← Chapters

အခန်း (၄၉၅-၄၉၆)

Vol. 46 Ch. 495-496

အခန်း (၄၉၅-၄၉၆)

Vol. 46 Ch. 495-496

အပိုင်း (၄၉၅)

ကောလာဟလများက အချက်အလက် တိကျလွန်းလှသဖြင့် လူတိုင်းက အမှန်ဟု ယုံကြည်နေကြသည်။

လင်းပိုင်ဖန်လည်း ထိုသတင်းကို ကြားသိသော်လည်း တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားမိနေခဲ့သည်။ ပုံမှန်အားဖြင့် ဧကရာဇ်တစ်ပါး၏ ကျန်းမာရေးကဲ့သို့သော ကိစ္စရပ်များကို နိုင်ငံတော်က အထူးလျှို့ဝှက်ထားလေ့ရှိသည်။ သတင်းပေါက်ကြားခဲ့လျှင်ပင် ရက်အနည်းငယ် (သို့မဟုတ်) လနှင့်ချီ၍ ကြာမြင့်ပြီးမှ ပျံ့နှံ့လေ့ရှိသည်။

သို့သော် မဟာလော့ဧကရာဇ် နာမကျန်းဖြစ်သည့် သတင်းမှာ ဖြစ်ပွားပြီး နောက်တစ်ရက်မှာပင် တစ်နိုင်ငံလုံးသို့ အလျှင်အမြန် ပျံ့နှံ့သွားခဲ့သည်။ ဤသည်မှာ နောက်ကွယ်မှ မမြင်ရသော လက်တစ်စုံက အရာရာကို ကြိုးကိုင်မောင်းနှင်နေသကဲ့သို့ပင် ဖြစ်နေတော့သည်။

သူ့ကို ပို၍ ဇဝေဇဝါ ဖြစ်စေသည်မှာ မဟာလော့ဧကရာဇ်၏ နောက်ကွယ်တွင် တာအိုဂိုဏ်း ရှိနေပါလျက်နှင့် အဘယ်ကြောင့် ဤရောဂါကို မကုသနိုင်ရသနည်း ဆိုသည့် အချက်ပင် ဖြစ်သည်။ ၎င်းမှာ ရှားပါးအဆိပ်မျိုးလည်း မဟုတ်ရာ ကုသ၍ မရနိုင်စရာ အကြောင်းမရှိပေ။ သူကိုယ်တိုင်ပင် ထိုကိစ္စကို ဖြေရှင်းရန် နည်းလမ်းများစွာ ရှိနေပါလျက်နှင့် နှစ်ပေါင်းများစွာ အစဉ်အလာကြီးမားလှသော တာအိုဂိုဏ်းက မဖြေရှင်းနိုင်ဟုဆိုသည်မှာ ယုတ္တိမရှိလှပေ။

“အင်း... တာအိုဂိုဏ်းက မဟာလော့ကို လက်လွှတ်ဖို့ ပြင်နေတာလား။ ဂုဏ်သိက္ခာရှိရှိ ထွက်ခွာနိုင်ဖို့ လူထုရဲ့ အမြင်ကို လမ်းကြောင်းပေးနေတာများလား”

လင်းပိုင်ဖန် ထိုသို့ တွေးတောမိခြင်းမှာ အကြောင်းရင်း ရှိပေသည်။ ပထမအချက်မှာ မဟာလော့၏ အခြေအနေအရ နတ်ဘုရားဆင်းကယ်လျှင်ပင် ကယ်တင်၍ ရနိုင်တော့မည် မဟုတ်ရာ တာအိုဂိုဏ်းအနေဖြင့် မျှော်လင့်ချက်မရှိသော အရာတစ်ခုအပေါ် ဆက်လက် ရင်းနှီးမြှုပ်နှံထားမည် မဟုတ်ပေ။ သို့သော် တိုက်ရိုက် စွန့်ခွာသွားရန်မှာလည်း မဖြစ်နိုင်ချေ။

မဟာလော့ဧကရာဇ်မှာ သူတို့ ကိုယ်တိုင် ထောက်ခံအားပေးခဲ့သော မင်းကောင်းမင်းမြတ် ဖြစ်သည့်အပြင် သူတို့၏ အဓိက မဟာမိတ်လည်း ဖြစ်သည်။ ထိုသို့သော မဟာမိတ်ကို ဗြောင်ကျကျ စွန့်ပစ်ခဲ့လျှင် အများ၏ ကဲ့ရဲ့ရှုံ့ချခြင်းကို ခံရမည်ဖြစ်ပြီး သိက္ခာကျပေလိမ့်မည်။ ဖြောင့်မတ်သော တာအိုဂိုဏ်းအနေဖြင့် ဂုဏ်သိက္ခာကိုတော့ ထိန်းသိမ်းရပေလိမ့်မည်။

သို့ဆိုလျှင် မည်သည့်နည်းလမ်းက သူတို့ကို ဂုဏ်သိက္ခာရှိရှိ ထွက်ခွာခွင့် ပေးနိုင်မည်နည်း။

အဖြေက ရှင်းနေတော့သည်။ ထိုမဟာမိတ် သေဆုံးသွားခြင်းပင်။ သေခြင်းတရားမှာ မီးစာကုန် ဆီခန်းသည့်နှယ် အရာရာ ပြီးဆုံးသွားခြင်း ဖြစ်သည်။ သို့သော် သူတစ်ပါး လက်ချက်ဖြင့် အသတ်ခံရလျှင်မူ တာအိုဂိုဏ်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ ရောဂါဖြင့် သေဆုံးစေခြင်းပင် ဖြစ်သည်။

မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာကျင်ခြင်းနှင့် သေဆုံးခြင်းတို့မှာ လူသားတို့ မလွန်ဆန်နိုင်သော သဘာဝတရားများ ဖြစ်သည်။ ဤနည်းဖြင့် တာအိုဂိုဏ်းမှာ လွတ်လွတ်လပ်လပ်နှင့် ဂုဏ်သိက္ခာရှိရှိ ထွက်ခွာသွားနိုင်မည်ဖြစ်သည်။

“ငါတို့ မကူညီချင်တာ မဟုတ်ဘူး၊ တစ်ဖက်လူက ရောဂါနဲ့ ဆုံးပါးသွားတာပဲ၊ ငါတို့လည်း ဘာမှ မတတ်နိုင်ခဲ့ဘူး” လို့ ပြောနိုင်ပေသည်။

ထိုသို့ဆိုလျှင် အခြားသူများကလည်း တာအိုဂိုဏ်းကို အပြစ်တင်မည် မဟုတ်ဘဲ မဟာလော့ဧကရာဇ်ကသာ အကုသိုလ်ကံကြီးမားလွန်း၍ ကိုယ့်ကံကိုယ် ခံရခြင်းဖြစ်သည်ဟုသာ ပြောကြပေလိမ့်မည်။ အစီအစဉ်ကတော့ အပြစ်ဆိုဖွယ်မရှိ အလွန်ပင် ကောင်းမွန်လှပေသည်။

သို့သော် ဤအရာအားလုံးမှာ ခန့်မှန်းချက်သာ ဖြစ်ရာ လင်းပိုင်ဖန်သည် သူ၏ သံသယကို အတည်ပြုနိုင်ရန် နိပုတာနှင့် ယွမ်ထျန်းကန်းတို့ကို ခေါ်ယူလိုက်သည်။

“မဟာလော့ဧကရာဇ်က ရောဂါပြင်းထန်နေပြီး သေအံ့ဆဲဆဲ ဖြစ်နေတယ်လို့ ကောလာဟလတွေ ထွက်နေတယ်။ မင်းတို့မှာ ကောင်းကင်လျှို့ဝှက်ချက်တွေကို မြင်နိုင်စွမ်း ရှိတာကြောင့် မဟာလော့ကို သွားပြီးတော့ ဒီကောလာဟလတွေက အမှန်လား ဆိုတာကို စုံစမ်းပေးပါ”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” ထိုနှစ်ဦးမှာ အမိန့်ကို ခံယူပြီး မဟာလော့နိုင်ငံသို့ ချက်ချင်းပင် ထွက်ခွာသွားခဲ့ကြသည်။

လေးရက်အကြာတွင် သူတို့ ပြန်ရောက်လာပြီး လင်းပိုင်ဖန်ထံသို့ သတင်းစကား တစ်ခုကို သယ်ဆောင်လာခဲ့ကြသည်။

“နဂါးစစ်စစ်ကတော့ ကွယ်လွန်တော့မှာ ဖြစ်ပြီး မင်းဆက်ကလည်း ဆက်လက် တည်တံ့မှာ မဟုတ်ပါဘူး”

အဓိပ္ပာယ်မှာ ရှင်းလင်းလှသည်။ မဟာလော့ဧကရာဇ်မှာ သေခြင်းတရားနှင့် နီးကပ်နေပြီး နိုင်ငံတော်မှာလည်း ပြိုလဲလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

လင်းပိုင်ဖန် ခဏမျှ စဉ်းစားကာ ပြုံးလိုက်မိသည်။ “တာအိုဂိုဏ်းက မဟာလော့ကို အမှန်တကယ် စွန့်ပစ်ဖို့ ပြင်နေပြီပဲ။ သူတို့က ဂုဏ်သိက္ခာရှိရှိ ထွက်သွားချင်တာလား။ ငါကတော့ သူတို့ အလိုအတိုင်း ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး!”

လင်းပိုင်ဖန်သည် လက်ဗလာဆရာကြီးကို ခေါ်ယူ၍ ထိုကိစ္စကို တာဝန်ပေးလိုက်သည်။ အစီအစဉ်ကို ကြားသိပြီးနောက် လက်ဗလာဆရာကြီးသည် အလွန်စိတ်လှုပ်ရှားသွားပြီး ထိုတာဝန်ကို အပြည့်အဝ ဆောင်ရွက်မည့်အကြောင်း ကတိပေးလိုက်သည်။

သူသည် မဟာလော့နိုင်ငံသို့ တိတ်တဆိတ် သွားရောက်ပြီး မိုယုယန်ကို ရှာဖွေတွေ့ရှိခဲ့သည်။

“ဒါ... လက်ဗလာဆရာကြီး မဟုတ်လား။ ကျွန်မဆီ ဘာလာလုပ်တာလဲ” မိုယုယန်က မေးလိုက်သည်။

“ငါက လက်ဗလာဆရာကြီး မဟုတ်ဘူး။ ငါက သူ့အစ်ကို 'လက်ဗလာနှစ်ဖက်' ” ဟု လက်ဗလာဆရာကြီးက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။

မိုယုယန်၏ နှုတ်ခမ်းများ အသာအယာ လှုပ်ရှားသွားပြီး ထိုသို့သော မဟုတ်မဟတ် လိမ်ညာမှုကို ကြည့်ကာ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။ “ဘာပြောချင်တာလဲသာ ပြောပါ။ ကျွန်မမှာ အချိန်အပိုမရှိဘူး”

လက်ဗလာဆရာကြီးက- “အရှင်မင်းကြီးက မင်းဆီကို သတင်းတစ်ခု ပါးလိုက်တယ်။ မဟာလော့ဧကရာဇ်က ရောဂါကျွမ်းနေပြီး မကြာခင် ကွယ်လွန်တော့မယ်၊ မင်းက ကိုယ်ရေးကိုယ်တာ ကံကြမ္မာကို ကိုယ်တိုင် လက်စားချေချင်တယ်ဆိုရင် မြန်မြန် လုပ်မှ ဖြစ်မယ်။ မဟုတ်ရင် အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်”

မိုယုယန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ “အဲ့ဒီ ဧကရာဇ်ခွေးက တကယ်ပဲ သေတော့မှာလား”

သေခြင်းတရားမှာ အတူတူပင် ဖြစ်သော်လည်း မဟာလော့ဧကရာဇ်သည် သူမ၏ လက်ဖြင့် မသေဆုံးရလျှင် သူမ၏ ကလဲ့စားချေလိုစိတ်မှာ ကျေနပ်မည်မဟုတ်ပေ။ သူမ မောင်၏ ဝိညာဉ်ကိုလည်း မည်သို့ နှစ်သိမ့်ပေးနိုင်မည်နည်း။

“သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” မိုယုယန်က ဦးညွှတ်လိုက်ပြီး မြို့တော်သို့ ချက်ချင်းပင် ဦးတည်ထွက်ခွာသွားခဲ့သည်။

“နေဦး” လက်ဗလာဆရာကြီးက လှမ်းတားလိုက်သည်။ “ဒီအတိုင်းပဲ သွားတော့မလို့လား”

မိုယုယန်က နားမလည်ဟန်ဖြင့် ပြန်ကြည့်ကာ “ဘာဖြစ်လို့လဲ” ဟု မေးလိုက်သည်။

“မင်းရဲ့ အခု စွမ်းရည်နဲ့ဆိုရင် တာအိုဂိုဏ်းရဲ့ ဆရာကြီးကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

လက်ဗလာဆရာကြီးက ပုလင်းတစ်လုံးကို ထုတ်ကာ ကမ်းပေးလိုက်ရင်း “ဒါက ငါတို့ အရှင်မင်းကြီးက မင်းအတွက် ပေးလိုက်တဲ့ လက်ဆောင်ပဲ။ အထဲမှာ 'နဂါးပျံဆေးလုံး' သုံးလုံး ပါဝင်တယ်။ အဲဒါကို သောက်လိုက်ရင် မင်းရဲ့ ခွန်အားက သုံးဆအထိ တိုးလာပြီး ခေတ္တခဏအတွင်းမှာ ကောင်းကင်အဆင့် စွမ်းအားကို ရရှိစေလိမ့်မယ်”

“ဒါပေမဲ့ ဆေးလုံးတစ်လုံးရဲ့ အာနိသင်က အသက်ရှူအကြိမ် ၃၀ စာလောက်ပဲ ခံမယ်၊ မင်း အချိန်ကို သေချာ စီမံရမယ်။ အသက်ရှူအကြိမ် ၉၀ အတွင်းမှာ မဟာလော့ဧကရာဇ်ကို မသတ်နိုင်ခဲ့ရင် မင်းရဲ့ ခန္ဓာကိုယ်က အားနည်းသွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် အဝေးဆုံးကိုသာ အမြန် ထွက်ပြေးပေတော့”

မိုယုယန်သည် ဆေးကို လက်ခံယူကာ သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ “ရှင်တို့ အရှင်မင်းကြီးရဲ့ အသုံးချတာ ခံနေရမှန်း သိပေမဲ့လည်း ကျွန်မ သူ့ကို ကျေးဇူးတင်ပါတယ်။ ဒါကို ကျွန်မအပေါ် ထားတဲ့ ကျေးဇူးတစ်ခုလို့ပဲ မှတ်ယူလိုက်ပါ့မယ်”

“ကောင်းပြီလေ” လက်ဗလာဆရာကြီးက ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် မဟာလော့ နန်းတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားခဲ့ပြီး ဖြစ်လာမည့် တိုက်ပွဲကို မှတ်တမ်းတင်ရန်နှင့် အရှင်မင်းကြီးထံ ပြန်လည် တင်ပြရန် အဆင်သင့် ပြင်ထားလိုက်တော့သည်။

………

တစ်ဖက်တွင်မူ ကလဲ့စားချေရန် လက်တစ်ကမ်းအလိုသို့ ရောက်နေသော်လည်း မိုယုယန်က အလျင်မလိုပေ။ သူမသည် မိမိ၏ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီးမှ မဟာလော့ မင်းနေပြည်တော်သို့ ဦးတည်လိုက်သည်။

နဂါးတစ်ကောင် ဆင်းသက်လာသည့်နှယ် သူမသည် နန်းတော်တံတိုင်းပေါ်သို့ ခုန်ဆင်းလိုက်ပြီး ဒေါသတကြီး ကြွေးကြော်လိုက်တော့သည်။

“မဟာလော့ ဧကရာဇ်ခွေးကောင်... ထွက်လာစမ်း၊ ဒီနေ့ ကျွန်မ ရှင့်ရဲ့ အသက်ကို လာယူပြီ….!”

အပိုင်း (၄၉၆)

ဟိန်းဟောက်သံမှာ လီပေါင်းများစွာအထိ ပဲ့တင်ထပ်သွားပြီး မြို့တော်အတွင်းရှိ လူတိုင်းက ထိုအသံကို ကြားလိုက်ကြရသည်။

“ဒါ... မိုယုယန်ရဲ့ အသံပဲ”

“သူမ နောက်တစ်ခါ လာသတ်ပြန်ပြီဟေ့”

“ပြေးကြ... အမြန်ပြေးကြတော့”

မြို့တော်အတွင်းရှိ ပြည်သူများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ အရာရှိကြီးများမှာမူ ထိုရန်သူက သူတို့အိမ်တံခါးကို ရုတ်တရက် လာခေါက်လေမလားဆိုသည့် အတွေးဖြင့် ပို၍ပင် ပျာယာခတ်နေကြတော့သည်။

ယွီရွှီတာအိုဆရာကြီးမှာ နန်းတော်ထဲမှ ဒေါသတကြီး ခုန်ထွက်လာပြီး “မိစ္ဆာမ... နင်ကတော့ တစ်ခါပြန်ပြီး လာနှောင့်ယှက် စော်ကားပြန်ပြီပေါ့လေ”

“နှောင့်ယှက်တာ ဟုတ်လား။ ငါက ကောင်းကင်ဘုံကိုယ်စား တရားစီရင်ဖို့နဲ့ လူထုရဲ့ နာကျည်းချက်တွေကို ကလဲ့စားချေဖို့ လာခဲ့တာပဲ”

မိုယုယန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း- “မဟာလော့ ဧကရာဇ်ခွေးကောင် သေခါနီးပြီလို့ ငါကြားတယ်။ သူက ဘယ်လိုပဲဖြစ်ဖြစ် သေရမှာဆိုတော့ ငါ့ဓားချက်နဲ့ပဲ သေလိုက်တာက ပိုကောင်းလိမ့်မယ်”

“ရိုင်းစိုင်းလိုက်တာ” ယွီရွှီတာအိုဆရာကြီး ချက်ချင်းပင် တိုက်ကွက်ဖော်လိုက်သည်။ မဟာလော့ဧကရာဇ် သေချင်သေပါစေ၊ သို့သော် ပြင်ပလူတစ်ယောက်၏ လက်ချက်ဖြင့်တော့ အသေခံ၍တော့ မဖြစ်ပေ။

မိုယုယန်ကလည်း ပြန်လည် တိုက်ခိုက်လိုက်ရာ သူတို့နှစ်ဦးမှာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားလေတော့သည်။ ယွီရွှီတာအိုဆရာကြီးမှာ အစွမ်းထက်လှသည်ဖြစ်ရာ နန်းတော်ရှေ့တွင် ခိုင်ခိုင်မာမာ ပိတ်ဆို့ထားပြီး မိုယုယန်ကို အနားမကပ်နိုင်အောင် တားဆီးထားသည်။

သို့သော်လည်း အပြင်ဘက်မှ ထိုဆူညံသံကြီးများကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နေသော မဟာလော့ဧကရာဇ် နိုးလာခဲ့သည်။

“အပြင်မှာ ဘာတွေဖြစ်နေတာလဲ... ဘာလို့ ဒီလောက် ဆူညံနေရတာလဲ”

“အရှင်မင်းကြီး... ဟိုမိစ္ဆာမ မိုယုယန်က နန်းတော်ကို လာတိုက်နေတာပါ။ ယွီရွှီတာအိုဆရာကြီးက အရှင်မင်းကြီးရဲ့ ဘေးကင်းရေးအတွက် အပြင်မှာ ခုခံတိုက်ခိုက်ပေးနေပါတယ်” ဟု မိန်းမစိုးအိုကြီးက အနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ဘေးကင်းအောင် စောင့်ရှောက်တာ ဟုတ်လား။ သူက ငါ့ကို သေစေချင်လို့ မစောင့်နိုင်ဖြစ်နေတာပဲ နေလိမ့်မယ်” မဟာလော့ဧကရာဇ်က လှောင်ပြုံး ပြုံးလိုက်သည်။

“အရှင်မင်းကြီး... တာအိုဆရာကြီးက ဘာလို့ အဲ့ဒီလို တွေးရမှာလဲ။ သူက အရှင်မင်းကြီးရဲ့ အသက်ကို အကြိမ်ကြိမ် ကယ်ခဲ့တာပဲလေ” မိန်းမစိုးအိုကြီးက တုန်တုန်ရင်ရင်ဖြင့် ပြန်ပြောလိုက်သည်။

“ဟုတ်တာပေါ့... သူ ငါ့ကို ကယ်ခဲ့ဖူးတာပဲ။ ငါ့မှာ သူတို့ကို နာကျည်းစရာ အကြောင်းမရှိပါဘူး” မဟာလော့ဧကရာဇ်၏ မျက်ဝန်းများတွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

အမှန်စင်စစ် သူ သတိလစ်သွားသည့်နေ့မှာပင် ခဏအကြာ၌ သတိပြန်ရလာခဲ့ပြီး ယွီရွှီတာအိုဆရာကြီးနှင့် စုန့်ယွီဖေးတို့၏ စကားဝိုင်းကို ကြားခဲ့ရသည်။ ထိုအခါမှ သူသည် တာအိုဂိုဏ်း၏ စွန့်ပစ်ခြင်းကို လုံးဝ ခံလိုက်ရပြီဖြစ်ကြောင်း နားလည်သွားခဲ့သည်။

သူတို့တွင် နတ်ဆေးလုံးရှိပါလျက်နှင့် သူ့ကို ပေးရန် ငြင်းဆန်ခဲ့ကြသည်။ နန်းတွင်းသမားတော်များက သူ့ကို ကယ်တင်နိုင်ပါလျက်နှင့် သူတို့ကပင် နည်းမျိုးစုံဖြင့် ဟန့်တားခဲ့ကြကာ သူ့ရောဂါကို ကုသချိန် နောက်ကျအောင် လုပ်ခဲ့ကြသည်။

ကံဆိုးသည်မှာ သူသည် ထိုမျှ အစွမ်းထက်သော ရန်သူများကို ရင်ဆိုင်ရာတွင် မသိနားမလည်သလို ဟန်ဆောင်နေရခြင်းပင် ဖြစ်သည်။ ယခု ယွီရွှီတာအိုဆရာကြီး မရှိတော့သည့် အချိန်ကျမှသာ သူ၏ ရင်ထဲရှိ စကားများကို ထုတ်ပြောဝံ့တော့သည်။

သို့သော်လည်း သူ့ကို မည်သူကမျှ နားမလည်ကြချေ။

မဟာလော့ဧကရာဇ်၏ ရင်ထဲတွင် ကြီးစွာသော ဝမ်းနည်းမှုတို့ ဖြစ်ပေါ်လာခဲ့သည်။ သူသည် နိုင်ငံတစ်ခု၏ ဧကရာဇ် ဖြစ်ပါလျက်နှင့် မိမိ၏ အသက်ရှင်ခြင်း၊ သေခြင်းကို သူတစ်ပါး၏ လက်ထဲတွင် အပ်နှံထားရသည်။ သူ ယုံကြည်အားကိုးခဲ့သော အကြီးအကဲမှာ ယခုအခါ သူ့အသက်ကို တဖြည်းဖြည်း နှုတ်ယူနေသော ကွပ်မျက်သူကြီး ဖြစ်နေချေပြီ။

သေရခြင်းက ကြောက်စရာ မကောင်းသော်လည်း သေမည့်နေ့ကို စောင့်ရခြင်းမှာ ကြောက်စရာ အကောင်းဆုံးပင် ဖြစ်သည်။ မိနစ်တိုင်း၊ စက္ကန့်တိုင်းမှာ ငရဲကျနေသကဲ့သို့ နာကျင်လှပေသည်။

ဤသို့ သနားစဖွယ် အသက်ဆက်နေရမည့်အစား သန့်သန့်ရှင်းရှင်းနှင့် လျင်မြန်စွာသာ သေဆုံးချင်တော့သည်။

သူသည် ဧကရာဇ်တစ်ပါး ဖြစ်သည်၊ ခွေးတစ်ကောင် မဟုတ်ချေ။

ထိုစဉ် မဟာလော့ဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး “ငါ့ကို ထူပေးကြ” ဟု ဟစ်အော်လိုက်သည်။

“ဒါပေမဲ့ အရှင်မင်းကြီး... အရှင့်ရဲ့ နဂါးကိုယ်တော်က ကျန်းမာရေး မကောင်းသေးလို့...”

မဟာလော့ဧကရာဇ်က ငေါက်ငမ်းလိုက်သည်- “စကားများမနေနဲ့၊ ငါ့ကို အခုချက်ချင်း ထူပေးစမ်း။ မဟုတ်ရင် မင်းတို့ခေါင်းတွေကို ဖြတ်ပစ်မယ်”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”

မိန်းမစိုးအိုကြီးနှင့် အခြားသူများ၏ အကူအညီဖြင့် မဟာလော့ဧကရာဇ်သည် တုန်တုန်ရင်ရင်ဖြင့် ထိုင်နိုင်ခဲ့သည်။ ဤလုပ်ရပ်တစ်ခုတည်းကပင် သူ၏ ခွန်အားအားလုံးကို ကုန်ခမ်းစေသဖြင့် တဟွတ်ဟွတ် ချောင်းဆိုးကာ အသက်ကို ပြင်းပြင်းရှူနေရသည်။ သူသည် အလွန်အေးစက်နေသည်ဟု ခံစားရပြီး တစ်ကိုယ်လုံး တုန်ယင်နေကာ မျက်နှာမှာလည်း ပို၍ပင် ပြာနှမ်းလာတော့သည်။

သူသည် အသက် (၃၀) ကျော်သာ ရှိသေးသော်လည်း အသက် (၆၀) အရွယ် အဖိုးအိုတစ်ဦးထက်ပင် ပို၍ အိုမင်းနေပုံရသည်။

“အရှင်မင်းကြီး... ပြန်လဲလျောင်းလိုက်ပါဦး၊ အဲ့ဒါမှ ပိုသက်သာမှာပါ...”

“ပါးစပ်ပိတ်ထားစမ်း၊ ငါ့ကို ထူပေး။ ငါ အပြင်ကို သွားချင်တယ်၊ ငါ အပြင်ကို သွားရမယ်...” မဟာလော့ဧကရာဇ်က ဇွတ်တရွတ် အော်ဟစ်နေတော့သည်။

“အရှင်မင်းကြီး... အပြင်ကို တကယ် ထွက်လို့မရပါဘူး...”

“အခုတော့ မင်းတို့က ငါ့စကားကိုတောင် နားမထောင်ကြတော့ဘူးလား”

မဟာလော့ဧကရာဇ်၏ ဒေါသများ အရှိန်မြင့်လာပြီး သွေးတစ်ချက်ကို ဝေါခနဲ အန်ထုတ်လိုက်ရသည်။ သူ၏ မျက်နှာမှာ ပို၍ ဖြူဖျော့သွားကာ ခန္ဓာကိုယ်မှာလည်း ပို၍ အားနည်းသွားတော့သည်။

အခန်းထဲရှိ လူတိုင်းမှာ ဧကရာဇ်၏ ကျန်းမာရေးအတွက် စိုးရိမ်နေကြပြီး ကိုယ်တိုင် ဆုံးဖြတ်ချက် မချဝံ့သဖြင့် စုန့်ယွီဖေးကို ခေါ်ယူလိုက်ကြသည်။

“အရှင်မင်းကြီး... အရှင် ကျန်းမာရေး မကောင်းပါဘူး။ အပြင်ကို လုံးဝ ထွက်လို့ မဖြစ်ပါဘူး” စုန့်ယွီဖေးက စိုးရိမ်တကြီး တားမြစ်လိုက်သည်။

“နတ်မိမယ် ယွီဖေး”

မဟာလော့ဧကရာဇ်သည် တောင်းပန်တိုးလျှိုးနေသော မျက်ဝန်းများဖြင့် စုန့်ယွီဖေးကို စိုက်ကြည့်ကာ- “ကျုပ် သေခါနီးနေပြီ၊ နောက်ဆုံးအနေနဲ့ တစ်ခုလောက် တောင်းဆိုပါရစေ။ ကျုပ်ကို အပြင်ထွက်ခွင့်ပေးပါ။ ကျုပ်ရဲ့ တိုင်းပြည်ကို တစ်ချက်လောက် ကြည့်ပါရစေ။ တစ်ချက်ကလေးပဲ ဖြစ်ဖြစ်ပါ...”

“အရှင်မင်းကြီး... ဒါက... ကောင်းပါပြီလေ” စုန့်ယွီဖေး၏ စိတ်နှလုံးမှာ ပျော့ပြောင်းသွားခဲ့သည်။ အကြောင်းမှာ ဤသည်မှာ ဧကရာဇ်၏ မသေခင် နောက်ဆုံးဆန္ဒ ဖြစ်နိုင်ကြောင်း သူမ ကောင်းကောင်း သိနေ၍ ဖြစ်သည်။

“ကျေး... ဇူး တင်ပါတယ်”

ဘေးလူများ၏ တွဲကူမှုဖြင့် မဟာလော့ဧကရာဇ်သည် တစ်လှမ်းချင်း နန်းတော်အပြင်ဘက်သို့ လျှောက်လှမ်းခဲ့သည်။ ခြေလှမ်းတိုင်းမှာ သူ၏ ရှိသမျှ အင်အားတို့ကို အကုန်အစင် သုံးနေရသည်။ ထို့ကြောင့် လက်ဖက်ရည်တစ်ခွက် သောက်စာခန့် ကြာမြင့်ပြီးမှသာ သူသည် အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူမြင်ရသည်မှာ သူ၏ ခန္ဓာကိုယ်ကဲ့သို့ပင် ပျက်စီးယိုယွင်းနေသော အဆောက်အဦများနှင့် ပြိုပျက်နေသော တံတိုင်းများသာ ဖြစ်သည်။

ဖော်မပြနိုင်သော ဝမ်းနည်းကြေကွဲမှုတို့က သူ၏ ရင်ထဲတွင် ပြည့်လျှံလာသည်။

“ငါ့ရဲ့ တိုင်းပြည်လည်း ပျက်စီးပြီ၊ ငါ့ရဲ့ နန်းတော်လည်း ပျက်စီးပြီ၊ ငါကိုယ်တိုင်လည်း... အဆုံးသတ်သွားရပြီပေါ့”

“ငါ့ဘဝ တစ်ဝက်လောက်ကို ကြိုးစားပမ်းစား တည်ဆောက်ခဲ့တာ... နောက်ဆုံးတော့ ဒီလိုပဲ အဆုံးသတ်သွားရတယ်တဲ့လား။ ဒီလို ဖြစ်လာမယ်မှန်း သိခဲ့ရင် ငါ ဘာလို့ ဒီထီးနန်းကို လုယူခဲ့မိပါလိမ့်။ ချမ်းသာတဲ့ သူဌေးတစ်ယောက်အဖြစ်နဲ့ပဲ အေးအေးဆေးဆေး နေခဲ့ပါတော့လား”

“အခုတော့ ငါ့ကံကြမ္မာက သူတစ်ပါး လက်ထဲမှာ၊ ကိုယ်ဖြစ်ချင်သလိုလည်း နေလို့မရ၊ သေချင်တဲ့ အချိန်မှာလည်း သေခွင့်မရှိရပါလား!”

“သနားစရာကောင်းလိုက်တာ၊ နောင်တရစရာ ကောင်းလိုက်တာ၊ ဆင်းရဲလိုက်တာ...”

မဟာလော့ဧကရာဇ်သည် သူ၏ဘဝကို ပြန်လည် ဆင်ခြင်မိသည်။ ပထမ ဆယ်နှစ်တွင် သူသည် တိုင်းပြည် တည်ထောင်ရန် အခက်အခဲပေါင်းစုံကို အံတုခဲ့သည်။ နောက် ဆယ်နှစ်တွင် တိုင်းပြည် သိမ်းပိုက်ရန် အင်အားစုဆောင်းခဲ့သည်။ နောက်ဆုံး ဆယ်နှစ်တွင်မူ သူသည် ကြိုးစားပမ်းစား အုပ်ချုပ်ခဲ့ပြီး ဧကရာဇ် ဖြစ်လာကာ မင်းဆက်တစ်ခုကိုပင် ထူထောင်နိုင်ခဲ့သည်။

သူ၏ ဘဝမှာ အတက်အကျ အနိမ့်အမြင့်များစွာဖြင့် အလွန်ပင် ခမ်းနားလှပခဲ့သည်ဟု ဆိုရပေမည်။

တဖြည်းဖြည်းနှင့် ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများမှာ သူ၏ မျက်ဝန်းထဲ၌ ပြန်လည် ပေါ်ပေါက်လာသည်။

“ဒီလောကထဲကို ငါ ရောက်လာခဲ့တယ်၊ တိုက်ခိုက်ခဲ့တယ်၊ အစွမ်းကုန် ချစ်မြတ်နိုးခဲ့တယ်။ ဒီဘဝက အလဟဿ မဖြစ်ခဲ့ဘူး”

“ဒါကြောင့် ငါ သေရမယ်ဆိုရင်တောင် ခမ်းခမ်းနားနားနဲ့ပဲ သေမယ်”

“ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲ ရှိရမယ်၊ တာအိုဂိုဏ်းကတောင် ငါ့ကံကြမ္မာကို မထိန်းချုပ်နိုင်စေရဘူး”

“ဧကရာဇ်တစ်ပါးရဲ့ သိက္ခာကို စော်ကားလို့ မရဘူး၊ ငါ့ကံကြမ္မာကို ငါပဲ ဖန်တီးမယ်၊ ကောင်းကင်ဘုံက ဖန်တီးတာ မဟုတ်ဘူး…”

မဟာလော့ဧကရာဇ်သည် ဘေးက လူများကို တွန်းဖယ်လိုက်ပြီး အားရှိသမျှ ဟစ်အော်လိုက်တော့သည်။

“မိစ္ဆာမ... နင် ငါ့ကို သတ်ချင်တာ မဟုတ်လား။ ဒီမှာ ငါရှိတယ်၊ လာပြီး သတ်စမ်း၊ ငါ စောင့်နေတယ်….”

All Chapters