပဲ၊ ကွက်တိကျတဲ့ ဆေးတွေ သောက်ဖို့လိုတာတော့ တစ်ပိုင်းပေါ့”

“အစ်ကိုဝမ်ဆိုရင် သူ့အသားနဲ့ အရိုးတွေကို အမြဲတမ်း သန့်စင်ဖို့ ရွှေကျောက်စိမ်းရည်ကို သောက်ခဲ့တာပဲ.... ဒီဆေးရည်က ဒန်ထျန်းထဲကို မဝင်တဲ့အတွက် ဆေးအဆိပ်သင့်မှာကို ပူစရာ မလိုဘူး"

လော့ချန်သည် ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ်ကို အထူးတလည် စိတ်ဝင်စားခြင်း မရှိပေ။ သူ၏ သာမန်မျှသာရှိသော ပါရမီကို သူ လက်ခံထားပြီး ဖြစ်ရာ ချီစွမ်းအင် ကျင့်ကြံခြင်း လမ်းစဉ်အပေါ်၌သာ အပြည့်အဝ အာရုံစိုက်ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သို့သော် သူ စိတ်ဝင်စားမိသည်မှာ သူနှင့် ဝမ်ယွမ်တို့ ဝယ်ယူထားခဲ့သည့် တစ်ဝက်တစ်ပျက်သာပါသော ဟင်္သာအသွင်ပြောင်းလဲခြင်း ကျင့်စဉ်ပင်။

ဝမ်ယွမ်ကမူ ထိုကျင့်စဉ်ကို ပယ်ထားခဲ့သည်။ သူသည် သူ၏ ကိုယ်ပိုင် ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ်ကို အားဖြည့်ရန်အတွက် အသုံးဝင်သော အယူအဆ အချို့ကိုသာ ယူခဲ့ခြင်း ဖြစ်သည်။ သို့သော် လော့ချန်အတွက်မူကား ကွဲပြားသည်။

အကြောင်းမူ သူ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းစဉ်က တိမ်မီးလျှံ ဂဠုန်ငှက်ကြီးကို အသုံးပြု၍ နတ်ဒေဝါပျားရည်ကို ဖော်စပ်ခဲ့သည်။ ထိုပျားရည်ထဲတွင် ဂဠုန်ငှက်ကြီး၏ အမြုတေသွေးများ အမြောက်အမြား ပါဝင်နေခဲ့သည်။ အကယ်၍ သူသာ ထိုအရာကို အသုံးချ၍ ဟင်္သာအသွင်ပြောင်းလဲခြင်း ကျင့်စဉ်ကို ကျင့်ကြံမည်ဆိုပါက ခရီးတစ်ဝက်နှင့်ပင် ပိုကောင်းသော ရလဒ်ကို ရရှိနိုင်ပေမည်။ သို့သော် ဤကျင့်စဉ်မှာ တတိယအဆင့် ကျင့်စဉ်ဖြစ်နေသဖြင့် စနစ်ကို အသုံးပြု၍ အတင်းအကျပ် ကျော်ဖြတ်ရန်မှာ အောင်မြင်မှုအမှတ် အမြောက်အမြား လိုအပ်မည် ဖြစ်သည်။ ထို့အပြင် ကျင့်စဉ်မှာ မပြည့်စုံဘဲ ပျက်စီးနေသေးရာ လော့ချန်အဖို့ ကိုယ်တိုင်ပြန်လည် ပြင်ဆင်ရန်မှာလည်း မဖြစ်နိုင်သေးပေ။

လောလောဆယ်တွင်မူ သူသည် အခြေခံကို ခိုင်မာအောင် တည်ဆောက်ထားရန်သာ အာရုံစိုက်ထားသည်။ သို့မှသာ အခွင့်အရေး ကြုံလာပါက အလန့်တကြား ပြင်ဆင်နေစရာ မလိုတော့ပေ။ ဟင်္သာအသွင်ပြောင်းလဲခြင်း ကျင့်စဉ်တွင် မဖြစ်မနေ လိုအပ်ချက်များ ရှိသည်။ ထိုအချက်များထဲမှ တစ်ချက်မှာ ကျင့်ကြံသူသည် ခန္ဓာကိုယ်ကို အနည်းဆုံး ဒုတိယအဆင့်အထိ သန့်စင်ထားရန် လိုအပ်သည်။

လက်ရှိတွင် လော့ချန်သည် ပထမအဆင့်ကို အပြည့်အဝ ပြီးမြောက်ထားပြီးဖြစ်ရာ ဒုတိယအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

“အင်း.... ဆေးသောက်မှရမယ်.... ရွှေကျောက်စိမ်းရည်.... ဟာ ဟုတ်ပြီ၊ အဲ့ဒီဆေးရည်က ထိုက်ရှန်းမြို့က ရွှေကျောက်နန်းဆောင်ရဲ့ အထူးထုတ်ကုန်ပဲ.... အဲ့ဒီကို ရောက်မှ အများကြီး ဝယ်ပစ်ရမယ်"

ရွှေကျောက်နန်းဆောင် ဟူသော အမည်မှာ လော့ချန်အတွက် မစိမ်းလှပေ။ ထိုဆိုင်ပိုင်ရှင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ခန်းတုံးယွဲ့နှင့် သူသည် လွန်ခဲ့သော နှစ်အနည်းငယ်က တာဟဲဈေးမြို့တော်တွင် တစ်ကြိမ်ဆုံဖူးခဲ့သည်။ နောက်ပိုင်းတွင် သူသည် ဆိုင်ရှင်လျိုမှတစ်ဆင့် လော့ချန်၏ အံ့ဖွယ်တစ်သောင်းဆေးလုံးများကို ဖြန့်ချိရောင်းချလိုကြောင်း ကမ်းလှမ်းလာခဲ့ဖူးသည်။ သို့သော် ထိုအချိန်တွင် လော့ချန်မှာ ဆေးဖော်စပ်သူအဖြစ် ဖိုရှန်းဂိုဏ်းသို့ ဝင်ရောက်ပြီးဖြစ်ရာ ထိုအရောင်းအဝယ်မှာ အထမမြောက်လိုက်ပေ။

သို့သော် ယခုတစ်ကြိမ် ထိုက်ရှန်းဈေးမြို့တော်သို့ သွားခြင်းသည် ရွှေကျောက်စိမ်းရည် ဝယ်ယူနိုင်ရုံသာမက သူ၏ ပိုလျှံနေသော အဆင့်မြင့် ကျောက်စိမ်းအမြုတေ ဆေးလုံးများကိုပါ ထုတ်ရောင်းရန် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်လာပေလိမ့်မည်။

“ဩော်.... ရလေ လိုလေ အိုတစ္ဆေပါလား.... ငွေက ပြန်လိုနေပြီပဲ.... ဟူး.... ”

လော့ချန် သက်ပြင်းချလိုက်သည်။

မရင်းနှီးသည့် နယ်မြေအသစ်တွင် ဝိညာဉ်ကျောက်တုံးလိုအပ်ချက် မြင့်မားမည်မှာ အသေအချာပင်။ ဝမ်ဟိုင်ချောင်ကဲ့သို့ လူမျိုးသည်ပင် လက်မှတ်ရောင်း၍ ငွေရှာနေသည်ကို ကြည့်ခြင်းဖြင့် အခြေအနေကို ခန့်မှန်းနိုင်သည်။ သူတို့နှစ်ဦးသာမက လီနှင့် နန်ကုန်းမျိုးနွယ်စုများသည်လည်း သူတို့၏ ရန်ပုံငွေများကို ထုတ်သုံးနေကြရမည်မှာ သေချာသည်။

လော့ချန် ဤသို့ တွေးတောနေစဉ် သူ၏ မျက်မှောင်များ ရုတ်တရက် ကြုတ်သွားတော့သည်။

“အား.... လာကြပါဦး”

“ဒါ.... ဒါ ဘယ်လို မိစ္ဆာသားရဲလဲ”

“ဟဲ့ တိတ်စမ်း.... ဇွတ်အော်မနေနဲ့.... အဲ့ဒါ ပထမအဆင့် မိစ္ဆာဟဲ့.... ငွေရောင်ငါးမိစ္ဆာလို့ ခေါ်တယ်.... မြန်ချက်က မြှားတစ်စင်းလိုပဲ.... ကာကွယ်ရေးမှော်အစီအရင်တွေကို ဖောက်ထွက်နိုင်သလို ဒီကောင်တွေက ဘယ်သွားသွား အုပ်စုလိုက်ပဲ သွားကြတာ....”

“လုပ်စမ်း.... မှော်အစီအရင်ကို အသက်သွင်းလိုက်.... မြန်မြန်လေးလုပ်စမ်း.... တချို့တွေ အထဲဝင်ကုန်ပြီ.... အစ်ကိုကြီး စီမာရှန့်.... အစ်ကို့အဖွဲ့ကို ခေါ်ပြီး အမြန်သွားရှင်းလိုက်၊ ဘယ်သူ့ကိုမှ ဒဏ်ရာမရစေနဲ့....”

လော့ချန်သည် သူ၏ ကျင့်ကြံအခန်းအတွင်းမှ ထွက်လာခဲ့ရာ အဖွဲ့သားများအား တည်ငြိမ်စွာ အမိန့်ပေးနေသော စီမာဟွေ့နန်ကို လှမ်းမြင်လိုက်ရသည်။ သူမသည် ရုတ်တရက် ပြဿနာတစ်ခုအား ကျွမ်းကျင်သော အမူအရာ၊ တည်ငြိမ်သော အသံတို့ဖြင့် အထာကျကျ ဖြေရှင်းနေသည်။

သူမ၏ လုပ်ဆောင်ပုံကို ကြည့်ရင်း လော့ချန် ကျေနပ်စွာ ခေါင်းညိတ်မိသည်။ နှစ်အနည်းငယ်အတွင်း သူမသည် စီမံခန့်ခွဲရေးမှူး ဆိုသော ရာထူးနှင့်အညီ အပြောသာမက အလုပ်ဖြင့်ပါ သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။ ဆုံးဖြတ်ချက်ကြီးကြီးမားမား ဖြစ်စေ၊ အသေးအမွှား ကိစ္စများဖြစ်စေ သူမသည် စနစ်တကျနှင့် တည်ငြိမ်စွာ ကိုင်တွယ်တတ်သည်။ သူမကဲ့သို့ လူတစ်ယောက် ရှိနေသဖြင့် သူသည်လည်း အလုပ်များစွာ သက်သာရခြင်း ဖြစ်သည်။

ထို့နောက် သူ၏ အကြည့်များက သူတို့အား ဝန်းရံထားသော ရန်လိုသူများဆီသို့ ရောက်သွားသည်။ သူတို့သည် မြစ်အတွင်း ရှင်သန်ကျက်စားကြသော ငါးမိစ္ဆာများသာ ဖြစ်လေသည်။

လက်ဝါးအရွယ်အစားရှိသော ထိုငွေရောင်ငါးမိစ္ဆာများသည် မြစ်ထဲမှနေ၍ မြှားများပမာ တစ်ကောင်ပြီး တစ်ကောင် ခုန်ထွက်လာကြသည်။ နေရောင်အောက်တွင် သူတို့၏ ငွေဖြူရောင် အကြေးခွံများမှာ သံမဏိပမာ ဝင်းလက်နေကြ၏။ သူတို့၏ ချွန်ထက်သော သွားများကြောင့် အခိုင်မာဆုံးသော အကာအကွယ် မှော်အစီအရင်များပင်လျှင် အနားသို့ ကပ်ခွင့်ပေးလိုက်ပါက ခံနိုင်ရည် ရှိမည်မဟုတ်ပေ။ အနည်းငယ် ကိုက်ဖြတ်လိုက်ရုံနှင့် ကျင့်ကြံသူတို့၏ အကာအကွယ်များကို ဖျက်ဆီးပစ်နိုင်သည်။

ခက်သည်က သူတို့ ရင်ဆိုင်နေရသည်မှာ တစ်ကောင်နှစ်ကောင် မဟုတ်ပေ။ အုပ်စုလိုက်ကြီးဖြစ်သည်။ လော့ထျန်းအဖွဲ့၏ သင်္ဘောကြီးကို ဝန်းရံလျက် တလက်လက် တောက်ပနေသော ငွေရောင်ငါးမိစ္ဆာ ထောင်ပေါင်းများစွာမှာ မြစ်ပြင်ထက်မှ လှိုင်းလုံးများပမာ အဆက်မပြတ် ခုန်ပျံနေကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ဓားသွားများပမာ အလင်းပြန်နေကြသည်။

ကံကောင်းသည်မှာ ဤငါးများက သူတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှု မဟုတ်သေးပေ။ သင်္ဘောကြီး၏ အကာအကွယ် မှော်အစီအရင်ကို အပြည့်အဝ အသက်သွင်းထားပြီး တိုက်ခိုက်ရေးခန်းမဆောင်မှ ကျင့်ကြံသူအဖွဲ့သားများကလည်း အသင့်စောင့်ကာ နှိမ်နင်းနေကြသဖြင့် လော့ထျန်းမှ လူများမှာ ဘေးကင်းနေကြသည်။ မှော်အစီအရင် မပွင့်မီ အစောပိုင်းတွင် သတိမထားလိုက်မိသော ကျင့်ကြံသူ အချို့သာ ဒဏ်ရာရခဲ့ကြခြင်း ဖြစ်သည်။

သို့သော် အခြားနေရာများတွင်မူ အခြေအနေချင်း လုံးဝခြားနားနေသည်။ လော့ချန် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ မျက်မှောင်ကြုတ်ကာ အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်ရန် စိတ်ဝိညာဥ်အာရုံကို ဖြန့်ကျက်လိုက်သည်။

မြစ်ကြောင်းတစ်လျှောက် လိုက်ပါလာသည့် အခြားသင်္ဘော ဒါဇင်ကျော်မှာ ကာကွယ်ရေး အစီအရင်များ ဖျတ်ခနဲ၊ ဖျတ်ခနဲ လက်လာသော်လည်း ရုန်းကန်နေရသည်မှာ သိသာလှသည်။ သင်္ဘောတိုင်းမှာ အဆက်မပြတ် ကျရောက်နေသော ငွေရောင်အလင်းတန်းများ၏ တိုက်ခိုက်မှုကို ခံနေရရာ မြစ်ပြင်ထက်တွင် ငွေရောင်ပိုက်ကွန်ကြီး တစ်ခုကို ဖြန့်ချထားသကဲ့သို့ပင် ထူထပ်လှသည်။ အထူးသဖြင့် ရှေ့ဆုံးမှ သင်္ဘောမှာ လုံးဝ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံသူများ၏ နာကျင်စွာ အော်ဟစ်သံများမှာလည်း တစ်သံပြီး တစ်သံ ထွက်ပေါ်လာတော့သည်။

သို့သော် ဤမြင်ကွင်းမှာ အဆိုးဆုံး မဟုတ်သေးပေ။

လက်မှတ်မဝယ်ဘဲ ဘေးမှ ပျံလိုက်လာသော တစ်ကိုယ်တော်ကျင့်ကြံသူများ၊ ဝါးဖောင်များဖြင့် လိုက်ပါလာသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများမှာ ယခုအခါ ငါးမိစ္ဆာ ထောင်သောင်းများစွာ၏ တိုက်ခိုက်မှုကို မရှုနိုင်မကယ်နိုင် ခံနေရရှာသည်။ ဘေးနှစ်ဖက်ရှိ အဆင့်နိမ့်ကျင့်ကြံသူများ၏ အကာအကွယ်များမှာ ချက်ချင်းပင် ပျက်စီးသွားပြီး မြစ်ထဲသို့ ပြုတ်ကြလေသည်။

ကျင့်ကြံသူ အချို့မှာမူ ထိုရုတ်ရုတ်သဲသဲ ဖြစ်နေမှုကို အခွင့်ကောင်းယူကာ မြစ်ကမ်းဘက်သို့ ထွက်ပြေးကြသည်။ ကမ်းပေါ်ရောက်သောအခါ သူတို့သည် ထိတ်လန့်တုန်လှုပ်ဖွယ် သေကျေပျက်စီးမှုကြီးကို ငေးကြည့်နေကြရုံသာ တတ်နိုင်ကြတော့သည်။

ကျင့်ကြံသူတို့မှာ မိုးစက်များ မြစ်ထဲသို့ ကြွေကျသည့်ပမာ လန်ချန်းမြစ်ထဲ သေကြေကုန်ကြသည်။ ထိုသို့ဖြင့် မြစ်ရေပြင်ကြီးမှာ သွေးရောင်များဖြင့် ရဲရဲနီလာတော့သည်။ ဝါးဖောင်ပေါ်မှ ကျင့်ကြံသူများသည် ခဏချင်းအတွင်း ငါးမိစ္ဆာအုပ်လိုက်ကြီးနှင့် ပက်ပင်းတိုးသွားသဖြင့် ကောင်းကင်ပေါ်သို့ ပျံတက်လွတ်မြောက်ရန်ပင် အခွင့်အရေး မရလိုက်ဘဲ အဖြစ်ဆိုးဖြင့် ကြုံကာ အသေဆိုးဖြင့် သေကုန်သည်။

“ဟ.... ဒီလောက်များတဲ့ ငါးမိစ္ဆာ အုပ်ကြီးက ဘယ်ကနေ ရောက်လာတာလဲ....”

ထိုသို့ ပြောလိုက်သူမှာ နန်ကုန်းကျင်း ဖြစ်သည်။ လော့ချန်သည် သူ၏ စိတ်ဝိညာဉ်အာရုံကို ဗဟိုသင်္ဘောရှိရာသို့ ပိုမို အာရုံစိုက်လိုက်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအကြား သီးသန့်စကားဝိုင်းတစ်ခု ဖြစ်ပေါ်နေ၏။

“ကျုပ်သိသလောက်ဆိုရင် လန်ချန်းမြစ်မှာ ဒီလောက်များလွန်းတဲ့ ငွေရောင် ငါးမိစ္ဆာအုပ်စုလိုက်ကြီး တစ်ခါမှ မတွေ့ဖူးဘူး ဒါ.... ဒါဘာဖြစ်တာလဲ မိတ်ဆွေဝမ်”

“ဩော်.... မိတ်ဆွေကြီးကလဲ စိုးရိမ်တတ်လိုက်တာ လွန်ရော.... ပုံမှန်ဆိုရင်တော့ မရှိဘူးလေ.... ဒါပေမဲ့ ဒီတစ်ခါကတော့ ကျင့်ကြံသူ တစ်သောင်းကျော် တစ်ပြိုင်နက် မြစ်ထဲမှာ ခရီးသွားနေကြတာမလား.... ဘယ်မိစ္ဆာမှ ဒီလောက်များတဲ့ အစာကို လက်လွတ်မှာမဟုတ်ဘူး.... ပြီးတော့ ကျင့်ကြံသူတွေရဲ့သွေးတွေ အသားတွေက သာမန် မဟုတ်ဘူးလေ.... ချီစွမ်းအင်တွေ အများကြီးပါနေတဲ့ဥစ္စာ.... ”

ကျင့်ကြံသူများသည် မည်သည့်အချိန်ကစပြီး ချီစွမ်းအင်ကြွယ်ဝသော အစာများ ဖြစ်သွားကြသနည်းဟု ဝမ်ဟိုင်ချောင်၏ စကားကို လော့ချန် စိတ်ပျက်စွာတွေးရင်း ခဏမျှ တိတ်ဆိတ်သွားမိသည်။

“ဟာ.... ဒီလိုဆိုမဖြစ်ချေဘူး.... ကျုပ်တို့ နန်ကုန်းမျိုးနွယ်စုမှာ အဆင့်မြင့်ကျင့်ကြံသူ သိပ်မပါဘူးဗျ”

နန်ကုန်းကျင်းက အလျင်စလို ပြောရှာသည်။

“ဒီအတိုင်းဆိုရင် သာမန်လူတွေခံနိုင်မှာမဟုတ်ဘူး.... ကျုပ် သွားကူတိုက်တော့မယ် မိတ်ဆွေဝမ်”

“ကူချင်သပဆိုလဲ ကူပါ.... ဒါပေမဲ့ ချီသန့်စင်အဆင့်ထက် ကျော်တဲ့ တိုက်ခိုက်ရေးနည်းလမ်းတွေလုံးဝ မသုံးနဲ့"

“ဟင် ဘာလို့လဲရှင့်” ဟု လီရီရှန်းက ဇဝေဇဝါဖြင့် ဝင်မေးလိုက်သည်။

ထိုအခါ ဝမ်ဟိုင်ချောင်က အေးစက်စွာ ပြန်ဖြေသည်။

“ဒါ ငါးမိစ္ဆာအုပ်စုကြီးလေ.... ဒီလောက်အုပ်လိုက်ကြီးမှာဆိုရင် ဒုတိယအဆင့် ငွေရောင်ငါးမိစ္ဆာ ဘုရင်ကြီးတစ်ကောင် ကျိန်းသေပေါက်ရှိနေလိမ့်မယ်.... ခင်ဗျားတို့ ကျုပ်တို့က မြစ်လယ်ခေါင်မှာ ရောက်နေတာဗျ.... အဲ့ဒီငါးမိစ္ဆာဘုရင်ကို သွားဆွမိလို့ကတော့ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုသလို ကျုပ်တို့ သင်္ဘောကြီးတွေကို ဖျက်ဆီးပစ်နိုင်တယ်.... အဲ့တော့ ကျုပ်တို့ လေးယောက်က နောက်လိုက်ငါးမိစ္ဆာတွေကို အပြတ်ရှင်းတာထက် အခြေအနေ ထိန်းရုံလေးပဲ တားမှရမယ်.... ”

ထိုအကျိုးအကြောင်းပြချက်သည် ယုတ္တိရှိသည်။ သို့ရာတွင် မရေမတွက်နိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများ လန်ချန်းမြစ်အတွင်းသို့ မိုးပေါက်များပမာ ကြွေကျသေကြေနေသည်ကို မြင်ရသောအခါ နှလုံးသားမာကျောလှသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူပင်လျှင် စိတ်မကောင်း ဖြစ်လာသည်။

လီရီရှန်းက မနေနိုင်တော့ဘဲ လေသံတိုးတိုးဖြင့် မေးသည်။

“မိတ်ဆွေဝမ်ရှင့်.... ဝင်မကယ်တော့ဘူးလား.... ဒီတစ်ကိုယ်တော် ကျင့်ကြံသူတွေ သေနေတာကို ဒီအတိုင်း ရပ်ကြည့်နေတော့မှာလား.... ”

“ဘာ.... ကျုပ်က ဘာကိစ္စ ဒီကောင်တွေကို ကယ်ရမှာလဲ.... အားအားယားယား.... ”

ထိုသို့ ဝမ်ဟိုင်ချောင်က ချက်ချင်း ပြန်ပက်လိုက်သည်။

လီရီရှန်း ပြန်မဖြေနိုင်မီမှာပင် ဝမ်ဟိုင်ချောင်က လှောင်ပြောင်သံဖြင့် “ဟက်ဟက်.... ဒီကောင်တွေလား.... သူတို့က ငါးစာဖြစ်ချင်လို့မှ အပြုံလိုက်ကြီး ကျုပ်တို့ဘေးက လိုက်လာတာလေ.... ဒီလောက်လူအုပ်ကြီး ချီစွမ်းအင်တွေ ထုတ်သုံးနေမှတော့ သေတာနည်းသေးတယ်.... တတိယအဆင့် မိစ္ဆာသားရဲကောင်တွေ မရိပ်မိတာ ကံကောင်း.... ဘာလဲ.... မိတ်ဆွေလီက မိစ္ဆာဘုရင် ရိပ်မိသွားလို့ လာရန်ရှာရင် ထွက်တိုက်ပေးမလို့လားဗျ” ဟု ဆိုပြန်သည်။

လီရီရှန်း ပြန်မပြောတော့ဘဲ တိတ်ဆိတ်သွားတော့သည်။ လော့ချန် မျက်ခုံးပင့်လိုက်မိကာ ဝမ်ဟိုင်ချောင်၏ စိတ်ဓာတ်ကို ရွံရှာသွားသည်။

စင်စစ်မူ ငွေရောင် ငါးမိစ္ဆာဘုရင် မရိပ်မိအောင် သတိထားရမည်ဆိုသော အကြောင်းပြချက်မှာ အပေါ်ယံမျှသာ ဖြစ်သည်။ အမှန်တကယ်မှာမူ ဝမ်ဟိုင်ချောင်သည် သူတို့ မဟာမိတ်အဖွဲ့များ၏ ဘေးမှ ကပ်လိုက်လာသော တစ်ကိုယ်တော်ကျင့်ကြံသူအုပ်လိုက်ကြီးကို ကိစ္စရှင်းချင်နေခြင်းသာ ဖြစ်လေသည်။

“မိတ်ဆွေကြီးတို့လဲ အင်မတန် နူးညံ့ကြင်နာတတ်တဲ့ သူတော်စင်တွေ ဟုတ်မနေကြပါဘူး.... ကျုပ်ပြောတာ မှန်တယ်မလား.... ”

လီရီရှန်းက ဝမ်ဟိုင်ချောင် စကားများကို ခါးသက်သက် ရယ်မောလိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။

လော့ချန်သည်လည်း မျက်တောင်တစ်ချက်ခတ်ကာ သူ၏ စိတ်ဝိညာဥ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ အမှန်ဆိုရလျှင် သူသည်လည်း ကယ်တင်ရှင်ကြီး ဝင်မလုပ်ချင်ပေ။ ဤတစ်ကိုယ်တော် ကျင့်ကြံသူများသည် လက်မှတ်မဝယ်ဘဲ လိုက်ပါလာကြသူများဖြစ်ရာ သူတို့အန္တရာယ်ကို သူတို့ကိုယ်တိုင် တာဝန်ယူရမည်သာ ဖြစ်သည်။ ဝမ်ဟိုင်ချောင်ပြောသကဲ့သို့ ရှေ့ဆက်ရမည့် ခရီး ဘေးကင်းစေရန်အတွက် ပရမ်းပတာလွင့်ပျံနေသော ချီစွမ်းအင်များကို လျှော့ချပစ်ရန်မှာ လက်တွေ့တော့ ကျပေသည်။

နောက်အချက်မှာ သူ့တွင် ထိုလူအားလုံးကို ကာကွယ်ပေးနိုင်သော စွမ်းအား မရှိပေ။ မိမိ သင်္ဘောကြီးနှင့် အဖွဲ့သားများကို ဘေးကင်းအောင် ထိန်းသိမ်းနိုင်လျှင်ပင် လုံလောက်လှပြီ ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ ကြားဝင်ကူခြင်း မရှိဘဲ နန်ကုန်းကျင်းသည်လည်း သူ၏ သင်္ဘောကြီးပေါ်ရှိ လူများကိုသာ အာရုံစိုက် ကာကွယ်နေရသဖြင့် ငါးမိစ္ဆာများ၏ တိုက်ခိုက်မှုမှာ ကြာရှည်နေခဲ့သည်။ တဖြည်းဖြည်းနှင့် တိုက်ခိုက်မှုများမှာ ပို၍ပင် ရက်စက်ပြင်းထန်လာသည်။ တားဆီးမည့်သူ မရှိသဖြင့် သေကျေပျက်စီးမှုများမှာ တစ်ဟုန်ထိုး မြင့်တက်လာတော့သည်။

မကြာမီမှာပင် သူတို့ပတ်ဝန်းကျင်ရှိ လန်ချန်းမြစ်တစ်လျှောက်လုံး သွေးရောင်များဖြင့် ရဲပတောင်းခတ်သွားတော့သည်။

မြစ်ကမ်းဘက်တွင်မူ အသက်ရှင်ကျန်ရစ်သူ ကျင့်ကြံသူ အနည်းငယ်မှာ ထိတ်လန့်တုန်လှုပ်လျက် ငေးကြည့်နေကြရုံသာ တတ်နိုင်ကြသည်။ သင်္ဘောအုပ်စုကြီးသည် ထိုသွေးစွန်းသော နေရာကို ကျော်လွန်သွားမှသာ သတ်ဖြတ်မှုများ ရပ်တန့်သွားခဲ့သည်။

လော့ချန်သည် သွေးချင်းချင်းနီနေသော မြစ်ရေပြင်ကို ပြန်လှည့်ကြည့်ကာ နှုတ်ဆိတ်နေလိုက်သည်။ ငါးမိစ္ဆာထောင်ပေါင်းများစွာမှာ ခုန်ပေါက်နေကြဆဲဖြစ်ပြီး လူသေအလောင်း မြောက်မြားစွာမှာ မျောပါကျန်ရစ်ခဲ့သည်။ ဤခရီးစဉ်၏ အစသည် မြစ်လှိုင်းများအောက်ရှိ နက်မှောင်သော သွေးရောင်တို့ဖြင့် စွန်းထင်သွားခဲ့ပြီ ဖြစ်လေသည်။

“ဩော်.... ငါသာ တကယ်လို့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်ဘဲ ချီသန့်စင်အဆင့် ကျင့်ကြံသူ တစ်ဦးအနေနဲ့ ထွက်ပြေးခဲ့ရင်.... ငါ့ကံကြမ္မာကလည်း ဒီလိုပဲ ဖြစ်လေမလား.... ”

All Chapters