← Chapters

အခန်း (၃၀၉-၃၁၀)

Vol. 31 Ch. 309-310

အခန်း (၃၀၉-၃၁၀)

Vol. 31 Ch. 309-310

အခန်း (၃၀၉) - ချင်းယွမ်အဆိပ်ဖြေနည်းကို ရရှိခြင်း

“ပြဿနာ တဲ့လား.... မဟုတ်တာ”

လော့ချန်က ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါလိုက်သည်။

“ဒီကိစ္စက မင်းတို့အပြစ် မဟုတ်ဘူး၊ ဟော်မျိုးနွယ်စုက လုပ်ပုံကိုင်ပုံ မမှန်တာ၊ လေလံပွဲတက်တဲ့သူတွေမှာ ဝေဖန်ပိုင်ခွင့်ရှိတယ်၊ မင်းတို့နှစ်ယောက်တည်း ပြောနေတာလည်း မဟုတ်ဘူးလေ၊ အဲဒါကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က လက်အောက်ငယ်သားတွေကို ဒီလိုမျိုး ရန်လုပ်တာကတော့ တကယ်ကို....”

‘ဟော်ဟူ....’

လော့ချန် ထိုအမည်ကို စိတ်ထဲမှ ရေရွတ်လိုက်ရင်း မျက်ဝန်းများတွင် တွေးတောနေဟန် ပေါ်လာသည်။

သူ အထင် မှားမနေဘူးဆိုလျှင် ထိုသူမှာ ဟော်မျိုးနွယ်စု၏ ပါရမီရှင်ဟု အမွှမ်းတင်ခံရသူ ဖြစ်ရမည်။ မီးလျှံမဟာမိတ်သို့ သွားရောက် ပညာသင်ယူခဲ့သူ ဖြစ်သည်။ သူသည် အသက်ငါးဆယ်ပင် မပြည့်သေးဘဲ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ယခု ဂိုဏ်းကြီးနှစ်ဂိုဏ်း စစ်ဖြစ်နေချိန်တွင် သူသည် မျိုးနွယ်စုကိစ္စကို အကြောင်းပြကာ ထိုက်ရှန်းဈေးမြို့တော်သို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာပင် အတည်တကျ မဖြစ်သေးဟု သိရသည်။

သူသည် သူရဲဘောကြောင်သူလား သို့မဟုတ် ဘေးကင်းရာသို့ ဆုတ်ခွာတတ်သည့် ပညာကို ကျွမ်းကျင်သူလား ဆိုသည်မှာ ပြောရခက်သော်လည်း စောစောက အားနည်းသူများအပေါ် ဆက်ဆံပုံကို ကြည့်ရုံဖြင့် လူမိုက်တစ်ဦးသာ ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။

လော့ချန်က တောင်းပန်နေသော သူ့လူနှစ်ဦးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

“ဒါပေမဲ့ အပြင်ထွက်တဲ့အခါ အပြောအဆို၊ အမူအရာကို သတိထားရမယ်.... ဒါကို သင်ခန်းစာယူပါ.... နောက်တစ်ခါ ဒီလိုမျိုး မဖြစ်စေနဲ့နော်.... ထကြတော့”

ချွီလင်ကျွင်းက ခေါင်းကို တရစပ် ညိတ်ပြသည်။ စောစောက သူ အတိုက်ခိုက်မခံရခြင်းမှာ လော့ချန် ဘေးတွင် ရှိနေသောကြောင့်သာ ဖြစ်သည်။ ဟော်ဟူ၏ သတ်ဖြတ်လိုသော အရှိန်အဝါမှာ စုရှောင်လင်အပေါ်တွင် အထင်းသား ပေါ်လွင်နေခဲ့သည်။ စုရှောင်လင်သည်လည်း သူ၏ အောင်မြင်မှုကြောင့် ဖြစ်ပေါ်နေသော ထောင်လွှားမှုများ ပျောက်ကွယ်သွားပြီး ပို၍ တည်ငြိမ်သွားသည်။ လော့ချန်၏ စကားကို သူ နှလုံးသွင်းလိုက်ပြီ ဖြစ်သည်။

....

အချိန်အတော်ကြာသွားသော်လည်း လေလံပွဲမှာ စတင်ခြင်း မရှိသေးပေ။ လော့ချန် မဲ့ပြုံး ပြုံးလိုက်မိသည်။ လူတိုင်းက ဟော်မျိုးနွယ်စု၏ အခြေခံခိုင်မာမှုကို ပြောကြသော်လည်း သူ မြင်သလောက်မှာမူ ချမ်းသာခါစ မျိုးနွယ်စုတစ်ခု၏ ဟန်ပန်မျိုးသာ ရှိသည်။ သူတို့သည် လေလံပွဲတစ်ခုကိုပင် စနစ်တကျ မကျင်းပနိုင်ကြပေ။

ခဏအကြာတွင် ဝမ်ဟိုင်ချောင်ထံမှ အသံလှိုင်းဖြင့် ဆက်သွယ်မှု ရောက်လာသည်။

“မိတ်ဆွေတို့.... လေလံပွဲမှာ လုချင်တဲ့ ပစ္စည်းရှိလား”

နန်ကုန်းကျင်းက “ကျုပ်ကတော့ မရှိဘူး.... ဝိညာဉ်ကျောက်တုံး သိပ်မကျန်တော့လို့ ကြည့်ပဲ ကြည့်တော့မယ်” ဟု ဖြေသည်။

လီရီရှန်းက “ဟော်မျိုးနွယ်စုက မီးလျှံမဟာမိတ်ဆီကနေ မှော်ရတနာ နှစ်ခုနဲ့ ထိပ်တန်းအဆင့် မှော်လက်နက်တွေ အများကြီး ရထားတယ်လို့ ကြားတယ်.... ကျွန်မတော့ နည်းနည်း စိတ်ဝင်စားတယ်” ဟု ဆိုသည်။

ဝမ်ဟိုင်ချောင်က “မှော်ရတနာတွေက ဈေးကြီးတယ်နော်” ဟု သတိပေးသည့်လေသံဖြင့် ပြောသည်။

လီရီရှန်းက သက်ပြင်းချရင်း “ဈေးကြီးတာ မှန်ပေမဲ့ အခုလို အခြေအနေမျိုးမှာ လက်နက်ကောင်းတစ်ခု ရှိနေတာက ပိုပြီး စိတ်ချရတယ်လေ” ဟု ပြန်ဖြေသည်။

ထို့နောက် သူမ ဝမ်ဟိုင်ချောင်ကို ပြန်မေးလိုက်သည်။

“ဂိုဏ်းချုပ်ဝမ်ကရော ဘာကို မျက်စိကျနေလဲ”

“အဆင့်နိမ့် မှော်ရတနာ ရွှေမီးဓားပဲ.... အဲဒါကို ငါ သေချာပေါက် ရအောင်ယူမယ်”

ဝမ်ဟိုင်ချောင်၏ အသံမှာ ပြတ်သားလှသည်။

လီရီရှန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ‘ဝမ်ဟိုင်ချောင်က ရေဓာတ်ကျင့်စဉ်ကို ကျင့်ကြံသူ မဟုတ်လား.... ဘာလို့ မီးဓာတ်မှော်ရတနာကို ဒီလောက်အထိ လိုချင်နေရတာလဲ’

“မိတ်ဆွေ တန်ချန်ဇီရော ဘာကို လိုချင်လဲ”

လော့ချန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး “ကျွန်တော်က ချင်းယွမ်အဆိပ်ဖြေနည်း ဆိုတဲ့ဟာကို စိတ်ဝင်စားလို့ပါ.... မိတ်ဆွေတို့ ကျွန်တော့်ကို ဈေးမပြိုင်ကြဖို့ မျှော်လင့်ပါတယ်” ဟု ဆိုသည်။

ထိုအမည်ကို ကြားသောအခါ အခြားကျင့်ကြံသူ သုံးဦးစလုံး စဉ်းစားသွားကြသည်။

လီရီရှန်းက “ကျွန်မကတော့ မိတ်ဆွေနဲ့ ဈေးမပြိုင်ပါဘူး” ဟု ကတိပေးသည်။

ဝမ်ဟိုင်ချောင်ကလည်း “ငါလည်း အဲဒါကို စိတ်မဝင်စားဘူး.... ဒါပေမဲ့ ဒီက ဒေသခံတွေကတော့ မင်းနဲ့ ဈေးပြိုင်နိုင်တယ်နော်” ဟု သတိပေးသည်။

လော့ချန်က ပြုံးရင်း “မပူပါနဲ့.... ကျွန်တော့်မှာလည်း အသင့်အတင့်တော့ ရှိပါတယ်” ဟု ဆိုလိုက်ရာ အားလုံး ဆွံ့အသွားကြသည်။

မှန်ပေသည်။ လော့ချန်သည် ဆေးဖော်စပ်သူ ဖြစ်သည်။ အချမ်းသာဆုံးလူမှာ သူပင် ဖြစ်နိုင်သည်။

....

အချိန်အတော်ကြာ အချိန်ဆွဲနေခဲ့ပြီးနောက် နောက်ဆုံးတွင်မူ လေလံပွဲ စတင်ခဲ့လေပြီ။ ထိုအချိန်တွင် နေဝင်ရိုးရီ အချိန်သို့ပင် ရောက်ရှိနေချေပြီ။

ဟော်ဟူသည် စင်ပေါ်သို့ တက်လာကာ ကြေညာလိုက်သည်။

"မိတ်ဆွေတို့ခင်ဗျာ.... အဝေးကနေ ကြွရောက်လာကြတဲ့အတွက် ဟော်မျိုးနွယ်စုကိုယ်စား ကျေးဇူးတင်ပါတယ်.... ကျွန်တော်ကတော့ မီးလျှံမဟာမိတ်ရဲ့ အတွင်းစည်းတပည့် ဟော်ဟူ ဖြစ်ပါတယ်.... ဒီနေ့လေလံပွဲကို ကျွန်တော်ကိုယ်တိုင် စီစဉ်တင်ဆက်ပေးသွားမှာပါ"

ဟော်ဟူက သူသည် မီးလျှံမဟာမိတ်၏ တပည့်ဖြစ်ကြောင်း ကြေညာလိုက်သည်နှင့် ဆူညံနေသော ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ မည်သို့ပင်ဆိုစေကာမူ ရွှေအမြုတေအဆင့်ရှိသော ဂိုဏ်းကြီးတစ်ခု၏ အရှိန်အဝါမှာ သာမာန်မဟုတ်ပေ။

သို့သော် ဟော်ဟူ၏ လေလံတင်ဆက်မှုမှာမူ အတော်လေး ညံ့ဖျင်းလှသည်။ အပေါ်စီးမှ ကြည့်နေသော လော့ချန် မျက်မှောင်တကြုတ်ကြုတ် ဖြစ်နေတော့သည်။ သူသည် ပစ္စည်းအချို့၏ ဈေးနှုန်းကို အစကတည်းက အလွန်အမင်း မြှင့်ထားသဖြင့် မည်သူမျှ ဈေးမပြိုင်ဘဲ တိတ်ဆိတ်သွားရသည်။ ဤသည်မှာ အလွန်တရာ အတွေ့အကြုံနုသော လုပ်ဆောင်ချက်သာ ဖြစ်သည်။ ကျောက်စိမ်းအိုးဓားဂိုဏ်းမှ လော့ထျန်းဟုန်၊ နဂါးရတနာမှောင်ခိုဈေးကွက်မှ ထျန်းရှင်းကျီ တို့နှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားနေသည်။

ထို့အပြင် ဟော်ဟူဆိုသည့် ငနဲသည် ဈေးနှုန်းမြှင့်တင်ရာတွင်လည်း မပါးနပ်သည့်အပြင် ပစ္စည်းများ၏ အားနည်းချက်များကိုသာ ထုတ်ပြောနေလေရာ တန်ဖိုးတက်သင့်သလောက် မတက်ခဲ့ပေ။

‘နေပါဦး.... ငါက ဘာလို့ ဒီကောင့်အတွက် စိုးရိမ်ပေးနေရတာလဲ.... အဟက်.... သူအဲ့လောက် ဖျင်းနေမှတော့ ငါလိုချင်တဲ့ လေလံပစ္စည်းကို ဈေးပေါပေါနဲ့ ရနိုင်ပြီပေါ့....’

လော့ချန် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။

“နောက်ထပ် ပစ္စည်းကတော့ ချင်းယွမ်အဆိပ်ဖြေနည်း ဖြစ်ပါတယ်.... ဆေးလုံးအလွန်အကျွံ သောက်သုံးမှုကြောင့် ဖြစ်ပေါ်တဲ့ ဆေးအဆိပ်တွေကို ပြေစေနိုင်သလို အခြားအဆိပ်တွေကိုလည်း ခုခံနိုင်စွမ်း ရှိပါတယ်.... အားနည်းချက်ကတော့ သင်ယူဖို့ အချိန်အတော်ကြာပေးရတာပါပဲ.... အဖွင့်ဈေးက ဝိညာဉ်ကျောက်တုံး သုံးထောင်ပါ.... တစ်ခါတိုးရင် တစ်ရာထက်မနည်း တိုးရပါမယ်”

လော့ချန်၏ မျက်လုံးများ အရောင်တောက်သွားသည်။ အခြားကျင့်ကြံသူ သုံးဦးကလည်း သူ့ကို လှမ်းကြည့်ကြသည်။ သို့သော် လော့ချန် ချက်ချင်း ဈေးမခေါ်သေးပေ။

“သုံးထောင်တစ်ရာ”

“သုံးထောင်နှစ်ရာ”

“သုံးထောင်သုံးရာ”

လေလံဆွဲသံများမှာ လှိုင်းလုံးများကဲ့သို့ တရဟော တိုးလာနေသည်။ တိုးနှုန်းမှာ မများသော်လည်း ရပ်တန့်မည့် အရိပ်အယောင်မရှိပေ။ လော့ချန်သည် ဈေးပေါပေါနှင့် ရနိုင်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ထိုအတွေးကို ချက်ချင်းပင် လက်လျှော့လိုက်ရသည်။

တစ်ကိုယ်တော် ကျင့်ကြံသူများသည် ဆေးလုံးများကို အလွန်အမင်း အားကိုးကြသဖြင့် သူတို့တွင် ဆေးအဆိပ်များ ရှိနေတတ်သည်။ ထို့ကြောင့် ဤချင်းယွမ်အဆိပ်ဖြေနည်းကို စိတ်ဝင်စားသူ များပြားလှသည်။ ဈေးနှုန်းမှာ လေးထောင်အထိ တက်သွားခဲ့သည်။

စောင့်ကြည့်နေသော တာဟဲဈေးမြို့တော်မှ ကျင့်ကြံသူများပင် အံ့အားသင့်သွားကြသည်။

....

လီမျိုးနွယ်စု၏ သီးသန့်ခန်းအတွင်း၌ လီအောက်က "ဒီလို အဆိပ်ဖြေနည်းကိုသာ တတ်မြောက်ထားရင် ကျွန်တော်တို့လည်း ဆေးလုံးတွေကို စိတ်ကြိုက်သုံးပြီး ကျင့်ကြံလို့ရပြီပေါ့.... ဒေါ်လေး.... ကျွန်တော်တို့လည်း ဝင်ဆွဲသင့်လား" ဟု လွှတ်ခနဲ မေးလိုက်မိသည်။

လီရီရှန်းက ခေါင်းခါပြလိုက်ရင်း "အဲဒီလောက် မရိုးရှင်းဘူးကွဲ့.... မင်းမကြားဘူးလား.... အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် သင်ယူဖို့ အချိန်အများကြီး ပေးရတယ်လို့ ပြောသွားတယ်လေ.... မင်းက အခုမှ ချီသန့်စင်အဆင့်ပဲ ရှိသေးတယ်၊ မင်းအတွက် အလိုအပ်ဆုံးက အချိန်ပဲ.... တိုက်ခိုက်ရေးမှာလည်း မသုံးနိုင်တဲ့ ပညာရပ်တစ်ခုအတွက်နဲ့ မင်းရဲ့ အချိန်တွေကို အလဟဿ အဖြုန်းခံလို့ မဖြစ်ဘူး"

လီအောက် နားလည်သွားသည်ကို မြင်သောအခါ လီရီရှန်းက ဆက်ပြောသည်။ "နောက်ပြီး အရေးကြီးဆုံးကတော့.... ဒါဟာ မိတ်ဆွေလော့ချန် အထူးတလည် လိုချင်နေတဲ့အရာပဲ၊ သူ့ကို သွားပြီး မပြိုင်တာ အကောင်းဆုံးပဲ"

လီအောက်က လော့ထျန်းအဖွဲ့၏ အခန်းဘက်သို့ စူးစမ်းစွာ ကြည့်လိုက်ရင်း "ဒါပေမဲ့.... သူ အခုထိ တစ်ခါမှ ဈေးဝင်မခေါ်သေးဘူးနော်" ဟု ဆိုသည်။

လီရီရှန်းလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ခဏမျှ စဉ်းစားပြီးနောက် "သူက တစ်ချက်တည်းနဲ့ အပြတ်သိမ်းဖို့ ကြံနေတာ ထင်တယ်" ဟု ခပ်တိုးတိုး ဆိုလိုက်သည်။

နန်ကုန်းမျိုးနွယ်စု၏ အခန်းအတွင်း၌လည်း အလားတူ ဆွေးနွေးမှုမျိုး ရှိနေသည်။ သို့သော် နန်ကုန်းကျင်း၏ တုံ့ပြန်မှုမှာ ရိုးရှင်းလှသည်။

"ကဲ.... တခြားဟာတွေကို လိုက်မဆွဲနဲ့တော့၊ ဝိညာဉ်ကျောက်တုံးတွေကို စုထားပြီး ငါတို့ တကယ်လိုအပ်တဲ့အရာကိုပဲ အမိအရ ဖမ်းဆုပ်ရမယ်"

....

လော့ချန်သည် တစ်ချက်တည်းနှင့် အပြတ်သိမ်းရန် ကြံစည်နေခြင်းလော။ သူ ထိုသို့ စဉ်းစားခဲ့သည်မှာ အမှန်ပင်။ သို့သော် ထို့ထက်ပို၍ သူသည် ပြိုင်ဘက်များ၏ အင်အားကို အကဲခတ်နေခြင်း ဖြစ်သည်။

‘တစ်ခါတိုးရင် ငါးရာထက် မပိုဘူး၊ ခန့်မှန်းထားတဲ့အတိုင်းပဲ၊ ဒီအဆိပ်ဖြေနည်းကို လိုချင်တဲ့လူတွေက ဆေးလုံးပေါ် မှီခိုနေရသူတွေပဲ ဖြစ်ရမယ်၊ ငါ့လိုမျိုး ငွေဝင်လမ်း တည်ငြိမ်တာမျိုး မဟုတ်ရင် သူတို့မှာ ငွေအများကြီး ရှိမှာမဟုတ်ဘူး’

‘အဲဒီလိုဆိုရင်တော့ လွယ်သွားပြီ’

ထို့နောက် သူ၏ အကြည့်မှာ အောက်ထပ်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးထံသို့ ကျရောက်သွားသည်။ အောက်ထပ်မှ ဟော်ဟူ၏ ပျင်းရိငြီးငွေ့ဖွယ် အသံမှာလည်း ထွက်ပေါ်လာသည်။

"လေးထောင်သုံးရာ.... တစ်ကြိမ်"

"နှစ်ကြိမ်...."

ဈေးနှုန်း လေးထောင်သုံးရာသို့ ရောက်သောအခါ လော့ချန် အေးဆေးစွာ အော်လိုက်သည်။

“ငါးထောင်”

ဟော်ဟူက လော့ချန်၏ အခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။

"အခန်းနံပါတ် ၉ က မိတ်ဆွေက ငါးထောင် ပေးထားပါတယ်၊ ထပ်တိုးမယ့်သူ ရှိသေးလား"

တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ တစ်ခါတည်း ခုနစ်ရာ တိုးလိုက်ခြင်းမှာ သူ့တွင် ငွေအင်အား တောင့်တင်းကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။ အစောပိုင်းက ဈေးပြိုင်နေသော ကျင့်ကြံသူတစ်ဦးမှာ လော့ချန်၏ အခန်းကို နာကျည်းစွာ မိုက်ကြည့်ကြည့်လိုက်သည်။

ထို့နောက် အနားတွင်ရှိနေသော မိန်းကလေးတစ်ဦးကို လှမ်းခေါ်လိုက်သည်။

"သခင်လေးထူ.... ဘာများ အမိန့်ရှိမလဲရှင့်"

ထူရှန်းက ဒေါသကို ထိန်းရင်း တိုးတိုးလေး မေးလိုက်သည်။

"အဲဒီအခန်းထဲမှာ ဘယ်သူရှိတာလဲ"

မိန်းကလေးက တုံ့ဆိုင်းနေရင်း ဆိုသည်။

"ဟိုဟာလေ.... အချက်အလက်တွေကို ထုတ်မပြောရဘူးလို့...."

"ငါ မေးနေတာက.... သူက ဘယ်သူလဲလို့"

တုန်တုန်ယင်ယင်နှင့်ပင် သူမ ပြောလိုက်ရသည်။

"သူက လော့ထျန်းအဖွဲ့ကပါ.... ခေါင်းဆောင်က တန်ချန်ဇီလို့ ခေါ်တဲ့ ဒုတိယအဆင့် ဆေးဖော်ဆရာ တစ်ယောက်ပါ"

ထူရှန်း တစ်ကိုယ်လုံး အေးခဲသွားပြီး သက်ပြင်းချလိုက်ရတော့သည်။

‘ဒုတိယအဆင့် ဆေးဖော်ဆရာတဲ့လား.... အဲဒီလို လူမျိုးနဲ့တော့.... ငါ ဘယ်လိုမှ မပြိုင်နိုင်ဘူး၊ ဆက်ပြီး လေလံဆွဲနေရင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေသလိုပဲ ဖြစ်မှာ၊ လက်လျှော့လိုက်တာ အကောင်းဆုံးပဲ’

“ငါးထောင်.... တစ်ကြိမ်.... နှစ်ကြိမ်.... သုံးကြိမ်.... ရောင်းချလိုက်ပါပြီ”

ဟော်ဟူသည် ဂုဏ်ပြုစကားပင် မပြောတော့ဘဲ ပစ္စည်းကို အခန်းနံပါတ် ၉ သို့ ပို့ရန် အချက်ပြလိုက်သည်။ ရရှိသော နောက်ဆုံးဈေးနှုန်းအပေါ် သူ အနည်းငယ် မကျေမနပ် ဖြစ်နေပုံရသည်။

အမှန်စင်စစ် ဤချင်းယွမ်အဆိပ်ဖြေနည်းမှာ ဟော်မျိုးနွယ်စု အကြီးအကဲများက ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ အလောင်းထံမှ ရရှိခဲ့သော ဒုတိယအဆင့် နည်းစနစ်တစ်ခု ဖြစ်သည်။ ဟော်ဟူ၏ လက်ထဲတွင်မူ ဤမျှသာ ဈေးရခဲ့ပေသည်။

လော့ချန်သည် ပစ္စည်းကို လက်ခံရရှိပြီးနောက် ချက်ချင်းပင် စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ အတုမဟုတ်ကြောင်း သေချာသွားသောအခါမှ သူ စိတ်အေးသွားတော့သည်။

....

လေလံပွဲမှာ အထွတ်အထိပ်သို့ ရောက်လာသည်။ ရွှေမီးဓားကို လေလံတင်သောအခါ ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ အထိ ထိုးတက်သွားသည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... တစ်ခုခုတော့ မှားနေပြီ”

စီမာဟွေ့နန်က သတိပေးသည်။

လော့ချန် ခေါင်းညိတ်လိုက်သည်။ ဝမ်ဟိုင်ချောင်နှင့် နန်ကုန်းကျင်းတို့ အသေအလဲ ဈေးပြိုင်နေကြခြင်း ဖြစ်သည်။ ဝမ်ဟိုင်ချောင်က ထိုဓားကို အလိုရှိနေသည်မှာ သိသာသော်လည်း နန်ကုန်းကျင်းက အဘယ်ကြောင့် ဤမျှအထိ လိုက်လုနေရသနည်း။

“ငါးသောင်းသုံးထောင်”

“ငါးသောင်းလေးထောင်”

“ငါးသောင်းခုနစ်ထောင်”

ထိုဓား၏ အစစ်အမှန်တန်ဖိုးမှာ ၃၀၀၀၀၊ ၄၀၀၀၀ ထက် မပိုပေ။ ထိုစဉ် လီရီရှန်းထံမှ အသံလှိုင်း ရောက်လာသည်။

“မိတ်ဆွေ လော့ချန်.... တစ်ခုခုတော့ မှားနေပြီ.... ဒါက ထိုက်ရှန်းဈေးမြို့တော်မှာ အခြေချခွင့်နဲ့ ပတ်သက်နေတာများလား”

လော့ချန်၏ မျက်လုံးများ စူးရှသွားသည်။ မှန်ပေလိမ့်မည်။ ဟော်မျိုးနွယ်စုသည် ဤလေလံပွဲမှတစ်ဆင့် သူတို့၏ အာဏာကို ပြသလိုနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ပစ္စည်းအချို့ကို အဆမတန် ဈေးကြီးပေး၍ ဝယ်ခိုင်းခြင်းဖြင့် မဟာမိတ်များ၏ သစ္စာစောင့်သိမှုကို စမ်းသပ်နေခြင်း ဖြစ်နိုင်သည်။

ခန်းတုံးယွဲ့ သတိပေးခဲ့သော “လေလံပွဲမှာ လက်စွမ်းပြပါ” ဆိုသည်မှာ ဤအချက်ကို ဆိုလိုခြင်း ဖြစ်ရမည်။

လော့ချန်သည် ဟော်ဟူထံသို့ တစ်ချက် ကြည့်လိုက်ရာ သူ၏ အကြည့်မှာ မိမိတို့ လော့ထျန်းအဖွဲ့နှင့် လီမျိုးနွယ်စုရှိရာ အခန်းများဆီသို့ ခဏခဏ ရောက်နေသည်ကို တွေ့လိုက်ရသည်။

လီရီရှန်းက စိုးရိမ်တကြီး မေးလိုက်သည်။

“မိတ်ဆွေ.... ရှင်ကော ဈေးပြိုင်ဦးမှာလား”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၁၀) - ပြောင်းလဲသွားသူများနှင့် မပြောင်းလဲအပ်သူများ

‘ဈေးပြိုင်ရမယ် ဟုတ်လား.... အလှောင်ခံဖို့လား’

လော့ချန် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။

“မပြိုင်ဘူး” ဟု သူ ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ကျွန်တော် ဒီရှုပ်ထွေးတဲ့ ကိစ္စထဲ ခြေမရှုပ်ချင်ဘူး”

အသံလှိုင်းတစ်ခုက ထပ်မံတိုးဝင်လာပြန်သည်။

“ဒါပေမဲ့ မိတ်ဆွေက ထိုက်ရှန်းဈေးမြို့တော်မှာ အခြေချချင်တာ မဟုတ်ဘူးလား”

လော့ချန် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပွင့်ပွင့်လင်းလင်းပြောရန် ဆုံးဖြတ်လိုက်သည်။

“အမှန်အတိုင်း ပြောရရင်.... မနေချင်တော့ဘူး”

“ဟင်....”

လီမျိုးနွယ်စု၏ သီးသန့်ခန်းအတွင်း၌ လီရီရှန်း၏ မျက်နှာတွင် အံ့ဩရိပ်များ သိသိသာသာ ပေါ်လာသည်။

“ဘာဖြစ်လို့လဲရှင့်....”

“ခင်ဗျားက တကယ်ကြီး ဒီမှာ နေချင်တာလား.... နှစ်ပေါင်းရာနဲ့ချီပြီး ခန်းမျိုးနွယ်စု အုပ်ချုပ်ခဲ့တဲ့နေရာ၊ အခုလည်း အာဏာအကူးအပြောင်း ဖြစ်နေပြီး အုပ်ချုပ်သူအသစ်တွေက အင်အားရော နောက်ခံပါ တောင့်တင်းတဲ့နေရာမှာလေ.... နောက်ထပ် နှစ်အနည်းငယ်ကြာရင် သူတို့က တခြားအင်အားစုအားလုံးကို တစ်စစီ ဝါးမြိုပစ်လိမ့်မယ်” ဟု လော့ချန်က ပြောလိုက်သည်။

လီရီရှန်း မျက်မှောင်ကြုတ်သွားသည်။

“ဒါပေမဲ့....”

“ဒါပေမဲ့ဆိုတာ မရှိဘူး.... မိတ်ဆွေက မျိုးနွယ်စုအတွက် စဉ်းစားပြီး စစ်မီးနဲ့ဝေးတဲ့ နေရာတစ်ခုမှာ အခြေချချင်တာ ဖြစ်နိုင်ပါတယ်.... ဒါပေမဲ့ ကျွန်တော့် စိတ်နှလုံးက တာအိုကိုပဲ ရှေးရှုတယ်.... ဒီနေရာမှာ ဒုတိယအဆင့် ဝိညာဉ်ကြောက တစ်ခုတည်းရှိတာ၊ အဲဒါကိုတောင် မျိုးနွယ်စုနှစ်စု ခွဲဝေယူထားရတာလေ....”

ထို့နောက် လော့ချန်က အသံကို နိမ့်လိုက်ပြီး “တကယ်လို့ မိတ်ဆွေက လုချင်တယ်ဆိုရင်တော့ ကျွန်တော် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ လောက် ထုတ်ချေးပေးနိုင်ပါတယ်....” ဟု ပြောလိုက်သည်။

ထိုစကားနောက်တွင် တိတ်ဆိတ်မှုက စိုးမိုးသွားသည်။ လေလံခန်းမအတွင်းမှ အသံများသာ ဟိန်းထွက်နေတော့သည်။ စင်ပေါ်ရှိ ဟော်ဟူမှာမူ ဘေးနှစ်ဖက်မှ ဈေးပြိုင်နေသည်ကို နားထောင်ရင်း ပြုံးပျော်နေသည်။ သို့သော် လော့ထျန်းအဖွဲ့ချုပ်နှင့် လီမျိုးနွယ်စုဘက်မှ မည်သည့် လှုပ်ရှားမှုမျှ မရှိသည်ကို မြင်သောအခါ သူ၏ မျက်နှာထားမှာ ပျက်ယွင်းသွားသည်။

‘ဟွန့်.... မင်းတို့က ငါ့ကို မျက်နှာသာမပေးဘူးပေါ့လေ....’

ထိုအင်အားစုကြီးနှစ်ခု မပါဝင်သဖြင့် လေလံပွဲက ကြွကြွရွရွ မရှိတော့ပေ။

....

လီမျိုးနွယ်စု အခန်းအတွင်း၌ လီရီရှန်းသည် ဈေးပြိုင်ရန် ပြင်ဆင်ခဲ့သော်လည်း လော့ချန်၏ စကားများကို ပြန်လည် စဉ်းစားနေမိသည်။ မျိုးနွယ်စုအတွက် ထိုက်ရှန်းဈေးမြို့တော်မှာ အခြေချရန် ကောင်းသည်ဟု ထင်ရသော်လည်း ရေရှည်တွင်မူ ထိုသို့မဟုတ်ပေ။ ယခုအခါ ကျောက်စိမ်းအိုးဓားနန်းဆောင် မရှိတော့သဖြင့် အာဏာချိန်ခွင်လျှာကို ထိန်းညှိပေးမည့် ဂိုဏ်းကြီးမရှိတော့ပေ။ ဒေသခံ အာဏာရှင်ဖြစ်လာသော ဟော်မျိုးနွယ်စုမှာ အခြားသူများကို မောင်းထုတ်မည်မှာ သေချာသည်။

နောက်ဆုံးတွင် သူမသည် ရွှေမီးဓားအတွက် ဈေးပြိုင်ရန် စိတ်ကူးကို လက်လျှော့လိုက်သည်။

တစ်ချိန်တည်းမှာပင် လေလံပွဲမှာ တိတ်ဆိတ်သွားသည်။ ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး ၈၃၀၀၀ တွင် ရပ်တန့်သွားခဲ့သည်။ ၎င်းမှာ ဝမ်ဟိုင်ချောင်၏ နောက်ဆုံးဈေး ဖြစ်သည်။

နန်ကုန်းကျင်းမှာ မျက်နှာပျက်သွားရသည်။ သူ ဆက်၍ ဈေးမပြိုင်နိုင်တော့ပေ။ ထိုဈေးနှုန်းမှာ နန်ကုန်းမျိုးနွယ်စု၏ ကန့်သတ်ချက်ကို ကျော်လွန်သွားပြီ ဖြစ်သည်။ ဆက်သွားလျှင် မိသားစုတစ်ခုလုံး ပြိုလဲသွားနိုင်သည်။ သို့သော် ဤသို့ ရှုံးနိမ့်ခြင်းက ထိုက်ရှန်းဈေးမြို့တော်တွင် အခြေချခွင့် ဆုံးရှုံးသွားခြင်းပင် ဖြစ်သည်။ သူ၏နောက်မှ လိုက်ပါလာသော ကျင့်ကြံသူများကို ကြည့်ကာ သူ သက်ပြင်းချလိုက်သည်။

“ငါတို့.... တစ်နေရာရာကို ထပ်ပြီး လှည့်လည်ရဦးမယ် ထင်တယ်”

အခြားတစ်ဖက်တွင် ဝမ်ဟိုင်ချောင်၏ မျက်နှာမှာလည်း ကြည့်မကောင်းလှပေ။

‘၈၃၀၀၀....’

သာမန် အဆင့်နိမ့် ဓားပျံတစ်လက်အတွက် ဤမျှ ပေးလိုက်ရခြင်းမှာ လူအအဖြစ် ခံလိုက်ရခြင်းပင်။ တစ်ခန်းမလုံးရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ သူ့အား အရူးတစ်ယောက်လို ကြည့်နေကြပေလိမ့်မည်။

‘နန်ကုန်းကျင်း.... မင်းကတော့ တကယ့်ကို ယုတ်မာတာပဲ.... စောစောကတော့ ကြည့်ပဲ ကြည့်မယ်ဆိုပြီးတော့’

တာဟဲဈေးမြို့တော်မှ ပါလာသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးစလုံး စိတ်ဓာတ်ကျနေကြသည်။

....

“ဆရာ”

ရုတ်တရက် အသံတစ်သံ ထွက်လာသည်။

လော့ချန် လှည့်ကြည့်လိုက်ရာ ချွီလင်ကျွင်းမှာ အံ့အားသင့်နေဆဲ ဖြစ်သော်လည်း သူ၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်နေသည်ကို တွေ့ရသည်။

“ဘာဖြစ်လို့လဲ”

“ဘာလို့ ဂိုဏ်းချုပ်ဝမ်က သူနဲ့မကိုက်ညီတဲ့ မှော်ရတနာအတွက် ဒီလောက်အထိ အကုန်အကျခံရတာလဲဟင်”

လော့ချန်က ခပ်ဖွဖွ ရယ်လိုက်သည်။

“ဘာလို့လဲဆိုတော့ သူက ထိုက်ရှန်းဈေးမြို့တော်မှာ အခြေချချင်နေလို့ပေါ့"

“ဘာလို့ ဒီလောက်အထိ နေချင်ရတာလဲ”

ချွီလင်ကျွင်း နားမလည်နိုင်သေးပေ။

“ဒေါ်လေးချိုင်ယီ ပြောတာတော့ သူက ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော် ရထားတယ်ဆို၊ အဲဒီလောက်ဆိုရင် ကောင်းမွန်တဲ့ ဝိညာဉ်ကြောနေရာတစ်ခုမှာ အေးအေးဆေးဆေး ကျင့်ကြံလို့ ရတာပဲ မဟုတ်ဘူးလား”

လော့ချန် ခေတ္တမျှ ဆွံ့အသွားသည်။ တစ်သိန်းကျော်ဆိုသည်မှာ ချဲ့ကားထားခြင်း ဖြစ်နိုင်သော်လည်း သူ၏ ဝေစုအတော်များများကို မြစ်မြိုဖားကြီးကို ကျွေးရန် အကုန်အကျခံခဲ့ရသည်။ သို့သော် အနည်းဆုံး တစ်သိန်းကျော်လောက်တော့ ကျန်ရှိနေဦးမည် ဖြစ်သည်။ ထိုငွေဖြင့် မည်သည့်နေရာတွင်မဆို သက်သောင့်သက်သာ နေနိုင်ပေသည်။

“ဟားဟား....”

အနားမှ အားရပါးရ ရယ်သံတစ်သံ ထွက်လာသည်။ အခြားသူမဟုတ်၊ ဝမ်ယွမ် ဖြစ်သည်။

သို့သော် ထိုရယ်သံမှာ တဖြည်းဖြည်းနှင့် နှာခေါင်းရှုံ့သံ ဖြစ်သွားသည်။

“တချို့လူတွေက ပြောင်းလဲသွားပြီ၊ ဒါဟာ ရိုးရှင်းတဲ့ အမှန်တရားပဲ”

“ပြောင်းလဲသွားတယ် ဟုတ်လား”

ချွီလင်ကျွင်းက ဝမ်ယွမ်ကို စပ်စုစွာ ကြည့်လိုက်သည်။ သို့သော် သူ၏ ဘေးနားရှိ လော့ချန်မှာမူ တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား မျက်နှာထား ပြောင်းလဲသွားသည်ကို သူ သတိမထားမိပေ။

မှန်ပေသည်။ ဝမ်ဟိုင်ချောင် ပြောင်းလဲသွားလေပြီ။

ဝမ်ယွမ်က လော့ချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ချွီလင်ကျွင်းကို မေးလိုက်သည်။

“ကျင့်ကြံသူ မျိုးနွယ်စုတွေနဲ့ ဂိုဏ်းတွေအပြင် တစ်ကိုယ်တော် ကျင့်ကြံသူတွေက ဘာလို့ ကိုယ်ပိုင် အင်အားစုတွေကို ထောင်ကြတာလဲ”

ချွီလင်ကျွင်းက “လူများရင် ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ပိုပြီး ထိရောက်အောင် စုဆောင်းနိုင်လို့ပေါ့ဗျ” ဟု ပြန်ဖြေသည်။

ဝမ်ယွမ်က ခေါင်းညိတ်လိုက်ပြီး “ဒါပေမဲ့ လူတစ်ယောက်က လူအများရဲ့ အာရုံစိုက်မှုကို ခံရတာ၊ အသက်သေဆုံးမှုကို စီရင်ပိုင်ခွင့်ရှိတာ၊ ထောင်နဲ့ချီတဲ့ ကျင့်ကြံသူတွေကို အမိန့်ပေးရတာတွေမှာ ကျင့်သားရသွားတဲ့အခါ.... အဲဒီ အရင်းအမြစ်တွေကို ယူပြီး တောင်ပေါ်မှာ တစ်ယောက်တည်း အေးအေးဆေးဆေး ကျင့်ကြံဖို့ ပြောရင် သူ ပျော်ပါဦးမလား” ဟု ဆိုသည်။

ချွီလင်ကျွင်း မျက်တောင်ခတ်ရင်း ပြန်ဖြေသည်။

“ဘာလို့ မပျော်ရမှာလဲ”

ချွီလင်ကျွင်းကဲ့သို့ အပြစ်ကင်းစင်ပြီး မိသားစုမေတ္တာကိုသာ နားလည်သူတစ်ဦးအဖို့ ထိုအရာကို နားလည်ရန် ခက်ခဲပေလိမ့်မည်။ အရင်းအမြစ်များ စုံလင်နေပြီဆိုလျှင် အသက်ရှည်ရန်သာ ကြိုးစားရမည် မဟုတ်လော။

လော့ချန်က သူ၏ တပည့်လေးကို ကြည့်ကာ ခါးသက်စွာ ပြုံးလိုက်သည်။

‘အင်း.... ငါ့တပည့်လေး.... မင်း မသိသေးတာက ဒီလောကမှာ အာဏာလို့ ခေါ်တဲ့ အရာတစ်ခု ရှိတယ်ဆိုတာပဲ’

၎င်းမှာ လူတစ်ယောက်ကို တန်ဖိုးထားရမည့် အရာမှန်သမျှ စွန့်လွှတ်စေနိုင်သည့် ကြောက်စရာကောင်းသော အရာဖြစ်သည်။ သူသည် ဝမ်ယွမ်ကို ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ဝမ်ယွမ်က ခေါင်းညိတ်ပြလိုက်ရုံသာ ပြုလုပ်ပြီး လေလံပွဲကို ဆက်ကြည့်နေသည်။

ဝမ်ယွမ်ကို ကျေးဇူးတင်ရခြင်းမှာ သူသည် လော့ချန်ကို သတိပေးလိုက်ခြင်း ဖြစ်သောကြောင့်ပင်။ ဝမ်ဟိုင်ချောင်က အဆမတန် ဈေးကြီးပေးပြီး နေချင်ရခြင်းမှာ တာကျန်းဂိုဏ်းကို ဆက်လက် ထိန်းချုပ်ထားချင်သောကြောင့် ဖြစ်သည်။ အကယ်၍ တခြားတစ်နေရာသို့ သွားလျှင် တာကျန်းဂိုဏ်းက ဆက်ရှိနေပါဦးမည်လော။ တာဟဲဈေးမြို့တော်မှ တစ်ကိုယ်တော် ကျင့်ကြံသူ မည်မျှက သူ့နောက်ကို လိုက်လာပါဦးမည်နည်း။

ထို့ကြောင့် သူသည် အာဏာ၏ အရသာကို ဆက်လက် ခံစားချင်လျှင် ဤနေရာတွင် နေရပေလိမ့်မည်။ အစပိုင်းတွင် သူသည် အင်အားစုကို ကိုယ်ကျိုးအတွက် အသုံးချရန်သာ ရည်ရွယ်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူသည် ၎င်းကို စွဲလမ်းသွားခဲ့သည်။ သူ ပြောင်းလဲသွားလေပြီ။

ထိုအရာနှင့် နှိုင်းယှဉ်လျှင် လော့ချန်မှာ အမှန်စင်စစ် ဝမ်ဟိုင်ချောင် လျှောက်ခဲ့သော လမ်းကြောင်း၏ အစောပိုင်း အဆင့်တွင် ရှိနေခြင်း ဖြစ်သည်။ ယခုအချိန်တွင် လော့ထျန်းအဖွဲ့ချုပ်မှာ သူ့အတွက် အလွန်အသုံးဝင်သည်။ သို့သော် နောင်တွင် သူ ချမ်းသာကြွယ်ဝလာပြီး သီးသန့်ကျင့်ကြံနိုင်သောအခါ သူသည်လည်း အာဏာကို စွန့်လွှတ်နိုင်ပါ့မည်လော။

လော့ချန်သည် သူကိုယ်တိုင် ပြောင်းလဲသွားမည်လားဆိုသည်ကို မခန့်မှန်းနိုင်ပေ။ သို့သော် ဝမ်ယွမ်မှာမူ ထိုအခြေအနေကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။

‘လူတွေက.... မတူကြဘူး’

လော့ချန်သည် ယခင်ဘဝက ရုံးဝန်ထမ်းတစ်ဦးသာ ဖြစ်ခဲ့ပြီး အာဏာ၏ အရသာကို မမြည်းစမ်းဖူးပေ။ သို့သော် ယခုအခါ လက်ဝှေ့ယမ်းလိုက်ရုံဖြင့် လူရာပေါင်းများစွာက ရိုသေစွာ နှုတ်ဆက်ကြသည်ကို သူ အမှန်တကယ် နှစ်သက်သည်။

“အဖွဲ့ချုပ်ခေါင်းဆောင်.... လှေပေါ် တက်ပါတော့” ဟု တညီတညွတ်တည်း အော်ဟစ်ကြသော အချိန်ကို သူ ချစ်မြတ်နိုးသည်။ ထို့ကြောင့် အနာဂတ်တွင် သူသည်လည်း စွဲလမ်းသွားနိုင်သည်။

သို့သော် ဝမ်ယွမ်မှာ မတူပေ။ သူသည် သေမျိုးကမ္ဘာတွင် ကိုယ်ပိုင်ဂိုဏ်းကို ထောင်ခဲ့ပြီး ထိပ်ဆုံးသို့ ရောက်ခဲ့သူ ဖြစ်သည်။ သို့သော် ကျင့်ကြံခြင်းနှင့် စွမ်းအားအတွက် သူသည် ထိုအဆင့်အတန်းကို ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့ပြီး တာဟဲဈေးမြို့တော်တွင် အောက်ခြေကျင့်ကြံသူအဖြစ် ပြန်စခဲ့သူ ဖြစ်သည်။ သူသည် ဤလမ်းကြောင်းကို လျှောက်ပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် လော့ချန်အား လမ်းမှားမရောက်စေရန် အခါအားလျော်စွာ သတိပေးနေခြင်း ဖြစ်သည်။

လော့ချန်သည် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်ပြီး လက်ရှိအခြေအနေကို ပြန်၍ အာရုံစိုက်လိုက်သည်။

....

“နောက်ထပ်ကတော့ ဝိညာဉ်ဆေးနန်းဆောင်ရဲ့ လေလံပစ္စည်း ဖြစ်ပါတယ်.... အဲ့တာကတော့ အခြေတည်ဆေးလုံး ဖြစ်ပါတယ်....” ဟု ဟော်ဟူက အသံကို ဆွဲကာ ကြေညာလိုက်သည်။

ထိုစကားလုံး ထွက်လာသည်နှင့် ခန်းမတစ်ခုလုံးရှိ တစ်ကိုယ်တော် ကျင့်ကြံသူများမှာ အသက်ရှူမှားသွားကြသည်။ ဟော်ဟူ လက်ဝှေ့ယမ်းလိုက်ရာ စားပွဲပေါ်ရှိ အနီရောင်ပိတ်စမှာ လွင့်ပျံသွားပြီး လှပသော ကျောက်စိမ်းပုလင်း ၃ ပုလင်း ပေါ်လာသည်။

“အဖွင့်ဈေးက တစ်ပုလင်းကို ဝိညာဉ်ကျောက်တုံး တစ်ထောင်ပါ၊ တစ်ခါတိုးရင် အနည်းဆုံး တစ်ရာ တိုးရပါမယ်၊ လေလံ စတင်ပါပြီ”

စကားဆုံးသည်နှင့် ဈေးနှုန်းမှာ တရဟော မြင့်တက်သွားသည်။

“တစ်ထောင်တစ်ရာ”

“တစ်ထောင်နှစ်ရာ”

“နှစ်ထောင်”

“သုံးထောင်”

လော့ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ဤသည်မှာ သူတို့၏ ပထမဆုံး လေလံပွဲဖြစ်သော်လည်း ဝိညာဉ်ဆေးနန်းဆောင်ကပင် သူတို့အား မျက်နှာသာပေးနေသည်။ ကျောက်စိမ်းအိုးဓားနန်းဆောင်ကဲ့သို့ ဆေးလုံး ငါးလုံးအထိ မထုတ်ပေးနိုင်သော်လည်း သုံးလုံးမှာပင် အတော်လေး ရက်ရောသည့် ပမာဏ ဖြစ်သည်။

လော့ချန်သည် သူ၏ နောက်လိုက် ဆယ်ဦးကို ကြည့်လိုက်သည်။ စီမာဟွေ့နန်၊ မုရုံချင်းလျန်၊ တွမ်ဖုန်းနှင့် ဘီယန်ကျန်းတို့မှာ ချီသန့်စင် အထွတ်အထိပ် ရောက်ရန် နီးစပ်နေကြပြီ ဖြစ်သည်။ ချင်လျန်ချန်းနှင့် စီမာရှန့်တို့မှာလည်း နှစ်အနည်းငယ်သာ လိုတော့သည်။ သူတို့အားလုံး အခြေတည်ဆေးလုံးကို အလွန်အမင်း လိုချင်နေမည်မှာ သေချာသည်။

လော့ချန် ပြုံးလိုက်ပြီး “မင်းတို့ ဈေးမပြိုင်နဲ့၊ ရမှာ မဟုတ်ဘူး၊ ငါ မင်းတို့အတွက် တစ်လုံး လုပေးမယ်၊ ဘယ်သူက ချီသန့်စင် အထွတ်အထိပ်ကို အရင်ရောက်မလဲ၊ အဲဒီလူက ငါ့ဆီကနေ မူလတန်ဖိုးအတိုင်း ပြန်ဝယ်ရမယ်” ဟု ပြောလိုက်သည်။

ထို့နောက် သူသည် ခန်းမအောက်သို့ လှမ်းကြည့်ကာ ပြတ်သားသောအသံဖြင့် အော်လိုက်သည်။

“ဝိညာဉ်ကျောက်တုံး ၅၄၀၀”

ခန်းမတစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ချီသန့်စင် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦးက အံကြိတ်ကာ “၅၅၀၀” ဟု အော်သည်။ လော့ချန်ကလည်း အေးအေးလူလူပင် “၅၆၀၀” ဟု ထပ်ခေါ်သည်။ ထိုသူက ထပ်၍ ခေါ်ရန် ပြင်သော်လည်း သူ၏ သူငယ်ချင်းက တားလိုက်သည်။

နောက်ဆုံးတွင် ထိုသူ လက်လျှော့လိုက်ရသည်။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ဈေးပြိုင်ရခြင်းမှာ မလွယ်ကူပေ။ ထို့အပြင် နောက်ထပ် ဆေးလုံး နှစ်လုံး ကျန်သေးသည် မဟုတ်လော။

“ပထမဆုံး ဆေးလုံး.... ၅၆၀၀.... တစ်ကြိမ်.... နှစ်ကြိမ်.... သုံးကြိမ်.... ရောင်းချလိုက်ပါပြီ”

ဟော်ဟူမှာ မျက်နှာပျက်နေသည်။ အခြေတည်ဆေးလုံးတစ်လုံးကို ဤဈေးဖြင့် ရောင်းလိုက်ရခြင်းမှာ သူ့အမြင်တွင် အတော်လေး နည်းပါးလွန်းလှသည်။ သို့သော် လော့ချန်၏ တည်ငြိမ်သောအကြည့်အောက်တွင် သူ ဘာမှမတတ်နိုင်ဘဲ ရောင်းချလိုက်ရတော့သည်။

ဤသို့ဖြင့် ပထမဆုံး အခြေတည်ဆေးလုံးမှာ ၅၆၀၀ ဖြင့် ရောင်းထွက်သွားခဲ့သည်။ တစ်ကိုယ်တော် ကျင့်ကြံသူများမှာ မနာလိုစိတ်ဖြင့် ကြည့်နေကြသည်။

တာကျန်းဂိုဏ်း၏ အခန်းအတွင်း၌ မင်လုံယွီသည် ထိုဆေးလုံးကို လိုချင်တပ်မက်စွာ ကြည့်နေမိသည်။ ဝမ်ဟိုင်ချောင်က လော့ချန်နှင့် ဈေးပြိုင်မည်မဟုတ်ကြောင်း သူ သိသည်။

ထိုစဉ် ဝမ်ဟိုင်ချောင်က ခေါင်းညိတ်ပြလိုက်ပြီး “မလောနဲ့.... ငါတို့ စောင့်ကြည့်မယ်.... ပြီးမှ တစ်ချက်တည်းနဲ့ အပြတ်သိမ်းမယ်” ဟု ပြောလိုက်သည်။

မင်လုံယွီက ခေါင်းညိတ်လိုက်သည်။ မှန်ပေသည်။ တစ်ချက်တည်းနှင့် အပြတ်သိမ်းရမည်။ ဝမ်ဟိုင်ချောင်က သူ့အား အခြေတည်ဆေးလုံးတစ်လုံး ရအောင် ယူပေးမည်ဟု ကတိပေးထားသည် မဟုတ်ပါလော။

All Chapters