← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁) ယွင်ဟွားကို မနာလိုဖြစ်နေသူ နှစ်ဦး

နင်းကော်မြို့စားသည် သူ၏နေရာသို့ ယိုင်နဲ့စွာ ပြန်လည်ရောက်ရှိသွားချိန်တွင် သူ၏ ခွန်အားများအားလုံး ချက်ချင်းပင် ခန်းခြောက်သွားသကဲ့သို့ ဖြစ်သွားသည်။

ပုံမှန်အားဖြင့် မတ်မတ်ရပ်နေတတ်သော သူ၏ ကျောပြင်မှာ ယခုအခါ အနည်းငယ် ကိုင်းညွတ်နေလေသည်။

သူသည် ယွင်ဟွားကို စူးရှစွာ ကြည့်လိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲရှိ နာကြည်းမှုများကို လျင်မြန်စွာ ဖုံးကွယ်လိုက်လေသည်။

ယွင်ဟွား နန်းတွင်းသို့ အရာရှိအဖြစ် ဝင်ရောက်လာခြင်းကို သူ အစကတည်းက မကျေနပ်ခဲ့ရာ ယခုအခါ သူမကြောင့် သူ၏ နင်းကော်မြို့စားအိမ်တော်မှာ ကျဆင်းရလေပြီ။

“ပန်းကလေး... နင်းကော်မြို့စားက နင့်ကို မုန်းတီးနေတယ်... “

ရှင်ခြင်းသေခြင်းစာအုပ်သည် ယွင်ဟွား၏ ခေါင်းပေါ်သို့ ပျံသန်းသွားပြီး ဤအဘိုးအိုလူယုတ်မာကို ရက်စက်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။

ယွင်ဟွားလည်း သူမကိုယ်သူမ မတရားခံရသည်ဟု ခံစားလိုက်ရလေသည်။

“သူ ရူးနေတာလား... သူ့သမီးကို ဧကရာဇ်အပေါ် သစ္စာဖောက်ဖို့ လုပ်ခဲ့တာက ငါ မဟုတ်သလို ဒီကိစ္စကို အသေအချာ စုံစမ်းစစ်ဆေးဖို့ ဧကရာဇ်ကို တောင်းဆိုခဲ့သူကလည်း ငါ မဟုတ်ဘူးလေ.. အခုကိစ္စတွေတောင် ဒီအခြေအနေထိ ရောက်နေပြီ သူက ငါ့ကို မုန်းတီးနေတုန်းလား…”

ရှင်ခြင်းသေခြင်းစာအုပ်က နှုတ်ခမ်းကို စူကာ သူ၏ တောင်ပံငယ်လေးများကို ဖြန့်၍ ပြောလိုက်လေသည်။

“အဲ့လိုလူတွေက အဲ့လိုပဲ.. သူတို့လိုလူတွေက ပြဿနာရဲ့အကြောင်းရင်းကို မိမိအမှားလို့ မစဉ်းစားဘဲ အရာအားလုံးအတွက် အခြားသူတွေကိုပဲ အမြဲ အပြစ်တင်တတ်ကြတယ်.. အဲ့ဒါကြောင့် သူ့သမီးဖြစ်သူကလည်း အကျင့်စာရိတ္တ၊ အရှက်တရား‌နဲ့ ကိုယ်ကျင့်တရားပါ လုံးဝ မရှိတာပဲ..."

ယွင်ရှောင်ထျန်းသည် နင်းကော်မြို့စားက ယွင်ဟွားအပေါ် မနာလိုဖြစ်နေကြောင်း ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွားသည်။

ဤအဘိုးကြီးသည် ညစ်ပတ်သော လက်ကွက်များကို ကစားရန် နှစ်သက်သည်။ သူ၏ ကိုယ်ပိုင်သမီးလေးမှာ သတိလက်လွတ် နေတတ်ပြီး အလွယ်တကူ အမြတ်ထုတ်ခံရနိုင်ချေ ရှိသည်။ ထို့ကြောင့် သူ ကြိုတင်၍ တစ်ခုခု လုပ်ဆောင်ထားရန် လိုအပ်နေပုံရလေသည်။

မည်သူမျှ ဤအရာကို မျှော်လင့်မထားခဲ့ကြပေ။

ယနေ့ နံနက်ပိုင်း တော်ဝင်ညီလာခံခန်းမ၌ ယွင်ဟွားကသာ အဆုံးစွန်သော အောင်နိုင်သူ ဖြစ်လာခဲ့သည်။

သူမသည် သတ္တမအဆင့် သမိုင်းမှတ်တမ်းအရာရှိမှ ပဉ္စမအဆင့် နက္ခတ်တာရာ လေ့လာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးအဖြစ်သို့ တက်လှမ်းသွားခဲ့သည်။

ထိုကဲ့သို့ လျင်မြန်သော ရာထူးတိုးမြှင့်ခြင်းကို မည်သူမျှ စိတ်ကူးပင် မယဉ်နိုင်ခဲ့ကြပေ။

"ဂုဏ်ယူပါတယ် အမတ်ငယ်ယွင်..."

"အမတ်ကြီးယွင်က ကံကောင်းလွန်းတယ်..

မင်း သမီးက ငယ်ရွယ်ပြီး အလားအလာကောင်းတွေရှိတယ်... အခုကစပြီး ငါတို့ရဲ့ နန်းတွင်းမှာ အရည်အချင်းရှိ လက်ထောက်တစ်ဦး ထပ်မံရရှိပြန်ပြီပေါ့..."

အမတ်ရွှီက မျက်ဝန်းထဲတွင် အပြုံးများဖြင့် လျှောက်လာခဲ့ပြီး သူ၏ မျက်နှာအမူအရာတွင် မနာလိုမှု အနည်းငယ်မျှမရှိဘဲ စိတ်ရင်းမှန်ဖြင့် ဂုဏ်ပြုနေခြင်းဖြစ်သည်။

သူ၏ နေရာကို ဆက်ခံမည့် သမိုင်းမှတ်တမ်းအရာရှိတစ်ဦး အခြားဌာနသို့ ခေါ်ဆောင်ခံရခြင်းအတွက်မူ အနည်းငယ် နှမြောစရာ ကောင်းလှသည်။

“ရပါတယ်..ရပါတယ်.."

ယွင်ရှောင်ထျန်းက အလွန် ဂုဏ်ယူဝင့်ကြွားနေသော အမူအရာဖြင့် ပြုံး၍ ပြန်လည်ဖြေကြားလိုက်သည်။

အငယ်ဆုံးသမီးလေး၏ အရာရှိရာထူးမှာ အခြေခံအားဖြင့် သေချာသွားပြီဖြစ်ရာ ကျန်ရှိနေသည်မှာ အကြီးဆုံးသား၏ လာမည့်နှစ် နန်းတွင်းစာမေးပွဲအတွက်သာ ဖြစ်သည်။

နင်းကော်မြို့စားကို အခြားသူများက ကူညီတွဲခေါ်သွားကြပြီး သူသည် မြှောက်ပင့်နေသော စကားများကို ကြားလိုက်ရချိန်တွင် သတိထားမိရန် ခက်ခဲသော လှောင်ပြောင်မှုတစ်ခုက သူ၏ နှုတ်ခမ်းထက်၌ ဖြတ်ပြေးသွားသည်။

"ဟမ့်... အမတ်ငယ်ယွင်ရဲ့ ရာထူးတိုးမြှင့်တြာ အရမ်းမြန်ဆန်တယ်.. အဲ့နေရာမှာ ကြာကြာ နေချင်ရင် သတိထားပါ..."

သူ၏ အသံမှာ အက်ကွဲနေပြီး ခနဲ့တဲ့တဲ့ လေသံများ ပါဝင်နေကာ တက်ကြွလှုပ်ရှားနေသော ဂုဏ်ပြုစကားများကြားတွင် အထူးပင် နားဝင်ဆိုးလှသည်။

မနက်ဖြန်မှစ၍ သူသည် သူ၏ လုပ်ရပ်များအပေါ် ပြန်လည်သုံးသပ်ရန် ခြောက်လတိတိ အခန်းတွင်း၌ အကျယ်ချုပ် ကျခံရမည် ဖြစ်သည်။

တော်ဝင်ညီလာခံခန်းမသည် အမြဲတစေ ပြောင်းလဲနေတတ်ရာ သူ ပြန်လည်ရောက်ရှိလာချိန်၌ သူ၏ နေရာ ရှိနေပါဦးမည်လားဆိုသည်မှာ မသေချာလှပေ။

ဤအရာကို တွေးမိသောအခါ နင်းကော်မြို့စားက သူ၏ အင်္ကျီလက်အတွင်းမှ လက်သီးကို တင်းကျပ်စွာ ဆုပ်ထားလိုက်ပြီး ယွင်ဟွားထံသို့ ကြည့်နေသော သူ၏ အကြည့်များမှာ ရေခဲကဲ့သို့ အေးစက်နေလေသည်။

"အမတ်ငယ်ယွင်... အရှင်သခင်ကို အလုပ်အကျွေးပြုရတာက ကျားတစ်ကောင်ကို အလုပ်အကျွေးပြုရသလိုပဲ ဖြစ်တယ်ဆိုတဲ့စကားကို ကြားဖူးမယ်ထင်တယ်... ဧကရာဇ်က မင်းကို အခုတစ်စက္ကန့်အတွင်း မျက်နှာသာပေးပေမယ့်လည်း နောက်တစ်စက္ကန့်အတွင မင်းခေါင်းကို ဖြတ်ပစ်နိုင်တယ်.. မင်း သတိပြုလိမ်မယ်လို့ ငါ မျှော်လင့်ပါတယ်..."

ဤစကားကို ကြားလိုက်ရချိန်တွင် လူတိုင်းက ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။

ယခင်က ပြုံးရွှင်နေသော ယွင်ရှောင်ထျန်း၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွား၏။

အခြားသူများက သူ၏ သမီးငယ်လေးကို ဝေဖန်နေသည်ကို သူ မည်သို့ ခွင့်ပြုနိုင်မည်နည်း။ သူ၏ အသက်အရွယ် ကြီးရင့်နေခြင်းသာမရှိပါက သူ ကိုယ်တိုင် ဝင်ရောက်၍ ရိုက်နှက်မိမည်မှာ သေချာလှသည်။

ထိုကျိန်စာသင့်မည့် အဘိုးကြီး…

"အိုး..."

ယွင်ရှောင်ထျန်းက လှောင်ပြောင်လိုက်ပြီး…

"ဒီကိစ္စက မြို့စားနဲ့ မသက်ဆိုင်ပါဘူး... ကျုပ်သမီးငယ်လေးရဲ့ ဦးခေါင်းက အရမ်းလုံခြုံပြီး ဂဟေဆော်ထားတာထက်တောင် ပိုခိုင်မာသေးတယ်..."

သူ၏ သမီးဖြစ်သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားလက်နက်အကြောင်းကို တွေးမိရုံဖြင့် သူ၏ စိတ်နှလုံးထဲတွင် မာနတရားများ ပြည့်နှက်သွားသည်။

၎င်းမှာ အလွန်ခိုင်ခံ့လွန်းသဖြင့် ဓားတစ်ချောင်းသည် နှစ်ပိုင်းကျိုးသွားလျှင်ပင် သူမကို အနည်းငယ်မျှ ထိခိုက်စေနိုင်မည် မဟုတ်ပေ။

“ခင်ဗျားက အခြားသူတွေရဲ့ ကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ အချိန်ပိုနေရင် ခင်ဗျားရဲ့သားဖြစ်သူကို ပိုပညာပေးသင့်တယ်.. ဒီခြောက်လတာ အကျယ်ချုပ်ကာလကို ဘာလို့ အခွင့်ကောင်း မယူရမှာလဲ... မဟုတ်ရင် အမွေဆက်ခံသူအဖြစ် ခင်ဗျားရဲ့တောင်းဆိုချက်ကို ဧကရာဇ်က သဘောတူမှာ မဟုတ်လောက်ဘူး..."

"အဲ့အချိန်ရောက်ရင် နင်းကော်မြို့စားအိမ်တော်က အမှန်တကယ်ပဲ ဆက်ခံသူတောင် ရှိတော့မှာ မဟုတ်ဘူး..."

"ပါးစပ်ပိတ်ထားစမ်း..."

နင်းကော်မြို့စားက အလွန် ဒေါသထွက်သွားသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။ သူ၏ နက်ရှိုင်းသော မျက်ဝန်းများက ယွင်ရှောင်ထျန်းကို စိုက်ကြည့်နေလေသည်။ သူ၏ သားဖြစ်သူမှာ အသုံးမကျသော်လည်း ၎င်းကို ဝေဖန်ရန်မှာ သူ၏ ကိစ္စမဟုတ်ပေ။

သူသည် မြို့စားအိမ်တော်၏ ဆက်ခံသူရာထူးကို ရရှိစေရန် သူ၏ အသက်ကိုပင် စတေးသွားမည် ဖြစ်သည်။

"ယွင်ရှောင်ထျန်း...မင်း စောင့်နေလိုက်ပါ... ငါ..."

"ဘာဖြစ်လို့လဲ... နင်းကော်မြို့စား... ခင်ဗျားက ဘာများ ပြောချင်လို့လဲ..."

မင်းသားစုသည် အခြားကိစ္စများကြောင့် နောက်ကျသွားခဲ့ပြီး သူ နန်းတော်တံခါးမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် နင်းကော်မြို့စားက သူ၏ အနာဂတ် ဆွေမျိုးများအပေါ် ကြမ်းတမ်းသော စကားများ ပြောဆိုနေသည်ကို မြင်လိုက်ရလေသည်။

ထိုအဘိုးအိုလူယုတ်မာသည် ငြင်းခုံရန် အချိန်ရနေဆဲဖြစ်ရာ သူသည် ဝမ်းနည်းခြင်း သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်ခြင်း မရှိတော့သည့်ပုံ ပေါ်နေသည်။

မင်းသားစု၏ အသံကို ကြားလိုက်ရချိန်တွင် နင်းကော်မြို့စားမှာ တုန်ယင်သွားပြီး သူ၏ အင်္ကျီလက်ကို ခါကာ လှည့်ထွက်သွားခဲ့လေသည်။

အဘယ်ကြောင့်မှန်း သူ မသိသော်လည်း မင်းသားစုသည် သူ့ကို အမြဲတစေ ဆန့်ကျင်နေတတ်လေသည်။

စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသော ထိုလူ ထွက်သွားပြီးနောက် မင်းသားစုသည် ကောင်မလေးကို နှုတ်ဆက်ရန် ပြင်လိုက်စဉ်မှာပင် ယွင်ရှောင်ထျန်းက သူ့ကို ဖမ်းဆွဲကာ ဆွဲခေါ်သွားသည်။

အိုး... သူသည် ထိုလူနှင့် အဆင့်တူအောင် အောက်တန်းကျကျ ပြုမူမည် မဟုတ်ပေ။

ယွင်ဟွား၏ ရာထူးတိုးမြှင့်ခြင်း သတင်းက ယွင်မိသားစုထံသို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။

ချွေ့ဝမ်ရှင်းသည် အလွန်စိတ်လှုပ်ရှားနေပြီး သူမ၏ မျက်ဝန်းများထဲတွင် အပြုံးများ ပြည့်နှက်နေကာ ထပ်ခါတလဲလဲ အော်ဟစ်နေသည်။

"ဆုချမယ်... လူတိုင်းကို ဆုချမယ်... အိမ်တော်က အစေခံအားလုံးကို သုံးလစာဆုချမယ်..."

ဤသည်မှာ အလွန်ကောင်းမွန်သော သတင်းပင် ဖြစ်လေသည်။

မည်သူ၏ သမီးက နန်းတွင်း၌ အရာရှိတစ်ဦး ဖြစ်လာရန် ကံပါလာသနည်း။ မည်သူ၏ သမီးက တစ်လအတွင်း ပဉ္စမအဆင့်သို့ ရာထူးတိုးမြှင့်ခံရသနည်း။

ချွေ့ဝမ်ရှင်းက သူမ၏ နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်လေသည်။

အိုး... ၎င်းမှာ သူမ၏ မိသားစုမှပင် ဖြစ်လေသည်။

ဆုလာဘ်သတင်းသည် မျက်စိတစ်မှိတ်အတွင်း အိမ်တော်တစ်ခွင်သို့ ပျံ့နှံ့သွားကြသည်။ အစေခံများမှာ အစပိုင်းတွင် အံ့အားသင့်သွားကြပြီးနောက် ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။

"ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ် သခင်မ..."

"စတုတ္ထသခင်မလေးက တကယ့်ကို အံ့ဩစရာကောင်းတယ်..."

"ဟုတ်တယ်.. ဟုတ်တယ်... ယွင်မိသားစုမှာ အလုပ်လုပ်ခွင့်ရတာက ငါတို့ ဘိုးဘေးတွေဆီက ကောင်းချီးတစ်ခုပဲ... ငါ့မှာ ငါ့ကို အရမ်းမနာလိုဖြစ်နေတဲ့ သူငယ်ချင်းမလေးတစ်ယောက် ရှိတယ်..."

"ငါ့မှာ တစ်နှစ်ပတ်လုံး ရာသီတစ်ခုစီအတွက် အဝတ်အစား လေးစုံစီ ရှိတယ်..."

"သေချာတာပေါ့.. ငါတို့ရဲ့သခင်တွေက ကြင်နာတတ်ပြီး သူ့ရဲ့အစေခံတွေကို အလွယ်တကူ အပြစ်ပေးလေ့ မရှိဘူး... သူတို့က အကျိုးခံစားခွင့်တွေကိုလည်း အများအပြား ထောက်ပံ့ပေးကြသေးတာ..."

ကျေးဇူးတင်စကားများက အရပ်မျက်နှာ အသီးသီးမှ ပဲ့တင်ထပ်နေပြီး ယွင်အိမ်တော်တစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေသည်။

ချွေ့ဝမ်ရှင်း၏ ပထမဆုံးသော အတွေးမှာ ယွင်မိသားစု ဘိုးဘေးခန်းမသို့ သွားရောက်၍ သူမ၏ ဘိုးဘေးများကို အသိပေးရန်ပင် ဖြစ်လေသည်။

သို့သော်လည်း ပြီးခဲ့သောညက ကိစ္စကို ပြန်လည်တွေးမိသောအခါ... ထားလိုက်ပါတော့... နောက်ရက်အနည်းငယ်ကြာမှသာ သွားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

သူမက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး သတင်းပို့ရန် ရောက်ရှိလာသော အိမ်တော်ထိန်းကို အလျင်စလို ညွှန်ကြားလိုက်သည်။

"အိမ်တော်ရဲ့ အကောင်းဆုံး ပါဝင်ပစ္စည်းတွေကို သွားရွေးချယ်ပြီး စတုတ္ထသခင်မလေး ကြိုက်တဲ့ ဟင်းလျာအားလုံးကို ချက်ပြုတ်ပါ... ဒါ့အပြင် အဖိုးတန်ဝိုင်အိုးအချို့ကိုလည်း ယူလာခဲ့ဦး.."

"စကားမစပ်... အဓိကခန်းမဆောင်ကို သေချာ အလှဆင်ပြီး ပွဲတော်တစ်ခုလို ဖြစ်စေဖို့ အမိန့်ပေးလိုက်.."

ယွင်ဟွားသည် ယွင်အိမ်တော်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ထိုခမ်းနားသော မြင်ကွင်းကြောင့် အံ့အားသင့်သွားလေသည်။

“အမေ...သမီးတို့ မိသားစုထဲမှာ ဘယ်သူက အိမ်ထောင်ပြုတော့မလို့လဲ..."

ထိုသို့မဟုတ်ပါက သူတို့သည် အဘယ်ကြောင့် အနီရောင် ပိုးသားစများကို ချိတ်ဆွဲထားမည်နည်း။

ချွေ့ဝမ်ရှင်းက သူမကို စူးရဲစွာ ကြည့်လိုက်လေသည်။

ညီအစ်မနှစ်ဦးဖြစ်သော ယွင်ယာနှင့် ယွင်ဝေတို့မှာ ပါးစပ်ကိုအုပ်ကာ အားရပါးရ ရယ်မောလိုက်ကြလေသည်။

“ငတုံး... နင် အခုလေးတင် ရာထူးတိုးမြှင့်ခံရလို့ နင့်အမေက နင့်အတွက် အောင်ပွဲခံပေးနေတာလေ…”

ယွင်ဟွားက ဘာတွေဖြစ်နေသည်ကို ရုတ်တရက် သဘောပေါက်သွားပြီးနောက် ချွေ့ဝမ်ရှင်းက သူမ၏ လက်ကို ဆွဲကာ အဓိကခန်းမဆောင်သို့ ခေါ်ဆောင်သွားလေသည်။

လူအုပ်ကြီးက သူတို့ကို တံခါးဝမှနေ၍ နွေးထွေးစွာ ကြိုဆိုခဲ့ကြပြီးနောက် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားကြ၏။

ယွင်ရှောင်ထျန်းတစ်ဦးတည်းသာလျှင် ထိုနေရာ၌ ကြက်သေသေကာ ကျန်ရစ်ခဲ့လေသည်။

မဖြစ်နိုင်ပေ။ မိသားစု၏ အကြီးအကဲဖြစ်သော သူသည် အမှန်တကယ်ပင် ထိုမျှလောက် လူကြိုက်နည်းနေသလော။

ယွင်ရှောင်ထျန်းက သက်ပြင်းချလိုက်ပြီး လူအုပ်ကြီးနောက်သို့ တိတ်ဆိတ်စွာ လိုက်သွားရန်သာ တတ်နိုင်လေသည်။

မိသားစုဝင်များသည် လိုဟန်စားပွဲဝိုင်းတွင် ထိုင်ကာ ဝိုင်ခွက်များကို တိုက်ကြရင်း ကျယ်လောင်စွာ ပြုံးရယ်နေကြပြီး နွေးထွေးမှုနှင့် သဟဇာတဖြစ်မှု မြင်ကွင်းတစ်ခုပင် ဖြစ်လေသည်။

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်ရှိ လင်းအိမ်တော်၌မူ။

လင်းဝမ်ယွဲ့သည် နောက်ဖေးခြံဝင်းအတွင်းရှိ ရှစ်ထောင့်ပုံစံ ဖန်စီမဏ္ဍပ်တစ်ခု၌ အေးအေးဆေးဆေး ထိုင်နေလေသည်။ ကျောက်တုံးစားပွဲပေါ်တွင် လတ်တလော ဖျော်ထားသော လက်ဖက်ရည်ကို တင်ထားပြီး လက်ဖက်ရည်၏ မွှေးရနံ့က သူမ၏ နှာခေါင်းထဲသို့ လွင့်ပျံလာလေသည်။

လင်းမိသားစု၏ တရားဝင်သမီးတစ်ဦးအနေဖြင့် သူမသည် ကျိန်စာသင့်မည့် ထို "အမျိုးသမီးများအတွက် လိုက်နာရန် စည်းကမ်းများ" ကို ကိုယ်တိုင် ကူးယူရေးသားမည် မဟုတ်သည်မှာ သဘာဝပင် ဖြစ်လေသည်။

သို့သော်လည်း သုံးလတိတိ အကျယ်ချုပ် ကျခံရမည်ဖြစ်ပြီး အပြင်သို့ ထွက်ကာ တတိယမင်းသားနှင့် သွားရောက်တွေ့ဆုံခွင့် မရတော့မည့်အတွေးက သူမကို နာကြည်းမှုများဖြင့် ပြည့်နှက်သွားစေလေသည်။

သူမလက်သည်းများက သူမ၏ အသားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသော်လည်း သူမသည် မည်သည့် နာကျင်မှုကိုမျှ ခံစားရပုံ မပေါ်ပေ။

"သခင်မလေး… ဒါက လတ်တလော ဖျော်ထားတဲ့ ပီလော့ချွန်း လက်ဖက်ရည် ဖြစ်သည်... ကျေးဇူးပြုပြီး မြည်းစမ်းကြည့်ပါဦး..."

အစေခံမလေး၏ အသံက သူမကို သတိပြန်ဝင်လာစေလေသည်။ လင်းဝမ်ယွဲ့သည် လက်ဖက်ရည်ခွက်ကို ယူရန် လက်ကို မြှောက်လိုက်ပြီး အေးသွားစေရန် ညင်သာစွာ မှုတ်လိုက်ကာ ထိုခွေးမလေး ယွင်ဟွားအကြောင်းကို ယာယီ မတွေးတော့ရန် ဖိအားပေးကာ တစ်ငုံ သောက်လိုက်လေသည်။

သူမ၏ ကိုယ်ပိုင်အရှိန်အဟုန်ဖြင့် အစီအစဉ်ဆွဲရန် သူမတွင် သုံးလ အချိန်ရှိသေးလေသည်။

ထိုစဉ် အခြားအစေခံမလေးတစ်ဦးက အလျင်စလို ဝင်ရောက်လာလေသည်။

"သခင်မလေး... ကြောက်ဖို့ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ... ကြောက်ဖို့ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ.."

အခန်း (၄၂) ပန်းကလေး... လင်းဝမ်ယွဲ့ ပြန်လည်မွေးဖွားလာပြီ...

သူမ၏ သခင်မလေးသည် ယွင်မိသားစု၏ စတုတ္ထသခင်မလေးအပေါ် ရန်ငြိုးထားရှိကာ သူမ၏ သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်ရန် ညွှန်ကြားထားခဲ့လေသည်။ ထိုသတင်းကို သိရှိလိုက်သည်နှင့် တစ်ပြိုင်နက် သူမသည် သတင်းပို့ရန် အလျင်စလို ပြန်လာခဲ့လေသည်။

လင်းဝမ်ယွဲ့သည် အစေခံမလေး၏ အရေးတကြီး အော်ဟစ်သံကြောင့် လန့်ဖြတ်သွားပြီး သူမ၏ လက်ထဲရှိ ရေနွေးကြမ်းများပင် ဖိတ်ကျမတတ် ဖြစ်သွားခဲ့လေသည်။

သူမက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အစေခံမလေးအား မကျေမနပ်ဖြင့် ကြည့်ကာ လက်ဖက်ရည်ခွက်ကို ချ၍ သူမ၏ ပါးပြင်ကို ရိုက်ချလိုက်သည်။

"ဖြန်း..."

အစေခံမလေး၏ ပါးပြင်မှာ ချက်ချင်းပင် ရောင်ရမ်းလာပြီး သူမ၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ဝဲတက်လာသည်။

"နင်က ဘာလို့ အဲ့လောက် အော်ဟစ်နေရတာလဲ... ငါ့ကို အပူလောင်တော့မလို့ပဲ..."

လင်းဝမ်ယွဲ့၏ မျက်ခုံးများက မြင့်တက်သွားပြီး သူမ၏ ပြင်းထန်သော ဒေါသကို ဖော်ပြလိုက်သည်။

ထိုနေ့က နန်းတွင်းပွဲတော် ပြီးကတည်းက သူမသည် အသေးအဖွဲ ကိစ္စလေးများအပေါ်၌ပင် ဒေါသကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

ပုံမှန်အားဖြင့် သူမအပေါ် အလွန်ရိုသေလေးစားတတ်သော ဖအေတူမအေကွဲ ညီမများသည်ပင် ဧကရာဇ်က သူမကို သီးသန့်ရွေးချယ်ကာ အပြစ်ပေးသည်ကို မြင်တွေ့ပြီးနောက် တစ်နေရာရာတွင် ပုန်းကွယ်၍ သူမကို လှောင်ပြောင်ရယ်မောနေကြမည်မှာ သေချာလှသည်။

တရားခံမှာ ထိုခွေးမလေး ယွင်ဟွားဖြစ်ကြောင်း တွေးမိသည်နှင့် သူမသည် အမုန်းတရားဖြင့် သွားများကို တင်းတင်းကြိတ်ထားမိ၏။

"သခင်မလေး... သခင်မလေး... ကျွန်မ သခင်မလေးကို လန့်သွားအောင် လုပ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး... စတုတ္ထသခင်မလေးယွင် အကြောင်းပါ..."

အစေခံမလေးက ဒူးထောက်ကျသွားပြီး သူမ၏ မျက်နှာတစ်ဝက်ကို ဖုံးအုပ်ကာ မျက်ဝန်းများထဲတွင် အကြောက်တရားများ ပြည့်နှက်နေလေသည်။

လင်းဝမ်ယွဲ့သည် သူမ မုန်းတီးသော ဤအမည်ကို ကြားလိုက်ရချိန်တွင် ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။

"မြန်မြန်ပြောစမ်း... သူမနဲ့ ပတ်သက်ပြီး ဘာသတင်းရလာတာလဲ..."

သူမ ဤမျှစိုးရိမ်နေသည်မှာလည်း အံ့သြစရာ မဟုတ်ပေ။ ရန်သူ၏ အကြောင်းကို သိရှိထားခြင်းကသာ သူမ အနိုင်ရရန် အခွင့်အရေး ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်လေသည်။

သူမတို့သည် တတိယမင်းသားအတွက် သူမကို တိုက်ခိုက်ကြမည်ဖြစ်ပြီး အနှေးနှင့်အမြန် ထိုခွေးမလေးက သုတ်သင်ခံရမည်သာ ဖြစ်လေသည်။

အစေခံမလေးက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး စိတ်ကို ငြိမ်အောင်ထားကာ အသေးစိတ် ရှင်းပြလိုက်လေသည်။

"ဧကရာဇ်က သခင်မလေးယွင်ကို ပဉ္စမအဆင့် အရာရှိဖြစ်တဲ့ နက္ခတ်တာရာ လေ့လာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးရာထူးကို တိုးမြှင့်ပေးလိုက်ကြောင်း အမိန့်တော် ထုတ်ပြန်လိုက်ပါတယ်..."

"နင် ဘာပြောလိုက်တာလဲ... နောက်တစ်ခေါက် ပြန်ပြောစမ်း..."

လင်းဝမ်ယွဲ့က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အစေခံမလေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ သူမ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုနှင့် တုန်လှုပ်မှုများ ပြည့်နှက်နေလေသည်။

သူမ နန်းတွင်း၌ အရာရှိဖြစ်လာသည်မှာ မည်မျှ ကြာပြီမို့လို့ ရာထူး ထပ်တိုးသွားရပြန်သနည်း။

ထို့ပြင် နက္ခတ်တာရာ လေ့လာရေးဌာန၏ ပဉ္စမအဆင့်အရာရှိ ဖြစ်လာသည်တဲ့လား။

သူမက နက္ခတ်ဗေဒင်ကို သိလို့လား။ ပြက္ခဒိန်များကို တွက်ချက်နိုင်သလား သို့မဟုတ် ဗေဒင်ဟောနိုင်သလား။

ထိုခွေးမလေးသည် အလွန်ငယ်ရွယ်လှရာ သူမသည် ဤအရာများတွင် ကျွမ်းကျင်သူဖြစ်ကြောင်း လင်းဝမ်ယွဲ့ လုံးဝ ယုံကြည်မည် မဟုတ်ပေ။

လင်းဝမ်ယွဲ့၏ မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းနေလေသည်။

သူမသည် အစေခံမလေး၏ မျက်ဝန်းများကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

"နင် ပြောနေတာတွေက အမှန်ပဲဆိုတာ သေချာရဲ့လား..."

၎င်းမှာ သတင်းအမှားတစ်ခုသာ ဖြစ်သည်ဟု သူမ ပို၍ ယုံကြည်ချင်နေမိသည်။

အစေခံမလေးက ထပ်မံ ခေါင်းညိတ်ကာ ပြောလိုက်သည်။

"သခင်မလေး... တကယ်ပါ... စောစောက ကျွန်မ အရှေ့ဘက်ခြံဝင်းကို ဖြတ်သွားတုန်းက သခင်ကြီးနဲ့ သခင်လေးတို့ အဲ့အကြောင်းကို ပြောနေကြတာ ကြားခဲ့ရတာပါ..."

"မဟုတ်ဘူး... မဟုတ်ဘူး... နင် နားကြားမှားတာ ဖြစ်ရမယ်... အဲ့တာက လုံးဝ အမှန်မဖြစ်နိုင်ဘူး..."

လင်းဝမ်ယွဲ့၏ အသံမှာ အလိုအလျောက် ကျယ်လောင်သွားလေသည်။ အကယ်၍ ထိုခွေးမလေးသည်သာ တကယ်ပင် ပဉ္စမအဆင့်အရာရှိ ဖြစ်သွားပါက သာမန်အရပ်သူတစ်ဦးဖြစ်သော သူမအနေဖြင့် ထိုခွေးမလေးကို မည်သို့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်နည်း။ တတိယမင်းသားကို မည်သို့ ပြန်လည်လုယူနိုင်မည်နည်း။

၎င်းမှာ အမှန်ဟုတ်မဟုတ် သူမ၏ ဖခင်ကို ကိုယ်တိုင် သွားရောက်မေးမြန်းချင်နေလေသည်။

သို့သော်လည်း ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးသည်နှင့် လင်းဝမ်ယွဲ့သည် ဖိနှိပ်ထားသော စိတ်ခံစားမှုများက သူမ၏ ခေါင်းထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်ကို ခံစားလိုက်ရကာ သူမ၏ အမြင်အာရုံများ ဝေဝါးသွားပြီး ခန္ဓာကိုယ်မှာ နှစ်ချက်ခန့် ယိမ်းယိုင်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

လင်းဝမ်ယွဲ့၏ နောက်စေ့သည် ချွန်ထက်သော ကျောက်တုံးတစ်တုံးနှင့် ရိုက်မိသွားပြီး သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားကာ မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေလေသည်။

သူမ၏ နောက်စေ့မှ တောက်ပသော သွေးနီရဲရဲများက လျင်မြန်စွာ ပြန့်ကျဲလာပြီး အစေခံမလေးနှစ်ဦးမှာ လန့်ဖြန့်ကာ ထပ်ခါတလဲလဲ အော်ဟစ်လိုက်ကြလေသည်။

"အား….ကယ်ကြပါဦး... သခင်မလေး တစ်ခုခု ဖြစ်သွားပြီ..."

ယွင်ဟွားသည် သူမ၏ အစားအစာများကို မြိန်ယှက်စွာ စားသောက်နေဆဲဖြစ်စဉ် သူမ၏ စိတ်ထဲရှိ ရှင်ခြင်းသေခြင်းစာအုပ်သည် ရုတ်တရက် ပျံထွက်လာပြီး သူမ၏ ပခုံးပေါ်သို့ ဆင်းသက်ကာ ကမန်းကတန်း လှည့်ပတ်ပျံသန်းရင်း ပြောလိုက်လေသည်။

“ပန်းကလေး... ပန်းကလေး... ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်သွားပြီ... ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ... “

စားပွဲဝိုင်းရှိ အခြားသူများမှာ တောင့်တင်းသွားကြသော်လည်း လျင်မြန်စွာပင် ဟန်ပြန်ဆယ်လိုက်ကြပြီး အာရုံစိုက်ကာ နားထောင်နေကြသည်။

ယွင်ဟွားမှာမူ တည်ငြိမ်နေဆဲဖြစ်ပြီး သူမ၏ လက်ထဲရှိ ကြက်ပေါင်ကြီးကို စားသောက်ရန်သာ အာရုံစိုက်နေကာ ရှင်ခြင်းသေခြင်းစာအုပ်၏ အရေးကြီးနေမှုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

“ပန်းကလေး… နင် ဘာလို့ မလောရတာလဲ…”

ယွင်ဟွားက သူမ၏ လက်ချောင်းများကို စုပ်လိုက်လေသည်။

“စားရတာထက် ပိုအရေးကြီးတဲ့အရာ ဘာမှမရှိဘူး... ပြောစရာရှိတာ ပြောပါ... ငါ နားထောင်နေတယ်…”

သူမ၏ မိခင်သည် ပုံမှန်အားဖြင့် သူမ၏ စားသောက်မှုကို ထိန်းချုပ်ထားလေ့ရှိရာ ထိုအရာက သူမကို အစားအစာ ပိုမိုတပ်မက်စေသည်။ ယခုတစ်ကြိမ်တွင်မူ သူမသည် နောက်ဆုံး၌ လွတ်လပ်စွာ စားသောက်ခွင့်ရပြီဖြစ်ရာ အခြားမည်သည့်အရာကိုမျှ အနှောင့်အယှက်ပေးခွင့် ပြုမည် မဟုတ်ပေ။

ရှင်ခြင်းသေခြင်းစာအုပ်မှာ ဆွံ့အသွားလေသည်။

ငရဲပြည်တွင် ရှိစဉ်ကတည်းက ၎င်း၏ ပန်းကလေးသည် တောက်ပသော ရွှေတုံးလေးများကို မက်မောသည့်အပြင် လူ့ပြည်မှ အရသာရှိသော အစားအစာများကိုလည်း အလွန်တပ်မက်နေသည်။

ပန်းကလေး မွေးကင်းစကလေးငယ်အဖြစ် ပြန်လည်ဝင်စားလာစဉ်က အချိန်ကို ၎င်း မှတ်မိနေဆဲ ဖြစ်လေသည်။ သူမတွင် သွားများ မရှိသေးသော်လည်း သူမသည် အစားစားချင်စိတ်ကို မအောင့်နိုင်ခဲ့ပေ။ သူမသည် အစားအစာများကို အလွန် မြန်ဆန်စွာ လုယူတတ်သဖြင့် သူမကို ပြုစုပေးသော အထိန်းတော်နှင့် မိခင်ဖြစ်သူတို့ကိုပင် လန့်သွားစေခဲ့လေသည်။

“အိုး...ငါ တွေးတာတွေ အရမ်းလွန်သွားပြီ…”

ရှင်ခြင်းသေခြင်းစာအုပ်က အဓိကအကြောင်းအရာသို့ လျင်မြန်စွာ ပြန်လှည့်လာပြီး အော်ဟစ်လိုက်လေသည်။

“ပန်းကလေး... လင်းဝမ်ယွဲ့က ဘဝအသစ်ကို ပြန်လည်မွေးဖွားလာခဲ့ပြီ…”

“ ဟင်... နင် ဘာပြောလိုက်တာလဲ…”

ယွင်ဟွား၏ လက်များ တုန်ယင်သွားပြီး သူမ၏ လက်ထဲရှိ ကြက်ပေါင်မှာ ပန်းကန်လုံးထဲသို့ ပြုတ်ကျသွားလေသည်။

ယွင်မိသားစုဝင်များသည် သူတို့၏ တူများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြပြီး အချင်းချင်း မျက်လုံးချင်း ဖလှယ်လိုက်ကြကာ ယွင်ဟွား တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိမထားမိစေရန် ဆက်လက် စားသောက်နေကြသည်။

ယွင်ဟွားက ကြက်ပေါင်ကို တုန်ရီစွာ ပြန်ကောက်ကိုင်လိုက်ပြီး ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ ဆက်လက် စားသောက်နေလိုက်သည်။

စိတ်ကို ငြိမ်အောင်ထားပြီးနောက် သူမက အံ့အားသင့်စွာ မေးလိုက်လေသည်။

“တကယ်ပဲ... ပြန်လည်မွေးဖွားလာတာလား…”

သူမ အံ့အားသင့်သွားသည်မှာလည်း အဆန်းမဟုတ်ပေ။ ဝတ္ထုများထဲတွင်သာ ဖတ်ဖူးသော အချိန်ကာလကို ကျော်ဖြတ်ခြင်းနှင့် ကံကြမ္မာကို ပြောင်းလဲစေသော ဘဝအသစ် ပြန်လည်မွေးဖွားခြင်း ကဲ့သို့သော ဇာတ်လမ်းမျိုးကို သူမ ပထမဆုံးအကြိမ် ကိုယ်တိုင်ကြုံတွေ့ရခြင်း ဖြစ်လေသည်။

ရှင်ခြင်းသေခြင်းစာအုပ်က ခေါင်းညိတ်လိုက်ပြီး ၎င်း၏ စိတ်နှလုံးမှာ ချက်ချင်းပင် တင်းကျပ်သွားလေသည်။

“တကယ်တော့ နန်းတွင်းပွဲတော်အတွင်း သူမရဲ့ ကံကြမ္မာမှာ တစ်စုံတစ်ရာ မှားယွင်းနေတာကို ငါ သတိထားမိခဲ့တယ်... သူမဟာ ခြောက်လအတွင်း သေဆုံးပြီး ဘဝအသစ် ပြန်လည်မွေးဖွားလာမယ်လို့ မှတ်တမ်းတင်ထားပေမယ့် စောစောကတင် အကြောင်းရင်း မသိရဘဲ အရာအားလုံး ပြောင်းလဲသွားခဲ့တယ်…”

ရှင်ခြင်းသေခြင်းစာအုပ်မှာ သံသယအချို့ ကျန်ရစ်နေခဲ့ပြီး ၎င်းကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေလေသည်။

“ရှောင်ရှူးရှူး... နင် သူမရဲ့ အနာဂတ် ကံကြမ္မာကို မြင်နိုင်သေးလား..”

“မမြင်ရသေးဘူး…”

ရှင်ခြင်းသေခြင်းစာအုပ်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်လေသည်။

“သူမ ပြန်လည်မွေးဖွားလာတဲ့ အချိန်ကစပြီး သူမရဲ့ ကံကြမ္မာကို မှတ်တမ်းတင်ထားတဲ့ စာမျက်နှာက အဆက်မပြတ် ပြင်ဆင်ခံနေရတယ်... သူ့ကံကြမ္မာက ဘယ်လိုပေါ်ပေါက်လာမလဲဆိုတာ သူမရဲ့ နောက်ထပ် လုပ်ရပ်တွေအပေါ်မှာ မူတည်နေတယ်…”

“ဟူး... တချို့အရာတွေက အချိန်အကြာကြီး စောင့်ရဦးမယ်..”

ယွင်ဟွား…..

ရှင်ခြင်းသေခြင်းစာအုပ်သည် ရင်ဘတ်ထဲတွင် တင်းကျပ်မှုကို ခံစားလိုက်ရလေသည်။ သူ၏ တာဝန်မှာ လောကရှိ လူများ၏ ကံကြမ္မာကို ထိန်းချုပ်ရန် ဖြစ်သော်လည်း တစ်နေ့တွင် တစ်စုံတစ်ယောက်က ၎င်း၏ ထိန်းချုပ်မှုမှ ရုတ်တရက် ခုန်ထွက်သွားသောအခါ ၎င်းမှာ အထိတ်တလန့် ဖြစ်သွားသည်။

ယွင်ဟွားသည် ရှင်ခြင်းသေခြင်းစာအုပ်၏ အထိတ်တလန့်ဖြစ်မှုကို ခံစားမိပြီး နှစ်သိမ့်ကာ ပြောလိုက်လေသည်။

“ကိစ္စမရှိပါဘူး ရှောင်ရှူးရှူးရယ်... အချိန်နည်းနည်း ထပ်စောင့်ရုံပါပဲ... သူမ ဘယ်လိုပဲ ရှင်သန်ချင်ပါစေ လွှတ်ထားလိုက်ပါ... အဲ့ဒါက ငါတို့နဲ့ ဘာမှမဆိုင်ပါဘူး…”

ရှင်ခြင်းသေခြင်းစာအုပ်က ပန်းကလေးကို စကားမဆိုနိုင်စွာဖြင့် လှမ်းကြည့်လိုက်လေသည်။

“အဲ့ဒါက အမြဲတမ်း မှန်ချင်မှ မှန်မှာ... သူမက လူတိုင်းရဲ့ ကံကြမ္မာကို ကမောက်ကမ ဖြစ်သွားစေမလားဆိုတာ ငါ စိုးရိမ်နေတယ်…”

ရှင်ခြင်းသေခြင်းစာအုပ်က တိုးတိုးလေး ပြောလိုက်သည်။

“သူမက နင့်ပေါ်မှာ နက်ရှိုင်းတဲ့ နာကြည်းမှုတွေ ရှိနေတယ်… နင် သတိထားသင့်တယ်..”

ပူပင်သောကကင်းမဲ့နေသော ပန်းကလေးကို ကြည့်ရင်း ရှင်ခြင်းသေခြင်းစာအုပ်မှာ မစိုးရိမ်ဘဲ မနေနိုင်အောင် ဖြစ်ရသည်။

၎င်းသည် လင်းဝမ်ယွဲ့၏ ကံကြမ္မာကို ထိုးထွင်းမသိမြင်နိုင်သောကြောင့် သူမသည် ရှောင်ဟွားဟွားအပေါ် မည်ကဲ့သို့သော နည်းလမ်းများကို အသုံးပြုမည်ကို မသိနိုင်ပေ။

“လူတိုင်းရဲ့ ကံကြမ္မာကို ကမောက်ကမ ဖြစ်သွားစေမှာလား…”

ယွင်ဟွားသည် ဤစကားလုံးများကို ထပ်တလဲလဲ ရေရွတ်နေရင်း နောက်ဆုံးတွင် သူမ၏ စိတ်နှလုံးထဲရှိ မေးခွန်းကို ထုတ်ဖော်မေးမြန်းလိုက်လေသည်။

“ရှောင်ရှူးရှူး... ငါတို့က လူတော်တော်များများရဲ့ ကံကြမ္မာကို ရည်ရွယ်ချက်မရှိဘဲ ပြောင်းလဲပစ်ခဲ့မိတယ်လို့ နင် တစ်ခါမှ မတွေးဖူးဘူးလား…”

“ဥပမာအားဖြင့် တတိယမင်းသား၊ တရားရေးဝန်ကြီး ချန်ကျဲဟန်နဲ့ ဟိုမင်းသမီးတု စသဖြင့်ပေါ့…”

ရှင်ခြင်းသေခြင်းစာအုပ်၏ မျက်ဝန်းများမှာ ရုတ်တရက် လင်းလက်သွားလေသည်။

“ဟုတ်သားပဲ…”

ဤကမ္ဘာသို့ သူတို့ ရောက်ရှိလာကတည်းက သူတို့၏ တည်ရှိနေမှုက သူတို့ကို အဖြစ်အပျက်များထဲတွင် ပါဝင်ပတ်သက်စေခဲ့ပြီး လူများစွာ၏ ကံကြမ္မာများကို လွှမ်းမိုးပြောင်းလဲစေခဲ့လေသည်။

ရှင်ခြင်းသေခြင်းစာအုပ်သည် အကြောင်းရင်းကို သဘောပေါက်သွားပြီးနောက် ယွင်ဟွား၏ ပါးပြင်ဆီသို့ ပျံသန်းသွားကာ သူမကို ဖက်၍ ပြင်းပြစွာ နမ်းရှုံ့လိုက်ပြီး ဝမ်းသာလုံးဆို့စွာဖြင့် အော်ဟစ်လိုက်လေသည်။

“ပန်းကလေး... ငါ လမ်းကြောင်းသစ်တစ်ခုကို ရှာတွေ့သွားပြီလို့ ထင်တယ်..”

“အိုး... အဲ့ဒီအကြောင်း ပြောပြပါဦး..”

ရှင်ခြင်းသေခြင်းစာအုပ် ယခင်ကဲ့သို့ ပြန်လည်တက်ကြွလာသည်ကို မြင်သောအခါ ယွင်ဟွားသည် သူမ၏ နှုတ်ခမ်းထောင့်များကို ကွေးကာ ပြုံးလိုက်မိလေသည်။

“ပန်းကလေး... အကယ်၍ လင်းဝမ်ယွဲ့သာ ဘဝအသစ် ပြန်လည်မွေးဖွားလာခဲ့ရင် သူမဟာ အရင်ဘဝကနဲ့ မတူတဲ့ လမ်းကြောင်းကို သေချာပေါက် လျှောက်လှမ်းလိမ့်မယ်…”

ယွင်ဟွားက ခေါင်းညိတ်လိုက်လေသည်။ ၎င်းမှာ သေချာလှလေသည်။

“ဒုတိယအခွင့်အရေးဆိုတာ အရင်ဘဝက နောင်တတွေကို ပြန်လည်ကုစားဖို့ သေချာပေါက် ဖြစ်လာမှာပဲ…”

“ပြန်လည်ကုစားမယ်... အဲ့ဒါက အမြဲတမ်း မှန်ချင်မှ မှန်မှာ... သူတို့က လူတွေကို ခွဲခြားမှုမရှိဘဲ သတ်ဖြတ်ပစ်တာမျိုးလည်း ဖြစ်နိုင်တာပဲ…”

ရှင်ခြင်းသေခြင်းစာအုပ်က ယွင်ဟွား၏ အမြင်ကို သဘောမတူပေ။

“သူမရဲ့ လုပ်ရပ်တွေက ကြီးမားကျယ်ပြန့်တဲ့ အကျိုးဆက်တွေ ရှိတယ်... သူမမှာ အတိတ်ဘဝက အတွေ့အကြုံတွေ ရှိနေပြီး လူတချို့ရဲ့ ကံကြမ္မာတွေက သူမကြောင့် ပြောင်းလဲသွားလိမ့်မယ်... အကယ်၍ လင်းဝမ်ယွဲ့က လူကောင်းတစ်ယောက်ဖြစ်ပြီး ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုရင်တော့ ငါတို့ သူမကို ဒီအတိုင်း ထားလိုက်မယ်... နင် ပြောသလိုပဲ အဲ့ဒါက သူမရဲ့ အခွင့်အရေးလေ…”

“ ဒါပေမယ့် သူမရဲ့ အမှောင်ထု သဘာဝအရ သူမဟာ သာမန်ဘဝမျိုးကို ဖြတ်သန်းမှာ မဟုတ်ဘူး... သူမရဲ့ လမ်းကြောင်းကို နှောင့်ယှက်တဲ့ မည်သူ့ကိုမဆို သူမ ဖယ်ရှားပစ်လိမ့်မယ်…”

“အကယ်၍ ဒါဟာ အမှန်ဆိုရင် သူမက သူမရဲ့ ကံကြမ္မာကို ပြောင်းလဲတဲ့အခါ ငါတို့ကလည်း ငါတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲကြမယ်... သူမကို ဆန့်ကျင်ဖို့ ငါတို့ အတူတကွ လက်တွဲကြစို့…”

【 ကိစ္စတွေက ဖရိုဖရဲ ဖြစ်နေပြီဆိုမှတော့ အရာအားလုံးကို အလုံးစုံ ဖရိုဖရဲ ဖြစ်သွားအောင် လုပ်လိုက်ကြတာပေါ့... 】

ရှင်ခြင်းသေခြင်းစာအုပ်သည် ၎င်း၏ နည်းလမ်းကို ဖြစ်နိုင်ခြေရှိသည်ဟု တွေးမိကာ ၎င်း၏ အသံမှာ ရှင်းလင်းပြတ်သားနေပြီး ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုများကို ဖော်ပြနေလေသည်။

ယွင်ဟွား……

ယွင်မိသားစုဝင်များ…..

All Chapters