အခန်း (၇၆၉-၇၇၁)
Vol. 52 Ch. 769-771
Chapter 769 - သူက ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထူထောင်ပေးမယ့် နိမိတ်ဖတ်ခံ နတ်ဘုရားမပဲ
အဝေးတစ်နေရာ၌ မြင့်မြတ်သော နတ်ဆိုးသစ်ပင်ကြီး၏ အလင်းတန်းများသည် ကောင်းကင်နှင့် မြေကြီးအကြား ဖြာထွက်နေတော့သည်။
ကွမ်ရွှယ်ဘုရင်သည် ထိုမြင်ကွင်းကို အဝေးမှ လှမ်းမြင်လိုက်ရ၏။ သူသည် ပညာရှိသော အုပ်စိုးရှင်တစ်ဦးဖြစ်သည့်အားလျော်စွာ ဘာတွေဖြစ်ပျက်ခဲ့သည်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွားသည်။ သူသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် သူ၏ စစ်သည်တော်များကို အမိန့်ပေးလိုက်သည်။
"သွေးဆာနေတဲ့ စစ်သည်တော်တို့… မြင့်မြတ်သော နတ်ဆိုးသစ်ပင်ကြီး ပိုးအိမ်ထဲက ပြန်လည်နိုးထလာပြီ… ငါတို့ရဲ့ သွေးမျိုးဆက်များ အသက်ပြန်ဝင်လာပြီ”
"ငရဲနတ်ဆိုးနဲ့ ကောင်းကင်အလောင်းကောင် မျိုးနွယ်စုတွေက မြင့်မြတ်တဲ့ အမိန့်ကို ဆန့်ကျင်ပြီး နတ်ဆိုးသစ်ပင်ကို ပစ်ပယ်ခဲ့ကြတယ်… သူတို့ရဲ့ သွေးမျိုးဆက် ထာဝရ ညှိုးနွမ်းသွားလိမ့်မယ်”
"တိုက်ခိုက်ကြ… ကျဆုံးသွားတဲ့ ငါတို့သူရဲကောင်းများအတွက် ကလဲ့စားချေကြ"
ရှေ့တန်းမှ ဦးဆောင်လာသော ကွမ်ရွှယ်ဘုရင်သည် ရန်သူ့စစ်ကြောင်းများကို ထိုးဖောက်သည့် လှံတစ်စင်းကဲ့သို့ပင် မည်သူမျှ တားဆီး၍ မရနိုင်တော့ချေ။ သူ၏အသံသည် စစ်မြေပြင်တစ်ခုလုံးကို ဟိန်းထွက်သွားပြီး ငရဲနတ်ဆိုးနှင့် ကောင်းကင်အလောင်းကောင် စစ်သည်တော်များ၏ နှလုံးသားထဲသို့ ကြောက်ရွံ့မှုများ သွတ်သွင်းလိုက်သဖြင့် သူတို့၏ နားထဲတွင် အူသွားကာ စိတ်ဓာတ်များ တုန်လှုပ်ကုန်ကြသည်။ ငရဲနတ်ဆိုးဘုရင်နှင့် ကောင်းကင်အလောင်းကောင်ဘုရင်တို့ပင် ထိတ်လန့်သွားကြပြီး ခြေတစ်လှမ်းချင်း နောက်ဆုတ်သွားရ၏။ သူတို့၏ ဘုရင်များ နောက်ဆုတ်သွားသည်ကို မြင်သောအခါ စစ်သည်များသည်လည်း အကြောင်းရင်းကို မသိဘဲ လိုက်ဆုတ်ကြသဖြင့် ပရမ်းပတာများ ဖြစ်ကုန်သည်။ နာကျင်စွာ အော်ဟစ်သံများ လေထုထဲတွင် ပြည့်နှက်သွားသော်လည်း သေဆုံးသူများ၏ သုံးပုံတစ်ပုံခန့်သာ သွေးဆာသော မျိုးနွယ်စု၏ လက်ချက်ဖြစ်သည်။ ကျန်သူများမှာမူ လူအုပ်ထဲတွင် နင်းမိ၍ သေဆုံးကြခြင်း ဖြစ်၏။
ငရဲနတ်ဆိုးဘုရင် အသက်ပြင်းပြင်းရှူကာ ဟိန်းဟောက်လိုက်သည်။
"ငရဲနတ်ဆိုး စစ်သည်တို့… အခိုင်အမာ ရပ်တည်ကြ… ဒါဟာ သွေးဆာတဲ့ မျိုးနွယ်စုရဲ့ လှည့်ကွက်တစ်ခုပဲ"
"သူတို့က လူနည်းနည်းလေးပဲ ရှိတာ… ငါတို့က အများကြီးပဲ… ငါတို့ အောင်နိုင်မှာပဲ”
ကောင်းကင်အလောင်းကောင်ဘုရင်ကလည်း ပြတ်သားစွာ ထပ်ပြောသည်။
"ကောင်းကင်အလောင်းကောင် စစ်သည်တို့… နောက်ဆုတ်ခွင့် မရှိဘူး… ဆုတ်ခွာတဲ့သူတွေကို သတ်ပစ်မယ်”
ထိုအခါမှသာ နတ်ဆိုးစစ်သည်များ၏ ဆုတ်ခွာမှု ရပ်တန့်သွားသည်။ သွေးဆာသော မျိုးနွယ်စုမှ ကျန်ရှိသော စစ်သည်များသည် ရူးသွပ်နေသော နွားလားဥဿဘများကဲ့သို့ပင် မလှုပ်မယှက်နိုင်သည့် သံမဏိတံတိုင်းကြီးနှင့် တိုးမိတော့သည်။
"ငါတို့ လူနည်းလွန်းသေးတယ်..."
ကွမ်ရွှယ်ဘုရင်သည် ထူထပ်လှသော ရန်သူ့တပ်များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ အရင်တိုက်ပွဲများတွင် သူ၏ စစ်သည်များစွာ ကျဆုံးခဲ့သဖြင့် သူတို့၏ အသက်ဝင်လာသော သွေးမျိုးဆက်များမှာ အရှိန်အဟုန်ကို ထိန်းထားရန် မလုံလောက်တော့ချေ။ ထိုစဉ် အဝေးမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
"ငါတို့ ရောက်လာပြီ"
ကွမ်ရွှယ်ဘုရင် လှည့်ကြည့်လိုက်သောအခါ ရှန်မို၊ ဖူကျူ နှင့် အခြားသူများ စစ်ကူတိုက်ရန် ပြေးလာသည်ကို မြင်လိုက်ရသည်။ သူ၏ ကိုယ်ရံတော်ဗိုလ်ပင်လျှင် ကန့်သတ်ချက်မဲ့ ကောင်းကင်ဘုံနယ်ပယ်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။
ကိုယ်ရံတော်ဗိုလ်မှ အော်ပြောလိုက်သည်။
"အရှင်မင်းကြီး… မြင့်မြတ်သော နတ်ဆိုးသစ်ပင်ကြီး ပြန်ပေါက်လာပါပြီ… ငါတို့ရဲ့ သွေးမျိုးဆက်တွေ ပြန်လည်နိုးထလာပါပြီ"
"ဟာ… ဆုံးဖြတ်ချက် မှန်တယ်ဆိုတာ ငါသိသားပဲ”
ကွမ်ရွှယ်ဘုရင် ဝမ်းသာလွန်း၍ မျက်ရည်ကျမိသည်။ တိုက်ပွဲ၏ အရှိန်အဟုန်ပြင်းနေချိန်မှာတောင် သူ လူသားများ၊ နတ်ဆိုးများနှင့် နဂါးများဖြင့် မဟာမိတ်ဖွဲ့ခြင်းမှာ မှားယွင်းလေမလားဆိုသည့် သံသယစိတ် အနည်းငယ် ရှိနေခဲ့သည်။ ယခုမူ ကိုယ်ရံတော်ဗိုလ်၏ စကားများက သူ၏ မဟာမိတ်ဖွဲ့မှုမှာ မှန်ကန်ကြောင်း သက်သေပြလိုက်ပြီဖြစ်၏။
"မိုမင်ယုက နတ်ဘုရားမပဲ"
"သူ့ရဲ့ သွေးက မြင့်မြတ်တဲ့ နတ်ဆိုးသစ်ပင်ကြီးကို ပြန်ရှင်သန်စေခဲ့တာ"
"သူဟာ ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ထူထောင်ပေးမယ့် နိမိတ်ဖတ်ခံ နတ်ဘုရားမပဲ" ကိုယ်ရံတော်ဗိုလ်၏ ကြေညာချက်သည် စစ်မြေပြင်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး နတ်ဆိုးတိုင်း၏ နားထဲသို့ ရောက်သွားသည်။
ငရဲနတ်ဆိုးနှင့် ကောင်းကင်အလောင်းကောင် စစ်သည်များသည် တစ်ဦးကိုတစ်ဦး မလုံမလဲ ကြည့်လိုက်ကြသည်။
မြင့်မြတ်သော နတ်ဆိုးသစ်ပင်ကြီး အမှန်တကယ် ပြန်ရောက်လာတာလား။
သူက တကယ်ပဲ နတ်ဘုရားမ,လား။
သွေးဆာသော မျိုးနွယ်စုက နတ်ဆိုးသစ်ပင်ရဲ့ ကောင်းချီးကို ရရှိပြီး သူတို့ကတော့ မရဘူးတဲ့လား။
သူတို့ မြင်နေရသည်မှာ အဝေးမှ ကောင်းကင်ထိအောင် ထွန်းလင်းနေသော အလင်းတန်းများနှင့် သွေးဆာသော မျိုးနွယ်စု၏ ကြောက်မက်ဖွယ် စွမ်းအားများသာ ဖြစ်သည်။ ကွမ်ရွှယ်ဘုရင်က ဟိန်းဟောက်လိုက်သည်။
"သတ်ကြ… ဒီသစ္စာဖောက်တွေကို သတ်ပစ်ကြ”
"သတ်"
သွေးဆာသော မျိုးနွယ်စု၏ စိတ်ဓာတ်များသည် ကောင်းကင်သို့ ထိုးတက်သွားပြီး ထိုးစစ်ဆင်ကြတော့သည်။ ရှန်မို၊ ဖူကျူ၊ ကိုးဆင့်ယင် နှင့် အခြားသူများ တိုက်ပွဲထဲသို့ ဝင်လာသဖြင့် အင်အားချိန်ခွင်လျှာမှာ ပြောင်းလဲသွားသည်။ တစ်နာရီအတွင်းမှာပင် ငရဲနတ်ဆိုးနှင့် ကောင်းကင်အလောင်းကောင် မျိုးနွယ်စုများသည် ပရမ်းပတာ ထွက်ပြေးကြရတော့သည်။ ကွမ်ရွှယ်ဘုရင်သည် ရှန်မို ချဉ်းကပ်လာသည်ကို ကြည့်နေပြီးနောက် ရုတ်တရက် သူ၏ စစ်ရထားပေါ်မှ ခုန်ဆင်းကာ ရှန်မိုကို အလေးအနက် ဦးညွှတ်လိုက်သည်။ ရှန်မိုက သူ့ကို အမြန်ပင် ပြန်ထူပေးလိုက်သည်။
"အရှင်မင်းကြီး… ဒါတွေက မလိုအပ်ပါဘူး"
သို့သော် ကွမ်ရွှယ်ဘုရင်မှာ ခါးကို ကိုင်းထားဆဲဖြစ်သည်။
သူ လေးနက်စွာ ပြောလိုက်သည်။
"မင်းရဲ့ အကူအညီနဲ့ မြင့်မြတ်တဲ့ နတ်ဆိုးသစ်ပင်ကြီး ပြန်လည်နိုးထမလာရင် ငါတို့ ရှုံးနိမ့်မှာ သေချာပါတယ်… ဒီကျေးဇူးတရားဟာ တောင်တွေထက် လေးလံပြီး သမုဒ္ဒရာတွေထက် နက်ရှိုင်းပါတယ်… ငါတို့ ထာဝရ မှတ်သားထားပါ့မယ်"
သူ့နောက်ကွယ်ရှိ သွေးဆာသော မျိုးနွယ်စုဝင် စစ်သည်များကလည်း မိုးခြိမ်းသံကဲ့သို့ ညီညီညာညာ အော်ဟစ်လိုက်ကြ၏။
"ထာဝရ မှတ်သားထားပါ့မယ်"
သူတို့၏ အသံများသည် တောင်ဟိန်းသံကဲ့သို့ပင် ကြာမြင့်စွာ ပဲ့တင်ထပ်နေတော့သည်။ ကွမ်ရွှယ်ဘုရင်က ဆက်ပြောသည်။
"မင်းတို့နဲ့ မဟာမိတ်ဖွဲ့ခဲ့တာဟာ ငါ ဘယ်တော့မှ နောင်တမရမယ့် ဆုံးဖြတ်ချက်ပဲ"
ထိုသို့ပြောပြီးနောက် သူသည် နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြန်သည်။ သူ၏ စစ်သည်များသည်လည်း တစ်ဖက် ဒူးထောက်ကာ ဂါရဝပြုလိုက်ကြသည်။ ကွမ်ရွှယ်ဘုရင်က လေးနက်စွာ ကြေညာလိုက်သည်။
"တကယ်လို့ မင်းတို့ဟာ နတ်ဆိုးမျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ လိုအပ်လာရင် သွေးဆာတဲ့ မျိုးနွယ်စုဟာ တွန့်ဆုတ်မနေဘဲ မင်းတို့ရဲ့ ခေါ်ယူမှုကို ထူးပါ့မယ်”
"သဘောတူပါတယ်"
ရှန်မို ခိုင်မာစွာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ကွမ်ရွှယ်ဘုရင်၏ ရိုးသားဖြောင့်မတ်မှုနှင့် ကျေးဇူးသိတတ်မှုကို သိသောကြောင့် သွေးဆာသော မျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ငရဲနတ်ဆိုးနှင့် ကောင်းကင်အလောင်းကောင် ဘုရင်များမှာမူ အင်းဆက်ပိုးမွှားများနှင့် လက်ပါးစေများသာ ဖြစ်ကြသည်။ မှောင်မိုက်သော မြူခိုးနိုင်ငံတော်၏ မပြောပလောက်သော မျက်နှာသာပေးမှုများကြောင့် သူတို့သည် သူတို့၏ ရှေ့တွင် ဝပ်တွားခဲ့ကြသည်။ အစစ်အမှန် နတ်ဆိုးမျိုးနွယ်တို့၏ စိတ်ဓာတ် လုံးဝမရှိကြချေ။ ယဉ်ယဉ်ကျေးကျေး ပြောရလျှင် သူတို့မှာ နတ်ဆိုးများဖြစ်သော်လည်း မယဉ်ကျေးစွာ ပြောရလျှင် အရိုးအဆစ်မရှိသော သစ္စာဖောက်များသာ ဖြစ်သည်။ ရှန်မိုသည် ကွမ်ရွှယ်ဘုရင်ကို တစ်ဖက်သို့ ခေါ်သွားကာ တိုးတိုးလေး ပြောလိုက်သည်။
"ငါတို့ မကြာခင် ထွက်ခွာရတော့မယ်… ဒါပေမဲ့ မထွက်ခွာခင်မှာ အသစ်ပြန်လည် ပေါက်ဖွားလာတဲ့ မြင့်မြတ်တဲ့ နတ်ဆိုးသစ်ပင်ဆီကနေ နောက်ထပ် အရာတစ်ခု လိုအပ်တယ်"
"သူတော်စင်မို… ပြောပါဦး"
ကွမ်ရွှယ်ဘုရင် ခေါင်းညိတ်ပြသည်။
ရှန်မိုမှ အသံကို နှိမ့်ကာ
"သစ်ပင်ရဲ့ အနှစ်သာရ အစိတ်အပိုင်း တစ်ခုပဲ"
သူ အရင်က ပြောခဲ့ဖူးသော မြင့်မြတ်သည့် နတ်ဆိုးသီးနှင့် သစ်ကိုင်းများမှာ ယခု အရာနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်တော့ချေ။ ထိုအနှစ်သာရ အစိတ်အပိုင်းကသာ ရှေးဦးနတ်ဆိုးမြေ၏ အစစ်အမှန် တည်နေရာကို ဖော်ပြနိုင်လိမ့်မည်။ အဆုံးမှာတော့ မြင့်မြတ်သော နတ်ဆိုးသစ်ပင်ကို ရှေးဦးနတ်ဆိုးကြီး
ကိုယ်တိုင် စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။ ဒါတွေအားလုံးကို ရှန်မိုသည် သူ၏ ကံကြမ္မာစနစ် မှတစ်ဆင့် သိရှိထားပြီးသားဖြစ်၏။
"အနှစ်သာရလား”
ကွမ်ရွှယ်ဘုရင်၏ အမူအရာ ပြောင်းလဲသွားသည်။ သူသည် ခဏတာမျှ စိတ်ထဲတွင် လွန်ဆွဲနေပြီး မျက်နှာမှာလည်း ရှုပ်ထွေးနေသည်။
ရှန်မို ပြုံး၍ စိတ်ချစေ၏။
"မစိုးရိမ်ပါနဲ့… အနှစ်သာရကို ထုတ်ယူတာက သစ်ပင်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး… သူက ငယ်သေးတော့ မြန်မြန်ဆန်ဆန်ပဲ ပြန်ပေါက်လာပါလိမ့်မယ်"
"အချိန်တန်ရင် မိုမင်ယုကို ပြန်ပို့ပေးပါ့မယ်… ငါတို့ရဲ့ နတ်ဘုရားမက သစ်ပင်နားမှာ ရှိနေရင် သစ်ပင်က ပိုပြီး မြန်မြန် ပြန်လည် နာလန်ထူလာလိမ့်မယ်" ကွမ်ရွှယ်ဘုရင်သည် တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်၏။ သစ်ပင်ကို ပြန်လည်ရှင်သန်စေနိုင်ခဲ့ခြင်းကပင် အံ့ဩစရာ ကောင်းလှပြီဖြစ်သည်။ နတ်ဆိုးမျိုးနွယ်စုများအနေဖြင့် နောက်ထပ် ဆုံးရှုံးမှုကို မခံနိုင်တော့ချေ။
"ကောင်းပါပြီ… ငါ သဘောတူတယ်"
ကွမ်ရွှယ်ဘုရင် ခေါင်းညိတ်လိုက်သည်။ သိပ်မကြာမီမှာပင် ရှန်မိုသည် အနှစ်သာရ အစိတ်အပိုင်းတစ်ခုကို ထုတ်ယူလိုက်ပြီး ထိုအဖွဲ့သည် လျင်မြန်စွာ ထွက်ခွာသွားကြတော့သည်။ ကွမ်ရွှယ်ဘုရင်နှင့် အဖွဲ့သည် သူတို့ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေခဲ့ကြ၏။ "အရှင်မင်းကြီး… အခု ဘာဆက်လုပ်ဖို့ အမိန့်ရှိပါသလဲ"
ကိုယ်ရံတော်ဗိုလ်က လေးနက်စွာ မေးလိုက်သည်။ ကွမ်ရွှယ်ဘုရင်သည် ငရဲနတ်ဆိုးနှင့် ကောင်းကင်အလောင်းကောင် မြို့များရှိရာသို့ ညွှန်ပြကာ အေးစက်သော အသံဖြင့် ပြောလိုက်သည် - "ငရဲနတ်ဆိုးနဲ့ ကောင်းကင်အလောင်းကောင် မျိုးနွယ်တွေဟာ ရှေးဦးနတ်ဆိုးကြီးကို စော်ကားခဲ့ပြီး မြင့်မြတ်တဲ့ သစ်ပင်ကိုလည်း ပစ်ပယ်ခဲ့ကြတယ်… သူတို့ရဲ့ သွေးမျိုးဆက်တွေဟာ ညှိုးနွမ်းသွားပြီ”
"ငါ့ရဲ့ အမိန့်ကတော့ ငရဲနတ်ဆိုးမြို့နဲ့ ကောင်းကင်အလောင်းကောင်မြို့ကို မြေလှန်ပစ်ကြ… စစ်ရထားရဲ့ ဘီးထက် အရပ်ရှည်တဲ့ ယောကျ်ားတစ်ယောက်ကိုမှ မချန်ထားနဲ့”
"ဟုတ်ကဲ့ပါ"
သွေးဆာသော မျိုးနွယ်စုမှ စစ်သည်များသည် ကောင်းကင်သို့ ဟိန်းဟောက်ကာ ရှေ့သို့ ချီတက်သွားကြတော့သည်။ တစ်ချိန်တည်းမှာပင် ရှန်မို၏ အဖွဲ့သည် နတ်ဆိုးချိုင့်ဝှမ်းအတွင်းရှိ ထူးခြားမှုမရှိသော နေရာတစ်ခုသို့ ရောက်ရှိလာကြ၏။ ကိုးဆင့်ယင်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ ဇဝေဇဝါ ဖြစ်နေသည်။
"ဘာလို့ ဒီကို လာရတာလဲ… ဒီနေရာက ဘာမှမရှိသလိုပဲ"
ဖူကျူလည်း သံသယဝင်နေသော်လည်း တိတ်ဆိတ်စွာ နေနေသည်။ အခြားသူများလည်း ထပ်တူပင် ဇဝေဇဝါ ဖြစ်နေကြသည်။
ရှန်မိုမှ ရှေ့ရှိ မြေပြင်ကို ညွှန်ပြလိုက်သည်။
"ရှေးဦးနတ်ဆိုးမြေကို သွားတဲ့ လမ်းစက ဒီမှာ ရှိတယ်"
သူ၏ စကားများသည် သူတို့ကို လျှပ်စစ်နှင့် အတို့ခံလိုက်ရသလို ဖြစ်သွားစေသည်။
"ဘာ”
Chapter 770 - ရှေးဦးနတ်ဆိုးကြီး၏ လက်ချောင်းရိုး ထွက်ပေါ်လာတော့မည်
အဖွဲ့သားများသည် ထူးခြားမှုမရှိသော မြေကွက်လပ်ကို ဝိုင်းကြည့်နေကြပြီး ထောင့်ပေါင်းစုံမှ စစ်ဆေးနေကြသော်လည်း မည်သူမျှ လျှို့ဝှက်ချက်ကို မတွေ့ရှိကြချေ။
ဒီခြောက်သွေ့နေတဲ့ မြေပြင်က တကယ်ပဲ ရှေးဦးနတ်ဆိုးမြေအတွက် သဲလွန်စတွေကို ပေးနိုင်မှာလား။
ရှန်မို ဘာရှင်းပြချက်မှ မပေးဘဲ အစီအရင် အချို့ကို ထုတ်ယူကာ ဖူကျူနှင့် ကိုးဆင့်ယင်ကို ဝေပေးလိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက်မှာ အစီအရင်တွေ ရှိသေးလား" သူ မေးလိုက်သည်။
ဖူကျူမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း ခေါင်းညိတ်ပြသည်။
"ရှိတာပေါ့"
ကိုးဆင့်ယင်သည် ရှန်မိုပေးသော အစီအရင်ကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
"ငါတို့ တစ်ခုခုကို ချိတ်ပိတ်ဖို့လား"
"အတိအကျပဲ"
ရှန်မိုမှ အတည်ပြုပေးသည်။
ထိုအခါ ကိုးဆင့်ယင်မှ အစီအရင်ဗန်းနှင့် အလံများကို ထုတ်ယူလိုက်၏။
"ငါ့မှာ ချိတ်ပိတ်တဲ့ အစီအရင်တစ်ခု ရှိတယ်… ဟိုးအရင်က ဖူကျူနဲ့ လောင်းကြေးထပ်ရာကနေ နိုင်ခဲ့တာ"
ဖူကျူ သူ့ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။
"အဲဒီလောင်းကြေးက သရေကျခဲ့တာလေ… ဒါကို မင်းက နိုင်ခဲ့တယ်လို့ပဲ ဇွတ်ပြောနေတာ"
"မင်းက ဒီပုံပြင်ကို မင်းဘက်က အမြဲ လိုရာဆွဲပြောနေတာပဲ… အခု ဒီလူငယ်တွေ ရှေ့မှာတောင် ပြန်ပြောနေသေးတယ်လား… ဒါ တမင်လုပ်တာ မဟုတ်လား"
"မင်းက မင်းက ငါ့ထက် ပိုတော်တယ်လို့ သူတို့ ထင်အောင် တမင်လုပ်နေတာ မဟုတ်လား" ကိုးဆင့်ယင်မှာ ဂရုမစိုက်သလို ပခုံးတွန့်ပြသည်။ ရှန်မိုကတော့ အနည်းငယ် ပြုံးနေရုံသာ ရှိ၏။ သိပ်မကြာမီမှာပင် အစီအရင်များကို ဖြန့်ကျက်လိုက်ကြသည်။
ကိုးဆင့်ယင်မှ တည်ငြိမ်စွာ ပြောသည်။
"ဒီအင်အားနဲ့ အစီအရင်ဆိုရင် ကန့်သတ်ချက်မဲ့ ကောင်းကင်ဘုံနယ်ပယ်က သူတော်စင် တစ်ယောက်တောင် ပိတ်မိသွားလိမ့်မယ်"
"သူတို့ရဲ့ စွမ်းအင်တွေ ကုန်မသွားသရွေ့တော့ ဘယ်လိုမှ ထွက်ပြေးလို့ ရမှာမဟုတ်ဘူး"
အခြားသူများမှာ ခေါင်းညိတ်ကြသော်လည်း ဇဝေဇဝါ ဖြစ်နေကြဆဲပင်။
ဒါဆိုရင် ရှန်မိုက ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။
မြေကြီးထဲကနေ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခု ထွက်လာတော့မှာလား။
ဖူကျူမှ ကိုးဆင့်ယင်ကို အသံလှိုင်းဖြင့် ပေးပို့လိုက်သည်။
"ငါ့ရဲ့ စိတ်အာရုံနဲ့ စစ်ဆေးပြီးပြီ… မြေအောက်မှာ ဘာမှမရှိဘူး"
ကိုးဆင့်ယင်မှ လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။
"မင်း မတွေ့တာက မင်းရဲ့ ညံ့ဖျင်းမှုပဲ"
ဖူကျူ မျက်မှောင်ကြုတ်လိုက်သည်။
"မင်း တစ်ခုခု ခံစားမိလို့လား"
ကိုးဆင့်ယင်၏ မျက်နှာမှာ အေးစက်နေသည်။
"ငါလည်း ဘာမှမခံစားမိဘူး"
ဖူကျူမှ ဒေါသထွက်သွား၏။
"မင်း..."
ထိုအချိန်တွင် အစီအရင်များ အသင့်ဖြစ်သွားသောအခါ ရှန်မိုသည် မြင့်မြတ်သော နတ်ဆိုးသစ်ပင်၏ အနှစ်သာရကို ထုတ်ယူလိုက်ပြီး မိုမင်ယုကို ခေါ်လိုက်သည်။ သူသည် ရည်ရွယ်ချက်ကို နားလည်သဖြင့် လက်ဖဝါးကို လှီးလိုက်ပြီး သွေးများကို အနှစ်သာရပေါ်သို့ ချလိုက်လေ၏။ ရှန်မိုသည် ချက်ချင်းပင် ထိုအနှစ်သာရကို မြေကြီးထဲသို့ စိုက်လိုက်တော့သည်။ ခဏအတွင်းမှာပင် အနှစ်သာရမှ အမြစ်များ ထွက်လာပြီး မြေကြီးထဲသို့ နက်ရှိုင်းစွာ ထိုးဝင်သွား၏။ ချက်ချင်းဆိုသလိုပင် သူတို့ရှေ့တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ထိုအက်ကွဲကြောင်းမှာ သူတို့ရှိရာ နယ်ပယ်နှင့် မသက်ဆိုင်သကဲ့သို့ပင် ထူးဆန်းလွန်းလှသည်။ ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားစေသော နတ်ဆိုးအရှိန်အဝါများ စိမ့်ထွက်လာပြီး မှောင်မိုက်သော အရိပ်များက သက်ရှိများကဲ့သို့ပင် ပတ်ဝန်းကျင်ကို စမ်းသပ်နေကြသည်။ ဖူကျူနှင့် ကိုးဆင့်ယင်တို့သည် ကြီးမားသော အန္တရာယ်ကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်ကြသည်။ ရှေးဟောင်းအရာတစ်ခုခုသည် နိုးထလာတော့မည့်ဆဲဆဲ ဖြစ်နေသည်။
ရှန်မို၏ အသံမှာ တင်းမာမှုကို ဖြတ်ကျော်ထွက်ပေါ်လာသည်။
"ရှေးဦးနတ်ဆိုးကြီးရဲ့ လက်ချောင်းရိုး ထွက်ပေါ်လာတော့မယ်"
"အားလုံးပဲ... အတူတူ ချိတ်ပိတ်ကြ"
ထိုစကားကို ကြားမှပင် အားလုံး သဘောပေါက်သွားကြသည်။
ရှေးဦးနတ်ဆိုးကြီး၏ လက်ချောင်းရိုး။
နတ်ဆိုးနိုင်ငံတော်ကြီး သုံးခု နှစ်ပေါင်းထောင်ချီ ရှာဖွေနေခဲ့တဲ့ အရာပဲ။
ရှေးဦးနတ်ဆိုးကြီးဆိုသည်မှာ ဖန်ဆင်းခြင်းလောက၏ ပထမဆုံးသော နတ်ဆိုးပင် ဖြစ်သည်။ နတ်ဆိုးနိုင်ငံတော်ကြီး သုံးခုနှင့် မရေမတွက်နိုင်သော မျိုးနွယ်စုများသည် သူ၏ သွေးမျိုးဆက်များပင် ဖြစ်ကြသည်။ သို့သော် ရှေးဦးနတ်ဆိုးကြီးတွင် ဉာဏ်ပညာ မရှိဘဲ ပင်ကိုယ်ဗီဇသာ ရှိခဲ့သည်။ သူကိုယ်တိုင်ကပင် နတ်ဆိုးလမ်းစဉ်၏ ပြယုဂ်တစ်ခု ဖြစ်ခဲ့သည်။ နတ်ဆိုးမျိုးနွယ်ကို မွေးဖွားပြီးနောက်တွင် ရှေးဦးနတ်ဆိုးကြီးသည် ရှေးဦးနတ်ဆိုးမြေနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ သူ၏ လက်ချောင်းရိုးမှာ သူ တည်ရှိခဲ့သည့် တစ်ခုတည်းသော အကြွင်းအကျန် ဖြစ်သည်။ ရှေးဟောင်းဒဏ္ဍာရီများအရ ထိုခေတ်က ရှေးဟောင်းပညာရှိကြီးများသည် သူတို့၏ အသက်များကို ရင်းကာ တိုက်ခိုက်ခဲ့သဖြင့် လက်ချောင်းရိုး တစ်ချောင်းတည်းကိုသာ ဖြတ်တောက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ နတ်ဆိုးများစွာက ထိုလက်ချောင်းရိုးကို ပိုင်ဆိုင်ပါက ရှေးဦးနတ်ဆိုးကြီးနှင့် ရှေးဦးနတ်ဆိုးမြေဆီသို့ ပြန်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ သို့သော် ထိုလက်ချောင်းရိုး၏ တည်နေရာမှာ အချိန်ကြာလာသည်နှင့်အမျှ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့၏။
အခု ရှန်မိုက အဲဒီလက်ချောင်းရိုးက ဒီအက်ကွဲကြောင်းထဲမှာ ရှိနေတယ်လို့ ပြောတာလား။ တကယ်သာ မှန်မယ်ဆိုရင် သူတို့ဟာ နတ်ဆိုးမျိုးနွယ်တွေထက် အရင် ရှေးဦးနတ်ဆိုးမြေကို ရှာတွေ့နိုင်မှာဖြစ်ပြီး သူတို့ကို တစ်ခါတည်း အမြစ်ပြတ်အောင် ချေမှုန်းနိုင်လိမ့်မည်။
ဖူကျူ၊ ကိုးဆင့်ယင်၊ ရှန့်ယွမ် နှင့် နဂါးလိပ်တို့သည် ချက်ချင်းပင် တိုက်ပွဲဝင်ပုံစံ ပြင်လိုက်ကြပြီး သူတို့၏ အစွမ်းထက်သော လက်နက်များနှင့် နည်းစနစ်များကို ထုတ်ယူလိုက်ကြသည်။ မိုမင်ယုသည်လည်း သူ၏ အရိုးလှံကို ဆွဲထုတ်ကာ အက်ကွဲကြောင်းကို စိုက်ကြည့်နေ၏။ ထိုအချိန်တွင်ပင် အက်ကွဲကြောင်းထဲမှ အရိုးစုပုံရိပ်တစ်ခု ဝုန်းခနဲ ထွက်ပေါ်လာပြီး အဖွဲ့သားများဆီသို့ ပြေးဝင်လာသည်။
ဝုန်း!
ထိုပုံရိပ်သည် ချိတ်ပိတ်အစီအရင်နှင့် ပြင်းထန်စွာ တိုက်မိသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ၎င်းသည် အစီအရင်ကို ဖောက်ထွက်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်ချေ။ တစ်ခုပေါ်တစ်ခု ထပ်ထားသော အစီအရင်များ၊ ဆက်စပ်နေသော ပုံစံများနှင့် အထပ်ထပ်သော အကာအကွယ်များသည် ခိုင်မာစွာ ရှိနေသည်။ ကိုးဆင့်ယင် ပြောခဲ့သည့်အတိုင်း ကန့်သတ်ချက်မဲ့ ကောင်းကင်ဘုံနယ်ပယ်က သူတော်စင်တစ်ယောက်တောင် ဒီနေရာမှာ အလွယ်တကူ ပိတ်မိသွားလိမ့်မည်။ ထိုအခါမှသာ ထိုအရာ၏ ပုံစံမှာ ထင်ရှားလာသည်။
လူတစ်ရပ်ထက် မြင့်သော အရိုးစုကြီးဖြစ်ပြီး လက်ချောင်းရိုးတစ်ခု ဖြစ်ကြောင်း သေချာလှသည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် လိမ်ရှုံ့နေသော မျက်နှာသွင်ပြင်များ ပါရှိသည်။ အစီအရင်ထဲတွင် ထိုအရာသည် ရူးသွပ်နေသော သားရဲတစ်ကောင်ကဲ့သို့ ရုန်းကန်အော်ဟစ်နေသည်။
"ဒါက ရှေးဦးနတ်ဆိုးကြီးရဲ့ လက်ချောင်းရိုးလား… ဘယ်လောက်တောင် ကြီးလိုက်သလဲ"
ရှန့်ယွမ်မှ ကြောက်ရွံ့စွာ ရေရွတ်လိုက်သည်။ နဂါးလိပ်မှာ တွေးတောရင်း ပြောလိုက်၏။
"ဒဏ္ဍာရီတွေထဲမှာ ရှေးဦးနတ်ဆိုးကြီးရဲ့ ပုံစံက အလွန်ကြီးမားတယ်လို့ ဆိုကြတယ်… ငါက အဲဒါကို ပုံပြင်လို့ပဲ ထင်ခဲ့တာ… အခုမှ အမှန်တရားကို မြင်ရတော့တယ်"
ဖူကျူ လေးနက်စွာ ထပ်ပြောသည်။
"ငါတို့ထဲက ဘယ်သူမှ ရှေးဦးနတ်ဆိုးကြီးကို မမြင်ဖူးကြဘူး… သူ့ရဲ့ အရွယ်အစားက တောင်တစ်လုံးလောက် ရှိတယ်ဆိုတဲ့ စကားတွေကိုပဲ ကြားဖူးကြတာ"
ကိုးဆင့်ယင်၏ မျက်နှာမှာ မှောင်မှောင်မှိုင်းမှိုင်း ဖြစ်သွားသည်။
"ပိုပြီး စိုးရိမ်စရာကောင်းတာက ဒီအရိုးအပိုင်းအစလေးကတောင် သူ့ရဲ့ အသိစိတ်ပုံရိပ်တွေ ထွက်ပေါ်နေတာပဲ"
သူတို့ စကားပြောနေစဉ်မှာပင် လက်ချောင်းရိုးသည် တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီး တစ်ဦးချင်းစီကို သေချာကြည့်နေကာ နောက်ဆုံးတွင် ရှန်မိုဆီသို့ မျက်လုံးအစုံ ရောက်သွားသည်။
ခဏအကြာတွင် ၎င်းက စကားပြောလာသည်။
"မင်း... ဘာလို့... ငါ့ကို... ပိတ်လှောင်ထားတာလဲ"
၎င်း၏ အသံမှာ အစတွင် ထစ်နေသော်လည်း စာကြောင်းအဆုံးတွင်မူ ကြောက်စရာကောင်းလောက်အောင် ချောမွေ့သွားသည်။ အဖွဲ့သားများမှာ ကြောက်ရွံ့သွားကြသည်။
ဒီအရာက သူတို့ကို ကြည့်ရုံနဲ့တင် သူတို့ရဲ့ ဘာသာစကားကို သင်ယူသွားတာလား။
ဒီလို မြန်ဆန်တဲ့ သင်ယူနိုင်စွမ်းက ကြောက်စရာကောင်းလှသည်။ လက်ချောင်းရိုးက ရှန်မိုဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ပြီးတော့ မင်းကရော... ဘယ်သူလဲ"
ရှန်မို ဘာမှပြန်မပြောဘဲ ထိုအရာကိုသာ စိုက်ကြည့်နေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကံကြမ္မာစနစ်တွင် ဘာမှမပြချေ။
[အမည် - ရှေးဦးနတ်ဆိုးကြီး၏ လက်ချောင်းရိုး]
[နယ်ပယ် - ???]
[ကံကြမ္မာ - ???]
[ကံကြမ္မာအလှည့်အပြောင်း - ???]
[လတ်တလော အခွင့်အရေး - ???]
[လတ်တလော အလှည့်အပြောင်း - ???]
၎င်း၏ အမည်ကိုသာ မြင်တွေ့ရသည်။ ရှေးဦးနတ်ဆိုးကြီးနဲ့ ဆက်စပ်နေတဲ့ အရာတွေဟာ ဒီလောကရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်တွေနဲ့ ထိတွေ့နေတာ ဖြစ်နိုင်တယ်လို့ ရှန်မို တွေးလိုက်သည်။ ငါ့ရဲ့ ကံကြမ္မာစနစ်ကိုယ်တိုင်ကလည်း အဲဒီလို လျှို့ဝှက်ချက်တစ်ခု ဖြစ်မှာပါ။
သူ လေးနက်စွာ ပြောလိုက်သည်။
"အားလုံးပဲ... အတူတူ ချိတ်ပိတ်ကြ"
"သဘောတူတယ်”
သူတို့အားလုံး တစ်ပြိုင်နက် ပြန်ထူးလိုက်ပြီး သူတို့၏ လက်နက်များကို အသုံးပြုလိုက်ကြသည်။ ထိုလက်ချောင်းရိုးမှာ အစွမ်းထက်သော်လည်း အစီအရင်ထဲတွင် ပိတ်မိနေသဖြင့် ဘာမှမတတ်နိုင်ဘဲ ခံနေရရုံသာ ရှိသည်။ သူတော်စင် အများအပြား၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ခံရုံသာ ခံနိုင်တော့သည်။ သိပ်မကြာမီမှာပင် သူ ငြိမ်ကျသွားပြီး ရုန်းကန်မှုကို ရပ်တန့်လိုက်သည်။ သို့သော် ၎င်း၏ အရိုးဖွဲ့စည်းပုံမှာမူ လုံးဝ ထိခိုက်မှုမရှိချေ။ ၎င်း၏ ဖျက်ဆီး၍မရသော ကြံ့ခိုင်မှုကို သက်သေပြနေသကဲ့သို့ပင်။
"ဒီအရိုးမှာ သူ့ရဲ့ မူလအရင်းအမြစ်ဆီ ပြန်သွားချင်တဲ့ ပင်ကိုယ်စိတ် ရှိတယ်"
ရှန်မိုမှ ရှင်းပြလိုက်သည်။
"ဒါကို သံလိုက်အိမ်မြှောင်အဖြစ် အသုံးပြုပြီး ရှေးဦးနတ်ဆိုးမြေရဲ့ တည်နေရာကို ငါတို့ ရှာတွေ့လိမ့်မယ်"
ရှန့်ယွမ် မျက်မှောင်ကြုတ်လျက်
"ဒါပေမဲ့ ဒါကို ဘယ်လို သယ်သွားမလဲ… ဒါက အသိစိတ်ရှိနေတာဆိုတော့ သိုလှောင်အိတ်ထဲ ထည့်လို့မရဘူးလေ"
ဖူကျူမှ ရတနာအိတ်တစ်ခုကို ထုတ်လိုက်၏။
"ငါ့မှာ ဒါကို ထည့်ထားနိုင်တဲ့ ပစ္စည်းတစ်ခု ရှိတယ်" သူ လက်ဟန်တစ်ခု လုပ်လိုက်သောအခါ လက်ချောင်းရိုးမှာ ကျုံ့သွားပြီး အိတ်ထဲသို့ ရောက်ရှိသွားတော့သည်။ "ဆက်သွားကြစို့"
ရှန်မိုမှ အမိန့်ပေးလိုက်သည်။
Chapter 771 - ရှေးဦးနတ်ဆိုးမြေသည် ငါတို့ရှေ့တွင် ရှိနေပြီ၊ ငါတို့မှာ ရှိသမျှ အကူအညီအားလုံး လိုအပ်သည်
ရှန်မိုနှင့် သူ၏ အပေါင်းအပါများသည် ကွဲအက်ကြယ်
သင်္ဘောပေါ် တက်ကာ နတ်ဆိုးချိုင့်ဝှမ်းမှ ထွက်ခွာခဲ့ကြသည်။ ထိုအချိန်တွင် ငရဲနတ်ဆိုးမျိုးနွယ်နှင့် ကောင်းကင်အလောင်းကောင် မျိုးနွယ်တို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသော ကွမ်ရွှယ်ဘုရင်သည် ရင်ထဲတွင် တစ်ခုခုကို ခံစားလိုက်ရသည်။ သူ ခေါင်းမော့ကာ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။
“သူတို့ ထွက်သွားကြပြီ…”
“သူတို့ရဲ့ တကယ့် ရည်မှန်းချက်က သူတို့ပြောတာ မဟုတ်ရင်တောင် ဘာပဲဖြစ်ဖြစ် သူတို့ အောင်မြင်ပါစေလို့ ငါ ဆုတောင်းပါတယ်” ကွမ်ရွှယ်ဘုရင်မှာ အနည်းငယ် ပြုံးလိုက်သည်။ အဆုံးမှာတော့ ရှန်မိုသည် သူတို့၏ နတ်ဘုရားမကို ရှာဖွေပေးခဲ့ရုံသာမက မြင့်မြတ်သော နတ်ဆိုးသစ်ပင်ကြီးကိုလည်း ပျက်စီးရာမှ ပြန်လည် မွေးဖွားရှင်သန်စေခဲ့သည်။ ဒီလို ကျေးဇူးတရားမျိုးဟာ နတ်ဆိုးမျိုးနွယ်တွေအတွက် ဒုတိယအကြိမ် ဖန်ဆင်းရှင်နဲ့ မခြားပါပဲ။
မိုမင်ယုသည်လည်း ရှန်မိုနှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်ကာ သက်ပြင်း သဲ့သဲ့ချလိုက်၏။ သူတို့ အတူရှိခဲ့သည့် အချိန်မှာ တိုတောင်းလှသော်လည်း ရှန်မို၏ ပုံရိပ်သည် သူ့ နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီဖြစ်သည်။
“တစ်နေ့ကျရင် မြင့်မြတ်တဲ့ သူတော်စင်ကြီးက ငါ့ကို လိုအပ်လာလိမ့်မယ်”
“ငါ ပိုပြီး သန်မာလာရမယ်…”
သူ့ အကြည့်များ ခိုင်မာသွားသည်။ သူ့အရိုးလှံကို ကိုင်ဆောင်ကာ သွေးဆာသော မျိုးနွယ်စုနှင့် ငရဲနတ်ဆိုး၊ ကောင်းကင်အလောင်းကောင် မျိုးနွယ်တို့ တိုက်ခိုက်နေသည့် စစ်မြေပြင်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။
…
ရှေးဦးနတ်ဆိုး လက်ချောင်းရိုး၏ မူလခန္ဓာကိုယ်ဆီ ပြန်လိုသော ဆွဲအားနောက်သို့ လိုက်ရင်း ရှန်မိုနှင့် သူ၏ အဖွဲ့သည် အနားသတ်မရှိသော စကြာဝဠာကြီးအတွင်း ခရီးနှင်ခဲ့ကြ၏။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်။
သူတို့သည် သေးငယ်သော ကမ္ဘာငယ်လေးများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်ခဲ့ကြသည်။
နတ်ဆိုးစစ်တပ် အုပ်စုများကိုလည်း တစ်စုပြီးတစ်စု ကြုံတွေ့ခဲ့ကြသည်။ ရှန်မို၏ စွမ်းအားများသည်လည်း ရှည်လျားလှသော ခရီးစဉ်အတွင်း သိသိသာသာ တိုးတက်လာခဲ့သည်။ ယခုအခါ သူသည် မြေပြင်ထိုးဖောက် သူတော်စင်နယ်ပယ်၏ အဆင့် ကိုးသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ကောင်းကင်ထိစပ် သူတော်စင်နယ်ပယ်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည်။ ထို့အပြင် သူ၏ ဟင်းလင်းပြင်လမ်းစဉ်၊ ခွန်အားလမ်းစဉ် နှင့် မီးလမ်းစဉ် တို့မှာလည်း အလွန်အမင်း တိုးတက်လာခဲ့သည်။ ဟင်းလင်းပြင်လမ်းစဉ်သည် အဆင့် ကိုးသို့ ရောက်ရှိနေပြီး ခွန်အားနှင့် မီးလမ်းစဉ်တို့မှာ အဆင့် ရှစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဒီလမ်းစဉ် သုံးခုအပေါ် သူ၏ နားလည်မှုသည် မြေပြင်ထိုးဖောက် သူတော်စင်နယ်ပယ်က သူတော်စင်အများစုထက် သာလွန်နေပြီ ဖြစ်သည်။ ဒီရှည်လျားလှတဲ့ ခရီးစဉ်မှာ ရှန်မိုဟာ အခြားသော ဒြပ်စင်လမ်းစဉ် လေးခုဖြစ်တဲ့ သတ္တုလမ်းစဉ်၊ သစ်သားလမ်းစဉ်၊ မြေလမ်းစဉ်နဲ့ ရေလမ်းစဉ်တို့အပေါ်မှာလည်း ထိုးထွင်းသိမြင်မှုတွေ ရရှိခဲ့သည်။ သို့သော် အချိန်ကန့်သတ်ချက်ကြောင့် ဒီလမ်းစဉ် လေးခုအပေါ် သူ၏ နားလည်မှုမှာ မနက်ရှိုင်းသေးချေ။ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရှန့်ယွမ်၏ တိုးတက်မှုမှာမူ သိပ်မထင်ရှားလှပေ။ သူသည်လည်း သူတော်စင်နယ်ပယ်သို့ ရောက်ရှိခဲ့သော်လည်း ယခုအခါ မြေပြင်ထိုးဖောက် သူတော်စင်နယ်ပယ်၏ အဆင့် သုံးတွင်သာ ရှိသေးသည်။ သူ ရှန်မိုနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။ သို့သော် ရှန့်ယွမ်သည် မနာလိုစိတ် မရှိခဲ့ပေ။ နတ်ဆိုးချိုင့်ဝှမ်းတွင် ကြုံတွေ့ခဲ့ရသမျှကို ကြည့်ခြင်းအားဖြင့် သူနှင့် ရှန်မိုအကြားရှိ ကြီးမားလှသော ကွာဟချက်ကို သူ အပြည့်အဝ နားလည်ထားပြီးဖြစ်သည်။ ဖူကျူနဲ့ ကိုးဆင့်ယင်တို့တောင် ရှန်မိုကို သူတို့ရဲ့ တပည့်အဖြစ် လက်ခံဖို့ ကြိုးစားခဲ့ကြတာပဲ။ ထိုအချိန်တွင် ဖူကျူမှ ရုတ်တရက် ပြောလိုက်သည်။
“ရှေးဦးနတ်ဆိုး လက်ချောင်းရိုးရဲ့ သူ့ခန္ဓာကိုယ်ဆီ ပြန်ချင်တဲ့ စိတ်ဆန္ဒက ပိုပြီး ပြင်းထန်လာပြီ” နဂါးလိပ်၏ မျက်နှာတွင် ဝမ်းသာမှုများ ဖြာထွက်သွားသည်။
“ဒါဆိုရင် ငါတို့ ရှေးဦးနတ်ဆိုးမြေနဲ့ နီးနေပြီပေါ့”
ကိုးဆင့်ယင်၏ တွန့်ရှုံ့နေသော မျက်ခုံးများလည်း လျော့ကျသွားသည်။ သူတို့သည် ကြယ်စင်ပင်လယ်အတွင်း ကြာမြင့်စွာ လှည့်လည်နေခဲ့ကြသဖြင့် အစွမ်းအထက်ဆုံးသူများပင်လျှင် မောပန်းလာကြပြီဖြစ်သည်။ ယခုမူ နောက်ဆုံးတွင် သူတို့၏ ခရီးဆုံးသို့ ရောက်တော့မည်။
“ဒါက ဘာဖြစ်မလဲ”
ဖူကျူနှင့် ကိုးဆင့်ယင်တို့ တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။ ကွဲအက်ကြယ် သင်္ဘောသည် ကြယ်စင်ပင်လယ်ကို ဖြတ်ကျော်ကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ဆက်လက် ပျံသန်းနေသည်။ နောက်ဆုံးတွင် သူတို့သည် ကျယ်ပြောလှသော ကမ္ဘာတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်ကြသည်။ ဖူကျူနှင့် ကိုးဆင့်ယင်တို့သည် ရှေ့ရှိ ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသော လယ်ကွင်းပြင်ကြီးများကို ကြည့်ကာ ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။
“ဒီကမ္ဘာက… ရင်းနှီးနေသလိုပဲ”
နဂါးလိပ်နှင့် ရှန့်ယွမ်တို့သည် ရှန်မိုဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ရှန်မို သက်ပြင်း သဲ့သဲ့ချလိုက်သည်။
“ဘယ်လိုလုပ် မရင်းနှီးဘဲ နေမှာလဲ… ဒါဟာ ကုကျိုး ကမ္ဘာပဲ”
“ဒါဟာ မီးတောက်ဧကရာဇ်၊ သိုင်းဘိုးဘေးနဲ့ မဟာတောရိုင်းအရှင်တို့ ထွန်းကားခဲ့တဲ့ မြေပဲ”
ဖူကျူ၏ မျက်နှာတွင် အံ့ဩမှုများ ပြည့်နှက်သွားသည်။
“ကုကျိုးကမ္ဘာလား… ဒါဟာ ဟင်းလင်းပြင်ရဲ့ ရှုပ်ထွေးလှတဲ့ စီးကြောင်းတွေထဲမှာ ပျောက်ကွယ်သွားပြီလို့ ငါထင်ခဲ့တာ… အခု ပြန်ပေါ်လာတာလား”
ကိုးဆင့်ယင်၏ မျက်ခုံးများ တွန့်သွားသည်။
“ရှန်မို… မင်းကလည်း ကုကျိုးကမ္ဘာကပဲလား”
ရှန်မို အနည်းငယ် ခေါင်းညိတ်ပြသည်။
“အခုကြည့်ရတာ ရှေးဦးနတ်ဆိုးမြေဟာ ကုကျိုးထဲမှာ ဖုံးကွယ်နေတာပဲ”
သူ၏ အသံမှာ လေးနက်သွားသည်။
“အားလုံးပဲ… တခြားသော ကောင်းကင်ထိစပ် သူတော်စင်နယ်ပယ်က သူတော်စင်တွေဆီကို သတင်းပို့ကြပါ”
“ရှေးဦးနတ်ဆိုးမြေက ငါတို့ရှေ့မှာ ရှိနေပြီ… ငါတို့မှာ ရှိသမျှ အကူအညီအားလုံး လိုအပ်တယ်”
ကုကျိုးကမ္ဘာ၏ အပြင်ဘက်တွင်။
ဖူကျူနှင့် ကိုးဆင့်ယင်တို့သည် ရှေ့ရှိ အစီအရင်ကို စစ်ဆေးပြီးနောက် အသာအယာ ခေါင်းညိတ်လိုက်ကြသည်။ ဖူကျူမှ လေးနက်သော အသံဖြင့်
“အဆင်သင့်ဖြစ်ပြီ… ဒီအစီအရင်ဟာ သတင်းစကားကို အဝေးကြီးအထိ ပို့နိုင်လောက်အောင် အစွမ်းထက်တယ်”
ရှန့်ယွမ်မှ မေးသည်။
“နတ်ဆိုးတွေက ကြားဖြတ်နှောင့်ယှက်မှာလား”
ကိုးဆင့်ယင် ခေါင်းခါပြ၏။
“မလုပ်နိုင်ပါဘူး… သူက ဒီနည်းလမ်းအတွက် နှစ်ပေါင်းများစွာ အချိန်ပေးခဲ့တာ… တကယ်လို့ နတ်ဆိုးတွေက ဒါကို ကြားဖြတ်နိုင်မယ်ဆိုရင် သူဟာ သူ့ခေါင်းကို တိုဖူးနဲ့ပဲ ဆောင့်သတ်လိုက်သင့်ပြီ”
ဖူကျူ သူ့ကို မျက်စောင်းထိုးလိုက်သည်။ ခဏအကြာတွင် ရှေးဦးနတ်ဆိုးမြေသည် ကုကျိုးအတွင်း တည်ရှိနေကြောင်း သတင်းမှာ ထွက်ပေါ်သွားတော့၏။
ဒီသတင်းစကားတွေဟာ ပုံသဏ္ဌာန်မရှိ၊ မမြင်နိုင်ဘဲ လားရာအရပ်ရပ်ကို ပျံသန်းသွားတဲ့ မမြင်ရတဲ့ စာပို့ချိုးငှက်တွေလိုပါပဲ။
လူသားမျိုးနွယ်အပေါ် သစ္စာရှိတဲ့ ဘယ်လူသားသူတော်စင်နယ်ပယ်က သူတော်စင်မဆို ဒါကို လက်ခံရရှိပါလိမ့်မည်။
အစီအစဉ်များ ပြီးဆုံးပြီးနောက် ထိုအဖွဲ့သည် ချက်ချင်းပင် ကုကျိုးကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ကြ၏။ ရှေးဦးနတ်ဆိုး လက်ချောင်းရိုး၏ လမ်းညွှန်မှုဖြင့် သူတို့သည် ရှေးဦးနတ်ဆိုးမြေ၏ တိကျသော တည်နေရာကို စတင် ရှာဖွေကြတော့သည်။ တစ်ရက်အကြာတွင် သူတို့သည် ကျယ်ပြောလှသော ပင်လယ်နက်ကြီးတစ်ခု၏ အထက်တွင် ရပ်တန့်လိုက်ကြသည်။ ထိုပင်လယ်၏ ပတ်ပတ်လည်တွင် မြင့်မားလှသော ခံတပ်ကြီး တစ်ဆယ်ခု ရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုခံတပ်များသည် ပင်လယ်ရေပြင်ကို ဝိုင်းပတ်ထားသကဲ့သို့ပင်။
“နတ်ဆိုး ပင်လယ်…”
ရှန်မို တိုးတိုးလေး ရေရွတ်လိုက်သည်။
“မင်း ဒီကို အရင်က ရောက်ဖူးတာလား”
ဖူကျူမှ မေးလိုက်သည်။
ကိုးဆင့်ယင်မှ ကြားဖြတ်ပြောလိုက်၏။
“ဒီမှာ နတ်ဆိုးအရှိန်အဝါတွေ ကျန်နေသေးတယ်… ဒီခံတပ်တွေဟာ နတ်ဆိုးတွေကို နှိမ်နင်းဖို့ တည်ဆောက်ထားတာလို့ ငါထင်တယ်”
ရှန်မို ခေါင်းညိတ်လိုက်သည်။
“စီနီယာကိုးဆင့်ယင် ပြောတာ မှန်ပါတယ်… ဒီနေရာကို နတ်ဆိုး ပင်လယ်လို့ ခေါ်တယ်… ငါ နတ်ဘုရားနန်းတော်ရဲ့ တပည့်ဖြစ်နေတုန်းက ဒီမှာ အစောင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်”
“နောက်ပိုင်းမှာ ဒီက နတ်ဆိုးတွေကို အမြစ်ပြတ်အောင် ချေမှုန်းခဲ့ပြီးတဲ့နောက် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲကို ဆွဲခေါ်ခံလိုက်ရပြီး သန့်စင်မြင့်မြတ်တဲ့ကမ္ဘာကို မတော်တဆ ရောက်သွားခဲ့တာ”
“ရှေးဦးနတ်ဆိုးမြေက ဒီမှာ ရှိနေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး”
ဖူကျူနှင့် ကိုးဆင့်ယင်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အံ့ဩမှုများ ဖြစ်ပေါ်နေကြသည်။ ဒီနေရာနဲ့ ရှန်မိုကြားမှာ ဒီလောက် နက်ရှိုင်းတဲ့ ပတ်သက်မှု ရှိနေလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ကြချေ။
ဖူကျူမှ နှစ်သိမ့်လိုက်၏။
“မရေမတွက်နိုင်တဲ့ သူတော်စင်တွေဟာ နှစ်ပေါင်း သိန်းနဲ့ချီပြီး ရှာဖွေခဲ့ကြတာတောင် ရှေးဦးနတ်ဆိုးမြေကို မတွေ့ခဲ့ကြဘူး”
“အဲဒီတုန်းက မင်းရဲ့ ကျင့်စဉ်အဆင့်နဲ့ဆိုရင် ဒါကို မသိနိုင်တာဟာ သဘာဝကျပါတယ်”
ကိုးဆင့်ယင်မှာ ထိုဒေသကို ဝေ့ကြည့်လိုက်ပြီး
“နတ်ဆိုးတွေ ပြန်ပြီး ထကြွမလာအောင် ကာကွယ်ဖို့ ကျင့်ကြံသူတွေ ဒီမှာ တပ်စွဲထားတုန်းပဲ”
“ဒါပေမဲ့ သူတို့ ဒီမှာ ရှိနေတာက အခုတော့ အသုံးမဝင်တော့ဘူး”
“ရှန်မို… ငါတို့ပြောတဲ့ စကားတွေက မင်းပြောသလောက် လေးနက်မှာ မဟုတ်ဘူး… သူတို့ကို ထွက်သွားခိုင်းလိုက်ပါ”
ရှန်မို အသက်ပြင်းပြင်းရှူကာ ခေါင်းညိတ်လိုက်သည်။ ခဏအတွင်းမှာပင် သူ နတ်ဆိုး ပင်လယ်၏ အထက်တွင် ပေါ်လာသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာပြီး ကြီးမားလှသော ပုံရိပ်ကြီးတစ်ခုအဖြစ် ချက်ချင်းပင် ပေါင်းစပ်သွားသည်။ ထိုပုံရိပ်ကြီးမှာ သူနှင့် တစ်ပုံစံတည်းဖြစ်ပြီး သက်ရှိထင်ရှား ရှိနေသကဲ့သို့ပင်။ ခံတပ်များအတွင်းရှိ ကင်းလှည့်နေသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို ရုတ်တရက် မြင်လိုက်ရသောအခါ ထိတ်လန့်သွားကြသည်။ တစ်စုံတစ်ယောက်က သူ့ကို ချက်ချင်း မှတ်မိသွားပြီး အကျယ်ကြီး အော်ပြောလိုက်သည်။
“မြင့်မြတ်တဲ့ စစ်သူကြီး… ဒါ မြင့်မြတ်တဲ့ စစ်သူကြီးပဲ”
“ဘုရားရေ… ဒါ တကယ်ပဲ စစ်သူကြီးရှန်ပဲ… သူ့ရဲ့ ပုံတူပန်းချီနဲ့ တစ်ပုံစံတည်းပဲ”
ကျင့်ကြံသူများ အားလုံးသည် သူတို့၏ နှလုံးသားထဲတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်ကာ ဒူးထောက်လိုက်ကြသည်။ နတ်ဆိုး ခံတပ်တွင် မြေပြင်စစ်သူကြီးနှင့် ကောင်းကင်စစ်သူကြီးဟူသော ရာထူး နှစ်ခုသာ ရှိခဲ့သည်။
မြင့်မြတ်သော စစ်သူကြီး ဟူသော ဘွဲ့မှာမူ ရှန်မိုအတွက်သာ သီးသန့် ဖန်တီးပေးထားခြင်းဖြစ်ပြီး သူ ဒီနေရာမှာ ထားခဲ့တဲ့ မပျောက်ပျက်နိုင်တဲ့ အောင်မြင်မှုတွေကို ဂုဏ်ပြုဖို့နဲ့ မျိုးဆက်အဆက်ဆက် ချီးကျူးဖို့အတွက် ဖြစ်ပါတယ်။
ရှန်မိုသည် သူ၏ စိတ်အာရုံကို လူအုပ်ကြားသို့ ဖြန့်ကျက်လိုက်သည်။ သိပ်မကြာမီမှာပင် ရင်းနှီးသော မျက်နှာအချို့ကို သူ ရှာတွေ့သွား၏။
“ငါ သန့်ရှင်းမြင့်မြတ်တဲ့ ကမ္ဘာကနေ ပြန်လာပြီ”
သူ ဝေဟင်မှနေ၍ အသာအယာ ညွှန်ပြလိုက်ရာ အလင်းတန်းတစ်ခုသည် လူငယ်တစ်ဦးအပေါ်သို့ ကျရောက်သွားသည်။
“သူငယ်ချင်းလေး… မင်းနာမည် ဘယ်သူလဲဆိုတာ ပြောပါဦး”
ထိုလူငယ်၏ မျက်နှာမှာ သူနှင့် ရင်းနှီးခဲ့ဖူးသော မိတ်ဟောင်းတစ်ဦးနှင့် ဆင်တူနေသည်။
လူငယ်မှ စိတ်လှုပ်ရှားစွာဖြင့်
“မြင့်မြတ်တဲ့ စစ်သူကြီးကို သတင်းပို့ပါတယ်၊ ကျွန်တော်က ကျန့်လီ ပါ… ကျွန်တော့်အဖေက ကျန့်ပိုင်ရှန်းပါ… သူ မသေခင်မှာ မြင့်မြတ်တဲ့ စစ်သူကြီးနဲ့အတူ အမှုထမ်းခဲ့ရတာဟာ သူ့ဘဝရဲ့ ဂုဏ်ယူစရာ အကောင်းဆုံး အချိန်ပဲလို့ ခဏခဏ ပြောလေ့ရှိပါတယ်”
ကျန့်ပိုင်ရှန်း - သူသည် တစ်ချိန်က လိပ်နက် ခံတပ်၏ ရှေ့တန်းတပ်မှူး ဖြစ်ခဲ့ဖူးသည်။ ရှန်မို ဒီနေရာကို ပထမဆုံး စရောက်တုန်းက ထိုတပ်မှူးမှာ သူ့ကို အများကြီး ကူညီပေးခဲ့ဖူးလေ၏။