အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း (၃၉) ဆုတောင်းရေတွင်းထဲမှ ယွင်မိသားစု ဘိုးဘေးများနှင့် တရားမျှတမှု တောင်းဆိုရန် နန်းတော်သို့ ဝင်ရောက်လာသော နင်းကော်မြို့စား
"စာအုပ်လေး မြန်မြန်လုပ်... မြန်မြန်... ငါ့ရွှေတုံးလေးတွေ အားလုံးကို သိမ်းထားလိုက်..."
ယွင်ဟွား၏ အသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှင်ခြင်းသေခြင်းစာအုပ်လေးမှာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး စာအုပ်ထဲမှ ပျံထွက်လာကာ ၎င်း၏ ပါးစပ်ငယ်လေးဖြင့် လင်းလက်နေသော ရွှေတုံးလေးများကို ဗိုက်ထဲသို့ စုပ်ယူသွားလေသည်။
ယွင်ဟွားသည် စာအုပ်လေး၏ လုံးဝန်းနေသော ဗိုက်လေးကို အားကျစွာ စိုက်ကြည့်နေမိလေသည်။ အကယ်၍ သူမ၏ မူလခန္ဓာကိုယ်သာ ရှိနေသေးပါက သူမတွင်လည်း သီးသန့် နေရာလွတ်သိုလှောင်လက်စွပ်တစ်ခု ရှိနေမည်ဖြစ်လေသည်။
အင်း... ဤအကြောင်းကို တွေးမိတိုင်း မျက်ရည်များသာ ကျလာရလေသည်။
ညဉ့်နက်ချိန်သို့ ရောက်ရှိလာလေသည်။ အပြည့်အစုံ ပြင်ဆင်ထားသော ယွင်ဟွားသည် ယွင်မိသားစုဘိုးဘေးခန်းမဆီသို့ တိတ်တဆိတ် ခိုးဝင်သွားလေသည်။ မနေ့က သူမကို ရိုက်နှက်ခဲ့သော အဘိုးကြီး အဘွားကြီးများမှာ အမှန်တကယ်တော့ ယွင်မိသားစု၏ ဘိုးဘေးများ ဖြစ်ကြောင်းကို ယနေ့ သူမ ကြားသိခဲ့ရလေသည်။
ယွင်ဟွားသည် ဆုတောင်းဖျာပေါ်တွင် သေချာစွာ ဒူးထောက်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ လိမ္မာရေးခြားရှိစွာဖြင့် သုံးကြိမ် ဦးညွှတ်ကန်တော့လိုက်လေသည်။ ပထမဦးစွာ သံတမန်နည်းလမ်းကို သုံးပြီးမှ အင်အားသုံးရမည်ဖြစ်လေသည်။ ယွင်မိသားစု၏ မျိုးဆက်တစ်ဦးအနေဖြင့် သူမတို့တွင် ရှိသင့်ရှိထိုက်သော မိဘဘိုးဘွားများအပေါ် ရိုသေကိုင်းရှိုင်းမှုနှင့် တရားမျှတမှုတို့ ရှိရမည်ဖြစ်လေသည်။
ထို့နောက် သူမသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး မျက်နှာကို အနည်းငယ် ပျက်ယွင်းသွားစေကာ ရန်ဖြစ်ချင်နေသည့် ပုံစံမျိုး ဖမ်းလိုက်လေသည်။
"လာကြ... အားလုံး ထွက်လာပြီး စကားပြောကြရအောင်... မကျေနပ်စရာ တစ်ခုခုရှိရင် မျိုးဆက်ဆယ်ဆက်ကျော်လောက်ထိ အတူတူ သေချာ ဆွေးနွေးကြတာပေါ့.”
ဘိုးဘေးများမှာမူ...ယွင်ဟွားသည် ယွင်မိသားစု၏ ဘိုးဘေးကမ္ပည်းပြားများကို မော့ကြည့်လိုက်ပြီး စိတ်ပျက်အားငယ်မှုဟူသော စကားလုံးကိုသာ ခံစားလိုက်ရလေသည်။ ယွင်မိသားစုအပေါ် မည်သည့် အမှားအယွင်းမှ မလုပ်ခဲ့ဟု သူမ ထင်မှတ်ထားသော်လည်း အဘယ်ကြောင့် သူမကို ရိုက်နှက်ပြီး ဆဲဆိုနေကြသနည်းဟု တွေးတောနေမိလေသည်။
ယွင်ဟွားသည် သူတို့ကို ဘေးတိုက် စွေကြည့်လိုက်လေသည်။
"အရင်ဘဝက ကျွန်မရဲ့ မူလပုံစံက ငရဲပြည်ရဲ့ ပန်းလို့လည်းခေါ်တဲ့ မန်ဂျူဆာကာ ပန်းတစ်ပွင့်ပဲ.. အဲ့တာက လူ့ပြည်နဲ့ ငရဲပြည်ကို ဆက်သွယ်ပေးပြီး ရှင်ခြင်းနှင့် သေခြင်းကို မြင်နိုင်တဲ့အပြင် ငရဲပြည်မှာလည်း နတ်ဘုရားတစ်ပါးရဲ့ နေရာကိုတောင် ရယူထားခဲ့တာ..."
“ယမမင်းက ကျွန်မရဲ့ခေါင်းဆောင်ဖြစ်ပြီး မုန့်ပိုက ကျွန်မရဲ့အထက်လူကြီးဖြစ်ပြီး ရှင်ခြင်းသေခြင်းစာအုပ်က ကျွန်မရဲ့ သူငယ်ချင်းပဲ... အဲ့လောက်ကြီးမားတဲ့ နောက်ခံရှိတဲ့ ကျွန်မက ယွင်မိသားစုမှာ ပြန်လည်ဝင်စားလာခြင်းက ရှင်တို့အားလုံးရဲ့ ကံကောင်းမှုပဲ..."
ယွင်ဟွားသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူမ၏ ခြေထောက်ကို လှုပ်ယမ်းလိုက်လေသည်။
“သူတို့ဆီကို အိပ်မက်ထဲကနေတစ်ဆင့် အကြောင်းကြားလိုက်တာနဲ့ ရှင်တို့အားလုံး အောက်ဘုံမှာ ဘာပြစ်ဒဏ်မှမခံရဘဲ လွတ်လွတ်လပ်လပ် လျှောက်သွားလို့ရမှာပဲ”
“ဒါပေမယ့်လည်း ရှင်တို့က..."
ယွင်ဟွားမှာ သက်ပြင်းချလိုက်ပြီး ဆက်ပြောလေသည်။
"ကျွန်မကို ဘာဖြစ်သွားသလဲဆိုတာတောင် မမေးဘဲ ရိုက်နှက်ခဲ့ကြတယ်... ပြောကြည့်ကြစမ်းပါ ကျွန်မ ဘယ်လိုလုပ် ပျော်ရွှင်နိုင်မှာလဲ... အခု ရှင်တို့က ကျွန်မရဲ့ ဘိုးဘေးတွေဖြစ်နေရင်တောင်မှ ခုလိုအကြောင်းပြချက်မရှိ လုပ်လို့ မရဘူးလေ..."
ယွင်ဟွားတစ်ယောက် နှလုံးကွဲကြေမတတ် ဝမ်းနည်းနေပုံပေါက်ကာ ကမ္ပည်းပြားတစ်ခုကို ကောက်ကိုင်ပြီး သူမ၏ လက်ထဲတွင် ကိုင်ထားလိုက်သည်။ သူမသည် ကမ္ပည်းပြားပေါ်သို့ လေမှုတ်လိုက်ပြီး သူမ၏ အင်္ကျီလက်ဖြင့် တောက်ပလာသည်အထိ သုတ်သင်လိုက်လေသည်။
"ကျွန်မကို စိတ်တည်ငြိမ်စေချင်ရင် အဲ့တာက လွယ်ကူပါတယ်..."
ယွင်ဟွားသည် သိုးရေခြုံထားသော ဝံပုလွေတစ်ကောင်ကဲ့သို့ ပြုံးလိုက်လေသည်။
"ဘိုးဘေးတွေက သူတို့ရဲ့ သားစဉ်မြေးဆက်များကို ကောင်းချီးပေးလေ့ရှိပြီး သူတို့ကို ဆုတောင်းတာကလည်း အရမ်းထိရောက်တယ်လို့ ကြားဖူးတယ်... ကျွန်မအတွက်တော့ ဝါသနာတစ်ခုတည်းသာ ရှိပါတယ်... ကျွန်မက ရွှေတုံးလေးများကို သဘောကျပါတယ်… ဘိုးဘေးတို့ ကျွန်မကို နေ့တိုင်း ကောင်းချီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
ယွင်ဟွား၏ စကားမဆုံးမီ နောက်တစ်စက္ကန့်တွင်. ပူဇော်ပွဲစားပွဲပေါ်ရှိ ဖယောင်းတိုင်များမှာ ချက်ချင်းပင် ငြိမ်းသွားလေတော့သည်။ ယွင်မိသားစု၏ ဘိုးဘေးကမ္ပည်းပြားများ အားလုံးလည်း အနောက်သို့ လှည့်သွားကြပြီး သူမ၏ လက်ထဲရှိ ကမ္ပည်းပြားသည်ပင် ပြောင်းပြန်လန်သွားလေသည်။
*မလိမ္မာတဲ့ မျိုးဆက်တွေ... တစ်ယောက်ပြီး တစ်ယောက်က သူတို့ဆီ လာပြီး ဆုတောင်းနေကြတယ်... သူတို့က တစ္ဆေတွေသာ ဖြစ်ပြီး နတ်ဘုရားဘူးလေ..ယွင်ဟွားက..မဟုတ်သေးဘူး... သူမရဲ့အကြိုက်တွေက သူတို့အတွက် အခက်အခဲ မဖြစ်ပေ…
ယွင်ဟွား၏ အပြုံးများ ပျောက်ကွယ်သွားပြီး လက်ထဲရှိ ကမ္ပည်းပြားကို ဒေါသတကြီးဖြင့် ပြန်လည်ထားရစ်ခဲ့လေသည်။
"ဟွန့် ရှင်တို့က ကျွန်မကို ကောင်းချီးမပေးရင် ကျွန်မလည်း ရှင်တို့ကို ဘာအခွင့်အရေးမှ ပေးမည်မဟုတ်ဘူး…”
"ကျွန်မက ပြောရင် ပြောတဲ့အတိုင်းလုပ်တဲ့လူစားပဲ..."
ထို့နောက် သူမက ဒေါသတကြီးဖြင့် သူမ၏ အခန်းသို့ ပြန်သွားခဲ့လေသည်။ ယွင်ဟွား ထွက်သွားပြီး များမကြာမီ ညစောင့်အစေခံတစ်ဦးသည် ရုတ်တရက် ဆီးသွားချင်စိတ် ပေါ်လာလေသည်။ သူသည် ဘိုးဘေးခန်းမကို ဖြတ်သွားစဉ် အတွင်းသို့ လှမ်းကြည့်လိုက်ရာ အလွန် ကြောက်လန့်သွားသဖြင့် သူ၏ ဆီးသွားချင်စိတ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
"သခင်ကြီး သခင်မ..."
မည်သည့် လူယုတ်မာက ယွင်မိသားစု၏ ဘိုးဘေးကမ္ပည်းပြားများ အားလုံးကို နောက်သို့လှည့်ထားရန် ရဲတင်းနေသည်ကို မသိရပေ။ ဤသည်မှာ အလွန် ရိုသေမှုမဲ့သော လုပ်ရပ်ပင် ဖြစ်သည်။ ဘိုးဘေးများမှာ အံ့သြနေကြသည်။ သူတို့ ယခု ပြန်လှည့်ရမည်လား သို့မဟုတ် မလှည့်ရတော့ဘူးလား။ အကယ်၍ ရှေ့သို့ ပြန်လှည့်လိုက်လျှင် ထိုအစေခံကို ထိတ်လန့်စေမည်ဖြစ်ပြီး မလှည့်ဘဲ နေလိုက်လျှင်လည်း ထားလိုက်ပါတော့ သူတို့ကိုသာ လက်မြှောက် အရှုံးပေးလိုက်ကြပါတော့လေ။
ထိုည၌ ယွင်အိမ်တော်မှာ တစ်ဖန် ပြန်လည် အသက်ဝင်သွားလေသည်။ ဆန့်ကျင်ဘက်အားဖြင့် ချွေ့ဝမ်ရှင်းမှာမူ တစ်ညလုံး အကြောက်တရားနှင့် စိုးရိမ်ပူပန်မှုများဖြင့် အချိန်ကုန်ဆုံးခဲ့ရလေသည်။
သူမက ဘိုးဘေးများကို ကြီးမားလွန်းသော တောင်းဆိုမှုများ ပြုလုပ်ခဲ့သောကြောင့် သူတို့ ဒေါသထွက်သွားခြင်းများလား။
နောက်တစ်နေ့ နန်းတော်တံခါးဝ၌
"ဟေ့ မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ..."
အမတ်ချန်က သူ့ရှေ့ရှိ သားအဖနှစ်ဦး၏ အခြေအနေကိုကြည့်ကာ မျက်ခွံများ လှုပ်တရွရွ ဖြစ်သွားလေသည်။
အလွန်ပင်... စကားဆွံ့အသွားစေသည်။
မနေ့ကနှင့် ယှဉ်လျှင် အမတ်ငယ်ယွင်သည် ယနေ့၌ ခွန်အားများ အပြည့်အဝ ရှိနေပြီး ယွင်ရှောင်ထျန်းမှာမူ အကြိမ်ကြိမ် သမ်းဝေနေလေသည်။
“အဲ့အကြောင်း မပြောပါနဲ့တော့..."
ယွင်ရှောင်ထျန်းက လက်ကို ဝှေ့ယမ်းကာ အံကြိတ်လျက် ပြောလိုက်လေသည်။
"မနေ့ညက အိမ်တော်မှာ ကိစ္စတစ်ခု ဖြစ်သွားတယ်... ငါတို့ တစ်ညလုံး နှလုံးသားမဲ့တဲ့ သူခိုးတစ်ယောက်ကို လိုက်ရှာနေတာ..”
ယွင်ဟွားမှာ လုံးဝ မှင်တက်သွားလေ၏။
“အဖေ မနေ့ညက အိမ်ထဲကို သူခိုးဝင်တာလား..သမီးက ဘယ်လိုလုပ် မသိရတာလဲ..."
ယွင်ရှောင်ထျန်းက သူမကို စူးရဲစွာ ကြည့်လိုက်လေသည်။ သူမက တစ်အိမ်တော်လုံးတွင် အကောင်းဆုံး အိပ်ပျော်ခဲ့သူဖြစ်ကြောင်းကိုပင် ရဲတင်းစွာ ပြောဆိုဝံ့သေးသည်။
ယွင်ဟွားသည် လည်ပင်းကို ပုလိုက်ပြီး တစ်ခုခု ထပ်ပြောချင်နေစဉ် ရုတ်တရက် သူမ၏ ဘေးမှ လေပြင်းတစ်ချက် တိုက်ခတ်သွားကာ လွင့်စင်လာသော ဖုန်မှုန့်များက သူမ၏ မျက်စိကို ကွယ်သွားစေလေသည်။
“ဟေ့ ဘယ်သူလဲ…”
ယွင်ဟွားသည် မျက်လုံးများကို ပွတ်သပ်ကာ သေချာ ကြည့်လိုက်၏။ ဝမ်းနည်းနေသော အဘိုးကြီးတစ်ဦး နန်းတော်တံခါးဝဆီသို့ ယိုင်နဲ့နဲ့ လျှောက်လာသည်ကို သူမ မြင်လိုက်ရလေသည်။
"အဲ့လောက်မြန်မြန်ပြေးနေတာ သေဖို့ အလျင်လိုနေတာလား..."
ယွင်ရှောင်ထျန်း၏ နှုတ်ခမ်းများ လှုပ်ယမ်းသွားလေသည်။ အမတ်ချန်မှာ ဤမိန်းကလေးငယ်ကြောင့် ရူးလုမတတ် ဖြစ်သွား၏။ သူမတစ်ယောက်တည်းသာ မည်သည့် ထိန်းချုပ်မှုမှမရှိဘဲ ဤကဲ့သို့သော စကားမျိုးကို ပြောဆိုဝံ့ပေသည်။
“အဲ့လူက နင်းကော်မြို့စားလေ... သူက သူ့ခေါင်းကို လွှင့်ပစ်တော့မယ့်လူမျိုး မဟုတ်ဘူး”
သူသည် ဘိုးဘေးများ၏ အရှိန်အဝါကို အားကိုးကာ မောက်မာပြီး ဗိုလ်ကျလွှမ်းမိုးတတ်သော နင်းကော်မြို့စားကို မနှစ်မြို့ပေ။
မင်းသားစုတစ်ဦးတည်းသာလျှင် သူ့စကားများဖြင့် ထိုသူကို တိတ်ဆိတ်သွားစေနိုင်လေသည်။ ယွင်ဟွားက လျှာထုတ်လိုက်ပြီး ခေါင်းထဲ ပေါ်လာသမျှကို လွှတ်ခနဲ ပြောလိုက်လေသည်။
ဤအချိန်တွင် ရှင်ခြင်းသေခြင်းစာအုပ်လေးသည်လည်း တိတ်တဆိတ် ထွက်လာပြီး ယွင်ဟွား၏ ခေါင်းပေါ်တွင် ထိုင်လိုက်လေသည်။ မနေ့က မနက်ခင်း ညီလာခံ၌ နင်းကော်မြို့စားသည် ၎င်း၏ ဟွားဟွားလေးအပေါ် အလွန် မကျေမနပ် ဖြစ်ခဲ့ကြောင်းကို ၎င်း မှတ်မိနေလေသည်။
"ဟွားဟွားလေး... သူက တရားမျှတမှုကို ရှာဖွေဖို့ သွားနေတာ... သူ့သမီးနဲ့ မြေးမလေး နှစ်ယောက်စလုံး မနေ့က ဆုံးသွားကြတယ်လေ..."
ယွင်ရှောင်ထျန်းနှင့် အမတ်ချန်တို့နှစ်ဦးစလုံး အလန့်တကြား ဖြစ်သွားကြပြီး အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်မိကြလေသည်။ သူတို့မှတ်မိသည်က မှန်ကန်မည်ဆိုလျှင် နင်းကော်မြို့စား၏ သမီးမှာ အချစ်တော် ကိုယ်လုပ်တော်ကျန်းဖြစ်ပြီး သူ၏ မြေးမလေးမှာ ဧကရာဇ်၏ အချစ်ဆုံး မင်းသမီးဖြစ်သော မင်းသမီးလဲ့အန်းပင် ဖြစ်လေသည်။
မနေ့က နန်းတော်ထဲတွင် ကိစ္စကြီးတစ်ခုခုများ ဖြစ်သွားခဲ့သလားဟု အမတ်ချန် တွေးတောနေမိလေသည်။
ဆန့်ကျင်ဘက်အားဖြင့် ယွင်ရှောင်ထျန်း၏ အကြည့်များကမူ ယွင်ဟွားအပေါ်၌သာ စူးစိုက်နေလေသည်။ မနေ့က ရုတ်တရက် ရရှိခဲ့သော ဆုလာဘ်များနှင့် မယ်တော်ကြီးကိုယ်တိုင် ချီးမြှင့်ခဲ့သည့် အထိမ်းအမှတ် တံဆိပ်ပြားများ... နေရာတိုင်းတွင် ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းနေလေသည်။
ယွင်ဟွားက မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
“ဒါဆိုရင် သူက... တော်တော်လေး သနားစရာ ကောင်းနေသေးတာပဲ…"
မိမိ၏ အနီးကပ်ဆုံး ချစ်ရသူများ သေဆုံးသွားချိန်တွင် သူ ဝမ်းနည်းနေခြင်းမှာ အံ့သြစရာ မဟုတ်ပေ။ ဤစကားကို ကြားသောအခါ ရှင်ခြင်းသေခြင်းစာအုပ်လေးမှာ အလွန် ရယ်မောသဘောကျသွားလေသည်။
“ဟွားဟွားလေး... နင် မေ့သွားပြီလား... မနေ့က နင်ကိုယ်တိုင် ဧကရာဇ်ကို ခေါ်သွားပြီး သူ့သမီး ကိုယ်လုပ်တော်ကျန်းနဲ့ အဲ့မျိုးမစစ်မင်းသမီးတို့ ဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိအောင် ဖမ်းခဲ့တာလေ... အဲဒါတွေကို ဖော်ထုတ်ခဲ့တာ နင် မဟုတ်ဘူးလား..."
ယွင်ဟွား၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူမ၏ ဝတ်ရုံစကိုမကာ နန်းတော်တံခါးဝဆီသို့ ပြေးသွားလေသည်။
ဤဇာတ်လမ်း၏ နောက်ဆက်တွဲက တကယ်ပဲ ရှိနေသည်မို့ သူမ လွတ်သွားခံ၍ မဖြစ်ပေ။ ယွင်ရှောင်ထျန်းနှင့် အမတ်ချန်တို့ နှစ်ဦးစလုံးသည် ရှောင်ရှူးရှူး၏ စကားများကြောင့် မှင်တက်သွားကြပြီး ထိုနေရာ၌ပင် ကြက်သေသေလျက် ရပ်နေခဲ့ကြလေသည်။
သူတို့သတိပြန်ဝင်လာချိန်တွင်မူ ယွင်ဟွားမှာ ပျောက်ကွယ်နေပြီ ဖြစ်လေသည်။
တော်ဝင်ညီလာခံခန်းမ၌..."အရှင်မင်းကြီး... ကျွန်တော်မျိုးအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးတော်မူပါ”
နင်းကော်မြို့စားသည် လက်နှစ်ဖက်ကို မြေကြီးပေါ် ထောက်ကာ ဒူးထောက်နေပြီး နှလုံးကွဲကြေမတတ် ငိုကြွေးနေလေသည်။ သူ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေပြီး လွန်ကဲလှသော ခံစားချက်များကြောင့် သူ၏ ခန္ဓာကိုယ်မှာ ထိန်းမရအောင် တုန်ယင်နေလေသည်။
ယနေ့နံနက်၌ သူ၏သမီးဖြစ်သူ ကိုယ်လုပ်တော်ကျန်းနှင့် မင်းသမီးလဲ့အန်းတို့ ကွယ်လွန်သွားပြီဖြစ်ကြောင်းသတင်းကို သူ လက်ခံရရှိခဲ့လေသည်။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မည်နည်း။ နန်းတွင်းကိုယ်လုပ်တော်များ၏ လျှို့ဝှက်ကြံစည်မှုများမှာ အမြဲ ပြောင်းလဲနေတတ်ပြီး သူ၏ သမီးနှင့် မြေးမလေးတို့သည် လူယုတ်မာများ၏ လုပ်ကြံမှုကို ခံခဲ့ရခြင်း ဖြစ်ရမည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုး ရဲဝံ့စွာ…”
"အခု မင်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... နောက်ထပ် ဘာလုပ်ဖို့ စီစဉ်နေတာလဲ…”
မင်းသားစုသည် ပြီးခဲ့သည့်ညကတည်းက သူ၏ ဇနီးဖြစ်သူထံမှ ဇာတ်လမ်းတစ်ခုလုံးကို သိရှိထားပြီးဖြစ်ရာ သူ ပြောမည့်စကားများကို ကြိုတင်၍ ဖြတ်ပြောလိုက်လေသည်။
ဖောက်ပြန်မှုနှင့် တော်ဝင်သွေးသားကို ရှုပ်ထွေးစေမှုတို့အတွက် အသက်ဆယ်ချောင်း ရှိနေလျှင်ပင် ကိုယ်လုပ်တော်ကျန်းကို သတ်ရန် လုံလောက်မည် မဟုတ်ပေ။ ဧကရာဇ်က ဤကိစ္စကို ဖျားနာပြီး သေဆုံးခြင်းဟု သတ်မှတ်ထားသောကြောင့် ဤအရာသည် ဖျားနာပြီး သေဆုံးခြင်းသာဖြစ်သည်။
ကျန်းမိသားစုကို ပါဝင်ပတ်သက်ခြင်း မရှိစေရန် လုပ်ဆောင်ခြင်းမှာ ကွယ်လွန်သွားသော နင်းကော်မြို့စားကြီးအပေါ် ရိုသေလေးစားမှုကြောင့်ဖြစ်ပြီး ဤသို့ဖြင့် ကျန်းမိသားစု၏ ဂုဏ်သိက္ခာနှင့် တော်ဝင်မိသားစု၏ ဂုဏ်သတင်း နှစ်ခုစလုံးကို ထိန်းသိမ်းထားနိုင်လေသည်။
ဤသို့ ဖြစ်လာမည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ ဤအဘိုးကြီးက တရားမျှတမှု မရှိပါဘူးဟု ငိုယိုပြီး ဤနေရာသို့ ပြေးလာခဲ့သည်။ ဤသည်မှာ ဧကရာဇ်ကို ဗြောင်ကျကျ စော်ကားလိုက်ခြင်း မဟုတ်ပါလ။
"ဘာ... ဘာ... မင်းပဲ ထပ်ပြီးတော့…”
မင်းသားစု ခုန်ထွက်လာသည်ကို မြင်သောအခါ နင်းကော်မြို့စားမှာ အလွန် ကြောက်လန့်သွားလေသည်။ သူသည် ရင်ဘတ်ကို ဖက်ထားပြီး သေတော့မည့်သူ တစ်ဦးကဲ့သို့ ဖြစ်နေကာ "ငါ... ငါ မင်းနဲ့ စကားမပြောဘူး..." ဟု ပြောလိုက်လေသည်။
အခန်း (၄၀) သူမ... ရာထူးတိုးသွားတာလား
"ဟွန့် မင်းနဲ့ စကားပြောချင်နေတယ်လို့ ထင်နေတာလား..."
မင်းသားစုသည် နင်းကော်မြို့စားကို ဂရုမစိုက်သည့်ဟန်ဖြင့် ကြည့်လိုက်လေသည်။ သူ၏ သမီးဖြစ်သူမှာ အကျင့်စာရိတ္တမကောင်းသလို အငယ်ဆုံးသားဖြစ်သူမှာလည်း အသုံးမကျသည့် လူယုတ်မာတစ်ဦးဖြစ်ရာ သူသည် အလဟဿ အချိန်ကုန်ခဲ့သော ဘဝတစ်ခုကို ဖြတ်သန်းခဲ့ရခြင်းပင် ဖြစ်လေသည်။
"နင်းကော်မြို့စား ဒီကိစ္စကို ညီလာခံပြီးမှ ဆွေးနွေးကြတာပေါ့... ယခုအချိန်က တိုင်းရေးပြည်ရာတွေကို ဆွေးနွေးနေတာ..."
"မင်းရဲ့ အသေးအဖွဲ ကိစ္စတွေနဲ့ အရှင်မင်းကြီးရဲ့ နားတော်ကို မနောက်ယှက်ပါနဲ့..."
နင်းကော်မြို့စား၏ မျက်နှာမှာ ခက်ထန်နေပြီး ဒေါသကြောင့် တုန်ယင်နေလေသည်။
ကိုယ်လုပ်တော်တစ်ဦးနှင့် မင်းသမီးတစ်ပါး သေဆုံးသွားခြင်းမှာ လုံးဝ ရှင်းပြ၍မရနိုင်သော ကိစ္စဖြစ်သည်ကို အသေးအဖွဲကိစ္စဟု ဆိုရက်လေသည်လားဟု သူ တွေးလိုက်မိလေသည်။
"မင်းသားစု မင်း အရမ်းမလွန်ကျူးပါနဲ့..."
မည်သို့ပင်ဆိုစေကာမူ ထိုသူတို့သည် သူ၏ သမီးနှင့် မြေးမလေးတို့သာ ဖြစ်လေသည်။
"ဝါး မင်းသားစုရဲ့ တိုက်ခိုက်နိုင်စွမ်းက အဲ့လောက်တောင် အားကောင်းတာလား..."
"ဒါပေါ့ ဟွားဟွားလေး... မနေ့က နင် မမြင်လိုက်လို့ပါ... မင်းသားစုက နင်းကော်မြို့စားကို တကယ် သတိလစ်သွားအောင် လုပ်ပစ်ခဲ့တာ..."
မင်းသားစုက မာနတထောင်ဖြင့် ခေါင်းကို မော့ထားလိုက်လေသည်။ သို့သော်လည်း နင်းကော်မြို့စား၏ အမြင်တွင်မူ ထိုအရာက သူ့ကို အထင်သေးနေသကဲ့သို့ ဖြစ်နေလေသည်။ သူ အလွန် ဒေါသထွက်နေလေသည်။
နင်းကော်မြို့စားသည် မင်းသားစုကို ဆန့်ကျင်ခြင်းက ကျေးဇူးတင်မခံရမည့်အပြင် ပင်ပန်းနွမ်းနယ်ရမည့် အလုပ်ဖြစ်ကြောင်းနှင့် မင်းသား၏ ဒေါသကြောင့် သူ၏ အသက်တစ်ဝက်ခန့်ပင် ဆုံးရှုံးသွားနိုင်ကြောင်း ခံစားလိုက်ရလေသည်။ ထို့နောက် သူသည် ရုတ်တရက် ပါးစပ်ဟလိုက်၏။
"အရှင်မင်းကြီး..."
အက်ကွဲပြီး စူးရှနေသော ငိုသံပါကြီးဖြင့် နင်းကော်မြို့စားသည် မြေကြီးပေါ်သို့ ခေါင်းကို ဆောင့်ချကာ တောင်းပန်လိုက်သည်။
"ကိုယ်လုပ်တော်နဲ့ မင်းသမီးတို့ရဲ့ သေဆုံးမှုကို သေချာစုံစမ်းစစ်ဆေးပေးဖို့... ကျွန်တော်မျိုး တောင်းပန်... တောင်းပန်ပါတယ် အရှင်မင်းကြီး..."
ထိုသူမသည် သူ ဂုဏ်ယူရသော တစ်ဦးတည်းသော သမီးဖြစ်ပြီး ယခုတော့ အလွန်ကြေကွဲဖွယ်ကောင်းစွာ ကွယ်လွန်သွားခဲ့ရလေသည်။ လူသတ်သမားကို အပြစ်ပေးနိုင်ရန် သူ သစ္စာဆိုထားသည်။
ဤစကားများကို ပြောဆိုပြီးနောက် အမတ်များအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ကိုယ်လုပ်တော်နှင့် မင်းသမီးတို့... သေဆုံးသွားပြီလားဟု တွေးလိုက်မိကြ၏။
ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာမှာ ပြာနှမ်းသွားပြီး နင်းကော်မြို့စားကို နန်းတော်ထဲမှ ယခုချက်ချင်း လွှင့်ပစ်လိုက်ချင်စိတ်များ ပေါက်သွားသည်။ အမှန်တရားကို သိရှိထားသော ယွင်ရှောင်ထျန်းနှင့် ချန်ကျဲဟန်တို့ နှစ်ဦးစလုံး၏ နှုတ်ခမ်းထောင့်များ လှုပ်ရွသွားသည်။
ဤကိစ္စကို သေချာ စုံစမ်းစစ်ဆေးရန် လိုအပ်သေးသည်လား။ ၎င်းမှာ ဧကရာဇ် ကိုယ်တိုင် အဆုံးစီရင်ရန် အမိန့်ပေးခဲ့ခြင်းသာ ဖြစ်ရမည်လေ။
"ဟွားဟွားလေး... ဧကရာဇ်ရဲ့ မျက်နှာကို ကြည့်ပါဦး... ဝမ်းချုပ်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်..."
ပလ္လင်ပေါ်မှနေ၍ ရှောင်ရှူးရှူး၏ နောက်ပြောင်နေသော အသံကို ကြားလိုက်ရချိန်တွင် ဧကရာဇ်ဝမ်ရွှမ်းသည် ဆိုးရွားသော ကိစ္စတစ်ခုခု ဖြစ်တော့မည်ကို ချက်ချင်း အာရုံရလိုက်သည်။ သူ ထင်ထားသည့်အတိုင်းပင် ဖြစ်လေသည်။
နောက်တစ်စက္ကန့်တွင် ဖရဲသီးစားရင်း အတင်းနားထောင်နေသည့်ဟန်ပေါက်သော ယွင်ဟွား၏ အသံသည် ညီလာခံခန်းမတစ်ခုလုံး၌ ပဲ့တင်ထပ်သွားတော့သည်။
"ထူးဆန်းနေတယ်ဆိုတာကို မြင်ဖို့ မခက်ပါဘူး... ကိုယ်လုပ်တော်က ဖောက်ပြန်နေပြီး မင်းသမီးက မျိုးမစစ်ကလေးဆိုတာကို ဘယ်လိုလုပ် သေချာ စုံစမ်းစစ်ဆေးပြီး သိနိုင်မှာလဲ... ဧကရာဇ်က မရှက်တတ်ဘူးထင်နေလား..."
"..."
အားလုံးက ဆွံ့အသွားကြ၏။ ဧကရာဇ်ဝမ်ရွှမ်းသည် ခပ်ဟဟ ရယ်မောလိုက်သည်။ သူား မျက်နှာပျက်ခဲ့ရပြီးပြီ ဖြစ်သည်။ ထားလိုက်ပါတော့လေ။
ဤမိန်းကလေး ရှိနေသရွေ့ တုံလင်နိုင်ငံတစ်ခုလုံးတွင် မည်သည့် လျှို့ဝှက်ချက်မှ ရှိမည်မဟုတ်ပေ။ ဧကရာဇ်ဝမ်ရွှမ်းသည် ယခုတော့ သဘောပေါက်သွားလေပြီ။ အကယ်၍ ပြိုင်ဘက်ကို မနိုင်နိုင်လျှင် သူတို့နှင့် ပူးပေါင်းလိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်သည်။ အကယ်၍ သေရမည်ဆိုလျှင် အားလုံး အတူတူ သေကြမည်သာဖြစ်သည်။ ပြုသူအသစ် ဖြစ်သူအဟောင်းဆိုသလို မစောမနှောင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး မည်သူမျှ ရှောင်လွှဲ၍ မရနိုင်ပေ။ အနည်းဆုံးတော့ ယခုမှစ၍ ဤမိန်းကလေးက သူ၏ အရှက်ရဖွယ် အခိုက်အတန့်များကို ဖော်ထုတ်မည်ကို အမြဲတမ်း ထိတ်လန့်ကြောက်ရွံ့စွာဖြင့် နေထိုင်သွားစရာ မလိုတော့ပေ။
ဧကရာဇ်ဝမ်ရွှမ်းသည် ထိုယုတ်မာသော အမျိုးသမီးအတွက် အသည်းအသန် ငိုကြွေးတောင်းပန်နေဆဲဖြစ်သော နင်းကော်မြို့စားကို ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ အေးစက်သွားလေသည်။
မင်းက ဘာလို့ ငိုနေရတာလဲ... တကယ်တမ်း အငိုချင်ဆုံးသူမှာ ဧကရာဇ်ကိုယ်တိုင်သာ ဖြစ်လေသည်။ ထိုစာအုပ်လေး ပြောခဲ့သလိုပင် သူသည် လျော်ကြေးကို သုံးဆပင် ပေးခဲ့ရသေးသည်။ ဤဆုံးရှုံးမှုများအတွက် သူ ဘယ်သူ့ကို သွားပြီး တိုင်တည်ရမည်နည်း။
"နင်းကော်မြို့စားက သူ့သမီးကို သေချာစွာ သွန်သင်ဆုံးမရန် ပျက်ကွက်ခဲ့ပြီး သူမရဲ့ အပြုအမူတွေကလည်း မသင့်လျော်တဲ့အပြင် နန်းတော်ကို ညစ်ညမ်းစေကာ တော်ဝင်သွေးသားကိုပါ ရှုပ်ထွေးစေခဲ့တယ်... မနေ့က သူမ ဖောက်ပြန်နေတာကို ငါကိုယ်တော်တိုင် လက်ပူးလက်ကြပ် ဖမ်းမိခဲ့ပြီး မျိုးမစစ်ကလေး လဲ့အန်းနဲ့အတူ သူတို့နှစ်ဦးစလုံးကို ချက်ချင်း အဆုံးစီရင်ခဲ့တယ်...အခုကစပြီး နင်းကော်မြို့စားကို တစ်နှစ်စာ လစာ ဖြတ်တောက်လိုက်ပြီး သူ့အမှားတွေကိုပါ ပြန်လည် ဆင်ခြင်သုံးသပ်ဖိူ့ အိမ်တော်မှာ ခြောက်လကြာ အကျယ်ချုပ် ချမှတ်လိုက်တယ်
..."
"နင်းကော်မြို့စား... ဒီသေချာတဲ့ စုံစမ်းစစ်ဆေးမှုကို မောင်မင်း ကျေနပ်ရဲ့လား..."
ဧကရာဇ်ဝမ်ရွှမ်းက တင်းမာစွာ ပြောလိုက်ရာ စကားလုံးတိုင်းမှာ ရေခဲစများကဲ့သို့ ဖြစ်နေပြီး အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ဤစကားကို ကြားသောအခါ နင်းကော်မြို့စားမှာ ဆွံ့အသွားပြီး ဝမ်းနည်းပူဆွေးနေသော သူ၏ မျက်နှာမှာ ချက်ချင်းပင် အေးခဲသွားတော့၏။
"ယို့..."
"ဒါလေးကိုတောင် မခံနိုင်ဘူးလား…’
မင်းသားစုသည် နင်းကော်မြို့စားကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်လိုက်ရာ မြေကြီးပေါ်တွင် ကြက်သေသေလျက် ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။
"ဒါက အသေးအဖွဲ ကိစ္စလေးပါလို့ ငါ ခုလေးတင် မင်းကို သတိပေးခဲ့တယ် မဟုတ်လား... အရှင်မင်းကြီးရဲ့ နားတော်ကို မနောက်ယှက်ပါနဲ့ဆိုတာ မင်းမှ နားမထောင်ခဲ့တာ..."
"အဲဒါကြောင့် လူကြီးတွေ စကားကို နားမထောင်ရင် အကျိုးဆက်ကို ခံစားရမှာပဲ... ငါ့အစ်ကိုတော်ဧကရာဇ်က မင်းကို ခွင့်လွှတ်ပေးထားတာတောင် မင်းက ပြဿနာရှာဖို့ အတင်းအကြပ် လုပ်နေသေးတယ်... ပြဿနာတစ်ခုခု မဖြစ်မချင်း မင်းက လက်လျှော့မှာ မဟုတ်ဘူးလေ..."
"မင်း လုပ်ထားတဲ့ ပြဿနာတွေကို ကြည့်စမ်း... နင်းကော်မြို့စားအိမ်တော် မျက်နှာပျက်ရပြီ... ပြီးတော့ မင်းရဲ့ အမှားတွေကို ပြန်လည်ဆင်ခြင်သုံးသပ်ရန် အခန်းထဲမှာ အကျယ်ချုပ်ချခံရတဲ့ ပြစ်ဒဏ်ပါ ရလိုက်သေးတယ်... ကျွတ် ကျွတ် ကျွတ်... စကားတစ်ခွန်းတည်း ပြောရရင်တော့ မင်းက သေမင်းကို ကိုယ်တိုင် ဖိတ်ခေါ်နေတာပဲ..."
"..."
နင်းကော်မြို့စား၏ မျက်နှာမှာ လူသေကဲ့သို့ ဖြူလျော့သွားပြီး တစ်ခုခု ပြောချင်နေသည့်အလား နှုတ်ခမ်းများ တုန်ယင်နေသော်လည်း စကားလုံးများမှာ လည်ချောင်းထဲတွင် တစ်ဆို့နေလေသည်။
"ဟားဟား စာအုပ်လေး.. ဒီမင်းသားစုက တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ သူပဲ... နင်းကော်မြို့စားကို ဘယ်လောက်တောင် ဒေါသထွက်အောင် လုပ်လိုက်လဲ ကြည့်စမ်း... သူ အသက်ရှူမှားပြီး သေမသွားအောင် သတိထားပါဦး..."
"ဟွားဟွားလေး စိတ်မပူပါနဲ့... ငါ စစ်ဆေးကြည့်ပြီးပြီ... သူ အသက်ရှင်ဖို့ နှစ်အနည်းငယ် လိုပါသေးတယ်..."
"...”
နင်းကော်မြို့စားသည် လွန်ခဲ့သော အခိုက်အတန့်လေးကမှ သူ၏ သမီးအား ဂုဏ်ယူဝင့်ကြွားစွာ ချီးမွမ်းနေခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် မျက်နှာဖြတ်ရိုက်ခံရမည်ဟု အိပ်မက်ပင် မမက်ဖူးခဲ့ပေ။
သူမက ဧကရာဇ်အပေါ် အမှန်တကယ် ဖောက်ပြန်ခဲ့သည်။ အကယ်၍ ဖောက်ပြန်မည်ဆိုလျှင်လည်း ဖောက်ပြန်ပေါ့။ သို့သော်လည်း အနည်းငယ်လောက် ပိုပြီး သတိထား၍ မရဘူးလားဟု သူ တွေးလိုက်မိလေသည်။ သူတို့တွင် တရားမဝင် ကလေးတစ်ယောက်ပင် ရှိနေသေးသည်။ ပို၍ ဆိုးရွားသည်မှာ ဧကရာဇ်က သူတို့ကို လက်ပူးလက်ကြပ် ဖမ်းမိသွားခြင်းပင် ဖြစ်လေသည်။
နင်းကော်မြို့စားအိမ်တော်မှာ ဤတစ်ကြိမ်တွင် အမှန်တကယ် ပြီးဆုံးသွားလေပြီ။ ဤမျှ အရှက်မရှိသော သမီးတစ်ယောက်ရှိနေသဖြင့် သူ၏ အငယ်ဆုံးသားမှာ အသိုင်းအဝိုင်းကောင်းမှ မိန်းကလေးတစ်ဦးနှင့် မည်သို့လုပ် လက်ထပ်နိုင်မည်နည်း။
ဧကရာဇ်ဝမ်ရွှမ်းသည် ဖရဲသီးစားနေသော ယွင်ဟွားကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးတစ်ဖက်ကို ပင့်ကာ လည်ချောင်းဟန့်လိုက်သည်။
"အမတ်ငယ်ယွင်..."
"ဟွားဟွားလေး ဖရဲသီးစားတာကို ရပ်လိုက်တော့... ဧကရာဇ်က နင့်ကို ခေါ်နေပြီ..."
ယွင်ဟွားမှာ အံ့အားသင့်သွားပြီး တန်းစီနေရာမှ လျင်မြန်စွာ ထွက်လာကာ လက်နှစ်ဖက်ကို ယှက်၍ အရိုအသေပေးလိုက်လေသည်။
"ကျွန်တော်မျိုးမ ရှိပါတယ်..."
"ကိုယ်လုပ်တော်နဲ့ မင်းသမီးအတုကိစ္စနဲ့ ပတ်သက်ပြီး မနေ့က ငါကိုယ်တော် ဆုလာဘ်တွေ ချီးမြှင့်ခဲ့ပေမယ့် လုံလောက်တယ်လို့ မခံစားရသေးဘူး..."
ယွင်ဟွား၏ မျက်လုံးများ လင်းလက်သွားလေသည်။ ဤသည်မှာ သူတို့က သူမကို ရွှေတုံးငယ်လေးများ ဆုချီးမြှင့်မည်ဟု ဆိုလိုခြင်းလားဟု တွေးလိုက်မိလေသည်။
နင်းကော်မြို့စားမှာ မည်သည့်အဓိပ္ပာယ်နည်းဟု အံ့ဩသွားလေသည်။ ကိုယ်လုပ်တော် ဖောက်ပြန်နေကြောင်းကို တိုင်ကြားခဲ့သူမှာ သူမလား။
ဧကရာဇ်ဝမ်ရွှမ်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
"သမိုင်းမှတ်တမ်းအရာရှိ ယွင်ဟွားသည် ရာထူးစတင်ထမ်းဆောင်ချိန်မှစ၍ သူမရဲ့ တာဝန်တွေကို စူးစိုက်နှစ်မြှုပ်စွာ လုပ်ဆောင်ခဲ့တယ်... သို့ပေမယ့်လည်း အမတ်ငယ်ယွင်က ဟောကိန်းထုတ်ခြင်းနှင့် ဗေဒင်တွက်ချက်ခြင်းတို့ကို တိတ်တဆိတ် လေ့လာနေခဲ့ပြီး သူမရဲ့ ဟောကိန်းများ အားလုံးက မှန်ကန်ခဲ့ကြောင်းကို ငါကိုယ်တော် မကြာသေးမီကမှ သိရှိခဲ့ရတယ်... ထို့ကြောင့် ယွင်ဟွားအား နက္ခတ်တာရာ လေ့လာရေးဌာန၏ ပဉ္စမအဆင့် ဒုတိယညွှန်ကြားရေးမှူးရာထူးကို တိုးမြှင့်ရန် ဧကရာဇ်အမိန့်တော် ထုတ်ပြန်လိုက်တယ်... နိုင်ငံတော်ရဲ့ ကံကြမ္မာကို တွက်ချက်ရန်နဲ့ ကမ္ဘာကြီးကို ငြိမ်းချမ်းရေး ဆောင်ကြဉ်းနိုင်ရန် ကောင်းကင်ဘုံရဲ့ အလိုတော်ကို ငါကိုယ်တော် နားလည်စေရန်အတွက် အမတ်ယန်နှင့်အတူ ပူးပေါင်းလုပ်ဆောင်စေ..."
"..."
သူတို့သည် မနာလိုတော့ပါဟု ပြောဆိုခဲ့ကြလေသည်။ ဧကရာဇ်က သူမကို ကြိုက်သလို အလိုလိုက်နိုင်ပေသည်။
"ကျွန်မ... ကျွန်မ ရာထူးတိုးသွားတာလား... အဲဒါလည်း နက္ခတ်တာရာ လေ့လာရေးဌာနကိုတဲ့လား..."
ယွင်ဟွားမှာ ချက်ချင်းပင် မှင်တက်သွားပြီး ဇဝေဇဝါဖြစ်ကာ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို နားမလည်နိုင် ဖြစ်သွားလေသည်။
"စာအုပ်လေး... ဧကရာဇ်က... သူ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်မနေဘူးဆိုတာ သေချာရဲ့လား... ငါက အခု သာမန်လူတစ်ယောက်ပဲလေ... ဟောကိန်းထုတ်တာ ဗေဒင်တွက်တာ ဒါမှမဟုတ် မျက်နှာဖတ်တာတွေကို လုပ်နိုင်စွမ်း လုံးဝ မရှိဘူး... ငါ့ကို နက္ခတ်တာရာ လေ့လာရေးဌာနရဲ့ ရာထူးမှာ ထားဖို့ သူ ဘာတွေ တွေးနေတာလဲ..."
ဧကရာဇ်ဝမ်ရွှမ်းက သူမကို စူးရဲစွာ ကြည့်လိုက်သည်။ သူမသည် ကျေးဇူးကန်းသူပင် ဖြစ်သည်။ ရာထူးတိုးချင်သော သူတစ်ယောက်ကိုပင် သူက ရာထူးတိုးပေးမည် မဟုတ်ပေ။
ရှင်ခြင်းသေခြင်းစာအုပ်လေးက သတိထားကာ ပြန်လည် သတိပေးလိုက်သည်။
"ဟွားဟွားလေး... မနေ့က နင် ဗေဒင်တွက်နိုင်တယ်လို့ ဧကရာဇ်ကို ပြောခဲ့ပြီးတော့ လက်ချောင်းတွေနဲ့ တွက်ချက်ဟန်ဆောင်ခဲ့တာကြောင့် ဖြစ်နိုင်မလား... ပြီးတော့ သူက နင့်ကို ယုံသွားတာလေ..."
"..."
"ဝါး... ပါးစပ်သရမ်းမိတဲ့ ငါ့အမှားတွေပါပဲ..."
"စာအုပ်လေး... ဧကရာဇ်ကို ငါ့ရာထူး ပြောင်းပေးဖို့ တောင်းဆိုသင့်တယ်လို့ နင် ထင်လား... ငါ နက္ခတ်တာရာ လေ့လာရေးဌာနရဲ့ ညွှန်ကြားရေးမှူး မလုပ်ချင်ဘူး..."
ယွင်ဟွားသည် ငိုချင်နေသော်လည်း မျက်ရည်များ ထွက်မလာခဲ့ပေ။ သမိုင်းမှတ်တမ်းအရာရှိလုပ်ရသည်ကပင် ပို၍ လွယ်ကူသေးလေသည်။
"စိတ်မပူပါနဲ့ ဟွားဟွားလေး... ငါ ရှိနေသရွေ့ နက္ခတ်တာရာ လေ့လာရေးဌာနရဲ့ တာဝန်တွေကို မကိုင်တွယ်နိုင်ဘူးဆိုပြီး စိတ်ပူစရာမလိုပါဘူး... ဒါက တစ်မိနစ်အတွင်းမှာ လုပ်နိုင်တဲ့ ကိစ္စမျိုးမှ မဟုတ်တာ..."
"ဒါပေမယ့် ရှောင်ရှူးရှူး... ငါက ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး နေရတဲ့သူပဲ ဖြစ်ချင်တာ..."
"..."
မင်း ရောင့်ရဲတင်းတိမ်သင့်သည်။
ယွင်ရှောင်ထျန်း၏ နှုတ်ခမ်းများ လှုပ်ရွသွားသည်။ သူသည် ဧကရာဇ်၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားခြင်း ဖြစ်ရမည်။ ပြီးခဲ့သည့်အကြိမ်က ထိုသုံးလခံအနံ့ဆိုးဆေးလုံးသည် လူတိုင်း၏ အနံ့ခံအာရုံကို ထိတ်လန့်သွားစေရုံသာမက သူတို့ ခိုးယူရန် ကြိုးစားသည့် အကြိမ်တိုင်းတွင် ဤမိန်းကလေး၏ မုန်းတီးမှုကို ခံရမည်ကို လူတိုင်း ကြောက်လန့်သွားစေခဲ့ပြီး စာအာပ်လေးက လူများကို အပြစ်ပေးရန် ထူးဆန်းသော အရာတစ်ခုခုကို ထုတ်ယူလာမည်ကို စိုးရိမ်စေခဲ့လေသည်။
ဧကရာဇ်သည် သူ၏ သမီးငယ်လေး မျက်နှာပန်းလှစေရန် ပြီးပြည့်စုံသော အခွင့်အရေးတစ်ခုကို ပေးအပ်ခဲ့ခြင်းပင် ဖြစ်သည်။ စာအုပ်လေး၏ မှော်အစွမ်းများ အကူအညီဖြင့် သူ၏ သမီးငယ်လေးသည် အနာဂတ်တွင် ဗေဒင်ဆရာမလေးတစ်ဦး ဖြစ်လာနိုင်ပြီး သူမ၏ ဂုဏ်ကျေးဇူးများကို မည်သူကမျှ ထပ်မံ၍ ခိုးယူနိုင်တော့မည် မဟုတ်ပေ။
အမတ်များအားလုံး သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ကြသည်။
"အဟွတ် အဟွတ်..."
"အမတ်ငယ်ယွင်.. ယွင်အမတ်ငယ်ယွင်..."
ယွင်ဟွားနှင့် အနီးဆုံးတွင် ရှိနေသော အိမ်ရှေ့စံမင်းသားသည် သူမကို အဓိပ္ပာယ်ပါပါဖြင့် အသည်းအသန် မျက်ရိပ်ပြနေလေသည်။
"ကျေးဇူးတင်လိုက်လေ... မြန်မြန် ကျေးဇူးတင်လိုက်..."
ထိုအခါမှ ယွင်ဟွားက သတိပြန်ဝင်လာပြီး ဒူးထောက်လိုက်သည်။
"အရှင်မင်းကြီး... အရှင်မင်းကြီးရဲ့ ကျေးဇူးတော်အတွက် ကျွန်တော်မျိုးမ အရိုအသေပေးပါတယ်..."
ယခုမှစ၍ သူမ၏ နေရာမှာ အသတိထားမိဆုံး ထောင့်နေရာမှနေ၍ လူအများ အာရုံစိုက်မှု အခံရဆုံးဖြစ်သော ရှေ့တန်းနေရာသို့ ပြောင်းလဲသွားတော့မည် ဖြစ်သည်။ သူမသည် ဖခင်ဖြစ်သူနှင့်ပင် အဆင့်အတန်း နီးပါးတူညီနေပြီ ဖြစ်၏။
ချက်ချင်းဆိုသလိုပင် ယွင်ဟွားက ကောင်းကင်ကြီး ပြိုကျတော့မည့်အလား ခံစားလိုက်ရလေသည်။
"ရှောင်ရှူးရှူး... ငါ နောက်ဆို ခိုးပြီး မအိပ်တော့ပါဘူးလို့ ကတိပေးပါတယ်..."
"..."