အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း (၄၅)
ရာထူးမကြေညာမီ တွေ့ဆုံမေးမြန်းခြင်း
"တောင်းပန်ပါတယ်...၊ တောင်းပန်ပါတယ်...။ ဥက္ကဋ္ဌစူး...၊ မနေ့က ကျွန်တော် ရိုင်းစိုင်းမိပါတယ်...။ အဲဒီတုန်းက ခင်ဗျားက ကျွန်တော့်ရဲ့ သူဌေးဆိုတာကို ကျွန်တော် တကယ် မသိခဲ့ပါဘူး...။"
ရွှီပေါ်အန်းသည် အနည်းငယ်မျှ တောင်းပန်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း အရိပ်အယောင်မပြဘဲ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေ၏။
သူသည် မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေပြီး ဟယ်ချန်၊ လျှိုတုန်းဝမ်တို့၏ ဖော်လံဖားကာ မျက်နှာ ချိုသွေးနေသော အပြုအမူများနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
စူးထိုက်အတွက်မူ ရွှီပေါ်အန်း၏ အစစ်အမှန် စွမ်းရည်များကို နားလည်ရန် ပို၍ပင် ခက်ခဲလာခဲ့လေ၏။
စူးထိုက်၏ အဆိုအရ ဤလောကတွင် အာဏာရှိသူများနှင့် ရင်ဆိုင်ရသောအခါ နှိမ့်ချသော်လည်း လေးစားမှုရှိသော သဘောထားကို ထိန်းသိမ်းထားနိုင်သူ သုံးမျိုးရှိလေသည်။
ပထမအမျိုးအစားမှာ "အခြားအရာအားလုံးကို လျစ်လျူရှုပြီး ဂန္တဝင်ကျမ်းများကို လေ့လာခြင်း အပေါ် ၌သာ အာရုံစိုက်သော" ထိပ်တန်း နည်းပညာ ကျွမ်းကျင်သူများ ဖြစ်လေသည်။
ဒုတိယအမျိုးအစားမှာ မည်သည့်အရာကိုမျှ မကြောက်ရွံ့သော အတွေ့အကြုံမရှိသေးသည့် လူငယ်များ ဖြစ်လေ၏။
တတိယအမျိုးအစားမှာ အရာအားလုံးကို စွန့်လွှတ်ရဲပြီး ဧကရာဇ်ကိုပင် ဖြုတ်ချနိုင်သည့် ရက်စက် ကြမ်းကြုတ်သော လူပုဂ္ဂိုလ်များ ဖြစ်လေသည်။
စူးထိုက်သည် ရွှီပေါ်အန်း၏ အလုပ်အတွေ့အကြုံများကို လေ့လာပြီးဖြစ်ရာ ရွှီပေါ်အန်းသည် ဤသုံးမျိုး ထဲမှ မည်သည့်အမျိုးအစားနှင့်မျှ မကိုက်ညီကြောင်း သိရှိထားလေ၏။
ထို့ကြောင့် သူ၏ရှေ့တွင် ဤမျှ တည်ငြိမ်စွာ ရပ်တည်နိုင်ပြီး သူ့အား ဤမျှ တည်ငြိမ်မှု၊ အနည်းငယ် လျစ်လျူရှုမှုတို့ဖြင့် ရင်ဆိုင်နိုင်ခြင်းမှာ ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိလေသည်။
ဤလူသည် သူ၏နောက်ကွယ်တွင် ဖဲချပ်များစွာ ရှိနေပြီး ဖော်လံဖားစရာ မလိုကြောင်းနှင့် အင်ဂျင်နီယာ ချုပ် ရာထူးကိုဖြစ်စေ၊ တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၏ ထိပ်တန်း မန်နေဂျာချုပ် ရာထူး ကိုဖြစ်စေ ဂရုမစိုက်ကြောင်း သေချာနေခြင်းပင် ဖြစ်လေ၏။
ဤအရာအားလုံးကို တွေးမိသည်နှင့် စူးထိုက်သည် ပို၍ပင် ပျော်ရွှင်သွားခဲ့လေသည်။
ခွန်အားကြီးမားသူများသည် အမြဲတမ်း မိမိထက် ပိုမိုခွန်အားကြီးမားသူများနှင့် ပေါင်းသင်းဆက်ဆံကာ မိတ်ဆွေဖွဲ့လိုကြလေ၏။
စူးထိုက်သည် ရွှီပေါ်အန်းအား ပြုံး၍ ကြည့်ကာ လက်ယမ်းပြရင်း ပြောလိုက်လေသည်။
"ညီလေး...၊ ငါ့ကို မနောက်ပါနဲ့...။ မနေ့က မင်းရဲ့ အမူးပြေဆေးလုံးလေးသာ မရှိရင် ငါ အရှက်ကွဲတော့ မှာ...။"
ရွှီပေါ်အန်းက အနည်းငယ် ပြုံးကာ တိုတုတ်စွာ ပြောလိုက်လေ၏။
"အသုံးဝင်သရွေ့တော့ ကောင်းတာပေါ့...။"
စူးထိုက်က ဝမ်းသာအားရဖြစ်နေသော အမူအရာဖြင့် ပြောလိုက်လေသည်။
"အသုံးဝင်ရုံတင်မကဘူး...၊ တကယ်ကို အံ့ဩစရာကောင်းတာ...။ အဲ့ဒီဆေးကို သောက်ပြီးသွားတော့ ငါ ပြန်သွားပြီး အားလုံးကို အနိုင်ယူနိုင်ခဲ့တယ်...။ ချေးငွေကိုလည်း အလွယ်တကူ ရခဲ့တယ်...၊ အားလုံးက မင်းကျေးဇူးတွေပါပဲ...။"
ရွှီပေါ်အန်းသည် စူးထိုက်၏ ကျေးဇူးတင်စကားကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် နှိမ့်ချစွာ ပြောလိုက် လေ၏။
"ဥက္ကဋ္ဌစူးက ထူးချွန်တဲ့ စွမ်းရည်ရှိပြီး အရက်သောက်နိုင်စွမ်းလည်း အလွန်ကောင်းမွန်ပါတယ်...။ ကျွန်တော့်ရဲ့ အကူအညီက အနည်းငယ်မျှသာပါ...။ များသောအားဖြင့်တော့ ရှိပြီးသား အရာကို ပိုကောင်းအောင် လုပ်ပေးရုံပါပဲ...။"
စူးထိုက်က လက်ယမ်းပြကာ နောက်ပြောင်လိုက်လေသည်။
"ဟေ့...၊ တော်ပါတော့...၊ တော်ပါတော့...၊ မင်းက အရမ်းနှိမ့်ချလွန်းနေပြီ...။ ကောင်းပြီ...၊ အပြန်အလှန် မြှောက်ပင့်ပြောဆိုနေတာကို ရပ်လိုက်ကြစို့...။ အဓိကအကြောင်းကို ပြန်ဆက်ရအောင်...၊ နေရာအသစ် ပြောင်းရွှေ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မင်းမှာ အမြင်တွေ၊ အကြံပြုချက်တွေ၊ ဒါမှမဟုတ် တခြား ထည့်သွင်း စဉ်းစားစရာတွေ ရှိလား...။ လွတ်လွတ်လပ်လပ်သာ ပြောပါ...။"
ထိုသို့ပြောပြီးနောက် စူးထိုက်သည် မတ်မတ်ထိုင်ကာ ရွှီပေါ်အန်းအား တည့်တည့် စိုက်ကြည့်လိုက် လေ၏။
ရွှီပေါ်အန်းသည် သူ၏ ရှပ်အင်္ကျီအောက်နားကို ဆွဲချကာ မတ်မတ်ထိုင်လိုက်ပြီး လေးနက်စွာ ပြောလိုက် လေသည်။
"ကျွန်တော့်ကို နှစ်ပေါင်းများစွာ လေ့ကျင့်ပြုစုပျိုးထောင်ပေးခဲ့တဲ့ အုပ်စုကိုရော၊ ယုံကြည်မှုနဲ့ ထောက်ခံ မှုပေးတဲ့ အုပ်စုရုံးချုပ်ကိုပါ ကျေးဇူးတင်ပါတယ်...။ ရှေ့ဆက်ပြီး ကျွန်တော်ဟာ အုပ်စုရဲ့ ဖွံ့ဖြိုးတိုးတက် ရေး မဟာဗျူဟာကို အခိုင်အမာ လိုက်နာသွားပါမယ်...။ ပေးအပ်လာတဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ပါမယ်...။"
"အုပ်စုက ချမှတ်ထားတဲ့ တာဝန်အားလုံးကို တက်ကြွစွာနဲ့ ကိုယ်တိုင်ကိုယ်ကျ ပြီးမြောက်အောင် လုပ်ဆောင်ပါမယ်...။ အုပ်စုရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်ကို အပြည့်အဝ အကောင်အထည် ဖော်ပြီး အုပ်စုရဲ့ စိတ်ဓာတ်ကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ပြီး ထိရောက်စွာ အကောင် အထည်ဖော်နိုင်ဖို့ သက်ဆိုင်ရာ သင်ယူမှုတွေနဲ့ အမြင်ဖလှယ်မှုတွေကို ပြုလုပ်သွားပါမယ်...။"
"အုပ်စုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်သစ်တစ်ခုဆီရောက်အောင် မြှင့်တင်ပေးဖို့နဲ့ တုန်းကျန်းမြို့ရဲ့ ဘက်စုံ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုဖို့ အစွမ်းကုန် ကြိုးပမ်းသွား ပါမယ်...။"
စူးထိုက်က အလွန် သဘောတူသော လေသံဖြင့် ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
"ကောင်းတယ်...၊ ကောင်းတယ်...။ ငါတို့ရဲ့ အုပ်စုကုမ္ပဏီဟာ မင်းလိုမျိုး ပြတ်သားတယ်၊ ယုံကြည်မှုရှိ တယ်၊ ဇွဲလုံ့လရှိတဲ့ ရဲဘော်တွေကို အရေးကြီးတဲ့ တာဝန်တွေ ထမ်းဆောင်ဖို့ လိုအပ်နေတာ...။ အလုပ် မှာဖြစ်စေ၊ ဘဝမှာဖြစ်စေ၊ မင်း ငါ့ကို တိုက်ရိုက် သတင်းပို့လို့ရတယ်...။ ငါတို့ အတူတကွ အလုပ်လုပ် ခွင့်ရတာ ရေစက်ပါပဲလို့ ထင်တယ်...။ ငါက အားလုံးရဲ့ အလုပ်မှာ ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်ရုံ သာမက ဘဝမှာလည်း အစ်ကိုကြီးတစ်ယောက် ဖြစ်ချင်တာပါ...။"
ရွှီပေါ်အန်းက သဘောတူလိုက်လေသည်။
"ဥက္ကဋ္ဌစူး လို ထိုးထွင်းသိမြင်ပြီး အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ အလုပ်လုပ်ခွင့် ရတာ ဟာ ကျွန်တော့်ရဲ့ ကံကြမ္မာသာမက ကောင်းချီးတစ်ခုလည်း ဖြစ်ပါတယ်...၊ ဥက္ကဋ္ဌစူးရဲ့ ဦးဆောင်မှု အောက်မှာ ကျွန်တော်တို့ရဲ့ တုန်းကျန်း ဆောက်လုပ်ရေး မိသားစုဟာ သေချာပေါက် ကြီးပွားတိုးတက် လာပြီး ကျွန်တော်တို့ရဲ့ ဘဝတွေလည်း တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်...။"
စူးထိုက်က ရယ်မောလိုက်လေ၏။
"ဘဝအကြောင်း ပြောရမယ်ဆိုရင် ဘဝအကြောင်းကိုပဲ ပြန်သွားကြစို့...။"
ထို့နောက် သူက အသံကို နှိမ့်ကာ ပြောလိုက်လေသည်။
"ညီလေး...၊ ငါ အကူအညီတစ်ခု တောင်းစရာရှိတယ်...။ မနေ့က မင်းငါ့ကိုပေးတဲ့ အမူးပြေဆေးလုံး လေးတွေ နည်းနည်းလောက် ထပ်ပေးလို့ရမလား...။"
ရွှီပေါ်အန်းက မျက်ခုံးတစ်ဖက် ပင့်လိုက်လေ၏။
*ဘုရားရေ... ဒါက ရာထူးမကြေညာမီ တွေ့ဆုံမေးမြန်းခြင်း မဟုတ်ဘူးလား...။ ဒါက...၊ ပြီးသွားပြီ လား...။*
*ဒါပဲလား...။*
ရွှီပေါ်အန်းသည် ခေတ္တမျှ တွန့်ဆုတ်သွားခဲ့လေသည်။ ထိုနေ့က စူးထိုက်သည် အလွန်အမင်း မူးနေသဖြင့် ရွှီပေါ်အန်းက သူ့အား အမူးပြေဆေးအဖြစ် ဘွန်ဆိုင်းထဲမှ တောင်ဝါသီးများကို ပေးခဲ့ခြင်း ဖြစ်လေ၏။
*ယခု စူးထိုက်က ကြည်လင်နေချိန်မှာ ငါက ဒီတောင်ဝါသီးတွေကို ထပ်ပေးလိုက်ရင် ဒါက ဒီကမ္ဘာက မဟုတ်ဘူးဆိုတာ သူသတိထားမိသွားရင် အခြေအနေ ဆိုးရွားသွားနိုင်တယ်…။*
ရွှီပေါ်အန်း တွန့်ဆုတ်နေစဉ်မှာပင် စူးထိုက်က ထပ်ပြောလေ၏။
"ညီလေး...၊ စိတ်မပူပါနဲ့...။ ဒီလောက် အံ့ဩစရာကောင်းတဲ့ အမူးပြေဆေးဟာ ထူးခြားတဲ့ အရာတစ်ခု ဖြစ်ရမယ်ဆိုတာ ငါသိပါတယ်...။ ငါ အလကား မယူပါဘူး...။ မင်း ဈေးသာပြောပါ...၊ ငါ အဲ့ဒီဈေးနဲ့ ဝယ်ပါ့မယ်...။"
ရွှီပေါ်အန်းက လက်ယမ်းပြကာ ပြောလိုက်လေသည်။
"ဥက္ကဋ္ဌစူး...၊ ကျွန်တော် ဆိုလိုတာက အဲဒါမဟုတ်ပါဘူး...။ ပိုက်ဆံအကြောင်း မဟုတ်ပါဘူး...။ ကျေးဇူး ပြုပြီး နားလည်မှု မလွဲလိုက်ပါနဲ့...။"
စူးထိုက်က တခစ်ခစ်ရယ်မောကာ ပြောလိုက်လေ၏။
"ဟေး...၊ အများကြီး တွေးမနေပါနဲ့...။ ပိုက်ဆံပေးတာက မှန်ကန်တဲ့ လုပ်ရပ်ပါ...။ မင်းလည်း သိတဲ့ အတိုင်း ငါတို့လို ကုမ္ပဏီမျိုးမှာ ငါက အနာဂတ်မှာ အရက်သောက်ပွဲတွေ ပိုများလာမှာ...။ ပြီးတော့ အကြိမ်များစွာ ငြင်းလို့မရတဲ့ အခြေအနေတွေ ရှိလာမယ်...။ မူးတာကတော့ ရှောင်လွှဲလို့ မရဘူးလေ။ ဒါကို မင်းရဲ့ အစ်ကိုကြီးကို ကူညီတယ်လို့ပဲ သဘောထားလိုက်ပါနော်...။"
ရွှီပေါ်အန်းသည် ခေါင်းညိတ်လိုက်ပြီး တွန့်ဆုတ်နေသော အမူအရာဖြင့် ပြောလိုက်လေသည်။
"ဥက္ကဋ္ဌစူး...၊ ခင်ဗျားပြောတာကို ကျွန်တော် နားလည်ပါတယ်...။ ဒါပေမဲ့... အင်း...၊ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီအမူးပြေဆေးက ကျွန်တော်ကိုယ်တိုင် ဖော်စပ်ထားတာပါ...။ သာမန် ဆေးဝါးဖော်စပ်တဲ့ လုပ်ငန်းစဉ်တွေ ဘာမှမပါဘူး...။ ကျွန်တော်ကိုယ်တိုင် သောက်လို့ရပေမယ့် သတင်းထွက်သွားရင် လူယုတ်မာတချို့က ကျွန်တော့်ကို ဆေးတုထုတ်လုပ်နေတယ်ဆိုပြီး စွပ်စွဲလာမှာကို စိုးရိမ်လို့ပါ...။ ကျွန်တော် အဲ့လို စွပ်စွဲချက်မျိုးကို မခံနိုင်ဘူးလေ...။"
ထိုစကားကို ကြားသောအခါ စူးထိုက်သည် ပို၍ပင် အံ့ဩသွားခဲ့လေ၏။
"ဘုရားရေ...။ မင်းက အရက်အများကြီး သောက်နိုင်တယ်၊ ဒုတိယကုမ္ပဏီမှာ ခွက်တစ်ထောင် သောက် ရင်တောင် မမူးဘူးဆိုပြီး နာမည်ကြီးနေတာ အံ့ဩစရာ မဟုတ်တော့ဘူး...။ အဲဒီလိုကိုး မင်း ဒီလောက် အရက်ကိုခံနိုင်ရည် ရှိနေတာ...။"
ရွှီပေါ်အန်းသည် အရက်ကို ကောင်းစွာ သောက်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ သူသည် မည်သည့် အမူးပြေဆေးကိုမျှ မသောက်ဖူးဘဲ သူ၏ ခိုင်မာသော စိတ်စွမ်းအားကိုသာ အပြည့်အဝ မှီခိုအားထား ခဲ့ခြင်း ဖြစ်လေ၏။
မဟုတ်လျှင် သူသည် အောက်ခြေမှစတင်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ တစ်ကိုယ်တော် ဝင်ရောက်ပြီး အောက်ခြေ မြေတိုင်းဝန်ထမ်းဘဝမှ စီမံကိန်းမန်နေဂျာတစ်ဦးအဖြစ်သို့ တက်လှမ်းနိုင် မည် မဟုတ်ပေ။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အရက်သောက်နိုင်ခြင်းသည် တကယ်ကို မယုံနိုင်လောက်အောင် ကောင်းမွန်သော ရှင်သန်ရေးစွမ်းရည်တစ်ခုပင် ဖြစ်လေသည်။
သို့သော် ယခုမူ သူ၏ မြင့်မားသော အရက်ခံနိုင်ရည်သည် အမူးပြေဆေးများ အသုံးပြုခြင်းကို ဖုံးကွယ် ရန်အတွက် အဆင်ပြေသော ဆင်ခြေတစ်ခု ဖြစ်လာခဲ့လေပြီ။
ရွှီပေါ်အန်းသည် ပုံပြင်တစ်ပုဒ်ကို ဖန်တီးလိုက်လေ၏။
"ကျွန်တော် ကုမ္ပဏီကို စဝင်တုန်းက စီမံကိန်းတစ်ခုက ဒေသခံ ရွာတွေနဲ့ တွဲဖက်ပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အကူအညီပေးတဲ့ လှုပ်ရှားမှုတစ်ခု လုပ်ခဲ့တယ်...။ ကျွန်တော်က အထီးကျန်နေတဲ့ မုဆိုးဖို တစ်ယောက် အပါအဝင် အိမ်ထောင်စု အနည်းငယ်ကို ဆန်၊ ဂျုံမှုန့်နဲ့ ဆီတွေ ပို့ပေးရတဲ့ တာဝန်ယူခဲ့ရ တယ်...။"
"သူက အရင်က ရွာရဲ့ ခြေဗလာဆရာဝန် ဖြစ်ခဲ့ဖူးပေမယ့် သူ့မိသားစုက ကံဆိုးမှုတွေ ကြုံတွေ့ခဲ့ရပြီး စိတ်အခြေအနေ နည်းနည်း မတည်မငြိမ် ဖြစ်သွားတယ်လို့ ကြားခဲ့တယ်...။ ကျွန်တော် ဆန်၊ ဂျုံမှုန့်နဲ့ ဆီတွေ သွားပို့ပေးတုန်းက သူ့ကို အရမ်းသနားမိလို့ ယွမ်နှစ်ရာ ပေးခဲ့မိတယ်...။"
"သူက ကျွန်တော့်ဆီက အလကား မယူနိုင်ဘူးဆိုပြီး အမူးပြေဖို့ အရမ်းထိရောက်တယ်ဆိုတဲ့ တရုတ် တိုင်းရင်းဆေး ဆေးညွှန်းတစ်ခုကို အတင်းပေးခဲ့တယ်...။ အဲဒီတုန်းကတော့ ကျွန်တော် သိပ်အလေး မထားခဲ့ဘူး...။"
"နောက်တော့ တစ်ရက် အရက်တွေ အရမ်းသောက်မိပြီး နောက်နေ့မနက် အိပ်ရာကနိုးတော့ ခေါင်းတွေ အရမ်းကိုက်နေခဲ့တယ်...။ ဆေးညွှန်းကို သတိရလို့ စမ်းသောက်ကြည့်လိုက်တော့ ဆေးက အံ့ဩစရာ ကောင်းလောက်အောင် ထိရောက်တာကို တွေ့လိုက်ရတယ်...။"
ခြေဗလာဆရာဝန်များနှင့် တရုတ်တိုင်းရင်းဆေး ဆေးညွှန်းများ။
ဤစကားလုံးနှစ်ခု ပေါင်းစပ်လိုက်သည်ကို နားထောင်ကြည့်ပါက ၎င်းတို့သည် လျှို့ဝှက်ဆန်းကြယ် သော်လည်း အစစ်အမှန်နှင့် တူနေခဲ့လေ၏။
ပုံပြင်မှာ အပြစ်အနာအဆာကင်းစွာ ပြောဆိုနိုင်ခဲ့ပြီး ဇာတ်လမ်းမှာလည်း ဆွဲဆောင်မှု ရှိလှပေသည်။
သို့သော်လည်း အားနည်းချက်တစ်ခု ရှိနေသေးလေ၏။
အခန်း (၄၆)
ဒါက စမ်းသပ်မှုတစ်ခုလား
ဉာဏ်ရည်ထက်မြက်သူများဖြစ်သည့်အလျောက် စူးထိုက်သည် ကိစ္စရပ်၏ အဓိကအချက်ကို ချက်ချင်း ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့လေ၏။
စူးထိုက်သည် ပုံပြင်ကို နားထောင်ရင်း ခေါင်းအကြိမ်ကြိမ် ညိတ်ကာ အာမေဍိတ်သံဖြင့် ပြောလိုက်လေ သည်။
"ညီလေး...၊ မင်းမှာ ဒီလိုထူးခြားတဲ့ အတွေ့အကြုံမျိုး ရှိမယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး...။ တကယ်ကို အားကျစရာကောင်းတာပဲ...။"
ထိုနေရာတွင် သူက ရုတ်တရက် စကားလွှဲကာ မေးလိုက်လေ၏။
"မင်းပြောတဲ့ ရွာက ဘယ်ရွာလဲဆိုတာတော့ ငါမသိဘူး... ။ အဲ့ဒီ ခြေဗလာဆရာဝန်က အဲ့ဒီရွာမှာ ရှိနေသေးလား...။"
ရွှီပေါ်အန်းက ဝမ်းနည်းနေသော အမူအရာဖြင့် ခေါင်းခါယမ်းကာ ပြောလိုက်လေသည်။
"ကျွန်တော်တို့ ကံမကောင်းတာပါ...။ အဲ့ဒီဆေးရဲ့ အံ့ဩစရာကောင်းတဲ့ အာနိသင်တွေကို သိပြီးတဲ့ နောက် အဘိုးကြီးကို သွားရှာဖို့ ရွာကို ပြန်သွားတဲ့အခါ သူ ဆုံးပါးသွားပြီဆိုတာ သိလိုက်ရတယ်...။ ဟူး...၊ သူ့ရဲ့ နောက်ဆုံးခရီးကို မလိုက်ပို့နိုင်ခဲ့တာ တကယ်ကို နှမြောစရာကောင်းပါတယ်...။"
ရွှီပေါ်အန်းသည် နောက်ထပ် အထောက်အထားများအတွက် နေရာမချန်ထားဘဲ ပြတ်ပြတ်သားသားပင် ပြောဆိုလိုက်လေ၏။ ဤကိစ္စသည် ဤနေရာတွင် ပြီးဆုံးသွားပြီ ဖြစ်လေသည်။
ဤပုံပြင်သည် တကယ်ကို အံ့ဩစရာကောင်းလှပေသည်။
ထိုစကားကို ကြားသောအခါ စူးထိုက်က နောင်တရနေသော မျက်နှာဖြင့် ပြောလိုက်လေ၏။
"တကယ်ကို နှမြောစရာကောင်းတာပဲ...၊ အဘိုးကြီးဆီမှာ ပြိုင်ဘက်ကင်းတဲ့ ဆေးညွှန်းတွေ ပိုတောင် ရှိနေနိုင်သေးတယ်...။ ဟူး...။"
"ဟုတ်ပါတယ်...၊ ကျွန်တော့်အပြစ်ပါ...။ အဲဒီတုန်းက ကျွန်တော် အရမ်း အတွေ့အကြုံနုနယ်သေးတော့ ဒီအမူးပြေဆေးကို စောစောစီးစီး စမ်းသောက်ကြည့်ဖို့ မတွေးမိခဲ့ဘူးလေ...။" ဟု ရွှီပေါ်အန်းက နောင်တ ရစွာဖြင့် ပြောလိုက်လေသည်။
စူးထိုက်က ခေါင်းခါယမ်းကာ မနာလိုစွာဖြင့် ပြောလိုက်လေ၏။
"ဒါက မယုံနိုင်လောက်အောင်ကို ကံကောင်းမှုတစ်ခုပါပဲ...။ အတင်းအကျပ် လုပ်ယူလို့မရပါဘူး...။"
ခေတ္တမျှ ရပ်နားပြီးနောက် စူးထိုက်က ဆက်ပြောလေသည်။
"ပေါ်အန်း...၊ မင်းက သူစိမ်းမှ မဟုတ်တာ...၊ ဟုတ်တယ်မလား...။ ပြီးတော့ မင်းက ခုနကပြောတဲ့ လူယုတ်မာမျိုးလည်း လုံးဝ မဖြစ်နိုင်ပါဘူး...။ ဒီဆေးတချို့ကို ငါ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ရအောင် ရှာပေးရမယ်...။ ငါ အခုမှ ရာထူးတက်ခါစဆိုတော့ မကြာခင် ရုံးချုပ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံ ရဦးမယ်...။ လူတွေအများကြီးကို ငါ မရင်ဆိုင်နိုင်ဘူးလေ...။"
ရွှီပေါ်အန်းက အလျင်အမြန် ပြန်ဖြေလိုက်လေ၏။
"ဥက္ကဋ္ဌစူး...၊ ကျွန်တော့်ကို ခုလိုမနောက်ပါနဲ့...၊ သူစိမ်း ဒါမှမဟုတ် လူယုတ်မာဆိုတာ ဘာအဓိပ္ပာယ်လဲ..၊ ဥက္ကဋ္ဌစူးက ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပါ...။ ဒါပေမဲ့ ကျွန်တော့်ဆီမှာ အမူးပြေဆေးလုံးတွေ မကျန်တော့ ပါဘူး...။ သယ်ရတာ အဆင်ပြေပေမယ့် ဖော်စပ်ရတဲ့ လုပ်ငန်းစဉ်က အရမ်းရှုပ်ထွေးလို့ပါ...။ အကယ်၍ အရေးတကြီး လိုအပ်တယ်ဆိုရင် ကျွန်တော် ဥက္ကဋ္ဌစူး အတွက် အမူးပြေဆေးရည်တချို့ကို အမြန်ဆုံး ဖော်စပ်ပေးနိုင်ပါတယ်...။ အာနိသင်ရှိဖို့ကိုတော့ ကျွန်တော် အာမခံပါတယ်...။ အရသာ နည်းနည်း ဆိုး တာလေး တစ်ခုပါပဲ...။"
ရွှီပေါ်အန်း ပြောသော အမူးပြေဆေးဆိုသည်မှာ ဘွန်ဆိုင်းကမ္ဘာထဲရှိ ခေါင်ရှန်းရွာသားများ တောင်ဝါသီး ကို အသုံးပြု၍ ဖျော်စပ်ထားသော အချဉ်ရည်ပင် ဖြစ်လေ၏။
ဘွန်ဆိုင်းကမ္ဘာထဲတွင် လူများသည် ၎င်းကို ဟင်းခတ်အမွှေးအကြိုင်တစ်ခုအဖြစ် အသုံးပြုကြပြီး တောင်ဝါသီးကဲ့သို့ပင် အမူးပြေစေရန်အတွက် သိသာထင်ရှားသော အာနိသင်ရှိသည်ဟု ဆိုကြလေ သည်။
စူးထိုက်က ခေါင်းအကြိမ်ကြိမ် ညိတ်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်လေ၏။
"ပြဿနာမရှိပါဘူး...၊ ဆေးက အာနိသင်ရှိသရွေ့ ဘယ်လောက်ပဲ ခါးခါး ငါသောက်နိုင်ပါတယ်...။"
တရုတ်တိုင်းရင်းဆေး ဆေးညွှန်းတစ်ခု ဖြစ်သောကြောင့် ခါးမည်ဟု စူးထိုက်က သဘာဝကျကျပင် ယူဆလိုက်လေသည်။
ရွှီပေါ်အန်းသည် စိတ်ထဲမှ ပါးနပ်စွာ ပြုံးလိုက်လေ၏။
*ဘာကို ခါးရမှာလဲ...။ ငါတို့ရဲ့ အမူးပြေဆေးက ရှာလကာရည်ကို တိုက်ရိုက်သောက်ရသလို ချဉ်တာ လေ...။*
၎င်းသည် မွှေးကြိုင်သော ကျိန်းကျန်း ရှာလကာရည် သို့မဟုတ် ရှန်းရှီး ရှာလကာရည်အဟောင်းမျိုး မဟုတ်ဘဲ ရှာလကာရည်ဖြူနှင့် ဆန်ရှာလကာရည်တို့ကြားရှိ အရသာမျိုးရှိသော အချဉ်ရည်တစ်မျိုး ဖြစ်လေ၏။
ရွှီပေါ်အန်းသည် ဤမျှ သေးငယ်သော ကိစ္စရပ်အတွက် ကြိုတင်၍ သတိပေးနေရန် မလိုအပ်ကြောင်း သဘာဝကျကျပင် သိရှိထားလေသည်။
စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အရက်သောက်ပွဲများသို့ တက်ရောက်ရမည့် စီးပွားရေး သမားများအတွက် ရှာလကာရည်ဖြူကို သောက်ရသည်မှာ အရေးမကြီးလှသည်တော့မဟုတ်ပေ။ အကယ်၍ ခွက်တစ်ထောင် သောက်ရင်တောင် မမူးနိုင်ဘူးဆိုလျှင် မြင်းဆီးကိုပင် သောက်ကြမည်သာ ဖြစ်လေ၏။
ငါပြောသလိုပဲ ပိုက်ဆံရှိရင် ဤအရာကို ဘယ်လောက်သောက်နိုင်လဲ ကြည့်ကြတာပေါ့...။
တောင်းပန်ပါတယ်...၊ ခင်ဗျား ဒေဝါလီခံရတဲ့အထိ ကျွန်တော်က အရက်တိုက်နိုင်တယ်...။
ရွှီပေါ်အန်းက ပြောလိုက်လေသည်။
"ဥက္ကဋ္ဌစူး...၊ တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျွန်တော် အမြန်ပြန်ပြီး ပြင်ဆင်လိုက်ပါမယ်...။ ဒီည မတိုင်ခင် ခင်ဗျားဆီ လာပို့ပေးပါ့မယ်...။"
"ကောင်းပြီလေ...၊ မင်း အလုပ်ဆက်လုပ်တော့...။ ပြီးရင် ဖုန်းဆက်လိုက်...။ လူတစ်ယောက် လွှတ်ပြီး လာယူခိုင်းလိုက်မယ်...။" ဟု စူးထိုက်က သူ၏ အလုပ်ကိစ္စ ပြီးဆုံးသွားသဖြင့် ပျော်ရွှင်စွာ ပြောလိုက် လေ၏။
ရွှီပေါ်အန်းသည် နှုတ်ဆက်ထွက်ခွာရန် မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။
"ပြဿနာမရှိပါဘူး...၊ ခင်ဗျားရဲ့ အလုပ်ကိစ္စတွေကို ကျွန်တော် သေချာပေါက် နှောင့်နှေးစေမှာ မဟုတ် ပါဘူး ဥက္ကဋ္ဌစူး...။"
စူးထိုက်သည် မတ်တတ်ရပ်ကာ ရွှီပေါ်အန်းအား တံခါးဝအထိ လိုက်ပို့ပေးပြီး ရွှီပေါ်အန်း၏ ပခုံးကို ပုတ်ကာ မှာကြားလိုက်လေ၏။
"ငါတို့က ညီအစ်ကိုတွေပဲဟာ...၊ အပြင်မှာ ဒီလောက် တရားဝင် အခေါ်အဝေါ်တွေနဲ့ မခေါ်ပါနဲ့...၊ ငါက မင်းထက် အသက်နည်းနည်း ကြီးတာမို့ အစ်ကိုကြီးလို့ပဲ ခေါ်ပါ...။"
ရုံးခန်းတံခါးကို သူတို့ စကားပြောနေစဉ်အတွင်း ဖွင့်ထားခဲ့လေသည်။ အပြင်ဘက်တွင် အလယ် အလတ်နှင့် အထက်တန်းအဆင့် ခေါင်းဆောင်တစ်စုသည် ခေါင်းဆောင်၏ နောက်ထပ်စကားကို စောင့်ဆိုင်းနေကြလေ၏။
"နားလည်ပါပြီ...။"
ထိုသို့ပြောရင်း ရွှီပေါ်အန်းက ပြုံးကာ စူးထိုက်၏ လက်ထဲမှ သူ၏လက်ကို ရုပ်သိမ်းလိုက်လေသည်။
"အစ်ကိုစူး...။ ခဏလောက် စောင့်ပါဦး...။ နေ့လယ်စာအတွက် ဟင်းကောင်းကောင်းတချို့ ပြင်ဆင်ထား ဖို့ စားသောက်ခန်းကို သွားပြောလိုက်ပါ့မယ်...။"
တံခါးအပြင်ဘက်ရှိ လူတစ်စုမှာ ချက်ချင်းပင် အံ့အားသင့်သွားကြလေ၏။
*ဘုရားရေ...၊ သူက သူ့ရဲ့ ပထမဆုံးနေ့ကို အစ်ကိုစူးလို့ ခေါ်ပြီး စတင်လိုက်တာလား...။*
*ဒါ့အပြင် ဥက္ကဋ္ဌစူး ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးတာကို ခံရတယ်...။*
*ဒီအဆက်အသွယ်နဲ့ဆိုရင် သူက တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုမှာ တကယ်ကို အရှိန်အဝါကြီးတဲ့ လူတစ်ယောက် ဖြစ်နေပြီပဲ...။*
ရွှီပေါ်အန်း၏ လက်ရှိအင်အားသည် တကယ်ကို မယုံနိုင်လောက်အောင်ပင် ဖြစ်လေ၏။
စူးထိုက်က ပြုံးကာ ရွှီပေါ်အန်း၏ ပခုံးကို ပုတ်၍ ပြောလိုက်လေသည်။
"ဒုက္ခမခံပါနဲ့...၊ စောပါသေးတယ်...။ ငါ တခြား ရုံးခွဲတွေနဲ့ လက်အောက်ခံ ကုမ္ပဏီတွေကို သွားဖို့ လိုသေးတယ်...၊ မင်း အလုပ်မင်း ဆက်လုပ်တော့...။"
ခေါင်းဆောင်သစ်တစ်ဦး တာဝန်ယူချိန်တွင် ရွှီပေါ်အန်းအနေဖြင့် သဘာဝကျကျပင် ဖြေရှင်းစရာ ကိစ္စ များစွာ ရှိနေလေ၏။
စူးထိုက်နှင့် သူ၏အဖွဲ့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဒေါက်မြင့်ဖိနပ်စီးကာ တင်ပါးကို လှုပ်ခါ၍ ရွှီပေါ်အန်းနောက်သို့ ပြေးလိုက်လာသော လျှိုဝေသည် ရွှီပေါ်အန်း ရုံးခန်းထဲသို့ပင် မပြန်ရသေးမီ အရောက်ပြေးလာခဲ့လေသည်။
"ဆရာရွှီ...၊ ကျွန်မတို့ နောက်ထပ် လုပ်ရမယ့် အစီအစဉ်တွေနဲ့ အလုပ်အစီအစဉ်တွေကို ဆွေးနွေးဖို့ အစည်းအဝေးတစ်ခု လုပ်သင့်တယ်လို့ ထင်ပါသလား...။"
လျှိုဝေသည် မှတ်စုစာအုပ်တစ်အုပ်ကို ကိုင်ထားပြီး ရေးမှတ်ရန် အသင့်ပြင်ထားကာ ရွှီပေါ်အန်း စကားပြောသည်နှင့် တစ်ပြိုင်နက် ရေးမှတ်ရန် စောင့်ဆိုင်းနေခဲ့လေ၏။
ထိုကိုယ်နေဟန်ထားနှင့် အမူအရာသည် အလွန်တရာ ရိုသေလေးစားမှုကို ဖော်ပြနေလေသည်။
"မန်နေဂျာချုပ် ရွှီကျန်း ရာထူးတက်လာပြီးမှပဲ ဆွေးနွေးကြတာပေါ့...။" ဟု ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်လေ၏။
အလုပ်မဟာဗျူဟာများနှင့် ပတ်သက်လာပါက ထိပ်တန်းခေါင်းဆောင်၏ တွေးခေါ်မှုအတိုင်း လိုက်နာရ မည်ဖြစ်ပြီး ကိုယ်ပိုင် အစည်းအဝေးများ ကျင်းပကာ အစီအစဉ်များ ဆွဲခြင်းသည် မည်သို့သော အလုပ် မျိုးနည်း။
လျှိုဝေသည် လက်နက်ချနေခြင်းလား၊ ထောင်ချောက်ဆင်နေခြင်းလား။
ဘွန်ဆိုင်းကမ္ဘာမှ စွန်းဝေဝေသည် အဘယ်ကြောင့် ဤမျှ ချစ်ခင်နှစ်သက်ဖွယ်ကောင်းပြီး လျှိုဝေသည် အဘယ်ကြောင့် ဤမျှ မနှစ်မြို့ဖွယ်ကောင်းရသနည်း။ ၎င်းတို့နှစ်ဦးစလုံးသည် မျိုးဆက်တူများ ဖြစ်ကြ သော်ငြားလည်း။
လျှိုဝေသည် သူမ၏ မှတ်စုစာအုပ်နှင့် ဘောပင်ကို အလွန်အမင်း စိတ်ပျက်စွာဖြင့် သိမ်းဆည်းလိုက်ပြီး ရိုးသားစွာ ပြောလိုက်လေ၏။
"ဟုတ်ကဲ့ပါ ဆရာရွှီ...၊ အင်း...၊ ကျွန်မ...၊ ကျွန်မမှာ ဆရာ့ကို အစီရင်ခံစရာ အလုပ်နဲ့ ပတ်သက်တဲ့ ကိစ္စတချို့ ရှိပါသေးတယ်...။ အခုချိန်က ဆရာ့အတွက် အဆင်ပြေပါရဲ့လား...။"
ရွှီပေါ်အန်းသည် တည်ငြိမ်အေးဆေးစွာဖြင့် လျှိုဝေအား အနည်းငယ် လှမ်းကြည့်လိုက်လေသည်။
"မလိုပါဘူး...။ ရုံးအလုပ်တွေကို မန်နေဂျာချုပ်က ကိုင်တွယ်တာပါ...။ အင်ဂျင်နီယာချုပ်အနေနဲ့ ငါက နည်းပညာပိုင်းကို အဓိက တာဝန်ယူရတာမို့ ကိုယ့်တာဝန်ကို ကျော်လွန်လုပ်ဆောင်တာ မကောင်းပါ ဘူး...။ မင်း အားရင် ဓာတ်ခွဲခန်းကို သွားပြီး ငါ့ပစ္စည်းတွေကို အမြန်ဆုံး လာပို့ပေးဖို့ ထျန်ရှောင်ဟူကို သွားပြောလိုက်ပါ...။"
လျှိုဝေ၏ မျက်နှာသည် နီတစ်လှည့် ဖြူတစ်လှည့် ဖြစ်သွားပြီး အလွန်အမင်း ရှက်ရွံ့သွားခဲ့လေ၏။
ဤသည်ကို နှင်ထုတ်ခံရသည်ဟု သတ်မှတ်နိုင်ပေသည်။
အခြားနည်းလမ်း မရှိချေ။ ရာထူးပိုကြီးသော အရာရှိတစ်ဦးသည် အကြွင်းမဲ့ အာဏာရှိနိုင်လေ၏။
ဤသည်မှာ လီယွန်းလုံကဲ့သို့ အာဏာရှိသူပင်လျှင် ဝန်ခံရမည့် အမှန်တရားတစ်ခု ဖြစ်လေသည်။
ရွှီပေါ်အန်း ရုံးခန်းထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ထျန်ရှောင်ဟူသည် မြို့ရိုးပုံစံငယ်နှင့် တူသော ကွန်ကရစ် စမ်းသပ်တုံး တစ်သုတ်ကို သယ်ဆောင်ရန် လူနှစ်ဦးကို ခေါ်လာခဲ့လေ၏။
သူ၏လက်ထဲတွင် ရွှီပေါ်အန်း ပေးထားခဲ့သော စတီးလ်မြို့ရိုးပုံစံငယ်ကို ကိုင်ထားခဲ့လေသည်။
"ရပြီ...၊ ရပြီ...။ သေချာကိုင်နော်...။ မင်းတို့ သွားလို့ရပြီ...။"
စမ်းသပ်ရေးလုပ်သား နှစ်ဦးကို ပြန်လွှတ်လိုက်ပြီးနောက် ထျန်ရှောင်ဟူသည် ရွှီပေါ်အန်းအား မြေအောက်မြို့ရိုးပုံစံငယ်အကြောင်း ရွှင်လန်းစွာ မိတ်ဆက်ပြောပြနေခဲ့လေ၏။
"ဟေ့ အစ်ကိုကြီး...။ ဘယ်လိုလဲ...၊ ကျေနပ်ရဲ့လား...။ ကျွန်တော် ပြောပြမယ်...။ ဤကွန်ကရစ်အသုတ် က စေးကပ်မှု အရမ်းကောင်းတယ်...။ ရေထွက်မှုလည်း နည်းတယ်...။ ပျော့အိမှုလည်း အရမ်းကောင်း တယ်...။ လုံးဝကို ထိပ်တန်းအရည်အသွေးပဲ...။ ကျွန်တော် C60 အဆင့်အထိ တိုက်ရိုက် လောင်းထား တာ...။ ခိုင်ခံ့မှုက တော်တော်ကောင်းတာပဲ...။"
သူတို့နှစ်ဦးတည်း ရှိနေချိန်တွင် ဤကောင်လေးသည် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သော်ငြားလည်း တကယ်ကို အလွန် လွတ်လပ်ပွင့်လင်းလှပေသည်။
ရွှီပေါ်အန်းသည် ပုံစံငယ်ကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီး ထျန်ရှောင်ဟူအား မျက်စောင်းထိုးကာ ပြောလိုက်လေ၏။
"မင်းက ငါ့ကို လူအထင်များနေလား...။ ငါလည်း အောက်ခြေကနေ တက်လာတာပဲ...။ C60 ကွန်ကရစ် တဲ့လား...။ ဒီပုံစံခွက်က ဒီလောက်ကျဉ်းနေတာ အထဲကို ကျောက်စရစ်ခဲတွေတောင် ထည့်လို့ရလို့ လား...။ ထွက်သွားစမ်းပါ...။"
ထျန်ရှောင်ဟူသည် သူ၏ လိမ်ညာမှု ဖော်ထုတ်ခံရသည်ကို မြင်သော်လည်း လုံးဝ ရှက်ရွံ့ခြင်း မရှိချေ။ သူက ရယ်မောကာ ဇွတ်တောင်းဆိုနေခဲ့လေသည်။
"ဟေ့ အစ်ကိုကလည်း...၊ ဒီလိုမလုပ်ပါနဲ့...။ ပွင့်ပွင့်လင်းလင်း ပြောရရင် ရှေးလူကြီးတွေက လူတစ် ယောက် အလင်းရသွားရင် သူ့ရဲ့ ကြက်တွေနဲ့ ခွေးတွေတောင် ကောင်းကင်ဘုံကို ရောက်သွားတယ်လို့ ပြောခဲ့ကြတယ် မဟုတ်လား...။ သူတို့ ကျွန်တော့်ကို ဘယ်လိုရာထူးပေးမလဲဆိုတာ ကြည့်ပါဦး...။ ကျွန်တော် ဒီစောက်သုံးမကျတဲ့ ဓာတ်ခွဲခန်းမှာ ဆက်မနေနိုင်တော့ဘူး...။"
ထိုသို့ပြောရင်း ထျန်ရှောင်ဟူသည် အနီးသို့ တိုးကပ်လာကာ ရွှီပေါ်အန်းအတွက် စီးကရက်တစ်လိပ် မီးညှိပေးပြီး ရွှီပေါ်အန်း၏ အမိန့်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့လေ၏။
ကွန်ကရစ်မြို့ရိုးကို ဘွန်ဆိုင်းထဲသို့ ထည့်ရန် စိတ်အားထက်သန်နေသော ရွှီပေါ်အန်းသည် စီးကရက်ကို တစ်ဖွာရှိုက်လိုက်ပြီး ပြောလိုက်လေသည်။
"ကောင်းပြီလေ...၊ ငါ စဉ်းစားပေးပါ့မယ်...။ မင်းလည်း အောက်ဆင်းပြီး မင်းဘယ်မှာ အလုပ်လုပ်ချင်လဲ ဆိုတာ သေချာစဉ်းစားဦး...။ လူတစ်ယောက် အာဏာရလာတာနဲ့ သူ့ရဲ့ ကြက်တွေ ခွေးတွေကြားမှာ ဖရိုဖရဲ ဖြစ်ကုန်တယ်ဆိုပြီး ငါနဲ့ လာမငြင်းနဲ့တော့...။"
ထျန်ရှောင်ဟူက တခစ်ခစ်ရယ်မောကာ ဒူးထောက်မည့်ဟန် ပြုလုပ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် ထောက် ကာ အနည်းငယ် ကိုင်းညွတ်၍ နောက်ပြောင်လိုက်လေ၏။
"မှန်လှပါ အရှင်မင်းကြီး...၊ ကျွန်တော်မျိုးကို ခွင့်ပြုပါအုန်း...။"
"ထွက်သွားစမ်း...။ ထွက်သွားရင် တံခါးပါ ပိတ်သွား...။" ဟု ရွှီပေါ်အန်းက ရယ်မောကာ ပြောလိုက်လေ သည်။
ထျန်ရှောင်ဟူ ထွက်သွားသည်ကို မြင်သောအခါ သူသည် ဘွန်ဆိုင်းကို ခေါ်ယူရန် စားပွဲဆီသို့ သွားကာ ရွာသားများအတွက် အကာအကွယ်အတားအဆီးအဖြစ် ကွန်ကရစ်မြို့ရိုးကို ချထားပေးရန် ပြင်ဆင် လိုက်လေ၏။
စားပွဲအနီးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ၎င်းအပေါ်တွင် ချောပို့စာအိတ်တစ်အိတ်ကို တွေ့လိုက်ရ လေသည်။
*ငါ ဘာပစ္စည်းမှ မဝယ်ထားပါဘူး...။*
*ဒီစာအိတ်က ဘယ်ကရောက်လာတာလဲ...။*
ရွှီပေါ်အန်းသည် အလိုအလျောက်ပင် စာအိတ်ကို ကောက်ယူကာ ဖောက်လိုက်ပြီး ချက်ချင်းပင် အံ့အား သင့်သွားခဲ့လေ၏။
ချောပို့စာအိတ်ထဲတွင် အလွန်တရာ ဖော်ညွှန်းလွန်းသော အနုပညာ ဓာတ်ပုံအချို့ ရှိနေခဲ့လေသည်။
*ဘုရားရေ... *
*ရာထူးစတက်တာပဲ ရှိသေးတယ်...၊ လူတွေက သူ့ကို ဒီလိုမျိုး စမ်းသပ်နေကြပြီလား...။*