← Chapters

အခန်း (၃၀၅-၃၀၆)

Vol. 31 Ch. 305-306

အခန်း (၃၀၅-၃၀၆)

Vol. 31 Ch. 305-306

အခန်း (၃၀၅) - တတိယအဆင့် မိစ္ဆာဘုရင်၊ မြစ်မျိုဖားကြီးနှင့် ရင်ဆိုင်ရခြင်း

“ဒီမယ် ဂိုဏ်းချုပ်ဝမ်.... ခင်‌ဗျား ကျွန်တော့်ကို ရှင်းပြချက်တစ်ခုတော့ ပေးဖို့ လိုမယ်"

လော့ချန်၏ အသံမှာ အေးစက်လှပြီး ငရဲဘုံမှ အမိန့်သံကဲ့သို့ ခံစားရစေသည်။ အကယ်၍ လော့ထျန်းသာ ရှေ့ဆုံးမှ ဖြစ်နေပါက ယခုအချိန်တွင် ထိုမိစ္ဆာသားရဲ၏ အစာ ဖြစ်နေသူများမှာ လော့ထျန်းအဖွဲ့သားများ ဖြစ်နေပေလိမ့်မည်။ ဤမျှ ပြင်းထန်လှသော မိစ္ဆာ၏ အစွမ်းတန်ခိုးအောက်တွင် သူကိုယ်တိုင်ပင်လျှင် ဒဏ်ရာအနာအဆာမရှိ လွတ်မြောက်နိုင်ရန် မလွယ်ကူလှချေ။

လော့ချန်တစ်ဦးတည်းသာမက လီရီရှန်းနှင့် နန်ကုန်းကျင်းတို့ကလည်း ဝမ်ဟိုင်ချောင်ကို တစ်စစီ ဆုတ်ဖြဲပစ်ချင်သော အကြည့်များဖြင့် မျက်နှာထားတင်းတင်း ကြည့်နေကြသည်။

ဝမ်ဟိုင်ချောင်က လှည့်ကြည့်လာပြီး မဲ့ပြုံးတစ်ခု ပြုံးကာ ဆိုသည်။

“အဟက်.... ကျုပ်တို့က မဟာမိတ်တွေလေဗျာ.... ခင်ဗျားတို့ကို ဘာလို့ ဒုက္ခပေးရမှာလဲ.... ကျုပ်လည်း ဒီ ဖားမိစ္ဆာကြီး ပေါ်လာမယ်လို့ အတတ်မသိဘူးလေ.... သံသယရှိရုံလောက်ပဲ”

သံသယရှိရုံမျှဖြင့် ရှေ့ဆုံးမှ သင်္ဘောငယ် သုံးစင်းစလုံးကို တစ်ကိုယ်တော်ကျင့်ကြံသူများအား သီးသန့် တင်ဆောင်စေခဲ့သည်လော။ လော့ချန်သည် တလိပ်လိပ်တက်လာသော ဒေါသကို အတင်းအကျပ် မျိုချနေရသည်။ ယခုအချိန်တွင် ဒေါသထွက်နေရုံနှင့် ဘာမှ ပြောင်းလဲမည် မဟုတ်ပေ။ ထို့နောက် နန်ကုန်းကျင်းက ဝင်မေးလိုက်သည်။

“နေစမ်းပါဦး.... ဖားမိစ္ဆာကြီး ဟုတ်လား....”

ဝမ်ဟိုင်ချောင်က ခေါင်းညိတ်ပြလျက်ဆိုသည်။

“ဟုတ်တယ်.... အဲ့ဒါ တတိယအဆင့် မိစ္ဆာသားရဲ မြစ်မျိုဖားကြီးပဲ.... သူက မြစ်ချောင်းအင်းအိုင်တွေကို ဝါးမြိုပြီး နေလရဲ့ အနှစ်သာရတွေကို စုပ်ယူကျင့်ကြံတာ.... အမှန်တော့ သူ့သာသူ အေးအေးဆေးဆေး နေတတ်တဲ့ အကောင်ကြီးပါ”

“ဘာ.... အေးအေးဆေးဆေးနေတာ ဟုတ်လား.... အဲဒါဆို အခု ဘာလို့ ဒီကို ရောက်နေတာလဲ”

“အဟက်.... ဒါကတော့ တမလွန်က ဖန်ရင်ရှုံကြီးကိုပဲ သွားမေးကြလေ.... သူ တာဟဲကို ဒုတိယအခေါက်လာပြီး သောင်းကျန်းခဲ့တုန်းက နန်ဝါးနှင်းတောင်ကြီး ပြိုကျသွားတာ မှတ်မိလား.... ကျုပ်သိသလောက် ဒီဖားမိစ္ဆာကြီးက အဲ့ဒီနှင်းတောင်မှာ ဆောင်းခိုနေတာ.... နန်ဝါးတောင်မရှိတော့ ဘုံပျောက်ပြီး ဒီလန်ချန်းမြစ်ထဲ လျှောက်သွားနေတာလေ.... ကျုပ်ပြောပါတယ်.... ဒီလောက်လူအုပ်ကြီးနဲ့ သွားနေမှတော့ အဆင့်မြင့်မိစ္ဆာကောင်တွေ အာရုံစိုက်မိနိုင်တယ်လို့.... သဘာဝကျကျ တွေးကြည့်လေဗျာ....”

လီရီရှန်းမှာ မကျေမနပ် ဖြစ်နေဆဲပင်။

“အို.... ဒါဆိုလဲ ရှင် ကြိုသတိပေးသင့်တာပေါ့၊ ဒါဆိုရင် ကျွန်မတို့ လမ်းလွှဲသွားလို့ ရတာပဲ၊ ဒီလောက်များတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေ စတေးခံစရာမလိုဘူးလေ"

“ဟက်.... ဘာ.... လမ်းလွှဲမယ် ဟုတ်လား”

ဝမ်ဟိုင်ချောင်၏ လှောင်ပြောင်မှုကြောင့် လီရီရှန်းမှာ အနည်းငယ် အရှက်ရသွားသည်။ ထိုစဉ် နန်ကုန်းကျင်းက ကြားဝင်၍ အခြေအနေကို ထိန်းလိုက်သည်။

“မိတ်ဆွေလီပြောသလို လမ်းလွှဲတာက တကယ်တမ်း စဥ်းစားကြည့်တော့ ပိုအန္တရာယ်များနိုင်တယ် ထင်တယ်.... မိုးကြိုးကိုးတောင်တန်းဆိုတာ ကိုးနံ့သာ သမင်ပျံတွေရဲ့ ပိုင်နက်ပဲ.... သူတို့က အုပ်စုလိုက်နေပြီး တကယ့် တတိယအဆင့် သားရဲဘုရင်တွေပဲ"

ကိုးနံ့သာသမင်ပျံများသည် သဘောကောင်းလှသော ဖူကျူးသမင်များနှင့် လုံးဝမတူချေ။ ကိုးနံ့သာသမင်ပျံများသည် နယ်မြေကို အလွန်အမင်း ကာကွယ်တတ်ပြီး အုပ်စုလိုက် နေထိုင်ကြရာ အခြားသော မိစ္ဆာသားရဲများပင် သူတို့အား ရှောင်ကြဉ်ကြရသည်။

လော့ချန်တို့ လေးဦး အသံလှိုင်းဖြင့် စကားပြောနေကြစဉ်မှာပင် တစ်ကိုယ်တော်ကျင့်ကြံသူများ တင်ဆောင်လာသော သင်္ဘောငယ်ကို ဝါးမြိုထားသည့် ရေဝဲကြီးမှာ စတင် ကျဉ်းမြောင်းလာသည်။ ဒေါသတကြီး အော်ဟစ်သံများနှင့် ထိတ်လန့်တကြား အော်သံများဖြင့် ပြည့်နှက်နေသော မြစ်ပြင်ကြီးမှာ ရုတ်တရက်ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားလေသည်။ နောက်မှ လိုက်ပါလာသော သင်္ဘောများပေါ်မှ လူများမှာမူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြသည်။

လော့ချန်သည် ထိုမြင်ကွင်းကို စိတ်လေးလေးဖြင့် ကြည့်နေမိသည်။ သူ၏ စူးရှသော မျက်လုံးများက နောက်ကျိနေသော ရေပြင်ကို ဖောက်ထွင်း၍ အောက်ခြေတွင် ရှိနေသော ဧရာမ သတ္တဝါကြီးကို မြင်နေရသကဲ့သို့ ရှိသည်။

‘ဒီရေဝဲက....’

“မဟုတ်သေးဘူး.... ဒီအကောင်ကို ကြည့်ရတာ အစာ မဝသေးဘူး သူထပ်ပြီး.... ”

လော့ချန်၏ စကားပင် မဆုံးသေးမီ ကျုံ့ဝင်သွားသော ရေဝဲကြီးမှာ ပြန်လည် ပေါက်ကွဲထွက်လာပြီး ဒုတိယ သင်္ဘောငယ်မှာ ရေဝဲအနီးသို့ ဆွဲခေါ်ခြင်း ခံလိုက်ရပြန်သည်။ တတိယအဆင့် မိစ္ဆာအရှိန်အဝါ၏ ဖိအားကြောင့် ချီသန့်စင်အဆင့် ကျင့်ကြံသူ အများစုမှာ လှုပ်ပင် မလှုပ်နိုင်ကြတော့ချေ။

သင်္ဘောကြီး ရေဝဲထဲသို့ ကျဆင်းတော့မည့်ဆဲဆဲတွင် လော့ချန်သည် ချီစွမ်းအင်များကို ထုတ်လွှတ်ကာ ဆွဲငင်ခြင်းမှော်အတတ်ကို အသုံးပြု၍ သင်္ဘောကို အတင်းဆွဲထိန်းထားလိုက်သည်။ ကြည့်နေသူအားလုံး မှင်သက်သွားကြသည်။ လီရီရှန်းသည်လည်း ခဏမျှ တွန့်ဆုတ်သွားပြီးနောက် သူမ၏ ဆွဲငင်ခြင်းမှော်အတတ်ဖြင့် သင်္ဘောပဲ့ပိုင်းကို ကူညီဆွဲထားပေးသည်။

သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးတည်းမျှဖြင့် တတိယအဆင့် မိစ္ဆာဘုရင်တစ်ပါးကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

“ဟိတ် ဝမ်ဟိုင်ချောင်နဲ့ နန်ကုန်းကျင်း.... ခင်ဗျားတို့ ဘာရပ်ကြည့်နေတာလဲ.... အခုမှ မလုပ်ရင် ဘယ်အချိန်မှာ လှုပ်ရှားကြမှာလဲ....”

လော့ချန်၏ ထစ်ချုန်းသော အသံမှာ သင်္ဘောများထက်တွင် ပဲ့တင်ထပ်သွားသည်။

နန်ကုန်းကျင်းမှာ မနေသာတော့ဘဲ သူ၏ စွမ်းအားများကို ထုတ်သုံးကာ ကူညီလိုက်သည်။ ထိုအခါမှသာ သင်္ဘောကြီး နစ်မြုပ်နေမှုမှာ နှေးကွေးသွားတော့သည်။

ဝမ်ဟိုင်ချောင်က မျက်မှောင်ကြုတ်လျက် “ကျွတ်.... ကျွတ်.... အမလေး ကြည့်စမ်းပါဦး.... တန်ချန်ဇီရေ.... မင်းကတော့ သူတော်ကောင်းကြီးပါလား” ဟု ခနဲ့လိုက်သည်။

ထိုအခါ လော့ချန်က ဝမ်ဟိုင်ချောင်ကို မကြောက်မရွံ့ စိုက်ကြည့်ကာ “အေး.... ဒီမိစ္ဆာ ဗိုက်ဝဖို့ ဘယ်နှစ်ယောက် ထပ်စားရဦးမလဲဆိုတာ ခင်ဗျားသိလား.... ဒီတစ်ကိုယ်တော်ကျင့်ကြံသူတွေ မရှိတော့ရင် ရှေ့ခရီးက ပိုပြီး အန္တရာယ်များလာလိမ့်မယ်.... ကျုပ်တို့ လေးယောက်တည်းနဲ့ ဒါကို.... ”

လော့ချန်သည် စိတ်ဆိုးမာန်ဆိုး အော်နေရင်းမှ အတွေးတစ်စ ပေါ်လာသည်။

“အဲ့လိုဆို ဒီမိစ္ဆာကို အစာကျွေးကြတာပေါ့” ဟု လော့ချန် ပြတ်သားစွာ ပြောလိုက်သည်။

ဝမ်ဟိုင်ချောင်မှာ ခေတ္တ မှင်သက်သွားသည်။

“ဘာ.... ဘယ်လို ကျွေးမှာလဲ”

“လီမျိုးနွယ်စုနဲ့ နန်ကုန်းမျိုးနွယ်စုမှာ အိမ်မွေးမိစ္ဆာသားရဲတွေ အများကြီး ပါလာတာပဲ မလား.... အဲ့ဒီသားရဲတွေရဲ့ အသားက လူသားကျင့်ကြံသူ တစ်ယောက်ရဲ့ အသားထက် ပို မြိန်မှာပဲလေ....”

“ဒါ.... ဒါပေမဲ့.... ”

လီရီရှန်းနှင့် နန်ကုန်းကျင်းတို့မှာ သူတို့ အိတ်ဖိတ်မည့်အရေး တွန့်ဆုတ်သွားကြသည်။ ဤသားရဲများမှာ သူတို့မျိုးနွယ်စု၏ ပိုင်ဆိုင်မှုများ မဟုတ်ပါလော။

လော့ချန် အသက်ပြင်းပြင်းရှူကာ ဝမ်ဟိုင်ချောင်ကို စိုက်ကြည့်လိုက်သည်။

“ခင်ဗျားက ကျင့်ကြံသူတွေဆီကနေ ခရီးစရိတ် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ယူထားတာပဲလေ.... သူတို့ဘေးကင်းလုံခြုံရေးအတွက် ခင်ဗျားမှာ တာဝန်အပြည့်ရှိတယ်.... ဝိညာဉ်ကျောက်တုံးတွေ ထုတ်လိုက်.... ပြီးတော့ သားရဲတွေကို ပြန်ဝယ်လိုက်ဗျာ.... ဈေးတွေဘာတွေ စစ်မနေနဲ့.... ခင်ဗျား မျက်လုံးနဲ့ ဟိုကခင်ဗျားဂိုဏ်းသားတွေကို ကြည့်လိုက်ဦး.... ”

ယုတ်မာသော ဝမ်ဟိုင်ချောင်သည် သူ၏ တာကျန်းဂိုဏ်းသားများကို အမှတ်မထင် လှမ်းကြည့်လိုက်မိသည်။ ဂိုဏ်းသားတိုင်းလိုလိုပင် မျက်နှာများ ဖြူလျော်နေကြပြီး သင်္ဘောနောက်ပိုင်းတွင် စုပြုံနေကြသည်။ အချို့မှာ ထွက်ပြေးရန်ပင် ကြိုးစားနေကြပြီး မိစ္ဆာဘုရင်ကို စုပေါင်းခုခံရန် စိတ်ကူးပင် မရှိကြချေ။ သူတို့အားလုံးက ဝမ်ဟိုင်ချောင်အား အဆိပ်ပြင်းသော မြွေဆိုးတစ်ကောင်ကို ကြည့်သကဲ့သို့ မိုက်ကြည့်ကြည့်နေကြသည်။

ဝမ်ဟိုင်ချောင် ကျောချမ်းသွားသည်။ တစ်ကိုယ်တော်ကျင့်ကြံသူများ၏ အသက်မှာ အမှန်တကယ် တန်ဖိုးမရှိလှပေ။ သို့သော် သူတို့ အများအပြား သေဆုံးသွားသည်ကို သူ့ဂိုဏ်းသားများ မြင်သွားကာ ငါတို့လည်း တစ်နေ့ သေရမှာပါလား ဟူသော စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်လာပေမည်။ ထိုအခါ သူ ခက်ခက်ခဲခဲ တည်ဆောက်ထားသော မဟာမိတ်ခေါင်းဆောင်ဆိုသည့် ဂုဏ်ပုဒ်မှာလည်း ချက်ချင်းပင် မြောင်းထဲရောက်သွားလိမ့်မည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင်မူ သူ ချောင်ပိတ်မိကာ ငြင်းဆို၍ မရနိုင်တော့ပေ။

မကြာမီ လီရီရှန်းနှင့် နန်ကုန်းကျင်းတို့၏ သဘောတူညီမှုဖြင့် မျိုးနွယ်စုနှစ်ခုစလုံးမှ ကျင့်ကြံသူများသည် သင်္ဘောဝမ်းဗိုက်ထဲမှ သေပြီးသားနှင့် အသက်ရှင်နေသော အိမ်မွေးမိစ္ဆာသားရဲများကို အမြောက်အမြား သယ်ဆောင်လာကြသည်။ သူတို့သည် ချီစွမ်းအင်များကို အသုံးပြု၍ ထိုသားရဲအသားများကို ရေဝဲကြီးအတွင်းသို့ ပစ်ထည့်လိုက်ကြသည်။

တစ်ကောင်၊ နှစ်ကောင်.... ဆယ်ကောင်၊ ရာဂဏန်း....။

မကြာမီမှာပင် အိမ်မွေးမိစ္ဆာသားရဲ အရေအတွက်မှာ တစ်ထောင်ကျော်သွားသည်။ ဤသည်မှာ ထိုမျိုးနွယ်စုနှစ်ခု အနစ်နာခံနိုင်သည့် အများဆုံး ပမာဏပင် ဖြစ်သည်။ ထိုအခါမှသာ ရေဝဲကြီးမှာ တဖြည်းဖြည်း ကျဉ်းမြောင်းသွားတော့သည်။

ဤအခွင့်အရေးကို အသုံးချကာ လော့ချန်သည် သူ၏ များပြားလှသော ချီစွမ်းအင်များကို လက်နှစ်ဖက်မှ ထုတ်လွှတ်လိုက်သည်။ အထွတ်အထိပ်အဆင့် ဆွဲငင်မှော်အတတ်ဖြင့် သူသည် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ သင်္ဘောကြီးကို ရေဝဲနှုတ်ခမ်းဝမှ အတင်းအကျပ် ဆွဲထုတ်လိုက်လေသည်။

“ဟူး.... ဟူး....”

လော့ချန်သည် မောဟိုက်စွာ အသက်ရှူနေရပြီး ထိုကျင့်ကြံသူများ သူ့အား မည်သို့ကြည့်နေသည်ကို ဂရုမစိုက်နိုင်တော့ချေ။ သူသည် တိမ်ကို စီးကာ ရှေ့ဆုံးသို့ လျင်မြန်စွာ ပျံသန်းသွားသည်။

“ဟေ့ကောင် တန်ချန်ဇီ.... မင်း.... မင်းကြောင့် ငါ အတော်လေး အထိနာသွားပြီ” ဟု ဝမ်ဟိုင်ချောင်က မှိုင်တွေစွာ ဆိုသည်။

“ဟက်.... ဟက်.... ဒါဖြင့်ရင်လဲ ဘာလို့ အိမ်မွေးသားရဲတွေ ဝယ်ဖို့ ငွေထုတ်သုံးသေးလဲ.... ဘယ်သူနားချချ ခင်ဗျား ဝယ်ချင်ဦးမှ ဖြစ်တာလေ.... ”

လီရီရှန်းမှာ ထိတ်လန့်နေဆဲဖြစ်သည်။ အိမ်မွေးမိစ္ဆာသားရဲ တစ်ထောင်ကျော်၏ အသားမှာ လူသားကျင့်ကြံသူများ၏ အသားထက် အဆပေါင်းများစွာ ပို၍ များပြားလှသည်။ ထိုမျှ ကျွေးလိုက်ပါမှ မြစ်မျိုဖားကြီး၏ ဗိုက်ကို မနည်းဖြည့်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ လော့ချန်၏ စကားကို နားမထောင်ခဲ့ပါက ယခုအချိန်တွင် သင်္ဘောတစ်စင်းမက နှစ်စင်း၊ သုံးစင်းမျှ အနစ်နာခံလိုက်ရပေလိမ့်မည်။ ဝမ်ဟိုင်ချောင်၏ စရိုက်အရ သူသည် မှော်အစီအရင် သင်္ဘောကို အသုံးချ၍ ခေတ္တထွက်ပြေးပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူမ၏ လီမျိုးနွယ်စုမှာ မကြာခင် စတေးခံရမည့်အလှည့် ရောက်ပေလိမ့်မည်။

လီရီရှန်းက တံတွေးကို ခက်ခဲစွာ မျိုချရင်း လက်ဆေးဇလုံ အရွယ်အစားမျှသာ ကျန်တော့သည့် သွေးရောင်ပူဖောင်းများ တစီစီတက်နေသည့် ရေဝဲငယ်လေးကို ကြည့်ကာ မေးလိုက်သည်။

“အ.... အခု သူ ဗိုက်ဝသွားပြီလား ”

ဝမ်ဟိုင်ချောင်က “ဗိုက်ဝလောက်ပါပြီ.... အဲလိုတော့ ထင်ရတာပဲ.... ဒီထက်လဲ အိတ်မစိုက်နိုင်တော့ဘူး....” ဟု တွန့်ဆုတ်စွာ ဆိုလေသည်။

“ခင်ဗျားတို့မပူနဲ့.... ဒီအကောင်ကြီး ဗိုက်မဝသေးရင်လည်း ကျွန်တော့်မှာ အစီအစဥ်ရှိတယ်” ဟု လော့ချန်က ပြောလိုက်သည်။

သူ လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကျောက်စိမ်းပုလင်း ရာပေါင်းများစွာ ရုတ်တရက် ပေါ်လာသည်။ လော့ချန်၏ ထိန်းချုပ်မှုအောက်တွင် ကျောက်စိမ်းအမြုတေဆေးလုံးများသည် မိုးပေါက်များသဖွယ် ရေဝဲထဲသို့ ကျဆင်းသွားသည်။ ထို့နောက် ပန်းရောင် ကျောက်စိမ်းပုလင်းလေးတစ်ပုလင်းကို မြင်လိုက်ရသောအခါ လော့ချန်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး ၎င်းကိုပါ ခွဲပစ်ကာ မြစ်ထဲသို့ လောင်းချလိုက်လေသည်။

နန်ကုန်းကျင်းမှာ ထိုမြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။

“ဟိတ်.... ဟိတ်ကောင် လော့ချန်.... မင်း ရူးသွားပြီလား.... ဒါ.... ဒါတွေက အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးတွေမလား.... ”

ကျန်ရှိနေသည့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးမှာလည်း မှင်သက်သွားကြသည်။ ဤခဏလေးအတွင်းမှာပင် လော့ချန်သည် ဝိညာဉ်ကျောက်တုံး သောင်းချီတန်ဖိုးရှိသော ဆေးလုံးများကို ပစ်ချလိုက်ခြင်း မဟုတ်ပါလော။ သို့သော် ထိုဆေးလုံးများ၏ ရလဒ်မှာမူ မကြာခင်တွင် သိသာလာတော့သည်။

ခဏအကြာတွင် မြစ်ပြင်ထက်၌ ရေပူဖောင်းကြီးများ တစီစီ ထွက်ပေါ်လာပြီး ထို ရေဝဲကြီးမှာ ပျောက်ကွယ်သွားတော့သည်။ ရေအောက်မှ ဧရာမ အရိပ်ကြီးတစ်ခုသည် အမှောင်ထုထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားလေသည်။ ထိုအခါမှသာ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားသော ဖိအားကြီးမှာ လွင့်စင်သွားတော့သည်။

“ကိုင်း.... ပြီးပြီ.... သွားကြစို့”

လော့ချန်သည် ဝတ်ရုံစကို ဝှေ့ယမ်းကာ နွမ်းနယ်နေသော ငှက်ငယ်တစ်ကောင်သဖွယ် သူ၏ လော့ထျန်းအဖွဲ့ သင်္ဘောပေါ်သို့ ပြန်လည် ဆင်းသက်လိုက်သည်။

ဝမ်ဟိုင်ချောင်သည်လည်း တွန့်ဆုတ်မနေတော့ဘဲ ချက်ချင်း အမိန့်ပေးလိုက်လေသည်။ သင်္ဘောအုပ်စုကြီးမှာ ရေစီးသန်လှသော မြစ်ကြောင်းအတိုင်း အရှိန်အဟုန်ဖြင့် မောင်းနှင်ကာ ထိုနေရာမှ အသက်လု၍ ထွက်ပြေးကြတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၀၆) - မိတ်ဆွေလား ရန်သူလား.... ငါ့နောက်ကျောမှာတော့ ဓားရာ မရှိဖူးသေးဘူး

ဘေးအန္တရာယ်အလီလီနှင့် ပြည့်နှက်နေသော နန်ဝါးနှင်းတောင်တန်း၏ နယ်နိမိတ်ကို ကျော်ဖြတ်နိုင်ခဲ့သည်မှာ တစ်မွန်းတည့်စာမျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ထိုအခါမှသာ တာဟဲဈေးမြို့တော်မှ ပါလာသော ကျင့်ကြံသူတို့၏ ရင်ထဲ၌ စိုးရိမ်သောကတိမ်တိုက်တို့ လွင့်စင်ကာ အခြေတကျ ရှိစပြုလာတော့သည်။ သူတို့၏ မျက်နှာထက်တွင် ကြုံတွေ့ခဲ့ရသော ထိတ်လန့်ဖွယ်ရာ အာရုံတို့က အရိပ်အယောင်မျှ ကျန်ရှိနေသေးသော်လည်း "အဆိုးဆုံးကို ကျော်ဖြတ်နိုင်ခဲ့ပြီ" ဟူသော အတွေးဖြင့် သက်ပြင်းချနိုင်ကြပြီ ဖြစ်သည်။

လော့ထျန်းအဖွဲ့၏ သင်္ဘောပေါ်တွင် ဝမ်ယွမ်သည် လော့ချန်၏ အခန်းထဲသို့ တိတ်ဆိတ်စွာ ဝင်လာခဲ့သည်။

“အမ‌လေး.... မင်းကတော့ တကယ့်သတ္တိခဲပဲဟေ့”

ဝမ်ယွမ်က အံ့သြတုန်လှုပ်ဟန်ဖြင့် ဆက်ပြောသည်။

“အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးတွေကို အဲ့ဒီလောက်အထိ အများကြီး ပစ်ထုတ်လိုက်တာများကွာ.... ပဲကြီးလှော်တွေ ရေထဲ ပစ်ချနေတယ် ထင်နေလား.... အနည်းဆုံးတော့ ဝိညာဉ်ကျောက်တုံး သောင်းနဲ့ချီ တန်ဖိုးရှိမှာပဲ ကျွတ်.... နှမြောလိုက်တာ.... ”

“ဟဲဟဲ.... တန်ပါတယ်ဗျာ.... အစ်ကိုဝမ် အနောက်သင်္ဘောတွေပေါ်က ကျင့်ကြံသူတွေမျက်နှာကို မြင်လိုက်ရမှာ.... သူတို့တွေဆို မျက်လုံးတွေ ပြူးထွက်မတတ် မှင်သက်သွားကြတာဗျ"

လော့ချန်က ခပ်အေးအေး ပြုံးရင်း တုံ့ပြန်လိုက်သည်။ ယခုအခါ သူ၏ ခန္ဓာကိုယ်အတွင်းမှ ခန်းခြောက်လုနီးပါး ဖြစ်ခဲ့သော ချီစွမ်းအားတို့မှာ အားလုံးနီးပါး ပြန်လည် ပြည့်ဝနေပြီ ဖြစ်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအဖို့ စွမ်းအားများကို တစ်ပြိုင်နက်တည်း အလွန်အကျွံ ထုတ်မသုံးသရွေ့ နာလန်ထူမှုမှာ သဘာဝအလျောက်ပင် လျင်မြန်လှသည်။ ဤသည်မှာ ချီသန့်စင်အဆင့် ၉ ၏ ချီစွမ်းအင်တိမ်တိုက်မှ မြစ်ဖျားခံခဲ့ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်တွင် နာလန်ထူမှုနှုန်းမှာ နှစ်ဆမျှ ပိုမို အားကောင်းလာခြင်းဖြစ်သည်။

သာမန်ထက် ထူးခြားသည်မှာ သူကျင့်ကြံထားသော ဆေးဘုရင်ကျမ်း၏ အာနိသင်ကြောင့် ဖြစ်သည်။ ထိုကျင့်စဉ်သည် အလိုအလျောက် စွမ်းအားပြန်လည်ဖြည့်တင်းပေးသည့်အတွက် လော့ချန်၏ စွမ်းအားပြန်လည်ရရှိမှုမှာ သာမန်အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေခြင်း ဖြစ်သည်။

“တကယ်တော့လဲ အခြေအနေအရ မလုပ်လို့က မဖြစ်တော့ဘူးဗျ.... လီမျိုးနွယ်စုနဲ့ နန်ကုန်းမျိုးနွယ်စုက ယဉ်ပါးပြီးသား မွေးမြူ‌ရေး မိစ္ဆာသားရဲတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်၊ ဟို ဝမ်ဟိုင်ချောင်ကလည်း ဝိညာဉ်ကျောက်တုံးတွေ အများကြီး စိုက်ထုတ်ထားတော့ ကျွန်တော် တစ်ခုခုလုပ်မှ ဖြစ်တော့မှာ.... မဟုတ်ရင် အားလုံးရင်းနှီးထားသမျှ ရေစုန်မျောသွားလိမ့်မယ်.... ”

ဝမ်ယွမ်က ခေါင်းညိတ်လိုက်သည်။ လော့ချန်သည် ဤကဲ့သို့သော လူမှုပြဿနာ အဖြာဖြာတို့တွင် အမြဲပင် ခေါင်းတစ်လုံး ပိုသာသူဖြစ်သည်။ သို့သော် လော့ချန် ဤမျှအထိ သူတော်စင်ဆန်နေသည်ကို သူ နားမလည်နိုင်ပေ။ သူသာဆိုလျှင် ထိုတစ်ကိုယ်တော်ကျင့်ကြံသူများ၏ အသက်ကို အရေးတယူ စဉ်းစားမိမည် မဟုတ်ချေ။

ဝမ်ယွမ်၏ အတွေးကို ရိပ်မိဟန်ဖြင့် လော့ချန်က လေသံပျော့ပျော့လေးဖြင့် ပြောလိုက်သည်။

“ဒီလို အစ်ကိုဝမ်ရဲ့.... နယ်မြေအသစ်တစ်ခုကို ရောက်တဲ့အခါ အကြီးမားဆုံး ပြဿနာက လူစိမ်း၊ နေရာစိမ်း ဖြစ်နေတာပဲ.... တကယ်လို့သာ ကျွန်တော်တို့ ကူညီခဲ့ဖူးတဲ့ လူတွေရှိနေမယ်ဆိုရင်၊ သူတို့က တစ်ချိန်ချိန်မှာ ကျွန်တော်တို့ကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်လိမ့်မယ်.... ကံ ကံ၏ အကျိုးပေါ့”

“ပြီးတော့ ဝမ်ဟိုင်ချောင်ကတော့.... ”

လော့ချန်၏ မျက်လုံးများတွင် အေးစက်သော အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။

ထိုလူမှာ မြွေတစ်ကောင်ကဲ့သို့ပင် ရက်စက်ပြီး အဆိပ်ပြင်းလှသည်။ မည်သည့်အချိန်တွင် ရုတ်တရက် အဆိပ်စွယ်နှင့် ပေါက်မည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။ လော့ချန်သည် ရှေ့မှ မားမားမတ်မတ် ရပ်တည်ပြီး အန္တရာယ်မှန်သမျှကို ရင်ဆိုင်ဖြေရှင်းရစေရန်အတွက် ထိုလူအား မဟာမိတ်ခေါင်းဆောင် ရာထူးသို့ အတင်းတွန်းပို့ခဲ့ခြင်း ဖြစ်သည်။

ဝမ်ဟိုင်ချောင်သည် အရေးပေါ် အခြေအနေကို ကောင်းစွာ ကိုင်တွယ်နိုင်ခဲ့သည်မှာ ငြင်းမရသော်လည်း သူတစ်ပါး၏ အသက်များကို ရင်းနှီး၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ လော့ချန်သာ ဤတစ်ကြိမ်တွင် သူ့ကို ဖိအားမပေးခဲ့ပါက သူ အခန့်သား ထိုင်ကြည့်နေလိမ့်ဦးမည် ဖြစ်သည်။

ဝမ်ယွမ်က ခေါင်းခါရင်း ဆိုသည်။

“အေးဟေ့.... ဒီလူကတော့ ငါတို့ စိတ်ရင်းနဲ့ မဆက်ဆံသင့်တဲ့ လူပဲ.... သူဖြစ်ချင်တာတွေကို လောဘဇောတိုက်ပီး ဘယ်သူ့မျက်နှာ ဘာ ကတိကဝတ်မှ ငဲ့မယ့် လူမျိုး မဟုတ်ဘူး.... မင်းလဲ သတိထားဦး.... ”

“ကျွန်တော် သိပါတယ်ဗျာ"

လော့ချန်က ခပ်တိုးတိုး တုံ့ပြန်လိုက်ပြီး ဝမ်ယွမ်ကို လှည့်ကြည့်လိုက်သည်။

“စကားမစပ် အစ်ကိုဝမ်.... အဘိုးကြီးတွမ်ရဲ့ ဝိညာဉ်အကြွင်းအကျန် ပျောက်သွားပြီမလား.... အခု ကျင့်ကြံတာရော အခြေအနေကောင်းလား.... ”

ကျင့်ကြံခြင်းအကြောင်း ပြောလိုက်သည်နှင့် ဝမ်ယွမ် တက်ကြွသွားတော့သည်။ သူ မရိုးမရွဖြစ်လာကာ ကိုယ်လုံးကြီးကို ဟိုလှည့်ဒီလှည့်လုပ်မိရာမှ ကိုယ်ခန္ဓာ အရိုးအဆစ်များဆီမှ တဂျွတ်ဂျွတ် မြည်သံများ ပင်ထွက်လာသည်။

“အေး.... အခြေအနေကတော့ကွာ.... မဟာတာအိုလမ်းစဥ်ကတော့ ချီသန့်စင် အထွတ်အထိပ်အဆင့်မှာပဲ တစ်နေတယ်.... ဒါပေမဲ့ ပြီးခဲ့တဲ့ရက်တွေမှာ ငါ တကယ့် အပြင်းစားတိုက်ကွက်တစ်ခုကို ဖန်တီးနိုင်သွားပြီကွ.... အဲ့ဒီတိုက်ကွက်က ခန္ဓာကိုယ်ကျင့်ကြံခြင်း ဒုတိယအဆင့်ရဲ့ စွမ်းအားကနေ ပုံ‌ဖော်ထားတာကွ”

လော့ချန် မျက်ခုံးပင့်သွားသည်။

“ဟုတ်လှချည်လားဗျာ.... အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း နည်းစနစ်တွေကိုတောင် ယှဉ်နိုင်မှာလား”

“သေချာတာပေါ့ကွ.... ဒါက ငါ့ရဲ့ မီးကုန်ယမ်းကုန်တိုက်ကွက်ပဲ.... ထင်တာထက်တောင် ပိုပြင်းလိမ့်မယ်.... ”

လော့ချန်သည် ယုံကြည်မှု အပြည့်ရှိနေသော ဝမ်ယွမ်ကို စိတ်ကျေနပ်သွားမိသည်။ ထို့နောက် စိတ်သက်သာရာ ရသွားဟန်ဖြင့် ဆိုသည်။

“ဟူး.... အစ်ကိုဝမ် ကျွန်တော့်ဘေးမှာ ရှိနေတာလည်း ခွန်အားဖြစ်တယ်ဗျ.... မဟုတ်ရင် ရှေ့လျှောက် ဘာပြဿနာတွေလာမလဲ တွေးပူနေရတာ.... အခုတော့ ဘာဒုက္ခလာလာ အဆင်ပြေပြေ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်သွားပီဗျာ.... ”

တည်ငြိမ်ရင့်ကျက်မှု ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် စိတ်ဓာတ်အင်အားအပေါ်တွင် အခြေခံလေသည်။ စိတ်ဓာတ်အင်အားသည် လူတစ်ဦး၏ ကျင့်ကြံမှုအဆင့်၊ ကိုယ်ပိုင်စွမ်းအားနှင့် ဝှက်ဖဲများအပေါ်တွင် မူတည်ကာ အပြင်ပန်းရုပ်ပိုင်းဆိုင်ရာ အင်အားမှာမူ မိမိ၏ နောက်ခံအသိုင်းအဝိုင်း၊ ကျင်လည်ရာ အဖွဲ့အစည်းနှင့် ငွေရေးကြေးရေး ကြွယ်ဝမှုတို့အပေါ်တွင် မူတည်သည်။ လော့ချန်သည် နှစ်ပေါင်းများစွာ မနားမနေ ကြိုးစားခဲ့ပြီးနောက် ထိုအင်အား နှစ်မျိုးလုံးကို တဖြည်းဖြည်းနှင့် ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။

ရလဒ်အနေဖြင့် သူ၏ အမူအရာမှာ ပို၍ တည်ငြိမ်လာပြီး တိုင်းတာတွက်ချက်မှု ရှိလာကာ မည်သည့်အရာကမျှ လွယ်လွယ်နှင့် မလှုပ်ခတ်နိုင်တော့ပေ။ လူငယ်တစ်ဦး၏ စိတ်မြန်လက်မြန် ရှိမှုများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ ခိုင်မာသည့် ရင့်ကျက်မှုတို့ဖြင့် အစားထိုးလာခဲ့သည်။

မြစ်မျိုမိစ္ဆာဖားကြီးကိစ္စ ပြီးချိန်မှစ၍ လော့ထျန်းအဖွဲ့အစည်း တစ်ခုလုံးမှာ လော့ချန်၏ ရှေ့တွင်ရော နောက်ကွယ်တွင်ပါ မည်သူမျှမတိုက်တွန်းပါလျက် စည်းလုံးသွားကြသည်။

ဤသည်မှာ ကျင့်ကြံခြင်းလောက၏ ထုံးစံပင် ဖြစ်သည်။ လော့ချန်အနေဖြင့် အဖွဲ့ပြင်ပလူများကိုပင် ဤမျှ သနားညှာတာတတ်လျှင် သူ့နောက်လိုက်ရခြင်းမှာ အနာဂတ်အတွက် စိတ်ချရသည်ဟု သူတို့ ယူဆလာကြသည်။ လော့ထျန်းအဖွဲ့သားများသာမက အခြား တစ်ကိုယ်တော်ကျင့်ကြံသူများပင် လော့ချန်ကို မြင်လျှင် ရိုသေလေးစားမှုများဖြင့် ကြည့်ရှုလာကြသည်။ ခေါင်းဆောင်တစ်ဦး၏ နိုင်လိုမင်းထက်အုပ်ချုပ်မှုသည် ကြောက်ရွံ့ မနှစ်မျို့ခြင်းကို ဦးတည်စေသော်လည်း တရားမျှမျှတတ ရပ်တည်အုပ်ချုပ်မှုသည် ကြည်ညိုလေးစားဖွယ် ဖြစ်လာသည်မှာ လောကနိယာမပင်ဖြစ်သည်။

....

နောက်တစ်နေ့ မနက်ခင်းတွင် ကောင်းကင်ယံမှာ မိုင်ပေါင်းထောင်ချီမြင်ကွင်းအထိ ကြည်လင်နေပြီး လေထုမှာလည်း လတ်ဆတ်လှသည်။ ဧရာမ သင်္ဘောအုပ်စုကြီးမှာ အရှိန်လျှော့လိုက်ပြီး လူသိများသော ဆိပ်ကမ်းအဝင်ဆီသို့ တဖြည်းဖြည်း ဆိုက်ကပ်လိုက်သည်။

“ဟေး.... ရောက်ပြီ ရောက်ပြီဟေ့”

“ဟားဟား.... ငါတို့ နောက်ဆုံးတော့ ထိုက်ရှန်းဈေးမြို့တော်ကို ရောက်ပြီကွ....”

အခန်းအပြင်ဘက်တွင် ဝမ်းသာအားရ အော်ဟစ်သံများဖြင့် ဆူညံပွက်လောရိုက်နေသည်။ အသံများမှာ ဆူညံသွားကာ ခြေသံများလည်း ဗလောင်းဆန်သွားသည်။

“ဆရာ.... ထိုက်ရှန်းဈေးမြို့တော် ရောက်ပါပြီဗျ” ဟူသော ချွီလင်ကျွင်း၏ အသံထွက်ပေါ်လာသည်။

ကျွီ....

ထို့နောက် တံခါးပွင့်လာပြီး လော့ချန် ထွက်လာသည်။ သူသည် ငွေလရောင်အသွင်ရှိသည့် ဖြူလွလွ ဝတ်ရုံသစ်ကို ဝတ်ဆင်ထားလေသည်။ မြင့်မားသော ကုန်းပတ်ပေါ်မှ အရှေ့ဘက်သို့ သူ မျှော်ကြည့်လိုက်ရာ တောင်စဉ်သုံးတောင်မှာ ကင်းစောင့်နေသော ဘီလူးကြီးများအလား တည်ရှိနေကြပြီး ၎င်းတို့၏ အလယ်တွင် မြို့တစ်မြို့သဖွယ် ကျယ်ပြန့်လှသော ဈေးမြို့တော်ကြီး တည်ရှိနေသည်ကို မြင်လိုက်ရသည်။

ထိုစဥ်မှာပင် လော့ချန် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

“ဟင်.... ဆရာ.... ဘာများ ဖြစ်လို့လဲဗျ”

“ဩော်.... ဘာမှမဖြစ်ပါဘူး.... လင်ကျွင်း.... အဖွဲ့သားတွေကို အုပ်စုလိုက်ခွဲပြီး ကမ်းပေါ်ဆင်းခိုင်းလိုက်.... နယ်ခံတွေရဲ့ မျက်နှာရိပ်မျက်နှာကဲကြည့်ပြီး သတိနဲ့ ဆက်ဆံသွားလာဖို့ မှာလိုက်ဦး....”

ထို့နောက် လော့ချန် သင်္ဘောပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာစဉ် အခြားတစ်ဖက်မှ လာသော လီရီရှန်းနှင့် ဆုံလေ၏။ နှစ်ဦးသား ခေါင်းညိတ်နှုတ်ဆက်ကာ ဝမ်ဟိုင်ချောင်၏ ဝေလနဂါးမင်းသင်္ဘောကြီးပေါ်သို့ အတူ တက်သွားလိုက်သည်။

သူတို့ရောက်သွားသောအခါ အခန်းထဲ၌ နန်ကုန်းကျင်းက ကြိုတင်ရောက်ရှိနေပြီဖြစ်ပြီး သူ၏ ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ထိုင်နေသည်။ အခန်း၏ ထိပ်ဆုံးနေရာတွင်မူ ဝမ်ဟိုင်ချောင်က ထုံးစံအတိုင်း ခန့်ညားထည်ဝါသော အရှိန်အဝါဖြင့် ထိုင်နေလေသည်။

လေးဦးသား နေရာယူပြီးနောက် လိုရင်းကိုသာ တိုက်ရိုက်ဆွေးနွေးကြတော့သည်။

“သူတို့ ဘယ်တော့ ရောက်လာမှာလဲ”

“မကြာခင် ရောက်လာမှာပါ”

ဝမ်ဟိုင်ချောင်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“စိတ်ရှည်ရှည်နဲ့ စောင့်ကြတာပေါ့”

စိတ်ရှည်ရမည် ဆိုပါလား။ သူတို့ အဘယ်မှာ စိတ်ရှည်နိုင်ပါမည်နည်း။ သူတို့သည် ထိုက်ရှန်းတွင် ခြေမချခင် မြို့တော်၏ လက်ရှိအခြေအနေကို ကြိုတင်စုံစမ်းထားပြီး ဖြစ်သည်။ ကျောက်စိမ်းအိုးဓားဂိုဏ်းနှင့် တိမ်ပြိုဂိုဏ်းတို့ စစ်ဖြစ်နေသောကြောင့် ကျောက်စိမ်းအိုးဓားဂိုဏ်းသည် ထိုက်ရှန်းမှ စစ်သည်အင်အား အကုန်နီးပါးကို ခေါ်ယူသွားလေသည်။ ထိုအခါ သူတို့၏ အာဏာစက်အောက်တွင် ရှိခဲ့သော ဈေးမြို့တော်မှာ အုပ်ချုပ်သူမဲ့နေသကဲ့သို့ ဖြစ်နေခဲ့လေသည်။ ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ လုပ်ငန်းခွဲများ ဤနေရာတွင် ရှိနေသေးသော်လည်း ထိုသူများမှာ အပြင်လူများသာ ဖြစ်ပြီး ဒေသတွင်းရေးရာများတွင် အမှန်တကယ် ဩဇာညောင်းခြင်း မရှိပေ။ ကျောက်စိမ်းအိုးဓားဂိုဏ်း မရှိတော့သည့်နောက်တွင် အာဏာသည် ဒေသခံမျိုးနွယ်စုကြီး သုံးစု၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

ထိုမျိုးနွယ်စုများမှာ ကြက်သွေးရောင်ဖားတောင်မှ ဟော်မျိုးနွယ်စု၊ ထိုက်ရှန်းမှ ခန်းမျိုးနွယ်စုနှင့် ရွှေပံဖြန့်တောင်မှ ယွီမျိုးနွယ်စုတို့ ဖြစ်ကြသည်။ ထိုအထဲတွင် ဟော်မျိုးနွယ်စုမှာ မီးလျှံမဟာမိတ်၏ ထောက်ခံမှုကို ရရှိထားပြီး အခြေခံတည်ဆောက်ခြင်းအဆင့် (၆) ရှိသော မျိုးနွယ်စုဘိုးဘေးတစ်ဦး ရှိထားသဖြင့် ဩဇာအရှိဆုံးဖြစ်သည်။ မိမိတို့ ဤနေရာတွင် အခြေချနိုင်ခြင်း ရှိ၊ မရှိမှာ သူတို့၏ သဘောထားအပေါ်တွင်သာ လုံးဝ မူတည်နေသည်။

သဘောတူညီချက် မရပါက တိုက်ပွဲဖြစ်ပွားရန်မှာ ရှောင်လွဲ၍ မရနိုင်သော ကိစ္စဖြစ်သည်။

“မိတ်ဆွေတို့.... ကျွန်မတို့လူတွေက များလွန်းတယ်၊ ဒီပုံအတိုင်းသာဆို နယ်ခံအင်အားစုတွေနဲ့ ထိပ်တိုက်တွေ့ဖို့ သေချာနေသလောက်ရှိပြီ” ဟု လီရီရှန်းက စိုးရိမ်တကြီး ဆိုသည်။

နန်ကုန်းကျင်းကမူ “ဒါများ.... ပါးစပ်နဲ့ ပြောမရတော့လည်း လက်နဲ့ပဲ ဖြေရှင်းရမှာပေါ့....” ဟု ယတိပြတ် ဆိုလိုက်သည်။

‘ဒီအဘိုးကြီး ဘယ်တုန်းက ဒီလောက် သတ္တိကောင်းသွားရတာလဲ’ ဟု တွေးရင်း လော့ချန်သည် နန်ကုန်ကျင်းအား ခဏမျှ လှမ်းကြည့်လိုက်သည်။ နန်ကုန်းကျင်းက ဝမ်ဟိုင်ချောင်ဘက်သို့ အကြည့်လွှဲလိုက်သည်။

“ကျုပ်ပြောတာ မှန်တယ်မလား.... မဟာမိတ်ခေါင်းဆောင်ကြီး”

သူသည် ဝမ်ဟိုင်ချောင်အား လူမိုက်ငှားကာ ရှေ့ဆုံးမှ ရင်ဆိုင်ခိုင်းရန် ကြံနေခြင်းဖြစ်သည်။

ဝမ်ဟိုင်ချောင်က နန်ကုန်းကျင်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောပေ။ အခန်းတွင်းရှိ လေထုမှာ ချက်ချင်းပင် အေးစက်သွားတော့သည်။

နန်ကုန်းကျင်းမှာ အနည်းငယ် နေရခက်သွားသော်လည်း သိပ်ဂရုမစိုက်ပေ။ လော့ချန်နှင့် လီရီရှန်းတို့မှာလည်း အလားတူပင် စဉ်းစားနေကြသည်ကို သူ အထင်းသား မြင်နေရသည်။ သူတို့၏ အင်အားစုများမှာ အခြေခိုင်ပြီးသားဖြစ်သဖြင့် ရှေ့ဆုံးမှ ထွက်ပြောမည် မဟုတ်ပေ။ မိမိ၏ နန်ကုန်းမျိုးနွယ်စုအတွက်မူ ရွေးချယ်စရာမရှိ ဖြစ်နေရသည်။

လေးဦးသား တိတ်ဆိတ်စွာ ထိုင်နေစဉ် အပြင်ဘက်မှ ဆူညံသံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။ ရုတ်တရက်ဆိုသလို လေးဦးသား တစ်ပြိုင်တည်း မော့ကြည့်လိုက်ကြရာ အသံလွှင့်စက္ကူကြိုးကြာတစ်ကောင် ခန်းမတွင်းသို့ ပျံဝင်လာသည်ကို တွေ့လိုက်ရသည်။ ဝမ်ဟိုင်ချောင်က လက်ဟန်တစ်ချက်ဖြင့် ထိုငှက်ကို ဖမ်းယူလိုက်သည်။

သတင်းစကားအား စစ်ဆေးပြီးနောက် သူ မျက်နှာပျက်သွားသည်။ အချိန်အတော်ကြာမှ ပြန်မော့ကြည့်လာသည်။

“သတင်းကတော့ မကောင်းလှဘူးဗျာ.... ကျုပ်တို့ ခဏလောက် အခြေအနေ စောင့်ကြည့်ရဦးမယ်ထင်တယ်....”

“ဟင်”

“ဘာဖြစ်လို့လဲ”

“သူတို့က ဘာကိစ္စ စောင့်ခိုင်းရတာတုန်း”

မေးခွန်းထုတ်နေသော အကြည့်များကို ရင်ဆိုင်ရင်း ဝမ်ဟိုင်ချောင် စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်သည်။

“ကြက်သွေးရောင်ဖားတောင်က ဟော်မျိုးနွယ်စုရဲ့ ဘိုးဘေးက အခု တံခါးပိတ် ကျင့်ကြံနေတယ်တဲ့.... သူ ပြန်ထွက်လာမှ ကျုပ်တို့လူတစ်သိုက်ကို လက်ခံ၊ မခံ ဆုံးဖြတ်ပေးလို့ရမယ့် သဘောဖြစ်နေတယ်.... ”

ဤစကားကြောင့် လော့ချန်နှင့် အခြားနှစ်ဦး၏ မျက်နှာထားများမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ဝမ်ဟိုင်ချောင်သည် သတင်းအမှန် ပေးနေခြင်းပေလော သို့မဟုတ် နောက်ကွယ်တွင် တစ်စုံတစ်ခု ညစ်ရန် ကြံစည်နေသလော အကဲခတ်နေကြသည်။

ဆွေးနွေးမှုများ ပြုလုပ်ပြီးသော်လည်း အဖြေတစ်ခုမှ ထွက်မလာသဖြင့် လေးဦးသား လူစုခွဲလိုက်ရတော့သည်။

သူတို့ ထွက်သွားပြီးနောက် ဝမ်ဟိုင်ချောင်က အသံလွှင့်စက္ကူကြိုးကြာကို တစ်ဖန်ပြန်ထုတ်ယူကာ အသာအယာ ပွတ်သပ်နေသည်။ သူ၏ မျက်နှာထက်ဝယ် မသေချာမရေရာမှုများနှင့် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ပေါ်လာသည်။

....

ထိုက်ရှန်းဈေးမြို့တော်သို့ ရောက်သောအခါ တာဟဲဈေးမြို့တော်မှ လိုက်ပါလာသော တစ်ကိုယ်တော်ကျင့်ကြံသူ အများစုမှာ သင်္ဘောပေါ်မှ ဆင်းသွားကြပြီဖြစ်သည်။ သူတို့ထဲမှ အများစုမှာ ဤနေရာတွင် အခြေချရန် စီစဉ်ထားကြပြီး ထူးခြားသည့်ကိစ္စမရှိပါက ဤပတ်ဝန်းကျင်တွင်သာ အသက်မွေးဝမ်းကျောင်း ပြုကြပေလိမ့်မည်။ တစ်ချိန်တည်းမှာပင် အချို့မှာမူ အခြားသော ဈေးမြို့တော်များတွင် အခွင့်အလမ်းများကို ဆက်လက်ရှာဖွေရင်း လေလွင့်နေကြဦးမည်ဖြစ်သည်။ အချို့မှာမူ ဂိုဏ်းကြီးများ တာဟဲဈေးမြို့တော်သို့ ပြန်လည်ရောက်ရှိလာပြီး ပျက်စီးမှုများကို ပြန်လည်ပြုပြင်ကာ ဇာတိမြေသို့ ပြန်ခွင့်ရရန် မျှော်လင့်နေကြသည်။

တစ်နေ့လုံး လှည့်လည်စုံစမ်းပြီးနောက် အင်အားစုလေးခုမှ ကျင့်ကြံသူများသည် ညနေပိုင်းတွင် မိမိတို့၏ သင်္ဘောများဆီသို့ ပြန်လာကြသည်။

ဤသို့နှင့် ညသန်းခေါင်ယံအချိန်သို့ နီးကပ်လာသောအခါ အရိပ်တစ်ခုသည် အခန်းတစ်ခန်းထဲမှ တိတ်ဆိတ်စွာ ထွက်လာသည်။ တည်ရှိမှုမှာ လုံးဝမရှိသလောက်ဖြစ်ပြီး လေတိုးသံကိုပင် မကြားရပေ။ ထိုလူရိပ်သည် မြစ်ရေပြင်ပေါ်တွင် အသာအယာ လမ်းလျှောက်ရင်း လီမျိုးနွယ်စု၏ သင်္ဘောဆီသို့ တိတ်တဆိတ် ရွေ့လျားသွားသည်။

လော့ချန်သည် လီမျိုးနွယ်စု၏ သင်္ဘောကြီးဆီသို့ ဦးတည်သွားစဉ် လေထဲမှ ဖြတ်သွားသော အခြား အရိပ်တစ်ခုကို တွေ့လိုက်ရသည်။

“ဗျို့.... မိတ်ဆွေလီလား”

တောက်ပနေသော မျက်လုံးတစ်စုံသည် သူ့ဘက်သို့ လှည့်ကြည့်လာသည်။

“ဟင် မိတ်ဆွေလော့ပါလား”

‘တိုက်ဆိုင်လိုက်တာ’ ဟု လော့ချန် တွေးလိုက်မိသည်။ အကြောင်းမှာ သူမ ဦးတည်နေသည်မှာ လော့ထျန်းအဖွဲ့၏ သင်္ဘောဆီသို့ ဖြစ်နေသည်မှာ သိသာလှသည်။ မှေးမှိန်လွင့်မျောနေသော အရိပ်ကိုကြည့်ရင်း “တကယ်ကို နက်နဲ့တဲ့ ကိုယ်ဖျောက်အတတ်ပဲ” ဟု သူ ချီကျူးလိုက်သည်။

လီရီရှန်းကလည်း လော့ချန်ကို အံ့ဩတကြီး ကြည့်လိုက်သည်။

“မိတ်ဆွေရဲ့ ကိုယ်ဖျောက်အတတ်ကလည်း အထင်သေးစရာ မဟုတ်ပါဘူး”

အမှန်စင်စစ် လော့ချန်က သူမကို အရင်ဆုံး သတိပြုမိခဲ့ခြင်းဖြစ်သည်။

“တခြားနေရာကို ပြောင်းကြမလား” ဟု လော့ချန် အကြံပြုလိုက်သည်။

“ဟုတ်ကဲ့.... မိတ်ဆွေပဲ လမ်းပြပါ”

လော့ချန်သည် ချက်ချင်းပင် ထိုက်ရှန်းဈေးမြို့တော်၏ အပြင်ဘက်ရှိ ထူထပ်သော တောအုပ်တစ်ခုဆီသို့ ပျံသန်းသွားသည်။ သူ တမင်ချန်ထားခဲ့သော အငွေ့အသက်ကို ခြေရာခံရင်း လီရီရှန်းက နောက်မှ ကပ်လိုက်လာခဲ့သည်။

'လော့ချန်က မှော်အတတ်တွေမှာ ဆရာတစ်ဆူပဲလို့ သတင်းကြီးတာ အလကားမဟုတ်ဘူးပဲ၊ ငါ နှစ်ပေါင်းများစွာ ကျင့်ကြံထားတဲ့ အရိပ်ယင်အတတ်က အငွေ့အသက်နဲ့ ပုံရိပ်ကို ဖျောက်တဲ့နေရာမှာ အကောင်းဆုံးတွေထဲက တစ်ခုပဲ၊ ဒါတောင် သူ့ကိုယှဉ်ရင် ငါက ခြေတစ်လှမ်း နောက်ကျနေသေးတယ်' ဟု လီရီရှန်း တွေးလိုက်သည်။

မကြာခင်မှာပင် သူတို့နှစ်ဦး ရည်မှန်းထားသည့် နေရာသို့ ရောက်ရှိသွားကြသည်။

မြေပြင်ပေါ် ဆင်းသက်ပြီးနောက် လော့ချန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မည်သည့် ချောင်းမြောင်းသူမျှ မရှိကြောင်း အတည်ပြုလိုက်သည်။ စိတ်ချသွားသည့်အခါမှ လက်ချောင်းများကို လှုပ်ခတ်ကာ အသံလုံအစီအရင်တစ်ခုဖြင့် ကာရံလိုက်သည်။

သူ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ချက်ချင်း စကားမစသေးဘဲ နှစ်ဦးသား နားလည်မှုရှိရှိ ပြုံးလိုက်ကြသည်။

"ဒီကိစ္စအပေါ်မှာ မိတ်ဆွေရဲ့ အမြင်က ဘယ်လိုရှိလဲ" ဟု လီရီရှန်းက ပြုံးလျက် မေးလိုက်သည်။

လော့ချန်က လိုရင်းကိုသာ ပြောလိုက်သည်။

“ဟက်.... ကျွန်တော့်အမြင်လား.... သူတစ်ခုခုထိမ်ချန်ထားတာ ကျိန်းသေတယ်....”

“မှန်တယ်၊ ကျွန်မတို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ၄ ဦးစလုံး အတူတူရောက်လာတာကို ထိုက်ရှန်းဈေးမြို့တော်က ဒီအတိုင်း ပစ်ထားစရာ အကြောင်းမရှိဘူး၊ သူတစ်ခုခုကို ဖုံးကွယ်ထားပြီး အချိန်ဆွဲဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်”

“ကျွန်တော်လည်း အဲ့လိုပဲ ထင်တယ်.... ဝမ်ဟိုင်ချောင်က ရေကြောင်းကုန်သွယ်မှုကို လုပ်ကိုင်တာ၊ သူက ဈေးမြို့တော်ကြီးတွေကြားမှာ ခဏခဏ သွားလာနေကျပဲ၊ ကျွန်တော်တို့ ပြောင်းရွှေ့လာမယ့် သတင်းက ဒီဘက်ကို ကြိုရောက်နေသင့်တာ ကြာပြီ"

"ဒီမှာ မိတ်ဆွေ သိတဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ရှိလား" လီရီရှန်းက မေးလိုက်သည်။

သူမ၏ မေးခွန်းကြောင့် လူတစ်ယောက်၏ ပုံရိပ်မှာ လော့ချန်၏ စိတ်ထဲတွင် ပေါ်လာသည်။ သူ ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါ လီရီရှန်းက ဆက်ပြောသည်။

“ကျွန်မက ယွီမျိုးနွယ်စုခေါင်းဆောင်နဲ့ သိကျွမ်းနေတာ ကြာပြီ.... မနက်ဖြန်ကျရင် သူ့ဆီ သွားပြီး စုံစမ်းကြည့်လို့ရတယ်....”

“ကောင်းပြီဗျာ၊ အဲ့အတိုင်းပဲ လုပ်ကြတာပေါ့” ဟု လော့ချန် သဘောတူလိုက်သည်။

အရာအားလုံး ဆုံးဖြတ်ပြီးနောက် သူ ထွက်ခွာရန် လှည့်လိုက်သည်။ သို့သော် လီရီရှန်းက သူ့ကို လှမ်းခေါ်လိုက်သဖြင့် သူ အံ့သြသွားရသည်။

“ဘာပြောစရာ ကျန်သေးလို့လဲ မိတ်ဆွေလီ”

လော့ချန်ကိုကြည့်ရင်း လီရီရှန်းကို နှုတ်ခမ်းကို ဖိကိုက်ကာ မေးလိုက်သည်။

“ဒါနဲ့ ကျွန်မတို့ရဲ့ အတူတူရှေ့ဆက်မယ့် ကတိတော့ တည်ပါစေနော်.... ”

“ဟား.... စိတ်ချပါ မိတ်ဆွေလီ.... လီမျိုးနွယ်စုအတွက် လော့ထျန်းအဖွဲ့က အမြဲတမ်း မဟာမိတ်ဖြစ်နေမှာပါ”

....

နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ပူပြင်းတောက်လောင်နေသော နေရောင်ခြည်အောက်ရှိ ရှည်လျားလှသော လမ်းမကြီးပေါ်တွင် အရပ်ရှည်ရှည် ခပ်သွယ်သွယ် လူရိပ်တစ်ခုမှာ အေးအေးလူလူ လမ်းလျှောက်နေသည်။ သူသည် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ၏ တည်ဆောက်ပုံကို လေ့လာရင်း မျက်နှာတွင် စူးစမ်းလိုစိတ်များ ပေါ်လွင်နေ၏။

"ဒါက တာဟဲဈေးမြို့တော်ရဲ့ အတွင်းမြို့နဲ့ အပြင်မြို့ တည်ဆောက်ပုံတွေနဲ့ လုံးဝကို ကွဲပြားခြားနားနေတာပဲ"

ထိုက်ရှန်းဈေးမြို့တော်သည် သာမန်ဈေးမြို့တော်တစ်ခုထက်စာလျှင် တောင်ကြီးသုံးလုံး ဝန်းရံထားသော မြေပြန့်လွင်ပြင်ကျယ်ပေါ်တွင် စုဝေးဖြစ်တည်လာသည့် လူနေရပ်ကွက်တစ်ခုနှင့် ပိုတူနေသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤနေရာသည် သဘာဝအလျောက်ပင် ဈေးမြို့တော်တစ်ခုအဖြစ် ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ ၎င်း၏ အဆောက်အအုံ အစီအစဉ်များသည် တာဟဲဈေးမြို့တော်တွင် တွေ့ရသည့် စနစ်တကျ ကျွမ်းကျင်စွာ ပုံစံထုတ်ထားသည့် လက်ရာမျိုး မဟုတ်ကြောင်းမှာ အထင်အရှားပင်။

အဆောက်အအုံများသည် အစုအဖွဲ့လေးများအလိုက် ဟိုတစ်စု သည်တစ်စု ပြန့်ကျဲနေကြသည်။ အချို့သော အဆောက်အအုံများမှာ ခန့်ညားထည်ဝါလှပြီး ချမ်းသာကြွယ်ဝသော ဂိုဏ်းကြီးများ၏ လုပ်ငန်းခွဲများဖြစ်ကြောင်း သိသာလှသော်လည်း အချို့မှာမူ ရိုးရှင်းလှသည့် ဆိုင်းဘုတ်အကြမ်းစားလေးများသာ ရှိကြသည်။ သာမန်မိသားစုငယ်လေးများ သို့မဟုတ် နိမ့်ပါးသော ဈေးသည်များ၏ ဆိုင်များဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။

မကြာမီမှာပင် လော့ချန်၏ ခြေလှမ်းများသည် ရှေးဟောင်းအနုပညာလက်ရာများဖြင့် ခန့်ညားလှသော အဆောက်အအုံမြင့်ကြီးတစ်ခု၏ ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားတော့သည်။

ဝင်ပေါက်၏အထက်တွင် ‘ရွှေကျောက်နန်းဆောင်’ ဟု ရေးထိုးထားသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။

အတွင်းသို့ ဝင်လိုက်သည်နှင့် အလွန်တရာ တောက်ပခန့်ညားပြီး ခမ်းနားထည်ဝါလှသော အတွင်းပိုင်းပြင်ဆင်မှုများက သူ့အား ဆီးကြိုနေသည်။

‘အတိအကျပြောရရင် ခန်းမျိုးနွယ်စုဆိုတာ ကျောက်စိမ်းအိုးဓားဂိုဏ်းရဲ့ လက်အောက်ခံ မျိုးနွယ်စုတစ်ခုပဲ၊ အဲဒီတုန်းက ခန်းတုံးယွဲ့ ကိုယ်တိုင် ငါ့ကို ပြောခဲ့တာ’

‘အခုတော့ နာမည်ကျော် ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးနှစ်ဂိုဏ်းက အခြေအနေတင်းမာနေကြပြီဆိုတော့ သူတို့တွေလည်း ဒီထဲမှာ ပါဝင်ပတ်သက်လာဦးမလားပဲ’

ထိုသို့ တွေးတောရင်း လော့ချန်သည် အတွင်းဘက်သို့ ခပ်လှမ်းလှမ်း တိုးဝင်လိုက်သည်။

လှပသော အရောင်းဝန်ထမ်းအမျိုးသမီးလေးတစ်ဦးက ပြုံးရွှင်စွာဖြင့် သူ့ထံ ချဉ်းကပ်လာသည်။ လော့ချန်သည် သူ၏ အခြေခံတည်ဆောက်ခြင်းအဆင့် အရှိန်အဝါများကို ဖုံးကွယ်ထားသော်လည်း သူဝတ်ဆင်ထားသည့် အဆင့်မြင့်ဝတ်ရုံနှင့် တည်ငြိမ်ထည်ဝါသော အရှိန်အဝါတို့ကြောင့် သာမန်တစ်ကိုယ်တော်ကျင့်ကြံသူ မဟုတ်ကြောင်း သိသာနေပေသည်။

ထို့ကြောင့်ပင် အမျိုးသမီးလေးမှာ အလွန်တရာ တက်ကြွစွာဖြင့် ကြိုဆိုလေတော့သည်။

"သခင်လေး.... ဘာများ ရှာဖွေနေပါသလဲရှင်"

"ကျွန်မတို့ ရွှေကျောက်နန်းဆောင်က ရွှေကျောက်စိမ်းရည်နဲ့ ကျောက်အမြုတေဆေးလုံးတွေကို အဓိကထားရောင်းချပါတယ်၊ နှစ်မျိုးလုံးက ကျင့်ကြံခြင်းအတွက် အရမ်းကိုအကျိုးပြုပါတယ်ရှင်၊ တကယ်လို့ သခင်လေးက ခရီးထွက်ဖို့ အစီအစဉ်ရှိရင်တော့ အဆိပ်ရှိတဲ့ သတ္တဝါတွေကို မောင်းထုတ်ပေးနိုင်တဲ့ ကျွန်မတို့ရဲ့ ကန့်မှုန့်နံ့သာက အကောင်းဆုံးပါပဲ၊ ဒါ့အပြင် ဟင်္သာပြဒါးတွေ၊ တိမ်တိုက်သလင်းကျောက်တွေလည်း ရှိပါသေးတယ်...."

လော့ချန်သည် မူလက တိုက်ရိုက်ပင် လာရင်းကိစ္စကို ပြောရန် ရည်ရွယ်ထားသော်လည်း သူမ၏ မိတ်ဆက်စကားများကို နားထောင်ပြီးနောက် စိတ်ဝင်စားမှု အနည်းငယ် ဖြစ်ပေါ်လာမိသည်။ ထိုက်ရှန်း၏ ခန်းမျိုးနွယ်စုမှာ ကျောက်စိမ်းအိုးဓားဂိုဏ်း၏ လက်အောက်ခံမျိုးနွယ်စုဆိုသည့်အတိုင်း အမှန်တကယ်ပင် နာမည်နှင့်လိုက်အောင် အရည်အချင်းရှိကြပေသည်။

နှစ်ပေါင်းများစွာ လည်ပတ်လာခဲ့ကြသည်ဖြစ်ရာ သူတို့တွင် အဆင့်နိမ့်ဆေးလုံး အမျိုးအမည် မြောက်မြားစွာ ရှိနေသည်။ အမျိုးအစားစုံလင်မှုမှာ လော့ထျန်းအဖွဲ့ချုပ်တွင် ရှိသည်ထက်ပင် သာလွန်နေသေးသည်။ သို့သော် သေချာစဉ်းစားကြည့်လျှင်မူ ဤသည်မှာ သဘာဝကျလှပေသည်။ ဤဆေးလုံး အများစုမှာ ဖော်စပ်ရန် အတော်အတန် လွယ်ကူလှသည် မဟုတ်ပါလော။

ကြည့်လိုက်လျှင် အထင်ကြီးစရာကောင်းလှသော ပစ္စည်းအချို့မှာလည်း ဈေးကွက်ထဲတွင် အခြားသော အစားထိုးပစ္စည်းများ အလွယ်တကူ ရနိုင်နေသည့်အရာများသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လော့ချန်သည် ကျင့်ကြံခြင်းအတွက်မဟုတ်သော်လည်း အခြားနေရာတွင် အသုံးဝင်မည့် အဆင့်နိမ့်ဆေးလုံးမျိုးစုံအတွက် ဝိညာဉ်ကျောက်တုံး ရာဂဏန်းခန့် အသုံးပြုကာ ဝယ်ယူလိုက်သည်။ သူ့အတွက် ရွှေကျောက်စိမ်းရည် လိုအပ်နေသော်လည်း ၎င်းကိုမူ မဝယ်ယူခဲ့ပေ။ ထိုအစား အရောင်းမိန်းကလေး အံ့အားသင့်သွားစေမည့် အံ့ဖွယ်တစ်သောင်းဆေးလုံးတစ်လုံးကို ထုတ်ပြလိုက်သည်။

“ဒါနဲ့ မိန်းကလေးတို့ နန်းဆောင်က ဆေးလုံးတွေ ပြန်ဝယ်တာမျိုးရော ရှိလားဗျ.... ”

“အို.... ဘုရားရေ.... ထိပ်တန်းအဆင့်ပါလား.... ”

မိန်းမလှလေးသည် အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်ကာ အော်ဟစ်လိုက်ပြီးမှ ချက်ချင်းပင် သူမ၏ ပါးစပ်ကို ပြန်ပိတ်လိုက်သည်။ သူမ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အနီးနားရှိ မည်သည့်ဖောက်သည်မျှ သတိမပြုမိသည်ကို တွေ့လိုက်ရသည်။

"ဟင်"

ထိုအခါမှသာ လော့ချန် အသံလုံအစီအရင်ကို ကြိုတင်ပြုလုပ်ထားခဲ့ကြောင်း သူမ သတိပြုမိတော့သည်။

သူမသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရင်း အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

"ဝယ်ယူပါတယ်ရှင်၊ ဒါပေမဲ့ ကျွန်မတို့ ရွှေကျောက်နန်းဆောင်က အကြီးအကဲတွေက အရင်ဆုံး စစ်ဆေးအကဲဖြတ်ရပါမယ်"

လော့ချန်သည် ဘေးဘီကို တစ်ချက်အကဲခတ်လိုက်ပြီး မိန်းမလှလေးအား စိုက်ကြည့်ကာ ဆိုသည်။

“ဒီမယ် မိန်းကလေး.... ဒီဆေးလုံးကို ကျုပ် အကြီးအကဲ ခန်းတုံးယွဲ့ ကိုယ်တိုင် အကဲဖြတ်စေချင်တယ်.... ကျုပ်ကို သူနဲ့တွေ့ပေးဖို့ ကူညီပေးနိုင်မလား.... ပြီးတော့ ကျုပ်ဆီမှာ ဒီတစ်လုံးတည်း မဟုတ်ဘူးနော်.... ”

စကားပြောနေစဉ်မှာပင် သူသည် ထိုအဆင့်မြင့်ဆေးလုံးကို အမျိုးသမီးလေး၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

သူမသည် ခဏမျှ တွေဝေသွားသည်။ သို့သော် လော့ချန်၏ ‘တစ်လုံးတည်း မဟုတ်ဘူးနော်’ ဆိုသည့် စကားကို ကြားလိုက်ရချိန်တွင် သူမ၏ ဆုံးဖြတ်ချက်မှာ ခိုင်မာသွားတော့သည်။

အကယ်၍ သူမအနေဖြင့် ဤကဲ့သို့ အရောင်းအဝယ်ကြီးတစ်ခုကို နန်းဆောင်အတွက် ဆောင်ကြဉ်းပေးနိုင်ပါက ချီးမွမ်းခံရမည့်အပြင် ဆုလာဘ်များစွာလည်း ရရှိမည်မှာ သေချာလှသည်။ သူမ အံကို တင်းတင်းစေ့လိုက်ပြီး "သခင်လေး.... ကျေးဇူးပြုပြီး အပေါ်ထပ်ကို ကြွပြီး ခဏလောက် စောင့်ဆိုင်းပေးပါရှင်" ဟု ဆိုသည်။

လော့ချန် အနည်းငယ် ပြုံးလိုက်ပြီး အပေါ်ထပ်သို့ လျှောက်လှမ်းသွားတော့သည်။

‘အင်း.... ငါးစာတော့ချပြီးပြီ.... ခန်းတုံးယွဲ့ တစ်ယောက် ငါ့ချလိုက်တဲ့ ငါးစာကို ဟပ်မဟပ် ဆိုတာပေါ်မှာပဲ မူတည်တော့တယ်’

All Chapters