← Chapters

အခန်း (၄၉၃-၄၉၄)

Vol. 46 Ch. 493-494

အခန်း (၄၉၃-၄၉၄)

Vol. 46 Ch. 493-494

အပိုင်း (၄၉၃)

လင်းပိုင်ဖန်က “ဒါပေမဲ့ ဒီကိစ္စကို ဘယ်လိုရှင်းပြမလဲ။ မဟာဝူရဲ့ ခုနှစ်ယောက်မြောက်မင်းသားနဲ့ တခြားသူတွေက ရှောင်လင်ကျောင်းရဲ့ လျှို့ဝှက်သိုင်းတွေနဲ့ အသတ်ခံရတာလေ။ သူတို့ကိုယ်ပေါ်က ဒဏ်ရာတွေကတော့ အတုအယောင် မဖြစ်နိုင်ဘူးမလား” ဟု မေးလိုက်သည်။

“အဲဒါကတော့... ကျွန်မလည်း မသေချာဘူး။ သူတို့ရဲ့ လျှို့ဝှက်သိုင်းတွေ တကယ်ပဲ ပေါက်ကြားသွားတာလည်း ဖြစ်နိုင်တာပဲ၊ ဟားဟား... သူတို့ ထိုက်နဲ့သူတို့ ကံပေါ့”

ယောင်ယောင်က ရယ်မောပြီးနောက် လင်းပိုင်ဖန်ကို သတိပေးလိုက်သည်။ “ဒါပေမဲ့ ရှင်တို့ မဟာရှနိုင်ငံကတော့ သတိထားရမယ်။ ဒီကိစ္စက ရှင်တို့ကို ရည်ရွယ်ပြီး လုပ်ကြံတာ သိသာလွန်းတယ်။ ကံကောင်းလို့သာ တစ်ယောက်ယောက်က အမှန်တရားကို ဖော်ထုတ်ပေးပြီး ရှင်တို့ရဲ့ သံသယကို ရှင်းပေးနိုင်ခဲ့တာ”

“အရင်က ကမ်းလှမ်းခဲ့တဲ့ ဆုကြေးငွေ သန်း (၃၀) ကိစ္စကလည်း ရှင်တို့ကို ပစ်မှတ်ထားတာပဲ။ တစ်နည်းပြောရရင် မဟာရှနိုင်ငံက အခုတလော ထင်ပေါ်ကျော်ကြားလာလို့ အကြည့်ခံနေရပြီ၊ ပစ်မှတ်အထားခံလိုက်ရပြီပေါ့။ ဒါကြောင့် နောင်မှာတော့ တိတ်တဆိတ်ပဲ ဖွံ့ဖြိုးအောင် လုပ်တာ အကောင်းဆုံးပဲ။ နားလည်လား”

“ဒါတွေက ပြောနေစရာ မလိုပါဘူး၊ ငါ သိပြီးသားပါ”

လင်းပိုင်ဖန်က သက်ပြင်းချရင်း “ ငါ နားမလည်နိုင်တာ တစ်ခုက ငါဟာ သူတစ်ပါးအပေါ် အမြဲတမ်း ကြင်နာသနားတတ်ပြီး မဟာရှနိုင်ငံ ဖွံ့ဖြိုးဖို့အတွက်ပဲ ကြိုးစားနေတာပါ။ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ရန်သူတွေများပြီး ပြဿနာတွေ တသီတတန်းကြီး ဖြစ်နေရတာလဲ”

ထိုစကားကို ကြားသောအခါ ယောင်ယောင်က မျက်လုံးကို အသာလှန်လိုက်မိသည်။ ‘သူတစ်ပါးအပေါ် ကြင်နာသနားတတ်တယ်’ ဟုတ်လား။

ရှင်က လူပေါင်းသောင်းခြောက်ထောင်ကို ရန်စထားတာလေ။ ရှင်က တစ်ယောက်ယောက်ကို ရန်စနေတာပဲ ဖြစ်ဖြစ်၊ ရန်စဖို့ သွားနေတာပဲ ဖြစ်ဖြစ် အမြဲတမ်း တစ်ခုခုတော့ လုပ်နေတာပဲ။ အခုထိ အသက်ရှင်နေတာတောင် အံ့ဩစရာကောင်းနေပြီ။

ထိုအချိန်တွင် လင်းပိုင်ဖန်သည် စိတ်ဓာတ်ကျနေဟန်ဖြင့် ထရပ်ကာ နန်းတော်အတွင်းသို့ လျှောက်သွားတော့သည်။

“ဘယ်ကို သွားမလို့လဲ” ယောင်ယောင်က လှမ်းမေးလိုက်သည်။

လင်းပိုင်ဖန်က နာကျင်နေဟန်ဖြင့် “ငါ့နှလုံးသားလေး အရမ်းကို ထိခိုက်နာကျင်နေလို့ မိဖုရားရှန့်၊ မိဖုရားရှင်း၊ မိဖုရားယွဲ့၊ မိဖုရားဟန်၊ ပိုင်ဇူတို့ဆီသွားပြီး အပူတွေ ဖြေမလို့ပါ” ဟု ပြန်ဖြေလိုက်သည်။

ယောင်ယောင် : “...”

လင်းပိုင်ဖန်က ရိုးသားစွာပင် ဖိတ်ခေါ်လိုက်သေးသည်။ “မင်းရော လိုက်ဦးမလား”

ယောင်ယောင် : “သွားစမ်းပါ”

……..

ဤအချိန်တွင် ဗုဒ္ဓဂိုဏ်းမှာ အလုပ်ရှုပ်နေပြီး ဖရိုဖရဲ ဖြစ်နေသလို တာအိုဂိုဏ်းမှာလည်း အခက်တွေ့နေရသည်။

သူတို့ ကျောထောက်နောက်ခံ ပေးထားသော မဟာလော့အင်ပါယာမှာ လုံးဝ ပြိုလဲသွားပြီ ဖြစ်သည်။

မြို့တော်ရှိ အရာရှိများမှအပ မဟာလော့နယ်မြေအတွင်းရှိ အရာရှိအားလုံးနီးပါးမှာ မိုယုယန်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသည်။

မဟာလော့အနှံ့ ပျံ့နှံ့နေသော စစ်တပ်များမှာလည်း လူစုကွဲသွားခြင်း၊ သူပုန်များနှင့် ပူးပေါင်းသွားခြင်း သို့မဟုတ် မိုယုယန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ဒေသခံ ပြည်သူများကလည်း အခွင့်အရေးကို အသုံးချကာ ထကြွပုန်ကန်ပြီး အာဏာကို သိမ်းယူကြသည်။ မဟာလော့ဧကရာဇ်၏ အမိန့်အာဏာမှာ မြို့တော်အပြင်ဘက်သို့ပင် မရောက်နိုင်တော့ချေ။

မဟာလော့မှာ နာမည်သာရှိပြီး အနှစ်သာရ မရှိတော့ဘဲ သာမန် တိုင်းပြည်ငယ်လေးတစ်ခုနှင့်ပင် မနှိုင်းယှဉ်နိုင်တော့ဟု ဆိုနိုင်သည်။

“ငါ့ရဲ့ တိုင်းပြည်က... ဒီလိုနဲ့ပဲ ဇာတ်သိမ်းသွားတော့မှာလား”

ထိုအချိန်တွင် မဟာလော့ဧကရာဇ်သည် တုန်တုန်ရင်ရင်ဖြင့် ပလ္လင်ပေါ်တွင် ထိုင်နေပြီး သူ့ထံ တင်ပြလာသော အစီရင်ခံစာကို ကြည့်နေသည်။

သူ၏ ဆံပင်တစ်ဝက်ခန့်မှာ ဖြူနေပြီး မျက်လုံးများမှာ သွေးရောင်လွှမ်းနေကာ မျက်ကွင်းများလည်း ညိုနေသည်။ ညှိုးနွမ်းနေသော သူ၏ မျက်နှာတွင် အရေးအကြောင်းသစ်များ ပေါ်လာပြီး အသက် (၂၀) ကျော်မျှ အိုမင်းသွားဟန် ရှိသည်။

အမှန်စင်စစ် သူသည် အသက် (၃၀) ကျော်ပဲ ရှိသေးကာ ခွန်အားအကောင်းဆုံး အရွယ်သာ ရှိသေးသည်။ သို့သော် မဟာလော့၏ အရေးကိစ္စများကြောင့် သူသည် အရွယ်မတိုင်ခင် အိုမင်းသွားခဲ့ရသည်။ မည်သည့် အားဆေးများကမျှ ဆုံးရှုံးသွားသော ခွန်အားများကို ပြန်မဖြည့်ဆည်းပေးနိုင်တော့ပေ။

“မဟုတ်ဘူး၊ ငါ့တိုင်းပြည်က မဆုံးသေးဘူး”

ထိုစဉ် စုန့်ယွီဖေးနှင့် တာအိုဆရာကြီး ယွီရွှီတို့ အတူတူ ရောက်ရှိလာကြသည်။ မဟာလော့ဧကရာဇ်၏ မျက်လုံးများမှာ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ တောက်ပသွားပြီး အတင်းတိုးသွားကာ “တာအိုဂိုဏ်းက ပြန်ပြီး ကူညီပေးတော့မှာလား။ ဒီတစ်ခါတော့ တိုင်းပြည်အနှံ့ကို ငြိမ်းချမ်းအောင်လုပ်ပြီး မဟာလော့ကို ပြန်လည် တည်ထောင်နိုင်မယ်လို့ ကျွန်တော်မျိုး ကတိပေးပါတယ်”

“အရှင်မင်းကြီး၊ ကျွန်မတို့ တကယ်ပဲ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်မတို့မှာ ကူညီနိုင်စွမ်း မရှိတော့ပါဘူး” ဟု စုန့်ယွီဖေးက နောင်တရဟန်ဖြင့် ပြောလိုက်သည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် တာအိုဂိုဏ်းသည် မဟာလော့တွင် မျှော်လင့်ချက် မရှိတော့သည်ကို မြင်သောကြောင့် လက်လျှော့လိုက်ခြင်း ဖြစ်သည်။ ဆက်လက် ရင်းနှီးမြှုပ်နှံနေမည့်အစား အရှုံးမကြီးခင် အချိန်မီ ရပ်တန့်လိုက်ခြင်းပင် ဖြစ်သည်။

မဟာလော့ဧကရာဇ်၏ မျက်လုံးများထဲမှ အရောင်များမှာ ချက်ချင်းပင် မှေးမှိန်သွားပြီး နောက်သို့ နှစ်လှမ်းခန့် ဆုတ်ကာ ရူးသွပ်စွာ ရယ်မောတော့သည်။ “ကူညီနိုင်စွမ်း မရှိဘူး ဟုတ်လား။ အဲဒါက ခင်ဗျားတို့ပါ ကျွန်တော့်ကို စွန့်ပစ်လိုက်ပြီဆိုတဲ့ သဘောပေါ့။ ငါ့ရဲ့ တိုင်းပြည်ကတော့ သွားပြီပဲ၊ ဟုတ်တယ်မလား”

စုန့်ယွီဖေးမှာ ပြောစရာ စကားမဲ့သွားပြီး နောက်ဆုံးတွင် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။

“ခင်ဗျားတို့၊ ဘာလို့ ဒီလောက် ရက်စက်ကြတာလဲ။ ဘာလို့ ဒီလောက်တောင် နှလုံးသား မရှိကြတာလဲ”

မဟာလော့ဧကရာဇ်က အော်ဟစ်လိုက်သည်။ “ခင်ဗျားတို့က ကျုပ်ကို မျှော်လင့်ချက်တွေ ပေးခဲ့ပြီးမှ ရက်ရက်စက်စက် ပြန်လုယူသွားကြတယ်။ ကျုပ်ကို အလင်းရောင်တွေ ပြခဲ့ပြီးမှ ချောက်နက်ထဲကို ပြန်တွန်းချလိုက်ကြတယ်။ ခင်ဗျားတို့အားလုံးက လူသတ်သမားတွေပဲ၊ မိစ္ဆာတွေ”

ပြောပြောဆိုဆိုဖြင့် သူသည် သွေးအန်ကာ လဲကျသွားပြီး သတိလစ်သွားတော့သည်။

“အရှင်မင်းကြီး” လူတိုင်းမှာ ထိတ်လန့်သွားကြသည်။

အရေးပေါ် ကုသပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်မှာ အစွမ်းကုန် အားကုန်နေပြီး ဇာတ်သိမ်းခါနီး ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ အပြင်ပန်းတွင် ဘာမှ မဖြစ်သကဲ့သို့ ရှိနေသော်လည်း အမှန်စင်စစ်တွင် အသက်ရှူရုံမျှသာ ကျန်တော့ခြင်း ဖြစ်သည်။

ယခုအခါတွင် မျှော်လင့်ချက် ကုန်ဆုံးသွားပြီး စိတ်ဓာတ်များလည်း ပြိုလဲသွားပြီ ဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာလည်း ဆက်လက် မခံနိုင်တော့ချေ။

ဖြူဖျော့နေသော သူ၏ မျက်နှာကို ကြည့်ပြီး စုန့်ယွီဖေးက နတ်ဆေးတစ်လုံးကို ထုတ်လိုက်သည်။ ဤဆေးလုံးမှာ သေလုမြောပါး ဖြစ်နေသူကိုပင် ပြန်လည် ရှင်သန်စေနိုင်သော အစွမ်းရှိသည်။ အကယ်၍ သူသာ ဤဆေးကို သောက်လိုက်ရလျှင် သေချာပေါက် ပြန်လည် ကျန်းမာလာပေလိမ့်မည်။

သို့သော်လည်း သူမ၏ ဘေးရှိ တာအိုဆရာကြီးက သူမကို တားမြစ်လိုက်သည်။

စုန့်ယွီဖေးက နားမလည်နိုင်ဘဲ “ဦးလေး၊ ဘာလို့လဲ” ဟု မေးလိုက်သည်။

တာအိုဆရာကြီး ယွီရွှီက အေးစက်စက် လေသံဖြင့် “သူ့ကို မကယ်နဲ့တော့။ သူ့ဘာသာသူ အေးအေးဆေးဆေးပဲ သေပါစေတော့။ သူ သေသွားတာက ငါတို့အတွက် သက်သာရာရစေတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ သားမယားတွေကို ကောင်းကောင်း စောင့်ရှောက်ပေးလိုက်တာကပဲ ငါတို့ရဲ့ နောက်ဆုံး တာဝန်ကို ကျေပွန်ရာ ရောက်ပါလိမ့်မယ်”

စုန့်ယွီဖေးမှာ ထိုစကားကို ကြားပြီး တစ်ကိုယ်လုံး အေးစိမ့်တက်သွားတော့သည်။

အပိုင်း (၄၉၄)

ဤမျှ ရက်စက်ကြမ်းကြုတ်ပြီး နှလုံးသားမဲ့သော စကားမျိုးကို သူမ၏ ဦးလေးတော်စပ်သူထံမှ ကြားလိုက်ရခြင်း ဖြစ်သည်။

ကျွန်မတို့က ဖြောင့်မတ်တဲ့ဂိုဏ်း မဟုတ်ဘူးလား။ သိုင်းလောကရဲ့ တရားမျှတမှုကို ဦးဆောင်နေတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်း မဟုတ်ဘူးလား။

တာအိုဆရာကြီး ယွီရွှီက စုန့်ယွီဖေး၏ စိတ်ထဲ ဘာတွေးနေသည်ကို သိနေဟန်ဖြင့် တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ယွီဖေး... မင်းရဲ့ ဦးလေးကို ရက်စက်တယ်လို့ မထင်နဲ့။ ငါတို့ လုပ်သမျှဟာ တာအိုဂိုဏ်းရဲ့ အကျိုးစီးပွားအတွက်ပဲ။ စိတ်ခံစားချက်နောက်ကို လိုက်ပြီး ဆုံးဖြတ်လို့မရဘူး”

“ဒီနှစ်နှစ်ကျော်အတွင်းမှာ ငါတို့ သူ့အတွက် အများကြီး ရင်းနှီးမြှုပ်နှံခဲ့ပြီးပြီ။ ဒါပေမဲ့ ဘာမှ ပြန်မရဘဲ စိုက်ထုတ်နေရတာမျိုးကတော့ ကြီးမားလှတဲ့ တာအိုဂိုဏ်းကြီးတောင်မှ ဒီလောက်အထိ အထိခိုက်မခံနိုင်ဘူး။ ဂိုဏ်းအတွင်းမှာလည်း ကန့်ကွက်သံတွေ ထွက်နေတာ ကြာပြီ၊ အခု ရပ်တန့်ဖို့ အချိန်တန်ပြီ”

“သမီး နားလည်ထားရမှာက ဦးလေးတို့က သူ့အပေါ် ဘာမှ အကြွေးမတင်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူကသာ ဦးလေးတို့ကို အကြွေးတင်နေတာ။ ဦးလေးတို့သာ မရှိရင် သူ သေတာကြာပြီ၊ မဟာလော့လည်း ပျက်စီးသွားတာ ကြာပြီ။ ဒါကြောင့် သူ့ကို ထပ်ပြီး လက်တွဲမကူညီပါနဲ့တော့။ သူ့ကို လွှတ်ပေးလိုက်ပါ၊ ဦးလေးတို့လည်း လွတ်လပ်သွားတာပေါ့။ ဒါက အခုအချိန်မှာ အကောင်းဆုံး ရွေးချယ်မှုပဲ”

“ဦးလေး... ယွီဖေး နားလည်ပါပြီ” စုန့်ယွီဖေးက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။

သူမ နားလည်သော်လည်း ဤသို့ လုပ်ရပ်ကိုတော့ သဘောမတူနိုင်ပေ။ သို့သော်လည်း သူမသည် တာအိုဂိုဏ်း၏ မျိုးဆက်သစ်မျှသာ ဖြစ်ရာ အထက်လူကြီးများ၏ ဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်ဘဲ အမိန့်အတိုင်းသာ နာခံရပေမည်။

တာအိုဆရာကြီး ယွီရွှီက ကုတင်ပေါ်တွင် သတိလစ်နေသော မဟာလော့ဧကရာဇ်ကို တစ်ချက်ကြည့်ကာ လက်ကောက်ဝတ်ကို စမ်းသပ်လိုက်သည်။ ထို့နောက် မေးစေ့မှ မုတ်ဆိတ်မွေးကို အသာအယာသပ်ရင်း ပြောလိုက်သည်။ “သူ့ခန္ဓာကိုယ်က အစွမ်းကုန် အားကုန်နေပြီ၊ မီးစာကုန် ဆီခန်း ဖြစ်နေတဲ့ ဆီမီးအိမ်လိုပဲ။ သုံးလထက် ပိုခံမယ်မထင်ဘူး။ ဒါကလည်း ကောင်းတာပါပဲ၊ ငါတို့ နောက်ထပ် ဉာဏ်ပညာရှိမယ့် မင်းကောင်းမင်းမြတ်ကို စပြီး ရှာလို့ရတာပေါ့။ ဒီနေရာက စကားပြောရမယ့်နေရာ မဟုတ်ဘူး၊ အပြင်ထွက်ရအောင်”

“ဟုတ်ကဲ့ ဦးလေး”

သူတို့နှစ်ဦး ထွက်သွားပြီးနောက် ကုတင်ပေါ်ရှိ မဟာလော့ဧကရာဇ်၏ မျက်ခွံများမှာ အသာအယာ လှုပ်ရှားသွားခဲ့သည်။

……..

ထို့နောက်တွင် နန်းတွင်းသမားတော်သည် သူ၏ အတတ်ပညာအားလုံးကို အသုံးချကာ မဟာလော့ဧကရာဇ်ကို အပ်စိုက်ခြင်း၊ သွေးခုန်နှုန်းစမ်းခြင်းများ ပြုလုပ်ကာ သွေးလေလည်ပတ်အောင် ကြိုးစားခဲ့သည်။

တစ်ရက်မပြည့်မီမှာပင် မဟာလော့ဧကရာဇ် နိုးလာခဲ့သည်။ သို့သော် သူသည် အားအင်ချည့်နဲ့နေဆဲ ဖြစ်ပြီး နှုတ်ခမ်းများမှာ ဖြူဖျော့ကာ မျက်နှာတစ်ခုလုံးလည်း ညိုပုပ်နေသည်။ ထိုင်ရန်ပင် အားမရှိတော့ချေ။

“အရှင်မင်းကြီး... ဒါက ဆေးရည်ပါ၊ ဒါကိုသောက်ပြီးရင် မြန်မြန် နေကောင်းလာမှာပါ” သမားတော်က ဆေးခွက်ကို ဂရုတစိုက် ယူလာခဲ့သည်။

သို့သော် တာအိုဆရာကြီး ယွီရွှီက တားမြစ်လိုက်သည်။ “နေဦး... ငါလည်း ဆေးပညာကို နားလည်ပါတယ်။ အရင်ကြည့်ပါရစေဦး”

သမားတော်က ခဏမျှ ဝေခွဲမရဖြစ်သွားသော်လည်း ဤတာအိုဆရာကြီးသည် ဧကရာဇ်၏ ဘေးတွင် အမြဲစောင့်ကြပ်နေသူ ဖြစ်သဖြင့် ယုံကြည်စိတ်ချရသူဟု ယူဆကာ ခွင့်ပြုလိုက်သည်။

“ဆရာကြီး... ကြွပါခင်ဗျာ”

သမားတော်က ဆေးရည်တစ်ခွက်ကို ယူကာ တာအိုဆရာကြီး မြည်းစမ်းရန် ကမ်းပေးလိုက်သည်။

တာအိုဆရာကြီး ယွီရွှီက မြည်းစမ်းပြီးနောက် ပြောလိုက်သည်။ “မင်းက ဒီထဲမှာ ရှီးချုံ့မြတ် ၊ ထျန်းချီဆေးမြစ်၊ တန်ကွီး နဲ့ လင်ကျီးတွေကို ထည့်ထားတာပဲ... ဒါတွေက အားအင်ဖြည့်တင်းပေးဖို့ တကယ်ပဲ အထောက်အကူပြုပါတယ်”

“ဆရာကြီးက တကယ်ကို နှံ့စပ်တာပဲ၊ ကျွန်တော်မျိုး အထူးပင် လေးစားမိပါတယ်” သမားတော်က စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။

“မြှောက်ပြောနေစရာ မလိုပါဘူး”

တာအိုဆရာကြီး ယွီရွှီက ပြုံးလျက် “ဒါပေမဲ့ နှစ် ၅၀ သက်တမ်းရှိတဲ့ ဂျင်ဆင်းကိုတော့ ထပ်မထည့်နဲ့တော့။ အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းနေတော့ ဒီလောက် အားကောင်းတဲ့ဆေးကို မခံနိုင်ဘူး။ အကျိုးထက် အပြစ်က ပိုများသွားလိမ့်မယ်” ဟု ဆိုလိုက်သည်။

သမားတော်သည် အံ့အားသင့်စွာဖြင့် တာအိုဆရာကြီးကို ကြည့်လိုက်မိသည်။

သူ့ဆေးရည်၏ အဓိကအကျဆုံး အစိတ်အပိုင်းမှာ ထို နှစ် ၅၀ သက်တမ်းရှိ ဂျင်ဆင်းပင် ဖြစ်သည်။ ၎င်းက အခြားဆေးဖက်ဝင်ပစ္စည်းများ၏ အာနိသင်ကို ပေါင်းစပ်ပေးပြီး ကုသမှုကို ထိရောက်စေသည့် အဓိက ဓာတ်ကူပစ္စည်း ဖြစ်သည်။

ဂျင်ဆင်းသာ မပါလျှင် ဤဆေးသည် သာမန်အားဆေးရည်မျှသာ ဖြစ်သွားပေလိမ့်မည်။ ရောဂါကို ပျောက်ကင်းအောင် မစွမ်းဆောင်နိုင်သော်လည်း ကုသမှု အာနိသင်မှာမူ ထင်သလောက် သိသာတော့မည် မဟုတ်ပေ။

တာအိုဆရာကြီးသည် ဆေးပညာကို ကျွမ်းကျင်သူဖြစ်ရာ ဤအချက်ကို မသိဘဲ မနေနိုင်ပေ၊ သို့ဆိုလျှင် ဘာကြောင့်...

ထိုခဏချင်းမှာပင် သမားတော်၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးသွားသည်။ သူကိုယ်တိုင် ဆုံးဖြတ်ချက် မချရဲသဖြင့် ကုတင်ပေါ်မှ ဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။

မဟာလော့ဧကရာဇ်က အားနည်းစွာဖြင့် လက်ယမ်းပြကာ “တာအိုဆရာကြီး ပြောတဲ့အတိုင်း လုပ်လိုက်ပါ... ဆရာကြီးက ငါ့ကို ဒုက္ခမပေးပါဘူး...” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင်မင်းကြီး” သမားတော်သည် ခေါင်းငုံ့ကာ ဘာမှ ထပ်မပြောတော့ဘဲ ဆေးပြင်ရန် ပြန်သွားတော့သည်။

နန်းတော်အတွင်း ကြာရှည်စွာ နေထိုင်လာသူ ဖြစ်သဖြင့် မည်သည့်စကားကို ပြောရမည်၊ မည်သည့်စကားကို မြိုသိပ်ထားရမည်ကို သူ ကောင်းကောင်း သိသည်။ မည်သူ့ကို ရန်မစသင့်မှန်းလည်း သူ နားလည်သည်။ ဧကရာဇ်ကိုယ်တိုင်က ကန့်ကွက်ခြင်းမရှိသဖြင့် သူလည်း ငြိမ်နေလိုက်တော့သည်။

ဧကရာဇ်၏ အိပ်ဆောင်အတွင်း မဟာလော့ဧကရာဇ်နှင့် တာအိုဆရာကြီးအပြင် အစေခံအချို့သာ ကျန်တော့သည်။

မဟာလော့ဧကရာဇ်က သူ့ရှေ့မှ ကြင်နာတတ်ဟန်ရှိသော တာအိုဆရာကြီးကို ကြည့်ကာ တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။ “ဆရာကြီး... ကျုပ် ဘယ်တော့လောက် နေပြန်ကောင်းလာမလဲ...”

“အရှင်မင်းကြီး... ဖျားနာတယ်ဆိုတာ တောင်ပြိုသလို မြန်ပေမဲ့၊ ပြန်ကောင်းဖို့ကတော့ ပိုးချည်မျှင် ငင်သလို ဖြည်းဖြည်းချင်းပဲ သွားရမှာပါ။ အရှင်မင်းကြီးက ဒီရက်ပိုင်းမှာ အလုပ်တွေ အရမ်းပိခဲ့လို့ အခုလို လဲသွားတာပါ။ အခုလုပ်ရမှာက စိတ်အေးလက်အေး အနားယူဖို့ပဲ၊ မကြာခင် နေကောင်းလာမှာပါ” ဟု တာအိုဆရာကြီးက နှစ်သိမ့်လိုက်သည်။

“ဆရာကြီး ပြောတဲ့အတိုင်းပဲ ဖြစ်ပါစေ..” ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။

နာရီဝက်ခန့်အကြာတွင် သူသည် ဆေးသောက်ပြီး ဆန်ပြုတ် အနည်းငယ် စားကာ ပြန်လည် အိပ်ပျော်သွားခဲ့သည်။

နောက်ရက်များတွင်လည်း ဤအတိုင်းပင်။ မဟာလော့ဧကရာဇ်သည် တစ်နေ့လျှင် နှစ်ကြိမ် သုံးကြိမ်ခန့်သာ နိုးလာပြီး နိုးလာတိုင်း နာရီဝက်ခန့်သာ ကြာသည်။ ထို့နောက် ဆေးသောက်၊ အစာစားပြီး ပြန်အိပ်ပျော်သွားသည်။

တာအိုဆရာကြီးသည်လည်း မပျက်မကွက် စောင့်ကြပ်ပေးနေပြီး ဧကရာဇ်၏ အစားအသောက် အားလုံးမှာလည်း သူ၏ လက်ထဲကို ဖြတ်ကျော်ရသည်။ ကြည့်ရသည်မှာ သူသည် ဧကရာဇ်အပေါ် အလွန်ပင် စေတနာထားနေဟန်ရှိသည်။

တစ်ဖက်တွင်မူ အပြင်လောက၌ ကောလာဟလ အမျိုးမျိုး ပျံ့နှံ့နေတော့သည်။

“ကြားပြီးပြီလား၊ မဟာလော့ဧကရာဇ်က နောက်ဆုံးအချိန်ကို ရောက်နေပြီတဲ့”

“ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူက ငယ်ငယ်လေးရှိသေးတာကို”

“အမှန်ပဲကွ၊ သူက နိုင်ငံရေးကိစ္စတွေနဲ့ စိတ်ဖိစီးပြီး နန်းတော်ထဲမှာတင် လဲသွားတာတဲ့။ သွေးတွေတောင် အန်လိုက်တာ နှစ်လီတာလောက် ရှိသတဲ့”

“ဟုတ်တယ်၊ နန်းတွင်းက အမှုထမ်းတစ်ယောက် ပြောတာတော့ အရှင်မင်းကြီးက အခုထိ အိပ်ရာထဲက မထနိုင်သေးဘူးတဲ့၊ အခြေအနေက တိုးတက်မလာဘူးလို့ ကြားတယ်”

“ဒါပေမဲ့ မဟာလော့ဧကရာဇ်မှာ တာအိုဂိုဏ်းရဲ့ ကျောထောက်နောက်ခံ ရှိတာပဲ မဟုတ်လား။ နတ်ဆေးတွေ ဘာတွေ မတိုက်ကြဘူးလား။

“တာအိုဂိုဏ်းက ဆရာကြီးတစ်ယောက်က ဧကရာဇ်ရဲ့ ဘေးမှာ အမြဲရှိနေပြီး မမောနိုင်မပန်းနိုင် ကုသပေးနေတာလို့ ကြားတယ်။ ဒါပေမဲ့ ရောဂါက အရမ်းပြင်းထန်နေတော့ ဘယ်ဆေးကမှ မတိုးတော့တာတဲ့”

“သနားစရာပဲကွာ”

ထိုကောလာဟလများမှာ အချက်အလက် တိကျလွန်းလှသဖြင့် လူတိုင်းက အမှန်ဟု ယုံကြည်နေကြသည်။

All Chapters