← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃) မနာလိုမှုရဲ့ ပစ်မှတ် ထပ်ဖြစ်ရပြန်ပြီလား

"တော်တော့..."

မယ်တော်ကြီးသည် သူမက လင်းဝမ်ယွဲ့အတွက် ဆက်လက် တောင်းပန်လိုနေသေးသည်ကို မြင်သောအခါ စားပွဲပေါ်ရှိ လက်ဖက်ရည်ပန်းကန်ကို "ဒိုင်း" ခနဲ ဆောင့်ချလိုက်လေသည်။ သို့သော် လဲ့အန်းအပေါ် ထားရှိသော သူမ၏ မျက်ဝန်းထဲမှ စိမ်းသက်မှုများက လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။

"ငါ မသိဘူးလို့ နင် တကယ် ထင်နေတာလား... မနေ့ညက နင့်ခမည်းတော်ဆီမှာ တောင်းပန်လို့မရလို့ ပယ်ချခံလိုက်ရတာကို အခုတော့ နင့်ညီအစ်မအပေါ် သစ္စာရှိမှုကို ၏ပြသဖို့အတွက် ငါ့ကို လူဆိုးလုပ်ခိုင်းနေတာလား..."

မယ်တော်ကြီးသည် အေးစက်ပြီး ပြစ်တင်မည်းဆဲသော လေသံဖြင့် မင်းသမီးလဲ့အန်းကို စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

"ငါ့အမြင်ကတော့ ဧကရာဇ်ရဲ့ အပြစ်ပေးမှုက တရားမျှတပါတယ်... နောင်ကို လင်းမိသားစုက အဲ့ကလေးမလေးနဲ့ ဝေးဝေးနေသင့်တယ်... သူမက လူကောင်း မဟုတ်ဘူး..."

မင်းသမီးလဲ့အန်းသည် မယ်တော်ကြီး၏ ရုတ်တရက် ဒေါသပေါက်ကွဲမှုကြောင့် လန့်ဖြန့်သွားလေသည်။ သူမ၏ ယခင်က အနည်းငယ် မှောင်မိုက်နေသော မျက်နှာသည် ယခုအခါ မယ်တော်ကြီးအပေါ် မုန်းတီးမှုများဖြင့် ပြည့်နှက်သွားလေသည်။

သူမ၏ မယ်တော် ပြောသည်မှာ မှန်လေသည်။

မယ်တော်ကြီးသည် သမီးမိန်းကလေးများထက် သားယောက်ျားလေးများကို ပို၍ မျက်နှာသာပေးသော ရှေးရိုးစွဲအမျိုးသမီးကြီးတစ်ဦး ဖြစ်လေသည်။ အကယ်၍ ယနေ့ သူမ၏ ရှေ့တွင် ဒူးထောက်နေသူများမှာ သူမ၏ နောင်တော်များသာ ဖြစ်မည်ဆိုပါက သူမသည် သူတို့၏ ခမည်းတော်ကို သွားရောက် ပင့်ဆောင်ရန် လူလွှတ်ပြီးလောက်ပြီ ဖြစ်လေသည်။ မယ်တော်ကြီးက သူမကို သိပ်သဘောမကျဘူးဆိုသည်ကို သူမ မမြင်နိုင်ဘူးဟု မထင်လိုက်နှင့်။

တော်ဝင်ကြင်ယာတော်စုသည် ဘေးတွင် ထိုင်နေပြီး မင်းသမီးလဲ့အန်း၏ မျက်နှာပေါ်မှ ဖြတ်ပြေးသွားသော နာကြည်းမှုများကို မျက်မြင်တွေ့လိုက်လေသည်။ သူမ မျက်မှောင်ကြုတ်လိုက်လေသည်။ ဤကလေးမလေးက မယ်တော်ကြီးကို မနာလို ဖြစ်နေတာလား။ နောက်ပိုင်းတွင် သူမသည် ထိုကလေးမလေးကို လမ်းမှားသို့ ပြုစုပျိုးထောင်ထားပုံရကြောင်း ဧကရီအား သတိပေးလိုက်လေသည်။

ဤမျိုးဆက်တွင်တစ်ဦးတည်းသော မိန်းကလေးဖြစ်လေသည်။ တုံလင်နိုင်ငံ၏ မင်းသမီးလေး၊ ဧကရာဇ်၏ အသည်းကျော်လေး ဖြစ်လေသည်။

"မင်းသမီး... ထပါတော့... မနေ့က မင်းသမီး အဲဒီမှာ မရှိခဲ့ပါဘူး... အဲ့လင်းကလေးမလေးရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူတွေကို သေချာ ထိန်းချုပ်ဖို့ လိုအပ်ပါတယ်... မယ်တော်ကြီးကို ထပ်ပြီး ဒေါသမထွက်စေနဲ့တော့..."

ပြဇာတ်ကို အချိန်အတော်ကြာ ကြည့်ပြီးနောက် ဧကရီသည် သူမ၏ လက်ဖက်ရည်ပန်းကန်ကို ချလိုက်ပြီး သင့်လျော်သော စိုးရိမ်မှု အပြည့်ဖြင့် ညင်သာစွာ ပြောလိုက်လေသည်။ သူမသည် မင်းသမီးလဲ့အန်းကို သိပ်သဘောမကျပေ။ ပျော်ပျော်နေတတ်ပြီး ချစ်စရာကောင်းသော မျက်နှာဖုံး၏ အနောက်တွင် ဟန်ဆောင်မှုများ ပြည့်နှက်နေသော မျက်နှာတစ်ခု ရှိနေသည်ဟု သူမ အမြဲတမ်း ခံစားနေရသော်လည်း သူမအပေါ် ထားရှိသော ဧကရာဇ်၏ ချစ်ခင်မြတ်နိုးမှုကိုမူ သူမ မလွန်ဆန်နိုင်ပေ။

ထို့ပြင် သူမ၏ မယ်တော်ဖြစ်သူ ကိုယ်လုပ်တော်ကျန်းပင် ဖြစ်လေသည်။ "သမီးကြောင့် မိခင်မျက်နှာပွင့်သည်" ဟူသော အယူအဆကို အားကိုးကာ သူမသည် နန်းတွင်း၌ သူမထက် အဆင့်နိမ့်သော ကိုယ်လုပ်တော်များကို ဖိနှိပ်ရန် တချို့သော လှည့်ကွက်များကို တစ်ခါတစ်ရံ အသုံးပြုတတ်လေသည်။ သူတို့ နှစ်ယောက်စလုံးသည် ရင်ဆိုင်ရန် လွယ်ကူသူများ မဟုတ်ကြပေ။

ဧကရီက သူမအတွက် ထွက်ပေါက်တစ်ခု ပေးလိုက်ပြီဖြစ်ကြောင်း မြင်သောအခါ မင်းသမီးလဲ့အန်းက အောက်နှုတ်ခမ်းကို ကိုက်လိုက်လေသည်။

"လဲ့အန်း မယ်တော့်ရဲ့ ဆုံးမစကားတွေကို နာခံပါ့မယ်..."

ဤစကားကို ကြားသောအခါ မယ်တော်ကြီးသည် သူမထံမှ အကြည့်ကို လွှဲဖယ်လိုက်ပြီး တံခါးဘက်သို့ လှည့်ကာ သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"ဟူး... အထိန်းတော်ကြီးကူး အဲ့ကလေးမလေးကို အချိန်မီ တားနိုင်ပါ့မလား မသိဘူး..."

နန်းတော်ကြီးက ခြောက်ကပ်ကပ်ဖြစ်နေပြီး သူမသည် ထိုကလေးမလေး၏ တက်ကြွသော စရိုက်ကို သဘောကျလေသည်။ တော်ဝင်ကြင်ယာတော်စု၏ မျက်လုံးများ တောက်ပသွားလေသည်။ မယ်တော်ကြီးက သူမ၏ အနာဂတ် ချွေးမလေးအကြောင်း ပြောနေတာများလား။

ခန်းမအတွင်း၌ ရွှေချထားသော အမွှေးတိုင်ခွက်မှ မီးခိုးငွေ့လေးများ ထွက်ပေါ်နေပြီး အခန်းအတွင်းကို အိပ်မက်ဆန်သော လေထုတစ်ခုအဖြစ် ဖန်တီးပေးထားလေသည်။ ယွင်ဟွား ခန်းမထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် အတွင်းရှိ ပုဂ္ဂိုလ်ကြီးသုံးဦး၏ စူးရဲစွာ ကြည့်ခြင်းကို ခံလိုက်ရလေသည်။ သူမ၏ နှလုံးခုန်သံမှာ တစ်ချက် ရပ်တန့်သွားလေသည်။ သူတို့၏ စိတ်အားထက်သန်နေသော အကြည့်များက သူမကို မျိုချတော့မည့်အလား ပေါ်လွင်နေလေသည်။

"ကျွန်တော်မျိုးမ မယ်တော်ကြီး၊ ဧကရီနဲ့ တော်ဝင်ကြင်ယာတော်စုတို့ကို အရိုအသေပေးပါတယ်..."

ယွင်ဟွားသည် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေသည်။ သူမသည် အရာရှိဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမကိုယ်သူမ 'ကျွန်တော်မျိုးမ' ဟု ခေါ်ဆိုခြင်းက မှန်ကန်လောက်မည်ဟု တွေးလိုက်လေသည်။

“ဘုရားရေ... ငါ ဘာအမှားမှ မလုပ်ခဲ့ပါဘူး... မယ်တော်ကြီးက ကြင်နာတတ်တယ်... ဧကရီက နတ်သမီးလေးလိုပဲ... ပြီးတော့ တော်ဝင်ကြင်ယာတော်စုကလည်း ရဲရင့်တဲ့ ဟန်ပန်ရှိတယ်... သူတို့ ငါ့ကို ဒုက္ခမပေးလောက်ပါဘူးနော်…”

ယွင်ဟွားသည် ပုဂ္ဂိုလ်ကြီးသုံးဦးကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်က အမျိုးသမီးငယ်လေး းတစ်ဦးထံသို့ ကျရောက်သွားလေသည်။

“ဟေး... ဒေါင်းတစ်ကောင်လို ဝတ်ထားတာ ဘယ်သူလဲ... သူမ တစ်ကိုယ်လုံးမှာ တောက်ပနေတဲ့ ရွှေတွေ ဖုံးလွှမ်းနေပြီး ခေါင်းမှာလည်း ရွှေတွေ၊ ကျောက်စိမ်းတွေ အများကြီး အလှဆင်ထားသေးတယ်... သူမ မလေးဘူးလား မသိဘူး…”

ပုဂ္ဂိုလ်ကြီးသုံးဦး “…..”

မယ်တော်ကြီးက လဲ့အန်းကို တစ်ချက် ကြည့်လိုက်လေသည်။ ကြည့်ရသည်မှာ... တကယ့်ကို ကွက်တိကျလှသော ဖော်ပြချက်ပင် ဖြစ်လေသည်။ ဧကရီနှင့် တော်ဝင်ကြင်ယာတော်စုတို့သည် သူတို့၏ ရယ်မောမှုကို အတင်းအကျပ် ထိန်းချုပ်ထားရသဖြင့် သူတို့၏ ပခုံးများမှာ ပြင်းထန်စွာ တုန်ယင်နေလေသည်။ မယ်တော်ကြီး၏ အပြုံးမျဉ်းများ ပိုမို နက်ရှိုင်းသွားပြီး ယွင်ဟွားအား လက်ယပ်ခေါ်လိုက်လေသည်။

"ကလေးမိုက်လေး... ရှေ့တိုးလာခဲ့စမ်းပါ...နင့်ကို သေချာကြည့်ပါရစေဦး..."

"ဟုတ်ကဲ့ပါ..."

ယွင်ဟွားသည် ယုံကြည်မှုရှိရှိဖြင့် ရှေ့သို့ တိုးသွားကာ မယ်တော်ကြီးကို သူမ၏ လက်အား ကိုင်ခွင့်ပြုလိုက်ပြီး အလွန်အမင်း အလိုလိုက်မှုကို ခံယူလိုက်လေသည်။ မယ်တော်ကြီးသည် ဤကလေးမလေးကို ရင်ထဲမှနေ၍ အမှန်တကယ် သဘောကျလေသည်။ သူမ၏ မျက်လုံးများက ကြည်လင်နေပြီး မည်သည့် လှည့်ကွက်မှ မရှိပေ။ သူမ၏ ပွင့်လင်းပြီး တက်ကြွသော စရိုက်က လဲ့အန်းထက် မျက်စိပသာဒ ပိုဖြစ်စေလေသည်။

"အကယ်၍ နန်းတွင်းမှာ ကန်းနေတဲ့သူ တစ်ယောက်ယောက်ရှိရင် ဧကရာဇ်ကို နင့်ဘက်က ရပ်တည်ပေးဖို့ တောင်းဆိုလို့ ရတယ်... အကယ်၍ ဘာမှအလုပ်မဖြစ်ရင် နင့်ကို ထောက်ခံပေးဖို့ ဒီနေရာမှာ ငါ ရှိတယ်..."

ယွင်ဟွား၏ မျက်လုံးများ တောက်ပသွားလေသည်။

"ယွင်ဟွားက မယ်တော်ကြီးကို ကျေးဇူးတင်ပါတယ်..."

“ရှောင်ရှူးရှူး... မယ်တော်ကြီးက မြေစောင့်နတ်သမီး ဟို့ထုနဲ့ အတူဆုံးဆိုတဲ့ နာမည်နဲ့ တကယ်ပဲ လိုက်ဖက်တာပဲ... သူမက အရမ်းကြင်နာတတ်ပြီး ခင်မင်ရလွယ်တယ်... သူမနဲ့ တကယ် ရင်းနှီးချင်တယ်…”

ရှင်ခြင်းသေခြင်းစာအုပ်မှာ ဒေါသထွက်နေဆဲ ဖြစ်လေသည်။

မယ်တော်ကြီးသည် တစ်ချိန်လုံး နားစွင့်နေခဲ့လေသည်။ ဤကလေးမလေးက ယခင်က ဟို့ထုနတ်သမီးအကြောင်း ပြောခဲ့ဖူးသဖြင့် သူမ လူလွှတ်၍ပင် ရှာဖွေခိုင်းခဲ့လေသည်။ ထိုအချိန်မှသာ ဟို့ထုနတ်သမီးသည် ယင်နှင့် ယန်ကို ထိန်းချုပ်ပြီး အရာအားလုံးကို ပြုစုပျိုးထောင်ပေးသော နတ်သမီးတစ်ပါး ဖြစ်ကြောင်း သူမ သိရှိခဲ့ရလေသည်။ ဤကလေးမလေးသည် တကယ့်ကို အပြောချိုလှလေသည်။

"အထိန်းတော်ကြီးကူး... သွားပြီး ငါ့ရဲ့ အမှတ်အသားတံဆိပ်ပြားကို ယူခဲ့ချေ..."

မယ်တော်ကြီး၏ စကားကြောင့် ခန်းမအတွင်းရှိ လူတိုင်းမှာ အံ့အားသင့်သွားကြလေသည်။ မင်းသမီးလဲ့အန်း၏ သွားများမှာ အမှုန့်ဖြစ်မတတ် ကြိတ်မိလျက်သား ဖြစ်နေလေသည်။ ထိုယုတ်မာသောမိန်းမ ချုံဟွားနန်းဆောင်ထဲသို့ ခြေချကတည်းက သူမ အဘွားတော်၏ အပြုံးများက လုံးဝ မပျောက်ကွယ်သွားခဲ့ပေ။

ဤသည်မှာ မယ်တော်ကြီး၏ အမှတ်အသားတံဆိပ်ပြားဖြစ်လေသည်။ သူမက ဤမျှ အဆင့်နိမ့်သောမိန်းမကို မည်သို့ ချီးမြှင့်နိုင်မည်နည်း။ သူမက ဘာတွေများ အဲဒီလောက် ထူးခြားနေလို့လဲ။

“အဘွားတော်... အဘွားတော်ရဲ့ အမှတ်အသားတံဆိပ်ပြားက အရမ်းတန်ဖိုးကြီးလွနပါတယ်... သာမန်ကလေးမလေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ရဲမှာလဲ... အဘွားတော်ရဲ့ လုပ်ရပ်တွေက မသင့်တော်ဘူးလို့ မြေးတော် ထင်ပါတယ်..."

မင်းသမီးလဲ့အန်း၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော မုန်းတီးမှုတစ်ခု ဖြတ်ပြေးသွားလေသည်။ တရားဝင် မင်းသမီးဖြစ်သော သူမသည် မျက်နှာသာမပေးခံရဘဲ အမတ်တစ်ဦး၏ သမီးကို ယင်းအစား သဘောကျနေလေသည်။ အသက်ကြီးလာသည်နှင့်အမျှ မျက်စိရော နှလုံးသားပါ ကန်းသွားပြီလား။

ဤစကားကို ကြားသောအခါ မယ်တော်ကြီး၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားလေသည်။

“အော်... နင်က မင်းသမီးကိုး..”

ယွင်ဟွားသည် သူမထံမှ ထွက်ပေါ်နေသော မကောင်းဆိုးဝါးဆန်မှုကို လုံးဝ လျစ်လျူရှုကာ သက်ပြင်းချလိုက်လေသည်။ သူမက ရွှေတုံးမှ မဟုတ်ဘဲ၊ လူတိုင်း၏ သဘောကျမှုရရန် သူမ မလိုအပ်ပေ။ ရှင်ခြင်းသေခြင်းစာအုပ်သည်လည်း မကောင်းဆိုးဝါးဆန်မှုကို ခံစားမိပြီး စာအုပ်ထဲမှ ခေါင်းငယ်လေးတစ်ခု ထွက်လာလေသည်။

"ရောင့်တက်လိုက်တာ..."

မယ်တော်ကြီးသည် မင်းသမီးလဲ့အန်းကို ဓားသွားကဲ့သို့ ထက်မြက်သော မျက်လုံးများဖြင့် ကြည့်ကာ အေးစက်စွာ ပြောလိုက်လေသည်။

"ငါ ဘာလုပ်တယ်ဆိုတာ ဝင်စွက်ဖက်ဖို့ နင့်နေရာ မဟုတ်ဘူး..."

ဧကရာဇ်သည် ဤကလေးကို အလွန် အလိုလိုက်ထားသဖြင့် သူမသည် ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး တွေးတောခြင်းမရှိဘဲ စကားပြောဆိုတတ်လေသည်။ သူမ မတုံးအပေ။ လဲ့အန်း၏ နာကြည်းမှုသည် လင်းဝမ်ယွဲ့အား ဧကရာဇ်က အကျယ်ချုပ် ချထားခြင်းမှ မြစ်ဖျားခံပြီး ယွင်ဟွားအပေါ်သို့ သူမ၏ ဒေါသများကို ပုံချနေခြင်းပင် ဖြစ်လေသည်။

“အဘွားတော်... လဲ့အန်းက မှားယွင်းတဲ့ စကားတစ်ခွန်းမှ မပြောခဲ့ဘူးလို့ ထင်ပါတယ်... သူမက ကောက်ကျစ်တဲ့ ခွေးမလေးပါ... မြေးတော်အမြင်ကတော့ အစ်မဝမ်ယွဲ့က သူမထက် ပိုထက်မြက်ပြီး ပိုအရည်အချင်းရှိလို့ ဒီအမှတ်အသားတံဆိပ်ပြားကို ရယူဖို့ ပိုသင့်တော်ပါတယ်..."

“အဘွားတော်... ကျေးဇူးပြုပြီး သူငယ်ပြန် မနေပါနဲ့..."

ယွင်ဟွားမှာ အသက်ရှူမှားသွားလေသည်။ ဤမင်းသမီးက ဦးနှောက်မရှိဘူးလား။ ဤသည်မှာ မယ်တော်ကြီး၊ သူမ၏ ကိုယ်ပိုင် အဘွားပင် ဖြစ်လေသည်။

မင်းသမီးလဲ့အန်း၏ မျက်နှာမှာ မှောင်မိုက်နေပြီး မနေ့ကတည်းက သူမ ခံစားခဲ့ရသော မကျေနပ်ချက်များအားလုံး ပေါက်ကွဲထွက်လာလေတော့သည်။ ယွင်ဟွားအပေါ် ထားရှိသော သူမ၏ မုန်းတီးမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။

“လင်းဝမ်ယွဲ့ ဟုတ်လား... လင်းဝမ်ယွဲ့က ဘယ်သူလဲ…”

ယွင်ဟွားမှာ အံ့အားသင့်သွားလေသည်။

“မနေ့က ထိပ်တန်းကြာပန်းဖြူမလေ…”

ရှင်ခြင်းသေခြင်းစာအုပ်က စကားတစ်ခွန်း ပြောလိုက်ပြီးနောက် ပြန်ရုပ်သိမ်းသွားလေသည်။ ယွင်ဟွားမှာ လန့်ဖြန့်သွားလေသည်။ သူမ နားလည်သွားလေသည်။ မင်းသမီးက ထိုအပြစ်ကင်းပြီး ရိုးသားဟန်ဆောင်နေသော ကောင်မလေးအတွက် ရပ်တည်ပေးနေခြင်းပင် ဖြစ်လေသည်။

"ထွက်သွား... ချုံဟွားနန်းဆောင်ကနေ ထွက်သွားစမ်း..."

မယ်တော်ကြီး၏ မျက်နှာမှာ ချက်ချင်း ပြာနှမ်းသွားပြီး သူမ၏ ရင်ဘတ်ကို ဖိကာ မေ့လဲတော့မည့်ဟန် ဖြစ်သွားလေတော့သည်။

"မယ်တော်..."

"မယ်တော်..."

"မယ်တော်ကြီး..."

လန့်ဖြန့်သွားသော ယွင်ဟွားသည် ရှေ့သို့ အလျင်အမြန် ပြေးဝင်သွားကာ မယ်တော်ကြီးကို တွဲကူလိုက်ပြီး မယ်တော်ကြီး အသက်ရှူဝစေရန် သူမ၏ လက်သေးသေးလေးဖြင့် ရင်ဘတ်ကို ဖိပေးလိုက်လေသည်။

"မယ်တော်ကြီး... ဒေါသမထွက်ပါနဲ့... ဒေါသမထွက်ပါနဲ့... ကျွန်တော်မျိုးမနောက်ကို မြန်မြန် လိုက်လုပ်ပါ... အသက်ရှူသွင်းပါ... အသက်ရှူထုတ်ပါ..."

ချက်ချင်းဆိုသလိုပင် ခန်းမအတွင်းရှိ လူတိုင်းမှာ ကမောက်ကမ ဖြစ်သွားကြလေတော့သည်။ မယ်တော်ကြီး သက်သာလာသည်ကို မြင်သောအခါ လူတိုင်း သက်ပြင်းချနိုင်သွားကြလေသည်။ မယ်တော်ကြီး ဘေးကင်းကြောင်း မြင်ပြီးနောက် ဧကရီသည် မင်းသမီးလဲ့အန်းကို အေးစက်သော အမူအရာဖြင့် ကြည့်လိုက်လေသည်။

ကျယ်လောင်သော "ဝုန်း" ဆိုသည့် အသံနှင့်အတူ စားပွဲပေါ်ရှိ လက်ဖက်ရည်ပန်းကန်မှာ တုန်ယင်သွားလေသည်။

"လဲ့အန်း... နင့်အမှားကို နင် သိရဲ့လား..."

အခန်း (၃၄) ယွင်ဟွား နှင့် မင်းသမီးလဲ့အန်း

ဧကရီက သူမအား အော်ဟစ်လိုက်သောအခါ မင်းသမီးလဲ့အန်းသည် အနည်းငယ် တုန်ယင်သွားသော်လည်း သူမ၏ မျက်နှာပေါ်တွင် နာကြည်းမှုများ ပေါ်လွင်နေဆဲဖြစ်လေသည်။

"လဲ့အန်းက အမှန်တရားကို ပြောနေတာပါ... ဒါက ဘာများမှားနေလို့လဲ..."

သူမ၏ မယ်တော်မှာ အဆင့်မြင့် ကိုယ်လုပ်တော်တစ်ဦးဖြစ်ပြီး ငယ်ရွယ်လှပကာ ခမည်းတော် ဧကရာဇ်၏ အထူးချစ်ခင်မြတ်နိုးမှုကို ခံရသူ ဖြစ်လေသည်။

ဧကရီဆိုသည်မှာ ဘာမျှမဟုတ်ပေ။ သူမသည် အလှအပများ ပျောက်ကွယ်နေပြီဖြစ်သော မိန်းမအိုကြီးတစ်ဦးသာ ဖြစ်လေသည်။ တစ်နေ့တွင် သူမ၏ မယ်တော်က ဧကရီကို ဤရာထူးမှ ဆွဲချနိုင်လိမ့်မည်ဖြစ်ပေသည်။

"နင်... နင်က တကယ့်ကို ခေါင်းမာလွန်းတယ်..."

ဧကရီက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

"မယ်တော်က လူကြီးသူမတစ်ယောက်ဖြစ်ပြီး သူမရဲ့ ပစ္စည်းတွေကို သူမပေးချင်တဲ့သူကို ပေးနိုင်တယ်... ဧကရာဇ်ကိုယ်တိုင်တောင် သူမကို မေးခွန်းထုတ်ဖို့ မဝံ့ရဲဘူး... အငယ်တစ်ယောက်ဖြစ်ပြီးတော့ နင်က မယ်တော့်ကို ဘယ်လိုလုပ် စိန်ခေါ်ရဲတာလဲ... နင်က လူကြီးသူမတွေကို လေးစားမှုမရှိဘူးပဲ... ဒီနေ့မှာ နင့်ရဲ့ မယ်တော်ကိုယ်စား နင့်ကို သေချာပေါက် အပြစ်ပေးရမယ်..."

"အစောင့်တို့... မင်းသမီးကို ဆွဲထုတ်သွားပြီး ကြိမ်ဒဏ်ဆယ်ချက်ပေးလိုက်... ပြီးရင် သူမရဲ့ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ဖို့အတွက် ဘိုးဘေးခန်းမထဲမှာ ရက်အနည်းငယ်လောက် ပိတ်လှောင်ထားလိုက်..."

ဧကရီ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူမ၏ မျက်ဝန်းများထဲတွင် ဒေါသများ ပြည့်နှက်နေကာ ပုံမှန်အားဖြင့် တည်ကြည်ပြီး ကျက်သရေရှိသော ဟန်ပန်များမှာ လုံးဝ ပျောက်ကွယ်သွားလေသည်။

"ဘယ်သူရဲလဲ..."

မင်းသမီးလဲ့အန်းက ဟိန်းဟောက်လိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် ဒေါသများ ပြည့်နှက်နေကာ "ငါ့ကို ထိရဲတဲ့သူ ဘယ်သူမဆို ခေါင်းဖြတ်ခံရမယ်..."

"တကယ့်ကို ကောင်းမွန်တဲ့ ခေါင်းပါပဲ..."

မယ်တော်ကြီး၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။ သူမက မင်းသမီးလဲ့အန်းကို လက်ညှိုးထိုးကာ တုန်ယင်သော အသံဖြင့် "ငါ့နန်းဆောင်ထဲက လူတွေကို သတ်ဖို့ အမိန့်ပေးနိုင်တာ နင့်အလုပ်မဟုတ်ဘူး..."

"နင်က နင့်ခမည်းတော်ရဲ့ အချစ်ကို အားကိုးပြီး တော်ဝင်စည်းမျဉ်းတွေကို ပိုပိုပြီး လျစ်လျူရှုလာတာကို ငါမြင်တယ်..."

"အစောင့်တို့... ဧကရီ အမိန့်ပေးထားတဲ့အတိုင်း မင်းသမီးကို ခေါ်သွားကြ..."

မယ်တော်ကြီး၏ အမိန့်အရ အခန်းတွင်းရှိ အစေခံမိန်းကလေးများနှင့် အစေခံများမှာ မင်းသမီးလဲ့အန်း၏ အနီးသို့ လျင်မြန်စွာ ပြေးသွားကြလေသည်။

ယွင်ဟွားသည် နောက်သို့ ဆုတ်လိုက်လေသည်။ မောက်မာပြီး လွှမ်းမိုးမှုရှိသော လေထုကြောင့် သူမသည် တိတ်ဆိတ်စွာနေရန်နှင့် ငုံးတစ်ကောင်ကဲ့သို့ ဟန်ဆောင်နေရန် ဆုံးဖြတ်လိုက်လေသည်။

"နင်တို့တွေ ဘယ်လိုတောင် ရဲတင်းနေရတာလဲ... ဒီမင်းသမီးကို ထိဖို့ ဘယ်သူက ခွင့်ပြုထားလို့လဲ... ငါ့ရဲ့ ခမည်းတော်နဲ့ တွေ့ဖို့ တောင်းဆိုတယ်... ခမည်းတော်နဲ့ တွေ့ရမယ်..."

မင်းသမီးလဲ့အန်းသည် ရုန်းကန်အော်ဟစ်နေပြီး သူမ၏ မျက်ဝန်းများထဲတွင် ဒေါသနှင့် နာကြည်းမှုများ ပြည့်နှက်နေလေသည်။

သူမ လှည့်ကြည့်လိုက်ရာ သူမ အလွန်မုန်းတီးသော ခွေးမလေးက သူမ အရူးလုပ်ခံနေရသည်ကို စောင့်ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။

ယွင်ဟွားကို စူးရဲစွာကြည့်နေစဉ် သူမ၏ မျက်လုံးများမှာ သွေးကြောများ နီရဲနေပြီး သူမ၏ ဒေါသကို ယွင်ဟွားထံသို့ ပုံချလိုက်လေသည်။

"အရာအားလုံးက နင့်အပြစ်တွေပဲ..."

"အရာအားလုံးက နင့်အပြစ်တွေပဲ... နင် ကျိန်စာသင့်နေတဲ့ ခွေးမလေး..."

"နင်သာမရှိရင် အစ်မဝမ်ယွဲ့လည်း အကျဉ်းချခံရမှာ မဟုတ်ဘူး... အဘွားတော်ကလည်း နင့်ကို အမှတ်အသားပြား ပေးမှာမဟုတ်သလို ငါလည်း အဲ့လောက် အလျင်စလို ထွက်လာမှာ မဟုတ်ဘူး..."

"နင်က ကံဆိုးစေတဲ့သူပဲ... ကပ်ဘေးတစ်ခုပဲ..."

မင်းသမီးလဲ့အန်း၏ နာကြည်းဖွယ် အသံက နန်းဆောင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားလေသည်။

သူမသာ မရှိခဲ့လျှင် အဘွားတော်၏ မနှစ်သက်မှုကို ခံရမည်မဟုတ်ဘဲ ဘိုးဘေးခန်းမသို့လည်း အပို့ခံရမည် မဟုတ်ပေ။

“အဘွားတော်.. လဲ့အန်း ပြောတာကို နားထောင်ပါ... သူမရှိနေရင် ကျွန်မတို့ထဲက ဘယ်သူမှ ကောင်းမွန်တဲ့ အဆုံးသတ် ရမှာမဟုတ်ဘူး..."

ယွင်ဟွားမှာ ဆွံ့အသွားလေသည်။ မဟုတ်သေးပေ။ သူမသည် မိမိကိုယ်တိုင် ပျောက်ကွယ်နေစေရန် ကြိုးစားနေခဲ့သည်ကို အဘယ်ကြောင့် သူမအပေါ် ရွှံ့တွေ ပစ်ပေါက်နေရသနည်း။

“ဒီမင်းသမီးက ရူးသွပ်သွားပြီလား…”

ရှင်ခြင်းသေခြင်းစာအုပ်သည် ဆက်၍ သည်းမခံနိုင်တော့ပေ။ ၎င်းသည် စာအုပ်ထဲမှ ထွက်ပျံလာပြီး အော်ဟစ်လိုက်လေသည်။

“တောက်... သူမက ငါ့ရဲ့ ဟွားဟွားလေးကို ဘယ်လိုတောင် စော်ကားရဲရတာလဲ... သူမကို သတ်လိုက်…”

“ဟွားဟွားလေး... သူမကို ရိုက်လိုက်... သူမကို ပြင်းပြင်းထန်ထန် ရိုက်လိုက်…”

“ဒါကို သည်းခံနိုင်တာက အတိုင်းအတာ ရှိသေးတယ်…”

လူတိုင်း “……”

မဟုတ်သေးပေ။ မင်းသမီးကို ရိုက်နှက်ရမည်လော။ မင်းက မင်းရဲ့ ဟွားဟွားလေးကို လိမ်လည်လှည့်ဖြားဖို့ ကြိုးစားနေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား…။

"နင် ငါ့ကိုတောင် ပြောစရာမလိုဘူး.."

ယွင်ဟွားသည် သူမ၏ လက်အင်္ကျီကို ခေါက်တင်လိုက်ပြီးနောက် မင်းသမီးလဲ့အန်းကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

“ဒီအရူးမင်းသမီးက ငါ့ကို လက်ညှိုးထိုးပြီး ကျိန်ဆဲသွားသေးတယ်... အဲ့စော်ကားမှုကို ငါ မျိုမချနိုင်ဘူး... အဆိုးဆုံးကတော့ နောက်မှ ဧကရာဇ်ဆီကနေ အရိုက်ခံရရုံပဲ ရှိမှာပေါ့.."

ရှင်ခြင်းသေခြင်းစာအုပ်ကလည်း ဒေါသထွက်နေလေသည်။

"ဟုတ်တယ်... ဟွားဟွားလေး... မကြောက်နဲ့... ငါ ခဏနေရင် နင့်ကို လျှို့ဝှက်ချက်တွေ ဖွင့်ပြောပြမယ်... ဧကရာဇ်နဲ့ မယ်တော်ကြီးက နင့်ကို အပြစ်ပေးမှာ မဟုတ်ဘူး... သူတို့က ကျေးဇူးတောင် တင်နေဦးမယ်.."

ထို့ကြောင့် ဤအရာကို မိမိကိုယ်တိုင်သာ သိမ်းထားလိုက်ပါ။

ယွင်ဟွား၏ မျက်လုံးများ အရောင်လက်သွားလေသည်။

သို့ဆိုလျှင် သူမက နောက်ဆုတ်နေရန် မလိုတော့ပေ။

မယ်တော်ကြီးသည် ရှောင်ရှူးရှူး ပြောနေသော သတင်းကြီးနှင့် ပတ်သက်၍ အမှန်တကယ် သိချင်စိတ် ပြင်းပြနေသော်လည်း လောလောဆယ်တွင် သူမသည် စောင့်ကြည့်ရန်သာ တတ်နိုင်လေသည်။

မော့ကြည့်လိုက်ရာ လဲ့အန်းသည် ယုတ်မာသော အငွေ့အသက်များကို ထုတ်လွှတ်နေပြီး ယွင်မိသားစုမှ မိန်းကလေးအား စူးရဲစွာကြည့်နေစဉ် သူမ၏ မျက်နှာမှာ ရှုံ့မဲ့နေကာ သူမ၏ ကျိန်ဆဲမှုများမှာ ပိုမို ဆိုးရွားလာလေသည်။

နိုင်ငံတစ်နိုင်ငံ၏ မင်းသမီးတစ်ပါးအနေဖြင့် သူမ၏ ဂုဏ်သိက္ခာကို ဤကဲ့သို့ မည်သို့ ထိန်းသိမ်းနိုင်မည်နည်း။

မယ်တော်ကြီး၏ မျက်နှာမှာ မင်ရည်ကဲ့သို့ မည်းနက်နေပြီး သူမက အထိန်းတော်ကူးကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်လေသည်။

ယွင်ဟွားက သူမကို သင်ခန်းစာတစ်ခု ပေးပါစေလေ။

သူတို့ မသေသွားသရွေ့ ဤအရာက အဆင်ပြေလေသည်။

မည်သို့ပင်ဖြစ်စေ ထိုငနာ တတိယမြေးတော်လည်း အရိုက်ခံရပြီးဖြစ်ရာ ၎င်းမှာ အရိုက်ခံရမည့်သူ နောက်ထပ်တစ်ယောက် တိုးလာခြင်းသာ ဖြစ်ပေသည်။

ရှင်ခြင်းသေခြင်းစာအုပ်၏ နောက်ဆုံး ပြောလိုက်သော မယုံနိုင်လောက်အောင် စွမ်းအားပြည့်ဝသည့် စကားလုံးများကို ကြားလိုက်ရချိန်တွင် ယွင်ဟွားသည် အလွန်တရာ စိတ်လှုပ်ရှားသွားလေသည်။

"သွားရိုက်ပစ်..."

သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

"နင်ကမှ ကံဆိုးစေတဲ့သူပဲ... ဒီနေ့မှာ အန္တရာယ်ကောင်က ဘာလဲဆိုတာကို နင့်ကို ပြသပေးမယ်..."

ထိုသို့ပြောပြီးနောက် သူမက ခေါင်းပေါ်ရှိ အရာရှိဦးထုပ်ကို ချွတ်ပစ်လိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် ဒေါသထွက်နေသော ကျားပေါက်လေးတစ်ကောင်ကဲ့သို့ ပြင်းထန်သော အလင်းတန်းများ တောက်ပသွားပြီး မင်းသမီးလဲ့အန်းအပေါ်သို့ ခုန်အုပ်လိုက်လေသည်။

အထိန်းတော်ကူးနှင့် အခြားသူများသည် မင်းသမီးအပေါ် ဆုပ်ကိုင်ထားမှုများကို လျှော့ချလိုက်ကြလေသည်။

ရုန်းကန်နေဆဲဖြစ်သော မင်းသမီးလဲ့အန်းမှာ အေးခဲသွားပြီး သူမထံသို့ ပြေးဝင်လာသော ယွင်ဟွားကို မျက်လုံးပြူးကာ ကြည့်နေလေသည်။

"နင် ဘယ်လိုတောင် ရဲတင်းနေရတာလဲ... ငါက ဘယ်သူလဲဆိုတာကို နင်... နင် သိရဲ့လား..."

"နင် ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး..."

ယွင်ဟွားက အော်ဟစ်လိုက်ပြီး မင်းသမီးလဲ့အန်း၏ ဆံပင်ကို ဆွဲကိုင်ကာ အောက်သို့ အတင်းအဓမ္မ ဆွဲချလိုက်လေသည်။

သူမသည် မင်းသမီးလောက် အရပ်မရှည်သောကြောင့် မျက်နှာကိုပင် ဖြတ်ရိုက်၍မရပေ။ ထိုအရာက သူမကို တကယ့်ကို ဒေါသထွက်စေလေသည်။

မင်းသမီးလဲ့အန်းသည် သူမ၏ ဦးရေပြား ပြဲထွက်သွားတော့မည့်အလား ခံစားလိုက်ရပြီး အော်ဟစ်လိုက်လေသည်

"အား..."

"နင် ယုတ်မာတဲ့မိန်းမ... ဒ္မင်းသမီးကို အခုချက်ချင်း လွှတ်ပေးလိုက်စမ်း... မဟုတ်ရင် ခမည်းတော်ကို နင့်ခေါင်းကို ဖြတ်ခိုင်းလိုက်မယ်..."

ရှင်ခြင်းသေခြင်းစာအုပ်က မျက်လုံးလှန်လိုက်လေသည်။

"နောက်ကျရင် ဘယ်သူ့ခေါင်းက ဖြတ်ခံရမယ်ဆိုတာ ဘယ်သူသိမှာလဲ.."

ယွင်ဟွားမှာ အံ့အားသင့်သွားလေသည်။ လူတိုင်း အလန့်တကြား ဖြစ်သွားကြလေသည်။

"နင် အသုံးမကျတဲ့သူ... နင် အသုံးမကျတဲ့သူ... ဒီမင်းသမီးက နင့်ကို သေချာပေါက် ဆွဲဖြဲပစ်မယ်..."

ပြင်းထန်သော နာကျင်မှုမှ လွတ်မြောက်ရန် မင်းသမီးလဲ့အန်းသည် ယွင်ဟွား၏ လက်များကို ဖယ်ခွာရန် အသည်းအသန် ကြိုးစားနေစဉ် စူးရှသော အော်ဟစ်သံတစ်ခုက ချုံဟွားနန်းဆောင်တစ်ခွင်၌ ပဲ့တင်ထပ်သွားလေသည်။

ဤခွေးမလေးက သူမအပေါ် အမှန်တကယ် လက်ပါရဲလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

"နင် ဘယ်လိုပဲ ဆွဲဖြဲချင်ပါစေ... နင် ငါ့ကို မသတ်နိုင်ရင် ငါက နင့်ကို အရင်သတ်မယ်..."

ယွင်ဟွားက မင်းသမီးလဲ့အန်း၏ ဒူးကို ခြေဖျားဖြင့် အားကုန် ကန်ချလိုက်လေသည်။

ချက်ချင်းဆိုသလိုပင် မင်းသမီးလဲ့အန်း၏ ခြေထောက်များ ခွေယိုင်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

ဤအရာကို မြင်သောအခါ ယွင်ဟွားသည် တစ်ပတ်လည်ကာ သူမအပေါ်သို့ တက်ခွလိုက်ပြီး မင်းသမီးလဲ့အန်း၏ မျက်နှာကို အကြိမ်ရေများစွာ ဖြတ်ရိုက်လိုက်ရာ ရိုက်ချက်တိုင်းနှင့်အတူ ပို၍ပို၍ စိတ်လှုပ်ရှားလာလေသည်။

"ငါ့ကို စော်ကားတဲ့အတွက် နင့်ကို သင်ခန်းစာ ပေးမယ်... မယ်တော်ကြီးကို သတိလစ်အောင် လုပ်တဲ့အတွက် နင့်ကို သင်ခန်းစာပေးမယ်..."

ဘေးတွင် ရပ်နေသော ကြင်ယာတော်စုသည် ယွင်ဟွား၏ ဒေါသတကြီးဖြစ်နေသော အသွင်အပြင်ကို ကြည့်ကာ ရိုင်းစိုင်းပြီး သည်းမခံနိုင်စရာဟု လုံးဝ မခံစားရဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူမက အလွန် ချစ်စရာကောင်းသည်ဟု ထင်မြင်နေလေသည်။

သူမသည် သိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ဓားများနှင့် လှံများကို ကိုင်ဆောင်ရသည်ကို နှစ်သက်လေသည်။

သူမသည် ထိုရှက်သွေးဖြာဟန်ဆောင်ပြီး ဟန်လုပ်နေတတ်သော မိန်းမများကို လုံးဝ ရွံရှာလေသည်။

ဤမိန်းကလေးသည် မင်းသားစုအိမ်တော်နှင့် သက်ဆိုင်သင့်ပေသည်။

ကြင်ယာတော်စုသည် စကားတစ်ခွန်းမျှ မပြောဘဲ သူမ၏ ပန်းထိုးဖိနပ်များကို ချွတ်ကာ ယွင်ဟွားထံသို့ ကမ်းပေးလိုက်လေသည်။

ယွင်ဟွားသည် ကြင်ယာတော်စုကို ဗလာကျင်းနေသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်လေသည်။

"အင်း... သူမကို ရိုက်ဖို့အတွက် ဒါကို သုံးလိုက်... လက်လည်း နာမှာမဟုတ်ဘူး... ပြီးတော့ ငါ့ခြေထောက်ကလည်း အနံ့မထွက်ဘူး..."

ကြင်ယာတော်စုက ယွင်ဟွားကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ရာ သူမ၏ မျက်နှာပေါ်တွင် ရဲဘော်ရဲဘက်စိတ်ဓာတ်များ အပြည့်အဝ ရှိနေလေသည်။

လူတိုင်း “…..”

ဧကရီ၏ နှုတ်ခမ်းများက တွန့်ချိုးသွားလေသည်။ ဤနှစ်များတစ်လျှောက်လုံး သူမ၏ ယောင်းမ၏ ကိုယ်ရည်ကိုယ်သွေးမှာ တကယ့်ကို အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

ယွင်ဟွားကလည်း ၎င်းကို ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်လေသည်။

လက်နက်မှာ အချိန်ကိုက်ပင် ရောက်လာခဲ့လေသည်။ ရိုက်ရလွန်း၍ သူမ၏ လက်များ နာကျင်နေပြီဟု သူမ ပြောတော့မလို့ပင် ဖြစ်သည်။

ထို့နောက်...

သူမသည် ညာဘက်လက်ဖြင့် ဖြတ်ရိုက်လိုက်ပြီး ဘယ်ဘက်လက်ဖြင့် အသားကို လိမ်ဆွဲလိုက်လေသည်။

မင်းသမီးလဲ့အန်းမှာ နာကျင်စွာ အော်ဟစ်ရသည်အထိ ရိုက်နှက်ခံလိုက်ရလေသည်။

ထိုအသံမှာ စူးရှပြီး နားကွဲမတတ် ဖြစ်နေလေသည်။

"အား..."

“အဘွားတော်... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါဦး... မြေးတော်ကို ကယ်ပါဦး..."

မင်းသမီးလဲ့အန်းသည် ကလေးဘဝကတည်းက အလိုလိုက်ခံခဲ့ရပြီး ယွင်ဟွားထက် နှစ်နှစ်ပိုကြီးသော်လည်း ခွန်အားပိုင်းတွင် ယွင်ဟွားကို ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။

မယ်တော်ကြီးသည် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး မကြားဟန်ဆောင်နေလိုက်လေသည်။

စောစောက သူမအပေါ် ဒေါသထွက်နေချိန်တုန်းက သူမက နင့်ရဲ့ အဘွားဖြစ်သည်ဆိုတဲ့ အချက်ကို နင် မတွေးခဲ့ဘူးလား။

မင်းသမီးလဲ့အန်းမှာ ယွင်ဟွား၏ ရိုက်နှက်ခြင်းကို ခံနေရပြီး ပြန်လည်ခုခံရန် သူမ၌ ခွန်အားများ ကျန်ရှိမနေတော့ပေ။

သူမ၏ မျက်လုံးများမှာ သွေးကြောများ နီရဲနေပြီး ယွင်ဟွားအား အရှင်လတ်လတ် အရေခွံဆုတ်ကာ၊ သူမ၏ အရွတ်များကို ဆွဲထုတ်ပြီး သူမ၏ အရိုးများကို မြေမှုန့်ဖြစ်အောင် ကြိတ်ချေပစ်ချင်နေလေသည်။

သူမ ကျိန်ဆိုလိုက်၏။

ဤနေ့တွင် သူမ ခံစားခဲ့ရသော အရှက်ကွဲမှုအတွက် ထိုခွေးမလေးကို သေချာပေါက် အဆတစ်ရာ ပြန်လည်ပေးဆပ်စေမည်ဟု သူမ ကျိန်ဆိုလိုက်လေသည်…

"ဟွားဟွားလေး... သူမက နင့်ကို စူးစူးရဲရဲ ကြည့်ရဲသေးတာလား... သူမရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်.."

ရှင်ခြင်းသေခြင်းစာအုပ်က သူမ၏ ကြီးမားလှသော မုန်းတီးမှုများကို ခံစားလိုက်ရပြီး လှောင်ပြောင်လိုက်လေသည်။ သူမ၏ မင်းသမီးဘွဲ့မှာ အဆုံးသတ်သွားသင့်ပေသည်။

"ကောင်းပြီလေ..."

ယွင်ဟွားက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်လေသည်။

မြင်ကွင်းတစ်ခုလုံး ကမောက်ကမဖြစ်နေစဉ် သတင်းကို ကြားပြီးနောက် အပြေးအလွှား ရောက်လာသော ဧကရာဇ်ဝမ်ရွှမ်းမှာ အလောတကြီးဖြစ်နေသဖြင့် ဖိနပ်တစ်ဖက်ပင် ကျွတ်ကျန်ရစ်ခဲ့လေသည်။

"တော်ကြတော့... မင်းတို့အားလုံး အခုချက်ချင်း ရပ်လိုက်ကြစမ်း..."

All Chapters