အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း (၄၃)
မင်းအတွက် စည်းစိမ်ချမ်းသာတွေကို ကတိပေးပါတယ်
သစ်ကြားသီးခန့်အရွယ်အစားရှိသော သေတ္တာငယ်လေး တစ်လုံး။
၎င်းကို ညင်သာစွာ ဖွင့်လိုက်သောအခါ အတွင်းတွင် ရွှေလက်စွပ်တစ်ကွင်း ရှိနေခဲ့လေသည်။
၎င်းမှာ ရွှီပေါ်အန်း၏ ယခင်က လက်ထပ်လက်စွပ်ပင် ဖြစ်လေ၏။
ကွာရှင်းပြီးနောက်တွင် သူသည် ၎င်းကို သဘာဝကျကျပင် ဆက်လက်မဝတ်ဆင်တော့ချေ။
သူသည် ၎င်းကို လွှင့်ပစ်ရန် နှမြောသော်လည်း ရောင်းချရန်လည်း ပျင်းရိနေသဖြင့် ဖုန်တက်နေစေရန် ထောင့်တစ်နေရာတွင်သာ ပစ်ထားခဲ့လေသည်။
ယခုတွင် ၎င်းကို ထုတ်ယူ၍ အသုံးချရန် အကောင်းဆုံးအချိန် ဖြစ်လေ၏။
၎င်းကို လီချိန်းရှီအား ပေး၍ နှင်းဆီပြာကျောက်များကို ဝယ်ယူရာတွင် အကူအညီတောင်းရမည် ဖြစ်ပေ သည်။
လက်စွပ်မှာ မကြီးမားသော်လည်း ဘွန်ဆိုင်းကမ္ဘာထဲတွင်မူ တော်တော်လေး ထိတ်လန့်ဖွယ် ကောင်းနေ ဆဲပင်။
ထိုအကြောင်းကို တွေးမိသည်နှင့် ရွှီပေါ်အန်းသည် ဗီဒိုထဲရှိ ကိရိယာသေတ္တာထဲမှ ပလာယာတစ်လက်ကို ယူကာ လက်စွပ်မှ နှံစားပြောင်းစေ့ခန့်အရွယ် အစအနလေးတစ်ခုကို အားဖြင့် ညှပ်ယူလိုက်လေသည်။
"လီချိန်းရှီ...၊ လောလောဆယ် ဒီရွှေကို အသုံးပြုလိုက်ပါ...။ ငါ့အတွက် အရည်အသွေးကောင်းတဲ့ နှင်းဆီပြာကျောက်တွေကို သွားဝယ်ပေးပါ...။ အကြီးကြီးတွေ ရွေးခဲ့နော်...။"
လီချိန်းရှီသည် သူ၏ ရှေ့တွင် ရွှေရောင်အရာဝတ္ထုတစ်ခု ဖြည်းညင်းစွာ ကျဆင်းလာသည်ကို ရုတ် တရက် မြင်လိုက်ရပြီး တောင်စောင့်နတ်မင်းကြီး၏ စကားကို ကြားလိုက်ရသောအခါ ကြက်သေသေ သွားခဲ့လေ၏။
ဝန်းကျင်ကို ကြည့်လိုက်ရာ လက်သီးဆုပ်ခန့်အရွယ်ရှိ ရွှေတုံးတစ်တုံးသည် မြက်ခင်းပြင်ပေါ်တွင် တိတ်ဆိတ်စွာ ကျနေခဲ့လေသည်။
လီချိန်းရှီသည် တံတွေးကို အလွန်အမင်း ခက်ခဲစွာ မျိုချလိုက်လေ၏။
အရှင်မင်းကြီးက သူ့ကို စားစရာတစ်ခုခု ပေးမည်ဆိုလျှင် သူ လက်ခံနိုင်ပေသည်။
သောက်သုံးရန် သို့မဟုတ် အခြားရည်ရွယ်ချက်များအတွက် ပေးအပ်သည့် မည်သည့်အရာကိုမဆို သူ လက်ခံနိုင်ပေသည်။
သို့သော် တောင်စောင့်နတ်မင်းကြီးသည် သူတို့ကို ရွှေများကို အမှန်တကယ် ပေးသနားခဲ့လေ၏။
ဤသည်က ဘယ်လို အရှုပ်အထွေးမျိုးဖြစ်နေသနည်း။
လီချိန်းရှီသည် နောက်ထပ် သုံးကြိမ်တိုင်တိုင် ဦးတိုက်လိုက်သဖြင့် ရွှီပေါ်အန်းမှာ စကားပင် မဆိုနိုင် အောင် ဖြစ်သွားခဲ့လေသည်။
"ဟေ့ ကောင်လေး...၊ ဘာအကြောင်းပြချက်ရှိလို့ ဒီလိုလုပ်ရတာလဲ...။"
လီချိန်းရှီက ထိတ်လန့်နေသော အမူအရာဖြင့် ပြောလိုက်လေ၏။
"တကယ်ဆို ကျွန်တော်တို့ကသာ တောင်စောင့်နတ်မင်းကြီးရဲ့ ရွှံ့ရုပ်တုကို ရွှေရုပ်တုဖြစ်အောင် ပြန် လည် ပုံဖော်ပေးရမှာပါ...၊ ဤလိုအချိန်မှာ အရှင်မင်းကြီး ပေးသနားတဲ့ ရွှေတွေကို ကျွန်တော်တို့က ဘယ်လိုလုပ် သုံးစွဲရဲမှာပါလဲ...။"
ရွှီပေါ်အန်းမှာ ခေတ္တမျှ စကားမပြောနိုင်ဖြစ်သွားခဲ့လေသည်။ သူ ရှင်းပြတော့မည့်ဆဲဆဲမှာပင် တံခါးကို ဒုန်းဒုန်းဒုန်း ခေါက်သံ ကြားလိုက်ရလေ၏။
ရွှီပေါ်အန်းသည် ဘွန်ဆိုင်းထဲတွင် ဘာတွေဖြစ်နေသလဲဟု စဉ်းစားနေစဉ်မှာပင် တံခါးခေါက်သံကြောင့် လန့်သွားခဲ့ပြီး သူ၏ လက်ထဲရှိ ရွှေလက်စွပ်သည် လွတ်ကျကာ ဘွန်ဆိုင်းထဲသို့ ပြုတ်ကျသွားခဲ့ လေတော့သည်။
ရွှီပေါ်အန်းသည် ထိတ်လန့်တကြား အသက်ရှူလိုက်လေ၏။ လက်စွပ်ကို ပြန်လည်ရယူရန် အချိန်နှောင်း သွားခဲ့ပြီ ဖြစ်သည်။
ဤမျှ ကြီးမားသော ရွှေလက်စွပ်ကြီး။ အကယ်၍ ၎င်းသည် ဘွန်ဆိုင်းထဲရှိ လူပုလေးကို ထိမှန်သွားပါက သူ၏ အသက်ရှင်သန်ရန် အခွင့်အလမ်းမှာ အလွန်နည်းပါးသွားမည် ဖြစ်ပေသည်။
ရွှီပေါ်အန်းသည် တံခါးခေါက်သူအား အလွန်တရာ မုန်းတီးသွားခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လက်စွပ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး လီချိန်းရှီ၏ အနီးတွင် ဒုန်းခနဲ အသံမည်ကာ ကျသွားသဖြင့် လီချိန်းရှီမှာ အလွန်အမင်း ထိတ်လန့်ကာ တစ်ကိုယ်လုံး တုန်ယင် သွားခဲ့လေတော့၏။
ရွှီပေါ်အန်းသည် လီချိန်းရှီအား အထိအခိုက်မရှိသည်ကို မြင်သောအခါမှ သက်ပြင်းချနိုင်လေတော့ သည်။
တံခါးခေါက်သံက ဆက်လက် ထွက်ပေါ်နေခဲ့လေ၏။
"အစ်ကို...၊ အစ်ကို...၊ ဆရာရွှီ...၊ တံခါးမြန်မြန်ဖွင့်ပါဦး...။"
ထျန်ရှောင်ဟူ၏ အသံ။ ထိုငနာလေးကြောင့် လီချိန်းရှီ သေလုနီးပါး ဖြစ်သွားခဲ့ရပြီ မဟုတ်ပါလား။
ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို သိမ်းဆည်းလိုက်ပြီး မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် တံခါးဖွင့် ရန် လျှောက်သွားလိုက်လေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ထျန်ရှောင်ဟူသည် တံခါးဝတွင် မောဟိုက်စွာ ရပ်နေခဲ့လေ၏။
ရွှီပေါ်အန်းက ဒေါသတကြီး မေးလိုက်လေသည်။
"ထျန်ရှောင်ဟူ...၊ မင်း ဘာဖြစ်နေတာလဲ...။ တံခါးကို ဖျက်တော့မလို့လား...။"
"ဟဲဟဲ...၊ အစ်ကိုကြီး...။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေလို့ပါ...။"
ထျန်ရှောင်ဟူက တခစ်ခစ်ရယ်မောကာ သူ၏ဇက်ကို ပုလိုက်ပြီး အလုပ်စဝင်ကာစ အချိန်က အလုပ်ခို သဖြင့် ရွှီပေါ်အန်း၏ ဆူပူခြင်းကို ခံရသည့်အချိန်သို့ ပြန်ရောက်သွားသကဲ့သို့ ဖြစ်နေခဲ့လေသည်။
သူ့ကို ထိုသို့ မြင်ရသောအခါ ရွှီပေါ်အန်းမှာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့လေ၏။ လီချိန်းရှီ ဒုက္ခ ရောက်ခဲ့လျှင်တောင် သူက ထျန်ရှောင်ဟူအား ရိုက်နှက်နိုင်ပါမည်လား။
ကိုယ့်ညီအစ်ကိုကို ဘယ်သူက ရိုက်နှက်နိုင်မှာတဲ့လဲ။
ရွှီပေါ်အန်းသည် ထျန်ရှောင်ဟူကို မျက်စောင်းထိုးကာ ပြောလိုက်လေသည်။
"ဘာကို ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ...၊ မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး...။ ဒီလောက် ကနာ မငြိမ်ဖြစ်နေတာ အသက်သုံးဆယ်ကျော် အရွယ်နဲ့ကော တူသေးရဲ့လား...။ ငါ မင်းကို မေးမယ်... ငါလုပ် ခိုင်းထားတဲ့ ကွန်ကရစ်ပုံစံငယ်က ပြီးပြီလား...။"
ထျန်ရှောင်ဟူက သူ၏ရင်ဘတ်ကို ပုတ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်လေ၏။
"သေချာတာပေါ့...။ (၂၄) နာရီ အခြောက်ခံရမယ့်အချိန်လည်း ပြည့်တော့မယ်...။ ခဏနေရင် ကျွန်တော် အစ်ကို့ဆီ ယူလာခဲ့မယ်...၊ ဪ... ကျွန်တော် အစ်ကို့ကို ဒီအကြောင်းတွေ ဘာလို့ပြောနေရတာလဲ...။ ဘာကွန်ကရစ်ပုံစံငယ် အကြောင်း ပြောနေတာလဲ...၊ မြန်မြန်သွားရအောင်...။ ဥက္ကဋ္ဌစူးက အစ်ကို့ကို ရှာနေတယ်...။ အစ်ကို့ကို စကားပြောချင်လို့တဲ့...၊ သွားရအောင်...။"
ရွှီပေါ်အန်းသည် အလျင်စလို မလုပ်ဘဲ တည်ငြိမ်စွာ မေးလိုက်လေသည်။
"အစည်းအဝေး ပြီးသွားပြီလား...၊ ဘာတွေပြောကြလဲ...။"
ထျန်ရှောင်ဟူက ပြုံးရွှင်စွာဖြင့် ပြောလိုက်လေ၏။
"ပြီးသွားပြီ...။ အားလုံး ပျော်နေကြတာပဲ...။ ဟန်ဆောင်မနေနဲ့တော့...။ အဲဒါက ရာထူး အပြောင်းအလဲ ကြေညာမယ့် အစည်းအဝေးမတိုင်ခင် တွေ့ဆုံမေးမြန်းမှုလေးပါ...။ ဂုဏ်ပြုပါတယ်...၊ အခုတော့ အစ်ကို က မန်နေဂျာချုပ်ရွှီ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်သွားပါပြီ...။"
ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။
"ခဏလေး...၊ မင်းက ငါ့ကို ဘာအတွက် ဂုဏ်ပြုနေတာလဲ...။ မင်းကရော ဘာရာထူးရလို့လဲ...။"
စူးထိုက်က သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံမည်ကို သူသိသော်လည်း စူးထိုက်က သူ့အား မည်သို့ ကျေးဇူးဆပ်မည်ကိုမူ သူ မသိခဲ့ပေ။
ထိုအရာကို မြင်သောအခါ ထျန်ရှောင်ဟူက အလွန်အမင်း အံ့ဩသွားကာ မေးလိုက်လေ၏။
"ဟာ...၊ အစ်ကို တကယ် မသိတာလား...။ အစ်ကိုတို့ နှစ်ယောက်က တော်တော်လေးကိုရင်းနှီးနေတာ ပဲ...။ မနေ့ညက သူ အစ်ကို့ကို မပြောပြဘူးလား...။"
ရွှီပေါ်အန်းသည် စိတ်ထဲမှ တခစ်ခစ်ရယ်မောလိုက်လေသည်။
*ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ။ ငါတို့က မနေ့ညကမှ ဆုံဖူးတာလေ၊ တစ်ယောက်နဲ့ တစ်ယောက် ဘာအလုပ်လုပ်လဲဆိုတာတောင် မသိကြဘူး…။*
"အပိုတွေ ပြောမနေနဲ့...။ ငါ့ကို မြန်မြန်ပြောစမ်း...၊ မင်းရဲ့ရာထူးက ဘာလဲ...။" ဟု ရွှီပေါ်အန်းက စိတ်မရှည်ဟန်ဆောင်ကာ မေးလိုက်လေ၏။
ထျန်ရှောင်ဟူက လုံးဝ စိတ်မဆိုးဘဲ ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။
"ဟားဟား...၊ အစ်ကိုက အင်ဂျင်နီယာချုပ် ဖြစ်သွားပြီး မန်နေဂျာချုပ်ကတော့ ပထမကုမ္ပဏီက ရွှီကျန်း ပါ...။ ဟယ်ချန်ဆိုတဲ့ အဲ့ဒီခွေးကောင်ကတော့ အုပ်စုရုံးချုပ်ကို မော်ကွန်းတိုက် ညွှန်ကြားရေးမှူးဆိုပြီး ပြောင်းရွှေ့ခံလိုက်ရတယ်...။"
"လျှိုတုန်းဝမ်ဆိုတဲ့ မြေခွေးအိုကြီးက ပိုတောင် သနားစရာကောင်းသေးတယ်...။ သူက အုပ်စုရဲ့ သမိုင်းနဲ့ မှတ်တမ်းရုံးကို ညွှန်ကြားရေးမှူးအနေနဲ့ ပြောင်းရွှေ့ခံရတယ်...။ တကယ်ကို နိမ့်ကျတဲ့ ရာထူးပဲ...၊ သူက ထိပ်တန်းခေါင်းဆောင်တောင် မဟုတ်တော့ဘူး...။ ညွှန်ကြားရေးမှူးတစ်ယောက်ရဲ့ အေးတိအေးစက် ဆက်ဆံမှုကို ခံစားနေရပြီ...။ အရမ်းရယ်ရတယ်...၊ ဒီကောင်နှစ်ကောင်ရဲ့ မျက်နှာတွေကို အစ်ကို မမြင်လိုက်ရလို့...။ အိုးမည်းသုတ်ထားသလို မည်းမှောင်နေတာပဲ...၊ တကယ်ကို ကျေနပ်စရာကောင်း တယ်...။"
ရွှီပေါ်အန်းက ခပ်ဟဟ ရယ်မောလိုက်ပြီးနောက် ထျန်ရှောင်ဟူအား ပြန်လည်ချေပလိုက်လေ၏။
"တကယ် ရှက်စရာကောင်းတယ်...။ မင်းက တခြားသူတွေကို လှောင်ပြောင်နေတာလား... ။ မင်းကိုယ် တိုင်ရဲ့ ရာထူးကိုရော မေ့သွားပြီလား...၊ ဓာတ်ခွဲခန်းရဲ့ ဒုတိယညွှန်ကြားရေးမှူး...၊ ညွှန်ကြားရေးမှူး တစ်ယောက်ရဲ့ ခံစားခွင့်တွေကို ခံစားနေရပြီးတော့...။ မင်းက တခြားသူတွေကို လှောင်ပြောင်နေသေး တယ် ဘယ်လိုလုပ် ရဲတာလဲ...။"
ရွှီပေါ်အန်းက ဤအကြောင်းကို ပြောလိုက်သည်ကို ကြားသောအခါ ထျန်ရှောင်ဟူသည် ချက်ချင်း သနားစရာကောင်းသော အမူအရာ ဖြစ်သွားလေသည်။
"အစ်ကို...၊ အစ်ကို ချမ်းသာပြီး အာဏာရှိလာတဲ့အခါ ကျွန်တော့်ကို မမေ့ပါနဲ့...။ အစ်ကို ကျွန်တော့်ကို ကူညီရမယ်နော်...။ ကျွန်တော် ဒီကျိန်စာသင့်နေတဲ့ ဓာတ်ခွဲခန်းမှာ ဆက်မနေနိုင်တော့ဘူး...။"
ရွှီပေါ်အန်းက ပခုံးတွန့်ကာ နောက်ပြောင်လိုက်လေ၏။
"ဟွန်း...၊ ငါက ဒုတိယခေါင်းဆောင် အင်ဂျင်နီယာချုပ်သာ ဖြစ်တာလေ...။ မန်နေဂျာချုပ်မှ မဟုတ် တာ... ငါ့မှာ ဝန်ထမ်းရေးရာ အာဏာမှ မရှိတာ...။ ငါ ကူညီနိုင်တာ ဘာမှမရှိဘူး...။"
ယခင်ကဆိုလျှင် ရွှီပေါ်အန်းသည် ကုမ္ပဏီ၏ အင်ဂျင်နီယာချုပ် ဖြစ်လာပါက အလွန်တရာ ဝမ်းသာ အားရဖြစ်ကာ အားလုံးအတွက် ကြီးကျယ်ခမ်းနားသော စားသောက်ပွဲကြီးတစ်ခုကို ကျင်းပပေးမည်မှာ အသေအချာပင်။ ယခုမူ ရွှီပေါ်အန်း၏ အမြင်မှာ ရုတ်တရက် ကျယ်ပြန့်လာခဲ့ပြီး ဒုတိယခေါင်းဆောင် ဆိုသည့် နေရာကိုပင် ယှဉ်ပြိုင်လိုစိတ် ပျောက်ဆုံးသွားခဲ့လေပြီ။
ထျန်ရှောင်ဟူသည် ရွှီပေါ်အန်းက နောက်ပြောင်နေကြောင်း သဘာဝကျကျ သိရှိထားသဖြင့် တခစ်ခစ် ရယ်မောကာ ပြောလိုက်လေ၏။
"အစ်ကိုကြီး...၊ ဟန်ဆောင်မနေပါနဲ့...။ ကုမ္ပဏီက အဘိုးကြီးရွှီ အငြိမ်းစားယူတော့မယ်ဆိုတာ အားလုံး အသိပဲလေ...။ မန်နေဂျာချုပ်ရာထူးက အစောကြီးမဟုတ်ရင်တောင် တစ်နေ့ အစ်ကို့အတွက် ဖြစ်လာ မှာပဲ...။ ဥက္ကဋ္ဌစူးက အစ်ကို့အတွက် ကြိုတင်ပြီး လမ်းခင်းပေးနေတာလေ...။ ဒါ့အပြင် ဥက္ကဋ္ဌစူးက အစ်ကို့ကို ကျောထောက်နောက်ခံ ရှိပေးထားတော့ အဘိုးကြီးရွှီ အငြိမ်းစားမယူရင်တောင် အစ်ကို့ကို လေးစားရမှာပဲ...။"
ရွှီပေါ်အန်းက နှုတ်ခမ်းကို တွန့်လိုက်လေသည်။
"စူးထိုက်က ငါ့ကို နောက်ကနေ ကျောထောက်နောက်ခံ ဖြစ်ပေးနေတာလား...။"
"ဟားဟား...။ ဘယ်သူက ဘယ်သူ့ကို ကျောထောက်နောက်ခံ ဖြစ်ပေးမယ်ဆိုတာ မသေချာသေးပါဘူး လေ။ ငါက ဟန်ဆောင်ချင်လို့ မဟုတ်ပါဘူး၊ မနေ့က သူ့ကို တကယ်သနားလို့ ကူညီပေးခဲ့တာပါ…။"
ရွှီပေါ်အန်းသည် ဤအကြောင်းများကို ထျန်ရှောင်ဟူအား မပြောပြခဲ့ချေ။ ဘွန်ဆိုင်း၏ လျှို့ဝှက်ချက်ကို မည်သူ့ကိုမျှ မပြောပြရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်လေသည်။
ယခု လူလတ်ပိုင်းအရွယ်သို့ ရောက်ရှိနေပြီဖြစ်သော ရွှီပေါ်အန်းသည် လောကကြီး၏ အပြောင်း အလဲများကို ကောင်းစွာ နားလည်သဘောပေါက်နေခဲ့ပြီ ဖြစ်လေ၏။
"ကျား၏အရေပြားကို ဆွဲရန်လွယ်ကူသော်လည်း ၎င်း၏အရိုးများကို ဆွဲရန်ခက်ခဲသည်။ လူတစ်ဦး ၏မျက်နှာကို သိရန်လွယ်ကူသော်လည်း ၎င်း၏နှလုံးသားကို သိရန်ခက်ခဲသည်" ဟူသော ဆိုရိုးစကား သည် လူတိုင်း၏ စိတ်နေသဘောထားကို ကိုယ်စားမပြုနိုင်သော်လည်း တစ်ကြိမ်တစ်ခါမျှ ဖြစ်ပျက်ခဲ့ ပါက ၎င်းသည် ပြီးပြည့်စုံသော ကျရှုံးမှုတစ်ခုပင် ဖြစ်လေသည်။
ထို့ကြောင့် ရွှီပေါ်အန်းသည် "လူတစ်ဦးသည် မိမိသိသောအရာ၏ သုံးပုံတစ်ပုံခန့်ကိုသာ အခြားသူများ အား ပြောပြသင့်ပြီး မိမိ၏နှလုံးသားတစ်ခုလုံးကို မည်သည့်အခါမျှ မဖွင့်ဟသင့်ပေ" ဟူသော အယူ အဆကို ပို၍ ယုံကြည်လိုခဲ့လေသည်။
ချစ်ခြင်းမေတ္တာသည် ရွှေထက် ပိုမိုခိုင်မာပြီး ထာဝရတည်တံ့မည်ဟူသော အယူအဆကို သူ ဆက်လက် မယုံကြည်ချင်တော့ချေ...။
အခြားအရာများကို ဘေးဖယ်ထားလျှင်တောင်မှ နာကျင်ရသော သင်ခန်းစာများသည် မိမိတို့၏ မျက် မှောက်တွင် ရှိနေခဲ့ပြီ မဟုတ်ပါလား။
သူ၏ ဇနီးဟောင်း ချီရှောင်ရွှယ်၏ မြေခွေးကဲ့သို့ မျက်နှာထားသည် ရွှီပေါ်အန်း၏ စိတ်ထဲတွင် အလို အလျောက် ပေါ်လာခဲ့လေ၏။
ဇနီးသည်နှင့် ဆယ်နှစ်ကျော်ကြာ အတူနေထိုင်ခဲ့ပြီးနောက် နောက်ဆုံးရလဒ်မှာ သူမသည် သူ့အတွက် ထောင်ချောက်ဆင်ကာ သူ့ကို ဘာမှမပါဘဲ ထွက်ခွာသွားစေရန် ဖန်တီးခဲ့ခြင်းပင် ဖြစ်လေသည်။
ရွှီပေါ်အန်းက သက်ပြင်းချလိုက်ပြီး ထျန်ရှောင်ဟူအား ကြည့်လိုက်လေ၏။
*ညီလေး...၊ ငါ့မှာ တကယ်ကို အကြောင်းပြချက်တွေ ရှိလို့ပါ...။*
*ငါ မင်းကို တစ်သက်တာ စည်းစိမ်ချမ်းသာတွေနဲ့ ပြည့်စုံစေမယ်လို့ ကတိပေးနိုင်ပေမယ့် ငါ့ရဲ့ အစစ် အမှန် သဘာဝကိုတော့ မင်းကို ဖွင့်ဟလို့ မရပါဘူး... ။*
ရွှီပေါ်အန်းက သူ့ကို ထူးဆန်းပြီး ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေသည်ကို မြင်သောအခါ ထျန်ရှောင်ဟူသည် တုန်လှုပ်သွားခဲ့လေသည်။
"အစ်ကို...၊ ဘာတွေ တွေးနေတာလဲ...။ မြန်မြန်လုပ်ပါ...၊ ဥက္ကဋ္ဌစူးကို ဆက်မစောင့်ခိုင်းပါနဲ့...။"
ရွှီပေါ်အန်းသည် ရုတ်တရက် ရယ်မောလိုက်လေ၏။
*ဘယ်သူက ဂရုစိုက်လို့လဲ...။ ဘာလို့ ဒီလောက်တွေးနေရမှာလဲ...၊ သူက ငါ့ညီပဲ...။ ငါ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ...။*
*အကယ်၍ မင်းက ငါ့ဘဝကို ပြန်လည်တည်ဆောက်ဖို့ ကူညီပေးချင်တယ်ဆိုရင် ငါကလည်း မင်း အတွက် စည်းစိမ်ချမ်းသာတွေကို ကတိပေးပါတယ်...။*
"သွားရအောင်...၊ စူးအိုကြီးနဲ့ စကားသွားပြောကြတာပေါ့...။"
ရွှီပေါ်အန်းသည် ထျန်ရှောင်ဟူ၏ ပခုံးကို ပုတ်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလေတော့သည်။
ထျန်ရှောင်ဟူသည် ခေတ္တမျှ ကြက်သေသေသွားပြီးနောက် သူ၏အနောက်သို့ ကြောင်တောင်တောင်ဖြင့် လိုက်သွားခဲ့လေ၏။
*စူးအိုကြီးတဲ့လား...။*
*ငါ့အစ်ကိုနဲ့ ဥက္ကဋ္ဌစူးက ဤလောက်တောင် ရင်းနှီးကြတာလား...။ သူ ဤအကြောင်းကို ပြောတာ ငါ တစ်ခါမှ မကြားဖူးပါဘူး...။*
ရွှီပေါ်အန်း တဖြည်းဖြည်း ဝေးကွာသွားသည်ကို မြင်သောအခါ ထျန်ရှောင်ဟူသည် သူ၏ ခြေလှမ်းများ ကို အလျင်အမြန် သွက်လက်လိုက်လေသည်။
"အစ်ကို...၊ ဖြည်းဖြည်းသွားပါ...။ အစ်ကိုက ဘယ်အချိန်ကစပြီး ဤလောက်မြန်သွားတာလဲ...။"
"ကျွန်တော့်ကိုလည်း စောင့်ပါဦး...။ ဥက္ကဋ္ဌစူးက ကျွန်တော်တို့ကို မြင်ပြီး ကျွန်တော့်ကို ကူညီပေးနိုင် အောင် ပိုနီးနီးကပ်ကပ် သွားကြရအောင်...။"
ညီအစ်ကိုနှစ်ဦးသည် တဖြည်းဖြည်း ဝေးကွာသွားပြီး ပျောက်ကွယ်သွားကြလေတော့သည်။
သူတို့၏ အနောက်ဘက်ရှိ ရုံးခန်းအဆောက်အအုံတွင် ရုံးခန်းများစွာ၏ တံခါးများနှင့် ပြတင်းပေါက်များ မှ ခေါင်းများ ပြူကြည့်နေကြလေ၏။
ထျန်ရှောင်ဟူ၏ အသံမှာ အလွန်ကျယ်လောင်လှသဖြင့် တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ သည် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း လူတိုင်းလိုလိုပင် သိရှိသွားကြလေသည်။
စာပေတတ်ကျွမ်းပုံရသော အမျိုးသမီး ဝန်ထမ်းတစ်ဦးသည် ထွက်ခွာသွားသော ရွှီပေါ်အန်း၏ ကျောပြင် ကို ကြည့်ရင်း အံကြိတ်နေခဲ့လေ၏။
ထို့နောက် သူမသည် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည့်အလား ပိတ်ရန် မေ့ကျန်ခဲ့ သော ရွှီပေါ်အန်း၏ ရုံးခန်းထဲသို့ တိတ်ဆိတ်စွာ ဝင်သွားကာ စာအိတ်တစ်အိတ်ကို ချထားခဲ့ပြီး ပြန်ထွက် လာခဲ့လေတော့သည်။
အခန်း (၄၄)
ရွှေများကို မည်သို့ ခွဲဝေကြမည်နည်း
ရွှီပေါ်အန်းသည် စူးထိုက်အား ပြုံးရွှင်စွာဖြင့် တွေ့ဆုံရန် သွားခဲ့လေ၏။
ဘွန်ဆိုင်းထဲတွင် ထိုင်နေသော လီချိန်းရှီမှာ အလွန်အမင်း အံ့အားသင့်ကာ ထိတ်လန့်သွားပြီး သတိလစ် လုနီးပါးပင် ဖြစ်သွားခဲ့လေသည်။
ကောင်းကင်ပေါ်မှ ရွှေများ ကျလာသည်ဟူသော သူ၏ နေ့ခင်းအိပ်မက်ဟောင်းသည် အမှန်တကယ်ပင် လက်တွေ့ဖြစ်လာခဲ့ပြီ ဖြစ်လေ၏။
သို့သော်လည်း ဤရွှေတုံးကြီးမှာ တကယ်ကို ကြီးမားလွန်းလှပြီး မိုးသီးကြွေကျခြင်းကပင် ဤမျှ လောက် စိတ်လှုပ်ရှားဖွယ် ကောင်းလိမ့်မည် မဟုတ်ပေ။
သို့သော် ဤအရာက တကယ်ကို ထိတ်လန့်စရာကောင်းလှပေသည်။
*ငါ ရွှေတွေအောက် ပိပြီး သေလုနီးပါး ဖြစ်သွားခဲ့ပြီ...။ဒါပေမဲ့ ကောင်းကင်ပေါ်ကနေ ရွှေတွေကျလာ တာ တကယ်ကို ကောင်းတဲ့ ခံစားချက်ပဲ...။*
လွန်ခဲ့သော နှစ်များစွာက ပုံပြင်ပြောပြသူတစ်ဦး ပြောခဲ့ဖူးသည့်၊ "လူတိုင်းမှာ အိပ်မက်တွေ ရှိသင့်တယ် ...။ အကယ်၍ အဲဒါတွေက တကယ်ဖြစ်လာရင်ရော ဘယ်လိုလုပ်မလဲ...။" ဟူသော စကားကို လီချိန်းရှီ အမှတ်ရသွားခဲ့လေ၏။
*ဟုတ်တယ်...၊ ဒါက တကယ်ကို အဓိပ္ပာယ်ရှိတဲ့ စကားပဲ...။ ငါ့ရဲ့ အိပ်မက်က မကြာခင် တကယ်ဖြစ် လာတော့မှာ မဟုတ်ဘူးလား...။*
ဤမျှ ကြီးမားလှသော ချမ်းသာကြွယ်ဝမှုသည် တကယ်ကို ငြင်းဆန်၍မရနိုင်သော အရာပင် ဖြစ်လေ ၏။
လီချိန်းရှီသည် ထိုရွှေတုံးကြီးကို ကိုင်တွယ်ကြည့်လိုက်ရာ သူ၏ ရင်ထဲတွင် အချိန်အတော်ကြာသည် အထိ မငြိမ်သက်နိုင်အောင် ဖြစ်နေခဲ့လေသည်။
ထိုအချိန်တွင် သစ်တောထဲရှိ အသံများကို ကြားလိုက်ရသော ရွာသားများအားလုံး အပြေးအလွှား ရောက်ရှိလာခဲ့ကြလေ၏။
သူတို့သည် ပြေးလာရင်း အော်ဟစ်မေးမြန်းနေကြလေသည်။
"ရှောင်ရှီ...၊ ဘာတွေဖြစ်နေတာလဲ...။"
"ရှောင်ရှီ...၊ ဘာဖြစ်လို့လဲ...၊ ခုနကအသံက ဘာအသံကြီးလဲ...။"
ထိုလူများ ရောက်ရှိလာသောအခါ အားလုံးမှာ လုံးဝကို အသံတိတ်သွားခဲ့ကြလေတော့သည်။
*ဘုရားရေ... ငါ့မျက်စိကများ အမြင်မှားနေတာများလား... ။*
*ဒီတောက်ပနေတဲ့ ရွှေရောင်အရာကြီးက ဘာကြီးလဲ... ။ငါ့မျက်စိတွေတောင် ကျိန်းစပ်နေပြီ...။ ကြိတ်ဆုံလုံးအရွယ်ရှိတဲ့ ရွှေတုံးကြီးတစ်တုံးကို မင်းတို့ ယုံနိုင်ပါ့မလား...။*
ခရီးများစွာ သွားလာဖူးပြီး လောကအကြောင်း နားလည်သော စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှ အမွေ ဆက်ခံသူ စွန်းဝေဝေပင်လျှင် အံ့သြမှင်တက်သွားခဲ့လေ၏။
"ဒါက...၊ ဒိလောက်များပြားတဲ့ ရွှေတွေ...၊ ဘုရားရေ...။"
ရွှေတွင်းတစ်တွင်းသည် သင်၏ရှေ့တွင် ရှိနေလျှင်တောင်မှ ဤမျှလောက် အံ့သြဖွယ်ကောင်းမည် မဟုတ်ပေ။
စွန်းဝေဝေသည် ထိုရွှေတောင်ကြီးကို ကိုင်တွယ်ကာ ခေါက်ကြည့်လိုက်ပြီး အိပ်မက်ဆန်သော အမူ အရာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်လေ၏။
"ဒီသန့်စင်မှု၊ ဒီအရည်အသွေး...၊ ဘာတွေဖြစ်နေတာလဲ အစ်ကိုရှောင်ရှီ...။"
စွန်းဝေဝေက စပ်စုလိုသော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်သောအခါ လီချိန်းရှီက ထစ်အစွာ ဖြင့် ပြန်ဖြေလိုက်လေသည်။
"အဲဒါက...၊ ကောင်းကင်ပေါ်ကနေ ကျလာတာပါ...။"
"တောင်စောင့်နတ်မင်းကြီးက ပေးသနားတာလား...။"
စွန်းဝေဝေ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့လေ၏။
လီလောင်ဆန်းသည် ရွာပြောင်းရွှေ့ရသည့် အကြောင်းရင်းများနှင့် ဖြစ်ရပ်များကို သူ၏ ချစ်လှစွာသော မြေးမလေးအား ပြောပြခဲ့ပြီး ဖြစ်လေသည်။
စွန်းဝေဝေနှင့်အတူ ဤနေရာသို့ လာရာလမ်းတွင် လီချိန်းရှီကလည်း တောင်စောင့်နတ်မင်းကြီး အကြောင်းကို ပြောပြခဲ့လေ၏။
ထို့အပြင် ယခုလေးတင် စွန်းဝေဝေသည် တောင်စောင့်နတ်မင်းကြီးက ချည်ကြိုးများ ပေးသနားခြင်းနှင့် ဝံပုလွေများကို ဖမ်းဆီးထားသော ဖန်မီးအိမ်ကြီးကို ဖယ်ရှားပေးခြင်း စသည့် တန်ခိုးပြမှုများကို ကိုယ် တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရလေသည်။ သူမ၏ ရင်ထဲတွင် တောင်စောင့်နတ်မင်းကြီးအပေါ် ကိုးကွယ် ယုံကြည်မှုနှင့် တောင့်တမှုများ အချိန်ကြာမြင့်စွာ ကတည်းက ပြည့်နှက်နေခဲ့ပြီး ဖြစ်လေ၏။
တောင်စောင့်နတ်မင်းကြီးက ဤမျှ ကြီးမားသော ရွှေတောင်ကြီးကို ဆုလာဘ်အဖြစ် ပေးသနားသည်ကို မြင်လိုက်ရသောအခါ စွန်းဝေဝေမှာ လုံးဝကို အံ့အားသင့်သွားခဲ့လေသည်။
ဤသည်က တောင်စောင့်နတ်မင်း မဟုတ်ချေ၊ ဤသည်က ရှင်းရှင်းလင်းလင်းကို ဓနနတ်မင်းကြီးပင်...။
အကယ်၍ ၎င်းကို တောင်စောင့်နတ်မင်းများ၏ အဆင့်အတန်းခွဲခြားမှုထဲသို့ အမှန်တကယ် ထည့်သွင်း ရမည်ဆိုလျှင် ၎င်းသည် ရွှေတောင်ကို အုပ်စိုးသော တောင်စောင့်နတ်မင်းပင် ဖြစ်ရပေမည်။
ခဏအကြာတွင် ရွာသားအားလုံးနီးပါး ရောက်ရှိလာကြလေ၏။
ဤမျှ ရှားပါးလှသော ရွှေတုံးကြီးကို ဘယ်သူက မကြည့်ချင်ဘဲ နေပါမည်နည်း။
လူတစ်စုသည် ရွှေတုံးကြီးကို ဝိုင်းအုံကာ ကြည့်ရှုရင်း ကိုက်ကြည့်ကြပြီး သူတို့၏ ပျော်ရွှင်ဖွယ်ကောင်း သော အနာဂတ်အကြောင်းကို စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြလေသည်။
"ဝိုး...၊ ငါတို့တော့ ချမ်းသာပြီ...။ ဒီရွှေတွေအားလုံးနဲ့ဆိုရင် ငါတို့ရွာတစ်ရွာလုံး တစ်သက်လုံး စားလို့ တောင် ကုန်မှာမဟုတ်ဘူး...။"
"ဟေး...၊ ငါ့အသက်အရွယ်နဲ့ဆိုရင် အခုလောက်ဆို အဖော်တစ်ယောက် ရှာလို့ရလောက်ပြီ...။"
"ရွာထဲက လူပျိုကြီးတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ အချိန်တန်ပြီ...။"
"ဒိလောက်များပြားတဲ့ ရွှေတွေနဲ့ဆိုရင် ငါတို့ ငွေဘယ်လောက်တောင် ရနိုင်မလဲ...။ အခုကစပြီး နေ့တိုင်း အသားတွေစား အရက်တွေသောက်လို့ ရနိုင်ပြီလား...။"
"မင်းက ဘာကို ဒီလောက် စိတ်လှုပ်ရှားနေတာလဲ အဘိုးကြီးရဲ့...။ အသားစားပြီး အရက်သောက်ရုံနဲ့... ၊ အဲဒါက စားသောက်ဆိုင်မှာ စားတဲ့ အစားအသောက်မျိုးပဲ ရှိသေးတယ်...။"
"ငါတို့က ဝေးလံခေါင်ဖျားတဲ့ ဆင်းရဲတဲ့ ဒေသမှာ နေတာလေ...။ စားသောက်ဆိုင်တွေကို ဘယ်မှာ သွားရှာရမှာလဲ...။ ခရိုင်မြို့ ဒါမှမဟုတ် စီရင်စုမြို့ကို သွားရမှာပေါ့...။"
"အဲဒါက ဘာမှမဟုတ်သေးပါဘူး...၊ ဒီငွေတွေနဲ့ဆို ငါတို့ စီရင်စုမြို့တော်နဲ့ မြို့တော်ကြီးကိုတောင် သွားလို့ရသေးတယ်...။"
"ဟားဟား...၊ အချိန်ကျလာရင် ငါတို့ အိမ်ကြီးအိမ်ကောင်းတွေ ဝယ်ပြီး မြို့သားတွေလို နေထိုင်နိုင် တော့မှာပေါ့...။"
လီခန့်ရှန်းသည် ကြီးမားလှသော ရွှေလက်စွပ်ကြီး၏ ပတ်လည်တွင် လမ်းလျှောက်နေရင်း သူ၏ အမူ အရာမှာ အံ့သြမှုမှတစ်ဆင့် စိုးရိမ်ပူပန်မှုသို့ ပြောင်းလဲသွားခဲ့လေ၏။
ရွာသားများ၏ ဆွေးနွေးမှုများကို ကြားသောအခါ သူသည် တဖြည်းဖြည်း မျက်မှောင်ကြုတ်လာ ခဲ့လေသည်။
"အားလုံးပဲ...၊ ကျေးဇူးပြုပြီး တိတ်တိတ်နေကြပါဦး...။"
ဆူညံသံများ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့လေ၏။
"ဒီလောက်များပြားတဲ့ ရွှေတွေကို ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းတို့ ထင်လဲ...။"
လီခန့်ရှန်းက အားလုံးကို အကဲခတ်ကြည့်ရင်း ဖြည်းညင်းစွာ မေးလိုက်လေသည်။
"ရွာလူကြီး...၊ ရွာထဲက လူဦးရေအတိုင်း ခွဲလိုက်ကြရအောင်...၊ ဟဲဟဲ...။ ကျွန်တော်ကတော့ မစောင့်နိုင် တော့ဘူး...။"
"မဟုတ်ဘူး...။ လူဦးရေအတိုင်း ခွဲတာက မတရားဘူး...၊ အိမ်ထောင်စုအလိုက် တစ်အိမ်ကို တစ်စု ခွဲရမှာ...။ မဟုတ်ရင် ငါတို့ လူပျိုကြီးတွေက အရမ်း နစ်နာသွားလိမ့်မယ်...။"
"မဟုတ်ဘူး...၊ မဟုတ်ဘူး...။ ရောက်လာတဲ့ အစီအစဉ်အတိုင်း ခွဲသင့်တယ်လို့ ငါထင်တယ်...။ ငါတို့က အရင်ဆုံး ရောက်လာပြီး အန္တရာယ်တွေ အများကြီး ရင်ဆိုင်ခဲ့ရတာလေ...။"
"ပါဝင်ကူညီခဲ့တဲ့ ပမာဏအပေါ် မူတည်ပြီး ခွဲဝေတာက အလုံခြုံဆုံး နည်းလမ်းလို့ ငါထင်တယ်...။ လူတိုင်း တစ်စုစီရဖို့ဆိုတာ မဖြစ်နိုင်ဘူး...။ မဟုတ်ရင် အားအစိုက်ဆုံး လူတွေအတွက် အရမ်း မတရားရာ ကျသွားလိမ့်မယ်...။"
ချက်ချင်းပင် ရွာသားများသည် အမြင်အမျိုးမျိုး ကွဲပြားသွားကြပြီး သူတို့၏ အမြင်များနှင့် အတွေး အခေါ်များကို အပြိုင်အဆိုင် ဖော်ပြလာကြလေ၏။
လီခန့်ရှန်းက သူ၏လက်ကို အောက်သို့ ဖိချလိုက်ရာ အသံများ တဖြည်းဖြည်း ပြန်လည် တိတ်ဆိတ် သွားခဲ့လေသည်။
"ဒီလောက်များပြားတဲ့ ရွှေတွေက ငါတို့ ခေါင်ရှန်းရွာ တစ်ရွာလုံးအတွက် ကောင်းတဲ့အရာ ဖြစ်လာနိုင် ပါ့မလား ဆိုတာကို မင်းတို့အားလုံး စဉ်းစားပြီးပြီလား...။"
"ဟင်...၊ ပိုက်ဆံပေးတာ ကောင်းတဲ့အရာပဲလေ ရွာလူကြီးရဲ့...။ ခင်ဗျား အိပ်ချင်မူးတူး ဖြစ်နေသေးတာ လား...။"
"ဟုတ်တယ်...။ ဒါက လုံးဝကို ကံကောင်းမှုကြီးပဲ...၊ ငါ့အတွက် အဖော်ရှာပေးဖို့ ဘယ်အောင်သွယ်ကို အကူအညီတောင်းရမလဲ ဆိုတာတောင် စဉ်းစားပြီးနေပြီ...။ ဦးလေးရှန်း...၊ ကျွန်တော့်ကို မခြောက် ပါနဲ့...။"
"ပိုက်ဆံရှိရင် စားစရာ၊ သောက်စရာ၊ အဝတ်အစားနဲ့ အခြား လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်လို့ရတယ်...။ အိမ်တွေ၊ အစေခံတွေလည်း ဝယ်လို့ရတယ်လေ...။ ဒါက ကောင်းတဲ့အရာ မဟုတ်ဘူးဆိုရင် အဲ့ဒီ ရာထူး ကြီးတဲ့ အရာရှိတွေနဲ့ သူဌေးတွေက ဘာလို့ ပိုက်ဆံတွေ အများကြီး လိုချင်နေကြတာလဲ...။"
"ငါကတော့ စဉ်းစားလို့မရဘူး...၊ နားလည်လည်း မနားလည်ဘူး...။"
လီလောင်ဆန်းက လူအုပ်ကြားထဲတွင် ရပ်ကာ အော်ပြောလိုက်လေ၏။
"အားလုံးပဲ ငါ့စကားကို နားထောင်ကြဦး...။ ရွာလူကြီး ပြောတာလည်း အဓိပ္ပာယ်ရှိတယ်လို့ ငါထင် တယ်...။"
လီလောင်ဆန်း စကားပြောလိုက်သည်နှင့် အားလုံး၏ အကြည့်များက သူ့ထံသို့ ရောက်ရှိသွားကြ လေသည်။
ဤစကားက ဘယ်လို အဓိပ္ပာယ်မျိုးကို ဆိုလိုသည်ဆိုတာ မည်သူမျှ သေချာ နားမလည်ကြချေ။
လီလောင်ဆန်းက လည်ချောင်းဟန့်ကာ ပြောလိုက်လေ၏။
"ရွာသားတို့...၊ ခုနက မင်းတို့ပြောတဲ့ ထိုအရာရှိတွေနဲ့ သူဌေးတွေဆိုတာ သူတို့ရဲ့ ပိုက်ဆံတွေကို တဖြည်း ဖြည်းချင်း စုဆောင်းလာခဲ့ကြတာလေ...။ ကောင်းကင်ပေါ်ကနေ ကျလာတာမှ မဟုတ်တာ... ၊ ဟုတ် တယ်မလား...။"
"ဟားဟား...၊ သေချာတာပေါ့...။ ဘယ်သူက ငါတို့ ခေါင်ရှန်းရွာလောက် ကံကောင်းနိုင်မှာလဲ...။ တောင် စောင့်နတ်မင်းကြီးက ငါတို့ကို ရွှေတွေ ပေးသနားတာလေ...။ ဒါက ငါ အိပ်မက်တောင် မမက်ရဲတဲ့ အရာ ပဲ...။ ခေါင်ရှန်းရွာ...၊ ခေါင်ရှန်းရွာက တကယ်ကို ခိုင်မာတဲ့ ကျောထောက်နောက်ခံ ရှိနေတာပဲ...။"
ရွာသားတစ်ဦးက ရယ်မောကာ ပြန်ဖြေလိုက်လေသည်။
လီလောင်ဆန်းက ရယ်မောကာ ဆူပူလိုက်လေ၏။
"မင်းရဲ့ သနားစရာကောင်းတဲ့ ရည်မှန်းချက်ကို ကြည့်ပါဦး...။ ငါက ရွှေတောင်ကြီး ပိုင်ဆိုင်ရဖို့ကို အိပ်မက်မက်ရဲတယ်...။"
အားလုံး ဝိုင်းဟားကြလေသည်။
လီလောင်ဆန်းက ဆက်ပြောလေ၏။
"ဒါပေမဲ့ ဤရွှေတောင်ကြီးက တကယ်ပဲ ကောင်းကင်ပေါ်ကနေ ကျလာခဲ့ရင်တောင် ငါ အဲဒါကို တကယ် ပဲ ထိန်းသိမ်းထားနိုင်ပါ့မလား...။ အဲ့ဒီ အရာရှိတွေနဲ့ သူဌေးမြေရှင်တွေအားလုံးဟာ သူတို့ရဲ့ ကိုယ်ပိုင် အင်အားကို တဖြည်းဖြည်း တိုးချဲ့ပြီးတော့မှ သူတို့ရဲ့ စည်းစိမ်ချမ်းသာတွေကို စုဆောင်းခဲ့ကြတာ လေ...။"
"မိသားစု သက်တော်စောင့်တွေ ဒါမှမဟုတ် အစိုးရ အရာရှိတွေရဲ့ အစောင့်အရှောက်နဲ့ပေါ့...၊ လူတွေက သူတို့ရဲ့ စည်းစိမ်ချမ်းသာကို မနာလိုဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် သူတို့ကို ဘာမှ လုပ်ဖို့ မဝံ့ရဲကြဘူး...။ ရွာလူကြီး...၊ ကျွန်တော်ပြောတာ မှန်တယ်မလား...။ ခင်ဗျားလည်း အဲဒီလိုပဲ တွေးနေတာမလား...။"
လီခန့်ရှန်းက လက်ယမ်းပြကာ လက်မထောင်ပြရင်း ပြောလိုက်လေသည်။
"ဟုတ်တယ်...။ ငါဆိုလိုတာလည်း အဲဒါပဲ...၊ ညီလေးသုံး...၊ မင်းက ကိစ္စတွေကို တော်တော်လေး ရှင်းရှင်းလင်းလင်း မြင်တာပဲ...။"
ထိုအချိန်တွင် ရွာသားအချို့မှာ တဖြည်းဖြည်း သဘောပေါက်လာကြလေ၏။
"ရွာလူကြီး...၊ ဦးလေးသုံး...၊ ခင်ဗျားတို့ ဆိုလိုတာက ဒီရွှေတွေက ငါတို့အတွက် အန္တရာယ် ဖြစ်စေ နိုင်တယ်လို့ ပြောချင်တာလား...။ ငါတို့ရဲ့ လက်ရှိ စွမ်းရည်နဲ့ ဤချမ်းသာကြွယ်ဝမှုကို မကာကွယ်နိုင် လို့လား...။"
လီခန့်ရှန်းက ခေါင်းညိတ်လိုက်လေသည်။
"ဟုတ်တယ်...၊ အဲဒါက သဘောတရားပဲလေ...။ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားက သူရဲ့ ရာထူး နေရာနဲ့ မကိုက်ညီဘူးလို့ လူတွေ မကြာခဏ ပြောလေ့ရှိကြတယ်...။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ချမ်းသာ ကြွယ်ဝမှုက သူ့ရဲ့ ရာထူးနေရာနဲ့ မကိုက်ညီဘူးဆိုတာကလည်း အမှန်ပဲ...၊ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်း ဟာ အပြန်အလှန် ဆက်စပ်နေတယ်ဆိုတဲ့ ရှေးစကားကလည်း ဒီသဘောတရားပါပဲ...။"
လီလောင်ဆန်းက ခေါင်းခါယမ်းကာ ပြောလိုက်လေ၏။
"ကံဆိုးခြင်းဟာ ကံကောင်းခြင်းအဖြစ် ပြောင်းလဲသွားနိုင်သလို ကံကောင်းခြင်းဟာလည်း ကံဆိုးခြင်း အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်...။"
လီခန့်ရှန်းက မျက်မှောင်အနည်းငယ် ကြုတ်ကာ စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။
"ညီလေးသုံး...၊ မင်း အဲဒါကို ဘယ်က ကြားလာတာလဲ...။ တော်တော်လေး အဓိပ္ပာယ်ရှိတာပဲ...။"
လီလောင်ဆန်းသည် အံ့အားသင့်သွားပြီးနောက် အနည်းငယ် ရှုပ်ထွေးစွာဖြင့် ပြောလိုက်လေ၏။
"အို...၊ ကျွန်တော်လည်း မေ့သွားပြီ...။ ပုံပြင်ပြောပြတဲ့သူဆီက ကြားခဲ့တာ ဖြစ်ရမယ်...။"
လူငယ်လေး လီချိန်းရှီသည် ကောင်းကင်မှ ရွှေများ ရရှိခဲ့ခြင်းနှင့် လှပသော မိန်းကလေးတစ်ဦး၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှုများမှ ယခုမှသာ ပြန်လည် သတိဝင်လာခဲ့လေသည်။
လီခန့်ရှန်းနှင့် ရွာသားများကို ကြည့်ကာ သူက အနည်းငယ် အနေရခက်စွာဖြင့် ပြောလိုက်လေ၏။
"အဘိုး...၊ တကယ်တော့ တောင်စောင့်နတ်မင်းကြီးက ဒီရွှေကို ကျွန်တော်တို့ကို ပေးတုန်းက ဘာ အတွက် သုံးရမလဲဆိုတာကို ပြောပြခဲ့ပါတယ်...။"
လီချိန်းရှီက ထိုစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ထိုနေရာမှာ အလွန်အမင်း အနေရခက် သွားခဲ့လေတော့သည်။
*ဘုရားရေ...၊ ဒါက တောင်စောင့်နတ်မင်းကြီးရဲ့ ရွှေတွေပဲ...။ သူက ဘယ်လိုသုံးရမယ်ဆိုတာကို ရှင်းပြ ပြီးသားကို ငါတို့က ကိုယ့်နေရာကိုယ်မသိဘဲ ဒီရွှေတွေကို ငါတို့အချင်းချင်း ဘယ်လိုခွဲဝေရမလဲဆိုတာကို စဉ်းစားနေကြသေးတယ်...။*
*တကယ်ကို အပြစ်ကြီးလိုက်တာ...။ တကယ်ကို အပြစ်ကြီးလိုက်တာ...။*
တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၏ အစည်းအဝေးခန်းမထဲတွင် ရွှီပေါ်အန်းက ပြုံး၍ စူးထိုက် အား ပြောလိုက်လေသည်။
"တောင်းပန်ပါတယ်...။ တောင်းပန်ပါတယ်...။"