အခန်း (၃၀၇-၃၀၈)
Vol. 31 Ch. 307-308
အခန်း (၃၀၇) - ခန်းတုံးယွဲ့တို့ မြေးအဘိုး၏ တစ်နေ့တာ အလွဲများ
ခန့်ညားထည်ဝါလှသော ထိုက်ရှန်းတောင်ကြီးသည် ဝန်းရံထားသော တောင်ငယ်များအကြားတွင် ဧကရာဇ်တစ်ပါးပမာ စိုးမိုးတည်ရှိနေသည်။ ၎င်း၏ အရှိန်အဝါတစ်ခုတည်းနှင့်ပင် တောင်တန်းတစ်ခုလုံး၏ အရှင်သခင်ဖြစ်ကြောင်း သက်သေပြနေသကဲ့သို့ ရှိ၏။
ထိုက်ရှန်းဈေးမြို့တော်တွင် ဟော်မျိုးနွယ်စုက အာဏာအရှိဆုံးဖြစ်သော်လည်း ခန်းမျိုးနွယ်စုကိုမူ မည်သူမျှ မလေးမစား မလုပ်ရဲကြပေ။ အကြောင်းမှာ ခန်းမျိုးနွယ်စု၏ ဘိုးဘေးများသည် ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ဆင်းသက်လာသူများဖြစ်ပြီး နောက်ခံဇာစ်မြစ်မှာ အလွန်နက်ရှိုင်းလှသောကြောင့် ဖြစ်သည်။ ဤဈေးမြို့တော်တစ်ခုလုံး၏ အမည်မှာပင် ခန်းမျိုးနွယ်စု၏ ဘိုးဘေးပိုင်မြေကို အစွဲပြု၍ ခေါ်ဝေါ်ထားခြင်း ဖြစ်သည်။
လေအဟုန်ကို စီးနင်းပျံသန်းလာသော အသံလွှင့် စက္ကူကြိုးကြာငှက် တစ်ကောင်သည် တောင်ခါးပန်းရှိ အစီအရင် အကာအကွယ်ထဲသို့ လျင်မြန်စွာ တိုးဝင်သွားသည်။ မကြာမီမှာပင် လူတစ်ယောက်သည် ခန်းတုံးယွဲ့ ထံသို့ သတင်းစကားဖြင့် ချဉ်းကပ်လာသည်။
“အဘိုးရေ.... ရွှေကျောက်နန်းဆောင်က သတင်းပို့လာတယ်.... ဆေးလုံး လာရောင်းတဲ့သူ ရှိလို့တဲ့"
ခန်းတုံးယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။
“ရှုပ်ရှုပ်ယှက်ယှက်ကွယ်.... နန်းဆောင်ထဲမှာ အကြီးအကဲ တစ်ယောက် ရှိနေတာပဲ မလား.... ဒီမယ် ရှန်းချုံး.... ကိစ္စအသေးအမွှားလေးတွေနဲ့ အဘိုးဆီ ပြေးမလာနဲ့လို့ ပြောထားတယ်လေ.... မျိုးနွယ်စု အရေးအရာတွေကို တာဝန်ယူဖို့ သင်ထားစမ်း.... ”
ခန်းရှန်းချုံးက အားကိုးရာမဲ့စွာ ပြန်ဖြေသည်။
“ဟို.... ဟိုလေ.... အဲ့ဒီလူက အဘိုးကိုယ်တိုင် သူ့ဆေးလုံးကို အကဲဖြတ်ပေးဖို့ အတင်းအကျပ်တောင်းဆိုနေတာမို့လို့ပါ"
“ဆေးလုံးကို အကဲဖြတ်ရမယ်.... ဟုတ်စ”
“စိတ်မတိုပါနဲ့ဦး.... အဘိုးရဲ့.... ဆေးလုံးက ထိပ်တန်းအဆင့်တဲ့.... နောက်ပြီး အဲ့လိုဆေးလုံးကို အများကြီး ရှိနေပုံပဲ.... ”
ထိုသို့ ပြောရင်းနှင့်ပင် ခန်းရှန်းချုံးက ကျောက်စိမ်းပုလင်းလေး တစ်ပုလင်းကို ထုတ်ပြလိုက်သည်။
ခန်းတုံးယွဲ့ အံ့အားသင့်သွားပြီး ပုလင်းဆို့ကို ဂရုတစိုက် ဖွင့်လိုက်သည်။ ချက်ချင်းပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသော ဆေးရနံ့ အပြင်းစားတစ်ခုမှာ ပျံ့လွင့်သွားတော့သည်။
သူ၏ မျက်ခုံးများ တွန့်သွားပြီး ချက်ချင်းပင် အသက်ရှူအောင့်လိုက်သည်။ သူ့ဘေးရှိ မိန်းမပျိုလေးမှာမူ ထိုမျှ သတိမရှိပေ။ ထိုရနံ့ကို တစ်ချက်မျှ ရှူရှိုက်မိရုံဖြင့် သူမ၏ နှလုံးခုန်သံမှာ အလိုအလျောက် မြန်ဆန်လာကာ စိတ်လှုပ်ရှားမှုများ လှိုင်းထလာတော့သည်။
“ဟမ်.... ဒါက.... အံ့ဖွယ်တစ်သောင်း ဆေးလုံးလား”
ခန်းတုံးယွဲ့က ရေရွတ်ရင်း အတွေးထဲ နစ်ဝင်သွားသည်။
“အင်း.... နောက်ဆုံးတော့ တာဟဲက မိတ်ဆွေလေး ရောက်လာပြီ ထင်တယ်.... အချိန်တိုလေးအတွင်း ကောင်လေး ဆေးဖော်တာ ဒီလောက်အထိ တိုးတက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူးပဲ.... အခု ထိပ်တန်းအဆင့် ဆေးလုံးတွေကိုတောင် ဖော်စပ်နိုင်နေပြီ.... အခု တာဟဲက ပျက်စီးသွားပြီဆိုတော့ သူ ဒီဆေးလုံးတွေကို ငါတို့ကို ရောင်းပြီး ခန်းမျိုးနွယ်စုရဲ့ အကာအကွယ်ကို ရဖို့ ကြိုးစားချင်တာဖြစ်မယ်.... ဒီလောက် ထူးချွန်တဲ့ ဆေးဖော်ပါရမီမျိုးနဲ့ဆိုရင် ငါ....”
သူ တစ်ဦးတည်း အတွေးပေါက်ကာ ရေရွတ်နေစဉ်မှာပင် သူ့အနားတွင် ထူးဆန်းနေသလိုခံစားရသဖြင့် ဘေးသို့ ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ ထိုအခါ သူ ဒေါသငယ်ထိပ်ဆောင့်တက်စေမည့် မြင်ကွင်းကို မြင်လိုက်ရသည်။
အကြောင်းမူ သူ၏ မြေးမလေး ခန်းရှန်းချုံး၏ ပါးပြင်များမှာ နီမြန်းနေပြီး သူမ၏ အကြည့်များမှာလည်း ဝေဝါးနေသယောင်ရှိသည်။ မိန်းမပျိုလေး၏ ရွှန်းလဲ့နေသော မျက်ဝန်းများမှာ ညှို့ယူဖမ်းစားနိုင်သော အရောင်အဝါများ တလက်လက် တောက်နေသည်။ ထိုမျှမက သူမ၏ လက်တစ်ဖက်မှာလည်း နိမ့်ချည်မြင့်ချည် လှိုက်ဖိုမောဟိုက်နေသော ရင်ဘတ်ဆီသို့ အလိုအလျောက် ရောက်ရှိနေလေသည်။
“ဟဲ့ ကမြင်းမ.... နင့်မှာ သောက်ရှက်မရှိဘူးလားဟဲ့.... ”
ခန်းတုံးယွဲ့က ပျစ်ပျစ်နှစ်နှစ် ဟောက်လိုက်ပြီး သူ့မြေးမ မျက်နှာပေါ်သို့ ရေစင်များ ဖြန်းပက်လိုက်သည်။
ဗွမ်း....
ထိုအခါမှ ခန်းရှန်းချုံးသည် လန့်ဖျန့်သွားပြီး သတိပြန်ဝင်လာသည်။ အဘိုးဖြစ်သူ၏ ဒေါသထွက်နေသော မျက်နှာကို မြင်လိုက်ရသောအခါ သူမ ချက်ချင်း ကြောက်ရွံ့တုန်လှုပ်သွားတော့သည်။
“ဟို.... ဟိုလေ.... သမီး.... သမီးက.... ”
“ဘာဖြစ်လဲ.... ဆက်ပြောစမ်း ကမြင်းမလေး.... ”
ခန်းတုံးယွဲ့က သူ့မြေးမအား စိတ်ပျက်လက်ပျက် စိုက်ကြည့်လိုက်သည်။
“ဒီမယ်.... မယ်မင်းကြီးမ.... နင်က ကျင့်ကြံဆင့်တက်ဖို့ပဲ အာရုံစိုက်ပြီး စိတ်ဝိညာဥ် သန်မာအောင် မကျင့်ခဲ့ဘူးလား.... ဒီဆေးနံ့လေး မဖြစ်စလောက်ကိုတောင် ဒီလောက်ဖြစ်နေရင် နင် ခန်းမျိုးနွယ်စုရဲ့ အမွေကို ရမယ် မစဥ်းစားနဲ့.... ထွီ.... ဟော်မျိုးနွယ်စုက ဟော်ဟူ ဆိုတဲ့တစ်ယောက်တောင် မီးလျှံမဟာမိတ် ဆီကနေ အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ ပြန်လာပြီ.... နင်ဆိုတဲ့ ငဖျင်းမကတော့ ချီသန့်စင်အဆင့်မှာ တစ်နေတုန်းပဲ.... ”
ထိုသို့ အဆက်မပြတ် ဆူပူကြိမ်းမောင်းသံများကြောင့် ခန်းရှန်းချုံးမှာ နှုတ်ခမ်းကလေး တုန်ရီကာ ငိုတော့မည့်ဆဲဆဲ ဖြစ်နေသည်။ သူမသည်လည်း ကာကွယ်ရေး အတတ်များသုံးထားရန် သာမာန်အချိန်များထက် အနည်းငယ်ပေါ့ဆသွားမိသည်။ အကြောင်းမူ သူမ အယုံကြည်ရဆုံးနှင့် အားအကိုးရဆုံး အဘိုး၏ အနားတွင်ဖြစ်သဖြင့် အကာအကွယ် အစီအရင်များကို ပုံမှန်အောက်လျှော့ထားမိခြင်း ဖြစ်သည်။
“အီး.... ဟီး.... အဲဒါ ဟိုအောက်တန်းစားကြောင့်.... အဲဒီဆေးလုံးက ဆေးနံ့နဲ့တင် ဒီလောက်အထိ ညစ်ညမ်းမယ် ဘယ်သူထင်မလဲ.... ရှူလိုက်မိရုံလေးပဲ တကိုယ်လုံးဗြောင်းဆန်သွားတော့တာပဲ.... အခုတော့ အဆူခံနေရပြီ.... မသာကောင်စုတ်.... တွေ့မယ် ဒင်းတော့.... ”
“တိတ်စမ်း.... ငိုပဲ ငိုနေတော့တာပဲ၊ နားညီးတယ်.... အလိုလိုက် အမိုက်စော်ကားတဲ့ သောက်မြေးမ.... တယ် ငါလေ စိတ်ရှိတိုင်း ရိုက်လိုက်ရင်တော့.... ”
“အဟင့်.... ဟင့်....”
“အပြစ်ဖြေကမ်းပါးမှာ နင့်ကို သုံးလ အကျဥ်းချထားမယ်.... ဒါပဲ”
ခန်းတုံးယွဲ့သည် ဝတ်ရုံစကို ခါယမ်းကာ ဘာမှ ထပ်မပြောဘဲ ထွက်သွားတော့သည်။
သူ ပျံသန်းသွားသော လမ်းကြောင်းကို ကြည့်ခြင်းအားဖြင့် ထိုက်ရှန်းတောင်ခြေရှိ ဈေးမြို့တော်ဆီသို့ တန်းတန်းမတ်မတ် သွားနေခြင်း ဖြစ်ကြောင်း သိသာလှသည်။ ခန်းရှန်းချုံးကမူ စိတ်တိုတိုဖြင့် ပါးစပ်ကလေး ဆူကာ ကျန်ရစ်ခဲ့သည်။
“ဟွန့်.... အရင်းစစ်တော့ ဒါ ဟို အောက်လမ်းဆေးဆရာကြောင့်.... အဘိုးရှေ့မှာ ငါ့ကို အရှက်ကွဲအောင်လုပ်တာ.... တွေ့ရင်တော့လား.... နင့်ကို ငါအမှုန့်ကြိတ်ပစ်မယ်.... တောက်....”
သူမ ဒေါသပြေသည့်အထိ အချိန်အတန်ကြာ ဆဲရေးဆိုပြီးသည့်နောက်တွင် အပြစ်ဖြေကမ်းပါးရှိရာ ကျောက်ဆောင်ဆီသို့ သွားရန် ပြင်လိုက်သည်။ သို့ရာတွင် လမ်းတစ်ဝက်တွင် သူမ အတွေးတစ်ခုရကာ ပြုံးလိုက်မိသည်။ သူမ၏ မျက်လုံးလေးများသည် ဉာဏ်နီဉာဏ်နက်များဖြင့် တလက်လက် တောက်လာသည်။
“သုံးလ အကျဥ်းချခံရမှာတော့ ဟုတ်ပါပြီ.... ဒါပေမဲ့ အဘိုးက ဘယ်နေ့ စရမလဲဆိုတာ မပြောသွားဘူးပဲ.... ဟိဟိ.... ဒါဆို လိုတာလေးတွေ အရင် ဝယ်ထားသင့်တာပေါ့နော် ခစ်ခစ်.... ”
သူမသည် ခိုးကြောင်ခိုးဝှက် တခစ်ခစ် ရယ်မောလိုက်ပြီးနောက် သူမ၏ ယဥ်ပျံတော်ကို စီးနင်းကာ ထိုက်ရှန်းတောင်ပေါ်မှ ခိုးဆင်းလာတော့သည်။
....
“မိတ်ဆွေလေးရေ.... မတွေ့ရတာကြာ.... ဟေ မင်းက ဘယ်သူလဲကွ....”
ခန်းတုံးယွဲ့သည် ရွှေကျောက်နန်းဆောင်၏ ဒုတိယထပ် ကျက်သရေ ဧည့်ခန်းဆောင်အတွင်း၌ ထိုင်နေသော လူကို ကြည့်ကာ တွန့်ဆုတ်သွားသည်။
လော့ချန် သူ၏ မျက်နှာပေါ်မှ ကိုယ်ဖျောက်အတတ်ကို ရုပ်သိမ်းလိုက်ရာ ရုပ်သွင်အမှန် ပေါ်ထွက်လာသည်။ သူ အနည်းငယ် ပြုံးလိုက်ပြီး ဂါရဝပြုလိုက်သည်။
“အကြီးအကဲခန်း.... မတွေ့ရတာ ကြာပြီနော်၊ ကျန်းခန့်သာလို့ မာပါစ ခင်ဗျာ”
“မင်း.... မင်းတောင်....”
ခန်းတုံးယွဲ့၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး လော့ချန်အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။ အကြောင်းမူ ရုပ်ဖျောက်ထားခြင်းကြောင့် မဟုတ်ဘဲ လော့ချန်ထံမှ ထွက်ပေါ်နေသော ချီစွမ်းအားကြောင့် ဖြစ်သည်။ ၎င်းမှာ သူနှင့် တစ်ဆင့်တည်းဖြစ်သော အခြေခံတည်ဆောက်ခြင်းအဆင့်၏ အရှိန်အဝါပင်ဖြစ်သည်။ သူနှင့် အဆင့်တူသော်လည်း လော့ချန်၏ စွမ်းအားမှာ အခြေခံတည်ဆောက်ခြင်း အဆင့် ၂ သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သူ အသေအချာ ခံစားသိရှိနေရသည်။
“ဟင်.... ဘယ်နှစ်နှစ်ပဲ ရှိသေးလို့လဲကွ.... အဆင့်တက်တာကမြန်လိုက်တာ....”
သူ လော့ချန်နှင့် ပထမအကြိမ် တွေ့ခဲ့စဉ်က လော့ချန်မှာ ချီသန့်စင်အဆင့်(၄) သို့မဟုတ် အဆင့် (၅) တွင်သာ ရှိသေးသည်ကို သူ မှတ်မိနေသေးသည်။ ခန်းတုံးယွဲ့၏ စိတ်ထဲတွင် ခဏမျှ ဝေဝါးသွားရသည်။
သူတို့ ထိုင်လိုက်ကြပြီး လော့ချန်က စကားစမြည် ပြောဆိုနေသော်လည်း သူ သတိပြန်မဝင်နိုင်သေးပေ။ ဤမျှ မြန်ဆန်လှသော ကျင့်ကြံမှု အရှိန်အဟုန်မျိုးမှာ ဂိုဏ်းကြီးများတွင်ပင် စစ်မှန်သော အမွေခံ သို့မဟုတ် မျိုးဆက်အဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။
“ဒါနဲ့.... အကြီးအကဲခန်း....”
“ဟေး.... နေ.... နေ၊ ငါ့ကို အကြီးအကဲလို့ မခေါ်နဲ့တော့၊ မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေမှပဲ.... ငါတို့က လမ်းစဥ်တူ ကျင့်ကြံဖော်တွေ ဖြစ်သွားပြီ.... ဒီတော့ မိတ်ဆွေလို့ပဲ ခေါ်ပါ"
ခန်းတုံးယွဲ့သည် အံ့သြနေသော်လည်း လျင်မြန်စွာပင် တည်ငြိမ်မှုကို ပြန်လည် ထိန်းသိမ်းလိုက်သည်။ ထို့နောက် လော့ချန်ကို သေချာကြည့်ကာ ချီးကျူးစကား ဆိုလိုက်သည်။
“ဒါနဲ့ မင်း အံ့ဖွယ်တစ်သောင်းဆေးလုံးကို ထိပ်တန်းအဆင့် ဖော်နိုင်တာ မဆန်းတော့ပါဘူး.... ဘယ်လိုလဲကွ.... အခု အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ပြီဆိုတော့ ဒုတိယအဆင့် ဆေးလုံးတွေကိုတောင် စမ်းဖော်နေပြီထင်တယ်.... ပြောစမ်းပါဦးကွ”
‘စမ်းတာတင် မကဘူး.... ဖော်စပ်ပြီးပြီဗျ....’ ဟု လော့ချန် စိတ်ထဲမှ ပြန်ပြောလိုက်မိသည်။
လော့ချန် ခပ်ပါးပါး ပြုံးလိုက်ရင်း “ဟဲဟဲ.... အကြီးအကဲ.... အဲလေ.... မိတ်ဆွေကြီးကလည်း မြှောက်ပင့်လွန်းနေပါပြီဗျာ.... မိတ်ဆွေဆိုလည်း အခြေခံတည်ဆောက်ခြင်း အလယ်အဆင့် ရောက်နေပြီ ထင်တယ်နော်.... သေချာတွက်ကြည့်ရင် အဆင့်တက်တာ မြန်ချက်ပဲဗျာ.... ” ဟု မြှောက်ပင့်လိုက်သည်။
ဤသို့ဖြင့် နှစ်ဦးသား အပြန်အလှန် ချီးကျူးကာ မြှောက်ပင့်နေလေသည်။ ထိုသို့ ဖြစ်ရပ်မှန်လေးများကို မြှောက်လုံးလေး နာနာထည့်ကာ ချီးကျုးခြင်းမှာ လူမှုဆက်ဆံရေး၏ ကစားကွက် တစ်ခုသာ ဖြစ်သည်။
ခန်းတုံးယွဲ့ကမူ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ စင်စစ်မူ သူ၏ တိုးတက်မှုမှာ ကြွားစရာ မရှိပေ။ တာဟဲသို့ သွားစဉ်ကတည်းက သူသည် အဆင့် ၃ တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ လေလံပွဲမှ ကျင့်ကြံခြင်း အရင်းအမြစ်များစွာ ရရှိခဲ့ပြီးမှသာ ပြီးခဲ့သည့် နှစ်နှစ်အတွင်း အလယ်ပိုင်းအဆင့်သို့ မနည်း တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
“ကိုင်း.... အချင်းချင်း မြှောက်တာရပ်ပြီး အလုပ်ကိစ္စပြောကြမယ်ကွာ.... ”
ထို့နောက် ခန်းတုံးယွဲ့သည် ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်သည်။
“မင်းရဲ့ ဒီဆေးလုံးကို လမ်းမှာတင် ငါ အကဲဖြတ်ခဲ့ပြီးပြီ.... တကယ်တော်တယ်ဟေ့.... တကယ့် ထိပ်တန်းအဆင့်ပဲ.... ဆေးစွမ်းကလဲ သာမန် ချီသန့်စင်အဆင့်ရှိသူဆိုရင် အနံ့ရှူမိရုံနဲ့တင် တန်းအစွမ်းပြသွားမှာပဲ.... ကြိုက်သဟေ့.... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေထဲမှာလည်း ဝယ်လက်တွေရှိတယ်.... အဲ့တော့ တိုတိုနဲ့လိုရင်း ဈေးစကားပြောရအောင်ကွာ.... မင်းဟာက သာမန် ပထမအဆင့် ဆေးလုံးလို သတ်မှတ်လို့ မရဘူးကွ.... ထိပ်တန်းအဆင့် ဆေးလုံးတစ်လုံးဟာ ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံးတစ်လုံးနဲ့ ညီမျှတယ်.... အဲ့တော့ ငါ ဆေးတစ်လုံးကို ဝိညာဉ်ကျောက်တုံး ၂၀ နှုန်းနဲ့ ပေးမယ်၊ တစ်ခုရှိတာက ဆေးအများကြီးဝယ်လှောင်ပေးရမယ်ဆိုရင်တော့ ဈေးထပ်လျှော့ကွာ.... ပြီးတော့.... ”
“အဟမ်း.... အဟမ်း”
လော့ချန်က ချောင်းဟန့်ကာ ကြားဖြတ်လိုက်သည်။
ခန်းတုံးယွဲ့၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာကို ကြည့်ကာ လော့ချန် ပြုံးလိုက်ရင်း ဆိုသည်။
“မိတ်ဆွေကြီးက ကျွန်တော့်ကို အထင်ကြီးလွန်းနေပြီဗျ၊ ထိပ်တန်းအဆင့် ဆေးလုံးဆိုတာ အများကြီး ထုတ်လို့လွယ်တယ် ကြားဖူးလို့လားဗျာ.... ကြက်ကန်းဆန်အိုးတိုး တခါတလေ လေးရလာတာပါဗျာ ဟဲဟဲ.... ”
ခန်းတုံးယွဲ့သည် မျက်တောင်တခတ်ခတ် လုပ်နေပြီးမှ ဟားတိုက် ရယ်မောလိုက်တော့သည်။
ထို့နောက် သူ စားပွဲကို ရိုက်လိုက်ရင်း ဆိုသည်။
“ဟား.... ဟား.... အေးဟေ့ ငါ အများကြီး တွေးမိသွားတယ်.... ဟုတ်တာပေါ့.... ဒါက ထိပ်တန်းအဆင့် ဆေးလုံးပဲဟာ.... မင်းရဲ့ ကျင့်ကြံမှု အဆင့်ကို မြင်မိပြီး မင်းသာဆို ဒါမျိုးတွေက ပုံမှန်လို ဖြစ်နေမလားလို့ ထင်မိသွားတာ"
“ဟားဟားဟား.... ”
ပျော်ရွှင်ဖွယ်ရာ ရယ်မောသံများနှင့်အတူ စကားဝိုင်းမှာ ပြန်ငြိမ်သွားသည်။
ရယ်သံများ စဲသွားသောအခါ ခန်းတုံးယွဲ့က တစ်ခုခုကို သတိပြုမိသွားပြန်သည်။
“နို့.... နေပါဦး.... ငါသတင်းရတာက မင်းမှာ ဆေးလုံး အမြောက်အမြား ရောင်းဖို့ ရှိတယ်ဆိုတာက....”
“ဩော်.... ဒါလား.... ဟောဒီမှာဗျ....”
လော့ချန်သည် ကျောက်စိမ်းပုလင်း တစ်ပုလင်းကို စားပွဲပေါ်မှနေ၍ ခန်းတုံးယွဲ့ထံသို့ တွန်းပို့လိုက်သည်။
ခန်းတုံးယွဲ့သည် ပုလင်းကို ဖွင့်ကြည့်လိုက်ပြီးနောက် သံသယများ ပြည့်နှက်နေသော မျက်လုံးများဖြင့် လော့ချန်ကို စိုက်ကြည့်လိုက်သည်။
“ဟင်.... ကျောက်စိမ်းအမြုတေဆေးလုံး.... တန်.... ချန်.... ဇီ”
“အမှန်ပါပဲဗျာ”
ဟူး....
ခန်းတုံးယွဲ့သည် အံ့အားသင့်သွားကာ အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
ဆေးဖော်စပ်ခြင်းနှင့် အလှမ်းဝေးသောသူများသည် ခန်းတုံးယွဲ့၏ တုန်လှုပ်မှုအား နားလည်နိုင်ချင်မှ နားလည်မည်။ လော့ချန်၏ ဆေးဖော်စပ်စွမ်းရည်သည် တစ်ဖက်ကမ်းခတ်နီးပါး အတိုင်းအတာတစ်ခုအထိ ခရီးရောက်နေပြီဖြစ်ကြောင်းကို သူရိပ်မိသွားလေသည်။
ဆယ်နှစ်ပင် မပြည့်သေးသောအချိန်တစ်ခုတွင် လော့ချန်သည် ထိပ်တန်းအဆင့် အံ့ဖွယ်တစ်သောင်းဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်။ ဤသည်မှာ သူပြောသကဲ့သို ကြက်ကန်းဆန်အိုးတိုး အောင်မြင်မှု ဖြစ်နိုင်သလို အတော်အသင့် ဆေးဖော်စပ်ပါရမီ ရှိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ဤအထိ ခန်းတုံးယွဲ့ နားလည်နိုင်သေးသည်။ သို့ရာတွင် အခြား ဆေးလုံးနောက်တစ်မျိုးကိုပါ အဆင့်မြင့်အထိ ဖော်စပ်နိုင်ခြင်းသည် လျှော့တွက်၍ မရတော့သော ကိစ္စဖြစ်သွားသည်။ အကြောင်းမူ ထိုသို့ဖော်စပ်နိုင်ခြင်းသည် လော့ချန်အား ဆေးဖော်စပ်ခြင်းနယ်ပယ်တွင် ကြောက်စရာကောင်းလှသော ပါရမီရှိသူ သို့မဟုတ် အံ့သြဘနန်း ဆေးဖော်စပ်သူဟု အဓိပ္ပာယ်ရခြင်းကြောင့်ဖြစ်သည် ။
ခန်းတုံးယွဲ့ အံ့အားသင့်နေစဥ်မှာပင် လော့ချန်၏ အသံက ညင်သာစွာ ထွက်ပေါ်လာသည်။
“ကိုင်း.... မိတ်ဆွေခန်း.... ခင်ဗျားမြင်တဲ့အတိုင်း ကျွန်တော့်မှာ အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးတွေ အပုံလိုက်ရှိနေတယ်.... ဒီတော့ ကျွန်တော်် ပွင့်ပွင့်လင်းလင်းပဲ မေးမယ်.... ရွှေကျောက်နန်းဆောင်က အကုန်လုံးကို ဝယ်နိုင်တဲ့အခြေအနေရှိလား”
“ဟူး.... ဟုတ်ပြီ၊ ဆေးလုံးအကုန်လုံးဆို ဘယ်လောက်ဖိုးလောက် ရှိမလဲကွ.... ”
“ဝိညာဉ်ကျောက်တုံး ငါးသောင်းဖိုးလောက်ပေါ့.... ဒါက ခန့်မှန်းခြေပါ.... ဝယ်မယ်ဆိုရင်တော့ အဆင့်လတ် ဝိညာဉ်ကျောက်တုံးတွေနဲ့ပဲ ရှင်းရမယ်.... ”
“၅၀၀၀၀.... ခဏလေး ငါ တွက်ကြည့်လိုက်ဦးမယ်.... ”
ငွေရေးကြေးရေး ကိစ္စဖြစ်သဖြင့် ခန်းတုံးယွဲ့သည် သူ၏ စိတ်ခံစားချက်များကို ချက်ချင်း ထိန်းချုပ်လိုက်ကာ အလေးအနက်စဥ်းစားလိုက်သည်။
ခန်းတုံးယွဲ့၏ ရွှေကျောက်နန်းဆောင်သည် ခန်းမျိုးနွယ်စု ဖော်စပ်သော ဆေးများကိုသာ ရောင်းချခြင်း မဟုတ်ဘဲ တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် မျိုးနွယ်စုငယ်များထံမှ ဆေးကောင်းဝါးကောင်းများကိုလည်း လိုက်လံစုဆောင်းထားလေ့ ရှိသည်။ ထို့ကြောင့်ပင် သူတို့သည် ထိုက်ရှန်းတွင် နာမည်ကြီးနေခြင်း ဖြစ်သည်။
ဝိညာဉ်ကျောက်တုံး ငါးသောင်းဆိုသည်မှာ များပြားသော ပမာဏ ဖြစ်သည်။ သို့ရာတွင် ခန်းမျိုးနွယ်စုအတွက် မတတ်နိုင်သော ပမာဏ မဟုတ်ပေ။ ခက်သည်က ဝယ်လက်မတွေ့ခင်အထိ ငွေရင်းစိုက်ဝယ်ထားရမည်ဖြစ်လေရာ သူတို့နန်းဆောင်၏ ငွေလည်ပတ်မှုကိုတော့ သိသိသာသာ ထိခိုက်စေနိုင်သည်။
ခဏမျှကြာပြီးနောက် ခန်းတုံးယွဲ့က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ.... ဆေးအာနိသင်တွေကတော့ ဒီနမူနာတွေအတိုင်းပဲ ကောင်းတယ်မလား.... ”
“ဟဲဟဲ.... ဒါတော့စိတ်ချဗျ.... ပိုကောင်းရင် ကောင်းမယ်၊ ဘယ်တော့မှမညံ့စေရဘူး”
အကြောင်းမူ အရည်အသွေး ညံ့ဖျင်းသော ဆေးလုံးအားလုံးကို လော့ချန်သည် မြစ်မျိုဖားကြီးအား ကျွေးခဲ့ပြီးပြီ ဖြစ်သည်။
“အပြောကောင်းတယ်ဟေ့.... ဒီလိုပြတ်ပြတ်အာမခံနိုင်တာတော့ ကြိုက်ပြီ.... ငါ အကုန်ဝယ်မယ်”
လော့ချန် ဝမ်းသာသွားမည်ကြံရွယ်ဆဲမှာပင် ခန်းတုံးယွဲ့က ရုတ်တရက် “ဒါပေမဲ့ ဆေးလုံးနည်းနည်းကိုတော့ ဝိညာဥ်ကျောက်တုံးနဲ့မဟုတ်ပဲ တန်ဖိုးတူ အရင်းအမြစ်တွေနဲ့ပဲ လဲလှယ်ရလိမ့်မယ် မင်းလက်ခံလား.... မင်းလည်း နားလည်မှာပါ၊ ဝိညာဉ်ကျောက်တုံး ငါးသောင်းဆိုတာ နည်းတဲ့ ပမာဏ မဟုတ်ဘူးလေ.... ဆေးအကုန်လုံး ငွေချေဖို့က ငါတို့အတွက် သိပ်အဆင်မပြေဘူး.... ” ဟု ဆိုသည်။
လော့ချန်သည် ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ တန်ဖိုးတူ ပစ္စည်းချင်း လဲလှယ်ခြင်းမှာ ကျင့်ကြံခြင်း လောကတွင် အထူးအဆန်း မဟုတ်ပေ။
“အေး.... မင်းလက်ခံတယ်ဆိုတော့.... ငါတို့ ခန်းမျိုးနွယ်စုက ဆေးလုံးအမျိုးအစား အများကြီး ရှိတယ် အဲ့ဒီထဲမှာ....”
“ကျွန်တော် ရွှေကျောက်စိမ်းရည် လိုချင်တယ်”
လော့ချန်က စူးရှသော အကြည့်ဖြင့် ကြားဖြတ် ပြောလိုက်သည်။
“ဒါပေမဲ့ အဲ့ဒါက အကောင်းဆုံး အရည်အသွေး ဖြစ်ရမယ်၊ ဖြစ်နိုင်ရင် ထိပ်တန်းအဆင့်ပဲ လိုချင်တယ်"
ရွှေကျောက်စိမ်းရည်သည် ခန္ဓာကိုယ် ကျင့်ကြံခြင်းအတွက် အလွန်ပင် အကျိုးရှိသည်။ ၎င်းမှာ လော့ချန်အား ခန္ဓာကိုယ် ကျင့်ကြံခြင်း ပထမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိရန် များစွာ အထောက်အကူ ပေးပေလိမ့်မည်။
ခန်းမျိုးနွယ်စုတွင် ထိပ်တန်းအဆင့် ဆေးရည် ရှိမရှိကိုမူ လော့ချန် သိပ်မပူပေ။ အကြောင်းမူ ရွှေကျောက်စိမ်းရည်သည် ရွှေကျောက်နန်းဆောင်၏ နာမည်ကြီး ရောင်းကုန်တစ်ခုဖြစ်သည်။ ခန်းမျိုးနွယ်စုအနေဖြင့် နှစ်ပေါင်း ရာချီ၍ ဖော်စပ်လာခဲ့သဖြင့် များများစားစားမရှိလျှင်ပင် အနည်းအကျဥ်းတော့လက်ဝယ်ရှိပေမည်။
ခန်းတုံးယွဲ့သည် ဒုတိယအဆင့် ဆေးဖော်စပ်သူ ဖြစ်ကြောင်း လော့ချန် အသေအချာ သိနေသည်။
“ဟင်.... ထိပ်တန်းအဆင့်လား”
“ဟုတ်တယ်ဗျ.... တကယ်လို့ ဆေးအဆိပ်ဖယ်နည်းပါ လက်ဆောင်ပေးမယ်ဆိုရင် ကျွန်တော် ဆေးလုံးတွေကိုလည်း ဈေးလျှော့ပေးမယ်.... အိုဗျာ.... ဆေးအဆိပ်ဖယ်နည်းကို ပြန်ဝယ်ရမယ်ဆိုလည်း ကျွန်တော့်အတွက်အဆင်ပြေပါတယ်.... ”
“ဆေးအဆိပ် ဖယ်နည်း ဟုတ်လား”
ခန်းတုံးယွဲ့သည် လော့ချန်ကို အံ့သြတကြီး စိုက်ကြည့်လိုက်ပြီးနောက် သူ၏ စိတ်ထဲတွင် အတွေးတစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားသည်။
လော့ချန်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မြန်မြန်ဆန်ဆန် တက်လှမ်းလာခြင်းသည် ဆေးလုံးများ မဆင်မခြင် သုံးပြီး ကြိုးစားခဲ့ခြင်းလော ဟူသည့်အတွေးဖြစ်သည်။
လော့ချန်က ဆေးလုံးဈေးကို လျှော့ပေးမည်ဟု ပြောခြင်းမှာ ခန်းတုံးယွဲ့၏ အထင်ကို ပို၍ ခိုင်မာသွားစေသည်။ သူ့စိတ်ထဲတွင် အဖြေပြန်ပေးရန်ပင် တွေဝေနေမိပြန်သည်။ အကြောင်းမူ သူတို့ ခန်းမျိုးနွယ်စုသည် သာမန် မျိုးနွယ်စု မဟုတ်ပေ။ သူတို့၏ ဘိုးဘေးသည် ကျောက်စိမ်းအိုးဓားဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ခဲ့ဖူးသည်။ ဂိုဏ်း၏ လျှို့ဝှက်ချက်များကို ပြင်ပသို့ မဖြန့်ဝေရသော်လည်း ဂိုဏ်း၏ လျှို့ဝှက် အခြေခံတည်ဆောက်ခြင်းအဆင့် သိမှတ်ဖွယ်ရာများကိုမူ မျိုးနွယ်စုဝင်များသည် လက်ဆင့်ကမ်း သင်ယူပြီးသားဖြစ်သည်။ အချို့သော ကျင့်ကြံခြင်း အခြေခံ ဗဟုသုတများကိုမူ နောက်မျိုးဆက်များအား လက်ဆင့်ကမ်းခဲ့သည်။
ထိုသိမှတ်ဖွယ်ရာများထဲမှ အချက်တစ်ခုမှာ ‘တန်ဆေး လွန်ဘေး’ ဟူသည့်ဆိုရိုးအတိုင်း ခန္ဓာကိုယ်ထဲတွင် ဆေးအဆိပ်များ စုပုံမလာစေရန် ဆေးလုံးများကို အလွန်အကျွံ မသောက်သုံးရဟူသည့်အချက်ဖြစ်သည်။
ဆေးဖော်စပ်ရာတွင် ဆရာတစ်ဆူဖြစ်သော ဆေးလုံးစိမ်းချိုင့်ဝှမ်း သို့မဟုတ် ဆေးဘုရင်ဂိုဏ်းတို့မှ ထွက်သော ဆေးလုံးများပင်လျှင် ဆေးအဆိပ် အနည်းငယ်တော့ ကျန်ရှိတတ်စမြဲပင်ဖြစ်သည်။ သာမန် အချိန်တွင် ထိုအဆိပ်မှာ အန္တရာယ် မရှိသော်လည်း အဆင့်တက်လှမ်းမည့် အချိန်ရောက်သောအခါ ကြီးမားလှသော အတားအဆီးတစ်ခု ဖြစ်လာပေလိမ့်မည်။
သာမန် ကျင့်ကြံသူများအဖို့မူ ထိုဆေးအဆိပ်ကို ကျော်လွှားနိုင်ရန် မျှော်လင့်ချက် မရှိပေ။ ကြောက်မက်ဖွယ်ကောင်းသော အခြေခံအုတ်မြစ်၊ ကြီးမားသော စိတ်ဓာတ်ခွန်အားနှင့် ကံတရား အနည်းငယ် ပေါင်းစပ်မှသာ မနည်း ကျော်ဖြတ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ဂိုဏ်းကြီးများသည် သူတို့၏ တပည့်များအား ဆေးလုံးထုတ်ပေးရာတွင် အမြဲ တင်းကြပ်စွာ ထိန်းချုပ်လေ့ ရှိသည်။ အထူးသဖြင့် ပါရမီ ထူးချွန်သော တပည့်များအား လက်လွတ်စပယ် မသောက်ခိုင်းပေ။
သူတို့သည် ထိပ်တန်းအဆင့် ဆေးလုံးတစ်လုံးကို ပေးချင်ပေးလိမ့်မည်။ သို့သော် အဆင့်နိမ့် ဆေးလုံး တစ်ထောင်ကိုမူ သောက်ခိုင်းမည် မဟုတ်ပေ။ အကြောင်းရင်းမှာ ငွေ နှမြော၍ မဟုတ်ဘဲ အဖိုးတန် ပါရမီရှင်များကို ဆေးအဆိပ်ကြောင့် ပျက်စီးမသွားစေလို၍ ဖြစ်သည်။
လော့ချန်ကို ကြည့်ရင်း သူသည်လည်း တစ်ကိုယ်တော် ကျင့်ကြံသူဘဝမှ စတင်ခဲ့သူ ဖြစ်ကြောင်း ခန်းတုံးယွဲ့ သတိရလိုက်သည်။
သူသည် ဤမျှ တိုတောင်းလှသော အချိန်အတွင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့သည်မှာ သူ၏ ထူးချွန်လှသော ဆေးဖော်စပ်မှု ပါရမီကို အသုံးပြု၍ သူ၏ ညံ့ဖျင်းလှသော မူလဓာတ်ခံကို ဆေးလုံးများစွာဖြင့် အစားထိုးကာ အတင်းတွန်းတင်ခဲ့ခြင်း ဖြစ်ရမည်။
ခန်းတုံးယွဲ့သည် အရာအားလုံးကို တွေးတောလိုက်ပြီးနောက် သူ၏ ရင်ထဲမှ လှိုင်းလုံးများ ငြိမ်သက်သွားတော့သည်။ ယခုအခါ လော့ချန်ကို ကြည့်နေသော သူ၏ အကြည့်များတွင် အံ့သြမှု သို့မဟုတ် မနာလိုမှုများ မရှိတော့ပေ။
ထိုအစား လေးနက်လှသော ဂရုဏာနှင့် ဂုဏ်ယူမှုများသာ ရှိတော့သည်။ ဆေးအဆိပ် အတားအဆီးကို ကျော်ဖြတ်နိုင်ရန် လော့ချန် မည်မျှအထိ ခံစားခဲ့ရမည်ကို သူ တွေးကြည့်ရုံဖြင့် သိနိုင်သည်။ ထိုအတားအဆီးကို ကျော်လွှားနိုင်ရန် ဤမိတ်ဆွေငယ်လေးသည် မည်မျှ ပြင်းထန်လှသော စိတ်ဓာတ်ခွန်အားမျိုးဖြင့် ဖြတ်ကျော်ခဲ့ပါသနည်းဟုလည်း ဂရုဏာသက်နေမိသည်။
ထိုအခိုက် လော့ချန်မှာမူ ဆေးအဆိပ်ဖယ်နည်း အကြောင်းစကား စ ရုံမျှဖြင့် သနားစရာ ခွေးတစ်ကောင်ကဲ့သို့ အကြည့်ခံရနေသည်ကို မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် ထိုကဲ့သို့သော အကြည့်မျိုးကို မနှစ်သက်ပေ။ သူ၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများကို အသိအမှတ် မပြုသကဲ့သို့ ခံစားရစေသည်။
ခန်းတုံးယွဲ့၏ လော့ချန်အပေါ် ထားရှိသည့် သဘောထားမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ လော့ချန်ကို တလေးတစားဆက်ဆံမှပင် ဖြစ်ချေမည်။ ကျင့်ကြံခြင်းအတွက် မည်မျှပင် နာကျင်ပါစေ၊ သည်းခံနိုင်သူမှာ လေးစားထိုက်သူ ဖြစ်သည်။
“အေးကွ.... ငါတို့ ခန်းမျိုးနွယ်စုမှာတော့ ဆေးအဆိပ်ဖယ်နည်းမရှိဘူး"
“ဟင်”
လော့ချန် ဇဝေဇဝါ ဖြစ်သွားသည်။ ထိုက်ရှန်း၏ ရှေးအကျဆုံး မျိုးနွယ်စုတစ်ခုဖြစ်ပြီး ဆေးဖော်စပ်ခြင်းကို အဓိကထားသော မျိုးနွယ်စုတွင် ဤနည်းလမ်း မရှိဘူးဟု ဆိုလေသဖြင့် အံအားသင့်သွားသည်။
သူ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ခန်းတုံးယွဲ့က စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“ဒါပေမဲ့.... တစ်နည်းတော့ရှိတယ်.... အဲ.... တိတိကျကျတော့ မဟုတ်ဘူးပေါ့.... ငါလည်း ဟိုတစ ဒီတစ ကောလာဟလ ကြားဖူးတဲ့ နည်းလမ်းပေါ့ကွာ.... ”
“ကောလာဟလ.... ဘယ်လိုမျိုးလဲခင်ဗျာ”
“အေး.... သေချာနားထောင်.... အဲ့ဒီ ဆေးအဆိပ်ဖယ်နည်းကျမ်းစာက ဒီ ထိုက်ရှန်းမှာ မကြာခင်လေလံတင်လိမ့်မယ်.... မင်းပြင်ထားပေတော့”
“ဟမ်.... လေလံပွဲလား”
လော့ချန်၏ မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင်များ ပေါ်လာသည်။
“နေပါဦး.... ကျောက်စိမ်းအိုးဓားဂိုဏ်းတောင် မြို့ထဲမရှိတော့တာကို.... ဘယ်သူက လေလံပွဲ လုပ်မှာလဲဗျ”
“မင်းသိလား ဟော်မျိုးနွယ်စုဆိုတာကို.... အေး အဲဒီမျိုးနွယ်စုက ဦးဆောင်ကျင်းပမှာပဲ.... အတိအကျဆို မီးလျှံမဟာမိတ်က ကျောထောက်နောက်ခံ ပေးထားပြီး ဟော်မျိုးနွယ်စုက အိမ်ရှင်အဖြစ် ကျင်းပတဲ့ အကြီးစား လေလံပွဲကြီးပေါ့ကွာ”
ကြက်သွေးရောင်ဖားတောင်မှ ဟော်မျိုးနွယ်စု....။
လော့ချန် အတွေးထဲ နစ်ဝင်သွားသည်။
လော့ချန်၏ အတွေးလွန်နေသော မျက်နှာကို ကြည့်ရင်း ခန်းတုံးယွဲ့က ရုတ်တရက် ထ မေးလိုက်သည်။
“ဒါနဲ့ စကားမစပ်.... လော့ထျန်းအဖွဲ့အစည်း ဆိုတာက.... မင်းရဲ့ အင်အားစု နာမည်လား....”
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၀၈) - ကြက်သွေးရောင်ဖားတောင်နှင့် ဟော်မျိုးနွယ်၏ ထွန်းကားမှု
ခန်းတုံးယွဲ့က သူ၏အမှတ်အသားကို ရိပ်မိသွားခြင်းအပေါ် လော့ချန် မအံ့ဩမိပေ။ ကျောက်စိမ်းအမြုတေဆေးလုံး၊ တန်ချန်ဇီ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူသစ်နှင့် တာဟဲဈေးမြို့တော် ဟူသော အချက်အလက်များကို စုစည်းကြည့်လိုက်လျှင် ဦးနှောက်ရှိသူတိုင်း သူသည် လော့ထျန်းအဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်ကြောင်း ခန့်မှန်းနိုင်ပေသည်။
သူ ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်ပြီး ငြင်းဆိုခြင်းမပြုခဲ့ပေ။
၎င်းကို မြင်သောအခါ ခန်းတုံးယွဲ့က အထင်ကြီးလေးစားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးအနေနဲ့ ဒီအဆင့်အထိ ကျင့်ကြံဖို့ဆိုတာ မလွယ်ကူပါဘူး.... ကိုယ့်လက်အောက်မှာ အင်အားစုတစ်ခု ရှိနေတာက အများကြီး ပိုပြီး အဆင်ပြေချောမွေ့စေတာပေါ့.... မိတ်ဆွေလေး ဒီတစ်ခေါက် ထိုက်ရှန်းဈေးမြို့တော်ကို လာတာက ဒီမှာ အခြေချဖို့ ရည်ရွယ်ချက်ရှိလို့ မဟုတ်လား....”
လော့ချန်လည်း ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်ဗျ.... အဲဒီလို ရည်ရွယ်ချက်ရှိပါတယ်”
“အင်း.... ဒါဆိုရင်တော့ မကြာခင်ကျင်းပမယ့် လေလံပွဲမှာ လက်စွမ်းပြဖို့ လိုလိမ့်မယ်” ဟု ခန်းတုံးယွဲ့က သူ၏မုတ်ဆိတ်ကို အဓိပ္ပာယ်ပါပါ ပွတ်သပ်ရင်း ပြောလိုက်သည်။
‘လေလံပွဲမှာ လက်စွမ်းပြရမယ် ဟုတ်လား....’
လော့ချန် မျက်တောင်ခတ်ရင်း အတွေးထဲ နစ်မျောသွားပြန်သည်။
ခန်းတုံးယွဲ့က သူ့ကို အနှောင့်အယှက်မပေးဘဲ အဆင့်လတ် ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်မည့် ပစ္စည်းများကို သွားရောက်ယူဆောင်ရန် လူလွှတ်လိုက်သည်။
လော့ချန် ကမ်းလှမ်းထားသော အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးများကို ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်ခြင်းမဟုတ်ပေ။ လက်ကားဈေးဖြင့်သာ တွက်ချက်ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်မှသာ ရွှေကျောက်နန်းဆောင်အနေဖြင့် အကျိုးအမြတ်ရရှိနိုင်မည် ဖြစ်သည်။
သို့သော် လက်ရှိတွင် ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးနှစ်ဂိုဏ်းကြား တင်းမာမှုများကြောင့် ဆေးလုံးများနှင့် မှော်လက်နက်များ၏ ဈေးနှုန်းမှာ ထိုးတက်နေသည်။ ထို့ကြောင့် လက်ကားဈေးပင်လျှင် တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး ၈၀ အထိ မြင့်တက်သွားခဲ့သည်။ ရွှေကျောက်နန်းဆောင်အနေဖြင့် ၉၀ သို့မဟုတ် ၁၀၀ အထိ တင်ရောင်းနိုင်သဖြင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်ကို အသာလေး အမြတ်ရရှိသွားပေလိမ့်မည်။
တကယ့်ကို တွက်ခြေကိုက်သည့် အရောင်းအဝယ်ပင်။
လော့ချန်ဘက်ကလည်း ရှုံးသည်ဟု မဆိုနိုင်ပေ။ တာဟဲဈေးမြို့တော်မှ မထွက်ခွာမီ သုံးလအတွင်း သူသည် အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံး အမြောက်အမြားကို ဖော်စပ်ခဲ့သည်။ ထိုလုပ်ငန်းစဉ်တွင် လော့ထျန်းအဖွဲ့ချုပ်၏ ကုန်ကြမ်းများနှင့် ဝိညာဉ်ကျောက်တုံး အတော်များများကို အသုံးပြုခဲ့ရသည်။ တစ်လုံးချင်း ရောင်းချလျှင် ပို၍ အမြတ်ရနိုင်သော်လည်း အချိန်ကုန်လွန်းလှသည်။ လက်ရှိအခြေအနေအရ ငွေဖော်ရန်သာ ပို၍အရေးကြီးပေသည်။
လော့ချန်သည် ဤအရောင်းအဝယ်မှတစ်ဆင့် အဆင့်လတ် ဝိညာဉ်ကျောက်တုံး နှစ်ရာ၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းနှင့်အတူ ထိပ်တန်းအဆင့် ရွှေကျောက်စိမ်းရည်များစွာ ရရှိခဲ့သည်။
ဤပစ္စည်းများသည် သူ့အတွက် အချိန်အတော်ကြာ အသုံးခံမည့်အပြင် လော့ထျန်းအဖွဲ့ချုပ်ရှိ ကျင့်ကြံသူအချို့ကို ဆုချရန်ပင် လုံလောက်လှသည်။ ထို့အပြင် သတ္တုကျောက်ရိုင်းများနှင့် ဆေးဖက်ဝင် အပင်များလည်း ပါဝင်သည်။ သန့်စင်ပြီးသား ကျောက်စိမ်းအမြောက်အမြားလည်း ရလိုက်သေးသည်။
အရေးကြီးဆုံးမှာ ခန်းတုံးယွဲ့က သူ့အား ဆေးအဆိပ်ဖြေနည်းတစ်မျိုးဖြစ်သည့် ချင်းယွမ်အဆိပ်ဖြေနည်းအကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ကျောက်စိမ်းအိုးမျိုးနွယ်စု၏ အခက်အလက် ခုနစ်ခုထဲမှ တစ်ခုဖြစ်သော ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ခန်းတုံးယွဲ့က အသေးစိတ် ရှင်းပြခြင်းမရှိသော်လည်း လော့ချန်အတွက် အသုံးဝင်မည်မှာ သေချာသည်။
အရောင်းအဝယ်ပြီးနောက် လော့ချန်သည် ကျင့်ကြံခြင်းဆိုင်ရာ ကိစ္စရပ်များကို ခန်းတုံးယွဲ့အား အကြံဉာဏ်တောင်းခံခဲ့သည်။ ခန်းတုံးယွဲ့ကလည်း အပေးအယူ အဆင်ပြေသွားသဖြင့် မဖုံးကွယ်ဘဲ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းတွင် ကျင့်ကြံရမည့် လျှို့ဝှက်ချက်အချို့ကို ဝေမျှပေးခဲ့သည်။
လီရီရှန်း ပြောပြခဲ့သည်များနှင့် ပေါင်းစပ်စဉ်းစားကြည့်ပြီးနောက် လော့ချန် များစွာ အကျိုးရှိသွားခဲ့သည်။ ဤဗဟုသုတများဖြင့် သူသည် ကျင့်ကြံခြင်းလမ်းခရီးတွင် လမ်းမှားခြင်းမှ ရှောင်ရှားနိုင်ကာ ပိုမိုမြန်ဆန်စွာ တိုးတက်လာနိုင်မည် ဖြစ်သည်။
“ဒီနေ့တော့ ဒီလောက်ပဲပေါ့ဗျာ.... မိတ်ဆွေခန်းကို အတော်လေး အနှောင့်အယှက်ပေးမိပြီ”
“အားမနာပါနဲ့ကွာ.... အမှန်အတိုင်းပြောရရင် မိတ်ဆွေလေးကို ထိုက်ရှန်းဈေးမြို့တော်မှာ အခြေချစေချင်ပါတယ်.... ဒါမှ ဆေးဖော်စပ်ခြင်း အတတ်ပညာတွေကို ပိုပြီး ဖလှယ်နိုင်မှာပေါ့”
“အခြေချနိုင်မလား၊ မနိုင်ဘူးလားဆိုတာကတော့ ဒီက ဒေသခံ မျိုးနွယ်စု သုံးခုရဲ့ သဘောထားအပေါ်မှာပဲ မူတည်နေတာပဲဗျ”
လော့ချန်က မတတ်သာသည့်လေသံဖြင့် ရယ်မောလိုက်သည်။ ထိုက်ရှန်းဈေးမြို့တော်တွင် အခြေချရန်မှာ ထင်သလောက် မလွယ်ကူကြောင်း သူ နားလည်သွားပြီ ဖြစ်သည်။
နှုတ်ဆက်စကားဆိုပြီးနောက် လော့ချန်သည် လေကဲ့သို့ ပေါ့ပါးစွာ ထွက်ခွာလာခဲ့သည်။
ခန်းတုံးယွဲ့သည် ရွှေကျောက်နန်းဆောင်၏ ပြတင်းပေါက်မှနေ၍ လမ်းပေါ်တွင် ပျောက်ကွယ်သွားသော လော့ချန်၏ ကျောပြင်ကို ကြည့်ရင်း ခေါ်လိုက်သည်။
“ထွက်လာခဲ့တော့”
“အီး.... အဘိုးက မိသွားပြန်ပြီ....”
အခန်းအတွင်းမှ ကျော့ရှင်းသော မိန်းကလေးတစ်ဦး ထွက်လာသည်။ သူမ၏ ချော့မြှူသောလေသံကို ခန်းတုံးယွဲ့က ဂရုမစိုက်ဘဲ မုတ်ဆိတ်ကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။
“နှမြောစရာပဲ.... တကယ်လို့ သူသာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်သေးဘူးဆိုရင် ငါတို့ ခန်းမျိုးနွယ်စုအတွက် အားကိုးရတဲ့ လက်ရုံးတစ်ခု ဖြစ်လာနိုင်တာ”
ခန်းရှန်းချုံးက ပြတင်းပေါက်မှ စပ်စုစွာ လှမ်းကြည့်သော်လည်း လူအုပ်ကြားတွင် လော့ချန်ကို မတွေ့ရတော့ပေ။
“သူက ခန်းမျိုးနွယ်ဝင်မှ မဟုတ်တာ.... ဘယ်လိုလုပ် ကျွန်မတို့အတွက် အားကိုးရမှာလဲ”
“စည်းရုံးမယ်၊ ဆွဲဆောင်မယ်၊ အကျိုးအမြတ်နဲ့ မြှူဆွယ်မယ်.... အဲဒါတွေ အားလုံး မအောင်မြင်ရင်တောင် လက်ထပ်ထိမ်းမြားတဲ့ နည်းလမ်း ရှိသေးတာပဲ” ဟု ခန်းတုံးယွဲ့က အေးအေးလူလူ ပြန်ဖြေလိုက်သည်။
နောက်ဆုံးစကားကို ပြောလိုက်စဉ် သူ ခန်းရှန်းချုံးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
ခန်းရှန်းချုံး တစ်ကိုယ်လုံး တုန်သွားသည်။
“မဖြစ်နိုင်တာ.... အဲဒီလို ဖောက်ပြန်တဲ့ဆေးမျိုးကို ဖော်စပ်တဲ့သူက ဘယ်လိုလုပ် လူကြီးလူကောင်း ဖြစ်နိုင်မှာလဲ”
ခန်းတုံးယွဲ့က လော့ချန်ဘက်မှ ရှေ့နေမလိုက်ပေးတော့ပေ။
လူကြီးလူကောင်း....။
ဤလောကတွင် ထိုသို့သောလူမျိုး ရှိကောင်းရှိနိုင်သည်။ သို့သော် တာဟဲဈေးမြို့တော်ကဲ့သို့ နေရာမျိုးမှ ထိုသို့သောလူမျိုး ထွက်လာလိမ့်မည် မဟုတ်ပေ။
....
သန်းခေါင်ယံအချိန်တွင် လော့ထျန်းအဖွဲ့ချုပ် သင်္ဘော၏ အပေါ်ကုန်းပတ်ထက်၌ လေညင်းတစ်ချက် ဝေ့သွားသည်။ အရိပ်ထဲမှနေ၍ ပုံရိပ်တစ်ခုသည် သစ်စေ့လေးပမာ ခုန်ဆင်းလာပြီး အပေါ်ထပ်ရှိ အခန်းရှေ့တွင် တိတ်ဆိတ်စွာ ဆင်းသက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သစ်သားတံခါးမှာ သူမ ရောက်ရှိလာမှုကို တုံ့ပြန်သည့်အလား ပွင့်သွားသည်။ လီရီရှန်း၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားသည်။
‘ဒီလော့ချန်.... သူ့ရဲ့ စိတ်ဝိညာဉ်အာရုံက ငါထင်ထားတာထက် ပိုပြီး ထက်မြက်တာပဲ၊ ငါမရောက်ခင်ကတည်းက သူ သိနေတာပဲ’
သူမသည် စကားတစ်ခွန်းမျှ မပြောဘဲ အထဲသို့ ဝင်ကာ လော့ချန်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။
“စုံစမ်းရတာ ဘယ်လိုလဲ မိတ်ဆွေ” ဟု လီရီရှန်းက တည်ငြိမ်စွာ မေးလိုက်သည်။
လော့ချန် ခေါင်းခါလိုက်သည်။
“သိပ်ပြီးတော့ အဆင်မပြေလှဘူး ထင်တယ်ဗျာ”
သူ ခဏရပ်လိုက်ပြီးမှ လေးနက်စွာ ဆက်ပြောသည်။
“ထိုက်ရှန်းဈေးမြို့တော်က ကျွန်တော်တို့ မျှော်လင့်ထားသလိုမျိုး ကြိုဆိုမယ့်ပုံ မပေါ်ဘူး"
လီရီရှန်းက လော့ချန်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်.... ကျွန်မလည်း ယွီမျိုးနွယ်စုက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနဲ့ စကားပြောခဲ့တယ်.... သူကတော့ ဘာမှ ဖုံးကွယ်မထားပါဘူး”
“ထိုက်ရှန်းဈေးမြို့တော်မှာ ဝိညာဉ်ကြောငယ် လေးခုပဲ ရှိတယ်.... တစ်ခုက ဒုတိယအဆင့်ဖြစ်ပေမဲ့ ခန်းမျိုးနွယ်စုနဲ့ ဟော်မျိုးနွယ်စုက ခွဲဝေယူထားကြတာ.... ဒီက အရင်းအမြစ်တွေက တာဟဲဈေးမြို့တော်ထက် အများကြီး နည်းတယ်.... အင်အားစု အနည်းငယ်ကိုပဲ ထောက်ပံ့ပေးနိုင်မှာ”
ဝိညာဉ်ကြော လေးခု....။
အများကြီးဟု ထင်ရသော်လည်း တာဟဲဈေးမြို့တော်၏ ပထမအဆင့် ဝိညာဉ်ကြောကြီးနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။ လော့ချန် သိသလောက်ဆိုလျှင် တာဟဲဈေးမြို့တော်တွင် ပင်မဝိညာဉ်ကြောကြီးမှ ခွဲထွက်လာသော အခက်အလက်ငယ် ပေါင်းများစွာ ရှိသည်။ ၎င်းမှာ တစ်ကိုယ်တော် ကျင့်ကြံသူများအတွက် အစစ်အမှန် နိဗ္ဗာန်ဘုံပင် ဖြစ်သည်။
“ပြီးတော့ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက စစ်ပွဲရဲ့ အကျိုးဆက်တွေက ဒီက အာဏာချိန်ခွင်လျှာကို ပြောင်းလဲပစ်နေပြီ” ဟု လီရီရှန်းက ဆက်ပြောသည်။
လော့ချန် ခေါင်းညိတ်လိုက်သည်။ ခန်းတုံးယွဲ့ ပြောပြသည်များနှင့် ထပ်တူကျနေသည်။
“အရင်က ထိုက်ရှန်းဈေးမြို့တော်မှာ ခန်းမျိုးနွယ်စုက အာဏာအရှိဆုံးပဲ.... ဟော်မျိုးနွယ်စုက ပိုပြီး အင်အားကြီးရင်တောင် ခန်းမျိုးနွယ်စုနောက်ကွယ်က ကျောက်စိမ်းအိုးဓားဂိုဏ်းကို ကြောက်ရသေးတယ်....”
“ဒါပေမဲ့ အခု ကျောက်စိမ်းအိုးဓားဂိုဏ်းက သူတို့ရဲ့ အင်အားကို ပြန်ပြီး စုစည်းနေရပြီ.... သူတို့ရဲ့ လက်အောက်ခံဖြစ်တဲ့ မီးလျှံမဟာမိတ်ကို ပိုပြီး သစ္စာရှိလာအောင် အခွင့်အရေးတွေ ပေးနေရတယ်....”
“ဥပမာ ထိုက်ရှန်းဈေးမြို့တော်လိုမျိုးပေါ့....”
“ပေးတာ မဟုတ်ဘူး၊ ပြန်ပေးလိုက်တာလို့ ပြောရင် ပိုမှန်လိမ့်မယ်” ဟု လီရီရှန်းက ပြင်ပေးလိုက်သည်။
လော့ချန် သဘောတူလိုက်သည်။ ထိုက်ရှန်းဈေးမြို့တော်သည် မူလကတည်းက မီးလျှံမဟာမိတ်၏ နယ်မြေအတွင်း ရှိနေခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း ကျောက်စိမ်းအိုးဓားဂိုဏ်းနှင့် ခန်းမျိုးနွယ်စုက အပိုင်စီးထားခဲ့ခြင်းသာ ဖြစ်သည်။ ယခု စစ်ပွဲဖြစ်လာသောအခါ ကျောက်စိမ်းအိုးဓားဂိုဏ်းသည် မဟာမိတ်များကို ဆွဲဆောင်ရန်အတွက် မူလက သူတို့အပိုင်မဟုတ်သော နေရာများကို ပြန်ပေးလိုက်ရခြင်း ဖြစ်သည်။
ဟော်မျိုးနွယ်စုသည် မီးလျှံမဟာမိတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။ ယခုအခါ သူတို့ အာဏာရလာသဖြင့် ဈေးမြို့တော်၏ အကျိုးအမြတ်အချို့မှာ မဟာမိတ်အဖွဲ့ဆီသို့ ရောက်သွားပေလိမ့်မည်။ အာဏာနှင့် အဆင့်အတန်းများမှာ ပြောင်းလဲနေပြီ ဖြစ်သည်။ သူတို့၏ ရောက်ရှိလာမှုမှာ အချိန်အခါ မကောင်းလှပေ။
“ဒါကြောင့် မျိုးနွယ်စု သုံးခုလုံး သဘောတူရမယ်လို့ ဆိုပေမဲ့ တကယ်တမ်းမှာတော့ လက်ရှိအခြေအနေအရ ကျွန်တော်တို့ အခြေချနိုင်ဖို့ ဟော်မျိုးနွယ်စုရဲ့ သဘောတူညီချက်ရရင် လုံလောက်သွားပြီ” ဟု လော့ချန်က နိဂုံးချုပ်လိုက်သည်။
ဤနိဂုံးချုပ်ချက်က လီရီရှန်းကို စိတ်လေးလံသွားစေသည်။ တာဟဲဈေးမြို့တော်မှ ပါလာသော အဖွဲ့ လေးဖွဲ့လုံးကို ဤနေရာတွင် အခြေချခွင့်ပေးလိမ့်မည် မဟုတ်ပေ။ အများဆုံး တစ်ဖွဲ့ သို့မဟုတ် နှစ်ဖွဲ့သာ အခွင့်အရေး ရပေလိမ့်မည်။
လီရီရှန်းက စိတ်ကို ပြန်စုစည်းလိုက်ပြီး “တန်ချန်ဇီ.... ရှင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ” ဟု မေးလိုက်သည်။
“ကျွန်တော် ဘာလုပ်ဖို့ စိတ်ကူးထားလဲ ဟုတ်လား....”
လော့ချန်က ခဏမျှ တွေးတောနေပြီးမှ ဆိုသည်။
“လေလံပွဲပြီးမှပဲ ဆုံးဖြတ်ကြတာပေါ့”
....
သုံးရက်အကြာတွင် ဟော်မျိုးနွယ်စု၏ လေလံပွဲ ကျင်းပလေသည်။
၎င်းကို ကျောက်စိမ်းအိုးလေလံပွဲဟု မခေါ်သလို ထိုက်ရှန်းဈေးမြို့တော် လေလံပွဲဟုလည်း မခေါ်ပေ။ အထင်းသား မြင်သာအောင် ‘ဟော်မျိုးနွယ်စု လေလံပွဲ’ ဟုသာ အမည်ပေးထားသည်။
ဤလေလံပွဲ၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။ ကြက်သွေးရောင်ဖားတောင်မှ ဟော်မျိုးနွယ်စုသည် ဤလေလံပွဲကို အသုံးပြု၍ ထိုက်ရှန်းဈေးမြို့တော်အပေါ် သူတို့၏ အချုပ်အခြာအာဏာကို တရားဝင် ကြေညာလိုက်ခြင်း ဖြစ်သည်။ ယနေ့မှစ၍ ဤဈေးမြို့တော်ကို ခန်းမျိုးနွယ်စု သို့မဟုတ် ကျောက်စိမ်းအိုးဓားဂိုဏ်းက မချုပ်ကိုင်တော့ပေ။
အဘယ်ကြောင့် လေလံပွဲကို ရွေးချယ်သနည်းဆိုလျှင် အကြောင်းပြချက်မှာ ရှင်းရှင်းလေးပင်။ အကြီးစား လေလံပွဲများကို အရင်းအမြစ်နှင့် အရှိန်အဝါရှိသော အင်အားစုကြီးများသာ ကျင်းပနိုင်ခြင်း ဖြစ်သည်။ အင်အားနည်းသော အဖွဲ့ငယ်လေးများသည် မှောင်ခိုဈေးကွက်လောက်သာ လုပ်နိုင်ကြသည်။
ကြီးမားသော အင်အားစုတစ်ခုသာလျှင် ရှားပါးကုန်ကြမ်းများ၊ ဆေးလုံးများ၊ ကျင့်စဉ်များနှင့် မှော်လက်နက်များကို ရှာဖွေပေးနိုင်ခြင်း ဖြစ်သည်။ လူအများအပြား ရောက်လာလေလေ၊ သူတို့၏ အမည် ပိုကျော်ကြားလာလေလေ ဖြစ်သည်။
....
လော့ချန်သည် ကြက်သွေးရောင်ဖားတောင်၏ တောင်ခြေတွင် ရပ်တန့်ကာ တိမ်တိုက်များကြား ထိုးထွက်နေသော တောင်ထိပ်ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများတွင် မနာလိုစိတ် အနည်းငယ် ပေါ်လာသည်။
ဒုတိယအဆင့် ဝိညာဉ်ကြော....။
ဟော်မျိုးနွယ်စုက ခန်းမျိုးနွယ်စုနှင့် ခွဲဝေယူထားရသည်ဆိုစေဦးတော့ ၎င်းမှာ ကျင့်ကြံသူတိုင်း အိမ်မက်မက်ရသော နေရာဖြစ်၏။
သို့သော် သူ မနာလိုဆုံးမှာ တောင်အောက်၌ မြှုပ်နှံထားသော မီးကြောစစ်စစ်ပင် ဖြစ်သည်။ မီးလျှံမဟာမိတ်မှ ကျင့်ကြံသူများက ထိုမြေအောက်မီးကို ဆွဲထုတ်ကာ ပထမအဆင့် မြေအောက်မီးအဖြစ် ပြုပြင်ထားခြင်း ဖြစ်သည်။ ထိုတောင်မှာ မီးတောင်ရှင်ဖြစ်ပြီး ပထမအဆင့် မိစ္ဆာသားရဲ ကြက်သွေးရောင်ဖား နေထိုင်ရာ နေရာလည်း ဖြစ်သည်။ ထို့ကြောင့် ကြက်သွေးရောင်ဖားတောင်ဟု အမည်တွင်ခြင်း ဖြစ်သည်။ ထိုအရာနှင့် ယှဉ်လျှင် သူ၏ ရှောင်ဟွမ်းတောင်မှာ ဘာမှမဟုတ်တော့ပေ။
လော့ချန်သည် အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဘေးနားရှိ ကျင့်ကြံသူများကို လှမ်းကြည့်လိုက်သည်။ ဝမ်ဟိုင်ချောင်၊ နန်ကုန်းကျင်းနှင့် လီရီရှန်းတို့သည်လည်း သူတို့၏ နောက်လိုက်များနှင့်အတူ တောင်ပေါ်သို့ တက်ရန် ပြင်ဆင်နေကြသည်။
“သွားကြစို့”
လော့ချန်သည် ဝတ်ရုံလက်ကို ဝေ့ယမ်းလိုက်ကာ ခြေထောက်အောက်တွင် ဖြူလွလွ တိမ်တိုက်တစ်ခုကို ဖန်တီး၍ တောင်ထိပ်သို့ ပျံတက်သွားသည်။ သူ၏နောက်တွင် ဝမ်ယွမ်၊ စီမာဟွေ့နန်၊ တွမ်ဖုန်းနှင့် အခြားသူများက တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။
လော့ထျန်းအဖွဲ့၏ အခြေစိုက်စခန်းတွင် ကျန်ရစ်ခဲ့သူမှာ ငါးဦးသာ ရှိသည်။ ကျန်ရှိသော ချီသန့်စင်အဆင့် (၉) ကျင့်ကြံသူ ဆယ်ဦးလုံးကို သူ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူတို့အားလုံး အဖိုးတန်ပစ္စည်းများကို လေလံဝင်ဆွဲနိုင်ရန် မဟုတ်စေဦးတော့ အနည်းဆုံးတော့ အတွေ့အကြုံသစ်များ ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
သို့သော် တောင်လယ်ရှိ နန်းဆောင်အသစ်သို့ ရောက်သောအခါ မြင်တွေ့ရသော မြင်ကွင်းက အနည်းငယ် စိတ်ပျက်စရာ ကောင်းနေသည်။ နန်းဆောင်တံခါးဝတွင် လူအုပ်ကြီးက ပြည့်နှက်နေသဖြင့် မည်သူမျှ မတိုးသာ မဆုတ်သာ ဖြစ်နေကြသည်။
“ရှေ့မှာ ဘာဖြစ်နေတာလဲ”
လော့ချန် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
စီမာဟွေ့နန်က သူမ၏မောင်ဖြစ်သူ စီမာဝမ်ကျဲကို အချက်ပြလိုက်သည်။ ဝမ်ကျဲက လူအုပ်ကြားထဲသို့ တိုးဝင်ကာ စုံစမ်းရန် ထွက်သွားသည်။ မကြာမီမှာပင် သူ ပြန်ရောက်လာပြီး မျက်နှာပျက်ပျက်ဖြင့် သတင်းပို့သည်။
“အဖွဲ့ချုပ်ခေါင်းဆောင်.... တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်က လေလံတင်ဖို့ ပစ္စည်းလာအပ်တာ ပြဿနာဖြစ်နေလို့ တံခါးဝမှာ ပိတ်နေတာပါ ခင်ဗျာ”
လော့ချန်က စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်လိုက်သည်။ စီမာဝမ်ကျဲက အသေးစိတ် ရှင်းပြသည်။ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးက နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိသော ဝိညာဉ်ဆေးပင်တစ်ပင်ကို လာရောက်အပ်နှံခြင်း ဖြစ်သည်။ သို့သော် ထိုအပင်မှာ ၎င်း၏ စွမ်းအင်ကို ဖုံးကွယ်ထားတတ်သဖြင့် ဝိညာဉ်အလင်းမှာ အလွန်မှိန်ဖျော့နေသည်။ ထို့ကြောင့် ဟော်မျိုးနွယ်စုမှ အကြီးအကဲတစ်ဦးက ၎င်းကို နှစ်ငါးရာသက်တမ်းဟု မှားယွင်းစွာ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
နှစ်တစ်ထောင်သက်တမ်းနှင့် နှစ်ငါးရာသက်တမ်းမှာ တန်ဖိုးချင်း ကွာခြားလွန်းလှသဖြင့် ထိုကျင့်ကြံသူက ပြဿနာရှာခြင်း ဖြစ်သည်။ ဟော်မျိုးနွယ်စု အကြီးအကဲက သူ၏ ဆုံးဖြတ်ချက်မှန်ကန်ကြောင်း အစပိုင်းတွင် ငြင်းဆိုခဲ့သော်လည်း ဝိညာဉ်ဆေးနန်းဆောင်မှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက ဖြတ်သွားရင်း အပင်၏ အသက်တမ်းအမှန်ကို ထုတ်ဖော်ပြောဆိုလိုက်ရာ ဟော်မျိုးနွယ်စု အကြီးအကဲမှာ အရှက်ရသွားခဲ့သည်။ ယခုအခါ ထိုကျင့်ကြံသူက အကြီးအကဲသည် ပစ္စည်းကို ဈေးနှိမ်ပြီး အမြတ်ထုတ်ရန် ကြိုးစားသည်ဟု စွပ်စွဲကာ လက်မလျှော့တော့ပေ။
ထိုမျှသာမက အခြားကျင့်ကြံသူများကလည်း သူတို့၏ ပစ္စည်းများကို ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုလာကြသဖြင့် လမ်းကြောင်းတစ်ခုလုံး ပိတ်ဆို့သွားခြင်း ဖြစ်သည်။
“ထားလိုက်ပါ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက် သီးသန့်လမ်းကနေ သွားကြမယ်”
လော့ချန်က အေးဆေးစွာ ပြောလိုက်ပြီး သူ၏ အခြေခံတည်ဆောက်ခြင်းအဆင့် စွမ်းအားကို ထုတ်လွှတ်ကာ ရှေ့မှ ဦးဆောင်သွားသည်။
ကျင့်ကြံသူများမှာ ကြောက်လန့်တကြား ဖယ်ပေးကြရသည်။
ထိုနေရာကို ဖြတ်သွားစဉ် လော့ချန် ခေါင်းခါလိုက်မိသည်။ ချွီလင်ကျွင်းက စပ်စုစွာ မေးသည်။
“ဆရာ.... ဟော်မျိုးနွယ်စုက ဘာလို့ ကျွမ်းကျင်တဲ့ ပစ္စည်းစစ်ဆေးသူတွေကို မငှားထားတာလဲဟင်”
“ဖြစ်နိုင်တာကတော့.... အဲဒါ သူတို့ရဲ့ အတော်ဆုံး ပစ္စည်းစစ်ဆေးသူ ဖြစ်နေလို့နေမှာပေါ့” ဟု ဘေးနားမှ အသံတစ်ခု ထွက်လာသည်။
ပြောလိုက်သူမှာ စုရှောင်လင် ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်နှစ်အတွင်း လော့ထျန်းအဖွဲ့ချုပ်တွင် နာမည်ရလာသော ချီသန့်စင်အဆင့် ၉ ကျင့်ကြံသူ ဖြစ်သည်။
သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဝတ်ရုံနီဝတ်ထားသော ချောမောသည့် လူငယ်တစ်ဦး ထွက်လာပြီး စုရှောင်လင်ကို အေးစက်စွာ ကြည့်လိုက်သည်။ အခြေခံတည်ဆောက်ခြင်းအဆင့် စွမ်းအားများက ပြင်းထန်စွာ ဖိနှိပ်လာတော့သည်။
လော့ချန်၏ မျက်မှောင်များ ကြုတ်သွားသည်။ သူ ဝတ်ရုံလက်ကို ခါလိုက်ရုံမျှဖြင့် ထိုဖိအားများမှာ ပျောက်ကွယ်သွားတော့သည်။
“မိတ်ဆွေ.... လက်အောက်ငယ်သားတွေအပေါ်မှာ ဒီလောက်အထိ အနိုင်ကျင့်ဖို့ မလိုပါဘူး” ဟု လော့ချန်က အေးဆေးစွာ ဆိုလိုက်သည်။
ဝတ်ရုံနီဝတ်လူငယ်က လော့ချန်ကို စိုက်ကြည့်ရင်း ဆိုသည်။
“မင်းက ဘယ်သူလဲ”
“ကျွန်တော်က လော့ချန်ပါ၊ ကျွန်တော့်လူရဲ့ စကားအမှားအတွက် တောင်းပန်ပါတယ်”
လော့ချန်က ယဉ်ကျေးစွာ လက်အုပ်ချီပြလိုက်သည်။
“ဟွန့်.... မင်း သူတို့ကို ကောင်းကောင်း ဆုံးမထားသင့်တယ်”
လူငယ်က နှာခေါင်းရှုံ့ကာ လော့ချန်နှင့် ဆက်လက် ငြင်းခုံခြင်းမပြုဘဲ ပစ္စည်းအပ်နှံသည့်နေရာသို့ လျှောက်သွားသည်။ သူ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
“ဟော်မျိုးနွယ်စုက မင်းတို့ရဲ့ ဒီလို ပစ္စည်းစုတ်တွေကို စိတ်မဝင်စားဘူး.... ဈေးနှိမ်တယ်ဆိုတာက ပိုပြီးတော့တောင် ရယ်စရာကောင်းသေးတယ်.... နှစ်တစ်ထောင်ဆေးဖက်ဝင်အပင် ဟုတ်လား.... ငါ ဟော်ဟူက ဝိညာဉ်ကျောက်တုံး ၃၀၀၀ နဲ့ အပြတ်ဝယ်မယ်”
ထိုအသံကို ကြားသောအခါ လော့ချန် ခေါင်းခါလိုက်မိသည်။
တကယ့်ကို အာဏာရှင်ဆန်သည့်လူပင်။ နှစ်တစ်ထောင်အပင်ကို ဝိညာဉ်ကျောက်တုံး ၃၀၀၀ ဖြင့် ဝယ်ယူခြင်းမှာ စေတနာရှိသယောင်ထင်ရသော်လည်း တကယ်တမ်းတွင် ခေါင်းပုံဖြတ်ခြင်းသာ ဖြစ်သည်။ သို့သော် မည်သည့် တစ်ကိုယ်တော် ကျင့်ကြံသူမျှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို ငြင်းဆန်ရဲမည်မဟုတ်ပေ။
“အကြီးအကဲက လော့ထျန်းအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်လားရှင့်” ဟု အမျိုးသမီး နောက်လိုက်တစ်ဦးက လာရောက်မေးမြန်းသည်။
လော့ချန် ခေါင်းညိတ်ပြလိုက်သည်။ သူမက လမ်းပြပေးသဖြင့် လော့ချန်တို့အဖွဲ့မှာ သီးသန့်အခန်းတစ်ခန်းသို့ ရောက်ရှိသွားသည်။ ထိုနေရာမှနေ၍ အောက်ထပ်ရှိ ခန်းမတစ်ခုလုံးကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။
သို့သော် တစ်ကိုယ်တော် ကျင့်ကြံသူများကို ဆက်ဆံပုံမှာ အတော်လေး ညံ့ဖျင်းလှသည်။ ထိုင်ခုံများမှာ ဖရိုဖရဲ ဖြစ်နေသည့်အပြင် ကျောက်စိမ်းအိုးဓားနန်းဆောင်တွင် ပေးလေ့ရှိသော သစ်သီးနှင့် လက်ဖက်ရည်များလည်း မရှိပေ။ နောက်ဆုံးတော့ ဤမျိုးနွယ်စုမှာ အာဏာရခါစသာ ရှိသေးပြီး ဂိုဏ်းကြီးများကဲ့သို့သော အရှိန်အဝါမျိုး မရှိသေးပေ။
လော့ချန် ထိုင်ခုံတွင် ဝင်ထိုင်လိုက်စဉ် သူ၏ နောက်လိုက်များ မျက်နှာမကောင်းဖြစ်နေသည်ကို သတိထားမိလိုက်သည်။
ချွီလင်ကျွင်းက နှုတ်ခမ်းကိုကိုက်ကာ ဆိုသည်။
“ဆရာ.... တပည့် စောစောက အဲ့လိုမပြောလိုက်သင့်ဘူး”
စုရှောင်လင်ကလည်း ဒူးထောက်ကာ တောင်းပန်သည်။
“အဖွဲ့ချုပ်ခေါင်းဆောင်.... ကျွန်တော် စကားမှားသွားလို့ ပြဿနာဖြစ်စေခဲ့ပါပြီ၊ ခွင့်လွှတ်ပေးပါ ခင်ဗျာ”