အခန်း (၄၉၁-၄၉၂)
Vol. 46 Ch. 491-492
အပိုင်း (၄၉၁)
ဓားအဖိုးအိုက အမိန့်ကိုနာခံပြီး ရှောင်လင်ကျောင်းတော်ဆီကို တိုက်ရိုက် ဦးတည်သွားတော့သည်။
တစ်ဖက်တွင်လည်း မဟာဝူအင်ပါယာသည် နာကျင်ခံစားနေရသော သားကောင်များအသွင်ဖြင့် အလောင်းများကို သယ်ဆောင်ကာ ရှောင်လင်ကျောင်းတော်သို့ ချီတက်လာခဲ့ကြသည်။
မကြာမီမှာပင် ထိုသတင်းသည် တစ်လောကလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေတော့သည်။
"ဘာ... မဟာဝူရဲ့ ခုနှစ်ယောက်မြောက်မင်းသားရဲ့ ရုပ်အလောင်းကို တွေ့ပြီ ဟုတ်လား။ ရှောင်လင်ကျောင်းရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တာလို့ ပြောနေကြတာပဲ"
"ဟုတ်တယ်... ရှောင်လင်ကျောင်းက လုပ်ကြံပြီးတော့ မဟာရှအပေါ် အပြစ်ပုံချဖို့ ကြံစည်ခဲ့တာတဲ့။ ကံဆိုးချင်တော့ မဟာဝူမှာ ထူးချွန်တဲ့သူတစ်ယောက် ရှိနေပြီး အဖြစ်မှန်ကို ဖော်ထုတ်နိုင်ခဲ့လို့ တရားခံအစစ် ပေါ်သွားတာပေါ့"
"မဖြစ်နိုင်တာ... ရှောင်လင်ကျောင်းက ဘုန်းကြီးတွေက ကရုဏာတရားကို အခြေခံတာလေ၊ ဒါမျိုး လုပ်ပါ့မလား"
"လူဆိုတာ အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်ဘူးကွ၊ လူ့မျက်နှာကို ကြည့်ရုံနဲ့ စိတ်ဓာတ်ကို မသိနိုင်ဘူးလေ။ သူတို့ရဲ့ ကရုဏာ အသွင်အပြင်အောက်မှာ ဘာတွေ ဖုံးကွယ်ထားလဲဆိုတာ ဘယ်သူသိမှာလဲ။ သူတော်ကောင်းလား၊ လူယုတ်မာလား၊ ကြင်နာတတ်သူလား၊ ရက်စက်တတ်သူလားဆိုတာ ခွဲရခက်တယ်။ အခုတော့ မဟာဝူနဲ့ မဟာရှ နှစ်နိုင်ငံလုံးက ရှောင်လင်ကျောင်းဆီကို ရှင်းလင်းချက်တောင်းဖို့ သွားကြပြီလေ"
"ငါတို့လည်း သွားကြည့်ရအောင်"
သိုင်းလောကထဲက အားနေတဲ့သူတွေဟာ စိတ်ဝင်စားစရာ ရှိတဲ့နေရာဆီကို အပြေးအလွှား သွားလေ့ရှိကြသည်။ ဤဖြစ်ရပ်မျိုးက အလွန်ရှားပါးသောကြောင့် လူအများအပြားမှာ ရှောင်လင်ကျောင်းတော်ဆီသို့ စုပြုံရောက်ရှိလာကြသည်။
ရန်လိုနေသော လူအုပ်ကြီးကို ကြည့်ရင်း ကျဲချန်ဆရာတော်မှာ ဦးရေပြားများပင် စိမ့်သွားရသည်။
ဝတ်ရုံစိမ်းမျှော်စင်နဲ့ ပြဿနာက မပြေလည်သေးခင်မှာပဲ နောက်ထပ် ပြဿနာကြီးတစ်ခုနဲ့ ထပ်ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။ အကယ်၍ ကောင်းကောင်း မကိုင်တွယ်နိုင်ပါက ဗုဒ္ဓဂိုဏ်းတစ်ခုလုံး၏ ဂုဏ်သိက္ခာ ညှိုးနွမ်းသွားပေလိမ့်မည် ဖြစ်သည်။ ထို့ထက် ပိုဆိုးသည်မှာ အင်အားကြီးလှသော မဟာဝူအင်ပါယာကို ရန်သူဖြစ်သွားစေနိုင်ခြင်းပင်။
"အောမီထောဖော ... ဒကာတို့၊ ကိုယ်တော်တို့လည်း သိုင်းလောကထဲက ကောလာဟလတွေကို ကြားပါတယ်။ ဒါပေမဲ့ ဒါဟာ ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းရဲ့ လက်ချက် မဟုတ်တာ အမှန်ပါပဲ။ ကိုယ်တော်တို့ဟာ တံခါးပိတ် ကျင့်ကြံနေထိုင်ပြီး လောကီရေးရာတွေမှာ ဝင်ရောက် စွက်ဖက်ခြင်း မရှိပါဘူး"
"ဒါ့အပြင် ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းဟာ အမြဲတမ်း ကရုဏာတရား ရှေ့ထားပြီး ရက်ရောကြင်နာသူတွေပါ။ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်မျိုးကို ဘယ်လိုလုပ် ကျူးလွန်နိုင်ပါ့မလဲ။ ဒါဟာ တစ်စုံတစ်ယောက်က ကိုယ်တော်တို့ကို အကွက်ကျကျ ထောင်ချောက်ဆင်တာ ဖြစ်မှာပါ။ လူယုတ်မာတွေရဲ့ လှည့်ကွက်ထဲမှာ မကျရှုံးကြပါနဲ့…"
"အပြောကတော့ သီချင်းဆိုနေသလိုပဲနော်... ကျုပ်သာ ကိုယ်တိုင် မမြင်ခဲ့ရင် ခင်ဗျားတို့ရဲ့ လှည့်ကွက်တွေထဲမှာ မိသွားမှာ အမှန်ပဲ" မဟာဝူမှ ကောင်းကင်အဆင့် သိုင်းပညာရှင်က အငြိုးအတေးများ ပြည့်နေသော အကြည့်များဖြင့် လှောင်ပြုံးပြုံးလိုက်သည်။
"ဟုတ်တယ်" ဓားအဖိုးအိုကလည်း ဘေးကနေ မီးလောင်ရာလေပင့်သလို ဝင်ထောက်လိုက်သည်။
သူသည် မိမိကိုယ်မိမိ ဇာတ်ပို့နေရာကမှန်း ကောင်းကောင်းသိသည်။ သူ၏ အဓိကတာဝန်မှာ မဟာဝူဘက်ကနေ အားပေးအားမြှောက်လုပ်ပြီး အရှိန်အဟုန်မြှင့်ပေးရန်သာ ဖြစ်သည်။
"ဘုန်းကြီးတို့မည်သည် မုသားမဆိုပါ၊ အောမီထောဖော.." ဆရာတော် ကျဲချန်က ဆိုလိုက်သည်။
"စကားတွေ အများကြီး ပြောမနေနဲ့တော့၊ ခေါင်းတလားကိုဖွင့်ပြီး အလောင်းကို စစ်ဆေးကြစို့"
မဟာဝူမှ ကောင်းကင်အဆင့်က ခေါင်းတလားအချို့ကို သယ်ဆောင်လာခဲ့သည်။ အဖုံးများကို ဖွင့်လိုက်သောအခါ အတွင်း၌ ရေခဲတုံးကြီးများဖြင့် အအေးဓာတ်များ ထွက်ပေါ်နေသည်။ ရာသီဥတု ပူပြင်းသဖြင့် အလောင်းများ မပုပ်ပွစေရန် ယခုကဲ့သို့ စီစဉ်ထားခြင်း ဖြစ်သည်။
"ဒီနေ့ လူအများရှေ့မှာပဲ ကျုပ် အလောင်းကို ထပ်ပြီး ရင်ခွဲစစ်ဆေးပြမယ်။ အားလုံးပဲ သက်သေအဖြစ် ကြည့်ရှုပေးကြပါ"
အလောင်းကို ထပ်မံခွဲစိပ်ပြီး သက်သေများကို လူအများရှေ့တွင် ချပြလိုက်သည်။
"ဒီမှာကြည့်... ကျောရိုးပေါ်မှာ မည်းနက်နေတဲ့ လက်ဗွေရာတစ်ခု ရှိတယ်။ ကမ္ဘာပေါ်မှာ ဒီလိုလုပ်နိုင်တဲ့ လက်ညှိုးသိုင်းဆိုတာ အနည်းငယ်ပဲ ရှိတယ်။ ကျုပ် သိထားသလောက်တော့ 'ပညာလက်ညှိုး' သိုင်းရဲ့ အမြင့်ဆုံးအဆင့်ကပဲ အရေပြားနဲ့ ကလီစာတွေကို ထိုးဖောက်ပြီး ကျောရိုးဆီကို တိုက်ရိုက် ထိမှန်စေကာ အသံမထွက်ဘဲ သတ်နိုင်တယ်"
"ပြီးတော့ ဒီ 'ပညာလက်ညှိုး' သိုင်းက ရှောင်လင်ကျောင်းရဲ့ လျှို့ဝှက်သိုင်းဖြစ်ပြီး ပြင်ပလူကို ဘယ်တော့မှ မသင်ပေးဘူး။ ခင်ဗျားတို့ ရှောင်လင်ဘုန်းကြီးတွေ မဟုတ်ရင် တခြား ဘယ်သူက လုပ်နိုင်မှာလဲ။ ခင်ဗျားတို့ ဂိုဏ်းက ဝါရင့်ဆရာတော်တွေမှသာ ဒါကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်တာ။ အခုထိ ဗုဒ္ဓဂိုဏ်းရဲ့ လက်ချက်မဟုတ်ဘူးလို့ ငြင်းချင်သေးတာလား"
"ဗုဒ္ဓဂိုဏ်းရဲ့ လက်ချက်မဟုတ်ဘူးလို့ ပြောချင်သေးတာလား" ဓားအဖိုးအိုက ချက်ချင်းပင် လိုက်၍ မေးခွန်းထုတ်လိုက်သည်။
"ဒါက..." ဘုန်းကြီးများမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်နှာများ ဖြူလျော့ကုန်ကြသည်။
သေချာစွာ စစ်ဆေးပြီးနောက် ကျဲချန်ဆရာတော်က "ဒါဟာ တကယ်ပဲ 'ပညာလက်ညှိုး' သိုင်းရဲ့ အာနိသင်ပါပဲ" ဟု ဝန်ခံလိုက်ရသည်။
"ဝန်ခံရဲတာတော့ ကောင်းတာပေါ့၊ မဝန်ခံရဲဘူးလို့ ကျုပ် ထင်နေတာ"
မဟာဝူမှ ကောင်းကင်အဆင့်က လှောင်ပြုံးပြုံးကာ နောက်ထပ် အလောင်းတစ်ခုကို ညွှန်ပြလိုက်သည်။ "ဒီမှာကြည့်... ဒီဦးခေါင်းခွံက အကောင်းအတိုင်းလို့ ထင်ရပေမဲ့ အတွင်းထဲက ဦးနှောက်ကတော့ လက်ငါးချောင်းပုံစံနဲ့ ကြေမွသွားပြီ"
"တစ်လောကလုံးမှာ 'နဂါးလက်သည်း' သိုင်းရဲ့ အမြင့်ဆုံးအဆင့်ကပဲ ဦးခေါင်းခွံကို ထိုးဖောက်ပြီး ဦးနှောက်ကို တိုက်ရိုက် ရိုက်ခွဲနိုင်တာ။ အခုတော့ သက်သေတွေက အထင်အရှားပဲ၊ ခင်ဗျားတို့ ဘာပြောချင်သေးလဲ"
"ဘာပြောချင်သေးလဲ" ဓားအဖိုးအိုက လိုက်ပြောပြန်သည်။
"ဒါ... ဒါကလည်း ရှောင်လင်ရဲ့ နဂါးလက်သည်းသိုင်းပါပဲ" ကျဲချန်ဆရာတော်က စစ်ဆေးပြီးနောက် ကောက်ချက်ချလိုက်သည်။
"ပြီးတော့ ဒီမှာ... ဒီမှာလည်း ရှိသေးတယ်"
မဟာဝူရဲ့ ကောင်းကင်အဆင့်က တစ်ခုချင်းစီ ထောက်ပြလိုက်သည်။ ထိုအရာအားလုံးမှာ ရှောင်လင်၏ လျှို့ဝှက်သိုင်းများသာ ဖြစ်နေသည်။
လူတိုင်း၏ မျက်နှာများမှာ ပို၍ ပို၍ တုန်လှုပ်ခြောက်ခြားလာကြသည်။ အကယ်၍ ရှောင်လင်သိုင်း တစ်မျိုး၊ နှစ်မျိုးတည်းဆိုလျှင် ဒါဟာ ရှောင်လင်ရဲ့ လက်ချက်လို့ ကောက်ချက်ချဖို့ မလုံလောက်နိုင်ပေမဲ့ အခုလို အဆင့်မြင့်သိုင်းတွေ အများကြီး ပါဝင်နေတာကတော့ သံသယဖြစ်စရာ ကောင်းလှသည်။
လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာကြသည် - "ဒါဟာ တကယ်ပဲ ဗုဒ္ဓဂိုဏ်းရဲ့ လက်ချက်လား..။ သူတို့က မဟာရှအပေါ် အပြစ်ပုံချပြီး အင်ပါယာနှစ်ခုကြား ပဋိပက္ခဖြစ်အောင် လုပ်နေတာလား.."
နောက်ဆုံးတွင် မဟာဝူ၏ ကောင်းကင်အဆင့်က ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်သည် - "အခုတော့ သက်သေတွေက အခိုင်အမာပဲ၊ ခင်ဗျားတို့ ဘာပြောမလဲ။ ဗုဒ္ဓဂိုဏ်းက လုပ်တာ မဟုတ်ဘူးလို့ ငြင်းဦးမှာလား။ ခင်ဗျားတို့ရဲ့ ရည်ရွယ်ချက်က အမှန်တကယ် ဘာလဲ"
"ပြောစမ်းပါဦး၊ ခင်ဗျားတို့ ဗုဒ္ဓဂိုဏ်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ခင်ဗျားတို့ နောက်ကွယ်မှာ မဟာကောင်းကင်အဆင့်တစ်ယောက် ရှိနေတာနဲ့တင် ကျုပ်တို့ကို ဂရုမစိုက်ဘဲ ထင်သလို လုပ်လို့ရမယ် ထင်နေတာလား" ဓားအဖိုးအိုကလည်း ဒေါသတကြီးဖြင့် စကားတစ်ခွန်း ဝင်ဖြည့်ကာ အကျယ်ကြီး မေးခွန်းထုတ်လိုက်လေသည်။
အပိုင်း (၄၉၂)
"ဟုတ်တယ်... မင်းတို့ရဲ့ ဗုဒ္ဓဂိုဏ်းနောက်ကွယ်မှာ မဟာကောင်းကင်အဆင့်တစ်ယောက် ရှိနေတာနဲ့တင် မဟာဝူနဲ့ မဟာရှကို ဂရုမစိုက်ဘဲ ထင်သလို လုပ်လို့ရမယ် ထင်နေတာလား"
"ဒီလိုလုပ်တာက ပြဿနာတွေဖန်တီးပြီးတော့ မင်းတို့ရဲ့ သာသနာတွေ ပြန့်ပွားဖို့ အခွင့်အရေးရှာနေတာ မဟုတ်လား"
"မင်းတို့ ဗုဒ္ဓဂိုဏ်းရဲ့ ရည်ရွယ်ချက်က အမှန်တကယ် ဘာလဲ"
ဘေးက ကြည့်နေကြတဲ့ သိုင်းလောကသားတွေကလည်း တစ်ယောက်တစ်ပေါက် ဝင်၍ အားပေးအားမြှောက် လုပ်နေကြတော့သည်။
"ဒါက နားလည်မှုလွဲတာပါ... လုံးဝ နားလည်မှုလွဲတာပါ"
ဆရာတော် ကျဲချန်က အနည်းငယ် ပျာပျာသလဲဖြင့် "ကိုယ်တော်တို့ ဘုန်းကြီးတွေဆိုတာ လောကီစည်းစိမ်ကို စွန့်လွှတ်ထားတဲ့ ကျင့်ကြံသူတွေပါ။ သတ်သတ်လွတ်စားပြီး ပုတီးစိပ်၊ တရားဟောရင်းနဲ့ပဲ လောကကြီးနဲ့ ငြိမ်းချမ်းစွာ နေထိုင်ကြတာပါ။ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ အမှုမျိုးကို ဘယ်လိုလုပ် ကျူးလွန်နိုင်ပါ့မလဲ"
"ဒါဆို ဒီဒဏ်ရာတွေကို ဘယ်လို ရှင်းပြမလဲ" မဟာဝူမှ ကောင်းကင်အဆင့် သိုင်းပညာရှင်က ရှေ့က အလောင်းတွေကို လက်ညှိုးထိုးရင်း တင်းမာစွာ မေးလိုက်သည်။
"အမှန်အတိုင်း ပြောရရင်တော့... ဒီကိစ္စ ဘယ်လိုဖြစ်တယ်ဆိုတာ ကိုယ်တော်လည်း မသိပါဘူး"
ဆရာတော် ကျဲချန်က မျက်မှောင်ကြုတ်ရင်း "ဒီဒဏ်ရာတွေက ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းရဲ့ (၇၂) ပါးသော လျှို့ဝှက်သိုင်းတွေကြောင့် ဖြစ်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီသိုင်းတွေကို တတ်တဲ့သူတွေ ရှိပေမဲ့ အမြင့်ဆုံးအဆင့်အထိ ရောက်တဲ့သူက လက်ချိုးရေလို့ ရပါတယ်"
"ဥပမာဆိုရင်... ဒီ 'ပညာရှိလက်ညှိုး' သိုင်းကို ကိုယ်တော်တို့ ဂိုဏ်းထဲမှာ ကိုယ်တော့်တပည့် 'ကျဲခုန်' တစ်ယောက်ပဲ အထွတ်အထိပ် ရောက်အောင် ကျင့်နိုင်တာပါ။ 'နဂါးလက်သည်း' သိုင်းကိုတော့ ဆရာတော် 'လီချန်' နဲ့ ကိုယ်တော့်နောင်တော် 'ကျဲချီ' နှစ်ယောက်ပဲ တတ်မြောက်တာ။ သူတို့အားလုံးက ရှောင်လင်ကျောင်းတော်ထဲမှာပဲ အမြဲရှိနေတာမို့ တရားခံ မဖြစ်နိုင်ပါဘူး"
မဟာဝူမှ ကောင်းကင်အဆင့်က လှောင်ပြုံးပြုံးကာ "ပြောတော့ ခင်ဗျားတို့ လူတွေပဲလေ၊ ခင်ဗျားကတော့ ရှေ့နေလိုက်ပေးမှာပေါ့။ သူတို့ ကျောင်းထဲကနေ အပြင်မထွက်ဘူးဆိုတာ ဘယ်လို သက်သေပြမလဲ။ သူတို့ တရားခံ မဟုတ်ဘူးဆိုတာရော ဘယ်လို အာမခံမလဲ"
"ဟုတ်တယ်... ခင်ဗျားတို့အားလုံး ပေါင်းကြံတာလည်း ဖြစ်နိုင်တာပဲ" ဓားအဖိုးအိုကလည်း ချက်ချင်းပင် ဝင်ထောက်လိုက်သည်။
"ဒါမှမဟုတ်ရင်လည်း..."
မဟာဝူမှ ကောင်းကင်အဆင့်က ဓားအဖိုးအိုကို တစ်ချက်စောင်းကြည့်လိုက်ပြီး "ခင်ဗျားတို့ ဗုဒ္ဓဂိုဏ်းက ရှောင်လင်ကျောင်းရဲ့ လျှို့ဝှက်သိုင်းတွေကို ကျွမ်းကျင်တဲ့ ဘုန်းကြီးတစ်စုကို လျှို့ဝှက်လေ့ကျင့်ပေးပြီးတော့ မကောင်းတဲ့အလုပ်တွေ ခိုင်းနေတာ မဟုတ်လား"
"ဖြစ်နိုင်ခြေ အရမ်းများတယ်။ တခြားသူတွေတောင် လုပ်နိုင်ရင် ဗုဒ္ဓဂိုဏ်းက ဘာလို့ မလုပ်နိုင်ရမှာလဲ" ဓားအဖိုးအိုက မီးလောင်ရာလေပင့် ထပ်ပြောပြန်သည်။
"လုံးဝ မဖြစ်နိုင်တာ"
ဆရာတော် ကျဲချန်က အလေးအနက် ဆိုလိုက်သည်။ "ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းရဲ့ လျှို့ဝှက်သိုင်းတွေဟာ သင်ယူဖို့ လွယ်ပေမဲ့ တတ်မြောက်ဖို့ ခက်ခဲတယ်။ အခြေခံကို လေ့ကျင့်ဖို့တင် (၅) နှစ် (၆) နှစ်လောက် အချိန်ပေးရပြီး အထွတ်အထိပ် ရောက်ဖို့ဆိုရင် နှစ်ပေါင်း (၃၀) ကနေ (၄၀) အထိ ကြာနိုင်တယ်။ ဒီလောက် အချိန်ကုန် လူပန်းခံမယ့်အစား အမြန်တတ်တဲ့ တခြားသိုင်းတွေကို ဘာလို့ မသင်ခိုင်းဘဲ ရှောင်လင်သိုင်းတွေကို ဒုက္ခခံ သင်ခိုင်းနေမှာလဲ"
"ဒါဆိုရင်တော့ ခင်ဗျားတို့ ဂိုဏ်းက ဝါရင့်ဘုန်းကြီးတွေ လုပ်တာပဲပေါ့၊ အခုထိ ငြင်းချင်သေးတာလား" မဟာဝူမှ ကောင်းကင်အဆင့်က အော်ဟစ်လိုက်သည်။
"တကယ်တော့ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိသေးတယ်"
ဆရာတော် ကျဲချန်၏ မျက်နှာတွင် ခါးသီးသော အရိပ်အယောင်များ ပေါ်လာကာ "ကိုယ်တော်တို့ ဗုဒ္ဓဂိုဏ်းရဲ့ လျှို့ဝှက်သိုင်းတွေ ပေါက်ကြားသွားပြီးတော့ လူယုတ်မာတွေက သင်ယူပြီး ကိုယ်တော်တို့ကို အကွက်ဆင်တာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်တော်တို့ ဂိုဏ်းဟာ မတရား စွပ်စွဲခံနေရတာပါ၊ ကိုယ်တော်တို့လည်း သားကောင်တွေပါပဲ"
"ဒါက ခင်ဗျားတို့ဘက်က ပြောတာလေ၊ သက်သေရှိလား" ဓားအဖိုးအိုက မေးခွန်းထုတ်လိုက်သည်။
"ဒါကတော့... ကိုယ်တော့်မှာ သက်သေမရှိပါဘူး။ ဒါပေမဲ့ ဒီနောက်ကွယ်က လူကို အစွမ်းကုန် စုံစမ်းဖော်ထုတ်သွားမှာပါ။ ဒကာတို့အနေနဲ့ ကိုယ်တော်တို့ကို အချိန်အနည်းငယ်လောက် ပေးစေချင်ပါတယ်။ လူတိုင်းကို ကျေနပ်လောက်တဲ့ ရှင်းလင်းချက်တစ်ခု ပေးပါ့မယ်"
"နှစ်လ... အလွန်ဆုံး နှစ်လပဲ"
မဟာဝူမှ ကောင်းကင်အဆင့်က လက်နှစ်ချောင်း ထောင်ပြလိုက်သည်။ "နှစ်လအတွင်း ကျေနပ်လောက်တဲ့ ရှင်းလင်းချက် မပေးနိုင်ရင် ကျုပ်ကိုယ်တိုင် လာတောင်းမယ်။ အဲဒီအချိန်ကျရင်တော့ ကျုပ်ကို ရက်စက်တယ်လို့ မပြောနဲ့တော့"
"နှစ်လဆိုတာ အရမ်းတိုလွန်းပါတယ်။ အချိန်နည်းနည်းလောက် ထပ်တိုးပေးလို့ မရဘူးလား" ဆရာတော် ကျဲချန်က တောင်းပန်လိုက်သည်။
"နောက်ထပ် တစ်လပဲ ထပ်တိုးပေးမယ်၊ စုစုပေါင်း သုံးလပေါ့။ ခင်ဗျားတို့ ဗုဒ္ဓဂိုဏ်းရဲ့ အစွမ်းအစနဲ့ဆိုရင် သုံးလက လုံလောက်ပါတယ်။ သိုင်းလောကသား အပေါင်းတို့ပဲ သက်သေအဖြစ် မှတ်ယူပေးကြပါ"
ဤသို့ဖြင့် ထိုကိစ္စမှာ ယာယီအားဖြင့် အဆုံးသတ်သွားတော့သည်။
……
ပြန်ရောက်ပြီးနောက်တွင် မဟာဝူမှ ကောင်းကင်အဆင့် သိုင်းပညာရှင်က ဖြစ်ပျက်သမျှကို မဟာဝူဧကရာဇ်ထံ တင်ပြလိုက်သည်။
သို့သော်လည်း သားဖြစ်သူ သေဆုံးသွားသဖြင့် မဟာဝူဧကရာဇ်၏ ဒေါသမှာ မပြေနိုင်ဘဲ မိမိပိုင်နက်အတွင်းရှိ ဘုရားကျောင်းအားလုံးကို ပိတ်ပစ်ရန် အမိန့်ထုတ်ပြန်လိုက်တော့သည်။
ထိုကျောင်းများမှ ဘုန်းကြီးများအားလုံးမှာ လူထွက်ရမည် သို့မဟုတ် မဟာဝူပိုင်နက်မှ ထွက်ခွာသွားရမည် ဖြစ်သည်။
မဟာဝူ၏ ကျယ်ပြောလှသော နယ်မြေအတွင်း ကျောင်းပေါင်း တစ်ထောင်ကျော်နှင့် ဘုန်းကြီးပေါင်း တစ်သိန်းကျော် ရှိရာ ထိုအမိန့်ကြောင့် ဗုဒ္ဓဂိုဏ်းမှာ အထိနာသွားရသည်။
သို့သော်လည်း လောလောဆယ်တွင် ဗုဒ္ဓဂိုဏ်းမှာ အမှားလုပ်ထားသူ ဖြစ်နေသဖြင့် တစ်ဖက်လူ၏ အနိုင်ကျင့်မှုကို အောင့်အည်း သည်းခံနေရရုံသာ ရှိတော့သည်။ နောက်ကွယ်က တရားခံအစစ်ကို ရှာတွေ့ပြီး ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်မှသာ နှစ်ဖက်ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာမည့် အခွင့်အရေး ရှိပေလိမ့်မည်။
……..
မဟာရှနန်းတော်အတွင်း၌ လင်းပိုင်ဖန်သည် ဓားအဖိုးအို၏ တင်ပြချက်ကို နားထောင်နေသည်။
အခြေအနေများက သူမျှော်လင့်ထားသလိုပင် မိုးသံလေသံသာ ကျယ်ပြီး မိုးမရွာခဲ့ချေ၊ နှစ်ဖက်လုံးက တကယ်တမ်း လက်ဖျားနဲ့တောင် မတို့ကြသေးပေ။
အမှန်စင်စစ် မဟာဝူအတွက်ကတော့ မင်းသားတစ်ပါး ဆုံးရှုံးသွားရုံသာ ဖြစ်သည်။
မဟာဝူတွင် မင်းသားများမှာ အလွန်ပင် ပေါများလှသည်။ ယခုမျိုးဆက်မှာတင် မင်းသား (၂၀) ကျော် ရှိနေပြီး ယခင်မျိုးဆက်က မင်းသားများ (ယခု မြို့စားများ) ကိုပါ ပေါင်းလိုက်လျှင် တစ်ရာကျော် ရှိသည်။
မင်းသားတွေ ဒီလောက်များနေမှတော့ တန်ဖိုးကလည်း နည်းသွားပေလိမ့်မည်။
တစ်ပါး၊ နှစ်ပါး သေဆုံးသွားခြင်းက ဆူဆူညံညံ ဖြစ်သွားစေနိုင်သော်လည်း အသေအလဲ တိုက်ခိုက်ရမည့် အခြေအနေမျိုးအထိ ဖြစ်လာရန် ခဲယဉ်းလှသည်။
တကယ်လို့ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်သာ သေဆုံးသွားခဲ့လျှင်တော့ အခြေအနေက ချက်ချင်း တင်းမာသွားပြီး နောက်ကွယ်က မဟာကောင်းကင်အဆင့်တွေကိုပါ နှိုးဆော်လိုက်သလို ဖြစ်သွားပေလိမ့်မည်။
"ဒီကိစ္စကတော့ အဆုံးသတ်သွားပြီ ထင်ရတာပဲ။ နှစ်ဖက်စလုံးက အင်အားကြီး အဖွဲ့အစည်းတွေဆိုတော့ ဒီလို ကိစ္စသေးသေးလေးအတွက်နဲ့တော့ ပြဿနာအကြီးအကျယ် ရှာကြမှာ မဟုတ်ဘူး။ ဒါကြောင့်လည်း မဟာဝူဧကရာဇ်က သားအတွက် လက်စားချေတဲ့အနေနဲ့ သူ့နယ်မြေထဲက ဘုရားကျောင်းတွေကို ဖျက်သိမ်းပစ်လိုက်တာပေါ့"
"ဟုတ်ပါတယ်"
ယောင်ယောင်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် "ဒီလို အင်အားစုတွေအတွက် ကောင်းကင်အဆင့်နဲ့ အထက် မပါဝင်သရွေ့တော့ ကိစ္စအသေးအမွှားလို့ပဲ သတ်မှတ်ကြတာ။ ဒါပေမဲ့ ဒီကိစ္စက ဗုဒ္ဓဂိုဏ်းရဲ့ လက်ချက် မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်"
"ဘာလို့ အဲဒီလို ထင်ရတာလဲ" လင်းပိုင်ဖန်က မေးလိုက်သည်။
"ရန်ဘက်ဟောင်းတွေ ဖြစ်နေလို့ သူတို့အကြောင်းကို ကျွန်မ ကောင်းကောင်း သိတာပေါ့"
ယောင်ယောင်က အေးစက်စက် လှောင်ပြုံးကာ "ဗုဒ္ဓဂိုဏ်းက လူတွေက အပြင်ပန်းမှာတော့ သူတော်ကောင်းယောင် ဆောင်နေပြီး တရားမျှတမှုအကြောင်းတွေ ပြောနေကြတယ် ဆိုပေမယ့် ပရိယာယ်တွေ၊ လှည့်ကွက်တွေ သုံးတာမျိုးကိုတော့ သူတို့က အောက်တန်းကျတယ်လို့ သတ်မှတ်ထားကြတာလေ"