← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 19+20 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 19+20 Ch. 189-190

အခန်း ၁၈၉ - နစ်နာကြေး

အန်နီ၏ မျက်ဝန်းများ အနည်းငယ် ကျယ်သွားပြီး အိုင်ဗီကို မယုံကြည်နိုင်သလို စိုက်ကြည့်နေမိသည်။

"အဆက်အသွယ်ဖြတ်မယ်... ပြီးတော့ သူ့ကို လာဘ်ထိုးမယ် ဟုတ်လား" အန်နီက တိုးတိုးလေး ရေရွတ်လိုက်သည်။ ထိုစကားကို အပြင်ထုတ်ပြောရန်ပင် ကြောက်ရွံ့နေသယောင် ရှိသည်။

"ဟုတ်တယ်" အိုင်ဗီက ခေါင်းညိတ်ပြသည်။ သူမ၏ အသံမှာ တည်ငြိမ်လွန်းသဖြင့် ဆရာတစ်ယောက်က တပည့်ကို သင်ပြနေသလိုပင်။

"မင်းနဲ့အတူရှိနေတာက သူ့အတွက် ပြဿနာတွေပဲ ပေးနိုင်ပြီး မင်းကို ထားခဲ့တာကမှ အစားအသောက်၊ လုံခြုံမှုနဲ့ ပိုက်ဆံတွေ ရမယ်ဆိုတာကို သူ့ကို သိအောင်ပြလိုက်ရင် သူ သူ့ဘာသာသူ ထွက်သွားလိမ့်မယ် အန်နီ... သူ့လို လူစားမျိုးတွေက အကျိုးအမြတ်ကိုပဲ ကြည့်တာ"

အန်နီ၏ နှုတ်ခမ်းများ တုန်ရင်နေသည်။ သူမ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်ထားမိသည်။ "ဒါပေမဲ့... သူက ငြင်းဆန်ခဲ့ရင်ရော သူက ကျွန်မကိုပဲ ဆက်ပြီး တွယ်ကပ်နေဦးမယ်ဆိုရင်ကော"

အိုင်ဗီ ရှေ့သို့ တိုးလိုက်သည်။

"ဒါဆိုရင်တော့ ငါတို့က ဈေးနှုန်းကို မြှင့်ရမှာပေါ့ ဒါပေမဲ့ အစားအသောက် ဒါမှမဟုတ် ပိုက်ဆံနဲ့ ဈေးမြှင့်တာမျိုး မဟုတ်ဘူး အန္တရာယ်နဲ့ ဈေးမြှင့်မှာ မင်းနဲ့အတူ ရှိနေတာက သူ့အတွက် ဘေးဒုက္ခတွေပဲ သယ်ဆောင်လာလိမ့်မယ်ဆိုတာ သူမြင်အောင် လုပ်ရမယ် ထွက်သွားဖို့အတွက် လုံလောက်တဲ့ အကျိုးအမြတ်ကို ပေးသလို ဆက်နေဖို့အတွက် ကြောက်လန့်စရာ အကြောင်းပြချက်ကိုလည်း ပေးရမယ်"

အန်နီ၏ လက်ချောင်းများကို တင်းတင်းဆုပ်ထားမိပြီး နှလုံးခုန်သံများ မြန်လာသည်။

'ဒါက ရက်စက်ရာ ကျနေမလား... ဒါပေမဲ့ ဒါက တစ်ခုတည်းသော နည်းလမ်း ဖြစ်နိုင်ပါတယ် သူ့ကို ပိုက်ဆံပေးပြီး ဖယ်ထုတ်နိုင်ရင် သူ့ကို သတ်စရာ မလိုတော့ဘူး ငါ့လက်ကို သွေးမပေတော့ဘူးပေါ့ ဒီနည်းလမ်းနဲ့ဆိုရင်တော့... ငါ အသက်ရှူချောင်နိုင်ကောင်းပါရဲ့'

"ကျွန်မ... ကျွန်မ နားလည်သွားပြီ ထင်ပါတယ်" အန်နီက တိုးတိုးလေး ဆိုသည်။ "သူ့ကို သူ့ဘာသာသူ ထွက်သွားဖို့ ရွေးချယ်ခိုင်းနိုင်ရင် ကျွန်မမှာ အပြစ်ရှိစိတ် ရှိတော့မှာ မဟုတ်ဘူး"

အိုင်ဗီက အပြုံးလေးတစ်ခု ပေးလိုက်သည်။ "အတိအကျပဲ။ မင်းရဲ့ လက်မှာ သွေးစွန်းမှာ မဟုတ်သလို မင်းမောင်လေးလည်း ဘေးကင်းလိမ့်မယ် ဒီနည်းလမ်းက မင်းရဲ့ လမ်းကြောင်းကို ဖြောင့်ဖြူးစေလိမ့်မယ်"

အန်နီက ဖြည်းဖြည်းချင်း ခေါင်းညိတ်သော်လည်း မျက်တောင်များ ပြန်လည် ဝှေ့ယမ်းသွားပြန်သည်။

'ဒါပေမဲ့ ဒါက တကယ်ရော အလုပ်ဖြစ်ပါ့မလား အမေက လောဘကြီးသလိုပဲ ကောက်ကျစ်တဲ့သူလည်း ဖြစ်တယ် ငါ သူ့ကို ဖယ်ထုတ်ဖို့ ကြိုးစားနေတာကို သူ သိသွားရင်ရော သူက ရယ်မောပြီး ထွက်မသွားဘူးလို့ ငြင်းရင်ရော'

အိုင်ဗီက သူမ၏ တွေဝေမှုကို သတိပြုမိသဖြင့် ပြတ်သားစွာ ပြောလိုက်သည်။

"မင်းကိုယ်မင်း အထင်မသေးစမ်းပါနဲ့ အန်နီ... မင်းက မင်းထင်ထားတာထက် ပိုပြီး ထက်မြက်ပါတယ် သေသေချာချာ ပြင်ဆင်ထားရင် သူ ဒီငါးစာကို ကိုက်မှာပါ"

အန်နီ ပြန်လည် မော့ကြည့်လာသည်။ သူမ၏ မျက်ဝန်းထဲတွင် တစ်ခုခု လက်ခနဲ ဖြစ်သွားသည်။ မျှော်လင့်ချက်လေး တစ်ခုနှင့် သတ္တိလေး တစ်ခုပင်။

"နည်းပြ အိုင်ဗီ... ကျေးဇူးတင်ပါတယ်" အန်နီက တိုးတိုးလေး ဆိုသည်။ "ကျွန်မကတော့... သူ့အသက်ကို ကိုယ်တိုင် နှုတ်ယူဖို့အထိ စဉ်းစားထားတာ ဒါပေမဲ့ အခုတော့... အဲဒီလို လုပ်စရာ မလိုတော့ဘူး ထင်တယ်"

သူမ၏ ရင်ထဲတွင် ပေါ့ပါးသွားသည်။ လွတ်လပ်သွားပြီဟု မဆိုနိုင်သေးသော်လည်း ပို၍ ပေါ့ပါးလာခဲ့သည်။

'ဒီနည်းလမ်းသာ အောင်မြင်ရင်... ငါ့မောင်လေးကို ငါ ကာကွယ်နိုင်မယ် ငါ့ရဲ့ ကိုယ်ကျင့်တရားကိုလည်း ထိန်းသိမ်းနိုင်မယ် ပြီးတော့ ငါ့ရဲ့ ပထမဆုံး ခြေလှမ်းကိုလည်း လှမ်းနိုင်တော့မယ်'

အိုင်ဗီ၏ အကြည့်များ နူးညံ့သွားသည်။ သူမ တိတ်တိတ်လေး တွေးနေမိသည်။ 'ကောင်းပြီ။ ဒီနည်းလမ်းနဲ့ဆိုရင် သူဟာ သူ့ရဲ့ စိတ်ကို မထိခိုက်စေဘဲ သံကြိုးကို ဖြတ်နိုင်လိမ့်မယ် သူ ငါ့ကို မုန်းတီးမှာ မဟုတ်တော့သလို ပိုပြီးတော့လည်း ယုံကြည်လာလိမ့်မယ်။ ပြီးတော့ အရေးကြီးဆုံးက... သူ အသက်ရှင်လိမ့်မယ်'

အန်နီက အရိုအသေပေးကာ ဦးညွှတ်လိုက်သည်။ "နည်းပြ အိုင်ဗီ... ကျွန်မကို တရားဝင် ခန့်အပ်လိုက်ပြီဆိုတော့ ကျွန်မ သွားပါတော့မယ် အခုထိ လုပ်ပေးခဲ့တာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်"

သူမ နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်လိုက်ပြီးနောက် အခန်းထဲမှ လှည့်ထွက်သွားတော့သည်။

သူမ၏ ခြေသံများ တဖြည်းဖြည်း ဝေးကွာသွားသည်။ အိုင်ဗီသည် အန်နီ ထွက်သွားသည်ကို ကြည့်နေရင်းမှ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။

သူမ၏ လက်ချောင်းများက ရင်ဘတ်ကို အသာအယာ ထိတွေ့လိုက်သည်။

'ကောင်းပြီ။ အဲဒီမိန်းကလေး အသက်ရှင်လိမ့်မယ်။ ငါ ပြန်လည်မွေးဖွားလာတာက ဒီလောက်တောင် လူအများကြီးရဲ့ ဘဝကို ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ရာဗင်ခရော့ဖ် မိသားစုက ငါ့လက်ထဲ ရောက်နေပြီ၊ ပက်ထရစ်လည်း မရှိတော့ဘူး၊ ငါ့ရဲ့ စခန်းကိုလည်း တည်ဆောက်ပြီးပြီ၊ ဘလက်ခ်သော်န် မိသားစုကလည်း သူတို့ရဲ့ ဝမ်းနည်းစရာ ကံကြမ္မာကနေ လွတ်မြောက်နေကြပြီ၊ အခု အန်နီလည်း... သူ့ရဲ့ သံကြိုးတွေ လျော့ရဲသွားပြီ။ ဒါပေမဲ့... ငါ့ရဲ့ လမ်းစဉ်က မပြီးသေးဘူး'

သူမ၏ အတိတ်ဘဝ အမှတ်တရများ ခေါင်းထဲ ရောက်လာချိန်တွင် မျက်ဝန်းများမှာ ပြန်လည် ထက်မြက်လာသည်။

'ဒေမီယန်၊ တလွန် စခန်း။ ငါ့ကို စမ်းသပ်သတ္တဝါလို ဆက်ဆံခဲ့တဲ့ အဲဒီ သုတေသန ပညာရှင်တွေ ပြီးတော့ ငါ့ကို သေလုနီးပါး ဖြစ်အောင် တွန်းပို့ခဲ့တဲ့ လူတစ်ယောက် ရှိသေးတယ်။ သူက ဘယ်သူလဲဆိုတာ ငါအတိအကျ မသိပေမဲ့ သူ့ဆီက စပယ်ရနံ့ ရနေခဲ့တယ်။ အဲဒီရနံ့က လတ်ဆတ်တာမျိုး မဟုတ်ဘူး၊ ညှိုးနွမ်းတာမျိုးလည်း မဟုတ်ဘူး၊ ဘယ်တော့မှ မေ့လို့မရနိုင်တဲ့ ရနံ့ပဲ အဲဒီ တွန်းထုတ်လိုက်မှုကြောင့်ပဲ ငါ့ဘဝတစ်ခုလုံး ပြိုလဲသွားခဲ့ရတာ'

အတိတ်က နာကျင်မှုများက သူမကို ထပ်မံ ထိုးနှက်လာသဖြင့် မေးရိုးများကို တင်းတင်းစေ့ထားမိသည်။

'တွန်းထုတ်ခံလိုက်ရတဲ့ အခိုက်အတန့်မှာ ငါ ဟန်ချက်ပျက်သွားပြီး အကြောင်းပြချက် မရှိဘဲ တခြားတစ်နေရာကို တယ်လီပို့ ဖြစ်သွားခဲ့တာ။ အဲဒီ သုတေသန ပညာရှင်တွေက ငါ့ရဲ့ စွမ်းအားကို အမှတ်မထင် တွေ့သွားကြပြီး ငါ့ကို ဆုလာဘ်တစ်ခုလို သဘောထားခဲ့ကြတာ။ အဲဒါက ငါ့ရဲ့ ငရဲခန်း အစပဲ။ ဒီတစ်ကြိမ်မှာတော့... အဲဒီလူကို ငါ ရှာတွေ့အောင် ရှာမယ်။ ငါကိုယ်တိုင် သူ့ကို ရင်ဆိုင်မယ်'

သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြန်လွှတ်လိုက်သည်။ အတွေးများက အနည်းငယ် ပြန်လည် နူးညံ့သွားသည်။

'အဲဒီနောက်မှာတော့... ငါ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေကို ငါ ကယ်တင်မယ် သူတို့က အတိတ်ဘဝမှာ ငါ့အပေါ် ကောင်းခဲ့ကြတာ။ ငါ သူတို့ကို ကျေးဇူးဆပ်ရမယ်။ ငါ့ရဲ့ မိသားစုအရင်းကိုလည်း ရှာဖွေရမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ ပြန်လည် တိုးတက်လာအောင်၊ နောက်ထပ် ဒုက္ခမရောက်ရအောင် ငါ သေချာ လုပ်ဆောင်ပေးမယ်'

သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးငယ်လေးတစ်ခု ပေါ်လာသည်။ "ဒီတစ်ခါတော့... ငါ့လူတွေအတွက် ကမ္ဘာသစ်တစ်ခု ငါ တည်ဆောက်ပေးမယ်"

ရုတ်တရက် ဆိုင်းလပ်စ်ကို သတိရသွားပြီး သူ ဘယ်တော့ ပြန်လာမလဲဟု တွေးမိသည်။ နှစ်ပတ်ကျော်သွားပြီ ဖြစ်သဖြင့် သူ တစ်ခုခု ပြဿနာဖြစ်နေသလားဟု သူမ စိုးရိမ်လာသည်။

'မဖြစ်နိုင်ပါဘူး...' သူမ တွေးလိုက်ရင်း နှလုံးခုန် မြန်လာသည်။ 'တောအုပ်ထဲမှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေ အားလုံးကို ငါ သူ့ကို သင်ပေးထားပြီးသားပဲ'

ဆိုင်းလပ်စ်နှင့်အတူ သူ၏ တိုက်ခန်းတွင် နေခဲ့စဉ်က အပင်များအကြောင်း သူမ သိထားသော ဗဟုသုတများကို သူ့ဆီသို့ အမှတ်မထင် ရောက်သွားအောင် လုပ်ဆောင်ခဲ့ဖူးသည်။

မျိုးဗီဇပြောင်း အပင်များကို ဘယ်လို ကိုင်တွယ်ရမလဲ၊ သူတို့ရဲ့ အာရုံခံနိုင်စွမ်းကို ဘယ်လို ရှောင်ရှားရမလဲနှင့် သူတို့ရဲ့ အာရုံကို ချက်ချင်း ရယူနိုင်ဖို့ ဘယ်လို လုပ်ရမလဲဆိုသည့် အချက်အလက်များကို သူမ ပေးခဲ့ဖူးသည်။

အဝေးက ရှောင်ရမည့် မျိုးဗီဇပြောင်း ပိုးကောင်များအကြောင်းနှင့် အကယ်၍ တွေ့ဆုံခဲ့လျှင် ဘယ်လို ကိုင်တွယ်ရမလဲ ဆိုသည်ကိုလည်း သူမ ပြောပြခဲ့သည်။

'ဒီလောက် ဗဟုသုတတွေ ရှိနေတာပဲ... ပြဿနာတစ်ခုခု ကြုံရင်တောင်... ဘာမှ မှားယွင်းမှာ မဟုတ်ပါဘူး' အိုင်ဗီက သူမကိုယ်သူမ နှစ်သိမ့်လိုက်သဖြင့် စိုးရိမ်နေသော စိတ်မှာ အနည်းငယ် လျော့ပါးသွားသည်။

'သူ ပြန်ရောက်လာရင်တော့... ငါ သူ့ကို မြူဆွယ်ရမယ်...' အိုင်ဗီသည် သူမ၏ အစီအစဉ်ကို တွေးမိပြီး ပက်ထရစ်ရှာကို သတိရကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။ သူမကိုယ်သူမ လူကောင်းတစ်ယောက်ဟု မသတ်မှတ်ထားသော်လည်း သူမတွင် ကောင်းမွန်သော စံနှုန်းတစ်ခုတော့ ရှိသည်ဟု ထင်ထားခဲ့သည်။

ယခုမူ... တခြားသူ၏ စေ့စပ်ထားသူကို လုယူရမည်ဟူသော အတွေးက သူမကို တွန့်ဆုတ်စေပြီး အပြစ်ရှိစိတ် ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ပက်ထရစ်ရှာအတွက် သူမ ပေးမည့် နစ်နာကြေးမှာ သူမ၏ စိတ်ထဲတွင် နှစ်ဆလောက် တိုးသွားတော့သည်။

ငါးရက် ကုန်ဆုံးသွားသည်။ အိုင်ဗီသည် စခန်းကို စီမံခန့်ခွဲခြင်းနှင့် အမိန့်ပေးခြင်းများဖြင့် အလုပ်ရှုပ်နေခဲ့သည်။ သို့သော် တစ်မနက်တွင် သူမသည် စွမ်းအင် သိုလှောင်ရုံ ထဲသို့ ဝင်ရန် လက်ကို ဝှေ့ယမ်းလိုက်ချိန်တွင်... တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။

သူမ အံ့အားသင့်ကာ မျက်တောင်ခတ်လိုက်သည်။ "နေဦး...ငါ့ကို ပိတ်ဆို့ထားတဲ့ စွမ်းအားကြီး... ပျောက်သွားပြီလား"

သူမ၏ နှလုံးခုန်သံများ မြန်လာသည်။ သူမ နောက်တစ်ကြိမ် ကြိုးစားလိုက်ရာ ဤတစ်ကြိမ်တွင်တော့ အထဲသို့ ချောချောမွေ့မွေ့ ရောက်ရှိသွားတော့သည်။

အတွင်းသို့ ရောက်ရှိသွားသည့် အခိုက်အတန့်မှာပင် လင်းလက်တောက်ပသော အလင်းတန်းများက သူမ၏ အမြင်အာရုံတွင် ပြည့်နှက်သွားလေတော့သည်။

အခန်း ၁၉၀ - ပြုပြင်မွမ်းမံမှုများ

စွမ်းအင်သိုလှောင်ရုံ အတွင်းသို့ ဝင်လိုက်သည်နှင့် အိုင်ဗီသည် ကွာခြားချက်ကို ချက်ချင်း သတိပြုမိလိုက်သည်။ ဟင်းလင်းပြင်မှာ အတိုင်းအထက်အလွန် ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်သည်။ သိုလှောင်ရုံအတွင်းရှိ မှောင်မည်းအုံ့မှိုင်းမှုများလည်း လျော့ပါးသွားခဲ့သည်။

အေးမြသော်လည်း စိတ်ကိုကြည်လင်စေသော လေညင်းလေးက အိုင်ဗီကို ဖြတ်သန်းတိုက်ခတ်သွားပြီး လတ်ဆတ်သော မြက်ခင်းနံ့လေးက အိုင်ဗီ၏ ပင်ပန်းနေသော စိတ်ကို ပြေလျော့စေသည်။

"ဟင်း... ဒီတစ်ခါ ပြောင်းလဲမှုက ပတ်ဝန်းကျင်ပိုင်းဆိုင်ရာ ပိုဆန်တယ်နဲ့ တူတယ်..." သူမသည် တိုးတိုးလေး ရေရွတ်ရင်း ဖြစ်ပေါ်လာနိုင်သည့် ကြီးမားသော ပြောင်းလဲမှုများကို ရှာဖွေရန် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေမိသည်။

"ကောင်းပြီ၊ ပစ္စည်းတွေကို အဆမတန် တိုးပွားအောင် အရင်လုပ်မယ်။ ဆားထုပ်တွေ အားလုံးကို အရင်တိုးပွားချင်တယ်"

[ဆားထုပ် အမျိုးအစားအားလုံးကို ၇၅ ဆ တိုးပွားလိုပါသလား။ ကုန်ကျစရိတ်မှာ ၂၃၉၄၂ KB ဖြစ်ပါသည်။]

အိုင်ဗီ၏ မျက်ဝန်းများ ဝင်းပသွားသည်။ ၇၅ ဆ တောင်လား

"ဒါဆိုရင် နှစ်ခါ အဆင့်မြှင့်တိုင်း တိုးပွားတဲ့အဆက ၂၅ ဆစီ တိုးလာတာပေါ့။" အိုင်ဗီ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ "ကောင်းတယ်။ ဒါဆို အစားအသောက်တွေ ပိုထွက်လာမှာပဲ။ ဟုတ်ပြီ၊ လုပ်လိုက်တော့။"

နောက်ဆုံးစကားမှာ သိုလှောင်ရုံစနစ်ထံသို့ အမိန့်ပေးလိုက်ခြင်းဖြစ်ပြီး မကြာမီမှာပင် ဆားထုပ်အမျိုးမျိုးမှာ မိုးရွာသကဲ့သို့ ကျဆင်းလာတော့သည်။

ကျေနပ်သွားသော အိုင်ဗီသည် လမ်းညွှန်ချက်စာအုပ်ကို စစ်ဆေးကြည့်ရာ ဝမ်းသာစရာ အချက်ကို တွေ့လိုက်ရသည်။ ယခုအခါ သူမသည် သိုလှောင်ရုံအတွင်း၌ မည်သည့် သက်ရှိသတ္တဝါကိုမဆို ၂၅ ရက် တိတိ ထားရှိနိုင်ပြီ ဖြစ်သည်။

"စျေးဝယ်မျက်နှာပြင်ကို ပြပါ" အိုင်ဗီ အမိန့်ပေးလိုက်သည်။

နောက်တစ်စက္ကန့်တွင် အပြာရောင် ဟိုလိုဂရမ်ပြကွက်တစ်ခု ပေါ်လာပြီး ပစ္စည်းအမျိုးမျိုးနှင့် ၎င်းတို့၏ စျေးနှုန်းများ ပါဝင်လာသည်။ အိုင်ဗီသည် 'သံရိုင်း' သို့မဟုတ် 'စက်ပစ္စည်း' ကဲ့သို့သော အရာများကို ရှာဖွေကြည့်သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။

"စျေးဝယ်မျက်နှာပြင်ကတော့ သိပ်ပြီး မပြောင်းလဲသေးဘူးနဲ့ တူတယ်..." အိုင်ဗီ အလေးအနက် စဉ်းစားပြီးနောက် ပြကွက်ကို ပိတ်ကာ အမိန့်ပေးလိုက်သည်။

"အိပ်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းတစ်ခု တည်ဆောက်မယ်"

[အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းကို ၂ KB ဖြင့် တည်ဆောက်လိုပါသလား။]

"တည်ဆောက်မယ်။" အိုင်ဗီ၏ နှလုံးခုန်နှုန်းများ မြန်လာသည်။

[အမိန့်ကို စတင်ဆောင်ရွက်နေသည်... တည်ဆောက်မှု အောင်မြင်ပါသည်။]

အိုင်ဗီ၏ ရှေ့တွင် တောက်ပသော အဖြူရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး အလင်းပျောက်ကွယ်သွားချိန်တွင် အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းထက် နှစ်ဆ ပိုကြီးသော တိုက်ခန်းတစ်ခု ပေါ်လာသည်ကို သူမ မြင်လိုက်ရသည်။

ထိုတိုက်ခန်းမှာ သစ်သားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သဖြင့် အိုင်ဗီသည် ၎င်းပစ္စည်းကို ကျောက်တုံးဖြင့် အစားထိုး၍ ရမလားဟု တွေးမိသွားသည်။

"အိမ်ရဲ့ ကုန်ကြမ်းကို ကျောက်တုံးနဲ့ အစားထိုးလိုက်။" လှပသော တိုက်ခန်းကို စိုက်ကြည့်ရင်း သူမ အမိန့်ပေးလိုက်သည်။

[၎င်းအတွက် ၂ KB ကုန်ကျမည် ဖြစ်သည်။]

"နောက်တစ်ခါ ထပ်ပေးရဦးမယ် တကယ်ပါပဲ..." အိုင်ဗီ၏ ရင်ထဲတွင် ညည်းညူမှုများ ပြည့်နှက်သွားသော်လည်း စိတ်ကို ထိန်းချုပ်ကာ ပြတ်သားစွာ ပြောလိုက်သည်။ "လုပ်လိုက်တော့။"

ဝှူး...

တောက်ပသော အလင်းတန်း တစ်ချက် လက်သွားပြီးနောက် နောက်တစ်စက္ကန့်တွင် ကျောက်တုံးဖြင့် ပြုလုပ်ထားသော အိမ်တစ်လုံး ပေါ်လာသည်။

"အုတ်နဲ့ ဘိလပ်မြေနဲ့ အစားထိုးလို့ ရမလား" အိုင်ဗီ စမ်းသပ်ကြည့်သည်။

[၎င်းကို အစားထိုးလိုပါသလား...]

"အေး၊ လုပ်လိုက်။" သူမသည် စိတ်ရှည်လက်ရှည်ဖြင့် ကြားဖြတ်ပြောလိုက်သည်။ သိုလှောင်ရုံစနစ်နှင့် အတူနေလာသည်မှာ ကြာပြီဖြစ်၍ အရာရာကို ထပ်ခါတလဲလဲ အတည်ပြုတတ်သည့် ၎င်း၏ အလေ့အကျင့်ကို သူမ ကောင်းကောင်း သိနေသည်။

[အမိန့်ကို စတင်ဆောင်ရွက်နေသည်... အမှားအယွင်း ဖြစ်ပေါ်သည်. အဆင့်မလုံလောက်ပါ]

"ထင်တဲ့အတိုင်းပဲ။" သူမ ခေါင်းခါလိုက်ပြီးနောက် ထပ်မံ အမိန့်ပေးလိုက်သည်။ "နှစ်ထပ် မျှော်စင်တစ်ခု တည်ဆောက်မယ်။"

[တိုက်ခန်း လေးခန်းပါတဲ့ နှစ်ထပ်အဆောက်အအုံကို ၂၀ KB ဖြင့် တည်ဆောက်လိုပါသလား။]

"တည်ဆောက်မယ်။"

[အမိန့်ကို စတင်ဆောင်ရွက်နေသည်... အမှားအယွင်း ဖြစ်ပေါ်သည် အဆင့်မလုံလောက်ပါ]

"တိုက်ခန်း သုံးခန်းပါတဲ့ မျှော်စင် တည်ဆောက်မယ်။"

[တိုက်ခန်း သုံးခန်းပါတဲ့ နှစ်ထပ်အဆောက်အအုံကို ၁၅ KB ဖြင့် တည်ဆောက်လိုပါသလား။]

"တည်ဆောက်မယ်။"

[အမိန့်ကို စတင်ဆောင်ရွက်နေသည်... အမှားအယွင်း ဖြစ်ပေါ်သည်! အဆင့်မလုံလောက်ပါ]

"မျှော်စင်ထဲမှာ တိုက်ခန်း နှစ်ခန်းပဲ ဆောက်မယ်။"

[တိုက်ခန်း နှစ်ခန်းပါတဲ့ နှစ်ထပ်အဆောက်အအုံကို ၁၀ KB ဖြင့် တည်ဆောက်လိုပါသလား။]

"တည်ဆောက်မယ်။"

[အမိန့်ကို စတင်ဆောင်ရွက်နေသည်... တည်ဆောက်မှု အောင်မြင်ပါသည်။]

အိုင်ဗီသည် တောက်ပသော အလင်းတန်းနှင့်အတူ အဆောက်အအုံပုံစံတစ်ခု ပေါ်လာသည်ကို အံ့သြစွာ ကြည့်နေမိသည်။ ၎င်းမှာ နှစ်ထပ်သာ ရှိသော်လည်း သူမကို စိတ်လှုပ်ရှားစေရန် လုံလောက်လှသည်။

သူမသည် မျှော်စင်၏ အဝင်ဝဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

မျှော်စင်တစ်ခုလုံးကို ကျောက်တုံးဖြင့် ပြုလုပ်ထားပြီး လေးထောင့်ပုံစံ အပေါက်တစ်ခု (တံခါးဖြစ်နိုင်သည်) ပွင့်နေသည်။ အထူးခြားဆုံး အချက်မှာ ထိုကျောက်မျှော်စင်မှာ ကျောက်တုံးအများအပြား ဆက်ထားခြင်း မဟုတ်ဘဲ ကျောက်တုံးကြီး တစ်တုံးတည်းဖြင့် ထွင်းထုတည်ဆောက်ထားသကဲ့သို့ ဖြစ်နေခြင်းပင်။

အတွင်းထဲသို့ ဝင်လိုက်သောအခါ ဒုတိယထပ်သို့ တက်သည့် လှေကားမှလွဲ၍ ပထမထပ်မှာ လုံးဝ အလွတ်ကြီး ဖြစ်နေသည်ကို အိုင်ဗီ သတိပြုမိလိုက်သည်။ ၎င်းမှာ ထရက်တာ လေးစီးစာလောက် ဆံ့နိုင်သည့်အထိ ကျယ်ဝန်းလှသည်။

လှေကားပေါ် တက်သွားပြီးနောက် လမ်းဆုံတစ်ခုသို့ ဦးတည်သော လမ်းလေးကို တွေ့ရသည်။ တစ်ဖက်တစ်ချက်စီတွင် အခန်းတစ်ခန်းစီ ရှိသည်။ သူမ၏ ထက်မြက်သော အကြည့်ဖြင့် ကြည့်ရသလောက် တစ်ဖက်စီတွင် အခန်းတစ်ခန်းထက်မက ထားရှိရန် လုံလောက်သော နေရာလွတ် ရှိသည်။ ဝရန်တာ မပါရှိသဖြင့် အဆောက်အအုံမှာ အနည်းငယ် အိုက်စပ်စပ် ဖြစ်နေသည်။

သို့သော် သူမကို ဇဝေဇဝါ ဖြစ်စေသည်မှာ အထဲတွင် အလွန်ကျယ်ဝန်းနေခြင်းပင်။ အပြင်ဘက်မှ ကြည့်လျှင် သာမန် အဆောက်အအုံလေး ဖြစ်သော်လည်း အတွင်းဘက်မှာမူ ပို၍ ကျယ်ဝန်းနေသည်။

'ဒါက အထူးစွမ်းဆောင်ချက်လား ဒါမှမဟုတ် သိုလှောင်ရုံက ဟင်းလင်းပြင်အမြူတေ တွေကို သုံးပြီး ဆောက်လိုက်တာလား' အိုင်ဗီ တွေးနေမိသည်။

သူမ အတိတ်ဘဝတွင် မသေဆုံးမီက ဟင်းလင်းပြင် အဆောက်အအုံများအကြောင်း ကြားဖူးခဲ့သည် ဟင်းလင်းပြင်စွမ်းအားရှင် အင်ဂျင်နီယာအချို့သည် နေရာအနည်းငယ်သာ ယူသော်လည်း အတွင်းဘက်တွင် ကျယ်ဝန်းသော အဆောက်အအုံများ ဆောက်လုပ်ရန် ကြိုးပမ်းခဲ့ကြဖူးသည်။

"တကယ်လို့ ဒါက အမှန်ဆိုရင်တော့ သိုလှောင်ရုံက ဟင်းလင်းပြင်အမြူတေ ၁၀,၀၀၀ တောင်းခဲ့တာကို နားလည်သွားပြီ။" အိုင်ဗီသည် လေးစားအားကျသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။

တိုက်ခန်းနှစ်ခန်းကို လေ့လာပြီးနောက် ၎င်းတို့တွင် ထမင်းစားခန်း၊ အပိုအခန်းတစ်ခန်းနှင့် ရေချိုးခန်းတို့ ပါဝင်ကြောင်း သူမ သိလိုက်ရသည်။

ကျေနပ်သွားသော အိုင်ဗီသည် တစ်မျှော်စင်လုံးကို ပြုပြင်မွမ်းမံရန် ရည်ရွယ်ချက်ဖြင့် စျေးဝယ်မျက်နှာပြင်ကို ဖွင့်ကာ နံရံဆေးသုတ်ဆေးကို ရှာလိုက်သည်။ သူမသည် အဖြူရောင်ဆေးအချို့ကို ဝယ်ယူပြီး မျှော်စင်တစ်ခုလုံးကို အဖြူရောင်သုတ်ရန်နှင့် ပြုပြင်မှုအချို့လုပ်ရန် အမိန့်ပေးလိုက်သည်။

ပထမဦးစွာ ဒုတိယထပ်ရှိ ကျောက်တုံးနံရံအချို့ကို ဖယ်ရှားကာ ဝရန်တာကဲ့သို့ ပွင့်လင်းသော နေရာတစ်ခုအဖြစ် ပြောင်းလဲရန် သူမ အမိန့်ပေးလိုက်သည်။

အဖြူရောင်အလင်း လက်ခနဲ ဖြစ်သွားပြီး ထူထဲသော နံရံကြီး ပျောက်ကွယ်သွားကာ ကျယ်ဝန်းသော ဝရန်တာပုံစံ နေရာတစ်ခု ပေါ်လာသည်။ လတ်ဆတ်သော လေများ ဝင်ရောက်လာသဖြင့် ဒုတိယထပ်မှာ အရင်ကလို အသက်ရှူမကျပ်တော့ပေ။

"ပိုကောင်းသွားပြီ။ အခုမှပဲ ဂူတစ်ခုနဲ့ မတူဘဲ လူနေလို့ရတဲ့ နေရာနဲ့ တူသွားတော့တယ်။" အိုင်ဗီ ရေရွတ်လိုက်သည်။

ထို့နောက် စျေးဝယ်မျက်နှာပြင်ကို ထပ်မံ နှိပ်လိုက်သည်။ "ပြတင်းပေါက်တွေ ထည့်မယ်။"

[တစ်ခန်းလျှင် ပြတင်းပေါက် လေးခုနှုန်းအား ၂ KB ဖြင့် ထည့်သွင်းလိုပါသလား။]

"ထည့်မယ်။"

All Chapters