အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း (၃၅)
ဂျင်းအိုက ပိုစပ်သည်
စူးတုန်းဖော်က တစ်ခါက ပြောခဲ့ဖူးလေသည်။
“တစ်နေ့လျှင် လိုင်ချီးသီး သုံးရာခန့်ကို မဆိုင်းမတွ စားသုံးလိုပါ၏...။”
ဤစကားကို ကြည့်ခြင်းအားဖြင့် ထိုခေတ်ကာလကပင် ချဲ့ကားပြောဆိုမှုများမှာ ခေတ်စားနေခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
တစ်နေ့လျှင် လိုင်ချီးသီး ထိုမျှအထိ စားသုံးမည်ဆိုပါက “လိုင်ချီးရောဂါ” ဖြစ်ပွားနိုင်ကြောင်း ဆရာဝန် က ရွှီပေါ်အန်းအား ပြောပြခဲ့ဖူးလေ၏။
သာမန်လူနားလည်အောင် ပြောရလျှင်မူ ၎င်းမှာ ပြင်းထန်သော သွေးတွင်းသကြားဓာတ် ကျဆင်းမှုပင် ဖြစ်ပေသည်။
၎င်းအကြောင်းကို ဘိုင်တူးတွင် ရှာဖွေကြည့်နိုင်ပြီး အမှန်တကယ်ပင် ယုံကြည်စိတ်ချရသော အချက် အလက် ဖြစ်ပေ၏။
သေချာသည်မှာ ထိုဆရာဝန်ကပင် ဖြေရှင်းနည်းများကို ပြောပြခဲ့လေသည်။ ဂလူးကို့စ် ထိုးဆေးထိုး ခြင်း၊ သကြားရည် သောက်သုံးခြင်းနှင့် သကြားခဲများ စားသုံးခြင်းတို့ကလည်း ဝေဒနာကို သက်သာစေ နိုင်ပေသည်။
ဘွန်ဆိုင်းအတွင်းရှိ လူသားငယ်လေးများမှာ မည်သို့မျှ မတတ်နိုင်ဘဲ ဖြစ်နေသည်ကို မြင်သောအခါ ရွှီပေါ်အန်းမှာ စိတ်ထဲမှ သက်ပြင်းချမိလေ၏။
အခြေအနေက ထိုသို့ဖြစ်နေမှတော့ မျှော်လင့်ချက် မရှိသော်ငြားလည်း ရှိသည့်နည်းဖြင့် စမ်းသပ်ကြည့် ရန်သာ ရှိတော့ပေသည်။
“လီချိန်းရှီ...၊ သူ့ကို စားဖို့ အချိုတစ်ခုခု မြန်မြန်ရှာပေးလိုက်ဦး...။”
ရွှီပေါ်အန်းက ညွှန်ကြားလိုက်လေသည်။
ရွှီပေါ်အန်းသည် မိမိ၏ စိတ်ထဲ၌ လီချိန်းရှီကိုသာ သတ်မှတ်၍ ပြောဆိုလိုက်ခြင်းဖြစ်သဖြင့် လီချိန်းရှီ တစ်ဦးတည်းသာ ရွှီပေါ်အန်း၏ အသံကို ကြားနိုင်လေ၏။
လီချိန်းရှီမှာ ခေတ္တမျှ ကြောင်အသွားပြီးနောက် မျက်နှာတွင် ဝမ်းသာရိပ်များ ယှက်သန်းသွားခဲ့လေသည် ။ သူသည် ဝိုင်းအုံကြည့်နေသော လူများကို တွန်းဖယ်ကာ အပြင်သို့ အပြေးအလွှား ထွက်သွားခဲ့၏။
မကြာမီမှာပင် လီချိန်းရှီသည် သကြားဖြူ တစ်ဆုပ်ကို ယူဆောင်လာခဲ့ပြီး သတိလစ်နေသော ရဲမက်၏ ပါးစပ်အတွင်းသို့ ဘာမှပြောဆိုမနေတော့ဘဲ ထည့်ပေးလိုက်လေတော့သည်။
ရွှီပေါ်အန်းလည်း မနေနိုင်ဘဲ သတိပေးလိုက်ရ၏။
“မင်းကလည်း...၊ နည်းနည်းလောက်ပဲ ထည့်ပေးပါဦး...။”
လီချိန်းရှီက ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ပြီး ကျန်ရှိနေသော သကြားများကို မိမိ၏ ပါးစပ်ထဲသို့ ထည့်လိုက်ကာ လက်ဖဝါးကိုလည်း နှမြောတသစွာ လျက်နေခဲ့လေ၏။
*တကယ် ချိုလိုက်တာ...။*
ထိုမြင်ကွင်းကို မြင်လိုက်ရသော ရွှီပေါ်အန်းမှာ လူသားငယ်လေးများအတွက် သနားဂရုဏာ သက်မိ သွားခဲ့ပြီး စိတ်မကောင်း ဖြစ်သွားရလေသည်။
ထို့နောက်တွင် မိမိ ငယ်စဉ်ကလည်း လက်ဖဝါးပေါ်၌ တစ်စုံတစ်ခုကို တင်ကာ စားခဲ့ဖူးသည်ကို ရုတ်တရက် သတိရသွားခဲ့၏။ သို့သော် ၎င်းမှာ သကြားမဟုတ်ဘဲ အသင့်စား ခေါက်ဆွဲထုပ်ထဲမှ ဟင်းခတ်မှုန့်များသာ ဖြစ်ပေသည်။
ထိုသို့ ပြန်လည်တွေးတောမိသောအခါ မိမိကိုယ်မိမိ ပို၍ပင် သနားစရာကောင်းသည်ဟု ရွှီပေါ်အန်း ခံစားလိုက်ရလေသည်။
“ကျောက်တုံးလေး...၊ မင်း ဘာလုပ်နေတာလဲ...။”
လီခန့်ရှန်းက အော်ဟစ်လိုက်လေ၏။
မိမိ၏ မြေးဖြစ်သူမှာ ထူးဆန်းသော လှုပ်ရှားမှုများကို လုပ်ဆောင်နေသဖြင့် တားဆီးရန်ပင်အချိန် မရ လိုက်ဘဲ ထိုလူငယ်လေးက သကြားတစ်ဆုပ်ကို လူနာ၏ ပါးစပ်ထဲသို့ ထည့်လိုက်ခြင်း ဖြစ်ပေသည်။
လီချိန်းရှီက အံ့အားသင့်စွာဖြင့်...၊
“အဘိုး အဲဒီအသံကို မကြားလိုက်ဘူးလား...။”
လီခန့်ရှန်းမှာ ချက်ချင်းပင် ဇဝေဇဝါ ဖြစ်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
“ငါက ဘာကို ကြားရမှာလဲ...။”
လီချိန်းရှီက အံ့ဩတကြီးဖြင့် ပြောလိုက်လေ၏။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက သူ့ကို အချိုကျွေးဖို့ ကျွန်တော့်ကို ခိုင်းလိုက်တာလေ...။”
“မကြားပါဘူး...၊”
တစ်စုံတစ်ဦးက ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်လေသည်။ အခြားရွာသားများကလည်း မိမိတို့ တစ်စုံတစ်ရာ မကြားရကြောင်း ခေါင်းခါပြကြကုန်၏။
လီချိန်းရှီက အခက်တွေ့နေသော အပြုံးဖြင့် ပြုံးလိုက်ရင်း... “ဒုက္ခပါပဲ...” ဟု စိတ်ထဲမှ ရေရွတ်လိုက်မိ လေသည်။
*နတ်မင်းကြီးက ဒါကို ငါ့ကိုပဲ ပြောပြခဲ့တာ ဖြစ်ရမယ်...။ ငါကတော့ လွှတ်ခနဲ ပြောမိပြန်ပြီ...။*
လီချိန်းရှီမှာ မိမိကိုယ်မိမိ ပါးနှစ်ချက်ခန့် ရိုက်လိုက်ချင်စိတ်ပင် ပေါက်သွားခဲ့လေသည်။
လောင်ကျောင်းဟု ခေါ်သော ရဲမက်မှာမူ လီချိန်းရှီ၏ စကားကို ယုံကြည်ရမလို၊ မယုံကြည်ရမလိုဖြင့် ရင်ထဲ၌ တထိတ်ထိတ် ဖြစ်နေခဲ့လေ၏။
ထိုစဉ်မှာပင် ရွာသားတစ်ဦးက မြေကြီးပေါ်တွင် လဲနေသော ရဲမက်ကို ညွှန်ပြကာ အော်ဟစ်လိုက် လေသည်။
“သူ လှုပ်လာပြီ...။”
ထိုစကားကြောင့် လူတိုင်း၏ အာရုံမှာ လူနာဆီသို့ ရောက်ရှိသွားကြလေတော့သည်။
“ဟေ့... သူ တကယ်ပဲ လှုပ်လာတာပဲ...”
“သူ နိုးလာပြီ... မျက်တောင်တွေ ခတ်နေပြီ...”
လူအုပ်ကြီးမှာ ဆူညံစွာ အော်ဟစ်နေကြစဉ် သတိလစ်နေသော ရဲမက်လေးမှာ ဖြည်းညင်းစွာ ခေါင်းကို လှည့်ကြည့်ကာ တစ်စုံတစ်ရာကို ရှာဖွေနေလေသည်။
လောင်ကျောင်းကို မြင်လိုက်ရသောအခါ သူက မှုန်ဝါးဝါးဖြင့် မေးလိုက်လေ၏။
“ငါ ဘာဖြစ်သွားတာလဲ...။”
လောင်ကျောင်းမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး မည်သို့ ပြန်လည်ဖြေကြားရမည်ကို မသိတော့ချေ။
ခေါင်ရှန်းရွာသားများက သူ့ကို အဆိပ်ခတ်လိုက်သည်ဟု သူ ထင်မြင်ခဲ့မိသော်လည်း ယခုအခါတွင်မူ ထိုသို့မဟုတ်ကြောင်း ထင်ရှားလှပေသည်။ မဟုတ်ပါက အဘယ်ကြောင့် သူ့ကို ပြန်လည်သတိရ လာအောင် လုပ်ဆောင်ပေးပါမည်နည်း။
ရဲမက်လေးသည် မိမိအား ဝိုင်းအုံကြည့်နေသော ရွာသားများကို လှည့်ပတ်ကြည့်ရှုနေသော်လည်း မည်သူမျှတော့ စကားမဆိုကြချေ။
အဘယ်ကြောင့် ဤသို့ ဖြစ်ရသည်ကို မည်သူမျှ မသိရှိကြသကဲ့သို့ မည်သည့် အဖြေမှလည်း ရှိမနေ ခဲ့ပေ။
ရွှီပေါ်အန်းက သက်ပြင်းချလိုက်ပြီး လီချိန်းရှီအား ညွှန်ကြားလိုက်လေသည်။
“သူက တန်လီသီးတွေ အများကြီး စားမိလို့ နေမကောင်းဖြစ်သွားတာလို့ ပြောလိုက်...၊ နောင်ကျရင် ဗိုက်ထဲမှာ အစာမရှိဘဲ တန်လီသီးတွေကို အများကြီး မစားမိဖို့၊ အထူးသဖြင့် မမှည့်သေးတဲ့ အသီး တွေကို မစားဖို့ သူတို့ကို သတိပေးလိုက်ဦး...။”
ရွှီပေါ်အန်းက လီချိန်းရှီ တစ်ဦးတည်းကိုသာ ရည်ရွယ်၍ ပြောဆိုခြင်းဖြစ်သဖြင့် လီချိန်းရှီသာ ထိုစကား များကို ကြားနိုင်လေ၏။
လီချိန်းရှီက ချောင်းတစ်ချက် ဟန့်လိုက်ပြီး နတ်မင်းကြီး၏ စကားကို လေးနက်သော အမူအရာဖြင့် ပြန်လည်ပြောပြရန် ပြင်လိုက်စဉ်မှာပင် လီလောင်ဆန်းက ရုတ်တရက် အေးအေးဆေးဆေးပင် စကား ဖြတ်ပြောလိုက်လေသည်။
“လူကြီးမင်းတို့...၊ အချို့သောအရာတွေကိုတော့ မမေးမြန်းတာက ပိုကောင်းပါလိမ့်မယ်...။ များများ သိလေ ပြဿနာ များများတက်လေပါပဲ...။ ကျွန်တော် ဘာကို ဆိုလိုတာလဲဆိုတာ လူကြီးမင်းတို့ နားလည်မှာပါ...။”
လီခန့်ရှန်း၏ မျက်လုံးများမှာလည်း ဝေ့ဝိုက်သွားခဲ့ပြီး ပြုံးရယ်ကာ ချက်ချင်းပင် ဝင်ရောက်ပြောဆို လိုက်လေ၏။
“မှန်ပါတယ် လူကြီးမင်း...။ ကျွန်တော်တို့ ခေါင်ရှန်းရွာက အခွန်ပေးဆောင်ဖို့အတွက် သေချာပေါက် ပူးပေါင်းဆောင်ရွက်မှာပါ...။ ကျွန်တော်တို့ မျှော်လင့်တာကတော့ လူကြီးမင်းတို့ ဒီနေ့ ခေါင်ရှန်းရွာမှာ မြင်ခဲ့ကြားခဲ့တာတွေကို အပြင်မှာ ပြန်မပြောဖို့ပါပဲ...။ ဒါမှလည်း ဓားပြတွေနဲ့ လူဆိုးတွေ ရောက်မလာ မှာပါ...။ ကျွန်တော်တို့ရွာက သက်ကြီးရွယ်အိုတွေနဲ့ မကျန်းမာတဲ့သူတွေက လူဆိုးတွေရဲ့ ရန်ကို မခုခံနိုင် ကြလို့ပါ...။”
လူကြီးနှစ်ဦးမှာ စကားဖြတ်ပြောလိုက်ကြသဖြင့် လီချိန်းရှီမှာ မျက်နှာပျက်သွားခဲ့ရလေသည်။ နတ်မင်း ကြီး ညွှန်ကြားထားသည့် စကားများကို ဆက်လက်ပြောဆိုသင့်၊ မပြောဆိုသင့်ကို သူ ဝေခွဲမရ ဖြစ်သွားခဲ့ လေ၏။
လီလောင်ဆန်းနှင့် ရွာလူကြီးတို့ ပြောဆိုပုံကို မြင်လိုက်ရသောအခါ ရွှီပေါ်အန်း၏ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့ပြီး လီချိန်းရှီအား ထပ်မံညွှန်ကြားလိုက်လေသည်။
“မင်း ဘာမှ ထပ်ပြောစရာ မလိုတော့ဘူး...၊ စောင့်ကြည့်နေလိုက်ရုံပဲ...။”
ထိုညွှန်ကြားချက်ကို ကြားရသောအခါ လီချိန်းရှီမှာ စိတ်သက်သာရာရသွားပြီး ရဲမက်နှစ်ဦးကို ပြဇာတ် ကြည့်နေသည့်အလား စောင့်ကြည့်နေမိလေတော့သည်။
လောင်ကျောင်းမှာ လူရေလည်လှသော လူတစ်ဦး ဖြစ်ပေသည်။ လီခန့်ရှန်း စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် “နားလည်ပါပြီ” ဟူသော အမူအရာမှာ သူ၏ မျက်နှာထက်တွင် ပေါ်ပေါက်လာခဲ့လေ၏။
သူက အလျင်အမြန်ပင် ပြန်လည်ဖြေလိုက်လေသည်။
“ပြဿနာ မရှိပါဘူး...။ တကယ်တော့ အခွန်ရိက္ခာကိုလည်း ဒီလောက်အထိ အတင်းအကျပ် ကောက်ခံဖို့ မလိုပါဘူး...။ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့်အရ နောက်ထပ် လဝက်လောက် ရွှေ့ဆိုင်းပေးလို့ ရပါတယ်...။ ဒါဆိုရင် ဆုံးရှုံးမှုတွေကိုလည်း တစ်ပုံ ဒါမှမဟုတ် နှစ်ပုံလောက် လျှော့ချပေးလို့ ရမှာပါ...။”
“ကောင်းပါပြီ... လူကြီးမင်းက တကယ်ကို တရားမျှတသူပါပဲ...။ ဒါဆိုရင် ဒီအဘိုးကြီးက ခေါင်ရှန်း ရွာသားတွေကိုယ်စား လူကြီးမင်းကို ကျေးဇူးတင်ပါတယ်...။”
လီခန့်ရှန်းက အခြားရဲမက်လေး၏ စကားဖြတ်ပြောခွင့်ကို ပိတ်ပင်ကာ စကားကို အဆုံးသတ်လိုက် လေ၏။
အခြားရဲမက်လေးမှာ မျက်နှာပျက်နေသော်လည်း ရွာသားများ၏ မျက်နှာများမှာမူ အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
*လဝက်လောက် ရွှေ့ဆိုင်းပေးမယ် ဟုတ်လား...။*
*အစိုးရ အရာရှိတွေက ဘယ်တုန်းက ဒီလောက်အထိ စကားပြောရ လွယ်ကူသွားတာလဲ...။*
ယမန်နှစ်က အခွန်ကောက်ခံစဉ်ကမူ ထိုအချိန်က ရဲမက်မှာ ခုနစ်ရက်၊ ရှစ်ရက်မျှပင် ရက်ရွှေ့ပေးရန် ငြင်းဆန်ခဲ့သည် မဟုတ်ပါလား။
နောက်ဆုံးတွင် ရွာလူကြီး လီခန့်ရှန်းထံမှ တောဝက်သားတစ်ဝက်ကို လက်ခံရရှိပြီးမှသာ မတတ်သာ သကဲ့သို့ ငါးရက်မျှ ရက်ရွှေ့ပေးခဲ့ခြင်း ဖြစ်ပေသည်။
ထို့ပြင် အခွန်လျှော့ပေါ့ပေးရန် ဆိုသည်မှာလည်း လုံးဝ မရှိခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဝေးလံ ခေါင်သီသော တောင်ပေါ်လမ်းများမှာ သွားလာရ ခက်ခဲသဖြင့် ရိက္ခာများ သယ်ယူရာတွင် ပျက်စီးဆုံးရှုံး မှု ရှိနိုင်ကြောင်း အကြောင်းပြကာ အခွန်ကို ပိုမိုတောင်းခံခဲ့ကြသေး၏။
ရွာသားများ၏ ပျော်ရွှင်နေသော အမူအရာများကို မြင်လိုက်ရသောအခါ အခြားရဲမက်လေးမှာ ပိုမို၍ ဒေါသထွက်လာခဲ့လေသည်။ သူသည် အားယူကာ ထရပ်လိုက်ပြီး လောင်ကျောင်း၏ ဘေးသို့ သွားကာ တီးတိုးဖြင့် စိုးရိမ်တကြီး ပြောဆိုလိုက်၏။
“လောင်ကျောင်း...၊ မင်း ဘာတွေ လုပ်နေတာလဲ...။ အခုလို အခွန်တွေ လျှော့ပေးလိုက်ရင် ငါတို့ ညီအစ်ကိုနှစ်ယောက် ဒီလ ငတ်နေတော့မှာပေါ့...။”
လောင်ကျောင်းက အသံတိုးတိုးဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။
“မင်းက ဘာသိလို့လဲ...။ ငွေက အသက်ထက် ပိုအရေးကြီးနေလို့လား...။ မင်းက ပိုက်ဆံပဲ ရှာပြီးတော့ အဲဒီပိုက်ဆံကို မသုံးလိုက်ရဘဲ သေချာချင်တာလား...၊ စကားများမနေနဲ့...။ ငါပြောသလိုပဲ နားထောင် စမ်း...။”
လောင်ကျောင်း၏ ပြင်းထန်သော စကားကြောင့် ရဲမက်လေးမှာ ထိတ်လန့်သွားခဲ့ပြီးနောက် မိမိနှင့် လောင်ကျောင်းမှာ ရွာသားများ၏ ဝိုင်းရံခြင်းကို ခံနေရဆဲဖြစ်ကြောင်း ရုတ်တရက် သတိပြုလိုက်မိ လေသည်။
“ကောင်းပါပြီ...၊ ကောင်းပါပြီ...။ မင်းပြောသလိုပဲ လုပ်ပါ့မယ်...။ ပြန်ရောက်မှပဲ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့...။”
သူက လွယ်လင့်တကူပင် အလျော့ပေးလိုက်လေ၏။ ဤသည်မှာ အခြေအနေအရ လိုက်လျောညီထွေ နေထိုင်တတ်သော ပညာရှိတစ်ဦး၏ အပြုအမူပင် ဖြစ်ပေသည်။
ထိုလူနှစ်ဦးမှာ သူတို့၏ စကားကို မည်သူမျှ မကြားနိုင်ဟု ထင်မှတ်ထားခဲ့ကြလေ၏။
သို့သော်လည်း ရွှီပေါ်အန်းမှာ ဘွန်ဆိုင်းကမ္ဘာအတွင်း၌ ထူးခြားသော စွမ်းအားရှင်တစ်ဦး ဖြစ်နေသည်ကို မူ သူတို့ မသိရှိခဲ့ကြချေ။ ရွှီပေါ်အန်းသည် သူတို့ ပြောဆိုသမျှ စကားလုံးတိုင်းကို အထင်အရှား ကြားနေ ခဲ့ရခြင်း ဖြစ်ပေသည်။
ထိုသို့ ဖြေရှင်းလိုက်ပုံကို မြင်လိုက်ရသောအခါ ဘွန်ဆိုင်းအပြင်ဘက်မှ စောင့်ကြည့်နေသော ရွှီပေါ်အန်း မှာ မသိမသာ ခေါင်းညိတ်မိလေ၏။
ဂျင်းအိုက ပိုစပ်သည် ဆိုသကဲ့သို့ပင်...၊ လီလောင်ဆန်းနှင့် လီခန့်ရှန်းတို့၏ ဟန်ဆောင်မှုမှာ ရဲမက်ကို အမှန်တကယ်ပင် လှည့်ဖြားနိုင်ခဲ့လေပြီ။
အကယ်၍ လီချိန်းရှီအား အမှန်အတိုင်း ပြောခိုင်းခဲ့မည်ဆိုပါက ဤမျှ ကောင်းမွန်သော ရလဒ်ကို ရရှိချင် မှ ရရှိနိုင်ပေလိမ့်မည်။
ဝါရင့်သူကြီးနှစ်ဦးနှင့် နှိုင်းယှဉ်ပါက မိမိ၏ နည်းလမ်းမှာ အတော်ပင် အတွေ့အကြုံ နုနယ်သေးကြောင်း ရွှီပေါ်အန်း ဝန်ခံလိုက်ရလေသည်။
ရွာသားများ၏ နေထိုင်မှုဘဝတွင် အလွန်အကျွံ ဝင်ရောက်စွက်ဖက်နေမည့်အစား အပြင်လူတစ်ဦး အနေဖြင့်သာ သူတို့၏ တိုးတက်မှုကို စောင့်ကြည့်သင့်သည်ဟု သူ ဆုံးဖြတ်လိုက်မိလေ၏။
ဤသို့ လုပ်ဆောင်ခြင်းဖြင့် ရွာသားများ၏ ရှင်သန်နိုင်စွမ်းနှင့် အခြေအနေအရ လိုက်လျောညီထွေ နေထိုင်တတ်သော စွမ်းရည်များကို ပျိုးထောင်ပေးနိုင်မည် ဖြစ်ပေသည်။ မိမိ၏ အမြဲတမ်း ကူညီပေး မှုကြောင့် ရွာသားများမှာ မိမိအပေါ် အလွန်အကျွံ မှီခိုနေသော စိတ်ဓာတ်မျိုး မဝင်လာစေရန်လည်း တားဆီးနိုင်မည် ဖြစ်ချေ၏။
ရွှီပေါ်အန်းသည် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်နေပြီး ရွာသားများ ကျန်းမာစွာ ကြီးထွားဖွံ့ဖြိုးလာစေ ရန်အတွက် မည်သို့ ကူညီပေးရမည်ကို စဉ်းစားနေခဲ့လေသည်။
ထိုစဉ်မှာပင် ဖုန်းမြည်လာခဲ့ပြီး ဖုန်းခေါ်ဆိုသူ အမည်မှာ "ထျန်ရှောင်ဟူ" ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
“လူကြီးမင်း ရွှီ...၊ ဗီဒီယို ကွန်ဖရင့် အစည်းအဝေး စတော့မယ်...။ ဘာဖြစ်လို့ အစည်းအဝေးခန်းကို အခုထိ ရောက်မလာသေးတာလဲ...။”
ထျန်ရှောင်ဟူ၏ အသံမှာ အလွန်ပင် တိုးလှပေသည်။ ၎င်းမှာ အစည်းအဝေးအတွင်း အသံတိုးတိုးဖြင့် စကားပြောဆိုရသည့် အမူအရာပင် ဖြစ်၏။
ရွှီပေါ်အန်းမှာ လုံးဝကို ဝေခွဲမရ ဖြစ်သွားခဲ့လေသည်။
“ဘာအစည်းအဝေးလဲ...၊ ငါလည်း ဘာမှ မသိရပါလား...။”
“ဌာနချုပ် စီအီးအိုက အစည်းအဝေးမှာ အမိန့်ထုတ်ပြန်လိုက်တာလေ...။ မနေ့ညက ရုံးအဖွဲ့က လူကြီးမင်းဆီကို အကြောင်းမကြားဘူးလား...။”
ထိုစကားကို ကြားလိုက်ရသောအခါ ရွှီပေါ်အန်း၏ မျက်နှာမှာ ချက်ချင်းပင် တည်သွားခဲ့လေတော့ သည်။
အခန်း (၃၆)
မျက်နှာဖုံးကို ခွာချခြင်း
တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီကို လူအများက တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေးဟု လည်း ခေါ်ဆိုကြလေ၏။
၎င်းသည် တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ ရာနှုန်းပြည့် ပိုင်ဆိုင်သော လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်ပေသည်။
တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ လက်အောက်တွင် တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေး အပြင် တုန်းကျန်း အမှတ် (၁) ဆောက်လုပ်ရေး၊ တုန်းကျန်း လမ်းနှင့်တံတား လုပ်ငန်း၊ အိမ်ခြံမြေ ကုမ္ပဏီများ နှင့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများကဲ့သို့သော လုပ်ငန်းခွဲများစွာ ရှိနေခဲ့လေသည်။
၎င်းကို တုန်းကျန်းမြို့ ဆောက်လုပ်ရေး အင်ဂျင်နီယာ လောကတွင် ဦးဆောင်နေသော လုပ်ငန်းကြီး တစ်ခုဟု သတ်မှတ်၍ ရနိုင်ပေသည်။
ထျန်ရှောင်ဟူ ပြောဆိုသော “ဌာနချုပ်မှ အကြီးအကဲ” ဆိုသည်မှာ တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ ဥက္ကဋ္ဌကို ဆိုလိုခြင်း ဖြစ်ပေသည်။
တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ ဥက္ကဋ္ဌ အပြောင်းအလဲ ဖြစ်တော့မည်ဟူသော သတင်းမှာ အသစ် အဆန်း မဟုတ်တော့ချေ။
လွန်ခဲ့သော လဝက်ကျော်က တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ ယခင်ဥက္ကဋ္ဌ ဖြစ်သူ ပိုင်ကျန်းပေါ် သည် ကုမ္ပဏီ၏ တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို စစ်ဆေးနေစဉ်အတွင်း အသစ်တူးဖော် ထားသော ရေနုတ်မြောင်းတစ်ခုထဲသို့ မတော်တဆ ပြုတ်ကျသွားခဲ့လေသည်။
ထိုရေနုတ်မြောင်းမှာ အလွန်အမင်း နက်ရှိုင်းခြင်း မရှိသော်ငြားလည်း သူသည် ကံဆိုးစွာဖြင့် ဦးခေါင်းနှင့် အရင် စိုက်ကျသွားခဲ့သဖြင့် ချက်ချင်းပင် သတိလစ်သွားခဲ့ပြီး အရေးပေါ် ကုသရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ ရလေသည်။ ကြားသိရသလောက်ဆိုလျှင် သူသည် အိုင်စီယူ (ICU) ထဲတွင် ရှိနေဆဲ ဖြစ်ပေသည်။
ထိုနေ့မှစ၍ ဥက္ကဋ္ဌ အသစ်ခန့်အပ်မည်ဟူသော ကောလာဟလများမှာ တစ်ခါမျှ မရပ်တန့်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ပိုင်ကျန်းပေါ်၏ ကျန်းမာရေး အခြေအနေမှာ အုပ်စု၏ အကြီးအကဲအဖြစ် ဆက်လက် တာဝန်ယူရန် မဖြစ်နိုင်တော့ခြင်းကြောင့် ဖြစ်ပေသည်။ ထို့ပြင် ဤမျှ ကြီးမားလှသော ကုမ္ပဏီကြီး တစ်ခုမှာလည်း ခေါင်းဆောင်မရှိဘဲ အချိန်ကြာမြင့်စွာ မရပ်တည်နိုင်သည်မှာ အမှန်ပင် ဖြစ်၏။
ရွှီပေါ်အန်းသည် ထိုကောလာဟလများကို အလွန်အမင်း ဂရုမစိုက်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ရာထူးမှာ ထိုအဆင့်နှင့် အလှမ်းဝေးကွာနေသေးခြင်းကြောင့် ဖြစ်ပေသည်။
ထို့ပြင် သူသည် ပိုင်ကျန်းပေါ်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့ချေ။ ပိုင်ကျန်းပေါ်က လုပ်ငန်းခွင်သို့ စစ်ဆေးရန် လာရောက်ချိန်တွင် လက်ဆွဲနှုတ်ဆက်ရုံထက် မပိုခဲ့ပေ။
ဤသို့သော အခြေအနေမျိုးတွင် သူသည် သာမန်အချိန်၌ လူနာထံ သွားရောက်တွေ့ဆုံရန်ပင် အရည် အချင်း မပြည့်မီသဖြင့် ရွှီပေါ်အန်း အနေဖြင့် မလိုအပ်ဘဲ စိုးရိမ်ပူပန်ခြင်း မရှိခဲ့ချေ။
သို့သော်လည်း ရွှီပေါ်အန်းက ဂရုမစိုက်သော်ငြား၊ ဌာနချုပ်မှ အမိန့်ထုတ်ပြန်မည့် ဤမျှ အရေးကြီးသော အစည်းအဝေးကို ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ တက်ရောက်ရန် ပျက်ကွက်ခြင်းမှာ အဖွဲ့အစည်း ၏ စည်းကမ်းကို လေးစားမှု မရှိခြင်းပင် ဖြစ်ပေသည်။
အကယ်၍ ဤကိစ္စကို အတင်းအကျပ် အရေးယူမည်ဆိုပါက ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာ နိုင်ပေသည်။
ရွှီပေါ်အန်းသည် မိမိကိုယ်မိမိ သေသပ်အောင် ပြင်ဆင်ရန်ပင် အချိန်မရတော့ချေ။ သူသည် အဝတ် အစားကို အလျင်အမြန် လဲလှယ်ဝတ်ဆင်ကာ ကုမ္ပဏီသို့ တိုက်ရိုက် မောင်းနှင်သွားခဲ့ရင်း ဤကိစ္စကို စဉ်းစားနေမိလေသည်။
ရုံးအဖွဲ့ဆိုသည်မှာ အစည်းအဝေး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရသော ဌာနတစ်ခု ဖြစ်ပေသည်။ ဤ မျှ အရေးကြီးသော အစည်းအဝေးသို့ ဒုတိယ အင်ဂျင်နီယာချုပ်ဖြစ်ပြီး ကုမ္ပဏီ၏ ခေါင်းဆောင်ပိုင်း အဖွဲ့ဝင်တစ်ဦးဖြစ်သော မိမိအား အကြောင်းမကြားခဲ့ခြင်းမှာ မယုံကြည်နိုင်စရာပင် ဖြစ်၏။
အသေးအဖွဲအဆင့်တွင်မူ ဤသည်မှာ ကျွမ်းကျင်မှုဆိုင်ရာ ကျင့်ဝတ် သိက္ခာ ကင်းမဲ့ခြင်းနှင့် အခြေခံ လုပ်ငန်းစွမ်းဆောင်ရည် အားနည်းခြင်းကို ဖော်ပြနေခဲ့လေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင်မူ ဤသည်မှာ ပြင်းထန်သော လုပ်ငန်းအမှားတစ်ခုပင် ဖြစ်ပေသည်။
ရုံးအဖွဲ့ မန်နေဂျာကို စည်းကမ်းပိုင်းဆိုင်ရာ သတိပေးချက် ထုတ်ပြန်မည်ဆိုပါက အလွန်အကျွံ လုပ်ဆောင်ခြင်း မဟုတ်ချေ။
စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခြင်း ခံရသည်မှာ တစ်နှစ်ပတ်လုံး၏ ဆုလာဘ်များနှင့် ဂုဏ်ပြု ချီးမြှင့် မှုများအားလုံးကို ဆုံးရှုံးရခြင်း၊ ရာထူးတိုးခြင်းများ ရက်ရွှေ့ဆိုင်းခံရခြင်းနှင့် နှစ်ကုန် ဘောနပ်စ်များကို လည်း ဆုံးရှုံးရခြင်းကို ဆိုလိုခြင်း ဖြစ်ပေသည်။
အကြမ်းဖျင်း ခန့်မှန်းချက်အရ စီးပွားရေးအရ ဆုံးရှုံးမှုမှာ ယွမ် တစ်သိန်းခန့် ရှိနိုင်ပေသည်။ ထို့ပြင် ရုံးအဖွဲ့ကို လက်ရှိတွင် ဒုတိယ ညွှန်ကြားရေးမှူးက ယာယီ တာဝန်ယူထားပြီး သူမသည်လည်း ရာထူး တိုးရန်အတွက် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသူ ဖြစ်ပေသည်။
ထိုသို့ တွေးတောမိသောအခါ ရွှီပေါ်အန်း၏ ခေါင်းထဲတွင် ကုမ္ပဏီ ရုံးအဖွဲ့ကို တာဝန်ယူထားသော ဒုတိယ ညွှန်ကြားရေးမှူး လျှိုဝေ၏ ပုံရိပ်က ပေါ်လာခဲ့လေသည်။
ဤမျှ ပါးနပ်လှသော အမျိုးသမီးက ဤသို့သော အခြေခံ အမှားမျိုးကို မည်သို့ကြောင့် လုပ်ဆောင်ပါ မည်နည်း။
မဖြစ်နိုင်ချေ...၊ လုံးဝ မဖြစ်နိုင်ချေ...။
ရလဒ်မှာ ထင်ရှားလှပေသည်။
ဤသည်မှာ တစ်စုံတစ်ဦးက မိမိအား ဒုက္ခပေးရန်အတွက် တမင်တကာ စီစဉ်ခိုင်းထားခြင်းသာ ဖြစ်ရ ပေမည်။
ဌာနချုပ်မှ အသစ်ခန့်အပ်လိုက်သော အကြီးအကဲ၏ ပထမဦးဆုံး လူထုရှေ့သို့ ထွက်ပေါ်လာသော အစည်းအဝေးတွင် လက်အောက်ခံ ကုမ္ပဏီတစ်ခု၏ ဒုတိယ အင်ဂျင်နီယာချုပ်က ခွင့်မဲ့ ပျက်ကွက်နေခဲ့ လေသည်။
ဤဆိုးရွားလှသော အခြေအနေမှာ ရှေးခေတ်ကာလက ဧကရာဇ်အသစ် နန်းတက်ပွဲတွင် အမတ်များက ညီလာခံ တက်ရောက်ရန် ငြင်းဆန်သည်နှင့်ပင် တူနေခဲ့လေပြီ။
ဤသည်မှာ ရွှီပေါ်အန်းအတွက် ထောင်ချောက်ဆင်လိုက်ခြင်းပင် ဖြစ်ပေသည်။
ထိုသို့ တွေးတောလိုက်မိသောအခါ ရွှီပေါ်အန်းမှာ ဒေါသထွက်ထွက်ဖြင့် ကားစတီယာရင်ကို လက်သီး ဖြင့် ထိုးလိုက်မိရာ ကြီးမားသော ပစ်ကပ်ကားကြီးမှာ ရှေ့ရှိ မီးနီကို စိန်ခေါ်နေသည့်အလား ပြင်းထန် သော အော်ဟစ်သံကို ထုတ်လွှင့်လိုက်လေတော့၏။
ရွှီပေါ်အန်းသည် အတတ်နိုင်ဆုံး အမြန်ဆုံး မောင်းနှင်လာခဲ့သော်လည်း ကုမ္ပဏီသို့ ရောက်ရှိချိန်တွင်မူ နောက်ကျနေခဲ့ပြီ ဖြစ်ပေသည်။
ရွှီပေါ်အန်းသည် ကုမ္ပဏီ၏ ရုံးအဆောက်အအုံအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အလယ်အလတ်နှင့် အဆင့်မြင့် မန်နေဂျာများနှင့် ခေါင်းဆောင်များမှာ ဗီဒီယို ကွန်ဖရင့် အစည်းအဝေးခန်းအတွင်းမှ တစ်သုတ်ပြီးတစ်သုတ် ထွက်လာကြသည်ကို မြင်လိုက်ရလေတော့သည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူများမှာ သေချာပေါက် ကုမ္ပဏီ၏ အကြီးအကဲများ ဖြစ်ကြကုန်၏။ အထွေထွေ မန်နေဂျာ ဟယ်ချန်နှင့် အင်ဂျင်နီယာချုပ် လျှိုတုန်းဝမ်တို့မှာ ရှေ့ဆုံးမှ တည်ငြိမ်စွာ လျှောက်လှမ်းလာ ကြလေသည်။
အခြားသူများမှာလည်း သူတို့၏ နောက်မှ ကပ်လျက် လိုက်ပါလာကြပြီး မည်သူမျှ ကျော်တက်ခြင်း မပြုရဲကြချေ။
ထိုလူကြီးနှစ်ဦးမှာ စကားတပြောပြောနှင့် လျှောက်လှမ်းလာကြလေသည်။
ရွှီပေါ်အန်း ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ထိုအကြီးအကဲ နှစ်ဦးမှာ တစ်ပြိုင်နက်တည်း ခြေလှမ်းများကို ရပ်တန့်လိုက်ကြလေ၏။
“ဒုတိယ အင်ဂျင်နီယာချုပ် ရွှီ...၊ ခင်ဗျား ဘာတွေ ဖြစ်နေတာလဲ...။ ဒီလောက် အရေးကြီးတဲ့ အစည်း အဝေးကို ခင်ဗျား ဘယ်လိုတောင် ပျက်ကွက်ရဲတာလဲ...။”
“ဒီအပြုအမူက ဘယ်လောက်အထိ ဆိုးရွားတယ်ဆိုတာ ခင်ဗျား သိရဲ့လား...။ ခင်ဗျားက ကုမ္ပဏီ ခေါင်းဆောင်ပိုင်း အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီးတော့ ကုမ္ပဏီရဲ့ စည်းကမ်းကို အတိအလင်း ချိုးဖောက်နေ တာပဲ...။”
“အထက်က လူကြီးတွေက ကျွန်တော်တို့ကို ဘယ်လို မြင်သွားကြမလဲ... ။ခင်ဗျားက တုန်းကျန်း အမှတ် (၂) ဆောက်လုပ်ရေး တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေနေတာပဲ...။ ခင်ဗျား သိရဲ့လား...။”
အထွေထွေမန်နေဂျာ ဟယ်ချန်က အေးစက်သော မျက်နှာထားဖြင့် ပြင်းထန်လှသော စကားများကို ပြောဆိုလိုက်လေသည်။
ခေါင်းဆောင်နှစ်ဦးမှာ ရှေ့တွင် ရပ်တန့်နေခဲ့သဖြင့် အစည်းအဝေးခန်းအတွင်းမှ ထွက်လာသော အခြား သူများမှာလည်း သူတို့ကို ကျော်ဖြတ်သွားရန် မသင့်တော်လှချေ။
ထို့ကြောင့် ထိုနှစ်ဦး ရပ်တန့်လိုက်သည်နှင့် ကုမ္ပဏီ၏ အလယ်အလတ်နှင့် အဆင့်မြင့် မန်နေဂျာများ အားလုံးမှာ စင်္ကြံလမ်းလေးအတွင်း၌ စုပြုံသွားကြလေတော့သည်။
ရွှီပေါ်အန်းမှာ လူတိုင်း၏ ဝိုင်းရံကြည့်ရှုခြင်းကို ခံနေရသော မျောက်တစ်ကောင်ကဲ့သို့ အလွန်ပင် သိက္ခာ ကျနေခဲ့လေပြီဖြစ်၏။
ရွှီပေါ်အန်း၏ အကြည့်မှာ လူအုပ်ကြီးကို ကျော်လွန်ကာ မလှမ်းမကမ်းတွင် ရှိနေသော ရုံးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး လျှိုဝေထံသို့ ရောက်ရှိသွားခဲ့လေသည်။
လျှိုဝေမှာ ရွှီပေါ်အန်းက သူမအား မေးခွန်းထုတ်လိမ့်မည်ဟု မျှော်လင့်ထားပုံရပြီး အပြစ်ရှိစိတ်ဖြင့် ခေါင်းကို ချက်ချင်း ငုံ့လိုက်လေ၏။
အကယ်၍ ဤကိစ္စကို အမှန်တကယ် စစ်ဆေးမည်ဆိုပါက သူမတွင်လည်း တာဝန်ရှိပေသည်။ သူမတွင် မည်မျှပင် ခိုင်မာသော အဆက်အသွယ်နှင့် အရှိန်အဝါ ရှိနေပါစေ၊ ဤအရာမှာ ရှောင်လွှဲ၍ မရနိုင်သော အရာ ဖြစ်၏။
ရွှီပေါ်အန်းမှာ တစ်စုံတစ်ရာ စကားမဆိုခဲ့ချေ။
သူသည် အမှန်တရားကို သိရှိနေသော်လည်း ယခုအချိန်တွင် အတင်းအကျပ် စစ်ဆေးမေးမြန်းနေရန် မလိုအပ်တော့ချေ။
တစ်စုံတစ်ဦးက တမင်တကာ ထောင်ချောက်ဆင်ထားသည်ဆိုလျှင် အခြားတစ်ဖက်မှလည်း သေချာ ပေါက် တုံ့ပြန်ရန် ပြင်ဆင်ထားကြမည်မှာ အမှန်ပင် ဖြစ်၏။
အကယ်၍ သူတို့ကို အဖြေတောင်းနေမည်ဆိုပါက သူတို့ဘက်မှ ပြင်ဆင်ထားသော အကြောင်းပြချက် များဖြင့် ပြန်လည် ချေပလာကြမည်မှာ သေချာလှပေသည်။
သို့သော်လည်း ရွှီပေါ်အန်းက မမေးမြန်းသော်ငြား၊ ဘေးတွင် ရပ်နေသော ထျန်ရှောင်ဟူမှာမူ ဆက်လက် သည်းမခံနိုင်တော့ချေ။
ထျန်ရှောင်ဟူက ရှေ့သို့ လှမ်းတက်လိုက်ပြီး လျှိုဝေအား မေးခွန်းထုတ်လိုက်လေသည်။
“ဒုတိယ ညွှန်ကြားရေးမှူး လျှို...၊ ကျွန်တော် အခုလေးတင် ဒုတိယခေါင်းဆောင် ရွှီဆီကို ဖုန်းဆက်တဲ့ အချိန်မှာ သူက ဒီနေ့ အရေးကြီးတဲ့ အစည်းအဝေးရှိမှန်းတောင် မသိဘူးဗျ...။ ခင်ဗျား အနေနဲ့ အစည်း အဝေး အစီအစဉ် တွေကို သူ့ဆီ ကြိုပြီး အကြောင်းမကြားခဲ့တာတော့ မဟုတ်ပါဘူးနော်...။”
ရွှီပေါ်အန်း သက်ပြင်းချလိုက်မိလေသည်။
ထျန်ရှောင်ဟူသည် ငယ်ရွယ်လွန်းသေးသဖြင့် သူ၏ မေးခွန်းထုတ်မှုက အခြားတစ်ဖက်အား ပြင်ဆင် ထားသော အကြောင်းပြချက်ကို တည်ငြိမ်စွာ ပြောဆိုနိုင်ရန်အတွက် အခွင့်အရေး ပေးလိုက်သကဲ့သို့ ဖြစ်နေခဲ့လေပြီ။
*ဒါက ငါ့အတွက် ပိုပြီး နက်ရှိုင်းတဲ့ ကျင်းတစ်ခုကို စောင့်ကြိုနေစေတာပဲ...။*
မျှော်လင့်ထားသည့်အတိုင်းပင် လျှိုဝေသည် ထျန်ရှောင်ဟူအား တစ်ချက် ကြည့်လိုက်သော်လည်း ၎င်း အား လုံးဝ ဂရုမစိုက်ဘဲ ထားလိုက်လေ၏။
ထို့နောက် သူမသည် ရွှီပေါ်အန်းဘက်သို့ ယဉ်ကျေးသော အမူအရာဖြင့် လှည့်ကြည့်ကာ ဆိုလိုက်လေ သည်။
“တောင်းပန်ပါတယ် ဒုတိယခေါင်းဆောင် ရွှီ...။ ကျွန်မ အစည်းအဝေး အကြောင်းကြားစာကို တစ်ယောက်ယောက် ဆီကနေတစ်ဆင့် ပို့ခိုင်းခဲ့ပေမဲ့ လူကြီးမင်းရဲ့ ရုံးခန်းမှာ ဘယ်သူမှ ရှိမနေခဲ့လို့ပါ...။”
ခေတ္တမျှ ရပ်နားလိုက်ပြီး ရွှီပေါ်အန်းက တစ်စုံတစ်ရာ ရှင်းပြလိုဟန် မရှိသည်ကို မြင်သောအခါ လျှိုဝေ က ဆက်ပြောလိုက်ပြန်၏။
“ကျွန်မ မနေ့ညက လူကြီးမင်းဆီကို ဖုန်းဆက်ပြီး အကြောင်းကြားဖို့ စီစဉ်ထားခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ ပဲ အဲဒီညက အရေးကြီးတဲ့ ဧည့်ခံပွဲတစ်ခု တက်ခဲ့ရပြီး အနည်းငယ် မူးသွားလို့ မေ့သွားခဲ့တာပါ...။ ကျွန်မ ဥက္ကဋ္ဌ ဟယ်နဲ့ ဥက္ကဋ္ဌလျှို တို့ကိုလည်း ကျွန်မရဲ့ အမှားကို ဝန်ခံထားပြီးပါပြီ...။ တကယ်ကို တောင်းပန် ပါတယ်...။”
စကားပြောရင်း လျှိုဝေသည် ရွှီပေါ်အန်းအား လေးလေးနက်နက်ပင် ဦးညွှတ်ကာ တောင်းပန်လိုက် လေ၏။ ၎င်းမှာ အလွန်ပင် ယဉ်ကျေးပျူငှာလှသော ပြဇာတ်တစ်ခုပင် ဖြစ်ပေသည်။
ဟယ်ချန်၏ မျက်နှာမှာ အေးစက်သွားပြီး ပြင်းထန်စွာ ဆိုလိုက်လေ၏။
“အင်း...၊ ရွှီ...၊ ခင်ဗျား မနေ့က တစ်နေကုန် ရုံးကို မလာခဲ့ဘူး မဟုတ်လား...။ ကျွန်တော် သိသလောက် ဆိုရင် ခင်ဗျားမှာ ဘာဧည့်ခံပွဲ ဒါမှမဟုတ် ဆက်ဆံရေး လုပ်ငန်းတွေမှလည်း မရှိဘူး မဟုတ်လား...။”
“ ရွှီပေါ်အန်း...၊ ခင်ဗျားကတော့ လွန်လွန်းနေပြီ...။ ဒါက အတိအလင်း အလုပ်ပျက်ကွက်လိုက်တာပဲ...။ ခင်ဗျားမှာ ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်သိစိတ်ရော ရှိရဲ့လား...။ ဝန်ထမ်းတွေက ခင်ဗျားကို ဘယ်လို မြင်ကြမလဲ...။ ခေါင်းဆောင်ကိုယ်တိုင်က အလုပ်ပျက်ကွက်ဖို့အတွက် အရှေ့ကနေ ဦးဆောင် ပြနေတာလား...။”
ရွှီပေါ်အန်းမှာ မည်သည့် ရှင်းပြချက်မျှ မပေးခဲ့ချေ။
ဤကိစ္စအတွက် ငြင်းခုံနေရခြင်းမှာ အကျိုးမရှိလှချေ။
အင်ဂျင်နီယာ လုပ်ငန်းခွင်တွင် လုပ်ကိုင်ဖူးသူတိုင်းသည် ဤလောက၌ ပုံသေ အလုပ်ချိန် ဆိုသည်မှာ မရှိ ကြောင်း သိရှိကြပေသည်။
အခြေခံ လုပ်ငန်းခွင် ဌာနများကို ထားလိုက်ဦး၊ ကုမ္ပဏီ ဌာနချုပ်တွင်ပင် ဘဏ္ဍာရေးနှင့် လူ့အရင်းအမြစ် ဌာနကဲ့သို့သော သီးသန့် ရာထူးများမှလွဲ၍ ကျန်ရှိသော ဌာနများမှာ လုပ်ငန်းခွင် စစ်ဆေးခြင်း၊ အပြင်လူ များနှင့် ဆက်ဆံညှိနှိုင်းခြင်း လုပ်ငန်းများ ရှိနေသဖြင့် ရုံးခန်းတွင် တစ်နေကုန် ရှိနေရန်မှာ မဖြစ်နိုင်ချေ။
ဒုတိယခေါင်းဆောင်နှင့် အထက် ရာထူးရှိသော ကုမ္ပဏီ ခေါင်းဆောင်ပိုင်းများအတွက်မူ ပြောနေရန်ပင် မလိုတော့ ချေ။
အင်ဂျင်နီယာ လောကအပြင် အခြားသော လုပ်ငန်းများတွင်လည်း မည်သည့် ခေါင်းဆောင်က ပုံမှန် အလုပ်ချိန်အတိုင်း လုပ်ကိုင်ပါသနည်း။
အစည်းအဝေးများ တက်ရောက်ခြင်း၊ သွားရောက် လေ့လာသင်ယူခြင်း၊ လုပ်ငန်းဖော်များနှင့် ဆက်သွယ်ခြင်းနှင့် အထက်လူကြီးများနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းတို့မှာ ခိုင်လုံသော အကြောင်းပြချက်များ ဖြစ်ကြကုန်၏။
မိသားစုနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဖြေရှင်းခြင်းမှာပင် ခေါင်းဆောင်၏ အားအင်များကို ချွေတာရာ ရောက်သဖြင့် လုပ်ငန်းကို ပိုမို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
သို့သော်လည်း အရာရာတိုင်းကို ပွင့်ပွင့်လင်းလင်း ပြောဆို၍ မရနိုင်ချေ။ ဤသည်မှာ လူတိုင်း လက်ခံ ထားသော လျှို့ဝှက်စည်းမျဉ်းများပင် ဖြစ်ပေသည်။
သို့သော် တစ်ဖက်လူက ဆက်ဆံရေးကို ဖြတ်တောက်ပြီး ဤကိစ္စကို အတင်းအကျပ် အရေးယူလာ ပြီဆိုလျှင် မိမိ ပြင်ဆင်ထားသော အကြောင်းပြချက် မှန်သမျှကို သူတို့က ပိတ်ပင်ထားပြီဟု ဆိုလိုခြင်း ဖြစ်ပေသည်။
ရွှီပေါ်အန်းက လှောင်ပြုံးပြုံးလိုက်ရင်း ဟယ်ချန်နှင့် လျှိုတုန်းဝမ်တို့ကို မည်သည့် ကြောက်ရွံ့မှုမျှ မရှိဘဲ စိုက်ကြည့်လိုက်လေ၏။
ယခင်ကဆိုလျှင် ရွှီပေါ်အန်းသည် ဤသို့သော အခြေအနေမျိုးတွင် ခေါင်းငုံ့ကာ တိတ်တဆိတ် သည်းခံ နေမည်မှာ အမှန်ပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ရာထူးမှာလည်း ရှိနေပြီး အထက်လူကြီးများ၏ ဩဇာမှာလည်း ကြီးမားလှ သည် မဟုတ်ပါလား။
သို့သော် ယခုအချိန်တွင်မူ သူသည် ယွမ်သန်းပေါင်းများစွာ တန်ဖိုးရှိသော ပိုင်ဆိုင်မှုများ ရှိနေသည့် အပြင် ဘွန်ဆိုင်းကမ္ဘာ ဟူသော အဖိုးမဖြတ်နိုင်သည့် ရတနာသိုက်ကြီးကိုလည်း ပိုင်ဆိုင်ထားသဖြင့် သူ၏ စိတ်ဓာတ်မှာ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
အဓိက ကွာခြားချက်မှာ မိမိကိုယ်မိမိ ယုံကြည်မှုပင် ဖြစ်ပေသည်။ ၎င်းမှာ မိမိအားကိုးရာ အစစ်အမှန် စွမ်းအားပင် ဖြစ်၏။
ရွှီပေါ်အန်းသည် ဒေါသတကြီး ဖြစ်နေသော ဟယ်ချန်ကို အေးစက်သော မျက်နှာထားဖြင့် ကြည့်လိုက် ရင်း ရန်ပွဲကို မည်သို့ စတင်ရမည်နည်းဟု တွေးတောနေမိလေသည်။
ထိုစဉ်မှာပင် နူးညံ့သိမ်မွေ့သော အသံတစ်သံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။
“အို...၊ ကျွန်တော် ရှင်းပြပါရစေ...။ ရွှီပေါ်အန်းက မနေ့က အလုပ်ကိုပျက်ကွက်ခဲ့တာ မဟုတ်ပါဘူး...။ ဘဏ်က လူကြီးတွေနဲ့ လုပ်ငန်းအကြောင်း ဆွေးနွေးဖို့အတွက် ကျွန်တော်နဲ့အတူ သွားခဲ့တာပါ...။ သူက တကယ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပေးခဲ့ပါတယ်...။”
လူတိုင်းသည် ထိုအသံထွက်ပေါ်လာရာ ဘက်သို့ လှည့်ကြည့်လိုက်ကြပြီးနောက် အံ့အားသင့်သွားကြ လေတော့၏။
ပတ်ဝန်းကျင် တစ်ခုလုံးမှာလည်း ရုတ်တရက် ဆူညံသွားခဲ့လေပြီ။