အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အခန်း (၄၁)
စွန်းမိသားစု ငွေပန်းထိမ်ဆိုင်
ရွာသားများ၏ ကျေးဇူးတင်စကားများကြားတွင် ရွှီပေါ်အန်းသည် အသစ်ထပ်မံရောက်ရှိလာသော လူပုလေးကို အလွန်စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေခဲ့လေ၏။
အခြားရွာသားများ ဝတ်ဆင်လေ့ရှိသည့် အကြမ်းထည် လျှော်တေအဝတ်များနှင့်မတူဘဲ သူမသည် ချီပေါင်းသားနှင့်ဆင်တူသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားခဲ့လေသည်။
ဤဝတ်စုံသည် သူမ၏ ကျော့ရှင်းပြီး ပြည့်စုံလှပသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုမိုပေါ်လွင်စေကာ လက်တွေ့ကမ္ဘာမှ နာမည်ကျော် မော်ဒယ်များထက်ပင် လှပတင့်တယ်နေစေခဲ့၏။
မိတ်ကပ်လိမ်းခြယ်ထားခြင်း မရှိသော သူမ၏ မျက်နှာလေးသည် ပန်းရောင်သန်းနေကာ အသားအရည် မှာလည်း ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေလေသည်။ သူမ၏ အရည်လဲ့နေသော မျက်လုံးဝိုင်းကြီးများ သည် အိပ်မက်မက်နေသည့်အလား အပြစ်ကင်းစင်စွာဖြင့် မျက်တောင်ခတ်နေခဲ့လေ၏။
အမျိုးသမီးတစ်စုသည် ချည်ကြိုးများဆီသို့ ချဉ်းကပ်သွားသောအခါ သူမ၏ မျက်လုံးများတွင် စပ်စုလို စိတ်များ ပြည့်နှက်သွားပြီး ချယ်ရီသီးကဲ့သို့ နှုတ်ခမ်းလေးများ အနည်းငယ် ကွေးတက်သွားကာ ရုတ် တရက် ကျရောက်လာသော ဤကံကောင်းမှုအပေါ် အမှန်တကယ် မယုံနိုင်ဖြစ်နေပုံရလေသည်။
အမျိုးသမီးများသည် ကြိုးများဘေးတွင် ဝိုင်းအုံကာ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြလေ၏။
"ဘုရားရေ...၊ ဒါက အကောင်းစား ချည်ကြိုးတွေပဲ...။ အင်္ကျီချုပ်ဝတ်ရင် အရမ်းသက်သောင့်သက်သာ ရှိမှာပဲ...။"
"ဟုတ်ပါ့...၊ ငါ့ဘဝမှာ ဒီလောက်နူးညံ့တဲ့ ပိုးချည်မျိုး တစ်ခါမှ မမြင်ဖူးဘူး...။"
"ကဲပါ ရွှမ်ကျုးရဲ့အမေရယ်...၊ ဒီလောက်လည်း ဗဟုသုတမနည်းပါနဲ့...။ ရှိရှန်းမြို့ဈေးမှာ ပိုးထည်တွေ ဖဲထည်တွေ အမြဲရောင်းတာပဲလေ...၊ နင် မမြင်ဖူးဘူးဆိုတာ ငါတော့ မယုံပါဘူး...။"
"ဟွန်း...၊ နင်က ဘာသိလို့လဲ...။ ဒီဟာကို မြင်ဖူးရုံနဲ့ ကိုယ့်ဟာမှ မဟုတ်တာ...၊ ဘယ်လိုလုပ် ခံစား ချက်ချင်း တူပါ့မလဲ...။ ဒါက တောင်စောင့်နတ်မင်းကြီး ပေးသနားထားတာလေ...။"
"ဟုတ်တယ် ဟုတ်တယ်...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး ကျေးဇူးကြောင့်သာပေါ့...။ မဟုတ်ရင် ငါတို့ ဘယ်လိုလုပ် အသက်ရှင်နိုင်ပါ့မလဲ...။"
"အို...၊ အစ်မတို့ကလည်း အပိုတွေ ပြောမနေကြပါနဲ့တော့...။ ရှောင်ရှီတို့ ဝံပုလွေပေါက်တွေကို တုပ်နှောင်ဖို့ ကြိုးတွေ မြန်မြန် ယူသွားကြရအောင်...။"
မကြာမီ ရွာသားများသည် အထူအပါး အမျိုးမျိုးရှိသော ချည်ကြိုးများကို ဆွဲထုတ်လိုက်ကြပြီး သင့်လျော်သော အထူနှင့် အရှည်ရရှိစေရန် တင်းကျပ်စွာ ကျစ်လစ်လိုက်ကြကာ ဝံပုလွေများ၏ ခြေလက်များကို ထပ်မံ၍ အခိုင်အမာ တုပ်နှောင်လိုက်ကြလေသည်။
အခြားရွာသားများသည်လည်း လီချိန်းရှီ၏ နည်းလမ်းအတိုင်း လိုက်လုပ်ကာ အားအင်ကုန်ခမ်းနေသော ဝံပုလွေများကို ဝိုင်းဝန်းဖမ်းဆီး၍ ကြိုးများဖြင့် တုပ်နှောင်လိုက်ကြလေ၏။ ချီပေါင်းဝတ်စုံနှင့် အမျိုး သမီးငယ်လေးသည် အနည်းငယ် လက်ဝင်နေပုံရသော်လည်း အသက်ကြီးသော အမျိုးသမီးများ၏ လှုပ်ရှားမှုများအတိုင်း မည်သည့် ဟန်ဆောင်မှုမှမပါဘဲ လိုက်လံလုပ်ဆောင်နေခဲ့လေသည်။
မကြာမီမှာပင် ဝံပုလွေများအားလုံးသည် သတ်ဖြတ်ခံရမည့် တောဝက်များကဲ့သို့ ရွာသားများ၏ တုပ်နှောင်ခြင်းကို ခံလိုက်ကြရလေ၏။
လီချိန်းရှီသည် လက်ခုပ်တီးလိုက်ပြီး ပြေးလွှားကာ ဝံပုလွေပေါက်များကို နှိပ်စက်နေသော လူအုပ်ကြား ထဲသို့ တိုးဝင်သွားပြီး အင်္ကျီချွတ်ထားသော ဦးလေးကြီးတစ်ဦးကို အော်ပြောလိုက်လေသည်။
"ဦးလေး ဝူးဖူ...၊ ဒိကောင်တွေကို ဘယ်လို ယဉ်ပါးအောင် လုပ်ရမလဲဆိုတာ အားလုံးကို ပြောပြပေးလို့ ရမလား...။"
လီဝူးဖူသည် ရွာထဲရှိ မုဆိုးအိုကြီးတစ်ဦး ဖြစ်လေသည်။ အရင်ကဆိုလျှင် ခေါင်ရှန်းရွာမှ မုဆိုးအဖွဲ့များ တောင်ပေါ်သို့ တက်တိုင်း သူသည် အမြဲတမ်း အသီးအပွင့် အများဆုံး ရရှိလေ့ရှိသူ ဖြစ်၏။
သို့သော်လည်း ရှေးစကားအတိုင်း ရေနစ်သူများသည် များသောအားဖြင့် ရေကူးတတ်သူများပင် ဖြစ် လေသည်။ ဝူးဖူသည် တောင်ပေါ်တွင် အမဲလိုက်ရင်း သူ၏ နှာခေါင်းကို ဆုံးရှုံးခဲ့ရပြီး ဝံပုလွေတစ်ကောင် က ကိုက်ဖဲ့သွားခြင်းဖြစ်သည်ဟု ဆိုကြလေ၏။
ထို့ကြောင့် ရုပ်ဆင်းအင်္ဂါ မလှပသော လီဝူးဖူသည် တစ်သက်လုံး လူပျိုကြီးအဖြစ်ဖြင့်သာ အထီးကျန် စွာ နေထိုင်ခဲ့ရလေသည်။
လီဝူးဖူသည် သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ခေါင်းတွင် ကပ်နေသော ငွေရောင်ဆံပင်များကို သပ်တင်လိုက်ကာ ရိုးသားစွာ ပြောလိုက်လေ၏။
"ဟူး...၊ ရွာလူကြီးကိုပဲ ပြောခိုင်းလိုက်ပါ...။ ရွာလူကြီးကလည်း မုဆိုးဘဝကနေ လာတယ်ဆိုတာ အားလုံး အသိပဲလေ...။"
လီခန့်ရှန်းက လက်ကိုဆန့်ထုတ်၍ ရှေ့သို့တွန်းကာ ပြောလိုက်လေသည်။
"ကျုပ်ကို သက်ညှာကြပါဦး...၊ ဒီအဘိုးကြီးက အသက်လည်း ကြီးနေပြီမို့ စကားတွေ အရမ်းပြောရရင် လျှာတွေ လေးလာတတ်လို့ပါ...။ မင်းတို့က ကျုပ်ကို ဒီလောက်ကြာကြာ စကားပြောခိုင်းနေကြတယ်...၊ ကျုပ် ပင်ပန်းတာက အရေးမကြီးပေမယ့် မင်းတို့ နားလည်မှုလွဲသွားရင် ဆိုးရွားသွားလိမ့်မယ်...။"
ထိုအခါ လီဝူးဖူက ရှက်ကိုးရှက်ကန်းဖြင့် ပြုံးကာ ပြောလိုက်လေ၏။
"ကောင်းပြီလေ...။ ကျုပ်ပဲ ပြောလိုက်ပါ့မယ်...။"
ထိုသို့ပြောပြီးနောက် လီဝူးဖူသည် ရွာသားများအကြားသို့ လျှောက်သွားကာ အသံကို မြှင့်၍ ပြောလိုက် လေသည်။
"အမျိုးသားတွေ...၊ ဒီဝံပုလွေတွေကို ခွဲထုတ်ပြီး ခေါ်သွားတဲ့အခါ ချက်ချင်း အစာမကျွေးကြနဲ့ဦး...။ ပထမဆုံး ရေသောက်ဖို့ပေးပြီးမှ နှံစားပြောင်းနဲ့ ဂျုံဖွဲနု ဒါမှမဟုတ် တောဟင်းရွက်တွေကို ဖြည်းဖြည်း ချင်း ကျွေးရမယ်...။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် အသားတော့ လုံးဝ မကျွေးရဘူး...။ သူတို့ရဲ့ အရိုင်းစိတ်ကို အရင်ဆုံး ချိုးနှိမ်ပစ်ရမယ်...။"
"တစ်ရက် နှစ်ရက်လောက် စောင့်ကြည့်ပြီး သူတို့တွေ ဤကောက်နှံတွေနဲ့ တောဟင်းရွက်တွေကို သဘာဝအတိုင်း ဘာမှမငြင်းဆန်ဘဲ စားလာတဲ့အထိ စောင့်ပါ...။ အဲ့ဒီအခါမှ အသားနည်းနည်း စကျွေးလို့ရမယ်...။"
"သုံးကြိမ်ကနေ ငါးကြိမ်လောက် ကျွေးပြီးသွားရင်တော့ ဤဝံပုလွေပေါက်လေးတွေ ပိုပြီး လိမ္မာလာပါ လိမ့်မယ်...။"
လီဝူးဖူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ရွာသားတစ်ဦးက ဝင်ပြောလိုက်လေ၏။
"အို...။ အစ်ကိုဝူးဖူ... ။ ကျွန်တော်တို့ကိုယ်တိုင်တောင် စားစရာ အသား သိပ်မကျန်တော့တာ...။ ဒီကောင်တွေကို ကျွေးဖို့ အသား ဘယ်ကသွားရှာရမှာလဲ...။"
လီခန့်ရှန်းက သူ့ကို စူးရဲစွာ စိုက်ကြည့်ကာ ပြောလိုက်လေသည်။
"ခိုင်းတဲ့အတိုင်းသာ လုပ်စမ်းပါ...။ ကိုယ့်ကလေးကို စွန့်လွှတ်ရဲမှ ဝံပုလွေကို ဖမ်းနိုင်မှာပေါ့...။ ဒီလောက် ရိုးရှင်းတဲ့ သဘောတရားကိုတောင် နားမလည်ဘူးလား...။"
ထိုလူက ရှက်ကိုးရှက်ကန်းဖြင့် ရယ်မောလိုက်ပြီး။
"ရွာလူကြီးကလည်း...၊ စိတ်မဆိုးပါနဲ့...၊ ကျွန်တော်က နောက်ပြောင်လိုက်ရုံပါ...။"
"မင်းက ပျင်းနေပြီး ဘာမှလုပ်စရာမရှိလို့ နောက်ပြောင်နေတယ်လို့ပဲ ငါထင်တယ်...။" ဟု လီခန့်ရှန်းက ဆူပူလိုက်လေ၏။
လီဝူးဖူက ဆက်လက်၍ ပြောလိုက်လေသည်။
"ရွာလူကြီး ပြောတာ မှန်တယ်...။ ကိုယ့်ကလေးကို စွန့်လွှတ်ရဲမှ ဝံပုလွေကို ဖမ်းနိုင်မှာလေ...။ အခုလော လောဆယ် ငါတို့ဆီမှာ အသားမရှိပေမယ့် ဒီဝံပုလွေပေါက်လေးတွေကို ယဉ်ပါးအောင် မွေးမြူပြီးသွား ရင် ပိုကျယ်ပြန့်တဲ့ နေရာတွေမှာ အမဲလိုက်နိုင်ပြီ...။ တောဝက်လို အကောင်ကြီးတွေကိုတောင် အမဲ လိုက်နိုင်ကောင်း လိုက်နိုင်လိမ့်မယ်...။ အဲ့ဒီအခါကျရင် ငါတို့ အသားအတွက် စိတ်ပူစရာ မလိုတော့ ဘူး...။"
ရွှီပေါ်အန်းက နှုတ်ခမ်းကို တွန့်လိုက်လေ၏။
*ဘာလို့ ဒီလောက် ဒုက္ခခံနေရမှာလဲ...။ ငါ ဒီနေရာမှာ ရှိနေတာပဲ မဟုတ်ဘူးလား...။*
ဤသည်မှာ သူ၏ ပေါ့ဆမှုပင် ဖြစ်လေသည်။ နောက်ပိုင်းတွင် အားလုံး၏ အစားအသောက်များ ပိုမို ကောင်းမွန်လာစေရန် သူ အသားအချို့ ယူလာပေးသင့်ပေသည်။
ကျန်းမာရေး ပိုမိုကောင်းမွန်လာမှသာ ခေါင်ရှန်းရွာသည် ကြီးပွားတိုးတက်လာနိုင်ပြီး ရွှီပေါ်အန်းအတွက် ပိုမိုများပြားသော ကောင်းချီးများကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်လေ၏။
အကယ်၍ ရွာသားအားလုံး ပျောက်ကွယ်သွားပါက ရွှီပေါ်အန်း၏ ဘွန်ဆိုင်းကမ္ဘာလေးသည် ထပ်မံ၍ ဗလာကျင်းသွားမည်ဖြစ်ပြီး ထိုအခါ သူ မည်သို့ ပူဇော်မှုများ ရရှိနိုင်တော့မည်နည်း။
ဤရွာသားများကို ဂရုစိုက် စောင့်ရှောက်ပေးနေသရွေ့ ဤတောင်စောင့်နတ်ကွန်းသည် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှုများကို ဘယ်တော့မှ ဆုံးရှုံးရမည် မဟုတ်ပေ။
*အင်း... အနံ့က တကယ်ကို မွှေးပျံ့လှပေသည်... *
*မင်းတို့၏ ကောင်းချီးများနှင့် ပိုမိုကြီးမားသော ချမ်းသာကြွယ်ဝမှု မျှော်လင့်ချက်အတွက် မင်းတို့ကို ကာကွယ်စောင့်ရှောက်ပြီး လမ်းညွှန်ပြသပေးရန် ငါ ဆန္ဒရှိပါတယ်….။* ဟု သူ တွေးလိုက်လေ၏။
ဤသည်ကို လူကြီးများအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေတစ်ခုဟု သတ်မှတ်နိုင်ပေ သည်။
လီခန့်ရှန်း၏ စီစဉ်မှုအောက်တွင် ရွာသားများသည် ဝံပုလွေအုပ်အား အစဉ်လိုက် ခေါ်ဆောင်သွား သည် ကို မြင်သောအခါ အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကြောင့် ချွေးများ ရွှဲနစ်နေသော လီချိန်းရှီသည် ရေ တစ်ပုံးကို ခပ်ယူကာ သစ်ပင်ကြီးတစ်ပင်၏ အနောက်သို့ သွား၍ ကိုယ်လက်သန့်စင်လိုက်လေသည်။
ရွှီပေါ်အန်းက လီချိန်းရှီအား မေးလိုက်လေ၏။
"ရှောင်ရှီ...၊ ရွာထဲမှာ အပိုရောက်နေတဲ့ ဒီလူတွေက ဘယ်လိုဖြစ်တာလဲ...။"
လီချိန်းရှီသည် ကြက်သေသေသွားပြီးနောက် ရိုသေလေးစားစွာဖြင့် ပြန်ဖြေလိုက်လေသည်။
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ အရှင်နတ်မင်းကြီး ပြောတာက သခင်မလေး ဝေဝေနဲ့ ဦးလေးလင်း ကို ဆိုလိုတာ ဖြစ်ပါလိမ့်မယ်...။"
ရွှီပေါ်အန်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ရွာထဲတွင် အသစ်ရောက်လာသော မိန်းကလေး တစ်ဦးသာမက အသက်လေးဆယ်ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦးနှင့် မြင်းဆွဲရထားလှည်းတစ်စီးပါ ရှိနေသည်ကို ထိုအခါမှသာ သတိပြုမိသွားလေ၏။
ထိုအမျိုးသားသည် ရွာသားများကြားတွင် ရှိနေပြီး အလားတူ အကြမ်းထည် လျှော်တေအဝတ်ကို ဝတ်ဆင်ထားသော်လည်း သူ၏ မျက်နှာသွေးဆင်းရောင်မှာ အချိန်ကြာမြင့်စွာ ငတ်မွတ်နေခဲ့ပြီး တစ်ရက်နှစ်ရက်ခန့်သာ အာဟာရ ပြန်လည်ရရှိထားသော ရွာသားများထက် များစွာ ပိုမိုကောင်း မွန်နေခဲ့ပေသည်။
ရွှီပေါ်အန်းသည် စိတ်ထဲမှနေ၍ ခေါင်းခါယမ်းလိုက်လေသည်။
*ဘုရားရေ...၊ အပိုရောက်နေတဲ့ အမျိုးသားနှင့် ရထားလှည်းကို ငါ သတိတောင် မထားမိလိုက်ဘူး…။*
ကြည့်ရှုနေရင်းနှင့် အလွန်အမင်း စိတ်ဝင်စားသွားခဲ့မိသည်...။
*ရှက်စရာကောင်းလိုက်တာ...။ တကယ်ကို ရှက်စရာကောင်းလိုက်တာ...။ *
ရွှီပေါ်အန်းက မထင်မရှား လေသံဖြင့် ပြောလိုက်လေ၏။
"ဟုတ်တယ်...။ သူတို့နှစ်ယောက်ရဲ့ နောက်ခံက ဘာလဲ...။ ပြီးတော့ မြို့စောင့်ရဲမက် နှစ်ယောက်ကရော ဘယ်လိုနေလဲ...။"
ထို့နောက် လီချိန်းရှီက ရှင်းပြလေသည်။
"သခင်မလေး ဝေဝေက သခင်ကြီးသုံးရဲ့ မြေးမလေးပါ...၊ သူမက ခရိုင်မြို့မှာ နေတာပါ... ။ သခင်ကြီး သုံးရဲ့သမီးက ဝေဝေရဲ့ မိခင်လည်းဖြစ်ပြီး သူမက ခရိုင်မြို့မှာ ငွေပန်းထိမ်ဆိုင်ဖွင့်ထားတဲ့ စွန်းမိသားစုနဲ့ လက်ထပ်ထားတာပါ...။ သူတို့က တော်တော်လေး အဆင်ပြေပြေ နေထိုင်ကြပါတယ်...။"
"ဒီတစ်ကြိမ်မှာ ဝေဝေက သခင်ကြီးသုံးဆီကို စပါးတွေ လာပို့ဖို့ စေလွှတ်ခံရတာပါ...။ လမ်းတစ် လျှောက်မှာ ဒီအရာရှိနှစ်ယောက် သူတို့ရဲ့ ခါးချိတ်တံဆိပ်ပြားတွေကို ရှာဖွေဖို့ ကျွန်တော်တို့ ကူညီ ပေးနေရင်း သူမနဲ့ ရွာထဲမှာ ဆုံမိသွားတာပါ...။ ဒါကြောင့်မို့လို့ သူမကိုပါ တစ်ပါတည်း ခေါ်လာခဲ့တာ ပါ...။"
ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်ပြီး သိလျက်နှင့်ပင် မေးလိုက်လေ၏။
"သူ့အတွက် ခါးချိတ်တံဆိပ်ပြားကို မင်းတို့ ရှာတွေ့ခဲ့လား...။"
လီချိန်းရှီက ခေါင်းခါယမ်းလိုက်လေသည်။
"မတွေ့ပါဘူး...။ ကျွန်တော့်အထင်တော့ မျှော်လင့်ချက် မရှိလောက်တော့ဘူး...။ ဒါပေမဲ့ ဝေဝေက သဘောကောင်းပါတယ်...။ သူမက အဲ့ဒီအရာရှိကို ခရိုင်မြို့ဆီ ပြန်သွားပြီး စွန်းမိသားစု ငွေပန်းထိမ် ဆိုင်မှာ အရင်းဈေးနဲ့ တစ်ခုလုပ်လို့ရတယ်လို့ ပြောခဲ့ပါတယ်...။ ဒီအရာက ကြေးပြားတွေရဲ့ တစ်ဝက် ဈေးပဲ ရှိတာပါ...။"
*စွန်းမိသားစု လက်ဝတ်ရတနာဆိုင်က ဧကရာဇ်စိမ်း ကျောက်စိမ်းတွေကိုရော ရောင်းလား...။ *
ရွှီပေါ်အန်းသည် ဤအဓိကအချက်ကို ချက်ချင်း သဘောပေါက်သွားပြီး အလွန်အမင်း စိတ်ဝင်စား သွားခဲ့လေတော့သည်။
အခန်း (၄၂)
နှင်းဆီပြာကျောက်
လီချိန်းရှီသည် ယနေ့တွင် အလွန်ပျော်ရွှင်နေခဲ့လေ၏။
အချိန်အတော်ကြာ မတွေ့ရသော စွန်းဝေဝေအား ယနေ့ တွေ့မြင်ရလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။
သူတို့နှစ်ဦးသည် ခေါင်ရှန်းရွာတွင် အတူကြီးပြင်းခဲ့ကြပြီး ငယ်သူငယ်ချင်းများ ဖြစ်ကြလေသည်။ နောက်ပိုင်းတွင် စွန်းဝေဝေသည် ရှိရှန်းမြို့သို့ ပြောင်းရွှေ့သွားခဲ့ရာ သူတို့နှစ်ဦး တွေ့ဆုံရန် အခွင့်အရေး ပိုနည်းသွားခဲ့လေ၏။
ယခင်ကဆိုလျှင် စွန်းဝေဝေသည် တစ်လလျှင် တစ်ကြိမ်ခန့် ရွာသို့ ပြန်လာတတ်လေသည်။ သို့သော် သူမ အရွယ်ရောက်လာသည်နှင့်အမျှ စွန်းဝေဝေသည် သူမ၏ အခန်းထဲတွင်သာ အချိန်ပိုဖြုန်းလာပြီး အပြင်ထွက်ရန် အခွင့်အရေး နည်းပါးလာသဖြင့် သူတို့နှစ်ဦး တွေ့ဆုံရမှုမှာလည်း ပို၍ နည်းပါးလာခဲ့ လေ၏။
များသောအားဖြင့် သူတို့သည် တစ်နှစ်လျှင် တစ်ကြိမ်ခန့်သာ တွေ့ဆုံဖြစ်ကြတော့သည်။
တွေ့ဆုံမှုများ နည်းပါးလာသည်နှင့်အမျှ သူတို့၏ ဆက်ဆံရေးမှာလည်း ပိုမိုဝေးကွာလာခဲ့ပြီး လီချိန်းရှီ သည် စွန်းဝေဝေအား "အစ်မဝေဝေ" ဟု ခေါ်ဝေါ်ရာမှ "မိန်းကလေးဝေဝေ" ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ လေ၏။
သို့သော်လည်း သူတို့၏ ဆက်ဆံရေး ဝေးကွာသွားပုံရသော်ငြားလည်း လီချိန်းရှီသည် စွန်းဝေဝေအား တွေ့မြင်လိုစိတ်များ ပိုမိုပြင်းပြလာကြောင်း သူကိုယ်တိုင် သိရှိလာခဲ့လေသည်။
လီချိန်းရှီသည် သူတို့ တွေ့ဆုံရသည့် အကြိမ်တိုင်းတွင် အလွန်တရာ ပျော်ရွှင်ခဲ့ရလေ၏။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က လီလောင်ဆန်းမှ ဝေဝေသည် အိမ်ထောင်ပြုရမည့်အရွယ်သို့ ရောက်ရှိ နေပြီဟု ပြောလာချိန်မှသာ လီချိန်းရှီသည် သူ၏ ရင်ထဲတွင် ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရလေ သည်။
ထိုအခါမှ သူသည် စွန်းဝေဝေကို လက်ထပ်ချင်နေမိကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့လေ၏။
သို့သော်လည်း ဤအရာမှာ မဖြစ်နိုင်ကြောင်းကို လီချိန်းရှီ ကောင်းစွာ သိရှိထားခဲ့ပေသည်။ စွန်းမိသားစု သည် ခရိုင်မြို့တွင် နာမည်ကြီးသော သူဌေးမိသားစုတစ်စု ဖြစ်လေသည်။
၎င်းတို့၏ စီးပွားရေးလုပ်ငန်းဖြစ်သော စွန်းမိသားစု ငွေပန်းထိမ်ဆိုင်သည် တစ်ခရိုင်လုံးတွင် ရွှေ၊ ငွေနှင့် အခြားလက်ဝတ်ရတနာများအတွက် အကြီးဆုံး အရောင်းအဝယ်ဆိုင်ကြီးဖြစ်ပြီး နေ့စဉ် ဝင်ငွေများစွာ ရရှိနေခဲ့လေ၏။
ဝေဝေ၏ မိခင်သည် မယားငယ်တစ်ဦးသာ ဖြစ်သော်ငြားလည်း သူမ၏ အဆင့်အတန်းသည် ဆင်းရဲ သော တောသူတောင်သား ကောင်လေးတစ်ဦးဖြစ်သည့် သူနှင့်ယှဉ်လျှင် များစွာ မြင့်မားနေခဲ့ ပေသည်။
နှိမ့်ကျမှုသည် အရိုးထဲမှ စတင်ပေါက်ဖွားလာသကဲ့သို့ သူသည် အဘက်ဘက်မှ အခြားသူများထက် နိမ့်ကျနေခဲ့လေ၏။
ထိုအချိန်မှစ၍ လီချိန်းရှီသည် စွန်းဝေဝေအား တွေ့ဆုံရန် အနည်းငယ် ရှက်ရွံ့နေခဲ့မိသည်။
စွန်းဝေဝေသည် လီလောင်ဆန်းအား လာရောက်ကြည့်ရှုရန် ရွာသို့ ပြန်လာကြောင်း ကြားရတိုင်း လီချိန်းရှီသည် သူမအား သွားရောက်ရှာဖွေခြင်း မပြုတော့ချေ။
လမ်းတွင် ဆုံတွေ့လျှင်ပင် သူသည် စွန်းဝေဝေအား ယဉ်ကျေးစွာ နှုတ်ဆက်ရုံသာ နှုတ်ဆက်ပြီး ကျော်သွားလေ့ရှိလေ၏။
တစ်ကြိမ်တွင် စွန်းဝေဝေ အိမ်ပြန်ရောက်လာစဉ် လီချိန်းရှီ ဖျားနာနေကြောင်း ကြားသိရသဖြင့် လာရောက်ကြည့်ရှုလိုသော်လည်း လီချိန်းရှီက ရောဂါကူးစက်မည်ကို အကြောင်းပြကာ သူမအား အိမ်ထဲသို့ ဝင်ခွင့်မပြုခဲ့ပေ။
သူတို့၏ ဆက်ဆံရေးသည် ခေါင်းညိတ် နှုတ်ဆက်ရုံမျှသာ သိကျွမ်းသူများအဖြစ် တဖြည်းဖြည်း ယိုယွင်းသွားခဲ့ပုံရလေသည်။
ယနေ့တွင် လီချိန်းရှီသည် စွန်းဝေဝေအား ထပ်မံတွေ့မြင်လိုက်ရသောအခါ သူ၏ ရင်ထဲတွင် စိတ်လှုပ် ရှားမှုနှင့် ပျော်ရွှင်မှုများ အဟုန်ပြင်းစွာ တက်ကြွလာခဲ့လေ၏။
သူသည် စွန်းဝေဝေအနီးသို့ ခြေလှမ်းအနည်းငယ်မျှ လျင်မြန်စွာ လျှောက်သွားပြီး ဝေဝေဟု စိတ်လှုပ် ရှားစွာ ခေါ်လိုက်ချိန်တွင် လီချိန်းရှီသည် တစ်ဖက်လူအား တွေ့မြင်ရသည်ကို ရှက်ရွံ့ခြင်း မရှိတော့ ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။
စွန်းဝေဝေနှင့် အပြန်အလှန် နှုတ်ဆက်စကား ပြောဆိုပြီးနောက်တွင် လီချိန်းရှီမှာ အံ့ဩဖွယ်ကောင်း လောက်အောင် သက်သောင့်သက်သာ ဖြစ်သွားခဲ့လေ၏။
စွန်းဝေဝေသည်လည်း အလွန်ပျော်ရွှင်နေပုံရလေသည်။ မြို့စောင့်ရဲမက်သည် သူ၏ ခါးချိတ်တံဆိပ်ပြား ကို ဆုံးရှုံးသွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြောင်း ကြားရသောအခါ သူမက သူ့အတွက် အရင်းဈေး ဖြင့် ပြုလုပ်ပေးနိုင်ကြောင်း သဘောထားကြီးစွာဖြင့် ပြောဆိုခဲ့လေ၏။ မြို့စောင့်ရဲမက်မှာ အလွန်စိတ် လှုပ်ရှားသွားပြီး သူမအား အကြိမ်ကြိမ် ကျေးဇူးတင်စကား ဆိုခဲ့လေသည်။
ထို့ကြောင့် လီချိန်းရှီသည် စွန်းဝေဝေအား ခေါင်ရှန်းရွာသို့ ပြန်လည် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်လေ သည်။
သူတို့နှစ်ဦးသည် လမ်းတစ်လျှောက်လုံး လမ်းလျှောက်ရင်း စကားပြောလာခဲ့ကြ၏။
အကယ်၍ လီချိန်းရှီသာ စွန်းဝေဝေ၏ ခရီးပန်းမည်ကို စိုးရိမ်မနေခဲ့ပါက သူသည် သူမနှင့်အတူ ဤကဲ့သို့ ထာဝရ လမ်းဆက်လျှောက်သွားချင်မိမည် ဖြစ်ပေသည်။
လမ်းတွင် သူတို့နှစ်ဦးသည် လီချိန်းရှီ၏ လက်ထဲရှိ နတ်ဘုရားလက်နက်အကြောင်း၊ လီလောင်ဆန်း၏ ရှိရာနေရာအကြောင်း၊ ခေါင်ရှန်းရွာ ပြောင်းရွှေ့ခြင်းအကြောင်း၊ တောင်စောင့်နတ်မင်းကြီး၏ တန်ခိုး ပြမှုများနှင့် သူတို့နှစ်ဦး၏ အပြောင်းအလဲများအကြောင်းကို ပြောဆိုခဲ့ကြလေသည်။
ဤအရာအားလုံးသည် တောင်စောင့်နတ်မင်းကြီးထံမှ လက်ဆောင်တစ်ခုဖြစ်ကြောင်း လီချိန်းရှီ၏ ရင်ထဲတွင် ကောင်းစွာ သိရှိနေခဲ့လေ၏။
မိမိ၏ ဂုဏ်သိက္ခာနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ အပါအဝင်ပင် ဖြစ်လေသည်။
တောင်စောင့်နတ်မင်းကြီး၏ ကောင်းချီးမင်္ဂလာကြောင့် ခေါင်ရှန်းရွာသည် စားရေးသောက်ရေး ပြတ်လပ်မှု မရှိတော့ရုံသာမက နတ်ဘုရားများသာ ပိုင်ဆိုင်သော ရတနာများကိုပါ ပိုင်ဆိုင်ထားပြီ ဖြစ်လေ၏။
လီချိန်းရှီသည် ဘဝအတွက် ပို၍ပို၍ မျှော်လင့်ချက်များ ရှိလာခဲ့လေသည်။
ထိုအကြောင်းကို တွေးမိသည်နှင့် လီချိန်းရှီသည် လေးနက်စွာ ဒူးထောက်လိုက်ပြီး ကျယ်လောင်သော အသံဖြင့် သုံးကြိမ်တိုင်တိုင် ဦးတိုက်ရှိခိုးလိုက်လေတော့သည်။
...
ရွှီပေါ်အန်းသည် ဧကရာဇ်စိမ်း ကျောက်စိမ်းများကို အရောင်းအဝယ်လုပ်ကာ ကြီးပွားချမ်းသာရန် ပျော်ရွှင်စွာ အိပ်မက်မက်နေစဉ်မှာပင် လီချိန်းရှီကြောင့် ရုတ်တရက် လန့်ဖြန့်သွားခဲ့လေ၏။
*ဘုရားရေ...၊ ဒီကောင်လေး ဘာဖြစ်နေတာလဲ...။ ဘာကြောင့် ဘာသတိပေးချက်မှမရှိဘဲ ဦးတိုက်နေရ တာလဲ...။*
"လီချိန်းရှီ...၊ မင်းရဲ့ လုပ်ရပ်တွေက ဘာအကြောင်းပြချက်ရှိလို့လဲ ကောင်လေး...။"
လီချိန်းရှီက ရိုးသားစွာဖြင့် ပြောလိုက်လေသည်။
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ အရှင်မင်းကြီးကို ကျွန်တော်မျိုး အရမ်းကျေးဇူးတင်ပါတယ်...။ ဒါပေမဲ့ ဘယ်လိုဖော်ပြရမှန်း မသိလို့ ဦးတိုက်ရှိခိုးရုံသာ တတ်နိုင်ပါတယ်...။"
ရွှီပေါ်အန်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်လေ၏။
"မင်းလို လူမိုက်လေး...၊ မင်း ငါ့ကို လန့်သွားစေတယ်...။"
"တောင်စောင့်နတ်မင်းကြီးကို လန့်သွားစေတဲ့အတွက် ကျွန်တော်မျိုးရဲ့ အပြစ်ပါပဲ...။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးတော်မူပါ တောင်စောင့်နတ်မင်းကြီး...။"
လီချိန်းရှီက ရှက်ရွံ့နေသော မျက်နှာဖြင့် ပြောလိုက်လေသည်။
ရွှီပေါ်အန်းက စကားမပြောနိုင်ဘဲ ဖြစ်သွားကာ မေးလိုက်လေ၏။
"ကောင်းပြီ...၊ ငါ မင်းကို မေးပါရစေ...။ ခုနက မင်းပြောတာ စွန်းမိသားစု ငွေပန်းထိမ်ဆိုင်က ထိုခါးချိတ် တံဆိပ်ပြားတွေကို ရောင်းတယ်ဆို...၊ ဟုတ်လား...။"
လီချိန်းရှီက ခေါင်းခါယမ်းကာ ပြောလိုက်လေသည်။
"ခါးချိတ်တံဆိပ်ပြားတွေကို ရောင်းတာတော့ မဟုတ်ပါဘူး...၊ သခင်မလေး ဝေဝေဆီကနေ ကျွန်တော် ကြားတာတော့ သူတို့က နှင်းဆီပြာကျောက်နဲ့ လုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို အဓိက ရောင်းတာ ပါ...။ ဒါပေမဲ့ တစ်ခါတလေ အစိုးရရုံးတော်က အရာရှိတွေဟာ အလုပ်ရှုပ်သက်သာဖို့နဲ့ ငွေကုန်ကြေးကျ သက်သာဖို့အတွက် ငွေပန်းထိမ်ဆိုင်ကို ခါးချိတ်တံဆိပ်ပြားတွေ လာလုပ်ခိုင်းတတ်ကြပါတယ်..."
*နှင်းဆီပြာကျောက်တဲ့လား...။ ဟဲဟဲ...၊ ဒီအရာက ဧကရာဇ်စိမ်း ကျောက်စိမ်းပဲ ဖြစ်ရမယ်...။*
ရွှီပေါ်အန်းက သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ မေးမြန်းလိုက်လေ၏။
"ဒါဆိုရင်...၊ ဒီနှင်းဆီပြာကျောက်က တော်တော်လေး အတွေ့ရများတာပေါ့...။"
လီချိန်းရှီက အနည်းငယ် အနေရခက်စွာဖြင့် ပြောလိုက်လေသည်။
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက နောက်နေတာပဲ...။ နှင်းဆီပြာကျောက်က သူဌေးအိမ်တွေမှာ သာမန် အလှဆင်ပစ္စည်းနဲ့ အဆင်တန်ဆာတစ်ခု ဖြစ်ပေမယ့် ကျွန်တော်တို့လို ဆင်းရဲသားတွေအတွက် တော့ ဘာမှအသုံးမဝင်ပါဘူး...။ ဒီငွေနဲ့ စားစရာဝယ်စားတာက ပိုကောင်းပါလိမ့်မယ်...။"
ရွှီပေါ်အန်းသည် လီချိန်းရှီက သူ့ကို နားလည်မှုလွဲနေကြောင်း သိလိုက်သဖြင့် ပြုံးကာ ပြောလိုက်လေ၏။
"အင်း...၊ မှန်ပါတယ်...။ ဒါပေမဲ့ စိတ်မပူပါနဲ့...၊ အခြေအနေတွေက တဖြည်းဖြည်း ပိုကောင်းလာမှာပါ...။ ပြီးတော့ တစ်နေ့ကျရင် မင်းလည်း ဒီအရာတွေကို သဘောကျလာနိုင်တာပါပဲ...။"
လီချိန်းရှီသည် သူ၏ခေါင်းကို ယပ်ခတ်သကဲ့သို့ ခပ်သွက်သွက် ခါယမ်းလိုက်လေသည်။
"ကျွန်တော့်မှာသာ ပိုက်ဆံရှိရင် ရွှေနဲ့ငွေတွေကိုပဲ ဝယ်မိမှာပါ...။ အနည်းဆုံးတော့ အဲဒါက အစစ်အမှန် ငွေကြေးတွေလေ...၊ နှင်းဆီပြာကျောက်လို အရာတွေကို ဝယ်တာက တကယ်ကို နှမြောစရာကောင်း ပါတယ်...။ သခင်မလေး ဝေဝေ ပြောတာတော့ အဲ့ဒါတွေကို ပြန်ရောင်းတဲ့အခါ မူလတန်ဖိုးရဲ့ ဆယ်ပုံ တစ်ပုံ ဒါမှမဟုတ် အစိတ်ပုံတစ်ပုံလောက် ပြန်ရရင်တောင် ကံကောင်းလှပြီလို့ ကြားဖူးပါတယ်...။"
"ဟင်..."
လီချိန်းရှီသည် ရုတ်တရက် ခေတ္တရပ်တန့်သွားပြီးနောက် ဆက်ပြောလိုက်လေ၏။
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ အရှင်မင်းကြီးက နှင်းဆီပြာကျောက်တချို့ကိုများ အလိုရှိနေတာ လား...။"
*ဟား...၊ ဒီကောင်လေးက နောက်ဆုံးတော့ သဘောပေါက်သွားပြီပဲ...။*
ရွှီပေါ်အန်းသည် တခစ်ခစ်ရယ်မောကာ ပြောလိုက်လေသည်။
"မင်းက တော်တော်လေး ဉာဏ်ကောင်းတာပဲ ကောင်လေး...။ ဟုတ်တယ်...၊ ဒီနှင်းဆီပြာကျောက်က တော်တော်လေး မျက်စိကျစရာကောင်းပြီး လက်ကိုင်ကစားစရာ အသေးလေးတွေ လုပ်ဖို့ သင့်တော် မယ်လို့ ငါထင်တယ်...။ ဖြစ်နိုင်ရင် ခရိုင်မြို့ဆီကို အမြန်ဆုံးသွားပြီး စွန်းမိသားစု ငွေပန်းထိမ်ဆိုင်ကနေ နှင်းဆီပြာကျောက်တချို့ကို ငါ့အတွက် ဝယ်ပေးပါ...။"
လီချိန်းရှီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီးနောက် သူသည် အလွန်အမင်း ဝမ်းသာသွားခဲ့လေ၏။
ထိုသို့ဆိုလျှင် သူသည် သခင်မလေး ဝေဝေနဲ့အတူ ခရိုင်မြို့ဆီကို လိုက်ပါသွားခွင့် ရနိုင်ပြီမဟုတ်ပါလား ...။
*လမ်းခရီးတစ်လျှောက်လုံး ငါတို့ ဘယ်လောက်တောင် ပျော်ရွှင်ဖို့ကောင်းလိုက်မလဲ...။*
လီချိန်းရှီသည် ပျော်ရွှင်စွာ သဘောတူခွင့်ပြုလိုက်တော့မည့်ဆဲဆဲတွင် ရုတ်တရက် တွန့်ဆုတ်သွားကာ အခက်အခဲဖြစ်စွာဖြင့် ပြောလိုက်လေသည်။
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ရွာမှာ အခု ပိုက်ဆံပြတ်လပ်နေလို့ပါ...။ အကယ်၍ နတ်မင်းကြီး ခွင့်ပြုမယ်ဆိုရင် နှင်းဆီပြာကျောက်တွေ ပိုဝယ်လို့ရအောင် သကြားလုံးတချို့ကို ငွေကြေးနဲ့ လဲလှယ်လို့ ရနိုင်မလား...။"
ရွှီပေါ်အန်းက သဘောတူလိုက်လေ၏။
"ပြဿနာမရှိပါဘူး...။ သွားသာလုပ်ပါ...၊ တကယ်လို့ မင်း တစ်ခုခု လိုအပ်သေးတယ်ဆိုရင် ငါ ထပ်ပေး ပါ့မယ်...။"
လီချိန်းရှီသည် လျင်မြန်စွာ လက်ကာပြလိုက်လေသည်။
"မလိုတော့ပါဘူး တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ ကျွန်တော်တို့ဆီမှာ အများကြီး ကျန်ပါသေး တယ်...၊ အရှင်မင်းကြီး ပေးထားတဲ့ သကြားလုံးကောင်းကောင်းတွေ အများကြီး ရှိပါသေးတယ်...။ တစ်ပေါင်လောက်ကိုပဲ ကြေးပြားတစ်ရာနဲ့ လဲလှယ်လို့ရတာမို့ လက်သီးဆုပ်လောက်ရှိတဲ့ နှင်းဆီပြာ ကျောက်တစ်တုံးကို ဝယ်ဖို့ လုံလောက်ပါတယ်...။"
ရွှီပေါ်အန်းမှာ စကားပင် မဆိုနိုင်တော့ချေ။
*ဘုရားရေ... ငါ့လက်ထဲမှာ ကစားစရာ လုပ်ချင်တယ်လို့ ပြောထားတာကို မင်းက တကယ်ပဲ ငါ့ လက်သီးဆုပ်လောက် အရွယ်အစားရှိတဲ့ အတုံးကို ပေးဖို့ ရည်ရွယ်နေတာလား...။*
*ဒါက ငါ့ရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ကြီးပွားတိုးတက်ရေး လမ်းကြောင်းကို အဟန့်အတား ဖြစ်စေနေတာပဲ ...။*
ရွှီပေါ်အန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ စားပွဲအောက်ဆုံး အံဆွဲကို ဖွင့်ကာ ခေတ္တမျှ မွှေနှောက် ရှာဖွေလိုက်လေ၏။
ထို့နောက် သူသည် ထောင့်တစ်နေရာတွင် ထားရှိသော သေတ္တာငယ်လေး တစ်လုံးကို ထုတ်ယူလိုက် လေသည်။
၎င်းကို သူ၏ လက်ထဲတွင် ကိုင်တွယ်ကာ ညင်သာစွာ လှည့်ပတ်ကြည့်ရှုရင်း ရွှီပေါ်အန်းသည် အတွေး ရေယာဉ်ကြောထဲသို့ နစ်မျောသွားခဲ့လေတော့သည်။