← Chapters

အခန်း (၄၉၇-၄၉၈)

Vol. 46 Ch. 497-498

အခန်း (၄၉၇-၄၉၈)

Vol. 46 Ch. 497-498

အပိုင်း (၄၉၇)

သူ့ဟစ်အော်သံကြောင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသော လူနှစ်ဦးမှာ လန့်ဖျပ်သွားကြသည်။

ယွီရွှီတာအိုဆရာကြီး၏ မျက်နှာမှာ ပျက်သွားပြီး “ယွီဖေး... ဘယ်လိုဖြစ်လို့ အရှင်မင်းကြီးကို အပြင်ထွက်ခွင့် ပေးလိုက်တာလဲ၊ အခုချက်ချင်း ပြန်ခေါ်သွားစမ်း” ဟု အော်ဟစ်လိုက်သည်။

“ဟုတ်ကဲ့ပါ ဦးလေး” စုန့်ယွီဖေးက နာခံစွာ ပြန်ပြောလိုက်သည်။

မဟာလော့ဧကရာဇ်မှာမူ ပျာယာခတ်သွားပြီး- “မိစ္ဆာမ... ငါဒီမှာရှိတယ်၊ အခုမှ မသတ်ရင် ဘယ်အချိန်မှာ လာသတ်တော့မှာလဲ၊ မင်းရဲ့မောင်လေးအတွက် ကလဲ့စားမချေချင်တော့ဘူးလား”

မဟာလော့ဧကရာဇ်က ဘာကြောင့် ဒီလိုမျိုး အသေခံဖို့ ကြိုးစားနေတာလဲဆိုတာကို မိုယုယန် နားမလည်နိုင်သော်လည်း ဤသည်မှာ အမှန်တကယ်ပင် အခွင့်ကောင်းတစ်ခု ဖြစ်နေသည်။

သူမသည် ‘နဂါးပျံ’ ဆေးလုံးသုံးလုံးကို ချက်ချင်းပင် မျိုချလိုက်ရာ သူမ၏ ခွန်အားမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်အတွင်းမှ အချိတ်အဆက်အချို့ ပြုတ်ထွက်သွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။

ယွီရွှီတာအိုဆရာကြီး၏ မျက်နှာမှာ တစ်ဖန် ပျက်သွားပြန်ပြီး- “မကောင်းတော့ဘူး”

သူက ကြားဖြတ်တားဆီးရန် ကြိုးစားသော်လည်း မိုယုယန်၏ အရှိန်မှာ ဟင်းလင်းပြင်၏ အကန့်အသတ်ကိုပင် ကျော်လွန်သွားပုံရပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ပိတ်ဆို့မှုများကို ကျော်ဖြတ်ကာ နန်းတော်ရှေ့သို့ ရောက်ရှိသွားတော့သည်။

“ယွီဖေး... သူ့ကို တားစမ်း”

“ဟုတ်ကဲ့”

စုန့်ယွီဖေးက သူမ၏ ရတနာဓားကို ဆွဲထုတ်လိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ရှေ့ဆုံးမှ ခုခံကာ တာအိုဂိုဏ်း၏ ထူးခြားသော သိုင်းကွက်များကို ထုတ်ဖော်လိုက်သည်။

မိုယုယန်၏ မျက်ဝန်းများတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ ပေါ်လာပြီး- “ကိုယ့်အရည်အချင်းကိုယ် မသိတာပဲ”

“ချွင်”

တစ်ကွက်တည်းဖြင့် စုန့်ယွီဖေးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး သူမ၏ ဓားမှာလည်း ကျိုးပဲ့သွားခဲ့သည်။

ဤသည်မှာ ကောင်းကင်အဆင့်တစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားပင် ဖြစ်သည်။ ကောင်းကင်အဆင့် မဟုတ်သူ မည်သူမျှ တားဆီးနိုင်စွမ်း မရှိချေ။

ယခုမူ မိုယုယန်ကို တားဆီးနိုင်မည့်သူ တစ်ယောက်မှ မရှိတော့ပေ။

ဤသည်ကို မြင်သောအခါ မဟာလော့ဧကရာဇ်မှာ စိုးရိမ်ခြင်းမရှိသည့်အပြင် ဝမ်းသာအားရဖြင့်- “ကောင်းတယ်” ဟု ဟစ်အော်လိုက်သည်။

သူသည် လက်မောင်းများကို ဆန့်တန်းကာ အားပါးတရပင် ပြေးဝင်လာသော ဓားချက်ကို ရင်ဆိုင်လိုက်တော့သည်။

ဓားချက်က သူ၏ နှလုံးသားကိုသာမက ကျောရိုးကိုပါ ထိုးဖောက်သွားသဖြင့် အသက်ရှင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။ သို့သော်လည်း သေဆုံးခါနီး အချိန်၌ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေဆဲပင် ဖြစ်သည်။

မိုယုယန်၏ မျက်ဝန်းများမှာ ရှုပ်ထွေးသွားပြီး- “...ဘာလို့ အသေခံရတာလဲ”

“ဘာလို့လဲဆိုတော့... ငါက... သေဖို့ ကံပါပြီးသားမို့လို့ပဲ၊ ဒါပေမဲ့... ငါဘယ်လိုသေမလဲဆိုတာကိုတော့... ငါကိုယ်တိုင် ရွေးချယ်လို့ ရသေးတယ်... ဟား... ဟား...”

ရယ်မောပြီးနောက် မဟာလော့ဧကရာဇ်သည် နောက်ဆုံးထွက်သက်ကို ရှူထုတ်သွားလေတော့သည်။

မိုယုယန်က ဓားကို ဆွဲထုတ်လိုက်သောအခါ သူမ၏ ရင်ထဲတွင် တစ်ခါမှ မခံစားဖူးသော ပေါ့ပါးမှုကို ခံစားလိုက်ရသည်။ သူမကို ဖိစီးထားသည့် နာကျည်းချက်များမှာ ကလဲ့စားချေပြီးနောက်တွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူမ၏ စိတ်အာရုံမှာ အလွန်ပင် ကြည်လင်လာပြီး ဟာလာဟင်းလင်းဖြစ်သွားသည့် ခံစားချက်နှင့်အတူ ကောင်းကင်အဆင့် အဆင့်၏ အရိပ်အယောင်များကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“ဒါက ကောင်းကင်အဆင့်ရဲ့ ခံစားချက်ကိုး” ဟု သူမ သဘောပေါက်သွားသည်။

ဆေးအရှိန်ကုန်သွားပြီး ခွန်အားများ ပြန်ကျသွားသည့်တိုင် အနာဂတ်တွင် ကောင်းကင်အဆင့်သို့ တက်လှမ်းနိုင်မည်ဟု သူမ အပြည့်အဝ ယုံကြည်သွားခဲ့သည်။

သို့သော် ထိုစဉ်မှာပင် ဒေါသတကြီး ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။

“မိစ္ဆာမ... နင် အရှင်မင်းကြီးကို သတ်ရဲတယ်ပေါ့၊ အသက်ကို ထားခဲ့စမ်း”

ယွီရွှီတာအိုဆရာကြီး ရောက်ရှိလာခြင်းပင် ဖြစ်သည်။

အသက်ကင်းမဲ့နေသော မဟာလော့ဧကရာဇ်ကို မြင်လိုက်ရသောအခါ သူသည် အရှက်ရပြီး ကြီးစွာသော ဒေါသတို့ကြောင့် ရင်ကွဲမတတ် ခံစားလိုက်ရသည်။ သူသည် နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့သော ကျင့်ကြံသူတစ်ဦး၏ စိတ်ကို ဘေးဖယ်ထားကာ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်သွားတော့သည်။

“ဟားဟား..... နောက်တစ်နေ့မှ ပြန်တွေ့ကြတာပေါ့” မိုယုယန်က ချက်ချင်းပင် ထွက်ပြေးလေတော့သည်။

သူမသည် စစ်မှန်သော ကောင်းကင်အဆင့် မဟုတ်သေးသဖြင့် ဆေးအရှိန်ကုန်သွားပါက အားနည်းသည့် အခြေအနေသို့ ရောက်သွားမည် ဖြစ်ရာ လိုက်လံတိုက်ခိုက်သူကို ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ယခုပင် မပြေးလျှင် မည်သည့်အချိန်မှ ပြေးတော့မည်နည်း။

“ဝှစ်” ခနဲ အသံနှင့်အတူ သူမ ပျောက်ကွယ်သွားလေသည်။

သို့သော်လည်း ယွီရွှီတာအိုဆရာကြီးမှာမူ အရှိန်မြှင့်ရန် တားမြစ်ထားသော နည်းလမ်းများကိုပင် အသုံးပြုကာ သူမနောက်သို့ မဆုတ်မနစ် လိုက်လံတော့သည်။

သူတို့ စောင့်ရှောက်ရမည့် မင်းကောင်းတစ်ပါး အသတ်ခံလိုက်ရခြင်းမှာ သူတို့အတွက် အလွန်ပင် အရှက်ရစရာ ဖြစ်သည်။ အကယ်၍ လူသတ်သမားကိုပါ ဖမ်းမမိပါက တစ်လောကလုံး၏ လှောင်ပြောင်မှုကို ခံရပေတော့မည်။

တစ်ယောက်က ပြေး၊ တစ်ယောက်က လိုက်ရင်းဖြင့် မျက်တောင်တစ်ခတ်အတွင်းမှာပင် လီပေါင်း ရာချီ၍ ခရီးပေါက်ခဲ့လေတော့သည်။

လိုက်လံသူကို ဖယ်ထုတ်၍ မရသည့်အပြင် ဆေးအရှိန်မှာလည်း ကုန်ဆုံးတော့မည် ဖြစ်ရာ မိုယုယန်မှာ ပျာယာခတ်လာသည်။

“ ကျားဖြူတောင်တန်းကို သွားရမယ်၊ အဲ့ဒီက စီနီယာကပဲ သူ့ကို ကိုင်တွယ်နိုင်လိမ့်မယ်”

ထို့ကြောင့် မိုယုယန်သည် လမ်းကြောင်းပြောင်းကာ ကျားဖြူတောင်တန်းဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လိုက်တော့သည်။

ယွီရွှီတာအိုဆရာကြီးမှာလည်း မလျှော့သော ဇွဲဖြင့် ဆက်လက် လိုက်လံနေဆဲပင် ဖြစ်သည်။

မိုယုယန်သည် ဆေးဝါး သို့မဟုတ် လျှို့ဝှက်နည်းလမ်း တစ်ခုခုကို အသုံးပြုကာ ကောင်းကင်အဆင့်ကို ခေတ္တမြှင့်တင်ထားခြင်းဖြစ်ကြောင်း သူ အခုမှ သိလိုက်ရသည်။ ထိုကဲ့သို့သော နည်းလမ်းများတွင် ဘေးထွက်ဆိုးကျိုးများ ရှိစမြဲ ဖြစ်သည်။

ဆေးအရှိန်ကုန်သွားပါက အားနည်းသော ကာလသို့ ရောက်ရှိသွားမည်ဖြစ်ပြီး အင်အားများ သိသိသာသာ လျော့နည်းသွားကာ တိုက်ခိုက်ရန် လွယ်ကူသွားမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ဆေးအရှိန်ကုန်မည့် အချိန်ကိုသာ စောင့်ပြီး ထိုမိစ္ဆာမကို သတ်ရန် ဆုံးဖြတ်လိုက်သည်။

လိုက်လံတိုက်ခိုက်မှုက ဆက်လက်ဖြစ်ပွားနေသည်မှာ လီပေါင်း တစ်ရာ၊ နှစ်ရာ၊ သုံးရာ...။

ကျားဖြူတောင်တန်းသို့ ရောက်ရန် အတော်လေး လိုသေးသော်လည်း ဆေးအရှိန်ကုန်သွားသည့်အတွက် မိုယုယန်သည် အားနည်းသော အခြေအနေသို့ ရောက်ရှိသွားကာ သူမ၏ အင်အား သုံးပုံတစ်ပုံကိုပင် မထုတ်ဖော်နိုင်တော့ချေ။

“မဖြစ်ဘူး... ဒီနေရာမှာ ငါ အရှုံးမပေးနိုင်ဘူး”

မိုယုယန်သည် သွားကို တင်းတင်းကြိတ်ကာ သူမ၏ အင်အားကို မူလအဆင့်သို့ ပြန်ရောက်ရန် လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြုလိုက်ပြီး နောက်ထပ် လီတစ်ရာခန့် ဆက်လက်ပြေးနိုင်ခဲ့သည်။

ထို့နောက်တွင်မူ သူမသည် တစ်ဖန် အားနည်းသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြန်သည်။ ယခုမူ သူမ၏ အင်အားမှာ အထွတ်အထိပ်အချိန်၏ ဆယ်ပုံတစ်ပုံပင် မရှိတော့ချေ။

ကျားဖြူတောင်တန်းသို့ ရောက်ရန် လီပေါင်း ရှစ်ဆယ်ကျော် ကျန်နေသေးသဖြင့် မိုယုယန်မှာ စတင်ကာ မျှော်လင့်ချက် ကင်းမဲ့လာတော့သည်။ ပုံမှန်အားဖြင့် တိုတောင်းလှသော ထိုခရီးမှာ ယခုမူ ကျော်ဖြတ်၍ မရနိုင်သော ချောက်ကမ္ဘာကြီးကဲ့သို့ ခံစားနေရသည်။

ယွီရွှီတာအိုဆရာကြီးက နောက်ဆုံးတွင် သူမကို မှီသွားခဲ့ပြီး ဒေါသကြောင့် တွန့်လိမ်နေသော မျက်နှာဖြင့်- “မိစ္ဆာမ... အခုတော့ နင် ဘယ်ကို ပြေးဦးမလဲ” ဟု ဟစ်အော်လိုက်လေသည်။

အပိုင်း (၄၉၈)

အားအင်ကုန်ခမ်းမှုနှင့်အတူ မိုယုယန်၏ ခန္ဓာကိုယ်ထဲ၌ နုံးချိမှုလှိုင်းလုံးကြီးတစ်ခု ဖြတ်သန်းသွားလေသည်။ သူမ၏ အင်အားမှာ သာမန် ချီဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးထက်ပင် လျော့နည်းသွားသဖြင့် ရင်ထဲတွင် မျှော်လင့်ချက်မဲ့စွာဖြင့် ရေရွတ်လိုက်မိသည် - "စီနီယာ... ကျွန်မ ရှင့်ကို နောက်တစ်ခါ ထပ်တွေ့နိုင်တော့မှာ မဟုတ်ဘူးထင်တယ်..."

သူမသည် သေရမည်ကို မကြောက်သော်လည်း စီနီယာနှင့် ပြန်လည် မဆုံတွေ့နိုင်တော့မှာကိုမူ အလွန်ပင် ကြောက်ရွံ့နေမိသည်။

စီနီယာ၏ ကျေးဇူးကို ဆပ်ခွင့်မရတော့သလို၊ နောက်တစ်ကြိမ် မြင်တွေ့ခွင့်၊ ဘဝတစ်ခုလုံးကို အတူတူ ဖြတ်သန်းခွင့်နှင့် သူ၏ သားသမီးများကို မွေးဖွားပေးခွင့်တို့မှာလည်း လုံးဝ မရှိတော့ပေ...။

"စီနီယာ... ကျွန်မ ဒီဘဝ ကျေးဇူးတွေကို နောက်ဘဝမှပဲ ဆပ်ပါတော့မယ်"

မိုယုယန်သည် နောက်သို့လှည့်ကာ ကျန်ရှိသမျှ အင်အားအကုန်သုံး၍ နောက်ဆုံးဓားချက်ကို ထုတ်ဖော်လိုက်သည်။ သူမသည် သေရမည်ဆိုလျှင်ပင် လက်လျှော့အရှုံးပေးကာ အသေခံမည့်သူ မဟုတ်ချေ။

ထိုအချိန်မှာပင် ယွီရွှီတာအိုဆရာကြီးမှာ မှီလာခဲ့ပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်နှာဖြင့် - "မိစ္ဆာမ... သေဖို့သာ ပြင်ထားပေတော့" ဟု ဟစ်အော်လိုက်သည်။

သူသည် ကောင်းကင်အဆင့်တစ်ဦး၏ အစွမ်းကုန် ခွန်အားများဖြင့် လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်ရာ လေထုထဲတွင် ပေတစ်ထောင်ခန့်ကြီးမားသော လက်ဝါးရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံမှ ကျဆင်းလာတော့သည်။

ဤလက်ဝါးရိုက်ချက်သည် မြို့တစ်မြို့လုံးကိုပင် အမှုန့်ခြေပစ်နိုင်သည့် အရှိန်အဝါမျိုး ရှိနေသဖြင့် သာမန်လူသားများ တောင့်ခံနိုင်စွမ်း မရှိပေ။ ထိုလက်ဝါးရိပ်အောက်တွင် မိုယုယန်၏ ဓားချီ များမှာ ချက်ချင်းပင် ပျက်စီးသွားခဲ့သည်။

ထိုဓားချက်ကို ထုတ်ဖော်ပြီးနောက် မိုယုယန်မှာ အင်အားများ အကုန်လုံး ခမ်းခြောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားကာ ကျဆင်းလာသော လက်ဝါးရိပ်ကြီးကိုသာ မျှော်လင့်ချက်မဲ့စွာ ငေးကြည့်နေနိုင်တော့သည်။

သို့သော်လည်း ထိုခဏမှာပင် "ချွင်" ခနဲ အသံတစ်ခုနှင့်အတူ မမြင်နိုင်သော ဓားချီတစ်ခုသည် ကျားဖြူတောင်တန်းဆီမှ ပစ်လွှတ်လိုက်သကဲ့သို့ ထွက်ပေါ်လာသည်။

ထိုမမြင်နိုင်သော ဓားချီမှာ ထိန်းချုပ်ထားပုံရပြီး ဧရာမလက်ဝါးရိပ်ကြီးလောက် ခန့်ညားထည်ဝါမှု မရှိသော်လည်း လက်ဝါးရိပ်ကြီးကို တစ်ချက်တည်းဖြင့် အပိုင်းပိုင်းဖြစ်သွားစေကာ တာအိုဆရာကြီးဆီသို့ ဆက်လက် ဦးတည်သွားသည်။

ယွီရွှီတာအိုဆရာကြီးမှာ အန္တရာယ်ကို အာရုံရသွားသဖြင့် သူ၏ ရတနာဓားကို ဆွဲထုတ်ကာ အသည်းအသန် ခုခံလိုက်သည်။

နောက်ထပ် "ချွင်" ခနဲ အသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။

သူ၏ ရတနာဓားမှာ ကျိုးပဲ့သွားပြီး ယွီရွှီတာအိုဆရာကြီး၏ လက်မှာလည်း ဒဏ်ရာရရှိကာ သွေးများ တစိမ့်စိမ့် ထွက်ကျလာခဲ့သည်။

သို့သော်လည်း တာအိုဆရာကြီးမှာ သူ၏ ဒဏ်ရာကို ဂရုမစိုက်နိုင်အားပေ။ သူသည် ချက်ချင်းပင် ပေတစ်ထောင်ခန့် နောက်ဆုတ်လိုက်ပြီး ရန်သူကို ရင်ဆိုင်ရတော့မည့်အလား ပျက်ယွင်းနေသော မျက်နှာဖြင့် ကျားဖြူတောင်တန်းဆီသို့ ကြည့်ကာ ဟစ်အော်လိုက်သည် - "ဘယ်သူလဲ"

သူ၏ ဓားမှာ ရတနာဓားတစ်လက် ဖြစ်ရုံသာမက ကျွမ်းကျင်သော ပန်းပဲပညာရှင်တစ်ဦးက အလွန်ရှားပါးပြီး တန်ဖိုးကြီးသည့် ပစ္စည်းများဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သဖြင့် နတ်ဘုရားလက်နက်သဖွယ် မည်သို့မျှ ဖျက်ဆီး၍ မရနိုင်ဟု ယူဆထားခြင်း ဖြစ်သည်။

သို့သော်လည်း တစ်ဖက်လူ၏ သာမန်ဓားချီတစ်ခုက သူ၏ အစွမ်းကုန်ထုတ်ထားသော လက်ဝါးရိုက်ချက်ကို ခြေမှုန်းပစ်ခဲ့ရုံသာမက၊ သူ၏ လက်နက်ကိုပါ ချိုးဖောက်ပစ်ကာ လက်မောင်းကိုပါ ဒဏ်ရာရစေခဲ့သည်။

ဒါဟာ တကယ်ကို ကြောက်စရာကောင်းလှပါတကား။

သူ၏ ရှေ့မှောက်တွင် လူသားတစ်ဦး၏ ပုံရိပ် ပေါ်လာသည်။

မြူနှင်းများ ဖုံးလွှမ်းနေသဖြင့် လူပုံရိပ်ကို ကောင်းစွာ မမြင်ရသော်လည်း ထိုသူမှာ နတ်ဘုရားတစ်ပါးကဲ့သို့ ဓားတစ်လက်ပေါ်တွင် ရပ်လျက် သူတို့ဆီသို့ ဖြည်းညှင်းစွာ ပျံသန်းလာနေသည်။

ထိုအချိန်တွင် မိုယုယန်မှာလည်း ခေါင်းကို လှည့်ကြည့်လိုက်ပြီး "စီနီယာ..." ဟု မအော်ဘဲ မနေနိုင်တော့ချေ။

သူမသည် ထိုစီနီယာနှင့် တစ်ခါမှ မဆုံဖူးသော်လည်း သူမရှေ့ကလူမှာ ထိုသူဖြစ်ကြောင်း အသေအချာ သိနေခဲ့သည်။

ထိုရောက်လာသူမှာ အခြားသူမဟုတ်ဘဲ လင်းပိုင်ဖန်ပင် ဖြစ်သည်။

လွန်ခဲ့သော လက်ဖက်ရည်တစ်ခွက်စာ အချိန်ခန့်က မိုယုယန် အန္တရာယ်ရှိနေကြောင်း လင်းပိုင်ဖန် အာရုံရခဲ့သည်။

ဘာကြောင့်လဲဆိုတော့ သူမဆီမှာ သူပေးထားတဲ့ နတ်ဘုရားဓား ရှိနေလို့ပင် ဖြစ်သည်။

ထိုနတ်ဘုရားဓားကို သူ၏ ဖန်ဆင်းရှင်လက်ဝါးကို သုံး၍ အဆင့်မြှင့်တင်ပေးထားခြင်း ဖြစ်သောကြောင့် ထူးခြားသော ဆက်သွယ်မှုတစ်ခုရှိနေပြီး ထိုဓား၏ အကွာအဝေးနှင့် လားရာကို သူ သိနေခြင်း ဖြစ်သည်။

အစပိုင်းတွင် ထိုဓားမှာ လီပေါင်း ၁၄၀၀ ကျော် အကွာတွင် ရှိနေကြောင်း သူ ခံစားရသည်။ ထိုလားရာအတိုင်းဆိုလျှင် မဟာလော့မြို့တော်တွင် ရှိနေခြင်း ဖြစ်သည်။

မိုယုယန်က သူပြောတာကို နားထောင်ပြီး မဟာလော့ဧကရာဇ်ကို သွားရောက် ကလဲ့စားချေခဲ့သည်မှာ သိသာလှသည်။ ထိုသို့ ကလဲ့စားချေသည့်အခါ တာအိုဂိုဏ်းမှ ကောင်းကင်အဆင့်နှင့် တွေ့ဆုံကာ မရှောင်လွှဲနိုင်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ခြင်းပင် ဖြစ်ရပေမည်။

ထို့နောက်တွင် သူမသည် မဟာလော့မြို့တော်မှ အလွန်မြန်သော အရှိန်ဖြင့် ကျားဖြူတောင်တန်းဆီသို့ ထွက်ပြေးလာခဲ့သည်။ အသက်ရှုချိန် ၈၀ အတွင်းမှာပင် လီပေါင်း ၃၀၀ ကျော်အထိ ခရီးပေါက်ခဲ့သည်။

ထိုသို့ မြန်ဆန်ရန်အတွက် မိုယုယန်မှာ ဆေးဝါးတစ်မျိုးမျိုးကို သုံးထားရမည်ဖြစ်ကြောင်းနှင့် သူမကို ကောင်းကင်အဆင့်က လိုက်လံတိုက်ခိုက်နေသဖြင့် အသည်းအသန် ပြေးနေရခြင်းဖြစ်ကြောင်း လင်းပိုင်ဖန် ခန့်မှန်းလိုက်သည်။

ထွက်သက် ၈၀ ကျော်ပြီးနောက်တွင်မူ ဆေးအရှိန် ကုန်သွားသဖြင့် သူမ၏ အရှိန်မှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။ သို့သော်လည်း လျှို့ဝှက်နည်းလမ်းတစ်ခုခုကြောင့် အရှိန်ပြန်တက်လာပြန်သည်။

ထို့နောက်တွင်တော့ သူမ၏အရှိန်မှာ မူလထက်ပင် ပို၍ နှေးကွေးသွားခဲ့သည်။ ကျားဖြူတောင်တန်းသို့ ရောက်ရန် လီပေါင်း ၈၀ ခန့် ကျန်နေသေးသော်လည်း သူမမှာ အချိန်မီ ပြန်မရောက်နိုင်တော့သည်မှာ သိသာနေသည်။

သူမသာ ပြန်မရောက်နိုင်ပါက သူသည်လည်း ကယ်တင်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် လင်းပိုင်ဖန်သည် တွေဝေမနေတော့ဘဲ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်တော့ဘဲ ဓားထိန်းချုပ်ခြင်း သိုင်းပညာကို အသုံးပြုကာ ထွက်ခွာလာခဲ့သည်။

ဓားထိန်းချုပ်ခြင်း သိုင်းပညာသည် သူ့ကို ခဏချင်းအတွင်း လီတစ်ထောင်ခရီးကို ပေါက်စေနိုင်စွမ်း ရှိသည်။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် သူသည် ကျားဖြူတောင်တန်း၏ တစ်ဖက်ခြမ်းသို့ ရောက်ရှိသွားပြီး မိုယုယန်ကို အချိန်မီ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

"မင်းက ဘယ်သူလဲ၊ ဘာဖြစ်လို့ ဒီမိစ္ဆာမကို ကယ်ရတာလဲ" ဟု ယွီရွှီတာအိုဆရာကြီးက ထပ်မံ မေးမြန်းလိုက်သည်။

ထိုစဉ် လူပုံရိပ်က လှည့်ကြည့်လိုက်ပုံရပြီး အသံခပ်တိုးတိုးတစ်ခု ထွက်ပေါ်လာသည် - "ငါလုပ်တဲ့အလုပ်ကို မင်းကို ဘာလို့ ရှင်းပြနေရမှာလဲ"

ယွီရွှီတာအိုဆရာကြီးမှာ တစ်ဖက်လူ၏ မျက်လုံးများကို မမြင်ရသော်လည်း ရှေးဦးသားရဲကြီးတစ်ကောင်၏ အကြည့်ကို ခံနေရသကဲ့သို့ ကျောရိုးထဲအထိ စိမ့်တက်သွားသည်။

တစ်ဖက်လူက သူ့အသက်ကို မျက်တောင်တစ်ခတ်အတွင်း နှုတ်ယူနိုင်သကဲ့သို့ ခံစားလိုက်ရသည်။

သူကိုယ်တိုင်က ကောင်းကင်အဆင့်တစ်ဦးဖြစ်ရာ သူ့ကို ဤကဲ့သို့ ခံစားချက်မျိုး ပေးနိုင်သူမှာ ကောင်းကင်အဆင့်ထက် မြင့်မားသော မဟာကောင်းကင်အဆင့်များသာ ဖြစ်နိုင်သည်။

ထို့ကြောင့် သူ၏ရှေ့မှောက်ကလူမှာ ကြောက်မက်ဖွယ်ကောင်းသော မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်ရပေမည်။

တာအိုဆရာကြီးမှာ စိတ်ထဲတွင် ဟစ်အော်လိုက်မိသည် - “ဒီလောကမှာ နောက်ထပ် မဟာကောင်းကင်အဆင့် သိုင်းပညာရှင် ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ၊ ဒါက တကယ်ကို ရူးစရာပဲ”

"စီနီယာ"

ယွီရွှီတာအိုဆရာကြီးက ရိုသေစွာဖြင့် ဦးညွှတ်လိုက်ပြီး - "ကျွန်တော်က တာအိုဂိုဏ်းရဲ့ တပည့် ယွီရွှီ ဖြစ်ပါတယ်၊ ဒီမိစ္ဆာမက ကျွန်တော်တို့ တာအိုဂိုဏ်းက စောင့်ရှောက်ထားတဲ့ ဧကရာဇ်ကို သတ်ခဲ့တာမို့ သူမရဲ့ ပြစ်မှုက ခွင့်မလွှတ်နိုင်စရာပါ။ စီနီယာအနေနဲ့ ကျွန်တော်တို့အတွက် လမ်းဖယ်ပေးဖို့ မျှော်လင့်ပါတယ်"

ထိုလူပုံရိပ်က ရယ်မောလိုက်ပြီး - "ရယ်စရာပဲ၊ ငါစောင့်ရှောက်ထားတဲ့လူကို ငါ့ရှေ့မှာ သတ်ချင်တယ်လို့ ပြောပြီး လမ်းဖယ်ခိုင်းနေတာလား"

ယွီရွှီတာအိုဆရာကြီးမှာ အံ့အားသင့်သွားပြီး - "သူမက... စီနီယာရဲ့ လူလား"

"ဟုတ်တယ်" ဟု လူပုံရိပ်က ခေါင်းညိတ်ပြလိုက်သည်။

"စီနီယာရဲ့ လူဖြစ်နေမှတော့ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်ပါ၊ ကျွန်တော်တို့ ဆုံတွေ့ခဲ့တာကိုပဲ တိုက်ပွဲတစ်ခုထက် အသိမိတ်ဆွေဖွဲ့သလိုပဲ သဘောထားလိုက်ကြတာပေါ့"

'ပညာရှိဟူသည် အခြေအနေကို ကြည့်၍ ဆုံးဖြတ်တတ်သည်' ဆိုသကဲ့သို့ ယွီရွှီတာအိုဆရာကြီးသည် သူ၏ နာကျည်းချက်များကို ချက်ချင်းစွန့်လွှတ်ကာ အပြုံးဖြင့် ပြန်လည် တုံ့ပြန်လိုက်လေသည်။

All Chapters