← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁) ဘိုးဘေးများကို ခြိမ်းခြောက်နေသော ချွေ့ဝမ်ရှင်း

ယွင်ဟွား၏ မျက်လုံးများ တောက်ပသွားလေသည်။

“အဲ့အကြောင်းပြောပြပါဦး”

ယွင်ရှောင်ထျန်းတစ်ယောက် ရုတ်တရက် အလွန် ပင်ပန်းနွမ်းနယ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ဤကလေးမလေးက မုဆိုးမဖြစ်ချင်စိတ် မည်မျှရှိနေရသနည်း။ မုဆိုးမဖြစ်ခြင်းက သူမကို တကယ်ပဲ ပျော်ရွှင်စေမှာလားဟု တွေးလိုက်မိလေသည်။

ရှောင်ရှူးရှူး စကားမပြောနိုင်မီ သူသည် ရှေ့သို့ တိုးသွားကာ လက်အုပ်ချီပြီး ပြောလိုက်လေသည်။

"အိမ်ရှေ့စံမင်းသား... အချိန်လည်း လင့်နေပြီဆိုတော့ သက်တော်စောင့်တွေနဲ့အတူ ကျွန်တော်မျိုး မိသားစု ပြန်ခွင့်ပြုပါဦး..."

ထို့နောက် သူသည် ယွင်ဟွားကို ပွေ့ချီကာ နန်းတော်တံခါးအပြင်ဘက်ရှိ ရထားလုံးဆီသို့ တိုက်ရိုက် လျှောက်သွားလေတော့သည်။

"နေ... နေပါဦး..."

တော်ဝင်ကြင်ယာတော်စုက ပါးစပ်ဟလိုက်သော်လည်း စကားနှစ်ခွန်းပင် မပြောရသေးမီ နန်ကုန်းယွမ်က အရင် စကားပြောလိုက်လေသည်။

"မယ်တော်... မလုပ်ပါနဲ့..."

"သားတော်က သူမကို ညီမလေးတစ်ယောက်လိုပဲ သဘောထားတာပါ... သားတော် ဒီတစ်သက် ဘယ်တော့မှ စေ့စပ်မှာ မဟုတ်သလို လက်လည်းထပ်မှာ မဟုတ်ပါဘူး..."

သူ၏ ခန္ဓာကိုယ်ထဲရှိ အဆိပ်သည် မယ်တော်အတွက် တစ်သက်တာ နာကျင်မှုဖြစ်ကြောင်းကို သူ အမြဲတမ်း သိထားလေသည်။ သူမသည် သူ့ကို မကာကွယ်နိုင်ခဲ့ခြင်းအတွက် သူမကိုယ်သူမ အပြစ်တင်ကာ မုန်းတီးနေခဲ့လေသည်။ နန်ကုန်းယွမ်သည် ထွက်ခွာသွားသော ယွင်မိသားစုဝင်များကို ကြည့်လိုက်ပြီး မျက်လုံးများကို ခဏမှိတ်ထားလိုက်ကာ ပြန်ဖွင့်လိုက်သောအခါ သူ၏ ပုံမှန် အေးစက်စက် အမူအရာသို့ ပြန်လည်ရောက်ရှိသွားလေသည်။

"ဒါပေမယ့်..."

တော်ဝင်ကြင်ယာတော်စုမှာ အလွန် နေရခက်သွားလေသည်။ ထိုကလေးမလေးက သဘောတူထားသော်လည်း သူမ၏ သားတော် စရိုက်က သူ၏ ဖခင်နှင့် တစ်ထပ်တည်းပင် ဖြစ်လေသည်။ အလွန်ခေါင်းမာလွန်းလှလေသည်။ သူမ ဤသို့ လုပ်နေရသည်မှာ မည်သူ့အတွက်လဲ။

တော်ဝင်ကြင်ယာတော်စုသည် မင်းသားစုကို စူးရဲစွာ ကြည့်လိုက်လေသည်။

"ဒါတွေ အားလုံး ရှင်ကြောင့်ပဲ... ရှင်ကြောင့်ပဲ..."

သူ့သား၏ မကောင်းသော အကျင့်များအားလုံးမှာ သူ့ထံမှ အမွေရထားခြင်းပင် ဖြစ်လေသည်။

"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ကိုယ့်အမှားပါ..."

မင်းသားစုက တောင်းပန်လိုက်ပြီး တော်ဝင်ကြင်ယာတော်စုကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တီးတိုးနှစ်သိမ့်လိုက်လေသည်။

"စိတ်မဆိုးပါနဲ့... ဒီကလေးက အဲဒီလိုပါပဲ... ဒေါသထွက်နေရင် ကိုယ့်ကိုယ်ကိုယ်ပဲ နာကျင်ရမှာပါ..."

"ကိုယ်ထင်တာတော့ ယွင်မိသားစုက ကလေးမလေးမှာ အကြံအစည်အများကြီး ရှိပုံရတယ်... သူမ လုပ်ချင်တာကို လုပ်ခွင့်ပေးလိုက်ပြီး သဘာဝအတိုင်းပဲ ဖြစ်ပါစေလေ..."

ယွင်ရှောင်ထျန်းသည် သူ့အပေါ် မကျေနပ်မှုများစွာ ရှိနေကြောင်းကို မင်းသားစုက ကောင်းကောင်း နားလည်ထားလေသည်။ ထို့ကြောင့် သူသာ ယခု ဝင်မစွက်ဖက်ပါက ယွင်ရှောင်ထျန်းသည် သူ၏ သမီးငယ်လေးကို ထိန်းချုပ်နိုင်မည်လားဆိုတာ သူ မသိပေ။ ဒဏ္ဍာရီလာဆေးကို သူ မရှာတွေ့နိုင်ခဲ့လျှင်တောင် သူ၏သားတော် နောက်ဘဝတွင် ကျန်းမာပြီး အသက်ရှည်ရန် သူ မျှော်လင့်နေဆဲ ဖြစ်လေသည်။ အကယ်၍ ထိုကလေးမလေးက နောက်ဆုံးတွင် စိတ်ပြောင်းသွားခဲ့လျှင်လည်း သူ အတင်းအကျပ် လုပ်မည်မဟုတ်ပေ။

အခြားတစ်ဖက်ရှိ ရထားလုံးထဲတွင် ယွင်ဟွားသည် ခြေထောက်ကို လှုပ်ကာ သူမ၏ ဖခင်ကို စူးစူးရဲရဲ ကြည့်နေလေသည်။ ထိုဖျားနာနေသော မင်းသားနှင့် နီးနီးကပ်ကပ်နေရန် အခွင့်အရေး ရခဲ့သော်လည်း သူမ၏ ဖခင်က အားလုံးကို ဖျက်ဆီးပစ်ခဲ့လေသည်။

"အိမ်တောင် ရောက်တော့မယ်... သမီးက အဖေ့ကို မျက်စောင်းထိုးပြီး ကြည့်နေတုန်းပဲလား..."

ယွင်ရှောင်ထျန်း၏ မျက်လုံးများမှာ အလွန် ကျိန်းစပ်နေသော်လည်း မျက်နှာပျက်မည် စိုးသဖြင့် မျက်ရည်ကျမလာစေရန် အတင်းအကျပ် ထိန်းထားလိုက်လေသည်။ ယွင်ဟွားလည်း ခံစားနေရလေသည်။ သို့သော် သူမ၏ လုပ်ဖော်ကိုင်ဖက် အများအပြား မြင်တွေ့ခဲ့ရသည့် ဖခင်ဖြစ်သူက သူမအား ချိုင်းကြားတွင် ညှပ်ကာ ခေါ်လာခဲ့ခြင်းက မည်မျှရှက်စရာကောင်းကြောင်းကို တွေးမိသောအခါ။

သူမ ဘယ်သူ့ကိုမှ မျက်နှာမပြရဲတော့ပေ။

ထို့ကြောင့် သူတို့ နှစ်ဦးစလုံး အလျှော့မပေးဘဲ လမ်းတစ်လျှောက်လုံး အချင်းချင်း စူးရဲစွာ ကြည့်လာခဲ့ကြလေသည်။

"ရှင်တို့နှစ်ယောက် လိမ္မာအောင် နေကြစမ်း..."

လမ်းတစ်လျှောက်လုံး ဤကိစ္စကို ချွေ့ဝမ်ရှင်းသည် အလုံအလောက် သည်းခံခဲ့ရပြီး ဖြစ်လေသည်။ သူတို့ကို ဆူပူအပြစ်တင်ပြီးနောက် သူတို့ နှစ်ယောက်စလုံးမှာ တုန်လှုပ်မှု မရှိသည်ကို မြင်သောအခါ သူမ၏ ဒေါသများ ပေါက်ကွဲထွက်လာလေတော့သည်။

သူမသည် ယွင်ရှောင်ထျန်းကို ချက်ချင်း ရိုက်ချလိုက်လေသည်။

"အဖေက အဖေနဲ့ကို မတူတာ... အသက် ဘယ်လောက်ရှိနေပြီလဲ... သမီးငယ်လေးနဲ့ ရန်ဖြစ်နေတုန်းပဲ..."

ယွင်ဟွားမှာ ကျေနပ်နေသော်လည်း သူမ၏ မျက်နှာပေါ်မှ အပြုံးကိုပင် မဖျောက်နိုင်သေးမီ သူမ၏ မိခင်က သူမထံသို့ အာရုံလှည့်လာပြန်လေသည်။

"သမီးလည်း အတူတူပဲ... အမြဲတမ်း ကြက်တွေ၊ ခွေးတွေကို လိုက်ဖမ်းနေပြီး ခေါင်းထဲမှာ အဓိပ္ပာယ်မရှိတာတွေချည်းပဲ ပြည့်နေတာ... ဒုတိယအစ်မနဲ့ တတိယအစ်မတို့ရဲ့ ကောင်းတဲ့ အချက်လေးတွေကို နည်းနည်းပါးပါး အတုမယူနိုင်ဘူးလား..."

သူမ၏ သမီးငယ်လေး၏ 'မုဆိုးမ' အစီအစဉ်ကို တွေးမိရုံဖြင့် ချွေ့ဝမ်ရှင်းမှာ ခေါင်းကိုက်လာလေသည်။ ထို့အပြင် ရှောင်ရှူးရှူးကလည်း ဘေးမှနေ၍ မီးလောင်ရာ လေပင့်နေသေးသဖြင့် သူမ အလွန် အားငယ်သလို ခံစားရလေသည်။ ယွင်ဟွားနှင့် သူမ၏ဖခင်တို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ငုံးလေးများကဲ့သို့ လိမ္မာရေးခြားရှိစွာ ကျုံ့ကျုံ့လေး နေလိုက်ကြလေသည်။

သူမ၏ မိခင်မှာ မီးတောင်ပေါက်ကွဲတော့မည့် အခြေအနေတွင် ရှိနေလေသည်။ ရိုးရိုးသားသားနေခြင်းက ပိုကောင်းလေသည်။

ထိုညတွင် ယွင်မိသားစု ဘိုးဘေးခန်းမ၌…

အစေခံများကို လွှတ်လိုက်ပြီးနောက် ချွေ့ဝမ်ရှင်းသည် ဘိုးဘေးခန်းမသို့ တိတ်တဆိတ် သွားရောက်ခဲ့လေသည်။ ထုံးစံအတိုင်း သူတို့သည် ယွင်မိသားစု ဘိုးဘေးများအတွက် အမွှေးတိုင်များထွန်းကာ စက္ကူငွေများ မီးရှို့ပေးကြလေသည်။

"ကျွန်မ ချွေ့ဝမ်ရှင်း ယွင်မိသားစုထဲကို ဝင်လာကတည်းက သစ္စာရှိတဲ့ ဇနီးကောင်း၊ မိခင်ကောင်းတစ်ယောက် ဖြစ်ခဲ့ပြီး စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာခဲ့ပါတယ်... သားတွေက အောင်မြင်တယ်... သမီးတွေက လိမ္မာတယ်... ပြီးတော့ ကျွန်မက အလွန်ထူးခြားတဲ့ သမီးငယ်လေးတစ်ယောက်ကိုတောင် မွေးဖွားပေးခဲ့ပါတယ်... ကျွန်မ တန်ဖိုးရှိတဲ့ အရာတစ်ခုခုကို လုပ်ခဲ့တယ်လို့ ယူဆပါတယ်..."

ချွေ့ဝမ်ရှင်းသည် ပူဇော်ပစ္စည်းများကို စားပွဲပေါ်တွင် တင်လိုက်ပြီး ဆက်လက်၍ ရွတ်ဆိုနေလေသည်။

"ဟွားအာက အရင်ဘဝက ငရဲပြည်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတာ အရင်တစ်ခါက ကျွန်မ ရှင်တို့ကို ပြောပြခဲ့သလိုပါပဲ... အဲဒီအောက်မှာ ရှင်တို့လည်း စောင့်ရှောက်မှု အနည်းငယ်ရခဲ့တယ် မဟုတ်လား... ကျွန်မအတွက်တော့ ကြီးမားတဲ့ ဆန္ဒတွေ မရှိပါဘူး... ရှင်တို့ ယမမင်းနဲ့ စကားနည်းနည်းလောက် ပြောပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်..."

ဘိုးဘေးများ “.....”

ဤဆန္ဒက ကြီးမားလွန်းသဖြင့် သူတို့ ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။

"ရှင်တို့အားလုံး သိတဲ့အတိုင်း ကျွန်မတို့က သမီးလေး ဘာတွေးနေလဲဆိုတာ ကြားနိုင်ပေမယ့် သူ့ရှေ့မှာတော့ ပြောပြလို့ မရဘူးလေ... ရှင်တို့ဆီ လာဖို့ကလွဲပြီး တခြား ရွေးချယ်စရာ လုံးဝ မရှိတော့လို့ပါ..."

ထို့နောက် သူမသည် မီးဖိုထဲသို့ စက္ကူငွေများနှင့် ရွှေတုံးအချို့ကို ထပ်ထည့်လိုက်လေသည်။

"အဲဒီကလေးမလေးရဲ့ ဖူးစာရှင်က ဘယ်သူလဲဆိုတာ ယမမင်းကို မေးပေးပါ... ဒါမှ ကျွန်မ သူ့အတွက် အမြန်ဆုံး အိမ်ထောင်ချပေးနိုင်မှာ... သူမ တစ်ချိန်လုံး မုဆိုးမဖြစ်ဖို့ စိတ်ပူနေစရာ မလိုတော့ဘူးပေါ့... မုဆိုးမဘဝက ဘယ်လောက် ခက်ခဲလဲဆိုတာ ရှင်တို့ အားလုံး သိကြပါတယ်..."

ချွေ့ဝမ်ရှင်းသည် နောက်ထပ် မျက်ရည်တစ်ပေါက်ကို သုတ်ဖယ်လိုက်လေသည်။

တကယ်က မီးခိုးငွေ့တွေကြောင့်ပါ။

"ဒါမှမဟုတ် ယမမင်းကို သမီးလေးရဲ့ အိပ်မက်ထဲမှာ ကိုယ်ထင်ပြဖို့ တောင်းဆိုလို့လည်း ရပါတယ်... သူက အသိဟောင်းဆိုတော့ စကားပြောရ လွယ်မှာပါ... သမီးလေးကို တစ်နေ့ထက်တစ်နေ့ ပိုလိမ္မာလာအောင် လုပ်ပေးပါလို့..."

"အကယ်၍..."

ချွေ့ဝမ်ရှင်းသည် ခဏမျှ ရပ်တန့်သွားလေသည်။ သူမသည် စက္ကူငွေအချို့ကို ထပ်ထည့်လိုက်လေသည်။

"အကယ်၍ ဘာမှအလုပ်မဖြစ်ဘူးဆိုရင် ဘိုးဘေးတို့ သွားပြီး သူမနဲ့ စကားပြောပါ... သူမရဲ့ အထက်လူကြီးတွေဆိုတဲ့ အာဏာကို သုံးပြီး သူမကို ဖိအားပေးပါ... အကယ်၍ ရှင်တို့ သူမကို ဖျောင်းဖျနိုင်မယ်ဆိုရင် ကျွန်မက..."

"ရှင်တို့အဖော်ရအောင် လှပတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် ချောမောတဲ့ အမျိုးသားအများကြီးကို မီးရှို့ပေးပါ့မယ်..."

"အကယ်၍ ရှင်တို့ သဘောမတူဘူးဆိုရင်..."

ချွေ့ဝမ်ရှင်း၏ နူးညံ့သိမ်မွေ့သော အမူအရာသည် ချက်ချင်း မှောင်မိုက်သွားလေသည်။

"ကျွန်မ ဘိုးဘေးခန်းမကိုပိတ်ပြီး ရှင်တို့ရဲ့ မှတ်တမ်းကျောက်ပြားတွေကို မီးရှို့ပစ်မယ်..."

ချွေ့ဝမ်ရှင်း၏ လေသံတွင် ခြိမ်းခြောက်မှု အငွေ့အသက်လေး ပါဝင်နေလေသည်။ မည်သို့ပင်ဖြစ်စေ ဟွားအာသည် ယွင်မိသားစု၏ မျိုးဆက်တစ်ဦး ဖြစ်လေသည်။ သူမကို ဆုံးမရန် လိုအပ်ပါက လူတိုင်း အတူတကွ လုပ်ဆောင်ကြမည် ဖြစ်လေသည်။ မြေကြီးထဲတွင် မြှုပ်နှံထားလျှင်ပင် ထိုနေရာမှ တွားသွား၍ ထွက်လာရမည် ဖြစ်လေသည်။

အရာအားလုံးကို ရှင်းပြပြီးနောက် သူမသည် ဘိုးဘေးခန်းမမှ ကျေနပ်စွာ ထွက်ခွာသွားလေသည်။

နောက်တစ်စက္ကန့်တွင်...

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ပူဇော်ပွဲစားပွဲပေါ်ရှိ ဖယောင်းတိုင်မီးက ပြင်းထန်စွာ တုန်ခါသွားလေသည်။

အချိန်ကား ညနက်နေပြီ ဖြစ်လေသည်။ ယွင်ဟွားသည် တစ်ညလုံး အိပ်မက်ဆိုးများ မက်နေခဲ့လေသည်။ နောက်တစ်နေ့ နံနက်တွင် ယွင်ရှောင်ထျန်းက အကူအညီတောင်းသောအခါ သူမ၏ ပန်ဒါမျက်လုံးများကြောင့် သူ လန့်ဖြန့်သွားလေသည်။

*မနေ့ညက ငါ့သမီး ဘာတွေလုပ်ခဲ့လို့လဲ…*

ယွင်ဟွားသည် သမ်းဝေလိုက်ပြီး တံခါးဘောင်ကို အားနည်းစွာ မှီလိုက်ကာ သူမ၏ ဖခင်ထံသို့ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်လေသည်။

"အဖေ... သမီးကို ရထားလုံးပေါ် ပွေ့တင်ပေးပါလား..."

သူမသည် အလွန်ပင်ပန်းနေသဖြင့် တစ်လက်မမျှပင် မလှုပ်ချင်တော့ပေ။

မနေ့ညက...

သူမ၏ အိပ်မက်ထဲတွင် တုတ်များ ကိုင်ဆောင်ထားသော အဘိုးအို၊ အဘွားအိုတစ်စုက သူမကို လိုက်လံ ရိုက်နှက်နေကြလေသည်။ သူတို့က သူမကို ရိုက်နှက်ရုံသာမက နှုတ်ဖြင့်ပါ ဆဲဆိုခဲ့ကြလေသည်။ သူ၏ ဘိုးဘေးသင်္ချိုင်းကို တူးဆွထားသကဲ့သို့ပင် ဖြစ်လေသည်။

ယွင်ရှောင်ထျန်းသည် ယွင်ဟွားကို ကြည့်လိုက်ရာ သူ၏ မျက်ခွံများမှာ ပြင်းထန်စွာ တုန်လှုပ်နေလေသည်။

*ငါ တကယ်ပဲ နင့်ကို တစ်ခုခု အကြွေးတင်ထားသလား…*

ယွင်ရှောင်ထျန်းသည် သက်ပြင်းရှည်ကြီးချကာ သူ၏ ပြဿနာကောင် သမီးလေးကို ပခုံးပေါ်တွင် တင်ကာ လက်မြှောက်အရှုံးပေးလိုက်လေသည်။ ရှေ့ခြံဝင်းထဲသို့ ဝင်လာရုံမျှသာ ရှိသေးလေသည်။ ဤရင်းနှီးနေသော မြင်ကွင်းက ယွင်မိသားစုဝင်များကို ထပ်မံ၍ ဆွံ့အသွားစေပြန်လေသည်။

ကြည့်ရသည်မှာ... နံနက်တိုင်း မတူညီသော ပြဇာတ်တစ်ပုဒ်ကို ကပြနေသကဲ့သို့ပင် ဖြစ်လေသည်။

ယနေ့ တော်ဝင်ညီလာခံခန်းမသည် ထူးထူးခြားခြား တိတ်ဆိတ်နေလေသည်။ အကြောင်းမူက သူမသည် ပင်မခန်းမအတွင်းရှိ တိုင်တစ်တိုင်ကိုမှီကာ တိတ်ဆိတ်စွာ အိပ်ပျော်နေလေသည်။ ရှင်ခြင်းသေခြင်းစာအုပ်သည် ယွင်ဟွားအား မနှောင့်ယှက်ဘဲ ပညာရှိစွာ နေနေလေသည်။ အဘယ်ကြောင့်ဆိုသော် မနေ့ညက အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ယွင်မိသားစု၏ ဘိုးဘေးများက ကိုယ်ထင်ပြကာ ရှောင်ဟွားကို အိပ်မက်ထဲသို့ ဆွဲခေါ်သွားပြီး အရေပြားများ စုတ်ပြဲကာ သွေးထွက်သည်အထိ ရိုက်နှက်ခဲ့ကြောင်း ၎င်း သိထားသောကြောင့် ဖြစ်လေသည်။

ဧကရာဇ်ဝမ်ရွှမ်းက မမြင်ဟန်ဆောင်နေလေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က နံနက်ခင်း ညီလာခံများတွင် လူတိုင်းသည် အတင်းအဖျင်းများဖြင့် အလုပ်ရှုပ်နေကြသဖြင့် တရားဝင် အလုပ်များစွာကို လျစ်လျူရှုထားခဲ့ကြလေသည်။

"အရှင်မင်းကြီး..."

အမတ်တစ်ဦးက အစီရင်ခံရန် ရှေ့သို့ ထွက်လာသောအခါ ဧကရာဇ်ဝမ်ရွှမ်းက လှမ်းကြည့်ပြီး တီးတိုးပြောလိုက်လေသည်။

"နံနက်ခင်း ညီလာခံမှာ အသံတိုးတိုး လုပ်ကြ..."

အမတ်အားလုံးမှာ အံ့အားသင့်သွားကြလေသည်။ အခြေအနေကို မသိသော အမတ်များသည် အိပ်ပျော်နေသော အမတ်ငယ်ယွင်အပေါ် ဧကရာဇ်၏ အလိုလိုက်မှုကြောင့် အလွန်မနာလို ဖြစ်သွားကြလေသည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုး ကန့်ကွက်စရာ ရှိပါတယ်..."

နင်းကော်မြို့စား ကျန်းမင်ဝမ်သည် ယွင်ဟွားကို စူးရဲစွာ ကြည့်လိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုကြောင့် ဖြူစွတ်နေသော မုတ်ဆိတ်မွေးများပင် တုန်ယင်နေလေသည်။

"အမတ်ငယ်ယွင်က ပင်မခန်းမထဲမှာ ဗြောင်ကျကျ အိပ်ပျော်နေတာက တော်ဝင်ညီလာခံကို မလေးစားတဲ့ လက္ခဏာတစ်ခုပါပဲ... ဒါကြောင့် အရှင်မင်းကြီးအနေနဲ့ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ တိုက်တွန်းပါတယ်..."

ထိုသို့ပြောပြီးနောက် နင်းကော်မြို့စားသည် တရားရေးဝန်ကြီး ချန်ကျဲဟန်ကို ကြည့်ကာ မေးလိုက်လေသည်။

"အမတ်ချန်... ငါပြောတာ မှန်တယ်မလား..."

ဤသူသည် မတရားမှုကို လုံးဝ သည်းမခံနိုင်သူဖြစ်ပြီး သူ့ဘက်မှ ရပ်တည်ပေးမည်မှာ သေချာကြောင်း သူ သိထားလေသည်။ သို့သော် သူ၏ နှုတ်ခမ်းပေါ်ရှိ အပြုံးများပင် အပြည့်အဝ မပေါ်လာသေးကြောင်း မည်သူမျှ မသိကြပေ။

ချန်ကျဲဟန်သည် အလျင်စလို ရှေ့ထွက်လာလေသည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမှာ ကန့်ကွက်စရာ မရှိပါဘူး... အမတ်ငယ်ယွင်က နန်းတွင်းကို ရောက်လာကတည်းက ခက်ခဲတဲ့ ကိစ္စတော်တော်များများကို ဖြေရှင်းရတာ ပိုလွယ်ကူလာပါတယ်..."

"ကျွန်တော်မျိုး အမြင်ကတော့ အမတ်ငယ်ယွင်ကို တုံလင်နိုင်ငံရဲ့ ကံကောင်းစေတဲ့ အဆောင်လက်ဖွဲ့လေး တစ်ခုအဖြစ် သတ်မှတ်ပြီး ကောင်းချီးမင်္ဂလာတွေနဲ့ အသက်ရှည်ကျန်းမာဖို့ အဲဒီမှာပဲ ထားလိုက်တာ ပိုမကောင်းဘူးလား..."

နင်းကော်မြို့စား ခွေးအိုကြီး သေချင်နေလျှင် သူ့ကို အဘယ်ကြောင့် ဆွဲသွင်းရမည်နည်းဟု တွေးလိုက်လေသည်။ ထို့ပြင်... သူ၏ သမီးကလည်း ထိုကလေးမလေး၏ ယောင်းမ ဖြစ်နေလေသည်။ နောင်အခါတွင် မိမိလူကို မတော်တဆ မထိခိုက်မိစေရန် သတိထားရမည် ဖြစ်လေသည်။

လူတိုင်း “.…”

နင်းကော်မြို့စားမှာ လန့်ဖြန့်သွားလေသည်။

*အဆောင်လက်ဖွဲ့ ဟုတ်လား…*

*အဲ့ဒါ လုံးဝ အဓိပ္ပာယ်မရှိတာပဲ…*

အခန်း (၃၂) နင်းကော်မြို့စားအား ဒေါသတကြီး ရင်ဆိုင်သော မင်းသားစု

နင်းကော်မြို့စားက ရှေ့သို့ ထွက်လာလေသည်။

"အရှင်မင်းကြီး..."

"အရှင်မင်းကြီး… အရှင်မင်းကြီးနဲ့ ခင်ဗျားက အမြဲတမ်း ပြဿနာအသေးလေးတွေကို အကြီးကြီးဖြစ်အောင် လုပ်နေတာပဲ... ခင်ဗျား သားရဲ့ ပြဿနာတွေကို ဖြေရှင်းပြီးပြီလား... ခင်ဗျား အမြဲတမ်း လုပ်နေတာက တခြားသူတွေ ဘာစားသလဲ၊ ဘာသောက်သလဲ ဆိုတာကို အပြစ်ရှာဖို့ပဲ..."

"ဒီအသက် ဒီအရွယ်ရောက်နေပြီ... ကောင်မလေးတစ်ယောက်နဲ့ ရန်ဖြစ်နေတုန်းပဲလား... သူမက ခင်ဗျားရဲ့ ဘိုးဘေးတွေကိုများ စော်ကားမိလို့လား... ဒါမှမဟုတ် ခင်ဗျား မိန်းမကိုများ ခိုးသွားလို့လား..."

"အမတ်ချန် ပြောတာကို ကျုပ်လည်း ထောက်ခံတယ်... အမတ်ငယ်ယွင်က ရုပ်ရည်လည်း ကြည့်ကောင်းတယ်... တက်ကြွတယ်... အဆောင်လက်ဖွဲ့လေး လုပ်တော့ရော ခင်ဗျားကို ဘာများ ထိခိုက်သွားလို့လဲ... သူရဲ့လစာကို ပေးတာက ကျုပ်ရဲ့အစ်ကိုတော် ဧကရာဇ်က ပေးတာလေ... ခင်ဗျားကို တစ်ပြားမှ ပေးခိုင်းနေတာ မဟုတ်ဘူး... ခင်ဗျားက မျောက်တစ်ကောင်လို တစ်နေ့လုံး ခုန်ပေါက်နေတာပဲ..."

မင်းသားစုသည် သူ့ကို သည်းခံမည် မဟုတ်ပေ။ သူသည် ကြမ်းတမ်းသော ယောက်ျားတစ်ယောက်ဖြစ်ပြီး မည်သူ့ကိုမျှ မျက်နှာသာပေးမည် မဟုတ်ပေ။ နောက်မှ ဆက်ကြည့်ကြတာပေါ့... သူ ထိုကလေးမလေးကို တကယ် သဘောကျလေသည်။

နင်းကော်မြို့စားသည် သေလုမတတ် ဖြူလျော့သွားပြီး ရင်ဘတ်ကိုဖိကာ မေ့လဲလုမတတ် ဖြစ်သွားလေသည်။ သူက ဗလုံးဗထွေးဖြင့် ပြောလိုက်လေသည်။

"မင်း... မင်း..."

"ဘာလဲ... မင်းက ဘာဖြစ်လဲ..."

မင်းသားစုသည် မျက်စောင်းထိုးလိုက်ပြီး သူ့ထံမှ ထွက်ပေါ်လာသော လူသတ်ချင်သည့် အရှိန်အဝါသည် နင်းကော်မြို့စား၏ အရှိန်အဝါနှင့် နီးပါး တူညီနေလေသည်။

"ခင်ဗျား ကျန်းမာရေးမကောင်းရင် ရာထူးကနေ ဆင်းပြီး ပိုအရည်အချင်းရှိတဲ့သူကို နေရာဖယ်ပေးသင့်တယ်... ခင်ဗျားက အသက်လည်း ကြီးလာပြီ... ခင်ဗျားရဲ့ ဦးနှောက်က လူငယ်တွေလောက် မထက်မြက်တော့ဘူး... ခင်ဗျားရဲ့ ခန္ဓာကိုယ်ကလည်း စစ်သူကြီးတွေလောက် မသန်မာတော့ဘူး... ပြီးတော့ ခင်ဗျားရဲ့ ရုပ်ရည်ကလည်း အမတ်ငယ်ယွင်လောက် ကံကောင်းစေမယ့် ရုပ်ရည်မျိုး မဟုတ်ဘူး... ပြောစမ်းပါဦး... ခင်ဗျား ဘာလုပ်နိုင်သေးလို့လဲ..."

"ခင်ဗျားက နေ့တိုင်း ဒီလူ့ကို စွပ်စွဲ... ဟိုလူ့ကို စွပ်စွဲနဲ့ လုပ်နေတာပဲ... ဒါပေမယ့် ကျုပ် အမြင်ကတော့ အစွပ်စွဲခံရဖို့ အထိုက်တန်ဆုံးသူက ခင်ဗျားပဲ... လာ... လာခဲ့... အပြင်မှာ ခင်ဗျားရဲ့ နာမည်ကို သုံးပြီး ခင်ဗျားရဲ့ အငယ်ဆုံးသား ဘယ်လိုဆိုးသွမ်းတာတွေ ဘယ်လောက်တောင် လုပ်ခဲ့လဲဆိုတာ တွက်ကြည့်ရအောင်..."

"ဒီနေ့ အမှန်တရား မပေါ်မချင်း ဘယ်သူမှ ဒီမနက်ခင်း ညီလာခံကနေ ထွက်မသွားရဘူး..."

မင်းသားစု၏ လွှမ်းမိုးနိုင်သော ဟောက်သံကြောင့် လျှို့ဝှက်ရည်ရွယ်ချက်များ ရှိနေသေးသူများအားလုံး ချက်ချင်း နှုတ်ဆိတ်သွားကြလေသည်။

"မင်း... ငါ..."

ဒေါသထွက်လွန်းသဖြင့် နင်းကော်မြို့စား၏ မျက်လုံးများပင် ပြူးကျယ်သွားပြီး သူသည် ပြဇာတ်ဆန်ဆန်ပင် မေ့လဲသွားလေတော့သည်။

မင်းသားစုသည် ချက်ချင်း ခုန်ရှောင်လိုက်လေသည်။

"အစ်ကိုတော်... စောစောက အစ်ကိုတော်လည်း မြင်တဲ့အတိုင်းပဲ... ကျုပ် သူ့ရဲ့ အဝတ်စွန်းကိုတောင် မထိခဲ့ဘူး... သူ့ရဲ့ စိတ်ဓာတ်ခွန်အားက အရမ်း အားနည်းလွန်းတယ်... ဖိအားကို မခံနိုင်ဘူး..."

မင်းသားစု ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် နင်းကော်မြို့စားကို ဒေါသထွက်လွန်း၍ မေ့လဲသွားစေခဲ့လေသည်။ ဧကရာဇ်ဝမ်ရွှမ်းသည် လက်ဝှေ့ယမ်းကာ နင်းကော်မြို့စားကို သယ်သွားရန် အမိန့်ပေးလိုက်လေသည်။

ယွင်ဟွားသည် မူးဝေစွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ အမတ်တစ်ဦး ထပ်မံ သယ်ဆောင်သွားခံရသည်ကို မြင်လိုက်ရလေသည်။

“ဒါက ဘာဖြစ်သွားတာလဲ…”

သူမသည် ပါးစပ်ထောင့်မှ သွားရည်များကို သုတ်လိုက်ပြီး ပြန်အိပ်ပျော်သွားလေတော့သည်။ သို့သော် ရှင်ခြင်းသေခြင်းစာအုပ်ကမူ နင်းကော်မြို့စားအား သေချာစွာ မှတ်ထားလိုက်လေသည်။ ထိုအချိန်တွင် ချန်ကျဲဟန်က ယွင်ရှောင်ထျန်းကို တံတောင်ဖြင့် တွတ်လိုက်လေသည်။

"မင်းရဲ့ အနာဂတ် ခမည်းခမက်တွေက တော်တော် သဘောကောင်းတယ် မဟုတ်လား... အမတ်ငယ်ယွင်အတွက် မင်္ဂလာပွဲကို ဘယ်တော့လောက် စီစဉ်မှာလဲ..."

ယွင်ရှောင်ထျန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူ၏ အကြည့်များက ချန်ကျဲဟန်ပေါ်သို့ ညင်သာစွာ ကျရောက်သွားလေသည်။

"ကျုပ်သမီးရဲ့ မင်္ဂလာပွဲက အလျင်မလိုပါဘူး... ဒါပေမယ့် ကျုပ် အငယ်ဆုံးသားရဲ့ မင်္ဂလာပွဲကို အရင်စီစဉ်လို့ ရပါတယ်... အမတ်ချန် ဘယ်တော့လောက် အားမလဲ မသိဘူးနော်... ကျုပ်တို့ ဇနီးမောင်နှံ အလည်လာဖို့ နေ့ကောင်းရက်သာ ရွေးလိုက်ပါ့မယ်..."

ချန်ကျဲဟန် “…”

သူ ရယ်မောခြင်းကို ရပ်တန့်လိုက်လေသည်။ ဧကရာဇ်ဝမ်ရွှမ်းသည် နန်းတွင်းအရာရှိများနှင့် စစ်ဘက်အရာရှိများကို တစ်ချက် ကြည့်လိုက်လေသည်။

"အခု ထပ်ပြီး ကန့်ကွက်စရာ ရှိသေးလား..."

ဧကရာဇ်ဝမ်ရွှမ်းသည် အချင်းချင်း ကြည့်နေကြပြီး စကားတစ်ခွန်းမျှ မဟကြသော ညီလာခံရှိ အရာရှိများကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်လေသည်။

"ရှိရင်လည်း ကိုယ့်ဘာသာပဲ သိမ်းထားလိုက်ကြ..."

"ကိုယ်တော်က သူမကို အလိုလိုက်ချင်လို့... ဘာဖြစ်လဲ..."

"မင်းတို့ သိပ်စွမ်းရင်လည်း အမတ်ငယ်ယွင်နဲ့ တစ်ပုံစံတည်းတူတဲ့ ကလေးတစ်ယောက်ကို မွေးပေးကြလေ... ကိုယ်တော်က အဲဒီကလေးကိုလည်း အစွမ်းကုန် အလိုလိုက်ပေးဦးမယ်..."

သူတို့က တကယ်ကို ရောင့်တက်နေကြပြီ ဖြစ်လေသည်။

လူတိုင်း “……”

သူတို့ကား နောက်ဆုံးတွင် နားလည်သွားကြလေသည်။ သူမကို ဧကရာဇ်က မျက်နှာသာပေးထားပြီး မင်းသားများက ကာကွယ်ပေးထားလေသည်။ အကြောင်းရင်းကို မသိသော အရာရှိများသည် သေအောင် အရိုက်ခံရမည်ဆိုလျှင်တောင် ထပ်မံ၍ မကန့်ကွက်ရဲကြတော့ပေ။

သူတို့လည်း ယွင်လေးလို ကလေးတစ်ယောက် လိုချင်ကြလေသည်။ သို့သော် ထိုမျိုးဗီဇမှ မရှိတာကိုး။

တိုက်ပွဲအငွေ့အသက်များ လွှမ်းခြုံနေသော နံနက်ခင်း ညီလာခံသည် ပြီးဆုံးသွားလေပြီ။

ချန်ကျဲဟန်သည် ယနေ့တွင် မည်သည့် အတင်းအဖျင်းမျှ မကြားရသဖြင့် အနည်းငယ် စိတ်ပျက်နေလေသည်။

ယွင်ဟွားသည် နံနက်ခင်းက ဤနေရာသို့ ပွေ့ချီခံခဲ့ရပြီး သူမ၏ ဖခင်က အိမ်သို့ ပြန်လည်ပွေ့ချီသွားပြန်လေသည်။ အမတ်များမှာ နှုတ်ဆိတ်နေကြလေသည်။ မနက်ဖြန်တွင် သူမအတွက် ပင်မခန်းမ၌ ကုတင်တစ်လုံး စီစဉ်ပေးသင့်သလားဟု တွေးလိုက်ကြလေသည်။

ယွင်ရှောင်ထျန်း နန်းတော်တံခါးမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် မယ်တော်ကြီးဘေးရှိ အထိန်းတော်ကြီးကူးက သူ့ကို လာရောက် ဖိတ်ခေါ်လေသည်။ ယွင်ဟွားသည် နာကျင်နေသော လက်မောင်းကို ပွတ်သပ်ကာ အထိန်းတော်ကြီးကူး၏ နောက်မှ သနားစရာကောင်းသော အမူအရာဖြင့် လိုက်ပါသွားလေသည်။

“ရှောင်ရှူးရှူး... ငါ့အဖေက အရမ်း ရက်စက်တာပဲ... ငါ့ကို သာမန်အတိုင်း နှိုးလို့ ရနေတာကို... ငါ့ကို ဆွဲဆိတ်ဖို့ ရွေးချယ်ခဲ့တယ်..”

“ပန်းကလေး... ညည်းမနေစမ်းပါနဲ့... နင်က အသေကောင်လို အိပ်နေတာ နင့်ကိုယ်နင်သိ…”

ယွင်ဟွားက ချက်ချင်း ပြန်လည် ချေပလိုက်လေသည်။

“နင်ကလည်း ဝက်တစ်ကောင်လို ဝနေတာလေ…”

ရှင်ခြင်းသေခြင်းစာအုပ်သည် သူ့ကို စိုက်ကြည့်လိုက်ပြီး ဒေါသထွက်ကာ စာအုပ်ထဲသို့ ပြန်ဝင်သွားပြီး စာအုပ်ကို ပိတ်ချလိုက်လေသည်။ ယင်းက သူတို့ နှစ်ဦး ယခုအခါ လမ်းခွဲသွားပြီဖြစ်ကြောင်း ညွှန်ပြနေလေသည်။

ယွင်ဟွာ “……”

သူမသည် နဖူးကို ပွတ်သပ်ကာ အကူအညီမဲ့စွာ သက်ပြင်းချလိုက်လေသည်။

“တကယ်ပဲ အဲဒီလို လုပ်ဖို့ လိုလို့လား…”

ချက်ချင်းဆိုသလိုပင် ခေါင်းထဲတွင် အူသံများ ထပ်မံ ပြည့်နှက်လာပြန်လေသည်။

ယွင်ဟွား “……”

ရှေ့မှ လျှောက်သွားနေသော အထိန်းတော်ကြီးသည် လူနှင့် စာအုပ်ကြားရှိ စကားပြောဆိုမှုကို ကြားသောအခါ သူမ၏ ရယ်မောမှုကို အတင်းအကျပ် ထိန်းချုပ်ထားရသဖြင့် ပါးစပ်ကို အုပ်ထားလိုက်ရလေသည်။

သခင်မလေးယွင်သက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှလေသည်။ မယ်တော်ကြီး သူမကို နှစ်သက်သည်မှာ အံ့သြစရာ မဟုတ်ပေ။

နန်းတော်တံတိုင်းများသည် မိုးတိမ်များဆီသို့ မြင့်တက်နေလေသည်။ ဤသည်မှာ ယွင်ဟွားအတွက် နန်းတော်အတွင်းသို့ ဒုတိယအကြိမ် ဝင်ရောက်ခြင်း ဖြစ်လေသည်။ ၎င်းသည် လှောင်ချိုင့်တစ်ခုကဲ့သို့ စတုရန်းပုံဖြစ်ပြီး လုံးဝ လွတ်လပ်မှုမရှိပေ။ စည်းမျဉ်းများစွာရှိပြီး ကိုယ့်ခေါင်းကို အမြဲတမ်း သတိထားနေရမည် ဖြစ်လေသည်။ နေရောင်အောက်တွင် အနီရောင် ဆေးသုတ်ထားသော နံရံများက အေးစက်စွာ တောက်ပနေပြီး လောက၏ ဆူညံပွက်လောရိုက်မှုများနှင့် နန်းတွင်း၏ ပရိယာယ်များမှ လုံးဝ အထီးကျန်နေစေလေသည်။

ယောကျ်ားတစ်ယောက်ကို လုဖို့အတွက်ပဲလား…။

သူတို့က ဤနေရာမှာ နေရာတစ်ခုရဖို့ လုယက်နေကြတာလေ...။

ဘာဖြစ်လို့ အဲဒီလောက် ဒုက္ခခံနေရတာလဲ...။

အမျိုးသမီး သုံးထောင်တောင် ရှိတာကို သုံးနှစ်လောက် တန်းစီစောင့်ရဦးမှာပဲလေ...။

"သခင်မလေးယွင်... သတိထား လျှောက်ပါဦး..."

အထိန်းတော်ကြီးကူးက ပြုံးလျက် သတိပေးလိုက်လေသည်။

"ဟင်... အော်..."

ယွင်ဟွား၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး သူမ၏ အကြည့်များကို ပတ်ဝန်းကျင်မှ ရုပ်သိမ်းလိုက်လေသည်။

"သတိပေးတာ ကျေးဇူးတင်ပါတယ် အထိန်းတော်ကြီး..."

သူမက ခလုတ်တိုက်မိပြီး လဲကျတော့မလို့ ဖြစ်သွားလေသည်။

အခြားတစ်ဖက်တွင်... ချုံဟွားနန်းဆောင်၌

ရွှေရောင်ငုံးရုပ်များပါရှိသော အနီရင့်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် မင်းသမီးလဲ့အန်း၏ မျက်နှာပေါ်တွင် မိန်းမငယ်လေးတစ်ဦး၏ ရှက်သွေးဖြာမှုများ ရှိနေလေသည်။ သူမသည် မယ်တော်ကြီး၏ လက်မောင်းကို ညင်သာစွာ ယမ်းရင်း ပြောလိုက်လေသည်။

"အဘွားတော်.. အစ်မဝမ်ယွဲ့က ဂုဏ်သိက္ခာရှိတယ်၊ မွန်မြတ်တယ်... ပြီးတော့ ဗဟုသုတလည်း အရမ်းကြွယ်ဝပါတယ်... မနေ့က နန်းတွင်းပွဲတော်မှာ ဖြစ်ခဲ့တာတွေက နားလည်မှုလွဲတာ ဖြစ်ရမယ်..."

လင်းဝမ်ယွဲ့သည် သူမ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်လေသည်။ လွန်ခဲ့သော နှစ်နှစ်က သူမသည် ယောက်ျားလေးအဖြစ် ရုပ်ဖျက်ကာ ဆော့ကစားရန် နန်းတော်ထဲမှ ခိုးထွက်ခဲ့လေသည်။ သူမ၏ ပိုက်ဆံအိတ် အခိုးခံလိုက်ရသဖြင့် ကျသင့်ငွေ ရှင်းရန် ပိုက်ဆံမရှိဖြစ်နေစဉ် လင်းဝမ်ယွဲ့က သူမကို ကယ်တင်ခဲ့လေသည်။

“အဘွားတော်... မြေးတော်က အဘွားတော်ကို တောင်းဆိုချင်လို့ပါ..."

သူမသည် တစ်ခုခုကို ပြောချင်သကဲ့သို့ မျက်လွှာချလိုက်ရာ သူမ၏ ရှည်လျားသော မျက်တောင်များက နေရောင်အောက်တွင် အရိပ်များ ကျနေလေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူမ အအေးမိသွားသဖြင့် မနေ့က နန်းတွင်းပွဲတော်သို့ မတက်ရောက်ခဲ့ပေ။

ယင်းအစား သူမ အချစ်ဆုံးအစ်မ ဝမ်ယွဲ့သည် ယုတ်မာသော အမျိုးသမီးတစ်ဦးကြောင့် သုံးလတိတိ အိမ်တွင်းအကျယ်ချုပ် ကျခံရသည်ဟူသော သတင်းကို ကြားလိုက်ရလေသည်။ ပို၍ ဒေါသထွက်စရာကောင်းသည်မှာ သူမ၏ တတိယအစ်ကိုဖြစ်သော ထိုလူမိုက်သည် ထိုယုတ်မာသော အမျိုးသမီးနှင့် အတူတကွ သွားလာနေခြင်းပင် ဖြစ်လေသည်။

အစ်မဝမ်ယွဲ့က သူ့ကို အရမ်း သဘောကျကြောင်း တတိယအစ်ကို မသိဘူးလားဟု တွေးလိုက်မိလေသည်။ သူမ၏ မျက်နှာမှာ မှောင်မိုက်နေလေသည်။ သူမလို ကောင်မလေးတစ်ယောက်ကို နန်းတွင်း၌ အရာရှိအဖြစ် ခန့်အပ်ရန် သူမ၏ ခမည်းတော် ဘာတွေတွေးနေသည်ကို သူမ မသိပေ။ မနေ့ညက သူမ အစ်မဝမ်ယွဲ့အတွက် တောင်းပန်ရန် သွားခဲ့စဉ်က သူမ၏ ခမည်းတော်၏ ပြင်းပြင်းထန်ထန် ပြစ်တင်မည်းဆဲခြင်းကို ခံခဲ့ရလေသည်။

ချစ်ခြင်းမေတ္တာနှင့် အလိုလိုက်ခံရသော ဤတစ်ဦးတည်းသော မင်းသမီးလေးသည် တစ်နေ့တွင် ခမည်းတော် ဧကရာဇ်၏ မျက်နှာသာပေးမှုကို မခံရတော့ပေ။ ဤအရာအားလုံးသည် ထိုခွေးမလေး ယွင်ဟွားကြောင့်ပင် ဖြစ်လေသည်။ ခမည်းတော်ထံသို့ သွားရောက် ပြောဆို၍ မရနိုင်တော့သဖြင့် သူမသည် မယ်တော်ကြီးထံမှတစ်ဆင့် သွယ်ဝိုက်သော နည်းလမ်းဖြင့် ကြိုးစားရန်သာ တတ်နိုင်တော့လေသည်။

“အဘွားတော်... မြေးတော်ကို သနားသောအားဖြင့် အစ်မဝမ်ယွဲ့ကို လွှတ်ပေးဖို့ ခမည်းတော်ကို ပြောပေးပါ..."

“လွှတ်ပေးရမယ် ဟုတ်လား…”

မယ်တော်ကြီး မျက်မှောင်ကြုတ်လိုက်လေသည်။ မနေ့က သူမ အဲဒီမှာ ရှိနေခဲ့ပြီး လင်းမိသားစုမှ ထိုကလေးမလေးသည် ဉာဏ်များမည့်ပုံ ပေါ်လေသည်။ နန်းတွင်းတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော မြေခွေးအိုကြီး တစ်ကောင်ဖြစ်သည့် သူမသည် ထိုကလေးမလေးကို မည်သို့လျှင် မမြင်နိုင်ဘဲ နေမည်နည်း။

ထို့အပြင် ယွင်မိသားစုမှ ထိုစိတ်ဝင်စားစရာကောင်းသော ကလေးမလေးက သားတော်ငယ်တတိယမင်းသား၏ အသက်ကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ကယ်တင်ပေးခဲ့လေသည်။ ဧကရာဇ်က ထိုကလေးမလေးကို အလွန် အလိုလိုက်ထားသဖြင့် သူမသည် သူ့ကို စိတ်ဆိုးအောင် လုပ်မည် မဟုတ်ပေ။

မယ်တော်ကြီးသည် သူမ၏ မြေးတော်ကို သေချာစွာ စိုက်ကြည့်လိုက်လေသည်။ သူမသည် လဲ့အန်း ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သော်လည်း ရင်ထဲမှနေ၍ သူမကို သဘောမကျနိုင်ပေ။ သူတို့ကြားတွင် အမြဲတမ်း အကွာအဝေးတစ်ခု ရှိနေသည်ဟု သူမ ခံစားရလေသည်။

မယ်တော်ကြီး၏ ရင်ထဲတွင် ရှုပ်ထွေးသော စိတ်ခံစားမှုတစ်ခု ဖြစ်ပေါ်လာလေသည်။ သူမသည် မျက်လုံးများကို အနည်းငယ် မှေးလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်လေသည်။

"ငါလည်း အသက်ကြီးလာပြီ... သားတွေ မြေးတွေ ဝိုင်းရံနေတာကိုပဲ လိုချင်တော့တယ်... အဲ့အသေးအဖွဲ ကိစ္စတွေကို ငါ စိတ်မဝင်စားချင်တော့ဘူး..."

"လဲ့အန်း နားလည်တယ် မဟုတ်လား..."

မင်းသမီးလဲ့အန်းသည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် မကောင်းဆိုးဝါးဆန်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေသည်။ သူမသည် မယ်တော်ကြီး၏ လက်ကို ဆုပ်ကိုင်ထားရာမှ လွှတ်လိုက်ပြီး မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်လေသည်။

“အဘွားတော်…”

All Chapters