← Chapters

အခန်း (၃၀၃-၃၀၄)

Vol. 31 Ch. 303-304

အခန်း (၃၀၃-၃၀၄)

Vol. 31 Ch. 303-304

အခန်း (၃၀၃) - မဟာမိတ်အင်အားစု၏ နောက်ကျောမလုံသော ဆက်ဆံရေးများ

မိမိကိုယ်ကိုယ် ပြန်လည်မေးခွန်းထုတ်ကြည့်သော်လည်း လော့ချန်တွင် ယုံကြည်ချက်ရှိရှိ ဖြေနိုင်စွမ်း မရှိခဲ့ပေ။

ချီသန့်စင်အဆင့်တွင် သူ အားကိုးခဲ့ရသော နည်းလမ်းများမှာ ယခု ပြန်ကြည့်လျှင် ရယ်ချင်စရာပင် ကောင်းလှသည်။ တစ်ချိန်က အသက်ကယ်ကြိုးဟု ထင်မှတ်ခဲ့သမျှသည် ယခုအခါတွင်မူ အလွန်ပင် ကြမ်းတမ်းပြီး ကျိုးပဲ့လွယ်ကာ စစ်မှန်သော စွမ်းအား၏ အပေါ်ယံအလွှာကိုပင် မထိနိုင်သကဲ့သို့ ခံစားရသည်။

လန်ချန်းမြစ်သည် အမြဲဆိုသလို ဘေးကင်းသော ရေကြောင်းလမ်းတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ကျင့်ကြံသူများသည် မျိုးဆက်နှင့်ချီ၍ ဤမြစ်ကို ဖြတ်သန်းခဲ့ကြပြီး သူတို့၏ တည်ရှိမှုမှာ နှစ်ပေါင်းများစွာကတည်းက မြစ်ပြင်ထက်တွင် အမြဲတစေ ရှိနေခဲ့သည်။ သို့သော် လပြည့်ညတောင်တန်းမှာမူ ဝေးလံခေါင်ဖျားပြီး လူသူမနီးဘဲ ရက်စက်ကြမ်းကြုတ်လှသော တောရိုင်းနယ်မြေ စစ်စစ် ဖြစ်သည်။ ချန်ယင်းတောင်ကဲ့သို့သော အစွန်အဖျား နယ်မြေများတွင်ပင် ဒုတိယအဆင့်ရှိသော မိစ္ဆာဝံပုလွေများ လွတ်လပ်စွာ ကျက်စားနေကြပြီး သူတို့၏ အူသံများမှာ တောအုပ်တစ်ခုလုံးကို ခြောက်ခြားစေသည်။

အကယ်၍ လော့ချန်သာ ထိုစဉ်က စိတ်ပျက်အားငယ်စွာဖြင့် ထိုတောင်တန်းများထဲသို့ ထွက်ပြေးခဲ့မည်ဆိုပါက သူ၏ အလောင်းကိုပင် ပြန်တွေ့နိုင်တော့မည် မဟုတ်ပေ။ သူ၏ သေဆုံးမှုမှာ ယခု မြစ်ထဲတွင် သေဆုံးသွားကြသော တစ်ကိုယ်တော် ကျင့်ကြံသူများထက်ပင် ပို၍ ရင်နာစရာ ကောင်းပေလိမ့်မည်။

လော့ချန် အတွေးထဲ နစ်မျောနေစဉ်မှာပင် သူ၏ စိတ်နှလုံးထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာသည်။ သူ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ ရှေ့ဆုံးမှ ဦးဆောင်လာသော သင်္ဘောကြီး၏ ကုန်းပတ်ပေါ်တွင် လီရီရှန်း ရပ်နေသည်ကို တွေ့လိုက်ရသည်။ လေတိုက်နှုန်းကြောင့် သူမ၏ ဝတ်ရုံများမှာ တဖျတ်ဖျတ် လွင့်နေပြီး ထိုဝတ်ရုံပေါ်တွင် သွေးစက်များမှာ အစင်းလိုက် ထင်ကျန်နေသည်။ သူမသည် ဘာစကားမျှ မပြော၊ ဘာအမူအရာမျှ မပြဘဲ လေတိုက်ခတ်နေသော ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ သူ့အား စိုက်ကြည့်နေသည်။

လော့ချန်နှင့် သူမ၏ အကြည့်ချင်း ဆုံသွားသောအခါ သူမက တည်ငြိမ်စွာဖြင့် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။

လော့ချန်ကလည်း ခေါင်းကို သိမ်မွေ့စွာ ပြန်ညိတ်ပြလိုက်သည်။

သူတို့ကြားတွင် စကားတစ်ခွန်းမျှ မဖလှယ်ခဲ့ကြသော်လည်း၊ ထိုတိတ်ဆိတ်သော အကြည့်ချင်း ဖလှယ်မှုတွင်ပင် စကားလုံးမပါသော ခိုင်မာသည့် သဘောတူညီချက်တစ်ခုကို တည်ဆောက်လိုက်ကြပြီ ဖြစ်သည်။

‘ဝမ်ဟိုင်ချောင်ကို ယုံကြည်လို့ မရဘူး’ ဟူသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။

သူသည် ယနေ့တွင် တစ်ကိုယ်တော် ကျင့်ကြံသူများကို မျက်တောင်တစ်ချက်မခတ်ဘဲ စတေးခဲ့သည်။ နောက်တစ်ကြိမ်တွင် သူ၏ မဟာမိတ်များကိုရော စွန့်ပစ်မည်မဟုတ်ဟု မည်သူ ပြောနိုင်ပါသနည်း။

မဟာမိတ် အင်အားစု ဆိုသည်မှာ အမည်နာမတစ်ခုမျှသာ။ သူတို့အကြားတွင် မည်သည့် ကတိသစ္စာမှ မပြုထားသကဲ့သို့ မဟာတာအို ရှေ့မှောက်တွင်လည်း မည်သည့် ကျိန်ဆိုချက်မျှ မရှိခဲ့ပေ။

အားနည်းသော နန်ကုန်းမျိုးနွယ်စုနှင့် မတူဘဲ အင်အားအလုံးစုံနီးပါး ကျန်ရှိနေသေးသော လော့ထျန်းအဖွဲ့နှင့် လီမျိုးနွယ်စုမှာမူ တန်းတူညီမျှသည့် အနေအထားတွင် ရှိနေကြသည်။ သူတို့တွင် အတူတကွ ရပ်တည်ရန်၊ အတူတူ ဆုတ်ခွာရန်နှင့် တက်လှမ်းရန် ခိုင်မာသော အခြေခံရှိကြသည်။

လော့ချန်သည် ထိုအချက်ကို သိနားလည်ကာ လေးစားလိမ့်မည်ဟု လီရီရှန်းက ယုံကြည်နေသည်။

....

သင်္ဘောကြီး၏ အခန်းတစ်ခန်းအတွင်း၌ လီအောက်သည် လီရီရှန်းအား ရိုသေစွာ ကြိုဆိုလိုက်သည်။

“ဒေါ်လေး.... အကြီးအကဲ တန်ချန်ဇီက ဘာပြောသေးလဲ”

လီရီရှန်းက အသံလုံ အစီအရင်တစ်ခုကို အမြန်အသက်သွင်းလိုက်သည်။

ထို့နောက်မှ သူမ ခပ်တိုးတိုး ပြန်ဖြေသည်။

“သူ ဘာမှ မပြောဘူး၊ ဒါပေမဲ့ ငါ ဆိုလိုချင်လဲဆိုတာ သူ နားလည်တယ်.... ”

“ဟာဗျာ.... နားလည်တာက တစ်ပိုင်း၊ မတော်တဆ တစ်ခုခုဆို လီမျိုးနွယ်စုဘက်က ရပ်တည်ပေးဖို့ ဆန္ဒရှိတာက တစ်ပိုင်းလေ ဒေါ်လေးရယ်.... ဒေါ်လေးကတော့....”

“ရှောင်အောက်.... မင်း ဒီလို ကလေးဆန်နေလို့ မရဘူး"

“ဗျာ.... ”

လီရီရှန်းသည် လီအောက်အား သနားကရုဏာသက်စွာ ကြည့်လိုက်သည်။

“ဒီမယ် ငါ့တူ.... မင်းက အရမ်း စိတ်မြန်လွန်းတယ်၊ ဒီလို စိတ်မျိုးနဲ့ဆို လီမျိုးနွယ်စုကို ဘယ်လိုလုပ် ကြီးပွားအောင် လုပ်နိုင်မှာလဲ”

လီအောက် နားမလည်ပေ။ သူပြောသမျှသည် မျိုးနွယ်စု ကောင်းစားရေးအတွက်သာ ဖြစ်သည်ဟု သူ ခံစားရသည်။ အဘယ်ကြောင့် စိတ်မြန်ခြင်း ဖြစ်ရသနည်း။ သူ တွေးမရပေ။

လီအောက်၏ သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲနေသော မျက်နှာထားကို ကြည့်ရင်း လီရီရှန်း သက်ပြင်းချလိုက်မိသည်။ သူမ၏ တူလေးသည် ငယ်ရွယ်သူ တစ်ဦး မဟုတ်တော့သော်လည်း စိတ်နေစိတ်ထားမှာ ယခင်ကကဲ့သို့ပင် ပေါ့ဆပြီး မငြိမ်မသက် ဖြစ်နေဆဲပင်။ မျိုးဆက်သစ်များထဲတွင် ယခုအခါ သူမနှင့် ပုခုံးချင်းယှဉ် ရပ်တည်နေသော လော့ချန်ကို မဆိုထားနှင့်၊ နန်ကုန်းချင်ကိုပင် သူ မယှဉ်နိုင်ပေ။

နန်ကုန်းချင်သည် နှစ်ပေါင်းများစွာအတွင်း အောင်မြင်မှုနှင့် ကျရှုံးမှု နှစ်မျိုးလုံးကို တွေ့ကြုံခဲ့ရသူ ဖြစ်သည်။ စမ်းသပ်မှုများစွာကို ဖြတ်ကျော်ပြီးနောက်တွင် သူသည် မျိုးနွယ်စုခေါင်းဆောင်တစ်ဦး၏ အရှိန်အဝါကို တဖြည်းဖြည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်သည်။

စောစောက အခြေအနေကို သူမ ရှင်းလင်းစွာ မြင်ခဲ့သည်။ နန်ကုန်းကျင်းက ရေးကြီးသုတ်ဖျာ ဖြစ်သွားခဲ့သော်လည်း နန်ကုန်းမျိုးနွယ်စုမှာ ပရမ်းပတာ ဖြစ်မသွားခဲ့ပေ။ နန်ကုန်းချင်၏ အမိန့်ပေးမှုအောက်တွင် ငါးမိစ္ဆာများ၏ တိုက်ခိုက်မှုကို စနစ်တကျနှင့် ထိရောက်စွာ တုံ့ပြန်နိုင်ခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် အင်အားကြီးသော မိမိတို့ လီမျိုးနွယ်စုမှာမူ လီအောက်၏ အမိန့်ပေးမှုအောက်တွင် လိုအပ်သည်ထက် ပို၍ ထိခိုက်မှုရှိခဲ့သည်။ တိုက်ပွဲအရှိန်တက်လာစဉ် လီအောက်သည် အားပါလာပြီး ငါးမိစ္ဆာများကို လိုက်လံသတ်ဖြတ်ရန် သင်္ဘောပေါ်မှပင် ခုန်ချတော့မလို ဖြစ်ခဲ့သေးသည်။

အကယ်၍ မိမိသာ ဝင်မတားခဲ့ပါက လီမျိုးနွယ်စုတွင် ပို၍ပင် ထိခိုက်ကျဆုံးမှုများ ရှိနိုင်ပေသည်။ နန်ကုန်းကျင်းသည် နန်ကုန်းချင်ကဲ့သို့ တည်ငြိမ်ရင့်ကျက်သော သားတစ်ယောက်ကို မည်သို့မည်ပုံ ပြုစုပျိုးထောင်လိုက်လေသနည်း သူမ သွားမေးလိုက်ချင်မိသည်။

ထို့နောက် သူမ ခေါင်းကို ခါယမ်းလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

“လော့ချန်ဟာ ဗီဇအရ သွေးအေးရက်စက်တဲ့သူ မဟုတ်ဘူး.... တကယ်လို့ သူသာ ကြမ်းကြုတ်တဲ့သူဆို ဘေးနားမှာ ဒီလောက် အရည်အချင်းရှိတဲ့ လူယုံတွေကို စုစည်းထားနိုင်မှာ မဟုတ်ဘူး.... သူနဲ့ ငါ့ကြားမှာ အရင်ကလည်း ရန်ငြိုးမရှိဘူး၊ အခုလည်း အငြိုးမရှိဘူး.... အရေးကြုံရင် ငါတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့ ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခုရှိတယ်.... သူ အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်စက ငါ နွယ်မြက်သစ်ပင် ဆေးဘုရင် ကျမ်းစာကို လက်ဆောင်ပေးခဲ့တယ်၊ ပြီးတော့ အဲ့ဒါကို ကျင့်ကြံရာမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကိုလည်း ကိုယ်တိုင် သေချာ ရှင်းပြခဲ့တယ်.... ဒီလို ကျေးဇူးတရားမျိုးဟာ သူ သေချာပေါက် ငါတို့ကို ပြန်ပြီး ကျေးဇူးဆပ်မယ်လို့ အာမမခံနိုင်ပေမဲ့ အနည်းဆုံးတော့ အရေးကြီးတဲ့ အချိန်ရောက်လာရင် သူ ငါတို့ဘက်က ရပ်တည်ပေးလိမ့်မယ်....”

“ရှောင်အောက်.... တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ အကျိုးအမြတ် တစ်ခုတည်းကိုပဲ မကြည့်ပါနဲ့၊ အဲ့ဒီလူရဲ့ စိတ်နေစိတ်ထားကိုပါ ထည့်တွက်ပါ၊ နားလည်လား”

လီအောက်၏ မျက်ဝန်းများမှာ နားလည်မှုဖြင့် တောက်ပသွားသည်။ သို့သော် သူ တစ်ဖန် မျက်မှောင်ကြုတ်လိုက်ပြီး “ဒါပေမဲ့ ဒေါ်လေးရယ်.... လော့ချန် ကျွန်တော်တို့နဲ့ တိတ်တဆိတ် ပူးပေါင်းဖို့ သဘောတူတာကလည်း သူ့လော့ထျန်းအဖွဲ့ကို ကာကွယ်ဖို့အတွက်ပဲ မဟုတ်ဘူးလား” ဟု ဆိုသည်။

လီရီရှန်း ခဏမျှ မှင်သက်သွားသည်။ ထိုစကားကို မည်သို့ တုံ့ပြန်ရမည်ကို သူမ မသိပေ။

သူမ ဝတ်ရုံလက်ဖျားကို ခါယမ်းလိုက်ပြီး ဆိုသည်။

“ကဲ.... ကဲ.... သွားတော့.... မျိုးနွယ်စုကို သွားကြည့်ချေ.... ရှေ့မှာ လျှောက်ရမယ့် လမ်းက အဝေးကြီး ကျန်သေးတယ်"

“ဟုတ်ကဲ့ပါ ဒေါ်လေး”

လီအောက် ထွက်သွားပြီးနောက် လီရီရှန်း၏ နှုတ်ခမ်းထက်တွင် အသက်မဲ့သောအပြုံးတစ်ပွင့် ပေါ်လာသည်။ သူမဘဝတွင် အိမ်ထောင်မပြုခဲ့ဖူးသလို ကလေးထိန်းကျောင်းခြင်း ပညာကိုလည်း မလေ့လာခဲ့ဖူးပေ။ သူမ သိသမျှမှာ ကျင့်ကြံခြင်းသာ ဖြစ်လေရာ ကလေးတစ်ယောက်ကို မည်သို့မည်ပုံ ပြုစုပျိုးထောင်ရမည်ကို အဘယ်မှာ သိနိုင်ပါမည်နည်း။

ဤနှစ်များတစ်လျှောက် သူမလုပ်ခဲ့သည်မှာ အခြားသူများအား အတုယူပြီး လီအောက်ကို ဟိုဟိုဒီဒီ လမ်းညွှန်မှု အနည်းငယ် ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ မသိလိုက်ဘဲ မာနကြီးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသော တူတစ်ယောက်ကို ပျိုးထောင်မိလျက်သား ဖြစ်သွားခဲ့သည်။

“အစ်မကြီးရေ.... အစ်မရဲ့ သားကို ကျွန်မ ဘယ်လို ဆက်ပြီး ပျိုးထောင်ရမလဲဆိုတာ မသိတော့ဘူး.... သူ့ကို အခြေခံတည်ဆောက်ခြင်းအဆင့်အထိ ရောက်အောင်ထိတော့ ကျွန်မ ကူညီနိုင်လိမ့်မယ်ထင်တယ်.... အဲဒါကျွန်မ အတတ်နိုင်ဆုံးပဲ.... ”

....

လော့ထျန်းအဖွဲ့၏ သင်္ဘောပေါ်တွင်....။

စီမာဟွေ့နန်သည် မုရုံချင်းလျန်၊ အဘွားယွမ်တို့နှင့်အတူ ဒဏ်ရာရ ကျင့်ကြံသူများကို မည်သို့ ကုသပေးရမည်ကို အလေးအနက် တိုင်ပင်နေကြသည်။

ရုတ်တရက် သူမ စကားပြောလက်စ တန့်သွားပြီး မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

“အဖွဲ့ချုပ်ခေါင်းဆောင်က ကျွန်မကို ခေါ်နေတယ်.... .သွားရမယ်ထင်တယ် အားနာလိုက်တာ....”

မုရုံချင်းလျန်က အထက်ကုန်းပတ်ဘက်သို့ လှမ်းကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“စိတ်ချလက်ချသာ သွားပါ၊ ဒီက ကိစ္စတွေကို ကျွန်မ ကိုင်တွယ်လိုက်ပါ့မယ်"

အဘွားယွမ်က တဟွတ်ဟွတ် ချောင်းဆိုးရင်း တုန်ရီသောအသံဖြင့် “အဟွတ်.... အဟွတ်.... ဒဏ်ရာရတဲ့သူတွေကို အဘွားဆီသာ အပ်ထားခဲ့လိုက်.... သွားသွား” ဟု ဆိုသည်။

စီမာဟွေ့နန်က ကျေးဇူးတင်စကား ဆိုကာ အပေါ်ထပ်အခန်းဆီသို့ အပြေးအလွှား သွားတော့သည်။

....

အောက်ထပ်ရှိ ကျဉ်းမြောင်းပြီး ပရမ်းပတာ ဖြစ်နေသော နေရာများနှင့် မတူဘဲ လော့ချန်၏ အခန်းမှာ ကျယ်ဝန်းပြီး လင်းထိန်နေသည်။ လေထုထဲတွင် စန္ဒကူးနံ့ ခပ်သင်းသင်းလေးမှာ လွင့်ပျံ့နေသည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်မကို ဘာခိုင်းစရာများရှိပါလဲရှင်”

ကျောမှီထိုင်ခုံကြီးပေါ်တွင် ထိုင်နေသော လော့ချန်က မျက်လုံးဖွင့်လိုက်ပြီး သူ၏ ရှေ့တွင် ရပ်နေသော နက်ပြာရောင် ဝတ်ရုံနှင့် ကျော့ရှင်းလှသော အမျိုးသမီးကို ကြည့်လိုက်သည်။ သူ၏ အကြည့်အောက်တွင် စီမာဟွေ့နန်သည် တည်ငြိမ်လှသော ဂုဏ်သရေဖြင့် သူ့ထံမှ ညွှန်ကြားချက်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။

“ဩော်.... ထွေထွေထူးထူးတော့ မဟုတ်ပါဘူး"

လော့ချန်က ပေါ့ပါးသော လေသံဖြင့် ပြောလိုက်သည်။

“တွမ်ဖုန်းကို ငါတို့ရဲ့ လမ်းကြောင်းကို နည်းနည်း ပြောင်းခိုင်းလိုက်.... ဒီကနေစပြီး ငါတို့ သင်္ဘောကို လီမျိုးနွယ်စုရဲ့ သင်္ဘောနဲ့ နည်းနည်း ပိုနီးကပ်အောင် ခပ်လှမ်းလှမ်းကနေ လိုက်ခိုင်းလိုက်"

စီမာဟွေ့နန်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။

“ဟင်.... ကျွန်မတို့ လီမျိုးနွယ်စုနဲ့ ပူးပေါင်းတော့မှာလား”

ချက်ဆို နားခွက်က မီး‌တောက်သကဲ့သို့ အမြဲ ထက်မြက်နေကာ ချက်ချင်း သိသော စီမာဟွေ့နန်အား လော့ချန်စိတ်ထဲမှ ကျိတ်ချီးမွမ်းလိုက်သည်။ သူ ညင်သာစွာ ပြုံးလိုက်သည်။

“ဟားဟား.... အဲ့ဒီလို ရည်ရွယ်ချက်တော့ ရှိပါတယ်၊ ဒါပေမဲ့ အတိအလင်းကြီးတော့ မပြောရသေးဘူးပဲ ဆိုပါတော့"

စီမာဟွေ့နန်က အမိန့်ကို နားလည်ကြောင်း ခေါင်းညိတ်ပြသည်။

“ဒါနဲ့ ကျွန်မသိချင်တာလေး မေးပါရစေ.... ဘာလို့ နန်ကုန်းမျိုးနွယ်စုနဲ့ မပူးပေါင်းတာလဲရှင်.... အမှန်ဆို လော့ထျန်းက သူတို့နဲ့ ပိုပြီး ရင်းနှီးတာ မဟုတ်ဘူးလား”

“နန်ကုန်းကျင်း.... ”

လော့ချန်က ထိုအမည်ကို ရေရွတ်လိုက်ပြီး ဖြည်းညင်းစွာ ဆက်ပြောသည်။

“သူက အကျိုးအမြတ်ကို အရမ်း ဦးစားပေးလွန်းတယ်၊ ခိုင်မာတဲ့ မဟာတာအို ကျိန်ဆိုချက် မရှိဘဲနဲ့တော့ သူ့ကို ယုံကြည်လို့ မရဘူး"

စီမာဟွေ့နန် ခေတ္တမျှ မှင်သက်သွားပြီးနောက် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါတော့ အမှန်ပါပဲ”

သူမသည် ဘာမျှမသိသော အဆင့်နိမ့် ကျင့်ကြံသူ မဟုတ်ပေ။ လော့ချန်သည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ပတ်သက်သော အရေးကြီးသည့် ကိစ္စရပ်တိုင်းကို သူမအား အမြဲ အသိပေးထားလေ့ရှိသည်။

နန်ကုန်းကျင်းသည် အရာရာထက် အကျိုးအမြတ်ကိုသာ အမြဲ တန်ဖိုးထားသူ ဖြစ်သည်။ ဟိုအရင်တစ်ချိန်ကလည်း မြောင်ဝမ် စိတ်ညိုညင်မှာ စိုးသဖြင့် လော့ချန်နှင့် ပူးပေါင်းရန် လုံးဝ ငြင်းဆန်ခဲ့ဖူးသည်။ သို့သော် လော့ချန်၏ အလားအလာကို မြင်လိုက်ရသည့် ခဏမှာပင် သူ ချက်ချင်း သဘောထား ပြောင်းလဲခဲ့သည်။ မှော်ရတနာ တစ်ခုတည်းအတွက်နှင့် သူသည် မိတ်ဆွေဟောင်းတစ်ဦးကို စွန့်ပစ်ရန် ဝန်မလေးခဲ့သလို အဘိုးကြီးတွမ်ကိုပင် ကိုယ်တိုင် တိုက်ခိုက်ခဲ့သေးသည်။ လေယူရာယိမ်း အခွင့်အရေးသမား ဖြစ်ပြီး တွက်ကိန်း အလွန်များတတ်သည်မှာ နန်ကုန်းကျင်း၏ ပင်ကိုယ်စရိုက်ပင် ဖြစ်သည်။

လော့ချန် တံခါးပိတ် ကျင့်ကြံနေစဉ်က ကျောက်စိမ်းအမြုတေဆေးလုံး မလုံလောက်သော အခါတွင်လည်း နန်ကုန်းကျင်းသည် လော့ချန် အဆင့်တက်လှမ်းရန် ကျင့်ကြံနေခြင်းကို သိသည့်တိုင် တောင်ပေါ်သို့ အတင်းတက်ပြီး နှောင့်ယှက်ရန် ကြိုးစားခဲ့ဖူးသည်။

နန်ကုန်းကျင်းနှင့် လက်တွဲရန်မှာ ကြီးမားသော ဘုံအကျိုးစီးပွားနှင့် သူ့အား ထိန်းချုပ်နိုင်မည့် အားသာချက်တစ်ခု လိုအပ်သည်။ မဟုတ်ပါက သူသည် စိတ်ကူးပေါက်သလို ထလုပ်တတ်ပြီး ကြားနေခွထိုင်သမားဖြစ်၍ ယုံကြည်မရနိုင်ပေ။

လီမျိုးနွယ်စုမှာမူ ဆန့်ကျင်ဘက်ပင်။

“လီရီရှန်းကတော့ စိတ်နေစိတ်ထား ပိုပြီး ရိုးရှင်းတယ်၊ သူက ပြတ်တယ်.... လီမျိုးနွယ်စုကို ထိန်းသိမ်းစောင့်ရှောက်တယ်.... သူ့ကျင့်ကြံမှုကို သွေးရိုးသားရိုးလောဘမကြီးဘဲ အားထုတ်တယ်.... အဲဒီတော့ သူ့မျိုးနွယ်စုရဲ့အနာဂတ်နဲ့ သူ့အသက်ကို စ ရန်မရှာသရွေ့ သစ္စာမဖောက်မဲ့ မိတ်ဆွေထဲမှာ ပါတယ်....”

လော့ချန်၏ စကားများကို ကြားရသောအခါ စီမာဟွေ့နန်မှာ အတွေးထဲသို့ နစ်မြုပ်သွားတော့သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် တက်လှမ်းခြင်း ဂုဏ်ပြုပွဲတွင် လီရီရှန်းသည် သူမ၏ အတွေ့အကြုံများကို ဝေမျှပေးခဲ့သည်မှာ သူတို့၏ တရားဝင် မဟာမိတ် သဘောတူညီချက်၏ ပြင်ပမှ အပိုပေးသော ကျေးဇူးတရား တစ်ခုဖြစ်ကြောင်း သူမ ပြန်လည် သတိရလိုက်သည်။

ထိုအမျိုးသမီးမှာ အမှန်တကယ်ပင် စိတ်သဘောထား ကြီးမားသူ ဖြစ်သည်။

လော့ချန်၏ လူတစ်ယောက်ချင်းစီ စရိုက်အလိုက် မည်သို့မည်ပုံ ကိုင်တွယ်ရမည် ကောင်းကောင်းသိနေသော အချက်ကိုလည်း စီမာဟွေ့နန် အထင်ကြီးသွားသည်။

“နားလည်ပါပြီ ခေါင်းဆောင်.... ကျွန်မ တွမ်ဖုန်းဆီသွားပြီး အမိန့်ထုတ်လိုက်ပါ့မယ်၊ ခန်းမခေါင်းဆောင် ခုနစ်ယောက်ကိုပဲ ပေးသိထားလိုက်ပါ့မယ်"

“ကောင်းပြီ.... သွားတော့"

စီမာဟွေ့နန်သည် ရိုသေစွာ ဦးညွှတ်လိုက်ပြီးနောက် အခန်းထဲမှ ချက်ချင်း ထွက်ခွာသွားသည်။ သူမ၏ ထွက်ခွာသွားသော အရိပ်ကို ကြည့်ရင်း လော့ချန် ကျေနပ်မှုကို ခံစားလိုက်ရသည်။ နောက်ဆုံးစကားဖြစ်သော ‘ခန်းမခေါင်းဆောင် ခုနစ်ယောက်ကိုပဲ ပေးသိထားလိုက်ပါ့မယ်’ ဆိုသည်မှာ သူ ခိုင်းထားခြင်း မဟုတ်ပေ။ သို့သော် သူမ ချက်ချင်း နားလည်သွားပြီး သင့်လျော်သလို လုပ်ဆောင်ခဲ့သည်။

ဤအမျိုးသမီးသည် မကြာသေးမီ နှစ်များအတွင်း အမှန်တကယ် တိုးတက်လာခဲ့သည်။ သူမတွင် စစ်မှန်သော ခေါင်းဆောင်တစ်ဦး၏ အရှိန်အဝါ ရှိနေပြီ ဖြစ်သည်။ ယခင်ကကဲ့သို့ တစ်ဖက်သက် ကြည့်တတ်သော စိတ်ဓာတ်မျိုး မရှိတော့ဘဲ လော့ထျန်းအဖွဲ့ တစ်ခုလုံး၏ ရှုထောင့်မှနေ၍ စဉ်းစားတတ်လာခဲ့ပြီ ဖြစ်သည်။

“ဩော်.... သူ့ရဲ့ ကျင့်ကြံအဆင့်သာ ထပ်မြင့်လာမယ်ဆိုရင် ပိုပြီးတောင် အသုံးဝင်လာဦးမှာပဲ"

“ကြည့်ရသလောက်.... သူ့ချီစွမ်းအား လှုပ်ခတ်မှုအရဆိုရင် ချီသန့်စင် အထွတ်အထိပ် ရောက်ဖို့ သိပ်မလိုတော့ဘူး.... အဆင်ပြေရင် ငါ.... သူ့အတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ပေးထားရတော့မလား"

စီမာဟွေ့နန်နှင့် ပတ်သက်၍ လော့ချန်၏ သဘောထားမှာ အလွန်ပင် ရှင်းလင်းသည်။ သူ၏ မိတ်ဆွေရင်းများဖြစ်သော မုရုံချင်းလျန်၊ ကူချိုင်ယီ သို့မဟုတ် တွမ်ဖုန်းတို့နှင့် မတူသည်မှာ သူသည် စီမာဟွေ့နန်ကို လက်အောက်ငယ်သား တစ်ဦးအဖြစ်သာ အမြဲ ရှုမြင်ခဲ့ခြင်း ဖြစ်သည်။ သူတို့ကြားတွင် စိတ်ခံစားချက်၊ သူငယ်ချင်းသံယောဇဉ် သို့မဟုတ် အချစ်ဟူ၍ မရှိပေ။ သူ တန်ဖိုးထားသည်မှာ သူမ၏ အရည်အချင်းသာ ဖြစ်သည်။ သူမအနေဖြင့် သူ့အတွက် တန်ဖိုးရှိသော အရာများကို ဆက်လက် ဖန်တီးပေးနေသရွေ့ သူ့အနေဖြင့်လည်း သူမအား ရက်ရက်ရောရော ဆုလာဘ်များ ပေးရန် အမြဲ အသင့်ရှိနေသည်။

အခြေခံတည်ဆောက်ခြင်း ဟူသည်မှာ သူမ အလိုချင်ဆုံးသော အရာဖြစ်မည်မှာ အသေအချာပင်။ လက်ရှိနေရာတစ်ခုရောက်နေသော လော့ချန်အတွက်မူ အရည်အချင်းရှိသော လူတစ်ယောက်ကို အခြေခံတည်ဆောက်ခြင်းအဆင့် တက်လှမ်းနိုင်ရန် ကူညီပေးခြင်းမှာ အလွန်အမင်း ခက်ခဲလှသည် မဟုတ်ပေ။ အမှန်တကယ်တွင်မူ ပါရမီကောင်းသူ တစ်ယောက်ကို ကူညီရန်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများစုအတွက် မခက်ခဲလှပေ။

မီရှုဟွာပင်လျှင် အခြေတည်ဆေးလုံး တစ်လုံးကို ရရှိအောင် လုပ်နိုင်ခဲ့သေးသည်။ ဝမ်ဟိုင်ချောင်တို့လည်း ထိုနည်းတူပင်ဖြစ်သည်။ အဘိုးကြီးတွမ်မှာမူ ပို၍ပင် ဆိုးသေးသည်။ သူသည် မြေးဖြစ်သူ တွမ်ရွှေအတွက် အခြေတည်ဆေးလုံး နှစ်လုံးနှင့် နှစ်ရှစ်ရာသက်တမ်းရှိသော မြေကမ္ဘာအမြစ်ကိုပင် ပြင်ဆင်ပေးခဲ့သည်။

သို့သော် သူတို့အားလုံးမှာ အကြောင်းအမျိုးမျိုးကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို အောင်မြင်အောင် မပျိုးထောင်နိုင်ခဲ့ကြပေ။

မီရှုဟွာမှာ အလွန် ဟန်ဆောင်ကောင်းလွန်းခဲ့ပြီး ဝမ်ဟိုင်ချောင်မှာ စိတ်သဘောထား ကျဉ်းမြောင်းလွန်းခဲ့သည်။ တွမ်ချန်ခွန်း အဖို့မှာမူ အမှန်ပင် ရင်နာစရာ ကောင်းလှသည်။ ထိုအဘိုးကြီးသည် သူ့ဘက်မှ အပြည့်အဝဖန်တီးပေးလျက်နှင့် ငဖျင်းတွမ်ရွှေ အသုံးမကျခြင်းဖြစ်သည်။

‘အချိန်တန်ရင် ဟွေ့နန်လည်း ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ’

လော့ချန် သက်ပြင်းကို ခပ်ဖွဖွ ချလိုက်ပြီးနောက် သူ၏ စိတ်အာရုံကို ပြန်လည် စုစည်းလိုက်သည်။ ဆေးအဆိပ်များကို ဖယ်ရှားရန် နည်းလမ်း မရှိသေးသဖြင့် သူ၏ နေ့စဉ် ကျင့်ကြံခြင်းမှာ ပို၍ပင် အရေးကြီးလာသည်။

အခြေခံတည်ဆောက်ခြင်းအဆင့်တွင် စိတ်ဝိညာဉ်စွမ်းအား မြင့်တက်လာခြင်းနှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း ပထမအဆင့် ပြီးမြောက်သွားခြင်းကြောင့် သူ၏ နွယ်မြက်သစ်ပင် ဆေးဘုရင်ကျမ်း နေ့စဉ် ကျင့်ကြံချိန်မှာ သိသိသာသာ တိုးလာခဲ့သည်။

တစ်ကြိမ်လျှင် တစ်နာရီ ကြာမြင့်ပြီး တစ်နေ့လျှင် ငါးကြိမ်အထိ သူ ကျင့်ကြံနိုင်သည်။ တစ်ခုတည်းသော ပြဿနာမှာ ထိရောက်မှုပင် ဖြစ်သည်။ သင်္ဘောပေါ်တွင် ချီစုဆုံအစီအရင်ငယ်တစ်ခု ရှိနေသော်လည်း လိုသလောက်မရသဖြင့် သိပ်မထိရောက်ပေ။ မည်သို့ပင်ဆိုစေ သင်္ဘောပေါ်တွင် ဝိညာဉ်ကြောများ မရှိသည်မှာ အမှန်ပင်။

“အင်း.... ဟိုရောက်ရင် ဝိညာဉ်ကြောရှိတဲ့ နယ်မြေတစ်ခုကိုတော့ မဖြစ်မနေ ရှာရမယ်၊ ပထမအဆင့် ဝိညာဉ်ကြောကတော့ မလုံလောက်ဘူး၊ ငါ့ရဲ့ ပါရမီက အရမ်း ညံ့လွန်းတာ၊ အနည်းဆုံး ဒုတိယအဆင့် ဝိညာဉ်ကြောတော့ လိုအပ်လိမ့်မယ်.... မဟုတ်ရင်တော့.... ငါ နောက်တစ်ဆင့် တက်ဖို့ကို နှစ်ပေါင်းတစ်ထောင်လောက် ကျင့်ကြံနေရလိမ့်မယ်”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၀၄) - ချင်လျန်ချန်း၏ ဗဟုသုတနှင့် နတ်ဘုရားမြို့တော်များအကြောင်း တစေ့တစောင်း

ကျောက်စိမ်းအိုးနယ်မြေကား အလွန်တရာ ကျယ်ပြောလှသည်။ ဆေးဘုရင်နယ်မြေကဲ့သို့ မိုင်ပေါင်းသောင်းချီ မကျယ်သော်လည်း စစ်မှန်သော နယ်မြေကြီးတစ်ခု၏ ခန့်ညားထည်ဝါမှုမျိုး ရှိပေသည်။

ဤမျှ ကျယ်ဝန်းလှသော နယ်မြေကြီးတစ်ခုလုံးကို ကျောက်စိမ်းအိုးဓားဂိုဏ်း တစ်ခုတည်းက လက်ဝါးကြီးအုပ်ထားရန်မှာ မဖြစ်နိုင်ပေ။ ထိုဂိုဏ်းသည် နာမည်ခံအားဖြင့်သာ ဤနယ်မြေ၏ အရှင်သခင်အဖြစ် တည်ရှိနေခြင်း ဖြစ်သည်။ နယ်မြေအတွင်း၌ ကျောက်စိမ်းအိုးဓားဂိုဏ်းကို အရှင်သခင်အဖြစ် ထားရှိပြီး ၎င်းအောက်တွင် ရွှေအမြုတေအဆင့် ဂိုဏ်းကြီး ခြောက်ဂိုဏ်း ရှိနေကာ စုပေါင်း၍ ကျောက်စိမ်းအိုးခုနစ်ဂိုဏ်းဟု ခေါ်ဝေါ်ကြသည်။ ၎င်းတို့အောက်တွင်လည်း ဂိုဏ်းငယ်လေးများစွာ ရှိနေသေးသည်။

ဂိုဏ်းများ ပိုင်ဆိုင်သော နယ်မြေများအပြင် မသေမျိုးနတ်ဘုရားမြို့တော်များနှင့် ဈေးမြို့တော်များကို ဗဟိုပြု၍ တည်ရှိနေသော တစ်ကိုယ်တော် ကျင့်ကြံသူများ၏ အချက်အခြာ နေရာများလည်း ရှိသေးသည်။ အချို့သော မသေမျိုး နတ်ဘုရားမြို့တော်ကြီးများမှာ အဆင့်မြင့် ဝိညာဉ်ကြောများကို ပိုင်ဆိုင်ထားကြပြီး သာမန် ရွှေအမြုတေအဆင့်ရှိ ဂိုဏ်းများဖြင့်ပင် အင်အားမတိမ်းမယိမ်းဖြစ်နေသည်ဟု ဆိုရမည်။

ဈေးမြို့တော်များမှာမူ တမူထူးသည်ဟု ဆိုရမည်။ အကြောင်းမူ ကျောက်စိမ်းအိုး နယ်မြေတစ်ခုလုံးတွင် အဆင့်မြင့် ဈေးမြို့တော်ကြီး တစ်ထောင်ကျော် ရှိသည်။ ဈေးမြို့တော်ငယ်လေးများမှာမူ မြစ်ထဲမှ ငါးများပမာ မရေမတွက်နိုင်အောင် များပြားလှသည်။ ချီစွမ်းအင် ကြွယ်ဝသော နေရာ သို့မဟုတ် လမ်းဆုံလမ်းခွများ ရှိရာနေရာတိုင်းတွင် ကျင့်ကြံသူများသည် ဈေးမြို့တော်ငယ်လေးများကို တည်ထောင်လေ့ ရှိကြသည်။ အချို့သော စည်ကားလှသော ဈေးမြို့တော်များသည် ဂိုဏ်းကြီးများ၏ အာရုံစိုက်မှုကို ခံရတတ်ပြီး နောက်ဆုံးတွင် ထိုဂိုဏ်းများနှင့် ဆက်နွှယ်နေသော လုပ်ငန်းများ ဝင်ရောက် အခြေချလာကြတော့သည်။

ဤမျှ များပြားလှသော ဈေးမြို့တော်များအကြား တာဟဲဈေးမြို့တော်မှာမူ ရှားရှားပါးပါး ခြွင်းချက်တစ်ခု ဖြစ်သည်။ အကြောင်းမူ ၎င်း၏ တိုးတက်လာမှုမှာ မည်သည့် တစ်ဦးတစ်ယောက်ကြောင့်မျှ မဟုတ်ဘဲ ၎င်း၏ တည်နေရာကြောင့်သာ ဖြစ်သည်။ အရှေ့ပိုင်းလွင်ပြင်ကြီး၏ အစွန်းတွင် တည်ရှိပြီး လူသူအရောက်အပေါက်နည်းသော ဝမ်တောင်တန်းကြီးနှင့် မျက်နှာချင်းဆိုင် တည်ရှိနေသဖြင့် မဟာဗျူဟာမြောက်သော နေရာတစ်ခုဖြစ်လေရာ တန်ဖိုးမှာ အလွန်ပင် ကြီးမားလှသည်။ ထို့ကြောင့် ကြွယ်ဝလှသော သယံဇာတများနှင့် ပေါင်းစပ်ကာ အချိန်ကြာလာသည်နှင့်အမျှ လူဦးရေမှာလည်း တစ်စတစ်စ တိုးပွားလာခဲ့ခြင်း ဖြစ်သည်။

တာဟဲဈေးမြို့တော်နှင့် နှိုင်းယှဉ်ကြည့်ပါက ပတ်ဝန်းကျင်ရှိ အခြားဈေးမြို့တော်များသည် သာမန်ကာလျှံကာအဆင့်မျှသာ ရှိသည်။ တာဟဲနှင့် အလားတူ မဟာဗျူဟာမြောက် အရေးပါသော နှင်းကြာပန်းဈေးမြို့တော်မှလွဲ၍ ကျန်ရှိသော ဈေးမြို့တော်များမှာ ထူးခြားဆန်းပြားသော အားသာချက်များ မရှိကြပေ။ တစ်ခုရှိသည်မှာ ထိုမြို့များအားလုံးသည် တာဟဲဈေးမြို့တော်နှင့် အလွန်ပင် ဝေးကွာလှသည်။ ဒုတိယ အနီးဆုံးဖြစ်သော ထိုက်ရှန်းပင်လျှင် ခေါင်ဖျားလှသော တာဟဲသို့ရောက်ရန် တောရိုင်းမြေများကို ဖြတ်ကျော်၍ မိုင်ပေါင်း ၈၀၀၀ ကျော် ခရီးနှင်ရသည်။ မိုင် ၈၀၀၀ ဆိုသည်မှာ ဝေးကွာလှသည်ဟု ထင်ရသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ အစွမ်းကုန် ပျံသန်းလျှင် တစ်ရက် နှစ်ရက်ခရီးသာ ဖြစ်သည်။

သို့သော် ပုံမှန်အားဖြင့် မည်သူမျှ ဤလမ်းကို မဖြတ်သန်းကြပေ။ အကွာအဝေးကြောင့်သာ မဟုတ်ဘဲ ဈေးမြို့တော်နှစ်ခုအကြားထဲတွင် ရှိနေသော အဆုံးအစမဲ့လေဟန်ရှိသည့် တောရိုင်းနယ်မြေကြီးကြောင့် ဖြစ်သည်။ နန်ဝါးနှင်းတောင်တန်းနှင့် မိုးကြိုးကိုးတောင်တန်းကဲ့သို့သော မြင့်မားလှသော တောင်တန်းကြီးများမှာ လမ်းခုလတ်တွင် တည်ရှိနေပြီး အန္တရာယ် အလွန်ပင် များလှသည်။ ထိုနေရာများတွင် မိစ္ဆာသားရဲများစွာ ရှိနေပြီး တတိယအဆင့် သားရဲများပင် သွားလာနေသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပင်လျှင် ထိုဒေသများကို ဖြတ်သန်းသည့်အခါ လွန်စွာ သတိထားကြရသည်။

ချီသန့်စင်အဆင့်ရှိသော တစ်ကိုယ်တော် ကျင့်ကြံသူများ သို့မဟုတ် သာမန်လူသားများအတွက်မူ ထိုမိုင် ၈၀၀၀ ခရီးမှာ ငရဲလမ်းပင် ဖြစ်ပေလိမ့်မည်။ ယခင်က တာဟဲဈေးမြို့တော်သို့ ရောက်ရှိလာသူ အများစုမှာ အစောင့်အရှောက် ကောင်းမွန်သော ကုန်သည်အုပ်စုများနှင့် လိုက်ပါလာခြင်း သို့မဟုတ် တာကျန်းဂိုဏ်း၏ သင်္ဘောများကို အားကိုးကာ ဘေးကင်းစွာ ဖြတ်ကျော်ခဲ့ကြခြင်း ဖြစ်သည်။ ခြေလျင်ခရီးဖြင့် ဘေးကင်းစွာ ရောက်လာနိုင်သူမှာ အလွန်ပင် ရှားပါးလှသည်။

ယခုမူ အဓိက အင်အားစု လေးခုစလုံးသည် မျိုးနွယ်စုများ၊ နောက်လိုက်များနှင့် ပိုင်ဆိုင်မှုများအားလုံးကို သယ်ဆောင်ကာ ရွှေ့ပြောင်းနေကြခြင်း ဖြစ်ရာ သူတို့၏ ခရီးမှာ မလွှဲမရှောင်သာဘဲ နှေးကွေးနေတော့သည်။ လူစုလူဝေးကြီးဖြင့် ရွှေ့ပြောင်းခြင်းမှာ အလျင်စလို လုပ်၍ မရနိုင်ပေ။

ပြီးခဲ့သော ငါးရက်အတွင်း သူတို့သည် စုစုပေါင်း ခရီးစဉ်၏ သုံးပုံတစ်ပုံခန့်ကိုသာ ကျော်ဖြတ်နိုင်ခဲ့ကြသေးသည်။ ရှေ့ဆက်ရမည့် ခရီးမှာ ပို၍ပင် နှေးကွေးပေလိမ့်ဦးမည်။ ရှေ့ရှိ မြေပြင်အနေအထားအရ ဘေးတစ်ဖက်တစ်ချက်တွင် ခိုလှုံစရာ မရှိသကဲ့သို့ ညဘက်တွင် ခရီးသွားရန်မှာလည်း မဖြစ်နိုင်ပေ။ သူတို့၏ တိုးတက်မှုနှုန်းမှာ လိပ်သွားသကဲ့သို့ပင် နှေးကွေးနေတော့သည်။

သို့သော် လမ်းခရီး မည်မျှပင် ဝေးပါစေ၊ ခြေလှမ်းတိုင်းသည် ပန်းတိုင်သို့ နီးကပ်လာစေသည်သာ ဖြစ်သည်။ ပင်လယ်သို့ စီးဝင်နေသော မြစ်များကဲ့သို့ပင် သူတို့သည် တစ်နည်းနည်းဖြင့် လိုရာခရီးကို ရောက်ရှိကြမည်မှာ အမှန်ပင်။

ပဉ္စမမြောက်နေ့တွင် လော့ချန်သည် ကုန်းပတ်ပေါ်၌ တိတ်ဆိတ်စွာ ရပ်နေရင်း လေနုအေးများကို ခံစားနေမိသည်။ မြစ်ရေနံ့ သင်းပျံ့နေသော လေထုမှာ လတ်ဆတ်လှသည်။ လှိုင်းလုံးများမှ ထွက်ပေါ်လာသော ရေမြူများမှာ သူ၏ မျက်နှာကို လာရောက် ရိုက်ခတ်နေပြီး ခရီးပန်း စိတ်ပင်ပန်းမှုများကို ပြေလျော့စေသည်။

“ထိုက်ရှန်းကို ရောက်ဖို့ ဘယ်လောက် လိုသေးလဲ....”

သူ မျက်မှောင်ကြုတ်ကာ မိုးကုပ်စက်ဝိုင်းကို ကြည့်ရင်း တည်ငြိမ်စွာ မေးလိုက်သည်။

သူ၏ ဘေးတွင် ရှိနေသော ချင်လျန်ချန်းက ပြုံးရွှင်စွာဖြင့် ဆိုသည်။

“သိပ်မလိုတော့ပါဘူး.... ဒီမြစ်ကမ်းပါး ပြန့်ပြန့်ကို ကျော်ပြီးတာနဲ့ ရေစုန်အတိုင်း ဆက်သွားရုံပါပဲ.... နောက်ဆုံး တစ်ရက်၊ နှစ်ရက်ဆိုရင် ရောက်ပါပြီ"

“အိုး.... ဒီလောက်တောင် မြန်တာလား”

လော့ချန် ထိုထက် ပို၍ ကြာလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် အဆုံးအဖြတ်စင်မြင့် စတင်ဖွင့်လှစ်စဉ်က အနီးအနားရှိ ဈေးမြို့တော်များမှ ကျင့်ကြံသူများ အလွန် လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်ကို သူ ပြန်လည် သတိရလိုက်သည်။

ကျင့်ကြံသူများအတွက် အကွာအဝေးမှာ များစွာ အရေးမကြီးသည်မှာ ထင်ရှားသည်။ ယခု သူတို့ နှေးကွေးနေရခြင်းမှာ လူအုပ်ကြီးနှင့် အတူ သွားနေရသောကြောင့်သာ ဖြစ်သည်။

လူအုပ်ကြီးဖြင့် သွားနေရသဖြင့် ဒုက္ခများ လိုက်ပါလာမည်မှာလည်း မလွှဲမရှောင်သာပေ။

“ဒါနဲ့.... ဦးလေးချင်.... ဦးလေး အရင်က ပြောဖူးတယ်နော်၊ ရှောင်ဟူကို တိမ်ပြိုဂိုဏ်းဆီ သွားပို့ဖို့ တော်တော် ကြာခဲ့တယ်ဆို”

သူ့သားအကြောင်း ပြောလိုက်သဖြင့် ချင်လျန်ချန်း၏ မျက်နှာထက်ဝယ် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာသည်။ သူ သက်ပြင်းချကာ ဆိုသည်။

“ဟဲဟဲ.... ဟုတ်တယ်.... အဲ့တုန်းကတော့.... တော်တော် ကြာခဲ့ပါတယ်၊ ခြောက်လနီးပါးလောက် ဖြစ်မယ်ထင်တယ်”

“ဟုတ်လား.... ဒါဆို ဦးလေး လမ်းတစ်လျှောက်မှာ နေရာ တော်တော်များများကို ဖြတ်ခဲ့ရမှာပေါ့”

“အင်း.... အမှန်ပါပဲ.... ပထမဆုံး ထိုက်ရှန်းကို ဖြတ်ခဲ့တယ်၊ ပြီးတော့ ယွဲ့လန်းဈေးမြို့တော်.... လမ်းတစ်လျှောက်မှာ ကျင့်ကြံသူ မျိုးနွယ်စုတွေ ပိုင်တဲ့ နယ်မြေတွေကို ရှောင်ခဲ့ရတော့ နေရာအများကြီးကို ကွေ့ပတ်သွားခဲ့ရတာပေါ့.... နောက်ဆုံးတော့ ရွက်လွှာတစ်ထောင်နတ်ဘုရားမြို့တော်မှာ တိမ်ပြိုဂိုဏ်းရဲ့ တပည့်သစ် လက်ခံတဲ့အချိန်ကို တစ်လခွဲလောက် စောင့်လိုက်ရသေးတယ်.... ”

“ဟင် ရွက်လွှာတစ်ထောင်နတ်ဘုရားမြို့တော် ဟုတ်လား.... အဲ့ဒါက မသေမျိုးမြို့တော်ကြီးတွေထဲက တစ်ခု မဟုတ်လားဗျ”

“ဟုတ်တယ်လေ.... အဲ့ဒါက ကျောက်စိမ်းအိုးနယ်မြေရဲ့ အခမ်းနားဆုံး မသေမျိုး မြို့တော်ကြီး ဆယ်မြို့တော်ထဲမှာ အဆင့် ၇ ရှိတယ်.... အား.... ပါး.... ပါး.... အဲ့ဒီမှာ ကျင့်ကြံသူတွေဆိုတာ ပျားတွေလိုပဲ အုံထ များပြားနေတာပဲ၊ ချီသန့်စင်အဆင့်လား.... အဟက်.... အဲ့အဆင့်လောက်ဆို လမ်းဘေးက အမှိုက်လိုပဲ သဘောထားတာ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေဆိုတာ မိုးပေါ်က ပေါချင်းသောချင်း ကျလာတဲ့ မိုးပေါက်တွေလိုပဲ.... ကြုံကြိုက်ရင် ရွှေအမြုတေအဆင့်ရှိတဲ့ စီရင်စုသခင်ကြီးတွေကိုတောင် လမ်းလျှောက်ရင်းတွေ့နိုင်သေးတယ်ကွ...."

ချင်လျန်ချန်း ပြောသည်ကို နားထောင်ရသည်မှာ ရွက်လွှာတစ်ထောင် နတ်ဘုရားမြို့တော်သည်သာ ကျင့်ကြံခြင်းလောက၏ ဗဟိုချက်မကြီး ဖြစ်နေသကဲ့သို့ပင်။ ထိုနေရာမျိုးနှင့် နှိုင်းယှဉ်ပါက တာဟဲဈေးမြို့တော်ကဲ့သို့သော ဝေးလံခေါင်ဖျားသည့် မြို့တော်မှာ ကျေးလက် ဇနပုဒ်ကဲ့သို့ တိတ်ဆိတ်ကာ ကျင့်ကြံသူတစ်ဦးအတွက် လိုအပ်သည့် အရာများစွာ ကင်းမဲ့နေပေလိမ့်မည်။

ချင်လျန်ချန်း၏ လေသံအရ တာဟဲဈေးမြို့တော်နှင့် ထိုမြို့တော်မှာ ကမ္ဘာခြားသကဲ့သို့ပင် ထင်ရလေသည်။ ရွက်လွှာတစ်ထောင်နတ်ဘုရားမြို့တော်ကဲ့သို့သော နေရာတွင် ငွေသာ အပုံလိုက်ရှိပါက ကျင့်ကြံရေး အရေးအမြစ်များမှာ ဘယ်သောအခါမှ ပြတ်လပ်သွားလိမ့်မည် မဟုတ်ဟု ဆိုသည်။ ပစ္စည်းရှားပါးမှု သို့မဟုတ် ဈေးနှုန်းကြီးမြင့်မှုများကို စိုးရိမ်နေရန် မလိုပေ။ တာဟဲဈေးမြို့တော်မှာကဲ့သို့ ဝိညာဉ်ကျောက်တုံးများ အပြည့်ပါသော အိတ်ကြီးရှိသော်လည်း ပစ္စည်းဝယ်မရဘဲ လက်ဗလာဖြင့် ပြန်လာရမည့် အခြေအနေမျိုး မရှိပေ။ ထိုသို့သော အခြေအနေများကြောင့်ပင် အင်အားစုများနှင့် အဖွဲ့အစည်းများစွာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အလွန်ကြီးမားသော မသေမျိုး မြို့တော်ကြီးတစ်ခု၏ ပတ်ဝန်းကျင်တွင် ကျင့်ကြံသူ မျိုးနွယ်စု ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ရှိနေတတ်သည်။

“ဟူး.... တကယ်တော့လေ.... အဲဒီလို ပတ်ဝန်းကျင်မျိုးကမှ လော့ထျန်းအဖွဲ့ ကြီးထွားဖို့အတွက် ပိုပြီး သင့်တော်တာ...."

ချင်လျန်ချန်းက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။

“ခက်တာက ရွက်လွှာတစ်ထောင် နတ်ဘုရားမြို့တော်က ဒီကနေ အရမ်းဝေးတယ်၊ ပြီးတော့ တိမ်ပြိုဂိုဏ်းနဲ့လည်း ကပ်နေတော့ အခြေအနေမငြိမ်လောက်ဘူး.... အဲ့ဒီဒေသဝန်းကျင်က ဂိုဏ်းအချင်းချင်း စစ်ပွဲတွေ ဖြစ်နေတာလေ"

လော့ချန်က လေးလေးနက်နက် တွေးသွားဟန်ဖြင့် ဆိုသည်။

“ဒါဆို ထျန်းလန်နတ်ဘုရားမြို့တော်ကရော.... ဦးလေးချင် အမြင်ပြောကြည့်ပါဦး.... ”

ချင်လျန်ချန်းသည် ထိုမေးခွန်းကြောင့် ခေတ္တမျှ မှင်သက်သွားသည်။

“အမ်.... အင်း၊ အဲ့ဒီနေရာကတော့ ဒီနဲ့ ပိုနီးတာ အမှန်ပဲ၊ တကယ်လို့ ငါတို့ ကွေ့ပတ်မသွားဘူးဆိုရင် တောက်ပစမ်းရေ ဈေးမြို့တော်ကို ဖြတ်ပြီး တစ်လ၊ နှစ်လအတွင်း ရောက်နိုင်တယ်"

“တစ်လ၊ နှစ်လပဲကြာမှာပေါ့.... ဒါနဲ့ အဲ့ဒီက အခြေအနေကရော ဘယ်လိုလဲဗျ”

လော့ချန်ကို ကြည့်ရင်း ချင်လျန်ချန်း၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ဖြတ်ပြေးသွားသည်။ လော့ချန်တစ်ယောက် လော့ထျန်းအဖွဲ့တစ်ဖွဲ့လုံးကို ထျန်းလန်နတ်ဘုရားမြို့တော်ဆီ ပြောင်းရန် စဉ်းစားနေသလော ဟု အတွေးစဝင်သွားသည်။ သို့သော် သူ လော့ချန်၏ မေးခွန်းကို အလေးအနက် ပြန်ဖြေပေးလိုက်သည်။

“အင်း.... ယေဘူယျကြည့်ရင်တောင် ထျန်းလန်နဲ့ ရွက်လွှာတစ်ထောင် နတ်ဘုရားမြို့တော်က တော်တော်လေး ကွာတယ်ပြောရမယ်.... ဘယ်လိုကွာတာလဲဆိုတော့ ဒီလိုရှိတယ်.... ရွက်လွှာတစ်ထောင်နတ်ဘုရားမြို့တော်ကို တိမ်ပြိုဂိုဏ်းနဲ့ တခြား ဂိုဏ်းသုံးဂိုဏ်းက အဓိက ကျောထောက်နောက်ခံလုပ်ပေးထားတာ.... ထျန်းလန်နတ်ဘုရားမြို့တော်ကတော့ ကျောက်စိမ်းအိုးနယ်မြေရဲ့ အဓိက ဂိုဏ်းကြီး ခုနစ်ဂိုဏ်းစလုံးက ဘုံရန်ပုံငွေနဲ့ မ တည် ထားတာလို့ကြားတယ်.... ထျန်းလန်ရဲ့ပထဝီဝင် အနေအထားအရလည်း ဘယ်ဂိုဏ်းရဲ့ ဗဟိုချက်မမှာမှ မရှိဘူး၊ ပြီးတော့လဲ အခုဆိုရင်....”

ချင်လျန်ချန်းသည် လော့ထျန်း၏ အဖွဲ့ဝင် အနည်းငယ်ထဲတွင် မကြာသေးမီ နှစ်များအတွင်း တာဟဲပြင်ပသို့ ခရီးလှည့်လည်ခဲ့သူ တစ်ဦး ဖြစ်သည်။ သူ၏ အတွေ့အကြုံနှင့် ဗဟုသုတမှာ တာဟဲဒေသခံ ကျင့်ကြံသူများထက် များစွာ သာလွန်သည်။ သူ၏ ရှင်းပြချက်များကို နားထောင်ရင်းနှင့် လော့ချန်သည် ကျောက်စိမ်းအိုးနယ်မြေ၏ ကျယ်ပြန့်လှသော ဖွဲ့စည်းပုံကို အကြမ်းဖျင်း နားလည်လာခဲ့သည်။

ကျောက်စိမ်းအိုး နယ်မြေအား ဂိုဏ်းခုနစ်ဂိုဏ်း၏ သြဇာအာဏာဖြင့် ထိန်းချုပ်ထားပြီး ဂိုဏ်းတစ်ဂိုဏ်းစီသည် ၎င်းတို့၏ ကိုယ်ပိုင် နတ်ဘုရားမြို့တော်ကြီးများကို ဘုရင်ခံသဘောမျိုး အုပ်ချုပ်ကြသည်။ ထိုနတ်ဘုရားမြို့တော် ခုနစ်ခုအပြင်၊ ဗျူဟာမြောက် အရေးပါသော ဒေသများတွင် အခြားသော နတ်ဘုရားမြို့တော်ကြီး သုံးခုကို စုပေါင်း ရန်ပုံငွေဖြင့် တည်ဆောက်ကာ အသီးသီး အုပ်ချုပ်ထားကြသည်။ ၎င်းတို့ကို စုပေါင်း၍ ကျောက်စိမ်းအိုးနယ်မြေ၏ နာမည်ကျော် မသေမျိုး ဆယ်မြို့တော်ဟု ခေါ်ဆိုကြသည်။

လော့ချန်သည် ထိုမြို့တော်များနှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် လျန်ယွန်း ကုန်သွယ်ရေး မဟာမိတ်နှင့် ရင်းနှီးပြီးသား ဖြစ်သည်။ ၎င်း၏ အဖွဲ့ချုပ်နေရာမှာ ထျန်းလန်နတ်ဘုရားမြို့တော်တွင် တည်ရှိသည်။ ထိုမြို့ကို ဝန်းရံထားသည်မှာ ထင်ရှားသော ဂိုဏ်းကြီး သုံးဂိုဏ်းဖြစ်သည့် အိုက်လောင်တောင်၊ ရေခဲခံတပ်နှင့် ပန်းမျိုးတစ်ရာနန်းတော်တို့၏ နယ်မြေများ ဖြစ်သည်။

အမည်ခံအရသာ ကျောက်စိမ်းအိုး နယ်မြေတစ်ခုလုံးသည် ကျောက်စိမ်းအိုးဓားဂိုဏ်း၏ ပိုင်ဆိုင်မှုဟု ဆိုဖွယ်ရာရှိသော်လည်း လက်တွေ့တွင်မူ ဂိုဏ်းကြီးတစ်ဂိုဏ်းနှင့် ဂိုဏ်းငယ် ခြောက်ဂိုဏ်း ပူးပေါင်း၍ အုပ်ချုပ်သော စနစ်ဖြင့် လည်ပတ်နေခြင်း ဖြစ်သည်။

အချို့သော ဈေးမြို့တော်များသည် သီးခြားဂိုဏ်းများနှင့် ဆက်နွှယ်နေကြသည်။ ဥပမာအားဖြင့် နှင်းကြာပန်းဈေးမြို့တော်သည် ရေခဲခံတပ်၏ လက်အောက်တွင် ရှိပြီး ထိုက်ရှန်းဈေးမြို့တော်သည် မီးလျှံမဟာမိတ်၏ သြဇာအောက်တွင် ရှိသည်။ တာဟဲဈေးမြို့တော်မှာမူ ထိုဈေးမြို့တော်များနှင့် လုံးဝ ကွဲပြားသည်။ ၎င်းသည် ကျောက်စိမ်းအိုးဓားဂိုဏ်းမှ အဝေးမှနေ၍ လျော့ရဲစွာ စီမံခန့်ခွဲသော သီးခြား နယ်မြေတစ်ခုနှင့် ပို၍ တူပေသည်။

ဂိုဏ်းများသည် ထိုမသေမျိုးမြို့တော်များနှင့် ဈေးမြို့တော်များမှတစ်ဆင့် ၎င်းတို့၏ နယ်မြေများကို ထိန်းချုပ်ထားပြီး ကျင့်ကြံခြင်း အရင်းအမြစ်များကို တတ်နိုင်သမျှ သိမ်းကျုံးယူကာ စီမံအုပ်ချုပ်ကြသည်။ ထို့အပြင် ချီစွမ်းအင် မရှိသော ကျယ်ပြန့်လှသော မြေများကိုလည်း တိုးချဲ့ကာ သာမန်ကျင့်ကြံသူများကို ၎င်းတို့၏ သွယ်ဝိုက်သော အုပ်ချုပ်မှုအောက်တွင် နေထိုင်စေကြသည်။

သာမာန်လူများနေထိုင်သည့် နိုင်ငံများ၊ ဈေးမြို့တော်များ၊ ကျင့်ကြံသူ မျိုးနွယ်စုများ၊ မသေမျိုးမြို့တော်များ၊ ရွှေအမြုတေအဆင့်ရှိ ဂိုဏ်းကြီးများနှင့် ဝိညာဉ်သန္ဓေတည်အဆင့်ရှိ ဂိုဏ်းကြီးများ.... စသည်တို့မှာ အလွှာလိုက် အထပ်ထပ် တည်ရှိနေကြပြီး ကျောက်စိမ်းအိုးနယ်မြေကို လက်ရှိတွင် အင်အားကြီးကာ အစည်ကားဆုံးသော အင်အားစုကြီး ဖြစ်လာအောင် ပုံဖော်ထားခြင်း ဖြစ်သည်။

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် လော့ချန်၏ မျက်နှာထားမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

ချင်လျန်ချန်းမှာ လော့ချန်၏ အပြောင်းအလဲကြောင့် ဇဝေဇဝါ ဖြစ်သွားရသော်လည်း ရှေ့ဘက်မှ ထွက်ပေါ်လာသော ရုတ်ရုတ်သဲသဲ အော်ဟစ်သံများကြောင့် စကားစ ပြတ်သွားတော့သည်။

“ဟေ့.... လုပ်ကြပါဦး.... မြုပ်နေပြီ.... မြုပ်နေပြီဟေ့”

“အမလေး.... ဘာကြီးလဲဟေ့.... အောက်ကို ဆွဲချနေတာ ဘာကောင်ကြီးလဲ”

“အလို.... ဘုရားရေ.... အဲ့ဒါ ဘယ်လို မိစ္ဆာကောင်ကြီးလဲ”

ဝုန်း.... ဝုန်း....

မြစ်ရေပြင်ထက်တွင် နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ လှိုင်းလုံးကြီးများ ထကြွလာတော့သည်။

“ဦးလေးချင်.... တခြားအဖွဲ့ဝင်တွေနဲ့ သွားပူးပေါင်းလိုက်ပါ”

ထို့နောက် လော့ချန်သည် နောက်သို့ လှည့်မကြည့်ဘဲ ကောင်းကင်သို့ ပျံတက်လိုက်သည်။ သူ၏ ခြေဖဝါးအောက်တွင် ဖြူလွလွ တိမ်တိုက်တစ်ခု ပေါ်လာပြီး သူ့အား မိုးပေါ်သို့ လျင်မြန်စွာ သယ်ဆောင်သွားသည်။ ခဏချင်းမှာပင် သူသည် သစ်ပင်ထိပ်များထက်သို့ ရောက်ရှိသွားပြီး အဝေးတွင် ဖြစ်ပျက်နေသည်များကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

သူမြင်ရသောမြင်ကွင်းမှာ ပေပေါင်း ရာနှင့်ချီ၍ ကျယ်ဝန်းသော ဧရာမ ရေဝဲကြီးတစ်ခုသည် ကျယ်ပြောလှသော လန်ချန်းမြစ်၏ အလယ်ဗဟိုတွင် ဖြည်းညင်းစွာ လည်ပတ်နေသည်။ နှေးကွေးသည်ဟု ထင်ရသော်လည်း ထိုရေဝဲကြီးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကျယ်ပြန့်လာလေသည်။

လော့ချန် လှမ်းကြည့်လိုက်သည့် အချိန်တွင် ရှေ့ဆုံးမှ ဦးဆောင်လာသော သင်္ဘောငယ်မှာ တစ်ဝက်ခန့် မြုပ်နေပြီ ဖြစ်သည်။ ထိုသင်္ဘောတွင် အသက်သွင်းထားသော အကာအကွယ် အစီအရင်မှာမူ ထိုရေဝဲထဲသို့ မဝင်မီ တစ်ခဏမျှပင် မခံဘဲ ပျောက်ကွယ်သွားခဲ့ရသည်။

ထောင်ပေါင်းများသော ကျင့်ကြံသူများသည် သင်္ဘောပေါ်မှ ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးနေကြသည်။ သို့သော် သူတို့ မည်မျှပင် ပျံသန်းပါစေ၊ ထိုရေဝဲကြီး၏ ဆွဲအားမှ မလွတ်မြောက်နိုင်ကြပေ။

မြစ်ကမ်းဘက်သို့ ကပ်ခါနီးသူ အချို့မှာလည်း ကြောက်မက်ဖွယ်ကောင်းသော ရေလှိုင်းများ၏ လွှမ်းမိုးခြင်းခံလိုက်ရသည်။ ကမ်းကပ်မည့် လမ်းအား ပိတ်ပင်ထားသကဲ့သို့ ဖြစ်နေတော့သည်။

“တောက်.... တတိယအဆင့် မိစ္ဆာသားရဲထင်တယ်”

လော့ချန်၏ မျက်နှာ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏ အကြည့်မှာ သင်္ဘောပေါ်မှ ထွက်လာနှင့်ပြီးသော ဝမ်ဟိုင်ချောင်ဆီသို့ ရောက်ရှိသွားသည်။

“ဂိုဏ်းချုပ်ဝမ်.... ဒါ ဘာတွေ ဖြစ်နေတာလဲဗျ”

သူတစ်ယောက်တည်း မဟုတ်ပေ။ လီရီရှန်းနှင့် နန်ကုန်းကျင်းတို့မှာလည်း မျက်နှာများ ဖြူဖျော့ကာ ပျံသန်းထွက်လာကြသည်။ သို့သော် သူတို့ ထိတ်လန့်နေသလောက် ဝမ်ဟိုင်ချောင်မှာမူ မျက်နှာထား တင်းမာနေသော်လည်း အထူးတလည် စိုးရိမ်နေဟန် မရှိပေ။ သူသည် စိတ်ဝိညာဉ်အာရုံမှတစ်ဆင့် သတင်းစကား ပို့လိုက်သည်။

“စိုးရိမ်စရာ မလိုပါဘူး မိတ်ဆွေတို့၊ ဒီမိစ္ဆာက သဘောကောင်းပါတယ်၊ သူ ဗိုက်ဝသွားပြီဆိုရင် ဘာဒုက္ခမှ ပေးမှာ မဟုတ်ဘူး"

ဗိုက်ဝသွားပြီဆိုရင် ဆိုသည့် စကားသည် မည်မျှ သောက်အဓိပ္ပာယ်မရှိသော ရှင်းပြချက်ပါလိမ့်ဟု တွေးရင်း လော့ချန်သည် ရေဝဲထဲတွင် တဖြည်းဖြည်း ဝါးမျိုခံနေရသော သင်္ဘောကြီးကို ကြည့်ရင်း မျက်နှာထားတင်းသွားတော့သည်။

ရေဝဲထဲတွင် ပိတ်မိနေဆဲ ဖြစ်သော တစ်ကိုယ်တော် ကျင့်ကြံသူများမှာ အကူအညီတောင်းရင်း အော်ဟစ်နေကြသည်။

“ကယ်ကြပါဦးဗျို့....”

“ကျေးဇူးပြုပြီး.... ကျွန်တော့်ကို ကယ်ကြပါဦးဗျာ....”

"အီး.... ဟီး.... အမေရေ.... ကယ်ပါဦး၊ ဒီမှာ မိစ္ဆာဘုရင်ကြီး ရှိနေတယ်.... ကျွန်မတို့တွေ အစားခံရတော့မယ်....”

“ဂိုဏ်းချုပ်ဝမ်.... ကျွန်တော် လက်မှတ်ခ ပေးထားတယ်လေ.... ကျေးဇူးပြုပြီး ကယ်ပါဦးဗျာ.... ”

“အယုတ်တမာ အောက်တန်းစား ဝမ်ဟိုင်ချောင်.... မင်း ငါတို့ကို ဒီတိုင်း အသေခံခိုင်းမယ်ဆိုရင် မင်း ငရဲကျမှာပဲ....”

နဂါးလင်းပိုင်သင်္ဘောကြီးပေါ်ရှိ ဝမ်ဟိုင်ချောင်သည် မေးစေ့ကိုပွတ်ကာ ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်နေသည်။ ဒေါသတကြီး ဆဲဆိုသံများစွာ ထွက်ပေါ်နေသော်လည်း သူသည် ဘာမျှမကြားရသကဲ့သို့ တည်ငြိမ်မြဲ တည်ငြိမ်နေလေသည်။

All Chapters