အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း (၄၇)
မြို့ရိုးနေရာချထားပြီးပြီ
ဓာတ်ပုံထဲတွင် ညီအစ်မနှစ်ဦးသည် ပျော်ရွှင်စွာ ပြုံးရွှင်လျက် ယှဉ်တွဲရပ်နေကြလေသည်။
ပထမဆုံးအနေဖြင့် နေ့စဉ်ဘဝ ဓာတ်ပုံများ ရှိလေ၏။
တစ်ခါတစ်ရံ ကမ်းခြေတွင် လှိုင်းလုံးများကို လိုက်ဖမ်းနေကြပြီး တစ်ခါတစ်ရံ သဲပြင်ပေါ်တွင် ရယ်မော ဆော့ကစားနေကြကာ တစ်ခါတစ်ရံ ယှဉ်တွဲလှဲလျောင်းနေကြပြီး တစ်ခါတစ်ရံတွင်လည်း အချင်းချင်း နမ်းရှုပ်မည့်ဟန် နောက်ပြောင်နေကြလေသည်။
တကယ့်ကို အံ့မခန်းပါပဲ။
ဓာတ်ပုံအနည်းငယ်ကို လှန်ကြည့်ပြီးနောက်တွင် မင်္ဂလာဆောင် အနုပညာဓာတ်ပုံများဆီသို့ ရောက်ရှိ သွားလေ၏။
စင်ကြယ်သော အဖြူရောင် မင်္ဂလာဝတ်စုံများ၊ အနက်ရောင် မင်္ဂလာဝတ်စုံများနှင့် ဂန္တဝင် ပွဲတက် မင်္ဂလာဝတ်စုံများကို တောက်ပသော ငွေရောင်၊ ရွှေရောင် ခေါင်းဆောင်းအမျိုးမျိုးနှင့် တွဲဖက်ထားပြီး ကြော့ရှင်းတင့်တယ်စွာဖြင့် မိန်းမပျိုလေးများ၏ အိပ်ခန်းထဲသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ခံစားရစေလေသည်။
တကယ့်ကို အံ့ဩစရာပါပဲ။ ဤအရာက ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်ခုစလုံးအတွက် တကယ်ကို ကြည်နူးဖွယ်ကောင်းသော အတွေ့အကြုံတစ်ခုပင် ဖြစ်လေ၏။
ဤမျှသာမကသေးဘဲ နောက်ဆုံးပိုင်းတွင် ပို၍ပင် ရင်သပ်ရှုမောဖွယ်ကောင်းပြီး ညှို့ယူဖမ်းစားနိုင်သော ညဘက်ဓာတ်ပုံများလည်း ပါဝင်သေးလေသည်။
ရှည်လျားသွယ်လျသော ခြေတံများ၊ အနက်ရောင် ပိုးဇာစကတ်တိုများ၊ ခြေအိတ်များနှင့် ဒေါက်မြင့်ဖိနပ် များကို တစ်လှည့်စီ ပြသထားပြီး မှုန်ရီနေသော မျက်လုံးများ၊ လျှာထုတ်ထားသော ကိုယ်နေဟန်ထား များနှင့် ခြေချိတ်ထိုင်နေမှုတို့ဖြင့် ထိုင်နေသည်ဖြစ်စေ၊ လှဲလျောင်းနေသည်ဖြစ်စေ ပုံစံအမျိုးမျိုး၊ စိတ် နေသဘောထား အမျိုးမျိုးကို ဖော်ပြနေလေ၏။
အံ့ဩစရာအကောင်းဆုံးမှာ သူမတို့သည် ညီအစ်မများ ဖြစ်နေခြင်းပင်။
အမြင်အာရုံခံစားမှုကို နှစ်ဆတိုးစေရုံသာမက စိတ်ပိုင်းဆိုင်ရာ သာယာမှုကိုလည်း နှစ်ဆတိုးစေ လေသည်။
တစ်ဦးက ထူးဆန်းပြီး နောက်ပြောင်တတ်ကာ နုပျိုတက်ကြွပြီး အခြားတစ်ဦးကမူ တည်ငြိမ်နူးညံ့ကာ ကျော့ရှင်းပြီး ဆွဲဆောင်မှုရှိသော မျက်လုံးများကို ပိုင်ဆိုင်ထားလေ၏။
ပထမတစ်ဦးမှာ မင်းသမီး လီရိထုံနှင့် ဆင်တူပြီး ဒုတိယတစ်ဦးမှာမူ စိတ်နေသဘောထားနှင့် အမူ အကျင့်ပိုင်းတွင် ကျန်းရှုရင်းနှင့် အလွန်တူလေသည်။
*ဘုရားရေ...။*
*တကယ်လို့ ဒါက တကယ်ဖြစ်လာမယ်ဆိုရင် ဘယ်လိုခေါင်းဆောင်မျိုးက ဒီလိုစမ်းသပ်မှုကို ခံနိုင် ရည်ရှိမှာလဲ...။*
သို့သော်လည်း ဓာတ်ပုံထဲမှ ကျန်းရှုရင်းနှင့် အလွန်တူသော အမျိုးသမီး၏ ရုပ်သွင်မှာ အနည်းငယ် ရင်းနှီး နေသကဲ့သို့ ရှိလေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှီပေါ်အန်း၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။
*သူမများလား...။*
ရွှီပေါ်အန်းသည် သူ၏ ဖုန်းကို အမြန်ထုတ်ကာ ဝီချက်အက်ပ်ထဲသို့ ဝင်လိုက်ပြီး ဝမ်တန်း ပလာဇာတွင် ဗီလာဝယ်စဉ်က သူ ထည့်ထားခဲ့သော အရောင်းမန်နေဂျာ ထျန်ရှောင်ရို့၏ ဝီချက်အကောင့်ကို ရှာဖွေ လိုက်လေသည်။
ထို့နောက် ၎င်းကို နှိပ်ဝင်ကာ ဝီချက် မိုးမန့်စ်များကို လှန်ကြည့်လိုက်ရာ နောက်ဆုံးတွင် ဝမ်တန်း စင်ထရယ်ကုတ်ယတ် ဗီလာများအတွက် ပရိုမိုးရှင်းဓာတ်ပုံ တစ်ပုံကို တွေ့ရှိသွားခဲ့လေ၏။
ထိုဓာတ်ပုံထဲတွင် ထျန်ရှောင်ရို့သည် ဆံပင်ကို ပင့်တင်ထားကာ ရုံးဝတ်စုံနှင့် ဒေါက်အလတ်စား ဖိနပ်ကို စီးထားပြီး သဲပုံစံငယ်ရှေ့တွင် ရပ်နေခဲ့လေသည်။
ဓာတ်ပုံကို ဖိုတိုရှော့ဖြင့် ပြုပြင်ပြီးနောက်တွင် လူက ပို၍ အရပ်ရှည်ပြီး ကျော့ရှင်းသွားပုံရလေ၏။
*ဘုရားရေ...၊ တကယ်ကို ကိုက်ညီနေတာပဲ... ။*
ဓာတ်ပုံထဲမှ ကျန်းရှုရင်းနှင့် အလွန်တူသော အမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ ရုံးဝတ်စုံကို ချွတ်ကာ ဆံပင်ကို ဖြည်ချလိုက်ပြီးနောက် အနက်ရောင် ပိုးဇာဂါဝန်နှင့် ဒေါက်မြင့်ဖိနပ်ကို စီးထားသော ထျန်ရှောင်ရို့ပင် ဖြစ်နေလေတော့သည်။
*အို...၊ သူမရဲ့ ကိုယ်နေဟန်ထားကလည်း ပြောင်းသွားတာပဲ...။ မူလက သူမဟာ ပြုံးရွှင်တဲ့ မျက်နှာထား နဲ့ မတ်မတ်ရပ်နေခဲ့တာ...။*
*လက်ရှိဓာတ်ပုံထဲမှာတော့ သူမဟာ အထက်ကနေ အောက်ကို ရိုက်ထားတဲ့ ရှုထောင့်နဲ့ လှဲလျောင်းနေ ပြီး သူမရဲ့ အောက်နှုတ်ခမ်းကို ညင်သာစွာ ကိုက်ထားကာ ပုလဲလို ဖြူဖွေးတဲ့ သွားလေးတွေနဲ့ ဆွဲဆောင် မှုရှိတဲ့ အပြုံးလေးကို ဖော်ပြနေတယ်... ။*
အမှန်တရားက ပေါ်ထွက်လာခဲ့လေပြီ...။
*ငါ့ကို စမ်းသပ်ခဲ့သူက တခြားသူမဟုတ်ဘဲ မန်နေဂျာ ထျန်ရှောင်ရို့ပဲ...၊ ဒါပေမဲ့ သူမက ဘာလို့ ဒီလို လုပ်ရတာလဲ...။*
*သူမ ရောင်းတဲ့ ဗီလာကို ငါက ငွေသားနဲ့ ဝယ်ပြီးသွားပြီပဲ...။ သူမက ဘာလိုချင်နေသေးလို့လဲ...။*
*ငါက သူမကို ကောင်းမွန်တဲ့ သုံးသပ်ချက် ပေးသင့်လို့လား...။*
*ဒီလောက်ကြီးမားတဲ့ ကိုယ်ကျိုးစွန့်မှုမျိုးက တကယ်တော့ မလိုအပ်ပါဘူး...။ သူမက ကော်မရှင် ရအောင်လို့ ငါ့ကို နောက်ထပ်အိမ်တစ်လုံး ထပ်ဝယ်စေချင်နေတာလား...။*
*အဲဒါကလည်း မဖြစ်နိုင်ပါဘူး...။ တစ်နေရာတည်းမှာ ဗီလာနှစ်လုံး ဝယ်ဖို့ ဘယ်သူက အဲဒီလောက် အလုပ်အားနေမှာလဲ...။*
*သူမက ဗီလာရဲ့ သခင်မ ဖြစ်ချင်နေတာတော့ မဟုတ်ပါဘူးနော်...။*
*ဒါက... *
ရွှီပေါ်အန်း၏ မျက်နှာမှာ တင်းမာသွားပြီး မြွေကိုက်ခံရဖူး၍ ကြိုးကိုမြင်လျှင်ပင် ဆယ်နှစ်တိုင်တိုင် ကြောက်လန့်နေသူကဲ့သို့ ဖြစ်သွားခဲ့လေ၏။
လှပသော အမျိုးသမီးများသည် တကယ်ကို အန္တရာယ်များလှသည်။ သူ သတိထားရန် လိုအပ်ပေသည်။
သို့သော်လည်း တစ်ဖက်လူက ရိုးသားဖြောင့်မတ်မည်ဆိုပါက ဆွေးနွေးကြည့်ရန် မဖြစ်နိုင်သည်တော့ မဟုတ်ချေ။
*မဟုတ်ဘူး...၊ လုံးဝ မဟုတ်ဘူး...။*
*တကယ်လို့ ဒီလိုဆိုလဲ သူမကိုယ်တိုင်ရဲ့ ဓာတ်ပုံကိုပဲ ပို့လိုက်ပါတော့လား...။ ဓာတ်ပုံထဲက နောက်အမျိုး သမီးတစ်ယောက်က ဘယ်သူလဲ...။*
ခဏအတွင်းမှာပင် ရွှီပေါ်အန်းသည် သူ၏ ဦးနှောက်များ ပြင်းထန်စွာ အလုပ်လုပ်နေပြီး အခိုးအငွေ့များ ထွက်လာလုမတတ် ခံစားလိုက်ရသော်လည်း အဖြေကိုမူ ရှာမတွေ့နိုင်သေးချေ။
ထိုစဉ် သူ၏ ဖုန်းမြည်လာသဖြင့် ရွှီပေါ်အန်းမှာ သတိပြန်ဝင်လာခဲ့လေ၏။
ချန်ဖိန်ဖိန် ဖုန်းခေါ်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသောအခါ ရွှီပေါ်အန်းသည် ဖုန်းမဖြေမီ အလိုအ လျောက်ပင် အမြွှာညီအစ်မများ၏ ဓာတ်ပုံများကို ချောပို့စာအိတ်ထဲသို့ ပြန်ထည့်လိုက်လေသည်။
"အစ်ကိုရွှီ...။ ကျွန်မ ဈေးဝယ်တာ ပြီးသွားပြီ...၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေ၊ ကြက်သား၊ ဘဲသား၊ ငါး၊ အသား၊ ကြက်ဥ၊ အိမ်စီးဖိနပ်၊ အိမ်သာသုံးစက္ကူ၊ ညအိပ်ဝတ်စုံနဲ့ တခြားပစ္စည်းတွေ အများကြီး ဝယ်ခဲ့တယ်... ပြီးတော့ အလှစိုက်ပင် ဆယ်ပင်ကျော်လောက်ကိုလည်း အစ်ကို့အိမ်ကို နောက်ခဏနေရင် လာပို့ပေးဖို့ မှာထားတယ်...။ အစ်ကို တခြားတစ်ခုခု လိုအပ်သေး လား...။"
ရွှီပေါ်အန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေ၏။
"အရမ်းကို ပြည့်စုံနေပါပြီ...။ ဘာမှ မလိုတော့ပါဘူး...။ မင်း အခု ဘယ်မှာလဲ...၊ မင်းကို လာကြိုဖို့ ကားတစ်စီး စီစဉ်ပေးလိုက်မယ်...။ ငါက အလုပ်မှာ ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိနေသေးလို့ လော လောဆယ် ထွက်လာလို့ မရသေးဘူး...။"
"အဲဒီလောက် ဒုက္ခခံစရာ မလိုပါဘူး...။ ကျွန်မ ဘာသာ အငှားကားနဲ့ပဲ ပြန်လာခဲ့ပါ့မယ်...။" ဟု ချန်ဖိန်ဖိန် က ပေါ့ပေါ့ပါးပါးနှင့် ယဉ်ကျေးစွာ ပြောလိုက်လေသည်။
ရွှီပေါ်အန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်လေ၏။
"ဘာမှ ဒုက္ခမများပါဘူး...။ ပြီးတော့ ငါက သော့ယူသွားပေးဖို့ လူတစ်ယောက် လွှတ်ရဦးမယ်လေ...။ မင်း ပစ္စည်းတွေ ယူသွားပြီးရင် အိမ်ကို ရှင်းလင်းပေးဖို့ မင်းကို အကူအညီတောင်းရဦးမှာမို့လို့ပါ..."
ချန်ဖိန်ဖိန်က ပြုံးကာ ပြောလိုက်လေသည်။
"ကျွန်မ နားလည်ပါပြီ...။ အိမ်နဲ့ ပိုတူသွားအောင် နည်းနည်းလောက် လုပ်ရမှာပေါ့...။ ဟုတ်တယ်မ လား...။"
"လည်လိုက်တာ...၊ ကျေးဇူးပဲနော်...။"
အရင်ကဆိုလျှင် ရွှီပေါ်အန်းသည် အပြင်ထွက်ရာတွင် ကုမ္ပဏီကားများကို အသုံးပြုခြင်းကို ရှောင်ရှား လေ့ရှိပြီး သိုသိုသိပ်သိပ် နေထိုင်လိုသူ ဖြစ်လေ၏။
ယခု သူ အာဏာရလာချိန်တွင် အခြေအနေများမှာ သဘာဝကျကျပင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် ဤကိစ္စကို ကိုင်တွယ်ရန် လူတစ်ဦးအား စီစဉ်ပေးရန် ထျန်ရှောင်ဟူကို ချက်ချင်း ညွှန်ကြား လိုက်လေ၏။
ယခင်က ထျန်ရှောင်ဟူသည် ကုမ္ပဏီ၏ ဗဟိုဓာတ်ခွဲခန်းတွင်သာမက ကုမ္ပဏီရုံးချုပ် တစ်ခုလုံးတွင်ပါ မမြင်ရလုနီးပါး ဖြစ်နေခဲ့လေသည်။ ယခု ရွှီပေါ်အန်း အာဏာရလာချိန်တွင် ထျန်ရှောင်ဟူ၏ ရုံးခန်းသည် လူများ စည်ကားရာ နေရာတစ်ခု ဖြစ်လာခဲ့လေပြီ။
ထျန်ရှောင်ဟူ၏ ညွှန်ကြားချက်ကို ကြားသည်နှင့် တစ်ပြိုင်နက် လူအချို့က ချက်ချင်းပင် မိမိသဘော ဆန္ဒအရ သွားရောက်ရန် ကမ်းလှမ်းခဲ့ကြလေ၏။ ဤသည်က နောက်ကျကျန်ရစ်သူများကို ရွှေရောင် အခွင့်အရေး တစ်ရပ် ဆုံးရှုံးသွားသည်ဟု ခံစားရကာ သူတို့၏ ရင်ဘတ်ကို ထုကာ နောင်တရစေခဲ့ လေသည်။
"လူတစ်ယောက် အလင်းရသွားရင် သူ့ရဲ့ ကြက်တွေနဲ့ ခွေးတွေတောင် ကောင်းကင်ဘုံကို ရောက်သွား တယ်" ဟူသော ဆိုရိုးစကားမှာ စကားသက်သက်သာ မဟုတ်ပေ။
ထို့နောက် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို ထုတ်ယူကာ ကွန်ကရစ်မြို့ရိုးများကို တစ်ပိုင်းချင်းစီ ကောက်ယူ လိုက်လေ၏။
ကွန်ကရစ်မြို့ရိုးပုံစံငယ် အဆက်ဆက်သည် ရွာသားများ၏ နေအိမ်ပတ်လည်တွင် သပ်ရပ်စွာ နေရာချ ထားခြင်း ခံလိုက်ရပြီး အပြင်ဘက်သို့ အတော်အတန် အကွာအဝေးအထိ တိုးချဲ့သွားလေသည်။
ငှက်တစ်ကောင်၏ မြင်ကွင်းမှ ကြည့်မည်ဆိုလျှင် မြို့ရိုးနှင့် တောင်တန်းများသည် ခေါင်ရှန်းရွာမှ ရွာသားများ၏ နေထိုင်ရာ နေရာကို ဘဲဥခြမ်းပုံစံ ကာကွယ်ရေးစက်ဝန်း တစ်ခုအဖြစ် ဝန်းရံထားလေ၏။
မြို့ရိုးသည် ဘွန်ဆိုင်း၏ အစွန်းနှင့် အနည်းငယ် ကွာဝေးသော နေရာတွင် တည်ရှိနေပြီး ရွှီပေါ်အန်းသည် မြို့ရိုးအပြင်ဘက်ရှိ အခြေအနေအချို့ကို ဆက်လက်မြင်တွေ့နိုင်ကြောင်း သေချာစေလေသည်။
ဤနည်းအားဖြင့် ရန်သူများ တိုက်ခိုက်လာပါက မြို့ရိုးအပြင်ဘက်တွင်ပင် ရွှီပေါ်အန်းက သူတို့ကို မမျှော်လင့်ဘဲ အလွယ်တကူ နှိမ်နင်းနိုင်မည် ဖြစ်လေ၏။
ရွှီပေါ်အန်း၏ လှုပ်ရှားမှုများသည် ညင်သာပြီး ဂရုတစိုက်ရှိသော်လည်း ဘွန်ဆိုင်းထဲရှိ လူပုလေးများ အတွက်မူ ၎င်းသည် ရှုခင်း၏ ကြီးမားလှသော အပြောင်းအလဲတစ်ခု ဖြစ်နေဆဲပင်။
ရွာသားများသည် ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်သွားသည်ကိုသာ ခံစားလိုက်ရပြီးနောက် ကောင်းကင်ရှိ တိမ်များ ကွဲလွင့်သွားသည်ကို မြင်လိုက်ရလေ၏။
ထို့နောက် မီးခိုးရောင် အရာဝတ္ထုရှည်ကြီးတစ်ခုသည် ကောင်းကင်မှ ကျဆင်းလာပြီး မီတာရာပေါင်းများ စွာ အကွာတွင် ကျရောက်သွားလေသည်။
ရွာသားများ အပြင်သို့ ကြည့်လိုက်သောအခါ လဲလျောင်းနေသော နဂါးတစ်ကောင်နှင့်တူသည့် မြို့ရိုး ကြီးတစ်ခုကို တွေ့လိုက်ရပြီး ခရိုင်မြို့၏ မြို့ရိုးထက် များစွာ ပိုမိုခမ်းနားကြီးကျယ်နေသည်ကို မြင်လိုက် ရလေ၏။
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ အရှင်နတ်မင်းကြီးရဲ့ ကောင်းချီးတွေအတွက် ကျေးဇူးတင်ပါ တယ်...။"
လီခန့်ရှန်း ဦးဆောင်သော ရွာသားများသည် ဒူးထောက်ကာ ရှိခိုးပူဇော်လိုက်ကြလေသည်။
ရွာသားများက သူ၏ လုပ်ရပ်များကို သတိပြုမိသွားကြောင်း မြင်သောအခါ ရွှီပေါ်အန်းသည် ၎င်းကို ဖုံးကွယ်ရန် မကြိုးစားတော့ချေ။
"ဒီမြို့ရိုးနဲ့ဆိုရင် မင်းတို့အတွက် အပို ကာကွယ်ရေးအလွှာ တစ်ခု ရသွားပြီ...။ လုံခြုံရေးအတွက် မင်းတို့ ဘာသာ ဝန်ထမ်းတာဝန်တွေကို အစီအစဉ်ဆွဲရလိမ့်မယ်...။"
လီခန့်ရှန်းက အလျင်အမြန် ပြန်ဖြေလိုက်လေ၏။
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး ပြောတာ မှန်ပါတယ်...။ သက်ဆိုင်ရာ ကိစ္စရပ်တွေကို ချက်ချင်း စတင်စီစဉ်ပါ့မယ်...။"
ရွှီပေါ်အန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ယခင်က သူ၏ရှေ့တွင် အဆူညံဆုံး ဖြစ်သော လီချိန်းရှီဆိုသည့် ကောင်လေးကို မတွေ့ရချေ။
"လီချိန်းရှီ ဘယ်ရောက်သွားတာလဲ...။"
လီခန့်ရှန်းက ရိုသေလေးစားစွာ ရှင်းပြလေ၏။
"တောင်စောင့်နတ်မင်းဘိုးဘိုးကြီးကို အစီရင်ခံပါတယ်...၊ ရှောင်ရှီက အရှင်မင်းကြီး ညွှန်ကြားထားတဲ့ အတိုင်း နှင်းဆီပြာကျောက်တွေ သွားဝယ်ဖို့ ခရိုင်မြို့ကို ထွက်သွားပါပြီ...။ ညီလေးသုံးရဲ့ မိသားစုက ဝေဝေရဲ့ ရထားလှည်းနဲ့ ကြုံလို့ လိုက်သွားတာမို့ အားလုံးအတွက် လိုအပ်တဲ့ အဝတ်အထည်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ တခြားပစ္စည်းတွေကိုလည်း တစ်ပါတည်း ဝယ်လာလို့ရပါတယ်...။ ဘာပဲဖြစ်ဖြစ် အပြင်ထွက်ရတာ လွယ်ကူတဲ့ကိစ္စမှ မဟုတ်တာလေ...။"
ရွှီပေါ်အန်းသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ယခင်က ရွာသားများကို အဝတ်အထည် သို့မဟုတ် ပိုးချည်များ ပေးရန် စီစဉ်ထားသော်လည်း ယခုမူ ထိုစရိတ်ကို သက်သာသွားပြီဟု တွေးလိုက်လေ၏။
*ဘာပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ မှီခိုနိုင်တာ အကောင်းဆုံးပါပဲ... ငါက အရေးပေါ် အခြေအနေတွေမှာပဲ ကူညီပေးနိုင်မှာဖြစ်ပြီး သူတို့ရဲ့ ပုံမှန် ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်အကျွံ ဝင်ရောက်စွက်ဖက်လို့ လုံးဝ မရဘူး... ။*
ရွှီပေါ်အန်းသည် မိမိကိုယ်တိုင်အတွက် စည်းမျဉ်းတစ်ခုကို တိတ်တဆိတ် ချမှတ်လိုက်လေသည်။
ယနေ့မှစ၍ အရေးပေါ်အခြေအနေ သို့မဟုတ် သူတို့၏ ကိုယ်ကျိုးအတွက် မဟုတ်ပါက ရွာသားများ သည် ဘွန်ဆိုင်းကမ္ဘာတွင် တည်ရှိနေသော မည်သည့်အရာကိုမဆို လွတ်လပ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်ပေသည်။
ရွာသားများနှင့် စကားများများစားစား မပြောတော့ဘဲ ရွှီပေါ်အန်းသည် တောင်စောင့်နတ်ကွန်းတွင် သိမ်းဆည်းထားသော အချဉ်ရည်အချို့ကို ယူကာ သူ၏ ဓာတ်ဘူးထဲသို့ ထည့်လိုက်ပြီး သူ၏ ဘွန်ဆိုင်း ကမ္ဘာထဲသို့ ပြန်လည်ဝင်ရောက်သွားလေတော့သည်။
ဘွန်ဆိုင်းကမ္ဘာအတွင်း ရွှီပေါ်အန်း မမြင်နိုင်သော နေရာများတွင်မူ...၊
မြက်နှင့် သစ်သားဖြင့် ပြုလုပ်ထားသော ဦးထုပ်များကို ခေါင်းတွင် ပတ်ထားပြီး ဓား၊ လှံ၊ တုတ်၊ ခက်ရင်း စသည့် လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားသော လူပုလေးတစ်စုသည် လမ်းလျှောက်နေစဉ် ရုတ်တရက် ရပ်တန့်သွားကြလေ၏။
ရှေ့မှ ဦးဆောင်လာသော လူပုလေးတစ်ဦးသည် အဝေးမှ မှုန်ဝါးဝါး မြင်နေရသော မြို့ရိုးကြီးကို လက်ညှိုးထိုးကာ နားမလည်နိုင်သော အမူအရာဖြင့် ကြည့်နေခဲ့လေသည်။
"ဟေး...၊ ဘာလို့ ဒီနေရာမှာ မြင့်မားတဲ့ မြို့ရိုးကြီး ရှိနေရတာလဲ...။ ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ ဒီနေရာကို ကင်းထောက်ဖို့ လာတုန်းက ဒါကြီးရှိနေတာ ငါ မမှတ်မိပါဘူး...။"
အခန်း (၄၈)
အတွေ့အကြုံမရှိသော ဝန်ထမ်းသစ်
ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာထဲရှိ လူပုလေးများ၏ အသွင်အပြင်ကို လုံးဝ မသိရှိခဲ့ချေ။
ဘွန်ဆိုင်းအတွင်း သူ တက်ကြွစွာ သိမြင်နိုင်သော နယ်မြေမှာ ဘွန်ဆိုင်း၏ အစွန်းဘောင်အတွင်း၌သာ ကန့်သတ်ထားလေသည်။
၎င်းအပြင်ဘက်တွင်မူ သူ လုပ်နိုင်စွမ်း ဘာမှမရှိချေ။
သူ၏ မိဘများ မကြာမီ ရောက်ရှိလာတော့မည်ဟု တွေးမိသဖြင့် ရွှီပေါ်အန်းသည် သူ၏ ဖုန်းကို ကောက် ကိုင်ကာ သူတို့ကို ဖုန်းဆက်ပြီး နှုတ်ဆက်စကား အနည်းငယ် ပြောဆိုကာ ဘယ်နေရာသို့ ရောက်နေပြီ လဲဟု မေးမြန်းလိုက်လေ၏။
ဖုန်းချလိုက်သောအခါ ခေါ်ဆိုမှုမှတ်တမ်းကို လှမ်းကြည့်လိုက်ရာ အနီရောင်ဖြင့် ပြနေသော လက်ခံမရရှိ ခဲ့သည့် ခေါ်ဆိုမှု မှတ်တမ်းတစ်ခုကို သတိပြုမိသွားလေသည်။
ထိုသူမှာ ရွိုင်ရယ်ဒိုင်းနက်စတီ ဟိုတယ်မှ သူ ရင်းနှီးကျွမ်းဝင်သော ဧည့်ကြိုမန်နေဂျာတစ်ဦး ဖြစ် ကြောင်း ရွှီပေါ်အန်း မှတ်မိသွားလေ၏။ ရွှီပေါ်အန်းသည် ထိုနေရာတွင် မကြာခဏ သွားရောက်စား သောက်လေ့ရှိပြီး ထိုဧည့်ကြိုမန်နေဂျာနှင့် တော်တော်လေး ဆက်ဆံရေး ရှိခဲ့လေသည်။
ထိုခေါ်ဆိုမှုမှာ မနေ့ညက ဖုန်းဘက်ထရီကုန်၍ ပိတ်သွားလုနီးပါး အချိန်တွင် ဝင်လာခဲ့ခြင်း ဖြစ်ပုံရ လေ၏။
ခေတ္တမျှ စဉ်းစားပြီးနောက် ရွှီပေါ်အန်းသည် ဧည့်ကြိုမန်နေဂျာထံ ပြန်လည်ခေါ်ဆိုလိုက်လေသည်။
ဘာပဲဖြစ်ဖြစ် တစ်ဖက်လူသည် ယခင်က သူ့အား စားသောက်ရန် အဆင်ပြေစေမည့် ရွေးချယ်စရာများ စွာကို ပံ့ပိုးပေးခဲ့ဖူးသဖြင့် ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားသင့်သည်ဟု သူ ယူဆလိုက်လေ၏။
ဖုန်းဝင်သွားသည်နှင့် တစ်ပြိုင်နက် ဧည့်ကြိုမန်နေဂျာက သူ့အား နွေးထွေးစွာ နှုတ်ဆက်လေသည်။
"ဆရာရွှီ...၊ ဂုဏ်ပြုပါတယ်...။ အစ်ကို့ကို မွေးနေ့အတွက် ဂုဏ်ပြုစကား ပြောဖို့ ခင်ဗျားရဲ့ ညီလေးကို ဘယ်အချိန်လောက် အခွင့်အရေး ပေးမလဲ...။"
ရွှီပေါ်အန်းက ပြုံးကာ ပြောလိုက်လေ၏။
"ဟေး...၊ အခုတလော သတင်းကောင်းတွေ အများကြီးပဲ...။ ဝေ့အိုကြီး...၊ မင်းက ဘယ်ကိစ္စကို ဂုဏ်ပြု နေတာလဲ...။"
ဧည့်ကြိုမန်နေဂျာ ဝေ့ဝမ်ပင်က မြှောက်ပင့်ပြောဆိုလိုက်လေသည်။
"ဆရာရွှီက ကံကောင်းမှုတွေနဲ့ ပြည့်စုံနေတာပဲ...။ ကျွန်တော့်ရဲ့ ဗဟုသုတက အရမ်းနည်းပါးလွန်းနေပုံ ရတယ်...။ မနေ့ညက ဥက္ကဋ္ဌစူးထိုက်နဲ့ ခင်ဗျား တွေ့ဆုံခဲ့တဲ့ ကိစ္စကို ပြောတာပါ...။"
"အို...၊ မင်းက ဥက္ကဋ္ဌစူးကို သိတာလား...။" ဟု ရွှီပေါ်အန်းက အလွန်အံ့အားသင့်စွာဖြင့် ပြောလိုက်လေ ၏။
ဘာပဲဖြစ်ဖြစ် ဟိုတယ်ဝန်ထမ်းများသည် ကျယ်ပြန့်သော အဆက်အသွယ်များရှိပြီး လူအမျိုးမျိုးကို သိကျွမ်းသော်လည်း စူးထိုက်နှင့် သာမန် ဧည့်ကြိုမန်နေဂျာတစ်ဦးတို့အကြားတွင် သိသာထင်ရှားသော ကွာခြားချက် ရှိနေသေးလေသည်။
ဝေ့ဝမ်ပင်က မိမိကိုယ်ကိုယ် လှောင်ပြောင်သော အပြုံးဖြင့် ပြောလိုက်လေ၏။
"မဖြစ်နိုင်ပါဘူး...၊ ကျွန်တော်ကသာ သူ့ကိုသိတာ...။ သူက ကျွန်တော့်ကို မသိပါဘူး...။ ကျွန်တော့်ရဲ့ သူဌေးကသာ ဥက္ကဋ္ဌစူးကို သိတာပါ...။ မနေ့ညက သူတို့ အတူတူ ညစာစားခဲ့ကြတယ်လေ...၊ ဥက္ကဋ္ဌစူးကို ပြန်ပို့ပေးပြီးတဲ့နောက် ကျွန်တော်နဲ့ သူဌေးက စကားစမြည်ပြောကြတော့ ဥက္ကဋ္ဌစူးက ခင်ဗျားရဲ့ တုန်းကျန်း ဆောက်လုပ်ရေးကုမ္ပဏီမှာ လာအလုပ်လုပ်တော့မယ်ဆိုတာ သိလိုက်ရတယ်...။"
" မနေ့ညကတည်းက ခင်ဗျားကို ပြောမလို့ပဲ...။ ဒါပေမဲ့ ဖုန်းနှစ်ခါမြည်ပြီးတော့ ကျသွားတယ်...။ ကျွန်တော် ပြန်ခေါ်ကြည့်တော့ ခင်ဗျားဖုန်းက ပိတ်ထားတယ်လေ...။"
ရွှီပေါ်အန်းသည် ရုတ်တရက် သဘောပေါက်သွားခဲ့လေ၏။
"အို...၊ ဒါက တကယ်ကို တိုက်ဆိုင်လွန်းတာပဲ...။ အဲဒီအချိန်က ငါ့ဖုန်း အားကုန်သွားလို့...။"
စကားအကြောင်းအရာကို ပြောင်းလဲကာ ရွှီပေါ်အန်းက စဉ်းစားဟန်ဖြင့် မေးလိုက်လေသည်။
"မနေ့က ငါတို့ရဲ့ ဥက္ကဋ္ဌစူးက ဘဏ်ခေါင်းဆောင်တွေအတွက် စားသောက်ပွဲ ကျင်းပပေးတုန်းက သူက စားပွဲမှာ အလွန်အမင်း ကြမ်းတမ်းပြီး ပြိုင်ဘက်တွေကို အနိုင်ယူကာ ကြီးမားတဲ့ အကျိုးအမြတ်တွေကို ရိတ်သိမ်းနိုင်ခဲ့တယ်လို့ ငါကြားခဲ့တယ်...။"
ဝေ့ဝမ်ပင်က အားရပါးရ ရယ်မောလိုက်လေ၏။
"ဟားဟား...။ ဆရာရွှီ...၊ ဒီအရာအားလုံးက ခင်ဗျားကြောင့်ဆိုတာကို ကျွန်တော်တို့ သူဌေးဆီကနေ ကြားခဲ့ရပါတယ်...။ မနေ့ညက ခင်ဗျားပေးတဲ့ အမူးပြေဆေးကို သောက်ပြီးသွားတော့ ဥက္ကဋ္ဌစူးက အရက်အိုးကိုကိုင်ပြီး စားသောက်ပွဲမှာ လုံးဝ တားဆီးလို့မရအောင် သောင်းကျန်းနေခဲ့တာတဲ့...။
" ပြီးတော့ ယွမ်သန်းပေါင်း ရာနဲ့ချီတဲ့ အရောင်းအဝယ်ကို ချက်ချင်း ရရှိခဲ့တယ်လို့ ကြားတယ်...။ ကျွန်တော်တို့ သူဌေးက အရမ်းကို အံ့ဩသွားတာပဲ...။ ခုနကတောင် သူက ခင်ဗျားနဲ့ အတူ ညစာစားဖို့ ဖိတ်ခေါ်ဖို့ နည်းလမ်းရှာခိုင်းနေသေးတယ်...။ သူကလည်း ဒီလောက် အစွမ်းထက်တဲ့ အမူးပြေဆေးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ချင်နေတယ်လေ...။"
ရွှီပေါ်အန်းသည် အားရပါးရ ရယ်မောကာ ပြောလိုက်လေသည်။
"သေချာတာပေါ့...၊ သေချာတာပေါ့...။"
စူးထိုက်အား အမူးပြေဆေးအဖြစ် အချဉ်ရည်တချို့ ပေးရန် ဆုံးဖြတ်ပြီးဖြစ်ရာ ဤအရာကို အများ ပြည်သူသို့ သဘာဝကျကျ ရောင်းချနိုင်ပြီး ပိုမိုရောင်းချရလေ ပိုကောင်းလေပင် ဖြစ်သည်။ မည်သူကမျှ ငွေကို ငြင်းဆန်လိုမည် မဟုတ်ပေ။
ထို့အပြင် ရွိုင်ရယ်ဒိုင်းနက်စတီ ဟိုတယ်ပိုင်ရှင်၏ ပရိုမိုးရှင်း အကျိုးသက်ရောက်မှုသည် စူးထိုက်၏ အကျိုးသက်ရောက်မှုထက် သေချာပေါက် များစွာ ပိုမိုကောင်းမွန်မည် ဖြစ်လေ၏။
ထို့ကြောင့် ရွှီပေါ်အန်းသည် စဉ်းစားပြီးနောက် သဘောတူလိုက်လေသည်။
"ကောင်းပြီလေ...၊ အချိန်သာ ပြောလိုက်ပါ...။"
ဝေ့ဝမ်ပင်မှာ အလွန်ဝမ်းသာသွားခဲ့လေ၏။
"ဒါဆိုရင် ဒီနေ့ နေ့လယ်ပဲ လုပ်ကြတာပေါ့...။ ဆရာရွှီရဲ့ ရာထူးတိုးတာနဲ့ လစာတိုးတာကို အခုချက်ချင်း ကျင်းပလို့ရတာပေါ့...။"
ရွှီပေါ်အန်း ချက်ချင်း သဘောပေါက်သွားခဲ့လေသည်။ ရွိုင်ရယ်ဒိုင်းနက်စတီ ဟိုတယ်ပိုင်ရှင်နှင့် စူးထိုက် တို့အကြား ဆက်ဆံရေးသည် သာမန်ထက် သေချာပေါက် ထူးခြားနေမည်မှာ အသေအချာပင်။ မဟုတ် လျှင် အခြားလုပ်ငန်းခွင်မှ လူတစ်ဦးသည် သူ၏ ရာထူးတိုးခြင်းအကြောင်းကို ဤမျှ လျင်မြန်စွာ သိရှိနိုင် မည် မဟုတ်ပေ။
ရွှီပေါ်အန်းက ငြင်းဆန်ကာ ပြောလိုက်လေ၏။
"နေ့လယ်တော့ အဆင်ပြေမယ် မထင်ဘူး...။ ဒီနေ့ ငါ့မိဘတွေ လာလည်ကြမှာ...။ သူတို့က နောက်ကျမှ ရောက်လောက်မယ်...။ ခဏနေရင် သူတို့ကို ဘူတာရုံက သွားကြိုရဦးမယ်လေ...။"
ထိုစကားကို ကြားသောအခါ ဝေ့ဝမ်ပင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားခဲ့လေ၏။ အခွင့်အရေး ရောက်လာပြီ မဟုတ်ပါလား။
"ဒါဆို အရမ်းကောင်းတာပေါ့...။ ခင်ဗျားကို ကြိုဖို့ ကားတစ်စီး လွှတ်လိုက်မယ်...။ ပြီးတော့ ခင်ဗျားရဲ့ မိဘတွေကို သွားကြိုဖို့ ဘူတာရုံကို အတူတူ သွားလို့ရတာပေါ့...၊ ပြီးရင် ကျွန်တော်တို့ ဟိုတယ်ကို တိုက်ရိုက်လာပြီး ရိုးရိုးရှင်းရှင်း စားသောက်ရင်း အနားယူကြမယ်...။ ခင်ဗျားရဲ့ မိဘတွေ အပန်းဖြေဖို့ အတွက် တရုတ်တိုင်းရင်းဆေး အနှိပ်ခန်းကိုလည်း စီစဉ်ပေးလို့ရတယ်...။ အားလုံး အသင့်ပြင်ထားပြီး သားပါ...။ ဤထက် ပိုကောင်းတာ မရှိနိုင်တော့ဘူး...။ ဘယ်လိုလဲ ဆရာရွှီ...။"
ရွှီပေါ်အန်း၏ မျက်လုံးများ အနည်းငယ် တောက်ပသွားခဲ့လေသည်။ ဘုရားရေ... ဧည့်ခံရေးလုပ်ငန်းမှ ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားကို လျှော့မတွက်သင့်ကြောင်း တွေ့ရှိရလေ၏။ ဝေ့ဝမ်ပင်၏ ထည့် သွင်းစဉ်းစားမှုမှာ ဤထက် ပိုမိုပြည့်စုံနိုင်စရာ မရှိတော့ချေ။
*ငါ့မိဘတွေက တစ်သက်လုံး ကြိုးစားရုန်းကန်ခဲ့ရတာ။ ငါ့ရဲ့ အောင်မြင်နေတဲ့ အချိန်တွေမှာတောင် မိသားစုအတွက် ပရိဘောဂတွေ၊ ပိုက်ဆံနဲ့ အစားအသောက်တွေ ဝယ်ပေးတာကလွဲရင် သူတို့နဲ့အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ ဒါမှမဟုတ် လှပတဲ့ တိုင်းပြည်အနှံ့ ခရီးသွားဖို့ အချိန်မရှိခဲ့ဘူး...။*
ယခုအချိန်တွင် ဝေ့ဝမ်ပင်၏ အစီအစဉ်သည် သူ၏ မိဘများအား ကြယ်ငါးပွင့်ဟိုတယ်၏ ဝန်ဆောင်မှု ကို ခံစားခွင့်ရစေပြီး သူတို့၏ အေးစက်စက်နှင့် လူသူကင်းမဲ့နေသော ဗီလာထက် များစွာ ပိုမို သက် သောင့်သက်သာ ရှိစေလေ၏။
*ဘာပဲဖြစ်ဖြစ် ငါ့ဗီလာက ဒီနေရာမှာ ရှိနေတာပဲ...၊ နောက်မှ ပြန်သွားလို့ရတာပေါ့...။*
ရွှီပေါ်အန်းသည် ချက်ချင်းပင် သဘောတူလိုက်ပြီး ပြောလိုက်လေသည်။
"ဒါဆိုရင် မင်းကို ဒုက္ခပေးရတော့မယ် ညီလေး...။ မင်းရဲ့ သူဌေးကို ငါ့ကိုယ်စား ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး...။"
ကိစ္စရပ်များ ပြီးစီးသွားပြီးနောက် ရွှီပေါ်အန်းသည် စိတ်ခံစားချက် ကောင်းမွန်နေကာ အနီးရှိ ဓာတ်ဘူးကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်ရင်း သီချင်းလေး တစ်အေးအေးဖြင့် ဆိုနေခဲ့လေ၏။
ဓာတ်ဘူးထဲတွင် သူ ခုနက ထည့်ထားခဲ့သော အချဉ်ရည်များ ရှိနေလေသည်။
ဓာတ်ဘူးထဲရှိ အချဉ်ရည်များကို ကြည့်ရင်း ရွှီပေါ်အန်းသည် ငုံ့၍ ခွက်၏ နှုတ်ခမ်းသားကို ညင်သာစွာ အနံခံ ကြည့်မိလေ၏။
"အင်း...၊ ဒါက တကယ်ကို အနံ့ပြင်းတာပဲ...။ တခြား ပါဝင်ပစ္စည်းတချို့နဲ့ တွဲဖက်လိုက်ရင် ပိုအရသာ ရှိမလား မသိဘူး...။"
ဤသို့ စိတ်ကူးရှိသော်လည်း ရွှီပေါ်အန်းသည် တရားလွန် မစမ်းသပ်ရဲချေ။
အကယ်၍ ၎င်းက အမူးပြေစေသည့် အာနိသင်ကို ထိခိုက်စေပါက စူးထိုက်၏ ဂုဏ်သိက္ခာကို ကျဆင်း စေမည်ကို သူ စိုးရိမ်မိလေ၏။
အကယ်၍ ဆေး၏ အာနိသင်ကို စမ်းသပ်လိုပါက နောက်ပိုင်းတွင် စမ်းသပ်မှုများ ပြုလုပ်ရန် ကျွမ်းကျင် သူအချို့ကို ရှာဖွေရမည် ဖြစ်လေသည်။
အရေးအကြီးဆုံး တာဝန်မှာ အချဉ်ရည်များကို ခွဲခြားထားရန် ထည့်စရာအချို့ကို ရှာဖွေရန်ဖြစ်ပြီး မဟုတ်ပါက ဓာတ်ဘူးကို စူးထိုက်ထံသို့ တိုက်ရိုက်ယူသွား၍ မရနိုင်ပေ။
ဤကဲ့သို့သော ထုပ်ပိုးမှုနှင့် ပမာဏမျိုးဖြင့်ဆိုလျှင် အလွန်တန်ဖိုးနည်းပုံပေါ်ပြီး ရလဒ်အနေဖြင့် ကူညီ မှုသည်ပင် တန်ဖိုးမဲ့သွားမည် ဖြစ်လေ၏။
ရွှီပေါ်အန်းသည် သူ၏စားပွဲပေါ်ရှိ ကြိုးဖုန်းကို ကောက်ကိုင်ကာ ရုံးဖုန်းကို ခေါ်လိုက်လေသည်။
ဖုန်း အကြိမ်အနည်းငယ် မြည်ပြီးနောက် အနည်းငယ် အနေရခက်ဟန်ရှိသော အသံတစ်သံ ထွက်ပေါ် လာလေ၏။
"ဟဲလို...၊ ရုံးခန်းကပါ...။"
ရွှီပေါ်အန်းက နှုတ်ခမ်းကို တွန့်လိုက်လေသည်။ ဤဝန်ထမ်းသစ်လေးသည် ဒုတိယ အင်ဂျင်နီယာချုပ်၏ ကြိုးဖုန်းနံပါတ်ကိုပင် အလွတ်မကျက်ရသေးချေ။
"အို...၊ ငါ ရွှီပေါ်အန်းပါ...။ ငါ့အတွက် ပုလင်းငယ်လေး နည်းနည်းလောက် ရှာပေးလို့ရမလား...။ အဖုံးပါ တဲ့ ဖန်ပုလင်းငယ်လေးတွေ လိုချင်တယ်...။ သေးလေ ပိုကောင်းလေပဲ...။"
ကုမ္ပဏီရုံးခန်းသည် မီးဖိုချောင်နှင့် တရားဝင်ကားများအတွက် ကားဂိုဒေါင်ကဲ့သို့သော ကြီးမားသည့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများမှစ၍ အိမ်သာသုံးစက္ကူကဲ့သို့သော အသေးစိတ် အချက်အလက် များအထိ ရုံးတွင်းရေးရာများကို တာဝန်ယူ ကိုင်တွယ်ဖြေရှင်းရလေသည်။
သေချာသည်မှာ ခေါင်းဆောင်မှုအဖွဲ့၏ ကိုယ်ပိုင် လိုအပ်ချက်များနှင့် ကိစ္စရပ်အချို့လည်း ပါဝင်လေ၏။
ထို့ကြောင့် ဖုန်းတစ်ဖက်မှလူသည် ချက်ချင်းပင် သဘောတူလိုက်လေသည်။
"နားလည်ပါပြီ ဆရာရွှီ...။ ဗဟိုဝယ်ယူရေး ပေးသွင်းသူကို ချက်ချင်း ဆက်သွယ်ပြီး အမြန်ဆုံး လာပို့ခိုင်း လိုက်ပါ့မယ်..."
ရွှီပေါ်အန်းက အင်း ဟု ပြန်ဖြေလိုက်ပြီး ဖုန်းချတော့မည့်ဆဲဆဲတွင် တစ်ဖက်မှ အလျင်စလို အသံတစ် သံကို ကြားလိုက်ရလေ၏။
"ဆရာ့မှာ တခြား ပြောစရာ ဘာမှမရှိတော့ဘူးလား...။"
ရွှီပေါ်အန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။
*အခြားအရာတွေလား...၊ မရှိတော့ဘူးထင်တယ်... ။*
ထို့အပြင် တစ်ဖက်လူ၏ မေးခွန်းမှာ အတော်လေး ရိုင်းစိုင်းပုံရလေ၏။ ချိုင်းနား မိုဘိုင်း ဖောက်သည် ဝန်ဆောင်မှု ဝန်ထမ်းများ အသုံးပြုသော ဘာသာစကားကို ကြည့်ပါ၊ သူတို့သည် အလွန်ယဉ်ကျေးပြီး သဘောကောင်းလှပေသည်။
"ကျွန်မ ကူညီပေးနိုင်တာ တခြားဘာများ ရှိသေးလဲခင်ဗျာ..." သူမ၏ လေသံမှာ ချစ်စရာကောင်းပြီး တည်ငြိမ်လွန်းလှသည်၊ ဤသည်ကို ကျွမ်းကျင်မှုဟု ခေါ်ဆိုရမည် ဖြစ်လေ၏။
ဆောက်လုပ်ရေးကုမ္ပဏီ၏ အပျော်တမ်းအဆင့်သည် ချိုင်းနား မိုဘိုင်း၏ ကျွမ်းကျင်မှုစွမ်းရည်များကို သဘာဝကျကျ ယှဉ်နိုင်မည်မဟုတ်ကြောင်း ရွှီပေါ်အန်း နားလည်ထားလေသည်။
ထို့ကြောင့် ရွှီပေါ်အန်းသည် ၎င်းကို စိတ်ထဲမထားဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်လေ၏။
"ဘာကို ဆိုလိုတာလဲ...။"
"မဟုတ်ပါဘူး...၊ မဟုတ်ပါဘူး...။ ခေါင်းဆောင်ကြီးမှာ စီစဉ်စရာ တခြားဘာများ ရှိသေးလဲလို့ မေးချင် လို့ပါ...။ မရှိတော့ဘူးဆိုရင် ဖုန်းချလိုက်တော့မယ်နော်...။"
တစ်ဖက်မှ အသံမှာ အလျင်စလိုဖြစ်နေပြီး သဘာဝမကျပုံရလေသည်။
"တီ... တီ... တီ..."
ဖုန်းပြတ်သွားသော အသံကို ကြားလိုက်ရသဖြင့် ရွှီပေါ်အန်းသည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက် လေ၏။
*သူဌေးရှေ့မှာ ဖုန်းချရဲတဲ့အထိကို သူမက အတွေ့အကြုံမရှိတဲ့ ဝန်ထမ်းသစ်လေးပဲ….။*
ရွှီပေါ်အန်းသည် ဖုန်းချပြီးနောက် များများစားစား မတွေးတော့သော်လည်း ဖုန်းတစ်ဖက်ရှိ ရုံးစာရေး မလေးမှာမူ စိုးရိမ်ပူပန်နေသော အမူအရာဖြင့် သူမကိုယ်သူမ စကားပြောနေခဲ့လေ၏။
"ငါ ဘယ်လိုလုပ်ရမလဲ...၊ သူ အဲ့ဒီဓာတ်ပုံတွေကို တွေ့သွားပြီလား မသိဘူး...။ ငါ အရမ်းတုံးတာပဲ...၊ ပိုက်ဆံပါတဲ့ စာအိတ်နဲ့ ဓာတ်ပုံပါတဲ့ စာအိတ်ကို မှားပေးခဲ့မိတယ်...။"