← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇)

ထိုသူမှာ သူဖြစ်နေသည်

ဟယ်ချန်က ရွှီပေါ်အန်းအား ဆူပူကြိမ်းမောင်းနေစဉ်အတွင်း တစ်ခန်းလုံးမှာ လုံးဝ တိတ်ဆိတ်ငြိမ်သက် လျက်ရှိနေခဲ့လေသည်။

ခေါင်းဆောင်က ဒေါသထွက်နေချိန်တွင် မည်သူက ရှေ့သို့ ထွက်ရဲပါမည်နည်း။

အလုပ်ခွင်အတွင်း ရှိနေသမျှ ကာလပတ်လုံး မည်သူမျှ မိမိကိုယ်မိမိ မီးဟုန်းဟုန်းတောက်နေသော နေရာသို့ အရောက်ခံလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့်ပင် ပထမပိုင်း၌ နူးညံ့သိမ်မွေ့နေခဲ့သော ထိုအသံမှာ အလွန်ပင် ပြတ်သားထင်ရှားစွာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။

လူတိုင်းမှာ ထိုအသံ၏ ပိုင်ရှင် မည်သူဖြစ်သည်ကို သတိပြုမိသွားကြသည်နှင့် တစ်ပြိုင်နက် သူတို့၏ မျက်နှာထက်တွင် စိတ်အားထက်သန်သော အမူအရာများ ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့လေတော့၏။

“ဥက္ကဋ္ဌစူး...။”

“ဥက္ကဋ္ဌစူး...၊ မင်္ဂလာပါ ခင်ဗျာ...။”

“ဥက္ကဋ္ဌကြီး...၊ မင်္ဂလာနံနက်ခင်းပါ...။”

နှုတ်ဆက်သံများနှင့် ဆုတောင်းစကားများမှာ တစ်ပြိုင်နက်တည်း ဆူညံစွာ ထွက်ပေါ်လာခဲ့လေသည်။

ရောက်ရှိလာသူမှာ ပုံမှန် စီးပွားရေးလုပ်ငန်းသုံး ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားပြီး ရွှီပေါ်အန်းအား ပြုံးရယ်စွာဖြင့် ကြည့်နေခဲ့လေ၏။

သူ၏ အနောက်တွင်မူ ထိုသူနှင့် ဆင်တူသော အဝတ်အစားများ သို့မဟုတ် ရှပ်အင်္ကျီအဖြူ၊ ဘောင်းဘီ ရှည်နှင့် သားရေဖိနပ်များကို သေသပ်စွာ ဝတ်ဆင်ထားသော လူအုပ်စုတစ်စု လိုက်ပါလာကြလေသည်။

ရွှီပေါ်အန်းမှာ မိမိရှေ့တွင် ရှိနေသောသူကို ကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရလေ၏။ ဤလူက ဤနေရာသို့ အမှန်တကယ် ရောက်ရှိလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

ဟယ်ချန်နှင့် လျှိုတုန်းဝမ်တို့မှာ ထိုသူအား ကြိုဆိုရန်အတွက် အပြေးအလွှား သွားရောက်ကြလေတော့ သည်။

သူတို့သည် အလွန်ပင် စိတ်အားထက်သန်စွာဖြင့် ဦးညွှတ်နှုတ်ဆက်နေကြပြီး ပြုံးရွှင်သော မျက်နှာများ ဖြင့် အခါခါ ဂါရဝပြုနေကြလေ၏။

သူတို့၏ အပြုအမူမှာ မိမိတို့၏ ဖခင်အရင်းနှင့် ဆုံတွေ့ရသည့်အလား အလွန်ပင် ပျာပျာသလဲ ရှိလှချေ ၏။

ထျန်ရှောင်ဟူက ဝမ်းသာအားရဖြင့် ရွှီပေါ်အန်း၏ ဘေးသို့ တိုးကပ်လာကာ နားနားသို့ ကပ်၍ တီးတိုး ပြောဆိုလိုက်လေသည်။

“အစ်ကိုကြီး...၊ အစ်ကိုကတော့ တကယ်ကို လူစွမ်းကောင်းပဲဗျ...။ ဥက္ကဋ္ဌစူးနဲ့တောင် သိနေတာလား...။”

ရွှီပေါ်အန်းမှာ အပြင်ပန်းတွင် တည်ငြိမ်နေသော်ငြား စိတ်ထဲ၌မူ ထိတ်လန့်တုန်လှုပ်နေခဲ့လေပြီ။

“ရှောင်ဟူ...။ မင်းပြောတာက သူက ငါတို့ တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုရဲ့ အသစ်ခန့်အပ်လိုက်တဲ့ အကြီးအကဲလား...။”

ထျန်ရှောင်ဟူမှာ ရွှီပေါ်အန်း၏ စကားအဓိပ္ပာယ်ကို နားမလည်သကဲ့သို့ ကြောင်အသွားခဲ့ပြီးနောက်...၊

“ဟုတ်တယ်လေ အစ်ကိုကြီး... သူက အသစ်ခန့်အပ်လိုက်တဲ့ ဥက္ကဋ္ဌ၊ စူးထိုက်တဲ့ ဥက္ကဋ္ဌစူးပေါ့...။”

“အစ်ကိုကြီးက ဘာဖြစ်လို့ ဒီလိုပြောနေတာလဲ...။ မနေ့က အစ်ကိုတို့ နှစ်ယောက်တူတူ လုပ်ငန်းကိစ္စ တွေ ဆွေးနွေးခဲ့ကြတာ မဟုတ်ဘူးလား...။”

ရွှီပေါ်အန်းမှာ မည်သို့ ရှင်းပြရမည်ကို မသိတော့သဖြင့် အပေါ်ယံမျှသာ ပြန်လည်ပြောဆိုလိုက်ရလေ သည်။

“ဟဲဟဲ...၊ ငါ သူ့ကို သိပါတယ်...။ ဒါပေမဲ့ သူ ဒီနေရာမှာ ရာထူး လာယူလိမ့်မယ်လို့တော့ မထင်ထား ခဲ့ဘူး...။”

ထျန်ရှောင်ဟူက ချက်ချင်းပင် မျက်နှာဝင်းပသွားပြီး...၊

“ဟဲဟဲ...၊ အစ်ကိုကြီးက ကျွန်တော့်ကို အရင်က အကြံပေးနေကတည်းက တစ်ခုခုတော့ ရှိမယ်လို့ ထင်သားပဲ...။ အစ်ကိုကြီးမှာ အားကိုးရမယ့်သူ ရှိနေတာကိုး...၊ အစ်ကိုကြီးရေ...၊ အစ်ကိုကြီးနဲ့ သူနဲ့ ဆက်ဆံရေးက ဘယ်လောက်အထိ ရင်းနှီးတာလဲ...။ အစ်ကိုကြီး ကြီးပွားချမ်းသာလာတဲ့အခါကျရင် ကျွန်တော့်ကို မေ့မသွားနဲ့ဦးနော်...။”

ရွှီပေါ်အန်းမှာ စကားပင် မဆိုနိုင်တော့ချေ။

*သူတို့၏ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ ဟုတ်လား...။*

ဤသည်မှာ သူတို့နှစ်ဦး၏ ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်းသာ ဖြစ်သည်ကို မည်သူက ယုံကြည် နိုင်ပါမည်နည်း။

*လုပ်ငန်းကိစ္စ ဆွေးနွေးသည် ဟုတ်လား...။*

တကယ်ကို အဓိပ္ပာယ်မရှိလှချေ။ အိမ်သာထဲမှာ လုပ်ငန်းကိစ္စ ဆွေးနွေးတာကို ခင်ဗျားတို့ မြင်ဖူးကြပါ သလား။

ဟုတ်ပေသည်...၊ ရွှီပေါ်အန်းနှင့် ဤဥက္ကဋ္ဌစူးတို့သည် မနေ့ကမှ ရွိုင်ရယ်ဒိုင်နက်စတီ ဟိုတယ်၏ အိမ်သာ အတွင်းရှိ လက်ဆေးကန်အနီးတွင် ပထမဦးဆုံးအကြိမ် တွေ့ဆုံခဲ့ကြခြင်း ဖြစ်ပေသည်။

ထိုသူ၏ သနားစရာကောင်းသော အခြေအနေကို မြင်သဖြင့် ရွှီပေါ်အန်းက ဘွန်ဆိုင်းကမ္ဘာမှ အမူးပြေ စေသည့် အရာတစ်ခု ဖြစ်သော တောင်ဝါသီးတစ်လုံးကို ပေးသခဲ့ခြင်း ဖြစ်လေ၏။

ထိုအကြောင်းကို ပြန်လည်တွေးတောမိသောအခါ ရွှီပေါ်အန်းမှာ အနည်းငယ် ရှက်ရွံ့သကဲ့သို့ ခံစား လိုက်ရလေသည်။

ထိုအချိန်က ရွှီပေါ်အန်းသည် ထိုသူ့အပေါ် တကယ်ပင် သနားမိခဲ့ခြင်း ဖြစ်ပေသည်။

ဤမျှ အသက်အရွယ်ကြီးနေပြီဖြစ်သော်ငြားလည်း အစားအသောက် ဝိုင်းများတွင် အန်ထွက်သည်အထိ အရက်ကို အတင်းအကျပ် သောက်သုံးနေရသည်ကို ရွှီပေါ်အန်း အနေဖြင့် ကိုယ်ချင်းစာမိခဲ့လေ၏။

ထို့ကြောင့်ပင် ထိုသူက ရွှီပေါ်အန်း၏ ထမင်းဖိုးကို ပေးချေမည်ဟု ပြောဆိုခဲ့စဉ်က ရွှီပေါ်အန်း အနေဖြင့် အလေးအနက် မမှတ်ယူခဲ့ခြင်း ဖြစ်ပေသည်။

ငွေရှာရသည်မှာ မည်သူ့အတွက်မဆို မလွယ်ကူလှချေ။ ဤလူသည်လည်း အရက်ကို အသက်နှင့်လဲ၍ သောက်ကာ ငွေရှာနေရသူ ဖြစ်နိုင်သည် မဟုတ်ပါလား။

သို့သော် မျှော်လင့်မထားဘဲ တစ်ညတာအတွင်းမှာပင် အခြေအနေများမှာ အံ့အားသင့်ဖွယ် ကောင်း လောက်အောင် ပြောင်းလဲသွားခဲ့လေပြီ။

မိမိနှင့်အတူ အရက်သောက်ရင်း ဒုက္ခရောက်နေခဲ့သော ထိုသနားစရာကောင်းသည့် လူမှာ အမှန်တကယ် တွင် မိမိထက် များစွာ ရာထူးမြင့်မားလှသော အထက်လူကြီး ဖြစ်နေခဲ့လေသည်။

မိမိရှေ့တွင် ရှိနေသောသူမှာ အမှန်တကယ်ပင် ဌာနချုပ်မှ အသစ်ခန့်အပ်လိုက်သော အကြီးအကဲ ဖြစ်နေပေသည်။

တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ ဥက္ကဋ္ဌ စူးထိုက် ပင် ဖြစ်၏။

*ဘုရားရေ... ဒါက မယုံနိုင်စရာ၊ မတွေးတတ်နိုင်လောက်တော့အောင်ပါပဲ…။*

ရွှီပေါ်အန်းသည် မိမိကိုယ်မိမိ သနားမိရာမှ ရုတ်တရက်ဆိုသလို မိမိကိုယ်မိမိ ကံကောင်းလှသည်ဟု ခံစားလိုက်ရလေတော့သည်။

တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေး ကုမ္ပဏီတွင် အမြဲတမ်း ဩဇာညောင်းလှသော ဟယ်ချန်မှာမူ မိမိကိုယ်မိမိ ကံကောင်းသည်ဟု မခံစားရဘဲ သနားစရာကောင်းသော လူတစ်ဦးကဲ့သို့သာ ခံစားနေ ရလေ၏။

စူးထိုက် ရောက်ရှိလာခြင်းမှာ ရွှီပေါ်အန်းအား သိသိသာသာ ထောက်ခံအားပေးရန်အတွက် ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ခုနက သူပြောဆိုသွားသော စကားများမှာ ခိုင်မာသော သက်သေပင် ဖြစ်ပေသည်။

မိမိမှာမူ ခုနကပင် ရွှီပေါ်အန်းနှင့် ရန်ဖြစ်ထားခဲ့ပြီး ယခုအခါတွင်မူ ကျောက်ဆောင်ကို ခေါင်းနှင့် တိုက်မိ သကဲ့သို့ ဖြစ်နေခဲ့လေပြီ။ တကယ်ကို သနားစရာကောင်းလှချေ၏။

ဟယ်ချန်မှာ စကားကို မည်သို့ စတင်ရမည်ကို မသိသဖြင့် တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေး၏ အင်ဂျင်နီယာချုပ် လျှိုတုန်းဝမ်က ခေါင်းဆောင်နှင့် ရင်ဆိုင်ရချိန်တွင် အိုးတိုးအောင့်တိုး မဖြစ်စေရန် အတွက် အလျင်အမြန်ပင် စကားဦးသန်းလိုက်လေသည်။

“မင်္ဂလာပါ ဥက္ကဋ္ဌစူး...၊ ကျွန်တော်ကတော့ အခုလေးတင် ရဲဘော်ဟယ်ချန်နဲ့အတူ အစည်းအဝေးမှာ လူကြီးမင်း ပြောကြားသွားတဲ့ မိန့်ခွန်းအကြောင်းကို ဆွေးနွေးနေတာပါ...။ လူကြီးမင်းရဲ့ မိန့်ခွန်းက ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေကို စုစည်းပေးနိုင်ခဲ့သလို၊ လုပ်ငန်းတာဝန်တွေကိုလည်း ရှင်းလင်းစေ ခဲ့ပြီး ယုံကြည်မှုတွေကိုလည်း ပိုမိုခိုင်မာစေခဲ့ပါတယ်...။”

“ဒါဟာ တကယ်ကို လက်တွေ့ကျပြီး အားတက်စရာကောင်းတဲ့ အစည်းအဝေးတစ်ခုပါပဲ...။ လူကြီးမင်း ရဲ့ ဦးဆောင်မှုအောက်မှာ တုန်းကျန်း ဆောက်လုပ်ရေးဟာ သေချာပေါက် ပိုမိုကြီးမားတဲ့ အောင်မြင်မှု တွေကို ရရှိပြီး အစဉ်အလာကောင်းတွေကို ဆက်လက် ထိန်းသိမ်းသွားနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ခင်ဗျာ...။”

ထိုစကားကို ကြားသောအခါ ဟယ်ချန်ကလည်း အလျင်အမြန်ပင် ခေါင်းညိတ် ထောက်ခံလိုက်လေ သည်။

“ဟုတ်ပါတယ်...၊ အုပ်စုရဲ့ ဗီဒီယို ကွန်ဖရင့် အစည်းအဝေး ပြီးပြီးချင်းမှာပဲ ကျွန်တော်တို့ ကုမ္ပဏီမှာ ဆွေးနွေးပွဲတစ်ခု ချက်ချင်း ကျင်းပခဲ့ပါတယ်...၊ လူကြီးမင်းရဲ့ မိန့်ခွန်းက ရှင်းလင်းတဲ့ ရည်မှန်းချက်တွေ ရှိနေသလို၊ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ရှေ့သို့ တက်လှမ်းဖို့အတွက်လည်း အားပေးနေပါတယ်...။ ဒါ ဟာ ကျွန်တော်တို့ တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုရဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းစကို ပိုမို ရှင်းလင်းစေ ခဲ့ပါတယ် ခင်ဗျာ...။”

ထျန်ရှောင်ဟူက ရွှီပေါ်အန်းအား ကြည့်ကာ လှောင်ပြုံးပြုံးလိုက်ပြီး တီးတိုး ပြောဆိုလိုက်၏။

“အစ်ကိုကြီး...၊ ဒီလူနှစ်ယောက်ကတော့ တကယ်ကို မြှောက်ပင့်တတ်တာပဲဗျာ...။ အစည်းအဝေး ပြီး တာနဲ့ ဟိုလူယုတ်မာ ဟယ်ချန်က အစ်ကိုကြီးရဲ့ နာမည်ကို အော်ပြီး အပြစ်တင်ဖို့ပဲ လုပ်နေတာလေ...။ သူက အစ်ကိုကြီးကို တမင်သက်သက် ဒုက္ခပေးဖို့ ကြံနေတာ ထင်ရှားပါတယ်...။”

ရွှီပေါ်အန်းက လက်ကာပြလိုက်ပြီး စကားနည်းနည်းသာ ပြောရန် အချက်ပြလိုက်လေသည်။ မဟုတ် ပါက အထက်လူကြီး၏ ရှေ့တွင် အာရုံစိုက်ခြင်း ခံရပြီး အထင်အမြင် လွဲမှားသွားနိုင်သည် မဟုတ် ပါလား။

စူးထိုက်၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွတ်သွားခဲ့ပြီး သူသည် ဟယ်ချန်နှင့် လျှိုတုန်းဝမ် တို့ကို တစ်ဦးချင်း လက်ဆွဲနှုတ်ဆက်လိုက်ရင်း ပြတ်သားသော လေသံဖြင့် ပြောလိုက်လေသည်။

“ခင်ဗျားတို့ နှစ်ယောက်က တကယ်ကို ကုမ္ပဏီရဲ့ ကျောရိုးတိုင်တွေပါပဲ...၊ ပထမဦးဆုံးအနေနဲ့ ခင်ဗျား တို့မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ နိုးကြားမှု အလွန် မြင့်မားတာကို တွေ့ရပါ တယ်...။ နောင်ကျရင် အုပ်စုကုမ္ပဏီရဲ့ လူ့အရင်းအမြစ် ခွဲဝေချထားမှုနဲ့ နေရာချထားမှုတွေမှာလည်း ခင်ဗျားတို့အနေနဲ့ အစွမ်းကုန် ထောက်ခံအားပေးပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...။”

ဟယ်ချန်မှာ ကြောင်အသွားခဲ့ပြီးနောက် မသိစိတ်ဖြင့် မေးမြန်းလိုက်လေ၏။

“ဗျာ...၊ လူ့အရင်းအမြစ် ခွဲဝေမှု ဟုတ်လား...။ အဲဒါကို ကျွန်တော် တစ်ခါမျှ မကြားဖူးသေးပါဘူး...။”

စူးထိုက်က သူ့အား လုံးဝ ဂရုမစိုက်ခဲ့ချေ။ သူနှင့်အတူ လိုက်ပါလာသော တုန်းကျန်း ဆောက်လုပ်ရေး အုပ်စု၏ လူ့အရင်းအမြစ်ဌာနမှ လူကြီး ကျိန့်ချိုးတုန်းက မျက်မှောင်ကြုတ်လိုက်ပြီး အလျင်အမြန် ဆိုလိုက်လေသည်။

“ဟယ်ဟောင်း...၊ ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ...။ အုပ်စုရဲ့ ဆုံးဖြတ်ချက်တွေကို ခင်ဗျားဆီ အရင် သတင်းပို့ရမှာလား...။”

“မဟုတ်ပါဘူး...၊ မဟုတ်ပါဘူး...။ ကျွန်တော် ဆိုလိုတာက အဲဒီလို မဟုတ်ပါဘူး...။ ဥက္ကဋ္ဌစူးနဲ့ တခြား ခေါင်းဆောင်တွေ ကျွန်တော်တို့ဆီကို အလုပ်စစ်ဆေးဖို့ လာတာကို ဘာဖြစ်လို့ ကြိုပြီး အကြောင်း မကြားခဲ့တာလဲလို့ သိချင်လို့ပါ...။”

ဟယ်ချန်မှာ မိမိ၏ စကားမှားသွားသည်ကို သတိပြုမိသွားသဖြင့် ရှက်ကိုးရှက်ကန်းဖြင့် အလျင်အမြန် ရှင်းပြလိုက်ရလေသည်။

ကျိန့်ချိုးတုန်းက နှာခေါင်းရှုံ့လိုက်ပြီး ဟယ်ချန်၏ ရှင်းပြချက်ကို ကျေနပ်ပုံမရဘဲ ဆိုလိုက်၏။

“ဟင်း... ဥက္ကဋ္ဌစူး ဟယ်... ခင်ဗျား အနေနဲ့ ‘အချက်လေးချက် မလုပ်ဆောင်ဘဲ နှစ်ချက် တိုက်ရိုက်လုပ် ဆောင်ခြင်း’ ဆိုတဲ့ အသိပေးခြင်းမရှိဘဲ တိုက်ရိုက်ကွင်းဆင်း စစ်ဆေးမှုအကြောင်းကို မသိဘူးလား...။ အကယ်၍ ကျွန်တော်တို့က ကြိုတင် အကြောင်းကြားခဲ့မယ်ဆိုရင် တကယ့် လက်ရှိ အခြေအနေတွေကို မြင်တွေ့နိုင်ပါ့မလား...။”

ဟယ်ချန်က လက်ကို အခါခါ ယမ်းပြလိုက်ရင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ဆိုလိုက်လေသည်။

“အို...၊ မန်နေဂျာကျိန့်... ၊ လူကြီးမင်း ပြောတာ မှန်ပါတယ်...။ ကျွန်တော့်ရဲ့ အတွေးအခေါ်တွေက အရမ်းကို ခေတ်နောက်ကျပြီး ခေါင်းမာနေခဲ့တာပါ...။ ကျွန်တော့်ရဲ့ အမှားကို ဝန်ခံပြီး တောင်းပန်ပါ တယ် ခင်ဗျာ...။”

သူနှင့် ကျိန့်ချိုးတုန်းမှာ ရာထူးချင်း တူညီကြသော်လည်း အမှန်တကယ်တွင်မူ သူ၏ ရာထူးမှာ ပိုမို၍ ဩဇာညောင်းပြီး ဝင်ငွေကောင်းသော နေရာဖြစ်ပေသည်။

သို့သော်လည်း ကျိန့်ချိုးတုန်းမှာ အကြီးအကဲ၏ အနီးကပ် အတိုင်ပင်ခံဖြစ်ပြီး ရာထူးဌာနန္တရများကို ကိုင်တွယ်ရသူ ဖြစ်သည် မဟုတ်ပါလား။ သူသည် ထိုအဆင့်ရှိသူတစ်ဦးကို တိုက်ရိုက် မထိန်းချုပ်နိုင် သော်ငြားလည်း ခေါင်းဆောင်မှာမူ လက်အောက်ငယ်သားများကို စည်းရုံးရန်အတွက် ကျိန့်ချိုးတုန်း၏ အကူအညီကို သေချာပေါက် လိုအပ်ပေသည်။

ထို့ကြောင့်ပင် ဟယ်ချန်မှာ ကျိန့်ချိုးတုန်းအပေါ် အလွန်ပင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေခြင်း ဖြစ် ပေသည်။

စကားအနည်းငယ် ပြောဆိုပြီးနောက်တွင် ဟယ်ချန်၏ အရှိန်အဝါမှာ ပိုမို အားနည်းသွားခဲ့လေပြီ။

၎င်းမှာ တဖြည်းဖြည်း လျော့နည်းလာရာမှ နောက်ဆုံးတွင် လုံးဝ ပြိုလဲသွားခဲ့သည်ဟု ဆိုရပေမည်။

ထိုအခိုက်အတန့်တွင် စူးထိုက်က ဖြည်းညင်းစွာဖြင့် စကားစတင်လိုက်လေ၏။

“ကဲပါ...၊ အားနာစရာ စကားတွေကိုတော့ ခဏ ထားလိုက်ကြပါဦး...။ အားလုံးလည်း ဒီမှာ ရောက်နေ ကြပြီဆိုတော့ အစည်းအဝေးခန်းကို သွားကြတာပေါ့...။ ဝန်ကြီးကျိန့်က အုပ်စုရဲ့ အဆင့်နှစ်ဆင့်လုံး မှာရှိတဲ့ နောက်ဆုံး ရာထူး အပြောင်းအလဲတွေကို ကြေညာပေးပါလိမ့်မယ်...။”

စူးထိုက်၏ အသံမှာ ကျယ်လောင်ခြင်း မရှိသော်လည်း အားအင်အပြည့် ရှိနေခဲ့လေ၏။ သူ၏ စကားလုံး တိုင်းမှာ ငြင်းဆန်၍မရသော အရှိန်အဝါနှင့် အထက်လူကြီးတစ်ဦး၏ ပုံစံကို အပြည့်အဝ ဖော်ပြနေခဲ့ လေသည်။

“ဥက္ကဋ္ဌစူး...၊ ဒီဘက်က ကြွပါ ခင်ဗျာ...။”

ကျိန့်ချိုးတုန်းသည် စူးထိုက်နှင့်အတူ အစည်းအဝေးခန်းဆီသို့ လျှောက်လှမ်းသွားခဲ့လေသည်။

ဟယ်ချန်မှာ ချက်ချင်း လိုက်မသွားသေးဘဲ သူ၏ မျက်နှာမှာ တင်းမာသွားပြီး သူ၏ လက်အောက် ငယ်သားများကို အသံနှိမ့်ကာ ဒေါသတကြီး အော်ဟစ်လိုက်လေ၏။

“ဂိတ်ပေါက်က လုံခြုံရေးတွေ ဘာလုပ်နေကြတာလဲ...၊ ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဘာဖြစ်လို့ သတင်းမပို့ကြတာလဲ...။”*

မည်သူမျှ ထိုစကားကို ပြန်လည် မချေပရဲကြချေ။

သို့သော်လည်း ပါးစပ်ကို ပိတ်ထားရန် လွယ်ကူသော်လည်း စိတ်ကို ပိတ်ထားရန်မှာမူ ခက်ခဲလှပေသည်။

လူအများမှာ စိတ်ထဲမှ ရေရွတ်နေကြသည်မှာ -

*တကယ်ကို ဟာသပဲ...။ ဌာနချုပ်က နံပါတ် (၁) ကားကြီးနဲ့ လာစစ်ဆေးနေတာကို ဂိတ်က လုံခြုံရေး တွေက တားရဲပါ့မလား...။*

*ခင်ဗျားကိုယ်တိုင်က သူတို့ရှေ့မှာ မြေးလေးလို ပြုမူနေပြီးတော့၊ ခင်ဗျားရဲ့ လက်အောက်ငယ်သား တွေကိုတော့ ဘိုးဘိုးကြီးလို လာလုပ်မနေနဲ့ဦး...။*

ဟယ်ချန်မှာ မိမိ၏ ဒေါသကိုသာ ပုံချလိုက်ခြင်းဖြစ်ပြီး အခြား ဘာမှ ထပ်မပြောတော့ဘဲ လူအုပ်ကြီး အား အစည်းအဝေးခန်းသို့ အလျင်အမြန် ပြန်ခေါ်သွားခဲ့လေသည်။

အားလုံး နေရာတကျ ထိုင်ပြီးခါစမှာပင် ပြတ်သားသော ဖုန်းမြည်သံတစ်ခုမှာ တစ်ခန်းလုံးသို့ ပျံ့လွင့်သွား ခဲ့လေ၏။

ဤသို့သော အစည်းအဝေးမျိုးတွင် ဖုန်းများကို ပိတ်ထားရန် သို့မဟုတ် အသံတိတ် ထားရန်မှာ သဘာဝ ပင် ဖြစ်ပေသည်။ အထူးသဖြင့် အမိန့်ထုတ်ပြန်မည့် အစည်းအဝေးဖြစ်သဖြင့် မည်သူ့ဖုန်းမှ မြည်ခြင်း မရှိခဲ့ချေ။

ရွှီပေါ်အန်းမှာ အလွန်ပင် အလောတကြီး ရောက်လာခဲ့ခြင်းဖြစ်သဖြင့် သူ၏ ဖုန်းအသံကို ပိတ်ရန် အချိန် မရလိုက်ခြင်း ဖြစ်ပေသည်။

ထိုရုတ်တရက် ထွက်ပေါ်လာသော အသံမှာ လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့လေတော့၏။

ရွှီပေါ်အန်းမှာ အိုးတိုးအောင့်တိုး ဖြစ်သွားပြီး သူ၏ ဖုန်းကို ထုတ်ယူကြည့်လိုက်ရာ ဖုန်းခေါ်ဆိုသူ အမည် မှာ "ချန်ဖိန်ဖိန်" ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ဖုန်းကို ချက်ချင်း ပိတ်ရန် ပြင်လိုက်လေသည်။

စင်မြင့်ပေါ်တွင် ထိုင်နေသော စူးထိုက်ကမူ ပြုံးလိုက်ပြီး လက်ကာပြကာ ဆိုလိုက်လေ၏။

“အလုပ်က အရေးကြီးပါတယ်...၊ အရင်ဆုံး ဖုန်းဖြေလိုက်ပါဦး...။ အစည်းအဝေး လုပ်တယ်ဆိုတာ ပိုပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက်ပါ...။ အစည်းအဝေးကြောင့် အလုပ်တွေကို အနှောင့် အယှက် မဖြစ်စေသင့်ဘူး မဟုတ်လား...။”

စူးထိုက်၏ ထိုစကားများမှာ ရောက်ရှိနေသူ အားလုံးအား အလွန်ပင် အံ့အားသင့်သွားစေခဲ့ လေတော့သည်။

စူးထိုက်၏ စကားလုံးတိုင်းမှာ ဟယ်ချန်၏ မျက်နှာကို အားရပါးရ ရိုက်နှက်လိုက်သကဲ့သို့ပင် ဖြစ်ချေ တော့၏။

*ဒါဆိုရင် ဒုတိယ အင်ဂျင်နီယာချုပ် ရွှီက အရှိန်အဟုန်နဲ့ ပြန်လာတော့မယ်လို့ ဆိုလိုတာလား...။*

အခန်း (၃၈)

ကံဆိုးရာမှ ကံကောင်းခြင်းဆီသို့

အရာရာမှာ လူတို့၏ ဖန်တီးမှုအပေါ်တွင် မူတည်နေသကဲ့သို့၊ စကားဆိုရာတွင်လည်း လူတို့၏ အာဘော် အပေါ်တွင်သာ မူတည်ပေသည်။

ခုနကတင် ဟယ်ချန်သည် ရွှီပေါ်အန်းအား အလုပ်ပျက်ကွက်မှု၊ အစည်းအဝေး နောက်ကျမှုတို့ဖြင့် စွပ်စွဲ အပြစ်တင်ခဲ့သော်လည်း၊ စူးထိုက်ကမူ ရွှီပေါ်အန်းသည် အလုပ်ပျက်ကွက်ခြင်း မဟုတ်ဘဲ မိမိနှင့်အတူ လုပ်ငန်းကိစ္စများ ဆွေးနွေးရန် သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုလိုက်လေသည်။

ရွှီပေါ်အန်း၏ ဖုန်းမြည်လာသောအခါ၌လည်း ထိုဖုန်းမှာ အဘယ်သူ့ထံမှဖြစ်သည်ကို စူးထိုက် မသိရှိ သော်ငြားလည်း၊ ၎င်းမှာ အလုပ်ကိစ္စအတွက် ဖြစ်ရမည်ဟု ဆိုကာ ရွှီပေါ်အန်းအား အရင်ဆုံး ဖုန်းဖြေရန် ပြောကြားခဲ့လေသည်။ ထိုအချက်အပေါ် မည်သူမျှ ကန့်ကွက်ခြင်း မပြုဝံ့ကြချေ။

ရာထူးအာဏာ ကြီးမားသူက ငယ်သူကို ဖိနှိပ်နိုင်သည်ဟူသော စကားမှာ အမှန်ပင် ဖြစ်၏။ ခေါင်းဆောင် ကိုယ်တိုင်က ရွှီပေါ်အန်းအား အတိအလင်း ကာကွယ်ပေးနေသည်ဖြစ်ရာ အခြားသူများမှာ မည်သို့ တတ် နိုင်ပါမည်နည်း။

ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်းသည်လည်း စူးထိုက်၏ စေတနာကို မငြင်းဆန်နိုင်တော့ချေ။ ဤ အခိုက်အတန့်တွင် ထိုဖုန်းမှာ အနှောင့်အယှက်ပေးသော ဖုန်းတစ်ခု ဖြစ်နေပါစေဦးတော့၊ ရွှီပေါ်အန်း အနေဖြင့် ဖြေကြားရန်သာ ရှိတော့ပေသည်။

ရွှီပေါ်အန်းက ပြုံးလိုက်ရင်း အားနာဟန်ဖြင့်...၊

“တောင်းပန်ပါတယ် ဥက္ကဋ္ဌစူး...။ ကျွန်တော် အပြင်ထွက်ပြီး ဒီဖုန်းကို ခဏလောက် ဖြေလိုက်ပါရစေ...။”

စူးထိုက်က အားရပါးရ ရယ်မောလိုက်ပြီး...၊

“ဟား...၊ သွားလေ...။ မနေ့က မင်း တကယ်ကို ကောင်းကောင်း လုပ်ဆောင်ပေးခဲ့တာပဲ...။”

ရွှီပေါ်အန်း တံခါးအပြင်သို့ လှမ်းထွက်လိုက်သည်နှင့် စူးထိုက်က ဆက်လက်၍ ပြောလိုက်ပြန်၏။

“အစည်းအဝေး မစခင်မှာ ကျွန်တော် သတင်းကောင်းတစ်ခု ကြေညာချင်ပါတယ်...။ အခု ကျွန်တော်တို့ လက်ရှိ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေရဲ့ ငွေကြေးဖိအားကို လျှော့ချနိုင်ဖို့အတွက် ကျန်းကျိုး စီးပွားရေး ဘဏ်ဆီကနေ ယွမ် တစ်ဘီလီယံ ချေးငွေ ရရှိခဲ့ပါပြီ...။”

“ဒါဟာ အသစ်ရရှိထားတဲ့ ကျူချန်းလမ်း မြို့ဟောင်း တည်ဆောက်ရေး စီမံကိန်းအတွက် အလွန်ကိုပဲ အကျိုးရှိစေမှာပါ...။ ဒီငွေတွေနဲ့ဆိုရင် စီမံကိန်း စတင်မယ့် အရှိန်အဟုန်ကိုလည်း ပိုပြီး မြှင့်တင်နိုင်တော့ မှာ ဖြစ်ပါတယ်...။”

“ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြောရရင် ကျွန်တော်တို့ရဲ့ ရဲဘော် ရွှီပေါ်အန်းကို ချီးကျူးရမှာပါ...။ သူက မနေ့က ကျွန်တော်နဲ့အတူ ကုန်သွယ်ရေးကုမ္ပဏီက ဥက္ကဌ လျှိုကို သွားရောက်တွေ့ဆုံခဲ့ပြီး မိုးလင်းခါနီး အထိ အတူရှိနေခဲ့တာပါ...။ ဒီပူးပေါင်းဆောင်ရွက်မှု အောင်မြင်ဖို့အတွက် သူက အများကြီး ကူညီပေး ခဲ့ပါတယ်...။ အမှန်အတိုင်း ပြောရရင် သူ ဒီနေ့ မနက်စောစော ကုမ္ပဏီကို ရောက်လာနိုင်တာကိုတောင် ကျွန်တော် အံ့သြမိတယ်...။”

“ခင်ဗျားတို့ အားလုံး မှတ်ထားရမှာက ကျွန်တော်တို့ဟာ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်...၊ အမြတ်အစွန်း ရရှိဖို့က အဓိကပဲ...။ ရုံးခန်းထဲမှာပဲ ဖြစ်ဖြစ်၊ အစည်းအဝေးခန်းထဲမှာပဲ ဖြစ်ဖြစ်၊ အဆုံး မရှိတဲ့ စာရွက်စာတမ်းတွေနဲ့ အစည်းအဝေးတွေကြားမှာပဲ အချိန်ကုန်နေမယ်ဆိုရင် စီးပွားရေး အကြောင်း ပြောဖို့နေနေသာသာ အမြတ်တောင် ရမှာ မဟုတ်ဘူး...။”

အောက်ခြေရှိ ပရိသတ်များကြားတွင် ဟယ်ချန်၏ မျက်နှာမှာ ပိုမို၍ တည်တင်းလာခဲ့လေသည်။ စူးထိုက်၏ စကားလုံးတိုင်းမှာ သူ ရွှီပေါ်အန်းအပေါ် စွပ်စွဲထားသမျှကို အကုန်လုံး ပယ်ဖျက်လိုက်ခြင်းပင် ဖြစ်၏။

ဤသို့ သိက္ခာချခံရမှုမှာ အလွန်ပင် လျင်မြန်လှသကဲ့သို့ ပြင်းထန်လှပေသည်။

ရွှီပေါ်အန်းက စူးထိုက်နှင့် သိကျွမ်းနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

သို့သော်လည်း အခြေအနေက ဤသို့ ဖြစ်ပျက်သွားမှတော့ မည်သို့ တတ်နိုင်ပါမည်နည်း။

ဟယ်ချန်၏ မျက်နှာမှာ အမျိုးမျိုး ပြောင်းလဲနေပြီး အလွန်ပင် ကြည့်ရဆိုးနေခဲ့လေသည်။ သူသည် မိမိ ၏ လက်အောက်ငယ်သားများ ရှေ့တွင်ပင် အထက်လူကြီး၏ သိက္ခာချခြင်းကို ခံလိုက်ရသဖြင့် မျက်နှာ ပျက်နေခဲ့ရလေပြီ။ အကယ်၍ ဤသို့သာ ဆက်ဖြစ်နေမည်ဆိုပါက သူသည် အဖွဲ့အစည်းကို မည်သို့ ဆက်လက် ဦးဆောင်နိုင်ပါမည်နည်း။

မကြာမီမှာပင် ဟယ်ချန်သည် ထိုကိစ္စကို စိုးရိမ်မနေနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ခဏအကြာ မှာပင် လူ့အရင်းအမြစ်ဌာန မန်နေဂျာကျိန့်ချိုးတုန်းက ရာထူးအပြောင်းအလဲများကို ကြေညာလိုက်ခြင်း ကြောင့် ဖြစ်ပေသည်။

ယခုအခါ သူသည် ဤနေရာကို ဦးဆောင်ရန် အရည်အချင်း မရှိတော့ချေ။

“တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေးရဲ့ အထွေထွေမန်နေဂျာဟောင်း ဟယ်ချန်ကို အုပ်စုရဲ့ မော်ကွန်း တိုက် ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာအပ်ပါတယ်...။”

“တုန်းကျန်း အမှတ် (၁) ဆောက်လုပ်ရေးရဲ့ အထွေထွေမန်နေဂျာဟောင်း ရွှီကျန်းကို တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေးရဲ့ အထွေထွေမန်နေဂျာအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ပါတယ်...။”

“တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေးရဲ့ အင်ဂျင်နီယာချုပ်ဟောင်း လျှိုတုန်းဝမ်ကို အုပ်စုရဲ့ သမိုင်းနှင့် မှတ်တမ်းရုံးရဲ့ ဒုတိယ ညွှန်ကြားရေးမှူး (ညွှန်ကြားရေးမှူး အဆင့်) အဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ပါ တယ်...”

“တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေးရဲ့ ဒုတိယ အင်ဂျင်နီယာချုပ်ဟောင်း ရွှီပေါ်အန်းကို တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေးရဲ့ အင်ဂျင်နီယာချုပ်အဖြစ်လည်းကောင်း၊ ကျူချန်းလမ်း မြို့ဟောင်း တည် ဆောက်ရေး စီမံကိန်းရဲ့ စီမံကိန်းမန်နေဂျာ အဖြစ်လည်းကောင်း ပူးတွဲ တာဝန်ပေးအပ်လိုက်ပါတယ်...။”

ကျိန့်ချိုးတုန်းက ရာထူးခန့်အပ်လွှာနှင့် ဖယ်ရှားလွှာများကို ကြေညာလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခန်းလုံးမှာ ဆူညံသွားခဲ့ပြီးနောက် လက်ခုပ်သံများ ဟုန်းဟုန်းတောက် ထွက်ပေါ်လာခဲ့လေသည်။

လက်ခုပ်သံများ တိတ်ဆိတ်သွားပြီးနောက် ကျိန့်ချိုးတုန်းက ဖြည်းညင်းစွာ ဆက်လက်ပြောကြားလိုက် လေ၏။

“တစ်ချိန်တည်းမှာပဲ တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေးက ရဲဘော် ရွှီပေါ်အန်းဟာ ဒီချေးငွေ ပူးပေါင်းဆောင်ရွက်မှုမှာ ကြီးမားတဲ့ အောင်မြင်မှု ရရှိအောင် ကူညီပေးခဲ့တာကြောင့်၊ ရဲဘော် ရွှီပေါ်အန်း ကို အုပ်စုရဲ့ ဒုတိယ အထွေထွေမန်နေဂျာ အဆင့်အတွက် အရန် ကေဒါ တတ်သိပညာရှင်များ စာရင်းမှာ ထည့်သွင်းထားဖို့ အကြံပြုထားပါတယ်...။”

ဟယ်ချန်သည်လည်း လူအုပ်နှင့်အတူ လက်ခုပ်တီးနေသော်လည်း၊ သူ၏ အံများကို အတင်းကြိတ်ထား သဖြင့် မျက်နှာရှိ အကြောများမှာ ဖုံးကွယ်၍ မရအောင် ပေါ်ထွက်နေခဲ့လေသည်။

လျှိုတုန်းဝမ်၏ မျက်နှာမှာမူ ပြာနှမ်းသွားခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် အမြဲရှိနေတတ်သော အပြုံးများမှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ။

မော်ကွန်းတိုက် ညွှန်ကြားရေးမှူး ဆိုသည်မှာ မည်သို့သော ရာထူးနည်း။

သမိုင်းနှင့် မှတ်တမ်းရုံး ဆိုသည်မှာကော အမှန်တကယ်တွင် ဘာကြီးနည်း။

ဤသည်မှာ မေးခွန်းထုတ်ခြင်း မဟုတ်ဘဲ ဒေါသတကြီး အော်ဟစ်လိုက်ခြင်းပင် ဖြစ်ပေသည်။

သူတို့သည် ဩဇာအာဏာရှိပြီး ဝင်ငွေကောင်းသော နေရာများမှနေ၍ အလုပ်နားချိန်အထိ အေးအေး ဆေးဆေး နေထိုင်ရမည့် ဝင်ငွေနည်းပါးသော ရုံးခန်းများသို့ ပြောင်းရွှေ့ခံလိုက်ရခြင်း ဖြစ်၏။

ဤသို့သော ကွာခြားချက်မှာ လူ့ဘဝ၏ ကြေကွဲစရာ နိမိတ်တစ်ခုပင် ဖြစ်ပေသည်။

သို့သော် ရွှီပေါ်အန်းမှာမူ မည်သို့နည်း။ သူသည် ဒုတိယ အဆင့်မှ ညွှန်ကြားရေးမှူး အဆင့်သို့ ရာထူးတိုး သွားရုံသာမက၊ လူအများ မနာလိုဖြစ်ရသော ကျူချန်းလမ်း မြို့ဟောင်း စီမံကိန်း၏ အကြီးအကဲလည်း ဖြစ်လာခဲ့လေပြီ။

ဤသို့သော စီမံကိန်းမျိုးမှာ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားခြင်း၊ ဘတ်ဂျက် လုံလောက်ခြင်း၊ နေရာ ကောင်းတွင် တည်ရှိခြင်း၊ အလုပ်ချိန် တည်ငြိမ်ခြင်းနှင့် ဘေးအန္တရာယ် ကင်းရှင်းခြင်းတို့ကြောင့် အင်ဂျင်နီယာတိုင်း၏ အိပ်မက် စီမံကိန်းပင် ဖြစ်ပေသည်။

လျှိုဝေ၏ မျက်နှာမှာလည်း ပိုမို၍ ကြည့်ရဆိုးလာခဲ့လေသည်။

ဟယ်ချန်နှင့် လျှိုတုန်းဝမ်တို့မှာ အနည်းဆုံးတော့ ပြောင်းရွှေ့ခံရရုံသာ ရှိသော်လည်း၊ သူမ၏ ဘဝမှာမူ နောင်ကျရင် အတော်လေး ခက်ခဲတော့မည်မှာ အမှန်ပင် ဖြစ်၏။

လွန်ခဲ့သော နှစ်ရက်ခန့်ကမှ တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေး၏ ခေါင်းဆောင်ပိုင်းက ရွှီပေါ်အန်း အား တောင်ပေါ်ရှိ စီမံကိန်းတစ်ခုသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပေသည်။ ထိုစဉ်က သူသည် ဘယ်သော အခါမှ ပြန်လာနိုင်တော့မည် မဟုတ်ဘဲ အလုပ်နားချိန်အထိ ထိုနေရာတွင်သာ နေထိုင်ရတော့မည်ဟု ထင်မှတ်ခဲ့ကြသည် မဟုတ်ပါလား။

ထိုလုပ်ရပ်များတွင် သူမသည်လည်း ရန်လိုသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး မနေ့ကပင် ဒုတိယ အင်ဂျင်နီ ယာချုပ် ရွှီအား သူ၏ ရုံးခန်းမှ ဖယ်ရှားရန်အတွက်ပင် လူလွှတ်၍ အစီအစဉ်များ ပြုလုပ်ခဲ့သေး၏။

ရာထူး မယူရသေးမီမှာပင် အထက်လူကြီးများက ပြောင်းရွှေ့မိန့် ထုတ်ပြန်လိုက်ပြီး နိမ့်ကျသော မြင်းဇောင်းစောင့်လေးအား မြေလျှိုးမိုးပျံနဂါး (မျောက်မင်း) အဖြစ် ရာထူးတိုးပေးလိုက်လိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

*အို...၊ ငါ အတွက်မှားသွားပြီ...။ ဒီတစ်ခါတော့ တကယ်ကို ဒုက္ခရောက်တော့မှာပဲ...။*

တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေး၏ ခေါင်းဆောင်ပိုင်း အဖွဲ့ဝင်ဖြစ်သော ရွှီပေါ်အန်းအား ရာထူးမှ ဖယ်ရှားရန် သို့မဟုတ် ခန့်အပ်ရန်အတွက် သူတို့တွင် ဆုံးဖြတ်ပိုင်ခွင့် မရှိခဲ့ချေ။

သို့သော်လည်း သူတို့သည် သူ့အား အောက်ခြေ ဝန်ထမ်းများကို လမ်းညွှန်ပေးရန်ဟူသော အကြောင်းပြ ချက်ဖြင့် အာဏာမရှိသော နေရာသို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့ကြလေသည်။

သို့သော် ယခုအခါတွင်မူ ရွှီပေါ်အန်းသည် တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေး၏ အင်ဂျင်နီယာချုပ် ဖြစ်လာခဲ့လေပြီ။

၎င်းမှာ အထွေထွေမန်နေဂျာပြီးလျှင် ကုမ္ပဏီ၏ ဒုတိယမြောက် အမြင့်ဆုံး ရာထူးဖြစ်သဖြင့် ကြီးမား သော ဩဇာအာဏာ ရှိပေသည်။

ထို့ပြင် တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေး၏ အကြီးအကဲ အသစ်မှာ ရွှီကျန်း ဖြစ်နေသည် မဟုတ် ပါလား။

အထွေထွေမန်နေဂျာ ရွှီကျန်းသည် အသက်ကြီးနေပြီဖြစ်သဖြင့် အလုပ်နားရန် သုံးလသာ လိုတော့ ကြောင်း လူတိုင်း သိရှိကြပေသည်။

ဤသို့သော အခြေအနေမျိုးတွင် ဒုတိယ ခေါင်းဆောင်ဖြစ်သော အင်ဂျင်နီယာချုပ်မှာ အကြီးအကဲနှင့် တန်းတူသော အာဏာကို ရရှိထားခြင်း ဖြစ်သဖြင့် တကယ်ပင် ဩဇာညောင်းလှပေသည်။

ထျန်ရှောင်ဟူမှာမူ အလွန်ပင် ဝမ်းသာနေခဲ့လေသည်။

သူမသည် လက်ခုပ်များကို အားရပါးရ တီးနေသဖြင့် လက်ဖဝါးများပင် နီရဲနေခဲ့ပြီး ပါးစပ်မှာလည်း နားရွက်ချိတ်မတတ် ပြုံးနေခဲ့လေ၏။

မတတ်နိုင်ချေ။ အခြေအနေများမှာ အဆိုးမှ အကောင်းသို့ ပြောင်းလဲသွားသည့်အပြင် ကြီးမားသော ကောင်းချီးမင်္ဂလာကိုပါ ရရှိလိုက်သည်ဖြစ်ရာ မည်သူက မပျော်ဘဲ နေနိုင်ပါမည်နည်း။

ကုမ္ပဏီသို့ ဝင်ရောက်ပြီးနောက် ထျန်ရှောင်ဟူသည် ရွှီပေါ်အန်း၏ နောက်သို့ အမြဲတမ်း လိုက်ပါလာခဲ့သူ ဖြစ်ပေသည်။

ရွှီပေါ်အန်း စီမံကိန်း၏ အင်ဂျင်နီယာဌာန အကြီးအကဲ ဖြစ်စဉ်က သူမသည် ရွှီပေါ်အန်း၏ လက်အောက် မှ မြေတိုင်းဝန်ထမ်း ဖြစ်ခဲ့လေသည်။

ရွှီပေါ်အန်း ဒုတိယ စီမံကိန်းမန်နေဂျာ ဖြစ်လာသောအခါ သူမသည် မြေတိုင်းကြီးကြပ်ရေးမှူး ဖြစ်လာခဲ့ လေ၏။

ရွှီပေါ်အန်း စီမံကိန်း အင်ဂျင်နီယာချုပ် ဖြစ်လာသောအခါ သူမအား အင်ဂျင်နီယာဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးပေးခဲ့လေသည်။

ရွှီပေါ်အန်း ဒုတိယအဆင့် စီမံကိန်းမန်နေဂျာ ဖြစ်လာသောအခါ သူမအား ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခဲ့လေ၏။

ထိုစဉ်က ထျန်ရှောင်ဟူသည် ကုမ္ပဏီတစ်ခုလုံးတွင် အသက်အငယ်ဆုံး အင်ဂျင်နီယာဌာန အကြီးအကဲ ဖြစ်ပြီး တောက်ပသော အနာဂတ် ရှိနေခဲ့သူ ဖြစ်ပေသည်။

ထို့နောက်တွင်လည်း ရွှီပေါ်အန်းသည် ရာထူးအဆင့်ဆင့် တိုးလာခဲ့ပြီး ယွမ်သန်းပေါင်း ရာနှင့်ချီတန်သော စီမံကိန်းများကို တာဝန်ယူရချိန်တွင် ထျန်ရှောင်ဟူမှာလည်း ရွှီပေါ်အန်း၏ လမ်းညွှန်မှုနှင့် ထောက်ပံ့မှု အောက်တွင် စီမံကိန်း အင်ဂျင်နီယာချုပ် တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့လေသည်။

လူအူမသိ သူမသိ ဆိုသကဲ့သို့ သူတို့နှစ်ဦးမှာ တစ်ဖက်တည်းသားများ ဖြစ်ကြောင်း လူတိုင်း သိရှိကြ ပေသည်။

ထို့ကြောင့် ရွှီပေါ်အန်း အဖယ်ကြဉ်ခံရသောအခါ ထျန်ရှောင်ဟူသည်လည်း ဆိုးရွားသော ထိုးနှက်ချက် များကို ခံစားခဲ့ရသည် မဟုတ်ပါလား။

တစ်နည်းအားဖြင့် ဆိုရလျှင် တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေးကဲ့သို့သော ကုမ္ပဏီများတွင် မော်ကွန်းတိုက် သို့မဟုတ် သမိုင်းနှင့် မှတ်တမ်းရုံးများ မရှိနေခဲ့ခြင်းကြောင့်သာ ဖြစ်ပေသည်။ မဟုတ်ပါ က သူမအား ဓာတ်ခွဲခန်းသို့ ပို့ဆောင်ထားလိမ့်မည် မဟုတ်ချေ။

မိမိ၏ အစ်ကိုကြီးကဲ့သို့သောသူမှာ အရှိန်အဟုန်ဖြင့် ပြန်လာသည်ကို မြင်ရသည်ဖြစ်ရာ ထျန်ရှောင်ဟူ အနေဖြင့် မည်သို့ကြောင့် မပျော်ဘဲ နေနိုင်ပါမည်နည်း။

အစည်းအဝေးခန်း အပြင်ဘက်တွင် ရွှီပေါ်အန်းသည် အတွင်းမှ ထွက်ပေါ်လာသော ဟုန်းဟုန်းတောက် လက်ခုပ်သံများကို ကြားနေရသော်လည်း သူသည် အလွန်အမင်း ပျော်ရွှင်ခြင်း မရှိခဲ့ချေ။

ဖုန်းခေါ်ဆိုသူမှာ ချန်ဖိန်ဖိန် ဖြစ်ပြီး သူမသည် သူ၏ အိမ်ရှေ့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရွှီပေါ်အန်း အား ပြောပြခဲ့လေသည်။

ထိုအခါမှသာ ရွှီပေါ်အန်းသည် ယနေ့တွင် ချန်ဖိန်ဖိန်နှင့်အတူ ဈေးဝယ်ထွက်ရန် မနေ့ညက ချိန်းဆိုထား ခဲ့သည်ကို သတိရလိုက်လေတော့၏။

ယခုမူ သူသည် ကတိဖျက်ရန်မှလွဲ၍ အခြားနည်းလမ်း မရှိတော့ချေ။

ရွှီပေါ်အန်းက အားနာဟန်ဖြင့်...၊

“တောင်းပန်ပါတယ်ဗျာ... ၊ ကုမ္ပဏီမှာ ကိစ္စတစ်ခု ပေါ်လာလို့ ကျွန်တော် ဒီကို ရောက်နေတယ်...။”

ချန်ဖိန်ဖိန်၏ မျက်နှာမှာ တည်သွားပြီး စိတ်အနှောင့်အယှက်ဖြစ်ဟန် ပေါ်ပေါက်လာသော်လည်း၊ သူမ သည် ချက်ချင်းပင် စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ကာ ပြောလိုက်လေသည်။

“ရပါတယ်...၊ အလုပ်က အရေးကြီးတာပဲ...။ ခဏနေရင် ပြန်လာမှာလား...။ တကယ်လို့ ပြန်လာမယ် ဆိုရင် ကျွန်မ စောင့်နေပါ့မယ်...။”

ရွှီပေါ်အန်းက သက်ပြင်းချလိုက်ရင်း...၊

“ပြန်ဖို့ကတော့ မလွယ်လောက်ဘူး ထင်တယ်...။ အထက်က လူကြီးတွေ ကုမ္ပဏီကို ရောက်နေတော့ နေ့လယ်ကျရင် သူတို့ကို ဧည့်ခံရဦးမှာလေ...။”

ချန်ဖိန်ဖိန်က အကြံပြုလိုက်လေသည်။

“ဒါဆိုရင် ဝယ်ဖို့လိုတာတွေကို ကျွန်မကို ပြောပြလိုက်လေ...။ ကျွန်မ သွားဝယ်ပြီး ပြင်ဆင်ထားပေး မယ်...။ ရှင် ပြန်ရောက်တဲ့အခါကျမှ အတူတူ ထုပ်ပိုးကြတာပေါ့...။”

ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်ရင်း...၊

“ဒါဆိုရင်တော့ ဒုက္ခပေးမိပြီ...။ အထူးတလည် ပြောစရာတော့ မရှိပါဘူး...။ မင်း သင့်တော်မယ် ထင်တာ ကိုပဲ ဝယ်လိုက်ပါ...။ ဗီလာက ဘယ်လိုပုံစံလဲဆိုတာ မင်း သိသားပဲ...။ လိုအပ်မယ် ထင်တာတွေကိုပဲ ဝယ်လိုက်ပါဦး...။”

သူတို့နှစ်ဦး ဖုန်းချပြီးနောက် ရွှီပေါ်အန်း အစည်းအဝေးခန်းထဲသို့ ပြန်ဝင်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ စိတ်ထဲ၌ ဘွန်ဆိုင်းအတွင်းမှ လီချိန်းရှီ၏ ဆုတောင်းသံကို ကြားလိုက်ရလေတော့၏။

All Chapters