← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃)

နှိမ့်ချတတ်သော အစေခံ

ရွှီပေါ်အန်းသည် မြို့ပြအင်ဂျင်နီယာ လောကတွင် လုပ်ကိုင်လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပင် ရှိနေခဲ့ပြီ ဖြစ်၏။

သူသည် အင်ဂျင်နီယာဌာန၌ မြေတိုင်းဝန်ထမ်းအဖြစ် ဘဝကို စတင်ခဲ့ပြီး အောင်မြင်မှု အထွတ်အထိပ် သို့ ရောက်ရှိချိန်တွင်မူ ယွမ်သန်းပေါင်း ရာနှင့်ချီတန်သော စီမံကိန်းများကို တာဝန်ယူရသည့် ထိပ်တန်း စီမံကိန်းမန်နေဂျာ တစ်ဦး ဖြစ်လာခဲ့လေသည်။

ဤသည်မှာ ခိုင်မာသော နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကြောင့်သာမက မြင့်မားသော လူမှုဆက်ဆံ ရေး အတတ်ပညာနှင့် လူအများနှင့် ပေါင်းသင်းဆက်ဆံတတ်သော အရည်အချင်းကြောင့်လည်း ဖြစ်ပေ သည်။

ထို့ကြောင့် ရွှီပေါ်အန်းသည် ဆေးလိပ်၊ အရက်၊ လက်ဖက်ရည်၊ ရွှေ၊ ကျောက်စိမ်းနှင့် အဖိုးတန် ကျောက် မျက်ရတနာများကဲ့သို့ လက်ဆောင်အဖြစ် ပေးလေ့ရှိသော အရာများနှင့် ပတ်သက်၍ အလွန်ပင် နှံ့စပ် ကျွမ်းကျင်သူ ဖြစ်၏။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤအရာများသည် သယ်ဆောင်ရလွယ်ကူပြီး ငွေသားအဖြစ် ပြောင်းလဲရန် လွယ်ကူသဖြင့် မိတ်ဆွေဖွဲ့ရာတွင်လည်းကောင်း၊ ဆက်ဆံရေး တည်ဆောက်ရာတွင်လည်းကောင်း အလွန်ပင် ထိရောက်သော လက်နက်များ ဖြစ်ကြကုန်၏။

ထို့ကြောင့် ရွှီပေါ်အန်းသည် မိမိ၏ လက်ထဲရှိ စိမ်းမြမြ ဆွဲပြားမှာ ကျောက်စိမ်းဖြစ်ကြောင်း တစ်ချက် ကြည့်ရုံဖြင့် သိလိုက်ရသည့်အပြင် ၎င်းမှာ ကျောက်စိမ်းများထဲတွင် အကောင်းဆုံးဖြစ်သော "ဧကရာဇ် စိမ်း" ဖြစ်နေသည်ကိုပါ သိရှိသွားခဲ့လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ကျင်းပခဲ့သော လေလံပွဲတစ်ခုတွင် ဧကရာဇ်စိမ်းဖြင့် ပြုလုပ်ထားသော ဘုရားရုပ်ပွားတော် ဆွဲပြားတစ်ခုမှာ ယွမ် (၁.၃) သန်းဖြင့် ရောင်းချခဲ့ရသည်ကို ရွှီပေါ်အန်း အထင်အရှား မှတ်မိနေခဲ့၏။

ထိုဆွဲပြားမှာ ယခု မိမိလက်ထဲရှိ အရာ၏ တစ်ဝက်ခန့်သာ ရှိသော်လည်း ယွမ်သန်းကျော်အထိ တန်ဖိုး ရှိခဲ့ခြင်း ဖြစ်ပေသည်။

တစ်နည်းအားဖြင့် ဆိုရလျှင် ရွှီပေါ်အန်း ပိုင်ဆိုင်ထားသော ဤဆိုင်းဘုတ်ပြားမှာ အနည်းဆုံး ယွမ်( ၂) သန်းခန့် တန်ဖိုးရှိနိုင်မည်ဟု ခန့်မှန်းရပေသည်။

...

ရွှီပေါ်အန်းသည် လာဘ်ကြီးလာဘ်ကောင်း ရရှိခဲ့သဖြင့် ဝမ်းသာပီတိ ဖြစ်နေစဉ်မှာပင် ဘွန်ဆိုင်းအတွင်း ရှိ တစ်စုံတစ်ဦးက ထိုတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေတော့၏။

“ကျောင်း...၊ ကျောင်း...၊ လောင်ကျောင်း...။ အခုလေးတင် ဘာတွေ ဖြစ်သွားတာလဲ...။”

မြို့စောင့်ရဲမက်သည် မိမိအား ဝိုင်းရံထားကြသော ရွာသားများကို ထိတ်လန့်တကြား ကြည့်ရင်း အိမ်မက် မက်နေသကဲ့သို့ ခံစားနေရလေသည်။

ရုတ်တရက်ဆိုသလို သူ၏ လက်မောင်းများမှာ တင်းကျပ်သွားခဲ့ပြီးနောက် လေထဲသို့ မြောက်တက်သွား ကာ ပြန်လည် ကျဆင်းလာခဲ့ခြင်း ဖြစ်ပေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပေတစ်ရာခန့် ဝေးကွာသော ခရီးကို ရောက်ရှိသွားခဲ့လေပြီ။

သူတို့သည် ပြောင်းရွှေ့လာသော ရွာသားများကို အဝေးမှနေ၍ တိတ်တဆိတ် ချောင်းမြောင်းနေခဲ့ကြ သော်လည်း ယခုအခါတွင်မူ ရွာသားများ၏ ဝိုင်းရံခြင်းကို ရုတ်တရက် ခံလိုက်ရလေသည်။

မိမိ နောက်ယောင်ခံလိုက်နေသော သူများက မိမိကို ပြန်လည်တွေ့ရှိသွားပြီး ဝိုင်းရံထားခြင်း ခံရသည် ထက် ပိုမိုရှက်ဖွယ်ကောင်းသော အရာ ရှိပါဦးမည်လော။

အရေးကြီးဆုံးအချက်မှာ အာဏာပိုင်များ၏ အရှိန်အဝါကို အသုံးချ၍ ထိုရဲမက်နှစ်ဦးမှာ အမြဲတမ်း မောက်မာရိုင်းစိုင်းသော အမူအရာဖြင့် လမ်းသလားလေ့ ရှိကြခြင်းပင် ဖြစ်၏။

မနေ့ကတည်းက ယနေ့အထိ သူတို့သည် တောင်လမ်းများအတိုင်း တစ်နေကုန် လမ်းလျှောက်ခဲ့ရပြီး တစ်ညလုံးလည်း ခြင်ကိုက်ခံခဲ့ရလေသည်။ ယနေ့ နံနက်စောစောတွင်လည်း တောအုပ်အတွင်း ဖြတ် သန်းခဲ့ရသဖြင့် အလွန်ပင် အားအင်ကုန်ခမ်း နွမ်းလျနေကြပြီ ဖြစ်၏။ သူတို့၏ လက်ထဲရှိ ဓားကိုပင် ကောင်းမွန်စွာ မကိုင်နိုင်တော့ချေ။

သူတို့၏ ရှေ့တွင်မူ သံသယမျက်လုံးများဖြင့် စိုက်ကြည့်နေကြသော ရွာသား ဒါဇင်ပေါင်းများစွာ ရှိနေခဲ့ လေသည်။ ထိုရွာသားများမှာ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားကြသော်လည်း အားအင်ပြည့်ဝနေပုံ ရပေသည်။

ရွာသားအချို့မှာ ဝင်းလက်တောက်ပနေသော ငွေရောင်လှံများကို ကိုင်ဆောင်ထားကြသဖြင့် ကြောက် မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှင့်နေခဲ့ကြလေသည်။

*ဒီကောင်တွေ ပုန်ကန်ဖို့ ကြံစည်နေကြတာလား...။ မဟုတ်ရင် ဘာဖြစ်လို့ ဒီလောက် တောက်ပတဲ့ ငွေလှံတွေ အများကြီး ရှိနေရတာလဲ...။*

လက်နက်များ ပိုင်ဆိုင်ခြင်းမှာ ကြီးလေးသော ပြစ်မှုဖြစ်ကြောင်း ခေါင်ရှန်းရွာသားများ မသိဘဲ မနေနိုင် ချေ။

ထိုသို့ တွေးတောလိုက်မိသောအခါ လောင်ကျောင်း၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ခံစားလိုက်ရ လေသည်။

အစိုးရဝန်ထမ်းများနှင့် ရဲမက်များမှာ ပုန်ကန်သူများနှင့် တွေ့ဆုံသောအခါ သဘာဝအရ ရန်သူများ ဖြစ် ကြသည် မဟုတ်ပါလား။ ယခုကဲ့သို့ အခြေအနေမျိုးတွင် သူတို့မှာ မည်သို့သော စိတ်ပိုင်းဆိုင်ရာ အသာစီးကို ရနိုင်ပါဦးမည်နည်း။

ဤအခိုက်အတန့်တွင် လောင်ကျောင်းမှာ ပြန်လည်ဖြေကြားရန်ပင် အချိန်မရှိတော့ချေ။ သူသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပြီး လက်ရှိအခြေအနေကို မည်သို့ ရင်ဆိုင်ရမည်နည်း ဆိုသည်ကို သာ စဉ်းစားနေမိတော့သည်။

သို့သော် အကြိမ်ကြိမ် စဉ်းစားသော်လည်း စကားကို မည်သို့ စတင်ရမည် သို့မဟုတ် ဤတင်းမာမှုကို မည်သို့ ဖြိုခွဲရမည်ကို သူ မသိရှိခဲ့ချေ။

လီခန့်ရှန်းမှာမူ လောကအသိအမြင် အနည်းငယ် ရှိသူဖြစ်သဖြင့် လက်အုပ်ချီ နှုတ်ဆက်ကာ ယဉ်ကျေး စွာ မေးမြန်းလိုက်လေသည်။

“လူကြီးမင်းတို့...၊ ခရိုင်အစိုးရရုံးက အရာရှိများလား ခင်ဗျာ...။”

ရွာသားများမှာ ရဲမက်များကို မမှတ်မိကြခြင်း မဟုတ်ချေ။ အကယ်၍ ထိုသူများမှာ သေသပ်သော ယူနီ ဖောင်းများကို ဝတ်ဆင်ထားကြလျှင် လူတိုင်း မှတ်မိကြမည်မှာ အမှန်ပင် ဖြစ်၏။

သို့သော် ထိုရဲမက်နှစ်ဦးမှာ တောတောင်များအတွင်း တစ်ဝက်ခန့် လမ်းလျှောက်လာခဲ့ရသဖြင့် အပူရှိန် သက်သာစေရန်နှင့် ခရီးတွင်စေရန်အတွက် သူတို့၏ အပေါ်အင်္ကျီများကို ချွတ်၍ ခါးတွင် ပတ်ထားခဲ့ကြ လေသည်။ ထို့ပြင် သူတို့၏ ရုပ်သွင်မှာလည်း အလွန်ပင် နွမ်းလျနေသဖြင့် ငတ်မွတ်ခေါင်းပါးမှုဘေးမှ ထွက်ပြေးလာသော ဒုက္ခသည်များနှင့်ပင် တူနေခဲ့လေ၏။

ဤသို့သော ဒုက္ခသည်ပုံစံ ပေါက်နေသူ နှစ်ဦးကို အရှိန်အဝါကြီးမားလှသော အစိုးရအရာရှိများဟု မည်သူက ယုံကြည်နိုင်ပါမည်နည်း။

လီခန့်ရှန်းမှာ ယဉ်ကျေးပျူငှာစွာ ဆက်ဆံသည်ကို မြင်သောအခါ လောင်ကျောင်းမှာ အနည်းငယ် စိတ်အေးသွားခဲ့လေသည်။ သူသည် မိမိ၏ စိုးရိမ်ပူပန်နေသော စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက် ပြီး တည်ငြိမ်ဟန်ဖြင့် ပြောလိုက်လေ၏။

“ငါတို့က ရှန်းယန်ခရိုင်ရဲ့ ရဲမက်ခေါင်းဆောင်ဝမ်ရဲ့ လက်အောက်က ရဲမက်တွေပါ...။ အခွန်ကောက်ခံဖို့ အမိန့်အရ လာခဲ့တာ ဖြစ်တယ်...။”

သူ၏ ဘေးမှ ရဲမက်ကလည်း အလျင်အမြန် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

“ဟုတ်တယ်...၊ ဟုတ်တယ်...၊ ငါတို့က အရာရှိဝမ်ရဲ့ လူတွေပါ...။ ဒါက ငါတို့ရဲ့ ခါးချိတ်တံဆိပ်ပြား...၊ တံဆိပ်ပြား...။ တံဆိပ်ပြား...။”

ရဲမက်သည် သူ၏ ခါးကို စမ်းသပ်ကြည့်ရင်း အံ့အားသင့်စွာ အော်ဟစ်လိုက်လေ၏။

“ငါ့ရဲ့ တံဆိပ်ပြား ဘယ်ရောက်သွားတာလဲ...။”

ခါးချိတ်တံဆိပ်ပြား ပျောက်ဆုံးခြင်းမှာ ကြီးလေးသော ပြစ်မှုမဟုတ်သော်ငြားလည်း အသစ်ပြန်လည် လျှောက်ထားရန်မှာ အလွန်ပင် အလုပ်ရှုပ်လှချေ၏။

အမှန်တကယ်တွင် အလုပ်ရှုပ်သည်ထက် ငွေကုန်ကြေးကျ များခြင်းကြောင့်သာ ဖြစ်ပေသည်။

မကြာသေးမီ နှစ်များအတွင်း ချင်းယွန်းလမ်း တစ်ခုလုံးမှာ ပြင်းထန်သော မိုးခေါင်ရေရှားဘေးဒဏ်ကို ခံစားနေရသဖြင့် ဘဏ္ဍာရေး ရန်ပုံငွေများမှာလည်း ပြတ်လပ်နေခဲ့လေသည်။ အရာရှိကြီးများပင်လျှင် လစာကို အချိန်မီနှင့် အပြည့်အဝ ရရှိရန် ခက်ခဲနေကြသည် မဟုတ်ပါလား။

လောင်ကျောင်းကဲ့သို့သော ယာယီဝန်ထမ်းများနှင့် ရဲမက်များအတွက်မူ ပို၍ပင် ဆိုးရွားလှချေ၏။ သူတို့ မှာ စားဝတ်နေရေးအတွက် ငွေ သို့မဟုတ် အစားအသောက် အနည်းငယ် ရရှိရန်မှာပင် ကံကောင်းလှ ပြီဟု ဆိုရပေမည်။

ထို့ကြောင့် လူတိုင်းမှာ ငွေကြေးအတွက် စိုးရိမ်နေကြရခြင်း ဖြစ်ပေသည်။

လောင်ကျောင်းက မျက်မှောင်ကြုတ်ကာ သူ၏ အဖော်ကို ကြည့်ရင်း ပြောလိုက်လေ၏။

“ဒုက္ခပါပဲ...၊ လမ်းမှာ မတော်တဆ ပြုတ်ကျန်ခဲ့တာလား မသိဘူး...။”

ရဲမက်မှာ ငိုချင်သကဲ့သို့ မျက်နှာဖြင့် အလွန်ပင် ဝမ်းနည်းပူဆွေးနေခဲ့လေသည်။

“လောင်ကျောင်း...၊ ငါတို့ ဘာလုပ်ကြမလဲ...။ ဒီတံဆိပ်ပြားကို အသစ်လုပ်ဖို့ ကြေးပြား ငါးဆယ်တောင် ကုန်မှာလေ...။”

လောင်ကျောင်းသည်လည်း ပိုလျှံသော ငွေကြေး မရှိသဖြင့် ဤကိစ္စတွင် မကူညီနိုင်ခဲ့ချေ။

လုပ်ဖော်ကိုင်ဖက် တစ်ဦးအနေဖြင့် လောင်ကျောင်းကသာ နှစ်သိမ့်လိုက်ရလေသည်။

“ကဲပါ...၊ စိတ်မကောင်း မဖြစ်ပါနဲ့တော့...။ ခဏနေရင် ပြန်တဲ့လမ်းမှာ သေချာ ပြန်ရှာကြည့်ကြတာပေါ့ ...။ တော်ကြာ ပြန်တွေ့ချင် တွေ့မှာပါ...။”

စကားပြောရင်း လောင်ကျောင်းသည် သူ၏ ခါးမှ တံဆိပ်ပြားကို ဖြုတ်ယူလိုက်ပြီး ဝိုင်းရံထားသော ရွာသားများကို ဖြည်းညင်းစွာ ပြသလိုက်လေသည်။

သူ၏ အပြုအမူမှာ အလွန်ပင် နူးညံ့သိမ်မွေ့လှပြီး သူ၏ ပုံမှန် အမူအရာဖြစ်သော တံဆိပ်ပြားကို ဝှေ့ ယမ်းကာ လူကို ချက်ချင်း ဖမ်းဆီးတတ်သည့် ကြမ်းတမ်းသော ပုံစံနှင့် လုံးဝ ကွာခြားနေခဲ့လေ၏။

“မိဘပြည်သူတို့...၊ ကျွန်တော်နဲ့ ကျွန်တော့်ညီက ရှန်းယန်မြို့က ရဲမက်တွေပါ...။ အထက်က အမိန့်အရ အခွန်ကောက်ခံဖို့အတွက် ရောက်လာပြီး အနှောင့်အယှက် ပေးမိတာပါ...။”

စကားပြောရင်း လောင်ကျောင်းမှာ မတတ်သာသကဲ့သို့ သက်ပြင်းကို ပြင်းထန်စွာ ချလိုက်ရင်း ဆက် ပြောလိုက်လေသည်။

“အင်း...၊ ရွာသားတွေလည်း ငွေကြေး အခက်အခဲ ရှိနေကြမှာကို ကျွန်တော် သိပါတယ်...။ မိုးကလည်း နှစ်ရှည်လများ ခေါင်နေတော့ ပိုလျှံတဲ့ ရိက္ခာဆိုတာလည်း မရှိသလောက်ပါပဲ...။ ဒါပေမဲ့ အထက်က လည်း ဖိအားပေးနေတာကြောင့် အခုလို အနှောင့်အယှက် ပေးမိတာပါ...။ တကယ်ကို အားနာပါ တယ်...။”

လူတစ်ယောက်သည် အသက်ကြီးလာသည်နှင့်အမျှ လက်တွေ့ကျလာပြီး အခြေအနေနှင့်အညီ လိုက်လျောညီထွေ နေထိုင်တတ်လာသည်ဟု ဆိုရပေမည်။

အစကမူ လောင်ကျောင်းသည် ဤအခွင့်အရေးကို အသုံးချကာ ခေါင်ရှန်းရွာထံမှ ငွေကြေး အမြောက် အမြား ညှစ်ယူရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ အားအင်ပြည့်ဝနေပြီး လက်ထဲတွင် ငွေရောင်လှံများကို ကိုင်ဆောင်ထားသော ရွာသားများကို မြင်တွေ့လိုက်ရသည့်အပြင်၊ ခုနကပင် နားမလည်နိုင်သော "တိမ်စီးတိမ်လာ" ခရီးစဉ်ကို တွေ့ကြုံခဲ့ရသဖြင့် လောင်ကျောင်းမှာ အလွန်ပင် ထိတ်လန့်နေခဲ့လေပြီ။

ကျွန်တော်တို့က စားဝတ်နေရေးအတွက်ပဲ လုပ်နေကြတာ..၊ အသက်ကိုတော့ အလကား အဆုံးရှုံးမခံနိုင် ဘူး...။

ထို့ကြောင့် လောင်ကျောင်းမှာ အလွန်ပင် ယဉ်ကျေးပျူငှာနေခဲ့လေသည်။ သူ၏ သိမ်မွေ့၍ နှိမ့်ချတတ် သော အမူအရာမှာ ရွာသားများ တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးခဲ့သော အရာပင် ဖြစ်ပေသည်။

ပြုံးရယ်နေသူကို မည်သူကမှ ရန်မပြုလိုကြသည်မှာ သဘာဝပင် ဖြစ်၏။ အထူးသဖြင့် ရွာသားများ၏ စိတ်ထဲ၌ အာဏာပိုင်များကို ကြောက်ရွံ့သောစိတ်မှာ အမြစ်တွယ်နေခဲ့သည် မဟုတ်ပါလား။

လီခန့်ရှန်းက ချက်ချင်းပင် ယဉ်ကျေးစွာ တုံ့ပြန်လိုက်လေသည်။

“လူကြီးမင်း...၊ ကျွန်တော်က ခေါင်ရှန်းရွာရဲ့ ရွာလူကြီး လီခန့်ရှန်းပါ။ အခွန်ရိက္ခာ ကိစ္စကတော့ ဆွေးနွေး လို့ ရပါတယ်...။ ရွာသားတွေကလည်း သေချာပေါက် ပူးပေါင်းဆောင်ရွက်ကြမှာ ပါ။ လူကြီးမင်း တို့နှစ် ယောက်လည်း ခရီးဝေးက လာရတာဆိုတော့ ပင်ပန်းနေကြရောပေါ့...။ ကျေးဇူးပြုပြီး ခဏလောက် ထိုင်ပြီးတော့ ပူပူနွေးနွေး ဆားနယ်ဝက်သား ခေါက်ဆွဲ တစ်ပွဲလောက် သုံးဆောင်ပါဦး...။ အခွန်ရိက္ခာ ကိုတော့ ကျွန်တော် အခုပဲ ပြင်ဆင်ခိုင်းလိုက်ပါ့မယ်...။”

ထိုသို့သော နွေးထွေးယဉ်ကျေးသည့် ဖိတ်ခေါ်မှုမှာ လောင်ကျောင်းနှင့် သူ၏ အဖော်အတွက်မူ မိုးကြိုး ပစ်ချလိုက်သကဲ့သို့ ထိတ်လန့်သွားစေခဲ့လေတော့သည်။

အခန်း (၃၄)

အဆိပ်သင့်ခြင်း

လောင်ကျောင်းနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်မှာ အခွန်ရိက္ခာ ကောက်ခံသည့် အလုပ်တွင် စိမ်းလှသူများ မဟုတ်ကြချေ။

လွန်ခဲ့သော နှစ်ပတ်အတွင်း သူတို့သည် ရှန်းယန်မြို့ မြောက်ဘက်ရှိ တောင်ရွာပေါင်း နှစ်ဆယ်ကျော်သို့ သွားရောက်ခဲ့ကြပြီး ဖြစ်ပေ၏။

မည်သည့်ရွာသို့ ရောက်ရှိသည်ဖြစ်စေ အခွန်ရိက္ခာ ကောက်ခံမည့်အကြောင်း ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ရွာသားများမှာ သူတို့၏ ဆင်းရဲဒုက္ခများကို ရင်ဖွင့်ကာ အခွန်ကင်းလွတ်ခွင့် ရရှိရန်အတွက် နည်းမျိုးစုံဖြင့် တောင်းပန်တိုးလျှိုးလေ့ ရှိကြကုန်၏။

ခြွင်းချက်မရှိဘဲ အကြောင်းပြချက်မှာ ရိုးရှင်းလှပေသည်။ ပြင်းထန်သော မိုးခေါင်ရေရှားဘေးဒဏ် ကြောင့် အစိုးရထံမှ ချေးငွေယူထားရသော မြေပိုင်ရှင်အချို့ပင်လျှင် ရိက္ခာပြတ်လပ်လုနီးပါး ဖြစ်နေ ချိန်တွင် သာမန်တောင်သူလယ်သမားများမှာ မည်သို့ တတ်နိုင်ပါမည်နည်း။

သို့သော် ယခုအခါတွင်မူ အမြဲတမ်း ဆင်းရဲမွဲတေလှသော ဤရွာ၏ ရွာလူကြီးမှာ အခွန်ရိက္ခာ ကောက်ခံ မည့်ကိစ္စကို ကြားသိရသောအခါ လွယ်လင့်တကူပင် သဘောတူခဲ့သည့်အပြင် ရွာသားများကလည်း တစ်စုံတစ်ရာ ကန့်ကွက်ခြင်း မရှိခဲ့ကြချေ။

ဤသို့သော ထူးခြားသည့် အခြေအနေမှာ အခြားရွာများနှင့် သိသိသာသာ ကွာခြားလွန်းနေသဖြင့် လောင်ကျောင်း၏ စိတ်ထဲ၌ တစ်မျိုးကြီး ခံစားလိုက်ရလေသည်။

ထို့နောက်တွင် ရွာလူကြီးက သူတို့နှစ်ဦးကို စားသောက်ရန်အတွက်ပင် ဖိတ်ခေါ်လာခဲ့သေး၏။

*အို... တကယ်ကို ရက်ရောလှချေလား...။*

အကယ်၍ ဤအခြေအနေမှာ ဘေးအန္တရာယ် မရှိဘဲ ကောက်ပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းသော ယခင်နှစ်များတွင် ဖြစ်ပျက်ခဲ့မည်ဆိုပါက အာဏာပိုင်များကို ဖားယားလိုခြင်းကြောင့်ဟု နားလည်ပေး၍ ရနိုင်ပေသည်။

သို့သော် ယခုအခါတွင်မူ မိုးခေါင်မှုကြောင့် ခေါင်ရှန်းရွာသား ထက်ဝက်ကျော်မှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြပြီ ဖြစ်၏။

*သူတို့တွင် ကိုယ်တိုင်စားသုံးရန်အတွက် လုံလောက်သော ရိက္ခာ ရှိပါဦးမည်လော။ ထို့ပြင် အသား ဟင်းကိုပင် ကျွေးနိုင်သေးသည်လား။*

ခေါင်ရှန်းရွာသည် အဆိုးရွားဆုံး အခြေအနေတွင် ရှိနေခဲ့ပြီး သောက်ရေပင် မရှိတော့ကြောင်း ပတ်ဝန်းကျင်ရှိ ရွာသားများ ပြောပြသည်ကို လောင်ကျောင်းကိုယ်တိုင် ကြားသိခဲ့ရခြင်း ဖြစ်ပေသည်။

အစိုးရ၏ ယခင်စစ်တမ်းများအရလည်း ခေါင်ရှန်းရွာသည် လူဦးရေ ဆုံးရှုံးမှု အများဆုံးဖြစ်ပြီး လွန်ခဲ့ သော တစ်လကပင် လူဦးရေ ထက်ဝက်ကျော်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ဤသို့သော အခြေအနေမျိုးတွင် သူတို့က မည်သို့ကြောင့် ကျွန်တော့်ကို ညစာစားရန် စိတ်အားထက် သန်စွာ ဖိတ်ခေါ်နေရပါသနည်း။

အကယ်၍ သူတို့တွင် ဤမျှ ရိက္ခာများ ပေါများနေပါက ထွက်ပြေးသွားသော ရွာသားများမှာ အဘယ် ကြောင့် မိမိတို့၏ အိုးအိမ်ကို စွန့်ခွာကာ အသက်ရှင်သန်ရန် နည်းလမ်း ရှာဖွေခဲ့ကြပါမည်နည်း။

*တစ်ခုခုတော့ မှားနေပြီ...။ သေချာပေါက် မှားနေပြီ...။*

*သူတို့ ဘာလုပ်ဖို့ ကြံနေတာလဲ...။*

*အရာရှိတွေကို သတ်ပြီး ပုန်ကန်ဖို့လား...။ အလံထောင်ပြီး တော်လှန်ဖို့လား...။ ငါတို့ ကံဆိုးတဲ့ လူနှစ် ယောက်ကတော့ အလယ်မှာ ပိတ်မိနေပြီ...။*

လောင်ကျောင်းသည် သူ၏ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သော်လည်း မကြာမီမှာပင် လက်လျှော့ လိုက်လေတော့၏။

မည်သို့မျှ မဖြစ်နိုင်ချေ။ အကယ်၍ သူတို့ ပြန်လည် ခုခံမည်ဆိုပါက ကျောက်ဆောင်ကို ဥနှင့် ထုသကဲ့ သို့သာ ဖြစ်ပေလိမ့်မည်။

လောင်ကျောင်းနှင့် သူ၏ အဖော်မှာ ဘေးနားရှိ ဝင်းလက်နေသော ငွေလှံ ဒါဇင်ပေါင်းများစွာကို တစ် ချက် ကြည့်လိုက်ပြီးနောက် လီခန့်ရှန်း၏ နောက်သို့ သတိကြီးစွာဖြင့် လိုက်ပါသွားကြလေသည်။

ထို့နောက်တွင် ရွာသားတစ်ဦးက ပူပူနွေးနွေး ဆီချက်ခေါက်ဆွဲ နှစ်ပွဲကို ယူဆောင်လာခဲ့လေ၏။

*တကယ်ပဲ စားစရာ ခေါက်ဆွဲ ရှိနေတာလား...။*

အပေါ်တွင်လည်း ကြေးပြား အရွယ်အစားခန့်ရှိသော ဆားနယ်ဝက်သား နှစ်တုံးစီ ပါရှိနေသေး၏။

*ဘုရားရေ...၊ ဒီအနံ့က တကယ်ကို မခံနိုင်အောင် မွှေးတာပဲ...။ ငါ့ရဲ့ မိသားစုဝင် ခြောက်ယောက်လုံး အသားနံ့ မရခဲ့တာ တော်တော်ကြာပြီ...။*

လောင်ကျောင်း၏ စိတ်ထဲ၌ ဝေခွဲမရ ဖြစ်နေစဉ်မှာပင် အခြားရွာသားတစ်ဦးမှာ လတ်ဆတ်သော အနီရောင်နှင့် အစိမ်းရောင် အသီးအနှံများကို ကိုင်ဆောင်ကာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ လေသည်။

“လူကြီးမင်းတို့...၊ ဒါကတော့ ကျွန်တော်တို့ လမ်းမှာ တွေ့ခဲ့တဲ့ လတ်ဆတ်တဲ့ တန်လီသီးတွေပါ...။ မြည်းစမ်းကြည့်ပါဦး...။”

တန်လီသီးများကို မြင်လိုက်ရသောအခါ လောင်ကျောင်းနှင့် သူ၏ အဖော်မှာ တံတွေးများပင် စမ်းစမ်း ယိုလာခဲ့လေတော့၏။

အခြားနည်းလမ်း မရှိတော့ချေ။ တစ်ညလုံး ငတ်မွတ်ခဲ့ရပြီး စားခဲ့ရသည်မှာလည်း ခြောက်ကပ်နေသော ပေါင်းမုန့်တစ်ခုသာ ဖြစ်ပေသည်။ သောက်ရေပင် မရှိခဲ့သဖြင့် သူတို့မှာ ဆက်လက် မတောင့်ခံနိုင်တော့ ချေ။

ထို့ပြင် ပြင်းထန်သော မိုးခေါင်ရေရှား ကာလများတွင် တန်လီသီးကဲ့သို့သော အဖိုးတန် အသီးအနှံများမှာ ဈေးနှုန်း အဆမတန် မြင့်မားလှသဖြင့် သူတို့ မစားရသည်မှာလည်း ကြာမြင့်လှပြီ ဖြစ်ပေသည်။

လောင်ကျောင်းမှာ တံတွေးများကို ခက်ခဲစွာ မျိုချရင်း တွေဝေနေစဉ်မှာပင် သူ၏ လုပ်ဖော်ကိုင်ဖက် လူငယ်လေးမှာမူ တန်လီသီးများကို မစဉ်းစားမဆင်ခြင်ဘဲ လှမ်းယူကာ အခွံနွှာ၍ အားရပါးရ စားသုံးနေ သည်ကို တွေ့လိုက်ရလေသည်။

“စားပါ လောင်ကျောင်းရာ...။ ငါတို့ အလိမ်ခံရတယ်ဆိုရင်တောင် ငတ်သေရတာထက်စာရင် ဗိုက်ပြည့် ပြီး သေရတာက ပိုကောင်းပါတယ်...။”

သူ၏ အဖော်က တီးတိုး ပြောလိုက်လေ၏။

လောင်ကျောင်း သက်ပြင်းချလိုက်မိလေသည်။ ထိုစကားမှာ အမှန်ပင် ဖြစ်ပေ၏။

*ဖြစ်ချင်ရာဖြစ်...၊ စားကြစို့...။ တခြား ဘာလုပ်နိုင်ဦးမှာလဲ...။*

လောင်ကျောင်းက သူ၏ ထမင်းစားတံကို ကိုင်ကာ ခေါက်ဆွဲစားရန် ပြင်လိုက်စဉ်မှာပင် သူ၏ အဖော် ဖြစ်သူမှာ ရုတ်တရက် တောင့်တင်းသွားသည်ကို သတိပြုမိလိုက်လေသည်။ ထို့နောက်တွင် ထိုရဲမက်၏ မျက်လုံးများမှာ လန်တက်သွားပြီး အနောက်သို့ လန်ကျသွားလေတော့၏။

*ဘာဖြစ်တာလဲ...၊ အဆိပ်သင့်တာလား...။*

လောင်ကျောင်းမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားခဲ့လေပြီ။

သူသည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး မြေကြီးပေါ်သို့ လဲကျသွားလေတော့၏။

...

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းအတွင်းရှိ ထူးခြားသော အပြောင်းအလဲများကို အမြဲမပြတ် သတိထား စောင့်ကြည့်နေခဲ့လေသည်။

မြို့စောင့်ရဲမက် နှစ်ဦးမှာ သူတို့၏ အထောက်အထားကို ထုတ်ဖော်ပြသလိုက်ချိန်တွင် ရွှီပေါ်အန်းမှာ ချက်ချင်းပင် အခြေအနေကို နားလည်သွားခဲ့လေ၏။

*ဒါဆို ငါကိုင်ထားတဲ့ ဧကရာဇ်စိမ်း ဆိုင်းဘုတ်ပြားက ဟိုလူငယ်လေးရဲ့ ခါးချိတ်တံဆိပ်ပြားပေါ့...။*

*ဒီလူပုလေး နှစ်ယောက်က လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေ မဟုတ်ဘဲ အခွန်ကောက်ဖို့ လာတဲ့ အစိုးရအရာရှိတွေ ဖြစ်နေတာပဲ...။*

*ဒါပေမဲ့ ဒီအရာရှိတွေက တကယ်ကို ချမ်းသာလွန်းတာပဲ...။ ဧကရာဇ်စိမ်းလိုမျိုး ထိပ်တန်း ကျောက်စိမ်းတွေကို ခါးချိတ်တံဆိပ်ပြား လုပ်ဖို့အတွက် အသုံးပြုနေကြတာကိုး...။*

*လီချိန်းရှီ ပြောတာတော့ ဒီနေရာမှာ မိုးခေါင်နေတာ နှစ်တော်တော်ကြာပြီဆိုတော့ ပြည်သူတွေက ဒုက္ခရောက်ပြီး အိုးအိမ်စွန့်ခွာနေကြရတာတဲ့...။ ဒါဆို အစိုးရက ဘယ်လိုလုပ် ဒီလောက်အထိ ချမ်းသာ နေရတာလဲ...။*

*ဒါက နည်းနည်းတော့ အသုံးအဖြုန်း ကြီးလွန်းမနေဘူးလား...။*

*သာမန်အားဖြင့်ဆိုရင် ဒီလို အဖိုးတန်ပစ္စည်းတွေကို ရိက္ခာနဲ့ လဲလှယ်ပြီး ပြည်သူတွေကို ကယ်ဆယ်ရ မှာ မဟုတ်ဘူးလား...။*

*မဟာကျင့်မင်းဆက်ရဲ့ အရာရှိတွေ ဘာတွေးနေကြလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်တော့ ဘူး...။*

ရွှီပေါ်အန်းသည် အဂတိလိုက်စားသော အရာရှိများကို ကျိန်ဆဲရန် ပြင်လိုက်စဉ်မှာပင် ရဲမက်က စိတ် ပျက်လက်ပျက်ဖြင့် "ခါးချိတ်တံဆိပ်ပြား အသစ်လုပ်ဖို့အတွက် ကြေးပြား ငါးဆယ်ပဲ ကုန်တယ်" ဟု ပြောဆိုလိုက်သည်ကို ကြားလိုက်ရလေသည်။

ရွှီပေါ်အန်း၏ မျက်လုံးများမှာ ချက်ချင်းပင် ဝင်းလက်သွားခဲ့လေ၏။

*ဧကရာဇ်စိမ်း တံဆိပ်ပြားတစ်ခုကို ကြေးပြား ငါးဆယ်ပဲ ဟုတ်လား...။*

ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ ငွေကြေး၏ ဝယ်ယူနိုင်စွမ်းကို ရွှီပေါ်အန်း မသိရှိသော်ငြားလည်း သာမန်အား ဖြင့်ဆိုလျှင် ကြေးပြား ငါးဆယ်မှာ များပြားလှသော ပမာဏ မဟုတ်သည်မှာ သေချာပေသည်။

အကယ်၍ ထိုသို့သာ မှန်ကန်ပါက ဤဘွန်ဆိုင်းကမ္ဘာအတွင်းရှိ မဟာကျင့်မင်းဆက်မှာ ငွေကြေး ရှားပါး နေသော်လည်း ဧကရာဇ်စိမ်း ကျောက်စိမ်းများမှာမူ သေချာပေါက် ပေါများနေခြင်း ဖြစ်ပေလိမ့်မည်။

တစ်နည်းအားဖြင့် ဆိုရလျှင် ဘွန်ဆိုင်းကမ္ဘာထဲတွင် ဤဧကရာဇ်စိမ်းမှာ တန်ဖိုးမရှိလှချေ။

"ရှားပါးမှ တန်ဖိုးရှိသည်" ဟူသော သဘောတရားကို လူတိုင်း နားလည်ကြပေသည်။ ဧကရာဇ်စိမ်း ကျောက်စိမ်းများမှာ အလွန်ပင် ရှားပါးလှသဖြင့် ဈေးကြီးရခြင်း ဖြစ်သည် မဟုတ်ပါလား။

ထို့အတူ ဘွန်ဆိုင်းကမ္ဘာရှိ မဟာကျင့်မင်းဆက်တွင် ၎င်းကို ခါးချိတ်တံဆိပ်ပြားအဖြစ် အသုံးပြုနိုင်ခြင်း မှာ ဤအရာမျိုးမှာ နေရာအနှံ့ ရှိနေကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပေသည်။

ရွှီပေါ်အန်းသည် ဤအချက်ကို နားလည်သွားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့လေ၏။

*ဒါကတော့ သေချာပေါက် ချမ်းသာကြွယ်ဝဖို့အတွက် လမ်းစပဲ...။*

*ဧကရာဇ်စိမ်း ကျောက်စိမ်းတွေကို ဈေးပေါပေါနဲ့ ဝယ်ပြီး ပြန်ရောင်းမယ်ဆိုရင် ယွမ်သန်းပေါင်းများစွာ အမြတ်ထွက်မှာပဲ...။*

*ဒီလို ဈေးနှုန်းကွာခြားချက်ကနေ ရရှိမယ့် အမြတ်အစွန်းကတော့ ဟဲတုန်းပြည်နယ်က ကျောက်မီးသွေး သူဌေးကြီးတွေကိုတောင် မနာလို ဖြစ်သွားစေဦးမှာပဲ...။*

ရွှီပေါ်အန်းသည် မိမိ၏ ချမ်းသာကြွယ်ဝမည့် လမ်းစကို ပျော်ရွှင်စွာ တွေးတောနေစဉ်မှာပင် ရုတ်တရက် ဆိုသလို ရဲမက်လူငယ်လေးမှာ မြေကြီးပေါ်သို့ "ဘုန်း" ခနဲ လဲကျသွားခဲ့လေသည်။

ဘွန်ဆိုင်းအတွင်းရှိ လူသားငယ်လေးများမှာလည်း ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြ လေတော့၏။

“ဘာဖြစ်တာလဲ...။”

“အို...။ ဒီလူ ဘာဖြစ်သွားတာလဲ မသိဘူး...။”

“ဒုက္ခပါပဲ...၊ ဘာဖြစ်တာလဲ...၊ အစာနင်တာလား...။”

လောင်ကျောင်းဟု ခေါ်သော ရဲမက်မှာ သူ၏ ခေါင်းကို အသည်းအသန် အုပ်ကိုင်လိုက်ပြီး အော်ဟစ် လိုက်လေသည်။

“မိဘပြည်သူတို့...၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးကြပါ...။ ကျွန်တော့်မှာ အသက် ရှစ်ဆယ်အရွယ် မိခင်အိုကြီးနဲ့ သုံးနှစ်အရွယ် သားငယ်လေး ရှိပါသေးတယ်...။ အခွန်လာကောက်တာ ကလည်း မတတ်သာလို့ပါ...။ ကျေးဇူးပြုပြီး ကျွန်တော့်လို ယာယီဝန်ထမ်းလေးကို ဒုက္ခမပေးကြပါနဲ့...။”

သို့သော်လည်း မည်သူမျှ သူ့ကို ဂရုမစိုက်ကြချေ။ လူအုပ်ကြီးမှာ မြေကြီးပေါ်တွင် လဲနေသော ရဲမက်ကို ဝိုင်းရံကာ တစ်ဦးတစ်မျိုးစီ အကြံပြုနေကြလေသည်။

“ဒါက အစာနင်တာ မဟုတ်ဘူး...။ တကယ်လို့ အစာနင်တာဆိုရင် သတိလစ်သွားမှာ မဟုတ်ဘူး...။ ရုန်းကန်နေမှာပေါ့...။”

“ဟုတ်တယ်...။ ကျွန်မရဲ့သား ရွှမ်ကျုးလည်း အရင်က သစ်သီးစားရင်း အစာနင်ဖူးတယ်...။ ဒါပေမဲ့ ဒီလိုပုံစံမျိုး မဟုတ်ဘူး...။”

“မြန်မြန်...၊ သမားတော် သွားခေါ်ကြဦး...။”

“အနီးဆုံး ဆရာဝန်က ရှိရှန်းမြို့မှာရှိတာ... ။ အသွားအပြန်ဆိုရင် တစ်နေ့လုံး ကြာမှာ...။ အချိန်မီပါဦး မလား...။”

“ငါတို့ ဘာလုပ်ကြမလဲ...။ အာဏာပိုင်တွေ ငါတို့ဆီမှာ ဒုက္ခရောက်ကုန်ပြီ...။ ဒါက ပြဿနာ အကြီးကြီး ပဲ...။”

လူအုပ်ကြီးမှာ စိုးရိမ်တကြီး ပြောဆိုနေကြစဉ် ရွှီပေါ်အန်းမှာ မျက်မှောင်ကြုတ်ကာ အနီရောင် "တန်လီသီး" အစုအဝေးကို စိုက်ကြည့်ရင်း ယခင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုကို သတိရသွားခဲ့လေသည်။

ရွှီပေါ်အန်းသည် မြို့ဟောင်း ပြန်လည်တည်ဆောက်ရေး စီမံကိန်းတစ်ခုတွင် လုပ်ကိုင်နေစဉ် တစ်နေ့ နံနက်၌ ကန်တင်းမှ နေ့လယ်စာအတွက် လတ်ဆတ်သော လိုင်ချီးသီးများကို ဝယ်ယူခဲ့လေသည်။

ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ ဓာတ်ခွဲခန်းမှ လုပ်ဖော်ကိုင်ဖက် တစ်ဦးသည် ဟင်းသီးဟင်းရွက် ပို့ဆောင်သော ကားပေါ်မှ ပစ္စည်းများ ချနေသည်ကို မြင်သောအခါ အစာမစားရသေးမီမှာပင် လိုင်ချီးသီး တစ်စုကို ယူ၍ စားသုံးခဲ့လေ၏။ သူသည် အလုံးနှစ်ဆယ်ကျော်ခန့် စားပြီးနောက် မျက်နှာမှာ ဖြူလျော့ သွားပြီး သတိလစ် လဲကျသွားခဲ့လေသည်။

ကံကောင်းထောက်မစွာဖြင့် စီမံကိန်း နယ်မြေ၏ ဘေးနားတွင် ဆေးရုံတစ်ရုံ ရှိနေသဖြင့် လူနာကို အရေးပေါ်ဌာနသို့ ချက်ချင်း ပို့ဆောင်နိုင်ခဲ့လေ၏။

ထိုဓာတ်ခွဲခန်း ဝန်ထမ်းမှာ ဗိုက်ထဲတွင် အစာမရှိဘဲ လိုင်ချီးသီးများကို အလွန်အကျွံ စားသုံးခဲ့သဖြင့် သွေးတွင်း သကြားဓာတ် ကျဆင်းကာ သတိလစ်သွားခြင်း ဖြစ်ကြောင်း ဆရာဝန်က ရောဂါရှာဖွေ တွေ့ရှိခဲ့လေသည်။

ထိုအချိန်မှသာ ရွှီပေါ်အန်းသည် သူ တစ်ခါမျှ မကြားဖူးသော "လိုင်ချီးရောဂါ" အကြောင်းကို သိရှိခဲ့ရ ခြင်း ဖြစ်ပေသည်။

ရဲမက်လေး ခုနက စားသုံးခဲ့သော "တန်လီသီး" ဆိုသည်မှာ ဈေးကွက်ထဲတွင် တွေ့ရလေ့ရှိသော သာမန် လိုင်ချီးသီးများသာ ဖြစ်ကြောင်း ရွှီပေါ်အန်း ချက်ချင်းပင် မှတ်မိလိုက်လေတော့၏။

ဟုတ်ပေသည်...။ ၎င်းမှာ…၊

"ဖုန်မှုန့်များကြားမှ မြင်းစီးသူရဲတစ်ဦး အပြေးအလွှားလာကာ

ကြင်ယာတော်၏ မျက်နှာထက်တွင် အပြုံးပန်းများ ဆင်မြန်းစေခဲ့သော်လည်း

၎င်းမှာ လိုင်ချီးသီးများ ပါလာခြင်းဖြစ်ကြောင်း မည်သူမျှ မသိရှိခဲ့ကြချေ…"

ဟူသော ကဗျာထဲမှ လိုင်ချီးသီးပင် ဖြစ်ပေတော့သည်။

All Chapters