အခန်း (၁၈၁-၁၈၂)
Vol. 19+20 Ch. 181-182
အခန်း ၁၈၁ - နိုးထလိုသော ဆန္ဒ
"ဘာလို့လဲဆိုတော့ စခန်းပိုင်ရှင်က ဒါကို ကြိုသိနေမှာ အသေအချာပဲမို့လို့ပေါ့"
ကိုင်လ်က လေသံနှိမ့်နှိမ့်ဖြင့် ပြောလိုက်သည်။
"ဘယ်သူမှ မလုပ်ရဲကြဘူးဆိုတာက ပိုင်ရှင်ကိုယ်တိုင်က တားမြစ်ထားလို့ ဒါမှမဟုတ် မဖြစ်နိုင်အောင် စီစဉ်ထားလို့ပဲ ဖြစ်ရမယ် စဉ်းစားကြည့်စမ်း ဂျန်နာ၊ အစားအသောက်တွေကို ပြန်ရောင်းဖို့ ငါတို့ပဲ အရင်ဆုံး တွေးမိတာလို့ မင်း တကယ်ယုံနေတာလား"
ဂျန်နာသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။ ပြန်လည်ငြင်းဆန်ချင်သော်လည်း ကိုင်လ်၏ စကားများမှာ မှန်ကန်ကြောင်း သူမအတွင်းစိတ်က သိနေသည်။ လူတိုင်း အသက်ရှင်သန်ဖို့ ရုန်းကန်နေရသည့် ဤကမ္ဘာပျက်ကပ်ကြီးတွင် သူမကဲ့သို့သော အတွေးမျိုးသည် ဆန်းကြယ်သည့်အရာ မဟုတ်ပေ။ အခြားသူများလည်း တွေးမိကြမည်မှာ အမှန်ပင်၊ သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ လက်တွေ့ မလုပ်ဆောင်ရဲကြခြင်းသာ ဖြစ်သည်။
"ဒါဆို သူတို့ကို ဘာက တားထားတာလဲ"
သူမ၏ စိမ်းဖန့်ဖန့် မျက်ဝန်းများတွင် သံသယများဖြင့် ဝေဝါးနေပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"ကြောက်ရွံ့မှုပေါ့" ကိုင်လ်က ပွင့်ပွင့်လင်းလင်းပင် ပြောချသည် "ဒီစခန်းက သာမန်မဟုတ်ဘူးဆိုတာ မင်းလည်း မြင်သားပဲ ဇမ်ဘီတွေတောင် မဝင်ရဲကြဘူးလေ မင်းအတွက် အဲဒါက ထူးဆန်းမနေဘူးလား"
ထိုခြောက်ခြားဖွယ် မြင်ကွင်းကို ပြန်လည်အမှတ်ရမိသောအခါ ဂျန်နာ၏ ပုခုံးများ တုန်ရင်သွားသည်။ ဟုတ်သည်၊ စခန်းတံခါးများမှာ အမြဲပွင့်နေသော်လည်း ဇမ်ဘီများမှာ အနားသို့ ဖြတ်လျှောက်သွားရုံသာ ရှိပြီး စခန်းထဲသို့ ခြေတစ်လှမ်းမျှ မချရဲကြချေ။ ယခင်က သူမ ဂရုမထားမိခဲ့သော်လည်း ယခု ကိုင်လ်၏ စကားများကြောင့် စိုးရိမ်စိတ်များမှာ သူမ၏ ရင်ထဲတွင် အမြစ်တွယ်သွားတော့သည်။
"ဖြစ်နိုင်တာက ပိုင်ရှင်က အရာအားလုံးကို စောင့်ကြည့်နေတာလည်း ဖြစ်နိုင်တယ်။ ဘယ်သူက စည်းကျော်မလဲဆိုတာကို ကြည့်နေတာလေ"
ကိုင်လ်က ခေတ္တမျှ ရပ်ပြီး ထပ်ပြောလိုက်သည်။ အခန်းတွင်း၌ တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားသည်။ ဂျန်နာသည် သူမ၏ လောဘစိတ်နှင့် ကြောက်ရွံ့မှုတို့ကြားတွင် ဗျာများနေပြီး အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။ ချမ်းသာကြွယ်ဝမှု၊ အပြစ်ရှိစိတ်မှ ကင်းဝေးခြင်းနှင့် ကိုင်လ်ကို သွေးထွက်သံယို မဖြစ်စေလိုသော ဘဝမျိုးကို သူမ လိုချင်သည်။ သို့သော် ကိုင်လ် ပြောသကဲ့သို့သာ ဆိုလျှင် ခြေတစ်လှမ်း အမှားသည် ဘေးဒုက္ခကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ သို့တိုင်အောင် သူမ၏ နှလုံးသားက ဤအကြံအစည်ကို လွယ်လွယ်နှင့် လက်မလွှတ်နိုင်သေးပေ။
"ဒါပေမဲ့ စည်းမကျော်သရွေ့ ပိုင်ရှင်က ဂရုမစိုက်ဘူးဆိုရင်ကော ဘယ်သူမှ သတိမထားမိအောင် တိတ်တိတ်လေး ရှာရင်ကော မရဘူးလား"
သူမ၏ မျက်ဝန်းများက တဖျတ်ဖျတ် တောက်ပနေပြီး တိုးတိုးလေး မေးလိုက်သည်။ ကိုင်လ်၏ အကြည့်များက တည်တင်းသွားသည်။ သူသည် ဂျန်နာကို ကောင်းကောင်းသိသည်။ သူမ တစ်ခုခုကို စွဲလမ်းသွားပြီဆိုလျှင် အလွယ်တကူ လက်လွှတ်မည့်သူ မဟုတ်။
"ကောင်းပြီလေ ဒါပေမဲ့ ကြိုပြီး ကန့်သတ်ထားရမယ် တစ်ပတ်ကို ဆန် တစ်ကီလိုထက် ပိုမရောင်းရဘူး"
ဂျန်နာ၏ မျက်နှာက ဝင်းပသွားပြီး ကိုင်လ်၏ လက်ကို ဆွဲကာ အထပ်ထပ် လှုပ်ယမ်းရင်း ချီးကျူးလေတော့သည်။
"ရှင်က အကောင်းဆုံးပဲ ရှင့်ကို ရွေးချယ်ခဲ့တာ ငါ့ဘဝရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲဆိုတာ ငါသိသားပဲ"
ကိုင်လ်က စကားဖြင့် ပြန်မပြောသော်လည်း သူ၏ အပြုအမူများက ခံစားချက်ကို ဖော်ပြနေသည်။ သူ၏ မျက်ဝန်းများတွင် ပျော်ရွှင်မှုများ ယှက်သန်းနေပြီး သူမ၏ နှုတ်ခမ်းများဆီသို့ တိုးကပ်သွားတော့သည်။
နေ့စဉ် လုပ်ငန်းဆောင်တာများ ပြီးဆုံးပြီးနောက် အိုင်ဗီသည် စခန်းကိစ္စများကို စတင် ကိုင်တွယ်တော့သည်။ ယခုအခါ စခန်းသည် တဖြည်းဖြည်း လူသိများလာပြီး စည်ကားလာခဲ့ပြီ ဖြစ်သည်။
လူများ အဆက်မပြတ် ရောက်ရှိလာခြင်းကြောင့် အိမ်တိုင်းတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ပြားများ တပ်ဆင်ရန် သူမ စီစဉ်ရတော့သည်။ ထို့ကြောင့် မာသာအား နေရောင်ခြည်စွမ်းအင် တပ်ဆင်သည့် လုပ်ငန်းအတွေ့အကြုံရှိသူများ၏ အချက်အလက်များကို ရှာဖွေခိုင်းလိုက်သည်။
စခန်းဝင်ခွင့် လက်ခံစဉ်ကတည်းက စခန်းသားများ၏ ယခင်အလုပ်အကိုင် အချက်အလက်များကို စုဆောင်းထားရန် သူမ မှာကြားထားခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ စခန်းအတွက် အကူအညီ လိုအပ်သည့်အခါ မိမိ၏ စခန်းသားများကိုသာ ဦးစားပေး အလုပ်အကိုင် ရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ဤနည်းဖြင့် စခန်း၏ စီးပွားရေးကို မြှင့်တင်နိုင်သလို မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများပါ ဤခက်ခဲသော ကမ္ဘာကြီးတွင် ရှင်သန်နိုင်မည် ဖြစ်သည်။
သူမ၏ ယခင်ဘဝတုန်းက ဆယ်စုနှစ်တစ်ခုအကြာတွင် သက်ကြီးရွယ်အို ကိုးဆယ်ရာခိုင်နှုန်းခန့် သေဆုံးကုန်ကြပြီး အမျိုးသားနှင့် အမျိုးသမီး အချိုးအစားမှာလည်း ထက်ဝက်ကျော် လျော့နည်းသွားခဲ့သည်။ သန်မာသူများသာ ဘေးကင်းစွာ နေထိုင်နိုင်ကြပြီး အားနည်းသူများမှာမူ စွန့်ပစ်ခံရခြင်း၊ ဝန်ထုပ်ဝန်ပိုးအဖြစ် သတ်မှတ်ခံရခြင်း သို့မဟုတ် အသက်ရှင်ရန်အတွက် ဂုဏ်သိက္ခာမဲ့စွာ အစေခံရခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်။ အိုင်ဗီသည် ထိုသို့သော အဖြစ်ဆိုးမျိုးကို သူမ၏ စခန်းတွင် ထပ်မံ အဖြစ်မခံလိုပေ။
လူတိုင်းကို အခွင့်အရေး ရစေချင်သည်။ ထို့ကြောင့်ပင် လူတစ်ဦးချင်းစီ၏ နောက်ခံသမိုင်းကြောင်းကို မှတ်တမ်းတင်ရန် သူမ အခိုင်အမာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယခင်က သာမန်ဟု ထင်ရသော လျှပ်စစ်ပြင်သမား၊ လယ်သမား၊ အပ်ချုပ်သည်နှင့် ဆရာ၊ ဆရာမ အစရှိသော အရည်အချင်းများမှာ ယခုအခါ အဖိုးမဖြတ်နိုင်သော ပညာရပ်များ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
မာသာသည် အချက်အလက်များကို စနစ်တကျ ရှာဖွေပြီးနောက် စာရင်းတစ်ခုကို တင်ပြလာသည်။ အိုင်ဗီက အတည်ပြုပြီးနောက် ဆယ်မြူရယ်ဆိုသူကို ငှားရမ်းလိုက်သည်။ သူသည် သူငယ်ချင်းတစ်ဦးနှင့်အတူ အိမ်ငှားကာ အခြားသူများကဲ့သို့ပင် ဇမ်ဘီများကို အမဲလိုက်ရင်း အသက်မွေးနေသူ ဖြစ်သည်။
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ပြား တပ်ဆင်ရန် ရွေးချယ်ခံရကြောင်း သိလိုက်ရသောအခါ ဆယ်မြူရယ်သည် မိမိကိုယ်မိမိပင် မယုံနိုင်အောင် ဖြစ်သွားသည်။ စခန်းတွင် ထိုသို့ တပ်ဆင်မည်ဟု သတင်းကြားကတည်းက သူသည် မိမိကိုယ်မိမိ အဆိုပြုရန် တွေးခဲ့သော်လည်း လောဘကြီးသူဟု အထင်ခံရမည် စိုးသောကြောင့် နောက်ဆုတ်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ ကံကောင်းခြင်း လက်ဆောင်က သူ့ထံသို့ အလိုအလျောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့လေပြီ။
တရားဝင် အကြောင်းကြားစာနှင့်အတူ မိမိစိတ်ကြိုက် အဖွဲ့ဖွဲ့စည်းခွင့်၊ လစာ သတ်မှတ်ခွင့်များကို ရရှိလိုက်သောအခါ သူသည် အနည်းငယ်မျှပင် ပေါ့ဆခြင်း မရှိရဲပေ။ လူကုံထံ အသိုင်းအဝိုင်းနှင့် ထိတွေ့ဖူးသူဖြစ်၍ စခန်းခေါင်းဆောင်၏ ကိုယ်စားလှယ်ဖြစ်သူ အိုင်ဗီသည် သူ့ကို စမ်းသပ်နေခြင်းဖြစ်မှန်း သူ သိနေသည်။ အကယ်၍ သူသာ ပေါ့ပေါ့ဆဆ လုပ်ဆောင်လျှင် သို့မဟုတ် အရည်အချင်းမရှိသူများကို အသိအကျွမ်းဖြစ်ရုံဖြင့် ခန့်ထားလျှင် သို့မဟုတ် စျေးကွက်ပေါက်စျေးထက် ပိုသော လစာများ ပေးဆောင်လျှင် သူသည် ကျရှုံးတော့မည် ဖြစ်သည်။
'အိုင်ဗီလေးရဲ့ ယုံကြည်မှုကို လုံးဝ အပျက်မခံနိုင်ဘူး' ဟု ဆယ်မြူရယ်က တွေးနေမိသည်။
ဆယ်မြူရယ်၏ အတွေးများကို အိုင်ဗီ မသိရှိဘဲ သူမ၏ စွမ်းအားကို မြှင့်တင်ရန်သာ အာရုံစိုက်နေသည်။ သူမ၏ ထူးခြားစွမ်းအား နှစ်ခုလုံးကို ဒုတိယအဆင့်သို့ အမြန်ဆုံး ရောက်ရှိစေရန်နှင့် မည်သို့သော ထူးခြားမှုများ ဖြစ်ပေါ်လာမည်ကို သိလိုလှပြီ ဖြစ်သည်။ ကျင့်ကြံပြီးနောက်တွင် သူမသည် အဆင့်တက်ရန် နီးကပ်လာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အလွန်အမင်း ဝမ်းသာသွားသည်။
နောက်တစ်ပတ်ခန့်အတွင်း သူမ၏ စွမ်းအားများ အဆင့်တက်တော့မည် ဖြစ်သည်။ မေးစရာရှိသည်မှာ ထိုစွမ်းအားနှစ်ခုသည် တစ်ပြိုင်နက်တည်း အဆင့်တက်မည်လား သို့မဟုတ် တခြားစီ ဖြစ်မည်လားဟူသည်ပင်။
ယခင်ဘဝ၏ အတွေ့အကြုံအရ စွမ်းအားနှစ်မျိုးပိုင်ဆိုင်သူများသည် တစ်ပြိုင်နက်တည်း အဆင့်မတက်နိုင်ကြောင်း သိပ္ပံနည်းကျ အတည်ပြုထားကြသည်။ အချို့ကလည်း လူ့ခန္ဓာကိုယ်သည် မတူညီသော စွမ်းအင်များကို တစ်ပြိုင်နက် မထိန်းချုပ်နိုင်သောကြောင့်ဟု ဆိုကြသည်။ သို့သော် အကယ်၍သာ တစ်ပြိုင်နက်တည်း အဆင့်တက်နိုင်ခဲ့လျှင် ထိုသူသည် တတိယမြောက် စွမ်းအားတစ်ခုကိုပါ ပိုင်ဆိုင်ခွင့် ရရှိနိုင်ပေသည်။
အိုင်ဗီသည် လောဘမကြီးသော်လည်း တိုက်ခိုက်ရေးစွမ်းအား တစ်ခုခုကိုတော့ ရရှိလိုသည်။ အချိန်ကြာလာသည်နှင့်အမျှ ဇမ်ဘီများမှာ ပိုမို အဆင့်မြင့်လာမည် ဖြစ်ရာ သူမ၏ စွမ်းအားက အဆင့်လေး သို့မဟုတ် အဆင့်ငါးသို့ မရောက်မချင်း ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။
ထိုအတွေးများကို ဖျောက်ပစ်လိုက်ပြီးနောက် သူမသည် စွမ်းအင်သိုလှောင်ရုံထဲသို့ ဝင်ကာ စွမ်းအင်အမြူတေများကို စနစ်တကျ စီစဉ်တော့သည်။ ထုံးစံအတိုင်းပင် သူမသည် အမြူတေများကို စစ်ဆေးရေတွက်ပြီးနောက် မျက်ဝန်းများက စိတ်လှုပ်ရှားမှုတို့ဖြင့် တဖျတ်ဖျတ် တောက်ပနေတော့သည်။
အခန်း ၁၈၂ - အဆင့်မြှင့်တင်ခြင်း (၂)
"ကိုးထောင်၊ ကိုးရာ၊ ကိုးဆယ့်ခုနစ်"
"ကိုးထောင်၊ ကိုးရာ၊ ကိုးဆယ့်ရှစ်"
"ကိုးထောင်၊ ကိုးရာ၊ ကိုးဆယ့်ကိုး"
"တစ်သောင်း"
အိုင်ဗီ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေသည်။ နောက်ဆုံးတွင်တော့ သူမသည် အဆင့်မြှင့်တင်ရန် လိုအပ်သော အရေအတွက်ကို ပြည့်မီသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ စွမ်းအင်သိုလှောင်ရုံကို နောက်ဆုံးတွင် အဆင့်မြှင့်နိုင်တော့မည်။
ဟင်းလင်းပြင်နှင့် စိတ်စွမ်းအင်အမြူတေ တစ်သောင်းစီ၊ ရေစွမ်းအင်အမြူတေ တစ်ထောင်နှင့် KB တစ်သိန်း။
"အဆင့်မြှင့်တင်ချင်တယ်"
အိုင်ဗီသည် လေဟာနယ်ကို စိုက်ကြည့်ရင်း ကြေညာလိုက်သည်။
[အဆင့်မြှင့်တင်ရန် ကုန်ကျစရိတ်မှာ...]
"သဘောတူတယ်"
အိုင်ဗီက စကားဖြတ်ပြောလိုက်သည်။ သူမသည် သိုလှောင်ခန်း၏ မေးခွန်းများကို ရိုးအီနေပြီဖြစ်၍ ချက်ချင်းပင် သဘောတူလိုက်ခြင်း ဖြစ်သည်။
[အဆင့်မြှင့်တင်ခြင်း စတင်နေပြီ...]
[သိုလှောင်ခန်းအတွင်းရှိ သက်ရှိများကို အပြင်သို့ ရွှေ့ပြောင်းနေသည်...]
နောက်တစ်စက္ကန့်တွင် အိုင်ဗီသည် သိုလှောင်ခန်းအပြင်ဘက်သို့ ရောက်ရှိသွားသည်။ ရုတ်တရက် အပြင်သို့ ကန်ထုတ်ခံလိုက်ရသော်လည်း သူမ၏ မျက်ဝန်းများတွင်မူ ဝမ်းသာရိပ်များဖြင့် တောက်ပနေဆဲပင်။
သို့သော်လည်း နောက်တစ်ခဏ၌ စွမ်းအင်သိုလှောင်ရုံအတွင်း ထည့်သွင်းထားသော ရေဗင်ခရော့ဖ် မိသားစုဝင် သုံးယောက်လဲ အပြင်သို့ ရောက်ရှိလာကြသည်။ သတိမေ့မြောနေသော သူတို့၏ ခန္ဓာကိုယ်များကို ကြည့်ရင်း အိုင်ဗီသည် တည်ငြိမ်စွာပင် ကြိုးများကို တင်းတင်းချည်နှောင်ကာ လုံခြုံသော နေရာတစ်ခုတွင် သိမ်းဆည်းထားလိုက်သည်။
စိတ်ကြည်လင်နေသော အိုင်ဗီသည် အဆင့်မြှင့်တင်မှု ပြီးဆုံးမည့် ရက်အနည်းငယ်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။
တစ်ပတ်ဆိုသော အချိန်မှာ မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သော်လည်း စွမ်းအင်သိုလှောင်ရုံမှာ အဆင့်မြှင့်တင်ခြင်း မပြီးဆုံးသေးပေ။ အနည်းဆုံးတော့ အိုင်ဗီ ထိုထဲသို့ ဝင်၍ မရသေးချေ။
ထိုတစ်ပတ်အတွင်း သူမရရှိခဲ့သော ပစ္စည်းများမှာ ခရမ်းချဉ်သီး၊ ဆန်၊ ဂျုံမှုန့်မှသည် ကြက်သွန်ဖြူနှင့် ဆားထုပ်များအထိ အမျိုးမျိုး ကွဲပြားနေသည်။ ထိုပစ္စည်း အနည်းငယ်သာ ထပ်ခါတလဲလဲ ရနေခြင်းမှာ ထူးဆန်းနေသော်လည်း အိုင်ဗီအတွက်မူ ပစ္စည်းများကို စုဆောင်းကာ အဆမတန် တိုးပွားအောင် လုပ်ဆောင်ရန် အခွင့်အရေး တစ်ရပ် ဖြစ်နေခဲ့သည်။
သူမ အလုပ်ရှုပ်နေစဉ်မှာပင် တစ်စုံတစ်ယောက်က တံခါးခေါက်လာသည်။
"ဝင်ခဲ့ပါ" အိုင်ဗီက တည်ငြိမ်စွာ ဆိုလိုက်သည်။
ခေါင်းအနည်းငယ် ပြူထွက်လာပြီးနောက် အားလုံးက တညီတညွတ်တည်း အော်ဟစ်နှုတ်ဆက်ကြသည်။
"နည်းပြ အိုင်ဗီ..."
အိုင်ဗီ၏ မျက်နှာပေါ်တွင် အားကိုးရာမဲ့သော အပြုံးတစ်ခု ပေါ်လာပြီးနောက် "ငါ လာခဲ့မယ်" ဟု ပြန်ပြောလိုက်သည်။
ပြီးခဲ့သည့် အပတ်ကတည်းက အာသာ၊ မက်စ်ဝဲလ်၊ ဖရန်ကလင်နှင့် အခြားစစ်သား အနည်းငယ်သည် လက်တွေ့လေ့ကျင့်ခန်းဟု အကြောင်းပြကာ စခန်း၏ နောက်ဖေးဘက်ရှိ ဇမ်ဘီများကို ရှင်းလင်းရန် သူမနောက်သို့ လိုက်နေကြခြင်း ဖြစ်သည်။
အိုင်ဗီကလည်း သူတို့ကို အပိုလက်ကူညီများအဖြစ် သဘောထားလိုက်ရာ သူမ ဝမ်းသာရလောက်အောင်ပင် အလုပ်တွင်နှုန်းမှာ များစွာ မြင့်တက်လာခဲ့သည်။ ယခုအခါ နောက်ထပ် စတုရန်းမီတာ တစ်သောင်းခန့်ရှိသော မြေကွက်ကို ရှင်းလင်းပြီးသွားပြီ ဖြစ်သဖြင့် သူတို့ကို ခေါ်လာသည့် သူမ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း ခံစားနေရသည်။
စာရွက်စာတမ်းများကို ကိုင်တွယ်ပြီးနောက် အိုင်ဗီသည် သူမ၏ မျက်လုံးများကို နှိပ်နယ်နေမိသည်။ ထိုစဉ် ရုတ်တရက် ရေတစ်ခွက် လာပေးသဖြင့် အိုင်ဗီ လှမ်းယူလိုက်သည်။ ထိုကလေးတွေ သူမကို ဖားနေကြသည်ကို သူမ နေသားကျနေပြီ ဖြစ်သည်။
ဖြစ်နိုင်သည်မှာ သူမက သူတို့အပေါ် အလျှော့အတင်း ပိုလုပ်ပေးရန် သို့မဟုတ် သူတို့၏ လေးစားမှုကို ပြသလိုခြင်းလည်း ဖြစ်နိုင်ပေသည်။ အိုင်ဗီကတော့ ထိုအရာများကို အလေးအနက် မထားပေ။
အကယ်၍ ထိုစစ်သားများသာ အိုင်ဗီ၏ အတွေးကို သိသွားလျှင် သွေးအန်ကြပေလိမ့်မည်။ သူတို့ တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိကြသော်လည်း ထိုရည်ရွယ်ချက်များမှာ ဆင်တူယိုးမှားပင် ဖြစ်သည်။
နှစ်နာရီအကြာတွင် အိုင်ဗီသည် လက်တွေ့လေ့ကျင့်ခန်းကို အဆုံးသတ်ကာ သူမ၏ အဖွဲ့နှင့်အတူ ပြန်လာစဉ် ရင်းနှီးနေသော အရပ်ရှည်ရှည် လူရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။
အန်နီ ဘဲလ်။
အိုင်ဗီသည် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ပြုံးကာ သူမထံ လျှောက်သွားလိုက်သည်။ "နေကောင်းလား"
စစ်နတ်ဘုရားမက သူမ၏ တံခါးဝအထိ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှတော့ သူမကို စခန်းထဲသို့ မဆွဲဆောင်ဘဲ ဘယ်နေပါ့မလဲ။
ထိုသို့တွေးလိုက်သည်နှင့် သူမ၏ မျက်နှာပေါ်တွင် စစ်မှန်သော အပြုံးတစ်ခု ပွင့်လန်းလာသည်။ အန်နီသည် လွန်ခဲ့သော အပတ်များစွာကတည်းက သူမ တွေးတောနေမိသော လှပသည့် ပုံရိပ်လေးကို ငေးကြည့်ရင်း မှင်သက်သွားမိသည်။
အိုင်ဗီလား။
လွန်ခဲ့သော ရက်သတ္တပတ်များတွင် စစ်တပ်ထဲ၌ အိုင်ဗီကို မတွေ့ရသောကြောင့် အန်နီ စိုးရိမ်တကြီး လိုက်လံစုံစမ်းခဲ့ရာ အိုင်ဗီ စစ်အခြေစိုက်စခန်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။
အိုင်ဗီကို သူမ၏ မိသားစုက ခေါ်သွားခြင်း ဖြစ်သောကြောင့် နောက်တစ်ကြိမ် ထပ်တွေ့ရတော့မည် မဟုတ်ဟု စိုးရိမ်ခဲ့သည်။ သို့သော် ယခုမူ အိုင်ဗီကို ပြန်တွေ့လိုက်ရသဖြင့် သူမ၏ ရင်ထဲတွင် ပျော်ရွှင်မှုများ လှိုင်းထသွားပြီး အားတင်းကာ ပြုံးပြရင်း နှုတ်ဆက်လိုက်သည်။
"နေကောင်းပါတယ်"
"ဒီမှာ နေထိုင်သူအဖြစ် လာလျှောက်တာလား" အိုင်ဗီက ရင်းနှီးဖော်ရွေသော အပြုံးဖြင့် မေးလိုက်သည်။ သူမသာ စိတ်ကို မထိန်းချုပ်နိုင်လျှင် အန်နီကို အတွင်းထဲသို့ ဆွဲခေါ်သွားပြီး စစ်အခြေစိုက်စခန်းဆီသို့ တိုက်ရိုက် လွှဲပြောင်းပေးမိတော့မည် ဖြစ်သည်။
'စိတ်ရှည်စမ်း အိုင်ဗီ၊ စိတ်ရှည်စမ်း သူ့ကို လန့်ပြေးအောင် မလုပ်နဲ့ တစ်လှမ်းချင်း သွားရမယ်' သူမသည် မိမိကိုယ်မိမိ ပြန်လည်အားပေးနေမိသည်။
"မဟုတ်ပါဘူး အလုပ်ခေါ်စာ မြင်လို့ လာတာပါ အင်တာဗျူးမယ့်သူဆီ လိုက်ပို့ပေးလို့ ရမလား" အန်နီက ရှက်ရွံ့သော မျက်နှာဖြင့် မေးလိုက်သည်။ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် သူမသည် ပတ်ဝန်းကျင်ကို သတိထားရန် အချိန်မရခဲ့ပေ။
အလုပ်ခေါ်စာနှင့် ဆွဲဆောင်မှုရှိသော လစာအကြောင်းကို အန်နီ သိလိုက်ရချိန်တွင် နှစ်ပတ်ခန့်ပင် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
ပထမတော့ သူမ ဝေခွဲမရ ဖြစ်နေခဲ့သည်။ နေရာလွတ်တွေ ကျန်ပါဦးမလားဟုလည်း တွေးမိသည်။ အမှန်စင်စစ် ဤမျှ ကောင်းမွန်သော လစာမျိုးကို လူမိုက်မှလွဲ၍ ကျန်သူအားလုံး ပြေးလျှောက်ကြမည်မှာ အသေအချာပင်။
သို့သော် နှစ်ပတ်ပင် ရှိနေပြီ ဖြစ်သော်လည်း အန်နီသည် သတ္တိမွေးကာ ထိုနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ လိုအပ်လျှင် အင်တာဗျူးသူနှင့် ညှိနှိုင်းပြီး စစ်တပ်ထဲတွင် နေရာတစ်ခု ရရန်အတွက် လစာကို လျှော့ယူဖို့ပင် သူမ တွေးထားခဲ့သည်။
"ဪ... တိုက်ဆိုင်လိုက်တာ အဲဒီ အင်တာဗျူးမယ့်သူက ငါပဲလေ မင်းကို..." ခန့်လိုက်ပြီ အိုင်ဗီသည် သူမ၏ စစ်သားများ အနောက်မှာ ရှိနေသည်ကို သတိရသွားသဖြင့် အရေးကြီးသော အချိန်တွင် စကားကို ရပ်လိုက်ရသည်။
အကယ်၍ သူမသာ အန်နီကို ဘာအင်တာဗျူးမျှ မလုပ်ဘဲ ချက်ချင်း ခန့်လိုက်လျှင် မျက်နှာလိုက်ရာ ကျပေလိမ့်မည်။
သူမသည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး "ငါ့နောက် လိုက်ခဲ့ပါ" ဟု ဆက်ပြောလိုက်သည်။
အန်နီသည် အံ့အားသင့်ကာ ဝမ်းသာသွားပြီး ခေါင်းညိတ်ပြလိုက်သည်။ အိုင်ဗီ၏ နောက်မှ လိုက်လာရင်း သူမ၏ ကျောပြင်ကို လေးစားစွာ ငေးကြည့်နေမိသည်။
စစ်သားအနည်းငယ်မှာမူ အိုင်ဗီက အန်နီကို ထက်ထက်သန်သန် ဆက်ဆံနေသည်ကို မြင်သောအခါ သူတို့ သူငယ်ချင်းတွေလားဟု တွေးတောနေကြသည်။
ရုံးခန်းထဲ ရောက်သောအခါ အိုင်ဗီသည် အန်နီကို ထိုင်ရန် နေရာပေးပြီး ရေတစ်ခွက် တိုက်လိုက်သည်။
"ရော့... လမ်းမှာ ဝေးဝေးလံလံ လာခဲ့ရမှာပေါ့"
'ဒီရေကို သောက်ပြီး စစ်တပ်ထဲသာ ဝင်လိုက်ပါတော့' အိုင်ဗီက စိတ်ထဲက ဆုတောင်းနေမိသည်။
အိုင်ဗီ၏ ဂရုစိုက်မှုကို စိတ်လှုပ်ရှားသွားသော အန်နီသည် ရေခွက်ကို လှမ်းယူလိုက်သည်။ ရေသောက်ပြီးနောက် သူမကိုယ်သူမ စတင် မိတ်ဆက်လေတော့သည်။
"နေကောင်းလား ကျွန်မ နာမည်က အန်နီ ဘဲလ် ပါ ခွန်အားကြီးတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်"
အိုင်ဗီက ခေါင်းညိတ်ပြရင်း မှတ်စုစာအုပ်ပေါ်တွင် တစ်ခုခုကို ရေးခြစ်ကာ ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
"တစ်နာရီအတွင်း ဇမ်ဘီ ဘယ်နှစ်ကောင်လောက် သတ်နိုင်လဲ"
"ငါးဆယ်လောက်ပါ" အန်နီက လျှော့၍ ပြောလိုက်သည်။ အမှန်စင်စစ် သူမသည် အကောင် ၇၀ အထိ သတ်နိုင်စွမ်း ရှိသည်။
အိုင်ဗီ အံ့သြသွားသည်။ အန်နီသည် နောက်ပိုင်း ကမ္ဘာပျက်ကပ်တွင် အစွမ်းထက်သူတစ်ဦး ဖြစ်လာသည်မှာ မဆန်းတော့ပေ။ အခြားသူများမှာ တစ်နာရီအတွင်း ဇမ်ဘီ ၃၀ သတ်နိုင်ရန် ရုန်းကန်နေရချိန်တွင် အန်နီက ၅၀ အထိ သတ်နိုင်နေပြီ ဖြစ်သည်။
"အရင်က ပြစ်မှုတစ်ခုခု ကျူးလွန်ခဲ့ဖူးလား"
အန်နီသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အမှန်အတိုင်း ပြောရန် အားယူလိုက်သည်။ "ကျွန်မ ဆယ်ကျော်သက်အရွယ်တုန်းက အစားအသောက်တွေ ခိုးခဲ့ဖူးပါတယ်"
အိုင်ဗီက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
သူမ၏ မျက်ဝန်းများတွင် ရှုံ့ချခြင်း သို့မဟုတ် အထင်သေးခြင်းများ မရှိဘဲ သိချင်စိတ်သာ ရှိနေသဖြင့် အန်နီ၏ ရင်ထဲမှ စိုးရိမ်စိတ်များ ပြေလျော့သွားခဲ့သည်။
"ကျွန်မ မောင်လေးက... ခွဲစိတ်မှုလုပ်ပြီးတော့ အစားအသောက် လိုအပ်နေလို့ပါ။ ကျွန်မမှာက ပိုက်ဆံ တစ်ပြားမှ မရှိခဲ့ဘူး..."